Friday, January 23, 2026

ဖောင်းတော ဘုရင်မ


 ❝ ဖောင်းတော ဘုရင်မ ❞


ဖောင်းတောဘုရင်မ ဆိုတဲ့ သူ့နာမည်ကို အရင်စပြီး ကျွန်တော် စိတ်ဝင်စားသွားတာပါ ။


ပြင်ဦးလွင် ၊ ရပ်ကွက်ကြီး ၁၅ မှာ ဖောင်းတောဘုရင်မခြံ ဆိုပြီး အနားယူ အပန်းဖြေစရာ ဥယျာဉ်ခြံကြီး တစ်ခု ရှိတယ် ။ ပိုင်ရှင်က ဒေါ်ရီရီဌေး ။ သူက အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်း လုပ်ပါတယ် ။


အားလပ်ရက်တစ်ခုမှာ သူ့ညီမ ဒေါ်မာမာဌေး ၊ ဓာတ်ပုံ ကိုဇော်ဇော် ( ဘိုဓာတ်ပုံ ) တို့နဲ့အတူ သူ့ခြံကို ကျွန်တော် အလည် ရောက်တယ် ။ ဖောင်းတော ဘုရင်မ ဆိုတဲ့ အမည်ကို စိတ်ဝင်စားလို့ ဒေါ်ရီရီဌေး နဲ့ စကားစမြည် ပြောဖြစ်သွားတယ် ။


ဒေါ်ရီရီဌေး က ကိုယ်စွမ်းကိုယ်စနဲ့ ကြိုးစားရင်း အဆင်ပြေလာသူပါ ။ သူ့ လမ်းပြကြယ်က ရှိုင်းဟုတ် ဒေါက်တာဒေါ်ခင်ခင်ရီ တဲ့ ။ ဆရာမ သင်ကြားပြသ လမ်းညွှန်ခဲ့တာတွေကို နာခံ ၊ ဆရာမ ပရဟိတ လုပ်ပုံကိုင်ပုံတွေကို အတုယူ မိတ္တူကူးပြီး လုပ်ကိုင် နေထိုင်ခဲ့လို့ အောင်မြင်တဲ့ ဘဝကို ရခဲ့တာလို့ ဆိုတယ် ။ 


ဖောင်းတောဘုရင်မ ခြံထဲက မှန်ခန်းဆောင်မှာ ထိုင်ရင်း ကျွန်တော်တို့ စကားစမြည် ပြောပါတယ် ။


“ ကျွန်မ ငယ်ငယ်က အရမ်း ချမ်းသာချင်တာ ၊ မန္တလေး ၃၅ လမ်းနဲ့ ၈၆ လမ်းထောင့်မှာ ရွှေစင် ဆိုပြီး ကွန်ပျူတာ စာစီစာရိုက်နဲ့ မိတ္တူဆိုင်လေး ဖွင့် တယ် ၊ ကျွန်မက ဝီရိယရှိတယ် ၊ အိပ်ရာက အစောကြီးထ ဆိုင်ဖွင့်တယ် ၊ သူများ ထက် ကြိုးစားတယ် ၊ အောင်မြင်တယ် ”


ဒေါ်ရီရီဌေးရဲ့ မျက်နှာကို ကြည့်လိုက်တော့ မာန်နဲ့ တင်းနေတာကို တွေ့ရတယ် ။ 


“ ကွန်ပျူတာဆိုင် ဖွင့်တာက ဟုတ်ပါပြီ ၊ ကိုယ်တိုင်က စာစီစာရိုက် တတ်သလား ” 


“ သားလေးက ကွန်ပျူတာဆရာ ၊ သား အိမ်ထောင်ကျသွားတော့ ကိုယ်တိုင် ဝင်လုပ်ရတာ ၊ မိတ္တူလည်း ကိုယ်တိုင် ကူးတာ ”


သူ့အိမ်ထောင်ရေး ကိုလည်း ကျွန်တော် သိချင်တယ် ။


“ ၁၉၇၉ ခုနှစ်မှာ ကျွန်မ မိဘက သံပန်းတံခါး အလုပ်လုပ်တဲ့ ကိုအောင်ခန့် နဲ့ အိမ်ထောင်ချပေးတယ် ၊ အောင်ဇော်ဦး နဲ့ မြတ်နိုးအောင် သားနှစ်ယောက် ထွန်းကားပြီး ၂ဝဝဝ ပြည့်နှစ်မှာ အိမ်ထောင်ဖက် ဆုံးသွားတယ် ”


