❝ ထပ်လုပ်ပါဦး ❞
( ပီမိုးနင်း )
ကျော်ဖြိုးသည် ပညာများစွာ မရှိသူ ဖြစ်၏ ။ သို့သော်လည်း ပြောင်တတ် ပျက်တတ် ကလက်တတ် သဖြင့် ရန်ကုန်မြို့ရှိ မည်သည့်အသင်း မည်သည့် ကလပ် မည်သည့် အပေါင်းအသင်းမှာ မဆို ဝင်ဆံ့သူတစ်ယောက် ဖြစ်လေ၏ ။
၎င်း၌ ပညာအရည်အချင်းများစွာ မရှိသော်လည်း ဓနဥစ္စာနှင့် ကောင်းစွာပြည့်စုံသူ တစ်ယောက်ဖြစ်သည့်ပြင် ကြက်သားအုပ်မကို တု၍ ကစားခြင်း မျက်ဖြူဆိုက် ကာ ဘုတ်ထိုးချင်း ခွေးလို ကြောင်လို ကြက်လို အော် တတ်ခြင်း မည်သည့် အရက်မျိုးကို မဆို နှုတ်ခမ်းမလေး သောက်နိုင်ခြင်း ၊ အကောင်းဆုံးသော စီးကရက်မျိုးတို့ကိုသာ သောက်လေ့ရှိခြင်းကြောင့် များစွာ ကျော်ကြား ထင်ရှားသူ ဖြစ်လေ၏ ။
တစ်နေ့သ၌ ရန်ကုန်မြို့ကလပ်တစ်ခု၌ မိတ်ဆွေ အဖော် သုံးလေးယောက်နှင့် ဝီစကီကို သောက်၍နေခိုက်တွင် လမ်းမ၌ လျှောက်၍ သွားသော အလွန်ချောသောလှသော မိန်းမပျိုကလေးတစ်ယောက်ကို မြင်သဖြင့် ပထမဆုံး သောက်သော ဝီစကီ ဝမ်းပက်သည် ဒသမမြောက် ဝီစကီပက်ကဲ့သို့ဖြစ်ကာ မူးဝေ၍ သွားသဖြင့် ကုလားထိုင်ပေါ်မှ ချော်၍ကျမှာ စိုးသောကြောင့် အနီးရှိ မိတ်ဆွေတစ်ယောက်ကို ထ၍ တွယ်ဖက်ကာ “ အိုင်ဆေး သူငယ်ချင်းမောင်နီ ဟိုသူငယ်မကလေးကို သိရဲ့လား ” ဟု လက်ညှိုးထိုး၍ ပြလေရာ ရန်ကုန်မြို့၌ အပ်ကျသည်ကို ရအောင် ရှာနိုင်သော မောင်နီသည် ၎င်းမိန်းမပျိုကလေးကို ကြည့်ပြီး “ မင်း မသိဘူးလား ။ ဝန်ထောက် ဦးမဲ သမီးလေ ။ ဝန်ထောက်ကြီးရော ဝန်ကတော်ကြီးရော သေပြီ ။ ဟိုဘက်က အဒေါ်ကြီးက သူ့အရီးပေါ့ ”
“ တယ်လှပါကလား သူငယ်ချင်းရယ် ။ ငါ့ကို အသိဖွဲ့ပေးနိုင်ဘူးလား ”
“ အဖိတ်နေ့ကျရင် ဇရပ်ကို လိုက်ခဲ့ နေရာကျစေ့မယ် ” ဟု ပြောပြီး မောင်နီ ထွက်၍သွားလေ၏ ။
အဖိတ်နေ့ကျသဖြင့် ဇရပ်၌ မောင်နီက အကြောင်း ပြုသဖြင့် မခင်လှ နှင့် ကျော်ဖြိုးသည် အသိ ဖြစ်ကြလေ၏ ။ သို့သော်လည်း ကျော်ဖြိုး၏ စိတ်၌ ဤ မခင်လှကလေးက ပညာလည်းတတ် ဥစ္စာလည်းရှိ ရုပ်လည်းချော ငါ့မှာတော့ ဘာပညာမှ ဟုတ်တိပတ်တိ မတတ် ။ အတီးအမှုတ် အဆိုအကကို နားမလည် ငါတတ်တဲ့ ကြက်သားအုပ်မ အတတ် ၊ ဘုတ်ထိုးခြင်းအတတ်များမှာမူ ၎င်းအတတ်တွေကို ပြလျှင် ငါ့ကို