❝ သိက္ခာခြေစစ်ပွဲ ❞
( သရဝဏ် - ပြည် )
သူမသည် အထက်တန်းပြဆရာမ တစ်ဦး ဖြစ်သည် ။ ဆရာမ တစ်ဦး ဖြစ်ခြင်းသည် အခြားသူများကို မည်သို့မျှ ပိုမို မထူးခြားစေသော်လည်း သူမကိုယ်တိုင် သတ်မှတ်ထားခဲ့သော ကိုယ်ပိုင်စံနှုန်း သတ်မှတ်ချက်များကိုတော့ ပိုမို မြင့်မားသွားစေပါသည် ။ ဆရာ ဆိုသော အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု၌ ဂုဏ်သိက္ခာ ၊ ဖြောင့်မတ်ခြင်းတို့သည် အလိုလို ပြဋ္ဌာန်းပြီးသား ဖြစ်နေသည် ။ ကိုရင် ဝတ်သည်နှင့် သင်္ကန်းစည်းရသည့်သဘော ။ ဆရာ ဖြစ်သည် နှင့် လူ့ကျင့်ဝတ်သိက္ခာ ၊ သမာဓိတို့ကို စောင့်ထိန်းဝတ်ဆင်ရမည် ။ ဒါက သူမ တစ်ခါက ယုံကြည် ယူဆခဲ့သည့် ဆောင်ပုဒ်များ ၊ ငဲ့စောင်း၍ မကြည့်လိုတော့သည့် စံနှုန်းများ ။
မြန်မာပြည်၏ မြို့တော်မှ နယ်စွန်နယ်ဖျား တစ်နေရာသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရမည်ဟု သတင်းသဲ့သဲ့ ကြားစဉ်က သူမက တာဝန်အရပဲ သွားရမှာပေါ့ဟု စိတ်ဖြေနိုင်ခဲ့သော်လည်း အရာရာ ပူပင်တတ်သော မိခင်နှင့် ဒေါ်လေးတို့က သူမ ထက် များစွာ စိုးရိမ်သောက ရောက်ခဲ့ကြရသည် ။ သူမက ရောက်ရာအရပ်ကို သွားမည်ဟု အားခဲ စောင့်စားနေစဉ်မှာပဲ မေမေ နှင့် ဒေါ်လေးတို့က အတည် မဖြစ်သေးသော နယ်ပြောင်းမိန့်ကို အမျိုးမျိုး အန်တုခဲ့ကြသေးသည် ။ ဗေဒင်ဆရာများ ရှိရာသို့ အကြိမ်ကြိမ် သွားသည် ။ ယတြာချေရန်ဟု ဆိုကာ သူမ ဓာတ်ပုံများကို တောင်းတော့ မေမေနှင့် အတိုက်အခံ မပြုလိုသဖြင့် အောင့်သက်သက်နှင့်ပင် သူမ ဓာတ်ပုံများကို ထုတ်ပေးခဲ့ရသေးသည် ။ နောက်ပိုင်းတွင်တော့ မေမေနှင့် ဒေါ်လေး မကြာခဏ တီးတိုးတိုင်ပင်နေတာ တွေ့ရတတ်သည် ။ အရာရှိကြီးငယ်တို့ ထံသို့လည်း မေမေ အဝင်အထွက် ရှိလာသည် ။ ထို့နောက်တွင်တော့ သူတို့၏ ယတြာများသည် ပိုမိုဆန်းကြယ်လာ၏ ။ သူမ ကျောင်းက ပြန်လာသော တစ်နေ့၌ မေမေတို့ နှစ်ယောက် တီးတိုးတိုင်ပင်နေတာ တစ်စွန်းတစ်စ ကြားခဲ့ရသည် ။
“ ဘယ်တတ်နိုင်မလဲ ဒီလောက်တော့ အကုန်ခံရမှာပေါ့ ”
