Thursday, January 15, 2026

မရီးဓာတ်ပုံကြောင့်

 

❝ မရီးဓာတ်ပုံကြောင့် ❞
          ( ပီမိုးနင်း )

မောင်ဟန်မှာ အိုင်အေ အောင်ပြီးနောက် အလုပ် တစ်စုံတစ်ရာ မရှိ ။ အလုပ်မှာ လွန်စွာ ရှားပါးသဖြင့် အစ်ကို၏ အိမ်၌ ကပ်ရပ်နေခဲ့ရာ မရီးဖြစ်သူက အခါခပ်သိမ်း မသာယာသည်ကို သိလျက်နှင့်ပင် ဇွတ်နှစ်ကာ မသိ ဟန်ဆောင်လျက် အင်္ဂလိပ်သတင်းစာအဟောင်းတွေကိုသာ ဖတ်၍ နေရလေ၏ ။

သတင်းစာအဟောင်းဆိုင်မှ တစ်ပဲနှစ်ပြားတစ်မူး ပေး၍ ဖတ်ရသော မဂ္ဂဇင်းများကိုမှ မှန်မှန် ဝယ်၍ မဖတ်နိုင် ၊ မရီး ထံမှ မျက်နှာချ၍ တောင်းရသော ဆေးလိပ်ဖိုးကလေးများကို စုဆောင်းကာ ၊ မဂ္ဂဇင်းအဟောင်းများကို ဝယ်ရလေ၏ ။

သို့ဖြစ်ခဲ့ရာ အိမ်ဦးခန်းရှိ မောင်ဟန်၏ အိပ်ရာဦး၌ အင်္ဂလိပ်မဂ္ဂဇင်း အမျိုးမျိုးတွေ တပုံတခေါင်းကြီး ရှုပ်ပွနေ၍ နေသဖြင့် မရီးဖြစ်သူက အိမ်ကို မီးရှို့မလို့ ကြံသလား ။ အေးအေးစားနေရင် စားနေတာ မဟုတ်ဘူး ။ ဘာများ စိတ်နာလို့ အိမ်ကို မီးရှို့ဖို့ ကြံသလဲ မသိပါဘူးတော် ။ ကျုပ်တို့အိမ်ကို မီးအာမခံ လုပ်ရမလို ကျနေတာပဲ ။ လုပ်စရာ ငွေကြေးကလေး အပိုအလျှံ မရှိဘူး ။ ဒီအိမ်တောင် ရုံးက ငွေကလေး ထုတ်ပြီး ဆောက်ရတာပါ ။ တစ်ဆိတ် ချမ်းသာပေးပါ ။ ညှိုးပြီး မီးနဲ့များတော့ မရှို့ပါနှင့် စသည်ဖြင့် စောင်းရိပ်ကာ ပြောလေ၏ ။

မောင်ဟန် မှာကား မီးရှို့နိုင်ဖို့ အခြေအနေ မရှိ ၊ ဆေးလိပ်မီးခြစ်မျှ မဝယ်နိုင် ကွမ်းအစ်ထဲက ကွမ်းစားဆေးကလေးကိုသာ ငုံခါငုံခါ နေရလေ၏ ။

သို့ ကွမ်းရာဆေးကို အမြဲ ငုံရသဖြင့် ဆေးများမှာ ၇ ရက် စားရမည့်အစား သုံးရက်လေးရက်သာ စားရလေရာ မရီး ဖြစ်သူက ဆူပြန်လေ၏ ။

ဘာမှ မခံနိုင်ဘူး ။ ဒင်းတို့တော့ ကုန်ပစေ ။ ငါ့ ပစ္စည်း မဟုတ်ဘူး ဆိုပြီး တမင် ဖြုန်းတီးတာ ၊ တကတဲတော် ကွမ်းရာဆေးတောင် မလွတ်ရဘူးဟု တစ်နေ့ ပြောလေ၏ ။

ဟန် ။  ။ “ မရီးကလဲဗျာ ၊ ဆေးလိပ် မသောက်ရလို့ ဆေးကလေး ငုံရတာပါ မရီးရယ် ။ ကျွန်တော်လည်း သည်လိုချည်း နေရမှာ မဟုတ်ပါဘူး ။ တစ်နေ့တော့ အလုပ်ရဦးမှာပေါ့ ။ သည်တော့ ကျေးဇူးဆပ်ပါမယ် ”

“ ဟေ့ အလုပ်အကြောင်း မပြောနဲ့ ၊ ဘီအေတွေတောင် မှိုလိုပေါလို့ ဘာလုပ်ရမှန်း မသိ ။ ဖွတ်ကျောပြာစု ခရုအဆံကျွတ် ဖြစ်နေတာ ကောလိပ်ကျောင်းမှာနေတုံးက နားထင်ကို ရောက်တဲ့ သွေးဟာ ခြေဖနောင့်အထိ ပြန် မဆင်းသေးသမျှ ကိုယ့်ထမင်း ကိုယ်စားရမယ် မထင်ပါနဲ့ ။ ကျေးဇူးဆပ် စကားကို ထားလိုက်ပါဦး ။ ကိုယ့်ထမင်း ကိုယ် စားရအောင်သာ လုပ်ပါဦး ” ဟု မရီးက ပြောလေရာ မောင်ဟန်မှာ မခံမရပ်နိုင်အောင် နာလျက် ကျိတ်ကာ ကြံ၍သာ နေလေ၏ ။

လခစား အလုပ်ကို မလုပ်လည်း မလုပ်ချင် ၊ ရလည်း မရ ၊ စာမှ တစ်ပါး တစ်စုံတစ်ရာကို မတတ် ၊ အရင်းအနှီးလည်း မရှိ ဘာကို လုပ်ရမှန်း မသိပေ ။ မြို့ထဲကို လျှောက်ကာ လူအများ ဘာကို လုပ်ကြပါလိမ့်မလဲ ။ အရင်း အနည်းဆုံးနှင့် ဖြစ်နိုင်သော အလုပ် ဘယ်လို အလုပ်များ ရှိသလဲဟု စုံစမ်းလေ၏ ။

သို့ ရှာရာ အရင်း နည်းသော အလုပ် ဟူသမျှမှာ ကျင်လည်တတ်မြောက်မှ ဖြစ်နိုင်သော အလုပ်များ ဖြစ်ကြသဖြင့် ၊ အတော် အကြံရ ကျပ်လျက် အိမ်ကို ပြန်ကာ မဂ္ဂဇင်းဟောင်းတွေကို လှန်လှော၍သာ နေလေ၏ ။ ထိုနေ့ကား မိတ်ဆွေတစ်ယောက် ထံမှ ရခဲ့သော ဝံသာနုဆေးလိပ်တစ်လိပ်ကို ဖွာလျက် နေလေ၏ ။ အတန်ကြာ စာဖတ်၍ နေရာ ၊ နံဘေး၌ နွေးခနဲ နွေးခနဲ ဖြစ်ပြီး အသံတစ်ခုကို ကြားရသဖြင့် ကြည့်လိုက်ရာ သတင်းစာရွက် တစ်ခုမှ မီးတောက်တစ်ခုသည် လျှာနှင့် လှမ်း၍ လျက်သလို လုပ်၍ နေသည်ကို မြင်ရသဖြင့် ကပျာကယာ ထ၍ သ,တ်ရလေ၏ ။

မရီး မမြင်လို့ဘဲ ၊ မြင်များ မြင်ရင်တော့ သိပ်ဆူမှာပဲ ။ ဒါထက် မီးလောင်ရင်တော့ မီးအာမခံ မရှိလို့ ဒုက္ခပဲ ။ မတွေးမခေါ်တဲ့ နေရာစပြီး ပေါ်လာတတ်တာမျိုးပဲ ။ မတော်တဆ နောက်ဖေးတန်းက စ လောင်ရင် ဒီအိမ်ဟာ ဘယ်နည်းနဲ့မှ ချမ်းသာမှာ မဟုတ်ပါကလား စသည်ဖြင့် နဖူးလက်တင် ဆင်ခြင်၍ နေလေ၏ ။

