❝ လောင်းကစားသူများ ❞
( ပိုင်ကျွမ်း )
ကွမ်းနှစ်ရွက်ထပ် ပေါ်သို့ ထုံးတစ်ကော် တင်သည် ။
“ အဲဒါတွေ ပြောတာပေါ့ ”
ပုဂ္ဂိုလ်၏ မျက်မှောင် တကျုံ့ကျုံ့ အကြည့်ကြောင့် ကိုပန်းမောင် မျက်နှာက ကျုံ့ဝင်သွားသလားဟု သူ တွေးမိသည် ။ ပုဂ္ဂိုလ်က သူ့ဘက်သို့ စွေစောင်းစောင်း တစ်ချက် ကြည့်ပြီး ပြန်လှည့်သွားသည် ။
“ ဆိုင်ရာပိုင်ရာကို မင်းတို့ နားမလည်တာ ၊ ဘေးက မသိနိုးနား စကားတစ်ခွန်းလောက်နဲ့ နားထောင်ကြရော ”
ကွမ်းသီးစိတ် လက်တစ်နှိုက်ကို ကွမ်းရွက်ပေါ်ပစ်တင် ၊ ကွမ်းယာကို ပါးစပ်ထဲ ဆောင့်ကြီးအောင့်ကြီး ပစ်ထည့်ကာ အခဲမကျေသလို တရကြမ်း ဝါးနေစဉ်မှာ ကိုပန်းမောင် ထံသို့ ကြည့်သည့် စိန်းစိန်းစူးစူး အကြည့်က နေရာမရွေ့ ။
“ ချောင်း ဟိုဘက်နဲ့ ဒီဘက် ဆိုင်ရာ ပိုင်ရာချင်း မတူဘူး ၊ ဒီဘက်မှာ ဖြစ်တာကို ဒီဘက်မှာတင် သူ့ နိုင်ရာနိုင်ရာနဲ့ လုပ်ရတယ် ၊ ဟိုဘက်ကမ်း ကူးတာနဲ့ ဟိုဘက်က မဆိုင်မပိုင်တော့လို့ ဒီဘက် လူနာရဲ့ ဝေဒနာကို မနိုင်တော့ဘူးမှတ် ”
ဆိုင်ရာပိုင်ရာ နိုင်ရာတွေ တရစပ် မှုတ်ထုတ်နေသော ပုဂ္ဂိုလ်၏ ပါးစပ်မှ လွင့်ထွက်လာသည့် ကွမ်းဖတ်ကြောင့် ရှေ့တူရူမှ ကိုပန်းမောင် က နေရာ အနည်းငယ် ရွှေ့သည် ။
“ အခုတော့ မင့်သား ဘာများ ဆိုးရွားနေတာ တွေ့လို့တုံး ”
သူတို့နှစ်ယောက်၏ မျက်လုံးများက ပုဂ္ဂိုလ်၏ နောက်ဘက်နားမှာ သူတို့ ပြောစကားတွေကို နားထောင် ရင်း သမ်းဝေနေသည့် လူနာအမည်ခံ ကိုပန်းမောင်၏သား လူပျိုပေါက်ကို ကြည့်မိသည် ။ လူကောင်းပကတိ အတိုင်း ရှိသည်ကိုတော့ ငြင်းမရချေ ။
ပြောနေဆိုနေကြသည်မှာလည်း သည်လူနာကို ဦးတည် ပြောနေကြခြင်းပင် ။
ရန်ကုန်မန္တလေး ကားလမ်းဘေး တောမြို့လေး တစ်ခုမှာ ကုန်စုံဆိုင်လေးတည်ခင်းထားသော ရာသီကုန်ကလေးများလည်း ကြားပေါက် ဝယ်ရောင်းကာ ပွဲစားအ သေးစားမျိုး လုပ်လေ့ရှိသည့် အတိုင်း ကုလားပဲ ပေါ်ချိန် ကုလားပဲ ကောက်ရန် အလို့ဌာ သူတို့ အခေါ် အရှေ့ဘက်ကမ်းသို့ သည်နံနက် သူ ရောက်ခဲ့ခြင်း ဖြစ်သည် ။
