❝ ညတစ်ည ❞
( ပီမိုးနင်း )
အငြိမ်းစား ဦးဇော်သည် သက်တော်ခြောက်ဆယ် ရှိသော်လည်း ကာလသားလို တစ်ကိုယ်တည်း အခန်းငှား၍ နေလေ၏ ။ သားမယားမှာမူ တခြားတစ်နေရာ၌ တင့်တင့်တယ်တယ် နေကြလေ၏ ။ ထိုကဲ့သို့ တစ်ကိုယ်တည်း နေခြင်းမှာ ဝါသနာဖြစ်သဖြင့် အိမ်မှာ သားမယားနှင့် အတူတူ ချိုင့်ချိုင့်ဝန်းဝန်း နေဖို့ရန် မည်သူမျှ နားချ ပြောဟော၍ မရပေ ။ မင်းကတော်မှာ အသက်လေးဆယ်ကျော်ကလေးမျှ ရှိရာ ရုပ်ရည်မှာ အတော်ပင် ဖောသော်လည်း ၎င်းအပေါ်၌ ဦးဇော်မှာ အာသဝေါ ကုန်သလို ဖြစ်၍ နေလေ၏ ။
ထိုတစ်ဦးတည်းနေ တိုက်ခန်းမှာကား ညအခါတိုင်း အဆိုကောင်းသော အငြိမ့်သမကလေးများနှင့် နေခြင်း ဖြစ်လေ၏ ။ ဆေးကောင်းဝါးကောင်း၏ အစွမ်းကြောင့် ကိုယ်လက်အင်္ဂါ မှာလည်း တောင့်တင်းသန်မာ နုပျိုသူတွေ မသာ ၊ နွားအိုပေါင်မာကြီး ဖြစ်နေလေ၏ ။
လောကမှာ ဒါကလေး အကောင်း ရှိတာပဲ ။ သူတစ်ပါး၏ အပိုင်ပစ္စည်းကို မခိုးမဝှက်ရင် ဒါလည်း သရေစာ တစ်မျိုးပ ။ မုန့်ဟင်းခါးကြိုက်သူ မုန့်ဟင်းခါးကို စား ၊ခေါက်ဆွဲကြိုက်သူ ခေါက်ဆွဲ ၊ ဒံပေါက်စမူ ကြိုက်သူကလည်း ကြိုက်ရာ စားကြတာပဲဟု ပြောလေ့ရှိ၏ ။ မိမိမှာကား ပေါက်စီကို ကိုင် ၊ နို့မလိုင်ခွက်ထဲ ပြွန်ကလေးကို တပ်၍ စုပ်သော နည်းမျိုးနှင့် ဆင်တူရိုးမှား အငြိမ့်သမကလေးကို စပါယ်ရှယ် ထားပြီး ညည်းခိုက်မှာ ပုတီးကို ချာလပတ်လည်အောင် စိပ်လေ့ရှိ၏ ။ ဤဘဝမှ ထိုဘဝသို့ နိဗ္ဗာန် မရောက်သေးသမျှ ကာလပတ်လုံး ပတ်ကုံး လောကမှာ သဘောကျ အထုံယူ၍ နေသည် ဖြစ်ရာ ညနေတိုင်း ဆယ်တန် ငွေစက္ကူတွေ တစ်ထပ်ကြီး ရှိသော ခါးပိုက်ဆောင် ငွေအိတ် ဖောင်းဖောင်းလေးလေးကြီးကို ရှပ်အင်္ကျီအိတ်ထဲ၌ ထည့်ကာ လမ်းလျှောက်ရင်း စိတ္တံ စိတ်ဟူသော အလုပ်ကို ပုတီးနှင့်လုပ်၍ နေလေ၏ ။
ဦးဇော်သည် ရှေ့တည့်တည့် လမ်းဘက်သို့ မော်၍ ကြည့်လိုက်ရာ ဦးဇော်၏ စက္ခုဣန္ဒြေ စက်ကွင်းဝယ် ချဉ်းနင်း ဝင်ရောက်၍ လာသော ရူပါရုံ နှစ်ခုသည် နီးကပ်၍ လာလေရာ ဦးဇော်မှာ ပုတီးတစ်လုံး ချောက်ခနဲ ဖြစ်အောင် ချောက်ထိပ်သို့ စိတ်ရောက်၍သွားလေ၏ ။
