Tuesday, January 6, 2026

ဘုံဗိမ္မာန် လူကြုံ ကျန်နိုင် ကောင်းပါရဲ့


 

❝ ဘုံဗိမ္မာန် လူကြုံ ကျန်နိုင် ကောင်းပါရဲ့ ❞ 
    ( ပန်းရေဂျိုး - မိုးကုတ် )

“ ဒါဖြင့် လှူရမှာလား ၊ မလှူရဘူးလား ”

“ လှူရမှာပါဘုရား ”

“ ကိုင်း လှူကြ ”

ကြည့်ကြည့် လုပ်ပြီ ။ ဒေါ်မေအုန်း တို့ကတော့ လုပ်ချလိုက်ပြန်ပြီ ။ အရုဏ်တက်ရောင်နီလေးတောင် မသန်းချင်သေးဘူး ။ မှောင်နဲ့မည်းကြီးထဲမှာ ခုနစ်အိမ်ကြား ရှစ်အိမ်ကြား ကက်ဆက်ကို ထဖွင့်ပစ်လိုက်တာ ။ ထွန်းကားပါပေ့ဆိုတဲ့ ဒီနေ့လို ခေတ်ဆန်းပြား ကြီးထဲမှာ တိပ်ခွေနဲ့ ဖွင့်ရတဲ့ ကက်ဆက် ဆိုတာမျိုးက ကျဲပါးမှိန်ပျောက်လုဖြစ်နေပေမယ့် ငါ့အဖေရဲ့ အမွေလေးမို့အေ ဆိုပြီး ဒေါ်မေအုန်းကတော့ သက္ကာယအစွဲတွေ ကြီးနေတုန်းပါပဲ ။ သူ ဖွင့်ထားတဲ့ တရားခွေကို ကိုယ်တိုင် စိတ်လိုလက်ရ ဒူးလေးတုပ်ပြီး နာနေတယ်များ မှတ်မနေနဲ့ တရားသံက တခြား လက်က ကားရား ။

“ ကာလနာတွေ နိုးနေတာများ ထကြတာ မဟုတ်ဘူး ။ ဟိုသေနာမလေးကရော စောစောထပါ ဆိုတာ အတန်တန် ပြောထားရက်နဲ့ ညဉ့်သန်းခေါင် သန်းလွဲ ခွေတွေ ထိုင်ကြည့် ၊ မနက်ကျ မထနိုင်တော့ဘူး ။ အိပ်ရမယ့် အချိန်တွေမှာ ထထိုင်လို့ ၊ ထရမယ့်အချိန် အိပ်နေတာများ အကောင်း မှတ်နေကြလား ထကြ ”

ဒေါ်မေအုန်းက ပါးစပ်သေနတ်ကို ကျည်တောင့်တွေအတွဲလိုက် ဆွဲပြီး ယမ်းခိုးငွေ့ လေမွှန်အောင် ပစ်နေသလောက် သူ့သားသမီးတွေ ကတော့ မဖြုံရေးချ မဖြုံ ။ စောင်ခြုံတောင် မလပ် ။

“ သတ္တဝါအားလုံး အစာရေစာများ ရှာလို့ဖွေလို့ လွယ်ကူကြပါစေ လာလာ ဒီ ဒီ ဒီ ”

လမ်းထိပ်က ခိုတွေကို ဆန်ကွဲလေး တစ်လမြူ ၊ တစ်လမျက် ကြဲပက်တာများ တစ်ရပ်ကွက်လုံး လန့်နိုးအောင် အော်ခေါ်နေတော့တာ ပွက်လောညံလို့ ။ ပဲခြမ်းစေ့တို့ ၊ ပြောင်းဖူးစေ့တို့ တစ်စလယ် ၊ တစ်ခွက် မျိုး နေ့တိုင်းကျွေးနေတဲ့ သူတွေတောင် ဘာအသံမှ မကြားရဘူး ။ သူ့ကျမှ မဏ္ဍပ်တိုင်ကို တက်ချင်လိုက်ရတာ အာခေါင်ဖျား အထိ ။ ညောင်စေ့လောက်နဲ့ ညောင်ပင်ကြီး အကျိုးမျိုးကို မျှော်ကိုးတမ်းတနေတာများ ပီပြင်လွန်းလိုက်တာ ။

“ အနာမျိုး ကိုးဆယ့်ခြောက်ပါး ၊ မိစ္ဆာဒိဋ္ဌိ ခြောက်ဆယ့်နှစ်ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်သာ ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်ချမ်း သာ တရားတော်မြတ်ကို ... ဟိုအဖေသေတွေ ထကြတော့လို့ ပြောနေတာ မကြားဘူးလား ”

