Friday, January 9, 2026

နတ်ရဲကညင်

 

❝ နတ်ရဲကညင် ❞
     ( ပီမိုးနင်း )

“ ဘယ့်နှယ်လဲ မပု ၊ မင်းတို့ကိစ္စ သေချာမလား ။ မင်းတို့ကိစ္စ သေချာရင် ငါတော့ ဒီရွာမှာ နေလို့ မဖြစ်တော့ဘူး ။ ပြေးရတော့မှာပဲ ” ဟု မောင်ရွှေ က ဝမ်းနည်းစွာ ပြောလေ၏ ။ မပု သည်ကား ဦးခေါင်းကို ငုံ့လျက် ဖျာစကလေးကို ချိုး၍ နေလေ၏ ။

မပု သည် မောင်ရွှေ ကိုလည်း သနား ၊ မိဘစကား ကိုလည်း မပယ်ဝံ့ ။ မိဘများက မြို့မှ လာသော စာရေး မောင်ထွန်း ကို လွန်စွာ ကြည်ညိုလိုလားလျက် နေလေ၏ ။ မောင်ထွန်း မှာ အလုပ်က တစ်လ အခွင့်ယူပြီး မပုတို့ ရွာသို့ လာရောက် လည်ပတ်ရင်း မပုတို့ အိမ်မှာ တည်းခို၍ နေရာ မပု၏ မိဘများက ထမင်းပွဲ ရှေ့ရောက် ကျွေးလျက် အထူးအရေးယူ၍ နေလေ၏ ။

မပု နှင့် မောင်ရွှေ တို့ကို ချစ်ကြိုးသွယ်၍ ပေးသော အောင်သွယ် ကိုရွှန်း မှာလည်း များစွာ စိတ်လက် မချမ်းမသာ ဖြစ်လျက် မကြံတတ်အောင် ရှိနေလေ၏ ။ မောင်ရွှေ နှင့် မပု ကို လွန်စွာ သနားလေ၏ ။

ထိုနေ့၌ မပု မိမိအိမ်သို့ လာရာ မောင်ရွှေ လည်း ရောက်၍ နေသဖြင့် နှစ်ယောက် တွေ့ဆုံ စကားပြောကြခြင်း ဖြစ်လေ၏ ။

ရွှန်း ။  ။ အခုအနေ နှစ်ယောက် ထွက်ပြေးကြရင် ဒင်းတို့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူး ။

ပု ။  ။ ကျွန်မတို့ အမျိုးထဲမှာ ဒီလို လိုက်ပြေးတာ မရှိဖူးခဲ့လို့ ခက်တာပဲ ။ ပြေးရင် အမေ ရင်ကွဲပြီး သေမှာ ။ အမေက ဒီငထွန်းကို သိပ်ပြီး လိုလားနေတာ ။ ဆွေကောင်းမျိုးကောင်း ၊ အထက်တန်းစား လူကုံထံမျိုးတဲ့ ကိုရွှန်း ရဲ့ ။ မျိုးရိုးကို အင်မတန် စစ်တာ ။ သူတို့ ရှေးအခါက အိမ်ထောင်ပြုဖို့ အရေးမှာ မျိုးရိုးဇာတိကို အင်မတန် ဂရုစိုက်ရသတဲ့ ။

ကိုရွှန်းသည် စဉ်းစား၍ နေလေ၏ ။ အတန်ငယ် ကြာသောအခါ အကြံတစ်ခုကို ရသဖြင့် ပြောသည်မှာ -

“ မပုက ဟိုလူကို မစုံမက်ရိုး အမှန်ပဲလား ”

“ အမှန်ပါပဲ ကိုရွှန်းရဲ့”

“ မောင်ရွှေကို အမှန် မေတ္တာရှိတယ် မဟုတ်လား ”

မပုသည် ရှက်ကိုးရှက်ကန်း ခေါင်းညိတ်လေ၏ ။

“ ဒီလိုဖြင့် နက်ဖြန်ခါ ဒီအိမ်မှာ ထမင်းစားဖို့ ကိုရွှန်း က ဖိတ်တယ်လို့ ပြောလိုက် ။ မပု အမေပါ ဖိတ်ကြောင်းပြော မပု လည်း လာတာပေါ့ ”

