❝ ဘိုကတော်ကြီး ❞
( ပီမိုးနင်း )
မဖြူသည် နာမည်နှင့် လိုက်စွာ ဖြူ၏ ။ ထွား၏ ။ ကြီးမား၏ ။ တင်ပါးဆုံ ကားကားခွက်ခွက် အသားထစ် အကြောဆိုင် တင်းခိုင်ပြည့်ကြွ လှိုင်းထ၍ နေလေ၏ ။ မျက်နှာဝိုင်းဝိုင်း နှုတ်ခမ်းပါးပါး မေးသား တိုချွန်လျက် ။ လက်ခြေ ဖြောင့်စင်း ရော်ဘာရုပ်ကို လေမှုတ်၍ သွင်းထားသလို ဖောင်းကြွသော ကိုယ်တစ်ကိုယ်ပြားမှာ တက်၍များ ထိုင်လိုက်လျှင် စပရင်လေးကိုင်းတွေ တပ်ဆင်၍ ထားသည်ဟု မှတ်ထင်ဖွယ်ရာ ရှိလေ၏ ။ သို့ဖြစ်သောကြောင့် မျက်နှာနီနီ ဝီစကီရောင်လျှမ်း ၊ ရွှေသဖန်းနှာသီး ၊ လှည်းဘီးမျက်နှာ ကြောက်စရာ သဘက်အလား အမှုထမ်း ဟူသမျှ ပြားပြားဝပ်ရသော ရာဇဝတ်ဝန် စကော့ လူမျိုး ဘိလပ်သားကြီး၏ ကြိုက်လုံးကြီး ဖြစ်လေ၏ ။
၎င်းရာဇဝတ်ဝန်ကြီးမှာ အမှုထမ်းများသာ မကြည်ညိုသည် မဟုတ် ၊ အင်္ဂလိပ်မြန်မာ အရာရှိကြီးငယ် ဟူသမျှ တို့၏ စိတ်မှာလည်း လူမိုက်ကြီး တစ်ယောက်ဟု ရွံကြောက်ကြီး ကြောက်ကြလေ၏ ။ အကြောင်းမူကား အသောက်အစား၌ မည်သူကိုမှ မထောက်မထားသောကြောင့် ။ ဂျင်မခါနာမှာ အချိန်လွန်၍ မည်သူ တစ်ယောက်မျှ မကျန် မရှိသည့်အခါသို့ တိုင်အောင် မူးယစ်၍ နေတတ်သောကြောင့် ဘွိုင်ကုလားကလေး အန်ထော်နီ ကပင် Sir, you are acting in excess ( ခင်ဗျား အလွန်ကျင့်တယ် ) ဟု အခါခါ ပြောရလေ၏ ။
ဝန်ကတော် မဖြူ သည်ကား ထိုအကြောင်းအရာများကို မသိ ။ ဝန်ကတော် ဘိုကတော် စကော့ကတော်ကြီး ဟူသော ဂုဏ်ဖြင့် အခြား အရာရှိကတော် များစွာတို့၏ အပေါ်မှာပင် မော်ချင်မောက်ချင်လေ၏ ။
နယ်ပိုင်ကတော် ဒေါ်မြရွှေ မှာ မဖြူ မော်မောက် သလောက် သိမ်မွေ့သဖြင့် မင်းကတော် ၊ အမိန့်တော်ရကတော် ၊ စာရေးကတော် စသည် အားလုံးတို့၏ ချစ်ခင် ကြည်ဖြူခြင်းကို ခံရလေ၏ ။ မျက်နှာဖြူကတော် မဟုတ် မြန်မာကတော်မျှ ဖြစ်သော်လည်း ငယ်စဉ်က အင်္ဂလိပ်ကျောင်းမှာ ကြီးခဲ့သဖြင့်တစ်ကြောင်း ၊ ဝန်မင်းဦးမြတ်စံ မှာ ဘိလပ်ပြန် ဖြစ်သောကြောင့်တစ်ကြောင်း ၊ အင်္ဂလိပ် လူမျိုးတို့၏ စည်းကမ်းနည်းလမ်း အသုံးအလေ့တို့ အကြောင်းကို ကောင်းစွာနားလည်သူ ဖြစ်လေ၏ ။
