Monday, January 26, 2026

နာနာရူပ


 

❝ နာနာရူပ ❞
( နေဝင်းမြင့် )

၁ ။

၁၉ ရာစု ရုရှားဝတ္ထုကြီးတွေ ထဲမှာ ဇာတ်လမ်းစ ဖွင့်သလို ဖွင့်ရတော့မှာပဲ ။

အဲဒီနေ့က ထမင်းကျွေး တစ်ခု ကျုပ်တို့ လိုက်စားကြတယ် ။ ထမင်းကျွေးဆိုတာ ကျုပ်တို့ကို ဖိတ်ပြီး ထမင်းကျွေးတာကို ပြောတာ ။ ဆွမ်းကျွေးလို ၊ အလှူအတန်းလို ၊ မင်္ဂလာဆောင်လိုတွေမှာ လူမှုရေးအရ ဖိတ် ကျွေးတာတွေ ရှိသလို စီးပွားရေးလုပ်ငန်းရှင်က ၊ ကုမ္ပဏီတွေ ၊ ပြပွဲတွေက စသဖြင့် Business နဲ့ ပတ်သက်လို့ ဖိတ်တာလည်း ရှိတယ် ။

အဲသလို မဟုတ်ဘဲ ထမင်းကို ကျွေးချင်လွန်းလို့ ဖိတ်ပါရစေ ဆိုပြီး ( အကြောင်း မည်မည်ရရ မရှိပါလျက်နဲ့  ) လူစုကျွေးတာ မွေးတာများလည်း ရှိတယ် ။

ကျုပ်တို့ကို ဖိတ်တယ်ဆိုလို့ ဘယ့်နှယ်မှလည်း မထင်နဲ့  ။ ကျုပ်တို့က စာရေးဆရာတွေ ။ စာရေးပြီး ထမင်းစားကြတဲ့ လူတွေ ၊ ကျုပ်တို့ ရေးကြတဲ့ စာတွေလည်း ချစ်လို့  ၊ လူတွေကိုလည်း ချစ်လို့ တကန်တက ခေါ်ပြီး ကျွေးတာလည်း ရှိတယ် ။ ကျုပ်တို့လည်း စားရချေသေးရဲ့ မဟုတ်ပါဘူး ၊ အိမ်ထဲမှာ တကုပ်ကုပ် ရေးနေရတာ များတော့ အပြင် လေကလေး ရှူချင်တာရော ၊ အချင်းချင်း ဆုံဖြစ် ကြတာရော ၊ သတင်းပလင်းကလေး ကြားချင်နာချင်တာရော ဆိုတော့ ဒီလိုမှ ဖိတ်ရင် လိုက်ဖြစ်ကြတယ် ။ တွေ့ကြတော့လည်း ပျော်ပျော်ပါးပါးပေါ့ ။ ပြောကြဆိုကြပေါ့ ။ စားကြသောက်ကြပေါ့ ။ အရက်ကလေး ဘာလေး ပါလာတော့ ကိုယ့်လူမျိုး ဘာသာစကားနဲ့တင် မလုံလောက်တော့ဘူးထင်ပြီး အင်္ဂလိပ်လိုတွေ ဘာတွေ ပါကုန်ရော ။ ကျယ်ကျယ် ကျယ်ကျယ် ပြောတတ်သူ ပါသလို လ က်ကလေး ကာကာ ပြောတတ်သူလည်း ပါသပေါ့ ။ စိတ်ကို လွှတ်ထား သူတွေ ပါသလို နောက်ဆံငင်ကြသူတွေလည်း ပါသပေါ့ ။ အသားငါး စားသူတွေ ပါသလို သက်သက်လွတ် စားသူတွေလည်း ပါသပေါ့ ။ အရက် ကြိုက်သူတွေ ပါသလို သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံတွေလည်း ပါသပေါ့ ။ ထားပါတော့ ၊ ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေကိုး စကားလက်စ မကုန်နိုင်ဘူး ။ နည်းနည်းလေး မူးလာတော့ သဘင် ၊ ဂီတ ၊ သုခုမ အလုပ်ဖြစ်တဲ့ ကခြင်း ၊ သီခြင်းတွေ ပါလာရော ပြောပါတော့ ။

အဲဒီနေ့က အချိန်ကလေး နည်းနည်းနှောင်းတော့ ထမင်းစားပွဲကိစ္စ ပြီးကရော ။ ဒီမှာတင် တစ်ယောက်က အဆိုတင်တယ် ။

“ ဒီလို ကျွန်တော်တို့ လူစုံဖို့ ဆိုတာ မလွယ်ဘူး ။ ဆုံတုန်းဆုံခိုက် တစ်နေရာရာ သွားကြရအောင်ဗျာ ။ အိမ်ရှေ့မင်း ထန်းတော သွားသွား ၊ တောင်သမန် သွားသွား တစ်ခုခုပေါ့ ။ ကားတွေလည်း ပါသားပဲ ။ ဆိုင်ကယ်တွေလည်း ရှိတယ် ”

လုပ်ကရော ။ အိမ်ရှေ့မင်း ထန်းတောတဲ့ ။ တောင်သမန်တဲ့ ။ တကယ်ဆိုရင် ပြဿနာက ဒါ မဟုတ်ဘူး ။ ရွေးချယ်ရမှာက ဒါ မဟုတ်ဘူး ။ ဘယ့်နှယ် အခု ထမင်းစားပြီးတယ် ။ အခုပဲ သောက်ကြလို့ ပြီးတယ် ။ ဘယ်သွားစရာ လိုမှာတုန်း ။ အိမ်ပြန်ရုံပေါ့ ။ သူ့ကိစ္စ ၊ ကိုယ့်ကိစ္စ ရှိကြသူ တွေချည်း မဟုတ်လား ။ အိမ်မှာ ကိုယ်ရှိမှ ဖြစ်မယ် မဟုတ်လား ။ ဒီက နေ့အတွက် ဒါ တော်လောက်ပြီ မဟုတ်လား ။ မဟုတ်ဘူး  ။ ကျုပ်တို့က အဲဒါ မစဉ်းစားကြဘူး ။ အိမ်ရှေ့မင်းထန်းတော လား ၊ တောင်သမန် လား ဆိုတဲ့ နှစ်ချက် အပေါ်မှာ စဉ်းစားကြတယ် ။ မဲခွဲတော့ အိမ်ရှေ့မင်းထန်းတော ၉၇.၁၃ ရာခိုင်နှုန်းနဲ့ နိုင်တယ် ။ ကားနဲ့ လူ တွက်လိုက်တော့ ကိုကျော်စွာထက် ရဲ့ ကားပါတယ် ။ မနည်းဘူး ။ ကိုညီပုလေး မှာ ပါတယ် ။ ကိုဖူလုံ မှာ ပါတယ် ။ ဒေါက်တာစောလှခိုင် မှာ ပါတယ် ။ ရှေ့နေကြီး ဦးထွန်းအောင်ကျော် မှာ ပါတယ် ။ မန္တလေးသောက်ရေသန့် ကိုမောင်မောင်မြင့် ကို ဖုန်းဆက်ရင် သူ့ကားလည်း ပါနိုင်သေးယ်ပေါ့လေ ။ ချက်ချင်းပါပဲ ၊ တစ်ယောက်က လက်ကိုင်ဖုန်းနဲ့ ဆက်လိုက်တယ် ။

ဒီလိုနဲ့ အဲဒီနေ့ မွန်းလွဲလောက်မှာ ကျုပ်တို့ အိမ်ရှေ့မင်းထန်းတောထဲ ရောက်ပြီ ။ ထန်းတောရွာက လူတွေကလည်း ဒီလူတွေကို သိနေကြတော့ နတ်ကွန်းစင်ရှေ့နားက ကွက်လပ်ကလေးမှာ ဖျာတွေ ခင်းပေးကြတယ် ။ ထန်းရည်အိုးတွေ ရောက်လာတယ် ။ ကိုညိုထွန်းလူ က ဘယ်အချိန် စီစဉ် လိုက်သလဲ မပြောတတ်ဘူး ။ ကြက်သားရေချိုချက် အိုးကြီး ရောက်လာတယ် ။ မြေကြီးထဲ ဝက်သစ်ချသားအရက်စည်ကြီးနဲ့ ဆယ့်နှစ်နှစ် လောက်လှောင်ထားတဲ့ စကော့တလန်ဝီစကီ သောက်ခဲ့ကြတဲ့ လူတွေကလည်း အိမ်ရှေ့မင်းထန်းရည်ကျတော့လည်း မက်ရေစက်ရေ ရှိချက်တော့ ။ နည်းနည်းလေး ဟိုစကား ဒီစကား ပြောကြလို့ ပြီးတော့ ဥတ္တရ လွင်ပြင်ကိုသန်းဌေးကြီး က စကား စရော ။ ထုံးစံအတိုင်း ခပ်တိုးတိုး ဘယ်ဟုတ်လိမ့်မလဲ ။ ပါးစုန့်ကြီးကလည်း နီတွတ်လို့ ။ ဒီလူက စကားကို အားပါးတရ ပြောသလောက် မျက်နှာက ပြုံးထားတတ်တဲ့ လူကိုး ။ သူ့ကို ချစ်ကြတယ် ။

“ ထူးဆန်းတာက တစ်ခုဗျ ။ ကျုပ် အဲဒါကို ပြောဖို့ ချောင်းနေတာ ။ ပြောရင်လည်း ယုံကြည်မှာ မဟုတ်လို့ ချင့်ချိန်နေတာ ”

ဆိုတော့ တစ်ယောက်က “  မယုံဘူး ” တဲ့ လုပ်ကရော ။ ကိုသန်းဌေး မျက်နှာကြီးက ပိုနီသွားတယ် ။ ဘာတောင် မပြောရသေးဘူး ။ မယုံဘူးဆိုတော့ ထအော်ရော ။

“ နေပါဦး ၊ ကျုပ် ပြောပါဦးမယ် ။ ပြီးမှ ယုံတယ် ၊ မယုံတယ် ပြောကြပါ ၊ ခင်ဗျားတို့ ကလည်းဗျာ ၊ ကျုပ် Seriously ပြောနေတာ ။ ကျုပ်ကိုယ်တွေ့ ပြောမှာ ၊ ဘယ်စာအုပ်ထဲကမှ မဟုတ်ဘူး ”

ဒီလို ပြောလိုက်တော့ အားလုံး ငြိမ်သွားကြတယ် ။ ကိုယ်တိုင် တွေ့ခဲ့တ ယ်တဲ့ ။ သူတောင် မယုံနိုင်စရာကောင်းတဲ့ ကိစ္စပဲ ။ Seriously ပြောနေ တာတဲ့ ။ ဒီမှာတင် ကိုသန်းဌေး က စ ပြောရော ။

••••• ••••• •••••

၂ ။

မြူအိုးထဲက ထန်းရည်တစ်ခွက် စွပ်ခနဲ သောက်လိုက်ပြီး ချောင်းတစ်ချက် ဟန့်တယ် ။ ပြီးမှ သူ့စကား ဆက်တယ် ။

“ ဒီလိုဗျ ၊ တစ်မနက်မှာ ကျုပ်အိမ်ရှေ့မှာ စာအုပ်တွေ စခင်းတယ် ။ မနက်တော့ တော်တော် စောသေးတယ် ။ ငါးနာရီခွဲလောက် အိမ်ရှေ့ရေဖျန်းပြီး အမှိုက်လှည်း ၊ ငှက်မကြီးက တစ်ကောင်ပေါ့ဗျာ ။ ငှက်ပေါက်ကလေးတွေက သုံးကောင် ။ ဒီငှက် ကျုပ် မမြင်ဖူးဘူး ။ ငှက်မကြီးရဲ့ အရောင်တော့ ကျု ပ်မှတ်ထားလိုက်တယ် ။ အမောက်က ဘာအရောင် ၊ လည်ရစ်က ဘာအရောင် ၊ ကိုယ်လုံးက ဘာအရောင်ပေါ့ဗျာ ”

အုန်းမှုတ်ခွက်နဲ့ ထန်းရည်တစ်ခွက် ခပ်တယ် ၊ သောက်တယ် ။ ကျုပ်တို့ကို လိုက်ကြည့်တယ် ။ ကျုပ်တို့ ကလည်း ဒီအထိတော့ ဘယ့်နှယ်မှ မ နေကြပေါင် ။ ဘာထူးဆန်းတာမှ မပါသေးဘူး ။ မယုံလောက်စရာလည်း မပါသေးဘူး ။ ဒါပေမဲ့ အားလုံးက နားထောင်နေကြတာပါပဲ ။

