Saturday, January 17, 2026

ရေဆန် ၊ လေဆန်


 

❝ ရေဆန် ၊ လေဆန် ❞

မိန်းမပျိုလေးတွေ ဆင်းရဲဒုက္ခဒဏ်ကို မခံနိုင်လို့ ပျက်စီးသွားတဲ့ အဖြစ်အပျက်တွေ ကြားဖူးတယ် ။ တရုတ်နိုင်ငံ ၊ ထိုင်းနိုင်ငံဘက်တွေကို ရောက်သွားပြီး ဘဝပျက် သွားတဲ့ ဇာတ်လမ်းတွေလည်း နားနဲ့ မဆံ့အောင် ကြားခဲ့ရတယ် ။ နန်းဆူလိုင့် က ယခုမှ အသက် ၂ဝ ကျော်ခါစ မိန်းမပျိုလေးဖြစ်တယ် ။ သူ့ဘဝဟာ အင်မတန် ခက်ခဲကြမ်းတမ်းတယ် ။ ယနေ့အထိ နယ်စပ်က ဒုက္ခသည်စခန်း တစ်ခုမှာ နေထိုင်ရဆဲ ဖြစ်တယ် ။

သူ့ဘဝ ခက်ခဲကြမ်းတမ်း ပေမယ့် သူ နစ်မွန်း မသွားခဲ့ဘူး ။ ရေဆန် ၊ လေဆန်ကို အားမာန်နဲ့ သူ ဖြတ်သန်းခဲ့တယ် ။

နန်းဆူလိုင့် က သတင်းမီဒီယာ တစ်ခုမှာ အလုပ် လုပ်နေတယ် ။ သူက ထူးချွန် ထက်မြက်သူမို့ ကျွန်တော် စိတ်ဝင်စားတယ် ။ ကျွန်တော်တို့ သတင်းသမားတွေ မက်မောကြတဲ့ Front Page ( မျက်နှာစာ ) မှာ သူ့သတင်းတွေ အမြဲ ဖော်ပြခံရတယ် ။ သူ့ဘဝကို ကျွန်တော် ရေးခွင့် တောင်းတဲ့အခါ ကျွန်တော့် ဘက်က စောင့်ထိန်းပေးခဲ့တာကတော့ သူ့အမည်ကို အနည်းငယ် လွှဲပြောင်းပေးတယ် ။ သူ့ ရုပ်ပုံကို မထင်မရှား ဖော်ပြပါတယ် ။ ( ဒါကို စာဖတ်သူတွေက နားလည်လက်ခံ ပေးဖို့ မေတ္တာရပ်ခံပါတယ် ။ )

သူ့ကို ထိုင်းနိုင်ငံ ၊ ချင်းမိုင်မြို့ တစ်နေရာမှာ ကျွန်တော် ဆုံတွေ့ရတာပါ ။ ချင်းမိုင်မြို့က အဆောက်အအုံ တစ်ခုရဲ့ လသာဆောင်မှာ ကျွန်တော်တို့ ထိုင်ပြီး စကားပြောကြတယ် ။

ထိုင်းနိုင်ငံဘက်ကို ၁၈ နှစ်သမီး အရွယ်မှာ သူ ရောက်လာတယ် ။ ဘယ်လို ရောက်လာခဲ့တာလဲ ဆိုတာ ကျွန်တော်က မေးတယ် ။

“ ပြည်တွင်းမှာ သမီး အဖေလည်း မရှိတော့ဘူး ။ အမေလည်း မရှိတော့ဘူး ”

သူက ပြောလက်စကို ခဏ ရပ်ပြီး “ သမီးဘဝကို အရင် ပြောမယ်လေ ” လို့ သူက ဆိုတယ် ။ ကျွန်တော် ကလည်း သူ စိတ်ထဲရှိတာ ပြောချင်တာ ပြောဖို့ တိုက်တွန်းတယ် ။ သူ့အဖေက အစိုးရဝန်ထမ်း တစ်ဦး ဖြစ်တာက သူ စပြောတယ် ။