မပု က ကိုရွှန်း ကို စဉ်းစားလျက် ကြည့်ပြီး “ ကောင်းပါပြီ ” ဟု ပြောလေ၏ ။

ကိုရွှန်း၏ အိမ်မှာ တောစပ်၌ ရှိနေလေ၏ ။ အိမ်နှင့် မနီးမဝေး ကညင်ပင်ကြီး တစ်ပင် ရှိလေ၏ ။ ကိုရွှန်း သည် ထိုနေ့တွင် ကညင်ပင်ကြီး၌ အထစ်တစ်ခုကို ပြုလုပ်ပြီး ဆီမီးခွက်ကလေး နှစ်လုံးမှာ ထွန်းညှိပြီးစနှင့် တူအောင် ဆီဆွတ်သော မီးစအတိုအစကလေးများကို ထည့်လေ၏ ။ ထို့နောက် ကလေးကစားသော အရုပ်ကလေး တစ်ခုမှာ ရှာပန်းထည်ကလေးများ ပတ်၍ ထားလေ၏ ။

နောက်တစ်နေ့ စာရေးကြီး နှင့် မပု ၏ မိခင် ရော မပု ရော ထမင်းစား ကြွလာကြရာ ကိုရွှန်း က “ အောင်မယ် ဧည့်သည်တွေတောင် ရောက်ကုန်ပြီ ။ ကျုပ်မှာလည်း အဝတ်လဲလို့ ပြီးတောင် မပြီးသေးဘူး ။ မယ်အိုလည်း တောင်ဘက်ရွာကို ကြွေးတောင်း သွားတယ် ။ အဒေါ်တို့ သားအမိ ကူညီမှ မြန်မြန် ပြီးမယ် ။ မပု ရေ ၊ ဒီ ငါးကြော်ကလေး ကူပြီး အပြီးသတ်ပေးစမ်းပါဦး ။ အဒေါ် ဒီညောင်ချဉ်ဖူးသနပ်ကလေး ကြည့်ပြီး နေရာကျအောင် စီမံစမ်းပါ ။ အကုန် အသင့်ပါပဲ ။ ငံပြာရည်ကလေး ဆီချက် ကလေးနဲ့ အစပ်တည့်အောင် လုပ်ဖို့ လိုပါတော့တယ် ။ စာရေးကြီးတော့ မပြီးသေးမီ လက်ဖက်ရည်ကြမ်း ကလေးနဲ့ ခံတွင်းကို ရှင်းခိုင်းထားမှ တော်မယ် ” ဟု ပြောကာ လက်ဖက်ရည်အိုးကို စာရေးကြီး ရှေ့လာ၍ ချပြီး အခန်းထဲသို့ ဝင်သွားလေ၏ ။ အတော်ကြာမှ ပန်းကန်လုံးကလေး တစ်လုံးနှင့် ထွက်လာပြီး ထိုပန်းကန်လုံးထဲသို့ လက်ဖက်ရည်ကို မိမိကိုယ်တိုင် လောင်း၍ ပေးခဲ့လေ၏ ။

ထို့နောက် မပုကို လက်တို့၍ ခေါ်ပြီး “ ထမင်းစားပြီးလို့ စာရေးကြီး နဲ့ ငါနဲ့ တောထဲကို သွားရင် နင့်အမေကို ခေါ်ပြီး ကညင်ပင်ကြီး မြောက်ဘက် တောစပ်ကို လာခဲ့ ။ ချုံကွယ်မှာ ထိုင်နေ ၊ ငါ စတန့်တစ်ခု ပြမယ် ။ ဒီစာရေးကြီး အကြောင်းကို ငါ စုံစမ်းလို့ အကုန် သိပြီးပြီ ။ သူတို့က လူတစ်မျိုး ၊ ငါ ထမင်းကျွေးပြီး သူ့လက်နဲ့ ထိတဲ့ ပန်းကန်တွေကို အကုန် စွန့်ပစ်ရမှာ ”

“ ဘာဖြစ်လို့လဲ ကိုရွှန်းရဲ့ ”

