❝ မျက်နှာကြက်နဲ့ ခိုအိမ် ❞
( ဆူးငှက် )
စင်စစ် အိမ်အပေါ်ထပ်မှာ လူနေတာ မဟုတ် ။ လူနေတာ မဟုတ်သည့် အပြင် အိမ်အပေါ်ထပ်သို့ တက်သူလည်း ကျွန်တော် တစ်ဦးတည်း ရှိသည် ။ တခြား ဘယ်သူမှ မတက် ။ တစ်ခါတစ်ရံ စာအုပ်ရှာချင်မှသာ ကျွန်တော် တက်ဖြစ်သည် ။ ထိုအခါ လှေကားမှ တက်လိုက်ကတည်းက ဖုန်ထူထူမှာ ခြေရာလေးတွေ ထင်သွားသည် ။ သည်ခြေရာလေးတွေ လှေကား တစ်ထစ်ပြီး တစ်ထစ် ၊ တစ်ထစ်ပြီး တစ်ထစ် ထို့နောက် အိမ်အပေါ်ထပ် ကြမ်းပြင်ပေါ် နောက်ဆုံးကြမ်းပြင် အလယ်ကောင်က စုပုံထားသော တောင်ပုံယာပုံ ဖြစ်နေသော စာအုပ်ပုံမှ စာအုပ်တစ်အုပ်ချင်းအား ဖုန်တဘုံးဘုံးခါ ၊ လှန်ကြည့် ၊ ပြန်ထား ။ လိုချင်ရင်ဘေးမှာပုံ လိုချင်တာ စုံတော့ စာအုပ်တွေ ယူပြီး ပြန်ဆင်းလာရ၏ ။ အပြန်မှာလည်း ခြေရာလေးတွေတစ်စုံ ။ ပြီးတော့ လှေကား တစ်ထစ်ချင်း တစ်ထစ်ချင်းအားဆင်း ။
ဤသို့ဖြင့် တစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါ ပုံမှန်မဟုတ်သော နှုန်းဖြင့်သာ အိမ်ပေါ် ရောက်ဖြစ်သည် ။ သို့သော် မိုးတွေ အုံ့ဆိုင်းနေလျှင်သော် လည်းကောင်း ၊ ဗြုန်းစားကြီး မိုးရွာချလျှင်သော်လည်းကောင်း ၊ အိမ်ပေါ်သို့ အပြေးအလွှားတက်ရလေ၏ ။ တံခါးတွေ ပိတ်ထားရဲ့လား ၊ မိုးပက်သေးလား ၊ မိုးယိုလား စသည်ဖြင့် စူးစမ်းရတော့သည် ။ ထိုအခါများမှ လွဲ၍ အိမ်ပေါ်သို့ ဘယ်လိုမှ မရောက်ဖြစ် ။ အိမ်ပေါ်ကိစ္စသည် ကျွန်တော်မှ လွဲ၍ ကျန်သူများက သူတို့နှင့် မဆိုင်ဟု သံမဏိစည်းကမ်းချထားပုံလည်း ရသည် ။ ဟုတ်တော့လည်း ဟုတ်သည် ။ အိမ်ပေါ် မှာက ကျွန်တော်နှင့် ဆိုင်သော စာအုပ်များသာ ရှိသည် မဟုတ်လော ။ ကျွန်တော် ငယ်စဉ်က တီးခတ်ခဲ့သည့် ဝါးပတ္တလားအိုး တစ်လုံးသာ ရှိသည် မဟုတ်လော ။ ကျွန်တော် ငယ်စဉ် ပန်းချီဆွဲစဉ်က ပန်းချီကား တချို့ ၊ ပန်းချီကားပေါင်ဟောင်းနှင့် ပန်းချီကား တင်ဆွဲသည့် ဒေါက်တစ်ခုသာ ရှိသည် မဟုတ်လော ။
