Monday, January 19, 2026

မိန်းမဆန်လွန်းသော မိန်းမ


 

❝ မိန်းမဆန်လွန်းသော မိန်းမ ❞
         ( အောင်လင်း )

“ ခင်ဗျား ရေးတဲ့ ဝတ္ထုနဲ့ ပြောင်းပြန်ဇာတ်လမ်းလေးတစ်ပုဒ်တော့ ပြောချင်တယ်ဗျာ ”

လူအေးကြီး ကိုမင်းဒင်သည် ယခုတစ်ကြိမ် သူက စ၍ စကားပြောလေသည် ။ သူများ မေးသည်ကို အင်းမလှုပ် အဲမလှုပ် နေတတ်သော ကိုမင်းဒင်သည် ယခုတစ်ကြိမ် သူက ဇာတ်လမ်းတစ်ပုဒ် ပြောချင်သည် ဆို၍ ကျွန်တော့်မှာ အံ့သြရပြန်သည် ။

“ ဘယ်လိုလဲဗျ ၊ လုပ်စမ်းပါဦး ”

ကျွန်တော်က သူ့အကြိုက် လိုက်ပြောလိုက်ရသည် ။

“ ခင်ဗျားက ရည်းစားများတဲ့ မိန်းမတွေဟာ ခွင့်လွှတ်စရာ ကောင်းတယ်လို့ ခင်ဗျားရဲ့ ဝတ္ထုထဲမှာ မိန်းမတွေဘက်က ရှေ့နေလိုက်ထားတယ် ။ ဒီတော့ ကျွန်တော်တို့ ယောက်ျားတွေဘက်ကလည်း ရှေ့နေလိုက်သင့်တဲ့ ဇာတ်လမ်း တစ်ခု ကျွန်တော် ပြောမယ် ၊ ခင်ဗျား ရေးမလား ”

“ ဟာ ဇာတ်လမ်းရှိရင် ရေးမှာပေါ့ဗျာ ၊ ဘာပြောကောင်းမလဲ ”

“ ဒီလိုဗျ ၊ ခင်ဗျားက ရည်းစားများတဲ့ မိန်းမတွေဟာ သိပ်ရိုးတယ် ၊ သဘောကောင်းတယ် ၊ ဒါကြောင့် အညာခံခဲ့ရတယ် ၊ ဒါကြောင့်လည်း ခွင့်လွှတ်သင့်တယ် ၊ အပြစ် မဆိုသင့်ဘူးလို့ ခင်ဗျား ပြောတယ် မဟုတ်လား ။ ခု ကျွန်တော် ပြောချင်တာက ရည်းစားလည်း မများဘူး ၊ ရိုးလည်း ရိုးတယ် ၊ သဘောလည်းကောင်းတယ် ၊ ယောက်ျားအပေါ် မှာလည်း သစ္စာရှိတယ် ဆိုရမယ်ပေါ့ဗျာ ၊ အဲဒီလို မိန်းမမျိုးမှာ ခွင့်မလွှတ်နိုင်တဲ့ အပြစ် တစ်ခု ရှိနေတယ် ။ ကဲ ဒါကို ခင်ဗျား ဘယ်လို သဘောရလဲ ”

ကျွန်တော်က ကိုမင်းဒင် စကားကို နားထောင်ရင်း ဘာမှ ပြန်မဖြေနိုင်အောင် ရှိနေသည် ။

“ အပြစ်က ဘယ်လို အပြစ်လဲဗျ ”

“ အိုဗျာ အပြစ်ရှိတယ် ဆိုတာတောင် လွန်သွားပါတယ် ၊ အပြစ်တစ်ခုရှိရင် ခွင့်ရင် လွှတ်ရမယ် ၊ ဒါမှမဟုတ် အပြစ်ရင်လည်း ယူရမယ် မဟုတ်လား ၊ ခု မိန်းကလေးမှာ ရှိတဲ့ အပြစ်က ခွင့်လည်း မလွှတ်နိုင်ဘူး ၊ စိတ်လည်း မဆိုးနိုင်ဘူး ဆိုတဲ့ အပြစ်မျိုးဗျ ”

ကိုမင်းဒင် စကားများကို နားထောင်ရင်း ကျွန်တော်သည် ခေါင်းရှုပ်လာသည် ။ ဘာကို နားလည်ရမှန်းလည်း မသိတော့ပေ ။

