Wednesday, January 21, 2026

သူငယ်ချင်း ဗိုကေ


 

❝ သူငယ်ချင်း ဗိုကေ ❞
          ( ဝင်းဖေ )

လပြည့်ကျော် ဘယ်နှစ်ရက် နေ့ မှန်းတော့ မသိဘူး ။ လရောင်က လုံးဝ မရှိဘူး ။ ထန်းတော တစ်ခုလုံးနဲ့ အနီး ပတ်ပတ်လည်မှာ မှောင်မည်းနေတယ် ။ ထန်းတောထဲက တစ်ခုတည်းသော ထန်းတဲ အတွင်းမှာသာ မီးဖိုမီး ကြောင့် မီးရောင်ကလေး ရှိနေတယ် ။

ဒီနေ့ ကျော်သိန်း ရွာပြန်ဖို့ ၊ အိမ်ပြန်ဖို့ စိတ်မကူး ။

သူ့မယား စောရီ ကလည်း ကြိုသိပြီးသား ။ ထန်းတောထဲမှာပဲ ဗိုကေ နဲ့ ထန်းရည်သောက်ကြမယ် ။ ထမင်းလွတ် သောက်ကြမယ် ။ ဒါက ထုံးစံ ။ ဗိုကေ မြို့က တစ်ခေါက် တစ်ခေါက် ပြန်လာတိုင်း ဒီလိုလုပ်နေကျ ။ ကျော်သိန်း နဲ့ ဗိုကေ ဆိုတာက အလွန်ချစ်ကြတဲ့ သူငယ်ချင်း နှစ်ယောက် ။ ဦးပဉ္စင်းဃော တပည့် ဘုန်းကြီးကျောင်းသားတွေ ။ ဒါပေမဲ့ အလွန် အရိုက်ကြမ်းတဲ့ ဦးပဉ္စင်းဃော ကတောင် ဒီကောင် နှစ်ကောင်ကိုတော့ လက်မြှောက် ထားခဲ့ရတာပါ ။ စာသင်ရာမှာလည်း နှစ်ကောင်စလုံး ဖျင်းသလား မပြောနဲ့ ။ ရေးတတ် ဖတ်တတ်ရုံပဲ လုပ်ရတယ် ။ ငယ်ငယ် ကတည်းက သိပ်ဆော့ကြတယ် ။ အခက်ဆုံးက နှစ်ယောက်စလုံး ဉာဏ် သိပ်တုံးကြတယ် ။ ဘာမှ ကောင်းကောင်း သင်လို့ မရကြဘူး ။ ဦးပဉ္စင်းဃော က ရိုက်ရင် ငြိမ်ခံ ၊ ပေခံကြတယ် ။ ဒါပေမဲ့ အမှတ်သညာ မရှိတတ်ကြဘူး ။

အဲဒီတော့ သူတို့လည်း ကြီးလာရော ကျော်သိန်း က ထန်းတက် စားတယ် ။ ဗိုကေ ကတော့ မြို့တက်ပြီး ကူလီ လုပ်တယ် ။ တစ်ခါတလေလည်း ကူလီ လုပ်တာထက် ကိုက်တဲ့ အလုပ်ကလေး ဘာလေး ရတတ်တယ် ။ တစ်ခါကတော့ ကုန်စိမ်းသည် မိန်းမကြီး တစ်ယောက်နဲ့ ဗိုကေ နဲ့ ငြိဖူးတယ် ။ ဒါပေမဲ့ ခြောက်လ လောက်ပဲ ခံတာပါ ။ ဗိုကေ လည်း ကူလီ ကူလီ ပဲ ပြန် ဖြစ်တာပဲ ။