သူ အိမ်ထောင်ကျတဲ့ အသက်ကို စိတ်တွက် တွက်ကြည့်တော့ ၁၆ နှစ် သမီးမှာ သူ့မိဘက အိမ်ထောင်ချထားပေးတာ တွေ့ရတယ် ၊ ဘာကြောင့် ကျောင်းနေ အရွယ်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချရတာလဲ ။


“ ကျွန်မက ၁၀ တန်း ကျောင်းနေရင်းနဲ့ ရည်းစားထားတယ် ၊ ( သူက ပြောရင်း ပြုံးတယ် ) ၊ မောင်နှမ ၁၂ ယောက်နဲ့ မုန့်ပျားသလက်ရောင်းတဲ့ အမေရဲ့ သားကိုမှ ကြိုက်ရသလား ဆိုပြီး မိဘက ယောက်ျား ပေးစားလိုက်တာ ၊ အမျိုးသားက သူများ သံပန်းသံတံခါး အလုပ်သမား ၊ ယောက်ျားက ကျွန်မထက် ၁၀ နှစ် ကြီးတယ် ၊ ရိုးတယ် ၊ သဘောကောင်းတယ် ၊ ကျွန်မ ပြောတာ ခံမယ်ပေါ့ ” 


သူက ရယ်တယ် ။


“ ယောက်ျားက ရိုးရိုးအေးအေးသမား ၊ သောက်သောက်စားစား ။ ကျွန်မက စီးပွားရှာမှ ဖြစ်မယ် ၊ ကျွန်မ ချမ်းသာချင်တယ် ၊ ကိုယ်က ဦးဆောင်ရမှာ ဖြစ်တယ် ၊ ဒါကြောင့် အောင်ဇမ္ဗူ သံပန်းသံတံခါး လုပ်ငန်းကို ကိုယ်ပိုင် ထောင်လိုက်တယ် ၊ ကန်ထရိုက်တွေ ၊ ပန်းရန်တွေ ၊ လက်သမားတွေနဲ့ ဆက်ပြီး အလုပ်ရှာတယ် ၊ ယောက်ျားက အလုပ်သမားခေါင်းပေါ့ ၊ ကျွန်မ ခိုင်းတာ လုပ်ခဲ့ရတယ် ”


“ ကိုယ်က ဘောစိပေါ့ ” လို့ ပြောတော့ သူက ရယ်ပါတယ် ။


“ သံပန်း သံတံခါး လုပ်တဲ့အခါ သံအတိုအစ ၊ ဖြတ်စတွေ ထွက်လာတယ် ၊ ပြန်ရောင်းရင် တစ်ပိဿာမှ ငါးကျပ်ပဲ ၊ လာဝယ်တယ် ၊ ကျွန်မက မရောင်းဘူး ၊ သံတို သံစနဲ့ ရေအိုးစင်လေးတွေ လုပ် ၊ မီးဖိုလေးတွေ လုပ် ၊ ပြီးတော့ ရောင်းတယ် ”


သူ့မှာ ကြီးပွားစေတဲ့ စိတ်သန္ဓေ ပါလာတာကို သတိထားမိပါတယ် ။


“ ကျွန်မက အဝတ်အစား ဆိုရင်လည်း အမြဲ လှလှပပ ဝတ်တယ် ၊ လူဆိုတာ အလှတစ်ခု ရှိမှ အောင်မြင်မှုက ကိုယ့်ဆီ လာတာ ”  


သူ ဝတ်စား ဆင်ပြင်ထားတာကို ကျွန်တော် မျက်စိဝေ့ပြီး အကဲခတ် ကြည့်မိတော့ သားသားနားနားရှိတာ အသိအမှတ် ပြုမိပါတယ် ။ သူက ဆက်ပြောတယ် ။ 


“ လှလှပပ ဝတ်စား နေထိုင်တော့ လူတွေက ပိုက်ဆံရှိတယ် ထင်ကြတာ ” 


