❝ အမျက်ကြီး အချစ်ကြီး ❞
( ပီမိုးနင်း )
လှေကားမှာ ဆင်းသူနှင့် တက်သူ နှစ်ယောက် ရှောင်သာရုံမျှ ရှိ၏ ။ ဒေါ်ဂျမ်း၏ ဝဝတုတ်တုတ် လုံးလုံးအိအိ ဖြူဖြူဖွေးဖွေး ကိုယ်ခန္ဓာကြီးသည် စပါးပုတ်ကြီးကို လှိမ့်၍ ချလိုက် သကဲ့သို့ လည်းကောင်း ၊ သဘက်ဖြူဖြူကြီး ခြောက်လှန့်၍ ပြလာ သကဲ့သို့ လည်းကောင်း ၊ ထို ကျဉ်းမြောင်းသော လှေကားအထက်မှ လှိမ့်ဆင်း၍ အလာမှာ ဦးပိန်သည် အရေးကြီးသော ကိစ္စတစ်ခုခုနှင့် ပြေးတက်၍ လာသည်နှင့် တွေ့ကြုံကာ ပခုံးချင်း တိုက်မိလေ၏ ။
ဂျမ်း ။ ။ “ လူတစ်ယောက်လုံးကို မမြင်ဘူးလား ။ မျက်စိကန်းသလား ။ ဟင် ... ဘာထင်လို့ ဝင်တိုး တာလဲ ” ဟု ပြူးတူးပြဲတဲ သရဲပမာ ဖြဲခြောက်လျက် အများ ကြောက်နေကြကို သိသော သူ၏ အမူအရာနှင့် အောက်ဆုံးမှာ ရပ်ကာ အပေါ်သို့ လွန်တက်၍ သွားသူ ဦးပိန်ကို မော်ကြည့်ကာ မာန်လေ၏ ။
ပိန် ။ ။ “ ခင်ဗျာ ခင်ဗျားကိုလား ။ ကျုပ်က ခင်ဗျားကို ဘာများ အရသာရှိမယ် ထင်လို့ တိုးရမှာတုံး ”
“ သယ် ... နင် ဘာစကား ပြောတာလဲ အသက်ကြီးလို့ မိုက်တာလား ၊ စမ်းချင်သလား ”
ပိန် ။ ။ “ ငါ အသက်မကြီးသေးဘူး ။ ခြောက်ဆယ်တွင်း ၊ ကလာသားအသေး ၊ နင်မှ အမယ်ပုပ် ၊ အသက် ဘယ်လောက် ရှိပလဲ ။ တယ် .. ဒေါသကြီးပါကလား ”
ဂျမ်း ။ ။ “ ငါဘယ်လောက်ရှိရှိ ၊ နင်နဲ့ ဘာဆိုင်သလဲ ”
ပိန် ။ ။ “ ဆိုင်ချင်တယ်လို့ မဆိုပေါင်ဗျာ ။ လူပျို လုပ်လုပ်လို့မှ မဝသေးပါဘူး ” ဟု ပြောကာ လှေကား လက်ရန်းကို ကိုင်လျက် ချိန်သားမှန်သော လေးသမား ၏ မျက်နှာထားမျိုးနှင့် ပြောရင်း ဒေါ်ဂျမ်းကို မခံချည့် မခံသာ ဖြစ်အောင် ကြည့်၍နေလေ၏ ။
ဂျမ်း ။ ။ “ နင် ခွေးစကား ကြပ်ကြပ်ပြော ၊ ဘာကောင်ကြီးလဲ ။ မိဂျမ်းတဲ့ ဘယ်လို ကောင်မ မှတ်သလဲ ” ( အင်္ကျီလက်ကို ပင့်၏ ။ )
“ ဟာ ဟာ ” ဟု ရယ်ပြီး ဦးပိန်သည် အောက်ကို ဆင်းလာပြီးလျှင် လမ်းမ၌ ရပ်၍ ကြည့်ကြသော ပရိသတ် များကို ကြည့်ကာ “ အထင်မလွဲကြပါနဲ့ဗျာရို့ ၊ လင်မယား မဟုတ်သေးပါဘူး ” ဟု ပျာယီးပျာယာ ပြောပြီး တရုတ်ရုပ်သေး လှည့်၍ ဝင်သလို လှေကားပေါက်ကို ဝင်၍ လျင်မြန်ပေါ့ပါးသော ခြေနှင့် တက်ပြေးလေ၏ ။
မိမိ၏ အခန်းသို့ ရောက်သောအခါ ရင်ဆိုင် အခန်းမှ ထွက်၍ ကြည့်နေကြသူများနှင့် တွေ့လေရာ “ ဘယ်က ဟာကြီးလဲ ” ဟု မေးလေ၏ ။
“ ဆရာကြီး အောက်ထပ်ကလေ ။ မသိသေးဘူးလား ။ သိပ်ကြောက်စရာ ကောင်းတာနော် ဆရာကြီး ။ သွားများ စမှ စပလေ အမယ်လေး ” ဟု မိန်းကလေးတစ်ယောက်က ပြောလေ၏ ။
“ အင် ... ဟုတ်လား ၊ သိပေါင်ဗျာ ။ ကျုပ် ဘယ် သတိထားမိမလဲ ။ ဘာသာလဝါ နေပေတာပဲ ။ ဪ ... အောက်ခန်းကကိုး ။ သည်ပုံဖြင့် တွေ့ နေမင့် ” ဟု ပြောပြီး မိမိအခန်းကို သော့ခတ်၍ ဖွင့်ဝင်လေ၏ ။
ဒေါ်ဂျမ်းသည်ကား အောက်မှ နေ၍ ဆူတုန်းညံတုန်း ရှိနေသေးလေရာ အိမ်နီးပါးချင်းများက ဆွဲကြ ဆိုကြ ပြောကြရသည်ကိုပင် ဂရုမထား “ ဘာကောင်လဲ မသိပါဘူး ။ လူကို စမ်းချင်တယ် ထင်ပါရဲ့ သိစေ့မယ် ”
