Thursday, January 1, 2026

မိုနာလီဇာအလွမ်း


 

❝ မိုနာလီဇာအလွမ်း ❞
     ( လူရှိန်အောင် )

တတိယမြောက် လင် ဖြစ်တဲ့ ချက်ဖောင်း ပလက်ဖောင်းပေါ်မှာ ကြုံသလို ရှောသွားတာ ရက်လည်ပြီးစပဲ ရှိပါသေးတယ် ၊ မုန့်ဟင်းခါးအနံ့တောင် မပျောက်သေးဘူး ၊ မိုနာလီဇာ လို့ ခေါ်တဲ့ မုဆိုးမဟက်ထရစ် ( သုံးထပ်ကွမ်း ) ကြီး ဘာလုပ်တယ် မှတ်လဲ ။ နောက် လင်တစ်ယောက်ကို အချဉ်ဖောက်ပြီး ကောက်မချလာတာ ။ မခန့်တဲ့ ရုပ်တည်ကြီးနဲ့ ။

“ မိုနာလီဇာ ” ဆိုတာ အရပ်ထဲက ပေးထားကြတဲ့ နာမည်ပါ ။ အဲဒီနာမည်နဲ့ အဲဒီမိန်းမ ကွက်တိကို လိုက်တာ ။ အဲဒီမိန်းမက မပြုံးမရယ်မျက်နှာကြီးနဲ့ အဲဗား ရှိနေခဲ့တာကိုး ။ တာဝန်ကျေ လူဖြစ်နေရတဲ့ ဟန် ။ လူဖြစ်နေရတာ စိတ်မလာတဲ့ ရုပ်ခံကြီးနဲ့ပေါ့ ။ ရူပါက ချူချာတယ်လို့ အဆို တင်သွင်းရင် ဘယ်သူမှ အမုန်းခံပြီး ကန့်ကွက်မှာ မဟုတ်ပါဘူး ။ ငါးကျည်းခြောက် ကြပ်တိုက်ထားသလို ပိန်ပိန်ပါးပါး ဆိုပါတော့ ။ အသက်ကတော့ RED RUBY နှစ်ဗူး ကျော်ပါပြီ ။ ၄ဝ ကျော်ပေါ့ ။

ဘယ်က လာတာလဲလို့ ဘယ်သူမှ မသိပါဘူး ။ ဒီရပ်ကွက်ထဲ ရောက်လာတာတော့ နှစ်ပေါင်း ၂ဝ ကျော်ပါပြီ ။ အိမ်နောက်ဖေးလမ်းကြားတွေ မှာ ကြုံသလို တဲထိုး နေကြတာပါ ။ ဒီနေရာက နှင်ထုတ်ရင် အခြားနေရာကို ဖုတ်ဖက်ခါ ထသွားပြန်ရော ။

မုဆိုးမဟက်ထရစ် ရပြီးချိန်မှာ မိုနာလီဇာ မှာ ကလေး ၆ ယောက် အဖတ်တင် ပြီးပါပြီ ။ အကြီးဆုံးသမီးက အပျိုမဒန်းလေး ။ ၁၈နှစ်တောင် မပြည့်သေးဘူး ။ ကျန်တာက ဘုစုခရု ၊ ချွတ်တားလေးတွေ ။

မိုနာလီဇာဟာ ယောက်ျား မရှိရင် မနေတတ်ဘူး ထင်ပ ။ ကြောက်တတ်တယ် ထင်ပ ။ ယောက်ျားကို အပြတ် မခံတာ ။

ဟောကြည့် ....

နောက်တစ်ယောက် ကောက်မလာပြန်ပြီ ။

••••• ••••• •••••

ဒက်ဒီပထွေး လက်သစ်ကလေးကို ကြည့်ရင်း ကလေးတွေ အူမြူးနေကြတယ် ။ အသစ်ကျပ်ချွတ် ဒက်ဒီ ဂိကလေး ကို ကြည့်ကာ လျှာတပြင်ပြင် ဖြစ်နေကြရဲ့ ။ မိခင်ဝံပုလွေမကြီး ကတော့ သားကောင်ကို ကိုက်ချီလာတဲ့ အလား ။ ကလေးတွေရဲ့ နှာခေါင်းထဲမှာ မုန့်ဟင်းခါးအနံ့ ရနေပုံ ။ ဖဲချပ်တွေ ၊ ပိုက်ဆံတွေ ၊ နာရေးယပ်တောင်တွေ ... စတာတွေကို မြင်ယောင်မိသလို တခစ်ခစ်ရယ်နေကြလို့ ။

ချွတ်တားလေးတွေ အူရွှင်နေတာ မလွန်ဘူးလေ ။ မိုနာလီဇာ နဲ့ တူတူရေဝါး မိတဲ့ ယောက်ျား မှန်သမျှဟာ သက်ဆိုးမှ မရှည်တာ ။

ရောဂါတစ်ခုခုကို ခေါင်းစဉ်တပ်ပြီး ခေါက်ခက်ရှောသွားကြတာလေ ။ မိုနာလီဇာဟာ သန်းတို့ အတိပြီးတဲ့ သူ့ရဲ့ နီကြောင်ကြောင်ဆံပင်ကို တဗျင်းဗျင်းမြည်အောင် ကုတ်တယ် ။ ကွမ်းတံတွေးကို ထွီခနဲ ထွေးတယ် ။ ဘုစုခရု ချွတ်တားတစ်သိုက်ကို မျက်နှာသေကြီးနဲ့ ဝေ့ဝိုက်ကြည့်ပြီး ...

“ အဟမ်း ”

ချောင်းဟန့်လိုက်တယ် ။ ပင်လယ်ထဲ ဆေးလိပ်တိုကျတဲ့ အလား ။ ချွတ်တားတစ်သိုက်ရဲ့ ပွက်လောရိုက်သံတွေဟာ ငြိမ်ကုပ်သွားတော့တယ် ။ မိုနာလီဇာဟာ မကြာခင် ပေါ်တင် တူတူပုန်းတမ်း ကစားရတော့မယ့် စတုတ္ထမြောက်လင် ၊ အရက်သမား လူဖလံဂိကလေးကို မက်မပြေ ကြည့်ကာ ...

“ ဟဲ့ ”

“ ခညာ ... မမ ... ”

ဂိကလေးက စကားမပီဘူးဗျ ။ အကျင့်ပါနေလို့ ထင်ပါ့ ။ မိုနာလီဇာ ဟာ ထဘီကို တင်းသထက် တင်းအောင် ပြင်ဝတ်တယ် ။ ပြားကပ်နေတဲ့ တင်ပါးကို ယင်နားစဖွယ်ဖြစ်အောင် ပြင်ဆင်တယ် ထင်ပါ့ ။

“ နင့်နာမည် ”

ကြုံသလို မှတ်ထားလိုက်ကြဗျာ ။ မကြာခင် ခြင်ထောင်ထဲမှာ ခြင်အတူတူ ရိုက်ရတော့မယ့် လင်တော်မောင်ကို နာမည် မေးနေတာလေ ။ နားလည်ပေးလိုက်ကြပါ ။ မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုတဲ့ စကားပုံကို အားနာစရာကြီး ။ ဂိကလေးက ရှက်တက်တက် အခွက်ကြီးနဲ့  ၊

“ ပေါက်ချီ ”

“ ဘာရယ် ”

“ ပေါက်ချီပါဆို မမကလဲ ”

ဂိကလေးရဲ့ နာမည်က ‘ ပေါက်စီ ’ တဲ့ ။ မိုနာလီဇာ ဟာ ချွတ်တားတစ်သိုက်ကို ဝေ့ဝိုက် ကြည့်ပြန်တယ် ။

“ မှတ်ထားကြ ... သူ့နာမည် .. ပေါက်စီတဲ့ ... ဒီမှာ နေမယ် ”

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း တီဗွီမှ ကြေငြာစဉ် ကြားရသူအပေါင်း ဝမ်းသာအားရ ထအော်သလိုမျိုးပေါ့ ။ ချွတ်တားတစ်သိုက်ဟာ ...