ဝါးပတ္တလားသည် ကြိုးများပြတ်ကာ ပင့်ကူအိမ်ဖွဲ့နေ၏ ။ ပတ္တလားအိမ် မှာ ပန်းချီကားပေါင်တချို့ မှီထားသည် ။ အဖေ ရှိတုန်းက အိပ်သည့် ခုတင်ပေါ် မှာတော့ စာအုပ်တချို့ ပြန့်ကျဲ ။ ဘုရားစင်ကိုပင် အောက်ထပ်သို့ ရွှေ့သွားကြလို့ ဘုရားစင်မှာ သံဗုဒ္ဓေစေတီပုံ ၊ မှန်ကား ။ ဦးရွှေကြေးဆေးတိုက်က လက်ဆောင် ပေးသည့် ဦးငွေကိုင်၏ ဘုရားကားပန်းချီ ။ ထို့နောက် ပလတ်စတစ်ပန်းတွေ ထိုးထားသည့် ညောင်ရေအိုး ။
ဒါပဲ ရှိသည် ။ ဘုရားစင်ဘေးမှာ အဖေနှင့် အမေပုံရှိသည် ။ မဆေးကြော ၊ မတိုက်ချွတ်လို့ မှန်တွေ မှုန်ဝါးဝါး ။ ဤသို့ဖြင့် အိမ်ပေါ်ထပ်ကား အဖေ မရှိကတည်းက ရှင်းလင်းခြင်း ၊ လှဲကျင်းခြင်း ၊ သန့်ရှင်းခြင်း မလုပ်ခဲ့တာ သည်ရပ်ကွက်လေး မီးဘေးမသင့်မီ အထိဆိုတာ မှတ်မိပါသည် ။
၁၉၉၂ ခုနှစ် ၊ သည်ရပ်ကွက်လေး မီးဘေးသင့်တော့ အိမ်အောက်ထပ်က ရှိစုမဲ့စု ပရိဘောဂတွေ အဝတ်အစားတွေ ထုတ်ပြီးတော့ တခြား ထုတ်စရာကုန်ပြီ ။ ရေခဲသေတ္တာ မရှိ ၊ တီဗီ မရှိ ၊ အပေါ်စက် အောက်စက် မရှိ ။ စတီးခုံတွေ မရှိ ။
သို့သော် ကျွန်တော်ကတော့ အောက်ထပ်က ပစ္စည်းတွေ စိတ်မဝင်စား ၊ အပေါင်းအသင်းတွေ ရောက်လာတော့ အိပ်အပေါ်ထပ်က စာအုပ်ပုံကြီးကို ရရာ စောင်တွေ ၊ ခြင်ထောင်တွေနှင့် ထုပ်ပိုးသယ်သည် ။ စာအုပ်တွေကလည်း အိမ်ပေါ်မှာ အထပ်လိုက် စည်းထားတော့ ဝန်မကျယ်သယောင် ။ ဖြစ်သလို ထုပ်ပိုးပြီး အိမ်ရှေ့ လမ်းတစ်ဖက် ပလက်ဖောင်းမှာပုံတော့ တောင်ပုံယာပုံ ။ ထိုစာအုပ်ထဲမှာမှ ပတ္တလားအိမ်က ထိုးထိုးထောင်ထောင် ။ ပန်ချီကားတွေက ပိုးလိုးပက်လက် ၊ ပတ္တလား ဆံများက ဟိုကြား တစ်ဆံ ၊ သည်ကြား တစ်ဆံ ။
သည်စာအုပ်ကို မြင်သမျှ လူတိုင်းက “ ဘာလို့ အဖိုးတန်ပစ္စည်းတွေ မသယ်ဘဲ စာအုပ်တွေမှ သယ်ရသလဲလို့ တဗျစ်တောက်တောက် ” တချို့က တစ်အုပ်တလေ လှန်လှောကြည့်ပြီး တစ်အုပ်တလေကို ခါးကြား ထိုးသွားကြသည် ။
ဤသို့ဖြင့် ကံကောင်းထောက်မစွာ ကျွန်တော့်အိမ် မီးဘေးမှ ကပ်လွတ်သွားသည် ။ မီးတွေငြိမ်း ။ သယ်ထုတ်ထားသော ပစ္စည်းတွေ နေရာတကျ ပြန်ထားဖို့ စီစဉ်ကြတော့ အိမ်သားတွေဆီက အသံတွေ ထွက်လာ၏ ။ ဇနီးသည်က အစ ပြောလာသည် ။ “ သည်စာအုပ်တွေ ပြန်မသွင်းဘဲ ရောင်းစားပစ်ဖို့ ” လေသံက တစ်သံတည်း ဖြစ်သည် ။ သို့သော် ကျွန်တော်သည် အများဆန္ဒနှင့် ဆန့်ကျင်ပြီး အိမ်အပေါ်ထပ်မှာပင် ကျွန်တော့် ပစ္စည်းတွေ နေရာပြန်ချတော့၏ ။ ထိုအခါ အနှစ်နှစ် အလလ မရှင်းလင်းခဲ့ရသော အိမ်အပေါ်ထပ်သည် မဖြစ်မနေ ရှင်းလင်းခြင်းအဖြစ်သို့ ရောက်ရလေတော့သည် ။ သည်အခါ တက်ရတော့ ခြေရာတွေ မထင် ။