ဦးပိန်သည် စားပွဲအံဆွဲ တစ်ခုထဲ၌ ကုန်းကာ မွှေနှောက် ရှာဖွေ၍ နေရာမှ ရပ်ကာ နားစိုက်ပြီး ဝရန်တာသို့ ပြေးကာ “ ဒီလို ဝဝပြဲပြဲကြီးမျိုး ယောင်လို့တောင် မစမ်းဘူး ။ စိတ်ချ ။ တံခါးဖွင့်အိပ် ၊ မောင်ပိန် အပေါ်မှာ ဝိစိကိစ္ဆာ မရှိနဲ့နော် ဟုတ်လား ” ဟု မေးထိုးကာ ငုံ့၍ ကြည့်လျက် မျက်စမျက်နနှင့် ပြောလေ၏ ။
“ အို .. အခု လာပြီး စမ်းစမ်းပါ ။ ပြလိုက်ချင်တယ် ။ ပဒန်းကွက်သစ်မှာ မိဆယ် ဆိုတဲ့ စုန်းမရဲ့ သွားနှစ်ချောင်းကို ခုံဖိနပ်နဲ့ ဖြုတ်ချခဲ့တဲ့ ကောင်မ ”
“ အောင်မယ်ဟေ့ .. ငပိန်တဲ့ ။ ဘယ်လို အကောင် မှတ်သလဲ ။ တိုးကြောင်က ဘိုးမောင် နွားသိုး ချိုးကျိုးအောင် ဇွဲချွတ်ခဲ့တဲ့ အကောင် ၊ ဘယ်လို မှတ်သလဲ ။ ဟင် ... လူလုပ်လို့ ။ စနေသား နေတက်ဖွား ၊ ရှင်ဘွဲ့ အာသောက တဲ့ ။ ဒေါသထရင် ဖွဲမီးလို ငွေ့ငွေ့ ။ ဟင် ... ငါ မစမ်းဘူးလဟဲ့ ။ နင် စမ်းချင် တက်ခဲ့ ။ လူလုပ်လို့ ”
“ တန်ကြ တန်ကြ ၊ ကိုပိန် ကလည်း တော် ၊ မဂျမ်း ကလည်း အသာနေ ။ ဝင် ဝင် ၊ လူကြားမကောင်း ၊ သူကြားမကောင်း ၊ ကလေးကလား ။ တော်ကြပါ တော်ကြပါ ၊ အို ... မဂျမ်းကလည်း ပြောနေတော်ရောပ ” ဟု အရီးအေး ခေါ်သူ ပင်းမင်ဆိုင်ရှင် မိန်းမကြီးက ဒေါ်ဂျမ်းကို ဆွဲရင်း ပြောလေ၏ ။
ဦးပိန်သည် တစ်ကိုယ်တည်း နေလျက် အာယုဆေး တစ်မျိုးကို ဖော်စပ်ကြော်ငြာ ရောင်းချသော မောင်ပိန် အင်ကိုး ကုမ္ပဏီသူဌေး ဖြစ်လေရာ မိမိ၏ ဆေးဖော်စပ်ရာ၌ ပါရှိသော မန်ကျည်းသီးဆန်ခါတင် အဖတ်ကို နေပူ၌ ပုံ၍ ထားသော အသွင်တစ်မျိုး ရှိလေ၏ ။ ပိန်သေး သွေ့ခြောက်ပုံ ပေါ်သော်လည်း အလုပ်အကိုင် အကြံအစည်မှာ မြန်ထက်လျက် မွေးသန္ဓေကပင် အတိုက်အခံ အသက်မွေးလိုသော ဇွဲတစ်ခု ပါ၍ လာသူ ဖြစ်လေရာ ရှုံးလျှင် ပြန်၍ နိုင်အောင် အမြဲ စွဲထားတတ်၏ ။ နိုင်လျှင်ကား ဆက်၍ နိုင်ချင်သော ဝါသနာ ရှိလေရာ မန်ကျည်းသီး နှင့် ပွေးကိုင်းမှ ရွှေကျင်သလို ဥစ္စာကို ကျင်၍ အတော်ပင် ကြီးပွားခိုင်လုံသည်ဟု မှတ်ထင်ခြင်းကို ခံရသူ တစ်ယောက် ဖြစ်လေ၏ ။ အကြောင်းမူကား ၎င်း၏ အရွယ်၌ တစ်ကိုယ်ရေ တစ်ကာယ အခန်းငှားပြီး အလုပ်အကိုင် အကြံအစည်နှင့် အများအားဖြင့် နေလေ့ မရှိကြ ။ ခင်မင်ကျွေးမွေးမည့်သူ တစ်ဦးနှစ်ဦး စသည်တို့ ထံမှာ ဦးကြီးဝရီး ဆရာသမားလို နေလေ့ ရှိကြသည်သာ များလေရာ ဦးပိန် မှာ ထိုသို့ ရှေးမြန်မာလူကြီးများ၏ အချိုးအစားထဲက မဟုတ် ။ ခေတ်ကာလ အတော်ကလေး ဆန်လျက် စတိုင်ပါပါ မြန်မြန် ထက်ထက် နေတတ်သူ ဖြစ်လေ၏ ။
ဒေါ်ဂျမ်း မှာကား ဆွေမျိုးဉာတိနှင့် အဘယ်အခါကမျှ အတူ မနေနိုင်သော မိန်းမကြပ်ကြီး ၊ မိန်းမခက်ကြီး တစ်ယောက် ဖြစ်လေရာ ခင်ပွန်းဖြစ်သူ ပွဲစားကြီး ကွယ်လွန် အနိစ္စ ရောက်ကတည်းက တစ်ကိုယ်တည်း လက်ရှိ ငွေကြေးကို တစ်ရာ တစ်ဆယ်တိုး ၊ တစ်ဆယ် တစ်ကျပ်တိုး နှင့် ချေးငှား အပေါင်ခံ၍ နေသူ ဖြစ်လေရာ ထိုတိုက်တန်းလျား တစ်လျှောက်လုံးမှာ ၎င်းကို တုပြိုင်ဝံ့သူ ဟူ၍ အဘယ်အခါကမျှ မရှိစဖူးချေ ။ သို့ဖြစ်လေရာ တစ်လကျော်ခန့် အခါကမှ ပြောင်း၍ လာသော မောင်ပိန် ကုမ္ပဏီ သူဌေး အပေါ်၌ မကျေနိုင်မချမ်းနိုင် ဖြစ်၍ နေလေသတည်း ။ ထိုနေ့ညနေ ဦးပိန်သည် နောက်ဖေး မီးဖို၌ ဆေးချက်၍ နေခိုက်တွင် နှာခေါင်းရှုံ့ကာ ဟီးခနဲ လုပ်ပြီး “ ဝေါ့ ထွီ ၊ ဘယ်ကများ ခွေးသေကောင် အိုးချစ်တိုက်နေပါလိမ့် ” ဟု ရှုံ့မဲ့ကာ အသံကျယ်ကျယ်နှင့် ပြောလိုက်လေ၏ ။ အောက်ထပ်မှ ရှဲခနဲ ရှဲခနဲ မြည်သံကို လည်းကောင်း ၊ ဒေါ်ဂျမ်း၏ ကျယ်လောင်သော သံပုံးကွဲသံနှင့် တူသော အသံကို လည်းကောင်း ကြားရလေ၏ ။
“ အိုးချစ်တိုက်တာ မဟုတ်ပါဘူး ။ ဆီများများ စားဖူးရဲ့လား ” ဟူသော စကားသံသည် ဦးပိန်၏ နားသို့ ရောက်အောင် ကြိုးကြိုးပမ်းပမ်း တက်ရောက်၍ လာလေ၏ ။
“ စားရအားကြီးလို့ ဆီနံ့နဲ့ အိုးကင်းနဲ့ ခြားနားပုံကို သိတာပေါ့ ။ အရပ်ထဲမှာ အားမနာပါးမနာ မလုပ်ကောင်းဘူးဗျာ ”
“ အို ... ကိုယ့်အိမ် ကိုယ့်အခန်းမှာ ကိုယ်ကြော်မယ် ၊ ချက်မယ် ။ ဘယ်သူ့ကို ဘာအရေးစိုက်ရမှာလဲ ။ ဘာအနာ ရှိလို့ ညှော်ကြောက်ရတာလဲ ”
“ ခင်ဗျား ဆေးဆရာမို့ ဘာနာညာနာ ပြရမှာလား ၊ ခင်ဗျား ကျုပ်က ဘောက်မယ်မို့ ပြရမှာတုံး ။ သေလု မြောပါး ကြည့်ချင်တောင် မကြည့်ရဘူး မှတ်လိုက်ပါ ။ အပေါစား အချောင်မှတ်လို့လား ။ ဟင်း .. လူလုပ်လို့ ။ ကိုယ့်အိမ်ပေမဲ့ အိုးချစ် တိုက်ချင်တိုင်း တိုက်ရတာ မဟုတ်ဘူး ။ အရပ်ကို လေးစားရသေးတယ် ”
“ တိုက်တယ်လေ ၊ ကိုယ့်အိမ်ကိုယ် တိုက်မှာပေါ့ ”
“ ကိုယ့်အိမ်မှာ ကိုယ် ဘာမဆို လုပ်တမ်းလား ”
“ အို ... ဘာမဆို လုပ်တမ်းပေါ့ ။ ဆရာပိန်ရယ် ”
“ ကောင်းဗျာ ၊ ကြားကြစေနော် ။ ကိုယ့်စကားကို မြဲမြဲမှတ် ”
“ မှတ်လို့ နင်က ဘာလုပ်ချင်သလဲ ။ ဘာလုပ်ချင်သလဲ ။ ဘာလုပ်ချင်သလဲ ” ဟု အိမ်နောက်ဖေး လမ်းကြားမှ ထဘီကို တိုတိုပြင်၍ ဝတ်ကာ စကားတစ်လုံး ထက် တစ်လုံး ပို၍ ကျယ်စွာ စီးစီးပိုင်ပိုင် ပြောရင်း မော်၍ ကြည့်လေ၏ ။ ဦးပိန် က မန်ကျည်းသီး စစ်ဖတ်များကို ဒေါ်ဂျမ်း၏ မျက်နှာပေါ်သို့ ပစ်ချပြီး “ အော် .. အဟင်း ၊ မတော်တဆဗျာ ။ ကျုပ် အိမ်ပေါ်က ကျုပ် ပစ်ရတာပါ နော် ” ဟု မချိုမချဉ် ပြောလေ၏ ။
ဒေါ်ဂျမ်း တစ်ဖန် ဒေါထလျက် အိမ်နောက်ဖေး လမ်းကြားမှ ခဲတစ်လုံးကို ကောက်ကာ တအားပစ်လိုက်လေ၏ ။
ပိန် ။ ။ “ ဟိုးဟိုး မင်္ဂလာ မဆောင်သေးဘူး ။ ဘက် မရှိသေးဘူး ။ သည်းခံ အစ်မ သည်းခံ ။ ဖူးစာ ဆိုတာ မပြောနိုင်ဘူး ။ ကာလဝိပါက် နောက်ပိုးတက်သတဲ့ ။ ဟဲ.. ဟဲ ” ဟု ပြုံးရယ်လျက် ငုံ့ကြည့်ကာ ပြောပြီး နောက်ခဲတစ်လုံးကို ရှောင်ရင်း အတွင်းသို့ ဝင်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်လေ၏ ။