“ ခင်ဗျား နားရှုပ်သွားပြီ ထင်တယ် ၊ ကျွန်တော် ကိုယ်တိုင်လည်း အမည် မပေးတတ်ဘူး ၊ အင်္ဂလိပ်လိုတော့ ( Womanly ) ဖြစ်တယ်လို့ ခေါ်မှာပဲဗျ ၊ ဗမာလိုတော့ မိန်းမ သိပ်ဆန်တယ်ပေါ့ဗျာ ၊ မိန်းမတစ်ယောက်ဟာ မိန်းမသိပ်ဆန်လာရင် ယောက်ျားတွေ အတွက် ဒုက္ခပဲဗျ ။ မိန်းမဆန်တဲ့ မိန်းမတွေကို ရတဲ့ ယောက်ျားတွေဟာ စိတ်ညစ်ရတာ ချည်းပဲ ။ အဲဒီလို မိန်းမတွေ သိပ်ချစ်လာရင် ပိုကြောက်စရာ ကောင်းလာတယ် ၊ ပို စိတ်ညစ်ရတယ် ၊ သူတို့ ချစ်လွန်းတော့ ယောက်ျားတွေကို သူတို့ရဲ့ လှောင်အိမ်ထဲမှာ ထည့်ထားချင်တယ် ၊ ကဗျာဆန်ဆန် ပြောရရင် သူတို့ရဲ့ အချစ် ဆိုတဲ့ မမြင်ရတဲ့ ကြိုးကလေးတွေနဲ့ ယောက်ျားတွေကို တုပ်နှောင်ချင်တယ် ၊ မခံရင်လည်း သူတို့ မျက်ရည်ပူထဲမှာ နစ်ပြန်ရော ၊ ကဲ ဘယ်လောက် စိတ်ညစ်စရာ ကောင်းသလဲ ။ ဒီအပြစ်မျိုးကို စိတ်ဆိုးရမလား ၊ ခွင့်လွှတ်ရမလား ၊ စိတ်ဆိုးရင်လည်း မျက်ရည်စမ်းစမ်းနဲ့ မောင့်ကို ချစ်လို့ပါကွယ် ဆိုရင် ဒီက အကောင်တွေမှာ ခြေမကိုင်မိ လက်မကိုင်မိ ပြန်ချော့ရပြန်ရော ။ ချစ်ရင် မောင့်လွတ်လပ်မှုလေးတော့ ပေးပါဦး ဆိုတော့လည်း တကယ်တမ်းကျတော့ သူတို့ရဲ့ သဝန်တိုမှု ၊ အမြင်ကျဉ်းမှုတွေဟာ စိတ်ညစ်လောက်အောင် တွေ့လာပြန်ရော ”

ကျွန်တော်ကမူ ကိုမင်းဒင်၏ စကားကို လိပ်ပတ်မလည်သေးသော်လည်း အစကလောက် နားမရှုပ်တော့ပေ ။ သူ့ ဆိုလိုရင်းကိုတော့ သဘောပေါက်လို့ ရပေပြီ ။

“ အင်း ခင်ဗျား အဖြစ်ကလည်း ခပ်ဆန်းဆန်းပဲ ၊ ဒါပေမဲ့ ဖြေရှင်းဖို့တော့ မလွယ်ဘူး ”

“ ဖြေရှင်းဖို့ ဘယ်လွယ်မလဲဗျ ၊ မလွယ်လို့ ကျွန်တော် ငါးနှစ်ကျော်လာပြီ ခံခဲ့ရတာ ၊ မိန်းမတွေက ခေတ်ဆန်တယ် ခေတ်ဆန်တယ် ပြောတာ ကျွန်တော် အစက အထင်ကြီးမိတယ် ၊ ခုတော့ နားလည်သွားပြီ ။ သူတို့ ခေတ်ဆန်တယ် ပြောနေတာက အဝတ်အစား ဆန်းဆန်း ဝတ်နိုင်တာ ၊ မော်တော်ကားသစ် စီးနိုင်တာ ၊ ဘိုင်စကုတ် မပြတ် ကြည့်နိုင်တာ ၊ အင်္ဂလိပ်စကား တရွှတ်ရွှတ် ပြောနိုင်တာတွေပဲ ၊ ဒါကို သူတို့ ခေတ်ဆန်တယ် ပြောနေတာ ၊ ကျွန်တော်ကတော့ ဒါတွေ အားလုံးလည်း မိန်းမဆန်တယ် ပြောချင်တယ် ၊ မိန်းမတွေမှာ မိန်းမဆန်ပုံချင်းသာ ကွဲတာပဲ ၊ အဆုံးကျတော့ အမျိုးမျိုး မိန်းမဆန်နေကြတာချည်းပဲဗျ ၊ အဲဒီ မိန်းမဆန်သမျှ ဟာလည်း ယောက်ျားတွေအတွက် ဒုက္ခ ရောက်ရတာချည်းပဲ ”

ကိုမင်းဒင်သည် သူ့ ထင်မြင်ချက်ကို တစ်ဖက်လူ လက်ခံနိုင် ၊ လက်မခံနိုင်ကိုပင် ဂရုမထားတော့ဘဲ သူပြောလိုရာကိုသာ ခပ်သန်သန် ပြောချလိုက်လေသည် ။ ပြီးတော့ လည်း မောသွားဟန်ဖြင့် ခဏနားလိုက်ရင်း ဆေးတံကို ထုတ်၍ ဆေးထည့်နေပြန်သည် ။ ကျွန်တော်လည်း ကိုမင်းဒင်၏ စကားမျိုးကို ပို၍တော့ စိတ်ဝင်စားလာသဖြင့် နောက် ဆက်မည်ကို စောင့်နေမိသည် ။

“ ကြည့်ပါလားဗျ ၊ အထက်တန်းစား မိန်းမတွေက ခေတ်ဆန်တယ် ပြောပြီး နိုင်လွန် အမျိုးမျိုး ဝတ်ပြတယ် ၊ ကားအမျိုးမျိုးကို လူအမျိုးမျိုးနဲ့ တွဲပြတယ် ၊ သူတို့ထက် ခေတ်ဆန်တဲ့ မိန်းမတွေကျတော့ လူမျိုးခြားတွေနဲ့ တွဲပြီး ရင်ချင်းတောင်အပ်ပြီး ကကြ သေးဗျာ ၊ ကဲ မိန်းမတွေ ခေတ်ဆန်ပုံကတော့ ဝက်ဝက်ကို ကွဲရော ၊ ဒါများ ခေတ်ဆန် သတဲ့ဗျာ ”

ကိုမင်းဒင်၏ စကားကြောင့် ကျွန်တော် ပြုံးလိုက်မိသည် ။ ဟုတ်လည်း ဟုတ်ပေသည် ။ ခေတ်ဆန်သည်ဟု ပြောနေသော မိန်းမများကို ယောက်ျားများ ရွံမုန်းသည်သာ များလေသည် ။ သူတို့နှင့် တွဲနေကြသော်လည်း သူတို့ထံမှ အမြတ်တစ်ခု ယူရန်ကိုသာ ဖြစ်မည်ကို သူတို့ မသိရှာပေ ။ ဒါကိုလည်း ယောက်ျား အချင်းချင်း သိကြသည် ။