မီးလောင်သော သတင်းစာကို ကြည့်လိုက်ရာ အလွန်လှသော တောင်သူမိန်းမချောကလေး တစ်ယောက်နှင့် သာယာသော တောတောင်တစ်ခု ပါရှိသည့် ရုပ်ပုံတစ်ခု မပျက်မစီး ရှိနေသည်ကို တွေ့ ရလေ၏ ။

ထိုရုပ်ပုံမှာ လွန်စွာ ကြည်နူးဖွယ်ရာ ကောင်းသော ရုပ်ပုံတစ်ခု ဖြစ်လာ၏ ။ အောက်၌ပါသော စာမှာ ရှမ်းပြည် နယ်စပ် တောင်ခြေရှုမျှော်ခင်းနှင့် ရှမ်းတောင်သူမကလေး ဖြစ်ကြောင်း အညွှန်းစာ အနည်းငယ် ပါရှိလေ၏ ။ မောင်ဟန်သည် ၎င်းကားကို စူးစိုက်ကြည့်ရှုနေလေ၏ ။ သို့ကြည့်၍ နေရာမှ ထပြီး နံရံချိတ်၍ ထားသော မရီး၏ ဓာတ်ပုံကို စိုက်ကာ ကြည့်လေ၏ ။ မရီး မှာ ချောမောလှပသော မိန်းမဖြစ်ရာ ပျိုရွယ်စဉ်က ရိုက်ပြီး လက်ဖြင့် ကူးချဲ့၍ ထားသည်မှာ စကားလှမ်း၍ ပြောတော့မလို လှပပြုံးချိုသော မျက်နှာ ရှိလေ၏ ။

ရုပ်ပုံမှာ လွန်စွာ မကြီး ၊ သတင်းစာ၌ ပါသော ရုပ်ပုံ သာသာလောက် ရှိလေ၏ ။

သေသေချာချာ ကြည့်သောအခါ မရီး၏ မျက်နှာ လှပုံမှာ မပြုမပြင် အရိုင်းနေလျှင် သတင်းစာ၌ ပါသော တောင်သူမကလေးမျိုးလို နေမှာပဲဟု မောင်ဟန် တွေးမိလေ၏ ။ သို့တွေးရင်း ရုပ်ပုံနှစ်ခု တစ်လှည့်စီ ယှဉ်၍ ကြည့်လေ၏ ။

မရီး၏ ရုပ်ပုံကို မောင်ဟန်သည် ပေါင်ပေါ်မှာ တင်လျက် လက်နှစ်ဖက်နှင့် နဖူးကို ထောက်၍ အတန်ကြာ စိုက်၍ ကြည့်နေခိုက်တွင် မရီး ဖြစ်သူသည် နောက်ပါး မှ ခြေသံ မကြားအောင် ကပ်၍ လာပြီး မောင်ဟန်၏ ပခုံး နားသို့ ကပ်၍ ကြည့်လေ၏ ။ မိမိ၏ ဓာတ်ပုံကို မြင်ရသော အခါ မျက်နှာချိုပြီး သိမ်မွေ့သလို ဖြစ်လျက် ၊ သွေးရောင် လျှမ်း၍ လာပြီး နောက်သို့ ဆုတ်ကာ ပင့်သက်ရှူလေ၏ ။