မိတ်ဆွေရင်းချာ ဖြစ်သည့် ကိုပန်းမောင် က သူ့သား မနေ့က ပိုးထိထားကြောင်း ၊ ပိုးကိုလည်း သူတို့ ရိုက်သ,တ်ထားကြောင်း ပြောသည် ။ ဝါးဆစ်တိုထဲ ထည့်ထားသည့် လက်မသာသာခန့် မြွေပွေး ကိုလည်း ယူပြ၏ ။ သူက ဆေးရုံ မသွားသည်ကို အံ့သြရင်း မပေါ့ဆရန်နှင့် ဆေးရုံ ပို့ရန် ၊ ဆေးရုံတင်မည် ဆိုပါက သူ အပြန်မှာ တစ်ပါတည်း ခေါ်သွားမည် ဖြစ်ကြောင်း ပြောကာ မြွေကိုက်ပြီး ဆေးမမီလိုက်၍ အသက်ဆုံးရှုံးဖူးသူ ဘယ်သူ့အကြောင်း ၊ ဘယ်ဝါအကြောင်း သူ သိသမျှ ပြောဖြစ်သည် ။
သူ့ အပြောကြောင့် ကိုပန်းမောင် တွေဝေသွားပြီး သူ့တို့ အခေါ် ‘ တောဆရာ ’ ကို အပ်ထားကြောင်းနှင့် ဆေးရုံ တင်ဖို့ကိစ္စ ပြောကြည့်မည်ဟု ဆိုနေစဉ် စစ်လွယ်အိတ် ဟောင်းတစ်လုံး လွယ်လျက် စွပ်ကျယ်ချိုင်းပြတ် ပုဆိုးဒူးလောက် ဝတ်ပြီး ဖိနပ် မပါသော ခပ်ဖိုင့်ဖိုင့် ပုဂ္ဂိုလ်တစ်ဦး ဝင်လာသည် ။ သူတို့ စကား အသွားအလာအရ လူနာကို အပ်ထားသော တောဆရာ ဆိုသူ ဖြစ်ကြောင်း သူ သိရလေသည် ။
ဆေးရုံ တင်ရ ကောင်းမလားဟု ကိုပန်းမောင် နှုတ်မှ ထွက်လိုက်စဉ်မှာ ပုဂ္ဂိုလ် ထံမှ အနှီသြဝါဒများကို နာခံ လိုက်ရခြင်း ဖြစ်လေ၏ ။
ဆိုင်ရာပိုင်ရာ ၊ နယ်ရှင်ပယ်ရှင် အစရှိသည့် စကားများ ပြောသော အနှီပုဂ္ဂိုလ်ထံမှ အနှီသြဝါဒများကို နာခံလိုက်ရခြင်း ဖြစ်လေ၏ ။
ဆိုင်ရာပိုင်ရာ ၊ နယ်ရှင်ပယ်ရှင် အစရှိသည့် စကားများ ပြောသော အနှီပုဂ္ဂိုလ်က လူနာကို ဘယ်လို ကုမှာပါလိမ့် ... ။ ရွတ်ဖတ်သရဇ္ဈာယ်ဦးမှာလား ၊ ဖယောင်းတိုင် တွေ ထွန်းဦးမှာလား ။ ငှက်ပျောပွဲအုန်းပွဲတွေ ပြင်ခိုင်းဦး မှာလား .. သူ တွေးနေဆဲ ပုဂ္ဂိုလ်က စစ်လွယ်အိတ်ထဲ မှ နားကျပ် ဆေးထိုးအပ် စသည်တို့ထုတ်ယူသည် ။ ကိုပန်းမောင် က နောက်ဖေးဘက်သို့ “ ရေနွေး ရေနွေး ” ဟု လှမ်းအော်၏ ။
လူနာကို နားကျပ်ဖြင့် ဟိုထောက်သည်ထောက် ခေါင်းတညိတ်ညိတ် လုပ် ၊ ရေနွေး ရောက်လာသောအခါ စစ်လွယ်အိတ်ထဲမှာ တစ်လုံးတည်း ပါလာသော ထိုးဆေး ကို ထိုးနှံ ၊ ဘာအစာ ရှောင် ၊ ညာအစာ ရှောင်ပြောပြီး ပုဂ္ဂိုလ် ဆင်းသွားသည် ။
ပုဂ္ဂိုလ် ထိုးပေးသွားသော ထိုးဆေးအခွံ ကို ရေနွေး ဇလုံထဲက ကောက်ယူကြည့်သည် ။ သူလည်း ခေတ်ပညာ ဆယ်တန်း အထိ သင်ဖူးသည် ။ ပြီးတော့ ဆေးဝါး ဝါသနာ ပါ၍ လေ့လာဖူးသူမို့ အိန္ဒိယဖြစ် မေးခိုင်ကာကွယ်ဆေးမှန်း သိလိုက်သည် ။
“ စဖြစ်တဲ့ နေ့ကတည်းက ဒါမျိုး တစ်နေ့ လေးလုံး ထိုးပေးနေတာပဲ ”
သူ မျက်ခုံး ပင့်မိသည် ။ အိမ်နီးချင်း တစ်ယောက် မြွေကိုက်ခံရ၍ ဆေးရုံ လိုက်တင်တုန်းကတော့ မြွေကိုက်ရာ ကို ဓားခွဲထားသည့်ဒဏ်ရာအတွက် မေးခိုင်ကာကွယ်ဆေး တစ်လုံး ဆေးရုံမှ ထိုးနှံပေးဖူးသည်ကို အမှတ်ရသည် ။ ဉာဏ်မီသရွေ့တော့ သည်လို တစ်နေ့ လေးလုံး ရက်ဆက် ထိုးနှံစရာ အကြောင်းမရှိ ။ မြွေကိုက်လျှင် မြွေဆိပ်ဖြေဆေး သုံးရမည်ဟုပဲ နားလည်သည် ။
“ ဒီ့ပြင်ကော ဘာလုပ်သေးသလဲ ”
“ ဖြစ်တဲ့နေ့ ကတော့ မြင်းချွေး တိုက်သေးတယ် ”
“ ဘယ်လိုဗျ ”
“ မြင်းချွေးဗျာ ၊ မြင်း က ထွက်တဲ့ ချွေး ရသလောက် တိုက်ရမယ် ဆိုလို့ အဘကြိုင် မြင်းကို အကျိုးအကြောင်း ပြော ငှားပြီး ဒုန်းစိုင်းလိုက်ရတာ ဆိုတော့ဗျာ မြစ်နံဘေး မှာ ခွာရာကို မွစာကြဲ သွားတာပဲ ၊ ကျုပ် တင်ပါးတွေ ကျိန်းစပ် ၊ မြင်းလည်း ဟောဟဲ လိုက်တော့မှ မြင်းက ထွက်တဲ့ ချွေးကို အဝတ်နဲ့ ပွတ် ၊ ညှစ်ယူပြီး တိုက်ရတယ် ”
သူ ပါးစပ် အဟောင်းသား ဉာဏ်လည်း မမီတော့ ။ မြွေ နှင့် မြင်း ပတ်သက်သမျှ သူ့ ကြားဖူးသရွေ့တော့ မြွေဆိပ်ကို မြင်းခံနိုင်ရုံ ထိုးနှံပြီး မြင်း၏ သွေးကို ပြန်ဖောက် ကာ မြွေဆိပ်ဖြေဆေး ထုတ်သည်ပဲ ကြားဖူးသည် ။ သည့်ထက်ပို၍ မြွေ နှင့် မြင်း ပတ်သက်သည်ကို သူ မကြားဖူးခဲ့ ။
သူက လူနာ ကောင်လေးဘက် လှည့်ပြီး စိတ်ဝင် တစား မေးသည် ။
“ ထားပါတော့ ၊ မြင်းချွေး သောက်ပြီး ဘာများ ထူးခြားသေးလဲကွ ”
“ အန်တာပါပဲဗျာ ”
သူ ပြန်ခဲ့ပါသည် ။
နောက် သုံးရက် အကြာတွင် သူ့ဆိုင်သို့ ကိုပန်းမောင် ၏ တူတစ်ယောက် လာပြီး ပလတ်စတစ် လုံးစွပ် အရှည်စား လူတစ်ရပ်စာ ဝယ်သည် ။ သူ မေးကြည့်တော့ ကိုပန်းမောင် သား၏ အလောင်းကို စွပ်ထည့်ရန် ဟူ၍ သိရပါ၏ ။
စုတ်သပ်မိပါသည် ။ ပိုးထိပြီး လေးငါးရက် ခံသွားသေးသည် ။ ဆေးရုံတင်မည် ဆိုပါက ဘယ်မှာ သေဖွယ် ရှိပါမည်နည်း ... မည်မျှ အကုခံလိုက်ပါသနည်း .. ။
ကိုပန်းမောင်၏ တူ ပြန်ခါနီး ပြောသွားသော စကားကို ပြန်ကြားနေမိသည် ။
“ မဆုံးခင် တစ်ရက် အလိုကမှ ဒွါရတွေက သွေးယိုလာတာပဲ ၊ ဆရာ ကတော့ တိုက်မြွေမို့လို့ မခံနိုင်တော့ဘူးလို့ ပြောတယ် ၊ တိုက်မြွေ ဆိုတော့လည်း ဘယ်တတ်နိုင်မလဲဗျာ ”