“ သမီးအဖေက အမှုကိစ္စ တစ်ခုနဲ့ ထောင်ကျသွားတယ် ။ အမေက မြန်မာစကားလည်း မတတ်ဘူး ၊ လုပ်လည်း လုပ်မစားတတ်ဘူး ။ သမီးတို့က ပျဉ်းမနား မှာ ၊ သမီးက ငါးတန်းနှစ် ၊ အဖေက အဲဒီလို ဖြစ်တော့ အမိုး ( အမေ ) က ရွာပြန်မယ် ပြောတယ် ။ သမီးငယ်ငယ်က စာတော်လို့ ဆုတွေ ဘာတွေရလို့ အရာရှိကတော် တစ်ယောက်က သမီးကို ကျောင်းဆက်ထားပေးချင်တယ်တဲ့ ။ ခေါ်ထားလိုက်တယ် ”

ကျွန်တော့် စိတ်ထဲမှာ ကလေးမလေး ကံကောင်းရှာသားလို့ အောက်မေ့မိတယ် ။

“ ဒါပေမဲ့ သမီးကို စစချင်း ခေါ်တုန်းကတော့ အမေ့ ရှေ့မှာ ပြောတာပေါ့နော် ။ သူတို့ သားသမီး တစ်ယောက်လို စောင့်ရှောက်မယ်တဲ့ ... ”

သူ ပြောရင်း အသံက အက်ပြီး ငိုသံပါလာတယ် ။

“ သမီး သူတို့နဲ့ နေရတာ အရမ်းခံစားရတယ် ဆရာ ။ အမိုးကလည်း ထိုင်းနိုင်ငံဘက်ကို ရောက်သွားပြီ ၊ ဘယ်မှာနေလဲ သမီး မသိတော့ဘူး ။ ငါးတန်း နှစ်လောက်ကတည်းက ”

ချင်းမိုင်မြို့က သစ်ပင်တောအုပ် စိမ်းစိုတယ် ။ တောအုပ်ဆီက ဥဩ တွန်သံနွဲ့နွဲ့ကို ကြားနေရတယ် ။ ပုံပြင်ထဲ မှာတော့ သားပျောက်မိခင် ဥသြငှက်မက သားရှာ ထွက်တာတဲ့ ။ လွမ်းဆွတ်ဖွယ် ဥသြတွန်သံ နားထောင်ရင်း ကျွန်တော်က အမေနဲ့ ဝေးရတဲ့ သမီး တစ်ယောက်ရဲ့ ဘဝကို နားထောင်နေမိတယ် ။

“ အမိုးနဲ့လည်း ကွဲနေတာ ၊ သမီးကို သားသမီးလို စောင့်ရှောက်ပါမယ် ဆိုတဲ့ အဒေါ်ကြီးက သမီးကို အရမ်း အနိုင်ကျင့်တယ် ။ နံနက်ဆို သမီး အိပ်ရာက အစောကြီး ထရတယ် ၊ ရေဆွဲရတယ် ၊ အိမ်မှာ ရှိတဲ့ အလုပ်တွေ အကုန် လုပ်ရတယ် ၊ အရမ်းပင်ပန်းတယ် ၊ အရမ်းလည်း ဝမ်းနည်းတယ် ၊ အမေ့ ကိုလည်း စိတ်နာတယ် ၊ သမီးကို တစ်ယောက်တည်း ထားပစ်ခဲ့တယ် ။ တစ်ခါမှ ပြန်လာ မကြည့်ဘူး ။ အဖေ့ဆီကလည်း ဘာအဆက်အသွယ်မှ မရဘူး ”

သူ့ ရင်ထဲမှာ ဆို့နင့် လာပုံရတယ် ။ စကား မပြောနိုင်ဘဲ ခဏ ရပ်သွားပါတယ် ။

“ အဆိုးဆုံးတွေ အကုန် လုပ်ပေးရတယ် ၊ ညစ်ညစ်ပတ်ပတ် အလုပ်တွေလည်း လုပ်ရတယ် ။ ဘယ်လို ခွဲခြားသလဲ ဆိုရင် စားတဲ့ဆန် တောင်မှ သူတို့က ကောင်းတာ ဝယ်စားတယ် ၊ သမီးကို ဆန်ညံ့တွေ စားခိုင်းတယ် ။ တစ်ခါတလေ ကျရင် အရင်နေ့က ကျန်တဲ့ ထမင်းသိုးတွေ ကျွေးတယ် ”