ထိုနေ့မှ စ၍ အဆူအပူ အတော်ကလေး အေး၍ သွားလေ၏ ။

မောင်ဟန် သည်ကား နောက်က လာ၍ ကြည့်သည်ကို သိသော်လည်း မသိဟန်ဆောင်၍ နေလေ၏ ။ ထိုနောက် ၎င်းဓာတ်ပုံကို မရီး မြင်အောင် နေ့စဉ်လိုလို ကြည့်ပြီး သို့ကြည့်ခိုက်မှာ မျက်နှာကို တစ်မျိုး ဖြစ်အောင် ဘာလိုလို ညာလိုလို လုပ်၍ ထားလေ၏ ။

ဪ - မိန်းမများဟာ ၊ ဒီလိုကို ၊ သူတို့ကို ချစ်တယ် ထင်ရင် ပြန်ပြီးအပ်ပါကလား ။ ငါ့ကတော့ ဘယ်လိုမှ သဘောမထားဘူး ။ သနားရုံထက်တော့ ပိုမှာ မဟုတ်ဘူး ။ အမျိုး ဆိုတာတွေ ကောင်းတာလည်း မဟုတ် ဘူးဟု အောက်မေ့ပြီး ကျွန်းအမြစ်ဆုံသားမို့ အကွက်တွေ ထ၍ နေသော ဓာတ်ပုံဘောင်၏ ချောမောလှပပုံကို ကိုင်တွယ် စုပ်သတ်၍ နေလေ၏ ။

မောင်ဟန်သည် မရီး၏ ဓာတ်ပုံကို ကြည့်ရင်း ဘောင်ကို ပဝါစနှင့် ပွတ်လိုက်သဖြင့် ဘောင်မှာ တောက်ပြောင်အကွက်တွေ ထပြီး အထူးကျက်သရေ ရှိလေ၏ ။ မရီးလည်း မိမိ၏ ရုပ်ပုံကို ထိုမျှလောက် ဂရုစိုက်ကာ မွမ်းမံသော မတ် ဖြစ်သူအား အရင်ကလို စောင်းမြောင်းပြောဆိုခြင်း မပြုတော့ပေ ။

မောင်ဟန် မှာ အဆူအပူမှ သက်သာစေတော့ဟု သဘောထားကာ ပရိယာယ် လုပ်ခြင်းပေလား ။ သို့တည်းမဟုတ် အဘယ် သဘောထားပုံမျိုး ဖြစ်လေသနည်း ။ မရီး မှာကား မဆူရုံမက ၊ မောင်ဟန်၏ မျက်နှာကို ကြည့်ကာ မျက်လုံးများမှာ ပြင်နေသည့် အသွင်ပင် ပေါ်၍ လာပေ၏ ။

နောက်တစ်နေ့ မရီး၏ ရုပ်ပုံသည် ရှိနေကျ နေရာမှာ မရှိတော့သည်ကို မရီး ကိုယ်တိုင် သတိထားမိလေ၏ ။

သို့သော်လည်း မေးမြန်းခြင်း မပြုပေ ။ ထိုနေ့မှစ၍ မောင်ဟန် မှာ ကားဘောင်သွင်းသော ကိရိယာလက်နက် အနည်းငယ်နှင့် ကားဘောင်အရိုင်း အနည်းငယ်ကို အဘယ်က ရသည် မသိရ ။ မိမိ၏ ရုပ်ပုံအကြောင်း မေးသော အခါ၌ကား ကားဘောင်အဟောင်းမှာ မလှသောကြောင့် အသစ် ရွှေရေးပွတ် ဘောင်တပ်ဖို့ လုပ်နေကြောင်းနှင့် မောင်ဟန်က ပြောလေရာ ကျေနပ်၍ သွားလေ၏ ။ ကျေနပ်သည့်အတိုင်း လှပသော ရွှေရေးပွတ် ဘောင်နှင့် နံရံသို့ ပြန်၍ ရောက်နေသော ရုပ်ပုံကို နောက်တစ်နေ့ တွေ့ ရလေ၏ ။