အကြောင်းမူကား ထိုရူပါရုံနှစ်ခု အနက် သွယ်သွယ်သေးသေး ၊ ဖြောင့်ဖြောင့်စင်းစင်း ၊ တောင့်တောင့်တင်းတင်း ၊ မျက်နှာမှာ ကွင်းကွင်းကွက်ကွက် ၊ အသားမှာ ဝင်းဝင်းလက်လက် ၊ တင်မကောက်ဘဲ ရင်မောက်ကဲ ၊ ဆင်ပေါက်တနဲမကွာ ပမာခြေလက်တို့မှာ အသေမက်လောက်အောင် ပြေပြစ်သွယ်ပြောင်း ၊ အဘိုးအို အငြိမ်းစားကြီးမှာ လဘိန်းကြား ဒိန်းကား၍ သေလောက်အောင် ကောင်းမည့် အသွင်အပြင်ကို ဆောင်လေရာ အဘိုးကြီးကို ဖမ်းရန် တစ်ဉာဏ်ကြံ၍ လာသလို ဖြစ်၍ နေလေ၏ ။
အကြောင်းမူကား ဦးဇော်မှာ ဤလို ဟာကလေးများကို ကြိုက်တတ်ကြောင်း အပေါင်းအထူးကြော်ငြာသလို သိပါလျက် ၎င်း ဦးဇော်ကို ရှာသလို လာသည်မှာ ထိုသို့ ထင်ဖွယ် မဟုတ်လျှင် အဘယ်သို့လျှင် တွေးထင်ရန် ရှိပါသနည်း ။
ဦးဇော်သည် မူးမော်၍ သွားလေ၏ ။ ဦးဇော်၏ မူးမော်ခြင်းမှာ နှာနှပ်ရသော မူးမော်ခြင်းမျိုး မဟုတ်ပေ ။ မော်ခြင်း ၊ မောက်ခြင်း ၊ ငေါက်ခနဲ မာန်စောင်ခြင်းလျှင် သဘောသက်ပေသော မူးမော်ခြင်းဖြစ်လေ၏ ။ အကြောင်းသော်ကားဟု ဆိုလျှင် ငုံ့ကာငိုက်ကာ မနေမူ၍ မော်ကာငေး စက္ခုရူပေ နံဘေးသင့်မျှသော် ဟူခလို ။
ဦးဇော်၏ တိုက်ရှေ့သို့ ရောက်သောအခါ ၎င်းတို့ နှစ်ယောက်အချင်းချင်း စကားများလျက် ကဘောက်ကဆ ပြော ၊ စိတ်ဆိုးမာန်ဆိုးနှင့် အချောကညာမှာ မောရှာသလို ရပ်လျက် နေရစ်ရာတွင် ၎င်း၏ အဖော်ဖြစ်သော ယောက်ျားပျိုမှာ ဒေါသ ၊ မောဟနှင့် ထွက်၍ သွားလေ၏ ။ သို့ဖြစ်လေရာ မိန်းမပျို အချောအနိပ်ကလေးမှာ ကောလိပ်သူအသွင် ရှိလျက်နှင့်ပင် ဣန္ဒြေသိန်သရေ မလှဘဲ မနေတတ် ၊ မထိုင်တတ်ဖြစ်ကာ ကျန်ရစ်ရှာလေတော့သတည်း ။
နေဝင်၍ သွားလေ၏ ။ ဝင်းခနဲ ဓာတ်မီးတွေ ပွင့်လာ၏ ။