“ ကျွန်တော့် အမြင်ကတော့ ဒါတွေ ခေတ်ဆန်တယ်လို့ မထင်မိပါဘူး ”

ကျွန်တော်၏ ထောက်ခံချက်ကို ကြားရ၍ ကိုမင်းဒင်က အားတက် ကျေနပ်သွားပုံ ရလေသည် ။

“ ဒါပေါ့ဗျာ ၊ ကျွန်တော်လည်း ဒါတွေကို ခေတ်ဆန်တယ်လို့ လုံးလုံး မထင်ပါဘူး ၊ ဒါကိုက ခေတ်နောက်ကျနေတာ ၊ မိန်းမဆန်နေတာ ၊ အဲ တစ်ခုတော့ရှိတယ် ၊ ကျွန်တော့် စကားကို ပြန်ဆက်ရဦးမယ် ။ အဲဒီလို မိန်းမဆန်တဲ့ နေရာမှာ ခေတ်ရှေ့ပြေးပြီး မိန်းမ ဆန်တာရယ် ၊ ခေတ်နောက်ကျပြီး မိန်းမဆန်တာရယ် နှစ်မျိုး ရှိတယ်ဗျ ”

“ ဗျာ မိန်းမဆန်တာတောင် အမျိုးကွဲသေးလား ”

“ ကွဲတာပေါ့ဗျ ၊ ခု ကျွန်တော် ပြောတဲ့ ခေတ်ဆန်တယ် ဆိုပြီး မိန်းမဆန်တဲ့ မိန်းမ မျိုးက အသုံးကြီးမယ် ၊ အဖြုန်းကြီးမယ် ၊ အဝတ်ဝတ်မယ် ၊ ကားစီးမယ် ၊ လည်တယ် ၊ စကားပေါတယ် ၊ ယောက်ျားများများ တွဲတယ် ၊ သဝန်တိုမှု မရှိဘူး ။ ကိုယ့်ယောက်ျား လည်း သူများ တွဲချင်တွဲ ၊ သူ့ယောက်ျားကို ကိုယ် တွဲချင်တွဲ ၊ ဘာမှလည်း ဂရုမစိုက်ဘူး ၊ ဘာမှလည်း အရေးမကြီးဘူး ၊ အဲဒီလို မိန်းမမျိုးကတော့ ခေတ်ရှေ့ပြေးပြီး မိန်းမဆန်တာဗျ ။ ခေတ်နောက်ကျတဲ့ မိန်းမတွေကျတော့ ကပ်စေးနှဲတယ် ၊ မဝတ်ဘူး မစားဘူး ၊ ယောက်ျားဖို့ပဲ သိတယ် ၊ ကိုယ့်လင်က လွဲရင် ဖွဲဆန်ကွဲ ထားတယ် ၊ ဒါပေမဲ့ ကိုယ့်လင်ကို တခြားမိန်းမ ကြည့်တာတောင် မခံနိုင်ဘူး ၊ သဝန်တိုတယ် ၊ ကပ်စေးနှဲတယ် ၊ အမြင်ကျဉ်းတယ် ။ ဒီတော့ ဒီလို မိန်းမ နှစ်မျိုးဟာ မိန်းမဆန်ပုံချင်းသာ ကွဲတာ ၊ မိန်းမဆန်တဲ့ နေရာမှာ အတူတူပဲဗျ ။ ယောက်ျားတွေကို စိတ်ဒုက္ခပေးတဲ့ နေရာ ၊ ညှဉ်းဆဲတဲ့ နေရာမှာလည်း အတူတူပဲဗျ ”

“ ဒါဖြင့် ခင်ဗျား ပြောမယ့် ဇာတ်လမ်းက ဘယ်လို မိန်းမမျိုးလဲဗျ ၊ ကျွန်တော် နားထောင်ရင်း ရှုပ်သွားပြီ ”

“ ခင်ဗျားကလည်း သိရက်သားနဲ့ မေးနေပြန်ပြီ ၊ ကျွန်တော့်မိန်းမက တောကပဲ ၊ ခေတ်နောက်ကျတဲ့ မိန်းမမျိုးပဲ ဖြစ်ရမှာပေါ့ ၊ ဒါကြောင့် ပိုပြီး ခက်တာပေါ့ ။ စိတ်ဆိုး ရလည်း အခက် ၊ ခွင့်လွှတ်ရလည်း အခက်ပေါ့ ။ ကျွန်တော့်မိန်းမဟာ ရိုးတယ် ၊ အတယ် ၊ စေးနှဲတယ် ၊ တခြား မိန်းမနဲ့ တွဲရင် ဝန်တိုတယ် ၊ ကျွန်တော့်ကို ချစ်လွန်းတယ် ၊ အဲဒါတွေဟာ ကျွန်တော့်မှာ စိတ်ညစ်ရတာပဲ ။ ဒါကြောင့် မိန်းမတစ်ယောက် အပေါ်မှာ ခွင့်လွှတ်ရလည်း အခက် ၊ စိတ်ဆိုးရလည်း အခက်နဲ့ ကြုံနေရတဲ့ ဇာတ်လမ်းကလေးကို ခင်ဗျား ကြိုက်ရင် ရေးပေါ့ဗျာ ”

“ ဆက်ပါဦးလေ ၊ ခင်ဗျား နိဒါန်းက ကောင်းနေတော့ ဇာတ်လမ်းတောင် နား ထောင်ဖို့ မေ့သွားပြီ ”

ထို့နောက်တွင်မူ ကိုမင်းဒင်သည် ဆေးတံကို အားပါးတရ ဆက်၍ ဖွာလိုက်ရင်း သူ၏ ဇာတ်လမ်းကို ဖွင့်အန်၍ ချလိုက်ပြန်တော့သည် ။

••••• ••••• ••••• 

( ၁ )

ကိုမင်းဒင်သည် သူ့ဇနီး၏ အဖြစ်ကို နားမလည်နိုင်အောင် ရှိနေတော့သည် ။ တစ်ယောက်နှင့် တစ်ယောက် ပေါင်းသင်းလာခဲ့သည်မှာ ငါးနှစ်ပင် ကျော်ခဲ့လေပြီ ။ ကိုမင်းဒင်အဖို့ သူ့ဇနီးအား ခုလောက် စိတ်သဘောထား နုလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့ချေ ။ ခုတော့ သူ၏ ဇနီးသည် သည်းမခံနိုင်လောက်အောင် သဘောထား နုနေသည့် အဖြစ်ကို တွေ့ရသောအခါ စိတ်ပျက်မိသည် ။ သူ၏သစ္စာ ၊ သမာဓိကိုလည်း စော်ကားရာကျသဖြင့် စိတ်လည်း ဆိုးမိသည် ။

“ မင်း ပြောတာတွေ လွန်နေပြီ မအေးလှ ၊ ဟိုက ကြားသွားရင် မကောင်းဘူး ”

“ ကြားရုံမက နားပါပေါက်သွားပစေ ၊ ကိုမင်းဒင် ရှင်ဟာ ဒီမိန်းမနဲ့ တွဲချင်လို့ တမင် ဒီအလုပ် လုပ်နေတာ ”

“ ဟ ဒါက ဒါရိုက်တာ သဘောပဲ ၊ ဒါရိုက်တာက သူ ရိုက်မယ့်ကား သူ သင့်တော်မယ်ထင်တဲ့ မင်းသမီး မင်းသား ရွေးတာ ၊ ငါတို့က ဘာတတ်နိုင်မလဲ ”

“ အမယ်လေး ကိုမင်းဒင်ရယ် မိအေးလှတို့က အိမ်ထဲက မထွက်ပေမယ့် သိလိုက် တာမှ နောကျေလို့ ၊ ဟိုဟာမ သွားမေးလည်း ရှင်နဲ့ တွဲရမှ ရိုက်မယ် ပြောမှာပဲ ၊ ရှင့် မေးလည်း သူနဲ့မှ လိုက်တယ် ပြောမှာပဲ ”

“ ဟေ့ တော်တော့ တော်တော့ ၊ သူများ ကြားရင် မကောင်းဘူး ၊ အလုပ်နဲ့ ပတ်သက်လို့ မင်း ဝင်မရှုပ်ရင် ကောင်းမယ် ”

“ အစကတည်းက ရှင်ကြိုက်တာ လုပ်နေတာ ၊ ကျွန်မ ဘာပြောဖူးလို့လဲ ၊ ခုဟာ အလုပ်နဲ့ မဆိုင်ဘူး ၊ ရှင်နဲ့ ကျွန်မနဲ့ ဆိုင်တဲ့ ကိစ္စကို ပြောနေတာ ၊ ကျွန်မကို မချစ်တောင် ဒီကလေးတွေ မျက်နှာကို ထောက်ပါဦး ကိုမင်းဒင်ရယ် ”

မအေးလှသည် ပြောရင်း ရှိုက်၍လာသည် ။ တစ်ဖက်မှ အင်္ကျီစကို ကျန်တစ်ဖက် နှင့်ဆွဲကာ မျက်ရည်စများကို သုတ်ရင်း ငိုနေပြန်သည် ။

“ ငါ စိတ်ညစ်တယ် မအေးလှ ၊ မင်းဟာ ရိုးလွန်းတယ် ၊ မင်းမှာ တခြား ဘာအပြစ် ဆိုစရာ မရှိလောက်အောင်ပဲ ၊ ဒါပေမဲ့ မင်း ရိုးလွန်းတော့ ငါ စိတ်ညစ်တယ် ၊ မိန်းမတွေနဲ့ တွဲတိုင်းသာ ငါ ဖြစ်ရင် တို့အလုပ်က ပျက်စီးရောပေါ့ ၊ အလုပ်အနေနဲ့ တွဲပြီး လုပ်ပေမယ့် ငါ့ စိတ်ထဲမှာတော့ မင်းက လွဲပြီး ဘယ်သူမှ မပြစ်မှားခဲ့ပါဘူးကွာ ”

“ ကျွန်မ သိပါတယ် ကိုမင်းဒင်ရယ် ၊ ရှင် ဘယ်လို ညာပေမယ့် ကျွန်မ အကုန် သိတယ် ၊ သိပေမယ့် ရှင် စိတ်မကောင်းမှာ စိုးလို့ ကျွန်မ ဝမ်းထဲမှာ ကျိတ်ခံနေရတာ ကြာပါပြီ ၊ အရင် ဇာတ်ကားတုန်းကလည်း ရှင် ဒီတစ်ကား နောက်ဆုံးပဲလို့ ပြောလို့ နေခဲ့ရတယ် ၊ ခုတစ်ခါ စာချုပ်ပြန်ပြီ ဆိုတော့ ကျွန်မ ရင်ထဲမှာ မျိုမထားနိုင်တော့ဘူး ”

“ ဒါက မင်း ငါ့ကို မယုံတာပဲ မအေးလှ ၊ မယုံတာတင် မကဘူး ငါ့ကို စော်ကားတာပဲ ၊ ငါဟာ သစ္စာမဲ့တဲ့ ယောက်ျားတစ်ယောက် ဖြစ်အောင် စွပ်စွဲတာပဲ ”