“ လိုရင်းလုပ်ဗျာ .. ”

တစ်ယောက်က ထအော်လိုက်သေးတာ ။ ကိုသန်းဌေး ကတော့ ဆင်းပါတော့ဗျို့လို့ အအော် ခံရတဲ့ အဆိုတော်လိုပဲ ဘယ့်နှယ်မှ မနေဘူး ။ ပြောစရာရှိတာ ဆက်ပြောတယ် ။ ကျယ်ကျယ် ။

“ နောက် ကျုပ်က ဒီအရောင်တွေနဲ့ ငှက်အင်ဆိုက်ကလိုပီးဒီးယား မှာ ရှာတော့ ထန်းစေ့မှုတ် ငှက်တဲ့ ဗျ ။ အင်္ဂလိပ်လိုက ဂရက်ဘီ တဲ့ ။ ဂျီအာရ် အီးဘီအီး ၊ အမေရိကား မိန်းပြည်နယ်ဘက်က ငှက်တဲ့  ”

ဒီတော့မှ ကျုပ်တို့လည်း မျက်လုံးတွေ ပြူးကြရတော့တယ် ။ မြောက်အမေရိကတိုက် က ငှက်သားအမိဟာ ဘယ်လိုလုပ်ပြီး အာရှတိုက် မန္တလေးမြို့ ၈၃ လမ်း နဲ့ ၃၃ လမ်းထောင့်ကို ရောက်လာရသလဲပေါ့လေ ။ အင်ဆိုက်ကလိုပီးဒီးယား ဆိုတော့ မယုံလို့လည်း မဖြစ်ဘူး ။

“ မိုက်ဂေရေးထရီးဘာ့ဒ်ပေါ့ဗျာ ”

တစ်ယောက်က ဆောင်းခိုငှက် ၊ နယ်ကျွံငှက် ဆိုတဲ့ သဘောနဲ့ မှတ်ချ က်ပြုတယ် ။ ဒန်အိုးမည်းမည်း ထဲက နယ်ကျွံကြက်သားဖတ် ရှာရင်း အော်လိုက်တာပါ ။ ကိုသန်းဌေးက ဆက်ပြောတယ် ။

“ နေကြပါဦးဗျာ ခင်ဗျားတို့ ကလည်း ။ ဒါနဲ့ ကျုပ်ကလည်း တံမြက်စည်းကလေး ဓာတ်တိုင် မှီပြီး ရပ်ကြည့်နေတယ် ။ လမ်းသွားလမ်းလာတွေ မရှိသေးဘူး ။ ကျုပ်နဲ့ ငှက်သားအမိပဲ ရှိတာ ။ အနားမှာ အသိုက်ပြုတ်ကျနေတဲ့ စာသိုက်ရှိတယ် ။ ငှက်မွေးတွေနဲ့ မြက်ခြောက်တွေ ရောနေတဲ့ စာပုတီးသိုက်ဗျ ”

“ ဒါလည်း အင်ဆိုက်ကလိုပီးဒီးယားထဲ ကြည့်ပြောတာလား ”

“ နေဦး ၊ ပြီးမှ ပြောလက်စသတ်တော့ ၊ ငှက်မကြီးက သူ့သားကလေးတွေ ဘာကျွေးနေတယ် မှတ်သလဲ ။ ကိုင်း ... ခင်ဗျားတို့ ဘာထင်သလဲ ”

ကိုသန်းဌေးက စကားဖြတ်ပြီး ပြုံးပြုံးကြီး မေးနေပြီ ။ ငှက်မကြီးက ငှက်သားသမီးတွေ ကျွေးနေတာ ၊ ခွံ့နေတာ ဘာဖြစ်နိုင်သလဲ ။

“ ကိုယ် ကြိုက်တာ ကိုယ် ပြောရရင် ပဲပလာတာပဲ နေမှာ ပဲ ”

ကိုငြိမ်းက ထဖောက်သည် ။ ဒီတော့ ဝိုင်းပြောကြရော ။

“ အမ်ဒိုးနတ် ”

“ ပေါက်စီ ”

ဆရာ ညီစေမင်းက ထဟန့်တယ် ။ တိတ်ကြပါ တိတ်ကြပါပေါ့လေ ။ တိတ်သွားတာပါပဲ ။ ရုရှားလွှတ်တော်လိုပေါ့ ။ ကိုသန်းဌေး ကတော့ ပြုံးပြုံးကြီး ဆက်ပြောတယ် ၊ ခပ်တိုးတိုး ။

“ ငှက်မွေးတွေ ခွံ့နေတာဗျ ။ အနားမှာ ကျနေတဲ့ စာပုတီးသိုက် ထဲက ငှက်မွေးအဟောင်းတွေကို မအေကြီးက တစ်ပင်စီ ကောက်ကောက်ပြီး ငှက်ကလေးတွေရဲ့ ပါးစပ်ပေါက်တွေထဲ ခွံ့နေတာ ။ ငှက်ကလေးတွေကလည်း ကျေကျေနပ်နပ်ကြီး စားလိုက်ကြစမ်းဆိုဗျာ ။ ငှက်မွေးစားတဲ့ ငှက် တွေလေ ။ ကိုင်း - ခင်ဗျားတို့ တွေ့ဖူးကြသေးသလား ”

ဟုတ်တော့လည်း ဟုတ်ပါရဲ့ ။ ငှက်မွေးစား ငှက်လို့တော့ ကျုပ်အသက်လည်း ငါးဆယ် ပြည့်တော့မယ် ။ မကြားဖူးသေးဘူး ။ ကျန်တဲ့ စာရေးဆရာတွေ ကလည်း ငြိမ်နေကြတယ် ။ မထူးဆန်း သလိုနဲ့ ထူးဆန်းတာတော့ အမှန်ပဲ ။ ဒီမှာတင် တစ်ယောက်က “ ထူးဆန်းပါပေ့ဗျာ ” လို့ အော်တယ် ။ အားလုံး ငြိမ်သွားကြတယ် ။ ဒီမှာတင် ပင်လယ်ကမ်းရိုးတန်းဘက်က လာတဲ့ ကိုစိုးဘားဒိုင် က လှုပ်လာတယ် ။

“ ကျွန်တော်တို့ ပင်လယ်ဘက် မှာလည်း ထူးဆန်းတာ ရှိတာပဲ ”

••••• ••••• ••••• 

၃ ။

ကျုပ်တို့ အားလုံးက ကိုစိုးဘားဒိုင် ဘက် လှည့်ကြရရော ။ ထန်းတောထဲ ပြေးဝင်လာတဲ့ လေက ထန်းနံ့တွေ မွှေးနေလေရဲ့ ။ ပဲလှော်ဝါးသံတ တောက်တောက်နဲ့ စကားဝိုင်းပေါ့လေ ။ အကြောင်းအရာက မထင်မှတ် ဘဲ အဲဒီဘက် ရောက်သွားပြီ ။ ကျုပ်တို့ တစ်ယောက်စီကလည်း ကိုယ်စီ ကိုယ်စီ ထူးဆန်းတာလေးတွေ ပြောကြဖို့ တွေးနေကြတာလည်း ဖြစ်နိုင် တယ် ။ ကိုစိုးဘားဒိုင် က သူ့မျက်မှန်ကို ပင့်တယ် ။

“ ကျွန်တော်တို့ ပင်လယ်ဘက်မှာ ငတငါ ( ငါးတံငါ ) ဆိုတဲ့ ငါးတစ်မျိုး ရှိတယ်ဗျ ။ နိုင်ငံခြားသားတွေ ကတော့ Anglerfish ခေါ်ကြတယ် ။ ငါးငါး ချင်း မျှားစားတဲ့ ငါး ဆိုပါတော့ဗျာ ။ ကိုသန်းဌေးပြောတဲ့ ငှက်မွေးစားတဲ့ ငှက်လိုပဲ ငါးစားတဲ့ ငါး ဆိုပါတော့ ”

ဒီမှာတင် စကားဝိုင်းဟာ လှုပ်သွားတယ် ။ ငါးပေါက် ငါးသန်ကလေးတွေကို ငါးကြီးတွေက စားတာ ဘာထူးဆန်းလို့လဲ ။ ဒီကိစ္စများ ပင်လယ်ကမ်းရိုးတန်းနဲ့ ချီပြီး ပြောနေရသလား ။ မြစ်ထဲ ချောင်းထဲ အင်းထဲ အိုင်ထဲက ငါးတချို့လည်း ငါးနုပ်ပေါက်တွေ စားကြတာပဲ ။ သားစားငါးခူ ဆိုတာတောင် ရှိသေးမဟုတ်လား ။

“ ဒါ မထူးဆန်းပါဘူး ” တစ်ယောက်က ထချဲတယ် ။ ကိုသန်းဌေး ငှက် ကိုတောင် ထူးထူးဆန်းဆန်း စာရင်းထဲ ထည့်သင့် မထည့်သင့် စဉ်းစား နေကြရတဲ့ ကြား တစ်ယောက်က လာပြန်ပြီပေါ့လေ ။ ပခုက္ကူ မှ မပေါင်းတတ်ရတဲ့ ကြားထဲ အာလကပ္ပက တစ်မှောင့် ဆိုတာမျိုး ။

“ နေပါဦး ဆရာတို့ရာ ၊ ပြောတာများ နားထာင်ကြပါဦး ။ ငါးကို ငါး စားတာ ပြောချင်တာ မဟုတ်ဘူးဗျ ။ အဲဒီ ငတငါငါးက ခေါင်းမှာ ငါးမျှားကြိုး တစ်ချောင်း ပေါက်နေတာခင်ဗျ ။ အရှည်ကြီး ။ ထိပ်က လန်းလန်းလန်းလန်းနဲ့ ။ ဒီငါးက ပင်လယ်နက်ထဲက ကျင်းကြီးတွေ ထဲမှာ နေ တာ ။ အဲဒီ ငါးမျှားကြိုးက အနား ဖြတ်လာတဲ့ ငါးတွေကို မူးအောင် မွှေ့ပ စ်တယ် ။ မူးပြီဆိုတော့မှ သွားကြီးတွေ ဖြဲထားတဲ့ ပါးစပ်ထဲ မျိုချကြတာ ။ ဒီငါးမျှားကြိုး ထိပ်မှာ အဆိပ်ပါတာကိုး ။ ပိုက်တွေထဲ ဒီငါး ပါလာရင် ချက်ချင်း ဖယ်ပစ်ရတာ ၊ အဆိပ်ပြင်းလို့  ”

ကိုစိုးဘားဒိုင် က ကိုယ့်နာမည်ကိုယ် အလုပ်ခေါ် သင်ပုန်းပေါ်မှာ ရှာနေတဲ့ သင်္ဘောသားသစ်လို လူတွေကို လိုက်ဖတ်နေတယ် ။ ထန်းရည်ဝိုင်းက ငြိမ်နေပြန်ပြီ ။ ခေါင်းပေါ်မှာ ငါးမျှားကြိုး ပါတဲ့ ငါး ငတငါ ။ ငါးကလေးတွေကို မွှေနှောက်ပစ်ပြီးမှ မျိုချတာတဲ့ ။ ဒါထူးဆန်းတာပေါ့ ။ သတ္တလောက ကြီးဟာ ဆန်းကြယ်လှချေလား ။ သဘာဝတရားဟာ အံ့ဖွယ် ပါလား ။ ကျုပ်တို့ မသိတာတွေ လောကထဲ အများကြီး ကျန်ပါသေးသကော ။ ဒီမှာတင် သိပ္ပံ၀တ္ထုတွေ ရေးနေတဲ့ ကိုကျော်စွာထက် က လှုပ်လာတယ် ။ ဒီဆရာက တွေ့ရခဲတယ် ။ ဆေးခန်း ပစ်ထားပြီး တစ်ညနေ လွတ်လပ်ရေးရနေခိုက် ပြောစရာရှိတာတော့ ပြောကိုပြောမယ် ဆိုတဲ့ ပုံ ။ သူ ကတော့ ညင်ညင်သာသာပါပဲ ။

“ ကျွန်တော် တွေ့ဖူးတာတော့ မဟုတ်ဘူးဗျ ။ ကျွန်တော့်ဇာတ်ကောင်က ဝက်ဝံ ။ ဩစတြေးလျတိုက်ဟာ ဒီဝက်ဝံတွေရဲ့ အိုရီဂျင် ။ ဒီဝက်ဝံကို ကိုအာလာ လို့ ခေါ်ကြတယ် ”