အရူးရယ်လို့မှတ်ထင်ကာ ငါလို လူကို ယူဖို့ရန် ရှက်မှာပဲ ။ သို့သော် သမီးကို လိုချင် အမေ ကို လှည့်တဲ့ ။ အခုရှေးဦး ပထမ လှည့်ရမယ့် အလုပ်က သူ့ကြီးတော်ပဲ ။ မောင်နီ၏ ပြောစကားအရ သူ့ကြီးတော် ဟာ အဘိဓမ္မာသင်းဂြိုဟ် အင်မတန် တတ်သတဲ့ ။ ငါ လည်း အဘိဓမ္မာသံနှင့် စပြီး အဒေါ်ကြီးကို မြှူ မှ တော်မည်ဟု စိတ်အကြံပြုကာ မိမိ၏ အစေခံ သာဒွန်း အား အဘိဓမ္မာ သင်္ဂြိုဟ် အကောက်စာအုပ်များကို ဈေးထဲ၌ အဝယ်ခိုင်းပြီး ရတတ်သမျှ ကျက်မှတ်လေ၏ ။ ငါ အသောက်အစား ဝါသနာပါသည့် အကြောင်းကို မခင်လှကလေး သိရင် ကြိုက်မှာ မဟုတ်ဘူး ဟု ဆင်ခြင်ကာ စိတ်ပုတီးကို ကိုင်လျက် ဥပုသ်နေ့တိုင်း ဇရပ်ကို သွားပြီး အဒေါ်ကြီးနှင့် အဘိဓမ္မာစကား ပြောလေ၏ ။
အဒေါ်ကြီးသည်ကား မိမိတတ်သော ပညာ၌ အလွန် အပြောသန်သဖြင့် အဖိတ်နေ့ည၌ သန်းခေါင် ကျော်သည့်တိုင်အောင် ကျော်ဖြိုး မှာ အဘိဓမ္မာတရား နာရရှာလေသတည်း ။ သို့သော်လည်း စိတ်မပျက်ဘဲ ကြိုးစားပြီး အဖိတ်နေ့တိုင်း ဇရပ်မှာ အဒေါ်ကြီး၏ တရားများကို နာလေရာ အဒေါ်ကြီးသည် ကျော်ဖြိုး ကို များစွာ သဘောကျလျက် တူသားရင်းချာလို ခင်မင်၍ လာလေ၏ ။
တစ်နေ့သ၌ ခင်လှ နှင့် ကျော်ဖြိုးသည် ဘုရားပေါ်တွင် တွေ့ကြလေရာ “ ရှင် ကြက်မလို လုပ်တတ်တယ် ဆိုပြီးတော့ ဘုတ်ထိုးတဲ့ အတတ်လည်း တတ်တယ်လို့ ကြားပါကလား ” ဟု လှောင်သလိုလို မေးလေ၏ ။
ထိုအခါ ရှက်သဖြင့် “ မတတ်ပါဘူးကွယ် ။ ဘယ်လူ ပြောသလဲ ၊ မဟုတ်တာတွေ အရူးအတတ်တွေ ပဲ ” ဟု ပြောလေ၏ ။ ထို့နောက် အခြား အကြောင်းများကို ဆက်လက်၍ ပြောကြရာ ခင်လှ မှာ ကျော်ဖြိုး အပေါ်၌ များစွာ စိတ်အားထက်သန်ခြင်းကို မပြချေ ။ သို့ဖြစ်၍ ကျော်ဖြိုး သည် စိတ်ပျက်ပျက်နှင့် ဘုရားမှ ပြန်၍လာလေ၏ ။
နောက်တစ်နေ့ အဖိတ်နေ့၌ ကျော်ဖြိုးသည် ဇရပ်ကို သွား၍ အိပ်ရပြန်၏ ။ အကြောင်းမူကား အဒေါ်ကြီး၏ စိတ်၌ မိမိ ပြောသော အဘိဓမ္မာစကားများကို စိတ်ရှည်စွာ နားထောင်သော ကျော်ဖြိုး မပါလျှင် ဇရပ်မှာ သွေ့ခြောက်ခြင်း ဖြစ်သည်ဟု မှတ်ထင်လျက် အဖိတ်နေ့တိုင်း ကျော်ဖြိုး ကို မရမက ခေါ်လေရာ ကျော်ဖြိုး မှာ မိနစ်နှစ်ဆယ် ခန့်မှန်းကြည့်၍ ချိတ်ရသော ခေါင်းပေါင်းသည် ခင်လှ အတွက် မဟုတ် ၊ အဒေါ်ကြီး အတွက်လို ဖြစ်၍ နေလေ၏ ။