တစ်ခုတော့ရှိတယ် ။ ကုန်စိမ်းသည် မိန်းမကြီးနဲ့ ငြိ နေတုန်းက ရွှေသွားတစ်ချောင်း အဖတ်တင်လိုက်တယ် ။ အဲဒီ မိန်းမကြီးနဲ့ ပြတ်သွားတော့ ဗိုကေ တောပြန် လာသေးတယ် ။ ထုံးစံ အတိုင်း ကျော်သိန်း နဲ့ နှစ်ယောက် ထန်းတောထဲမှာ နင်းကန်သောက် ကြတာပါပဲ ။ ကျော်သိန်း က ပထမတော့ တွေးတာပေါ့ ။ ဗိုကေ့ ကို ဟို မိန်းမကြီးက သစ်စိမ်းချိုး ချိုးလွှတ် လိုက်လို့ စိတ် ထိခိုက်လာရှာမယ်ပေါ့ ။ အဲဒီတော့ ချော့ရမော့ရမယ် ။ ထိန်းသိမ်းရမယ်ပေါ့လေ ။ တွေးထားတာ ။ ဘယ် ဟုတ်လိမ့်မှာလဲ ။ ဗိုကေ က အဲဒီ မိန်းမကြီးနဲ့ ခွာပြဲလာတာကို သိပ်ဝမ်းသာနေတာ ။ ပေါင်းခဲ့ သင်းခဲ့ ကြတုန်းက အလွန် စိတ်ပျက်စရာ ကောင်းပြီး ရယ်စရာ ကောင်းတာတွေ လည်း ပြောပြတယ် ။ သူ့ ဟာ သူ ပြောလိုက် ရယ်လိုက်ပါပဲ ။ ထန်းရည် ကလည်း ကုန်သလား မမေးနဲ့ ။ မြူအိုး နဲ့ တစ်အိုးချင်းသာ သောက် နေရင် အလျဉ် မီမှာ မဟုတ်ဘူး ။ စဉ့်အိုးနဲ့ကို တည်ထားရတာ ။ ဒါကတော့ ကျော်သိန်း သိတယ် ။ သူက ဒီလို ဖြစ်မယ် ဆိုတာ သိပြီးသား ။ ဘာပဲဖြစ်ဖြစ်ပေါ့လေ ။ ဒီတုန်းက ဗိုကေ အလွမ်းမင်းသားကြီး ဖြစ်မယ် ထင်ထားတာ ။ မဟုတ်တော့ တော်သေးတာပေါ့ ။ သောက်ရတာ တဝါးဝါးနဲ့ ပျော်စရာကြီးပေါ့ ။

ဒီတစ်ခါ ဗိုကေ ရောက်လာ ပြန်တာက ပြဿနာ တစ်မျိုး ။ ဒါလည်း သိပ်ကြီးကျယ်တာတော့ မဟုတ်ပါဘူး ။ သူက ပွဲစားကြီး တစ်ယောက်ရဲ့ သမီး ကောလိပ်ကျောင်းသူ တစ်ယောက်ကို ကြိုက်မိ သတဲ့ ။

ဒါပေမဲ့ ရုပ်ရည်ရော ၊ အသိပညာ အဆင့်ရော ၊ အလုပ်အကိုင် အခြေအနေ ဘာဘာညာညာပေါ့ ။ အားလုံးက ဘာမှမှ မဆိုင်ဘဲ ။ ဟို ကောင်မလေးက သူ့ကို ဘာမှ စိတ်မဝင်စားဘူးပေါ့ ။ ဗိုကေ ကလည်း သူ့ဘက်က အစစ အရာရာ အားနည်းနေတော့ ဘာမှလည်း မလုပ်ရဲဘူးပေါ့ ။ တစ်နည်းနည်းနဲ့ ဖွင့် ပြောမယ် ဆိုရင်လည်း အလကားပဲ နေမှာပဲပေါ့ ။

သူ့ဟာသူ အလိုလို အားငယ် နေတာပါပဲ ။ တစ်ခါတလေ ကောင်မလေးကို ချောင်းချောင်းကြည့်ရင်း မျက်လုံးချင်း ဆုံဖူးပါသတဲ့ ။ ဒါပေမဲ့ ဒီလို မျက်လုံးချင်း ဆုံတိုင်း ကောင်မလေးက သူ့ကို တစ်ခုခု ခေါ်ခိုင်းဖို့ သတိရ သွားပြီး ခိုင်းတော့တာပဲတဲ့ ။ ခိုင်းတဲ့ အလုပ်ကလည်း တွေးစရာ တောစရာ ကောင်းတဲ့ ပန်း ဝယ်ခိုင်းတဲ့ ကိစ္စတို့ ၊ ဝတ္ထုစာအုပ် ငှားခိုင်းတာ မျိုးတို့ ၊ စားစရာ တစ်ခုခု ဝယ်ခိုင်းတာမျိုးတို့ မဟုတ်ဘူး ဆိုပဲ ။ တံမြက်စည်း လှည်း ခိုင်းတာတို့ ၊ အမှိုက်ကျုံး ခိုင်းတာတို့ ၊ အမှိုက်သွန် ခိုင်းတာတို့ ဆိုတော့ ဗိုကေ့ အဖို့ ဘာမှလည်း စိတ်ကူး ယဉ်လို့ အဓိပ္ပာယ် ကြံဖန် ကောက်ဖို့ မရှိဘူးပေါ့ ။ ဘာပဲဖြစ်ဖြစ် ဗိုကေ ကတော့ တစ်ဖက်သတ် စွဲနေမိသတဲ့ ။ ညနေဘက် အလုပ်နားပြီ ဆိုရင် ချက်အရက်ကလေး တစ်ပိုင်းစ တစ်လုံးစ သောက်ရင်း လောကမှာ ဂုဏ်ရည် မတူလို့ ခံစားရတဲ့ အချစ်အကြောင်းတွေ ဆွေးနေတာ တစ်မျိုးဆိုပဲ ။

ဒါနဲ့ အတော်ကြာလာတော့ ရွာက သူငယ်ချင်း ကျော်သိန်း ကို သတိရ တော့တာပဲ ။ ဟုတ်ပြီ ၊ ဒီကောင့်ဆီ သွားဦးမယ် ။ မရောက်တာလည်း ကြာပြီ ။ သူ့ကို ရင်ဖွင့် ပြောပြ လိုက်ရင် အနည်း နဲ့ အများ သက်သာမယ်ပေါ့ ။

ဒါပါပဲ ။ ဒီရောက် လာတော့လည်း ဗိုကေ ဆိုတဲ့ ကောင်က ဖွဲ့ကာ နွဲ့ကာနဲ့ စီကာပတ်ကုံး ဘယ်ကလာ ပြောတတ် မှာလဲ ။ ထန်းရည်လေး သုံးလေးခွက် အဝင်မှာ သူ့ အချစ်ရေးကို စ ပြော လိုက်တာ ဘာမှတောင် မပြောရသေးဘူး ။ ပြောစရာ ကုန်သွားရော ။ နဂိုကတော့ ပြောရင်း ဆွေးရင်းနဲ့ တမ်းတမ်းတတ အရသာ ခံမယ် စိတ်ကူးခဲ့တာပဲ ။ ဒီ ရောက်တော့ ခွေးမသား ကျော်သိန်းက ဘာပြောလိုက် ပြောလိုက် တဟားဟားနဲ့ ရယ် နေတော့ အကုန်ပျက် ကုန်တာပေါ့ ။ သွားရော ၊ ဘာမှ လွမ်းလို့လည်း မရ ၊ ဆွေးလို့လည်း မရပါဘူး ။ ထားပါ ။ ပြီးတာပါပဲ ။ ဒီည ကောင်းကောင်း သောက်မယ် ။

သူတို့ နှစ်ယောက် သောက်ရင်း စကား ပြောကြတာ သိပ် ရယ်ရတယ် ။ စကား လေးလုံးလောက်မှာ တစ်လုံးက ဆဲနေကြတာပဲ ။ ဘာရယ်တော့ မဟုတ်ဘူးလေ ။ သိတယ် မဟုတ်လား ။ ဝသီလို့ ပြောရမှာပေါ့ ။

ဆရာတော် ဘုန်းကြီး ကတော့ ခဏခဏ ဟောနေ ပြောနေတာပဲ ။ ဖရုဿဝါစာ ၊ သမ္ဗုလပ္ပဝါစာ ဘာညာနဲ့ သီလပေးတဲ့အခါ အမြဲပါတာပဲ ။ ဒါပေမဲ့ သိတယ် မဟုတ်လား ။ ပါရမီ ရှိသလောက်သာ လိုက်နိုင်ကြတာပါ ။

ကျော်သိန်း တို့ ဗိုကေ တို့ ဆိုတာက သိတဲ့ အတိုင်းပဲ ။ အဆဲအဆို ဝသီက ဘုန်းကြီးကျောင်းဝိုင်း ဘုရားကျောင်းဝိုင်းထဲ ရောက်တဲ့ အခါလောက် လူကြီးသူမတွေ ရှေ့ ရောက်နေတဲ့အခါ လောက် လွတ်တာပါ ။

ကျော်သိန်း မူးလာတော့ စောရီ အကြောင်း မကျေနပ်တာတွေ လျှောက်ပြောသေးတယ် ။ တကယ်တော့ စောရီ ဟာ ရိုးရိုး ကျေးတောသူ အိမ်ရှင်မ တစ်ယောက် ပါပဲ ။ မကျေနပ်စရာ ရှိလည်း အသေးအမွှား လောက်ပါပဲ ။ ဒါပေမဲ့ ကျော်သိန်းက မူးတော့ လျှောက် ပြောတော့တာပေါ့ ။ အံမယ် ၊ ဒီလို အခါကျတော့ ဗိုကေ က တစ်မျိုး ခင်ဗျ ။ ကျော်သိန်း ကို ထောက်ခံပြီး လိုက်မပြောဘူး ။ စောရီ ဟာ ကျော်သိန်း ကို ချစ်ရှာပါတယ် ။ လုပ်ရှာပါတယ် ၊ ကိုင်ရှာပါတယ်နဲ့ ဖာဖာထေးထေး ပြောရှာပါတယ် ။ တစ်ခုတော့ ရှိတယ် ။ သူ့ မှာက အဲဒီလို ချစ်သူမယားကလည်း မရှိဘူး မဟုတ်လား ။ ဟို ကုန်စိမ်းသည် မိန်းမကြီးက တော့ အလကားပါ ။ သူနဲ့ ငြိခဲ့တယ် ဆိုတာက အနှိပ်သည် ငှားသလို ညားခဲ့တာပဲ ။

ညောင်းတဲ့ ကိုက်တဲ့အခါ နှိပ်ပေးရတဲ့ သဘောပဲ ဥစ္စာ ။ ကျော်သိန်း နဲ့ စောရီ တို့က ဒီလိုမှ မဟုတ်ဘဲ ။ တစ်ယောက် နဲ့ တစ်ယောက် ချိတ် တိတ်တိတ် ၊ ငြိတိတိ အချိန်လေးတွေလည်း ရှိခဲ့တာပဲ ။ နောက်တော့ သမီးရည်းစား ဖြစ်ကြတော့လည်း အတော် ကြာသေးတာ ။ နောက်မှ ညားကြတာ ဆိုတော့ ဗိုကေ က ဘေးကနေပြီး အဲလို သာယာစရာလေးတွေကို တွေးမိမှာပေါ့ ။ စောရီ ရဲ့ ကောင်းကွက်ကလေးတွေ လျှောက် ပြောပြတယ် ။ ဒီတော့လည်း ကျော်သိန်း က ငိုပါလေရော ။ စောရီ အပေါ် သူ တာဝန် မကျေကြောင်း ၊ လူတစ်လုံး သူတစ်လုံး မထားနိုင်ကြောင်း ဘာညာ နဲ့ ဝမ်းပမ်းတနည်း ဖြစ်ပြန်ရော ။ ဒီတော့လည်း ဗိုကေ က တစ်မျိုး ရောဂါဝင်လာပြန်ရော ။