ကိုကျော်စွာထက် က စကားခဏရပ်တယ် ။

••••• ••••• ••••• 

၄ ။

စာရေးဆရာတွေက ဒီမှာတင် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြတယ် ။ မတွေ့ဖူးတာကို ပြောကြေးလား ။ ဒီလိုဆိုရင် တို့လည်း ဖတ်ထားတာ ပြောမှာပေါ့ ။ ကိုယ်တွေ့များ ပြောကြေးလားလို့ ။ နေပါဦး ၊ ဖတ်ထားတာ ပြောကြေး ဆိုရင်ကော ဘာပြောရမလဲ ။ တစ်ယောက်က ငှက်ကို ပြောပြီ ။ တစ်ယောက်က ငါးကို ပြောပြီ ။ အခုတစ်ယောက်က ဝက်ဝံတဲ့ ။ ကိုအာလာ ဝက်ဝံတဲ့ ။

“ နေကြပါဦး ၊ ပြောပါစေဗျ ။ ဝက်ဝံကြီး အိမ်ရှေ့ဆေးခန်းရှေ့ တွေ့တယ်လုပ်လို့ ဘယ်ရပါ့မလဲဗျ ။ ဘယ်လို Reasonable ဖြစ်ပါ့မလဲ ။ ပြီး တော့ ခင်ဗျားတို့ ဘယ်လိုလုပ်ပြီး ငြင်းလို့ရမှာတုန်း ။ နဂိုက စည်းကမ်းချက် မရှိဘဲနဲ့ ကိုယ်တွေ့ ပြောကြေးလို့ ဘယ်သူက ပြောထားလို့တုန်း ”

ကိုညီပုလေး က ဝင်ဖျန်ဖြေတယ် ။ ဟုတ်သားပဲ ။ မူလစည်းကမ်းချက် မရှိပါဘဲနဲ့ ထကန့်ကွက်လို့ ဘယ်ရပါ့မလဲ ။ ဒီမှာတင် ကိုကျော်စွာထက် ပြောစေပေါ့လေ ။ ဒီတော့မှ ကိုကျော်စွာထက် လည်း အလုံးကြီး ကျသွား ပုံနဲ့ ဆက်ပြောတယ် ပြောပါတော့ ။

“ ဒီအကောင်တွေကို The oddest of the beasts လို့တောင် ခေါ်ကြတယ် ။ အင်မတန် ထူးဆန်းတဲ့ သတ္တဝါကြီးတွေပေါ့ဗျာ ။ ဒီသတ္တဝါတွေ က ရေမသောက်ကြဘူး ။ ဘယ်သတ္တဝါ မဆို အစာ တစ်ခုခု စားပြီးရင် ရေ လိုကြတာချည်းပဲ မဟုတ်လားဗျ ။ အစာအတွက် ရေက Supplement လေ ။ ဒီ ဝက်ဝံတွေက ရေမသောက်ကြဘူး ။ တစ်သက်လုံး မသောက်ကြဘူး ”

“ ဒါ မဖြစ်နိုင်ဘူး ”

ရှေ့နေကြီး ကန့်ကွက်တယ် ။ တစ်သက်လုံး ရေမသောက်ဘူး ဆိုတာတော့ လွန်ပါ့ မောင်ရာ ဆိုတဲ့ ပုံနဲ့ တရားရုံးမှာ ကန့်ကွက်တဲ့ လေသံနဲ့ ကန့်ကွက်လိုက်တာ ၊ ရှေ့နေ ကန့်ကွက်တာများတော့ ရိုးနေပြီဆိုတဲ့ ပုံနဲ့ ပြုံးတယ် ။ အားလုံးကလည်း ဒီမေးခွန်းကိုပဲ မေးချင်နေကြတာ မဟုတ်လား ။ ရှေ့နေကြီးက မေးလိုက်တော့ အဖြေ စောင့်နေကြတယ် ။ ကိုကျော်စွာထက် ကလည်း အဖြေ ရှိပါတယ် ။ ဖြေတယ် ။

“ ဒီဝက်ဝံတွေရဲ့ ထူးဆန်းမှုက ဒါပဲဗျ ။ သစ်ရွက်တွေထဲမှာ ပါတဲ့ ရေ ငွေ့ဓာတ်လောက်နဲ့ တင်းတိမ်နိုင်ကြတယ် ။ သစ်ရွက်နည်းနည်းပါးပါး စားလိုက်လို့ ရတဲ့ ရေငွေ့လောက်နဲ့ အာသာပြေ ကြတယ် ။ သူတို့ ဘဝမှာ ရေရယ်လို့ ရှာသောက်တာ မရှိကြဘူး ”

ဒီတော့မှ ကျေနပ်သွားကြပုံနဲ့ ဝေးခနဲအော်ကြတယ် ။ ဒါဖြစ်နိုင်တယ်လို့ လက်ခံကြတယ် ။ ရှေ့နေကြီးကလည်း သူ့ကန့်ကွက်ချက်ကို ရုပ်သိမ်း တယ် ။ ဆရာ ညီစေမင်း ၊ ကိုညီပုလေး နဲ့ ကိုကျော်စွာထက် က အရက် နဲ့ ထန်းရည် မသောက်ကြသူတွေဆိုတော့ ပဲလှော်ကိုချည်း ဝါးကြတယ် ။

ကျန်တဲ့ လူတွေက ထန်းရည် ထပ်မှာကြတယ် ။ ထူးဆန်းသော စကားဝို င်း ဆိုပါတော့ ။ ညနေတောင် စောင်းနေပါပြီ ။ ဘယ်သူမှ မထနိုင်ကြ သေးဘူး ။

“ ကျုပ်တို့ အောင်ပင်လယ်မြို့သစ် တည်တော့ အင်းဟောင်းကြီး တစ်ခု ထဲမှာ ထူးဆန်းတဲ့ ငါး တစ်မျိုး သွားတော့တယ် ။ ကျုပ် ကိုယ်တွေ့ ၊ ကျုပ် ကိုယ်တွေ့ ... ”

အောင်ပင်လယ်မြို့သစ်သား ကဗျာဆရာ ၊ ၀တ္ထုတိုဆရာ ကျုပ်တို့ လူ ကိုငြိမ်း ( မန္တလေး ) က သူ့ရဲ့ ခရက်တုန်း ( Crack Tone ) နဲ့ စကားစလိုက်တော့ ကိုငြိမ်း ကတော့ Ultra Modern ၀တ္ထု တစ်ပုဒ်တော့ စပြန်ပြီ ဆိုပြီး ပြုံးကြတယ် ။ လုပ်ပြန်ပြီပေါ့လေ ။

••••• ••••• •••••

၅ ။

ကိုငြိမ်း ( မန္တလေး ) ကတော့ မယုံတာ မောင်ရင်တို့ အလုပ် ၊ မယုံလောက်အောင် ယုံအောင်ပြောဖို့က ကိုယ့်အလုပ် ဆိုတဲ့ ပုံစံနဲ့ မုတ်ဆိတ်ကို သပ်တယ် ။ ခေါင်းပေါ်က ကောင်းဘွိုင်ဦးထုပ်ကို ချွတ်တယ် ။ ထန်းရည် တစ်ခွက် မက်မက်စက်စက် ချလိုက်သေးတာ ။ လေချဉ်ကြီးတစ်ချက် ဂေ့ခနဲ ထိုးပြီးမှ သူ့ ရော်ဘင်ဟုဒ် စက်ဘီးအို တရုတ်တန်းရှေ့ ပျောက်သွားသလို လူတွေကို လိုက်ကြည့်တယ် ။ စရတော့မလားပေါ့လေ ။

“ ပြောမှာသာ ပြောပါဗျာ ၊ ကျွန်တော်တို့ မပြောနဲ့ ဆိုလည်း ကိုငြိမ်း က ပြောမှာပဲဟာ ”

တစ်ယောက်က ပြောလိုက်တော့မှ တဟဲဟဲ ရယ်တယ် ။

“ အခု ကိုငြိမ်း ပြောမှာက မူးလို့ မဟုတ်ဘူးနော် ။ ကိုငြိမ်းက မူးတယ် ဆိုတာ မရှိဘူး ။ ကိုငြိမ်းက အရက်ကို သောက်တာ မဟုတ်ဘူး ။ အရက်က ကိုငြိမ်းကို သောက်နေတာ ။ ကိုငြိမ်း မမူးဘူး ဆိုတာကို မူးလို့ ပြောတာ ထင်ပြီး မောင်ရင်တို့ မူးနေမှာ စိုးလို့ ပြောနေတာ ”

“ မူးတယ်ဗျို့ ”

“ အခုက ဘာလဲ ၊ ငှက်တွေ ၊ ငါးတွေပြီးလို့ ကိုငြိမ်း သူ့အကြောင်းသူ ပြောနေတာလား ”

“ ဝတ္ထုရေးမယ့်ဟာတွေ မပြောကြေး ”

“ စပါတော့ဗျို့ ”

တစ်ယောက်တစ်ပေါက် ဝိုင်းအော်တော့မှ ကိုငြိမ်း က သူ့ရဲ့ ထူးဆန်းထွေလာ ပြည်မြည်မာကို စပြောလေရဲ့ ။ သူ့ဂျာကင်ကော်လာကြီးကို ထောင်တယ် ။ အိတ်ထဲက ကွမ်းတစ်ယာ နှိုက်ပြီး ပါးစောင်ထဲ ထည့်တယ် ။

“ ဒီလို ၊ ကိုငြိမ်း ... အောင်ပင်လယ်ကို ခပ်စောစောကတည်းက ရော က်တာ ။ တစ်ထောင့်ကိုးရာ ... အဲ ... ထားပါတော့ ၊ အဲဒီနှစ် ရောက်တာ ဆိုတော့ အဲ .. ”

“ တိတိကျကျပြောပါ သိပ္ပံနည်းကျပြောပါဗျို့ ”

“ ရှက်ဖွယ် ... ရှက်ဖွယ် ”

စာရေးဆရာတွေက ထအော်ကြတယ် ။ ကိုငြိမ်း ကတော့ သူ့ ထုံးစံအတိုင်း ပြုံးပြုံးကြီး ။

“ နေပါဦး ၊ မောင်ရင်တို့က သမိုင်းဘာသာ ဖြေကြမှာ မို့လား ။ ခုနှစ်သက္ကရာဇ်တွေ မလိုပါဘူး ။ မသေချာခြင်းကိုက ကိုငြိမ်းရဲ့ သေချာခြင်းပဲ ။ မောင်ရင်တို့ အေးအေးဆေးဆေး နားထောင်ဖို့ပဲ လိုတယ် ။ ကိုယ့်ရဲ့ မြင့်မြတ်ခြင်းကို ကိုယ့်လက်နဲ့ မဖဲ့ကြပါနဲ့ ”

အားလုံးတိတ်သွားကြတယ် ။ ပွစိ ပွစိ ဆိုရင် မြင့်မြတ်ခြင်းကို ဖဲ့ရာကျတော့မှာကိုး ။

“ ဒီလို ၊ အောင်ပင်လယ် ဆိုတာက တကယ် တောအစစ် ကဲ့သို့ လယ်တော ၊ လယ်တောဖြစ်လို့မို့ မဟုတ်လား ၊ ထူးဆန်းတဲ့ သတ္တဝါတွေကို ရှိကောင်း ရှိမှာ ပေါ့ ။ တစ်ရက် ကိုငြိမ်း အင်းဟောင်းကြီးနား ရောက်သွားတယ် ။ သွား ခံစားတာ ။ ဂျပန်ဟိုက္ကူဆရာ ဗသျှိုး လိုပေါ့ ”

“ ကောက်ရိုးပါပဲကွာ ”

ကိုညိုထွန်းလူ က ညည်းတယ် ။ ဘယ်လို သတ္တဝါကြီး ထွက်လာမယ်သာ မသိရသေးတာ ။ စကားချီနေတာက လိုရင်း မရောက်သေးဘဲကိုး ။