သို့ဖြစ်လေရာ စိတ်သဘောကြီးသူလည်း ဖြစ်ရကား ၊ မဖြူနှင့် သင့်အောင် ပေါင်းရှာလေ၏ ။ မဖြူကလည်း အခြား ကတော်တွေနှင့် များစွာ မရောမပေါင်း ၊ ဒေါ်မြရွှေ နှင့် အခြား ဂါဝန်ဝတ်မများကိုမှ မိမိ၏ အပေါင်းအဖော်ဟု သဘောထားလေ၏ ။ ဒေါ်မြရွှေ မှ တစ်ပါး အခြား သင့်တင့်သူမှာ အင်စပိတ်တော်ကတော် မပု ဖြစ်လေ၏ ။ မပု မှာ လက်အောက်အရာရှိကတော် ဖြစ်ခြင်းကြောင့် မကြည်ဖြူဘဲလျက် မဖြူ ကို အရေးလုပ်ရှာလေ ၏ ။
တစ်နေ့သ၌ အရေးပိုင်မင်း၏ အိမ်မှာ ကျင်းပမည်ဖြစ်သော ဧည့်ခံပွဲအကြောင်းနှင့် ပတ်သက်၍ ဒေါ်မြရွှေ ၊ မဖြူ ၊ မပုတို့ ပြောဆို၍ နေကြရာ ၊ ဒေါ်မြရွှေ က “ ကျုပ်တော့ မလွှဲသာလို့ သွားရမှာပဲ ၊ မျက်နှာဖြူမတွေနဲ့ မျက်နှာဖြူတွေများမှာ ကျုပ်တို့ မြန်မာကတော်မတွေကို သူတို့က တယ်ပြီး အဖက် မလုပ်ချင်ကြဘူး ။ ကျုပ်သာ မဖြူ လို ဖြစ်ရင် မသွားဘဲနေပါရဲ့ ၊ အရေးပိုင်ကတော်နဲ့ အသိဟောင်းဖြစ်နေလို့ မရှောင်သာဘူး ” ဟု ပြောလေ၏ ။
“ ယောက်ျားသာ ပဓာနပါရှင် ” ဟု မဖြူ က ပြန်၍ ပြောလေ၏ ။
ဤစကားအရာ မိမိမှာ မျက်နှာဖြူကတော် ဖြစ်သောကြောင့် မျက်နှာဖြူမတွေနှင့် အဆင့်အတန်းတူသည် ဟု ပြောလိုသော စကားဖြစ်ကြောင်း ဒေါ်မြရွှေ သိလေ၏ ။
“ ဒါကြောင့် ပြောတာပေါ့ ၊ မင်းကတော်ရယ် ၊ ကျုပ် ယောက်ျားက ဗမာ ၊ သည်တော့ အဖြူတွေကို အောက်ကနေ ပေါင်းရမလို ကျနေတာပဲ ။ မင်းကတော် မှာတော့ တော်ပါရဲ့ ။ ဘိလပ်သားကိုး ။ နို့ပေမဲ့ ရာထူးအနိမ့်အမြင့် တွေကလည်း ရှိသေးတယ် ”
“ ဒီလို ဧည့်ခံပွဲများမှာ ဒါမျိုးတွေကို ဂရုမစိုက်ကြပါဘူး ”
“ ဒီလိုဖြင့် မင်းကတော် သွားမလို့လား ” ဟု ဒေါ်မြရွှေ က မေးလေ၏ ။
“ ကျွန်မတော့ မသွားလို့ ဘယ်ဖြစ်မလဲ ”
ရွှေ ။ ။ “ ဖိတ်စာမှာ ပါသလား ”
ဖြူ ။ ။ “ ဖိတ်စာမှာတော့ မစ္စတာနှင့် မစ္စစ်လို့ ပါတာပဲ ။ ဘာဖြစ်လို့လဲ မင်းကတော်ရဲ့ ၊ ကျွန်မကို မဖိတ်ဘူး ထင်လို့လား ”