“ မောင့် အပေါ်ဝယ် ဂုဏ်ရည် မတူလို့လား ၊ ရွှေစံပယ်ဖြူ ၊ ပန်ချင်သူက များ ”

တိတ်ဆိတ် နေတဲ့ ညကို ဖောက်ပြီး အသံဝါကြီးနဲ့ ဆိုလိုက်တာများ သာယာတယ်လို့တော့ ပြောလို့ မရဘူး ။ ဒါပေမဲ့ ဘာပြောရမလဲ ။ အသည်း နှလုံးက ထွက်လာတဲ့ အသံလို့ ပြောရမလား ။ အလွယ်ဆုံး ပြောရရင် ဆိုချင် လွန်းလို့ကို ဆိုထည့်လိုက်တဲ့ သဘောလေ ။ သံစဉ်တွေ ဘာတွေ ခပ် ကြောင်ကြောင် ပေမဲ့ နားထောင်လို့တော့ တစ်မျိုးကောင်းသား ။

ဒီလိုနဲ့ တောရောက်တောင်ရောက် အော်ရင်း နှစ်ယောက်သား သောက် လိုက်ကြတာ ပဲကြီးလှော် လည်း ကုန် ၊ ပဒတ်ကင် လည်း ချော ၊ ကွမ်းသီးဖက် ဆေးလိပ် တောင် တစ်လိပ် ပဲ ကျန်တယ် ။ အမြည်းက ပြတ်သွားပြီ ။ ဗိုကေ မြို့က ပြန်လာကတည်းက အရက်သောက်ရင် အမြည်းလေးက ပါမှတဲ့ ။ ဒါပေမဲ့ ဒီအချိန်ကြီး ကျမှ တော့ ဘာတတ်နိုင်တော့မှာလဲ ။

အမြည်း မရှိလို့ဆိုပြီး ဆက် မသောက်ဘဲတော့ မနေကြပါဘူး ။ ထန်းရည် ကတော့ ဆက်ချ ကြတာပါပဲ ။ သူငယ်ချင်း နှစ်ယောက် တစ်ယောက် ကို တစ်ယောက် ဘယ်လောက် ချစ်တယ် ဆိုတာ ကလည်း တွင်တွင် ပြောရသေးတယ် ။ အမူးသမားချင်းက ဒီလိုပဲလေ ။ သိတယ် မဟုတ်လား ။ ဗိုကေ က သူ မြို့မှာ အလုပ်လုပ်ရင်း ကျော်သိန်း ကို ဘယ်လို သတိရမိကြောင်း ပြောရင်းတန်းလန်း နဲ့ ရုတ်တရက် ဆီး သွားချင်တယ် ဆိုပြီး တဲပြင် ထွက်သွားတယ် ။ ကျော်သိန်း ကလည်း သူ့ စိတ်ထဲမှာ သိပ်ခိုက် သွားတယ် ။ သူလည်း ဗိုကေ ကို ဘယ်လောက် သတိရကြောင်း ပြောဦးမယ်ပေါ့ ။

ဒီလို စဉ်းစားရင်း ထန်းရည် တစ်ခွက် ထပ်မော့ချလိုက်တဲ့ အချိန်မှာ တဲပြင်က ဗိုကေ ရဲ့ ဆဲရေးတိုင်းထွာသံ ကြား လိုက်ရတယ် ။

ကျော်သိန်း ချက်ချင်း အလိုလို ဘာဖြစ်တယ် ဆိုတာ သိလိုက်တယ် ။ တဲတွင်းက ပြေး ထွက်ခဲ့တယ် ။

