❝ ကျုပ်တို့ဘဝ ... ဝယ် ❞
( အေဘုန်းခေတ် )
အသီးအနှံ စုံသလားလို့ မမေးနှင့် ၊ ရှိသမျှ ခြံမြေကွက်လပ် အလွတ်တွေ မှန်သမျှ စိုက်ပျိုးထားတာက နေရာအပြည့် ။ ခြေရင်း ပေ ၄ဝ ရှိ မြေကွက်လပ် အလွတ် မှာလည်း စိုက်ခင်းတွေက ညီညီညာညာ ။ ပြီးတော့ နေအိမ်ရဲ့ လမ်းတစ်ဖက် မြေကွက် အလွတ် မှာလည်း စိုက်ခင်းတွေက ရှိသေး ။ ရပ်ကွက်ထဲ အိမ်တွေ များလာပေမဲ့ အခုလို မြေကွက်လပ် အလွတ် ရှိသေးတာ ကျုပ်တို့ မိသားစုအတွက် သိပ်ကို ကံကောင်းတယ် ။ ဘာကြောင့်လဲဆို အခြား မြေကွက် အလွတ်တွေမှာ အိမ်တွေက တဖြည်းဖြည်း ပြည့်လာပြီ ။ ကျုပ် စိုက်ပျိုးထားတဲ့ မြေကွက်တွေသာ အခုချိန်ထိ ပိုင်ရှင်က မလာသေးတာကိုး ။
ဒါကို သတ္တိရှိရှိ သူများ မြေကွက်မှ စိုက်ပျိုးရဲတာ ကျုပ်တို့ ပဲ ။ ကိုယ် မပိုင်မှန်း သိသော်လည်း ဝမ်းရေးအတွက် စိုက်ပျိုး စားသောက်ခဲ့တာ ၅ နှစ်နီးပါးပဲ ။ ခြံပိုင်ရှင်တွေ ခုအချိန်ထိ ပြောင်းမလာတာ ၊ ပိုင်ရှင်ဖြစ်ကြောင်း အရိပ်အယောင် လာမပြ တာက ကျုပ်တို့ အတွက် သိပ်ကံကောင်းတယ်လို့ ဆိုရမှာပဲ ။ စဉ်းစားကြည့်လေ ၊ ကျုပ်တို့ မြေကွက် အလွတ်မှာ စိုက်တဲ့ စိုက်ပျိုးသီးနှံတွေက တစ်နေ့တစ်နေ့ ရောင်းရငွေက တစ်သောင်း အထက်မှာ ရှိတယ် ။
ကျုပ်တို့မှ မြေကွက် မရင်းရပေမဲ့ လုပ်အား ၊ ငွေအား ၊ အချိန်တွေ စိုက်ထုတ်ထားတာက အများကြီး ။ မြောင်းပေါက်ရ ၊ အပင်စိုက်ရ ၊ ဓာတ်မြေသြဇာ ဖြန်းရနဲ့ အားရတဲ့ နေ့ကို မရှိဘူး ။ ဟော ... အပင်တွေ စိမ်းစိမ်းစိုစို ဖြစ်လာတော့လည်း ပင်ပန်းရကျိုး နပ်ရတယ်လေ ။
တချို့ဆို ကျုပ်တို့ မိသားစု အခုလို အဆင်ပြေ နေတာကို ဝမ်းသာအားရ မေးတဲ့သူ ရှိသလို မနာလိုတဲ့ သူတွေလည်း ရှိတယ် ။ သိသိသာသာ မနာလိုသူကတော့ ပေ ၄၀ ကျော်ရှိ ဒေါ်ပုမ ပဲ ။ သူက တစ်ခါတလေ ခနဲ့သလို ၊ ခြိမ်းခြောက်သလိုလို စကား ပြောတယ် ။
“ မောင်မြင့်ဦးရေ ၊ စိုက်ခင်းကလည်း တော်တော် ဖြစ်ထွန်းတယ်နော် ။ တော်ကြာ ပိုင်ရှင်တွေ ပေါ်လာရင်တော့ မင်းတို့ မိသားစုရော ဒီအပင်တွေပါ ဖယ်ပေးရမှာ နှမြောစရာ ”
ကျုပ်ဖြင့် ဒေါ်ပုမ ကို သိပ်ကြည့်မရပါဘူး ။ စိုက်ခင်းထဲ လာတယ် ။ လိုချင်တဲ့ အသီးအရွက်တွေကို ခူးတယ် ။ ပိုက်ဆံမပေး ။ သူများတကာ စိုက်ပျိုးထားတာ ဘယ်လောက် ပင်ပန်းတယ် ဆိုတာလည်း ကိုယ်ချင်းမစာ ။ ဒီကြားထဲ ပြန်ခါနီး ခြိမ်း ခြောက်သလိုလို ၊ သတိပေး သလိုလို အမြဲတမ်း ပြောသွား တတ်သေး ။
တစ်ခါတလေ ဒေါ်ပုမ အလိုကို မလိုက်ရောမိ ပြန်ရင်လည်း ဒေါသူပုန် ထပြီး -
“ နင်တို့ကို သနားလို့ ဒီ မြေကွက်မှာ စိုက်ခွင့်ပေးထားတာ ။ မြေကွက်ပိုင်ရှင်တွေက ငါ့ကို အပ်ထားတာ ။ ငါ မောင်းထုတ်ပစ်လိုက်ရင် တော့ …. ”
ဒေါ်ပုမ ဒီစကားတွေ ပြောလာတာ တော်တော် ကြာခဲ့ပါပြီ ။ ကျုပ်တို့ မစိုက်လို့ သူတို့ စိုက်မလား ဆိုတော့လည်း မစိုက် ။ ကတ်သီးကတ်ဖဲ့ နိုင်လွန်းပါတယ်ဗျာ ။ အခုတော့ ကျုပ် ဂရုမစိုက်တော့ဘူး ။ နေ့စဉ်ဝင်ငွေကို စုမယ် ။ ပြီးရင် ကျုပ်သား နှစ်ယောက်ကို ရှင်ပြုပေးနိုင်အောင် ကြိုးစားမယ် ။ ကျုပ် သားတွေ ရှင်ပြုပေးပြီးမှ ခြံပိုင်ရှင် ပေါ်လာလည်း ကိစ္စမရှိ ။
ဪ ... မေ့တော့ မလို့ ။ တစ်ခု ရှိသေးတယ် ။ ကျုပ်တို့ မိသားစုအပေါ် နားလည်တယ် ၊ အားပေးတယ် ၊ လိုအပ်တဲ့ ငွေကြေး စတာတွေကို အမြဲ ကူညီတဲ့ လူပျိုကြီး ကိုအောင်မြတ် ။ ကျုပ် စိုက်ခင်းကို လာ ၊ ရေနွေးကြမ်း သောက် ၊ စိုက်ခင်းထဲက သီးနှံတွေ ကြည့်ပြီး ပီတိက ဖြစ်သေး ။ အထူးသဖြင့် ကျုပ်တို့ မိသားစုကို ကြည့်ပြီး အား ကျနေတဲ့ သူပါ ။ ကိုအောင်မြတ် ကလည်း ကျုပ်တို့နဲ့က သိပ်မဝေး ။ လမ်းဟိုဘက် ဒီဘက် ။ လှမ်းကြည့်ရင် မြင်ရသေး ။
ပြီးတော့ ကျုပ်တို့ မိသားစုအကြောင်းကိုလည်း သိတယ် ။ ကျုပ်သားတွေ ရှင်ပြုချင်တာကိုလည်း ပြောပြထားတယ် ။ ကျုပ်တို့ အပေါ် အရမ်းလည်း ကောင်းတယ် ။ သဘောထားလည်း ကြီးတယ် ။ ကျုပ်သား နှစ်ယောက် ကိုလည်း သိပ်ချစ်တယ် ။ လိုအပ်တာတွေလည်း ဝယ်ပေးတယ် ။
ဒီထက် ကောင်းတာကတော့ ကျုပ်တို့ အပင်တွေကို မြောင်းရေနဲ့ လောင်းရတယ် ။ မြောင်းရေ ခန်းရင်တော့ ကိုအောင်မြတ်အိမ်က ရေစက် ကနေ ခပ်ပြီး လောင်းရတယ် ။ ရေဖိုးပေးတော့လည်း မယူ ၊ မီတာဖိုးပေးလည်း မယူ ၊ အသီးအနှံပေးလည်း မကြိုက် ။ သူ ချက်စားချင်လို့ ခူးရင်လည်း အလကား မယူ ။ ပိုက်ဆံ အမြဲပေးတယ် ။
ကျုပ် ဘယ်လောက်ပဲ ဆုတောင်း ဆုတောင်း ၊ အဖျက်ကတော့ ပေါ်လာစမြဲပါ ။ တစ်နေ့ ကျုပ်က မြေသြဇာကုန်လို့ သွားဝယ်ရတယ် ။ ကျုပ်မိန်းမကလည်း ဒီနေ့ကျမှ နေမကောင်းက ဖြစ် ၊ အိပ်ရာထဲက မထနိုင် ။ သားနှစ်ယောက် ကလည်း ကျောင်းသွား ၊ မြေသြဇာ ကလည်း အရေးတကြီး လိုအပ်နေတယ် ။ ဆိုင်ကလည်း သိပ်မဝေးတော့ စက်ဘီးကို ခပ် သုတ်သုတ် နင်းပြီး သွားဝယ်ရတာပေါ့ ။
“ ဟော ” ပြန်လာတော့ ကျုပ်စိုက်ခင်းထဲ နွားတွေက ရောက်နေတယ် ။ ဘယ်သူ မောင်းသွင်းထားလဲ မသိ ။ ဒေါ်ပုမ ကတော့ လက်ပိုက်ပြီး ကျေနပ်အပြုံး ပြုံးနေတာပေါ့ ။ ကျုပ်စိုက်ခင်းတွေ အများကြီး ပျက်စီးသွားတယ် ။ ကျုပ် ခဏလေး ဈေးဝယ် ထွက်တယ် ။ အခုလို ဖြစ်တယ် ။ ကဲ ... ဘယ်လို လုပ်ကြမလဲ ။ ကျုပ်ကလည်း နွားဝင်လို့ စိုက်ခင်း ပျက်စီး သွားတာကို စိတ်ညစ်နေမယ့် သူ မဟုတ်ဘူး ။ မနာလိုတဲ့ သူ ၊ သူများအကျိုးကို မလိုလားတဲ့သူ အဲလိုလူတွေ သိအောင် ကျုပ်က အော်ပြော ပစ်လိုက်တယ် ။
“ ကျေးဇူးပဲ နွားတွေရေ ။ မင်းတို့က ငါ့စိုက်ခင်းက အရွက်တွေ စားတယ် ။ ပြီးတော့ မင်းတို့က ငါ့စိုက်ခင်းထဲမှာ ချေးပါခဲ့တယ် ။ အဲဒီချေးက ငါ့စိုက်ခင်း အတွက် မြေဩဇာပဲလေ ။ ပြီးတော့ ကျုပ် အပင်တွေက မသေဘူး ။ နောက်နေ့ ရွက်သစ် ဝေလာဦးမှာဗျာ ... ”
ကျုပ်လည်း ကြုံးဝါး ပြောဆိုလိုက်တော့ ဒေါ်ပုမ မျက်စောင်းထိုးပြီး အိမ်ထဲ ပြန်ဝင်သွားတယ် ။ တော် တော် ခက်တဲ့ လူတွေ ။ သူ တစ်ဖက်သား ကောင်းစားတာကို မနာလို ဖြစ်ရတယ်လို့ ။