ကြာတော့လည်း မထူးပါဘူး ။ အိမ်ပေါ်တက်တော့ အခါတိုင်းလိုပဲ လှေကားရောက်ကတည်းက ခြေရာ ထင်လာသည် ။ အခါတိုင်းလိုပဲ စာအုပ်တွေ ပွစာကြဲလာသည် ။ အခါတိုင်းလိုပဲ ပတ္တလားအိမ်ထဲ ၊ ခုတင်ပေါ် စာအုပ်တွေ ပြန့်ကြဲ ။ ပန်းချီကားတွေလည်း ပြန့်ကြဲ ။ အဖေနှင့်အမေ ဓာတ်ပုံတွေလည်း ဖုန်နှင့်မည်းသည်း ။
ဒါပေမဲ့ အခါတိုင်းလို မဟုတ်သော အလုပ်တစ်ခုက ပိုလာသည် ။ အိမ်အပေါ်ထပ်တစ်လျှောက် ခိုချေးတွေ ပွစာတက်နေခြင်းဖြစ်သည် ။ ရပ်ကွက်လေးက အိမ်တွေတော်တော်များများ မီးဘေးသင့်ကုန်တော့ ခိုကိုးရာမဲ့ ခိုမိသားစုက အိမ်ပေါ်ထပ်ရောက်လာကြ၏ ။ အပေါ်ထပ်က မျက်နှာကြက်တွေကြားမှာ အိမ်ဖွဲ့ ကြသည် ။ အသိုက်ဆောက်ကြသည် ။ ချေးတွေ ၊ သေးတွေပါကြသည် ။ သူတို့ အညစ်အကြေးတွေက မျက်နှာကြက်ပေါ် ၊ ကြမ်းပြင်ပေါ် ၊ စာအုပ်တွေပေါ်အနှံ့ ... ။
အခုတော့ အိမ်ပေါ် စာအုပ်တက်ရှာတိုင်း ခိုချေးသန့်ရှင်းသည့် အလုပ်က ပိုလာ၏ ။ ကြမ်းပြင်ပေါ် ရှင်းရတာ ကိစ္စမရှိ ။ မျက်နှာကြက်ပေါ်က ဘယ်လိုမှ တက်မရှင်းနိုင် ။ ကြာတော့ မျက်နှာကြက်သည် ခိုတွေကြောင့် ကွာသည့်အထပ်သားက ကွာ ၊ ဟသည့်အထပ်သားက ဟ နေရာအတော်များများ ပျက်လုလု ။ ခိုမိသားစုက ခိုသားသမီးတွေ အိမ်ထောင်ခွဲကြတော့လည်း သည်မျက်နှာကြက်မှာမို့ ခိုဦးရေက တိုးပွားမှုပဲရှိသည် ။ မလျော့ ... ။ ကျွန်တော့်မှာ အပေါ်ထပ် စာအုပ်ရှာ ရုံမက မျက်နှာကြက် မော့ကြည့်ရသည့် အလုပ်က ပိုလို့ ။ မတတ်နိုင် ... ။
အခု ရက်ပိုင်း အိမ်ပြင်ဖို့ အခြေအနေ ဖြစ်လာ၏ ။ အဖေ့ လက်ထက်ကတည်းက ဆောက်ခဲ့သော ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးကို ပျဉ်တွေ ခွာပြီး အုတ်စီနံကပ်ဖို့ ဖြစ်သည် ။ အဖေ ကိုယ်တိုင် မုံရွာအလုံ ထိသွားပြီး “ ထုကပ် ” အမိုးတွေလည်း သွပ်မိုး နှင့် လဲရမည် ။ ရာသီဥတုနှင့် မျှတသော သင့်တင့်သော မြန်မာ့သစ်တောပစ္စည်းတွေ ပေမယ့် ခေတ်နှင့် မလျော်ညီရင်ဖြင့် ဖယ်ရုံပေါ့ ။