“ အဲဒီမှာ ထူးဆန်းတဲ့ ငါးလိုလို သတ္တဝါတစ်ကောင် တွေ့တယ် ။ ငါး မဟုတ်ဘူးနော် ။ မောင်ရင်တို့ မျက်စိထဲ ငါးတွေ မြင်နေကြမှာ စိုးလို့ ပြောတာ ။ ငါးလိုလို သတ္တဝါ ၊ သေသေချာချာ ကြည့်တော့မှ အကောင် နှစ်ကောင်ပူးနေတာ ။ ခွာထုတ်လို့ မရအောင် အသားချင်းပါ တစ်ဆက်တည်းပူး ကပ်နေတာနော် ။ လိင်ကွဲချင်း ပူးနေတာပေါ့လေ ။ တစ်ကောင့်တစ်ကောင့် ကိုက်ထားကြရင်းက မလွှတ်ကြတော့တာ ။ နောက်တော့ အသားချင်း ဆက်သွားပုံရတယ် ။ နောက်ပိုင်း မစ္ဆဗေဒဌာန ကို သွားပြတော့ ပညာရှင် တစ်ယောက်က ဒါဟာ ပင်လယ်အောက်မှာပဲ ရှိရမယ့် ငါးမျိုးတဲ့ ။ အဖို နဲ့ အမ ပူးထားရင် အမ ဆိုတဲ့ သဘော လက္ခဏာဟာ မိတ်လိုက်ဖို့ လောက်သာ ကျန်ပြီး အဖိုဘက်ကို ခပ်များများ ပြောင်းသွားတတ်ကြသတဲ့ ပြောချင်တာက ကိုယ်တို့ အောင်ပင်လယ်ဟာ ရှေးက ပင်လယ်ရေ အောက်မှာ ရှိရမယ် ။ ဒါက ကိုငြိမ်းရဲ့ တွေ့ရှိချက်ပဲ ”

“ နေပါဦး ၊ အဲဒီအကောင်က ဘယ်မှာတုန်း ”

“ ကိုငြိမ်း ကြော်စားလိုက်ပြီ ”

“ ဟယ် ... ”

စာရေးဆရာတွေ ထဲက တချို့ကတော့ သူရေးမယ့် ဝတ္ထုလားလို့ တွေး နေကြပုံပေါ်တယ် ။ တချို့ကလည်း ဟုတ်လောက်ပါရဲ့ ဆိုတဲ့ ပုံနဲ့  ။ ဘာပဲ ဖြစ်ဖြစ် သူ ပြောတာလည်း ထူးဆန်းတာပဲ မဟုတ်လား ။ ကျေနပ်သွားကြတယ် ။

“ ဘရာဗို ” လို့ အော်ကြတယ် ။ ဘာမှန်းသာ မသိတယ် ကြောက်စရာသ တ္တဝါပေကိုး ။ စကားဝိုင်းဟာ စဉ်းစားရာ ရသွားသလို တိတ်သွားပြန်ရဲ့

••••• ••••• •••••

၆ ။

“ ကျွန်တော် ငယ်ငယ်တုန်းက ချိုးထောင်ဘက်နေခဲ့ဖူးတယ် ။ ကျွန်တော် ဖားတစ်ကောင် တွေ့ဖူးတာများ တော်တော်ကို ထူးဆန်းတာ ”

ဒီစကားကို စသူက ကိုညိုထွန်းလူ ပါ ။ ဒီလူက တိရစ္ဆာန်ဆေးကုဆရာဝန်လည်း ဖြစ်ပြန် ၊ နယ်တကာ အနှံ့ ခရီးသွားဖူးသူလည်း ဖြစ်ပြန်ဆိုတော့ သူ့ဘက် အာရုံ ရောက်သွားကြတယ် ။ ဓာတ်ခွဲခန်းမှာ ဖားအမျိုးမျိုး ခွဲလာတဲ့ လူက ထူးဆန်းတဲ့ ဖားတစ်ကောင် တွေ့ဖူးတယ် ပြောနေပြီ ။ တော်တော့်ကို ထူးဆန်းလို့သာ ပြောနေတာပဲ ဆိုတာလည်း သဘောပေါက်ကြရဲ့ ။

“ ဘယ်လို ဖားမျိုးပါလိမ့်ဗျာ ၊ ကျုပ်က ရွာမှာ ဖားရိုက်လာတာဗျနော် ။ ဖားမျိုးရှစ်ဆယ်တော့ ကျွမ်းပြီးသားရယ် ။ တော်ရုံ ဖားတော့ မပြောနဲ့ ”

ကိုခင်အောင်ဝင့် က ဝင်ငေါက်တယ် ။ ဖားတလက် ၊ ဖားခုံညင်း ၊ ဖားပျံ ၊ စားဖား ၊ ဖားပြုပ်တွေလောက် တွေ့ဖူးတဲ့ ကျုပ်ကလည်း ဘယ်လို ဖားမျိုးပါလိမ့်လို့ တွက်တယ် ။

“ ဖားက ထူးဆန်းတာ မဟုတ်ဘူးဗျ ။ အဲဒီ ဖားနားမှာ တောက်တောက်သံ ပေးရင် ဖားရဲ့ နားစည်ခွက်က သူ့မျက်လုံးထက် ကြီးကြီးလာတာ ။ များများ နဲ့ မြည်မြည် ကြားရလေ နားရွက်က ကြီးကြီးလာတာဗျို့ ။ ဒီလို ကြီးကြီးလာတော့ သောတအာရုံ ပိုကောင်းလာပုံရတယ် ။ ခပ်ဝေးဝေးက အသံ သဲ့သဲ့ကလေးတွေကိုတောင် ကြားရပုံနဲ့ ရေကန်ထဲ ခုန်ချတာပဲ ”

“ ဖားက နားရွက်ပါလို့လားဗျ ”

ဟုတ်တယ် ၊ ဒါ မေးရမယ့် မေးခွန်းပဲ ။ ဖားတွေမှာ နားရွက် ရှိ ၊ မရှိ ဘ ယ်သူမှလည်း မသိကြဘဲကိုး ။ တစ်ယောက်က မေးလိုက်တာကို စဉ်း စားကြတာပေါ့လေ ။ ဒါပေမဲ့ ကိုညိုထွန်းလူ က ဒီမေးခွန်းလာလိမ့်မယ် ဆိုတာ သိသားပဲ ။ မျှော်လင့်ပြီးသားပဲ ။

“ ရှိတယ်ဗျ ၊ ဖားမှာလည်း အကြားအာရုံ ရှိတာပေါ့ ။ ယုန်တွေ ဆိုရင် နားရွက်ရှည်တော့ ဇီးကွက် အတောင်ခတ် ကြားရတယ်ဗျာ ။ ဓားခုတ် ကောင်တွေက ဗိုက်အောက်မှာ နားရွက် ရှိလို့ ကျီးကန်း အန္တရာယ်ကို သိတယ်ဗျာ ။ စနှိက်ငှက်တွေက တီးကျင်းထဲ နှုတ်သီး ထိုးနှိုက်နေပေမယ့် ခေါင်းငယ်ထိပ်မှာ မျက်စိတစ်စုံရှိလို့ ရေဒါလို ကြည့်နိုင်တယ်ဗျာ ။ အဆိ ပ်ငါးတစ်မျိုးက ဆေးထိုးအပ်လို ဥမင်နဲ့ ရန်သူကို ဆေးထိုးတတ်တယ်ဗျာ ၊ ရှိတာပေါ့ဗျ ”

ကိုညိုထွန်းလူ ရှင်းပြတော့ အားလုံးက ဟုတ်ချေရဲ့ပေါ့ ။ ကိုငြိမ်း က ဓားခုတ်ကောင်လို နားရွက်များ ဆိုက်ကပ်နေသလားလို့ ဗိုက်ကို စမ်းကြ ည့်နေတယ် ။ ကိုသိုက်ထွန်းသက် က သူ့နားရွက်တွေကို သူ စမ်းနေတယ် ။ ကိုမောင်မောင်မြင့် က ဆေးထိုးအပ်တွေ မြင်ယောင်နေပုံမျိုး ။

••••• ••••• •••••

၇ ။

မိုးချုပ်တော့မယ် ။ နေလုံးက အနောက်ဘက် သခင်မတောင် နဲ့ ကွယ် နေပြီ ။ ကြက်သားရေချို နောက်တစ်အိုးတောင် ကုန်လုပေါ့ ။ ကိုဆူးငှက် နဲ့ ကိုသိုက်ထွန်းသက် က ဘာမှ မပြောသေးဘူး ။ “ တစ်ယောက်က လုပ်ပါဦးဗျ ” လို့ သတိပေးပေမယ့် ဘယ်သူမှ မလှုပ်ကြသေးဘူး ။ ထူးဆန်းတာတွေ ကုန်ပြီလား ။ ကျုပ်ကတော့ ငါ့အလှည့်ကျရင် ငါပြောတာ ယုံပါ့မလားလို့ တွေးနေမိတယ် ။ ထန်းရည်ကလေး တစ်ခွက်လောက် လှမ်း ခပ်လိုက်ရုံရှိသေး ကိုဆူးငှက် အသံ ထွက်လာတယ် ။

“ ကျွန်တော် နေတဲ့ ရပ်ကွက်နောက်မှာ ကွင်းကြီးရှိတယ် ။ အဲဒီ ကွင်းကြီးနားမှာ အိမ်ကလေး နှစ်လုံး ရှိတယ် ။ အဲဒီ အိမ်ကလေးတွေ ရှေ့မှာ ကွက်လပ်ကျယ် တစ်ခုရှိတယ် ။ အဲဒီ ကွက်လပ်ကျယ်ကြီး နားမှာ သစ်ပင်တစ်ပင် ရှိတယ် ။ အဲဒီ သစ်ပင် ... ”

“ အညာစာလွှာ ၊ အညာစာလွှာ ”

“ မန္တလေးမျဉ်းဖြောင့် ၊ မန္တလေးမျဉ်းဖြောင့် ”

စာရေးဆရာတွေ ဝိုင်းအော်တော့ ကိုဆူးငှက် လန့်သွားလေရဲ့ ။ သူ့ထုံးစံ မပွင့်တပွင့် အပြုံးနဲ့ ။ ဥတ္တရလွင်ပြင်ကြီး ကတော့ မြန်မြန် ပြောကြဗျာ ၊ မိုးချုပ်တော့မယ်လို့ အော်နေပြီ ။ ကိုငြိမ်း က စိတ်ညစ်တာ အဲဒါတွေပဲလို့ ညည်းတယ် ။ ကိုညီပုလေး ကတော့ ပဲလှော်ကြောင့် ဝမ်းနာနေပုံမျိုး ။ ကိုဆူးငှက် က အားလုံးကို လိုက်ကြည့်ပြီးမှ သူ့စကားကို ဆက်တယ် ။

“ အဲဒီ သစ်ပင်အောက်မှာ အမြဲတမ်း ကြက်ဝိုင်း ရှိတယ် ။ အဲဒီ ကြက်ဝိုင်းကို လာတဲ့ ကြက်သမားတွေ ထဲမှာ ကိုစံမောင် ဆိုတာက ဒေါင်းရိုးသား ၊ ကျွန်တော်နဲ့ ခင်တယ် ။ တစ်ရက် ကျွန်တော် တာရိုးပေါ် လက်ဖက်ရည် သွားသောက်ရင်း ဒီအိမ် ကလေးတွေနား ဖြတ်တယ် ။ ကြက်ပွဲက ကောင်းနေပြီ ။ လူတွေ ဆိုတာလည်း အုံခဲလို့  ၊ ကိုစံမောင်က သူ့တိုက်ကြက်ကြီး ပိုက်ထားရင်းက သစ်ပင်အောက်မှာ ကြက်ကို ရေပေးနေတယ် ။ ရေကလေး ခွံ့လိုက် ၊ ကြက်စလုတ် ဆွဲဆန့်ပြီး ကော့ကော့ ပေးတာ ။ ဒါနဲ့ ကျွန်တော်က ကိုစံမောင်က ဒီနေ့ နားတာလား ဆိုတော့ မနားဘူးတဲ့ ။ ခက်တယ်ဗျာတဲ့ ။ ကျွန်တော့် ကြက်ကို အောက်ကြေး ချရတာပါတဲ့ ။ ကျွန် တော်က အောက်ကြေး ဆိုတော့ ဘာလဲဆိုတော့ နိုင်ရင်တောင် ငွေပြည့် မရဘူးတဲ့ ။ ငါးမူးစား စားရတာတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော့်ကြက်က ကြက်မောင်းပြန် ခေါ်တယ်တဲ့ ”