ဦးပိန်သည် ပက်လက်ကုလားထိုင်၌ လှန်ကာ တယ်လည်း ဆုတောင်းပြည့်ဝတဲ့ ကောင်မကြီး ။ မျက်နှာမြင် ဆဲချင်ပါစေ ။ ဆံထုံးဆွဲ ပါးရိုက်ချင်ပါစေ ။ မျက်နှာတံတွေးနှင့် ထွေးချင်ပါစေ ဆိုတဲ့ဆုနဲ့ အင်မတန်မှ ပြည်စုံပေတာပဲနော် ။ ငါ့အပေါ်မှာလည်း သင်း ဒီလို သဘောထားလိမ့်မယ် ထင်ပါရဲ့ ။ မိန်းမဝဝကြီးများဟာ ဒီလိုချည်းပဲ ၊ ယောက်ျား ဝရင် သဘောကောင်း ၊ မိန်းမ ဝရင် သဘောကောက် ။ အင်း ... သီတေနာပိရုပ္ပတိ ဥဏှေနာပိရုပ္ပတိ ရုပ်ကြည့်ခြင်း အားဖြင့် ဓာတ်သဘော ထောက်ရလျှင် အဆီများတဲ့ သတ္တိပဲ ။ အဆီ ဆိုတာ ဥဏှဓာတ် ကဲလေတော့ ပူတတ် ဆူတတ်တာကိုး ။ သင်းကြောင့် ဝက်များ ဆူတယ်လို့ ပြောကြတာပဲ ။ အင်း ... ဝက်မကြီး ဖြစ်ရင် အခုထက် အဖိုးရသေးရဲ့ ။ လူဖြစ်နေလေတော့ အလကား ဘယ်နေရာမှ အသုံးဝင်မယ့် လက္ခဏာ မရှိပါကလား ကရို ။ ဒီလိုဟာကြီးမျိုးနဲ့ဖြင့် ဆယ်ကမ္ဘာ ကွေကွင်းပါရစေရဲ့ ။ သွားလေသူ သင်းယောက်ျား ပွဲစား ဆိုတဲ့ လူဖြင့် တော်တော် စိတ်ညစ်ပြီး သေရှာတဲ့ လက္ခဏာပဲ စသည်ဖြင့် တွေး၍ နေခိုက်တွင် ဒေါ်ဂျမ်း၏ အခန်းမှ ဆူညံသံတွေကို ကြားရလေ၏ ။ သံပုံးနှင့် တူသော အရာတစ်ခုကို ကန်ကျောက်၍ ပစ်သော အသံကိုလည်း ကြားရ၏ ။
ထိုည၌ ဦးပိန်သည် ဘုရားပုထိုး ရှိခိုးပြီး အိပ်ရာဝင်လေရာ မေ့ခနဲ ပျော်တော့မည် အပြုမှာ စီခနဲညံခနဲ အသံတွေကို ကြားရသဖြင့် ခေါင်းထောင်၍ နားစိုက်လေရာ ကလေးပေါင်း မြောက်မြားစွာတို့ အောက်ခန်း တစ်ခန်းလုံးမှာ ဆူညံပြေးလွှား ရယ်မောကစား၍ နေကြသော အသံများကို ကြားရလေ၏ ။
အင့်ဟင် ဒီကောင်မကြီး ညတွင်းချင်း ဘယ်နှစ်မြွှာပူးတွေ မွေးလို့ ဒီလောက် များများစားစား ကလေးတွေ ရနေပါလိမ့်ဟု တွေးတောမိသေး၏ ။
အတန်ငယ် ကြာသောအခါ အောက်မှ နေ၍ တုတ်နှင့် ထိုးသံကို ကြားရလေ၏ ။ ထို့နောက် သံပုံးကွဲများကို တီးရိုက်သော တောထုတ်သံများကို ကြားရလေ၏ ။ ထိုအထဲတွင် “ တီးကြဟဲ့ နာနာတီးကြ ၊ မကောင်းဆိုးဝါးတွေ တောထုတ်ပစ်တာ ကောင်းတယ် ” ဟု ပြောသော ဒေါ်ဂျမ်း၏ အသံကို ကြားရလေရာ အင်း .. ငါ့ကို တမင် ရန်စတာပါကလား ။ ဘယ်က ပြိတ္တာကလေးတွေ ၊ ဘယ်ဈေးနဲ့များ ငှားပြီး ခိုင်းပါလိမ့် ။ အာဂဉာဏ်များတဲ့ ကောင်မကြီး ။ သင်းလောက်ကလားဟု ပြောပြီး ဆေးဗီရိုသို့ သွား၍ ဝါဂွမ်း အနည်းငယ် ယူကာ နားကို ဆို့၍ အိပ်မြဲတိုင်း ပြန်အိပ်နေလေ၏ ။
နံနက် မိုးလင်းသောအခါ ဒေါ်ဂျမ်းသည် ညအခါက နှိပ်စက်ခဲ့ရခြင်း၌ အောင်မြင်သူ အနေဖြင့် ကျယ်လောင်စွာ ပြောဆိုလျက် မထီမဲ့မြင် စကားများကို ပြောရုံမက အိမ်နီးပါးချင်း မိန်းမ တစ်ဒါဇင်လောက်ကို ခေါ်ပြီး “ ပျော်ပွဲစားကြရအောင်ဟေ့ ။ ချက်ကြ ပြုတ်ကြရအောင် ။ ရောဂါရှိသူများတော့ ပြုတ်ကျအောင် ၊ ချက်ပြုတ် ကြော်လှော် ပစ်လိုက်မယ် ။ ကိုယ့်အိမ်မှာ ကိုယ်ချက်နိုင်လို့ ချက်တယ် ။ ဘယ်သူနဲ့ ဘာဆိုင်သလဲ ။ လူတိုင်း နေ့စဉ် အကြော်အလှော် စားနိုင်တယ် မှတ်သလား ” စသည်ဖြင့် ပြောဆိုပြီး မကြာမီ မီးဖိုချောင်မှာ တရှဲရှဲ ကြော်ချက်ကြသည်ကို ကြားရလေ၏ ။
