Friday, January 9, 2026

ဈေးခေါ်အာဏာတည်


 

❝ ဈေးခေါ်အာဏာတည် ❞
       ( သော်တာဆွေ )

မိတ်ဆွေသည် စစ်ပြီးခေတ် ရန်ကုန်မြို့ ၊ သိမ်ကြီးဈေး အထည်တန်းမှာ ဈေးဝယ်ရန် အကြောင်းတိုက်ဆိုင်သူမဟုတ်ပါက ကံကောင်းသူ ဖြစ်သည် ။ ဟိုရှေးယခင်တုန်းက သိမ်ကြီးဈေးနှင့် ကွာခြားလှဘိသည် ။ ရှေးယခင် သိမ်ကြီးဈေးသည် ရန်ကုန်မြို့၏ ကျက်သရေကိုဆောင်၍ ယခုဈေးက ရန်ကုန်မြို့ကို သရုပ်ပျက်စေသည် ။ စစ်မဖြစ်မီတုန်းက သင်ရောက်ဖူးက လူမောက်ဖြစ်သည် ။

ထိုစဉ်က သိမ်ကြီးဈေးအထည်ရုံကြီးမှာ နှစ်ထပ်ဖြစ်သည် ။ တက်ရန်ဆင်းရန် ရိုးရိုးလှေကား အပြင် ဓာတ်လှေကားလည်း ရှိသည် ။ ဓာတ်လှေကား စီးလိုသူတို့သည် သိမ်ကြီးဈေးရောက်က အလွယ်တကူ စီးနိုင်သည် ။ ဓာတ်လှေကားဆောင်အတွင်းမှာ ကိုယ်လုံးပေါ်မှန်ကြီးနှင့် ကိုယ့်အရိပ် ကိုယ်ကြည့်နိုင်သည် ။ ဘီး ၊ တို့ဖတ်နှင့် အလှပြင်နိုင်သည် ။ ယခုခေတ် သင် ဓာတ်လှေကား စီးကြည့်ချင်ရင်တော့ ရန်ကုန်ဆေးရုံကြီးကို အတွင်းလူနာ အဖြစ်နှင့်တက်ပါ ။ ဒါမှမဟုတ် အလွန်တရာ ဗိုက်နာနေသော ကိုယ်ဝန်ဆောင်မိန်းမ၏ အဖော်ဖြစ်ဖြင့် ဂျင်မခါနာဆေးရုံကို လိုက်သွား ၊ ဒါပဲရှိ၏ ။ မှန်တော့ ကြည့်ရမည်မဟုတ် ။ လူနာ အဆင်းမှာဆိုရင်ဖြင့် ဓာတ်လှေကား ကု,လား၏ ပိုက်ဆံတောင်းကို ခံရတတ်သည် ။

ရှေးခေတ် သိမ်ကြီးဈေးမှာ အလွန်တရာမှ စည်ကားသိုက်မြိုက်လှသည် ။ ဆိုင်နေရာ အစီအစဉ်တွေမှာလည်း အင်မတန်မှ သေသပ်ခမ်းနားသည် ။ ယခု မျက်မြင်ဗိုလ် ချုပ်ဈေး ကောင်းလှသည်ဆိုသည်မှာ ရှေးယခင် သိမ်ကြီးဈေး၏ မြေးမျှဖြစ်မည် ။ ဈေး ဝယ်ရန် မဟုတ်ပါဘဲလျက် အပျင်းပြေလျှောက်ကြည့်ရန်ပင် ကြည်နူးဖွယ်ကောင်းပါသည် ။ နေ့ပင်လျှင် လျှပ်စစ်မီးများဖြင့် ထိန်ထိန်ဝင်းနေသည် ။ ဈေးကျယ်တော့ လူလည်း ကျပ်လှ - တိုးရသည် မဟုတ် ။ သက်သောင့်သက်သာ ရှိသည် ။ ယင်းသို့ အတွင်းဘက်လျှောက်ပြီး ငြီးစီစီ ရှိပါက အပေါ်ထပ် အပြင်ဘက်ဝရန်တာ လသာဆောင်ထွက်၍ ရန်ကုန်မြို့၏ ရှုခင်းကို ကြည့်ကာ လေညင်းခံနိုင်ပါသေးသည် ။ ဓာတ်ရထားသံကို ကြားရမည် ။ ရန်ကုန်မြစ်ကမ်းကို လှမ်းမြင်နိုင်သည် ။

ယခုကား ဤအဆောက်အအုံကြီးသည် ဗုံးထိ၍ အပျက်ပုံကြီး ။ ၎င်းကို ပြည်သူပိုင်တော့ သိမ်းပြီးပါပြီ ။ ပြည်သူ့ငွေတွေ အခြားနေရာမှာ ရေစီးကမ်းပြိုလိုက်နေသည်နှင့် ဘယ်တော့မျှ ပြန်ပြင်နိုင်မည်တော့ မသိရသေး ။

ယခု ကျွန်တော် ရေးသားဖော်ပြလိုသည့် ‘ သိမ်ကြီးဈေးအထည်တန်း ’ ဆိုသည်ကား ရှေးယခင် ဈေးမ,ကြီး၏ ဝရန်တာ လသာဆောင် အောက်က ဈေးစင်္ကြံမျှဖြစ်ပါသည် ။ ဤဈေးစင်္ကြံပင် ၊ အခု ‘ သိမ်ကြီးဈေးအထည်တန်း ’ ဖြစ်နေသည် ။ ဈေးဆိုင်တွေ နှစ်တန်း ပြု၍ ကျဉ်းကျဉ်းကျပ်ကျပ် တည်ခင်းရောင်းချကြသည် ။ လူနှစ်ယောက် မျက်နှာချင်းဆိုင် လျှောက်လာက ပခုံးချင်းမထိရန် မနည်း ရှောင်ရသည် ။ သင်၏ ရှေ့ကလူ အသွားနှေးနေ ၍ သူ့ရှေ့ကို ကျော်တက်ရန်ကား အတော်ပင် ခဲယဉ်းသော အလုပ်ကြီးတစ်ခုဖြစ်ပေသည် ။ ဤ သင့်ရှေ့က လူသည် တင်ပဆုံကြီးသော မိန်းမဖြစ်အံ့ သူ့ရှေ့သို့ ကျော်တက်ရန်ကို မိတ်ဆွေ လက်လျှော့လိုက်ပါတော့ ။ သူဈေးဆိုင် တစ်ဆိုင်ဆိုင် ဝင်မဝယ်မချင်း နောက်က ခပ်အေးအေးပဲ ကပ်လိုက်ပါဘိ ။ စိတ်မတိုနှင့် ၊ လောမကြီးနှင့် ။

ထို့ပြင် တစ်ခု သတိချပ်ပါဦး ။ မိတ်ဆွေသည် ဆိုင်တစ်ဆိုင်ဆိုင်မှာ လိုချင်တာ တွေ့၍ ဝယ်တော့မည်ပြုအံ့ ။ ဆိုင်ရှင်က ခွေးခြေကလေး ထိုးပေးကာ ထိုင်ပါခင်ဗျ ၊ ထိုင်ပါရှင် ပြောပါလိမ့်မည် ။ အကောင်းကြီးမှတ်ပြီး မထိုင်ပါလေနှင့် ။ ထိုင်ခဲ့သော် သင်၏ ဖင်ကို အခြားသူတို့၏ တင်ပါးဆစ်နှင့်လည်းကောင်း ၊ ပေါင်တံနှင့်လည်းကောင်း ၊ တရွှတ်ရွှတ် ပွတ်၍ သပ်၍ သွားကြပေလိမ့်မည် ။ သင့်ကို မပွတ်လိုသော မိန်းမပျိုများက မူကား “ ဟင် .. သေခြင်းဆိုးကြီးနှယ် ၊ ဒီလောက်ကျဉ်းရ, ကျပ်ရတဲ့အထဲ စိမ်ပြေ , နပြေကြီး ထိုင်နေလိုက်တာ ... ” ဟု စိတ်ထဲမှ ရေရွတ်ကာ မျက်စောင်းခဲ၍ သင့်ကိုယ်ကို မထိအောင် ခဲယဉ်းစွာ ရှောင်ရှားပြီး သွားကြပေလိမ့်မည် ။ ဒါကို သင် ဝမ်းသာစရာ မဟုတ်ပါ ။ တစ်စုံတစ်ယောက်၏ မနှစ်မြို့စရာ ပြုမိခြင်းသည် အလိုက်ကန်းဆိုးမသိရာ ရိုင်းစိုင်းရာကျပါသည် ။ ယဉ်ကျေးသူတိုင်း ဤကိစ္စမျိုးကို သတိပြုကြပါသည် ။ ယဉ်ကျေးသူတို့သည် မိမိအဖို့ထက် သူများ အတွက်ကို ကြည့်ကြပါသည် ။

ဤဈေးကို ဤမျှ လူစည်ကားစွာ တိုးဝှေ့နေကြခြင်းသည် ရန်ကုန်မြို့မှာ ဝယ်လို့ ခြမ်းလို့ အကောင်းဆုံးနေရာမို့လား ... ။

ကောင်း , မကောင်းတော့ ရောင်းပုံ ရောင်းနည်းကို မိမိစိတ်ကြိုက်ပေါ်မှာ တည်ပေမည် ။ အဘယ်ကြောင့် လူတွေပြွတ်သိပ်နေသနည်းတော့ ကျွန်တော် သိသမျှ ဖော်ပြရ လျှင် ...