ထိုအခါမှ စ၍ မောင်ဟန်မှာ အိမ်၌ များစွာ မနေ ။ စားလည်း မစား ညဉ့် အိပ်ရုံ အတွက်သာ ပြန်၍ လာလေ၏ ။ အခြားသို့ သွားသော်လည်း အခါတိုင်းကဲ့သို့ သတင်းစာ မဂ္ဂဇင်းတွေကို ယူ၍ သွားလေ၏ ။

မရီး ဖြစ်သူက အမှိုက်ရှင်းစ ပြုသဖြင့် ဝမ်းသာသော အမူအရာနှင့် ဘယ့်နှယ် လည်း မတ်တော်မောင်ကလေးရဲ့ မင်း စက္ကူ ကုန်ကူးနေသလားဟု သရော်သလိုလို ပြောင်သလိုလို မေးလေ၏ ။

ကြူလယာဆိုင်မှာ သွင်းတာလည်း သွင်းရတယ် ၊ စာအုပ်အဟောင်းဆိုင် ပြန်သွင်းရတာလည်း သွင်းရတယ် ။ စက္ကူဟောင်းစုပြီး ဘိလပ်ကို ပို့တဲ့ တိုက် ကိုလည်း သွင်းရတယ် ။ မရီးအိမ်ကို မီးမလောင်ရတော့ဘူးဟု ပြောလေ၏ ။

မောင်ဟန် မှာ တစ်နေ့တခြား ပြောင်လက်၍ လာလေ၏ ။ စက္ကူရောင်းရုံကလေးနဲ့ ဤကဲ့သို့ ဝတ်စား နေပါ့မလား ။ ဒီအကောင်ဟာ ဘာများ လုပ်ပါလိမ့်မလဲ စသည်ဖြင့် မရီး ဖြစ်သူ တွေးတောလေ၏ ။ မောင်ဟန် သည်ကား မေးသည့်အခါ ပေါ့ပေါ့ဆဆ တော်ရုံလျော်ရုံ ပြောလေ့ရှိ၏ ။

ထိုကဲ့သို့နေရာ ခြောက်လလောက် ကြာ၍ အသွား နွေဥတုမွန်းလွဲ အချိန် ။ နောက်ဖေးတန်း အိမ်တစ်အိမ်မှ မီးစပြီး လောင်လေ၏ ။

ထိုအခိုက် အိမ်မှာ မရီး တစ်ယောက်သာ ရှိသဖြင့် အဖိုးတန် ပေါ့ပါးသော ပစ္စည်းအနည်းငယ်မျှကိုသာ ယူ၍ ကျောကို ကော့ကာ ဆင်း၍ ပြေးရလေ၏ ။

မောင်ဟန် နှင့် အစ်ကိုဖြစ်သူ ရောက်၍ လာကြသောအခါ အိမ်မှာ ပြာကျပြီး ဖြစ်၍ နေသည်ကို တွေ့ကြရလေ၏ ။

မောင်ဟန်မှာ အားရပါးရ ရယ်မောလေ၏ ။

မရီး ။  ။ “ မင်းက အားရလို့ ရယ်တာပေါ့လေ ”

ဟန် ။  ။ “ မဟုတ်ပါဘူး မရီးရယ် ကျွန်တော် စက္ကူတွေကို မရီးက ကြောက်ပြီး ၊ လောင်တော့ တခြားက ကူးလာပြီး လောင်တဲ့ မီးမို့ တွေးပြီး ရယ်မိတာပါ ”

“ ဒါလည်း အားရလို့ပေါ့ ”

ဟန် ။  ။ “ အားရတယ်လေ လူများမှာဖြင့် စက္ကူ ရမယ် ရှာပြီး အပြောခံရ အဆိုခံရ ။ အခု ဘယ့်နှယ် နေသေးသလဲ ကောင်းတယ် ” ဟု ပြောပြီး လန်ချားနှင့် ထွက်၍ သွားလေ၏ ။