သူမကို မြင်သောအခါ ပြောလက်စစကားကို ချက်ချင်း ရပ်ပစ်လိုက်ကြသည် ။
“ ဘာအကုန်ခံရမှာလဲ ၊ ယတြာလား ”
သူမက ပြုံးစိစိနှင့် မေးတော့ “ နင့်ကြောင့် ခက်ပါတယ် ၊ ဝေဝေရယ် ” ဟု ဆိုကာ ဒေါ်လေးက စကားဝိုင်းမှ ထသွားသည် ။ နောက်တစ်နေ့ မနက် မေမေ ဈေးက ပြန်လာတော့ မေမေ့လက်ဆွဲခြင်း ထဲမှာ ပန်းစက္ကူများဖြင့် ထုပ်ပိုးထားသော ဘူးကြီးတစ်ဘူး ပါလာတာ တွေ့ရ၏ ။ ( အထဲမှာ ဘာတွေ ပါသလဲ ဆိုတာတော့ မစပ်စုသဖြင့် သူမ မသိခဲ့ပါ )
ထိုနေ့ညနေ ကျောင်းဆင်း၍ အိမ်သို့ ပြန်လာတော့ သူမ ထိုအထုပ်ကြီးကို မတွေ့ ရတော့ပါ ။ မေမေနှင့် ဒေါ် လေး ကိုလည်း မတွေ့ရတော့ပါ ။ နောက်နေ့များတွင်တော့ မေမေနှင့် ဒေါ်လေးက သူမကို နယ်ပြောင်းမည့် ကိစ္စနှင့် ပတ်သက်၍ ဘာမှ ထပ်မပြောတော့ချေ ။ သူတို့ မျက်နှာတွေမှာ လည်း တစ်စုံတစ်ခုကို စိတ်ချသွားဟန်ဖြင့် ကြောင့်ကြမှု လျော့ပါးသွားကြပုံ ရပါသည် ။ ထိုအချိန်မှ စ၍ သူမ ထံသို့ ရောက်လာဖွယ်ရှိသော ပြောင်းရွှေ့မိန့်လည်း ပျောက်ကွယ်သွားပါသည် ။ သူမသည် ထိုအပြုအမူ အတွက် စိတ်မသန့် သလို ရှိသော်လည်း အဖြေကို အတိအကျ မသိရသောကြောင့် မေမေနှင့် ဒေါ်လေးအား ထိုအကြောင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာ မေးမြန်းစုံစမ်းခြင်း မပြုလုပ်ခဲ့ပါ ။ ( စိတ်ထဲ မှာတော့ မေမေ့ကို ကြိတ်၍ ကျေးဇူးတင်မိပါသည် )
သူမသည် အသင်အပြ ကောင်းသော ဆရာမတစ်ယောက်ဟု ကျောင်း၌ နာမည်ရသော်လည်း အိမ်တွင် ကျူ ရှင် မပြခဲ့ပေ ။ ပညာနှင့် ငွေကို လဲလှယ်ခြင်းသာ ဖြစ်၍ သမာအာဇီဝကျသည်ဟု လက်ခံသော်လည်း ကျူရှင်မတက်နိုင်ရှာသော ဆင်းရဲသည့် ကလေးများကို ချန်မထားရက်သဖြင့် သူမ ဘယ်တော့မှ ကျူရှင်ပြခြင်း ၊ ကြိတ်ဝိုင်းသင်တန်းပို့ချခြင်းတို့ကို မပြုလုပ်ခဲ့ပေ ။ ကျောင်းတွင်သာ အလျဉ်းသင့်သလို အချိန်ပို ခေါ်၍ အားစိုက်သင်ကြားခဲ့သည် ။