နောက် ဆယ်နာရီ အချိန်လောက်မှာ အောက်ထပ် အိမ်ရှေ့ခန်းတွင် မိန်းမပေါင်း များစွာတို့သည် ဆူဆူညံညံ ခေါ်ကာ အော်ကာ နံနက်စာပျော်ပွဲကို တပျော်တပါး စား၍ နေကြလေ၏ ။ ဦးပိန် သည်ကား ဟင်းအနံ့တို့ကို သာယာစွာ ခံရင်း ပက်လက်ကုလားထိုင်၌ လှန်လျက် ပြုံး၍ နေလေ၏ ။
သို့နေရာမှ တစ်စုံတစ်ရာကို သတိရပြီး အိမ်ပေါ်မှ ဆင်း၍ ဈေးသို့ ပြေးပြီး ချက်ချင်း ပြန်၍ လာလေ၏ ။ မကြာမီ စားသောက်၍ နေကြသူများ၏ အပေါ်သို့ မိုးရွာ၍ ချသလို ရေတွေ အနှံ့အပြား ကျလေရာ ဆူကြညံကြ အော်ဟစ်ကြပြီး ဒေါ်ဂျမ်းနှင့် အဖော်မိန်းမများ ပြေးတက်၍ လာကြရာ စားပွဲတစ်ခုပေါ်၌ တင်ပျဉ်ခွေကာ ငါးမျှားတံ ကို ဣန္ဒြေနှင့် ကိုင်လျက် ၎င်းတို့ကို ဂရုမစိုက်ဘဲ “ ကိုယ် အခန်းပဲ ။ ကိုယ်ဘာသာ ငါးမျှား ။ ဘယ်သူနဲ့ ဘာမှဆိုင် ဖို့ မရှိဘူး ” ဟု ပြောကာ ကြမ်းပေါ်တွင် ပျံ့နှံ့နေသော ငါးစင်ရိုင်းများကို ငါးမျှားချိတ်နှင့် ချိတ်ကာ အတည်ကြီး သုတ်၍ နေသော ဦးပိန် ကို မြင်ကြရလေ၏ ။
သို့ ငါးများကို သုတ်၍ နေရာမှ တံခါးပေါက်ကို ကြည့်လိုက်သောအခါ မိန်းမများကို မြင်ရလေလျှင် ဦးပိန် က “ ကျုပ် လူပျိုတစ်ယောက်တည်း နေတာ ။ အမိတို့ ဘယ်အကြံနဲ့ လက်ရုံးအားကိုး လာကြတာလဲ ” ဟု ပြောပြီး တံခါးကို ပြေး၍ ပိတ်လေ၏ ။ မကြာမီ ဒေါ်ဂျမ်းသည် တစ်လမ်းလုံး ဆူညံအောင် သောင်းကျန်း၍ နေလေ၏ ။
အိမ်အောက်ထပ်မှ နေ၍ ကြမ်းကို တုတ်နှင့် ထိုးလေ၏ ။ အုတ်ခဲများနှင့် မြှောက်ကာ ပေါက်လေ၏ ။ ဦးပိန်၏ အိမ်ရှေ့သို့ ကြီးမားသော လူစုလူဝေးကြီး ရောက်၍လာလေ၏ ။ သို့သော်လည်း မည်သူတစ်ဦး တစ်ယောက်မျှ ဒေါ်ဂျမ်း ဘက်က နေ၍ ဦးပိန် ကို ရန်မူသော အသွင် မပြကြသည်ကို ဦးပိန် သိမြင်သောအခါ ဒီကောင်မကြီးမှာ သွေးရင်းသားရင်း ရင်းနှီးတော်စပ်သူ မရှိလို့လား ။ သို့မဟုတ် ၎င်း၏ ဆွေမျိုးများ ၎င်းကို မုန်းသောကြောင့်လား စသည်ဖြင့် အတွေးပေါ်ကာ သာလွန်၍ အားတက်လေ၏ ။ အားတက်ဖွယ်ရာ အခြား အကြောင်း တစ်ခုမှာလည်း မိမိ၏ ပြုမူပုံအကြောင်းကို လမ်းမ၌ ပြောဆိုကာ ရယ်မောကြသည်ကို မြင်ရခြင်းဖြစ်လေ၏ ။ ထို့နောက် ၎င်းနေ့ တစ်နေ့လုံး ဒေါ်ဂျမ်းသည် သောင်းကျန်း ဆူညံလေရာ ဦးပိန်သည် ငြိမ်သက်စွာ သည်းညည်းခံ၍ နေလေ၏ ။
နောက် နှစ်ရက်လုံး ဦးပိန်သည် ပျောက်ကွယ်၍ နေလေ၏ ။ အဘယ်ကို သွားသည်ကို မသိကြရချေ ။ ဒေါ်ဂျမ်းသည်ကား မိမိကို ကြောက်လန့်ပြီး ထွက်ပြေးလေပြီဟု မှတ်ထင်ကာ ပြောဆို၍ နေလေ၏ ။