မရီး ဖြစ်သူကား ပြောဆိုရေရွတ်လျက် ကျန်ရစ် ရှာလေ၏ ။ မောင်ဟန် မှာ ပြန်မလာတော့ပေ ။ နောက် တနင်္ဂနွေတစ်ပတ် ကြာသောအခါ ဥရောပတိုက်သား အင်္ဂလိပ်လူမျိုး တစ်ယောက် ၊ တရုတ်လူမျိုး စာရေးကြီးတစ်ယောက် နှင့် အတူ မောင်ဟန် ရောက်လာလေ၏ ။ အစ်ကို နှင့် မရီးတို့၏ တဲကလေး ရှေ့၌ ရပ်လျက် စကားပြောကြလေ၏ ။ တရုပ်စာရေးကြီးက မောင်ဟန်အား “ ခင်ဗျားဟာက မြန်လိုက်တာ ။ လုပ်ပြီးတာ တစ်လမှ မကြာသေးဘူး ။ တခြားက လာတဲ့ မီး မဟုတ်ရင် ခင်ဗျား ရှို့တယ်လို့တောင် စွဲမှာပဲ ။ အခုတော့ ပေးဖို့ ရှိတော့တာပေါ့ ။ သံသယ ကင်းလောက်ပါတယ် ” ဟု ပြောပြီး အင်္ဂလိပ်ဘက်သို့ လှမ်းကာ အင်္ဂလိပ်ကို ပြောလေ၏ ။ ငွေငါးသောင်း မီးအာမခံငွေ ရကြလေ၏ ။

မရီးမှာ အတိုင်းမသိ အံ့သြလျက် ။ ဟဲ့ကောင် နင် ဘယ်တုန်းက လုပ်လိုက်တာလဲ ။

ဟန် ။  ။ ပြောသွားတာ မကြားဘူးလား ။ မရီးတို့ မရှိခိုက်မှာ သူတို့ကို အိမ်ခေါ်ပြပြီး အာမခံ လုပ်လိုက်တယ် ။ အစ်ကို နာမည်နဲ့ပေါ့ ။ အစ်ကို စာတွေ ထားတဲ့ ဗီရိုအံဆွဲကို အသိသားပဲ ။ ဂရန်တွေ ဘာတွေ အကုန် ထုတ်ပြပြီး မခံချင်လို့ တိတ်တိတ် ပေါင်လိုက်တာ မရီး ဆူလွန်းလို့ ”

“ ဘယ်က ငွေရသလဲ ”

“ ကြည့်ချင် လိုက်ခဲ့ကြ ”

သုံးယောက်သား မြို့ထဲကို သွားကြည့်ရာ ဖရေဇာလမ်းရှိ သပ်ရပ် လက်ပြောင်သော အခန်းကလေး တစ်ခုသို့ရောက်ကြလေ၏ ။ ထိုအခန်း ဆိုင်းဘုတ်မှာ ဒေသန္တရ ရုပ်ပုံကားဆိုင် ဟု ရေးထားလေ၏ ။ လှပသော တော တောင် ကမ္ဘာအရပ်ရပ်၌ ရှိသော လှပသော ရှုမျှော်ခင်းများ ။ ဗဟုသုတ ဖြစ်လောက်သော ကားများကို လှပစွာ ဘောင်များ သွင်း၍ ချိတ်ထားသည်ကို တွေ့ရလေ၏ ။ ထိုကားများမှာ အကုန်အစင် သတင်းစာမဂ္ဂဇင်း အဟောင်းများထဲမှ ကတ်ကြေးနှင့် ညှပ်၍ အောက်၌ အင်္ဂလိပ် - မြန်မာ နှစ်ဘာသာ စာတန်းများရှိ၏ ။ ထိုကားများမှာ အရွယ်ရွယ်အစားစားရှိရာ စားပွဲ၌ မှန်ကဲ့သို့ ထောက်တင်ရန် စီမံလုပ်ကိုင်၍ ထားသောရုပ်ပုံအသေးများ ၊ နံရံ၌ ချိတ်ရန် လှပသောဘောင်များနှင့် ကားများဖြစ်ကြရာ ။ ထိုကားများမှာ ကြည့်၍ လှရုံမက ။ ဒေသန္တရဗဟုသုတ အမျိုးမျိုး နှင့် သက်ဆိုင်သော ကားများ ဖြစ်ကြောင်း သိရလေ၏ ။ နောက်ဆုံး၌ မရီး ဖြစ်သူအား တောင်သူမကလေး၏ ကားကို ပြရာ မရီး မှာ အံ့အားသင့်လျက် “ ဒါ ငါ့ကားက ဘောင်ပါကလား ” ဟု ပြောလေ၏ ။