“ ရှင့်ကို ကျွန်မ ယုံပေမယ့် ရှင့်ဟာမကို ကျွန်မ ယုံရမှာလား ၊ မူရာမာယာ အမျိုးမျိုးနဲ့ ရှင့်ကို လှည့်ဖြားနေတာ ၊ ကြာတော့ ရှင်ရော ရဟန္တာမို့ ခံနိုင်မှာလား ”

ကိုမင်းဒင်သည် ထိန်းမနိုင်အောင်ပင် ဒေါသဖြစ်မိသည် ။

“ မင်း မိန်းမတစ်ယောက်ကို အကြောင်းမဲ့ မစွပ်စွဲပါနဲ့ ၊ သူ့မှာ ယောက်ျား မရှား ဘူး ၊ မင်းသမီး သင်းသင်း ဆိုရင် ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေတယ် ၊ ဒီအထဲမှာ ငါ့ထက် သာတာတွေ တစ်ပုံကြီး ၊ မင်း သူ့ကို စော်ကားစရာ မလိုဘူး ”

“ ရှင်က ရှင့်ကောင်မ ထိတော့ နာတယ်ပေါ့လေ ။ စော်ကားတယ် စော်ကားတယ် ၊ ရှင့်ကောင်မမှာ ယောက်ျားတွေ ဝိုင်းဝိုင်းလည်နေမှန်းလည်း သိတယ် ၊ ဒီယောက်ျားတွေကို မြှူစားနေမှန်းလည်း သိတယ် ၊ ကဲ ဘာပြောဦးမလဲ ”

ကိုမင်းဒင်သည် မအေးလှ၏ နှုတ်မှ ဤမျှ ကြမ်းတမ်းသော စကားများ ၊ အောက်ကလိအာများ တစ်ခါမျှ မကြားခဲ့ဖူးချေ ။ ထို့ကြောင့်လည်း ပို၍ ဒေါသဖြစ်လာသည် ။ သူ၏ ချစ်ဇနီးက ငါးစိမ်းသည်စကား ပြောသဖြင့်လည်း ရှက်မိသည် ။ အထင်လည်း သေးမိသည် ။

“ ဟေ့ မင်း ဘာမှ သူများကို စော်ကားမနေနဲ့ ၊ ငါလုပ်တဲ့ အလုပ်တစ်ခုကို မင်း သဘောမတူရင် နေရုံပဲ ၊ ငါ့ဘာသာ လွတ်လွတ်ကင်းကင်း လုပ်ရုံပဲ ”

“ ရှင် ကျွန်မကို ရက်စက်နိုင်မယ် ဆိုတာ ကျွန်မ သိပါတယ် ကိုမင်းဒင်ရယ် ၊ ကျွန်မ ကံနဲ့ ကျွန်မ ရှိပါစေ ၊ ဒါပေမဲ့ ကျွန်မ စေတနာကို ရှင် သိလာရမှာပဲ ”

ကိုမင်းဒင်သည် ဇနီးသည်၏ စကားများကို မကြားတော့ပေ ။ အခန်းတွင်းသို့ ဝင်၍ သူ့သေတ္တာကိုသာ အဝတ်အစားများ လုံးထွေး၍ ထည့်လိုက်လေသည် ။

သမီးငယ်ကလေးကမူ သူ့အဖေ၏ အဖြစ်ကို ကြည့်ရင်း မဲ့၍ လာလေသည် ။ ကိုမင်းဒင်သည် သားရေသေတ္တာကို တစ်ဖက်မှ ဆွဲ၍ သမီးငယ်ကို ပွေ့ရင်း အခန်းထဲမှ ထွက်ခဲ့လေသည် ။ သားအကြီးက ကိုမင်းဒင်ကို ဆီး၍ ဖက်လိုက်ပြန်သည် ။

“ ဖေဖေ ဘယ်သွားမလို့လဲဟင် ”

“ မေမေနဲ့ ဘာဖြစ်တာလဲ ဖေဖေ ”

သားအကြီးကမူ ပြောရင်း ရှိုက်ငင်တကြီး ငိုလိုက်ရှာသည် ။

“ ဖေဖေ ဘယ်မှ မသွားပါဘူး သားရယ် ၊ ရုပ်ရှင်ရိုက် သွားမလို့ပါ ၊ အပြန် သားလေးနဲ့ သမီးလေးဖို့ ချော့ကလက် ဝယ်ခဲ့မယ်နော် ”

ကိုမင်းဒင်သည် သားနှင့် သမီးကို တစ်လှည့်စီ နမ်းပြီးလျှင် သားရေသေတ္တာကို ဆွဲ၍ အိမ်မှ ဆင်းခဲ့လေသည် ။ မအေးလှ၏ ရှိုက်သံကား လမ်းမပေါ် ရောက်သည့် တိုင်အောင် ကြားလိုက်ရသေးသည် ။

••••• ••••• ••••• 

( ၂ )

နောက်ဆုံးအခန်း ဖြစ်၍ ကနေ့တော့ ကိုမင်းဒင် ရော သင်းသင်း ပါ ပို၍ ပင်ပန်းကြသည် ။ ပင်ပန်းသော်လည်း ဇာတ်က ပြီးသွားသည် ကိုပင် ကိုမင်းဒင်က ဝမ်းသာရ မလို ဝမ်းနည်းရမလို ဖြစ်နေရှာသည် ။ ဇနီးဖြစ်သူက သဘော မတူသော အလုပ်ကိုပင် ပြီးအောင် လုပ်ခဲ့ပြီးလေပြီ ။ အလုပ်ကို နှောင့်ယှက်သည် ထင်တုန်းကလည်း သည်းမခံ နိုင်အောင် စိတ်ဆိုးခဲ့မိသည် ။ ထိုဝါသနာပါ၍ လုပ်နေသော အလုပ်ကို နှောင့်ယှက်သည် ကိုတော့ ခွင့်မလွှတ်နိုင်ပေ ။ သို့သော် အလုပ် ပြီးပြန်တော့လည်း ဇနီး၏ မျက်နှာကို မြင်ယောင်လာသည် ။ သားနှင့် သမီးကို သတိရမိသည် ။