နောက် လေးရက်မြောက်သော နေ့၌ ရောက်၍လာလေရာ အိမ်နီးပါးချင်း အချို့ ဆီး၍ မေးကြလေလျှင် ကြံတောသင်္ချိုင်းမှ ပြန်၍ လာကြောင်း ၊ အစိမ်းသေ သွား၍ ရှာကြောင်း ပြောလေရာ တစ်လမ်းလုံး ထိတ်လန့်တကြား ဖြစ်ကြလေ၏ ။ ဒေါ်ဂျမ်း၏ အခန်းသို့ မည်သူမျှ မလာဝံ့တော့ချေ ။ ဧကန် ဆရာပိန်သည် ဒေါ်ဂျမ်းကို အစိမ်းတိုက်နည်းဖြင့် တစ်စုံတစ်ခု ဖြစ်အောင် ကြံလေပြီဟု တီးတိုးစကား ပြောကြလေ၏ ။ အချို့ကလည်း ဒေါ်ဂျမ်းအား ဦးပိန်ကို တောင်းပန်ရန် ပြောကြလေ၏ ။ ဒေါ်ဂျမ်းသည် မကြောက်သည့် အမူအရာနှင့် နေသော်လည်း ထိုထို ဤဤ စဉ်းစားစပြုလေ၏ ။ သို့ဖြစ်လေရာ ဒေါ်ဂျမ်း သည် ထိုနေ့မှစ၍ ဆိတ်ငြိမ်စ ပြုလေ၏ ။ သို့ပင် ဆိတ်ငြိမ်ငြားသော်လည်း ဟန်ကိုယ့်ဖို့ မာန်သူဖို့ ဟူသော စကား အရ ကြောက်သော အသွင်ကို မပြဘဲ နေလေ၏ ။
ဦးပိန်က မိမိကို တောင်းပန်လျှင် ကျေမည် ၊ မတောင်းပန်လျှင် မိမိ ကပင် တစ်စုံတစ်ရာ မလုပ်သော်လည်း မိမိ၏ ကျွန်များက မတော်ဆတဆ လက်လွတ်စပယ် လုပ်လိုက်မှာကို စိုးရကြောင်း စသည့် သတင်းမျိုးကို လွှင့်လေ၏ ။ ဒေါ်ဂျမ်း သည်ကား တောင်းပန်ခြင်း မပြုချေ ။ လုပ်နိုင်ရင် လုပ်ပါစေ ။ မိမိ မှာလည်း မယ်တော်ကြီး အစောင့် ရှိကြောင်းနှင့် ပြောလေ၏ ။
နောက် ရက်များမကြာမီ ဒေါ်ဂျမ်း၏ အခန်း၌ လူထွက်လူဝင် များ၍ နေသည်ကို တွေ့ရလေရာ ဆရာပိန် သည် မိမိ တောမှ ရှာ၍ ရလာသော ခွေးလှေးယားသီး လက်ချက်ကို သိသဖြင့် ခွေးလှေးယားသီးမှုန့် လွှတ်သော ကြမ်းပေါက်ကို ပိတ်ပြီး အကျိုးအကြောင်းကို စုံစမ်း၍ ကြည့်ရာ ဒေါ်ဂျမ်း၏ ကိုယ်တစ်ကိုယ်လုံးမှာ အပိန့်အဖုတွေ ထလျက် မခံမရပ်နိုင်အောင် ယားယံသော ဝေဒနာ စွဲရောက်သည်ကို သိရလေ၏ ။
ဒေါ်ဂျမ်းသည် အင်္ဂလိပ်ဆရာ ၊ မြန်မာဆရာ ၊ အောက်လမ်းဆရာ ၊ အထက်လမ်းဆရာများတို့ကို ခေါ်လေ၏ ။ သို့သော်လည်း ကုသ၍ မရ ။ အချို့သော ဆရာများက “ တန့်ပြန်ဖို့တောင် လွန်စွာ ခက်သည် ။ သက်လွှတ် လုပ်ထားသော ရှမ်းပညာနှင့် တူသည် ” ဟု ပြောကြလေ၏ ။ ဆရာပိန် သည်ကား စိပ်ပုတီး အလုံးကြီးကြီး ကိုင်လျက် တဖျစ်တောက်တောက် ပုတီး စိပ်၍သာ နေလေ၏ ။
အိမ်နီးပါးချင်းတို့က ဆရာပိန် ဘာများ စီမံလုပ်ကိုင်၍ နေသလဲဟု သိရအောင် မရဲတရဲ အိမ်ရှေ့မှ လည်းကောင်း နောက်ဖေးတိုက်ပေါ်မှ လည်းကောင်း စီးစောင်း ကြည့်ကြလေရာ အိမ်ပေါ်၌ အပြန်အလှန် လမ်းလျှောက်ကာ ပုတီးစိပ်၍ နေသည်ကိုသာ တွေ့ကြရလေလျှင် အကြောင်းကို ပြောကြလျက် “ ဧကန် ဆရာပိန့် လက်ချက်ပဲ ။ တောင်းပန်လျှင် ချမ်းသာမှာပဲ ” ဟု ပြော၍ ဒေါ်ဂျမ်း အား တောင်းပန်ရန် ခိုင်းကြလေ၏ ။ မိန်းမနှစ်ယောက် ဦးပိန် ထံ လာကြပြီး တောင်းပန်ကြလေရာ ဦးပိန်က “ မိမိမှာ သူတော်ကောင်း ၊ မိမိက တစ်စုံတစ်ရာမျှ မလုပ် ကြောင်း ၊ မိမိ ကျေးကျွန်များက လုပ်လျှင်လည်း ကျေးကျွန်များ ကျေနပ်မှ ချမ်းသာဖို့ ရှိကြောင်း ၊ မတော်တဆ နူမှာကို စိုးရကြောင်း ” စသည်ဖြင့် ပြောလေ၏ ။
“ ဆရာက ဆရာ့ ကျေးကျွန်များကို ပြောလို့ မဖြစ်ဖူး လား ” ဟု မိန်းမတစ်ယောက်က မေးလေ၏ ။
“ ဖြစ်နေသူကမှ မတောင်းပန်ဘဲ ဆရာက တောင်းပန်ပေးလို့ ဖြစ်ပါ့မလား ” ဟု ဆရာပိန်က ပြန်၍ ပြောလေ၏ ။