“ သူတို့က လူတစ်မျိုး ။ အခုမှ တိတ်တိတ် အမျိုးတိမ်ကောအောင် လူကောင်း လုပ်နေတာ ။ မင်းတုန်းမင်းကြီး လက်ထက် ကတည်းက သာသနာ့ပိုင်ကို မသိုးမသန့်တာတွေ လုပ်ပြီး ကျွေးခဲ့တဲ့ စုန်းမကြီး တစ်ယောက်က ဆင်းသက်တာ ။ အဲဒီ စုန်းမကြီးဟာ နောက်တော့ ပေါ်ပေါက် တာနဲ့ ရှင်ဘုရင်က သ,တ်မယ် လုပ်တော့ သာသနာပိုင် ကပဲ ကယ်ရသတဲ့ ။ ဒီနောက် အသက်လည်း ချမ်းသာလို့ သာသနာပိုင် ကျူးလွန်တဲ့ အပြစ်လည်း ကင်းဖို့ သာသနာပိုင် နှင့် ရှင်ဘုရင် က ခိုင်းလို့ မျိုးရိုးစဉ်ဆက် ကိုယ့်မစင်ကို ကိုယ် ရှိခိုးခဲ့ရတယ် ။ ရှိမခိုးရင် ကုဋ္ဌနူနာစွဲ သေပါရစေလို့ သစ္စာဆိုခဲ့ရတယ် ။ သူတို့ အမျိုးထဲမှာ မစင် ကို ရှိမခိုးလို့ သေတာ ခုနစ်ယောက် ရှိပြီတဲ့ ။ မယုံရင် လာကြည့် ။ နင့်အမေကို ပြောလိုက် ။ ဒါမှ မျက်မြင်သက်သေ ဒါနှင့်မှ နင့်ကို လူယုတ်မျိုးနဲ့ ပေးစားချင်ရင် ပေးစားပေတော့ ။ ကျုပ်ကိုယ်တိုင်လည်း သိ ” ဟု ပြောလေ၏ ။

ပု ။  ။ ဒီလိုဖြင့် ကျွန်မ မအေးခင်ကို သူတို့ ပေးစားလည်း ဘာယူမလဲ ။

ရွှန်း ။  ။ တစ်ခုတော့ သတိထားနော် ၊ နင်တို့ သားအမိ သိကြောင်း သူ့ကို ပြောမပြရဘူး ။ နင့်အမေ ကိုလည်း ပြောပြ ။ ဒီစာရေးကြီး အကြောင်းကို နင့်အမေကိုလည်း ပြောပြ ။ ဒီစာရေးအကြောင်းကို သိတဲ့သူ သုံးဦး ရှိတယ် ။ အဲဒီ လူတွေကို နှုတ်ပိတ်ပေးထားပါ ။ ငါလည်း နှုတ်ပိတ်ရအောင် လုပ်ရဦးမှာ ။ တကယ်ဆိုတော့လည်း ကိုယ် မယူချင်လို့ သူ့ခမျာ အရှက်ကွဲ အကျိုးနည်း ဖြစ်အောင် ပြောလို့ ဘာကောင်းမလဲ ။ သိရင် ပြီးရော မဟုတ်လား ”

ပု ။  ။ စိတ်ချပါ ၊ မပြောပါဘူး ။ ကျွန်မ အမေကိုလည်း ပြောထားပါမယ် ။

ထိုအခိုက် စာရေးကြီးမှာ လက်ဖက်ရည်အိုး တစ်ဝက် နီးနီး ကုန်၍ ဝမ်းထဲ၌ ပလုံစီသံတွေကို မိမိကိုယ်တိုင် ကြားရလေ၏ ။

မကြာမီ ထမင်းပွဲ ပြင်ဆင်ပြီး၍ သုံးယောက်သား စားကြလေ၏ ။ ထမင်းစားပြီးနောက် စာရေးကြီးမှာ ပက်လက်တုံးလုံးမျှ မလှဲတော့ဘဲ ကိုရွှန်း ကို မျက်ရိပ်ပြ ခေါ်ကာ အိမ်သာ ဘယ်မှာလဲ ခင်ဗျာ ဟု မေးလေ၏ ။