အကုသိုလ်စိတ်တွေ အပြည့်အသိပ်နဲ့ အိပ်ရာက နိုးထလာရတဲ့ မနက်ခင်းသစ်တိုင်းဟာ ဘယ်လောက်များ ရိုင်းလိုက်မယ့် အကျည်းတန်ဝန်းကျင် လဲလို့ ဝိုင်းမှုံ တွေးလို့တောင် မကြည့်ချင်ဘူး ။ ဒေါ်မေအုန်း အကြောင်း ခေါင်းထဲ မရောက်ချင်ပေမဲ့ နေလို့မှ မရတာ ။ နိစ္စဓူဝ မနက်လင်းတိုင်း ကြားနေရတဲ့ ဒီအသံတွေကို ဝိုင်းမှုံ နားယဉ်သလောက် ဖြစ်နေပြီ ။ အိမ်ချင်းက ကပ်ရက် ဖြစ်နေရတဲ့ အထဲ ဝိုင်းမှုံတို့ အိမ်က ထရံလေးပဲ ကာနေရတာ ဆိုတော့ မကြားချင်မှ နေရော ။

သုံးဆယ့်တစ်ဘုံမှာ လူလာဖြစ်ရတာ တူပေမယ့် လက္ခဏာချင်း ကွဲပြားကုန်တော့ ဟိုဘက်ဘဝက ကံတွေရယ် ၊ ဒီဘက်ဘဝက ဉာဏ်ဝီရိယတွေနဲ့ ပေါင်းဆုံပြီး ဒေါ်မေအုန်း တို့ အတွက် လောကဓံအကောင်း လေးပါးစလုံးက လန်းနိုင်တာပေါ့ ။ ဝိုင်းမှုံ ကျတော့ အဖေရယ်လို့မှ အားရအောင် ခေါ်မဝသေးခင် လုပ်ငန်းခွင်ထဲမှာ ဖခင်ကြီးက ရုတ်တရက်တိမ်းပါးသွားရတာမို့ မြစ်လယ်မှာ တက်ကျိုးခဲ့ရတယ်လို့ပဲ ဆိုရမှာပေါ့လေ ။ ကျန်နေတဲ့ အစ်ကို ၊ အစ်မတွေ ဆိုတာလည်း အိမ်ထောင်တွေ အသီးသီး ခွဲထွက်သွားကြတော့ ဒီ အမေအို နဲ့ ညီမလေး ကို လှည့်ကြည့်ဖို့ နေနေသာသာ ခရမ်းချဉ် ၊ ကြက်သွန် က အစ ဒီမှာပဲ လာနှိုက်နေတော့ ခက်လိုက်တာရယ်လို့တောင် ညည်းဟစ်ချင်ပါဘူး ။

မကြောက်ပေါင်တော် ၊ ဝိုင်းမှုံ မိန်းမသားပေမယ့် လောကဓံ ဆိုတာကြီးကို နည်းနည်းလေးမှ မမှုပါဘူး ။ ဒီအမေ နဲ့ ဒီသမီး နှစ်ဝမ်းနှစ်ခါးတော့ သမ္မာအာဇီဝနဲ့ ဘာပဲ လုပ်ကိုင်စားပါရစေ ၊ ရင်ဆိုင်ရဲပါတယ် ။ အဲ ဘုရားမကြိုက်တဲ့ အလုပ်မျိုးတွေနဲ့ ရှာဖွေစားနေရမှ ရှက်ရမှာ ။ သူများအိမ်က အဝတ်တွေ အငှား လျှော်ဖွပ်တာ ရှက်စရာလို့ ဝိုင်းမှုံ တစ်ခါမှ မတွေးမိပါဘူး ။ ရပ်ကွက်ထဲက နှစ်အိမ် သုံးအိမ်မှာ အလုပ်ဝင်ပြီးလို့ နှစ်ထောင် ၊ သုံးထောင် ရလိုက်တယ် ဆိုရင် ပြီးပြီ ။ သားအမိ နှစ်ယောက် ဒူးဗုံထောင်ခေါက်ရင်း ဗိုက်ရိုက်စားလို့ရတယ် ။ တုံးလုံးစာ ၊ မတ်တတ်စာတွေလား ၊ သွားစမ်းပါ ၊ ဝိုင်းမှုံ နားမလည်ပါဘူး ။ လတ်တလော နေ့ညတွေမှာ အမေ နဲ့ ဝိုင်းမှုံတို့ အစာအိမ် ဂနာငြိမ်တယ် ဆို ပြီးရော ။

••••• ••••• •••••

ဆန်ဈေးများကလည်း မှိုင်းဝနေပြီမို့ တွေးသာ ကြည့်တော့ ၊ နို့ဆီဘူးရှစ်လုံး မပြည့်ချင်တဲ့ တစ်ပြည်ဝင် စာကို မြန်မာကျပ်ငွေ တစ်ထောင် နဲ့အထက်မှ အကုန် မခံနိုင်ရင် လည်ချောင်းနင်ဖို့သာ ပြင်ထား ။ ဈေးသက် သာတယ်လို့များ အကြည်နူး မစောလိုက်လေနဲ့  ။ ခဲသလဲ နိုင်းချင်း ၊ စပါးလုံး တင်းကျမ်း ၊ အဖျင်းအသိမ်တွေနဲ့ ညားတော့မယ်သာ မှတ် ။

အဲသလို ဝမ်းတစ်ထွာ ဖြည့်စာတွေ ရဖို့ လပေး နဲ့လည်း အဝတ် မလျှော်ချင်တာ အမှန်ပဲ ။ သူ့လခ ယူထားပြီ ဆိုတော့ နေပူ ၊ မိုးအေး လုပ်ကိုင်ပေးနေရတာ မနိပ်လှဘူး ။ လူပါဆို သွေးနဲ့ကိုယ် ၊ သားနဲ့ကိုယ်ပေါ့ နော် ။ မိုးတစိမ့်စိမ့်နဲ့ နေမကောင်း ထိုင်မသာ ဖြစ်လည်း ကိုယ်မသွားဘူးဆို ဇွတ်ကို လာခေါ်ကြတော့တာ ။ အဝတ်တွေက ပုံနေပြီ ။ ဖားဥစွဲကုန်တော့မှာနဲ့ ၊ ဘာနဲ့ ကိုယ်ချင်းလည်း မစာကြဘူး ။ ဒါကြောင့် အမြဲတမ်း လခနဲ့ မလျှော်ချင်တာပေါ့ ။ ခိုင်းချင်ရင် လျှော်မယ့်နေ့ ကျမှ လာခေါ်လိုက် ၊ စိတ်ပါရင် ထလုပ်လိုက်မယ် အေးရော ။

သူများအိမ်မှာ လိုက်လျှော်တော့ ဆပ်ပြာကုန် လွန်းတယ်တွေလည်း မကြားရတော့ဘူး ။ သူတို့ ရှေ့မှာ မြင်နေတာကိုး ။ ဝိုင်းမှုံ တို့က သူများပစ္စည်းကို ဘယ်တုန်းကမှ မတော်လောဘ မရှိခဲ့ဘူး ။ ဆင်းရဲပါတယ် ဆိုလည်း ပြောင်ပြောင်ပဲ မွဲပြလိုက်ချင်စမ်းတယ် ။ ဒီ ဘဝရဲ့ မပြေလည်တဲ့ ဒုက္ခမျိုးတွေကို သံသရာ အထိ သယ်မသွားချင်ပေါင်တော် ။ ဒါလောက်တော့ ဝိုင်းမှုံ သိတတ်သေးတယ် ။ အချို့ အိမ်တွေက ဆပ်ပြာသုံးတာကို သံသယမျက်စိတွေနဲ့ ကြည့်ပြီး ပြောတာ ခံရခက်လွန်းလို့ ။

အဲဒီ ဒေါ်မေအုန်း တို့ ပိုဆိုးပေါ့ ။ ဇလုံဇလား အပြည့်အသိပ်နဲ့ သူ့သားသမီးတွေရဲ့ ဂျင်းန်တွေက များများ ။ ဒီကြားထဲ စောပါသေးတယ်အေ ဆိုပြီး ခြင်ထောင်ကြီးနဲ့ အိပ်ရာခင်းတွေ ဆွဲယူချလာပေးသေးတယ် ။ ဒါနဲ့များ ဆပ်ပြာမှုန့်တွေ ကုန်ရကောင်းလားလို့ ငြိုငြင်လာရင် ဝိုင်းမှုံ တို့က စိတ်ချဉ်ပေါက်ကရော ပဲ ။ ဘယ့်နှယ် အဝတ်လျှော်ခပိုက်ဆံ ပေးရတော့မယ် ဆိုရင်ဖြင့် သော့တွဲကြီး တသသ ကိုင်ပြီး တွန့်လား ၊ တိုလားနဲ့ ။

“ ဝိုင်းမှုံရဲ့ သိလား ၊ ဒီဘဝမှာ စင်ကြယ်ထားမှ ဖြစ်မှာအေ့ ။ ဘာကိုပဲလုပ်လုပ် စေတနာလေး ထည့်ပြီး လုပ်ရတယ် ။ ဒါမှ တစ်ဘဝချင်း ပါရမီဖြည့်ရင်းနဲ့ နိဗ္ဗာန်ပန်းတိုင် လှမ်းကိုင်နိုင်မှာ ”

အမ်မာလေး သူမှ အပြောကောင်းလို့ ။ ဝိုင်းမှုံ မျက်နှာကို တစ်ဖက်လှည့်ပြီး မဲ့နေဖြစ်တယ် ။ ပြောလိုက်ရင် ချောလို့  ။ လောကမှာ စိတ်ကောင်းထားပါ ဆိုတဲ့ စကားဟာ အပြောလွယ်သလောက် ကျင့်ကြံ နိုင်ဖို့ အခက်ဆုံးဆိုတာများ ဝိုင်းမှုံ လက်ခံထားတာပဲ ကြာလှပြီ ။ အဲသလိုပဲ သူတစ်ပါးကို ဆုံးမဖို့ရာ နှုတ်သွက်သလောက် ကိုယ့်ကိုယ်ကိုယ် ပဲ့ပြင်နိုင်ဖို့ကျတော့ အခဲယဉ်းဆုံး ရင်ဆိုင်ရတာတွေ အသွေးအသားထဲထိ စီးဝင်နေပြီးသား ။

ဆောင့်အောင့် တဲ့ အတွေးညစ်ပေနဲ့အတူ အဝတ်တွေကို ဒေါ်မေအုန်း ရဲ့ လည်ပင်းကြီး အမှတ်နဲ့ အသားကုန် ညှစ်ချပစ်လိုက်တာ ၊ ရေတွေကို စက်စက် ကျရော ။ ငရဲလား ကြီးပလေ့စေတော့ အရှင်ဘုရားရေ ။

