❝ အိမ်နီးချင်း ❞
( ပီမိုးနင်း )
“ ဆရာ အခုတလော ဟိုဘက်ခန်းက ဘာဖြစ်သလဲ မသိဘူး ၊ စောင်းသလိုလို ပြောင်သလိုလိုနဲ့ စကားလည်း မပြောဘူး ၊ ဘာများ ပတ္တလာဂျိ ဖြစ်သလဲ မသိဘူး ”
ဆရာလှ ။ ။ “ ဘယ်သူလဲ ၊ အရေးစိုက်လို့ ”
မယ်ခင် ။ ။ “ ဘယ်သူရမလဲ ဆရာရဲ့ ၊ မိချိုတို့ ညီအစ်မပေါ့ ၊ ခါတိုင်းဆိုရင် ကူးလို့ သန်းလို့ ၊ မီးဖိုချောင်ကို ဝင်ပြီး ဆားနှိုက် ၊ ကြက်သွန်နှိုက် ၊ အခုတော့ မျက်စောင်းတောင် မထိုးဘူး ”
“ နင်က ဘာလုပ်မိလို့လဲ ”
“ ကျွန်မ ဘာမှ မလုပ်မိပါဘူး ၊ ဪ .. သတိရပါပြီ ၊ သုံးလေးရက်လောက်က အိမ်က ကောင်မ ၊ ဟိုတိရစ္ဆာန်မ မိအေး ၊ မီးဖိုချောင်မှာ ဆားအိုးကို ဖွင့်ထားတယ် ။ အိမ်မြှောင်တစ်ကောင်က အိုးနှုတ်ခမ်းမှာ တက်နေတယ် ။ ကျီးကန်းတစ်ကောင်ကလည်း နှိုက်တော့ မလို လုပ်နေတယ် ။ ဒါနဲ့ ကျွန်မက ဆူတယ် ။ ကျွန်မ ဆူတော့ သူတို့ ရယ်မောနေရာက အသံတိတ်သွားတယ် ။ အဲဒီကတည်းက စပြီး သုန်မှုန်နေတာပဲ ၊ သူတို့ကို စောင်းတယ် ထင်လို့ပေါ့ ”
“ ဒီလို ကောင်မတွေ အရေးစိုက်လို့ ၊ သူတို့မောင် ချစ်တီးက လူမိုက် ၊ အရင် မယ်ပို တို့ နေတုန်းကလည်း စားရသောက်ရရင် တစ်မျိုး ၊ မစားရရင် တစ်မျိုး ၊ ပြီး ... သူတို့ မောင်နဲ့ တိုက်ပေး ၊ ဟိုခွေးမသား လူမိုက်က မယ်ပို ကို ပါးရိုက်လို့ ထောင်ခြောက်လ ကျသွားပါရောလား ”
“ ဒီလိုဖြင့် ကျွန်မ ကြောက်တယ် ဆရာရဲ့ ၊ ကျွန်မတို့ လူမိုက်တွေ ဘာတွေနဲ့ နီးနီးကပ်ကပ် မနေချင်ဘူး ”
“ ဘာကြောက်ရမလဲ ငါရှိတယ် ၊ ငါတို့လို အိမ်နီးချင်းမျိုးဆိုတာ စောင့်ရှောက်ရတာ ၊ ဘာမှ မပူနဲ့ ၊ နင့် ခြေအောက်ကို သူတို့ အားလုံး ရောက်အောင် ငါလုပ်မယ် ၊ အခု အတောအတွင်းမှာ ငြိမ်ငြိမ်ကလေး နေ ၊ ဘာမှ သတိ မထားသလို နေ ၊ ငါ ဓာတ်ရိုက်ပြမယ် ၊ နက္ခတ် မကြုံသေးလို့ ၊ တနင်္ဂနွေ ပြောင်းဖို့ ရက်ကလေး လိုနေတယ် ”
“ ဆရာ့ဟာက ဘယ်လောက် ကြာနေမှာလဲ ၊ စောင်းတာ ၊ မြောင်းတာတွေကို ကျွန်မ ခံနေရမှာလား ”
“ ခံနေ ။ မကြားဟန် ဆောင်နေ ။ မသိဟန်လုပ် ။ တစ်ခါတလေ ရယ်မောပြီး သူတို့ အခန်းကို ကူး ၊ ကွမ်းအစ်ဆွဲစား ၊ နင့်ကို ပါးမရိုက်ဝံ့ဘူး ။ ငါ ရှိသေးတယ် ။ ငါ့ခတ်ဆေးကလေး တစ်ခုလည်း လုပ်ပေးမယ် ။ ခတ်ဆေးက သာစွမ်းတယ် ။ ဂမုန်းကလေး လိုနေလို့ ၊ စစ်တွေ က ဘုန်းကြီး တစ်ပါးဆီမှာ ရှိတယ် ပြောလို့ မှာထားတယ် ။ ဘယ်နေ့ အကော် ဆိုက်မယ် မသိဘူး ”