“ ဟေး ”

အော်ဟစ်ကြတယ် ။

“ ရွှီး ”

လက်ခေါက်မှုတ်သူ မှုတ်တယ် ။

“ ယိ ... ယား ”

ကျွမ်းထိုးသူ ထိုးကြတယ် ။ ပွက်ပွက်ကယ် ညံလို့ ။

မိုနာလီဇာဟာ လင်တော်မောင် ဂိကလေးကို နဖူးကနေ ခြေဖျားတိုင် ဖမ်းရှိုးပြန်တယ် ။ ဂိကလေးရဲ့ အဝတ်အစားတွေက အလန်းတွေ ။ လည်ကတုံးဖြူ ၊ ပလေကပ်ကွက်စိမ်းအပြာ ၊ အောကတ္တီပါဖိနပ်နဲ့ အရောင်လက်နေတာ ။

“ ဆာပြီလား ”

“ ဂျာ ”

ဘာကို မေးမှန်း မသိ ။ ဂိကလေး ဂရောင်ဖတ်သွားတယ် ။ 

“ ဗိုက်ဆာလားလို့ ... အဲဒါကို မေးတာ ”

ဂိကလေးဟာ ဘယ်ဘက်လက်ကို မြှောက်ပြီး သူ့ပွေးကွက်ကို ကြည့်တယ် ။ နေရောင်ဟာ ဓါတ်တိုင်ထိပ်ဖျားမှာ ပေကြောင်ပေကြောင်လုပ်နေတယ် ။ ဂိကလေးက သူ့ရဲ့ ဗိုက်ပြားပြားလေးကို ပွတ်ပြီး ...

“ ချာတာပေါ့မမရဲ့ ” တဲ့ ။

မိုနာလီဇာက

“ လော်သံ ကြားမိလား ... ဟဲ့ ”

လော်စပီကာသံကို မေးတာ ။ သူ့ရဲ့ ချွတ်တားတွေဆီကို လှမ်းမေးတာ ။ အကောင်းမေးတာ မဟုတ် ။ လော်သံကြားရင် မသာရက်လည်လေ ။ မုန့်ဟင်းခါး အမုန်းဆွဲလို့ ရတယ် ။ ထမင်းအလွတ်ကို ဆွဲမှာ ။ ကြာလို့ ။

နှပ်ချီးဖတ်ကို မရမက ခွာထုတ်နေတဲ့ အလတ်ကောင်က ။

“ ကြားဘူး ”

မိုနာလီဇာရဲ့ စိတ်ကူးတွေ ရေတိမ်နစ်ရလေတယ် ။ ဒါပေမယ့် မိုနာလီဇာ အားမလျှော့ ။ အရယ်အပြုံးမဲ့တဲ့ လူသေမျက်နှာကြီးနဲ့ လူဖလံဂိကလေးကို ကြည့်ကာ ...

“ အင်္ကျီချွတ် ”

“ ဂျာ ”

ဂိကလေးရဲ့ ‘ ဗျာ ’ သံက ခါကို ထွက်နေတာ ။

“ ဘာလဲ .. နင့်ဟာကျတော့ တွန့်တိုတာလား ”

ဂိကလေးခမျာ ဖင်ကုတ်ခေါင်းကုတ်နဲ့ ။ မိုနာလီဇာက မလှတဲ့ မျက်ခွက်ကြီးကို မဲ့သထက် ထပ်မဲ့ကာ -

“ ငါဟာကျတော့ ကုတ်ကပ် မထားဘူးနော် .. ဖရီးပဲ ... အိုးပင်းပဲ ... ပေးကျွေးခဲ့တာနော် ... ဟွင့် ”

အထင်မလွဲကြေးဗျာ ။ သန်ရာသန်ရာ Sexy တွေ စွတ်စွက် မတွေးနဲ့ ။ နားကြီးနဲ့ ဆက်ဆက် နားထောင်ကြည့် ...

“ ရှပ်ကီဆို ... ရော့သောက် ... ဆေးလိပ်ဆို ဖွာစမ်း ... ကွမ်းဆို အင့် ဝါးပဲ ... အမုန်းပေးကျွေးခဲ့တာလေ ”

ကဲ ... ပေါက်ပြီလား ။ အဲ့လိုကြီးပါ ဆိုနေ ။ မိန်းမ လိုချင်တဲ့ စိတ် နန့်စ လူးခါနေတဲ့ ဂိကလေး စိတ်မခိုင်တော့ပါဘူး ။ လည်ကတုံးကို အပြုံးနဲ့ ချွ တ်ပေးလိုက်တယ် ။ အရေပြားကနေ ခွဲထွက်ခွင့် တောင်းနေရှာတဲ့ ဂိကလေးနံရိုးတွေဟာ ဝါသနာပါရင် ပတ္တလားခေါက်လို့ ရလောက်တယ် ။

အပျိုမဒန်းမလေး က ...

“ ဒါက ပေါင်လို့ ဘာရမှာ လဲလို့ ”

စောဒကတက်တယ် ။ မိုနာလီဇာ က ...