သူက ရယ်တယ် ၊ ပိုက်ဆံရှိတယ် ထင်လောက်အောင် ဝတ်စားနေထိုင်တတ်ခြင်းကလည်း သူ့လုပ်ငန်းကို အထောက်အကူပြုမှာပါပဲ ။


“ ဒီလို ထက်ထက်မြက်မြက် အမျိုးသမီးက ဘာကြောင့် မိဘပေးစားတာ ယူရတာလဲ ”


“ အဲဒီတုန်းက ကိုယ်က ၁၆ နှစ် ၊ ရည်းစားနဲ့ ထွက်ပြေးချင်တာ ဟိုဘက်က အဖြစ် မရှိဘူး ၊ ဒါနဲ့ ယူလိုက်ရတာ ”


ဒေါ်ရီရီဌေးက ရယ်မောတယ် ။ သူ့မျက်နှာက တင်းမာ မနေတော့ဘဲ နူးညံ့လာတာ သတိထားမိပါတယ် ။


“ ကျွန်မက ချမ်းသာချင်တော့ အိမ်မှာ မီးသွေးလည်း ရောင်းတယ် ၊ အစ်မက စက်ချုပ်တော့ အမေ့ဆီက အထည်တွေ ယူပြီး လက်ချုပ် ချုပ်တာ ၊ တစ်ရက် ၁၀ ထည်လောက် ပြီးအောင် ချုပ်တယ် ၊ ငယ်ငယ် ကတည်းက ခရေပန်းကို ညမှာ မီးခွက်ကြီးနဲ့ ထကောက်ပြီး ရုပ်ရှင်ရုံတွေ သွားရောင်းတာ ၊ တအား လုပ်စားချင်တာ ၊ အမေက မခိုင်းဘူး ”


“ သံပန်းသံတံခါးကို ကိုယ်တိုင် လုပ်တော့ အဆင်ပြေလား ”


“ ပြေတယ် ၊ ကိုယ်ပိုင် တိုက်အိမ် ဆောက်နိုင်ပြီ ၊ သံပန်းတံခါး ကိုယ်ပိုင် လုပ်ငန်း ဖြစ်လာတယ် ၊ လူ့သဘာဝက လုပ်ငန်းရှင် ဖြစ်လာတော့ အောက်ခြေ လွတ်တယ် ၊ ယောက်ျားက သူငယ်ချင်းတွေနဲ့ အရက်သောက်တယ် ၊ အရက်သောက် လွန်ပြီး ဆုံးသွားတယ် ”


“ သံပန်းသံတံခါး လုပ်ငန်း ကနေ ဘယ့်နှယ်ကြောင့် ကွန်ပျူတာဆိုင် ပြောင်းဖွင့်တာလဲ ”


“ သံပန်းသံတံခါး အလုပ်က လိမ်တဲ့သူ ပေါတယ် ၊ လုပ်ပေးမယ် ဆိုပြီး ကြိုတင်ငွေ ယူသွား ၊ ပြန်မလာတဲ့သူ ၊ သံတွေ အပျောက်ရိုက်တဲ့လူနဲ့ ၊ သားလေးက ကွန်ပျူတာဆရာ ဖြစ်လာတော့ ပြောင်းဖွင့်လိုက်တာ ”


“ မြေလောကကို ရောက်လာပုံလည်း ပြောပြပါဦး ” 


“ ငယ်ငယ် ကတည်းက ဝတ္ထုတွေ ဖတ် ၊ ရုပ်ရှင်တွေ ကြည့်ပြီး မေမြို့မှာ ခြံပိုင်ရှင် ဖြစ်ချင်တာ ၊ ပိုက်ဆံက ရှိတာ မဟုတ်ဘူး ”


ပြောနေရင်း သူက မထီတရီ ရယ်မောလိုက်တယ် ။


“ မိတ်ဆွေ ပွဲစားကြီး ဦးခင်မောင်ဝင်းက လာပြောတယ် ၊ ပြင်ဦးလွင် ကန်တော်ကြီးနဲ့ နှစ်မိုင်အကွာ ရွှေမြင်သာမှာ မြေတစ်ကွက်မှ ငါးသိန်းတဲ့ ၊ ဆွဲကြိုးလေး ရောင်းပြီး ဝယ်လိုက်တယ် ၊ ပျော်လိုက်တာ ၊ ခြံပိုင်ရှင် ဖြစ်ပြီပေါ့ ”