မြန်မာလူမျိုး မြန်မာလူမျိုး မရေရာသည့် ထန်းလက်ကာ စကားတစ်ခွန်းနှင့်ပင် မိုးကြိုး အပစ်ခံရသည်ကို သင်ပုန်းချေပစ်လိုက်ပြီ ဖြစ်သည် ။ ကံကို ယိုးမယ်ဖွဲ့ပြီး နှစ် သိမ့်လိုက်ပြီ ဖြစ်သည် ။
ခေါင်းကို ဘယ်ပြန်ညာပြန် ယမ်းခါမိသည် ။
••••• ••••• •••••
အိမ်ရှေ့က ဖြတ်၍ အသုဘတစ်ခု ချသွားသည် ။
ထမ်းသွားသည့် အလောင်းစင် နောက်မှာ မိန်းမ နှစ်ယောက် ညှပ်ခေါ်လျက် ငိုလိုက်လာသူကို မြင်တော့ သူ မျက်မှောင်ကျုံ့မိသည် ။
“ စန်းရေ .. မခင်မြင့်ကြီးလားလို့ ”
“ ဟုတ်တယ်လေ အဖေကြီးရဲ့ ၊ သေတာ ကိုမှတ်ကယ်လေ ၊ မနက်မှ ဈေးထဲက ကြားတာ ၊ အဖေကြီးကို ပြန်မပြောမိလို့ ”
“ ဘယ် .... ဘယ်လို ၊ မနေ့ညနေကမှ ကိုယ်နဲ့ ချက်စ် ထိုးနေပါသေးလား ။ အကောင်းပကတိကြီးပါ ”
“ ဆေးထိုးမှားတယ် ပြောတာပဲ ၊ စန်း လည်း သေသေချာချာ မသိဘူး ၊ မနက်ကမှဖြစ်တာတဲ့ ၊ နက်ဖြန် နှစ်ဆန်း တစ်ရက်မို့ နှစ်မကူးခင် နေ့ချင်း သင်္ဂြိုဟ်တာ ဆိုတော့ အဖေကြီးလိုပဲ အံ့သြမယ့်လူ တစ်ပုံကြီးပေါ့ ”
အသုဘပို့ လူတန်း အကုန် ဖုန်လုံးစဲသည်ထိ မယုံနိုင်ခြင်းကြီးစွာ နေရာမှာ ရပ်ပြီး သူ ငေးကြည်နေမိသည် ။ ဘာရောဂါမှ ရှိသည် မကြားဖူးခဲ့ ။ ကိုယ့်ထက်ပင် သန်စွမ်း မာချာသေးသည့် ကိုမှတ်ကယ် ။
နှစ်ရက်ခန့် အကြာမှာ အိမ်သို့ မခင်မြင့် ဈေးလာဝယ်သည် ။
“ ဘယ်လိုဖြစ်တာလဲ မခင်မြင့်ရယ် ၊ ကျွန်တော်ဖြင့် အံ့ကို သြရော ”
မခင်မြင့် မျက်ရည် ကျရှာသည် ။
“ အဲဒီမနက် ကမှလေ ၊ ဟင်းစားဖို့ ကွန်ပစ်သွားမလို့ ဆိုပြီး ၊ ပိုက်ယူ အဆင်း ၊ လေနည်းနည်း အောင့်လို့တဲ့ ၊ အိမ်ပေါ် ပြန်တက်လာတယ် ၊ ခါတိုင်းလည်း ဖြစ်နေကျ ၊ အစာ နည်းနည်း စားရင် သက်သာတာပဲ ၊ အခုလည်း ထမင်း ဒိုးလောက် စားပြီး သက်သာသွားတယ် ၊ အဲ့ဒါ အိမ်ရှေ့ အိမ်မှာ ကိုတုတ်ကြီး ဆေးလာ ထိုးတယ် ဆိုတာနဲ့ ငါလည်း ဆေးတော့ ထိုးထားမှ ဆိုပြီး ဆင်းသွားတာ ပြန် မလာတော့တာပဲရှင် ”
ကိုတုတ်ကြီး မှာ ထိုးဆေးကိုင်သည့် ဗိန္ဓော အမည်ခံ တစ်ယောက် ဖြစ်သည် ။ မှတ်သားဖွယ် ကောင်းသည့် ဆရာကိုတုတ်ကြီး၏ အဆိုအမိန့် တစ်ခုကို လူပြော သူပြောဖြင့် သူ ကြားဖူးသည် ။
“ ဆရာဝန်လည်း ထိုးဆေး ကိုင်တယ် ၊ ကျုပ်လည်း ထိုးဆေး ကိုင်တယ် ၊ အဲ .. ဆရာဝန်ထက် ကျု ပ်သာတာက ကျုပ်က ဗိန္ဓောနဲ့ တွဲကုနိုင်တာပဲ ” ဟူသတတ် ။
တကယ် ကျွမ်းကျင်နားလည်သည့် တိုင်းရင်းဆေး ဆရာများ တိုင်းရင်းသမားတော်ကြီး ထက်လည်း သူက သာပါလိမ့်မည် ။ ထိုးဆေး တွဲကိုင်သည်ကိုး ။
သူ စိတ်ဝင်စားလာသည် ။ ကိုမှတ်ကယ် မသေခင် ညနေက စစ်တုရင်ဝိုင်းမှ အထတွင်
“ ခင်ဗျား ချက်စ်ထိုးတိုင်း ရှုံးနေတယ် ၊ နောက်တစ်ခါ လက်လှဲမယ်ဗျာ ” ဟု ရယ်ရယ်မောမော ပြောသွားသည့် စကားကို လတ်လတ်ဆတ်ဆတ် ကြားယောင်မိသည် ။ သိရသလောက် ဥပစ္ဆေဒကကံ က လွဲလို့ ဘာရောဂါနှင့်မှ မသေနိုင်သေး ။ မာမာချာချာ အခြေအနေကြီး ။
ကိုကျော်သွင့် ကို စဉ်းစားမိသည် ။ ဆရာတုတ်ကြီး ဆေးဝယ်နေကျဆိုင် ။ ကိုတုတ်ကြီး မှာ လူနာ ဆေးထိုးခါနီးမှ ထိုးမည့် ဆေးကို ပြေးဝယ်ခိုင်းတတ်သည်မို့ အနည်းဆုံး ကိုမှတ်ကယ် အား ဘာဆေး ထိုးသည်ကိုတော့ သူ ကွင်းဆက် လိုက်ကြည့်ချင်သည် ။
“ အေးဗျ ၊ ကျွန်တော်လည်း ခင်ဗျားလိုပဲ ဆရာတုတ်ကြီးက ကိုမှတ်ကယ် ကို အကြောဆေး ထိုးပေးတယ် ၊ အပ်မှ မနုတ်ရသေးခင် အသက်ပျောက်သွားတယ် ဆိုတာ နဲ့ သူဝယ်ခိုင်းတဲ့ ဆေးမျိုးကို ဟိုဘက် တိုက်နယ်ဆရာဝန် ဆီ သွားပြကြည့်ပြီးပြီ ၊ ဒီမှာလေဗျာ ”
ကိုကျော်သွင် ကလည်း ကိုမှတ်ကယ် ကိစ္စကို သူ့လိုပင် စိတ်ဝင်စား နေသူမို့ သူ့စကားအစမှာ ထိုးဆေးတစ်လုံးကို မှန်ကောင်တာထဲက ထုတ်ယူပြပြီး ပြောသည် ။ သူ ယူကြည့်၏ ။ Adrenalin အက်ဒရီနယ်လင် ဆိုပါလား ။
“ ဆရာဝန် ဒီဆေးမျိုးကို ပန်းနာသည်တို့ ဘာတို့ မှာတောင် နှလုံးရောဂါ ရှိသလား ၊ သွေးတိုးရောဂါ ရှိသလား အသေအချာ စမ်းသပ်ပြီးမှ အတော် ချင့်ချင့်ချိန်ချိန် သုံးရတဲ့ဆေး ၊ သူတို့တောင် များသောအားဖြင့် အရေပြားအောက် ဖြစ်ဖြစ် ၊ အသားထဲ ဖြစ်ဖြစ် ချိန်ဆပြီး ထိုးပေးတယ်တဲ့ ၊ လေအောင့်ရင် ထိုးလို့ရသလား ဆရာ ဆိုတော့ ဘာဆိုင်လို့လဲဗျာလို့ ပြောတယ် ။ အကြောဆေး ထိုးရင်ကော ဆိုတော့ ခင်ဗျား ဘယ်သူ့ သေစေချင်လို့လဲတဲ့ ။ ဆရာနဲ့ ခင်နေလို့သာ မေးရဲတာဗျို့ ၊ ကျုပ် လည်း အသာ လေးအမြီးကုပ်ပြန်လာခဲ့ရတယ် ”
ထိုးဆေးပုလင်း ညိုညိုကလေးကို ကိုင်ကြည့်နေမိသည် ။ အထဲမှ လက်သည်းခွံလောက် ဆေးရည်ကလေးက ကိုမှတ်ကယ် ၏ အသက်ကို နုတ်ယူသွားတာလား ၊ သုံးတတ်လျှင် ဆေး ၊ မသုံးတတ်လျှင် ဘေး ဆိုသည့် စကားကို ကြားယောင်မိသည် ။
“ အဲဒီကိစ္စ ခင်ဗျား ဘာကြားသေးလဲ ကိုကျော်သွင် ”
“ ဆရာတုတ်ကြီးက သင်္ဂြိုဟ်စရိတ် ဆိုပြီး ငွေငါးရာ ပေးသတဲ့ ၊ ဒါနဲ့ ပြီးသွားတာပါပဲဗျာ ”
••••• ••••• •••••
လူနာမှာ အသက်ရှိသည့် လက္ခဏာဟူ၍ လူပြိန်းကြည့် ကြည့်ရလျှင် အသက်ရှူသည် တစ်ခုသာ ကျန် သည် ။ အမေးအထူး မရတော့ ။
“ ဘယ်လို ဖြစ်တာလဲ မဆင့်ရာ ၊ နင်တို့ဟာကလည်း ငါ့လည်း အကြောင်းမပြု ဘာမပြု ”
လက်ထပ်ပြီး နှစ်မလည်သေးသည် လူနာ့ဇနီးသည် ပေါက်စက မျက်လုံး အဝိုင်းသား ပြန်ကြည့်သည် ။ ခင်ကျော်က ညီနှစ်ဝမ်းကွဲမို့ သည် နို့နှံ့စင်ပုံမရသေးသည့် ကောင်မလေး က သူ့ခယ်မ နှစ်ဝမ်းကွဲ တော်စပ်သည်ကြောင့်လည်း ယူကျုံးမရ သူစကားကို ဆူပူငေါက်ငမ်းသည် ထင်ပါလိမ့်မည် ။
“ နွေတုန်းက ကျွန်းပိုက်ခင်း ဝင်လုပ်ပြီး ပြန်လာကတည်းက တရှောင်ရှောင်ပဲ အစ်ကို ၊ အဖျားကြီးလည်း မဟုတ်ဘူး ၊ ဖျားလိုက် ပျောက်လိုက်ပဲ ၊ လဲတာတော့ တစ်ပတ်လောက်ပဲ ရှိဦးမယ် ”
“ ဘယ်သူနဲ့ ပြတုံး ”
“ ဦးပဉ္စင်းပေါက်ကျော်နဲ့ ”
သူလည်း အင်္ဂလိပ်ဆေး မြန်မာဆေး နှစ်ထွေ ရောကိုင်သည့် လူပြန်တော် တစ်ပါးပါပေ ။
“ ဘာလုပ်ပေးလဲ ”
“ နှစ်ရက်လောက်က ဇောက်ထိုးပုလင်းထဲမှာ ဆေးဖို ဆေးမ ထည့်ချိတ်ရမယ် ဆိုလို့ ဝယ်ပေးရပါတယ် ”
ဇောက်ထိုးပုလင်းတို့ တိုင်ထောင်တို့ ဆိုသည်ကတော့ ဒရစ်ပုလင်းကြီး ချိတ်သည်ကို ဆိုလိုမှန်း သူ သိသည် ။ ဆေးဖို ဆေးမ ဆိုသည်က ဘာပါလိမ့် ။
ဘုရားစင်ပေါ် တင်ထားသည့် ဆေးပုလင်းအခွံများ ထဲမှ ခယ်မ ရွေးနုတ် ယူပြတော့မှ ပယ်ရင် တရိုဗိုက် ဝမ်း ၊ တူး ဗီတာမင် အားဆေးတွဲ မှန်း သိလိုက်ရသည် ။
“ ပြီးတော့ကော ”
“ ဘာဆေးတွေမှန်းတော့ မသိဘူး ၊ ဝါဝါတွေကော နီနီတွေကော ထိုးနေတာပဲ အစ်ကိုရယ် ၊ မနေ့ညက အိပ်နေရင်း ခေါ်လို့ မရတော့တာနဲ့ ဆရာ သွားခေါ်တယ် ၊ ဆရာ ကတော့ မြေကိုင်တယ် ပြောတာပဲ ၊ တောကျွေးရမယ် ဆိုလို့ အစ်ကိုထွန်းရင် သွားကျွေးတယ် ”
