❝ သိင်္ဂါရ ရသ ❞
( ဇော်ဇော်အောင် )
ဘတ်စ်ကားသည် ဗြုန်းခနဲ ထိုးရပ်လိုက်၏ ။ ကားပေါ်က လူအားလုံး ရှေ့သို့ ငိုက်ခနဲ ယိုင်သွားကြသည် ။ ဘိုကလေးဈေး မှတ်တိုင်သို့ ရောက်ပေပြီ ။ ဆင်းသူက ဆင်း၏ ။ တက်သူက တက်၏ ။ အားလုံး ရှုပ်ယှက်ခတ် နေပေသည် ။ နွားနို့ပုန်းကြီး နှစ်လုံးကို မနိုင့်တနိုင် ဆွဲကာ တက်လာသော ကု,လားကြီးကို လက်မှတ်ရောင်းက ငေါက်၏ ။ ကု,လားကြီးကလည်း ရှူးရှူးရှားရှား ပြန်ပြော၏ ။ တရုတ်မဝဝကြီး နှစ်ယောက်ကလည်း နောက်ဆုံးခုံတွင် တကွိကွိ တကွကွ စကားလက်ဆုံ ကျနေကြ၏ ။ အမျိုးသမီး လှလှလေးများ တက်လာ၍ နေရာ ထပေးသူက ပေး၏ ။ လက်မှတ်ရောင်းကလည်း ကားခ တွင်တွင် တောင်းလျက် ငါးကျပ်တန် ပေးထားရာ အအမ်း မရသေး၍ နားပူသူက ပူ၏ ။ မက်မန်းပေါင်းနှင့် ယနေ့ထုတ် ဘားမားစတား ရောင်းသော လူငယ်ကလေးများကလည်း ကားပေါ် တက်ကာ ကျွတ်ကျွတ်ညီအောင် အော်နေကြ၏ ။ ဘက်စ်ကား တစ်စီးလုံး ဆူလျက် ၊ ညံလျက် ၊ ရှုပ်လျက် ၊ ပွေလျက် အုတ်အုတ်ကျက်ကျက် ဖြစ်နေပေသည် ။
ဘတ်စ်ကားသည် ဤမှတ်တိုင်တွင် အကြာကြီး ရပ်လေ့ရှိ၏ ။ အခုမှပင် ကားဘေးသို့ လှည့်စောင်းကြည့်မိသည် ။ ကဇော်ဆိုင်ကြီး ပါကား ။ ထိုဆိုင်ကြီး၏ ပတ်ဝန်းကျင်သည် ဒိုဘီဝတ် အမျိုးကောင်းသားဂေါ်ရီဂျီများ ဖြင့် ပြည့်နှက်စုပြုံ ပြွတ်သိပ် ရှုပ်ထွေးနေပေသည် ။ နားကွင်းကျယ်ကျယ်နှင့် အမျိုးကောင်းသမီး ဂေါ်ရင်ဂျီမများလည်း ရှိပေသည် ။ သူတို့ အားလုံး၏ အဝတ်အစားများသည် စုတ်ပြတ်ညစ်ပေနေပေသည် ။ ကဇော်ဆိုင် အတွင်းသို့ သောက်ရန် ဝင်သူက ဝင်၏ ။ ကဇော်ဆိုင် အပြင်သို့ သောက်ပြီး၍ ထွက်သူက ထွက်၏ ။ ပလက်ဖောင်းဘေး ၊ ပလက်ဖောင်းပေါ် ၊ သစ်ပင်အောက်တို့ တွင်လည်း နှစ်ယောက်တစ်တွဲ သုံးယောက်တစ်တွဲ ဝိုင်းဖွဲ့ကာ ခွက်လှည့်ကျ သောက်နေကြ၏ ။ သူတို့ ရှေ့တွင် ဆန်ဆေးရေပုလင်းနှင့် တူသော အဖြူနှစ်ရောင် ကဇော်ပုလင်းကလေးများ ထောင်လျက် တွေ့ရ၏ ။ ပြောလိုက်သည့် စကား ၊ ဆိုလိုက်သည့် သီချင်း ၊ ဖြစ်လိုက်သည့် ရန် အုန်းအုန်းကျွက်ကျွက် ညံပါလေရော ။ သစ်ပင်အောက် တစ်နေရာတွင် ဂေါ်ရင်ဂျီ တစ်ယောက် ပက်လက်လန် လဲကျကာ မျက်ဖြူဆိုက်နေသည် ။ သူ့မိတ်ဆွေ ဖြစ်ဟန်တူသော အခြား ဂေါ်ရင်ဂျီတစ်ယောက်က ကဇော်ကို လက်ခုပ်ထဲတွင် ထည့်၍ ယူလာ၏ ။ မျက်ဖြူဆိုက် လဲနေသော ဂေါ်ရင်ဂျီ၏ ပါးစပ်ကို အခြား တစ်ယောက်က အတင်း ဖြဲပေး၏ ။ ထို့နောက် လက်ခုပ်ဖြင့် ( ကစော် ) ကဇော် ယူလာသော ဂေါ်ရင်ဂျီက လဲနေသော ဂေါ်ရင်ဂျီ၏ ပါးစပ်ထဲသို့ ကဇော်ကို လောင်းထည့်ပေး၏ ။ ထိုပုဂ္ဂိုလ်၏ လက်ခုပ်ကလည်း အံ့ဖွယ်တစ်ပါးပင် ။ ခြေလှမ်း ဆယ်လှမ်းလောက် အကွာမှ ယူလာရာတွင် လက်ခုပ်ထဲက ကဇော်သည် တစ်စက်ကလေးမှ မယိုမဖိတ် ။ ကိုယ့်အချင်းချင်း တယ်ချစ်ကြပါကလား တယ်စေတနာရှိကြပါလား ။ တစ်ယောက်တည်း မျိုလို့ မကျနိုင်ပါ ကလားဟု ကျွန်တော် စဉ်းစားမိပါသည် ။
တစ်ယောက်သော ဂေါ်ရီဂျီသည် လက်တစ်ဖက်တွင် အာတာပုလင်းကို ဆွဲ၍ လက်တစ်ဖက်က ဂျလေဗီ မုန့်အကွင်းကလေး တစ်ခုကို ကိုင်လျက် ကနေသည် ။ ဂျလေဗီကို တစ်ကိုက် ကိုက်လိုက် ၊ ကဇော် တစ်ကျိုက် ကျိုက်လိုက် ၊ ဂျလေဗီ တစ်ကိုက် ကဇော် တစ်ကျိုက် အလှည့်ကျ စခန်းသွားရင်း ဘာအကမှန်း ခန့်မှန်း၍ မရသော အကကို ကနေပေသည် ။ အရက်နှင့် အချို မတည့်ဟု ကျွန်တော် ကြားဖူးပါသည် ။ ယခု ကျွန်တော့်တွင် ဗဟုသုတ တိုးပေပြီ ။ ထို့ကြောင့်လည်း ကျွန်တော့်သူငယ်ချင်း ဘသန်းတင် သည် ဟင်နက်ဆီဘရန်ဒီနှင့် သစ်သီးကိတ် အလွန် လိုက်ကြောင်း ခဏခဏ ပြောခြင်း ဖြစ်ပေလိမ့်မည် ။ ထိုဂေါ်ရင်ဂျီသည် သောက်ရုံစားရုံ ကခုန်ရုံ မက သီချင်းကလေးများပင် ဆိုလိုက်သေး၏ ။ သူ့သီချင်းနှင့် သူ့အသံကလည်း အံ့ဖွယ်ရာပင် ။ အဘယ့်ကြောင့်ဆိုသော် သူ့သီချင်းသည် " အပျိုကြီး မမရယ် " ဟူသော သီချင်း ဖြစ်၍ သူ့အသံသည် ပီသ ကြည်မြလှသော မြန်မာစစ်စစ်ကြီး ဖြစ်သောကြောင့်တည်း ။