ရန်ကုန်မြို့တွင် ဈေးဝယ်ရန်ဌာနများ အနှံ့အပြား ရှိသည့်အနက် ကွမ်းခြံဘူတာကြီးသည် မီးရထားအပေါင်းတို့ ဆိုက်ရပ်ရာ ဖြစ်သကဲ့သို့ သိမ်ကြီးဈေးသည် ဘတ်စ် ကားအပေါင်းတို့ ဦးတိုက်ရာဌာန ဖြစ်ခြင်း ၊ မြန်မာ့အစားအသောက် ကုန်စိမ်း, ကုန်ခြောက်များ ရှိခြင်း ၊ လူထုအများသုံး အဝတ်အထည်များ ရောင်းချခြင်းတို့ကြောင့် ဖြစ်ပါသည် ။

ထို့ကြောင့် နေထွက်မှနေဝင်အထိ ကြိတ်ကြိတ်တိုးစည်ကားလေသည် ။

ရောင်းပုံ , ရောင်းနည်းကား ဈေးသည်က နင်းကန်ဆို၍ ဝယ်သူက တတ်နိုင်သမျှ နှိမ့်ချဆစ်ပါမှ တန်ရာကျပေမည် ။

သူတို့ ဆိုဈေးကို သိပ်ဆစ်ရန် အားနာဘိမူကား ဒုက္ခလှလှကြီး များပြီသာ မှတ်ပေရော့ ။

ဥပမာ ၁၅ ကျပ်ခွဲ ဆိုသည်ကို မိတ်ဆွေက အခြား ဈေးတွေလို မှတ်ပြီး နှစ်ကျပ်ခွဲမျှ ခွာ၍ “ ၁၃ ကျပ် ထားပါခင်ဗျာ ” ဆစ်စမ်း ။

မိတ်ဆွေအား ( ဟဲ ... ငနဲ အမဲတော့ မိပြီဟေ့ ) ဆိုသော အဇ္ဈတ္တသန္တာန်ကို သင်္ကာဖုံးသော မျက်နှာနှင့် ...

“ ဟာ .. ကျွန်တော်တို့ဈေး ဒီလောက် ခွာမဆိုပါဘူးဗျာ ။ ငါးမူးပဲ တင်ထားတာ ၁၅ ကျပ်အတိပဲရမယ် ”

မိတ်ဆွေက အင်တင်တင်လုပ် ၊ ပိုမပေးနိုင်ဘူးဖြေ ။

“ ကဲ ၁၄ ကျပ်ယူဗျာ ၊ ဒီထက်တော့ မလျှော့နိုင်တော့ဘူး ... ”

ဒီတော့ ... မိတ်ဆွေက သူ ဒီထက် မလျှော့နိုင်တော့ဘူးဆိုတာ အဟုတ်မှတ်ပြီး ၁၄ ကျပ်နှင့်လည်း ဝယ်ရင် ဝယ်လိုက် ။ မဝယ်ဘဲ ထွက်သွားခဲ့သော် ခြေသုံးလှမ်းမျှ မပြည့်မီ ...

“ ဒီမှာ ရော့ ဆရာကြီးယူသွား ... ယူသွား ” ဟု ၁၃ ကျပ်နှင့်ပင် ခေါ်ပေးချိမ့်မည်တည်း ။

အမှန်ကား ဤ ၁၅ ကျပ်ခွဲဆိုသော ပစ္စည်းကို ၁၃ ကျပ်ဆစ်တာ များလှချေသေး၏ ။

ကဲ ... ဒီတော့ ဘယ်သို့ဘယ်ပုံ ဆစ်ရမည်နည်း ။ သူတို့ဈေးသည်တွေကပင် ပြောပြပေအံ့ ...

မိတ်ဆွေသည် ပစ္စည်းတစ်ခုကို ကိုင်ကြည့်ပြီး ဈေးမေးပြောပြတော့ “ ဟာ သိပ်များသဗျာ ” ဆိုပြီး ထွက်သွားမည်လုပ် ၊ ဒီတော့ ဆိုင်ရှင်က ခင်ဗျားကို သွားခွင့်ပေးလိမ့်မည် မဟုတ် ။

“ များရင် ... ဆစ်ပေါ့ အားမနာပါနဲ့ ။ ရောင်းသူနဲ့ ဝယ်သူဆိုတာ ဒီလိုပဲ ဆိုကြဆစ်ကြတာပေါ့ … ”

မိတ်ဆွေက ခေါင်းကလေးခါပြီး ...

“ ဟာ ... ကျွန်တော် ပေးချင်တာနဲ့ သိပ်ကွာနေလို့ဗျာ ... ”

“ ကွာ ... ကွာ ပြောသာပြောပါ ၊ ဘယ်လောက်ကလေးပဲဖြစ်ဖြစ်ပေါ့ရှင် ၊ ကျွန်မတို့ ရောင်းနိုင်ရောင်းလိုက်မှာပေါ့ .. ၊ ဈေးသည်ဆိုတာ ရောင်းချင်လို့ ဆိုင်ဖွင့်နေတာပဲရှင် ”

ဒီလို ပြောလျက်နှင့်မှ မိတ်ဆွေက ကိုယ်ပေးချင်တဲ့ ဈေးနဲ့ ဆစ်လို့ရမှာ မဟုတ်ဘူး ဆိုပြီး ဇွတ်ထွက်သွားခဲ့သော် ..

“ ဘယ့်နှယ်ဟာတုံး ၊ ဆိုင်ရှေ့လာ ဈေးမေးပြီး ပြောပြတော့ ဆစ်ပါဆိုတာ မဆစ်ဘဲနဲ့ ထွက်သွားတာ ဘာသဘောလဲ ။ ဘယ်လိုလူစားလဲ ” ဟု နောက်မှ ရန်တွေ့သံကို ကြားရလိမ့်မည် ။

အကယ်၍ မိတ်ဆွေက ပေးချင်သမျှ ပေးပါဟု သူပြောသည့်အတိုင်း ဆစ်လိုက်ပြီ ဆိုပါတော့ ၊ ဤဆစ်သည့် အဖိုးက သူ ရောင်းနိုင်ဈေးနှင့်ကွာနေခဲ့သော် ….

“ မယ်လေး ဒါတော့ ဘယ်ရမလဲ ၊ မတရားဆစ်တာပဲ ။ အဲဒီဈေးရတာက ဟော့ဒီအစားရှင့် ”

အင်မတန် ညံ့ဖျင်း အရာကို ထုတ်ပြမည် ။ မိတ်ဆွေကတော့ ထွက်သွားလေပြီ ။ သို့သော် နောက်ထပ်၍ ကြားနေရဦးမည် ။ ဒါလောက်တောင် မတရား လိုချင်လည်း ဈေးလာ ဝယ်မနေနဲ့တော့ ။ ဓားပြသွားတိုက်တော့ ။ လူပုံပတ္တရားက ဝတ်စားထားလိုက် တာဖြင့် စတိုင်နဲ့ဂိုက်နဲ့ …. ”

အကယ်၍ မိတ်ဆွေ ဆစ်လိုက်သော ဈေးသည် သူရောင်းနိုင်သည့်ဈေး ‘ ခွင် ’ ဝင်နေလျှင်မူကား ရွှေမျက်နှာတော်ချိုချိုပြုံးပြီး ...

“ နည်းနည်းကလေး ပိုပေးပါဦးရှင် ... နည်းနည်းကလေး ”

“ ဟာ … မပေးနိုင်ဘူးဗျာ ...”

“ တစ်ကျပ်တည်းပါရှင် .... တစ်ကျပ်တည်းပါ ။ ကဲ .. ကဲ ငါးမူးတိုး ... ခွဲထားလိုက် ၊ ခွဲထားလိုက် ”

သူ ရောင်းနိုင်သော ဈေးအပေါ်တွင် မိတ်ဆွေ ဆီက ငါးမူးတစ်မတ်မျှ ထပ်၍ နှူးဦးမည် ။

ဤကား ဈေးသည်တို့၏ အတတ်ပညာနှင့် လုပ်အားပေတည်း ။

သူတို့သည် ငွေရင်းတည်၍ နှုတ်ဖြင့် အမြတ်ထုတ်၏ ။ ပသာဒဖြင့် ဝယ်သူခေါ် ၏ ။ ဟန်ဆောင်မှုဖြင့် ဖော်ရွှေ၏ ။

အရင်းရှင်ကြီးတို့ကား မိမိ၏ ငွေရင်းပေါ်တွင် လိုချင်သမျှရာခိုင်နှုန်းနှင့် အမြတ်တင်၍ တစ်ခွန်းတည်းသော ဈေးကို တင်းတင်းမာမာ ဆို၏ ။

အရင်းရှင်ကလေးတို့ကား လက်ထဲတွင် ကုန်များကို ကြာကြာ မထားနိုင်၍ လာပါ - ယူပါ တကျော်ကျော် အော်ခေါ်ကာ ရနိုင်သမျှ ဈေးအမျိုးမျိုးနှင့် နွဲ့ကာ ၊ လှည့်ကာ ၊ လိမ်ကာ ၊ ဝါကာ အမြတ်ထုတ်ရ၏ ။

ယခု ဖော်ပြနေသည့် သိမ်ကြီးဈေးတွင်ကား ဒုတိယအမျိုးအစား လက်လီဈေးသည် ကုန်သည်ငယ်ကလေးများသာဖြစ်ရကား ၊ သူတို့ ဈေးတန်းထဲဝင်လာသူ မှန်သမျှ ကို “ ဘာအလိုရှိပါသလဲ ... လာပါ ၊ ကြည့်ပါ ၊ ရှုပါ ၊ အမိန့်ရှိပါ ” ဟု ဆီးကြိုမေးမြန်းကာ မိမိဆိုင် ရောက်လာ၍ ကုန်ပစ္စည်းတစ်ခုကို မေးလျှင် အဆမတန်ဈေးကို နင်းကန်ဆိုလေသည် ။

ဝယ်သူခမျာ ဆစ်တတ်လျှင် သက်သာ၍ မဆစ်တတ်လျှင်မူကား ကြီးစွာသော အမြတ်ကို ယူလိုက်လေသည် ။ ဤကား သိမ်ကြီးဈေး၏ ဝါဒတည်း ... ။

ဆိုနိုင်သမျှ ဆိုမည် ။ ဆစ်နိုင်သမျှ ဆစ်တော့ ... ၊ နင် မဆစ်တတ်လျှင် ငါစားမည် ။ နင် နားမလည်သမျှကို ငါဖို့ဖြစ်ရမည် ။ စား ... စား ... စား ... ။

••••• ••••• •••••

တစ်ခုသော နံနက်၌ သိမ်ကြီးဈေးရှိ ကိုတင်လှ ၊ မအေးကြည်တို့ အထည်ဆိုင်တွင် အံ့သြဖွယ်ရာကောင်းသော အဖြစ်အပျက်ကလေး တစ်ခုကို ကြုံတွေ့ ရလေသည် ။

နံနက်စောစော ဈေးဖွင့်စ လူပါးချိန် ဖြစ်လျက် ကိုတင်လှ - မအေးကြည်တို့ ဆိုင် မှာ အခြား ဆိုင်တွေထက် ဝယ်သူပိုလာပြီး လာသမျှ လူတွေမှာလည်း တစ်ဦးမျှ ဈေးလန် သွားသည် မရှိဘဲ မိမိတို့ ဆိုဈေးကို ပွတ်ကာသီကာကလေးမျှ ဆစ်၍ တည့်တည့်သွားကြသည် ။ ပထမဦးဆုံး ဈေးဦးပေါက်တုန်းကများ ၈ ကျပ် ရောင်းနိုင်သော အထည်ကို ၁၅ ကျပ် ဆိုလိုက်ရာ ထိုလူက ၁၃ ကျပ် ဆစ်ပြီး ၁၄ ကျပ်နှင့် တည့်သွားသည် ။ မိမိက တင်းခံနေပါက ၁၄ ကျပ်ခွဲတောင် ရအံ့ထင်သည် ။

ဒီကတည်းက ဒီနေ့တော့ နိပ်ကပြီဆိုတာ အတပ်သိ၏ ။ ခါတိုင်းဆိုလျှင် ဈေးဦးကို မလန်အောင် အနည်းအပါး အရှုံးပင်ခံသင့်ခံ ရောင်းလိုက်ရ၏ ။ အချို့ဈေးပါးဝနေသူသည် တမင်တကာ ဈေးဦးကြီးမှာ လာ၍ နှိမ်ပြီး ဝယ်တတ်ကြသည် ။ ဈေးသည်အဖို့ ဂြိုဟ်ဆိုးများတည်း ။

ယနေ့ ဈေးဦးပေါက် ရောက်လာသူကား တကယ့်လူရိုး ၊ လူအ ၊ နားမလည်သူ အမဲသက်သက် ဖြစ်ပါသည် ။ ထို့ကြောင့် နောက်လာသူတို့မှာလည်း ‘ ရှေ့ဆောင်နွားလား ၊ ဖြောင့်ဖြောင့်သွားသော် ၊ နောက်နွားစဉ်စိုက် ၊ ဖြောင့်ဖြောင့်လိုက် ’ ဆိုဘိသကဲ့သို့ အမဲ နောက်က အမဲများသာ ကျလာကြကုန်သည် ။

၎င်းအမဲတို့သည် မိမိတို့သိမ်ကြီးဈေး ထုံးစံအတိုင်း ဈေးတစ်ဝက်မျှ ဆိုသည်ကို လေးပုံတစ်ပုံမျှပင် လျှော့သူ အလွန်နည်းပါးလျက် သုံးလေးကျပ်မျှ ခွာဆစ်ကာနေသော အလှမ်းကို သူတိုး - ကိုယ်လျှော့ နောက်ဆုံး၌ အလယ်မှာ တည့်၍တည့်၍ သွားကြသည် ။ ထို့ကြောင့် ကိုတင်လှ - မအေးကြည်တို့သည် ဆိုရန် ပို၍ ရဲလာကြပြီး ခါတိုင်းနှုန်းထက်ပင် ပိုကြည့်ရာ ပို၍ပို၍ ရသည်ကိုသာ တွေ့ ရလေ၏ ။

လင်မယားနှစ်ယောက်မှာ အံ့သြစွာနှင့် ဝမ်းသာစွာ တစ်ယောက်မျက်နှာ တစ်ယောက် မကြာခဏ ကြည့်ကြသည် ။ နဘေးဆိုင်က လူများလည်း သူတို့လင်မယား ဈေးရောင်းကောင်းပုံကို ငေးမောကြည့်သည်အထိ ဖြစ်လေသည် ။

မအေးကြည်သည် သူတို့ဆိုင်ပေါက်က ပန်းအိုးကို မကြာခဏ အမွှေးရည်နှင့် ပက်ဖျန်းလေသည် ။

ကိုတင်လှသည် သူ့လက်ကနာရီကို မကြာမကြာ ကြည့်လေသည် ။ ကိုးနာရီထိုးရန် နီးကပ်လာသောအခါ၌ ကိုတင်လှသည် တစ်စုံတစ်ခုကို ယတိပြတ် ဆုံးဖြတ်ချက်ချဟန်ဖြင့် ရောက်လာသော ဈေးဝယ်သူတစ်ဦးကို အဖိုးနင်းအပြီး ဆိုလိုက်လေသည် ။

အမှန်မှာ ဤအထည်သည် အရင်း ၈ ကျပ်မျှကို ခါတိုင်း ၁၄ ကျပ်မျှ ဆိုလေ့ရှိသည်ကို …… ၁၇ ကျပ် ဟု ပိုင်ပိုင်ကြီး ဆိုလိုက်၏ ။

ဝယ်သူခမျာ၏ အင်္ဂါရုပ်မှာ သိပ်ပြီး တောပုံကတော့ မပေါ်ပါ ။ သို့သော် ခပ်ထူထူ အမူအရာ ခပ်ပျော့ပျော့အသံနှင့် ...

“ ဟာ မများဘူးလားဗျာ ...”

“ မများဘူး ၊ အခု အိုဂျီအယ်လ်ကိစ္စနဲ့ နိုင်ငံခြားချည်တွေ မရောက်လို့ အထည်ဈေး တွေ တက်တယ်ဗျ ...”

ဝယ်သူသည် အထည်ကို ကိုင်ကြည့်ကာ ..

“ လျှော့ပါဦးဗျာ ...”

“ ကဲ .. ကဲ မနက်စောစော ဈေးဦးနာဦး ၊ တစ်ကျပ်လျှော့လိုက်မယ် .. ၁၆ကျပ်နဲ့ ယူသွား ...”

ဈေးဝယ်သူသည် ခပ်တွေတွေနှင့် ..

“ များသေးတာပဲဗျာ ... ”

“ ဒါဖြင့် ခင်ဗျား ကြိုက်တဲ့ဈေး ပေးဦးလေ ... ဒီလိုပဲ ဆိုကြဆစ်ကြတာပေါ့ ...”

ဝယ်သူသည် အရဲစွန့်ဟန်ဖြင့် ...

“ ၁၄ ကျပ်ထားပါဗျာ .... ”

ကိုတင်လှသည် ဝယ်သူ မမြင်အောင် မအေးကြည်ကို တစ်ချက် ကြည့်၍ ပြုံးလိုက်ပြီး ...

“ ကဲ .. ကျုပ် နောက်ဆုံးဈေး တစ်ခွန်းတည်း ပြောလိုက်မယ် ။ ၁၅ကျပ်ကတော့ တစ်ပြားမှ မလျှော့နိုင်တော့ဘူး ။ ကြိုက်ရင်လည်း ယူသွား ဒါပဲ ... ”

ဝယ်သူသည် အလွယ်တကူပင် ထုတ်၍ ပေးသွားလေသည် ။ ကိုတင်လှ အကြီးအကျယ်ကျေနပ်သော သက်ပြင်းကြီးကို ‘ ဟင်း ’ ခနဲ ချလိုက် လေသည် ။

မအေးကြည်က သူ့နောက်စေ့က ဆံစကလေးကို ကုပ်ကာ ပြုံးကျဲကျဲ လုပ်နေလေသည် ။

ကိုတင်လှ သူ့လက်က နာရီကို ကြည့်လိုက်သည် ။

“ ဟော ... ၉ နာရီထိုးပြီ ”

လင်မယား နှစ်ယောက်သား တောင်မြောက်လေးပါးကိုကြည့်သည် ။ မကြာမီ၌ သူတို့မျက်နှာသိ လူတစ်ယောက်ရောက်လာကာ ...

“ ဆရာကြီးက ဟိုလက်ဖွဲ့ပေးလိုက်ပါတဲ့ ။ ယူ ... မယူလည်း အကျိုးအကြောင်း စကားပြန်ပါတဲ့ ... ”

ကိုတင်လှ နှင့် မအေးကြည်သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကြသည် ။

ကိုတင်လှက ထိုသူ သောက်ဖို့ လက်ဖက်ရည် မှာမည် ပြုရာ ...

“ ဟာ .. နေပါစေ ၊ ကျွန်တော် သောက်ခဲ့ပြီးပြီ ။ ဆရာကြီးက အမြန်ဆုံး ပြန်ခဲ့ဖို့ ကျွန်တော့်ကို မှာလိုက်တယ် ။ လက်ဖွဲ့ကိုလည်း ပြန်ယူခဲ့ပါတဲ့ ။ ယူမယ်ဆိုလည်း ငွေနဲ့ တစ်ခါတည်း လိုက်ခဲ့ပါတဲ့ ... ”

ကိုတင်လှသည် အနည်းငယ် စဉ်းစားဟန် ပြုပြီး

“ ကဲလေ … ဒါဖြင့် လက်ဖွဲ့ပြန်ယူသွားဦး .. ။ အကျိုးအကြောင်းတော့ ကျွန်တော်တို့ တော်ကြာမှ လာပြောမယ် ။ ဆရာကြီးကို ခဏဆိုင်းပါဦးလို့ ပြောလိုက်နော် ... ”

မအေးကြည်သည် သူ ခုနက အမွှေးရည် တဖျပ်ဖျပ်ဆွတ်ဖျန်းနေသော ပန်းအိုးထဲမှ လက်ဖွဲ့ကို ယူ၍ ပေးလိုက်လေသည် ။

ထိုသူ ထွက်သွားသောအခါ၌ သူတို့လင်မယား တိုင်ပင်ကြလေသည် ။ ဤစဉ်တွင် ရောက်လာသော ဝယ်သူများအား အခုနက အရှိန်နှင့် ဈေးဆိုကြရာ တည့်သည် မရှိဘဲ လန်၍လန်၍သာ သွားကြလေသည် ။

ထိုအခါ၌ ကိုတင်လှက ...

“ ကဲ ဆရာကြီးလက်ဖွဲ့ တန်ခိုးကတော့ ထူးခြားနေပြီ ။ အခု သူ မရှိဘူးဆိုပဲ ။ ဝယ် သူပါးသွားပြီ ။ လာသမျှလည်း ဆိုတိုင်း မကိုက်ဘူး ဈေလန်ကုန်ကြပြီ ... ”

မအေးကြည်သည် လက်ထဲက ဗွီစီးကရက်ကို ဖွာရင်း ...

“ အင်း ... ဟုတ်တယ် ကိုတင်လှ ၊ တော်တော်တော့ ထူးခြားတာပဲ ... ”

ကိုတင်လှသည် ဝမ်းသာအားရနှင့် ...

“ ထူးခြားဆို မင်းနှယ်ကွာ … ငါ ဈေးဆိုလိုက်ရင် ဝယ်သူတွေမှာ မှင်တက်မိသလိုပဲ ... ငိုက်ပြီးတော့ မဆစ်ရဲမပြုရဲ ငါဆိုတဲ့ ဈေးကိုပေးတာကွ…. ”

မအေးကြည်က ထောက်ခံသော မျက်လုံးနှင့် ...

“ အင်း ... ဟုတ်ပါရဲ့တော် ... ”

ဤတွင် ကိုတင်လှသည် သူ့မိန်းမမျက်နှာစေ့စေ့ကြည့်၍ ...

“ ကဲ … ဘယ်နှယ့်လဲ ဒါဖြင့် ဝယ်လိုက်မလား ”

မအေးကြည်သည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ...

“ တစ်ထောင် ဆိုတော့ မများဘူးလားတော် ... ”

ကိုတင်လှက မအေးကြည် ဆီက စီးကရက်တိုတို လှမ်းယူလိုက်ရင်း ...

“ ဟ .. ဒါတော့ မများဘူးကွ ။ အခု ကိုယ်တို့ သူ့ဆောင်ပြီး တစ်နာရီလောက် ရောင်းလိုက်ရတာပဲ …. ငွေငါးဆယ်လောက် မြတ်နေပြီ ။ ဒီနှုန်းအတိုင်းသွားရင် လေးငါး ရက်ဆို ကျေတာပေါ့ .. ”

“ ဒါဖြင့် ကိုယ့်သဘောပဲလေ ... ”

“ ဟေ့ ... ငါ့သဘောချည်း မထားပါနဲ့ကွာ … ၊ မင်းသဘောလည်း ထည့်ပါဦး ...”

“ အေးလေ ... ကျွန်မ သဘောလည်းပါတော် ၊ လုပ် ”

“ လုပ်ဆို အခု ဝယ်ရင် ဟို ၃၀ဝ ကျပ် နှိမ်ပြီး နောက်ထပ် ၇၀ဝ ကျပ် ပေးရမှာ ၊ ကိုယ်တို့ လက်ထဲ ပြည့်ရဲ့လား ... ”

“ အို .. လိုတာ ဟိုကဒီက ကြည့်ရှု လှည့်တာပေါ့တော် ... ”

နောက်များမကြာမီ အတွင်း၌ ကိုတင်လှသည် ငွေ ၇၀၀ ကျပ် အိတ်ထဲထည့်ကာ သိမ်ကြီးဈေးမှ ထွက်ခွာသွားလေ၏ ။

အကြောင်းသော်ကား ကိုတင်လှ နှင့် မအေးကြည်သည် တစ်ဆင့်စကားမှ တစ်ဆင့်ဆက်၍ ‘ ဈေးခေါ်အာဏာတည် လက်ဖွဲ့ ’ ကို လုပ်ပေးနိုင်သည် ဆိုသော ဆရာကြီး တစ်ဦးကို တွေ့၏ ။ ထိုဆရာကြီးက ရဲဝံ့စွာ အာမခံသည် ။ သူ့လက်ဖွဲ့ကို ပထမယူ၍ စမ်းကြည့်ပါ ။ ကြိုက်မှ ဝယ်ပါ ... ။

စမ်းကြည့်ရာ၌ တစ်နာရီတိတိ အချိန်ပေးမည် ။ စပေါ်ငွေ ၃၀၀ ကျပ် ထားခဲ့ရမည် ။ မကြိုက်၍ မဝယ်ဘူး ဆိုသော် ထိုငွေကို ပြန်ပေးမည် ။ သို့သော် အပြည့်မဟုတ် ။ တစ်နာရီငှားခအတွက် ငွေ ၅ဝ ကျပ် နုတ်မည် ။ ဒါပေမဲ့ ၎င်းလက်ဖွဲ့ယူထားသည့် တစ်နာရီအတွင်း ထူးခြားမှပါ ။ မထူးခြားလျှင် တစ်ပြားမှ မပေးပါနှင့် ။ ညာတော့ မညာနဲ့လေ ။ ညာတာကို ဆရာကြီး မကြိုက်ဘူး ။ ဆရာကြီးကကောင်းကျိုး ပေးနိုင်သလို မကောင်းကျိုး ဖြစ်အောင်လည်း လုပ်နိုင်တယ် ... ။

ဤစည်းကမ်းချက်ကို သဘောကြိုက်ညီ၍ ကိုတင်လှ နှင့် မအေးကြည်သည် ယနေ့နံနက် ၈ နာရီ မှ ၉ နာရီအထိ တစ်နာရီတိတိ စမ်းရန် ၎င်းဆရာကြီးထံမှ လက်ဖွဲ့ကို ငွေ ၃ဝဝ ကျပ် စပေါ်တင်၍ ယူခဲ့သည် ။

ယခု သဘောကျ၍ အပြီးဝယ်တော့မည်ဟု ငွေ ၇၀၀ ကျပ်နှင့် သွားသည် ။ အလွယ်တကူပင် ဆရာကြီးကို သူ့ တဲအိမ်မှာ တွေ့၍ ငွေချေပြီး ဈေးခေါ်အာဏာတည်လက်ဖွဲ့ကို ယူခဲ့လေသည် ။

သို့သော် ၎င်း ဈေးခေါ်အာဏာတည်လက်ဖွဲ့သည် ကိုတင်လှ မအေးကြည်တို့ ဆိုင်သို့ ပြန်ရောက်ပြီးသည့် နောက်နောင်၌ ဈေးရောင်း၍ ပြု၍ မည်သို့မျှ ထူးခြားခြင်း မရှိတော့ချေ ။

ကိုတင်လှ က ဤလက်ဖွဲ့ ဝယ်ယူလိုက်ပြီးသည့်နောက် တစ်နေ့၌ပင် ဆရာကြီးသည် အာယုဒီဃ ဝက်သားတုံးကိုစားရန် ပုပ္ပားတောင်မြတ် တောင်ကလပ်သို့ ကြွသွားသည်ဟု ကြားရ၏ ။  ။

⎕ သော်တာဆွေ
📖မြဝတီမဂ္ဂဇင်း
📖ဟာသဝတ္ထုတိုများ ( ၂ )

No comments:

Post a Comment