ပြောရင်း သူ စငိုတယ် ။

“ သမီး နေမပျော်ဘူး ။ အမိုးတို့ ဆီကိုလည်း ဆက်သွယ်လို့ မရဘူး ။ အဲဒီတုန်းက ကလေးစိတ် ဆိုတော့ အမိုးကို စိတ်နာတယ် ။ အဖေ ဘာဖြစ်နေပြီလဲ ၊ စိတ်ပူတယ် ၊ ပတ်ဝန်းကျင်က အဖေမရှိ ၊ အမေမရှိ သူများ အိမ်မှာ ကပ်နေတဲ့ သူလို့ အပြောခံရတယ် ”

နန်းဆူလိုင့် ရှိုက်ကာရှိုက်ကာ ငိုပါတယ် ။ ကျွန်တော်က အဆင်သင့် ရှိတဲ့ တစ်သျှူးစက္ကူကို သူ မျက်ရည်သုတ်ဖို့ ထုတ်ပေးလိုက်တယ် ။

“ ဟင်းတွေ ဆိုရင် မကျန်တဲ့အခါ မစားရဘူး ။ တစ်ခါတလေ ခွဲသိမ်းထားပြီး သိုးမှ ထုတ်ကျွေးတယ် ။ သမီး ခုနှစ်တန်းနှစ်မှာ သမီးကို မွေးစားတယ် ဆိုတဲ့ အရာရှိက နယ်ပြောင်းရတယ် ။ အဲဒီဌာနကပဲ နောက် အဒေါ်ကြီး တစ်ယောက်က သမီးကို သနားတယ် ။ ကျောင်းဆက်ထားပေးမယ် ၊ မွေးစားမယ်လို့ ပြောတယ် ”

ကလေးမလေး ကံဇာတာ တက်လာပြီလို့ တွေးမိတယ် ။

“ သမီး ကျောင်းနေရပါတယ် ၊ ဒါပေမဲ့ ကျောင်းက သူငယ်ချင်းတွေ ကြားထဲမှာတော့ သမီးကို နှိမ်ချပြောတာ အမြဲခံရတာပေါ့ ။ သူ့အဖေ ၊ အမေက ပစ်ထားတယ် ဆိုတာမျိုး ၊ ကျောင်းတွေ ဘာတွေတက်လည်း ... ”

ပြောရင်း ဆို့နင့်လာလို့ သူ့စကားကို ရပ်တယ် ။ နည်းနည်း ငိုရှိုက်လိုက်ပြီး မျက်ရည်ကိုသုတ် ၊ ဆက်ပြောပါတယ် ။

“ ကျောင်းမှာ လိုအပ်ချက်တွေ အများကြီးရှိလည်း သမီး မပြောရဲဘူး ။ ကျောင်းက မိသားစု အကြောင်း စာရေးခိုင်းတဲ့ အခါ သမီး တစ်ခါမှ မရေးနိုင်ဘူး ။ စာမေးပွဲ ဖြေခါနီးမှာ သူများ မိဘတွေက ဖြေတဲ့နေရာ လိုက်လာပြီး စောင့်ရှောက်ကြတာ မြင်ရတော့ သမီး အရမ်း ဝမ်းနည်းရတယ် ”

နန်းဆူလိုင့် ပြောရင်း ငိုမဲ့မဲ့ ဖြစ်လာပြန်တယ် ။ သစ်ပင်အုပ်စိမ်းစိမ်းက ဥသြငှက်သံ ကလည်း ဆွေးဖွယ်ရာ ကြားနေရပါတယ် ။

“ ခုနစ်တန်း နှစ်လောက်မှာ သတင်းကြားရတယ် ။ အဖေ ထောင်ထဲမှာ သေသွားပြီတဲ့ ။ ကြားရတာ တော်တော်လေး စိတ်မကောင်း ဖြစ်ရတယ် ”

သူ ရှိုက်ကာရှိုက်ကာ ငိုတယ် ။

“ ကိုးတန်းနှစ်လောက် ကျတော့ အမိုး ရောက်လာတယ် ။ အမိုးက မြန်မာစကားလည်း သိပ်မပြောတတ်တော့ဘူး ။ သမီး သူတို့နဲ့ စကားပြောဖို့ အဆင်မပြေဘူး ”

“ သမီးကလည်း ကရင်စကား မပြောတတ်ဘူးလား ”