ဦးဇော်သည် သနားကြင်နာ ကရုဏာနှင့် ဂရာနုမျို အဘိုးအိုမှာ ထိုထိုတွေးတော ငေးမောလျက်သာ ဒေါသထွက်ကာနှင့် မသက်မသာဖြစ်ရင်း ရမ္မက်တဏှာ ချစ်ခြင်းတွေ ပေါင်းစုကာ အကြောင်းပြုသဖြင့် ကောင်းမှုကို ပြုလိုသော အာသီသပြင်းစွာထလျက် ခဏမဆိုင်း စိတ်ကို ပိုင်းပြီး ရိုင်းတယ်ဆိုဆို ဘယ်လိုဖြစ်ဖြစ် ငါ စစ်၍မေး ၊ အကြောင်းမျိုးစုံ ကောင်းဆိုးပုံကို ကုန်အစင် သိဖို့အတွက် မျှော်တွေးကာ ကလေးမ ခမျာအတွက် အကြင်နာစွက်သဖြင့် ပြင်ဘက်သို့ လျင်စွာ ထွက်ပြီးလျှင် မြင်ရချက် ထူးပုံကို ကုန်စင်အောင် မေးလေတော့သတည်း ။
ကလေးမမှာ ၊ လက္ခဏာကား ၊ ကြောက်အားပိုမို ၊ ထိုလူအိုသည် ၊ ငါ့ကိုဘယ်နည်း ၊ ဉာဏ်စနက်မီးနှင့် တစ်ချက်တည်း အကော်မိအောင် လှော်ဖို့ရန် လော်လီ ဉာဏ်ကစား ၊ ဂျော်ကီဟန်သွားဖို့ အကြံအား ပို၍ လာပါသနည်းဟု စဉ်းစားထွေရာ မသေချာသည့် အမူအရာနှင့် ပြောရှာသည်မှာ ...
“ ဖေဖေကြီးရဲ့ ၊ ကြည့်ပါဦး အဟင့် ... ” ဟု အဘိုးအို တရားပျက်မှာ စိုးသဖြင့် စကား မဆက်သလို လုပ်၍နေလေ၏ ။
“ ဟဲ့ … ကလေးမရဲ့ ၊ အလို ... အမယ်မင်း ... ဖြစ်ရလေခြင်း ကလေးမရယ် ၊ ဘယ်လိုဖြစ်တာတုံးကွယ့် ၊ ကိုကို့ကို အမိန့်ရှိ ၊ အဲလေ ... ပြောပါဦး ” ဟု ဘကြီးဇရာအိုက စပြီး ခရာသလို ပြောလိုက်လေ၏ ။
“ ကျွန်မကို တောက ခေါ်လာတယ် ဖေဖေကြီးရဲ့ ။ အခုမှ သူ တစ်မျိုးဉာဏ်တွေ ထွင်တာကို ကျွန်မ ရိပ်မိလို့ စိတ်မရှိကြောင်း ပြောမိပါတယ် ဖေဖေကြီးရဲ့ ။ ဒါနဲ့ သူက စိတ်ဆိုးပြီး ခုတင်ကပဲ ကျွန်မကို ကြိတ်ထိုးတယ် ဖေဖေကြီးရဲ့ ။ မှောင်ကြီးထဲမှာ ကျွန်မကလည်း တောသူ ဘယ်ကို သွားရမှန်းလည်း မသိဘူး ဖေဖေကြီးရဲ့ ။ ကျွန်မက ဘယ့်နှယ် လုပ်ရမလဲ ” စသဖြင့် ရှိုက်ကြီးတငင် ပြောရှာလေ၏ ။
“ တယ်ဆိုးတဲ့ သူငယ်ပါကလားဟရို့ ၊ လုပ်မှ လုပ်ရက်ပေတယ် ။ နှမချင်းမစာ ၊ မတော်တာပဲ ကလေးမရယ် ။ ကိုကို ၊ အဲလေ … ဘကြီး ပြောမယ် ၊ ဘာမှ မကြောက်နဲ့ ၊ ဒီအကောင်တွေဟာ အယုတ်တမာတွေ ၊ တောမြို့ကလေးတွေကို လှည့်ပြီး ရုပ်ကလေးကိုပြ ၊ သူဌေးသားလိုလို ၊ အရာရှိသားလိုလို ဟန်ဆောင် ၊ ကလေးမတို့လို ရိုးရိုးသားသားလေးတွေကို သွေးဆောင် ၊ ရန်ကုန်ကျရင် မဟားတရားလုပ် ။ ဒါမျိုးတွေကို အစ်ကိုကြီး ၊ အဲလေ ... ဦးလေး ၊ အို ... အဘိုး သိပါတယ် ကလေးမရယ် ။ ဘိုးဘိုးလို သူတော်ကောင်းနဲ့ တွေ့တာ အတော်ကံကောင်းတာပဲ ကလေးမရဲ့ ။ ကံနော် ၊ ကလေးမရဲ့ ကံ ။ ကြာပေါက်တဲ့ကန် ၊ ပဒုမ္မာဖူးတဲ့ကန် ၊ ထူးတဲ့ကံပဲ ။ လာ ... လာ ... ဘာမှ မကြောက်နဲ့ ။ ကိုလေး ၊ အဲလေ ... ဦးလေး ၊ အို .. ဘာတွေ ပြောမိပါလိမ့် ၊ ဖေဖေကြီး ရှိမှ ဘာမှ ကြောက်စရာ မရှိဘူး ။ ကလေးမ အရပ်ကို ခု ပြန်ပို့မယ် ။ လာ .. လာ ... ဖေဖေကြီးတို့ တိုက်ကို ... ”
“ ဟင့်အင်း …. ကျွန်မ မလိုက်ဝံ့ဘူး ။ ကြောက်တယ် ဖေဖေကြီးရဲ့ ”
“ မကြောက်ပါနဲ့ ကလေးမရဲ့ ။ ဖေဖေကြီးတို့ တိုက်မှာ အရှုပ်အပွေ ဘာမှ မရှိရဘူး ”
“ ဖေဖေကြီး တစ်ယောက်တည်းပဲလား ”
“ တစ်ယောက်တည်းပဲ ”
“ ဒီလိုဖြင့် ကျွန်မ လိုက်မယ် ။ လူတွေများရင် ကြောက်တယ် ”
“ မကြောက်နဲ့ ။ ဖေဖေကြီးက အမယ်ကြီး တစ်ယောက်ပဲ အိမ်သား ရှိတယ် ”
မကြာမီ အိမ်တွင်းသို့ ရောက်လေ၏ ။
“ ပေး .. ခွေးသားကြီး ၊ ရှိသမျှထုတ် ”
“ ပေးပါ့မယ် မောင်ရဲ့ ။ လူကလေးရဲ့ ၊ ဘကြီး အသက်ကို ချမ်းသာပေးပါ လူလေးရဲ့ ။ ချမ်းသာပေးပါ လူလေးရဲ့ ။ ရော့ ... ရော့ ... ”
“ နောက်တစ်ခါ ခင်ဗျား ဒီလို ငွေတွေ ဖြုန်းဦးမလား ”
“ မဖြုန်းပါဘူး လူလေးရဲ့ ။ ချမ်းသာပေးပါ ။ ရှိသမျှ အကုန်ယူပါ ”
အငြိမ်းစားအရာရှိ အဘိုးကြီးမှာ အငြိမ့်သမကလေးများကို ပေးရန် အသင့် ဆောင်ထားသော ငွေစက္ကူများရော ၊ သားရေအိတ်ပါ ထုတ်၍ ပေးရလေ၏ ။ ခြောက်လုံးပြူးနှင့် ချိန်ကာ တောင်းသော မိန်းမပျိုမှာ ထဘီပြုတ်၍ ကျသောအခါ ကာကီဘောင်းဘီ ပေါ်၍လာလေ၏ ။
ထိုအတွင်း စောစောက ၎င်းကို စွန့်၍ သွားသော အဖော်ယောက်ျားပျိုသည် ခြောက်လုံးပြူး တစ်လက်နှင့် နောက်ထပ် ရောက်၍လာလေ၏ ။ ထို့နောက် အတန်ကြာသောအခါ အဘိုးကြီးမှာ လက်ပြန်ကြိုးတည်းလျက် ကြမ်းပေါ်မှာ လိမ့်၍ ကျန်နေရစ်လေတော့သတည်း ။
⎕ ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment