❝ အရုပ်ဆိုးသော အချစ်များ ❞
( ကြည်စိုးထွန်း )
“ ရဲဘော်တို့ ”
ကျယ်လောင်လှသော အသံဝါကြီးသည် ပိန်းပိတ်နေသော အမှောင်ထုကြီးကို ထိုးဖောက်ကာ ဟိန်းထွက်လာ၏ ။
“ ရန်သူတွေရဲ့ တိုက်လေယာဉ်တွေဟာ ငါတို့ နယ်မြေပေါ်ကို ဖြတ်သန်းနေကြပြီ ”
ကျွန်တော်သည် အရှေ့ဘက်ဆီမှ ထွက်ပေါ်လာသော အသံနက်ကြီးကို နားစွင့်ရင်း ငြိမ်သက်စွာ ရပ်နေမိသည် ။ ဘာသံ ထပ်ကြားရဦးမလဲ ။
“ ငါတို့ စစ်မျက်နှာက အမြောက်တွေ အဆင်သင့် ဖြစ်နေပြီ ဝေဟင်က လေယာဉ်တွေကို မီးမောင်းထိုးပေးကြပါ ။ ဝေဟင်က လေယာဉ်တွေကို မီးမောင်းထိုးပေးကြပါ ”
ကျွန်တော် ဤအသံကို ကျက်မိလာသည် ။
“ ဘုရားရေ ဒါ ခွေးပု အသံပါလား ၊ ဘာများ ဖြစ်နေပါလိမ့် ”
“ ရဲဘော် မျောက်ကျော် ”
ကျွန်တော့်ခန္ဓာကိုယ်သည် မတ်ခနဲ ဖြစ်သွားသည် ။
“ ရဲဘော်မျောက်ကျော် ငါ အမိန့်ပေးနေတာ ကြားတယ် မဟုတ်လား ”
အရှေ့ဘက်စစ်မျက်နှာမှ ကျွန်တော်၏ ရဲဘော် ခေါင်းဆောင်ကြီး ဗိုလ်ခွေးပု၏ အမိန့်ကို မလွန်ဆန်ရဲ ။ ချက်ချင်းလိုပင် ကျွန်တော့် အခန်းဖော်၏ လက်နှိပ်ဓာတ်မီးကို ဆွဲယူကာ -
“ ဟေ့ မြောက်ဘက်တန်းက လဒ တို့ ၊ တောင်ဘက်တန်းက ပွေးစိန် တို့ ဘာလုပ်နေကြလဲ ။ ဓာတ်မီး ၊ ဓာတ်မီး တွေ့ရာ လက်နှိပ်ဓာတ်မီး ယူခဲ့ကြဟေ့ ”
ဟု အော်ဟစ်ရင်း အဆောင် စင်္ကြံ တစ်လျှောက် အပြေးထွက်လာမိသည် ။ လက်နှိပ်ဓာတ်မီးဖြင့် အပေါ်ဘက်ဆီသို့ ဖြန့်ကြက်ကြည့်မိသောအခါ စက္ကူစွန်များ ဟိုမှ သည်မှ ဝဲပျံနေသည်ကို တွေ့ရလေသည် ။ ဤသည် တို့ ကား ကျွန်ုပ်တို့ ခေါင်းဆောင်ကြီး ခွေးပု၏ အဆိုအမိန့် အရ ‘ ရန်သူတို့၏ ဝေဟင်မှ လေယာဉ်များ ’ ပင် ဖြစ်ပါသတည်း ။
ကျွန်တော်က လက်နှိပ်ဓာတ်မီးဖြင့် စက္ကူစွန်တစ်ခုကို ထိုးပြထား၍ မကြာမီ ‘ ဖိုင်းယား ’ ဟူသော ခွေးပု၏ အသံကို ကြားလိုက်ရသည် ။ မရှေး မနှောင်းမှာပင် လေးခွပစ်သံ ‘ ဖတ် ’ ခနဲ ကြားလိုက်ရပြီး စက္ကူစွန်မှာ လောက်စာလုံး ဒဏ်ဖြင့် အောက်သို့ ပြုတ်ကျသွားလေ၏ ။ ရန်သူ့လေယာဉ် အမြောက်ကျည်ဆန် ထိမှန်သဖြင့် ပျက်ကျသွားသည့် သဘော ။ ထိုသို့ ပြုတ်ကျသွားသည် နှင့် ‘ ဟေး ’ ဟု တစ်ခဲနက် အော်သံ ၊ ‘ ဗိုလ်ခွေးပုကွ ’ ဟူ၍ အားပေးသံတို့ ကျယ်လောင်စွာ ထွက်ပေါ်လာ၏ ။ အပေါ်ထပ်မှ အသံအချို့ကတော့ ‘ ငပေါ ’ ၊ ‘ ငပေါ ’ ဟူ၍ ဖြစ်ပါ၏ ။
စင်စစ် ထိုညက ကျွန်တော်တို့ မန္တလေးတက္ကသိုလ် အောင်မင်္ဂလာအ ဆောင်တွင် မီးပျက်နေသော ညပင် ဖြစ်ပါသည် ။ မီးပျက်နေသည်ကို အ ခွင့်ကောင်းယူကာ ကျွန်ုပ်တို့ ဇာတ်လိုက်ကျော် မျက်နှာရူးကြီး ခွေးပုက ဤကဲ့သို့ သည်းထိတ်ရင်ဖို စစ်မြေပြင် ဇာတ်လမ်းကြီးကို အလန့်တကြား ဖန်တီးလိုက်ခြင်း ဖြစ်ပါလေ၏ ။ သူ၏ အပေါင်းပါ ပေါချာချာ ခပ်ကြောင်ကြောင် ကျွန်တော်တို့ အကောင်တွေကလည်း ဇာတ်ပို့ဇာတ်ရံများ အဖြစ် သူ၏ အူချာပေါက် ဇာတ်လမ်းကို သိုက်သိုက်မြိုက်မြိုက် ဝိုင်းဝန်းကူညီခဲ့ကြခြင်း ဖြစ်လေ၏ ။
သူ့အမည် -
“ ခွေးပု ”
သူ့အဖေက ဦးခွေး ၊ သူ့အမေက ဒေါ်ပု ဖြစ်သောကြောင့် သူ့အမည်ရင်း နောင်နောင် သညာ ပျောက်ကာ မိဘနှစ်ပါး၏ အမည်ကို ပေါင်းစပ်လျက် ခွေးပု ဟူ၍သာ အောင်မြင်ကျော်ကြား လူသိများနေပါ၏ ။ သူနှင့် ပေါင်းသင်းမိသော ကျွန်တော် မောင်မြတ်ကျော် ခမျာမှာလည်း မျောက် ရှုံးအောင် ဆော့တတ်သော ဝိသေသလက္ခဏာနှင့် လျော်ညီစွာ မူရင်းအမည် မြတ်ကျော် မှ မျောက်ကျော် အမည်သို့ တစ်ပြားဖိုးမှ မကျွေးရဘဲ ပြောင်းလဲလာခဲ့ရပါလေတော့သည် ။
ပွေးတွေ ပေါက်နေသော ထွေးစိန် ကိုတော့ ပွေးစိန် ဟူ၍ အမည်ပေး သလို အမြဲလိုလို မှိုင်နေတတ်သော အောင်ပွင့် ကို လဒ ဆိုသည့် အမည် လှလှလေး ရွေးချယ်ပေးခဲ့သည်မှာ ခွေးပု၏ အရည်အသွေးအချို့ပင် ဖြစ်ပါလေ၏ ။ မည်းမည်းတူးတူး ဝဝဖိုင့်ဖိုင့် ကွမ်းတပျစ်ပျစ် စားတတ်သော ရဲမြင့် လို ငနာ ကိုတော့ ရေမြင်း ဟူ၍ ခွေးပုက အမည်သညာ တတ်ပြန်ပါသည် ။
မည်သည့် နေရာ ရောက်ရောက် ၊ မည်သည့် အချိန်မှာ ဖြစ်ဖြစ် ခွေးပု သည် နောက်ဖို့ ပြောင်ဖို့ ပျော်ဖို့ ရွှင်ဖို့ကို ဦးစားပေးတတ်သူတစ်ဦး ဖြစ် ပါသည် ။
ဘယ်သောအခါမှ ဝမ်းမနည်းချင်တတ်သော ကျွန်တော်တို့တစ်တွေ ကလည်း ခွေးပု နဲ့ သာဆို အဝီစိတောင် မရှောင်ချင် ။ သူ့ကို ခေါင်းဆောင်တင်ကာ ရှုပ်ခဲ့ ၊ နောက်ခဲ့ ၊ ပြောင်ခဲ့ ၊ ပျော်ခဲ့ ပေါင်းများ လှပြီဖြစ်သည် ။ အထက်တန်း ကျောင်းသားဘဝက သူ့ကြောင့် ကျောင်းအုပ်ဆရာမကြီး၏ ကြိမ်လုံးဒဏ်ကို စားပိုးနင့်အောင် စားခဲ့ ဝါးခဲ့ရသော်လည်း သူ့အပေါ် ကျွန်တော်တို့ မငြိုငြင်ရက် ။ ပေါင်းမြဲ ၊ သင်းမြဲ ၊ ပျော်မြဲ ပါးမြဲသာ ။
စင်စစ် ခွေးပု၏ ပျော်ရွှင်တတ်သော ဝါသနာမှာ အများကို နစ်နာစေသော စိတ်ဓာတ်မျိုး လုံးဝမပါ ။ ဒုက္ခသောက ပေးလိုသော ရည်ရွယ်ချက် မရှိ ။ သို့သော် အပြစ်ကင်းစင်သော ဟာသများကို လုပ်ဆောင်ရင်း အနှောင့်အသွား မလွတ်သည့်အခါ ပြဿနာ အနည်းငယ်တော့ တက်တတ်လေ့ ရှိပါသည် ။ ဥပမာ -
ဘူမိဗေဒ စာသင်ခန်းအတွင်း ခွေးပုက ကျွန်တော့် လွယ်အိတ် အမြိတ်စများနှင့် ရေမြင်း၏ လွယ်အိတ် အမြိတ်စများကို ကျွန်တော်တို့ မသိအောင် ပူးကပ်ချည်နှောင်ထားတာမျိုး ။
သူကတော့ ကျွန်တော်နှင့် ရေမြင်း အတန်းဆင်း၍ လွယ်အိတ် လွယ်ကြသည့် အခါ ဗရုတ်သုတ်ခ ဖြစ်တာကို ကြည့်ပြီး ဟားတိုက်ရယ်ရန် ကြံစည်ရိုးအမှန် ဖြစ်ပါ၏ ။ သို့သော် ခိုးကြောင်ခိုးဝှက်နှင့် တကယ်တမ်း သူ ချည်နှောင် ထားသည့် လွယ်အိတ်များမှာ ကျွန်တော်နှင့် ရေမြင်းတို့ လွယ်အိတ်မဟုတ် ။ ကျွန်တော်တို့ ရှေ့ခုံမှ ပထဝီအဓိက ကျောင်းသူ ‘ ကြည်သန့်ဝေ ’ လွယ်အိတ်နှင့် ကံဆိုးသူ ကျွန်တော်၏ လွယ်အိတ် ဖြစ်နေပါတော့သည် ။ ပြဿနာမှ တကယ့်ပြဿနာ ။ လွယ်အိတ် မြိတ်စများ တော်တော်နှင့် ဖြေ၍ မရ ။ ကျွန်တော့်မျက်နှာက လျှော်ခေါက်ခွာထားသလို ရဲရဲတောက် ။ ကြည်သန့်ဝေ မျက်နှာက မင်နီနှင့် လောင်းထားသလို တျာတျာနီ ။ ရှက်လိုက်ပါဘိ ။
နောက်တော့ ဘူမိဗေဒ ကထိက ဦးသော်တင့် ရှေ့ရောက်သည်အထိ ပြဿနာ တက်ခဲ့၏ ။ ခွေးပု မျက်လုံး ပြူးနေသည် ။ သူ့လက်ချက်မှန်း သိ သော်လည်း ကျွန်တော် ဆရာ့ကို ဖွင့်မပြောခဲ့ ။ ဆရာက ကျွန်တော့်ကို ရေရေလည်လည် ကြိမ်း၏ ။ မချိသွားဖြဲ ကြည်သန့်ဝေ ကို တောင်းပန်ရ၏ ။
သည်တွင် ကျွန်တော် နှင့် ကြည်သန့်ဝေတို့ ဇာတ်လမ်း အစပျိုးခဲ့ပါ၏ ။ အဘယ်မှာ ကောင်းနိုင်ပါအံ့နည်း ။ ပြဿနာ ဖြစ်ခဲ့ဖူးသော ကြည်သန့်ဝေ ကို ကျွန်တော် ချစ်သွားမိခဲ့ပါ၏ ။ အဘယ်မှာ အဆင်ပြေနိုင်ပါအံ့နည်း ။ တစ်ဘီးလိမ့် ။ ဝင်ရိုး မရှိ ။
သည်လို တစ်ဖက်သတ် နိုင်သော ဖူးစာမျိုးကို ဖန်တီး ပေးနိုင်သူမှာ ကျွန်ုပ်တို့ ခွေးပု ပါတည့် ။
ယခုလည်း အဆောင် မီးမလာသည်ကို အကြောင်းပြုကာ ကမောက်ကမ တိုက်ပွဲ ဇာတ်လမ်းကြီးကို ခွေးပု ဖန်တီးနေပြန်ပြီ ။ သူ့ဟာသူ စက္ကူ အကုန်ခံ၍ စွန်လုပ်ကာ အထက်ထပ်မှ ကျောင်းသားများကို ပစ်လွှတ်စေ၏ ။ ကျွန်တော်တို့ကို မီးမောင်းခေါ် ဓာတ်မီး အထိုးခိုင်း၏ ။ သူက အမြောက်နှင့် လေယာဉ်ပျံကို ပစ်ချသည့် ပမာ လေးခွဖြင့် စက္ကူစွန်တို့ကို တစ်ခုပြီး တစ်ခု ပစ်ချနေ၏ ။
သူ တစ်ချက် ပစ်၍ တစ်ခါ မှန်တိုင်း ကျွန်တော်တို့ က ‘ ဟေး ’ ခနဲ ‘ ဝါး ’ ခနဲ အော်ပေးကြသည် ။ ခွေးပု အားတက်လာပြီ ။ မျက်နှာရူး ဇာတိမာန် တက်ကြွလာသည့် အလျောက် ကောင်းဘွိုင်များ သေနတ်ပစ်သလို အိုက်တင် အမျိုးမျိုးဖြင့် လေးခွကို ပစ်လွှတ်နေ၏ ။
“ ဟ ခွေးပု တယ်လက်ဖြောင့်ပါလားကွ ”
“ ဖြောင့်ဆို သိဒ္ဓတ္ထမင်းသား မြားပစ်တတ်အောင် ငါ သင်ပေးထားတာကွ ဟား ဟား ဟား ”
လှတောသားလေဖြင့် ခွေးပုက ချီးကျူးသူကို ပြန်၍ ကြွားလိုက်သည် ။ သိပ်တော့ မကြာလှပါ ။ ခွေးပု လက်မှန် ပေါ်လာသည် ။ သူ၏ လောက်စာလုံး အမြောက်ဆန်က စွန်စက္ကူ လေယာဉ်ပျံကို မမှန်နိုင်တော့ဘဲ အပေါ်ထပ် မှန်တံခါး တစ်ခုကို ‘ ခွမ်း ’ ခနဲ ထိခွဲလိုက်ပါလေတော့သည် ။“ ကုလသမဂ္ဂ အဆောက်အအုံ တည့်တည့်ကို မှန်သဟ ” ဟု အော်ပြီး လောင်ဖော် လောင်ဖက်များ အလျှိုလျှို ပျောက်သွားကြလေပြီ ။ နောက်တော့ နောက်တော့ ...
ဒေါပွနေသော အဆောင်မှူး ရှေ့မှောက်တွင် ခွေးပု နှင့် တကွ ကျွန်တော်ရယ် ၊ ပွေးစိန်ရယ် ၊ လဒရယ် ၊ ရေမြင်းရယ် မျက်နှာငယ်စွာဖြင့် နောက်ဆုံး သတိပေးစကားကို ရိုသေလေးစားစွာ နာကြားခဲ့ရပါတော့သည် ။
“ နောက်တစ်ကြိမ် အဆောင်မှ နှင်မည် ” တဲ့ ။
အဆောင်မှူး အခန်းက ပြန်ထွက်လာသောအခါ စောစောက ဆီးစေ့ လောက် ငယ်နေသော ခွေးပု၏ မျက်နှာသည် ပဒိုင်းသီး စားလိုက်မိသော မျက်နှာပမာ ပင်ကို အနေအထားအတိုင်း ရူးကြောင်ကြောင် ပြန်ဖြစ်လာပါချေ၏ ။ မျက်နှာပိုး မသေပါချေတော့ ။ အဆောင်စင်္ကြံ တစ်လျှောက် အဆောင်မှူး လမ်းလျှောက်သလို ခွေးပုက သူ့ကိုယ်ခန္ဓာကို ခပ်ကိုင်းကိုင်း လုပ်၍ လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟိုသည် စစ်ဆေးဟန်မျိုးဖြင့် ရှေ့မှ ကြွချီလျက် ထွက်သွားလေသည် ။ ကျွန်တော်တို့မှာ ငို၍ ရယ်၍ မရသော မျက်နှာကိုယ်စီဖြင့် နောက်မှ လိုက်သွားကြရသည် ။ ခွေးပုက သည်လို လူစား ။
သည်လိုလူစားက ‘ ရီနွဲ့လှိုင် ကို သိပ်ချစ်ပါသည် ’ ဟု ဆိုလာသောအခါ ‘ ဟုတ်မှ လည်း လုပ်ပါကွာ ’ ဟု ကျွန်တော်တို့ တစ်တွေ အံ့သြတားမြစ် ပြောဆိုခဲ့ရပါ၏ ။ အမှတ်မထင် ‘ လူက သူတောင်းစား ၊ ကြံတော့ မိဖုရား ’ ဆိုသည့် စကားကို အမှတ်ရလာမိပါသည် ။ ကြည့်ပါဦးတော့ ‘ ရီနွဲ့လှိုင် ’ ဆိုတာက တကယ့် ဘုရင်မ ၊ တကယ့် အလှ ၊ မန္တလေး တက္ကသိုလ်၏ မျက်ရှုကြေးမုံ ။
ကျွန်ုပ်တို့ ဇာတ်လိုက် ခွေးပုက ပေါချာချာ ၊ ရူးကြောင်ကြောင် ။
“ ခွေးပု သူငယ်ချင်း ၊ တန်ရာတန်ရာပေါ့ကွာ ၊ အနူလက်နဲ့ ရွှေခွက် မကိုင်ချင်စမ်းပါနဲ့ ”
ဟူ၍ ကျွန်တော်က နှိမ်လိုက်တိုင်း သူက မျက်နှာမကောင်းသော်လည်း ချက်ချင်း မျက်နှာက ရှုံ့ခွက်ခွက် ဖြစ်အောင် ပြင်ရင်း ...
“ ဘာရဲကွ ၊ မှင်းက နှာနို့ မနှော်ယမံတားတွေကို နှိမ်တာလား ” ဟု လ က်ချောင်းလေးများကို ကိုယ်ရေပြားရောဂါသည် ပမာ ကွေးကောက်ရင်း နှာခေါင်းသံဖြင့် ပြန်လည် နောက်ပြောင်လေ့ရှိပါသည် ။ သို့သော် ကျွန်တော်က ‘ မျောက် ’ ဘွဲ့ရထားသူပေပဲ ။ မျောက်လောက်တော့ မျက်လုံး ရှင်ရမည်ပ ။ သင်း တကယ် ခံစားနေရသည်ကို အကဲခတ်မိခဲ့သည်သာ ။ သနားတော့ သနားပါဘိ ၊ ကိုယ့်လူမို့လည်း အားပေးချင်စမ်းပါဘိ ။ သို့ပါသော်လည်း နီးဖို့ရာကတော့ အင်း မထင် မထင် ။
အဘယ်ကြောင့် ‘ မထင် ’ ရသနည်းဟူမူကား ဟိုဟာမက ‘ ဘဝင် ’ ဖြစ်နေသောကြောင့် ပေတည်း ။ ဟိုအဖွဲ့မှာလည်း ‘ ကွင်း ’ ၊ ဒီအဖွဲ့မှာလည်း ‘ ကွင်း ’ တစ်ကွင်းတည်း ကွင်းနေသော ရီနွဲ့လှိုင် ဘဝင်ကိုင်သည်မှာ တ ကယ်တော့ မဆန်း ။ သူလည်းလေ လောကီသားပေပဲ ။
ရီနွဲ့လှိုင် သာ လောကီသား မဟုတ်မူဘဲ ခွေးပုပါ လောကီသား ဖြစ်နေသည်မို့ လောကီခံစားမှုများကို ခံစားတတ်သည်မှာလည်း ဒုတိယမ္ပိ ထူးဆန်းလှသည် မဟုတ်ပါ ။ သို့ပင် ဖြစ်လင့်ကစား ။
အလှဘုရင်မနှင့် မျက်နှာရူးဘုရင်တို့၏ ဇာတ်လမ်းကို ဆွတ်ပျံ့လွမ်းမောဖွယ်ရာ မေတ္တာဇာတ်လမ်း အဖြစ် ဘယ်သူကမှ ရူးရူးမိုက်မိုက် တွေးတော စဉ်းစားကြည့်ကြမည် မဟုတ် ။ အခြားသူကို မဆိုထားဘိ ၊ အလွန် စိတ်ကူးယဉ်တတ်သော ကျွန်တော့်လို သတ္တဝါကပင် ခွေးပု ကို သံယောဇဉ် အင်မတန် ကြီးနေလင့်ကစား ရီနွဲ့လှိုင် နှင့် ပတ်သက်လျှင်တော့ ခွေးပုကို မကြာခဏ မီးဝါ ပြလိုက် ၊ မီးနီ ပြလိုက် ၊ ဝါလိုက် နီလိုက်ပါပဲ ။ ယောင်လို့မှ မစိမ်း ။
ကျွန်တော်ကသာ သူ့နှလုံးသားပြဿနာကို မီးနီပြ၍ တားဆီးနေသော်လည်း သူကတော့ ကျွန်တော့် အချစ်ရေး ကိစ္စကို အမြဲတိုက်တွန်း အားပေးနေတတ်ပါ၏ ။ ကျွန်တော့် အတွက်တော့ ခွေးပုက အဲဗားဂရင်း ။ ကြည်သန့်ဝေ နှင့် ပတ်သက်၍ တွန်းအားပေးနေသော ခွေးပု၏ ရည်ရွယ်ချက်ကို ဆန်းစစ်ကြည့်သောအခါ ကျွန်တော် ကြည်သန့်ဝေ ကို တကယ်စွဲလမ်း ချစ်ခင်နေသည်ကို သိမြင်ခြင်းနှင့် အကယ်၍ ကျွန်တော် နှင့် ကြည်သန့်ဝေ အဆင်ပြေသွားလျှင် သူ ရီနွဲ့လှိုင် ကို ပိုးပန်းရာ၌ အကူအညီ ရရှိနိုင်ခြင်း စသော အချက်အလက်များကို တွေ့ရလေသည် ။
ကြည်သန့်ဝေ နှင့် ရီနွဲ့လှိုင် က အတန်းတူ အခန်းချင်းကပ် သူငယ်ချင်းတွေ မဟုတ်ပါလား ။ သည်တော့ ခွေးပုက တစ်ချက်ခုတ် နှစ်ချက်ပြတ် မဟာစီမံကိန်းဖြင့် ကျွန်တော့် အချစ် မဏ္ဍိုင်ကြီး၏ ကြီးမားသော ဒေါက်တိုင် လုပ်ခဲ့ခြင်းဖြစ်ပါ၏ ။ ကျွန်တော့်ကို စေတနာရှိ လွန်း၍တော့ မဟုတ် ။ လူရော ၊ နတ်ရော ၊ ထီးရော ၊ မင်းရော ၊ ဓာတ်ရော လမ်းစုံ ၊ ကျမ်းစုံဖြင့် ကမ်းကုန်အောင် ကျွန်တော်တို့ ကြိုးစားခဲ့ကြပါ၏ ။
သို့သော် -
ကြည်သန့်ဝေ က ကျွန်တော့် အပေါ် ယိမ်းမလို ၊ တိမ်းမလို ညွတ်မလိုနှင့် တဝေ့ဝေ့ ဝဲပြီး တဝဲဝဲသာ ဝေခဲ့ရပါ ၏ ။ အဖြေ အတိအကျ မရ ။ “ သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည် မျောက်ကျော် ” ဟု ပွေးစိန်တို့ ရေမြင်းတို့က နောက်ပြောင်လာကြသည့် အခြေသို့သာ ရောက်လာခဲ့သည် ။ ကြည်သန့်ဝေ အချစ် ရဖို့ကတော့ ကျွန်တော့်အတွက် လေကို ဖမ်း၍ ဒန်းဆင်ရသည့်နှယ် မလွယ် ၊ မလွယ် ။
ကိုယ့်အပူနဲ့ ကိုယ် ၊ ကိုယ့်ဒုက္ခနှင့် ကိုယ် မလွယ်ရသည့် ကြား အောင်ပွင့် ဆိုသော လဒ က ဘာတွေ ခံစားလာရသည် မသိ ။ အချစ်၏ ခံစားချက်များကို တဖွဖွ ရေရွတ်လာတတ်၏ ။ ညည ကြယ်တွေလတွေ မော့်ကြည့်ရင်း သက်ပြင်း ချလိုချ၏ ။ နေ့ခင်းနေ့လယ် ပိုက်ဆံကောက်ရမည် ထင်၍လား မသိ ။ ခေါင်းငုံ့ရင်း တရွေ့ရွေ့ လမ်းလျှောက်ကာ သစ္စာ ဆောင်ဘက်သို့ လှမ်းမျှော် ကြည့်နေတတ်၏ ။ အင်းတောပြဇာတ်မင်းသား မိန်းမ လင်ငယ်နောက် လိုက်သွားသည့် အိုက်တင်နှင့် တူလိုက်ပါဘိ ။ နောက်တော့ သိပ်မကြာ ၊ ကျွန်တော့် အပါးသို့ ချဉ်းကပ်ကာ အကူအညီ တောင်းလာသည် ‘ ရည်းစားစာ ရေးပေးဖို့ ’ ။
“ ဟ လဒရာ ငါတောင် မစွံတာကွာ ၊ ငါ့ရည်းစားစာက ဘယ်လိုလုပ် အစွမ်းထက်နိုင်ပါ့မလဲ ၊ မင်း ဆေးမှားနေပြီ သူငယ်ချင်း ”
“ မဟုတ်ဘူး မျောက်ကျော် ၊ မင်းမှာ လက်နက်ကောင်း ရှိတယ် ၊ တိုက်ရည်ခိုက်ရည် ညံ့နေလို့ ”
“ အမ် မင်းဟာက ချီးမွမ်းကန်ကျောက်ကြီးပါလား လဒရ ၊ နေပါဦး ၊ မ င်းကတော့ အချစ်စစ်ပွဲမှာ တိုက်ရည်ခိုက်ရည် ရှိတယ်လို့ ထင်နေတာပေါ့ ဟုတ်လား ”
“ လောကမှာ ပါးစပ်ကပဲ စကားပြောတတ်တယ် မထင်နဲ့ မျောက်ကျော် ၊ နှလုံးသားကလည်း စကားပြောတတ်တာပဲ ”
“ သြ နှလုံးသားက စကားပြောတတ်ရင်လည်း မင်းနှလုံးသားနဲ့ပဲ မင်းချစ်နေတဲ့ ကောင်မလေးကို သွားပြောပေါ့ကွ ၊ ငါ့ကို ဘာလို့ ရည်းစားစာ အရေးခိုင်းနေရတာလဲ ၊ သွား ခွေးမသား လဒ ”
“ ဒီလို မစိမ်းပါနဲ့ ကွာ ”
“ ဟေ့ကောင် လာချွဲမနေနဲ့ ရွံစရာကြီး ၊ ကဲ ငါ့ ရည်းစားစာ ရေးခနှုန်းထားကိုကော မင်း သိတယ် မဟုတ်လား ”
“ သိပါတယ်ကွာ ကော်ဖီတစ်ခွက် ၊ ဆေးလိပ်တစ်ဘူး ”
“ ကျန်သေးတယ်ကွာ ”
“ နေကြာစေ့လှော် တစ်ထုပ်ပါ ”
“ အေး မင်းတော်တယ် ”
“ ဟေ့ကောင် မျောက်ကျော် ငါမသိလို့ မေးစမ်းပါရစေဦး ၊ ရည်းစားစာရေးခ ကော်ဖီတစ်ခွက်နဲ့ စီးကရက် တစ်ဘူး ယူတာကတော့ မဆိုးပါဘူး ၊ ဗိုက်ပြည့်တဲ့ သဘော စဉ်းစားရင်း ဆေးလိပ်သောက်တဲ့ သဘောဆို ပါတော့ ၊ နေကြာစေ့လှော်တစ်ထုပ်က ဘာအဓိပ္ပာယ်လဲ ”
“ ဟဲ ဟဲ ဒီလိုကွ ၊ နေကြာစေ့လှော် တစ်ထုပ်က ချက်ချင်း အသုံးမဝင် သေးဘူး ၊ ငါ့ရည်းစားစာ ယူသွားပြီး လိုက်ပေးတဲ့ အခါ စာပေးခံရတဲ့ အမျိုးသမီးက စာပေးတဲ့ ကောင်ကို ပုံစံ အမျိုးမျိုး ဆက်ဆံလိမ့်မယ် ၊ ငြိမ်ပြီး စာကို ယူချင် ယူမယ် ၊ ကက်ကက်လန် ရန်တွေ့ချင် တွေ့မယ် ၊ ပါးကို တီးချင်လည်း တီးလိုက်လိမ့်မယ် ၊ ဟဲ ဟဲ ”
“ ဪ အဲဒီအချိန်မှာ မင်းက နေကြာစေ့လှော် စားရင်း စိမ်ပြေနပြေ ကြည့်ရှုအားပေးနေမယ် ဆိုပါတော့ ”
“ ဒုတိယအကြိမ် မင်းတော်တယ် ”
“ မျောက်မသား ”
ဤသို့ဖြင့် နှလုံးသား ယိုယွင်းနေသော လဒ အား ကျွန်တော်က ပြီးစေ ပြယ်စေ ဂန္ထဝင် ရည်းစားစာတစ်စောင် ရေးပေးခဲ့ပါ၏ ။ တကယ်တော့ ကျွန်တော့် အချစ်ကမ္ဘာ မီးလောင်ရာမှာ လဒ က သူ့အချစ် ဆီမီးခွက် ထ ထွန်းနေခြင်းသာ ဖြစ်ပါ၏ ။ ရည်းစားစာ သုံးစောင် ရေးပြီးသည့် နောက်မှာ တော့ ကျွန်တော့် ရည်းစားစာကပဲ အဆင့်နိမ့်သလား ၊ လဒ၏ စွမ်းရည်ကပဲ ညံ့သလားမသိ ။ လဒ၏ မူရင်း မူပိုင်ပုံစံ အတိုင်း လဒမှိုင်မှိုင် ပြီး အချစ်အကြောင်း အကောင်း မပြောတော့ ။ ဘယ်သူ့ကို ချစ်ပြီး ဘယ်သူ့ကို စာပေးခဲ့မှန်း ကျွန်တော်တို့ မသိခဲ့ ။ ကိုယ့်အရေးနှင့် ကိုယ်မို့ သူ့ကို ကျွန်တော် လုံးဝ ဂရုမစိုက်မိခဲ့ ။
ကျွန်တော် ဂရုစိုက်နေရသည် က ကြည်သန့်ဝေ ။ ခွေးပု ဂရုစိုက်နေသည်က ရီနွဲ့လှိုင် ။
သူတို့ အဖို့ ကျွန်တော်တို့ နှစ်ယောက်ကား ဖုတ်လေသည့် ငါးပိ ။
သည်လိုနှင့်ပင် ကျွန်တော်တို့ အားလုံး တက္ကသိုလ် နောက်ဆုံးနှစ်သို့ ရောက်ခဲ့ကြလေပြီ ။
နောက်ဆုံးနှစ်သို့ ရောက်လာပြီ ဖြစ်သဖြင့် ပြင်းပြင်းထန်ထန် မီးကုန်ယမ်းကုန် ကြိုးစားရန် လိုအပ်လာပြီ ဖြစ်၏ ။ ပညာ ကြိုးစားရန်တော့ မဟုတ်ပါ ။ ကြည်သန့်ဝေ တို့ ရီနွဲ့လှိုင် တို့ ၏ ချစ်မေတ္တာပန်းကို ဆွတ်လှမ်းနိုင်ရေး အတွက် ကြိုးစားကြခြင်းသာ ဖြစ်ပါ၏ ။
ပြတ်သားခိုင်မာသော အချစ်သန္နိဋ္ဌာန်ချကာ ကျွန်တော်နှင့် ခွေးပုတို့သည် တွေ့ရာ အရပ် ၊ မြင်ရာ နေရာ ၊ သူတို့နောက် တကောက်ကောက် လိုက်ရင်း ပြောရင်းငေးရင်း မောရင်းဖြင့် အချိန်ကုန်လာခဲ့၏ ။ ကျောင်းပိတ်ခါနီးပြီ ။ ခွေးပု တစ်ယောက် နေမထိထိုင်မသာ ကျွန်တော့်ထက် ပိုသည်း ပိုကဲ ၊ ပိုစွဲလာသည် ကိုတော့ ကျွန်တော် သတိထားမိခဲ့ရပါလေ၏ ။
ညနေတိုင်း ညနေတိုင်း ရေနီမြောင်း တစ်လျှောက် ရီနွဲ့လှိုင် လမ်းလျှောက် ထွက်တတ်သည်ကို သိနေသော ခွေးပုသည် ကျွန်တော့်ကို အမြဲလိုလို အဖော်ပြုကာ ရီနွဲ့လှိုင် နောက် တကောက်ကောက် လိုက်တတ်လေသည် ။ သူမ အပေါ် မရိုးသားသော ခွေးပု ကို ဂရုမစိုက်သော်လည်း ကြာသောအခါ ကျွန်တော့် ကိုတော့ ရီနွဲ့လှို င် က မိတ်ဆွေ တစ်ဦးလိုပင် ထင်မှတ်လာဟန်တူသည် ။ ခွေးပု အကြောင်း တိုင်တန်း လာတတ်သည် ။ တားဆီး ဆုံးမပေးရန် မေတ္တာရပ်ခံလာတတ်သည် ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က ခွေးပု ဘက်မှ မားမားမတ်မတ် ။
“ နင့်ကောင် ငါ့ကို နှောင့်ယှက်တာ သိပ်များနေပြီ မြတ်ကျော် ”
“ နင် ပြန်မချစ်သေးလို့ နှောင့်ယှက်တယ် ထင်နေတာပါ မိနွဲ့ရာ ”
“ သြ ပြန်ချစ်ရအောင် နင့်ကောင်က မျက်နှာရူး ”
“ မျက်နှာရူးကော ပြန်မချစ်ရဘူးလား ၊ ငါလည်း မျက်နှာရူးပဲ ”
“ အေး ဒါကြောင့် နင့်ကို ကြည်သန့်ဝေ က မချစ်တာပေါ့ ”
“ မျက်နှာရူးမှာလည်း ချစ်တတ်တဲ့ နှလုံးသားနဲ့ပါဟာ ၊ နင်တို့ မသိသေးလို့ပါ ”
“ အို ဘာပဲဖြစ်ဖြစ် ခွေးပုလို မျက်နှာရူးတဲ့ လူကို ငါ ယုံလည်း မယုံကြည်ဘူး ၊ ချစ်လည်း မချစ်ဘူး ”
“ နင်ကသာ မချစ်တာ ၊ သူက နင့်ကို အရမ်းချစ်တာ ၊ နင့်တစ်သက် ဒီကောင့်လို အချစ်မျိုး ဘယ်သူ့ဆီကမှ မမျှော်လင့်နဲ့ ”
“ နင် ရှေ့နေခ ဘယ်လောက်ရလဲ ”
“ သူ့နှမ ”
“ နင်လည်း မျက်နှာရူးပဲ ”
“ ဟုတ်ပါတယ်လို့ ပြောပြီးပြီပဲ ၊ နင်တို့ဟာ သိပ်ခက်တာပဲ ၊ ဟန်ကြီးပန်ကြီး နေတတ်တဲ့ ကောင်တွေမှ အထင်ကြီးတော့ ပြောရတာ လက်ပေါက် သိပ်ကတ်တာပဲ ”
“ တော်စမ်းပါ ၊ နင့်ကောင်ကိုသာ နားလည်အောင် ပြော ၊ ငါ့ကို တစ်သက်လုံး မမျှော်လင့်နဲ့ လို့ ”
“ အို နင်တားဖို့ မလိုပါဘူး ၊ သူ့မှာ မျှော်လင့်ခြင်း ဆိုတဲ့ ကိုယ်ပိုင်အခွင့် အရေး ရှိနေတာပဲ ၊ ဒါ ဘယ်သူမှ တားလို့ရဘူး ”
“ ကြီးကျယ်မနေနဲ့ မျောက်ကျော် နောက်တစ်ခါ နင့်ကောင် ငါ့ကို နှောင့်ယှက်လာရင် ငါ့ကို အဆိုးမဆိုနဲ့ ”
“ နင်ဟာ လှသလောက် သိပ်မာနကြီးတာပဲ ၊ ဟင်း နောက်ဆုံးကျရင် နင်အပျိုကြီးပဲ ဖြစ်မယ် ၊ မှတ်ထား ”
“ သွား မျောက်စုတ် ၊ နင့်ကို မခေါ်တော့ဘူး ”
“ ကျေးဇူးပဲ ”
ရီနွဲ့လှိုင် ကျွန်တော့်ကို အခင်မပျက်ခဲ့ပါ ။ ကျွန်တော်ကလည်း ခွေးပု ဘက်မှ အရပ်တည် မပျက်ခဲ့ပါ ။ ရီနွဲ့လှိုင် ထံမှ ရသမျှ စကားနှိုက်ကာ ခွေးပုကို ပြောပြလေ့ ရှိခဲ့သည် ။ သူ့အတွက် ကောင်းသတင်း တစ်ခုမှ မပါ ။
သို့ပါလျက် ခွေးပု စိတ်မပျက် ။ သူ့အကြောင်း ကောင်းတာ ပြောပြော မကောင်းတာ ပြောပြော ရီနွဲ့လှိုင် က သူ့အကြောင်း ပြောနေသည် ကိုပင် ကြံဖန်ဝမ်းသာ ကြည်နူး နေတတ်ခဲ့ပြန်ပါသည် ။
ဪ ဘယ်လို ခွေးပုပါလိမ့် ။
တစ်နေ့ညနေ ။
ထိုညနေကတော့ ခွေးပု ဘဝအတွက် အမှတ်တရ ဖြစ်သလို ရီနွဲ့လှိုင် အတွက်လည်း အမှတ်တရ ဖြစ်လိမ့်မည် ဖြစ်ပါသည် ။ ကျွန်တော့် အနေဖြင့်လည်း တစ်သက်နှင့် တစ်ကိုယ် မိန်းကလေး တစ်ဦး အပေါ် ရင့်ရင့်သီးသီး ရက်ရက်စက်စက် ပြောခဲ့ရသည့် နေ့တစ်နေ့ ဆိုက မမှား ။ ပထမတော့ ခါတိုင်းလိုပါပဲ ။
ရီနွဲ့လှိုင် နှင့် သူမ၏ အခန်းဖော် အမျိုးသမီးတို့ ရေနီမြောင်းအတိုင်း လမ်းလျှောက်လာကြသည် ။ ထုံးစံအတိုင်း ခွေးပုနှင့် ကျွန်တော်တို့ ကလည်း နောက်မှ မလှမ်းမကမ်း လိုက်လာကြသည် ။ နောက်တော့ -
ခွေးပုက ရီနွဲ့လှိုင် ဘေးမှ လိုက်ကာ သူ ပြောချင်ရာ လိုက်ပြောနေ၏ ။ ရီနွဲ့လှိုင်၏ အခန်းဖော်က အလိုက်သိစွာ မသိမသာ ရှေ့သို့ ခြေလှမ်းသုံး လေးလှမ်းမျှ ကြိုသွားနေ၏ ။ နားငြီးတာလည်း ဖြစ်နိုင်၏ ။ နားရှက်တာလည်း ဖြစ်နိုင်၏ ။ ခွေးပု ကတော့ မရှက် ။ သဲသဲမဲမဲ စကားဆိုနေ၏ ။ မဟာဇနက္က အကြောင်းလည်း ပါ၏ ။ မင်းကုသ လည်း မနေရ ။ ချစ်စကား ပြောရာတွင် ဇာတ်ကြီးဆယ်ဘွဲ့သည် ဘာကြောင့် ကိုးကား ကျမ်းစာဖြစ်နေသည် မသိ ကျွန်တော့် အဖို့တော့ ခွေးပုစကား ခွေးပု ဥပမာများသည် ရိုးအီနေပြီမို့ အထူးတလည် နားစွင့် မနေတော့ဘဲ နောက်မှ တဖြည်းဖြည်း လျှောက်လာရင်း ပါးစပ်မှာ ခဲထားသော ဆေးပေါ့လိပ်တိုကို မီးညှိ နေခဲ့မိသည် ။ ဘာမှ မကြာလိုက်ချေ ။
လှုပ်ရှားမှုကား မြန်ဆန်လွန်းလှ၏ ။ အဖြစ်ကတော့ ရီနွဲ့လှိုင် က ခွေးပုခေါင်းကို အုတ်နီခဲကျိုးဖြင့် ဆော်ထည့်လိုက်ခြင်းပင် ။
ခွေးပု မြေသို့ လဲကျသွားသည် ။ ဦးခေါင်းမှ သွေးများ ယိုစီးနေ၏ ။ ကျွန်တော်သည် ဆေးလိပ်တိုကို ပစ်ကာ ခွေးပု ကို ပြေးထူ လိုက်ရင်း အံ့သြထိတ်လန့်ဟန်တူသော ရီနွဲ့လှိုင်အား -
“ နင် နင် ဘယ်လို လုပ်လိုက်တာလဲ ”
ဟု ခြင်္သေ့ ဟောက်သည့်နှယ် အော်လိုက်မိသည် ။ ရီနွဲ့လှိုင်က မခံ ။
“ နင့်ကောင် လွန်တာ နင်မသိဘူးလား ”
သူမက ပြန်အော်သည် ။
ခွေးပု ဘာလွန်သည်ကို မသိ ၊ ရီနွဲ့လှိုင် ကို အသေအချာ ကြည့်၏ ။ ဘာပုံပန်းမှ မယိုယွင်း ။
“ ဘာသိရမှာလဲ ဘာသိရမှာလဲ ၊ နင် နင်ဟာ အလကား ကောင်မ ၊ ဒီမှာ ကြည့်စမ်း သွေးတွေ ၊ နင် လူစိတ် မရှိဘူး ဘီလူးမ သရဲမ ”
ရီနွဲ့လှိုင် တစ်ကိုယ်လုံး ဒေါသဖြင့် တုန်ယင်နေသည် ။ ကျွန်တော်က ပြော၍ အားမရသေး ဆက်အော်လိုက်မိသည် ။
“ နင်ဟာ ရုပ်လှတာက လွဲပြီး ဘာမှ အသုံးမကျတဲ့ မိန်းမ ၊ ရက်စက်တဲ့ မိန်းမ ၊ နားလည်လား ”
ကျောင်းသူကျောင်းသား လေးငါးခြောက်ဦးခန့် ဝိုင်းလာ၏ ။ စူးစမ်းနေကြ၏ ။
ခွေးပုသည် ဒဏ်ရာကို လက်ဖြင့် ဖိရင်း -
“ ဟေ့ကောင် မြတ်ကျော် ၊ ဒီလောက်ကြီး မပြောပါနဲ့ကွာ ”
“ ဟင် မင်းက ဒီလောက်ကြီး မပြောပါနဲ့ ဟုတ်လား ၊ တောက် မင်းက ဒီကောင်မဘက်က နာနေတာလား ဟင် ၊ ဒီအသုံးမကျတဲ့ ဟာမကြောင့် မင်းခေါင်းကွဲတာကွ ၊ ဒါတောင် မင်းက တဏှာရူးတုန်းလား ”
ရီနွဲ့လှိုင် အကြီးအကျယ် ဒေါပွသွားဟန်တူ၏ ။
“ မြတ်ကျော် နင့်စကားတွေ လွန်ပြီနော် ”
“ မလွန်ဘူး ငါ ဘာမှ မလွန်ဘူး ၊ နင်သာ နင့်ရုပ်ကလေး လှတာနဲ့ ဘဝင်ကိုင်နေတာ ၊ ခွေးပုလို ကောင်သာ နင့်ကို တန်ဖိုးထားတာ ၊ ငါတော့ န င့်လိုဟာမျိုးကို တောက် ”
ရီနွဲ့လှိုင် ရှက်ဒေါသဖြင့် ငို၏ ။ ပြေးထွက်သွား၏ ။ ကျွန်တော် မကျေနပ်သေး ။ ဒီထက် ပြောလိုက်ချင်သေးသည် ။
“ မင်း လွန်တယ်ကွာ ”
ပါးပြင်ပေါ်သို့ စီးလာသော သွေးများကို လက်ဖမိုးဖြင့် သုတ်ရင်း ခွေးပုက ကျွန်တော့်ကို အပြစ်ဆိုသည် ။ ကျွန်တော် သည်းမခံနိုင်တော့ ယုတ်ယုတ်မာမာ ဆဲပစ်လိုက်မိသည် ။ ခွေးပုကား ကျွန်တော့် ဆဲသံကို ကြားဟန်မတူ ။ သူ့ခေါင်းကို ဖောက်ထွင်းသွားသော အုတ်နီခဲကျိုးလေးကို ကိုင်ကြည့်နေ၏ ။ ခွေးပု၏ ပါးတစ်ဖက်မှာ သွေးများ စီးကျနေသည် ။ အခြားတစ်ဖက်မှာတော့ သွေးမရှိ ။ မျက်ရည်စီးကြောင်းကြီး တစ်ကြောင်း ကျဆင်းနေသည် ။ ကျွန်တော့် ရင်ထဲမှာ နာကျင်သွား၏ ။
“ တောက် ခွေးမသား တဏှာရူး ”
ခွေးပုကိုသာ ညံ့သည် ၊ ပျော့သည် ဟု ကျွန်တော် အပြစ် ဆိုခဲ့မိလင့်ကစား နွေဦး တစ်နေ့ ရွှေမန်းဆောင်ရှေ့ တမာပင်လေး အောက်တွင် ကြည်သန့်ဝေ နှင့် ကျွန်တော် စကားပြောရသောအခါ ကျွန်တော်သည်လည်း တော်တော် ပျော့ညံ့သောသူ တစ်ယောက် ဖြစ်မှန်း ကိုယ့်ကိုယ်ကို သိလာခဲ့ရပြန်လေသည် ။
စင်စစ် ထိုနေ့က အဖြူအမည်း သဲသဲကွဲကွဲ သိရန် အပြတ်ချဲရသည့်နေ့ ဖြစ်လေသည် ။ ကြာကြာ မပြောလိုက်ရခင်မှာပင် အဖြေက ရှင်းနေသည် ။ မလိုချင်သော အဖြေမျိုး ဖြစ်နေသည် မို့ ‘ သေသေချာချာ စဉ်းစား ပါဦး ’ ဟု ဆိုသည့်တိုင် ကြည်သန့်ဝေ က ခိုင်ခိုင်မာမာ ငြင်းပယ်စကားကို ဆိုနေသည် ။
ခက်သည်က ကြည်သန့်ဝေ၏ မျက်လုံးများ ဖြစ်၏ ။ မျက်လုံး ဆိုသည်က နှလုံးသား၏ တံခါး ။ ထိုနှလုံးသား၏ တံခါးများက သူမ၏ ငြင်းပယ်စကားများ နှင့် ဆန့်ကျင်လှစွာ ကျွန်တော့်အတွက် မေတ္တာကမ္ဘာ ဖွင့်ပေးနေသည်ဟု ကျွန်တော် ထင်နေမိသည် ။ ကိုယ့်ကိုယ်ကို အထင်ကြီးကာ ကိုယ့်ဘက် ကိုယ် ယက်နေမိသည်လား မပြောတတ် ။ စင်စစ် ကျွန်တော်သည် လိပ်မျိုး မဟုတ်ပါချေ ။
သူမ၏ အဖြေစကားကို မကျေနပ်သဖြင့် တမာပင်လေးမှ အခေါက်များကို လက်ဖြင့် တစ်ခုပြီး တစ်ခု ခွာနေခဲ့မိပါ၏ ။ စဉ်းငယ်မျှလောက်သာ ချစ်အဖြေကို ရလိုရငြား စကားကြွယ်ကာ ဝေ့လည်ကြောင်ပတ် ပြောနေသော်လည်း ကြည်သန့်ဝေ၏ အဖြေသည် ပြတ်သားလှ၏ ။ တမာပင်လေး၏ ခြေရင်းတွင် တမာခေါက်တော်တော် စုပုံနေပြီ ။ တမာပင် သာ စကား ပြောတတ်မည် ဆိုလျှင် အခေါက်အခွံ ကုန်မည်စိုး၍ ကျွန်တော့်ဘက်မှ ကူညီကာ ချစ်ရေးဆိုတန် ကောင်းပေလိမ့်မည် ။ ( သို့မဟုတ် ) ကျွန်တော်ကတော့ ‘ မချစ်နိုင်ပါ ’ ဟု အံခဲ၍ မာန်စွဲနှင့် ပြောနေသော မိန်းကလေး မျက်နှာမှ လွဲ၍ ဘာကိုမှ မမြင်မိ ။
“ ဒါ တကယ့်နောက်ဆုံး အဖြေပဲလား မဝေ ၊ တို့ အတွက် တစ်သက်လုံး ဝမ်းနည်းနေရမယ့် စကားမျိုး အဖြေမျိုး ဆိုတာကော စဉ်းစားမိပါတယ်နော် ”
ကြည်သန့်ဝေ၏ မျက်ဝန်းလေးများတွင် လက်ခနဲ ဖြစ်သွားသည် ။ ကျွန်တော် သူမ၏ နှုတ်ခမ်း ပြည့်ဖြိုးဖြိုးလေးများကို မျှော်လင့်ကြီးစွာ ငေးကြည့်နေမိ၏ ။
“ မနေ့ညကတည်းက အပြတ်စဉ်းစားပြီးသားပါ လုံးဝ မဖြစ်နိုင်ပါဘူး ”
“ လုံးဝ မချစ်နိုင်ဘူးပေါ့ ”
“ လုံးဝ မချစ်နိုင်ပါဘူး ”
ကျွန်တော် အံကြိတ်လိုက်မိသည် ။ ‘ တစ်ဦးမေတ္တာ တစ်ဦးမှာ ’ ဆိုသည့် စကားကို ကျွန်တော် မယုံတော့ ။ နောက်ဆုံးအကြိမ်အဖြစ် သူမ၏ မျက်လုံးလေးများကို ဝမ်းနည်းတသစွာ ငေးကြည့်မိပါ၏ ။ အလို မဝေရဲ့ မျက်ဝန်းလေးတွေ ရွှန်းရွှန်း စိုပြီး ဘာကြောင့်များ ရီဝေနေပါလိမ့် ။
“ ကဲ တို့ ပြန်မယ် ၊ တို့ သိပ်ဝမ်းနည်းပါတယ် ၊ တစ်သက်စာအတွက် နှုတ်ဆက်ခဲ့တယ်ပဲ ဆိုပါတော့ ”
ကြည်သန့်ဝေ ခေါင်းငုံ့နေသည် ။ သူမ ကျွန်တော့်ကို မခွာခင်မှာပင် ကျွန်တော် ထွက်လာမိခဲ့သည် ။ ခေါင်းကို မော့ကာ ကောင်းကင်ကို ကြည့်ရင်း အောင်မင်္ဂလာဆောင်သို့ ကျွန်တော် ပြန်လာခဲ့သည် ။ ဘယ်လို ပြန်လာခဲ့မိမှန်းမသိ ။ မျက်ရည်ဝဲနေသည် ။ မျက်ရည် မကျချင်ပါ ။ မိန်းကလေး တစ်ဦးက ကိုယ့်အချစ်ကို လက်မခံလို့ ငိုရတာမျိုး ဖြစ်မှာ သိပ်ရှက်နေသည် ။ သို့သော် မျက်ရည်တွေက မျက်လုံးအိမ်တွင် ပြည့်နေသည် ။ ခေါင်းမော့ထားတော့ မျက်ရည်တွေ ကျခွင့် မရတော့ ။ ရင်ထဲမှာ အထီးကျန် ခံစားနေရသည် ။
တစ်သက်မှာ တစ်ခါ မြင့်မြတ်လှစွာ ချစ်ခဲ့သော်လည်း အသိအမှတ်ပြုခြင်း မခံရ ၊ အချစ်ကို နားမလည်သော ၊ အချစ်ကို တန်ဖိုး မထားသော ( သို့မဟုတ် ) အချစ် မရှိသော မိန်းမသား တစ်ဦးကိုမှ နှစ်နှစ်ကာကာ မြတ်မြတ်နိုးနိုး ချစ်တတ်သော နှလုံးသားမျိုးသည် အဘယ်ကြောင့် ကျွန်တော့် ရင်ထဲသို့ ရောက်ရှိနေသည် မသိ ။ ဝမ်းနည်းကြေကွဲစရာ ကောင်းလိုက်ပါဘိ ။
လမ်းဘေးမှ တမာပင်လေးများသည် နောက်တွင် တရိပ်ရိပ် ကျန်ရစ်ခဲ့သော်လည်း ကြည်သန့်ဝေ ၏ ခါးသီးသော အဖြေစကားသည် ကျွန်တော်နှင့် အတူ လိုက်ပါလာခဲ့၏ ။ တမာတန်း ဆုံးသော်လည်း ချိုမြခြင်း မရှိသော သူမ၏ အဖြေစကားသံသည် အဆုံးမရှိသေး ။
အဆောင်သို့ ရောက်သောအခါ ခွေးပုသည် ကျွန်တော့်ကို စောင့်ကြိုနေ၏ ။ ကျွန်တော်တို့ စကားမပြော ဖြစ်ကြ ။ ခွေးပုက ဘာအဓိပ္ပာယ်မှန်း မသိ ကျွန်တော့်အား လက်ကိုင်ပဝါတစ်ထည် ထုတ်ပေးသည် ။ သူကိုယ်တိုင် ကတော့ သူ့နဖူးမှ အုတ်ခဲနီ အထုခံထားရသော အမာရွတ်ကလေးကို လက်ဖြင့်စမ်းရင်း ငိုင်နေသည် ။
“ ခွေးပု ”
“ ဘာလဲကွ ”
“ လက်ကိုင်ပဝါက ဘာလုပ်ဖို့ လဲ ”
“ မျက်ရည်သုတ်ဖို့ ”
“ ဟာ ခွေးမသား ”
သည်သို့ဖြင့် ခွေးပုသည် လည်းကောင်း ၊ ကျွန်တော်သည် လည်းကောင်း အညာတက္ကသိုလ်ကို စိတ်နာလှစွာ ခွဲခွာခဲ့ကြလေပြီ ။ အညာ၏ တမာနံ့ကို ကျွန်တော်တို့ ထာဝရ မေ့ချင်နေပါပြီတည်း ။
ယနေ့တိုင် ငြိမ်းချမ်းစွာ တသွင်သွင် စီးဆင်းနေသော ရေနီမြောင်းလေးသည် လည်းကောင်း ၊ ရောမခေတ် အဆောက်အအုံသဖွယ် ခံ့ညားထည်ဝါလှသော မန္တလေး တက္ကသိုလ် လှေကားခုံနှင့် ကျောက်တိုင်ကြီးများသည် လည်းကောင်း ၊ စာမေးပွဲ နီးလာလျှင် ညီးညီးထိန်နေသော ရှမ်းရိုးမတောင်မှ တောမီးတန်းများသည် လည်းကောင်း ၊ အချိန်ကြာမြင့်လာသည့်တိုင် လက်ရှိအရွယ်မှ ကြီးလာဟန် မရှိသော ခပ်ယိမ်းယိမ်း ၊ ခပ်နွဲ့နွဲ့ တက္ကသိုလ်၏ အလှကို ဖွဲ့ဆိုနေသည့် တမာပင်ပျိုလေးများသည် လည်းကောင်း ကျွန်တော်တို့လို ၊ ခွေးပုတို့လို ချစ်ကံမွဲသူများ အဖို့တော့ အားလုံးသည် အနိဋ္ဌာရုံ ဖြစ်လာခဲ့ရပါ၏ ။
ရေနီမြောင်း၏ ရေကဲ့သို့ နီလွင်စွာသော ကျွန်တော်တို့ ၏ အချစ်နှလုံးသွေးကို သူမတို့ မမြင်ခဲ့ ။
ခေတ်မမီသော်လည်း ခိုင်မာတည်တံ့ဟန် ရှိသော မန္တလေး တက္ကသိုလ် အဆောက်အအုံကြီး ကဲ့သို့သော ကျွန်တော်တို့၏ မေတ္တာထုထည်ကို သူမတို့ မတွေ့ခဲ့ ။
တထိန်ထိန်တညီးညီး ငရဲမီးပမာ ပူပြင်းလှစွာသော ဟိုအရှေ့ဘက်က ရှမ်းတောင်တန်း တောမီးတောင်မီးများသည် ကျွန်တော်တို့၏ အချစ်သောကမီး ဆိုသည်ကို သူမတို့ မသိခဲ့ ။
ယိမ်းကာနွဲ့ကာဖြင့် စိမ်းစိမ်းလန်းလန်း တမာရွက်တို့ ကြား ဖူးဝေအောင် ပွင့်နေသော တမာပန်းလေးများနှယ် ခါးသက်လှသော သူမတို့၏ စိမ်းကားမှုသည် ကျွန်တော်တို့အား အဘယ်မျှ ခံစားစေခဲ့သည်ကို သူမတို့ မသိခဲ့ ။
ရေနီမြောင်းသည် လည်းကောင်း ၊ အညာတက္ကသိုလ်သည် လည်းကောင်း ၊ ရှမ်းရိုးမ တောမီးများသည် လည်းကောင်း ၊ တမာပင်ပျိုတန်းလေးများ သည် လည်းကောင်း ကျွန်တော်တို့၏ နောက်တွင် ကျန်ရစ်ခဲ့သည့်တိုင် -
သူမတို့ အပေါ် ချစ်ခဲ့ရသော ချစ်နှလုံးသွေးသည် ကိုယ်တွင်း၌ လည်ပတ်လိုက်ပါ လာခဲ့ပါချေ၏ ။
ရင်ထဲ၌ ဆောက်တည်အပ်သော ခိုင်မြဲသည့် အချစ်ကမ္ဘာသည်လည်း မပြိုမကွဲ ရင်ထဲမှာ ရှိနေဆဲ ။
အလွမ်းဖြင့် တမ်းတအပ်သောကြောင့် မကြာခဏ အချစ်၏ အပူမီးကိုလည်း အမြဲမပြတ် ခံစားလျက်ရှိကာ -
မူးဝေစေနေနိုင်သော သူမတို့၏ အလှနှင့် ခါးသီးလှစွာသော သူမတို့၏ စိမ်းကားမှုများကိုလည်း ထာဝစဉ် မေ့မရနိုင်အောင် ရှိခဲ့ကြပါချေ၏ ။
စင်စစ် အညာတက္ကသိုလ်ကို ခွဲခွာခဲ့ပါလင့်ကစား ထိုမှ ပေးအပ်လိုက်သော အမွေသည် သည်ဘက် ဘဝတက္ကသိုလ် အထိ ပါလာခဲ့ပါလေတော့သတည်း ။
ဘဝတက္ကသိုလ်ထဲတွင် ကျင်လည်ကြရသောအခါ ခွေးပု နှင့် ကျွန်တော်သည် ဟိုစဉ်ကလို မတွေ့နိုင်ကြတော့ချေ ။ ဟိုစဉ်ကလို မလွတ်လပ်နိုင်ကြတော့ချေ ။ ထို့အတူ ဟိုစဉ်ကလို မပျော်ပါးနိုင်ကြတော့ချေ ။
“ ဟေ့ကောင်ကြီး မျောက်ကျော် ၊ မင်း အခု ဘယ်ဌာနမှာလဲ ၊ မိန်းမရပြီလားကွ ”
ဆိုသော ခွေးပု၏ ကျယ်ကျယ်လောင်လောင် စကားမျိုးများ
“ ဟေ့ကောင် ခွေးပု ဒါ မင်းကလေးလား ၊ နေစမ်းပါဦး သားသမီး ဘယ်နှယောက်ရနေပြီလဲ ၊ မင်း လူဖြစ်သားပဲကွ ။ ဟဲ ဟဲ ဟဲ ”
ဆိုသော ကျွန်တော်၏ ကမန်းကတန်း မေးမြန်းခဲ့ရသော စကားမျိုးများ ။
“ ဟေ့ ဟေ့ မျောက်ကျော် နေပါဦးဟ ၊ ရေးကြီးသုတ်ပျာနဲ့ ဘယ်ကိုလဲ ၊ အင်း မင်း သိပ်ပိန်တာပဲ ၊ ကျန်းမာရေး ဂရုစိုက်ဦးနော် ၊ မင်း ကြားပြီးပြီလား ၊ ပွေးစိန်လေ ၊ အေး ပွေးစိန် ဆုံးသွားရှာပြီကွ ၊ အသည်းကင်ဆာနဲ့ ”
ဆိုသော သံဝေဂရစရာ စကားမျိုးများ ။
“ ခွေးပု ဟေ့ကောင် ၊ အမယ်လေး ရှာလိုက်ရတာကွာ ရော့ရော့ ဖိတ်စာ ၊ ငါ့သားတွေ ရှင်ပြုမလို့ ကွ ၊ ဆက်ဆက်လာနော် ” ဆိုသည့် ဇရာနွယ် လာသော စကားမျိုးများ ။
“ ဟေး မျောက်ကျော် ၊ အာ ဆောရီး ဆောရီး ၊ မင်းက ကျောင်းအုပ်ဆရာကြီးပဲကွ ၊ ဟီး ဦးမြတ်ကျော် ဖြစ်ရမှာပေါ့ ၊ ဒီမှာ ဒါ ငါ့သမီးလေးကွာ ၊ ဒီနှစ် လေးတန်း အောင်ပြီးပြီ ၊ ကဲ အဲဒါ မင်းကျောင်းမှာ ကျောင်းထားချင်လို့ ” ဟူသော အဆင့်အတန်းနှင့် သိက္ခာနွှယ်သော စကားမျိုးများ ။
“ အမယ် အမယ် ဆရာ ခွေးပု ၊ မင်းကလည်း ချီးတယ်မှပဲ ၊ နိုင်ငံခြား သွားရတယ်ဆို ၊ ပြန်လာပြီး တစ်ခါမှ မတွေ့ရတော့ဘူး ၊ မင်း ထောနေတယ်ဆို ၊ ကဲ တစ်ပွဲလောက် လုပ်စမ်း ၊ ငါ လဒတို့ ရေမြင်းတို့ကို အကြောင်းကြားလိုက်မယ် ”
ဆိုသော စကားမျိုးများ ဖြင့်သာ အချိန်ကို လုကာ ၊ နေရာကို လုကာ တွေ့ကြဆုံကြ ပြောခဲ့ကြရလေသည် ။ ချစ်ကံဆိုးခဲ့သည့် အတိတ်ကိုဖြင့် ပြန်မပြောချင်ကြ ။ သတိမရချင် ခဲ့ကြတော့ချေ ။ ယုတ်စွအဆုံး ရီနွဲ့လှိုင် ကြောင့် ဖြစ်လာခဲ့ရသော ခွေးပု နဖူးမှ အမာရွတ်ကလေး ကိုပင် ကျွန်တော် မကြည့်မိအောင် သတိထားနေခဲ့မိသလို ခွေးပု ကလည်း ဆံပင်ကို အရှည်ထားကာ သူ့အမာရွတ်ကလေးကို ဖုံးအုပ်ထားတတ်ခဲ့၏ ။
ဒဏ်ရာကိုပင် ရတနာ ထင်လေသလား မပြောတတ် ။ တစ်ခါတစ်ခါ တသသ တယုတယ လုပ်နေတတ်၏ ။ ခွေးပု အချစ်ကတော့ဖြင့် ထူးလည်း ထူးပါ့ ။ ရူးလည်း ရူးပါ့ ။
ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော် မကြာမကြာ မကျေမနပ် ဖြစ်နေရတတ်သည် ။ အသက်က လေးဆယ်ကျော်ပြီပဲ ။ ဘာဖြစ်လို့များ ကြည်သန့်ဝေ ကို မကြာခဏ သတိရနေတတ်သည် မသိ ။ ဘာဖြစ်လို့များ သူ့ကို တွေ့ချင်နေရပါလိမ့် ။
သူမကို မေ့ချင်ပါသည် ။ သူမကို သတိမရချင်တော့ပါဟု အစဉ်တစိုက် ဆန္ဒ ဖြစ်ပေါ်နေစဉ်ခိုက်မှာပင် အမှတ်မထင် သူမကို ကျွန်တော်၏ ဘဝတစ်ဆစ်ချိုး နေရာတစ်ခု၌ ဒုတိယအကြိမ် ပြန်လည် ဆုံစည်းခဲ့ရပြန်ပါသည် ။ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေး တစ်ခုမှာ ဖြစ်ပါသည် ။ သူမက ကျောင်းသားမိဘ ။ ကျွန်တော်က ကျောင်းအုပ်ဆရာကြီး ။ ရယ်စရာတော့ အကောင်းသား ။ မာတာပီတုဂုဏော အနန္တော ၊ အာစရိယ ဂုဏော အနန္တောဟူသည် မဟုတ်ပါလား ။ ကျွန်တော်တို့ တစ်တွေ ဘုရားနဲ့ တစ်ဂိုဏ်းတည်း ပြသော မိဘတွေ ဆရာတွေ ဖြစ်နေကြပြီပဲနော် ။
ရုတ်တရက် အမှတ်မထင် တစ်ဦးကို တစ်ဦး မြင်လိုက်ကြရသောအခါ ကျွန်တော်ရော သူပါ ဇဝေဇဝါ ဖြစ်ခဲ့ကြရပါသည် ။ ကျောင်းတုန်းက မျောက်လို ဆော့ခဲ့သော ကျွန်တော်က တိုက်ပုံဖားဖား ၊ မျက်မှန် ပါဝါများများဖြင့် သိက္ခာရှိ ကျောင်းအုပ်ဆရာကြီးပုံစံ ဖြစ်နေသလို ငယ်စဉ်က ပါးပါးလှပ်လှပ် ယဉ်စစ နွဲ့မူဟန် ကြည်သန့်ဝေ လို မိန်းကလေးမျိုးက ခံ့ခံ့ထည်ထည် စစ်ဝတ်စုံယူနီဖောင်းဖြင့် ဗိုလ်ကြီး ကြည်သန့်ဝေ ဖြစ်နေလေပြီ ။
“ ဆ ဆရာက ဟို ကိုမြတ်ကျော် ”
“ ဟုတ်ပါတယ် ၊ ဗိုလ်ကြီး ဒေါ်ကြည်သန့်ဝေ ”
ကြည်သန့်ဝေ၏ မျက်လုံးများ တလက်လက် တောက်ပလာကြသည် ။ ကျွန်တော့်ရင်ထဲတွင် ပုန်းလျှိုး နစ်မြုပ်နေခဲ့သော အတိတ်က မိန်းက လေးသည် အညာတမာ တက္ကသိုလ်မှ ယခုပင်လျှင် ပျံသန်းလာသည့် နှယ် ထင်မိပါ၏ ။ ရှေ့ဆက်ရန် စကားများစွာ ရှိသော်လည်း ကျွန်တော်တို့၏ ဝတ်စုံများက အထူးပင် နှုတ်ဆိတ်စေခဲ့လေပြီ ။
အစည်းအဝေး ပြီးသောအခါ ကြည်သန့်ဝေ က ကျောင်းနှင့် အလှမ်း မဝေးသော သူမအိမ်သို့ လိုက်ရန် ဖိတ်ခေါ်လေသည် ။ သူမ၏ ဖိတ်ခေါ်မှုကို ကျွန်တော် မငြင်းမိပါချေ ။
စကားများ စွာ မပြောရသေးသော်လည်း အရွယ်လွန်သည့်တိုင် နှလုံးခုန်မြန်လျက် ရှိသည် ။ ဘာကြောင့် ရယ်တော့မသိ ။ မန္တလေး တက္ကသိုလ် ရွှေမန်းအမျိုးသမီးဆောင်ရှေ့ တမာပင်အောက်မှ ရီဝေသော မျက်လုံးလေးများကို ကျွန်တော် ပြတ်ပြတ်သားသား သတိရနေမိပါ၏ ။ ယခု ထိုမျက်လုံးများ ပိုင်ရှင်က ကျွန်တော့်အား ဦးဆောင် ခေါ်ယူနေချေပြီတကား ။
ခြံဝင်းကျယ်လေး တစ်ခု ဖြစ်၏ ။ သန့်ရှင်းသပ်ရပ်သော တစ်ထပ်တိုက်ငယ်လေးက အိမ်ရှင်မကောင်း တစ်ဦး၏ အရည်အသွေးကို ဖော်ပြလျက် ရှိပါချေ၏ ။ ကြည်သန့်ဝေ သည် အဆင်းရှိသလို အချင်းပါပြည့်စုံသော မိန်းကလေးဖြစ်သည်ဟု မှတ်ချက်ပြုရလျှင် “ လွတ်သော ငါး ကြီးသည် ထင့် ” ဟု အောက်မေ့ကြပေလိမ့်မည် ။ စင်စစ် ကျွန်တော်သည် ငါး မဖမ်းတတ်ခဲ့သော တံငါယောက်ျား ဖြစ်ခဲ့ခြင်းသာ ။
အိမ်တွင်း ဧည့်ခန်းသို့ ရောက်သောအခါ အပြာရောင်နှင့် အစိမ်းရောင်နုတို့ စပ်ဟပ်တန်ဆာ ဆင်ထားသော နေရာထိုင်ခင်းတွင် ထိုင်စေခဲ့ပါ၏ ။ ကျွန်တော်က ဧည့်ခန်း အဆင်အပြင် သန့်ရှင်းသပ်ရပ်မှုကို သတိထားလေ့လာရင်း တစ်စုံတစ်ခု လိုအပ်နေသည်ဟု စိတ်တွင် ခံစားမိလိုက်ရသည် ။ ကြည်သန့်ဝေ၏ ဘွဲ့ရဝတ်စုံနှင့် ဓာတ်ပုံ ၊ စစ်ဝတ်စုံနှင့် ဓာတ်ပုံတို့ ကို တွေ့မြင်ရသည်တိုင် သူမနှင့် သူမ၏ ခင်ပွန်းတို့ တွဲရိုက်ထားသော ဓာတ်ပုံဟူ၍ တစ်ပုံတလေမှ မတွေ့ရ ။ ဒါက မိသားစုတိုင်းမှာ ရှိတတ်သော အရာ မဟုတ်ပါလား ။ အားနာစိတ်ထက် သိလိုစိတ်က ပို၍ ပြင်းထန်လာသည် ။
“ နေပါဦး ၊ ကြည်သန့်ဝေ အိမ်သားကော ”
“ အိမ်သား ”
“ ဟို ကြည်သန့်ဝေ ခင်ပွန်း ပြောတာပါ ၊ တို့နဲ့လည်း မိတ်ဆက်ပေးပါဦး ”
ကြည်သန့်ဝေ ရယ်သောအခါ ကျွန်တော် စဉ်းစား၍ မရ ။ ဘာများ အမှားအယွင်း ရှိပါလိမ့် ။
ကြည်သန့်ဝေ မျက်လုံးလေးများက တောက်ပနေကြသည် ။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက မြင်ခဲ့ဖူးသော ရီဝေဝေ မျက်လုံးလေးများကို ထပ်ကာ ထပ်ကာ သတိရ လာမိပြန်သည် ။
“ ကျွန်မ အိမ်ထောင် မပြုရသေးဘူး ကိုမြတ်ကျော် ”
“ ဟင် ”
“ ရတာမလို လိုတာမရ ဆိုပါတော့ ”
ကျွန်တော် ငိုင်နေမိသည် ။ အင်း ကျွန်တော်သည် သူမ အတွက်တော့ ‘ ရတာမလို ’ သော သတ္တဝါထဲတွင် ပါဝင်မည် ထင်မိပါ၏ ။ ‘ လိုတာမရ ’ ဟုတ်မည် မထင် ။
“ ကျွန်မ ကိုမြတ်ကျော် သတင်းကို အမြဲ ကြားနေခဲ့ရပါတယ် ၊ ၁၉၇၂ ခုနှစ်က အိမ်ထောင်ကျတဲ့ အကြောင်း ၊ သားတစ်ယောက် သမီးတစ်ယောက် ရှိတယ် ဆိုတဲ့ အကြောင်း နောက်ပြီး .. ”
ကြည်သန့်ဝေ က ဆက်ပြောသင့် မပြောသင့် ချိန်ဆနေသည် ။ သူမ ဘာကို ချိန်ဆနေကြောင်း ကျွန်တော် နားလည်ပါသည် ။ ကျွန်တော့်ဇနီး သူဌေးသမီး၏ ဓနဂုဏ်မောက်မာမှုကြောင့် ကျွန်တော်တို့ အိမ်ထောင်ရေး မကြာခဏ ကတောက်ကဆတ် ဖြစ်ကြောင်းကို ပြောသင့် မပြောသင့် ချိန်ဆနေခြင်း ဖြစ်ပါလိမ့်မည် ။
“ ကဲ ခဏထိုင်ဦးနော် ၊ ကျွန်မ အဝတ်လဲဦးမယ် ”
သူမက စကားဖြတ်ကာ အိမ်တွင်းသို့ ဝင်သွားသည် ။ ကျွန်တော်သည် မတုန်မလှုပ် ထိုင်ရင်း စဉ်းစားခန်း ဝင်နေမိပါသည် ။
ရှမ်းရိုးမ တောင်တန်းကြီးကို လည်းကောင်း ၊ ရေနီမြောင်းကို လည်း ကောင်း ၊ အညာတမာနံ့တို့ကို လည်းကောင်း သက်သေပြုကာ တိုင်တည်ကာ ကျောင်းနေစဉ် ဘဝက သူမအား ကျွန်တော်သည် ချစ်ကြောင်း ၊ ခင်ကြောင်း ၊ ကြင်နာကြောင်း သမုဒ်မင်ရေပျော်ခဲ့မိ၏ ။ နောက်တော့ ကျွန်တော်သည် အိမ်ထောင်ပြုခဲ့၏ ။ သားတွေ သမီးတွေ ရလာ၏ ။ ကျောင်းတုန်းက ကြည်သန့်ဝေသည် ကျောင်းမှာပဲ ကျန်ခဲ့လေသည် ။ ဘာသတင်းမှ မကြားမိ ။ မစုံစမ်းမိ ။
သူကတော့ သည်လို မဟုတ် ။ ကျွန်တော်၏ သည်ဘက်ဘဝကို သိနေသည် ။ ကြားနေသည် ။ စုံစမ်းနေသည် ထင့် ။
ဘွဲ့ဝတ်စုံနှင့် ကြည်သန့်ဝေ ဓာတ်ပုံက ကျွန်တော့်ကို တည်တည်တံ့ခံ့ စိုက်ကြည့်နေသည် ။ ခြိမ်းခြောက်နေ သလိုလို သရော်ပြောင်လှောင်နေ သလိုလို ။ ဩော် မဝေရယ် ကျောင်းမှာ ကတည်းက မင်းကို တို့ သိနေခဲ့ သလိုလိုပါကွယ် ။ မင်း နှုတ်ခမ်းတွေက ဖွင့်ပြောတော့လည်း ‘ လုံးဝမချစ် နိုင်ပါဘူး ’ ဆိုခဲ့တာပဲ ။
မကြာမီ ကြည်သန့်ဝေ ထွက်လာသည် ။ အင်္ကျီ အပြာနု လက်ပြတ် ၊ ထဘီအပြာရင့်ကို ဝတ်ဆင်ထားသည် ။ ဘာကြောင့်ရယ်တော့ မသိ ၊ ကျွန်တော် ကျောင်းသားဘဝက သည် အပြာရောင်ကို သိပ်ချစ်ခဲ့မိပါ၏ ။ ကြည်သန့်ဝေ က ကော်ဖီပန်းကန်ကို ကျွန်တော့် ရှေ့သို့ ချပေးရင်း စကားဆိုသည် ။
“ ကော်ဖီ သောက်ပါဦး ”
လက်ဖက်ရည်ဆိုင် ထိုင်လျှင် လက်ဖက်ရည် မသောက်ဘဲ ကော်ဖီ ကိုသာ သောက်တတ်သော ကျွန်တော့် အလေ့အကျင့်ကို သူမ သိနေပါသလား ။
“ သောက်ပါ ၊ ချိုပါတယ် ” တဲ့ ။
ကျွန်တော် တုန်လှုပ်သွားမိသည် ။ မပြုံးဘဲလည်း မနေနိုင်တော့ချေ ။ ကျောင်းတုန်းက သူမနောက် တကောက်ကောက် လိုက်၍ သူမတို့က အသုပ်ဆိုင် ဝင်လျှင် ကျွန်တော်က အသုပ်ဆိုင် အနီးမှ လက်ဖက်ရည်ဆိုင်တွင် စခန်းချတတ်လေသည် ။ ထိုလက်ဖက်ရည်ဆိုင်တွင် “ ကော်ဖီချိုချို တစ်ခွက် ” ဟူ၍ ကျွန်တော် အော်ဟစ်မှာလေ့ ရှိခဲ့ပါသည် ။ ဒါကို ကြည် သန့်ဝေ မေ့ဟန် မတူ ။
ကြည့် ‘ ချိုပါတယ် ’ တဲ့ ။
အင်း ခု ကျွန်တော် အချို မကြိုက် ။
“ မိဘဆရာအသင်း နှစ်ပတ်လည် အစည်းအဝေးကို လာလို့ ကိုမြတ်ကျော်က ကျွန်မကို မိဘအဖြစ် ထင်နေတာလား ”
“ အင်းလေ ဒီလိုပဲ စဉ်းစားမိတာပေါ့ ၊ ဟင်း ဟင်း ”
“ ကျွန်မ အစ်ကိုရဲ့ သမီးလေးကို ခရီးကြုံလို့ လိုက်ပို့တာ ၊ အဲဒါ ကိုမြတ်ကျော်နဲ့ တွေ့တာနဲ့ အစည်းအဝေးမှာ ထိုင်နေမိတာ ”
ကျွန်တော် ချည့်နဲ့စွာ ပြုံးနေမိပါသည် ။ နောက်တော့ ချိုရဲနေသော ကော်ဖီကို သောက်ရင်း ကျောင်းတုန်းက မိတ်ဆွေများ အကြောင်း တစ်ယောက် တစ်လှည့် မေးကြ ဖြေကြ လုပ်နေခဲ့ကြသည် ။ စကားပြောရင်းဖြင့် ကျွန်တော်တို့ နှစ်ဦးစလုံး နုပျိုသန့်စင်သော ငယ်စဉ်က စိတ်ထား မျိုးကို ရရှိခံစားလာကြရပါ၏ ။
“ ဒါ့ထက် ရီနွဲ့လှိုင် တစ်ယောက်ကော ကြည်သန့်ဝေ ”
“ ရန်ကုန်မှာ ပဲလေ ၊ ငွေစာရင်းအရာရှိ ၊ ရှင် မသိဘူးလား ”
ကျွန်တော် ခေါင်းခါပြ၏ ။ ကြည်သန့်ဝေ က ပြုံး၍ -
“ လှတုန်း ၊ ပတုန်းပါပဲ ၊ ရှင် သူ့ကို သတိရနေ တုန်းပဲလား ”
“ ဘယ်မေ့မလဲ ၊ သိပ်သတိရတာပေါ့ ”
မှန်သည် ခွေးပု ကိုပါ ကျွန်တော် သတိရလာမိသည် ။
“ ဟုတ်မှာ ပါ ၊ ရှင်က သူ့ကို ကြိုးစားခဲ့သေးတာပဲ ”
“ ဘာ ဘာပြောတယ် ”
“ ရှင် သူ့ကို ကြိုးစားခဲ့သေးတယ်လေ ၊ အို မရှက်ပါနဲ့ ၊ ပြီးတာတွေ ပြီးခဲ့ပြီပဲ ”
“ နေ နေပါဦး ၊ ကျွန်တော် ဘာမှ နားမလည် ”
“ အမယ်လေး အချင်းချင်းတွေ ဖုံးဖိမနေပါနဲ့ ရှင် ၊ ရှင့် လက်ရေးနဲ့ ရည်းစားစာတွေ သူ့ဆီမှာ ကျွန်မ တွေ့ခဲ့ဖူးပါတယ် ၊ ဟင်း ဟင်း စာက သုံးစောင်တောင်မှ ၊ ရီနွဲ့လှိုင် ကိုယ်တိုင် ကျွန်မကို ပြတာ ”
“ ဟင် ”
သောက်လက်စ ကော်ဖီပန်းကန်ကို အသာချရင်း အတိတ်သို့ ကျွန်တော်၏ စိတ်များကို ပြန်လွှတ်လိုက်သည် ။
ဘယ်လိုပါလိမ့် ။ ဘာဖြစ်လို့ပါလိမ့် ။
ကျွန်တော့် အချစ်ဆုံး သူငယ်ချင်း ခွေးပု၏ တစ်ဖက်သတ် ချစ်သူ ရီနွဲ့လှိုင် ကို ကျွန်တော်က စာပေးဖူးသတဲ့လား ။ ဘုရား ဘုရား ။ ဒီ အကြောင်းကို သိထားသူကလည်း ကျွန်တော် မြတ်မြတ်နိုးနိုး တန်ဖိုးထား ချစ်ခဲ့ရသော ကြည်သန့်ဝေ ပါကလား ။
ခက်ပြီ ။ ရီနွဲ့လှိုင် ကို ကျွန်တော် စာမပေးဖူးတာတော့ အမှန် ။
ကျွန်တော် ဦးနှောက်ခြောက်ရလေပြီ ။
“ နေပါဦး အဲဒီစာတွေက တို့ လက်ရေးနဲ့ ဟုတ်လား ”
“ သိပ်ဟုတ်တာပေါ့ ကိုမြတ်ကျော် ၊ သိပ်ကဗျာဆန်တာ ဘာတဲ့ အင်း စစချင်း ခေါင်းစီးတပ် ခေါ်ထားတာက ဟို သဲမြညှာတဲ့ ”
“ သဲမြညှာ ”
“ အင်း သဲမြညှာတဲ့ ကျွန်မတို့တောင် ရီနွဲ့လှိုင် ကို ‘ သဲမြညှာ ’ လို့ နောက် နောက်ပြီး ခေါ်ကြသေးတယ် ၊ ဟင်း ဟင်း ဟင်း ”
သဲမြညှာ ၊ သဲမြညှာ ၊ သိပြီ ၊ ဒါ လဒ ၊ လဒ ၊ လဒ အောင်ပွင့်ကို ကျွန်တော် ရေးပေးလိုက်တဲ့ စာ ၊ ဒူးယား တစ်ဘူး ၊ ကော်ဖီ တစ်ခွက် ၊ နေကြာစေ့လှော် တစ်ထုပ်ဖြင့် ရေးပေးလိုက်သော ရည်းစားစာ ။
ကြီးမားပြင်းထန်လှသော သက်ပြင်းတစ်ခုကို ကျွန်တော် ချလိုက်မိပြီ ။ ကျွန်တော် သိပြီ ။ အောင်ပွင့် က ကျွန်တော့် လက်ရေးဖြင့် ရေးထားသော ရည်းစားစာများကို ရီနွဲ့လှိုင် အား လူမသိအောင် ပေးခဲ့လေသည်တကား ။
ကြည်သန့်ဝေ သည် ကျွန်တော့် မျက်နှာပေါ်မှ ပြောင်းလဲနေသော အရိပ်အယောင်များကို ငေးကြည့်နေသည် ။
“ အဲဒီစာတွေဟာ တို့ ပေးထားတာလို့ ရီနွဲ့လှိုင်က ပြောသလား ကြည်သန့်ဝေ ”
“ သူ ပြောလို့ သိတာပေါ့ ၊ ဒါပေမဲ့ ဒီစာအကြောင်း ကိုမြတ်ကျော်ကို ပြန်မပြောရဘူးလို့ အတင်းအကျပ် သူက ကတိတောင်းခဲ့တယ်လေ ”
အင်း ဟုတ်မှာပေါ့ ။
ရေနီမြောင်းဘေးတွင် သူမအား မှိုချိုးမျှစ်ချိုး မိုက်မိုက်ရိုင်းရိုင်း ပြောဆိုခဲ့သော ကျွန်တော့်ကို ရီနွဲ့လှိုင် က ချုံခိုပစ်ခဲ့လေသည် တကား ။
“ ကြည်သန့်ဝေ Ambush ဆိုတာ သိတယ်နော် ”
“ ချုံခိုတိုက်တာပေါ့ ”
“ မဝေတို့ လောကမှာသာ ချုံခိုတိုက်တာ မဟုတ်ဘူး မဝေ ၊ လူ့လောကကြီး ထဲမှာလည်း ချုံခိုတိုက်တာတွေ အများကြီး ရှိတယ် ၊ ဟင်း ဟင်း ၊ တော်တော် ရယ်စရာကောင်းတယ် ”
ရယ်စရာကောင်းတယ်ဟု ပြောလိုက်သော ကျွန်တော်၏ မျက်ဝန်းတွင် မျက်ရည်ကြည် သီသီဝေ့သွားသည်ကို ကြည့်သန့်ဝေ ရိပ်စားမိလေမလား မပြောတတ် ။
အချိန်လွန် အရွယ်ဟိုင်းကျမှ နောင်တရစရာ ၊ ဝမ်းနည်းကြေကွဲစရာ ၊ အမုန်းတရားများ ထွက်ပေါ်စေရာ အလုပ်မျိုး ကျွန်တော် မဖန်တီးချင်တော့ပါ ။
“ ကျွန်တော့်စာတွေ သူပြတဲ့ နေ့ဟာ ကျွန်တော်နဲ့ ကြည်သန့်ဝေ နောက်ဆုံးမတွေ့ခင် တစ်နေ့က မဟုတ်လား ”
“ အင်း ဟုတ်တယ် ဟုတ်တယ် ၊ ကိုမြတ်ကျော်ကို ကျွန်မ နောက်ဆုံး တွေ့လိုက်ရတဲ့ နေ့ မတိုင်ခင် ညကပဲ ”
ကျွန်တော် ပြုံးနေမိသည် ။ သို့သော် မဲ့နေသည့် ပုံစံ ထွက်နေမည် ထင်၏ ။
“ ဪ တကယ်လို့များ မဝေက ကျွန်တော့်ကို ဒီစာတွေကြောင့် ရှင့်ကို ကျွန်မ မုန်းတယ်လို့ အကြောင်းပြခဲ့ရင် ဘယ်လောက် ကောင်းလိုက်မလဲ ”
ဟု တွေးမိသည် ။
အကယ်၍သာ ထိုအကြောင်းပြခဲ့လျှင် ကျွန်တော် ရီနွဲ့လှိုင် ကို စာမပေးခဲ့ကြောင်း ၊ သက်သေ အခိုင်အမာနှင့် ငြင်းနိုင်မည် ဖြစ်၏ ။ ရီနွဲ့လှိုင် နှစ်ထပ်ကွမ်း အရှက်ကွဲရသလို ကျွန်တော် နှင့် ကြည်သန့်ဝေ တို့၏ ချစ်ခရီးလမ်းသည်လည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲဖွယ်ရာရှိ၏ ။ အင်း ခုတော့ လွန်ခဲ့ပြီ ။
အခုမှ အဖြစ်မှန်ကို ဖွင့်ပြောလိုက်လျှင် ဘာအကျိုး ထူးနိုင်ပါတော့မည်နည်း ။ ကျွန်တော့် အနေနှင့် ထိုအပြစ်မှ ကင်းလွတ်သည် ထား ။
ရီနွဲ့လှိုင် နှင့် ကြည်သန့်ဝေ တို့၏ ရေရှည် ဆက်ဆံရေးမှာ အလားအလာ ကောင်းမည် မဟုတ်တော့ ။ အကယ်တန္တု ကြည်သန့်ဝေ က ကျွန်တော့်ကို ချစ်ချင်ပါလျက် ထိုစာ ဖျက်၍ ချစ်ရေး ပျက်ခဲ့ရသည် ဆိုလျှင် မည်မျှ ကြေကွဲဝမ်းနည်းဖွယ် ကောင်းလိုက်မည်နည်း ။
ရီနွဲ့လှိုင် သည် ကျွန်တော့်အား ခါးခါးသီးသီး မုန်းတီးခဲ့ဟန် တူ၏ ။ ကျွန်တော့်အကျိုး ပျက်ပြားရေးကို ဦးစားပေးခဲ့ပုံရ၏ ။ ကျွန်တော် ချစ်သော ကြည်သန့်ဝေ က ကျွန်တော့်ကို မချစ်နိုင်စေရန် အောင်ပွင့် ပေးသော ( ကျွန်တော့် လက်ရေးနှင့် ) ရည်းစားစာကို ကျွန်တော် သူမ ( ရီနွဲ့လှိုင် ) ကို ပေးသောစာ အဖြစ် လုပ်ကြံပြောဆိုခဲ့၏ ။ ကျွန်တော်နှင့် ရီနွဲ့လှိုင် တို့ အမုန်းစစ်ပွဲ ကြားတွင် ဓားစာခံ ဖြစ်ရသူမှာ ကြည်သန့်ဝေ ။
သည်အဖြစ်ကို ကျွန်တော် ရိပ်စားမိသော်လည်း သည်ဇာတ်ကို သည်တွင် ရပ်သင့်ကြောင်း နားလည်မိပါ၏ ။ ပိုနေမြဲ ကျားနေမြဲ ကောင်းပါ၏ ။ ရီနွဲ့လှိုင် ဆိုသော မိန်းမဆိုး၏ အမုန်း သည်ဘဝ သည်မျှနှင့် တုံးပါစေတော့လေ ။
“ ကြည်သန့်ဝေ အနေနဲ့ ကျွန်တော့်ကို မျက်နှာ သိပ်များတဲ့ လူလို့ ထင်မှာပဲနော် ”
ကြည်သန့်ဝေ ပြုံးနေ၏ ။
“ ကျွန်မတို့ အသက်ကြီးလာပါပြီ ၊ ဘဝဆိုတာ တကယ့် တိုတိုလေးပါ ”
“ တို့ကို ခွင့်လွှတ်ပါ ကြည်သန့်ဝေ ၊ တို့ တောင်းပန်ပါရစေ ”
ကြည်သန့်ဝေ ခေါင်းငုံ့နေသည် ။
“ အခု တောင်းပန်နေတာက အပြစ် မရှိဘဲ တောင်းပန်နေတာပါ ”
ကြည်သန့်ဝေ ခေါင်းမော့ပြီး ကြည့်နေသည် ။
“ ငယ်ငယ်က မျက်နှာရူးခဲ့တဲ့ ကောင်လေးတွေဟာ မျက်နှာများတတ်ပါလား ၊ ဟိုမိန်းမကို လိုက်ကြိုက် ၊ ဒီမိန်းမကို လိုက်ကြိုက်တာပဲလို့တော့ အစွဲအလမ်း မထားပါနဲ့လို့လည်း တောင်းပန်ပါရစေ ကြည်သန့်ဝေ ”
“ ဘာအဓိပ္ပာယ်ပါလိမ့် ”
ကျွန်တော်က ပြုံးပြီး နေရာမှ ထလိုက်ပါသည် ။
အချို မကြိုက်တော့သည့် ကျွန်တော်သည် ကော်ဖီချိုချို တစ်ခွက်လုံးကို သောက်ခဲ့ပြီးပြီ ။
“ ကဲ ပြန်ဦးမယ် ၊ ကျေးဇူးတင်ပါတယ် ၊ အကူအညီ လိုရင် အချိန်မရွေး ကျောင်းကို လာလို့ ရပါတယ် ၊ စေတနာ သန့်သန့်ပါ ”
ကြည်သန့်ဝေ ပြုံးနေသည် ။ ကျွန်တော် အလွန်ချစ်သော သူမ၏ မျက်လုံးလေးများ ရွှန်းလဲ့တောက်ပ နေကြသည် ။ ကျွန်တော်တို့ အိုမင်း ရင့်ရော်လာကြပြီမှာ မှန်ပါသည် ။ သို့သော် ကျွန်တော်တို့ အချစ်သည် နုပျိုလန်းဆန်းနေဆဲ ။
“ လေးစားပါတယ် ဗိုလ်ကြီး ”
ကျွန်တော်က ပုံစံကျကျ အလေးပြုလိုက်ပါသည် ။ သူမ၏ နူးညံ့သိမ်မွေ့၍ မြတ်နိုးလေးစားဖွယ် ကောင်းသော ချစ်ခြင်းမေတ္တာတရားကို အလေးပြုခြင်း ဆိုက မမှားပါ ။
ကျွန်တော် သူ့ကို လေးစားပါသည် ။ တကယ် လေးစားပါသည် ။ ကြည်သန့်ဝေက မဲ့ပြုံးလေး ပြုံးကာ ပြန်၍ အလေးပြု၏ ။
“ ကားနဲ့ လိုက်ပို့ပေးမယ်လေ ”
“ ရပါတယ် ၊ တို့ လမ်းလျှောက်ချင်နေတယ် ”
အရွယ်နှင့် အသိက ရင့်ကျက်လာသည်မို့သာ ခေါင်းမော့၍ လမ်းလျှောက်ရန် မလိုခြင်း ဖြစ်သော်လည်း ရင်ထဲမှာ တနုံ့နုံ့ ခံစားနေရသည် ။
တမာပင်အောက်က ရီဝေသော မျက်လုံးအစုံ၏ အဓိပ္ပာယ်ကို ကျွန်တော် နားလည်ရပြီပဲလေ ။ ထို့အတူ သွေးအေးအေးဖြင့် ကျွန်တော့်ကို လက်စားချေသွားသော ရီနွဲ့လှိုင်၏ ခက်ထန်သော စိတ်ဓာတ်ကိုလည်း နားလည်လိုက်ရပြီပဲလေ ။
အင်း ကျွန်တော့် အတွက်တော့ ချစ်ခြင်းမေတ္တာတရားဆိုသည် အရုပ်ဆိုးလွန်းလှပေစွ ။
သားသမီး မွေးဖွားပြီးသော မိဘတိုင်း မိဘတိုင်း ကိုယ်ပိုင် အခွင့်အရေးများ တစ်စထက် တစ်စ နည်းပါးလာရသည်မှာ ဓမ္မတာဖြစ်ပါ၏ ။ မိမိ၏ ကိုယ်ပိုင်ဘဝ တစ်စိတ်တစ်ဒေသကို လည်းကောင်း ၊ တဖဲ့တရွဲ့ကို လည်းကောင်း သားသမီးများကို ဝေငှ ပေးနေရပြီ ဖြစ်ပါ၏ ။
ကိုယ့်သား ကိုယ့်သမီး ဆိုတော့လည်း အချစ်က ပိုကြရ၏ ။ အချစ်ပို လာသည်နှင့် အမျှ သူတို့၏ အနာဂတ် လှပရေးအတွက် ဘဝများကို အနာခံကြရပေတော့သည် ။
ကျွန်တော့် မိဘများက ကျွန်တော့်အတွက် အနစ်နာခံကြသလို ကျွန်တော့် သားသမီး အတွက်လည်း ကျွန်တော် အနာခံဖို့ အလှည့်ကျခဲ့ချေပြီ ။
တစ်ချိန် သားသမီးတို့ အလှည့်ရောက်လာပါဦးမည် ။
မည်သူမဆို မိဘဘဝ ရောက်သည်နှင့် သားသမီးအတွက် ကိုယ်ကျိုး စွန့်ကြသည် ချည်းသာပင် ။
ကျွန်တော့်မှာ ငယ်စဉ်ကလို အချစ်အတွက် ကြာကြာ ခံစားချိန် မရှိခဲ့သလို သူငယ်ချင်းများနှင့် တွေ့ဆုံပျော်ပါးရန်လည်း အချိန်မရခဲ့ပါ ။ သားသမီးတို့၏ စားဝတ်နေရေး ၊ ပညာရေး ကိစ္စအဝဝအတွက် နေ့ညပေါင်းများစွာကို ရုန်းကန်ဖြတ်သန်း နေခဲ့ခြင်းဖြင့်သာ အချိန်ကုန်လွန်လာခဲ့ပါသည် ။
ခွေးပုနှင့် မတွေ့ရသည်မှာ လည်း ကြာခဲ့ပြီ ။
ထို့ထက် ဆိုးသည်မှာ ခွေးပု၏ သားလေး ကျွန်တော်၏ ကျောင်းမှာ ကျောင်းတက်နေပါလျက် “ မင်းအဖေ နေကောင်းလား ” ဟု ကျွန်တော် တစ်ခါမှ မမေးဖြစ်ခဲ့သည်မှာ ကျွန်တော့် ဝတ္တရား ပျက်ကွက်ခဲ့ခြင်းသာ ဖြစ်ပါသည် ။
ကျောင်းနေဖက် လည်ပင်းဖက် သူငယ်ချင်းများ အရွယ်ရ အစွယ်နဲ့ လာချိန် တစ်ဦးနှင့် တစ်ဦး အနေဝေး၍ ခပ်စိမ်းစိမ်း ဖြစ်လာကြသည်မှာ ဓမ္မတာသဘာဝ ဟူ၍သာ ဆင်ခြေပေးရပါတော့မည် ။ ခွေးပု နေမကောင်း ဖြစ်နေသည်ကို ကျွန်တော် မသိခဲ့သည်မှာ အမှန်ပါ ။
ရေမြင်း ရဲမြင့်သည် ရွှေဖူးစာ မင်ရည်ကျဲသူ ဖြစ်သဖြင့် တစ်ကိုယ်တည်း လူပျိုကြီးဘဝနှင့် ဟိုရောက် သည်ရောက် ရောက်ပြီး ဟိုစပ်စပ် သည်စပ်စပ် လုပ်တတ်သူ ဖြစ်ပါ၏ ။ သူ သတင်း ပေးသောကြောင့် ခွေးပု ဆေးရုံတက်ရကြောင်း ကျွန်တော် သိခဲ့ရလေသည် ။
သိသိချင်းပင် ဆေးရုံသို့ ကျွန်တော် ရောက်သွားခဲ့သည် ။ ရန်ကုန် ပြည်သူ့ဆေးရုံကြီး အခန်းသုံးနှင့် လေး ။
“ ဟေ့ကောင် ခွေးပု ၊ အံမာ ပိန်သွားလိုက်တာ ၊ မင်းသေဖို့ ကောင်းပြီကွ ၊ ဒီတစ်ခါတော့ မလွယ်ဘူး ”
“ ဟား ဟား ငါက မင်းကို အသက်အောင့်ပြီး စောင့်နေတာကွ ”
သူနှင့် ကျွန်တော် နှစ်ဦးကြားမှာတော့ ကျောင်းအုပ်ဆရာကြီးတို့ ၊ ဘူမိဗေဒအရာရှိကြီးတို့ မရှိကြတော့ ။ စင်စစ် ခွေးပု နဲ့ မျောက်ကျော် ဟာ ခွေးပု နဲ့ မျောက်ကျော် ပါပဲ ။
ခွေးပုသည် ပြုံးနေရာမှ မျက်နှာတည်လိုက်ပြီး ကျွန်တော့်ကို ငေးကြည့်နေ၏ ။ ကျွန်တော့် လက်မောင်းကို သူ၏ ပိန်ကပ်နေသော လက်ချောင်းလေးများနှင့် ဆုပ်ကိုင်လိုက်သည် ။
“ ငါတော့ ဒီတောင်က ကျော်နိုင်မယ် မထင်ဘူးကွာ ”
မပြောစဖူး အပြောထူးလှသော သူ့စကားကြောင့် ကျွန်တော့် ရင်ထဲတွင် ထိတ်သွားမိသည် ။
“ Geologist ပဲကွာ ၊ ရအောင် ကျော်ပေါ့ ဟဲ ဟဲ ”
ကျွန်တော်က အာရုံ ပြောင်းသွားအောင် အရွှန်းဖောက်ကြည့်သည် ။ ခွေးပုက ပြုံးတောင် မပြုံး ။
“ ဟေ့ကောင် ငါ အတည်ပြောနေတာ ၊ ရင်ဘတ်ထဲက သိပ်အောင့်နေပြီကွ ။ ချောင်းဆိုးတိုင်းလည်း သွေးစတွေ ပါပါနေတယ် ”
ရုတ်တရက် အသိတစ်ခု ဝင်လာကာ ကျွန်တော် မျက်နှာပျက်သွားမိသည် ။ ချက်ချင်း ဣန္ဒြေဆည်ပြီး -
“ မင်း မသေနိုင်ပါဘူး ခွေးပုရာ ၊ မင်း မျက်နှာရူးလွန်းလို့ သေမင်းက လက်ခံမှာ မဟုတ်ပါဘူး ဟဲ ဟဲ ဟဲ ”
ခွေးပု ပြုံးယောင်သန်းလာသည် ။ ကျွန်တော်က သူ့ကို ကြည့်ရင်း ‘ အ ဆုတ်ကင်ဆာ ’ ၊ ‘ အဆုတ်ကင်ဆာ ’ ဆိုသော စကားလုံးကို သတိရနေသည် ။ ဘုရား ဘုရား ဖွဟဲ့ ၊ လွဲပါစေ ပယ်ပါစေ ။
ဆေးရုံမှ ပြန်ခါနီး ထိုအခန်းမှ လက်ထောက် ဆရာဝန်နှင့် ကျွန်တော် တွေ့ခဲ့ရပါသည် ။ ခွေးပုနှင့် အလွန် ရင်းနှီးလှသော ကျွန်တော့်အား ဆရာဝန်က ဓာတ်မှန် ဓာတ်ပုံများကို ပြ၏ ။ ခွေးပု၏ ဘယ်ဘက် ရင်ခေါင်းမှ ဖြူဖြူလုံးလုံး တစ်ခုကို ဓာတ်မှန်ပုံထဲတွင် ပြက်ပြက်ထင်ထင် မြင်တွေ့ခဲ့ရလေပြီ ။ ဆရာဝန်က ကျွန်တော့်အား စိတ်မကောင်းသော အကြည့်မျိုးနှင့် ကြည့်နေသည် ။
ကျွန်တော် သိနေပါသည် ။
ကျွန်တော့်သူငယ်ချင်း ခွေးပုအား သေမင်းက ရက်ချိန်း ပေးလိုက်ပြီ ဆိုသည့် အကြောင်း ။
သည့်နောက်တော့ ကျောင်းတက်ချိန်မှ အပ ကျွန်တော် ခွေးပုထံသို့ အမြဲလိုလို ရောက်လာမိတော့သည် ။ သူသည် ကျွန်တော်၏ ငယ်သူငယ်ချင်း ဖြစ်သည် ။ သူနှင့် ကျွန်တော် ကြာကြာ နေပြီး စကားပြောနေခြင်းဖြင့် သူ့ဝေဒနာ သက်သာလိမ့်မည်ဟု ကျွန်တော် ယုံကြည်သည် ။ သို့ဖြစ်၍လည်း ကျွန်တော်၏ အချိန်များကို သူ့အား ပေးရလိမ့်မည် ။
ကျွန်တော် မကြာခဏ လာပြီး ခပ်ကြာကြာလေး နေကာ ခွေးပုကို ဂရုစိုက်နေသည့် အတွက် ခွေးပု မိသားစုကပင် ကျွန်တော့်ကို အားနာနေကြပြီ ဖြစ်၏ ။ သူတို့ ဘာမှ သိဟန် မတူကြ ။
သူ့ကို ခွဲစိတ်ရမည့် နေ့ကမူ ကျွန်တော် ကျောင်းမှ လုံးဝ ခွင့်ယူလိုက်ရသည် ။ မတတ်နိုင်သော သူ့ရောဂါကို ခေတ်မီသော ဆေးပညာရပ်များ ကယ်တင်နိုင်လိမ့်ဦးမည်ဟု ကျွန်တော် ဇွတ်ယုံကြည်ထားမိပါသည် ။
သို့သော် ခွဲစိတ်ပြီးသည့် နောက်ရက်များတွင် ခွေးပုသည် တစ်စုံတစ်ခုကို အတိအကျ သိထားပုံရသည် ။ ရင်ဆိုင်ရန်လည်း သတ္တိ မွေးနေပုံ ပေါ်သည် ။ သေစကား မပြောတော့ ။ သူ့နဖူးမှ အမာရွတ်ကလေးကို ကိုင်ကာ ကျွန်တော့်ကို ငေးကြည့် နေတတ်ပါသည် ။
“ ဘာလဲ မင်း သရဲမကို သတိရနေတာလား ”
သူက အားနည်းစွာ ပြုံးပြသည် ။ ချိုင့်ဝင်နေသော မျက်တွင်းထဲမှ မျက်လုံးများက တန်ခိုးကြီးမားစွာ တောက်ပနေ၏ ။
ကျွန်တော့် ရင်ထဲမှာ မချိ ။ သူက ငြိမ်နေသည် ။ သူ သတိရသည်ဟု လုံးဝမပြော ။
“ သူငယ်ချင်း ”
“ ဘာလဲ ခွေးပု ”
“ ငါ့ရောဂါကို မင်းသိလား ”
“ ငါက ဆရာဝန်မှ မဟုတ်ဘဲ ။ ဘယ်သိပါ့မလဲကွ ”
“ စီအေလန်း ( Ca Lung ) လို့ ခေါ်တယ်ကွ ”
စီအေလန်း ဆိုတာ ဘာလဲကွဟု ကျွန်တော် မမေး ရဲ ။ ‘ အဆုတ်ကင်ဆာကွ ’ လို့ သူ့ပါးစပ်က ထွက်လာမှာ ကျွန်တော် လုံးဝ မကြားချင်ပါ ။
“ မဟုတ်တရုတ် ပေါက်ကရတွေကွာ ”
မျက်နှာကို လွှဲကာ ခပ်ပေါ့ပေါ့ ပြောလိုက်မိသည် ။
“ ဟင်း ဟင်း ကင်ဆာကွ ၊ အဆုတ်ကင်ဆာ ”
“ ဟာ ဒီခွေးမသား ၊ အခုထိ မျက်နှာရူးတုန်းပဲ ”
ကျွန်တော်က ပုံမှန် အနေအထား ရအောင် ကြိုးစားလိုက်သည် ။ သူက ကျွန်တော့်ကို မဲ့ပြုံး ပြုံး၍ ကြည့်နေ၏ ။
“ မြတ်ကျော် ”
“ .........”
ကျွန်တော် မထူးနိုင်ပါ ။ ထူးလိုက်လျှင် ငိုသံပါနေပါလိမ့်မည် ။ ကျွန်တော့်ရင်ထဲတွင် ဆို့နင့်နေသည် ။ ဆက်လက် ဟန်ဆောင်ခြင်းငှာ မစွမ်းသာတော့ ။
“ မျောက်ကျော် ”
ကျောင်းတုန်းက နောက်ပြောင်ခေါ်သလို ‘ မျောက်ကျော် ’ ဟူ၍ သူက ကျွန်တော့်အား ခေါ်နေပြီ ။ ထူးရန် ကြိုးစားပါ၏ ။ မရ ။
“ ငါ့ရောဂါကို မင်း သိပါတယ်ကွာ ၊ မင်း မသိချင်ယောင် ဆောင်နေတာ ၊ အေး ငါလည်း သိတာကြာပြီ ၊ မင်း ဘယ်လောက် ဟန်ဆောင်ကောင်းသလဲ ဆိုတာ သိချင်လို့ ငြိမ်နေတာ ၊ မြတ်ကျော် ”
“ ........... ”
ဟန်ဆောင်၍ပင် မထူးနိုင် ။
“ မင်းဟာ ငါ့ကို တော်တော်ချစ်တဲ့ သူငယ်ချင်းပဲနော် ၊ ငါ ကင်ဆာဖြစ်နေတာ မင်း သိလျက်သားနဲ့ ငါ စိတ်ဆင်းရဲမှာ စိုးလို့ မင်း ဖုံးဖိနေသေးတယ် ၊ ကျေးဇူးတင်ပါတယ်ကွာ ၊ မင်း ငါ့ဘဝ ငါ့ရောဂါ အားလုံးကို သိနေပေမဲ့ ငါ့နှလုံးသားကိုတော့ အခုထိ မမြင်တတ်သေးပါဘူး ”
ကျွန်တော် မျက်နှာကို စိုက်ချထားလိုက်သည် ။ ကျွန်တော့်ကို သူ ကြည့်မနေပါစေနှင့်ဟု ဆုတောင်းနေမိခိုက်မှာပင် ကျွန်တော့် မျက်ရည်စက်က ကျွန်တော့် ပေါင်ပေါ်သို့ ကြွေကျသွားသည် ။
သူက ငုံ့ထားသော ကျွန်တော့် မျက်နှာကို သူ၏ ပိန်ကပ်ကပ် လက်ချောင်းလေးများ ဖြင့် ဆွဲမ,လိုက်သည် ။ ကျွန်တော့် မျက်ရည်များကို သူ တွေ့သွား၏ ။
“ ဘာဖြစ်လို့ ငိုနေတာလဲ မျောက်ကျော်ရာ ဒီလို ဝမ်းနည်းစရာ တွေ့လာရင် တို့ ကောင်တွေ ပျော်ခဲ့ကြတာကို ပြန်စဉ်းစားလိုက်စမ်း ၊ ခဏခဏ ပျော်ခဲ့ကြတာပါကွာ ”
ကျွန်တော်က မျက်ရည်များကို မသိမသာ သုတ်လိုက်ကာ သူ့ကို ကြည့်မိ၏ ။ ပါးရိုးကြီးများ ငေါထွက်နေသော သူ့ပါးပြင်ပေါ်တွင်လည်း မျက်ရည်များ စီးကျနေသည် ။ သူ့ကိုယ်သူ မျက်ရည် ကျနေမှန်း သိဟန်မတူ ။
“ ဟေ့ကောင် မျောက်ကျော် မင်း မရှက်ဘူးလား ”
ကျွန်တော် ပြုံးပြလိုက်၏ ။ ရင်ထဲတွင် မချိ ။ ကျွန်တော်နှင့် ကျွန်တော့် အချစ်ဆုံး သူငယ်ချင်း လပိုင်း ရက်ပိုင်း အတွင်း သေခွဲ ခွဲရတော့မည်ကို ကျွန်တော် သိနေခြင်းသည် မည်မျှ စိတ်ဆင်းရဲစရာ ကောင်းလိုက်ပါသနည်း ။
“ မြတ်ကျော် ငါ့ခေါင်းအုံး အောက်မှာ ငွေဘူးလေး တစ်ဘူးရှိတယ် ၊ ယူ လိုက်စမ်းပါ ”
ကျွန်တော်က သူ ပြောသည့် အတိုင်း ခေါင်းအုံးအောက်သို့ လက်နှိုက်လိုက်သည် ။ ငွေဘူးလေး တစ်ဘူး ပါလာ၏ ။ လက်ကောက်တို့ နာရီတို့ ထည့်လျှင် ရလောက်သော ဘူးခွံမျိုးဖြစ်သည် ။ ဘာတွေများ ထည့်ထားပါလိမ့် ။
“ ဖွင့်ကြည့်လိုက်စမ်းပါကွာ ”
ဖွင့်ကြည့်လိုက်ပါသည် ။
“ ဘာလဲကွ ခွေးပုရ ၊ ဘာခဲလေးလဲ ”
“ အုတ်နီခဲလေးပါ ”
“ ဟင် ”
တုန်ယင်နေသော ကျွန်တော့် လက်ထဲတွင် အုတ်နီခဲပဲ့လေးက တဆတ်ဆတ် လှုပ်ရှားနေသည် ။ ကျွန်တော် အံကြိတ်လိုက်မိ၏ ။
“ ရေနီမြောင်းဘေးက အုတ်နီခဲ အပဲ့လား ”
“ အင်း ရီနွဲ့လှိုင် ကို ပေးလိုက်ပါ ”
“ ခွေးပုရာ ”
ခွေးပုက မျက်စိ မှိတ်ထားသည် ။ နှုတ်ခမ်းများက ပြုံးနေ၏ ။ အုတ်နီခဲ အပဲ့လေးကို ငွေဘူးထဲသို့ ပြန်ထည့်လိုက်ပါသည် ။ ရင်ထဲတွင် ဟင်းလင်းပြင် ဖြစ်နေ၏ ။ ထိုဟင်းလင်းပြင် ထဲသို့ အချစ်ကို မုန်းတီးသော စိတ်များ အပြည့် ဝင်ရောက် လာကြသည် ။ အရုပ်ဆိုးသော အချစ်တစ်ခုကို ဒြပ်ထုနှင့် တကွ ပြပါဟု ဆိုလျှင် ...
ကျွန်တော် ပြချင်ပါသည် ။
ကျွန်တော့် လက်ထဲရှိ ငွေဘူးလေးထဲမှ အုတ်နီခဲပဲ့လေး ။
အုတ်နီခဲပဲ့လေး ထည့်ထားသော ငွေဘူးလေးကို ပေးရန် ရီနွဲ့လှိုင် ထံသို့ ကျွန်တော် မရောက်ခဲ့ပါ ။ နှလုံးသား မာကျော၍ အချစ်ကို အရုပ်ဆိုးအောင် ပြုလုပ်တတ်သော မိန်းမနှင့် ကျွန်တော် တွေ့ဆုံလိုစိတ် မရှိပါ ။
စင်စစ် ရီနွဲ့လှိုင် သည် ကျွန်တော်နှင့် ကြည်သန့်ဝေ တို့၏ မေတ္တာကမ္ဘာကို ဖျက်ဆီးပစ်ခဲ့သူ ဖြစ်သလို ကျွန်တော့် သူငယ်ချင်း ခွေးပု၏ နှလုံးသားကိုလည်း အစိတ်စိတ် အမြွှာမြွှာ ဖြစ်အောင် ပြုလုပ်ခဲ့သူ မိန်းမဆိုး တစ်ဦး ဖြစ်ပါသည် ။ ကျွန်တော့် အနေဖြင့် သည်လိုပဲ ခံစားရသည် ။ သူမနှင့် မျက်နှာချင်းဆိုင် တွေ့ကြရလျှင် ကျွန်တော့် ဒေါသကို လုံးဝ ချုပ်တည်း၍ ရနိုင်မည် မဟုတ် ။
ကျောင်းအုပ်ဆရာကြီး တစ်ဦးက ငွေစာရင်း အရာရှိမ တစ်ဦးအား လည်ပင်းညှစ် သ,တ်လိုက်သည့် သတင်းမျိုး မထွက်ပေါ်သင့်ဟု ကျွန်တော် ထင်သည် ။ သည်တော့ သူမနှင့် မတွေ့ကြရသည်က အကောင်းဆုံး ဖြစ်ပါလိမ့်မည် ။ ကျွန်တော့် အချစ်ဆုံး သူငယ်ချင်းက အလွန်ချစ်သော ထိုမိန်းမသည် ကျွန်တော် အမုန်းဆုံး ဖြစ်သောကြောင့် သူမထံ ကျွန်တော် မသွားခဲ့ပါ ။
သည်နေရာတွင် ဟိုစပ်စပ် သည်စပ်စပ် ပါလေ့ပါထ ရှိသော ရေမြင်းရဲမြင့်သည် အားကိုးစရာ ဖြစ်လာ၏ ။ အုတ်နီခဲပဲ့လေး ထည့်ထားသော ငွေဘူးအား ရဲမြင့် မှ တစ်ဆင့် ရီနွဲ့လှိုင် ထံသို့ ကျွန်တော် အရောက် ပို့ပေးနိုင်ခဲ့ပါသည် ။
အုတ်နီခဲပဲ့ကို ထုတ်၍ ရီနွဲ့လှိုင် တစ်ယောက် တအံ့တသြ ထူးထူးဆန်းဆန်း ကြည့်နေစဉ် အခိုက်အတန့်လောက်တွင် ဖြစ်မည်ဟု ယူဆရသည် ။
ခွေးပု တစ်ယောက် လူ့လောကကြီး အတွင်းမှ ထွက်သွား ရှာခဲ့ပါလေပြီ ။
ခွေးပုမိသားစု ဟစ်အော်ငိုကြွေးနေသံကို နားတစ်ဖက်မှ ကြားနေရစဉ် အခြား နားတစ်ဖက်မှ ရီနွဲ့လှိုင်၏ လှောင်ရယ်နေသံကို ကျွန်တော် ကြားနေမိပါ၏ ။ အချစ်ကံနည်းသူ ခွေးပု၏ ဈာပနသို့ ရီနွဲ့လှိုင် လုံးဝ ရောက်မလာခဲ့ ။ သည်အတွက် ကျွန်တော် မအံ့သြမိ ၊ ဝမ်းလည်း မနည်းမိ ။ တစ်ခုတော့ အသေအချာ ခံစားနေရသည် ။ ဘာလဲဆိုတော့ တစ်ချိန်က ဖြစ်ရပ်အားလုံး ဇာတ်သိမ်းသွားပြီ ဟု ။
ဇာတ်သိမ်းသွားသူ ခွေးပု၏ မိသားစုမှာ ယောင်တိယောင်ချာ ကျန်နေရစ်ခဲ့ ရှာသောကြောင့် ကျွန်တော် နှင့် ရဲမြင့် နှစ်ယောက်သား အတတ်နိုင်ဆုံး အကူအညီ ပေးခဲ့ကြရလေသည် ။
အသုဘ မချမီ တစ်ရက် အလိုတွင် ရဲမြင့်က ခွေးပုအလောင်း မြေချရေးနှင့် ပတ်သက်၍ သူ့ဆန္ဒတစ်ခုကို ဖော်ထုတ်လာခဲ့၏ ။ သူက ခွေးပု အလောင်းအား ဂူသွင်းသင်္ဂြိုဟ်ချင်ကြောင်း ခွေးပု မိသားစုနှင့် ကျွန်တော့်ကို ပြောသည် ။ ကုန်ကျစရိတ် သူပဲ ခံမည်ဟု ဆိုသည် ။ ခွေးပုဇနီး က “ ဦးရဲမြင့် သဘောပါပဲ ” ဟု ပြောသော်လည်း ကျွန်တော်ကတော့ သဘော မတွေ့လှပါ ။
လူတစ်ယောက် သေဆုံးသွားပြီးနောက် ဘာကြောင့် သည် ရဲမြင့် ဆိုသည့် ငနဲက ငွေကုန်ကြေးကျ ခံချင်ရပါသနည်း ။ ဘာကြောင့် မြေကြီးတွေ အုတ်နီခဲတွေ ဘိလပ်မြေတွေ အလဟဿ ဖြုန်းတီးပစ်ချင်ရပါသနည်း ။ သေသူက ပြန်ရှင်လာမည့် ကိစ္စလည်း မဟုတ် ။ ထိုကုန်ကျငွေများကို အခြား အကျိုးရှိသော လူမှုရေးကိစ္စများကို လှူလိုက်လျှင် မည်မျှ ကောင်းလိုက်ပါမည်နည်း ။
ရဲမြင့်ကား ဦးခေါင်း ကြီးမားသလောက် အတွေးအခေါ် ညံ့ဖျင်းလွန်းလှသည် ။ ကျွန်တော့် အနေဖြင့် သေပြီးသူ ခွေးပုအား တန်ဆာဆင်နေရခြင်းထက် ကျန်ရစ်သူ ခွေးပု၏ မိသားစုအား မိမိ တတ်နိုင်သည့် ဘက်မှ ကူညီရခြင်းက ပို၍ ကျေးဇူးရှိမည်ဟု ယူဆမိသည် ။ ထို့ကြောင့်လည်း ခွေးပု ကွယ်လွန်ပြီးသည့် နောက်ပိုင်း ခွေးပု၏ သားသမီးများ၏ ပညာရေးကို ကျွန်တော်၏ သားသမီးများ နည်းတူ အထူး ဂရုစိုက် ပေးခဲ့မိပါသည် ။
ခွေးပုအား ဂူသွင်း သင်္ဂြိုဟ်သည့် ကိစ္စနှင့် ပတ်သက်၍ ရဲမြင့် နှင့် ကျွန်တော် အချေအတင် စကား မများ ခဲ့ကြသော်လည်း ထိုကိစ္စကို ကျွန်တော် မကြိုက်ကြောင်း ရဲမြင့် ရိပ်စားခဲ့ပါသည် ။ သင်္ဂြိုဟ်သည့် နေ့က ခွေးပု၏ အလောင်း ဂူတွင်းသို့ ထည့်ပိတ် ပြီးပြီးချင်း ကျွန်တော် အိမ်သို့ ပြန်လာခဲ့သည် ။ ရဲမြင့် တစ်ယောက် ဘာတွေ ချဲ့ထွင်လုပ်ကိုင် ကျန်ရစ်သည် မသိ ။ ကျွန်တော့် အနေဖြင့် အိပ်ရေးပျက်ပေါင်း များလှသဖြင့် ပင်ပန်းနေသည် ။ အနားယူချင်နေပါပြီ ။ ခွေးပုလို ရာသက်ပန် အနားယူသွားချင်စိတ်ပင် ပေါ်ပေါက်နေခဲ့မိတော့သည် ။
“ သေသောသူ ကြာလျှင်မေ့ ” ဆိုသော စကားသည် အတိုင်းအတာ တစ်ခု အထိသာ မှန်ကန်သော စကား ဖြစ်ပါလိမ့်မည် ။ ခွေးပု ကွယ်လွန်သွားသည်မှာ ကြာပြီ ဖြစ်သော်လည်း ကျွန်တော် ကိုယ်တိုင် စာသင်ပေးနေရသော ခွေးပု၏ သားသမီးများကို မြင်ရသည့် အခါတွင် လည်းကောင်း ၊ ကျွန်တော်တို့ ငယ်စဉ်ကလို အဆော့သန် အပြောင်သန်သော ကျောင်းသားငယ်အချို့ကို တွေ့မြင်ရသည့် အခါတွင် လည်းကောင်း ကျွန်တော် ခွေးပုကို သတိရနေမိတတ်ပါသည် ။
တစ်ခါတစ်ခါ ကျောင်းပြီးသည့်နောက် တစ်မြို့တည်းလို နေကြရပါလျက် အတွေ့အပြု နည်းပါးခဲ့သော သူနှင့် ကျွန်တော်တို့၏ လူကြီးဘဝ ဆက်ဆံရေး နယ်ပယ်ကို အားမလို အားမရ ဖြစ်နေမိတတ်ခဲ့ပါ၏ ။ သူသာ သည်လို ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားသည်ကို ကြိုတင် သိနေလျှင် လူလတ်ပိုင်း ဘဝ၏ ဆက်ဆံရေး ကျဲပါးမှုကို ကျွန်တော် လုံးဝလက်ခံ ဖြစ်မည် မဟုတ် ။ ပျော်တတ်ရွှင်တတ်သော သူနှင့် ရယ်ရယ်မောမော နောက်နောက်ပြောင်ပြောင် ကျွန်တော် နေချင်လှပါသေး၏ ။ သို့သော် ...
အခု သူ မရှိတော့ ။ ခွေးပု မရှိတော့ပါ ။
‘ နောင်နောင် ’ ဆိုသော ခွေးပုတစ်ယောက် သည်ကမ္ဘာ၌ ရှိမနေတော့ပါချေ ။
သူ မရှိတော့သော်လည်း သူ့ကိုယ်စား အမှတ်တရ ကြံတောသုသာန် အတွင်းမှာ အုတ်ဂူ တစ်ဂူ ရှိနေကြောင်း ကျွန်တော် သိပါ၏ ။ သို့သော် အသုဘ ပို့တိုင်း ပို့တိုင်း တကူးတက မဝင်ခဲ့မိ ။ သူ၏ အုတ်ဂူက သူ့လို ရယ်မော နောက်ပြောင်တတ်မည် မဟုတ်သောကြောင့် ကျွန်တော့် အတွက် သူ့အုတ်ဂူသည် ဘာမှ ထူးခြားလှမည် မဟုတ် ။ သို့ဖြစ်၍ ကြံတောသုသာ န်သို့ ကျွန်တော် ရောက်သည့် အခါတိုင်း သူ့ဂူသို့ မသွားဖြစ်ခဲ့ ။
တစ်နေ့တွင် ကျွန်တော်၏ ကျောင်းသို့ ရဲမြင့် ရောက်လာ၏ ။ သူ ရောက် လာပြီ ဆိုကတည်းက သာရေးလား နာရေးလား ဟု ကျွန်တော် တွက်နေမိသည် ။ ဘယ်သူတွေ ဘာလုပ်ပြီး ဘာတွေ ရှုပ်နေရှုပ်နေ ရဲမြင့် ကတော့ အပေါင်းအသင်းများ ကြားတွင် လူပျိုကြီးဘဝနှင့် အားလုံး၏ သာရေးနာရေး မှန်သမျှ ကုသိုလ်ဖြစ် ကူညီရင်း အလုပ်များနေသူ ဖြစ်သောကြောင့် သူငယ်ချင်းများက သူ့အား ‘ သာရေးနာရေး ပွဲစားကြီး ’ ဟု ပင် နောက်ပြောင် ခေါ်ဝေါ်တတ်ကြလေသည် ။
ယခုလည်း သူသည် နာရေးသတင်း တစ်ခုကို သယ်ဆောင်လာပြီး ကျောင်းနေဖက် သူငယ်ချင်းတစ်ဦး ကွယ်လွန်သွားသည့် အကြောင်း ၊ ဆက်ဆက် အသုဘပို့ရန် လိုကြောင်း ပြောသွား၏ ။ ဖင်ပူအောင်ပင် မထိုင် ၊ ဆက်၍ ထွက်သွားလေသည် ။
သူ ဆော်သြသောကြောင့် ထင်ပါ၏ ။ ထို သူငယ်ချင်း၏ အသုဘမှာ တော်တော်စည်သည် ။ ကျောင်းနေဖက် သူငယ်ချင်း တော်တော်များများနှင့် တွေ့ရပြီး အားလုံးတွင် ဇရာ၏ အမှတ်အသားများကို ပြက်ပြက်ထင်ထင် တွေ့မြင်နေရသည် ။ သို့သော် သူတို့သည် ဇရာကို မသိချင်ယောင် ဆောင်နေကြပုံ ပေါ်နေ၏ ။ ဇိမ်ခံကားများ အကြောင်း ၊ စိန်ရွှေရတနာ များ အကြောင်း ၊ နိုင်ငံရပ်ခြားအကြောင်းနှင့် တန်ဖိုးကြီး ကျူရှင်များ အကြောင်း ရေပက်မဝင် ပြောဆိုကြရင်း ဇရာကို ခုခံနေကြလေသည် ။ ကြံတောသုသာန်သည် ကြေကွဲ ဝမ်းနည်းစရာ နေရာ ၊ သံဝေဂယူစရာ နေရာ တစ်ခုလို မဟုတ်တော့ဘဲ မတွေ့တာ ကြာပြီဖြစ်သော သူငယ်ချင်းများ ဆုံပြီး ဇရာမေ့ အနှစ်မဲ့ စကား ပြောရာနေရာ တစ်ခုနှင့် တူနေလေတော့၏ ။
လူရှင်းသည့် နေရာ တစ်နေရာတွင် ရပ်ရင်း မီးခိုးများ လုံးတက်လာသော မီးသင်္ဂြိုဟ်စက် မီးခိုးခေါင်းတိုင်ကို ငေးကြည့်နေစဉ် လေးဘီးကားငယ် တစ်စီး ကျွန်တော့် အနီးတွင် လာရပ်သည် ။ ကားအရောင်မှာ အစိမ်းပုပ်ရောင် ဖြစ်၍ ကားနံပါတ်၏ ရှေ့တွင် ကြယ်ပွင့်တစ်ပွင့် ပါသည်ကို တွေ့လိုက်ရသည် ။ ကျွန်တော်နှင့် မဆိုင် ။
ကျွန်တော်နှင့် မဆိုင်ဟု ယူဆရသော ထိုကားပေါ်မှာ ကြည်ပြာရောင်ဝတ်စုံနှင့် အမျိုးသမီး တစ်ဦး ဆင်းလာသည်ကို တွေ့လိုက်ရသည် ။ ဪ ကြည့်ပါဦး ၊ ကြည်သန့်ဝေ ပါလား ။
သူမသည်လည်း ယခု ကွယ်လွန်သူနှင့် ကျောင်းနေဖက် မိတ်ဆွေတွေပဲ ။ သူမကို မြင်လိုက်မှ ထိုသို့ ဆက်စပ် တွေးမိခြင်း ဖြစ်ပါ၏ ။
“ ကိုမြတ်ကျော် တစ်ယောက်တည်းလား ”
ကျွန်တော်က သူမ၏ ကားတွင်းသို့ လှမ်းကြည့်လိုက်သည် ။ အမျိုးသမီးသုံးဦးကို တွေ့ရ၏ ။ အချို့ကို မြင်ဖူး သလိုလို ။
“ ရဲမြင့်နဲ့ အတူလာတာ ၊ ထုံးစံအတိုင်း သူက ဟိုမှာ ၊ ဆွေမျိုးတွေကို ထိန်းပေးနေတယ် ”
ငိုကြွေးနေကြကုန်သော ၊ တက်ချက်သွားကြကုန်သော သေသူ၏ မိသားစုအလယ်တွင် ဗျာများနေသော ရဲမြင့်ကို ကြည်သန့်ဝေ က လှမ်းကြည့်လိုက်သည် ။ ပြီးမှ ကျွန်တော့်ဘက်သို့ ပြန်ကြည့်၏ ။
“ ကြုံတုန်း တောင်းပန်စရာ ရှိလို့ပါ ”
နူးညံ့သော လေသံဖြင့် ကြည်သန့်ဝေ က ကျွန်တော့်ကို ပြောသောအခါ ‘ ဘာတွေများ တောင်းပန်ချင်ရတာလဲ ’ ဟု တွေးမိ၏ ။ အဖြေကား ရှာမရ ။
“ တောင်းပန်ချင်ပေမဲ့ ဘယ်ကနေ ဘယ်လို စပြီး ဘာကို တောင်းပန်ရ မှန်းပင် မသိတော့ဘူး ”
ရှက်ရွံ့သည့် လေသံဖြင့် ဆို၏ ။ အကျပ်အတည်း တစ်ခုကို ရင်ဆိုင်ခံ စားနေရပုံရသည် ။ ရုတ်တရက် ငုံ့သွားရာမှ ပြန်မော့ကြည့်လိုက်သော သူမ၏ နှစ်လိုဖွယ် မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲနေသည်ကို မြင်ရသည် ။
သည် မိန်းကလေး ဘာတွေများ ခံစားနေရပါသနည်း ။
“ မဝေ ”
သူမ၏ မျက်လုံးများ ရွှန်းလက်လာကြသည် ။
“ မဝေ တောင်းပန်မယ့် အကြောင်းအရာဟာ ဘာပဲ ဖြစ်ဖြစ် ၊ ဆိုးဆိုးကောင်းကောင်း တို့ အတွက် သိပ်နစ်နာခဲ့တာ ဖြစ်ပါစေဦး မဝေကို အမြဲ ခွင့်လွှတ်တယ် ၊ မဝေ တောင်းပန်စရာ မလိုပါဘူး ”
သူမသည် ကျွန်တော့်ကို ငေးကြည့်နေသည် ။
“ မဝေ ”
သူမသည် စူးနေအောင် ကြည့်၏ ။
“ မဝေ ဘာကို တောင်းပန်ချင်မှန်း တို့ မသိဘူး ၊ ဒါပေမဲ့ အဲဒီ မသိရတဲ့ တောင်းပန်မှုကို တို့ ခွင့်လွှတ်တယ် ၊ ကျေနပ်နော် ”
မျှော်လင့်ထားခြင်း မရှိ ။ မထင်မှတ်ဘဲ သူမ မျက်ရည် ကျလာသည် ။
“ ဟာ မဝေ ”
ကျွန်တော့် အသံမှာ ထိတ်လန့်တုန်ယင်နေသည့် အသံမျိုး ဖြစ်မည်ထင်၏ ။ သူမ မျက်ရည်များက ကျွန်တော့်ကို ဝမ်းနည်း ကြေကွဲသွားစေပါသည် ။ မျက်ရည်ကြားမှ သူမ ပြုံးလာသည် ။ နှုတ်ဆက်သည့် ပုံစံဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်၏ ။ ချာခနဲ လှည့်ထွက်သွားလေသည် ။
ကားအထွက်တွင် တစ်ချက် လှည့်ကြည့်သည် ။ ပြုံးပြသည် ထင်ပါ၏ ။ အားလုံး ဇဝေဇဝါ ဖြစ်နေသည် ။ ပဟေဠိသာ ကျန်ရစ်ခဲ့၏ ။
သူမ ကျွန်တော့်အား ဘာတွေ တောင်းပန်ချင်သည် မသိ ။ တောင်းပန်ချင်သည့် စိတ်သာ ရှိ၍ တောင်းပန်စကားကို ပြောရန် အခက်အခဲ တွေ့နေခဲ့၏ ။ ကျွန်တော် ကတော့ ကျွန်တော့် စိတ်ရင်းမှန် အတိုင်း သူမနှင့် ပတ်သက်၍ ခွင့်လွှတ်စိတ် ထားတတ်နေခဲ့ပြီ ဖြစ်သည့် အလျောက် သူမကို ခွင့်လွှတ်ကြောင်း ပြောလိုက်ပါသည် ။ ဘာပဲဖြစ်ဖြစ် သူမ ဘဝင် ကျ သွားပုံရလေသည် ။
မျက်ရည်ကျသွားခဲ့သော နေရာလေးကို ကျောခိုင်း၍ ကျွန်တော် ထွက်လာခဲ့မိသည် ။ သည်မှ တည့်တည့် တူရူသွားလျှင် ခွေးပု အုတ်ဂူရှိ ရာ ရောက်မည်ထင်၏ ။ တစ်ကြိမ်မှ မတွေ့ဖူးသေးသော သူ့အုတ်ဂူကို သွားကြည့်ချင်လာသည် ။
ခွေးပု သာ ရှိသေးလျှင် ကြည်သန့်ဝေ ပြောမထွက်သည့် တောင်းပန်စကားကို အကောင်းဘက်မှ နေ၍ တွေးတော ပြောပြလိမ့်မည် ထင်၏ ။ ကြည်သန့်ဝေ နှင့် ကျွန်တော်၏ ဇာတ်ကြောင်းတွင် အကောင်းဘက်မှ ချည်း တွေးပေးတတ်သော ကျွန်တော့်သူငယ်ချင်း ခွေးပု ကို ကျွန်တော် သတိရ လာမိပါပြီ ။ သူငယ်ချင်း အုတ်ဂူရှိရာသို့ ကျွန်တော် ဦးတည် လျှောက်လာမိခဲ့သည့် တစ်လျှောက်တွင် အုတ်ဂူတော်တော်များများမှာ ဟောင်းနွမ်း ပျက်စီးနေကြသည် ။ သေပြီးခါစသာ မိသားစုဆွေမျိုးများက ဂရုစိုက်ကြသော်လည်း ကြာသောအခါ တစ်စတစ်စ သည်လိုပင် ပစ်ထားကြသောကြောင့် ဟောင်းနွမ်း ပျက်စီးသွားကြဟန် တူပါသည် ။
ခွေးပု အုတ်ဂူသည်လည်း ယခု တွေ့နေရသော အုတ်ဂူများ ကဲ့သို့ပင် ဟောင်းနွမ်း ပျက်စီး နေပေလိမ့်မည် ထင်ပါသည် ။ ခွေးပု၏ ဇနီးခမျာ အဘယ်မှာ လာ၍ သန့်ရှင်း ပေးနိုင်ပါမည်နည်း ။ ကျန်ရစ်ခဲ့သော လေးငါးယောက်၏ စားဝတ်နေရေး ၊ ပညာရေးတို့ အတွက် မအားလပ်အောင် လှုပ်ရှား နေရရှာပါလိမ့်မည် ။
အုတ်ဂူဒါယကာ ရဲမြင့် ဆိုသော ငနဲသည်လည်း ကြံတောအတွင်းက အုတ်ဂူကို သန့်ရှင်းဖို့ မဆိုထားဘိ ။ သူ့ကိုယ်သူပင် သန့်သန့်ရှင်းရှင်း နေ တတ်သူ မဟုတ် ။ ကွမ်းတံတွေး တပျစ်ပျစ်နှင့် ပတ်ဝန်းကျင်ကို ညစ်ညမ်းအောင် လုပ်နေတတ်သည့် လူစားက ကြံတောတွင်းမှ အုတ်ဂူကို လာ၍ သန့်ရှင်းရန် လုံးဝပင် သတိရလိမ့်မည် မဟုတ် ။
သည်တော့ သူငယ်ချင်း နောင်နောင် ခွေးပု ခမျာ ဂူတစ်ဂူတော့ ရရှာပါ၏ ။ ဘယ်လောက်များ ဟောင်းနွမ်း ပျက်စီးနေလိုက်ပါမည်နည်း ။
တဖြည်းဖြည်း အုတ်ဂူကြားမှ ခွေးပု၏ ဂူရှိလောက်သည့် နေရာသို့ ကျွန်တော် ရောက်လာခဲ့သည် ။ သို့သော် ဂူကို ရုတ်တရက် ရှာမတွေ့ ။ စင်စစ် ကျွန်တော်သည် မှတ်ဉာဏ် နည်းပါးလွန်းသူ မဟုတ် ။ သူ့ဂူက သည်နေရာမှာပဲ ရှိရပါမည် ။ သေချာပါသည် ။ ကျွန်တော် မျက်စိလျှမ်းနေခြင်းပဲ ဖြစ်ပါလိမ့်မည် ။
စိတ်ကို တည်ငြိမ်စွာ ထားပြီး ပတ်ဝန်းကျင်တွင် တွေ့နေရသော အုတ်ဂူများမှ အမည်များကို ဖတ်ကြည့်လိုက်သည် ။ ဖတ်ပြီးသားများကို သေသေချာချာ မှတ်၍ စစ်စစ်ဆေးဆေး ရှာဖွေနေမိသည် တဖြည်းဖြည်း ဂူတော်တော်များ ဖတ်ပြီးနောက် -
ဟော တွေ့ရပါချေပြီ ။
ယုံနိုင်စရာ မရှိပါ ။
ထူးခြားလှစွာ အုတ်နီခဲများကို ပုံဖော်၍ အဖြူ နှင့် အနီ စပ်ထားသော ခွေးပု၏ အုတ်ဂူကို တွေ့မြင်လိုက်ရပါသည် ။
အသန့်ရှင်းဆုံးဂူ ဖြစ်ပါ၏ ။ ကျွန်တော့် အထင်နှင့် ယခု အမြင်ကား လွဲချော်လွန်းလှ ပေတော့သည် ။ ဂူပေါ်တွင် ကျွန်တော် အမည် မခေါ်ဝေါ်တတ်သော သစ်ခွပန်းမျိုးစုံ ဝေဆာနေသည် ။ ဘယ်သူ လာတင်ထားပါလိမ့် ။
ကျွန်တော် အိပ်မက် မက်နေသည်လား ။
သံသယစိတ်တို့ နိုးကြွလာ၏ ။
အုတ်ဂူကို စေ့စေ့စပ်စပ် ဖတ်ကြည့်လိုက်သည် ။
ဦးနောင်နောင်
( အသက် ၄ဝ နှစ် )
( အချစ်နောင် )
ဟုတ်ပါသည် ။ နောင်နောင် ခေါ် ခွေးပု ဂူ အစစ်ပင်ဖြစ်သည် ။ ‘ အချစ်နောင် ’ ဆိုသည့် ထူးဆန်းသော စာတန်း၏ အထက်တွင် ဘုလုံးလေး တစ်ခုလိုလို တွေ့ရ၍ ကျွန်တော် ဂူအနီးသို့ တိုးကပ်ကာ စစ်ဆေးကြည့် ရှုလိုက်မိသည် ။
“ ဘုရား ဘုရား ”
ကျွန်တော်၏ တစ်ကိုယ်လုံး အံ့သြခြင်းဖြင့် တုန်လှုပ်သွားပါသည် ။ ရုတ်တရက် ဂူမှ ယောင်ယမ်း၍ ခွာထွက်ပြီး မတ်တတ်ရပ်နေလိုက်သည် ။ ထိတ်လန့်ခြင်းက အထွတ်အထိပ်သို့ ရောက်နေပြီ ။
ဆင်ခြင် တွေးတောတတ်သော မိမိ၏ ဉာဏ်ပညာကို သံသယရှိလာသည် ။ အဖြေတစ်ခုကို သိချင်နေသည် ။ အံ့သြစိတ် ၊ သံသယစိတ် ၊ တုန်လှုပ်စိတ်များကြောင့် ဘာကိုမှ အဖြေထုတ်၍ မရ ။ အုတ်ဂူကို တစိမ့်စိမ့် ကြည့်ရင်း အသက်ရှူ ကျပ်လာသလို ခံစားရသည် ။
အိပ်မက်မက်နေခြင်း မဟုတ်ကြောင်း မိမိကိုယ် မိမိ အဖန်ဖန်တလဲလဲ သတိပေးနေသည့် အခိုက်မှာပင် အိပ်မက်ထဲက အိပ်မက်တစ်ခုကို ထပ်မက်လိုက်ရသည် ။
ခွေးပုအုတ်ဂူ၏ ခြေရင်းဘက်မှ အမျိုးသမီးတစ်ဦး ဖြည်းညင်းစွာ ထရပ်လိုက်သည်ကို တွေ့ရသည် ။ ‘ မဖြစ်နိုင်ဘူး ’ ၊ ‘ မဟုတ်ဘူး ’ ၊ ‘ မဟုတ် ဘူး ’ ဟု ဆင်ခြင်တုံတရားက အော်ဟစ်နေသည် ။
ပကတိ ဖြစ်ရပ်တွင် ရီနွဲ့လှိုင် သည် ပန်းပွင့်အချို့ကို ပွေ့ထားရင်း ကျွန်တော့်အား အလန့်တကြား ကြည့်နေသည်ကို တွေ့ရသည် ။ ဘာဆို ဘာစကားမှ မပြောဖြစ် ။
အမုန်းတရားသည် ခွေးပု အုတ်ဂူ၏ အနီးအပါး၌ လုံးဝ မရှိ ။
အလွန်နူးညံ့သော မျက်လုံးတွင်းမှ သူမ၏ မျက်ရည်ကြည်များကို ကြာကြာ မကြည့်လိုသဖြင့် ‘ အချစ်နောင် ’ စာတန်းအထက်မှ ဘုလုံးကလေးကို ထပ်မံကြည့်လိုက်မိသည် ။
သေချာသွားပါပြီ ။
ခွေးပု ပေးသွားသော အုတ်နီခဲပဲ့ ထည့်ထားသည့် ငွေဘူးလေးကို သေသပ်စွာ မြှုပ်နှံ၍ အကွက်ဖော်ထားခြင်း ဖြစ်ပါသည် ။ သည်တော့ ... သည်လို လုပ်ရန် စိတ်ကူးရခြင်းသည် မည်သူပါနည်း ။
ရဲမြင့် ဖြစ်နိုင်ပါသလား ။
‘ အချစ်နောင် ’ ဟု ခေါ်ဝေါ်ကာ ဂူပေါ်တွင် ကမ္ပည်းထိုးသူသည် မည်သူပါနည်း ။
ရဲမြင့်က ဤသို့ ခေါ်မည်တဲ့လား ။
ကျွန်တော် သိပြီ ။
သည် အုတ်ဂူကို ရဲမြင့် အမည်ခံ၍ ရီနွဲ့လှိုင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ၊ ရုတ်တရက် ဒေါသ ထွက်သွားသည် ။ သူမကို ကြည့်မိ၏ ။ ကျောက်ရုပ်လို ငြိမ်သက်နေသော်လည်း မျက်ရည်များ လိမ့်ဆင်းလာသည်ကို တွေ့လိုက်ရသည် ။ ထိုမျက်ရည်များကြောင့် ကြည်သန့်ဝေ ကို သတိရလာသည် ။ ကြည်သန့်ဝေ က ကျွန်တော့်ကို တောင်းပန်လိုသော စကားများကိုလည်း ရိပ်စားလာမိသည် ။ ရီနွဲ့လှိုင် သည် ကြည်သန့်ဝေ ကို တွေ့ပြီး အောင်ပွင့် ပေးခဲ့သော ကျွန်တော့် လက်ရေးနှင့် ရည်းစားစာများ အကြောင်းကို ဖွင့်ဟ ဝန်ခံခဲ့ပြီးဟန် တူသည် ။
ဘဝပေါင်း များစွာ ၊ အချစ်ပေါင်း များစွာကို ကြိုးကိုင်နေသူသည် ရီနွဲ့လှိုင် ၊ တရားခံ ရီနွဲ့လှိုင် ။
ဒေါသစိတ်ဖြင့် ရှေ့ကို တစ်လှမ်း တိုးလိုက်မိသည် ။ ရီနွဲ့လှိုင် သည် နောက်မဆုတ် ။ မျက်ရည်များသာ တတွေတွေ စီးကျနေ၏ ။ ဒေါသများ ပြေသွားသည် ။
ခွေးပု အုတ်ဂူ အနီးတွင် အမုန်းတရားသည် ကြာရှည်နေ၍ မရယောင်ပါတကား ။
ရုတ်တရက် ပခုံးပေါ်သို့ လက်တစ်ဖက်ကျလာသည် ။ နောက်သို့ လှည့်ကြည့်လိုက်သောအခါ မဲ့ပြုံးပြုံးနေသော ရဲမြင့်၏ မျက်နှာကို တွေ့လို က်ရ၏ ။ ‘ ခွင့်လွှတ်စိတ်နဲ့ လောကကြီးကို ကြည့်ပါ သူငယ်ချင်း ’ ဟု ဆို နေသယောင် ။
ဝဲလာသော မျက်ရည်ကို ကျွန်တော် ပြန်သိမ်းလိုက်ပါသည် ။ ကြေမွနေသော ကြည်သန့်ဝေ၏ နှလုံးသား ၊ ကျွန်တော်၏ နှလုံးသား နှင့် ခွေးပု ၏ နှလုံးသားတို့ အတွက် ကုစားရန် ဆေးနည်းကား တစ်နည်းသာ ရှိပါ တော့သည် ။ ၎င်းသည် ခွင့်လွှတ်ခြင်းပင် ဖြစ်ပါ၏ ။
ကျွန်တော် ရီနွဲ့လှိုင် ကို ပြန်လှည့်ကြည့်လိုက်မိသည် ။
ကြေကွဲနေသော နှလုံးသားကို ပြက်ပြက်ထင်ထင် မြင်နေရသည် ။ လာလမ်းအတိုင်း ကျွန်တော် ပြန်ခဲ့သည် ။ ကျွန်တော့် နောက်မှ ရဲမြင့် လိုက်လာမည်ကို စိတ်၌ သိနေသည် ။ ဟိုနောက်တွင် -
ရီနွဲ့လှိုင် သည် လိမ့်ဆင်းလာသော မျက်ရည်များနှင့် အတူ ကျွန်တော်တို့ကို ဝိုးတဝါး ကြည့်ကာ ကျန်ရစ်ခဲ့မည် ထင်ပါ၏ ။
တစ်ခုတော့ ပြောလိုက်ချင်ပါသည် ။
“ နင်ရော ငါတို့ရော ခံစားခဲ့ရတဲ့ အရုပ်ဆိုးတဲ့ အချစ်မျိုး သည်ဘဝ သည်မျှနဲ့ ကုန်ဆုံးသွားပါစေတော့ ရီနွဲ့လှိုင် ရယ် ”
▢ ကြည်စိုးထွန်း
📖ပေဖူးလွှာမဂ္ဂဇင်း
အမှတ် - ၁၁၅
မေလ ၊ ၁၉၉၁ ခုနှစ်
မှတ်ချက် ။ ။
စာရေးဆရာ ကြည်စိုးထွန်း ရေးသားပြီး ပေဖူးလွှာ မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့် “ အကျည်းတန် ချစ်သူ ” ဝတ္ထုကို စာရေးသူ၏ ဆန္ဒအရ “ အရုပ်ဆိုးသော အချစ်များ ” အမည်ဖြင့် ပြန်လည်ဖော်ပြပါသည် ။
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
အမှတ် -၂၈၅
သြဂုတ်လ ၊ ၂ဝ၁၃ ခုနှစ်

No comments:
Post a Comment