“ ဒီလိုလည်း မဟုတ်ပါဘူး ၊ မင်းကတော် ယောက်ျားက အရမ်း မူးပစ်လိုက်မှာ စိုးလို့ ပြောတာပါ ။ ကျုပ်ယောက်ျားသာ ဒီလို သောက်တတ်ရင် ဘယ်ပွဲမျိုးကိုမှ လိုက်မှာ မဟုတ်ဘူး ”
“ ဒါတော့ သူတို့ မျက်နှာဖြူချင်း တစ်ယောက်ကို တစ်ယောက် ဗွေမယူကြပါဘူး ။ မြန်မာလူမျိုး အရာရှိ တစ်ယောက်ယောက် အရမ်းသောက်ရင်သာ နှင်ထုတ်မှာ ” ဟု မဖြူ က ပြောလေ၏ ။
မဖြူ၏ စကားလုံးတိုင်း ဒေါ်မြရွှေ၏ သွေးကို လှိုင်းထအောင် လုပ်လေ၏ ။ သို့သော်လည်း ဒေါ်မြရွှေ မှာ လွန်စွာ ယဉ်ကျေးလိမ္မာလျက် နူးညံ့သိမ်မွေ့သူ ဖြစ်သဖြင့် နားမလည်ဟန်နှင့် အေးအေးပင် ပြန်၍ ပြောသည်ကား
“ မင်းကတော် ယောက်ျားအကြောင်းကို မင်းကတော် ကုန်အောင် မသိလို့ ဒီစကားကို ပြောတာ ။ မျက်နှာဖြူ ဖြစ်တိုင်း ထင်သလို လုပ်ခွင့်ရတာ မဟုတ်ဘူး ။ ယခု ပွဲမှာ ရန်ကုန်က လူကြီးလူကောင်း အရာရှိကြီးများလည်း ပါဝင်ကြလိမ့်မယ် ။ သူတစ်ယောက်တည်း ဘယ်လို နေနေ ကိစ္စ မရှိဘူး ။ မင်းကတော်ပါ မျက်နှာပျက်မှာ စိုးလို့ ပြောတာပါ ။ ကျွန်မက မင်းကတော်ကို လူကြီးလူ ကောင်းများထဲ မဝင်စေ့ချင်လို့ ပြောတာ မဟုတ်ဘူး ။ စိုးရိမ်လို့ ပြောတာပါ ။ မင်းကတော် ကို ကျွန်မမှ တစ်ပါး အကောင်းအဆိုး ပြောဝံ့သူ မရှိကြဘူး ၊ ပြောလည်း ပြောကြမှာ မဟုတ်ဘူး ။ မင်းကတော်ယောက်ျားကို ကြပ်ကြပ် သတိပေးပြီး စိတ်ချရမယ် ထင်ရင်လည်း သွားတာပေါ့ ။ ကျွန်မကတော့ သာပြီး ဝမ်းသာပါသေးတယ် ။ သွားဦးမယ် မင်းကတော် ” ဟု ပြော၍ သွားလေ၏ ။
မဖြူသည် စကားပြန်၍ မပြောချေ ။ ဗမာမတွေဟာ ဒါမျိုးပဲ ဒင်းတို့ ပူစရာလား ။ အခု ပြောသွားပုံက ငါတို့ လင်မယား လူမဝင်ဆံ့ သူမဝင်ဆံ့ အနေမျိုး ရောက်နေတာပေါ့ ။ တယ်တော်တယ် ၊ ဒါ အင်္ဂလိပ်ဧည့်ခံပွဲ မြန်မာပွဲ မဟုတ်ဘူး ၊ ဒင်းတို့ မြန်မာကတော်တွေသာ မကပ်နိုင်ရင် ရှိရမယ် ၊ ငါတို့တော့ သွားဖို့ ဝတ္တရားရှိတယ် မဟုတ်ဘူးလား မပု ဟု အင်စပိတ်တော်ကတော်ကလေးအား ပြောလေ၏ ။
“ ဟုတ်ပါတယ် မမရဲ့ ၊ ဒေါ်မြရွှေ နဲ့ မမ နဲ့ တော်တော် ခင်တယ်လို့ ကျွန်မ အောက်မေ့မိတယ် ”
“ ခင်ဟန်ချစ်ဟန် ဆောင်တာ ။ မင်းကတော်ချင်း တူပေမဲ့ လင်ချင်း မတူသေးဘူး ။ သည်တော့ သူတို့က ဘာနာလိုမလဲ ။ သည်မင်းပွဲမှာ မျက်နှာဖြူပွဲ ဖြစ်တဲ့ အတွက် ကတော်တွေ ထဲမှာ ဒီက သာမှာ စိုးလို့ ပြောတာ ”
“ ဟုတ်ကဲ့ ဒါကြောင့်ပါပဲ ။ ဒီဝန်ကတော်ကြီးကို ကျွန်မ တော်လိမ့်မယ်လို့ အောက်မေ့မိတယ် ”
“ ဗမာတွေဟာ ဘယ်တော့မှ သဘောမကြီးဘူး ။ တော်တော်ကလေး မြင့်ရင် စိတ်ကြီးဝင်တာပဲ ။ ကိုယ့်ထက် သာရင် မနာလိုတာပဲ ၊ ဗမာယောက်ျားလည်း အင်္ဂလိပ်ယောက်ျားလောက် ဘယ်တော့မှ မယဉ်ကျေးဘူး ။ သူတို့ ယောက်ျားတွေ ကိုယ်တိုင်က ညံ့နေမှ သူတို့ မိန်းမတွေ ကောင်းနိုင်ပါဦးမှာတဲ့လား ။ ငါ့ယောက်ျား အရက်သောက်တာကိုသာ သူတို့က ပြောတာ ။ ငါ့ ယောက်ျားလို လူထဲမှာ ဒင်းတို့ သောက်ဝံ့ရဲ့လား ။ ဗမာ အရာရှိတွေဟာ မျက်နှာဖြူဘိလပ်သား ရှေ့ကျရင် ပြုံးပြုံး ပြုံးပြုံးနဲ့ သိပ်သဘောကောင်းတာပဲ ၊ ကွယ်ရာကျတော့ မဟုတ်တာတွေကို အကုန် လုပ်တာပဲ ။ အင်္ဂလိပ်က ကွယ်ရာမှာ မဟုတ်တာ မလုပ်ဘူး ။ သူရှေ့မှာ ယောက်ျားပီပီ ရဲရဲရင့်ရင့် ဖန်ခွက်ကို မြှောက်ပြီး သောက်တယ် ။ ဒီလိုပွဲ မျိုးမှာ ဗမာအရာရှိတွေ ဖန်ခွက်တောင် ရဲရဲ ကိုင်ဝံ့မှာ မဟုတ်ဘူး ။ အင်္ဂလိပ်မျက်နှာ ကြည့်ပြီး အင်္ဂလိပ်က ဖန်ခွက်ကို မြှောက်မှ လိုက်ပြီး မြှောက်ဝံ့မှာအေ့ ။ ငါ့ ယောက်ျားက ဒီလို အပျော့စား မဟုတ်ဘူး ။ ကိုယ်တိုင် လောင်းတဲ့ ယောက်ျား ။ ဒါမျိုးတွေကြောင့် ဒီကို လာပြီး တားတာ ၊ သိပါတယ် ။ ငါ့ယောက်ျားလည်း မသောက်ရလို့ ငတ်နေတာ မဟုတ်ပါဘူး ။ ဒီလိုပွဲမျိုးကျမှ သောက်ရတာ မဟုတ်ပါဘူး ”
“ ဟုတ်တာပေါ့ မမရဲ့ ။ အခု လာပြီး ပြောတာ ကျွန်မဖြင့် သိပ်အံ့သြတာပဲ ။ ဒီဝန်ကတော်ကြီးဟာ ပျော့ပျော့နဲ့ တော်တော်နံတဲ့ ကြောင်ချေး ”
ထိုည၌ အရေးပိုင်မင်း၏ အိမ် ဒင်နာခန်းရှေ့ ဧည့်ခန်းကြီး၌ အင်္ဂလိပ် - မြန်မာ အရာရှိကြီး ဟူသမျှ ၎င်းတို့၏ မင်းကတော်များနှင့် အတူ ကုလားထိုင်များ ၊ ဆိုဖာများမှာ ထိုင်ကြလျက် ၊ ဆိတ်ငြိမ်စွာ စကားပြော၍ နေကြ လေ၏ ။ ထိုပွဲမှာ အရာရှိကြီးများသာ လာရောက်ရသော ပွဲ ဖြစ်ရာ ၊ မြန်မာ အနည်းငယ်သာ ပါရှိလေ၏ ။