“ ဟုတ်တယ် ။ အဲဒီ ကားဘောင်နဲ့ ဒီအလုပ်ကို စတာပဲ ”

“ ဘယ်လို စသလဲ ”

“ အဲဒီ တောင်သူမကလေး ရုပ်ပုံဟာ ကြည့်ကောင်းတာနဲ့ ။ ဥရောပ တိုင်းသားများ ကြိုက်တဲ့ ကားမျိုးပဲ ၊ သုတလည်း ဖြစ်မယ့် ကားမျိုး ဖြစ်ကြောင်း တွေးမိပါတယ် ။ ဂုဏ်အသရေရှိ အင်္ဂလိပ်အိမ် တစ်အိမ်မှာ ဘောင်တပ်ပြီး သွားရောင်းရင် ဝယ်မှာပဲလို့ ကျွန်တော် စဉ်းစားမိတယ် ။ ဒီဘောင်ဟာလည်း အင်မတန် အဖိုးတန်တဲ့ ကျွန်းအမြစ်ဆုံမို့ အင်္ဂလိပ်လူမျိုးများ ဧကန် သဘောကျမှာပဲလို့ ဒိဋ္ဌ လိုလို ကျွန်တော် သိတာနဲ့ တခြား ကားဘောင်လည်း မရှိသည့်အတွက် မရီးရုပ်ပုံကို ဖြုတ်ပြီး သူ့ရုပ်ပုံကို ထည့်လိုက်တာပဲ ။ အင်္ဂလိပ်ကလပ် တစ်ခုက ၊ ငွေအစိတ် ပေးလိုက်တယ် ။ အခုတော့ ကလပ်ပျက်လို့ လေလံပစ်ရာမှာ ပြန်ပြီး ဆွဲလာခဲ့တယ် ။ ဒီငွေ အစိတ်နဲ့ ကားဘောင်သွင်းတဲ့ အလုပ်ကို စလုပ်ပြီး သတင်းစာမဂ္ဂဇင်းတွေထဲမှာ တွေ့သမျှ ကြည့်ကောင်းတဲ့ ဗဟုသုတတွေကို ဘောင်သွင်းပြီး တစ်အိမ်တက်ဆင်း ရောင်းရာက အဲဒီဆိုင် ဖြစ်လာတာပဲ ။ မရီး ကားဘောင်ရဲ့ ကျေးဇူးပါ ။ မရီးကားဘောင် အစား လုပ်ပေးရတာ ၊ သုံးမတ် ကျတယ် ”

“ မအေ့လင် ။ နင် အင်မတန် ပါးတယ် ၊ ငါ့ဘောင် ပြန်ပေး ”

“ ယူပါ မရီးရယ် အခုတော့ အရေးမကြီးပါဘူး ။ ဒီတောင်သူမပါ လက်ဆောင် ပေးလိုက်ပါတယ် ။ ဒါထက် ဘယ်မှာ ချိတ်မလဲ ၊ သူ့ဘာသာ နေပါစေဦး ၊ အိမ်ဆောက်ပါဦး မရီးရယ် ”

▢  ပီမိုးနင်း
📖 ဆယ်သန်း မဂ္ဂဇင်း
      ဇွန် ၊ ၁၉၃၅

No comments:

Post a Comment