အလုပ်ပြီးသဖြင့် ဝမ်းသာရသည် ။ ဇနီးကို အမှတ်ရ၍လည်း ဝမ်းနည်းရပြန်သည် ။ ကိုမင်းဒင်၏ အဖြစ်ကို သင်းသင်းက ကားပေါ်မှ နေ၍ မြင်လိုက်သည် ။ ထို့ကြောင့်လည်း ကားကို တမင်တကာပင် ကိုမင်းဒင် ရှေ့သို့ ကပ်၍ ရပ်လိုက်သည် ။

“ အမယ် ကိုမင်းဒင်ကြီး ဒီမှာ လာပြီး ဘာမှိုင်နေတုံး ၊ သူများတွေ ပြန်ကြတော့မယ် ”

“ မမှိုင်ပါဘူးကွာ ၊ ပင်ပန်းလွန်းလို့ အမောဖြေနေတာပါ ၊ သင်းသင်း ဘယ်ပြန်မှာလဲ ”

“ မြို့ထဲကို ပြန်မှာပေါ့ ၊ ကိုမင်းဒင် သွားချင်ရင် လိုက်ပို့မယ်လေ ”

ကိုမင်းဒင်သည် သင်းသင်း ကားပေါ်သို့ တက်ရင်း -

“ မြင့်ဖေတို့ အိမ်ပဲ ပြန်မှာပါပဲကွာ ၊ ဘယ်မှ သွားစရာ မရှိပါဘူး ”

“ ရှင့်မလည်း ဝဋ်ပဲနော် ၊ အိမ် ရှိရက်နဲ့ အိမ်မှာ မနေရ ၊ ဒီလိုပဲပေါ့လေ ၊ ကိုယ့်ဒုက္ခ ကိုယ်ရှာချင်တဲ့ လူတွေဆိုတော့ ကိုယ့်ဟာနဲ့ကိုယ် ခံပေါ့ ”

“ ဒါပေါ့ကွာ ၊ ပြောနိုင်တုန်းတော့ ပြောဦးပေါ့ ”

“ တစ်နေ့ ကိုယ် ခံရမှ ကယ်ပါ ယူပါ မလုပ်ကြနဲ့ ”

“ အမယ်လေး ဝေးပါသေးရဲ့  ၊ သင်းသင်းတို့များ ဒီလို တွေ့ရင် ကိုယ် ကြိုက်တာ မလုပ်ရရင် ဂျောင်းပဲ ဆရာ ၊ သင်းသင်းတို့က ထွက်ပြေးမယ့်အစား မဟုတ်ဘူး ”

ကိုမင်းဒင်သည် သင်းသင်း၏ စကားကြောင့် ခံပြင်းသလို ဖြစ်ခဲ့သည် ။ ယောက်ျားက အိမ်ပေါ်က ဆင်းခဲ့ရသည့် အဖြစ်ကို ရှက်စရာကောင်းသည်ဟု ဘေးက ထင်ချင်လည်း ထင်ကြမည် ။ သို့သော် သည်နေရာမှာတော့ မိန်းမကို ယောက်ျားက ညှာသည်ကိုပင် ပိုမြင့်မြတ်သည်ဟု ထင်လိုက်မိသည် ။

“ အိမ်ပို့ ဆိုလည်း ပို့ပေးမယ်လေ ”

“ အမယ်လေး မလုပ်လိုက်ပါနဲ့ မယ်မင်းကြီးမရယ် ၊ မင်းမျက်နှာသာ မြင်လိုက်ရင် ကျုပ်မိန်းမ တက်များတောင် သွားမလား မသိဘူး ”

ကိုမင်းဒင် စကားကြောင့် သင်းသင်း အသံထွက်အောင် ရယ်ပစ်လိုက်လေသည် ။

“ ကဲရှင် ရောက်ပါပြီ ၊ နောက် မိန်းမ ကြောက်ရင် သင်းသင်းနဲ့ တွဲမရိုက်နဲ့ပေါ့ ”

••••• ••••• ••••• 

( ၃ )

ကိုမြင့်ဖေက အိမ်ပြန်ရန် ဖျောင်းဖျသောအခါ ကိုမင်းဒင်အတွက် အစဉ်းစားရ ကျပ်နေပြန်သည် ။ မအေးလှ ကို ချစ်သည် ။ သားသမီးတွေနှင့် အတူ နေလိုသည် ။ သို့ သော် မအေးလှ၏ ရိုးမှု အမှု က သူ့အား အိမ်၌ မနေနိုင်အောင် ဖြစ်ခဲ့ရသည် ။ ကိုမြင့်ဖေ တို့အိမ်တွင် ဖြစ်သလို နေရသည်က စိတ်ချမ်းသာရသည် ။ အိမ်တွင် နေရစဉ်ကမူ အမြဲတမ်း စိတ်ညစ်နေရသည် ။