••••• ••••• •••••

“ အရဟတာဒိ နဝဂုဏေဟိ အရဟံ အစရှိသော ကိုးပါးသော ဂုဏ်တော်တို့နှင့် သမ္ပန္နာဂတံ ပြည့်စုံတော်မူသော ”

“ ဣမံ ပိဏ္ဍပါတ ခါဒနိယ ဘောဇနိယံ ဝါ ဤဆွမ်းခဲဖွယ် ဘောဇဉ်ချိုချဉ်အရသာကိုလည်းကောင်း ”

ကိုင်း .. ကြားကြားသမျှတို့ရေ “ ဝါကာ ဝါကာ အေ့ ဟေ ”  လို့သာ ဝိုင်းဖွဲ့ပြီး ဆိုလိုက်ကြရင် မကောင်းဘူးလား ။ ဒေါ်မေအုန်း တို့များ နှုတ်တိုက်ကျက်ထားတဲ့ ဘုရားစာတွေကို ပါးစပ်က အမြှုပ်ထွက်မတတ် တန်း စီပြီးတော့သာ ရွတ်နေတာ ။ ဘာအနက် ရှိလို့ ဘယ် အဓိပ္ပာယ် ဆောင်မှန်း သိဟန် မတူပါဘူး ။ သူ ဘုရား ကန်တော့နေတဲ့ အချိန်လည်း ကြည့်ဦးလေ ၊ ညဦးပိုင်း မြဝတီက ကိုရီးယားကားတောင် လာနေပြီ ။ မြတ်စွာ ဘုရားရှင်ကို ဒင်နာကပ်တဲ့ ဗုဒ္ဓဘာသာဝင်ဟာ ဒေါ်မေအုန်း တစ်ဦးတည်းသာ ရှိပါစေတော့လို့ ဆုတောင်း မိပါရဲ့ ။ ဝိုင်းမှုံ တွေးရင်း ပြုံးနေမိတော့တာပါပဲ ။ အနားမှာ တီဗီ အတူ ထိုင်ကြည့်နေတဲ့ ငွေစီ က လက်ကုတ်တာကို မသိသလိုဘဲ နေလိုက်ရတယ် ။

“ ညည်းတို့မို့ ဒါတွေများ တစွဲတလမ်း လုပ်နေကြတာ အံ့တယ် ။ ကိုယ့်ဆီက မင်းသား ၊ မင်းသမီး လည်း ပါတာ မဟုတ်ဘဲနဲ့ ၊ တို့တုန်းကများ မောင်သင်ရဲ့ အတွေ့ တို့ ၊ ဝင်းဦးရဲ့ ဆောင်းအိပ်မက် တို့ ကောင်းလှပေါ့ ။ ညည်းတို့ ကိုရီးယား ဘယ်လိုမှ လိုက်မမီဘူး ”

“ အမေ မကြိုက်ရင်လည်း အသာနေလေ ။ သူများတွေ ကြည့်နေတဲ့ဟာကို အဲဒီခေတ်တွေနဲ့ ဘယ် တူမှာလဲ ”

ဒေါ်မေအုန်း ပူညံတွတ်ထိုးနေတာကို သူ့ သမီးက ပြန်လှည့်ပက်နေတာနဲ့ ကြော်ငြာအသစ်ထဲက မော်ဒယ်လ်လေး ဘာတွေ ပြောသွားမှန်းတောင် မသိလိုက်ရတော့ဘူး ။

“ သူတို့ဆီကဟာတွေ မိန်းမတန်မဲ့ အရှက်လည်း မရှိကြဘူး ။ ဘယ့်နှယ်အေ မိန်းကလေးက စလိုက် ပလူး နေရတယ်လို့ တို့ယဉ်ကျေးမှုနဲ့လည်း တခြားစီ ”

ဟာ ဟ လို့ပဲ ဝိုင်းမှုံ ရယ်ပစ်လိုက်ချင်တော့ တယ် ။ မယားကြီးငုတ်တုတ်နဲ့ လူကို ကြောင်တောင် နှိုက်ပြီး သူများ အသိုက်အမြုံ ဖျက်ဆီးလာခဲ့တဲ့သူဟာ ဟောဒီက ဒေါ်မေအုန်း ပါပဲလို့ တစ်ရပ်လုံး ၊ တစ်မြို့လုံး မသိကြတာလည်း မဟုတ်ဘဲနဲ့ ၊ အခု သူ ပေါင်းသင်းနေတဲ့ ဦးစိမ်းရှောင် ရဲ့ အရင် မိန်းမကြီးကဆို ဒီ စိတ်နဲ့ပဲ ရွာမှာ သေရရှာရော မဟုတ်လား ။

လတ်တလော ဘဝပြေလွင်မှာ အကြွားချင်း ပြိုင်ပြီး ဝင့်ဝါနိုင်တယ် ဆိုရုံလေးနဲ့ သူတို့ဇာတ်ရှုပ်ကြီးကို မေ့ချင်ယောင်ဆောင်နေတာ အံ့လောက်ပါရဲ့ ။ လူဆိုတာ ကိုယ့်ထမင်း ကိုယ်ရှာစားပြီး ဘယ်သူ့ အမုန်းမှ မခံချင်လို့သာ မသိကျိုးကျွန် ပြုနေကြရတာမို့လား ။ ကိုယ့်လည်း ထိခိုက်တာမဟုတ်တော့ သူများ အရေးကို ကိုယ့်အရေး မလုပ်ချင်တာလည်း ပါတာပေါ့ ။ အစွန်းအထင်းတွေ ပေကျံနေတဲ့ ကိုယ်ကျင့်မှိုအောက်တွေကို သူတို့ စီးနေတဲ့ နောက်ဆုံးပေါ် ကားသစ်ကြီးနဲ့ ဖုံးဟယ် ၊ ဖိဟယ် လုပ်နေရတာ လုံခြုံလှပြီ နေမှာပ ။

ငွေဆိုတာမျိုးက တစ်ဦးတစ်ယောက်တည်းပဲ ဖြစ်ဖြစ် ၊ အသင်းအဖွဲ့အတွက် ဆိုဆို မရှိမဖြစ် လိုအပ်တာတော့ မှန်တာပေါ့ ။ ဒါပေမယ့် လူ့ဘဝမှာ ငွေထက် အရေးကြီးတဲ့အရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာလောက်တော့ ဝိုင်းမှုံ လို အခြေခံပညာ နည်းခဲ့တဲ့သူ တောင်မှ တွေးတတ်သေးတာပဲ ။ ဒါကို ဒေါ်မေအုန်း တို့လို ငွေခဲကိုက်ငုံထားသူတွေက သေမယ်မထင်တော့လောက်အောင် ဖြစ်နေရတာဖြင့် အဲဒီ ငွေပုံကြီး ထက်မှာ သေလုမြောပါးဝေဒနာရဲ့ အရသာကို မြည်းစမ်းမကြည့်ရသေးလို့ နေမှာပေါ့လေ ။

••••• ••••• •••••

“ ဘကြီးစိမ်း ကတော့ ကောင်းရှာပါတယ်အေ ။ အမျိုးအရင်း ဖြစ်နေတဲ့ ကြီးတော် က မစွံတာ ။ ငါလည်း ရွာမှာ နေရတာနဲ့ စာရင် ဒီမှာက တော်ပါသေးတယ် ဆိုပြီး ပေကပ်နေရတာပဲ ”

“ အေးပေါ့လေ ၊ နင်ရောက်လာတာ ငါ့အတွက် အဖော်ရလို့ တော်သေးတာပေါ့ ”

“ ငါလည်း ဘာထူးလဲ ။ နင် ရှိနေလို့သာ စကား ပြောဖော် ရတာ ။ အိမ်က ဘဝင်ရူးပြီး စခန်းကြီးတဲ့ ညီအစ်မတွေလိုများဖြင့် ခက်ရချည်ရဲ့ ”

ဒေါ်မေအုန်း တူမဝမ်းကွဲ ငွေစီ က ဝိုင်းမှုံ နဲ့ ရွယ်တူချင်း ၊ ဘဝဆင်တူချင်း ဆိုတော့ ရင်းနှီးမိလွယ် ဖြစ်ကြတာ ၊ မိတ္တဗလဋီကာ မဖတ်ခဲ့ရပါဘူး ။ မီးဖိုချောင် ဗာဟီရတွေ ပြီးရင် ဝိုင်းမှုံ အဝတ်လျှော်တဲ့ အနား လာပြီး စကားခရီး ဆန့်လိုက်ကြတာများ လျှာမှောက် လျက်လဲမတတ် တရစပ်နဲ့ မရပ်မနားကြေးပဲ ။ ဒေါ်မေအုန်း သားသမီးတွေကတော့ ကျောင်းသွားသူ ၊ ကျူရှင်တက် ၊ သင်တန်းတက်သူတွေနဲ့ အိမ်ရှင်တွေသာ ဆိုတယ် ၊ ဧည့်သည်လိုပဲ ။ အိမ်မှာ ရှိလည်း ဝိုင်းမှုံ တို့ ၊ ငွေစီ တို့ အပေါ် တူတယ်တန်တယ် မှတ်တာ မဟုတ်ပါဘူး ။ ခိုင်းစရာ ရှိမှသာ စကားဟက်ဟက် ထွက်လာတာမျိုးတွေ ။ ဦးစိမ်းရှောင် ကတော့ ရပ်ရွာ သာရေး ၊ နာရေးတွေနဲ့ အိမ်မှာ မြဲတယ် မရှိဘူး ။ သူတို့ ဆောက်လုပ်လှူထားတဲ့ ဆွမ်းစားကျောင်းဆောင်ကြီး ကလည်း ပြီးလုပြီ ဆိုတော့ ရေစက်ချဖို့ ပြင်ဆင်စီစဉ်နေရတာတွေ လုံးပန်း နေရပြန်ရော ။