ဗိုကေ က ထင်းချောင်း တစ်ချောင်းနဲ့ တဖုန်းဖုန်း ရိုက်နေတယ် ။ ကျော်သိန်း လည်း နီးရာ ထင်းရှည် တစ်ချောင်း ဆွဲပြီး ဝင်ရိုက်တယ် ။ ကောင်ရှည် လေ ၊ ကောင်ရှည်မှ မြွေပွေး လေ ။ အရှည်က သုံးပေလောက်ပဲ ရှိမယ် ။ ဒါပေမဲ့ လုံးပတ်က အတော် တုတ်တယ် ။ တုတ်တိုကြီးပေါ့ ။ ဒီလို ကောင်မျိုးက အလွန် အဆိပ် ပြင်းတာပဲ ။ အမူးသမား နှစ်ယောက် မမြင်မကမ်း နဲ့ ဝိုင်း ရိုက်ကြတယ် ဆိုပေမယ့် မြွေပွေး လွတ် မသွားပါဘူး ။ ရိုက်ချက်ပေါင်း များစွာ ထိပြီး နောက်ဆုံးတော့ ခေါင်းပြားပြီး တွန့်လိမ်နေတယ် ။ တစ်ကောင်လုံး ကြေနေပြီး ဘယ်မှတော့ သွားလို့ မရတော့ဘူး ။

ဒါပေမဲ့ ဗိုကေ ရဲ့ ဘယ်ဘက် ခြေမျက်စိ အထက်မှာတော့ ပိုးထိ ထားပြီ ။ နှစ်ယောက်သား ကောင်ရှည်ကို မိုးမွှန်အောင် ဆဲရင်း တဲအတွင်း မီးရောင် ရှိရာ ဝင်ခဲ့ကြတယ် ။ နှစ်ယောက်စလုံး သိပ် မူးနေကြပေမဲ့ မြွေပွေး ကိုက်ရင် သေမယ် ဆိုတာတော့ သိပ် သိသေးတာပေါ့ ။ ဘယ်လို လုပ်ရမယ် ဆိုတာလည်း သိသေးတာပဲ ။ လုပ်စရာ ရှိတာတွေလည်း အမြန်ပဲ လုပ်ကြတယ် ။

ဗိုကေ ရဲ့ ဘယ်ဘက် ခြေထောက်ကို မြွေကိုက်ရာရဲ့ အထက် ခြေသလုံးကနေ သွေးပိတ် သွားအောင် ကြိုးနဲ့ ချည်တုတ် ပစ်လိုက်တယ် ။ ထန်းလှီးဓားကို မီးနည်းနည်း ဖုတ်ပြီး မြွေကိုက်ရာကို ကျယ် သွားအောင် ကြက်ခြေခတ် ထပ်လှီးဖွင့်တယ် ။

ကျော်သိန်း ကိုယ်တိုင် ပါးစပ်နဲ့ အဆိပ်စုပ်ပြီး ထွေးပစ်တယ် ။ မြွေကိုက်ရာ နေရာမှာ အဆိပ် ပြန်စုပြီး မျက်သွားအောင် ဆိုပြီး ထင်းမီးကျီးနဲ့လည်း ထိုးတယ် ။ နှစ်ယောက်သား မူးမူးနဲ့ လျှောက် လုပ်ကြတာပေါ့လေ ။ မှားတာ မှန်တာ အပထား ၊ မသပ်မရပ်တွေ ဖြစ်ကုန်တာတော့ အမှန်ပဲ ။ ဒီ ကြားထဲမှာ ဗိုကေ က ထန်းရည် ထပ်တောင်းလို့လည်း ပေးရသေးတယ် ။ နာရီဝက်လောက်လည်း ကြာရော ၊ ဗိုကေ မျက်လုံးတွေ ပြာလာပြီ ။ ဘာမှ ကောင်းကောင်း မမြင်ရတော့ဘူး ။ ကျော်သိန်း ဆိုတာ ငို လိုက်တာ မပြောနဲ့တော့ ။ ခြေမကိုင်မိ လက်မကိုင်မိ ပဲ ။ ဘာကြာလဲ ... နောက် ခဏနေတော့ ဗိုကေ အသက် မရှိတော့ဘူး ။