၎င်းမြန်မာများ အနက် ဒေါ်မြရွှေ ၊ ဆရာဝန်ကြီး မေဂျာဘသက် နှင့် မစ္စစ်ဘသက် ၊ သစ်တောဝန်ထောက် ဦးသာမောင် နှင့် မစ္စစ်သာမောင် ၊ ကု,လားလူမျိုးအနက် အင်ဂျင်နီယာအရေးပိုင် မစ္စတာနာရန်ဂျီ နှင့် မစ္စစ်နာရန်ဂျီ ၊ ၎င်းတို့သာ တိုင်းရင်းသူ တိုင်းရင်းသား ဧည့်သည်များ ဖြစ်ကြလေရာ အခြား ယစ်မျိုးဘက် အရာရှိများ ၊ သစ်တောအရေးပိုင်နှင့် အခြား သစ်တောအရာရှိများ ၊ ဒုတိယ အရေးပိုင်အင်္ဂလိပ်လူမျိုး ၊ ပုလိပ်အရာရှိများ ၊ စစ်ဘက် ဆိုင်ရာ အင်္ဂလိပ်ဗိုလ်မှူးအရာရှိများ ၊ ကတော်များ ၊ အင်္ဂလိပ်ဝတ်လုံ စသည်တို့သာ များကြလေရာ ၎င်းတို့မှာလည်း ဒိစကြိတ်မြို့ဆိုင်ရာ အရာရှိများ ဖြစ်ကြရာ တစ်ယောက် အကြောင်းကို တစ်ယောက် သိကြလေ၏ ။
ရာဇဝတ်ဝန်ထောက်ကြီးနှင့် ဝန်ကတော် မဖြူတို့ ရောက်၍ လာသောအခါ ထုံးစံအတိုင်း လက်ဆွဲ နှုတ်ဆက်ကြလေ၏ ။
ရောက်ရှိသမျှ မိန်းမယောက်ျား ဧည့်သည်များသည် ဝန်ထောက်ကတော် မဖြူ ထက် ဝန်ထောက်ကြီးကို ပိုမို၍ အရေးယူကြလေရာ ဒေါ်မြရွှေ ပြောသော စကား နှင့် ဖီလာဖြစ်၍ နေလေ၏ ။ မဖြူ အား မည်သူမျှ လက်ဆွဲ နှုတ်ဆက်ရန် မထ ။ မည်သူ့ကို လက်ပေးရမည် ဟူ၍လည်း မသိ ၊ ရောင်တောင်တောင် ဖြစ်၍ နေလေ၏ ။ ထိုအခိုက် ဘောင်းဘီဝတ် မြန်မာဝတ်လုံ မစ္စတာမောင်လတ် နှင့် မစ္စစ်မောင်လတ် ရောက်၍ လာသောအခါ အားလုံးဝိုင်း၍ လက်ဆွဲနှုတ်ဆက်ကြရာ ဝတ်လုံကတော် မစ္စစ်မောင်လတ်၏ လက်မှာလည်း အင်္ဂလိပ်မတွေ သူတစ်လှည့် ငါတစ်လှည့် ဝိုင်း၍ ခါကြသောကြောင့် လက်မှာ ကျိုးလုခမန်း ဖြစ်၍ သွားလေ၏ ။
ဝန်ကတော် မဖြူမှာ မျက်နှာ ပျက်လျက် ဒေါသမီး တောက်၍ နေလေ၏ ။ ရာဇဝတ်ဝန်ထောက်ကြီးမှာ နဂိုက မူး၍ လာသဖြင့် မိမိ၏ မိန်းမ အဘယ်ပုံ ဖြစ်၍ နေသည်ကို သတိ မထားမိ ၊ ဝတ်လုံကြီးနှင့် နှုတ်ဆက်ရာတွင် ကိစ္စ တစ်ခုခုနှင့် ပတ်သက်၍ ထက်သန်စွာ ပြော၍ နေသဖြင့်လည်း မဖြူ ကို မေ့မေ့လျော့လျော့ ဖြစ်၍နေလေ၏ ။ မဖြူမှာ လူစုထဲတွင် သင်္ဘောပျက်လျက် သွေ့ခြောက်သော သောင်တစ်ခု ပေါ်မှာ တင်၍ နေသလို ဖြစ်၍ နေလေ၏ ။
ထိုကဲ့သို့ မဖြူ ဖြစ်ပျက်နေပုံကို ဒေါ်မြရွှေ မြင်ရ သောအခါ အပါးသို့ ကပ်ကာ လက်ဆွဲနှုတ်ဆက်ပြီး လာလာ မင်းကတော် ဟု ပြောကာ ယစ်မျိုးဝန်ကတော် အင်္ဂလိပ်မကြီး တစ်ယောက်၏ အနီး၌ ဒေါ်မြရွှေ က မဖြူ ကို နေရာပေးပြီး မဖြူ၏ အနီးမှာ မိမိ ထိုင်လေ၏ ။ ယစ်မျိုးဝန်ထောက်မင်းသည် မိမိ၏ မယား အနား၌ မဖြူ လာ၍ ထိုင်သည်ကို မြင်ရသောအခါ ကပျာကယာ ထ၍ လာပြီး မိမိ၏ မယားကို မဖြူ၏ အနားမှ ခွာစေ၍ မဖြူ နှင့် မိမိ၏ မယားစပ်ကြားမှာ မိမိကိုယ်တိုင် ဝင်၍ ထိုင်လေ၏ ။
ထိုအခါ မဖြူ မှာ တစ်ဖန် မျက်နှာမည်း၍ သွားပြန် လေ၏ ။ ထိုအခါ ဝန်ကတော်ကြီး မမြရွှေက အလိုလို စိတ်မချမ်းမသာ ဖြစ်ပြီး နောက်ထပ်၍ ရောက်သော ဧည့်သည်များကို အများ နှုတ်ဆက်၍ နေကြသည့်အခိုက်တွင်း မဖြူ လက်ကို ဆွဲ၍ အပြင်သို့ ထုတ်သွားလေ၏ ။ ထို့နောက် မဖြူကို တော်ရာ၌ ထားခဲ့ပြီးနောက် ၎င်း၏ ယောက်ျားရာဇဝတ် ဝန်ထောက်ကြီးထံ ပြန်၍ လာပြီး မဖြူ မူးလို့ အိမ်ကို ပြန်ပို့ရကြောင်း ၊ သို့သော်လည်း အရေးမကြီးသဖြင့် စိတ်ပူဖို့ မရှိကြောင်း ပြောကာ ထွက်၍ လာလေ၏ ။ ထို့နောက် မြင်းရထား တစ်စီးနှင့် မဖြူကို အိမ်သို့ ပြန်ပို့ရာ မဖြူသည် ကျွန်မ ဘာဖြစ်လို့လဲ မင်းကတော် ရဲ့ ကျွန်မ နူလို့လား ဟု ပြောလေ၏ ။
ရွှေ ။ ။ ကျွန်မ ဒါတွေကို သိတယ် ။ ကျွန်မ အင်္ဂလိပ်လူမျိုး ထုံးစံကို နားလည်လို့ ၊ မင်းကတော်ကို သတိပေးလျက်သားနဲ့ လာတာကိုး ။ အခုလို ဖြစ်ရတာလဲ ဝန်ထောက်မင်းကြောင့် ဖြစ်ရတာပါ ။ သူ အရာရာမှာ ကျူးကျူးလွန်လွန် မလုပ်ရင် ဒီအကြောင်းကို ဘယ်သူမှ သိမှာ မဟုတ်ဘူး ။ အခုတော့ သူ့ကို မုန်းရာက ညောင်မြစ်တူး ပုတ်သင်ဥပေါ် ဆိုတာလို ဖြစ်ပြီး မင်းကတော် အပေါ် မှာ ပုံကျတာပဲ ”
“ ကျွန်မအပေါ်မှာ ဘာများ ပုံကျတာတုန်း မင်းကတော်ရဲ့ ”