“ ဒါကို ခင်ဗျား ခွင့်မလွှတ်နိုင်ရင် မှားမှာပေါ့ ၊ ဒါဟာ မိန်းမ သဘာဝပဲဗျ ၊ မိန်းမ တစ်ယောက်ဟာ သူ့ယောက်ျား ဘာလုပ်လုပ် ခွင့်လွှတ်နိုင်တယ် ၊ တခြားမိန်းမနဲ့ သူ့ အချစ်ကို ဝေယူရမယ် ဆိုရင် ဘယ်မိန်းမမှ ခွင့်မလွှတ်နိုင်ကြဘူးဗျ ။ ဒါကြောင့် မိန်းမတွေ ပြောလေ့ရှိတယ် မဟုတ်လား ၊ ငှက်ပျောသီးသာ ဝေစားမယ် ၊ လင်ကိုတော့ ဝေပြီး မချစ်နိုင်ဘူးလို့ ”

ကိုမြင့်ဖေက ပျော်တတ်သူပီပီ အတည် ပြောနေရာမှ အသောဖောက်လိုက်သည် ။

“ တော်စမ်းပါကွာ ၊ မင်း ပြောသလိုတော့လည်း ဟုတ်ပါတယ် ၊ ဒါပေမဲ့ ငါ့အနေနဲ့က ဒီကိစ္စနဲ့ ပတ်သက်ပြီး လွတ်ကင်းနေတာကြီး သူက ထင်တော့ ငါ ဘယ်မှာ ခွင့်လွှတ်နိုင်မှာလဲ ”

“ ငါလည်း ငါ့ကိုယ်ငါ သဘောထားကြီးတယ် မှတ်ခဲ့တာပဲ ၊ ဒါပေမဲ့ ဒီတစ်ခါတော့ ငါ ဘယ်လိုမှ အတူနေလို့ မဖြစ်လို့ ထွက်လာခဲ့တာပဲ ”

ကိုမြင့်ဖေသည် လမ်းမဘက်သို့ မျှော်ကြည့်ရင်း တစ်စုံတစ်ခုကို မေးငေါ့ ပြလိုက်လေသည် ။

“ ဟောဗျာ ၊ ခင်ဗျား သားတော်မောင် လိုက်လာပါပြီ ”

ကိုမင်းဒင်၏ သားကြီးသည် လမ်းဘက်မှ သူ့အဖေ ရှိရာသို့ ခပ်သုတ်သုတ် ဆင်း၍ လာသည် ။ သူ့မျက်နှာသည် မျက်ရည်များ ရွှဲ၍နေသည် ။ အဖေကို မြင်ပြန်တော့လည်း ပို၍ ဝမ်းနည်းမိလာကာ ရှိုက်ငင်တကြီးဖြင့် အဖေ၏ ရင်ခွင်တွင်းသို့ ပြေး၍ ဝင်လိုက်ရှာသည် ။ ကိုမင်းဒင်က သားကိုပွေ့ရင်း နှစ်သိမ့်လိုက်ရှာသည် ။ ကိုမြင့်ဖေက သားအဖ အဖြစ်ကို ခပ်ပြုံးပြုံး ကြည့်ရင်း ကျေနပ်နေရှာသည် ။

“ ဖေဖေ အိမ်လိုက်ခဲ့ပါ ၊ မေမေ နေမကောင်းဘူး ၊ ဖေဖေ့ကို ခေါ်နေတယ် ”

ဇနီးသည် သတင်းကို ကြားရတော့လည်း ရင်တွင်းဝယ် ဆို့၍ သွားလေသည် ။

“ ဟင် ဟုတ်လားဟင် ၊ နေမကောင်းတာ ဘယ်လောက် ကြာပြီလဲ ”

ကိုမင်းဒင်၏ အသံမှာ အက်ကွဲနေ၏ ။

“ ဖေဖေ ထွက်သွား ကတည်းက မေမေဟာ ကောင်းကောင်းလည်း မအိပ်ဘူး ၊ စားလည်း မစား ၊ ခု နေမကောင်းတာ ငါးရက် ရှိပြီ ၊ မေမေက ပြောတယ် ၊ ဖေဖေက သိပ်ရက်စက်တယ်တဲ့ ၊ သူ သေမှ လာမှာတဲ့ ၊ ဖေဖေ ပြန်လိုက်ခဲ့ရမယ် ”

ကိုမင်းဒင်ကို မျက်လုံးအဝိုင်းသားဖြင့် လှမ်း၍ ကြည့်လိုက်ရှာသည် ။ ကိုမြင့်ဖေ ကမူ သူ ဘာမှ ပြန်မပြောဘဲ အခန်းတွင်းသို့ ဝင်၍သွားသည် ။ ပြန်ထွက်လာသောအခါ တွင် သူ့လက်ထဲတွင် ကိုမင်းဒင်၏ သေတ္တာကို အသင့်ဆွဲ၍ လာသည် ။

“ ကဲပါဗျာ ၊ ကျန်တာတွေ မေ့လိုက်စမ်းပါ ၊ ကလေးတွေကိုလည်း သနားဦးမှပေါ့ ၊ ကဲ လာပါ အိမ်မှာ ဘယ်သူမှ ရှိမှာ မဟုတ်ဘူး ”

ခုတစ်ကြိမ်တွင် ကိုမင်းဒင်သည် ဘာမျှ ပြန်၍ မပြောနိုင်ရှာတော့ပေ ။ ကိုမြင့်ဖေ ခေါ်ရာသို့သာ သားကြီးကို ပွေ့ရင်း လိုက်ခဲ့မိတော့သည် ။

••••• ••••• ••••• 

( ၄ )

ချစ်လင်၏ မျက်နှာကို မြင်ရပြန်တော့ မအေးလှသည် ပို၍ ဝမ်းနည်းလာကာ ရင်အုံကလေးများ ကြွ၍လာသည် ။ ပြီးတော့လည်း သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်ကာ အသံထွက်အောင် ငိုလိုက်ပြန်သည် ။