မိုးမွှန်အောင် ဆဲနေတဲ့ ကျော်သိန်း ရုတ်တရက် ငြိမ်သွားတယ် ။ တိတ်သွားတယ် ။ ပြီးတော့ ချုံးပွဲချပြီး ငိုတယ် ။ ရှိုက်ရှိုက်ပြီး ငိုတယ် ။ သိပ်မူးနေတော့ ရူးမတတ် ယူကျုံးမရ ဖြစ်နေတာပေါ့ ။

ဒါပေမဲ့ ခဏနေတော့ အငိုရပ် သွားပြန်တယ် ။ တစ်စုံတစ်ခုကို သတိရ လိုက်တဲ့ သဘောပဲ ။

ကျော်သိန်း ရုတ်တရက် တဲထဲက ထွက်ပြီး မြွေပွေး မသေမရှင်ကြီးကို တုတ်နဲ့ ညှပ်ပြီး ယူလာတယ် ။ ပြီးတော့ မှ မီးဖိုထဲမှာ သေသေချာချာ ရက်ရက်စက်စက် မီးဖုတ်တယ် ။ မြွေပွေး ဟာ မီးဖိုထဲမှာ မရှုမလှ သေဆုံးသွားရတယ် ။

ကျော်သိန်း ဟာ မြွေပွေး မီးဖုတ်ကို တိရစ္ဆာန်တစ်ကောင် စားသလို စားပစ်တယ် ။ ထန်းရည်တွေလည်း တစ်ခွက် ပြီး တစ်ခွက် သောက်တယ် ။ သူ သိပ်ချစ်တဲ့ သူငယ်ချင်း အတွက် အမြန်ဆုံးနဲ့ အကောင်းဆုံး ကလဲ့စားချေတာပဲလို့ တွေးတယ် ။ မျက်ရည်လည်ရွဲနဲ့လည်း သူငယ်ချင်းကို ကိုက်တဲ့ မြွေပွေးကို သူ မသေမရှင် မီးဖုတ်စား ပစ်ပြီး ကလဲ့စား ချေပြီးပါကြောင်း ပြောသေးတယ် ။ နောက် ဘာမှ မကြာပါဘူး ၊ သူလည်း အမူးလွန်ပြီး အိပ်ပျော်သွားတယ် ။

လင်းအားကြီး လောက်မှာ ကျော်သိန်း အိပ်ရာက နိုးလာပြန်တယ် ။ အဲဒီအချိန်မှာ ရင်တွေလည်း သိပ်ပူနေတယ် ။ ဒယီးဒယိုင်နဲ့ ရေအိုးရှိရာ သွားပြီး ရေသောက်မယ် လုပ်တော့လည်း ရေက ကုန်နေပြီ ။ မတတ်နိုင်ဘူး ။ ထန်းရည်ပဲ ကျန်တယ် ၊ ထန်းရည်ပဲ ဆက်သောက် ။ ပြီးတော့ ဗိုကေ့ အလောင်းကို ကြည့်ပြီး မျက်ရည် ဖြိုင်ဖြိုင် ကျပြန်တယ် ။

တကယ်တမ်း ဆိုရင် ကျော်သိန်း ထန်းတော ကနေ နာရီဝက်လောက် သွားရတဲ့ ရွာကို ပြန်ရမယ် ။ ဗိုကေ ပိုးထိလို့ သေပြီ ဆိုတဲ့ အကြောင်းကို ရွာကို အသိပေးရမယ် ။ နောက် လိုအပ်သလို ဆက်လုပ်ရမယ် ။

ခုတော့ ဒီလို မဟုတ်ပြန်ဘူး ။ အမူးလွန်ပြီး ရူးကြောင်ကြောင် ဖြစ်နေတဲ့ ကျော်သိန်း ရဲ့ ခေါင်းထဲမှာ ဗိုကေ ကို သူ ကိုယ်တိုင် တွင်းတူးပြီး မြှုပ်ဖို့ပဲ စဉ်းစား မိလာတယ် ။ ဒီကောင် အကြိုက်ဆုံး ထန်းပင်ကြီး တစ်ပင် ရှိတယ် ။ ဟုတ်တယ် ။ အဲဒီ အပင်ကြီး အရင်းမှာ ဗိုကေ ကို မြှုပ်မယ် ။