“ အိမ်သာတော့ ကျွန်တော်တို့ တောအရပ်မှာ ဟောဒီ တောပဲ ရှိတာပဲ ။ သို့သော်လည်း မနေ့က ကျွန်တော် လူတစ်ယောက်ကို တောထဲမှာ အကာအရံကလေး လုပ်ဖို့ ပြောထားတယ် ။ ပြီးပြီလို့ ပြောတာပဲ ။ စာရေးကြီး နောက်ဖေး သွားချင်တာ အတွက် မှန်းလုပ်ထားသလို ဖြစ်နေတာပဲ ။ ကြွပါ ၊ ကြွပါ ” ဟု ပြော၍ ခေါ်သွားလေရာ ကညင်ပင်ကြီးသို့ ရောက်လျှင် ထန်းပလပ်ပြားလေး နှစ်ရွက် နှင့် ကာ၍ ထောင်ထားနေရာကို တွေ့ကြလေ၏ ။ ထိုနေရာမှာ ကညင်ပင်ရင်း ဖြစ်လေရာ အုတ်ခဲကလေး များကို နင်းထိုင်ရန် ဆင့်၍ ထားသည်ကို တွေ့ ရလေ၏ ။

စာရေးကြီးမှာ ကပျာကသီ ဝင်ရောက်၍ ထိုင်လေ၏ ။ ထိုအခိုက် မပု သည် ကိုရွှန်း ပြောသော စကား အားလုံးကို မိခင်အား အကုန်အစင် အသေအချာ ပြောပြရင်း ချုံကွယ်မှ ကြည့်၍ နေကြလေ၏ ။

စာရေးကြီးကိစ္စ ပြီးသောအခါ ကိုရွှန်းက ထိတ်လန့်တကြား စာရေးကြီး၏ အနားကို ကပ်ပြီး “ ခွကျကုန်ပြီ စာရေးကြီး ၊ ကျုပ် ခိုင်းမိတဲ့အကောင် မဟုတ်တာ လုပ်ထားပါကလား ။ ဒီ ကညင်ပင်ဟာ နတ်ရဲကညင်ပင်ကြီးပဲ ။ ဟိုမှာ ကြည့်စမ်း ဆီမီးနဲ့တင် ၊ ဟိုဟာက ရှာပန်းထည်နဲ့ ပါကလား ။ ကိုယ်ကျိုး နည်းကုန်တော့မှာပဲ ။ ဒုက္ခ ဖြစ်ကုန်တော့မယ် ။ စာရေးကြီး မှားပြီ ။ ကျုပ်ကလည်း သတိ မထားမိဘူး ။ ဒါကြောင့် လူတစ်ယောက် ကျင်ငယ်စွန့်မိလို့ တစ်အိမ်ထောင်လုံး ပြုတ်ပြုတ်ပြုန်း စီးပွားပျက်နဲ့ ဒုက္ခဖြစ်တာပဲ ”

စာရေးကြီးမှာ များစွာ ထိတ်လန့်လျက် “ ဘယ့်နှယ် ပြောရမလဲ ခင်ဗျာ ။ တစ်ဆိတ် တောင်းပန်ပေးပါ ခင်ဗျား ” ပြောလေ၏ ။

ကိုရွှန်းသည် ကာ၍ ထားသော ထန်းလက်များကို ချ၍ပစ်ပြီး “ ကာယကံရှင် ကိုယ်တိုင် တောင်းပန်မှ ဖြစ်မှာပေါ့ ။ လာလာ ဒီနေရာက နေပြီး ဦးချကန်တော့ တောင်းပန်လိုက် ၊ ကျုပ်တော့ နောက်မှ ပွဲကလေး ပြင်ပြီး ကန်တော့တာပဲ ” ဟု ပြောလေရာ စာရေးကြီးသည် မိမိ၏ မစင်ပုံ အနီး ထိုင်ကာ ဦးချ၍ တောင်းပန်ရရှာလေ၏ ။

သားအမိ နှစ်ယောက်မှာ တစ်ခါတည်း အိမ်ကို တန်းပြန်ကြပြီးနောက် မပု ၏ ဖခင်အား အကျိုးအကြောင်း ပြောပြကြလေ၏ ။ အဘိုးကြီးက “ ဒီပုံဖြင့် ကံကြီးလို့ ပါကလား ။ ငါ့သမီး မစင်ဂိုဏ်းထဲ ရောက်တော့မလို့ ။ သီသီကလေး လိုပါတော့ကလား ။ မောင်ဖိုးရွှန်း ပြောလို့ သိရတာပဲ ။ မောင်ဖိုးရွှန်း ကို အင်မတန် ကျေးဇူးတင်ဖို့ ကောင်းတာပဲ ” ဟု ပြောလေ၏ ။

ထိုအခိုက် စာရေးကြီး ရောက်၍ လာရာ စကားရပ်ကြလျက် စာရေးကြီးကို မခေါ်မပြော ဣန္ဒြေနှင့် နေကြလေ၏ ။ စာရေးကြီးမှာ အံ့သြလျက် ။ စဉ်းစား၍ နေလေ၏ ။ ဘယ့်နှယ်လည်း ရုတ်တရက် ချက်ချင်း ဘယ့်နှယ် ဖြစ်ကုန်ကြပါမလဲဟု စဉ်းစားနေစဉ် အဘိုးကြီးက ၎င်းအပါးသို့ လာကာ -

“ မောင်ရင့် ကိုလည်း အားနာပါတယ် ။ နို့ပေမဲ့ မပြောလည်း မပြီးဘူး ။ ကျုပ်တို့ အိမ်မှာ လူဝင်လူထွက် လက်မခံရဘူးလို့ ဗေဒင်က ဟောထားလို့ ပြောရပါတယ် ။ ဟောထားတာ အခုမှ သတိရတာပဲ ။ တစ်ဆိတ် ခပ်မြန်မြန်ကလေး ပြန်စေချင်ပါတယ် ။ ပြန်ဆို အခု ပြန်မှ ဖြစ်မှာပဲ ” ဟု ပြောပြီး အိမ်ပေါ်မှ ဆင်း၍ သွားလေ၏ ။

စာရေးကြီးမှာ စကားဆက်၍ ပြောချင်သော်လည်း တစ်ယောက်မှ မျက်နှာ သာသာယာယာ ရှိသည်ကို မတွေ့ ရသဖြင့် ဒါဧကန် ကညင်ပင်နတ် လက်ချက်ပဲ ။ တယ်မြန်ပါကလားနော် ဟု အောက်မေ့ကာ အိမ်ပေါ်မှ ဆင်းပြီး ကိုရွှန်း ထံ လာ၍ အဖြစ်အပျက်ကို ဝမ်းနည်းပက်လက် ပြောလေ၏ ။

ကိုရွှန်းက ကျောကို လက်နှင့် ပုတ်ကာ အားပေးလျက် “ မပူပါနဲ့လေ ၊ ကျုပ် စုံစမ်းပြီးပါပြီ ။ ငှက်ပျောပွဲ ၊ အုန်းပွဲနဲ့ တောင်းပန်ရင် ကျေတာပဲ ” တဲ့ ။

စာရေးကြီး ။  ။ ဘယ်လောက် ကုန်မလဲ ။

ရွှန်း ။  ။ မကုန်ပါဘူး ။ ဆယ့်လေးငါးကျပ် ပေါ့ ။ ကျုပ် စီမံပေးပါ့မယ် ။ ငွေပါရင် ပေးခဲ့လေ ။

“ ငွေအစိတ်ပါတယ် ။ နှစ်ဆယ် ယူထားလိုက်ပါ ဦး ။ တစ်ဆိတ် ကျေနပ်အောင် အကျိုးသင့်အကြောင်းသင့် နားဝင်အောင်သာ ပြောဆိုတောင်းပန်ပေးပါ ။ နေရာကျရင် ကျေးဇူး မမေ့ပါဘူးဗျာ ။ ပေးပါဦးမယ် ”

“ ကောင်းပြီလေ ၊ နည်းလမ်း ရှိသမျှတော့ အကုန် လုပ်ပါ့မယ် ။ မကောင်းကျိုးဆိုတာ ဒီလိုပဲ အင်မတန် မြန်တာပဲ ။ မပု ကိုလည်း ပြောပါဦးမယ် ”

စာရေးကြီးမှာ ဝမ်းနည်းစွာ သွားရှာရလေသတည်း ။

ကိုရွှန်းသည် ကနခိုဆေး ထည့်၍ ထားသော လက်ဖက်ရည်အိုးကို တိုက်ချွတ်ဆေးကြော၍ နေလေသတည်း ။

▢  ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန်ဂျာနယ်

No comments:

Post a Comment