သမီးငယ်က သူ့ဖေဖေ ဆီသို့ အပြေးလာရင်း ငိုလိုက်ပြန်သည် ။ ကိုမင်းဒင်သည် သမီးငယ်ကို လက်ဆွဲရင်း ချစ်ဇနီး၏ ဘေးတွင် ထိုင်လိုက်လေသည် ။

ဘာပြောရမည်ကို မသိ ၊ လည်ချောင်းတွင်လည်း တစ်ဆို့ အက်ကွဲ၍ လာသည် ။

“ ရက်စက်ပါပေ့ ကိုမင်းဒင်ရယ် ၊ ကျွန်မ အပေါ်မှာ ရှင် ဒီလောက် ရက်စက်မယ်လို့ မထင်မိဘူး ”

မအေးလှ ကမူ ကိုမင်းဒင် ကို ကြည့်ရင်း ဝမ်းပန်းတနည်း ဖြစ်၍ နေရှာသည် ။

“ တော်ပါတော့ကွာ ၊ ဒါတွေကို မေ့လိုက်ပါတော့ ၊ ပြီးပြီးသားတွေ ပြီးပါစေတော့ ၊ ငါလည်း ဒီဇာတ်ထုပ် ရိုက်ပြီးရင် မင်းဆီ ပြန်လာဖို့ ဆုံးဖြတ်ပြီးသားပါ ၊ ကားရိုက်နေတုန်းမှာ မင်း တဂျီဂျီ လုပ်နေမှာမို့ တမင် ဆင်းသွားတာ ”

ကိုမင်းဒင်က ချစ်ဇနီး ကျေနပ်အောင် လှီးလွဲ၍ ပြောလိုက်ရသည် ။

“ ကျွန်မ ရှင့်ကို ချစ်လွန်းလို့ ခုလို အထင်လွဲတာကို ရှင် စိတ်ဆိုးတယ် ဆိုတော့ ဝမ်းနည်းလို့ မဆုံးဘူး ၊ ကိုမြင့်ဖေက အားလုံး ရှင်းပြပါတယ်ရှင် ၊ ရှင်နဲ့ သင်းသင်း ဘာမှ မဖြစ်တဲ့ အကြောင်းကို ၊ အစကတော့ ဘေးက အပြောများလွန်းလို့ ကျွန်မ ယုံခဲ့တယ် ၊ နောက်တော့ ကိုမြင့်ဖေ ရှင်းပြမှ ကျွန်မ အထင်လွဲနေမှန်း သိရတယ် ၊ ဒီတော့ ကျွန်မ လဲနေပြီ ၊ ရှင့်ဆီကို မလိုက်နိုင်တော့ဘူး ၊ ဒါကြောင့် သားလေးကို လွှတ်လိုက်ရတာ ”

ကိုမင်းဒင်သည် ခုမှပင် ကိုမြင့်ဖေ၏ အကွက်ဆင်ထားပုံကို သဘောပေါက်မိသည် ။ ကိုမြင့်ဖေ ကို ရှာလိုက်ပြန်တော့လည်း အရိပ်အယောင်ပင် မတွေ့ ရတော့ပေ ။

“ ကျွန်မ ကိုမြင့်ဖေကို အားလုံး ပြောပြလိုက်ပါတယ် ။ အမှန်တော့ ရှင့်ကို မင်းသား လုပ်တာတောင် ကျွန်မ နည်းနည်းမှ မရှုဆိတ်နိုင်ဘူး ၊ မိန်းကလေးတွေ ဆီက စာလာတာ ၊ မင်းသမီးတွေနဲ့ တွဲတာ ကျွန်မ ရင်ထဲမှာ ခံကို မခံနိုင်ဘူး ၊ ခုတော့ ကျွန်မ နားလည်ပါပြီ ကိုမင်းဒင် ၊ ကျွန်မ ရှင့်ကို ချစ်လို့ ခုလို မှားခဲ့တာတွေကို ရှင် ခွင့်လွှတ်ဖို့ပဲ လိုပါတယ် ”

ကိုမင်းဒင်သည် မအေးလှ၏ လက်မောင်းအိုး အစုံကို ဆုပ်ယူလိုက်သည် ။ နဖူးပြင်ကိုလည်း ငုံ့၍ မွှေးလိုက်သည် ။ ပြီးမှ အသံကွဲကြီးဖြင့် ပြောလိုက်လေသည် ။

“ ငါ ခွင့်လွှတ်ပါတယ်ကွယ် ၊ မင်း ငါ့ကို ခုလို နားလည်တယ်ဆို ငါကတောင် ပိုဝမ်းသာပါတယ် ။ တကယ်ဆိုတော့ ကိုယ့်မယားကို ကိုယ် ချစ်တာပေါ့ ”

ပြောပင် ပြောလိုက်ရသော်လည်း ကိုမင်းဒင်၏ ရင်ထဲ၌ မအီမလည် ဖြစ်၍ လာရသည် ။ မရှူနိုင် မကယ်နိုင် ဖြစ်လာရသည် ။ မထွေးနိုင် မမျိုနိုင် ဖြစ်လာရသည် ။ အဘယ် ကြောင့်ဆိုသော် သူ၏ ချစ်ဇနီးသည် သူနှင့် ခုလို ကတောက်ကဆ ဖြစ်တိုင်း ခုလို စကားမျိုးကို ပြောခဲ့သည်မှာ အကြိမ်ပေါင်း များလှပြီ မဟုတ်လား ။

▢  အောင်လင်း
📖 ဝတ္ထုတိုများပေါင်းချုပ်

No comments:

Post a Comment