ထိုည၌ နာရီပြန် နှစ်ချက် ထိုးကာမှ အဒေါ်ကြီးမှာ စကားပြောရင်း ကြို့ထိုး သဖြင့် မိမိ အတွက် ပြင်ဆင်၍ ထားသော အိပ်ရာအခန်းသို့ သွားလေ၏ ။
ထိုညသည် လသာသောည လေသာပြတင်းမှ လေပြေကလေး လာသော်လည်း အဒေါ်ကြီး၏ အဘိဓမ္မာတွေ နားထဲမှ မထွက်သဖြင့် စိတ်ညစ်ကာ အိပ်၍ မပျော်ဘဲ နေလေ၏ ။
ထိုအခိုက်တွင် အနီးအပါး အခန်းတစ်ခုမှ ပြင်းထန်စွာဟောက်သောအသံကို ကြားရသဖြင့် ၎င်းအသံကို ကြောက်ရွံ့သလိုလို ဖြစ်ပြီး အိပ်ရာမှ ငေါက်ကနဲထလေ၏ ။ မကြာမီ မိမိအခန်းပြင်ဘက်သို့ ရောက်သွားလေ သတည်း ။ ဟောက်သံသည် ခင်လှ၏ အခန်းမှ ထွက်ပေါ် သဖြင့် ၎င်း ခင်လှ ဟာ မိန်းမချော မိန်းမလှကလေး ဖြစ်ပါလျက် ဤမျှလောက် အအိပ်ဆိုးရသလားဟု အောက်မေ့ကာ နဂိုက ဟောက်သံကို မုန်းထားကြောက်ရွံ့သူ ဖြစ်လေရကား မိမိ၏ စိတ်၌ နတ်သမီးကလေးပမာ မှတ်ထင်၍ နေသော ခင်လှ အပေါ်၌ များစွာ စိတ်ပျက်ခြင်းဖြစ်လေ၏ ။ ထရံအနီးသို့ ကပ်ကာ နားထောင်၍ နေလေရာ “ ဘယ်လူလဲ ” ဟု မေးလိုက်သော အသံတစ်ခုကို ကြားရသဖြင့် လန့်၍သွား၏ ။ ထိုအသံမှာ ခင်လှ၏ အသံ မဟုတ် ၊ ခင်လှ၏ အဖော် မိန်းမပျိုတစ်ယောက် မစော ၏ အသံ ဖြစ်လေ၏ ။
ထိုအခိုက်တွင် ဟောက်သံကို ဆက်၍ ကြားရပြန်လေရာ ခင်လှ၏ ဟောက်သံပဲ ဟု သာ၍ သိသာရသဖြင့် သာ၍ စိတ်ပျက်လေ၏ ။
“ မခင်လှ ဘယ်လူလဲတော့ ဟောက်နေတာ တကတည်း ကြောက်စရာကြီး ” ဟု အတူ အိပ်နေသော သူငယ်ချင်းမ မစော က ပြောလေ၏ ။
“ မသိဘူး ဘယ်က ဟောက်တဲ့ အသံပါလိမ့်မလဲ ” ဟု ခင်လှ က ပြန်ပြောလေ၏ ။
ဟောက်သူသည်ကား ဆက်လက်ကာ ဟောက်၍ နေလေ၏ ။ ထိုအခါကျမှ ကျော်ဖြိုး၏ စိတ်၌ ဟောက်တာ ခင်လှ မဟုတ်ပါကလားဟု အားတက်သွားလေ၏ ။
“ သည်လိုဖြင့် ကိုကျော်ဖြိုး ထင်ပါရဲ့ ၊ အဟောက် သန်တဲ့ လူများ ငါတယ်မုန်းတယ် ” ဟု ခင်လှ က ဆက်၍ ပြောလေ၏ ။
“ နို့ မခင်လှ သူ့ကို ယူမလို့ဆို ”
“ ဘယ်သူပြောသလဲအေ့ ဒီလို တုန်ကင်းကြီးမျိုးကိုလားအေ့ ငါယူမှာ ”
“ ဘာပြုလို့လဲ ၊ အရင်တုန်းကတော့ မခင်လှ က သဘောကျ သလိုလိုနဲ့ ”
“ တွေ့စကတုန်းကတော့ တော်လိမ့်မယ်လို့ အထင်သားပါပဲ ၊ တဖြည်းဖြည်း အသုံးမကျမှန်း သိလာတယ် ”