အိမ်ရှင်မကြီး ကိုယ်တိုင်လည်း ဈေးထဲမှာ ဖွင့်ထားတဲ့ သူ့ရွှေဆိုင်ကိုပဲ စိတ်ရောကိုယ်ပါ နေ့ညမပြတ် ရှုမှတ်နေရတာကိုး ။ နေ့လယ်နေ့ခင်းတွေဆို အိမ်ကြီး တစ်ဆောင်လုံး ငွေစီ တစ်ယောက်တည်းပဲ အမြဲလို ဥစ္စာချောက်ပေးနေရတာနဲ့ အချိန်ကုန်ရော ။ အဝတ်လျှော်စရာ ရှိလို့ ဝိုင်းမှုံ ရောက်လာမှပဲ အပျင်းပြေရတော့တယ် ။

“ ဘကြီးစိမ်း က ကျောင်းဆောင် ရေစက်ချတဲ့ အလှူပွဲနေ့ ကျရင် ငါ့ကို ဝမ်းဆက်တစ်စုံ ချုပ်ပေးမယ်တဲ့ဟဲ့ ”

“ ဟုတ်လား ပွတာပဲ ။ ကောင်းကောင်းလေး ဝယ်ခိုင်းဟာ ”

“ ဝိုင်းမှုံ နင်က သူတို့နဲ့ ဆက်ဆံလာတာ ကြာပြီဆိုတော့ သတိထားမိလား ။ ဒီမြို့က လူတွေက ငါ့ကြီးတော် ထက် ဘကြီးစိမ်း ကို ပိုရင်းနှီးကြသလိုပဲနော် ”

“ အေးလေ နင့်ဘကြီးစိမ်းက ဘုရားတည် ကျောင်းဆောက်နဲ့ အပေါင်းအသင်း ဆံ့တာကိုး ”

“ နိဗ္ဗာန်ရောက်ကြောင်း လုပ်နေတဲ့သူတွေမို့လား မသိဘူး ။ သူတို့ ဘဝတွေ အားကျချင်စရာကြီးနော် ”

ဝိုင်းမှုံ ရဲ့ သိုသိပ်လှတဲ့ မဲ့ပြုံးကိုဖြင့် ရိုးနုံရှာလေတဲ့ ငွေစီ တစ်ယောက် သိမြင်နိုင်လိမ့်မယ် မထင်ပေါင် ။ ဖွံ့ဖြိုးစပြုလာတဲ့ ဝမ်းကြာတိုက်ကို ဆင်ဖြူ တော်နဲ့ ခြင်္သေ့မင်းတွေ အလုံးအရင်း တပ်ချီပြီး အတင်း ချေဖျက်ဖုံးကွယ်လိုက်ရတဲ့ ဖူးငုံရိုင်းလေး တစ်ပွင့် အကြောင်း ခေါင်းထဲက ဖယ်ထုတ်လို့မှ မရသေးဘဲကိုး ။ နွားနို့အစစ်ပဲ သောက်ချင်ပြီး နွားချေးကျုံးဖို့ သွေးကြောင်တဲ့ ဦးစိမ်းရှောင် ရဲ့ တစ်ခန်းရပ်ဇာတ်မဟာ ကို ငွေစီ သိအောင် အထုပ်ဖြည် မပြဖြစ်လိုက်ပါဘူး ။ တစ်ဖက်သားရဲ့ အကြည်ညို တစ်ခြမ်းစောင်းကြီး ပိန်ရှုံ့သွားမှာမျိုး မလိုလားရိုး အမှန်မို့ပါ ။ အဲဒီတုန်းက လေးပစ်သူ ဘုရားကျွန်တော် တစ်ယောက် အတော်ကြီး အော်ထွက်သွားတဲ့အသံကို ဝိုင်းမှုံ တို့ မကြားဘဲ နေပါ့မလား ။

ဒေါ်မေအုန်းတို့ နှုတ်လျှာဖျားက တဖွဖွ တောင်းဆိုတတ်တဲ့ သံသရာ ကင်းလွတ်ရာ ဆိုတာ အဲဒီ ပိုက်ဆံတွေနဲ့ တံတားထိုးခင်းပြီး နင်းလျှောက်သွားရင် ရနိုင်ရိုးလားလို့ လက်တို့ မေးလိုက်စမ်းချင်တယ် ။ ပေါ့ပျက်ပျက် ကိုယ်ကျင့်သိက္ခာ ဖရိုဖရဲကို အနှစ်မဲ့ လုပ်ရပ်တွေ အလျှံအမောက်နဲ့ ဆားခတ်ပြီး သောက်နေကြတာများ အံ့လောက်ပါရဲ့ ။