စာမေးပွဲ နီးလာသောအခါ ကျောင်းသားတို့၏ ပြိုင်ဆိုင်နှုန်းမှာ ပိုမို မြင့်မားလာခဲ့သည် ။ တစ်နှစ်ပတ်လုံး စာမကျက်ဘဲ အပျော်အပါး မက်ခဲ့သော ကျောင်းသားကျောင်းသူများ ပင်လျှင် စာကျက်ခြင်း ၊ မှတ်စုများစုံအောင် ကူးခြင်း ၊ နားမလည်သည့် သင်ခန်းစာများကို ဆရာ ဆရာမများအား မေးမြန်းခြင်းတို့ကို အားသွန်ခွန်စိုက် ပြုလုပ်လာကြသည် ။ ဤအပိုင်းတွင်တော့ သူမ ကိုယ်အား ဉာဏ်အား ရှိသမျှ တပည့်တို့ကို စေတနာတွင် ကရုဏာ ဆင့်၍ ကူညီခဲ့ပါသည် ။ သို့သော် အနီးကပ်ခန့်မှန်း မေးခွန်းတောင်းခြင်း ၊ ပါနိုင်မည့် ပုစ္ဆာများကို မိတ္တူကူးစက်ဖြင့် မိုက်ခရိုကူးခြင်း ၊ တစ်နှစ်လုံး လေ့လာရမည့် သင်ရိုးများကို ဆယ့်ငါးရက်ပြတ် ၊ တစ်လပြတ်ဟူသော ကြော်ငြာများဖြင့် မျက်နှာပြောင်တိုက် ဖွင့်လှစ်သည့် ကျူရှင်သင်တန်းများသို့ သွေးရူးသွေးတန်း သွားတက်ခြင်းတို့ကိုတော့ သူမ အားမပေးခဲ့ပါ ။ တတ်နိုင်သမျှ ကန့်ကွက်ခဲ့ပါသည် ။
စာမေးပွဲသည် ကျောင်းသားတို့ အတွက် ဉာဏ်ရည်ကို စစ်ဆေးသည့်ပွဲဖြစ်ပြီး ဆရာများ အတွက် သိက္ခာကို စစ်ဆေးသော ပွဲလည်း ဖြစ်ပြန်ပါသည် ။
ကျောင်းသားများ အတွက် စာမေးပွဲ အကျအရှုံးကို သုံးလခန့် စောင့်ဆိုင်းပြီးမှ သိခွင့်ရှိသော်လည်း ဆရာ ဆရာမများ၏ သိက္ခာ အကျအရှုံးကား စာမေးပွဲ ကျင်းပနေသော သုံးနာရီအတွင်း အဆုံးအဖြတ် ပေးနိုင်လေသည် ။ ထိုသိက္ခာခြေစစ်ပွဲတွင် အကြောင်းကြောင်းကြောင့် ကျရှုံးခြင်း ၊ အောင်မြင်ခြင်းတို့သည် ကာယကံရှင်မှ လွဲ၍ အခြား မည်သူမျှ သိခွင့် မရှိသော ၊ မသိနိုင်သော အဇ္ဈတ္တလောင်း ကစားပွဲ တစ်ရပ်ပဲ ဖြစ်သည် ။
သူမ အတွက်တော့ စာမေးပွဲခန်း တစ်ခါ စောင့်ရတိုင်း တိုက်ပွဲတစ်ခုကို တိုက်ရသလို ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန် အောင်မြင်စေပါသည် ။ စာမေးပွဲဟူသည် ကျောင်းသားတို့ အဖို့ ဘဝနှင့် ချီ၍ အရေးကြီးသော ကိစ္စဟု သတ်မှတ်နိုင်သော်လည်း လူ့စာရိတ္တက ပိုမို အရေးပါကြောင်း ယူဆထားသော သူမလို ဆရာများမှာ ကျောင်းသား ကျောင်းသူများ၏ မုန်းတီးရွံရှာခြင်းကိုလည်း ခံရပြန်ပါသေးသည် ။ သို့သော် စာမေးပွဲ တစ်ခါ စစ်ပြီးတိုင်း သူမ လိပ်ပြာသန့်သန့်ဖြင့် စာမေးပွဲခန်းထဲမှ ထွက်ခဲ့ရသော အရသာကို ဘာနှင့်မျှ မလဲနိုင်အောင် ကြည်နူးမိဖူးပါသည် ။