ကျော်ဖြိုးသည် ထိုစကားကို ကြားရသောအခါ မျှော်လင့်ခြင်း၏ လင့်စင်ကြီးပေါ်မှ ကျ၍လာသလို ဖြစ်လေ၏ ။
“ ဘာပြုလို့လဲ ”
“ အလကားပါအေ ။ ငါက ဘုရားယောင်ယောင် ပုတီးနဲ့ လူများ တယ်မုန်းတယ် ၊ ပြီးတော့လည်း ရယ်စရာ မောစရာကလေးမှ မလုပ်တတ်ဘူးအေ့ အဒေါ်နဲ့ ထိုင်ထိုင်ပြီး အဘိဓမ္မာတွေကိုချည်း ပြောနေတာပဲ ။ အဘိဓမ္မာ တတ်လို့ ဘာလုပ်ရဦးမှာလဲ ပြီးတော့ စီးကရက်ဆေးလိပ်လည်း မသောက်ဘူးအေ့ ။ ဆေးလိပ် မသောက်တဲ့ ပါးစပ်ကို အင်မတန်မုန်းတယ် ။ အရင်တုန်းကတော့ ကြက်မလို လုပ်တတ်တယ် ။ ဘုတ်ထိုးတတ်တယ် ။ အရက်သောက်တတ်တယ် ဆိုလို့ ငါက ယောက်ျားပြီတဲ့ လူပျော်လူရွှင် တစ်ယောက်ရယ်လို့ မှတ်မိတယ်အေ့ ။ သူ့ ငါမေးကြည့်တော့ ဘာမှမတတ်ဘူးတဲ့အေ့ ။ အလကား ကန်စွန်းနွယ်ကြီးပါအေ ၊ ငါက ယောက်ျားဆိုရင် ဆေးလိပ်သောက်မှအေ့ ၊ အရက်ကလေး ဘာကလေး ထည့်သောက်မှအေ့ ၊ ဝီစကီကလေး ရီတီတီကလေးနဲ့ အိမ်တက်လာတဲ့ လင်မှ ကျက်သရေ ရှိတာဟေ့ ။ ပြီးတော့လည်း ငါက စကားပြောရင် တို့လိုက် ဆိတ်လိုက် ဖက်လိုက်မှ သဘောကျတာ လက်ခြေ မပါတဲ့ ဒီစွတ်ဖားကြီး ဘာလုပ်ရဦးမှာလည်း အေ့ ။ ပြီးတော့လည်းအေ ၊ ပြောင်တတ်လှောင်တတ် တဲ့ လူမှ ငါ ကြိုက်တယ် ။ သူ ကြက်မလို လုပ်တတ်တယ် ဆိုတာ အလကား သတင်းအေ့ မမှန်ဘူး ”
ထိုအခိုက်တွင် ဆက်လက်၍ ဟောက်သံကြားရလေရာ ခင်လှ က “ အခု ဟောက်နေတာပဲ သူပဲ ထင်ပါရဲ့အေ ၊ ငါ သွားကြည့်ဦးမယ် အိပ်ပုံနေပုံများ တော်တော် ဟန်ရဲ့လား မသိဘူး ”
ကျော်ဖြိုးသည် မိမိ၏ အတတ်တွေကို လျှို့ဝှက်၍ ထားမိသည်မှာ မှားလေခြင်း ၊ ကလပ်များ၌ ငါ၏ သူငယ်ချင်းများ တအုံးအုံး ရယ်ရသော အလုပ်မျိုးကို ငါ လုပ်မှ တော်မည်ဟု အောက်မေ့ကာ ကပျာကယာ မိမိ၏ အခန်းသို့ ပြန်၍ ဝင်လေ၏ ။
ခဏအတွင်း မိမိ၏ အခန်းကန့်ကန့်ကာ အနီး၌ ခြေသံကို ကြားရလေ၏ ။ ကြားရသည်နှင့် တစ်ပြိုင်တည်း ကျော်ဖြိုးသည် အိပ်ရာ အနီး၌ မတ်တတ်ရပ်ကာ လွန်စွာ မကျယ်သော အသံနှင့် “ တို့မေလေး သူမသနားလို့ ရွှေ သားတဲ့ လွှတ်လိုက်လေ ယိုးဒယားပြေ သည်မိုး သည်လေ နှင့် သည်မိုးရယ် သည်လေနှင့် သေပေစေ မွေးမေထည့်တယ် လွမ်းပေါင်ကွဲ့လေး ” ဟု ဆွေ့ ခနဲ ခုန်ကာ ဆိုပြီး မျက်ဖြူဆိုက်ကာ ကော့လျက်နှုတ်မှ ‘ ပြီ ’ ခနဲ မြည်၍ လက်မောင်းနှစ်ဖက်ကို ဘေး၌ ရိုက်ကာ ဘုတ်ထိုးလေ၏ ။