ဒေါ်ဂျမ်းသည် နူမှာကို လွန်စွာ ကြောက်လေ၏ ။ နောက်ဆုံး၌ “ ဆရာ ကြွလာပါ ၊ ဝန်ချတောင်းပန် ကန်တော့ပါမည် ” ဟု မှာကြားသဖြင့် ဆရာပိန်သည် သွားရောက် ကြည့်ရှုလေရာ ဒေါ်ဂျမ်းသည် ဆရာပိန်၏ ခြေရင်း၌ ပြားဝပ်ကာ “ လွန်သမျှတွေကို ဝန်ချပါပြီ ဆရာရယ် ။ ဆရာ့တပည့် ကျေးကျွန်များကို တစ်ဆိတ် ပြောပေးပါ ဆရာရဲ့ ။ ကျွန်မ မအိပ် မနေရ ။ ယားလှချည်ရဲ့ ဆရာရဲ့ ။ ဒီပုံဖြင့် ကျွန်မ သေရပါလိမ့်မယ် ဆရာရဲ့ ”
“ မသေသေးဘူး ကျောင်းအမ ၊ နူပြီးမှ သေမှာ ။ ကျုပ်အကောင်တွေရဲ့ အကြောင်းကို ကျုပ် သိတယ် ။ မှန်းစမ်း ” ဟု ပြောကာ ဒေါ်ဂျမ်း၏ လက်ကို ကိုင်၍ သွေးစမ်းကြည့်ပြီး “ အင်း .. ညောင်ဂျင်းအိုရဲ့ အတတ်ပါကလား ။ အာဂအကောင် ၊ ခြေတိုလက်တိုနဲ့ မီးဖိုကို စောင့်တဲ့ အကောင် ။ အဖော် လိုချင်တယ် ထင်ပါရဲ့ ”
“ အော် ... ခြေတိုလက်တို ညောင်ဂျင်းအို ဆိုတဲ့ နတ်လား ဆရာ ”
“ သူပေါ့ ၊ တခြား ဟုတ်ရိုးလား ။ ပွဲပေးရလိမ့်မယ် ။ ပွဲလေးပွဲ ၊ ခြေလက် လေးဘက်ကို အစွဲပြုပြီး တစ်ပွဲ လေးဆယ် ကျလိမ့်မယ် ။ နို့မဟုတ်ရင် နူပြီး ခြေလက်တို ပြီးမှ သေရမယ် ”
“ ပျောက်မယ်ဆိုရင် ပွဲတစ်ရာ ပေးရပါစေ ။ ကိစ္စမရှိပါဘူး ။ ကျွန်မ တတ်နိုင်ပါတယ် ဆရာရဲ့ ။ ကျွန်မ ယောက်ျား ပွဲစားကြီးပါ ။ ငွေသုံးသောင်းကျော် ကျန်ရစ်ပါတယ် ။ လေးဆယ်တန် ပွဲလေးပွဲ အတွက် အရေးမကြီးပါဘူး ။ ပျောက်သာ ပျောက်ပါစေ ဆရာရဲ့ ”
ချက်ချင်း အုန်းပွဲငှက်ပျောပွဲများ ၊ အထမြောက်လေ၏ ။ ဆရာပိန်သည် ဒေါ်ဂျမ်း၏ အခန်းပြတင်းပေါက်တွေကို အကုန် အဖွင့်ခိုင်းပြီး ယပ်တောင်ပေါင်း လေးဆယ်ကို အင်းချ၍ “ သမီးကညာလေးဆယ်ကို ယပ်တောင်များနှင့် တစ်ခန်းလုံး ယပ်ရမယ် ” ဟု အမိန့်ပေးလေ၏ ။ ပေးသည့်အတိုင်း စီမံလုပ်ကိုင်ကြရလေ၏ ။ နောက်ဆုံး၌ ဒေါ်ဂျမ်းအား “ ဆေးချွေးအောင်းရမည် ” ဟု ပြောလေ၏ ။ အခြား မိန်းမများကလည်း မိမိတို့မှာ ရောဂါ ကူးစက်သလား မသိရ ။ ယားချင်ချင် ဖြစ်ကြောင်းနှင့် ပြောကြလေရာ ဆရာပိန်သည် ဆေးများကို အသီးသီး ပေးပြီး မိမိတို့၏ အသီးသီး အိမ်များမှာ ဆေးချွေးအောင်းရမည် ။ ရေနွေးအိုးများနှင့် ချွေးပေါင်းများကို အသင့် အိမ်မှာ ကိုယ်စီကိုယ်ငှ လုပ်ထားကြရမည် ။ မိမိက ကြေးစည်ကို တီး၍ အချက်ပေးသော အချိန်မှာ တစ်ပြိုင်တည်း ချွေးပေါင်းကို ဝင်ကြရမည် ဟူသော အမိန့်ကို ပေးသဖြင့် မိန်းမအားလုံး မိမိတို့၏ အိမ်သို့ ကိုယ်စီ ကိုယ်ငှ ဆေးအထုပ်ကလေးများနှင့် ပြန်ကြလေရာ ဒေါ်ဂျမ်း မှာ ကြည့်ရှုမည့်သူ မရှိ တစ်ယောက်တည်း ကျန်ရစ်လေ၏ ။ ဦးပိန်သည် ဒေါ်ဂျမ်း အပေါ်၌ ကရုဏာသက်စ ပြုလေ၏ ။ အနီးကပ် ကြည့်သောအခါ ဝသလောက် အရုပ်ဆိုးဟန် မရှိ ။ ငယ်စဉ် အခါကဖြင့် အတော် ထင်ပေါ် မယ့် ဘိုကတော် ရုပ်မျိုးပဲ ။ ဥစ္စာဂုဏ် ၊ ငယ်စဉ်က ရုပ်ရည်ဂုဏ်နှင့် မာန်တက်ခဲ့တဲ့ အရှိန်တွေဟာ မကုန်သေးလို့ ယခုလို့ ဖြစ်ရှာတာပဲဟု အောက်မေ့လေ၏ ။
“ ဘယ့်နှယ်လဲ ကျောင်းအမ ၊ ဘယ်သူမှလည်း မရှိပါကလား ။ ဆရာကိုယ်တိုင် ပေါင်းအိုး စီမံရတော့မလို ကျနေပါကလား ။ ဘယ့်နှယ် နေသေးသလဲ ”