“ ဘယ်နှစ်လောက်ကလဲ ”


“ ၂၀၁၀ ” 


မကြာသေးပါလားလို့ ကျွန်တော်က ပြန်ပြောလိုက်တယ် ။


“ မြေလည်း နားမလည်ဘူး ၊ ခြံပိုင်ရှင် ဖြစ်ချင်တာ တစ်ခုပဲ သိတာ ၊ သူငယ်ချင်းတွေ ကိုလည်း ဝယ်ဖို့ လိုက်ပြောတယ် ၊ ပိုက်ဆံ ကြံဖန်စုပြီး နှစ်သိန်းတန် ဝယ် ၊ သုံးသိန်းနဲ့ ပြန်ရောင်း ၊ သုံးသိန်းတန် ဝယ် ၊ လေးသိန်းနဲ့ ရောင်း ၊ အဲဒီလို လုပ်ရင်း အကျိုး တအားဖြစ်တယ် ၊ မြေကွက်တွေလည်း အများကြီး ပိုင်လာတယ် ”


ပြင်ဦးလွင် မြေလှိုင်း အကြွမှာ ဒေါ်ရီရီဌေး အလုပ် ဖြစ်သွားတာပဲလို့ ကျွန်တော် တွေးလိုက်မိတယ် ။


“ အမေရိကန် ဖို့ဒ်ကားကုမ္ပဏီက လူတိုင်း ကားပိုင်ဖြစ်ရမယ် ဆိုတဲ့ ဆောင်ပုဒ်ကို ကျွန်မ သဘောကျတယ် ၊ ကျွန်မကလည်း လူတိုင်း ခြံပိုင်ရှင် ဖြစ်ရမယ် ဆိုပြီး ငါးသိန်း ၊ ဆယ်သိန်းနဲ့ ရောင်းပေးတာ ဝယ်လိုက်ကြတာ ”


သူ့စကားကို နားထောင်ရင်း ကျွန်တော်လည်း ပြင်ဦးလွင်မှာ ခြံပိုင်ချင် သလိုလို စိတ်ဖြစ်လာပါတယ် ။ ဒေါ်ရီရီဌေးက ကျွန်တော်တို့ စကားထိုင်ပြောနေတဲ့ ဖောင်းတောဘုရင်မ ဥယျာဉ်ခြံဝင်းကြီး ထဲက အဆောက်အအုံက လှမ်းမြင်နေရတဲ့ တောင်ကုန်းကြီးကို ညွှန်ပြတယ် ။ တောင်ကုန်းက မြက်ခင်းစိမ်းစိမ်း ၊ ပန်းပင်တွေနဲ့ လှလှပပပါ ၊ တောင်ထိပ်မှာ အုပ်တိုက်လေးတစ်လုံး ရှိတယ် ၊ မြေလမ်းညီညီက အုတ်တိုက်ဆီ ဦးတည်နေတယ် ။


“ ဒါဆိုရင် ကျောက်စရစ်ကုန်းမြေ ၊ ဒါကို သာယာလှပအောင် ကျွန်မ ချွေးနှဲစာနဲ့ ပြုပြင်လာတာ ၊ ကျွန်မ အသက်ကြီးရင် နေ့စဉ် ဝင်ငွေ ရှိဖို့ လိုတယ် ၊ ဒါကြောင့် ဒီနေရာမှာ အပန်းဖြေ အနားယူနိုင်တဲ့ စားသောက်ဆိုင် ဖွင့်မယ်ပေါ့ ၊ ဒီနေရာက နှီးဘုရား နဲ့ လည်း ကပ်လျက် ၊ ကျောက်လမ်း နဲ့ လည်း ကပ်လျက် ”


ဖောင်းတောရွာ အနီးက တောင်ကတုံးကြီးပါ မြေနေရာတွေကို ဒေါ်ရီရီဌေး က ဝယ်တယ် ၊ မြေကွက်တွေကို ရိုက်ပြီး ပြန်ရောင်းတယ် ။