ကျွန်တော်သည် ရှုပ်ထွေးဆူညံသော ၊ ညစ်ပတ်ပေရေသော ၊ စုတ်ပြတ်နုံချာသော ဤပတ်ဝန်းကျင်ကို ကြည့်ရင်း စိတ်ရှုပ်သလို ဖြစ်မိ၏ ။ သို့ရာတွင် အကြောင့်အကြ ကင်းမဲ့စွာ သောက်စားပျော်ပါးနေကြသော သူတို့၏ ဘဝ ၊ ပျော်ရွှင်မှု ၊ လွတ်လပ်မှု ၊ အပူအပင်ကင်းမှုတို့ကိုလည်း အားကျသလိုလို ၊ သူတို့ကို ကြည့်ရင်း ပျော်သလိုလို ဖြစ်မိသည် ။ တစ်ချိန်တည်းတွင် အာရုံနှစ်ခု ဖြစ်ပေါ်နေသော ကျွန်တော့် စိတ်သည် လျှာသွက်သော ချိန်ခွင်ပမာ ဟိုဘက် သည်ဘက် တက်လိုက် ကျလိုက် ဖြစ်နေပါသည် ။
ရုတ်တရက် စူးစူးဝါးဝါး အော်လိုက်သော အသံ တစ်သံကို ကြားလိုက်ရ၏ ။ ကျွန်တော့် မျက်လုံးများသည် ပြူးကျယ်၍ သွား၏ ။ ကျွန်တော့် နားရွက် နှစ်ဖက်သည် ခွေးနား ကြောင်းနား ပမာ ဆက်ခနဲ တွန့်သွားသည်ဟု ထင်လိုက်မိပါသည် ။ အသံလာရာဘက်သို့ ငဲ့စောင်း၍ ကြည့်လိုက်မိ၏ ။ ကဇော် မူးနေသော ဂေါ်ရီဂျီကု,လားမ တစ်ယောက်သည် ပလက်ဖောင်းပေါ်တွင် လဲနေရာမှ ကုန်း၍ ကုန်း၍ ထနေသည် ။ နီကြန်တွန့်လိမ်လျက်ရှိသော ဆံပင်တို့သည် ကု,လားမ၏ မျက်နှာ တစ်ခုလုံးကို ဖုံး၍ နေ၏ ။ ကု,လားမ၏ မည်းနက်ခြောက်သွေ့ ပိန်ကပ်နေသော ကိုယ်တွင် အကွက် မပေါ်အောင် ညစ်ပတ်ပေရေနေသော ဆာရီအနီတစ်ထည် မြင်မကောင်း ရှုမကောင်း ရစ်ပတ်၍ နေ၏ ။ တဝေါ့ဝေါ့ အန်နေသောကြောင့် သူ့ဆာရီနှင့် သူ့တစ်ကိုယ်လုံးသည် အန်ဖတ်များဖြင့် ရွှဲရွှဲစိုကာ ပေပွနေ၏ ။ ငေါ်တူးချဉ်စူးသော ကဇော်နံ့ ၊ အန်ဖတ်နံ့များကို ကားပေါ် ကပင် ရပါသည် ။ ကု,လားမသည် လဲနေရာက ကုန်းထလိုက် ပြန်လဲသွားလိုက် ဖြစ်နေသည် ။ ပါးစပ်ကလည်း ပွက်ပွက်ရိုက်အောင် အော်ဟစ်ဆူညံနေပေသည် ။ ကု,လားမ၏ ဘေးတွင် သူ့ယောက်ျားဖြစ်ဟန်တူသော ဂေါ်ရင်ဂျီတစ်ဦးသည် ကု,လားမကို ဖျောင်းဖျ ထိန်းသိမ်းရန် ကြိုးစားနေ၏ ။ ထိုကု,လား၏ ကိုယ်တွင် အင်္ကျီမရှိ ၊ တံဆိပ်စာလုံးများ ပြက်ပြယ်မှေးမှိန်စပြုနေသော ဂျုံမှုန့်အိတ်ပိုင်း အတစ်ခုကို အရှက် လုံလောက်သာ အောက်ပိုးကျိုက်၍ ထားသည် ။ သူ့အသားအရေသည် မည်းနက်ခြောက်သွေ့ကာ သူ့ကိုယ်လုံးသည် ကြုံလှီပိန်ကပ်၍ နေ၏ ။ ကြိုးနှင့် သီတွယ်ထားသော ငါးကလေးသုံးကောင်ကို ပလက်ဖောင်းပေါ် တွင် ချ၍ ကု,လားမကလည်း အော်လိုက် ဟစ်လိုက် ရုန်းလိုက်ကန်လိုက်နှင့်ပင် ။ ကု,လားသည် ကု,လားမကို အသာအယာ ချော့မော့ဖေးမ၍ ထူရန် လှမ်း၍ ကိုင်လိုက်သည်တွင် ကု,လားမသည် ထိုင်ရာက ကု,လား၏ ရင်ဝကို ဆောင့်၍ ကန်လိုက်ရာ ကု,လားခမျာ နောက်သို့ ဝုန်းခနဲ ပတ်လက်လန် လဲကျသွားရှာသည် ။ ပြန်ထကာ ကု,လားမကို ချော့မော့ရန် ထပ်၍ ကြိုးစား၏ ။ ကု,လားမသည် အော်ဟစ်ရင်း ကု,လား၏ တွန့်လိမ်နေသော ဆံပင်အုပ်လုံးကို ဆွဲကာ ပါးကို ရိုက်ပြန်တော့၏ ။ ဘေးမှ ဂေါ်ရင်ဂျီများ ကလည်း အော်သူအော် ၊ လက်ခုပ်လက်ဝါး တီး၍ ဩဘာပေးသူက ပေးနှင့် ဝိုင်းလာကြ၏ ။ ကု,လားမသည် ကု,လား၏ ပါးကို ဆက်ကာဆက်ကာ ရိုက်၏ ။ ဆံပင်ကို ဆွဲ၏ ။ လက်မောင်းကို ကိုက်၏ ။ ရင်ဘက်ကို ထု၏ ။ ကု,လားသည် ကုလားမ၏ လက်တွင်းဝယ် ယက်ကန်ယက်ကန် ဖြစ် နေရှာ၏ ။ သို့သော် ကု,လားမ လုပ်သမျှကို ငုံ့ခံကာ ပါးစပ်ကသာ တတွတ်တွတ် ချော့မော့နေရှာသည် ။ ကု,လားမသည် အားယူ ထပြီးနောက် ကုန်းကုန်းကလေး ဒူးထောက်လျက်သား ဖြစ်နေရှာသော ကု,လား၏ ခေါင်းကို ခြေထောက်နှင့် ကျုံး၍ ကန်လိုက်ပြန်၏ ။ ကု,လားမသည် သူ့ကိုယ်သူ မနိုင်ဘဲ တစ်ပတ်လည် ထွက်သွားကာ ကု,လားအပေါ်သို့ ကျသွားတော့သည် ။ သူတို့ နှစ်ယောက်လုံးသည် ပလက်ဖောင်းပေါ်တွင် အိုင်ထွန်းနေသော ကဇော်အန်ဖတ် ထဲ၌ လုံးထွေး၍ နေတော့သည် ။
ထိုအခိုက်တွင် ဂီယာသံ ကြားရ၍ ကားဘီးများ လိမ့်ကြလေပြီ ။ ကဇော်ဆိုင်ကြီးသည် လည်းကောင်း ၊ ကဇော်သောက် ပရိတ်သတ်သည် လည်းကောင်း ၊ ကဇော်မူးနေသော ဂေါ်ရင်ဂျီ ကု,လားမသည် လည်းကောင်း ၊ ထိုကု,လားမကို ချော့မော့နေသော သူ့ယောက်ျား ဂေါ်ရင်ဂျီကု,လားသည် လည်းကောင်း နောက်တွင် ကျန်ရစ်ခဲ့ပေပြီ ။ ရှုပ်ထွေးဆူညံသော ၊ ညစ်ပတ်ပေရေသော ၊ စုတ်ပြတ်နုံချာသော ၊ အရုပ်ဆိုးအကျည်းတန်သော ပတ်ဝန်းကျင်သည် ကျန်ရစ်ခဲ့ပေပြီ ။ ထိုပတ်ဝန်းကျင်ကို ကြည့်ရှုခဲ့ မြင်ခဲ့ တွေ့ခဲ့ရသောကြောင့် ကျွန်တော့်ရင်သည် တလှပ်လှပ် ဖြစ်၍လာသည် ။ အသည်းနှလုံးတွင်ဝယ် သိမ်မွေ့ နူးညံ့လှသော လှုပ်ရှားမှု စိတ်လှိုင်းကလေးတစ်ခု ဖြစ်၍လာပါသည် ။
အထူးသဖြင့်ကား ထိုကု,လားမနှင့် ထိုကု,လားတို့ မြင်ကွင်းသည် ယောက်ျားနှင့် မိန်းမတို့ မေတ္တာသဘောသရုပ်ကို တစ်စိတ်တစ်ပိုင်းအားဖြင့် ဖွင့်လှစ်ပြသသော မြင်ကွင်း ဖြစ်ပေသည် ကျွန်တော် ယူဆမိပါသည် ။ ပါးကို ရိုက်လိုက် ၊ ခြေနှင့် ကန်လိုက် ၊ ဆဲလိုက် ဆိုလိုက် ၊ ကုတ်လိုက်ဖဲ့လိုက် လုပ်ချင်တိုင်း လုပ်နေသည့် ကြားက မျက်နှာသေကလေးဖြင့် ငုံ့ခံကာ တတွက်တွတ် ချော့နေရှာသော ကု,လား၏ စကားများသည် မေတ္တာစကားများ ဖြစ်၏ ။ ကု,လားမ၏ အန်ဖက်များပေါ်သို့ တစ်ပေါက်စ နှစ်ပေါက်စ ကျသွားသော ကု,လား၏ မျက်ရည်ပေါက်များသည် မေတ္တာသက်သေများ ဖြစ်၏ ။ ကု,လားမ၏ အော်ဟစ်ဆဲဆိုသံများသည် ကု,လား၏ အင်အားကြီးမားသော ခိုင်ခံ့မြဲစွဲသော သည်းခံသော မေတ္တာကို အန်တုဖက်ပြိုင်ရာတွင် မနိုင်ဘဲ အချည်းအနှီး ဖြစ်ရသောကြောင့် ထွက်ပေါ်လာသည့် ရှုံးနိမ့်သံများ ဖြစ်ပါသည် ။ ကျွန်တော်တို့ အဖို့ ထိုမြင်ကွင်းကို မြင်ရသည်မှာ မေတ္တာသရုပ်ဖော် ရုပ်ရှင်ကား တစ်ကား ၊ မေတ္တာသရုပ်ဖော် ဝတ္ထုတစ်ပုဒ် ၊ မေတ္တာသရုပ်ဖော် ကဗျာတစ်ပုဒ်ကို တွေ့မြင်ဖတ်ရှုလိုက်ရသည်နှင့် မခြားပါ ။
ကျွန်တော့်စိတ် အရှိတိုင်းသာ ဆိုခွင့်ရှိရပါမူ ထိုဂေါ်ရင်ဂျီ ကု,လားမ နှင့် ဂေါ်ရင်ဂျီကု,လားတို့၏ မြင်ကွင်းသည် သိင်္ဂါရ ရသကို ပြည့်ဝစွာ ပေးစွမ်းနိုင်သော မေတ္တာသရုပ်ဖော် မြင်ကွင်းတစ်ခု ဖြစ်ပါပေသည်ဟု ဆိုရပါမည် ။ သင့်မသင့် ၊ လျော်မလျော်ကို မျှော်ခေါ် စဉ်းစား၍ ပေးတော် မူကြပါဘိ ။
▢ ဇော်ဇော်အောင်
▢ ကံ့ကော်မြိုင်စာတန်း ၊ ၁၉၆၄

No comments:
Post a Comment