ထို့နောက် “ ကတော် ... ကတော် ကတော် ... ကတော် ” ဟု အော်ကာ ကြက်သားအုပ်မသည် အတောင်ပံကို ကြွ၍ ကြက်ကလေးတွေကို အစာရှာ၍ ကျွေးသလို အင်္ကျီကို လက်နှစ်ဖက် မနှင့်ကာ အခန်းထဲ၌ ချာလည်လှည့်၍ သုံးပတ်တိတိ ပြေးပြီး တစ်ခုသော ခုံပေါ်ကို ခုန်တက်ကာ ဥကာနီး ကျင်းရှာသော ကြက်မလို လုပ်လေ၏ ။ ထိုနောက် တစ်ဖန် ဆွေ့ခနဲခုန်၍ ချပြီး ကြက်မကြီး ကလေးတွေ နှင့် ပြေးသလို အခန်းထဲ၌ နှစ်ပတ်ပြေး လေ၏ ။ ထို့နောက် မော်၍ ကြည့်လိုက်သောအခါ ဝင်းလျှံတောက်ပ အလွန်တရာ သဘောကျ၍ နေသော ခင်လှ၏ မျက်နှာကို မြင်ရသဖြင့် အံ့အားသင့်ဟန် ဆောင်၍ နေလေ၏ ။
“ ထပ်လုပ်ပါဦး ” ဟု ခင်လှ က ပြောလိုက်လေရာ ကျော်ဖြိုးသည် ခုန်ပေါ်သို့ ကျင်းရှာသော ကြက်မလို ဆွေ့ခနဲ တက်ကာ လက်မောင်း နှစ်ဖက်ကို အတောင်လို ကြွလျက် ခုံပေါ်တွင် ချာလပတ်လည်ပြီး “ ကတော် ကတော်ကတော် ကတော် ” ဟု မြည်လေ၏ ။ ထိုနောက် အောက်သို့ ခုန်ဆင်းပြီး သုံးပတ်လှည့်၍ ပြေးပြီး ရပ်ကာ ငွေစီးကရက်ဘူးထဲက စီးကရက်အကြီးကြီး တစ်လိပ်ကို ထုတ်၍ သောက်လေရာ ခင်လှ၏ မျက်နှာမှာ တိုး၍ သဘောကျပြန်လေ၏ ။ သဘောကျသည်ကို မြင်ရသောအခါ ကျော်ဖြိုးသည် ခင်လှ ရှိရာသို့ ပြေးပြီး အတင်းပွေ့ယူကာ ခါးကို လက်နှင့် ကလိလေ၏ ။ ခင်လှ သည် သဘောကျသဖြင့် ငြိမ်၍နေ၏ ။ ထို့နောက် လသာသော ကျောင်းဝင်းထဲသို့ နှစ်ယောက်သား တွဲယှက်ကာ ဆင်းမည်ပြုရာတွင် လှေကား အနီး၌ ပြင်းထန်စွာ ဟောက်လျက် အိပ်၍နေသော အရက်မူး ကု,လားကြီး တစ်ယောက်ကို တွေ့ကြရလေသတည်း ။
လသာသာ၌ လမ်းလျှောက်ရင်း ကျော်ဖြိုး က “ ခေါင်းကိုက်လိုက်တာ ခင်လှရယ် ” ဟု ပြောလေ၏ ။
“ ဘာဖြစ်လို့လဲ အိပ်ပျက်လို့လား ” ဟု ခင်လှက ပြန်၍ မေးလေ၏ ။
“ မဟုတ်ပါဘူး ညဦးက ဝီစကီ မသောက်ရလို့ပါ ” ဟု ပြောလေရာ ခင်လှသည် သာလွန် ချစ်မြတ်နိုးသော မျက်နှာနှင့် ကျော်ဖြိုး၏ မျက်နှာကို မွတ်သိပ်စွာ နမ်းရှုပ်ရင်း ခပ်သုတ်သုတ် လေတိုက်သလို ကျောင်းဝင်း ပြင်ဘက် သရက်တောကြီးထဲသို့ နှစ်ယောက်သား ရောက်သွားကြလေသတည်း ။
▢ ပီမိုးနင်း
📖 ဗန္ဓုလဂျာနယ်
စက်တင်ဘာ ၊ ၁၉၂၇
No comments:
Post a Comment