“ ဒါက တောင်ကတုံးကြီး ၊ ဒီအတိုင်း ကြည့်လို့ မလှဘူး ၊ ကျွန်မက ပန်းနှမ်းကြဲတယ် ၊ မိုးက တစ်မိုးပဲ ကျန်တော့တယ် ၊ အလုပ်သမား တစ်ယောက်ကို ကျပ် ၅ဝဝဝ ပေးရမယ်တဲ့ ၊ အယောက် ၅ဝ ဆိုတော့ ၂၅၀,၀၀၀ ၊ တစ်တောင်လုံး စိုက်ရမှာ လေးရက် ဆိုတော့ ၁၀ သိန်း ၊ ကျွန်မ မျှောလိုက်တယ် ၊ ဒါက သိန်း ထောင်ချီ ရမှာလေ ”


သူ့ စီးပွားရေး အမြင်ကို ကျွန်တော် လက်ဖျား ခါမိပါတယ် ။


“ မိုးကျလာတော့ တောင်ကုန်း တစ်ခုလုံး ပန်းနှမ်းတွေနဲ့ ဝင်းဝါလှပလို့ ၊ တပြန့်တပြော နှမ်းပန်းခင်းကြီး ၊ မြေဝယ်ချင်သူတွေက သဘောကျလို့ ၊ လမ်းဆို ရင်လည်း ဘူဒိုဇာနဲ့ ထိုး ၊ ကျောက် ၁ဝ စီး ကုန်ကုန် ၊ ၁၅ စီး ကုန်ကုန် ခင်း ၊ သာသာယာယာ ဖြစ်တော့ မြေတွေ ဝယ်ကြတာပေါ့ ”


သူ့ရဲ့ ဖောင်းတောဘုရင်မ ဆိုတဲ့ အမည်ကလည်း စီးနေတယ် ၊ ဘယ်လို စိတ်ကူးနဲ့ သူ ခံယူခဲ့တာလဲ မေးပါတယ် ။


“ ကျွန်မဘဝမှာ မိန်းမသား တစ်ဦးတည်း ရုန်းကန်ခဲ့ရတာ ၊ ရှာခဲ့ရတာ ၊ ဒါကြောင့် ဘုရင်မ နာမည် ယူလိုက်တာ ၊ ပြီးတော့ လူဖြစ်ရကျိုး နပ်အောင် နေတယ် ” 


“ ဘယ်လို နေရမှာလဲ ”


“ တချို့က ပိုက်ဆံတော့ ရှိပါရဲ့ ၊ ခုံဖိနပ် စီးပြီး ဖျင်အင်္ကျီ ဝတ်နေရင်း သေသွားတယ် ၊ ခုနေ ကျွန်မ သေသွားရင်လည်း သေရဲတယ် ၊ ကုသိုလ်လည်း လုပ်တယ် ၊ ကျွန်မ ကတော့ လှလှပပ ဝတ်တယ် ၊ စားတယ် ၊ တန်အောင် နေတယ် ” 


ကျွန်တော်က သူ လုပ်ခဲ့တဲ့ ကုသိုလ်တွေ အကြောင်း မေးတယ် ။


“ တချို့က ချမ်းသာမှ ကုသိုလ်လုပ်တယ် ၊ ကျွန်မက မဟုတ်ဘူး ၊ ရှိသလောက်နဲ့ ဖဲ့လုပ်တယ် ၊ ဒေါက်တာ ဒေါ်ခင်ခင်ရီက ကိုယ့်ထမင်း နပ်မှန်ရင် အိမ်ပြင် ထွက်ပြီး ပရဟိတ လုပ်ကြစို့ ၊ ကူညီကြစို့ ဆိုတာကို သဘောကျတယ် ၊ လက်တွေ့လည်း ကျင့်သုံးတယ် ” 


ဒေါ်ရီရီဌေးက သူ့အနေနဲ့ လမ်းမှာ ယာဉ် မတော်တဆမှုဖြစ်တာ တွေ့လို့ သူ့ကားနဲ့ တင်ခေါ်ပြီး ဆေးရုံ တင်ပေးခဲ့တာတွေ ၊ ရပ်ကွက် မီးလင်းအောင် ထရန်စဖော်မာ လှူခဲ့တာတွေ ၊ လမ်းခင်းခဲ့တာတွေ ၊ အင်းကြီးရွာမှာ ဘုရားတည်နေတာတွေကို ပြောပြပါတယ် ။