“ ဆရာ့ဟာက ဘယ်နေ့မှ မသေချာဘူး ၊ ကျွန်မ ကြာကြာကြီး မနေနိုင်ဘူး ၊ အိမ်လခတွေကလည်း စဘော် အပြင် ၊ တစ်လခကျော်ကျော် အိမ်ရှင်အပေါ်မှာ ကျွန်မက ကျူးနေလို့ ၊ နို့မဟုတ်ရင် ကျွန်မ ချက်ချင်း ပြောင်းမှာပဲ ”
“ ဘောက်မယ်ကြောင့် ပြောင်းရမှာတုံး ... ၊ အညံ့ခံလို့ ၊ အလွန်ဆုံး တနင်္ဂနွေတစ်ပတ်ပဲ ။ ကိုင်း ... နက်ဖြန်ခါ ငါ အင်းကလေး တစ်ခု ပေးမယ် ။ အဲဒီ အင်းကလေးကို သူတို့ အိပ်ရာအောက် သွားထိုး ၊ ဒါမှ သေသေချာချာ စွမ်းတာ ။ တစ်ခါတည်း နင့်ကို ဘုရားလို ကိုးကွယ်စေ့မယ် ”
“ သူတို့ အခန်းထဲကို ဝင်ရင် ကျူးလွန်မှု လုပ်ရင် ဘယ်နဲ့ လုပ်မလဲ ”
“ ရယ်ရယ်မောမော ဒရောဖောရောနဲ့ သွား ၊ ရှေးဦး ပထမ ကွမ်းအစ်ကို မတောင်းဘဲ စား ၊ အင်းတစ်ခုကို ကွမ်းအစ်ထဲ ထည့်ခဲ့ ၊ တစ်ခုကိုတော့ အိပ်ရာအောက်မှာထား ။ မသိစေနဲ့ ”
“ ကွမ်းအစ်ထဲက အင်းကို သူတို့ တွေ့ရင် ကျွန်မကို မသင်္ကာ ဖြစ်မှာပေါ့ ”
“ အင်းက ကွမ်းအစ်ထဲမှာ မနေဘူး ။ နင် ထည့်ပြီး ကွမ်းအစ်ကို ဖုံးသည်နှင့် တစ်ပြိုင်တည်း ထွက်ပြေးမှာပဲ ။ အိပ်ရာအောက်က အင်း လည်း ဒီလိုပြေးမှာပဲ ။ သူတို့ အခန်းကို ဝင်တော့ ရယ်ရယ်မောမော ၊ ခေါ်ခေါ် ပြောပြောသာ ဝင် ၊ သူတို့ နင့်ကို ဘာမှ မလုပ်စေရဘူး ။ နင့် နဖူးမှာ ငါ ဝ ကွင်းပေးလိုက်မယ် ”
ဆရာ အိမ်ကို ပြန်ပြီး သေးငယ်သော စက္ကူစကလေး တစ်ခုကို သတင်းစာရွက်မှ ဖြတ်ကာ လိပ်လေ၏ ။ ထိုနောက် မယ်ခင် ကို ခေါ်ပြီး ပေး၏ ။ နဖူးကို လည်း လက်ညှိုးဖြင့် ဝကွက်၍ ပေး၏ ။ ထို့နောက် “ သူတို့ ဘာလုပ်နေကြသလဲ ” ဟု မေး၏ ။
“ ကျွန်မ မသိဘူး ၊ အခန်းထဲမှာတော့ တိုးတိုး စကားပြောနေကြတာပဲ ”
“ အဲ ... ဝင်သာသွား ၊ ရှင် ချိုတို့ ဘာဖြစ်နေကြ တာလဲ .. ဘာလဲ ပြောပြီး ရယ်ရယ်မောမော ဝင်သွား ၊ နဖူးမှာ ဝကွက်ပြီးသား ၊ မကြောက်နဲ့ ”
မယ်ခင် သည် ဆရာ ပြောတိုင်း လုပ်၏ ။ အခန်း ထဲသို့ ရောက်သောအခါ ညီအစ်မနှစ်ယောက် တစ်ယောက်က အိပ်ရာမှာ ဘေးစောင်းလှဲ၍ နေ၏ ။ တစ်ယောက်က ခေါင်းရင်းက ထိုင်လျက် နဖူးကို နှိပ်၍ နေ၏ ။ မယ်ခင်သည် ကုလားထိုင်ပေါ်၌ တင်ထားသော ကြေးကွမ်းအစ်ကို ဖွင့်၍ ကွမ်းစားရင်း အင်းကို ထည့်၏ ။ ကွမ်းအစ်ကို ပိတ်ပြီး ၊ အိပ်ရာခြေရင်းသို့ သွား၍ ၊ အိပ်နေသူ၏ ခြေဖျားကို လက်နှင့် ဆုပ်ကိုင်ကာ “ အေးလို့ပါကလား ” ဟု ပြောပြီး ၊ စောင်နှင့် ဖုံး၍ ပေးပြီး အင်းကို အိပ်ရာ အောက်သို့ သွင်းလိုက်၏ ။
ညီအစ်မနှစ်ယောက်သည် စကားမပြောဘဲ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးကြ၏ ။ တစ်ယောက် က ...