“ အဲဒါ အပြောရ ခက်တာပဲ ။ အင်္ဂလိပ်ကို ယူထားပြီး အင်္ဂလိပ်အကြောင်းကို နားလည်အောင်လည်း မလုပ်တော့ ခက်တာပဲ ။ သူတို့ လူမျိုးမှာ လက်မထပ်ဘဲ အတူတူ နေတဲ့ မိန်းမကို မယားရယ်လို့ အသိအမှတ် မပြုဘူး ”
“ မတော်တာပဲ မင်းကတော်ရယ် ၊ ကျွန်မကို ဝန်ကတော်လို့ တစ်နိုင်ငံလုံးက ခေါ်ကြတာပဲ ၊ ကျွန်မယောက်ျား ကျွန်မကို ဘယ်လောက် စုံမက်တယ် ဆိုတာ ဝန်ကတော်လည်း အသိသား မဟုတ်လား ”
“ သူ စုံမက်ရင် လက်ထပ်ပါစေလား ။ လက်မထပ်ဘဲ အတူတူ ပေါင်းနေတယ် ဆိုတာ မင်းကတော်မှာ ဟိုဒင်းဟိုဟာမျိုး ဖြစ်နေတာ မင်းကတော်ရဲ့ ”
“ ဘာဒင်းဟာမျိုး ဆိုတာ ပြောပြရမလား ။ ပြောရမှာဖြင့် ပြောမယ် ”
“ ကျွန်မ အရပ်ရပ်မှာ ဂုဏ်နဲ့ အသရေနဲ့ နေလာခဲ့တာပါ ကျွန်မယောက်ျား ဘိလပ်သားပါ ။ အစုတ်အနုတ် ပါလယာ ထဲက မဟုတ်ဘူး ”
“ ဒါကြောင့် ပြောတာပေါ့ ၊ မင်းကတော်ကို မကောင်းတဲ့ မိန်းမမျိုးလို့ သဘောထားကြတယ် ။ လက်မထပ်သေးသမျှ မင်းကတော်မှာ ညအိပ် ပုတ်ပြတ်ထဲက ကျနေတယ် ။ မင်းကတော် ယောက်ျား ကိုယ်တိုင် ဒါတွေ ကို မတွေးမိလို့ ။ ငါ ဝန်ထောက်ပဲ ငါ ထင်သလို နေနိုင်တယ်လို့ သဘောထားပြီး မင်းကတော်ကို ခေါ်လာတာ အင်မတန် မှားတာပေါ့ ။ စောစောက ကျွန်မ ဒါတွေ သိလို့ တင်ကြိုပြီး သတိပေးတာပါ ၊ ဒါ ဆရာပဲ ။ လက်ထပ်အောင် လုပ် ၊ မလုပ်နိုင်ရင် လူကြီးလူကောင်း ထဲမှာ မင်းကတော် ဝင်ဖို့ အင်မတန် ခက်လိမ့်မယ် ”
“ နို့ မင်းကတော်ရယ် တခြား ဘိုကတော်တွေလည်း ကျွန်မလိုပါပဲလား ။ အများကြီး ရှိကြတာပဲ ”
“ သူတို့မှာ ဒီလို နေရာမျိုးကို မဝင်ကြဘူး ။ ဝင်ရင်လည်း ယောက်ျားဖြစ်သူက ဣန္ဒြေသိက္ခာရှိသူ ဖြစ်တာနဲ့ ။ ငဲ့ညှာကြလို့ သို့မဟုတ် မသိကြလို့ ဖြစ်လိမ့်မယ် ။ မင်းကတော်ကို တစ်ယောက်က ( ကွန်ကျူးဘိုင်း ) လို့ ခေါ်တယ် ။ ဒီစကားဟာ ယောက်ျားအိပ်ဖော်မိန်းမလို့ အဓိပ္ပာယ်ရှိတယ် ။ မယား မဟုတ်ဘူး ။ ရှင် မသိအားကြီးလို့ ဖော်ပြရတယ် ။ စိတ်လည်း မရှိနဲ့ ” ဟု ဒေါ်မြရွှေက အဆုံးသတ် ပြောလိုက်ရလေ၏ ။
▢ ပီမိုးနင်း
📖 ရုပ်ရှင်လမ်းညွှန် ဂျာနယ်
သြဂုတ် ၃ ၊ ၁၉၃၄
No comments:
Post a Comment