ထိုကြည်နူးမှုသည် ဆယ်တန်း စာမေးပွဲ ပထမနေ့ ပြီးသောအခါ ပျောက်ကွယ်တော့မလို ဖြစ်ခဲ့ရသည် ။ သူ တာဝန်ယူ စောင့်ကြပ်ရမည့် စာမေးပွဲခန်းမှ ကျောင်းသား တစ်ယောက်၏ မိဘက သူမ အိမ်သို့ ကားနှင့် ရောက်လာပါသည် ။ ထူးဆန်းသည်မှာ မေမေက ထိုဧည့်သည်နှင့် ရင်းနှီးကျွမ်းဝင်နေခြင်းပင်ဖြစ်သည် ။
“ ဘာကိစ္စရှိလို့ပါလဲရှင် ”
“ ဒီလိုပါ ဆရာမ ၊ ကျွန်တော့်သားလေး စာမေးပွဲခန်းကို မနက်ဖြန်ကျ ဆရာမ စောင့်ရမယ်လေ ၊ အဲဒါ နည်းနည်းပါးပါး စောင့်ရှောက်လိုက်ဖို့ပါ ”
“ ကျွန်မက ဘယ်လို စောင့်ရှောက်ရမှာလဲ ၊ ရှင် ပြောတာ ကျွန်မ သိပ်ပြီး သဘောမပေါက်ဘူး ”
“ ဒီလိုပါ ဆရာမရယ် ၊ ကလေးက ဉာဏ်သိပ်မကောင်းတော့ ဆယ်တန်းကျတာ နှစ်ခါ ရှိပါပြီ ၊ ဒီနှစ်တော့ မအောင် အောင်တဲ့နည်းကို သုံးမှ ဖြစ်တော့မှာမို့ ဆရာမက တော်ရုံ တန်ရုံ မသိချင်ယောင် ဆောင်နေဖို့ပါ ဆရာမရယ် ၊ ကျွန်တော် ကျန်တဲ့ ဆရာ နှစ်ယောက်နဲ့လည်း ညှိပြီးပါပြီ ။ ဆရာမ ကျေးဇူးကို ကျွန်တော် အသိအမှတ် ပြုပါတယ် ၊ လက်ခံပါ ”
ကျောင်းသားမိဘက စက္ကူဖြင့် ပတ်ထားသော အထုပ်တစ်ထုပ်ကို စားပွဲပေါ်သို့ ရိုရိုသေသေ ချပေးလိုက်သည် ။
“ ဖြစ်နိုင်ရင် ကူညီလိုက်ပါ သမီးရယ် ၊ လူရင်းတွေပဲ ”
သူမ အလုပ်ကို တစ်ခါမှ ဝင်မစွက်ဖူးသော မေမေက ဝင်ပြောလိုက်သောကြောင့် သူမ အရမ်း အံ့သြသွားသည် ။ ဒီကိစ္စဟာ သူ့သမီးရဲ့ သိက္ခာကို ရောင်းစားနေတာပါလား ဆိုတာ မေမေ နည်းနည်းမှ မသိတော့ဘူးလား ။
“ ဖြစ်မှာ မဟုတ်ပါဘူးရှင် ၊ အဲဒီလို ကိစ္စမျိုး အားမပေးချင်ဘူး ၊ အကောင်းဆုံးကတော့ နောက်နှစ်မှ အခြေခံက စပြီး .. ”
“ အဆိုးဝါးကြီးလည်း မဖြစ်စေရပါဘူး ဆရာမ ၊ စိတ်ချပါ ခန့်မှန်းမေးခွန်းတွေလည်း သေချာပေါက်နီးပါး ကျွန်တော်တို့ လိုက်ထားပါတယ် ။ အခန်းစောင့်မယ့် တခြား ဆရာ နှစ်ယောက်နဲ့လည်း ညှိပြီးပါပြီ ။ ကျွန်တော့်သား နာမည်က ဝင်းထွန်းအောင် ခုံနံပါတ် ၃၁၈ ပါ ”