“ ကျွန်မ မြေတည့်လို့ မိုးကုတ်ကို ငွေ လိုက်ယူတာ ၊ မိုးကုတ်နဲ့ မိုင် ၅ဝ လောက် ဝေးတဲ့ ပဇီရွာကို ရောက်တော့ သူတို့ တော်တော် ချို့တဲ့ကြတာ တွေ့ရတယ် ၊ ဒါကြောင့် ကလေး ခြောက်ယောက်လောက် ကျောင်းထားပေးမယ်လို့ ပြောလိုက်တော့ ၁၂ နှစ် ၊ ၁၃ နှစ် အရွယ်တွေ လိုက်လာတယ် ၊ စာလည်း မတတ်ဘူး ၊ ဗမာစကားလည်း မတတ်ဘူး ၊ သူတို့ကို ဒိုးပင် ပရဟိတကျောင်းမှာ ထားပေးလိုက်တယ် ၊ ဒီကလေးတွေဟာ ကျွန်မ အသက်ကြီးရင် သားတွေ ဖြစ်လာမှာပေါ့ ” 


“ ကလေးမိဘတွေနဲ့ အဆက်အသွယ် ရှိသလား ”


“ ရှိတယ် ၊ မိုးကုတ် - ပြင်ဦးလွင် လမ်းပေါ်က သူတို့ ရွာမှာ မြေဧက ၁၅ဝ ဝယ်ပြီး ပဇီမင်းသမီး ဆိုပြီး စားသောက်ဆိုင် ဖွင့်တာ ၊ ကလေးမိဘတွေက ဆိုင်ကို စောင့်ရှောက်ပေးတယ် ”


သူ့ ဆောင်ရွက်မှုက သူ့ကို အထောက်အကူ ပြန်ပြုတာပါပဲ ။


“ ကျွန်မရဲ့ လက်ကိုင် ဆောင်ပုဒ် တစ်ခု ရှိတယ် ၊ အဲဒီ ဆောင်ပုဒ်ကြောင့်လည်း ဒီအခြေအနေကို ရောက်လာတာ ”


သူ့ကို ကြီးပွားစေတဲ့ ဆောင်ပုဒ်ကို ကျွန်တော် စိတ်ဝင်စားစွာ နားစွင့်နေမိပါတယ် ။


“ ဆောင်ပုဒ်က Do It Now ချက်ချင်းလုပ်ပဲ ။ တွေဝေမနေဘူး ၊ ချက်ချင်း စဉ်းစား ၊ ချက်ချင်း ဆုံးဖြတ် ၊ ချက်ချင်း ထလုပ်တာပဲ ” 


မတွေဝေခြင်းက ကြီးပွားရာ ကြီးပွားကြောင်းလား ၊ ကျွန်တော် အတွေးနဲ့ မြက်ခင်းနဲ့ စိမ်းလန်းနေတဲ့ တောင်ကုန်း ( တစ်ချိန်က ကျောက်စရစ်တောင်ကုန်း ) ကို ငေးကြည့်နေတယ် ။


ကျွန်တော်တို့ စကားပြောနေခိုက်မှာပဲ မြေကြည့်ချင်တဲ့ သူတွေ ရောက်လာလို့ စကားပြတ်သွားတယ် ၊ ဒေါ်ရီရီဌေးက ဧည့်သည်တွေကို မြေပုံတစ်ချပ် ဖြန့်ပြတယ် ၊ မြေပုံပေါ်က မြေပိုင်ရှင်တွေရဲ့ အမည်တွေ ပြောသံ ကြားနေရတယ် ၊ တော်တော်များများက ရုပ်ရှင်လောကသားတွေ ၊ ဒါရိုက်တာ ၊ မင်းသား ၊ မင်းသမီး ၊ မော်ဒယ်လ်တွေ ။


 ⎕ ကျော်ရင်မြင့်

📖ဘဝဇာတ်ခုံ စုစည်းမှာ - ၈

No comments:

Post a Comment