စာရေးဆရာတွေ အားလုံး ကိုဆူးငှက် ပြောတာ နားစိုက်ထောင်နေကြပါတယ် ။ ကြက်မောင်းပြန် ဆိုတာ မကြားဖူးကြဘဲကိုး ။ တိုက်ကြက်များတော့ မြင်ဖူးကြတာပေါ့ ။ ကြက်တိုက်တာလည်း ကြုံဖူးကြသားပေါ့ ။ အခုဟာက ကြက်မောင်းပြန် ဆိုပါကောလား ။ ထူးတော့ ထူးဆန်းနေပြီပေါ့လေ ။ တချို့က ခဏနေဦး ဆိုပြီး ထသွားကြတယ် ။ မရိုသေ့စကား အပေါ့အပါး သွားကြတာပါ ။ နတ်ကွန်းစင် ကလည်း ရှိတော့ အာလုံးလိုလိုက “ ကန်တော့ ” ဆိုပြီး သွားကြတာ ။ အဲဒီနေ့က ထူးထူးဆန်းဆန်း တခြားဝိုင်း မရှိဘူး ။ ကျုပ်တို့ချည်းလိုလိုပဲ ရှိကြတာ ။

“ လုပ်ပါ လုပ်ပါ ၊ ဆက်လုပ်ပါ ၊ ကြက်မောင်းပြန် ရောက်နေပြီ ”

“ ကျွန်တော်က ကြက်မောင်းပြန် ဆိုတာ မကြားဖူးပါလား ဆိုတော့ ကျွန်တော့် ကြက်ရဲ့ အတက်က မောင်းပြန်မောင်းချဓားလိုပဲ အတက်က ရု ပ်လို့ သိမ်းလို့ ရတယ်တဲ့ ။ ဒီအတိုင်း ကြည့်ရင်တော့ ရိုးရိုးအတက်ပါပဲ ၊ ငုတ်စိကလေးပါပဲတဲ့ ။ ကြက်ချင်း တိုက်တော့မှ ထွက်လာတာတဲ့  ၊ ကိုစံမောင် က ရှင်းပြတာပေါ့လေ ”

“ တကယ်ကော တိုက်တာ မြင်ခဲ့ရလား ”

တစ်ယောက်က မေးတော့ ကိုဆူးငှက် က ခေါင်းညိတ်တယ် ။

“ တွေ့ပါ့ဗျာ ၊ တကယ်လည်း တိုက်ရော စက္ကူဖြတ်စက် ခင်ဗျားတို့ တွေ့ဖူးကြတယ်မို့လား ။ Shredder လေ ၊ စက္ကူဖြတ်စက်ဟာ ၊ တစ်ဖက်ကြက်ဟာ ကြက်မောင်းပြန် နဲ့ ဆိုင်ပြီး နှစ်ခါလား ခုန်လိုက်ရတယ် ။ ရင်အုံမှာ တော်တော်နက်တဲ့ ဟက်တက်ကွဲ အမြှောင်းရာ ရှစ်ချက် ပေါ်လာတော့တာပဲ ... ”

တစ်ယောက်က အနားက ရေချိုချက်ကြက်သားဟင်းကို လှမ်းကြည့်တယ် ။ ဒီကြက်များ ဖြစ်နေမလားပေါ့လေ ။ ကျုပ်ကတော့ ဟက်တက်ကွဲ နေတဲ့ ကြက်ရင်ပုံကြီးကိုပဲ မြင်နေတာပါ ။

“ ကိုဆူးငှက် က ကြက်မောင်းပြန် ပြောလို့ ကျွန်တော် တွေ့ဖူးတဲ့ အိမ်မြှောင်အကြောင်း သတိရမိတယ် ”

အလို ၊ လာပြန်ပဟ ။ အိမ်မြှောင် ဆိုပါကလား ။ ပြောလိုက်သူက ပုံ့ပုံ့ကြီး ထိုင်နေတဲ့ ကိုသိုက် ။ ကိုသိုက်ထွန်းသက် ပေါ့လေ ။ အားရပါးရ ပြောတော့မယ် ဆိုတဲ့ ပုံနဲ့ အပေါ်က အနွေးထည်နှစ်ထပ်ကို ချွတ်တယ် ။ ပါလာတဲ့ ကြွပ်ကြွပ်အိတ်ထဲ ထိုးထည့်တယ် ။ ထိုင်ရက် ပုဆိုးပြင်ဝတ်တယ် ။ ပြီးတော့မှ တစ်ယောက်စီ လိုက်ကြည့်နေလေရဲ့ ။ ကိုငြိမ်း ( မန္တလေး ) က ကိုသိုက် အတွက် ဆိုပြီး တစ်ခွက်ထပ်ချ လိုက်တယ် ။ ရှေ့နေကြီးက “ ကိုသိုက် ဂိုးအွန် ” တဲ့ ။ ဆက်ပြောပါပေါ့လေ ။

••••• ••••• •••••

၈ ။

“ ကျွန်တော် ငယ်ငယ် ကျွန်တော့်မိဘများ နေတဲ့ ရပ်ကွက် မလှမ်းမကမ်းမှာ ဘုန်ကြီးကျောင်း တစ်ကျောင်းရှိတယ် ။ စိန်နားပန်ကျောင်း လို့ ခေါ်တယ် ။ ရှေးကျောင်းကြီး ၊ ကျွန်းတိုင်ကြီးတွေကပဲ ဆန်ကောဝိုင်းစာ လောက် ကြီးတယ် ။ ကျွန်တော့် မိဘများက ဆွမ်းချိုင့် ပို့နေကျ ဆိုတော့ လူကြီးတွေ မအားရင် ကျွန်တော့်ကို လွှတ်တတ်တယ် ။ ကျွန်တော်က ၁၂ နှစ် ၊ ၁၃ နှစ် သားလောက် ရှိဦးမယ် ”

တချို့က ဒူးထောင် ပေါက်ကား လှဲရင်း နားထောင်ကြတယ် ။ မိုးက ချုပ်တော့မယ် ။ တချို့က ပြန်ချင်ပြီ ။ ခက်တာက ထူးဆန်းတဲ့ အတွေ့အကြုံတွေ မပြောသေးသူတွေ ကျန်သေးတယ် ။ ရှေ့က ပြောပြီးသား လူတွေ ကတော့ ပြဇာတ်ထဲ စောစောသေနတ်မှန်သူတွေလို ကိစ္စငြိမ်းကြပြီ ။ မိုးက ချုပ်တော့မယ် ဆိုတော့ ကိုသိုက် ကို စကြတယ် ။

“ အီးဗီးနင်း ကိုကိုရဲ့ လုပ်ပါဟ ”

“ တစ်ရက် ကျွန်တော် ရောက်သွားတော့ ဦးပဉ္စင်း တစ်ပါးပဲ ကျောင်း မှာ ရှိနေတယ် ။ ဦးပဉ္စင်း က ကျွန်တော့်ကို ဖန်ပုလင်းကြီး တစ်လုံး ပြတယ် ။ အထဲမှာ သဲတွေ ။ သဲပေါ်မှာ အိမ်မြှောင် တစ်ကောင် ရှိနေတာတွေ့တယ် ။ ကျွန်တော်တို့ တွေ့နေကျ အိမ်မြှောင်ထက် နှစ်ဆလောက် ရှိမယ့် အိမ်မြှောင်ပါ ။ အိမ်မြှောင်က အမွေးတွေနဲ့  ။ အရေခွံ လဲခါစ ဆိုတော့ အသားတွေက ရဲလို့  ။ အနားမှာတော့ အရေခွံဟောင်းလည်း တွေ့တယ် ”

“ ကိုသိုက် ပြောချင်တာ အရေခွံလဲတဲ့ အိမ်မြှောင်ပေါ့ ၊ ဒီလိုလား ”

ကိုဖူလုံ က မေးလိုက်တော့ ကိုသိုက်ထွန်းသက် က ခေါင်းခါတယ် ။ ဒါ မေးခွန်းမှ မဟုတ်ဘဲနဲ့ ဆိုတဲ့ ပုံပေါ့လေ ။ ကျုပ်တို့ ကလည်း ဒီလိုထင်တာပါ ။ မဟုတ်ဘူး ဆိုတော့ ဘာပါလိမ့်ပေါ့ ။ ကိုသိုက် မပြောသေးဘူး ။ အနွေးထည် ပြန်ဝတ်တယ် ။ နည်းနည်း အေးလာလို့ တဲ့ ။ ဒါကို သည်းခံပြီး စောင့်ကြရပြန်ရော ပြောပါတော့ ။

“ သူလည်း မထူးဘူး ၊ အိမ်မြှောင် ပဲ ။ အရေခွံ ချွတ်လိုက် လဲလိုက်နဲ့ ”

ကိုငြိမ်းကြီး က ဝေဖန်တာပါ ။

“  မဟုတ်ဘူးဗျ ၊ ပုလင်းကို ဘေးကနေ တုတ်နဲ့ ပတ်ပတ်လည် ခေါက်လိုက်တော့ အိမ်မြှောင် က မြွေတစ်ကောင်လို ဆတ်ခနဲ ခေါင်းထောင်လာတယ် ။ မျက်လုံးတွေကလည်း ပတ္တမြားလို နီလိုက်တာများ လမ်းအချက်ပြ မီးတိုင်က အနီရောင်မျိုး ၊ ဦးပဉ္စင်းက ပုလင်းထဲကို စက္ကူလုံးကလေး စားတော်ပဲလုံးလောက် လုံးပြီးလည်း ပစ်ချလိုက်ရော ”

ကိုသိုက် က ခဏနားတယ် ။ လူးလဲထကြသူ ထတယ် ။ ခါးကို မတ်သူက မတ်တယ် ။ မတ်တတ် ရပ်ပြီး ခါးချိုးသူက ချိုးတယ် ။ ပြီးမှ ပြန်ထိုင်ကြတယ် ။

“ အဲဒီ စက္ကူလုံးကို အိမ်မြှောင်မျက်လုံးက လေဆာရောင်ခြည်မျှင်လို အတန်းကလေး ထွက်လာပြီး လာမှန်တော့တာပဲ ။ မီးတန်းကြီး မှုတ်တဲ့ နဂါးများ လိုပေါ့ဗျာ ။ စက္ကူလုံးကလေး ပြာကျသွား တော့တာပဲ ”

ကိုသိုက် က အိုက်လို့ တဲ့  ၊ အင်္ကျီတွေ ပြန်ချွတ်တယ် ။

••••• ••••• •••••

၉ ။

“ ကျွန်တော် တွေ့ဖူးတဲ့ မေဖလိုင်း ဆိုတဲ့ ယင်ကောင် ကတော့ တရုတ်ပြည်နယ်စပ်မှာ တွေ့ခဲ့ တာ ။ ထောင်နဲ့ သောင်းချီပြီး ပေါတာဗျာ ၊ တဝုန်းဝုန်းနဲ့  ၊ တရုတ်တွေ ပြောတာတော့ ဒီယင်ကောင်တွေက နယူးယောက်ကန်ကြီး မြောက်ပိုင်းမှာ နဂိုက ရှိတာတဲ့ ”

ကိုမောင်မောင်မြင့် က သူ တွေ့ဖူးတဲ့ ယင်ကောင်တွေ အကြောင်း ပြောပြန်တယ် ။ ထူးဆန်းတာ မပါသေးဘူး ။ သူက ပြန်ချင်ပုံရပြီ ။ ကိုသိုက် လည်း ပြောပြီးရော ချက်ချင်း ဝင်ပြောတာပါ ။ ထတော့ မထဘူး ။

“ လူသားစား ယင်ကောင် ”

“ မဟုတ်ဘူးဗျ ၊ အသက် တစ်ရက်ပဲ ရှင်တဲ့ ယင်ကောင်တွေ ၊ ပါးစပ်မ ပါတော့ အစာစားလို့လည်း မရဘူး ။ တစ်ရက်ခံတဲ့ ကောင်တွေ ဆိုတော့ မလိုဘူးလေ ။ ဒီကောင်တွေက တစ်နေကုန် ကခုန် နေကြပြီး ညဘက်ကျ သေကုန်တာ ၊ မဆန်းဘူးလား ”

ကိုမောင်မောင်မြင့် စကားဆုံးတော့ ဆရာညီစေမင်း က ဝင်ပြောပြန်တယ် ။

“ တရုတ်ပြည်ဘက်မှာက ထူးထူးဆန်းဆန်းသတ္တဝါတွေ ရှိတယ်ဗျ ။ ဆိုပါတော့ ၊ ဗိုက်ပေါ်မှာ နား ၊ ခေါင်းပါတဲ့ ကင်းမြီးကောက်မျိုး ၊ ငှက်မွေး လျှာပါတဲ့ တိုကန်ငှက်မျိုးတွေ ”