“ မပြောတတ်သေးဘူး ၊ အမေတို့ ပြန်သွားတော့ သူများအိမ်မှာပဲ နေနေခဲ့ရတယ် ။ သူများအိမ်မှာ သူများ ခိုင်းတာ လုပ်ရတယ် ။ မုန့်ဖိုး မရှိလည်း ဒီလိုပဲ နေနေရတယ် ။ ကျောင်းပစ္စည်းတွေ မရှိလည်း ဒီလိုပဲ နေနေရတယ် ။ ဘာမှ မတောင်းရဲဘူး ။ ဆယ်တန်းနှစ်ရောက်တော့ အဲဒီအိမ်က ပြောတယ် ။ ဆယ်တန်း မအောင်ရင် သူတို့အိမ် မထားတော့ဘူးတဲ့ ”

သူ ပြောရင်း ငိုပါတယ် ။

“ သမီး စိတ်မကောင်းလို့ အမိုးဆီ စာခိုးရေးတယ် ။ အမိုး သမီးကို လာခေါ်ပါလို့ ၊ သမီးမိဘတွေ ရှိတဲ့ နေရာမှာပဲ ဆင်းရဲဆင်းရဲ ၊ ချမ်းသာချမ်းသာ နေမယ်လို့ ”

“ အမေ လာသွားလို့ အဆက်အသွယ် ပြန်ရကြတာပေါ့ ”

“ သမီး ဆယ်တန်းစာမေးပွဲ ဖြေဖို့ ဆယ်ရက်လောက် အလိုမှာ အဘွား ရောက်လာတယ် ။ အဘွားကလည်း မြန်မာစကား မပြောတတ်ဘူး ။ မြန်မာစကား ပြောတတ်တဲ့ လူတစ်ယောက်ကို ခေါ်လာတာ ။ နင့်ကို လာခေါ်တာတဲ့ ။ ဒီတစ် ခေါက်ပဲ ။ နောက်တစ်ခေါက် လာမခေါ်နိုင်တော့ဘူး ၊ ပြန်လိုက်ခဲ့ပါတဲ့ ။ နင့်အမိုး လည်း နေမကောင်းဘူး ။ အိပ်ရာထဲ လဲနေတယ်တဲ့ ။ စာမေးပွဲ ဖြေရမှာလည်း ဆယ်ရက်ပဲ လိုတော့တယ် ”

သူ့ဘဝမှာ အလွန် ခက်ခဲတဲ့ ဆုံးဖြတ်ချက် ချရတော့မယ့် အချိန်ပဲ ။ လာခေါ်တဲ့ လူကလည်း နောက်တစ်ခါ လာမခေါ်တော့ဘူး ။ တစ်ဖက်မှာ ဘဝ အတွက် အဆုံးအဖြတ် တစ်ခုဖြစ်တဲ့ ၁၀ တန်းစာမေးပွဲ ဖြေခါနီးပြီ ။

“ သမီး စာရေးလိုက်လို့ လာခေါ်တာပဲ ဆိုပြီး စာမေးပွဲ မဖြေတော့ဘဲ အဘွားနဲ့ ပြန် လိုက်သွားတယ် ။ တကယ့် လက်တွေ့ ဘဝနဲ့တော့ ကွာခြားတာပါပဲ ။ ရွာရောက်သွားတော့ အမိုးကလည်း အိမ်ထောင်ကျနေပြီ ။ ကလေးလည်း ရနေပြီ ။ ရွာမှာ မနေတော့ဘူး ။ ထိုင်းနိုင်ငံဘက် ရောက်သွားပြီတဲ့ ”

သူ့ဘဝကို စာနာကြည့်ရင် တော်တော် ထိခိုက် ခံစားရပါတယ် ။

မျှော်လင့်ထားတဲ့ ရဲတိုက် က သဲအိမ် ဖြစ်နေပြီး ရေတိုက်စားရာ တစ်စစီ မျောပါသွားတာ တွေ့နေရသလိုပဲ ။ ဘာကိုမှ အတည်တကျ ဆုပ်ကိုင်လို့မရ ။

“ သမီးအဒေါ်တွေနဲ့ ခဏနေတယ် ။ ကျောင်းတက်ချင်တယ်လို့ ၊ ထားပေးပါတယ် ။ မြိုင်ကြီးငူမှာ သမီး ဆယ်တန်းကျောင်းတက်ရင်း စက်ဘီး မှောက်တယ် ”