“ ဒါဆို ... ပုဆိုးချွတ် ”

“ ဂျာ ”

ဂိကလေးဟာ ဖိုသီဖတ်သီ ဖြစ်သွားတဲ့ ဖောရှောမျက်လုံးတွေကို ကပျာကသီ ဖာထေးရင်း ...

“ မကို ခင်မိမှ တော့ ဥတွေကို ငြိုငြင်လို့ ဘယ်ဖြစ်မလဲနော့ ”

ပလေကပ်ပုဆိုးကို ချွတ်ပေးပြန်တယ် ။ ( အတွင်းခံဘောင်းဘီ ပါတယ်ဗျ ) ။

“ မထူးပါဘူးဟယ် ... ဖိနပ်ပါချွတ် ... ဖိနပ်က နင့်ထက် သားနားနေတယ်ဟဲ့ ”

“ ဟင် ”

ဂိကလေး မျက်ရည်စို့လာတယ် ။ မိုနာလီဇာ က ...

“ အကုန်ရောင်းခဲ့ ... ပေါင်မနေနဲ့ ... မြန်မြန်ပြန်လာနော် ... နင် ပြန်လာမှ အစာကောက်ရမှာ ”

“ ဟုတ် ”

အပျိုမဒန်းမလေးဟာ ဖွံ့အယ်ရန် အရှိန်ယူနေတဲ့ သူ့ တင်ကလေးကို ပကျစ်ပကျစ် လှုပ်ကာ အပေါင်ဆိုင်ဆီ ထွက်သွားလေတော့တယ် ။

ဂိကလေးမှာ ငိုမဲ့ ငိုမဲ့နဲ့  ။

••••• ••••• •••••

မိုနာလီဇာ ဦးဆောင်တဲ့ တပ်ဖွဲ့ဟာ ဆင်းရဲတယ် ဆိုသလောက် တစ်ယောက်မှ လည်း လက်ကြော မတင်းကြပါဘူး ။ လူဆိုတာ အလုပ်လုပ်ရတယ် ဆိုပေမယ့် သူတို့ အတွက်တော့ အလုပ်ဟာ ဘာမှန်း မသိ ။ သူစိမ်းပြင်ပြင် ဖြစ်နေတာ ကြာပါပြီ ။

မနက်တစ်နပ် ၊ ညတစ်နပ် ထမင်းစားခြင်းဟာ သူတို့နဲ့ လုံးဝမပတ်သက်ပါဘူး ။ ကျွေးတဲ့လူ ရှိလို့  ။ စားစရာ ရှိလို့ စားတဲ့ အချိန်ဟာ သူတို့ အတွက် အစာစားချိန်ပါပဲ ။ အိမ်လခ ၊ မီတာခ ၊ ဘာညာသာရကာ ပေးစရာ မလိုဘူး ။ ရေဖိုးလည်း ကုန်စရာ မလိုဘူး ။ ကြုံတဲ့ နေရာမှာ ဝင်ချိုး ၊ ဝင်သောက်လိုက်တာပါပဲ ။ ပြတ်ကရော ။

မိုးလင်းတာနဲ့ လမ်းပေါ် ရောက်ကုန်ပါပြီ ။ လက်ဖက်ရည်ဆိုင် ၊ ဘိလိယက်ခုံ ၊ ဆံသဆိုင် ၊ ဓမ္မာရုံ ၊ အရက်ဆိုင် ၊ ဆိုက်ကားဂိတ် ... အဲဒီနေရာတွေမှာ ကြုံသလို ပတ်ခွေနေကြတာ ။

ဓမ္မာရုံတွေက ပေါဌေးလေ ။ အလှူအတန်းတွေက အဲဗား ရှိနေတော့ ပန်းကန်ဆေး ၊ ခွေးမောင်း ၊ ဖောရှောဝင်ရိုက်လိုက်ရင်း ဗိုက်ခွေးနမ်းအောင် ဆွဲပေရော့ ။ ကြိုက်သလောက် စားစမ်း ။

နောက်ပြီး အရက်ဆိုင် ၊ ဘီယာဆိုင်တွေက မှိုလိုပေါက် နေတာဆိုတော့ တစ်ပတ်ကို တစ်ယောက်လောက်တော့ ရှောတယ် ။ ရက်လည်တဲ့ အထိ မျက်နှာမငယ်အောင် စားလို့ရတယ် ။