နိဗ္ဗာန်ဆိုတာ ရချင်တယ်လို့ တမ်းတနေရုံလေးနဲ့ ဥုံဖွ ဆိုပြီး ရောက်သွားနိုင်တဲ့ နေရာမျိုး ဆိုရင်တော့လည်း အကောင်းသားပေါ့ ။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်တုန်းက ဘုရားကိုယ်တော်မြတ်ကြီးကို ကြည်ညိုလွန်းလို့ တစိမ့်စိမ့် ဖူးမြော်ရင်း နောက်တော်ပါးက တစ်ဖဝါးမခွာ လိုက်ပါနေခဲ့တဲ့ အရှင်ဝက္ကလိရဟန်းတော် ကို ကြည့်ပါလား ။ နိဗ္ဗာန် ရှိတယ်ဆိုတာပဲ သိတယ် ။ မျက်မှောက်ပြုဖို့ အကျင့် ကို အားထုတ်ရကောင်းမှန်း မသိဘူး ။ ဗုဒ္ဓမြတ်စွာက ဟောကြားတဲ့ တရားကိုလည်း နှလုံးမသွင်းဘူး ။ ဒါကြောင့် ဗုဒ္ဓက အဲဒီရဟန်းတော်ကို “ အချည်းနှီးသောယောက်ျား ” လို့ မိန့်သွားခဲ့တာတွေ ဝိုင်းမှုံ အမေက အများကြီး ပြောဆိုဆုံးမခဲ့ဖူးတာပဲ ။ အခု ငွေစီ တို့ကျ အဲသလို သိချင်မှ သိမှာကိုး ။ ထားလိုက်ပါလေ ၊ အကြောင်းကြောင့် အကျိုး ဖြစ်တာမှန်ရင် ခန္ဓာကိုယ်စီတိုင်းမှာလည်း ကိုယ့်အကြောင်းနဲ့ ကိုယ်ပဲမို့လား ။

••••• ••••• •••••

“ ဆွမ်းပွဲတွေ ပြင်ထားကြတော့ဟေ့ ၊ ဆရာတော်တွေ ကြွလာတော့မယ်တဲ့ ”

ဒေါ်မေအုန်းက လက်ကိုင်ဖုန်းကို ပြန်ပိတ်နေရင်း ပြောလိုက်တဲ့ အသံဟာ ဆွေးမြည့်ခြောက်ကပ်ကြီး အက်နေတာကို ဧည့်ပရိသတ်တွေ သတိထားမိကြတာပဲ ။ သူမှ မဟုတ်ပါဘူးလေ ၊ သူသားသမီးတွေလည်း ဘယ်တစ်ယောက်ရဲ့ မျက်နှာပေါ်မှာမှ မြေ့ချမ်း လန်းရွှင်တဲ့ သွင်ပြင်ပုံမျိုး တပ်ဆင်မထားနိုင်ကြပါဘူး ။ ငွေစီ တောင် နှာရည်လေး တရှုံ့နဲ့ မျက်ရည်တွေ သုတ်ပစ်နေတာပဲ ကြည့်တော့ ။ ဝိုင်းမှုံ ကိုယ်တိုင်လည်း ပုထုဇဉ်ပီပီ စိမ့်၀ဲမျက်ရည် ကြွေမိတာပါပဲ ။ အနတ္တရဲ့သားကောင်တွေ ဖြေသိမ့်ရာမဲ့လှအောင် ပရိဒေဝမီး တောက်လောင်နေရတာ မင်္ဂလာပါလို့ ဘယ်သူ သတ်မှတ်နိုင်မတဲ့တုံး ။

လွန်ခဲ့တဲ့ တစ်ပတ်ကမှ အရေးကြီးလုပ်ငန်းစဉ် တစ်ခုအတွက် ခရီးထွက်ရင်း အသက်မပြင်းနိုင်ခဲ့တဲ့ ဦးစိမ်းရှောင် ရဲ့ သတင်းက နားခံတွင်းပျက်စရာကြီး ဖြစ်ခဲ့တာကိုး ။ ကိုယ်တိုင် မောင်းလာတဲ့ကားက လမ်းမှားဝင်လာတဲ့ ဆိုင်ကယ်ကို တိမ်းရှောင်လိုက်ချိန် မှာ ဝင်တိုက်ပစ်မိတဲ့ သစ်ပင်တောင် ယိုင်နဲ့သွားရတဲ့ အထိ ဆိုးရွားပြင်းထန်လွန်းခဲ့ရတဲ့ အနိဋ္ဌာရုံကို ပြန် ရစ်ကြည့်ရက်စရာတောင် မရှိဘူး ။ သွေးအလိမ်းလိမ်း ခြယ်လူးထားတဲ့ သတင်းဆိုးကြောင့် တယ်လီဖုန်းတစ်ခုလုံးတောင် စွန်းထင်းနာကျင်သွားပလား အောက်မေ့ရတယ် ။ ဒေါ်မေအုန်း တို့ တစ်မြုံလုံး နာဂစ်ရုပ်လုံး ကြွမတတ် ဖျပ်ဖျပ်လူး နေရတာတွေဟာ သင်္ခါရက လှစ်ဖော်ပြလိုက်တဲ့ အစွယ်တစ်ချောင်းပါလားလို့ လက်ခံထားရုံမှ တစ်ပါး ဝိုင်းမှုံ ဘာများ တတ်နိုင်ဦးတော့မှာတဲ့လဲ ။

“ ဝိုင်းမှုံရယ် ၊ ငါ့ခေါင်းတွေ တအားကြီး အုံခဲနေလိုက်တာ အန်ချင်သလိုပဲ ။ နင်တို့ အိမ်ဘက် ခဏ သွားပြီး လှဲနေရအောင် ၊ ဒီမှာက လူတွေ တရုန်းရုန်းနဲ့ ” 

“ ဪ အေး လာလေ သွားမယ် ။ နင်လည်း တော်တော်ပင်ပန်းနေပြီ ၊ နားလိုက်ဦး ”