မဆင့် ဘေးက မဆင့် အစ်ကို ခင်ကျော် ယောက်ဖ ထွန်းရင် ကို သူ လှမ်းကြည့်သည် ။
“ ဘယ်မှာ ကျွေးတာလဲကွ ”
“ သူ့လယ်ကျင်းက မြေကိုင်လိုက်တာ ဆိုလို့ လယ် နားမှာ သွားကျွေးတယ် အစ်ကို ”
“ အေး ... ပြောပါဦး ”
“ ကျွန်တော် သစ်ပင် အကွယ်က ကြည့်နေတာ လာတယ် အစ်ကို ၊ သုံးယောက်တောင်မှ အကောင်ကြီးက တစ်ကောင် ၊ အကောင်ငယ်က နှစ်ကောင် ”
“ ဟေ ”
သူ အတော် စိတ်ဝင်စားသွားသည် ။ ဘယ်လို အကောင်ကြီးတွေပါလိမ့် ။ နာနာဘာဝ ဝိနာဘာဝတွေ ဆိုတော့ ထန်းပင်လောက် မည်းမည်းကြီးများ ဖန်ဆင်းလာ မလား ။ ဖြူဖြူလုံးလုံး ဝင်းဝင်းတောက်တောက်ကြီးတွေလား ။
“ ဘယ်လို အကောင်တွေတုံးကွ ”
“ ယင်ကောင်တွေ အစ်ကို ၊ အကြီးတစ်ကောင် အငယ်နှစ်ကောင် ”
အသည်းအသန် လူနာကို ဘေးထားလျက် သူ ရယ်ချင်ပက်ကျိ ဖြစ်သွားသည် ။ ထမင်းနှင့် ဟင်းနှင့် ချပုံ ထားမှတော့ ယင်ကောင် က မလာဘဲ နေမတဲ့လား ။ သူတို့ ကတော့ ခွေး လာ စားလည်း ဆိုင်ရာဆိုင်ရာက ဝင်ပူးပြီး လာစားသည်ပဲ ပြောမည်ပင် ။
“ ကဲ .. ကဲ .. ထားတော့ ၊ နင်တို့လည်း အမြင်ပဲ ၊ လူနာ အခြေအနေ လွန်တာ မလွန်တာ ၊ ရနိုင်တာ မရနိုင် တာတော့ ငါလည်း ဆရာဝန် မဟုတ်လို့ မသိပေမယ့် မကောင်းတာတော့ မျက်မြင်ပဲ ၊ ငါ ဆေးရုံ ခေါ်သွားမယ် ၊ ပစ္စည်းတွေ ပြင် ”
တိုက်နယ်ဆေးရုံ ရောက်တော့ လူနာကို စမ်းသပ် အပြီးမှာ မျက်မှန်းတန်းမိပြီးသား ဆရာဝန်က သူ့ကို ခေါ်ပြောသည် ။ ဦးနှောက်ထဲ ငှက်ဖျားပိုး ရောက်သွားပြီး ဖြစ်ရုံမက မျက်စိသူငယ်အိမ် အခြေအနေ စသည်များ အရ မလွယ်တော့ပါတဲ့ ။
ခယ်မက သူ့ယောက်ျား ဖျားစဉ် စားဖို့ ဦးပဉ္စင်း ပေါက်ကျော် ရေးပေး ဝယ်ခိုင်းသော စာရွက် အပိုင်းအစများကို ဆရာဝန် အား ပြသည် ။
ဆရာဝန်က ပြုံးပြီး သူ့ကို ကမ်းပေး၏ ။ သူ ယူ ဖတ်ကြည့်သည် ။ တာတာစကင် ၊ ဆက်တွင် ဟု မြန်မာလို ရေးထား၏ ။
“ တက်ထရာဆိုက်ကလင်း ၊ ဆက်ပထရင် နဲ့ တူပါတယ်ဗျာ ၊ လူနာက ငှက်ဖျားဆေးနဲ့ လုံးဝ တွေ့လိုက်ပုံ မပေါ်ဘူး ။ အင်း ... တာတာစကင် ၊ ဆက်တွင် နဲ့ပဲ အသက်ငင်တော့တာပဲ ”
ဆရာဝန်၏ မှတ်ချက် စကား ။
••••• ••••• •••••
သည်လို အဖြစ်မျိုးတွေ သူ့ဝန်းကျင်မှာ တွေ့ နေရသည် ကတော့ အနမတဂ္ဂ ။