“ ဝမ်းနည်းပါတယ်ရှင် ၊ ကျွန်မ မလုပ်နိုင်ပါဘူး ” ဟူသော စကားကို အားတင်း၍ ပြောပြီး သူမ အခန်းတွင်းသို့ ဝင်ပြေးလာခဲ့မိသည် ။ ထိုလူနှင့် မေမေ ခေတ္တမျှ စကားတိုးတိုး ပြောနေသံ ကြားရပြီး မကြာမီ အိမ်ရှေ့မှ ကားတစ်စီး မောင်းထွက်သွားသည် ။
“ အားနာစရာ အရမ်းကောင်းနေပြီ သမီးရေ ၊ သူငယ်လေးက ငွေငါးထောင် အတင်း ထားသွားတယ် ”
“ သမီး မယူချင်ဘူး မေမေ ”
အိမ်မှာ ငွေလိုနေတာကို သိသော်လည်း သူမ ဇွတ်မှိတ်ပြီး ငြင်းလိုက်သည် ။ မထင်မှတ်သော မေမေ့ စကားက သူမ စိတ်ကို မောပန်းနွမ်းလျသွားစေခဲ့ပြန်သည် ။
“ ဒီသူငယ်လေးက တခြား မဟုတ်ဘူး သမီး ၊ သမီး နယ်မပြောင်းရအောင် လိုက်ပြီး အစအဆုံး ကူညီထားတဲ့ သူပဲ ၊ မေမေ မျက်နှာ မပျက်ပါရစေနဲ့နော် ”
••••• ••••• •••••
အခန်းစောင့် ဆရာများ၏ လမ်းလျှောက်သံ ၊ စာရွက်များကို လှန်လှောသံ တို့မှ တစ်ပါး စာမေးပွဲခန်းသည် ပကတိ ငြိမ်သက်တိတ်ဆိတ်နေ၏ ။ သူမသည် ဂနာမငြိမ်လွန်းစွာ အခေါက်ခေါက် အပြန်ပြန် လမ်းလျှောက်လျက် မနေတတ် မထိုင်တတ် ဖြစ်နေသည် ။ တခြား အခန်းစောင့် ဆရာ နှစ်ဦးနှင့်လည်း မျက်နှာချင်းမဆုံ ဖြစ်အောင် ခေါင်းကိုသာ တွင်တွင် ငုံ့ထားမိသည် ။ သူမ တစ်သက်တာတွင် တစ်ခါမျှ ဒီလောက် မရှက်ရွံ့ဘူးချေ ။
ကြွယ်ဝချမ်းသာတဲ့ လူတစ်ယောက်ကို မတရားတဲ့ အခွင့်အရေး တစ်ခု ယူဖို့ လျစ်လျူရှု နေလိုက်ခြင်းဟာ တရားသဖြင့် ကြိုးစားနေတဲ့ ဆင်းရဲသား ကျောင်းသားကျောင်းသူလေးတွေရဲ့ ပြေးလမ်းမှာ ဝင်ရှုပ်တာပဲ မဟုတ်လား ။ ခိုးချတာကို ကြိုတင် သိပါလျက်နှင့် မတားဆီးခဲ့တဲ့ ဆရာတစ် ယောက်ဟာ ဆရာ ကျင့်ဝတ်သိက္ခာနှင့် ညီပါရဲ့လား ။ သူ့ ခေါင်းထဲမှာ မေးခွန်းတို့ ပဲ့တင်ရိုက်နေသည် ။
“ အို ငါတစ်ယောက်တည်း မဟုတ် ၊ တခြား ဆရာ နှစ်ယောက်မှာလည်း တာဝန်ရှိတယ် ။ တကယ်ဆို သူတို့က ပိုပြီး စေ့စေ့စပ်စပ် စောင့်ကြည့်သင့်တာပေါ့ ၊ အများသောက်နေတဲ့ မိုးခါးရေဟာ ငါ့အတွက်ကျမှ ချိုလာနိုင်ဦးမှာလား ၊ ဒီကလေး တစ်ယောက် ကူးချရုံနဲ့လည်း ပညာရေးစနစ်ကြီး တစ်ခုလုံး ပျက်စီး မသွားပါဘူး ၊ တကယ် ရိုးသားကြိုးစားတဲ့ ကလေးတွေကပဲ နောက်ဆုံးမှာ အောင်ပွဲခံပါလိမ့်မယ် ။ ခိုးချတဲ့ သူတွေဟာ ဆရာဝန်တွေ ၊ အင်ဂျင်နီယာတွေ ဖြစ်မယ့် ကျောင်းသားတွေလည်း မဟုတ်ဘူး ၊ ဟုတ်ခဲ့ဦး သူတို့ ဉာဏ်မမီရင် တက္ကသိုလ်ကျ မလိုက်နိုင်ဘဲ ကျရုံပေါ့ ၊ တကယ်တော့ ငါ့တာဝန်က စာမေးပွဲခန်း စောင့်ရုံပဲ ၊ ငါဟာ ကျောင်းဆရာ ၊ သူခိုးဖမ်းတဲ့ ရဲသား မဟုတ်ဘူး ၊ ငါက စာမေးပွဲခန်း စောင့်တယ် ၊ မဟုတ်မဟတ် ဘာကိုမှ ငါမမြင်ဘူး ၊ ဟုတ်ပြီ ၊ ငါ ဘာမှ မမြင်ဘူး ၊ မမြင်ဘူးလို့ ဆုံးဖြတ်ထားရင် ဖမ်းစရာ မလိုဘူး ၊ ငါ့မှာလည်း အပြစ်မရှိဘူး ”
ကျဉ်းထဲကျပ်ထဲမှ လွတ်မြောက်သွားသူ တစ်ယောက်လို သူမ စိတ်ပေါ့ပါးသွားသည် ။ ထိုကျောင်းသား နှင့်တကွ စာမေးပွဲခန်း အတွင်းရှိ မသမာနည်း အသုံးပြုနေမည့် ကျောင်းသားများကို မမြင်ရန် ကျောခိုင်းလိုက်သည် ။ မမြင်ဘူး ၊ မမြင်ဘူး ၊ ငါ ဘာမှ မမြင်တော့ဘူး ။ ဟိုကျောင်းသားက လက်ဖဝါးမှာ စာတွေ ရေးထားပါလား ။ အိုမဟုတ်ဘူး ၊ အဲဒါ စာမေးပွဲ ဖြေနိုင်အောင် အင်းတွေ လက်မှာ ချလာတာ ဖြစ်မှာပါ ။ ဟိုကောင်မလေးကလည်း ဘာလို့ လက်ကိုင်ပဝါကို ခဏခဏ ဖြန့် ကြည့် နေတာလဲ ၊ စာမေးပွဲစည်းကမ်းထဲမှာ လက်ကိုင်ပဝါ ခဏခဏ ဖြန့်မကြည့်ရလို့မှ မပါတာ ဘာဖြစ်သေးလဲ ။
ထို့နောက် မြင်လျက်နှင့် ကန်းချင်ယောင် သူမ ဆောင်ရတော့သည် ။ သူမ တစ်ကိုယ်လုံးဝယ် ထိုအချိန်၌ အမုန်းတီးဆုံး အရာမှာ သူမ၏ မျက်လုံးနှစ်လုံးကိုပင် ဖြစ်သည် ။ သူမသည် ထိုခဏ၌ အကန်းတစ်ယောက် ဖြစ်လျှင် ကောင်းလေစွဟု ရူးသွပ် မိုက်မဲစွာ ဆုတောင်းမိပြန်သည် ။ သူမသည် ပြတင်းပေါက်မှ တစ်ဆင့် ကျောင်းရှေ့ ကားလမ်းကို အကြည့် လွှဲထားသည် ။ အနှေးယာဉ် မဝင်ရဟူသော ဆိုင်းဘုတ်ရှေ့မှ ကားများ တဝီးဝီး ဖြတ်မောင်း သွားကြသည် ။
“ ဆရာမ စာရွက် ”
အသံ လာရာသို့ သူမ ရုတ်တရက် ကြည့်လိုက်သည် ။
“ အလို သူပါလား ”
စောင့်ရှောက်လိုက်ပါဟု အပ်နှံခံထားရသော ကျောင်းသားက အဖြေလွှာ စာရွက် ထပ်မံ တောင်းနေပြန်သည် ။ ထို ကျောင်းသား အနားသို့ သွားရမှာ ကိုယ့်ကိုယ်ကိုယ် မသတီသဖြင့် သူမ မကြားဟန်ပြုကာ မျက်နှာလွှဲနေလိုက်သည် ။ တခြား ဆရာ တစ်ယောက် ကပျာကယာ ထသွားသည် ။ အချိန်တို့ တိတ်ဆိတ်စွာ ကုန်လွန်သွားပြန်သည် ။ ကျောင်းသားများ၏ တရားမဝင် စာရွက်စာတမ်း အပိုများကို သိမ်းဆည်းရန် အနားသို့ အကြိမ်ကြိမ် ချဉ်းကပ်ပြီးမှ သူမ လိပ်ပြာကို သူမ မလုံသဖြင့် အကြိမ်ကြိမ် နောက်ပြန်ဆုတ်ခဲ့ရသည် ။ မည်မျှပင် မမြင်ယောင် ဆောင်သော်လည်းနှစ်ပေါင်း များစွာ အကျင့်ရလာသော မျက်လုံးများက အခန်းတွင်းရှိ လှုပ်ရှားမှု အားလုံးကို အသေးစိတ် ( စိတ်ဆင်းရဲစွာ ) မြင်နေရပြန်သည် ။ မြင်လျက်နှင့် မမြင်ယောင် ပြုနေရခြင်း ဒုက္ခက ကြီးမားလှပေစွ ။ အချိန်တို့သာ မြန်မြန် ကုန်လွန်ပါစေဟု သူမ ဆုတောင်းနေမိသည် ။ သုံးနာရီမျှသာ ကာလအတွင်း အရှင်လတ်လတ် ငရဲခန်းသို့ ကျနေသလို ခံစားနေရသည် ။
ဆရာတစ်ယောက် ဖြစ်လျက်နှင့် တပည့်တွေ မျက်နှာကို ရဲရဲ မကြည့်ဝံ့ ။ ဆရာချင်း ဟဟ စကား မဆိုဝံ့ ၊ မျက်စိအတွင်း ဝင်လာသောမြင်လွှာများကို လက်မခံဝံ့ ဖြစ်နေသော ဘဝကား ငရဲတမျှ ဆိုးဝါးလွန်းလှသည် ။ ကြောင်အိုတော့ ကြွက်မလေး ။ ဆရာများ၏ သိက္ခာအိုတော့ တပည့်များက တဖြည်းဖြည်း အကဲစမ်းလာကြလေပြီ ။
အဖြေလွှာများကို မသိမသာ ထောင်ပြကြသည် ။ မေးခွန်းစာရွက်ချင်းလဲသည် ။ တရားမဝင် သယ်ဆောင်လာသော စာရွက်ပိုင်းများကို လုံးခြေ၍ လက်ဆင့်ကမ်းကြသည် ။ တချို့မှာ အဖြေကို တစ်ဦးနှင့် တစ်ဦး မေးကြပြောကြ လုပ်လာကြသည် ။
သူမ၏ မျက်နှာသည် ဒေါသဖြစ်ခြင်း ၊ ရှက်ခြင်းဖြင့် ရဲရဲနီလာသည် ။ ထိုစဉ်အတွင်း အနှီကျောင်းသားသည် မသမာသည့်နည်းကို တရားဝင် အမိန့်ရသည့် သဖွယ် လုပ်ဆောင်လာ၏ ။ သူသည် ဖခင်၏ ညွှန်ကြားချက်ဖြင့် အရာရာကို စိတ်ချလက်ချ ရှိနေဟန် တူသည် ။ စာရွက်ပိုင်းလေး တစ်ခုကို စာရေးစားပွဲ ခုံပေါ်တွင် တင်၍ အကြောက်အရွံ့ မရှိ ဗြောင်ကူးနေ၏ ။ သူမ သည်းမခံနိုင်စွာ ရုတ်တရက် ထရပ်လိုက်သည် ။ အာရုံထဲမှာ ပုံရိပ်များ ၊ စကားသံများ ရှုပ်ထွေးရောယှက်နေသည် ။
“ မေမေ မျက်နှာ မပျက်ပါရစေနဲ့နော် ”
“ ကူညီပါ ဆရာမရယ် ”
“ ငွေငါးထောင် ”
“ နယ်မပြောင်းရအောင် ကူညီခဲ့တာလေ ”