ရက်လည် သပိတ်သွတ်တဲ့ ဆွမ်းကျွေးပွဲ ပြီးစမှာ အိုးခွက်ပန်းကန်တွေ ဆေးကြောသိမ်းဆည်းရင်း နွမ်းလျမောသံနဲ့ ညည်းဟန်ပြုလာတဲ့ ငွေစီ့ ကို ဝိုင်းမှုံ သနားလှပြီ ။ ဟုတ်တော့လည်း ဟုတ်တယ် ။ ဦးစိမ်းရှောင်ရဲ့ ပွဲသိမ်းသတင်းဆိုးက နားတွေကို ဝင်တိုးလာပြီ ဆိုကတည်းက ငွေစီ တစ်ယောက်ရဲ့ အငြိမ်ရုပ်တွေ တိမ်ငုပ်သွားခဲ့ရတာ သတိထားလိုက်မိသားပဲ ။ အမေ့ဘက်က အဒေါ်နဲ့ စပ်မှ ပတ်သက်ရတဲ့ သူစိမ်း ဖြစ်ပေမယ့် တစ်အိမ်တည်း နေ ၊ တစ်အိုးတည်း စားခဲ့ရတဲ့ တွယ်တာမျှင်လေး တစ်စလောက်တော့ ကျန်နေကောင်းဦးမယ် ဆိုတာ ငွေစီ အပေါ်မှာ နားလည်နိုင်စွမ်းပါတယ် ။

ဒါပေမယ့် ငွေစီရဲ့ ကြေကွဲသရုပ်မှန်တွေဟာ ကာယကံရှင်တို့ထက်ကို ပိုပြီး အကယ်ဒမီ ချိန်ရွယ် လွန်းနေသလားလို့ မြင်ပြင်းကတ်အောင် ဖြစ်မိရတာ ကိုတော့ ဝိုင်းမှုံ မညာချင်ဘူး ။

“ တိတ်စမ်းပါ ငွေစီရယ် ။ မိန်းမကိုက ငါ မပြောလိုက်ချင်ဘူး ။ ဒါလောက် အဖြစ်သည်းပြီး တရှုံ့ရှုံ့ လုပ်နေရအောင် အဲဒီ ဘကြီးစိမ်းက နင့်လင်မို့လား ”

“ ဒီအချိန် ရောက်မှတော့ ဟုတ်တယ်လို့ပဲ ပြောရတော့မှာပေါ့ ဝိုင်းမှုံ ရယ် ။ အခု ငါ့ဆီမှာ ဘကြီးစိမ်း နဲ့ ရတဲ့ ကိုယ်ဝန်က သုံးလ ကျော်နေပြီ ကောင်မရဲ့ ”

“ အယ်တော် မိုက်ပါပေ့ ငွေစီရယ် ”

မျှော်လင့်ထင်မှတ် မထားတာတွေ ရုတ်တရက် ပွက်ထလာလေ့ ရှိတဲ့ လောကပဉ္စလက်ရေပြင်ကို မျက်ဝါးထင်ထင် ရင်ဆိုင်လိုက်ရချိန်မတော့ ဝိုင်းမှုံ အံ့ဩပြ နေလို့လည်း ငွေစီ့ ဗိုက်က သူ့အလိုလို ပြန်ချပ်သွားမှာမှ မဟုတ်ဘဲနဲ့ ။ မနက်ခင်းက ရေစက်ချရင်း အမျှဝေလိုက်တဲ့ ဒေါ်မေအုန်း ရဲ့ အသံကွဲရှကြီးကို ပဲ့တင်ထပ်အောင် ပြန်ကြားနေမိတာကပဲ နားထဲမှာ ခါးသီးလှပြီ ။

“ နိဗ္ဗာန်ချမ်းသာ ကောင်းမွန်ရာ ဘုံဘဝက သာဓုခေါ်ပါတော့ သိမ်ကျောင်းဇရပ် ၊ ဘုရားဒကာကြီးရေ ”

တဲ့လား ။ သူတော်စင် အပေါင်းတို့ရယ် ၊ ဝိုင်းမှုံ အတွေး ရှင်းသွားအောင် ကွင်းကွက်ပြက်ထင် သိမြင်မိ လိုက်တဲ့ အလင်းတစ်စကဖြင့် ကိုယ်စောင့်နတ်တွေ အပေါ်မှာ အားနာစရာ ကောင်းရော့လား မသိတော့ပါဘူး ။ ဒေါ်မေအုန်း တို့ တောင့်တလွန်းတဲ့ မအို ၊ မနာ ၊ မသေရာ နိဗ္ဗာန်ရွှေပြည် ဆိုတာများ လူကြုံကောင်းကောင်းနဲ့ လိုက်သွားလို့ ရောက်နိုင်စတမ်း ဆိုရင်တော့ ပြောတတ်ဘူးလေ ။ ဒီလိုမှ မဟုတ် ၊ သင်းတို့ ကိုယ်တိုင်ရဲ့ အားထုတ်မှု အလိုအတိုင်းများဖြင့် ။

▢  ပန်းရေဂျိုး ( မိုးကုတ် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ၂၀၁၁ ၊ ဖေဖော်ဝါရီ

No comments:

Post a Comment