အိမ်သားတွေက သွပ်မိုးကိစ္စ ၊ နံကပ်ကိစ္စ လုံးပန်းနေဆဲ ကျွန်တော်က လက်သမားဆရာထံ “ ခိုအိမ် ” လေးတစ်လုံး အမြန်ဆောက်ပေးဖို့ ပူဆာနေမိသည် ။ ဇနီးသည်က “ ခိုအိမ် ” လေးအတွက် လုံးပန်းနေသော ကျွန်တော့် အနား လာပြီး ... ။
“ ကိုကို .. ကိုကို့ခိုအိမ်က အရေးတကြီး ဘာလုပ်မလို့လဲလို့ အစ်မကြီးက မေးနေတယ် ” ဟု တိုးတိုး လာမေး၏ ။
ကျွန်တော်က “ မျက်နှာကြက် ပြင်မလို့ကွ ” ဟု ပြန်ဖြေမိသည် ။
ဇနီးသည် မျက်လုံးအဝိုင်းသားနှင့် ဆိုသည် ။
“ ဘယ်လို ... ဘယ်လို မျက်နှာကြက် ပြင်မှာနဲ့ ခိုအိမ်နဲ့ ဘာဆိုင်လို့လဲလို့ ”
“ အိမ်အပေါ်ထပ်မှာ ခိုတွေ ရှိနေတယ် ခင်မမရဲ့ ”
“ မျက်နှာကြက် ပြင်လိုက်ရင် ခိုတွေ လာမှာ မဟုတ်ဘူးလေ ”
“ ဟုတ်တယ်လေ ။ မျက်နှာကြက် ပြင်လိုက်ရင် ခိုတွေ နေလို့ မရမှာမို့ ခိုအိမ်လေး ဆောက်တာပေါ့ ”
“ တိရစ္ဆာန်ပဲ ကိုကိုရယ် ”
“ ဘာ တိရစ္ဆာန်ပေမယ့် သူတို့ခမျာ နေစရာထိုင်စရာ မီးလောင်ကုန်လို့ ရှိတဲ့ နေရာလေး ကုတ်ကတ် နေရရှာတာကွာ ။ တို့ကပါ သူတို့ကို မောင်းထုတ်လိုက်ရင် ဘယ်သွား နေကြမလဲ ။ နေစရာ မရှိတော့ သူတို့လည်း လူရမ်းကားတွေရဲ့ လောက်စာလုံးနဲ့ ပိုနီးသွားမှာပေါ့ ။ ဒါ့ကြောင့် သူတို့အတွက် ခိုအိမ်လေးတစ်လုံး အရင် ဆောက်ပေးမယ် ။ ခိုအိမ်လေးမှာ သူတို့ကို ပြောင်းပေးမယ် ။ ပြောင်းပေးပြီး နေရာတကျဖြစ်မှ မျက်နှာကြက် ပြင်မှာပေါ့ ခင်မမရယ် ”
ခင်မမ သက်ပြင်းတစ်ချက် ဟင်းခနဲ ချသည် ။
ကျွန်တော်က ခင်မမကို တိုးတိုးလေးပြောပြလိုက်သေးသည် ။
“ ကိုယ်ချင်းစာမှပေါ့ ခင်မမရယ် ”
မြို့သစ်က လာ၍ အလုပ်ဆင်းရသော လက်သမားဆရာလေးက -
“ ဟုတ်တယ် ဆရာရေ ။ ကျွန်တော်လည်း ကိုယ်ချင်းစာပြီး ခိုအိမ်လေးကို ဒီနေ့အပြီး လုပ်ပေးမယ် သိလား ” ဟု လှမ်းအော်လိုက်သည် ။
အိမ်တံစက်မြိတ် ကြားမှ ခိုလေးတွေ ဂူးဂူးသံပေး၏ ။
▢ ဆူးငှက်
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇူလိုင်လ ၊ ၁၉၉၅ ခုနှစ်

No comments:
Post a Comment