ဆရာညီစေမင်း စကားပြတ်တော့ ကိုညီပုလေး က သူ့မျက်စိနဲ့ မြင်ခဲ့တာက စလို့ ပူတာအိုဘက်က ခရီးအတွေ့အကြုံ ဝင်ပြောရော ။ ကချင်ပြ ည်နယ်မှာ သူ ရက်တော်တော်ကြာခဲ့တဲ့ အကြောင်း ၊ ဒေသခံတိုင်းရင်း သားတွေရဲ့ ဓလေ့တွေ ၊ ကချင်မုဆိုးကြီးတွေရဲ့ စွန့်စားခန်းတွေ ၊ ကချင် လူမျိုး မုဆိုကြီး တစ်ယောက်ရဲ့ သမင်ခြံကို ရောက်ခဲ့ပုံတွေကို ပြောပြတယ် ။ နေကတော့ လုံးလုံးကို ဝင်သွားပါပြီ ။ အလင်းရောင်ကလေးတော့ ကျန်သေးတယ် ။ ထန်းတောရွာက မိတ်ဆွေတွေက ဆရာတို့ မှာစရာရှိ တာ မှာပါတဲ့ ။ သူတို့ အရောင်းသိမ်းတော့မယ်ပေါ့လေ ။ လာမေးကြတယ် ။ ကိုငြိမ်း က အစာပိတ် ပဲခြမ်းသုပ်ကလေး မှာတယ် ။

“ သမင် စားဖို့  ၊ အဲလေ ကျွန်တော်တို့ စားဖို့ ပဲခြမ်းသုပ်ခဲ့ဗျာ ။ ကျန်တာ တော်ပြီ ၊ ပိုက်ဆံတွက်တော့ ”

ယင်ကောင်တွေက တဝုန်းဝုန်းနဲ့ ။ မေဖလိုင်းတွေများလား ။ ထန်းတဲရှင်က အိုးတွေ သိမ်းသွားတယ် ။ ပန်းကန် အလွတ်တွေ ၊ ကြက်သား ရေချိုအိုးတွေ သိမ်းတယ် ။ လက်ဖက်သုံးပန်းကန်ကို တစ်ပန်းကန်ထဲ ပေါင်းထည့်ခဲ့တယ် ။ ဒါတွေ ပြီးတော့မှ ကိုညီပုလေး ကို ပြောဗျာလို့ စကား စပေးကြတယ် ။

“ ကျွန်တော် တွေ့ခဲ့တဲ့ သမင်တစ်မျိုးက ပြေးနှုန်းမြန်လွန်းလို့ Speedometer နဲ့ တိုင်းမှ ရတာတဲ့ ။ လှစ်ခနဲ ကြားလိုက်ရပြီး ပျောက်သွားတာတဲ့ ဗျ ။ ဖြစ်ပုံက သမင်ခြေထောက်က အရိုးနု အရွတ်ကလေးတွေဟာ သဘာဝအားဖြင့် အတွင်းထဲမှာ ကျိုးကြေနေတာကိုး ။ ဒီကျိုးနေတဲ့ အရိုးနုရွတ်တွေက သမင် ပြေးတော့ မြည်ကြရော ။ အဲဒီ မြည်တဲ့ အသံက သမင်ကို ခွန်အားတစ်မျိုး လှုံ့ဆွပေးတယ် ။ လူတွေများ အူယားတယ် ဆိုတာမျိုး နေမှာပေါ့လေ ။ သမင် အူယားတာ ၊ အူယားလေ ပြေးလေ ၊ ပြေးတာမှ ရိပ်ခနဲ မြင်ရတာဆိုပဲ ”

“ နို့ ... ဘယ့်နှယ်လုပ် ရပ်တုန်း ”

ဟုတ်သားပဲ ၊ မြည်လေ ပြေးလေ ၊ ပြေးလေ မြည်လေ ။ မြည်ပြန်တော့ ပြေးပြန်လေ ။ ဒီသမင် ဘယ်အချိန် ရပ်ပါလိမ့် ။ ဒီအတိုင်းဆို ပြေးရင်က ကံကုန်ဖို့ပဲ ရှိတော့တာ မဟုတ်လား ။ ဒါကို အားလုံး က သိချင်ကြပုံပေါ် တယ် ။

“ သမင်က ပြေးရင်းလွှားရင်း ရပ်ဖို့ လိုပြီလို့ သူကိုယ့်သူ တွေးမိတဲ့ အချိန်မှာ အဲဒီ အတွေးက အရိုးနုအရွတ်ကလေးတွေ မြည်တာကို ရပ်သွား စေသတဲ့ ။ မမြည်တော့ရင် သမင်ကလည်း မပြေးတော့ဘူးတဲ့ ဗျ ။ ရပ်ချင်စိတ် စိတ်လှိုင်းက အရွတ်တွေကို သက်ရောက်မှု ဖြစ်စေတဲ့ သဘောပဲ ”

ဒီမှာတင် စကားဝိုင်းလည်း သိမ်းကြပြီ ပြောပါတော့ ။ အားလုံးလည်း ကျေနပ်သွားကြတယ် ။ နေ့လယ်ထမင်းကျွေးဖိတ်လို့ စုမိတဲ့ စာရေးဆရာတွေ နှစ်ပွဲဆက်လိုက်ကြတော့ ညောင်းကြပြီပေါ့လေ ။ အားလုံးပြန်ကြမယ် လုပ်တော့ ရှေ့နေကြီးက ကျုပ်ကို ပြောပါဦးလို့ ခိုင်းရော ။ အားလုံးကလည်း ပြန်ချင်နေကြတာ ဆိုတော့ နောက်ပွဲမှ ဆက်ကြတာပေါ့လို့ တောင်းပန်လိုက်တယ် ။ ဒီမှာ အားလုံးက လုပ်ပါဗျ ၊ ခင်ဗျားကြုံဖူးတဲ့ သတ္တဝါတစ်ကောင်အကြောင်း ပြောပါဦးပေါ့တဲ့ တောင်းဆိုကြပါလေ ရော ။ အားလုံးက နေရာပြန်ယူကြတယ် ။ နား ထောင်ကြမယ် ဆိုတဲ့ သဘောနဲ့ ထိုင်ကြတာ ဆိုတော့ ကျုပ်ကလည်း မနေသာတော့ဘူး ။ ထန်းမြစ် ကျောမှီပြီး ထူးဆန်းသတ္တဝါအကြောင်း စပြောတော့တာပါပဲ ။

“ ကျွန်တော် တွေ့ဖူးတဲ့ ထူးထူးဆန်းဆန်း သတ္တဝါဟာ .. ”

ကျုပ်က ပဲလှော်ကလေး နှစ်စေ့ ကောက်ဝါးတယ် ။ ကိုစိုးဘားဒိုင် ဆီက ကွမ်းတစ်ယာ တောင်းပြီး ဝါးတယ် ။ ကွမ်းရည်တွေ ပြည့်လာတော့ ထန်းပင်ရင်းမှာ ဗျစ်ခနဲ ထွေးတယ် ။ ကျုပ်က သက်သက် လုပ်နေတာ သူတို့ သိသားပဲ ။ ဘာမှတော့ မပြောဘူး ။ ကိုငြိမ်းကြီး ကသာ စက်ဘီးကလေး သူများ အပ်ထားတာ ပျောက်တော့မှာပါပဲတဲ့ ။

“ လူပဲဗျ ”

ဒီမှာတင် ပွက်ပွက်ရိုက် သွားတော့တာပါပဲ ။ အော်ကြ ၊ ပစ်ကြ ၊ ဆဲကြ ၊ ဆိုကြ ၊ မေတ္တာတွေ ပို့ကြပေါ့လေ ။ ကျုပ်ကလည်း စတန့် လုပ်တာ မဟုတ်ပါဘူး ။ တကယ် ရင်ထဲက အတိုင်း ပြောလိုက်တာပါ ။ ကျုပ်က နေကြပါဦး ဆိုတဲ့ ပုံနဲ့ တောင်းပန်လိုက်တော့မှ ငြိမ်သွားကြတယ် ။

“ တကယ်ပြောတာဗျ ။ ခင်ဗျားတို့ ပြောတဲ့ သတ္တဝါတွေဟာ ထူးဆန်း တာမှန်ပါရဲ့ ။ ဒါပေမဲ့ ကျုပ်တို့လို လူထဲမှာ ရှိပြီးသားတွေချည်း မဟုတ်ဘူးလားဗျ ”

ကျွန်တော် ပြောမယ်လေ ဆိုတော့မှ ငြိမ်သွားကြတယ် ။ အိမ်ရှေ့မင်း ထန်းတောကြီးထဲမှာ အမှောင်က ပိန်းပိတ်နေလေရဲ့ ။ ထန်းတဲရှင်က ဖယောင်းတိုင်ကလေး တစ်တိုင် လာထွန်းပေးတယ် ။ မီးရောင်ထဲမှာ ယင်ကောင်တွေ ။ အချိုဓာတ် ရှိနေတော့ အားလုံးက ဖယောင်းတိုင်မီးကို ထူး ထူးဆန်းဆန်း စိုက်ကြည့်နေကြလေရဲ့ ။ ကျုပ်က ဒီတော့မှ ကျုပ် စကားကို ဆက်တယ် ။

••••• ••••• •••••

၁၀ ။

“ ခင်ဗျားတို့ စဉ်းစားကြည့်ပါဗျာ ၊ လူဆိုပါတော့ ၊ ကိုင်းပါဗျာ ၊ လူ ဆိုတော့ ဝေးပါတယ် ၊ ကျုပ်ဗျာ ၊ နေဝင်းမြင့် ဗျာ ။ ငှက်က ငှက်မွေး စားသလို ကျုပ်လည်း ဘာထူးဆန်းလို့လဲ ။ ဇာတ်တူသား စားတာပဲ ။ လူဆိုတဲ့ သဘောလက္ခဏာကို ဖဲ့ခြွေစားနေတာပဲ ။ ကျုပ်တို့ဟာ “ ဘာရ ” ပဲ ။ ဘာရ ဆိုတာ ဝန်ထုပ်ဝန်ပိုးသပဲ ။ ဝန်ထုပ်ဝန်ပိုးဟာ ဒုက္ခပဲ ။ ခန္ဓာငါးပါးကို ရယူ နေရတာ ကိုယ်က ဒုက္ခကို ရယူ ဝါးမျိုနေတာပဲ ။ ကိုယ့်အကျိုးစီးပွား အတွက် သူ့ဝန်ထုပ်ဝန်ပိုးကို ကိုယ်က ဝန်ထမ်းနေတာဟာ သူတစ်ပါးဒုက္ခကို ကိုယ့်အာဟာရ လုပ် စားနေတာပဲ မဟုတ်ဘူးလား ”

ကျုပ်က အားလုံးကို ဖြန်းကြည့်လိုက်တော့ ဘာမှတော့ မပြောကြဘူး ။

“ နောက် ကိုစိုးဘားဒိုင် ပြောတဲ့ ငတငါ ၊ ဘာတဲ့ ဗျ Anglerfish ဆိုတာ ။ ငါလည်း ငါးငါး ချင်း စားတဲ့ ငါးပဲ ။ ဒါပေမဲ့ ငါးမျှားကြိုးတစ်ချောင်း ခေါ င်းမှာ ပေါက်နေပြီး ထိပ်ဖျားမှာ အဆိပ်ပါတဲ့ ငါးတဲ့ ။ အနား ရောက်လာတဲ့ သတ္တဝါကို မူးအောင် ချာလပတ် ယမ်းပစ်ပြီးမှ ပါးစပ်ကြီး ဖြဲထားပြီး မျိုချတာတဲ့ ။ ဒါလည်း ကျုပ်လိုပါပဲ ။ ဘာမှ မထူးဘူး ။ ဒါဟာ ဂန္တဝင်ခေါ်တာပဲ မဟုတ်ဘူးလား ။ တုပ်နှောင်တတ်တဲ့ တရား ၊ အဘိဇ္ဈာကာယဂန္ထ ၊ သူတစ်ပါးစည်းစိမ်ကို မတရား လိုချင်တဲ့ လောဘစိတ် ကျုပ်မှာ ရှိတယ် ။ ဗျာပါဒကာယဂန္ထ ၊ သူတစ်ပါး ပျက်စီးစေချင်တဲ့ ဒေါသစိတ် ကျုပ်မှာ ရှိတယ် ။ သီလဗ္ဗတပရာမာသကာယဂန္ထ တဲ့  ၊ အကျင့်သီလ အယူမှားမှုလည်း ကျုပ်မှာ ရှိတယ် ။ ဣဒံသစ္စာဘိနိဝေ သကာယဂန္ထ ၊ ဒီ အယူသာ မှန်တယ် ဆိုတဲ့ ဒိဋ္ဌိလည်း ရှိတာပါပဲ ။ ဒါတွေက ကိုယ့်ကိုယ်ကိုလည်း တုပ်နှောင် ၊ သူတစ်ပါးကိုလည်း တုပ်နှောင်ပြီး ကျုပ် ဆိုရင် မိုးလင်းက မိုးချုပ် မျိုချနေတာပဲ ။ ဒီအဆိပ် ငါးမျှားကြိုး လေးချောင်း ကျုပ် ခေါင်းပေါ်က တလန်းလန်းနဲ့ ရှိနေတာ ကြာပဲ ကြာလှပေါ့ ။ ခင်ဗျားတို့ မမြင်လို့သာ ဟာကိုးဗျ ။ ဒီ လေးချောင်းနဲ့ သူတစ်ပါးကို မူးအောင် လုပ်ပြီး ကျုပ် ပါးစပ်ကြီး ဖြဲထားတာ ဝင်လာသမျှ မျိုချနေတာ ကြာပြီပဲ ”