မလင်းတလင်း အချိန်လေးမှာ ကျော်သိန်း စ တူးတယ် ။ မူးမူးနဲ့ တူးတာ ဘယ်သိပ်သေသပ်ပါ့မလဲ ။ ခရီးလည်း သိပ် မရောက်ပါဘူး ။ ဒါပေမဲ့ အတော်အသင့် ကျင်းတစ်ကျင်းကတော့ ဖြစ်လာတာပေါ့ ။

ကျော်သိန်း ထန်းရည်တွေ ထပ် သောက်တယ် ။ ပို မူးနေတယ် ။ ဗိုကေ့ အလောင်းကို ထမ်းပြီး ထန်းပင်အောက် ကျင်း ရှိရာကို သယ်ဖို့ ကြိုးစားတယ် ။ ဘယ် လွယ်လိမ့်မလဲ ။ မူးနေတော့ ယိုင်ယိုင် လဲကျ သွားတာပေါ့ ။ ဒါနဲ့ ထမ်းလို့ မလို့ ကတော့ မရတော့ဘူး ဆိုပြီး ဒယဉ့်တိုက် ဆွဲလာခဲ့တယ် ။ တဲပြင် ရောက်လို့ လေးငါးလန် လောက်ပဲ ဆွဲရသေးတယ် ။ ကျော်သိန်း ရင်ထဲမှာ အောင့် သွားတယ် ။ ဗိုကေ့ ကို ဒယဉ်တိုက် ဆွဲရတယ် ဆိုတော့ အင်္ကျီတုံးလုံးနဲ့ ဗိုကေ ရဲ့ ကျောတွေ ပွန်းပဲ့ ကုန်တာပေါ့ ။ ဒီလိုတော့လည်း ကျော်သိန်း ခေါင်းက မြန်တယ် ။ ထန်းလက်ခြောက် ခပ်ကြီးကြီး တစ်ခု ယူပြီး ဗိုကေရဲ့ အလောင်းကို တယုတယ ပွေ့ပြီး ထန်းလက်ပေါ် တင် လိုက်တယ် ။ ပြီးမှ ညင်ညင်သာသာနဲ့ လိုရာကို ဆွဲယူလာတယ် ။

ထန်းပင်ကြီး အောက် ကျင်းနား ရောက်တော့ ဗိုကေ ရဲ့ အလောင်းကို ကျော်သိန်း နောက်ဆုံး အနေနဲ့ ကြည့်ရင်း မျက်ရည် ဖြိုင်ဖြိုင် ကျ နေပြန်တယ် ။ ခဏ နေတော့ အငိုရပ်သွား ပြန်တယ် ။ ကျော်သိန်း ဗိုကေ ရဲ့ မျက်နှာကို သေသေချာချာ ကြည့်တယ် ။ ပါးစပ်ကလေး ဟလို့ ။ ရွှေသွားလေးက ပေါ်လို့ ။

ကျော်သိန်း ဟာ မူးမူးရူးရူး နဲ့ ဗိုကေ့ အလောင်းကို မမြှုပ်ခင် မှာ ဗိုကေ့ ကို အနူးအညွတ် တောင်းပန်ပြီးမှ ဗိုကေ့ ရွှေသွားကို ဖြုတ်ယူပြီးမှ အလောင်းကို မြှုပ်လိုက်ပါသတဲ့ ဆိုရင် ခင်ဗျားတို့ ယုံမလား ။  ။

☐ ဝင်းဖေ
📖 ကလျာ မဂ္ဂဇင်း
      ၁၉၉၀ ၊ မေလ

No comments:

Post a Comment