“ မမယ်ခင်တို့များ ဘာ ပတ္တလာဂျိ ဖြစ်လို့ ဒီဘက်ခန်းကို မကူးသလဲ ၊ အခုမှ သတိရတာ ၊ ဘယ်လင်ဆီ စိတ်ရောက်လို့လဲ ” ဟု ပြော၏ ။
“ ဘယ်မှ မရောက်ပါဘူးတော် ၊ လူတစ်ခု ပူမှုက ဆယ်ကုဋေ ဆိုတာလို တစ်ခါတလေတော့လည်း တောင်တွေး မြောက်တွေးနဲ့ အမှတ်တမဲ့ နေမိတာပါ ။ ကျုပ်ကလည်း ရှင်တို့ ညီအစ်မ အခုတလော ဘာများ ဖြစ်သလဲလို့ ”
“ ဘာဖြစ်လို့လဲတော် ၊ ဘာမှ မဖြစ်ရပါကလား ။ ဟိုမအေကြောင့်ပေါ့ ၊ ရှင် မကြားဘူးလား ”
“ ဟင့်အင်း မကြားပါဘူး ၊ ဘယ်မအေလဲ ”
“ ဒီက မောင်တော် ပေါ့ ၊ ဓားထိုးမှုဖြစ်လို့ ချုပ်ထားတယ်တဲ့ ၊ ကုန်စရာလည်း ငွေမရှိဘူး ”
“ အဲဒါမှ အခက် ၊ ကျုပ်တော့ ငွေ ၁၅ ကျပ် ရှိရဲ့ ။ ဓာတုဗေဒနားကပ်ကလေးကို မရွှေစော က အတင်းဖြုတ်ယူပြီး ငွေအစိတ် ပေးတယ် ။ အခု ၁၅ ကျပ်ပဲ ကျန်တော့တယ် ။ လိုရင် သုံးတာပေါ့ ။ အာမခံကလေး ဘာကလေး အတွက် အကုန်ခံရလိမ့်မယ် ” ဟု ပြောကာ အိတ်ထဲမှ ထုတ်၍ ပေး၏ ။
ချစ်တီး အချုပ်က လွတ်လာ၏ ။
“ မမခင့် ကျေးဇူးကို ကျွန်တော် တစ်သက်လုံး မမေ့ဘူး ၊ မမခင့် အတွက် ဆိုရင် အသက်စွန့်မယ် ၊ ကျွန်တော် အစ်မကြီးကို ဘယ်လို လူမှ မစော်ကားရဘူး ၊ ဒီအရပ်ထဲမှာ လူမိုက်တွေက ဗိုလ်လုပ်နေတယ် ၊ ကျွန်တော့် အစ်မကြီးကို မျက်စောင်းတစ်ချက် ထိုးရင် အူပေါက်စေ့မယ် ” စသည်ဖြင့် ပြောလေ၏ ။
နောက်တစ်နေ့ .. မယ်ခင် နှင့် ဆရာ တွေ့ကြရာ မယ်ခင် က ...
“ ဟုတ်လိုက်တာ ဆရာ ၊ ဆရာ့အင်း သိပ်စွမ်းတာပဲ ၊ ကျွန်မက သနားလို့ သူတို့ကို ငွေ ၁၅ ကျပ် တောင် လှည့်လိုက်သေးတယ် ” ဟု ပြောလေ၏ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment