❝ ငွေသုံးထောင် ❞
( ပီမိုးနင်း )
ဝန်ထောက် ဦးအောင်ထွန်းသည် မိမိ၏ တစ်ဦးတည်းသော သမီးကလေး ၊ တေလေနှင့် တိတ်တဆိတ် စကားပြောသည်ကို သိရသောအခါ မခံရပ်နိုင်အောင် ရှိလေ၏ ။ ထိုအခါ၌ မြန်မာပြည်ဘုရင်ခံ မအုပ်ချုပ်သေး ။ ကော်မရှင်နာမင်းကြီး အုပ်ချုပ်၍ ဝန်ထောက်ကြီးမှာ ကော်မရှင်နာမင်းကြီး အထူးယုံကြည်သော အရာရှိကြီး တစ်ယောက် ဖြစ်လေ၏ ။
“ မင်း ဘနိုင် ဆိုတာ မဟုတ်လား ။ မင်းအကြောင်းကို ငါ အကုန်သိတယ် ။ မင်း ဒီခြံထဲကို ဘာလုပ်လာတာလဲ ။ မင်း အလုပ် မရှိဘူး ။ ကြိုးလိမ် ၊ ဂျင်လိမ် ၊ ရွှေလိမ်လို့ ပြောကြတယ် ။ မင်း နောက်တစ်ခါ တွေ့ရရင် ဒီခြောက်လုံးပြူး သေနတ်ကို ကြည့် ” ဟု ပြောပြီး ဘနိုင်ကို သေသေချာချာ ကြည့်လေရာ လူချောလူလှ တစ်ယောက် ဖြစ်သည်ကို တွေ့ရှိလေလျှင် သနားချစ်ခင်သလို ဖြစ်၍ သွားလေ၏ ။ အကြောင်းမူကား ဝန်ထောက်ကြီးမှာ သားယောက်ျား မရှိသူ ဖြစ်လေ၏ ။
ထိုအခါ သမီး မဟန်က “ သူ မလိမ်ပါဘူး ဖေဖေ ။ ဆရာမှတ် ကျောင်းထွက်ပါ ။ သူ့ဦးကြီး လိမ်တာပါ ။ သူ့ဦးကြီးကို ကြောက်လို့ သူ့ဦးကြီး ခိုင်းတာကို လုပ်နေရတာပါ ။ ကျွန်မ သိပါတယ် ” စသည်ဖြင့် ပြောဆိုတောင်းပန်လေ၏ ။ ဘနိုင် ကလည်း မိမိ လိမ်လည်လိုသော စိတ် မရှိကြောင်း ၊ ရိုးရိုးသားသား လုပ်ကိုင် အသက်မွေးဖို့ စိတ် ရှိကြောင်း ၊ မဟန် က မိမိအတွက် အလုပ်ရဖို့ရန် ဝန်ထောက်ကြီးအား ပြောပေးမယ် ဆိုသည့်အတွက် အလုပ်အကြောင်းကို လာ၍ မေးကြောင်းနှင့် ချေငံစွာ ပြောလေရာ ဘနိုင် မှာ လူစွမ်းလူစ ရှိကြောင်း ၊ ဉာဏ် ထက်မြက်ကြောင်း ၊ လိမ္မာရေခြားရှိဟန် တူကြောင်း တွေးမိ၏ ။
“ လိမ်စားတယ် ဆိုတာ အတော် ဉာဏ်ကြီးမှ ဖြစ်တာ ။ မင်း ဘယ်လောက် အစွမ်းကောင်းသလဲ ဆိုတာ ပြနိုင်ရဲ့လား ” ဟု သတ္တိကို သိလိုသဖြင့် မေးလေ၏ ။
“ ဘယ်လိုပြရမယ် ဆိုတာ အမိန့်ရှိပါ ဘုရား ။ ကျွန်တော်မျိုး စွမ်းသလောက် ကြိုးစားပါမယ် ”
“ လောကမှာ ငွေလောက် ဘာမှ အရေးမကြီးဘူး ။ ငွေရအောင် ရှာနိုင်ရင် စွမ်းတာပဲ ”
“ ဘယ်လောက် ရှာရပါ့မလဲ ဘုရား ”
“ တစ်လအတွင်း ငွေသုံးထောင် ရအောင် ရှာနိုင်ရင် မင်း လူစွမ်းကောင်းပဲ သိလား ” ဟု ပြောလေ၏ ။
ဝန်ထောက်မင်း၏ စိတ်၌ကား ဤသူငယ် ဆရာမှတ် ကျောင်းသားလည်း ဖြစ်တယ် ။ ရုပ်လည်း တော်တယ် ။ အစွမ်းသတ္တိလည်း ရှိပုံရတယ် ။ အစွမ်းသတ္တိ ဆိုသည်မှာ မကောင်းရာမှာ သုံးလျှင် မကောင်း ဖြစ်နေတာပဲ ။ ကောင်းရာမှာ သုံးရင် အကောင်း ဖြစ်တာပဲ ။ သူ့အစွမ်းကို သိရပြီး ကောင်းရာမှာ သုံးရအောင် လုပ်ရလျှင် ကြီးပွားမှာပဲ စသည့် အယူမျိုးကို စိတ်၌ထားရှိသူ ဖြစ်၏ ။ ထို့ပြင် မိမိ ငယ်စဉ်က မဟန်၏ မိခင်နှင့် အတွေ့ မှာ အချစ်၏ အစွဲသန်ခြင်း အဘယ်မျှလောက် ကြီးသည် ။ အချစ်ကို စွဲလျှင် တစ်ဦးတည်းသော သမီးကလေးမှာ အဘယ်ပုံဖြစ်မည်ကို ဆင်ခြင်ကာ သမီးကလေးကို ချစ်အားကြီးသောကြောင့် တစ်ကြောင်း ၊ သမီးကလေးနှင့် ချစ်ကြိုက်နေသည်မှာ အတော်ကြာပြီ ဖြစ်ကြောင်းကို သိပြီးသည့် အတွက် အချစ်ကို ဖျက်လျှင် အရှက်တကွဲ ဖြစ်လောက်အောင် တစ်စုံတစ်ရာ ဖြစ်မည် စိုးသောကြောင့် တစ်ကြောင်း ၊ နဂို စိတ်ရင်းကလည်း အများနှင့်မတူ မိမိ ထင်သလို ပြုတတ်သူ ဖြစ်သောကြောင့် တစ်ကြောင်း ။ မိမိကိုယ်တိုင် သိမ်သိမ်ငယ်ငယ် ဘဝမှ ဝန်ထောက်ကြီး ဖြစ်ခဲ့သောကြောင့် တစ်ကြောင်း စွန့်စားကာ အများလူကုံထံတို့ မကြံမတွေးသော အရာကို ကြံတွေးစိတ်ကူးခြင်း ဖြစ်လေ၏ ။
“ မင်း ငွေသုံးထောင် တစ်လအတွင်း ရအောင် ကြံနိုင်ရင် လူစွမ်းကောင်းပဲ ။ သည်တော့မှ မင်း ဒီအိမ်ကို လာခွင့်ရမယ် ။ အစွမ်းကောင်းပြီး လူကောင်းဖြစ်ချင်တဲ့ စိတ် ရှိကြောင်း သိရရင် မင်း လောကမှာ ဘာမဆို ဖြစ်နိုင်တယ် ” ဟု ပြောလေ၏ ။
မယ်ဟန် ၏ စိတ်၌ကား ဘနိုင် နှင့် မိမိ တွေ့ရတော့မည် မဟုတ်ဟု စိတ်ချကာ အခန်းထဲ၌ ခွေလျောင်း အားငယ်စွာ မျက်ရည်အသွယ်သွယ်နှင့် နေရရှာလေ၏ ။ အကြောင်းမူကား ဘနိုင်၏ အစွမ်းသတ္တိဖြင့် ငွေသုံးထောင် ရဖို့ရန် လွန်စွာ ခက်မည်ကို စဉ်းစားလေလေ သိရလေလေ ဖြစ်လေ၏ ။ ထိုနေ့မှစ၍ ဘနိုင် ကို မတွေ့ ရတော့ချေ ။
ညတစ်ည ကိုးနာရီ အချိန်ခန့်တွင် ဝန်ထောက်ကြီး ညစာစားပွဲ ထိုင်နေခိုက်မှာ ဘနိုင် ဝင်၍ လာလေ၏ ။ ဝန်ထောက်ကြီးက ဇွန်းခက်ရင်းကို ချကာ -
“ မင်းဘာကိစ္စလာသလဲ ”
“ ဘယ်လိုရရပဲလား ဆိုတာ သိချင်လို့ လာပါတယ် ”
“ ဘာ ၊ ဘယ်လို ဘာရတယ် ”
“ ငွေသုံးထောင် ဘယ်လို ရရပဲလား ” ဟု လက်နှစ်ဖက်ကို နောက်ပစ်ကာ ဘနိုင် သည် မတ်တတ်ရပ်လျက် မေးလေ၏ ။ ဝန်ထောက်ကြီးသည် စဉ်းစား၍ နေလေ၏ ။ ထို့နောက် မျက်မှောင်ကုတ်ကာ ပြုံးစနဲ့နှင့်နေ၏ ။
“ အော်ရိုက် တရားသဖြင့် မင်း ရအောင် ရှာရမယ် ”
“ ကျွန်တော်မျိုး စိတ်မှာတော့ တရားတာပဲ ။ လူမိုက်များဆီက အလိမ္မာနဲ့ ညာယူတဲ့ ငွေဟာ တရားသလား ဘုရား ”
ဝန်ထောက်ကြီးသည် စဉ်းစား၍ နေပြန်၏ ။ ထို့နောက် “ အင်း လူမိုက်ရှိမှ လူလိမ္မာ ဝတယ် ဆိုတဲ့ စကား ရှိတယ် ။ မင်း လိမ္မာလို့ ရာဇဝတ်ပြစ်မှု ကင်းအောင် ကြံနိုင်ရင် လူလိမ္မာပေါ့ ။ ရာဇဝတ်မှု ဖြစ်အောင် မလုပ်ရဘူး ။ ရာဇဝတ်မှု မဖြစ်ရင် တရားတာပဲ ”
“ မဖြစ်ပါဘူး ဘုရား ၊ လူမိုက်တွေ ဆီက ညာယူမှာပါပဲ ဘုရား ”
“ ကောင်းပြီ ၊ မင်းအစွမ်းကို ငါ ကြည့်မယ် ။ အမှု မဖြစ်ရဘူး ”
“ မဖြစ်ရပါဘူး ဘုရား ” ဟု ပြောပြီး ဘနိုင် ထွက်၍ သွားလေ၏ ။
ဘနိုင်သည် ခိုးရမလား ၊ ခိုးလျှင်လည်း ရာဇဝတ်မှုပဲ ။ လိမ်ရင်လည်း ရာဇဝတ်မှုပဲ ။ တိုက်ရင်လည်း ဓားပြမှု ၊ လုယက်မှုဖြစ်ရင် ထောင်ခုနစ်နှစ် ။ မဟန် ဆိုတဲ့ အချစ်ကလေး အတွက် အဘယ်နည်းဖြင့် ငွေသုံးထောင် ရအောင် ရှာရပါ့မလဲ စသည်ဖြင့် ကြံစည်ကာ ကြီးစွာ အခက်အခဲ ကြုံ၍ နေရှာလေသတည်း ။ မဟန် မှာလည်း ကိုဘနိုင် ဖြင့် ငွေသုံးထောင်ကို ဘယ်နည်းနဲ့မှ ရတော့မည် မဟုတ်ဘူးဟု ပူပင်ကာ နေလေ၏ ။
ဘနိုင်သည် တစ်ခုသော လမ်းထောင့်၌ ထိုင်ကာ ငေးမောလျက် နေ၏ ။ ဒူ ဒူ ဒူ ဒူ ဒူ မြေလျှိုးမိုးပျံ လန်ပြူ ဆိုတဲ့ လူပျံ ခင်ဗျာ ။ ရေကို ကျော်ပြီး လာခဲ့ကြ ။ ရေကျော်၏ တစ်ဖက်မှာ ရုံတော်ကြီး ထွက်ပေါ်၍ နေပါသည် ။ သတိုးကညာတွေက မိုးရွာပေမယ့် တိုးသာ လာခဲ့ကြ ။ ကျုပ်တို့ ရုံက အမိုးအကာတွေနဲ့ ခင်ဗျာ့ ” ဟု ရွတ်ဆော်သော မောင်းသမား ကို ဘနိုင် မြင်ရလျှင် ပြုံး၍ နေ၏ ။
“ ဟေ့ ... မောင်းဆရာ လုံးအာ ” ဟု ဘနိုင် က ခေါ်၏ ။ မောင်းဆရာသည် ဘနိုင် ထံ ချဉ်းကပ်၍ လာ၏ ။ ဘနိုင် က မေး၏ ။
“ ပထမတန်းက ၅ိ ၊ ဒုတိယတန်းက ၂ိ ၊ တတိယ တန်းက ၁ိ ၊ သည့်ပြင်တော့ ၈ ပဲ ၄ ပဲ ဆရာ ”
“ ဘယ်တော့လဲ ”
“ သန်ဘက်ခါ ခင်ဗျာ့ ”
“ အခုကစပြီး မောင်းခတ်နေရသလား ခင်ဗျာ့ ”
“ ဇော်ဂျီက တစ်ညသာ ပြမယ် ပြောတယ် ။ ဒီတော့ ရုံရှင်က စောစောက ကြော်ငြာရတာပဲ ”
“ သန်ဘက်ခါလား ”
“ ဟုတ်ကဲ့ ၊ ဆရာ ဘာလုပ်နေသလဲ ”
“ မင်းနောက်တော့ သိရမှာပေါ့ ။ သာရွှန်း တစ်ယောက် ဘယ်မှာလဲ ”
“ သူက အခု ရုံရှင်ပေါ့ ဆရာ ”
“ ဪ .. ဟုတ်လား ၊ အခု ကြော်ငြာတာ သာရွန်းကလား ”
“ ဟုတ်ပါတယ် ဆရာ ”
ဒူ ဒူ ဒူ ဒူ ဟု မောင်းတီးကာ မောင်းဆရာ ထွက်၍ သွားလေ၏ ။ လက်မှ စာရွက်များကိုလည်း ဖြန့်ဝေလေ၏ ။ ထိုစာရွက်များမှာ ကုလားဇော်ဂျီ ၊ မြေလျှိုးမိုးပျံ၍ ပြမည် ဟူသော ကြော်ငြာ ဖြစ်လေ၏ ။ လက်မှတ်များ ကို ထိုနေ့က စ၍ ပြမည် ။ ရုံမှာ တင်ကြို ယူကြရမည်ဟု ပါရှိလေ၏ ။
ထိုနေ့ညနေ ကျူထရံကာသော ရေကျော်ရပ် ၊ ပြမည့် နေရာမှာ လူပရိသတ်တွေ တိုးဝှေ့ကာ သူ့ထက်ငါ လက်မှတ်များကို ဝယ်ယူကြလေ၏ ။ နောက်တစ်နေ့လည်း ထို့အတူ တစ်နေ့လုံး လူတွေ ကြိတ်ကြိတ်တိုး၍ နေကြလေ၏ ။ နှုတ်ခမ်းမွေးကြီး ထောင်ထောင် ၊ မျက်မှန် စိမ်းကြီးနှင့် ဦးသာရွှန်း ခေါ် ရုံရှင် မှာ တပည့်နှစ်ယောက် နှင့် ငွေတွေကို ကျွန်းသေတ္တာကြီး ထဲသို့သာ တွင်တွင်ကြီး ထည့်၍ နေရလေ၏ ။ နောက်ပြမည့် နေ့၌လည်း ထို့ အတူ ။ တစ်နေ့လုံး လက်မှတ်များကို ရောင်း၍ နေရလေ၏ ။ ထိုနေ့၌ကား ရောင်းသူသည် သာရွှန်း ဆိုသူ မဟုတ် ။ ဇော်ဂျီ ကိုယ်တိုင် ဖြစ်လေ၏ ။
သာရွှန်း အကြောင်းကို မောင်းခတ်သမားမှ တစ်ပါး မည်သူမျှ မသိချေ ။ ၎င်းစကားအရ သာရွှန်း သည် ဇော်ဂျီ နှင့်အတူ သီဟိုဠ် မှ ပါ၍လာသူ ဖြစ်လေ၏ ။ ဇော်ဂျီ ကို သာရွှန်း က ခေါ်ခဲ့လေသလား ၊ သာရွှန်း က ဇော်ဂျီ ကို ခေါ်ခဲ့လေသလားဟု သေချာစွာ မသိရချေ ။
ညနေငါးနာရီ၌ လက်မှတ် အရောင်းရပ်လေ၏ ။ ကျူထရံတွေ ကာရံ၍ ထားသော ကွင်းပြင်ကြီးမှာ လူတွေ ကြပ်၍ နေ၏ ။ ကော်မီရှင်နာမင်းကြီး နှင့် ဝန်ထောက်ကြီး သည် စပါယ်ရှယ် နေရာ၌ အတူ ကုလားထိုင်များနှင့် ကြည့်ကြ၏ ။ အခြား လူများမှာ များအားကြီးသဖြင့် နေရာ ခမ်းနား မရှိ ၊ ရပ်၍ ကြည့်ကြရမည် ဖြစ်လေ၏ ။ အကြောင်းမူကား မြေကို လျှိုး၍ ပြခြင်း ၊ မိုးကိုပျံ၍ ပြခြင်း ၊ ကိုယ်ကို ဖျောက်၍ ပြခြင်းဟု မကြုံစဖူး ထူးဆန်းသော အတတ်ပြပွဲကြီးကို မသေမီ တစ်ကြိမ်တစ်ခါသာ တွေ့ကြုံ ရဖို့ရှိလေရာ မတ်တတ်ပင် ကြည့်ရစေတော့ ဝန်လေးဖို့ မရှိချေ ။ ထိုကွင်းပြင်ကြီး၏ လက်မှတ်ရောင်းသော ထောင့်မှာကား လုံခြုံသော လက်မှတ်ရုံကလေး တစ်ခု ရှိ၏ ။ ထိုလက်မှတ်ရုံနှင့် ဆက်လျက်ရှိသော အခြား တဲရုံကလေး ရှိ၏ ။ ထိုရုံနှစ်ခုကို ဆက်သွယ်သော လမ်းမှာ ကျူထရံများ အကုန် ကာ၍ ထားသဖြင့် အတွင်းကို ဖောက်၍ မမြင်ရချေ ။ လူများသည်ကား စိတ်အားထက်သန်စွာ ကြည့်၍ နေကြလေ၏ ။ မပြသေးဘူးလား ၊ ပြပါတော့ ထွက်ပါတော့ စသည်ဖြင့် ရုပ်ရှင် တစ်မတ်တန်းသမားများ ဆူသလို ဆူကြ၏ ။ အတန်ကြာသော အခါ စိန်သံ အမြောက်သံကဲ့သို့ မြည်လေ၏ ။ မီးခိုးများသည် တဲရုံ နှစ်ခုနှင့် ၎င်းတို့ကို ဆက်သွယ်သော လမ်းမှာ မှောင်ကျ၍ သွားလေ၏ ။ ပရိသတ်တို့သည် အံ့အားသင့်လျက် ငြိမ်၍ သွားကြ၏ ။ ထို့နောက် ၎င်းအသံများသည် တိုး၍ ပြင်းထန်စွာ ထွက်ပေါ်၍ လာကြ၏ ။ လော်ပန်နံ့ နှင့် ကောင်းကင် တစ်ခုလုံးမှာ မည်းမှောင်၍ သွားကြ၏ ။
လူပရိသတ်များသည် မြေလျှိုး မိုးပျံမည့် ဇော်ဂျီ ကို မီးခိုးများထဲ၌ မြင်ရမလားဟု ကြည့်ကြ၏ ။ အချို့က မီးခိုးများထဲတွင် မြင်ရသည်ဟု ပြောကြ၏ ။ နောက်ဆုံး၌ လော်ပန်နံ့ နှင့် မီးခိုးမှောင်ကြီး တိုး၍ ထူထပ်စွာ ကျ၍ လာလေ၏ ။ လူများသည် ထက်သန်သော ဇောနှင့် ကြည့်ကြ၏ ။ မီးခိုးများသည် အစိုင်အခဲ အလုံးအရင်းနှင့် ထွက်ပေါ်ကြ၏ ။ ဆယ်မိနစ်ခန့် မည်းမှောင် ထူထဲ၍ နေလေ၏ ။ ဇော်ဂျီ လို ထင်ထင်ရှားရှား မြင်ရမည်ဟု မျှော်ကိုးကာ ကြည့်ကြ၏ ။ တစ်စုံတစ်ရာ အသံကိုမျှ မကြားရချေ ။
ထိုအခိုက်တွင် ကျူထရံ ရုံကလေးထဲမှ ဘနိုင်သည် အလွန် ဒေါသဖြစ်ကာ စိတ်ဆိုးလျက် ကြိမ်းမောင်းဆဲရေးရင်း ထွက်လာလေ၏ ။ လူပရိသတ်များ ရှိရာသို့ ပြေး၍ လာ၏ ။
“ ခင်ဗျားတို့ ဘာစောင့် နေကြတာလဲ ၊ ဟိုရုံတွေထဲမှာ ကျုပ်တော့ ဘာမှ မတွေ့ခဲ့ရဘူး ။ ဇော်ဂျီ ပျောက်သွားသလား မသိဘူး ။ လာကြည့်ကြ ၊ ဘာလူမှ မရှိဘူး ။ လူမိုက်ရှိ လူလိမ္မာ ဝမ်းဝဆိုတာ ကျနေပြီ ။ ကျုပ်တို့ လူမိုက်တွေပဲ ” ဟု ဝန်ထောက်ကြီးကို ကြည့်ကာ ပြောလေ၏ ။ ပရိသတ်များလည်း ပြေးဝင်၍ ကြည့်ကြ၏ ။ ပေါ်၍ လာဦးမည်လား ၊ တစ်စုံတစ်ရာ တွေ့ရဦးမည်လားဟု မျှော်ကိုးကာ ဆက်၍ စောင့်ကြ၏ ။ ဘာကိုမျှ မတွေ့ရချေ ။ နေဝင်၍ သွားသောအခါကျမှ တစ်မြို့လုံး ဝန်ရှင်တော်မင်းကြီးက စပြီး အလိမ်ခံရသည်ဟု ဥက္ကောဋေးယျ ဖြစ်ကာ ပြန်ကြရာ ဇော်ဂျီ နှင့် သာရွှန်း ခေါ် ပြပွဲရုံပိုင်ရှင်ကို တွေ့အောင် ရှာပြီး သ,တ်ပစ်ဖို့ ကောင်း သည်ဟု ပြောကြ၏ ။ အချို့ကလည်း ချီးမွမ်းကြလေ၏ ။ အချို့က ငွေတွေ အများကြီး ရကြောင်း လျှို့ဝှက် ယူပြေးပုံ ထူးဆန်းကြောင်းကို ပြောကြ၏ ။ အချို့က မီးခိုးတွေ မှောင်ချခြင်းဟာ လူမမြင်အောင် ပြေးဖို့ ကြံခြင်းနှင့် တူကြောင်း ၊ အချို့က ရုံနောက်ဖေးမှ ဇော်ဂျီ နဲ့ ကိုသာရွှန်း ဆိုသူ မြင်းရထားနှင့် ထွက်သွားသည်ကို မြင်လိုက်ရကြောင်း စသည်ဖြင့် ပြောကြလေ၏ ။
နောက်တစ်နေ့ ညဉ့်သန်းခေါင်ကျော်ခန့် အချိန်တွင် လူတစ်ယောက်သည် ထိုနေရာသို့ မြင်းရထားနှင့် ရောက်၍ လာလေ၏ ။ အမှိုက်တွေ ၊ ပြာတွေ ရော၍ နေသော အပုံကြီး တစ်ခုကို ခြေနှင့် သိမ်းဖယ်ပြီး သေတ္တာတစ်လုံးကို မြင်းရထားကု,လားနှင့် အတူ ဆွဲမ၍ မြင်းရထားပေါ်သို့ တင်ပြီးလျှင် လမ်းမတော်ရပ် လမ်းကြား တစ်ခုသို့ ရောက်၍ သွားလေ၏ ။ သေတ္တာကို အိမ်ပေါ် သို့ တင်ပြီးနောက် မြင်းရထားကု,လားအား ဒိုတီကို ဖြန့်၍ အခံခိုင်း၏ ။ မြင်းရထားစီးသူသည် ငွေများကို လက်ခုပ်နှင့် သုံးခါ ကျုံး၍ ထည့်လေ၏ ။ ကု,လားလည်း အများကြီး ဆလံပေး၍ ထွက်သွားလေ၏ ။ ထိုအိမ်အခန်းထဲ၌ ဘနိုင် သည် တစ်ကိုယ်တည်း ထိုင်ကာ ငွေစက္ကူတွေ ၊ ငွေဒင်္ဂါးတွေ ၊ ရွှေဒင်္ဂါးတွေ ပြည့်၍ နေသော သေတ္တာကလေး ထဲမှ နှုတ်ခမ်းမွေး တစ်ခုနှင့် မျက်မှန်ကို ယူ၍ တပ်ကာ မိမိကိုယ်ကို ရှေ့၌ ရှိသော မှန်ထဲတွင် ကြည့်ပြီး “ ဪ ... သာရွှန်း သာရွှန်း ” ဟု ပြောကာ အားရပါးရပင် ရယ်လေ၏ ။ ၎င်းနောက် မုတ်ဆိတ်နှင့် ဆံပင် ဦးထုပ်ကို စွပ်လိုက်ရာ ဇော်ဂျီ ဖြစ်၍ သွားလေ၏ ။ ဘနိုင် သည် တစ်ကိုယ်တည်း ပြုံးကာ လူမိုက် ရှိမှ လူလိမ္မာ ဝမ်းဝ ဆိုတဲ့ ယောက္ခမကြီးရဲ့ စကားဟာ တယ်မှန်ပါကလားနော်ဟု မေးထောက်ကာ စဉ်းစား၍ နေလေ၏ ။ ၎င်းနောက် ဆံမုတ်ဆိတ်တွေကို အဝတ် တစ်ခု၌ ထုပ်လေ၏ ။
ထိုအခိုက်တွင် မောင်းသမား တက်၍ လာလေ၏ ။ ဘနိုင် ကို ကြည့်ကာ ယီးတီးယားတား ဖြစ်၍ နေ၏ ။
“ ကိုသာရွှန်း တစ်ယောက် မရှိဘူးလား ။ ကိုဘနိုင် ဒီမှာ နေသလား ”
“ ကိုသာရွှန်း ၊ သူ့ဇော်ဂျီနဲ့ ဘယ်လိုက်သွားသလဲ မသိဘူး ။ မနေ့ကပဲ သွားတယ် ။ ငါ့ကို ဒီအခန်း လွှဲပစ်ခဲ့တယ် ။ ဘာကိစ္စလဲ ”
“ ကျွန်တော် မောင်းတီးခလည်း မရဘူး ခင်ဗျာ ။ အခု လူတွေက ကျွန်တော့်ကို လိမ်တဲ့ အထဲမှာ ပါတယ်လို့ စွဲနေကြတယ် ။ ကျွန်တော် နေစရာလည်း မရှိ ၊ စားစရာလည်း မရှိ ။ လမ်းထွက်ရင်လည်း လူတွေက ဝိုင်းဆဲတယ် ။ ကိုဘနိုင်ရဲ့ အင်မတန် ခက်နေတာပဲ ”
ဘနိုင်သည် စဉ်းစား၍ နေပြီး သေတ္တာအဖုံးပေါ်သို့ ခြေကိုတင်ကာ “ ဒီလိုဖြင့် မင်း ဒီမှာပဲ နေပါလား ။ ငါ့မှာလည်း ခိုင်းစရာလူ မရှိဘူး ။ မင်း ထမင်း စားပြီးပလား ။ ရော့ .. သွားစားချေ ဟု ပြောကာ အိတ်ထဲမှ ငါးကျပ်တန် စက္ကူတစ်ချပ်ကို ထုတ်ပေးလိုက်ရာ မောင်းသမားမှာ မောင်းဆော်ခ မက ရ၍ နေသောကြောင့် အားရဝမ်းသာ ထွက်သွားလေ၏ ။
နောက်တစ်နေ့ ဝန်ထောက်ကြီး ထံသို့ ရောက်၍ သွားလေ၏ ။ ရှေးကနှင့်မတူ ၊ စိန်လက်စွပ် တစ်ကွင်းတည်း မှာ သုံးထောင်နီးနီး တန်၍ နေသည်ကို ဝန်ထောက် မင်း သိရလေ၏ ။
“ မင်း ဘယ်နည်းနဲ့ ရသလဲ ” ဟု ဝန်ထောက်မင်း က ၎င်းကို စိုက်၍ကြည့်ပြီး မေးလေ၏ ။
လူမိုက်ရှိ လူလိမ္မာဝမ်းဝ ဆိုတဲ့ စကားအတိုင်း ဟု ပြောလေ၏ ။
ဝန်ထောက်မင်းသည် မျက်မှောင်ကုတ်ကာ စဉ်းစား၍ နေလေ၏ ။ ဇော်ဂျီဈာန်ပျံပွဲကို သတိရ၏ ။ ထိုပွဲ၌ ဘနိုင် ကျူထရံရုံထဲမှ ထွက်၍ လာပြီး ပြောသော စကားများကို သတိရလေ၏ ။ ဝန်ထောက်မင်းလည်း ပြုံးလျက် ဘနိုင်ကို ကြည့်ပြီး “ ငါတို့လည်း လူမိုက်ထဲ ပါတော့တာပေါ့လကွဲ့ ” ဟု ပြောလေရာ ဘနိုင် သည် ပြုံး၍သာနေလေ၏ ။
“ ဒါ နောက်ဆုံးပဲလား ”
“ နောက်ဆုံးပါပဲ ဘုရား ”
“ တကယ်နော် ”
“ ငွေ ခုနစ်ထောင်ကျော်ဟာ ရင်းလောက်ပါတယ် ဘုရား ။ ထပ်ပြီး လိမ်ဖို့ မလိုပါဘူး ” ဟု ဘနိုင် က ပြောလေ၏ ။
နောက်တစ်လလောက် ကြာသောအခါ အင်စပိတ်တော် မောင်ဘနိုင် နှင့် ဝန်ထောက်သမီး မဟန် ၏ မင်္ဂလာပွဲသည် အကြီးဆုံးသော မင်္ဂလာပွဲ ဖြစ်လေသတည်း ။
၎င်းမင်္ဂလာပွဲ ပြီးသောအခါ ဝန်ထောက်ကြီးသည် မည်သူမျှ မမြင်သော နေရာ၌ ဘနိုင် ၏ ပခုံးကို လက်နှင့် ပုတ်ကာ ကျောင်းမှာ သင်ခဲ့ရတဲ့ အင်္ဂလိပ်စာကလေးကို မမေ့စေနဲ့ ။ တိုးအောင် ကြိုးစား ၊ ဖေဖေ နောက်သုံးနှစ် ကြာရင် ပင်စင်ယူရမယ် ။ ဖေဖေ့ နေရာကို ရအောင် ကြိုးစား ၊ ရာဇဝတ်ဘက် ဆိုတာ ဉာဏ်ကြီးရင် ကြီးပွားတာပဲ ။ ဖေဖေ့သား ဉာဏ်ကြီးပေတယ် ” ဟု ပြောလေ၏ ။
“ လမ်းပွင့်သွားပါပြီ ဖေဖေ ။ တိုးတက်ဖို့တော့ ငွေ ၇ဝဝဝ ရအောင် ကြံရတာလောက် ခက်မယ် မထင်ပါဘူး ”
“ အေးလကွယ် ။ ဉာဏ်လည်း ကြီးမယ် ။ သတိလည်း ရှိမယ် ။ စိတ်လည်း ကောင်းမယ် ဆိုရင် ကြီးပွားရောပေါ့ ။ ဖေဖေလည်း နောက် သုံးနှစ် ကြာရင် ပင်စင် ယူရတော့မှာပဲ ။ ဖေဖေ့ နေရာကို ရအောင်ကြံ ။ ပညာကိုလည်း တိုးအောင် ကြိုးစား ” ဟု ယောက္ခမကြီးက အားပေးလေ၏ ။ ဘနိုင် မှာ ဉာဏ်စွမ်း သတ္တိ ရှိသမျှကို မကောင်းရာ၌ သုံး၍ နေရာမှ ကောင်းရာ၌ လှည့်၍ သုံးရာ နောက်သုံးနှစ်ခန့် ကြာသောအခါ ယောက္ခမကြီး၏ အရိပ်အရာကိုပင် ရသည်ဟု ကြားသိရလေသတည်း ။
▢ ပီမိုးနင်း
📖 သူရိယရုပ်စုံသတင်း
အတွဲ ၂ ၊ အမှတ် ၂၉
နိုဝင်ဘာ ၈ ၊ ၁၉၃၁
No comments:
Post a Comment