တကယ်တော့ သည်နေရာသည် ရန်ကုန် ၊ မန္တလေး ကားလမ်း နံဘေးက တိုက်နယ်ဆေးရုံနှင့် အပြင် ဆေးခန်းပါ ရှိသည့် မြို့အမည်ခံ ကျေးရွာအုပ်စုလေး တစ်ခုပါ ။ ဆေးရုံ မနီး ဆရာဝန် မနီး နေရာတွေမှာ ၊ တောကြိုအုံကြား တွေမှာ ရောဂါရေတိမ်ထဲ နစ်မ ည်စိုး၍ ဆွဲမိဆွဲရာ ကောက်ရိုးမျှင် ဖြစ်ဖြစ် လှမ်းဆွဲရာမှ ရမ်းကုမြွေပွေးကို ဆွဲမိကာ ရေနစ်မသေ မြွေကိုက်သေသူတွေ ဘယ်လောက် များခဲ့ပြီလဲ ၊ ဘယ်လောက် များနေတုန်းလဲ ။ ဘယ်လောက် များဦးမှာလဲ ။
အရှေ့ဘက် ကရင်တောင်ခြေရင်းက ရွာတစ်ရွာမှာ ဆိုလျှင် ရွာလယ်လမ်းမှ နေ၍ “ ဆရာ ” ဟု အော်ခေါ်လိုက် ပါ ။ တစ်ရွာလုံး အိမ်များထဲမှ သုံးအိမ်မှာ တစ်အိမ်ကျ က “ ဗျို့ ” ဟု ပြိုင်တူ ထူးလိမ့်မည်ဟု ပြောစမှတ်ကြားဖူးသည် ။
မနေ့က ဘကြီး တော်သူ တစ်ဦး ဗိုက် အရမ်းနာနေသည် ဆို၍ လူနာ သွားမေးသည် ။ တစ်အိမ်ကျော်လောက် ကတည်းက အမယ်လေး တနေသော ဘကြီး၏ အသံကို ကြားရ၏ ။
ချွေးပေါက်ပေါက်ကျအောင် ဝေဒနာကို ခံစားနေသော ဘကြီး ဖြစ်သူကို အိမ်ပေါ် အတက်မှာ မသက်မသာ တွေ့လိုက်ရသည် ။
ဗိုက်အောင့်တာ နှစ်ရက် ရှိပြီ ဖြစ်ကြောင်း ၊ အကိုင်ပင် မခံနိုင်ကြောင်း ၊ ဘကြီးဇနီးက ပြောတော့ ဆရာ မခေါ် ဘူးလား ဟု သူ မေးဖြစ်သည် ။
“ ဆရာဦးတင်ဆောင် စောစောကမှ ပြန်ကြွသွားတာ ”
သည်ဆရာ ကတော့ ပယောဂနိုင်သည် ဆိုသော အထက်လမ်းဆရာ ၊ ဆေးမြစ်လေး ၊ ဆေးဥလေးတော့ ထုထောင်းပြီး တိုက်တတ်သည် ။ ဟုတ်ပေသား ။ ခေါင်းရင်းမှာ ကန်တော့ပွဲ ထိုးထားသည်ပဲ ။
“ ဖျားတာ နာတာကတော့ ထားတော့လေ ၊ အခုဟာ ဗိုက်က အကိုင်တောင် မခံနိုင်ဘူး ဆိုတော့ မတော် အူအတက်ပေါက်တာတို့ ၊ အစာအိမ်အနာတို့ ဖြစ်နေရင် ဒုက္ခ ၊ ဘကြီး ဆေးရုံ သွားမလား ၊ ကျွန်တော် လိုက်ပို့မယ် ”
မျက်စိ မှိတ်၍ ဝေဒနာ ခံစားရင်း ၊ လဲလျောင်းနေရာမှ ဘကြီး လုပ်သူက လက်ကို ယမ်းခါသည် ။
“ မလုပ်နဲ့ ... မလုပ်နဲ့ ၊ ငါ တစ်သက်လုံး ဦးတင်ဆောင် နဲ့ ကုလာတာ ၊ အခုလည်း အပင်း ချထားပြီးပြီ ၊ သေသွားပစေကွာ ၊ အသေခံမယ် ၊ မင်းတို့ အပ်ဆရာ ဓားဆရာတွေဆီ မပို့နဲ့ ”
ညနေမှာ ဘကြီး ဆုံးသည် ။
ပသို့ရှိစ ။
▢ ပိုင်ကျွမ်း
📖 ရင်ခုန်ပွင့်မ ဂ္ဂဇင်း
ဇူလိုင် ၊ ၁၉၉၃

No comments:
Post a Comment