“ ယားပါသေးတယ် ဆရာရယ် ။ မြန်မြန် ချမ်းသာအောင် လုပ်ပေးပါ ဆရာရဲ့ ။ ဆရာ့ကျေးဇူးကို မမေ့ပါဘူး ”
“ ဆရာ့အပေါ်မှာ တလွဲ မထင်ပါနဲ့နော် ။ ဆရာလုပ်တာ မဟုတ်ဘူး ။ ဟိုနေ့ကတော့ လုပ်မိမလို့ပဲ ။ စိတ်ဆိုး မိတာကိုး ။ နောက်တော့ စိတ်ကို ဖြေပစ်လိုက်ပါတယ် ။ သို့သော်လည်း ဆရာကို ထိရင် မခံဘူးဆိုတဲ့ အကောင်တွေက အင်မတန် များတော့ ဘယ်သူဘယ်ဝါက လုပ်တယ် ဆိုတာ စုံစမ်းမှ သိရတော့တာပဲ ”
ထိုအတွင်းတွင် ဆရာသည် ဆေးကြိမ်လုံးနှင့် ဒေါ်ဂျမ်း၏ အပေါ်၌ ဝင့်ခြင်းယမ်းခြင်း ပြုလေရာ သို့ပြုခိုက်တွင် ကိုယ်တစ်ကိုယ်လုံးမှာ ထိုမှဤမှပင် ယား၍ လာသဖြင့် ဒေါ်ဂျမ်းသည် ဣန္ဒြေ မရ ။ တစ်ကိုယ်လုံး ပွတ်ကာသပ်ကာ တွန့်လိမ်ရလေ၏ ။ တစ်ပြိုင်တည်း လုပ်စရာ နေရာတွေ များသဖြင့် ဆရာပါ ကူ၍ ကျောပြင် တင်ပါးများကို ပွတ်သပ်၍ ပေးရလေ၏ ။
ဆရာပိန်သည် ကုရင်းသရင်း စေတနာသဒ္ဓါ ပွားလျက် ကျောပြင်ပေါ်၌ နံ့သာဖြူနီများကို သွေးပြီး ဆေးနှင့် ရော၍ ကိုယ်တိုင် လိမ်းသုတ်၍ ပေးလေ၏ ။
“ အမယ်လေး ဆရာရဲ့ ၊ အဲဒီ နေရာကလေး နာနာ ပွတ်ပါ ဆရာရဲ့ ။ အမယ်လေး တင်ပါး ရောက်လာပြန်ပါ ပြီ ဆရာရဲ့ ။ အမယ်လေး ကျောကို ပွတ်ပါဦး ” စသည်ဖြင့် တတွတ်တွတ် ပြောရှာလေ၏ ။ အကြောင်းမူကား ကုသရင်းပင် တိုး၍ ယားအောင် ဆောင်၍ ထားသော ခွေးလှေးယားသီးမှုန့်များကို ဒေါ်ဂျမ်း အပေါ်၌ မသိမသာ ဖန်ဘူးကလေးနှင့် ဖြူးကားဖြူးကာ ချလေ၏ ။ ခွေးလှေးယားသီးမှာ ချွေးထွက်သော အပေါက်ငယ်များ၌ ဝင်ရောက်ကာ ယားအောင် လုပ်သော သတ္တိရှိလေရာ ချွေး အောင်းမှ သက်သာရာရသည်ကို ဦးပိန် စိတ်ကူးရ၍ စမ်းသပ်ခဲ့ဖူးလေ၏ ။
ချွေးအောင်းရာ၌လည်း ဆရာပိန် ကိုယ်တိုင် ကြီးကြပ်၍ အောင်းပေးရလေရာ ရှေ့နေ နှင့် ဆေးဆရာ တို့မှာ ထူးခြားသော လွတ်လပ်ခွင့်ကို ရကြသည့် ဓမ္မတာအတိုင်း တစ်ယောက်နှင့် တစ်ယောက် ရင်းနှီး နီးစပ်ခြင်း ဖြစ်ကြပြီးလျှင် အချစ်ကြီးသလောက် အမျက်ကြီးသည် ဟူသော စကားနှင့် ဖီလာဆန့်ကျင်ဘက် ဖြစ်သော အမျက်ကြီးသလောက် အချစ်ကြီးကြလျက် ဦးပိန် ၏ ဂရုစိုက်ခြင်းကြောင့် ဒေါ်ဂျမ်းမှာ အယားအယံ ပြေသောအခါ အိမ်ပေါ်နှင့် အိမ်အောက် နေ့ည မရှောင် ကူးကြ သန်းကြလျက် ရွှေလမ်းငွေလမ်း ပေါက်၍ နေကြလေ တော့သတည်း ။
တစ်နေ့သ၌ ဒေါ်ဂျမ်းသည် စားစရာ ပန်းကန်ကလေးနှင့် ဆရာပိန်၏ အခန်းလှေကားသို့ တက်မည် အပြုမှာ မိန်းမတစ်ယောက်က “ အမယ် အခုများ ဖြစ်နေလိုက်တာ ။ အကောင်းကလေး စားရလို့ မျိုမကျဘူး ထင်ပါရဲ့ ” ဟု ပြောလိုက်ရာ ဒေါ်ဂျမ်းက “ အို ... ညည်းတို့ ဘာပြောပြော ကျုပ် အသက်သခင်ကြီးတော့ မောင်မင်းကြီးသား ကယ်ပေလို့ ။ မကယ်ရင် အယားပျောက်မှာ မဟုတ်ဘူး ” ဟု ပြောရင်း ပြေးတက်၍ သွားလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
အတွဲ ၃ ၊ အမှတ် ၄၆
ဖေဖော်ဝါရီ ၁၂ ၊ ၁၉၃၃
No comments:
Post a Comment