ကိုသန်းဌေး နဲ့ ကိုစိုးဘာဒိုင် က ကျုပ်ကို မအီမသာနဲ့ ကြည့်တယ် ။ ဒီလူ “ ဂေါက် ” ပဲ ဆိုတဲ့ မျက်နှာတွေမှန်း ကျုပ်သိသားပဲ ။ ကိုကျော်စွာထက် ကတော့ သူ့ကို အာလာဝက်ဝံ အကြောင်း ပြောတော့မယ် ထင်လို့ ကျုပ်ကို ကြည့်တယ် ။ သူ့ ဆေးခန်း ရောက်လာတဲ့ လူနာတစ်ယောက်ကို ကြည့်သလို ကြည့်နေတာပါ ။

“ နောက် ကိုကျော်စွာထက် ရဲ့ ကိုအာလာဝက်ဝံ ။ ဘာတဲ့ ထူးဆန်းပုံက နေပါဦး ။ ဒီဝက်ဝံက တစ်သက်လုံး ရေမသောက်ဘူးတဲ့ ။ သစ်ရွက်ထဲက ရေငွေ့ လောက်နဲ့ ကိစ္စပြီးသတဲ့ ။ ဟုတ်တယ်နော် ကိုကျော်စွာထက် ၊ ကျု ပ်လည်း ဘာထူးသလဲ ။ “ ပရိညာ ” ဆိုတဲ့ အမြိုက်ရေဓာတ်ကို တစ်ခါမှ မသောက်ဘဲ ကျုပ် ဒီလို နေလာတာ နှစ်ပေါင်း ငါးဆယ် ရှိပြီ ။ ကျုပ်တစ်သက်ဆိုပါတော့ ။ “ ပရိညာ ” ဆိုတာက ပိုင်းခြားပြီး သိတာ ။ ပိုင်ပိုင်နိုင်နိုင်ကြီး သိတာကို ခေါ်တာ ။ ကျုပ်က ပိုင်းခြားပြီးလည်း မသိဘူး ။ ပိုင်ပိုင်နိုင်နိုင်လည်း မသိဘူး ။ ဉာတပရိညာ ဆိုတာ ရှိတယ် ။ လူဆိုတာ ရုပ်နာမ်တရားရဲ့ လက္ခဏာသဘာဝတွေနဲ့ ကြောင်းကျိုးဆက်စပ်မှုတွေကို ပိုင်းခြားသိရတယ် ။ တိရဏပရိညာ ဆိုတာ ကျတော့ ရုပ်နဲ့ နာမ်နဲ့ မမြဲတဲ့ သဘော ၊ ဆင်းရဲပြီး ကျေနပ်ဖွယ် ကင်းတဲ့ သဘော ၊ အနှစ်သာရ ကင်းမဲ့ခြင်း သဘောတွေကို ပိုင်းခြား သိကြရတယ် ။ ပဟာနပရိညာ တဲ့ ၊ ရှိသေးတယ် ။ ခန္ဓာငါးပါးကို တွယ်တာစိတ်ကို ပယ်ခွာကြရတယ် ။ ဒီ ပရိညာ သုံးပါး ရေဓာတ် တစ်နည်းအားဖြင့် ပိုင်းခြားသိမြင်ခြင်း ရေဓာတ်ကို လူဟာ အမြဲ သောက်သုံးနေကြရတယ် ။ ဒါပေမဲ့ ကျုပ် ဘယ်တုန်းကမှ မသောက်ခဲ့ဖူးဘူး ။ ဘုရားစူးရစေ့ ... ”

ကိုကျော်စွာထက် က ကျုပ်ကို ဘာဆေး ပေးရမလဲ ဆိုတာမျိုးနဲ့ ဆေး နဲ့ ရောဂါ ချိန်နေပုံမျိုး ။ စိတ်လည်း ပျက်ပုံပေါ်ပါရဲ့ ။ ဖယောင်းတိုင်က တစ်ဝက်ကျိုးပြီ ။ ဘယ်သူမှတော့လည်း ပြန်ဖို့ မပြောသေးဘူး ။

“ ကျုပ်တို့ လူ ကိုငြိမ်း ကတော့ လိင်ကွဲချင်း ပူးကပ်ရင်း တစ်ကောင်တည်း ပူးကပ်နေတဲ့ ငါးကို တွေ့တယ်လို့ ပြောတယ် ။ တစ်ကောင့် တစ်ကောင် ခွာထုတ်လို့ မရအောင် အသားချင်း ဆက်နေတဲ့ ငါးတစ်မျိုးတဲ့ ။ ဒါလ ည်း ကျုပ်မှာ ရှိတာပဲဗျ ။ Actions ပေါ့ ။ ကမ္မ ခေါ်တာပေါ့ ။ ပြုလုပ်ခြင်းအမှု ကိစ္စကို ကမ္မ ခေါ်တာ မဟုတ်လား ။ ဒီကံမှာက အကျိုးစီးပွားကို ဖြစ် ထွန်းစေတတ်တဲ့ ကုသလကံ နဲ့ အကျိုးစီးပွားကို အကျိုးမဲ့စေတတ်တဲ့ အ ကုသလကံ ရယ်လို့ ကျုပ်မှာ နှစ်မျိုးစလုံး ရှိနေတယ် ။ ခွာလို့ကို မရတာ ။ အကုသိုလ်စိတ်က ကုသိုလ်စိတ်ကို ကိုက်ထားရင်း ဘယ်အကောင်ကမှ ပြုတ်ထွက် မသွားတာမျိုး ကျုပ်မှာလည်း ရှိနေတာပဲ ၊ ဘာထူးဆန်းလို့လဲ ... ကိုညိုထွန်းလူ တွေ့ခဲ့ဖူးတဲ့ ဖား ဆိုတာကတော့ အသံကြားရင် မျက် လုံးထက် ကြီးလာတတ်တဲ့ နားရွက်တွေနဲ့ ဖား ဆိုတာလေ ။ ဗိုက်အောက်မှာ နားရွက်တွေ ရှိတဲ့ ဓားခုတ်ကောင် ၊ တီကျင်းထဲ ခေါင်းထိုး နှိုက်နေပေမယ့် မျက်လုံးတစ်စုံ ခေါင်းပေါ်မှာ ရှိနေတဲ့ စနှိက်ငှက် ဆိုတာလည်း ကျုပ်မှတ်မိတယ် ။ ဒါလည်း ကျုပ်မှာ ရှိတာပဲ ။ ဖဿ ခေါ်တာပေါ့ဗျာ ။ အတွင်းအာယတနခြောက်ပါးကြောင့် ဖဿခြောက်ပါး ဖြစ်နေကျပဲ ၊ မျက်စိအတွေ့ ရှိမယ် ၊ နားအတွေ့ ရှိမယ် ၊ နှာခေါင်းအတွေ့ ရှိမယ် ၊ လျှာအတွေ့ ရှိမယ် ၊ ကိုယ်အတွေ့ ရှိမယ် ၊ စိတ်အတွေ့ ရှိမယ် ။ နားကိစ္စက သာယာစရာ ကြုံရင် နားက မျက်လုံးထက် ကြီးနေတာပဲဗျ ။ နှာခေါင်းအတွေ့က သာယာစရာကြုံရင်ကော ဒီလိုပါပဲ ။ တစ်ကိုယ်လုံးမှာ နားရွက်တွေ ဖြစ်ကုန်တာပဲ မဟုတ်လား ။ ဖဿ ဆိုက်ရာ ကြီးတာပါပဲဗျာ ၊ နော့ ... ”

••••• ••••• •••••

၁၁ ။

ကျုပ်ကတော့ မှန်ရာမှန်ကြောင်း စိတ်ထဲ ရှိတာနဲ့ နှိုင်းယှဉ်ပြတာပါပဲ ။ ဒါပေမဲ့ ဒီစာရေး ဆရာတွေက ခေါင်းခါတဲ့ လူက ခါကြတယ် ။ စိတ်ပျက်လက်ပျက်ဖြစ်နေသူက ဖြစ်နေကြတယ် ။ စုတ်သပ်သူက စုတ်သပ်နေကြတယ် ။ “ တစ်အိုးလောက်ထပ်ပေးပါဦး ” အော်သူက အော်လို့  ။ ခဲတံလုံးလောက်တောင် မရှိတဲ့ ဖယောင်းတိုင်ရဲ့ မီးရောင် ဆိုတော့ ဘယ်လောက် လင်းမှာလဲ ။ ယင်ကောင်တွေ နည်းသွားပြီ ။ မီးရောင်ကို လာတိုးတဲ့ ဖြုတ်ကလေး သုံးကောင်တော့ ရှိတယ် ။ ထန်းရွက်လေတိုးသံတွေက တဝေါဝေါနဲ့ ။

“ နောက်တစ်ခုက ကိုဆူးငှက် ရဲ့ ကြက် ၊ ကြက်မောင်းပြန် ၊ ကြောက်ကြောက်စရာပါဗျာ ။ ကြက် အတတ်က တခြား ကြက်ကို စက္ကူလှီးစက်လို ခွဲချပြီး လေယာဉ်ဘီးအုံများလို ပြန်ကပ်သွားတာမျိုး ဆိုလား ၊ ဒါလည်း သူတစ်ပါးကို ဒုက္ခပေးပြီး ကိုယ် မဟုတ်သလို ပြန်နေတတ်တဲ့ ကျုပ်နဲ့ သိပ်တော့ မထူးဘူးဗျ ။ ဒါကို နီဝရဏ ခေါ်တယ် ။ ကာမဂုဏ်ကို လိုလား တောင့်တတယ်ဗျာ ။ သူတစ်ပါးကို ပျက်စီးစေချင်တယ်ဗျာ ။ ထိုင်းမှိုင်းတယ်ဗျာ ။ စိတ်ရဲ့ မငြိမ်မသက်မှု ဖြစ်ရတယ်ဗျာ ။ ယုံမှား တွေးတောတယ်ဗျာ ။ အမှန်တရားကို ဖုံးလွှမ်းတယ်ဗျာ ။ ဒီခြောက်ပါး ဟာ သူတစ်ပါးကို ဟက်တက်ကွဲစေတဲ့ မောင်းပြန် အတက်ပဲဗျ ။ ကြောက်စရာ ကောင်းတယ် ။ ကိုယ့်လူတို့ မဂ်ဖိုလ်ဈာန် ကိုတောင် ပိတ်ပင်တဲ့ တ ရားတွေဗျို့ ။ ဘာမှတ်သတုန်း ။ ဒီအတက်မျိုး ကျုပ်မှာ ရှိတယ် ”

“ ဒီအတက်မျိုး ကျုပ်မှာ ရှိတယ် ” ဆိုတော့ ကိုငြိမ်း ( မန္တလေး ) က ကျုပ်ခြေထောက်တွေကို လိုက်ကြည့်တယ် ။ ကိုဆူးငှက် ကလည်း လက်စသတ်တော့ နေဝင်းမြင့် ဟာ မောင်းပြန်ကြက် တစ်ကောင်ပါလား ဆိုတဲ့ မျက်နှာနဲ့ ကျုပ် ခေါင်းပေါ် အမောက်များ ရှိလေသလား ဆိုတဲ့ မျက်နှာနဲ့ ကြည့်တယ် ။

ကျုပ်ကလည်း စဉ်းစားနေရတာပါပဲ ။ ကိုဆူးငှက် ကြက်မောင်းပြန် ပြီးတော့ ဘယ်သူ ဘာပြောထားပါလိမ့် စဉ်းစားတယ် ။ သတိရပြီ ။ ကိုသိုက်ထွန်းသက် ။ မီးလျှံတွေ မှုတ်ထုတ်တဲ့ အိမ်မြှောင်တစ်ကောင် သူတွေ့ခဲ့တာပဲ ။ ကျုပ်က ကိုသိုက် ဘက် လှည့်တော့ ကိုသိုက် က ကျုပ်ကို ပြူးကြည့်နေလေရဲ့ ။