ဘောစိအထာ ဖမ်းထားတတ်တဲ့ လူတွေကလည်း ကြုံသလို ခိုင်းတတ်ကြပါတယ် ။ အရက် ဝယ်ခိုင်းတာ ၊ ဆေးလိပ်ဝယ်ခိုင်းတာ ၊ မီတာခ ဆောင်ခိုင်းတာ ၊ နှစ်လုံးထိုးခိုင်းတာ စသည် စသည် ပေါ့ ။ မုန့်ဖိုးပေးကြတယ် ။ ဘယ်လိုပြောရမလဲ ။ ဘဲဒီးဂွတ်ပေါ့ ။

••••• ••••• •••••

ဆံပင်ဖရိုဖရဲ ၊ ဆေးလိပ်တို ခဲထားတဲ့ မိုနာလီဇာ ဟာ လမ်းဘေးအုတ်ခုံပေါ်မှာ ငုတ်တုတ်ကြီး ထိုင်နေပါတယ် ။ မှိင်လို့  ။ မှိုင်မှာပေါ့ ။ အစာမှ မကောက်ရသေးတာ ။ ဗိုက်ထဲမှာ စစ်ဖြစ်နေပြီ ။ ခေါင်းတွ မူးနောက်လို့ ။

ပြဿဒါးနေ့ ထင်ပါရဲ့ ။ လော်သံ လုံးဝ မကြားရ ။ တစ်ရပ်ကွက်လုံး ကျန်းမာရေး ဒေါင်ဒေါင်မြည်နေတယ် ထင်ပ ။ အဲ့မှာပဲ ...

“ ဟဲ့ ”

အပျိုကြီးမော်စီ ဆိုက်ကားပေါ်က ဆင်းလာတယ် ။ မိုနာလီဇာ ဟာ ဈေးခြင်းတောင်းကို ပြေးဆွဲတယ် ။

“ နက်ဖြန် ... ဘုန်းကြီးဆွမ်းကျွေးမလို့ ဟဲ့ ”

ပွဲက လှသွားပြီ ။ ဝါးတီးအတွက် မပူရတော့ဘူးလေ ။ ရပ်ကွက်ထဲက လူတွေက မိုနာလီဇာ ကို လက်တိုလက်တောင်း ခိုင်းတတ်ကြပါတယ် ။ အပျိုကြီးမော်စီ က ထမင်းကျွေးတယ် ။ ကော်ဖီမစ် တိုက်တယ် ။ မိုနာလီဇာ အစာဝသွားလေပြီပေါ့ ။ ဆေးလိပ်တိုကို ခဲထားရင်း ငရုပ်သီးထောင်းတယ် ။

“ နင့်ယောက်ျားရောဟဲ့ ”

အပျိုကြီးမော်စီက မေးတယ် ။

“ အလုပ်ဆိုလားပဲ ”

မိုနာလီဇာ က သိပ်ပလီတာ ။ သူ့လင် ဂိကလေး လက်ကြောမတင်းတာ သူ အသိဆုံး ။ ရှက်ကြောပဲ တင်းတာ ။ အခုလောက်ဆိုရင် အရက်ဆိုင်ထဲမှာ ခွေခေါက် နေလောက်ပြီ ။

“ နင့်ယောက်ျားတွေက တစ်ယောက်မှ အားမကိုးရပါဘူးဟယ် ” 

“ ညဘက်ဆို အားကိုးရပါတယ် .... မမစီရဲ့”

“ အွန် ”

အပျိုကြီးမော်စီ မျက်လုံးဝိုင်းသွားတယ် ။ နားရှက်စရာကိုး ။

“ ကျွန်မက ... သရဲကြောက်တတ်တယ်လေ ”

သူ့ဆင်ခြေနဲ့ သူတော့ အဆင်ကို ပြေလို့ ။ မိုနာလီဇာ က ကြက်သွန်နွှာရင်း ...