သူ့မြန်မာစကား အသုံးအနှုန်းကို ကျွန်တော် ပြင်မပေးတော့ပါဘူး ။

“ စက်ဘီး လဲတော့ သမီးကို ထိခိုက်သေးသလား ”

“ ခေါင်းကို ခိုက်မိသွားပြီး သတိမရတာ နှစ်လလောက် ကြာတယ် ။ သတိ ပြန်ရချိန်မှာ အမိုး ပြန်ရောက်လာတယ် ။ သူလည်း သူ့အခက်အခဲနဲ့ သူ ရှိနေတာပဲ ။ သမီး အမိုးနဲ့အတူ ထိုင်းနိုင်ငံဘက် လိုက်လာပြီး ဒုက္ခသည်စခန်းမှာ နာမည်တွေ ဘာတွေထည့် ၊ ကျောင်းဆက်တက်တယ် ”

သည်တစ်ခါဖြင့် သူ့ဘဝတာ ရောင်နီဖြာလောက်ပြီ ထင်ပါရဲ့လို့ ကျွန်တော့် အတွေးမှာ မရဲတရဲ တွေးမိပါတယ် ။

“ ဒုက္ခသည်ထဲမှာ ဆယ်တန်းအောင်တယ် ”

“ အမိုးနဲ့ အတူ နေတာပေါ့ ”

“ မနေဘူး ၊ အမိုးက ထိုင်းနဲ့ အိမ်ထောင်ကျနေပြီ ။ သမီးက အတူ မနေချင်ဘူး ။ ပထွေးနဲ့ ဆိုတော့လည်း ဒုက္ခသည်ထဲမှာပဲ နေတယ် ။ ဆယ်တန်း အောင်တော့ ELP ( Emeraging Leader Program ) အမျိုးသမီးခေါင်းဆောင်သင်တန်း တက်တယ် ။ အဲဒီလိုပဲ မီဒီယာသင်တန်းတို့ ၊ ကွန်ပျူတာသင်တန်းတို့ သမီး တက်တယ် ။ သမီး သတင်းပြန်ရေးတယ် ”

“ သမီး စိတ်ထဲမှာ ဘာလုပ်ချင်နေလဲ ”

“ သမီးအဖေ ဆုံးတယ်ဆိုတာ မျက်စိနဲ့ မမြင်တွေ့ရသေးဘူး ။ သမီး သေချာချင်တယ် ။ တစ်ဖက်မှာတော့ သူ ရှိနေသေးရင် သမီးတို့ဆီ ရောက်လာမှာပဲလို့ မျှော်လင့်ချက် ရှိနေသေးတယ် ”

“ သမီး ဒုက္ခတွေ ရောက်နေချိန်မှာ ကိုယ့်ဘဝကို ကိုယ်ဖြစ်ချင်တာ ဖြစ်စေတော့လို့ ရေစုန်မျှော ပစ်ချင်စိတ် မရှိဘူးလား ”

“ သမီး မထားခဲ့ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ သမီး ကိုယ့်ဘဝကို အရှုံးတော့ မပေးချင်ဘူး ။ အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်လို့ စိတ်ထားတယ် ၊ သေတယ်ဆိုတာ လွယ်လွယ်လေးပဲလေ ။ ဘဝမှာ အသက် ရှင်လာပြီ ဆိုတော့ အခက်အခဲတွေနဲ့ ကြုံရမှာပဲ ။ သမီးလိုပဲ အချို့ လူတွေလည်း အခက်အခဲတွေနဲ့ ကြုံလာကြမှာပဲ ။ စိတ်ဆင်းရဲစရာ ကြုံလာရင် အဲဒီလို ဖြေသိမ့်တယ် ”

စိတ်ထဲက သူ့ကို လေးစားမိပါတယ် ။

“ ငါ တစ်ချိန်က သူများ အပေါ်မှာ မကောင်းတာ လုပ်ခဲ့မိလို့ ဒီဘဝမှာ ဝဋ်ကြွေးတွေ ပြန်ဆပ်နေရတာပဲ ဆိုတဲ့ ဖြေသိမ့်မှုနဲ့ နေတယ် ။ တစ်ခါမှတော့ အရှုံးပေးမယ်လို့ စိတ်မကူးခဲ့ဖူးဘူး ”

⎕ ကျော်ရင်မြင့်
📖အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ

No comments:

Post a Comment