“ ဘာထူးသလဲ ကိုသိုက်ရဲ့ ။ ကျုပ်တို့ မှာလည်း စိတ်ကြောင့် အပူတုံးကြီး ဖြစ်ရ ၊ စိတ်ကြောင့် အအေးတုံးကြီး ဖြစ်ရ ဖြစ်နေကြတာပဲ ။ စိတ္တဇသီတနာစိတ်ကြောင့် အေးခဲလိုက် ၊ စိတ္တဇဥဏှနာစိတ်ကြောင့် အပူလုံးကြွလိုက်ပုံများတော့ အပူလုံးကြွတုန်း အမျက်စောင်မာန်နဲ့ ပေါင်းလိုက်တော့ ဒေါသခိုးများဟာ ခြောင်းခြောင်းထွက်တာပေါ့ ။ ကျုပ်မှာ အဲသလို ဒေါသမျိုး ရှိတယ် ။ အဲသလို စိတ္တဇဥဏှနာ ရှိတယ် ”

  ••••• ••••• •••••

၁၂ ။

“ ကိုမောင်မောင်မြင့် ပြောတဲ့ မေဖလိုင်းယင်ကောင်ကတော့ ဘာထူးလို့လဲ ။ အသက် တစ်ရက်ပဲ ရှည်တာတို့ ၊ ပါးစပ် မပါတော့ ဝမ်းဗိုက်အစာ အိမ်မပါတာတို့ ထူးဆန်းပါတယ် ။ မထူးဆန်းဘူး ကျုပ် မပြောဘူး ။ ဒါပေမဲ့ ကျုပ်တို့ လူတွေကကော အစာဟောင်းဟာ အစာအိမ်ထဲ ဘယ် လောက်များ ကြာကြာနေလို့လဲ ။ လူ့သက်တမ်းကကော ဘယ်လောက် ရှည်ကြလို့လဲ ။ ကျင်လည်ခဲ့ရတဲ့ သံသရာနဲ့ နှိုင်းယှဉ်ရင် ကျုပ်တို့ ဘဝကကော အလွန်ဆုံးရှိရင် လက်ဖျစ်တစ်တွက်ပေါ့ဗျာ ။ မဟုတ်ဘူးလား ။ သင်္ချေ ဆိုသကိုး ကိုသိုက်ရဲ့ ။ “ ကျော်သည် ရှိန်းရှိန်း ၊ တစ်သိန်းမက ဖြည့် တစ်သင်္ချေ ” တဲ့ ၊ တပြောင်းပြန်ပြန် သံသရာမှာ ဘဝဟာ တစ်အိုးတစ်အောင့် မဟုတ်လား ။ မေဖလိုင်း ယင်ကောင်လို ကရင်း ခုန်ရင်း သေကြရသူတွေချည်းပဲ ။ အာဂန္တုချည်းပဲ ”

ကျုပ်က တစ်ဆက်တည်း ဆရာညီစေမင်း ပြောတဲ့ ခေါင်းပေါ်မှာ မျက်လုံးပါတဲ့ ကင်းမြီးကောက် ဆိုတာကိုလည်း ရှင်းပြလိုက်တယ် ။ ငှက် မွေးလျှာပါတဲ့ တိုကန်ငှက် ဆိုတာရောပေါ့လေ ။ ကိုညီပုလေး ရဲ့ သမင်ကိ စ္စကိုလည်း မထူးဆန်းလှပါဘူး ။ ကျုပ်မှာ ရှိပြီးသားပဲ ဆိုတာမျိုး ရှင်းပြလိုက်တယ် ။

“ ကျုပ်မှာလည်း မျက်လုံးဇောက်ထိုးနဲ့ ပါဗျာ ။ အဝိဇ္ဇာမာနပညတ် အထင်အရှား မရှိတဲ့ ပညတ်ကို မြင်ချင်သလို မြင်ချင်တာနဲ့ မြင်လိုက်ရတာ ချည်းပဲ ။ ကျုပ်ဆို ဒီလို မြင်လိုက်တာပဲ ။ မိုက်မြှေး မောဟာ ၊ အဝိဇ္ဇာကို ပယ်ခွာပိုင်းဖြတ် ၊ မဂ်ဉာဏ်မြတ်ရယ်လို့ ကျုပ်မယ် တစ်ရွေးသားတောင် မရှိဘူး ။ အမှန်ကို မမြင်တဲ့ မောဟမျက်လုံးတွေ ၊ မောဟလျှာတွေ ကျုပ်မှာလည်း ရှိတာပဲဟာ ။ အရွတ်နုတွေ မြည်တာကို ခွန်အားလုပ်ပြီး ပြေးရတဲ့ သမင်က ကော ၊ ကျုပ်တို့မှာလဲ “ ဗျာပါရ ” ကြောင့်ကြခြင်း ၊ စိုးရိမ်ခြင်း အသံကလေးများ ချွင်ခနဲ တစ်ချက်မြည်တိုင်း ပြေးလိုက်ရတာမှဗျာ ။ ပြေးရင်းလွှားရင်းက သူတစ်ပါး ပျက်ရာပျက်ကြောင်း ကြံမိသေးတာကော ခင်ဗျ ။ ဒါကို ဗျာပါဒ ခေါ်တယ် ။ ဗျာပါရ နဲ့ ယှဉ်ပြီး ဖြစ်နေတဲ့ ဗျာပါဒ ”

ဒီလူတွေ အားလုံး ကျုပ်ကို မကြည်ကြဘူးဆိုတာ သူတို့ မျက်နှာတွေ ကြည့်ရုံနဲ့ သိသားပဲ ။ ကတ်ဖိုးကတ်ဖဲ့ ပြောနေတာပါကွာ ဆိုတဲ့ အသံလည်း ကြားလိုက်ရတယ် ။ ဒီမှာတင် တစ်ယောက်စီ မတ်တတ်ထရပ်ကြတယ် ။ ပြန်ကြတော့မယ်ပေါ့ ။ စကားဝိုင်း ကောင်းနေတာကို သင်းမို့ ဖျက်ရက်လေခြင်း ဆိုတာမျိုးနဲ့ ကျုပ်ကို စကား ပြန်မပြောကြဘူး ။ နှုတ်ဆက်တာမျိုး ၊ ထောက်ခံတာမျိုးလည်း မရှိဘူး ။ အဆိုးဆုံးက ကျုပ် ပြောတာတွေကို မယုံကြတာဘဲ ။ ကျုပ်က “ ခင်ဗျားတို့ မယုံကြဘူး ဆိုရင် ခင်ဗျား တို့ ပြောတဲ့ သတ္တဝါမျိုး ဖြစ်အောင် ကျုပ်ကိုယ် ကျုပ် ဖန်ဆင်းပြနိုင်တယ် ” ဆိုတော့ ဒေါက်တာ စောလှခိုင် က ဖယောင်းတိုင်မီးနား ကပ်ပြီး စာရွက်ပေါ်မှာ ဆေးညွှန်းစာလေး ရေးပေးတယ် ။ ကျုပ် လက်ထဲ ထည့်တယ် ။ ကိုဟန်တင့်ဆိုင်မှာ ဝယ်ရင် ရတယ် ။ မြန်မြန် ဝယ်သောက်လိုက်ပါ လို့ ပြောနေသေးတယ် ။

“ လက်စသတ်တော့ ကိုနေဝင်းမြင့် က စကစ်ဇိုဖရီးနီးယားပဲဗျ ” လို့ တစ်ယောက်က ပြောလိုက်တာကို တစ်ယောက်က “ မဟုတ်ဘူးဗျ ။ ဟစ်စတီးရီးယားကို ဖြစ်နေတာ ” တဲ့ ။ ကျုပ် ကြားသားပဲ ။ တစ်ယောက်ကများ ဆိုရင် “ မျိုးရိုးရှိတယ်နဲ့ တူတယ်ဗျ ” တဲ့ ။ ဒါကို “ မျက်နှာပြောင်တာပါဗျာ ” လို့ တစ်ယောက်က ကွန့်သေးတာ ။ ကိုငြိမ်းက “ မဟုတ်ဘူးဗျ ။ ဒီလူက စာခံနေတာ သေချာတယ် ” တဲ့ ။ ထားပါတော့ ၊ အားလုံး ကားပေါ် တက်သူက တက် ၊ ဆိုင်ကယ်ပေါ် ခွသူက ခွကုန်ကြပြီ ။ မပြန်လို့ကလည်း မဖြစ်တော့ဘူးကိုး ။ ကျုပ်ကလည်း ဘယ်ကားပေါ် တက်မိမှန်းတောင် မသိ တော့ပါဘူး ။ ကားပေါ်မှာ ရယ်သံတွေ တဝေါဝေါ ရှိနေတာတော့ သိပါရဲ့ ။ ရှေ့နေကြီးအသံက အအောင်ဆုံး ။

“ ဒါမျိုးက မြန်မာဆရာမှ ကောင်းတာဗျ ။ ပယောဂပါ တွဲကိုင်တဲ့ ဆ ရာတွေ ရှိပါတယ် ။ စဉ့်ကိုင်ဘက်မှာလား ဘယ်မှာလား ကြားဖူးပါတယ် ”

ကျုပ်ကတော့ ခေါင်းကို မထောင်နိုင်တော့တာ ။ ကားထဲ ပါတဲ့ လူကချည်း ခြောက်ယောက် ။ ရှေ့မှာက မော်တော်ဆိုင်ကယ်တွေ ၊ လမ်းပေါ်မှာလည်း ကျုပ်တို့ချည်းလိုလို ပြောပါတော့ ။ ကားထဲက လူတွေ ကြည့်တော့ ကျုပ်မျက်စိထဲ ငှက်တွေ ဖြစ်လိုက် ၊ ဖားတွေ ဖြစ်လိုက် ၊ အိမ်မြှောင်တွေ ဖြစ်လိုက် ၊ ငါးတွေ ဖြစ်လိုက် ၊ ယင်ကောင်တွေ ဖြစ်လိုက် ၊ ကင်းမြီး ကောက်တွေ ဖြစ်လိုက်ကိုး ။ နာနာရူပ ခေါ်တဲ့ အထူးထူးသော အရုပ်တွေ ဖြစ်နေတယ် ။ သူတို့ကလည်း ကျုပ်ကို ဒီလို မြင်ကြပုံပေါ်တယ် ။ ကျုပ်ကို ကြည့်ကြတိုင်း တဝေါဝေါ ရယ်နေကြတာကိုး ။ ရှေ့နေကြီးက အော်နေလေရဲ့ ။

“ လက်စသတ်တော့ ကိုနေဝင်းမြင့် က သတ္တရူပ ဗျ ၊ ဖားကိုယ်လုံး ၊ ငှက် နှုတ်သီး ၊ ငါးတံငါ အကြေး ၊ ကင်းမြီးကောက်ကွေး ၊ ကြက်အတက် ၊ ယင်ကောင်အတောင်ပံ ၊ အိမ်မြှောင်မြီးတလှုပ်လှုပ်နဲ့ သတ္တဝါ ခုနစ်မျိုး ပေါင်းထားတာ ”

ဒီတော့ ကိုငြိမ်း က ဝင် ထောက်ခံတယ် ။

“ ဟုတ်တယ်ဗျ ၊ ကျောက်တော်ကြီး ဘုရားပွဲကျရင် ထူးဆန်းသော သတ္တဝါကြီး ဆိုပြီး ရုံသွင်းပြမယ် ။ ကိုငြိမ်း အကြံ မပိုင်ဘူးလား ”

ဒီတော့မှ ကျုပ်လည်း လန့်သွားတယ် ပြောပါတော့ ။ ဒီလူတွေက မလုပ်ဘူး မပြောနိုင်ဘူးလေ ။ “ ထူးဆန်းသော နာနာရူပသတ္တဝါ ၊ လူကြီး ၁၀၀ ၊ ကလေး ၅၀ ” ဆိုတာမျိုးနဲ့ ပိတ်ကားလေး ချိတ် ၊ စင်ကလေး ထူချင် ထူကြမယ့်လူတွေ ။

▢  နေဝင်းမြင့်
📖 ရွှေအမြုတေ ရုပ်စုံ မဂ္ဂဇင်း
      ဇူလိုင်လ ၊ ၂၀၀၃ ခုနှစ်

No comments:

Post a Comment