“ မနေနိုင် မထိုင်နိုင်လို့ ယောက်ျားယူတာ မဟုတ်ဘူး ။ ကျွန်မမှာ အစီအစဉ်တွေ ရှိလို့ ”

မိုနာလီဇာက လေသံအေးအေးကြီးနဲ့ ရှင်းပြနေတာ ။

“ ပြောကြည့်ပါဦး”

မော်စီက စိတ်ပါလက်ပါ စပ်စုပြန်တယ် ။

“ ကျွန်မနဲ့ ညားတဲ့ ယောက်ျားတွေ မှန်သမျှဟာ ရောဂါပေါင်းစုံနေတဲ့ အရက်သမားတွေလေ ”

“ အဲဒီတော့ ”

“ ကျွန်မလက်ထဲ ခံလှ ခဏပေါ့ ”

“ ဟယ် ”

မော်စီ ပိုပြီးစိတ်ဝင်စားသွားတယ် ။ ထမင်းအိုး ပွက်နေတာတောင် ထ မမွှေ ။

“ အဲဒီတော့ ဘာဖြစ် ”

“ ဒင်းတို့ ရှောရင် ဖဲဝိုင်းထောင်လို့ ရပြီလေ ... ပိုက်ဆံတွေ မြင်ရမယ် ... ခဏ ကိုင်ရမယ် ... စည်စည်ကားကားနဲ့ ခဏကြုံမယ် နောက်ဆုံးပိတ် ကလေးတွေ မုန့်ဟင်းခါး အဝတီးရတာပေါ့ ”

မိုနာလီဇာ လင်ဆက်များတာ မကဲ့ရဲ့ကြပါနဲ့ ။ သူ့အထာနဲ့ သူပါ ။ ငတ်ပြတ်နေတဲ့ လူသားတွေရဲ့ ဘဝကို နားလည်ပေးနိုင်ကြပါရဲ့လား ။ အကြံက အကြီးကြီးမဟုတ် ။ ပိုက်ဆံများများ မြင်ချင်လို့  ။ ကိုင်ချင်လို့ ။ စည်စည်ကားကား ခဏကြုံချင်လို့တဲ့ ။ ကလေးတွေကို မုန့်ဟင်းခါး အဝကျွေးချင်လို့ တဲ့ ။ မိုနာလီဇာ ရဲ့ ဆန္ဒတွေဟာ မိဘမေတ္တာလို့ ဂရန်ပေါက်ပါ့မလား ။

••••• ••••• •••••

လေပြေနော့နေတာကြောင့် ရော်ရွက်တို့ မျော့မျော့လေး ကြွေနေပါတယ် ။ လက်ဖက်ရည် ဆိုင်ရှေ့ ဗာဒံပင်အောက်မှာ ရှိတဲ့ ခုံမှာ မိုနာလီဇာ ထိုင်နေပါတယ် ။ ငူငူငိုင်ငိုင်နဲ့ ။ သနားတတ်တယ် ထင်ပ ။ ဆိုင်ရှင် ကိုပေါ ဟာ လက်ဖက်ရည်ကို ကိုယ်တိုင်ဖျော်လာပြီး မိုနာလီဇာ ရှေ့ လာချပေးတယ် ။ နောက်ပြီး ကိုတတ်ပကြီး အထာနဲ့ ...

“ မိဘမျက်နှာ အိုးမည်းသုတ် ၊ သားသမီးယုံ စုံလုံးကန်း ၊ သားရေပေါ်အိပ် သားရေနားစား ဆိုတာ ... ဒါမျိုးကို ခေါ်တာဟ”

မိုနာလီဇာ ကို ဆရာကြီး အထာနဲ့ သနားနေတာပါ ။ နှစ်သိမ့်နေတာပါ ....... ။

စတုတ္ထမြောက်လင် ပေါက်စီ က သူ့သမီး အပျိုမဒန်းမလေးကို ခိုးပြေးသွားတာကိုး ။ လင်လည်း ဆုံး ။ သမီးလည်း ဆုံး ။ ခုတော့ မိုနာလီဇာရဲ့ ဘဝက ရင်နင့်စရာ ။

“ ဟင့် ”

မိုနာလီဇာရဲ့ မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ ။ ကိုပေါ က မေးလိုက်တယ် ။

“ နင့်သမီးကို လွမ်းလို့လား ”

မိုနာလီဇာက ဘာပြန်ပြောတယ် မှတ်လဲ ... ။

“ ကောင်မဝတ်သွားတာက အပေါင်ဆိုင်က ဈေးကောင်းပေးတဲ့ ကျုပ်ထဘီအသစ်ကြီး ... အီး ... ဟီး ”

▢  လူရှိန်အောင်
📖 သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း
      အမှတ် - ၄ဝ
     စက်တင်ဘာလ ၊ ၂ဝ၁၅

No comments:

Post a Comment