အသံတို့ တဖြည်းဖြည်း တိုးလျပျောက်ကွယ်သွားသည် ။ သူမ စာသင်ခန်း ရှေ့ဆုံးတွင် သွားထိုင်နေလိုက်သည် ။
“ ဒီနေ့ ချောင်တယ်နော် မဖမ်းဘူး ”
“ အဲဒါ ဘယ်သူ့ကြောင့် မှတ်လို့လဲ ”
ခုံနံပါတ် ၃၁၈ မှ ကျောင်းသားသည် ထိုစကားကို ပြောလိုက်ပြီး သူမ ဘက်သို့ ခိုးကြည့်လိုက်၏ ။ မာနကို နှိုးဆွလိုက်သော အကြည့် ၊ သူမ ဒေါသဖြင့် ထိုကျောင်းသား ဆီသို့ လျှောက်သွားလိုက်သည် ။ တစ်ခန်းလုံးရှိ ကျောင်းသားများက သူမကို ဝိုင်းကြည့်နေကြသည် ။ ကျောင်းသားသည် ဖုံးဝှက်ရန် ကြံစည်စဉ်မှာပင် သူမက အဖြေစာရွက်ကို ဆတ်ခနဲ ဆွဲယူလိုက်၏ ။
ထိုစဉ်မှာပင် အချိန်စေ့ ခေါင်းလောင်း တီးလေသည် ။
••••• ••••• •••••
ပျားပန်းခတ် ရှုပ်ထွေးနေသော လူရေစီးကြောင်းနှင့် အတူ မျောပါလမ်းလျှောက်ခဲ့သည် ။ နေက ခြစ်ခြစ်တောက် ပူနေသည် ။ ဆွဲနေကျ ကြိမ်ခြင်းသည် ယနေ့မှ ပိုလေးလံလာသယောင် ရှိသည် ။ အိမ်အပြန် လမ်းဝယ် သူမ တစ်ကိုယ်လုံး နုံးချည့်နေ၏ ။ ဘတ်စ်ကားမှတ်တိုင်ဝယ် လူတို့ စုပြုံနေကြသည် ။
မျက်မမြင် အဘိုးအို တစ်ယောက် ခွက် တစ်လုံးကို ကိုင်ကာ တုတ်ကောက်ဖြင့် စမ်းကာစမ်းကာ လမ်းလျှောက်လာ၏ ။
“ မျက်မမြင် ဒုက္ခိတမို့ ထမင်းဖိုးလေး တစ်ကျပ်တစ်ပြား စွန့်ကြဲခဲ့ကြပါကွယ် ”
သူမက ပိုက်ဆံအိတ်ကို ကပျာကယာ ဖွင့်၍ ဆယ့်ငါးကျပ်တန် တစ်ရွက် အဘိုးအို ခွက်ထဲသို့ ထည့်လိုက်၏ ။
“ သာဓုကွယ် သာဓု ၊ မျက်မမြင် ဒုက္ခိတကို လှူဒါန်း စွန့်ကြဲရသော အကျိုးကြောင့် ဖြစ်လေရာ ဘဝတိုင်း မမြင်ရသော မကြားရသော ဒုက္ခိတဘဝမျိုးနှင့် ကင်းဝေးပါစေကွယ် ”
မြင်လျက် ကြားလျက် မမြင်ယောင် မကြားယောင် ပြုနေသူတို့လည်း ဤလောကဝယ် ရှိနေသေးကြောင်း သိရလျှင် ထိုအဘိုးအို အံ့သြပေလိမ့်မည် ။
အတွေးထဲဝယ် ကန်းခြင်း နှင့် မြင်ခြင်း၏ ခြားနားမှုကို တနုံ့နုံ့ စဉ်းစားနေစဉ်မှာပင် သူမ စောင့်နေသော ရှားရှားပါးပါး ဘတ်စ်ကားက လူအုပ်ရှေ့သို့ ထိုးရပ်လိုက်လေသည် ။
▢ သရဝဏ် ( ပြည် )
📖 ဒီလှိုင်း မဂ္ဂဇင်း
အတွဲ - ၁ ၊ အမှတ် - ၅
၁၉၉၆ ခုနှစ်

No comments:
Post a Comment