ထားပါ ။ ဒါတွေကလည်း ကျုပ် ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ်တွေပါပဲ ။ ရန်လိုနေလို့ မဖြစ်ဘူး ။ ကျုပ်လက်ရှိ ဘဝက သိပ်အေးချမ်းတယ် ။ မြေကွက် မပိုင်ရုံက လွဲပြီး အားလုံးက ကျုပ်အတွက် အဆင်ပြေတယ် ။ မနက်ပိုင်းဆို ကျုပ်အိမ်ရှေ့လာကြည့် ။ ဈေးကြီး တစ်ခုလိုပဲ အသီးအရွက် လာဝယ်ကြတာလေ ။ ကျုပ်ကလည်း ခူးမနိုင် ၊ စည်းမနိုင် ။ ရောင်းကောင်းလိုက်တာများ ဖောက်သည်ယူတဲ့ လူတွေနဲ့ဆို ကျုပ်တို့ လင်မယား လက်မလည်အောင် ရောင်းကို ရောင်းရတယ် ။
ကျုပ်တော့ အခုလို ကိုယ့်အိမ်ရှေ့ ကိုယ် ရောင်းရတာကို ပျော်တယ် ။ ကျုပ်တို့ ထက် ပျော်တဲ့သူ ရှိသေး ။ အိမ်ရှေ့က လူပျိုကြီး ကိုအောင်မြတ် ။ မနက်ပိုင်းဆို သူပါ ဝိုင်း ရောင်းပေးတယ် ။ သူလည်း ဈေးရောင်း ဝါသနာပါရှာတယ် ။
ကျုပ်တို့ ရောင်းလို့ ၁ဝ နာရီ ၊ ၁၁ နာရီဆို လူလည်း ရှင်းပြီ ။ ခူးထားတဲ့ အသီးအနှံတွေလည်း ကုန်ပြီ ။ အရှက်မရှိ ဒီလိုအချိန် ရောက်လာတာက ဒေါ်ပုမ ။ မျက်နှာချို သွေးပြီး ရောက်ရောက်လာ စမြဲ ။ လေသံကလည်း ချွဲနွဲ့နွဲ့နဲ့ ။
“ မောင်မြင့်ဦးရေ ၊ ဒေါ်ဒေါ်တို့ကို ဘူးသီးတစ်လုံးလောက် ကျွေးပါလားကွယ် ”
ကျုပ်ဖြင့် ပြတ်ပြတ်သားသားကို ပြောပစ်လိုက်ချင်တာ ။ ကျုပ်မိန်းမက တားထားလို့ ။ ပြီးတော့ ကျုပ် မိန်းမက အရမ်းလည်း အားနာတတ်တယ် ။ ဒေါ်ပုမ လိုချင်တာကို တစ်ချက် မငြိုငြင်ဘဲ ပေးတယ် ။ ကျုပ်ကတော့ ဒေါသဖြစ်ပြီး စိုက်ခင်းထဲ သွားတယ် ။ ရေစက်များ ဘယ်လောက် ကြောက်ဖို့ ကောင်းတယ်မှတ်လဲ ။ ဒီမိန်းမကြီးက ကျုပ်ရှိတဲ့ စိုက်ခင်းထဲ ရောက်လာပြီး နံနံပင် နည်းနည်း ၊ ငရုတ်သီး နည်းနည်း က ယူသွားသေး ။ တော်တော် ခံပြင်းစရာ ကောင်းလှတယ် ။
သူ လိုချင်တာ ပေးနေ သရွေ့ ဒေါ်ပုမ ပြုံးနေဦးမှာပဲ ။ သူ စိတ်မလိုတော့တဲ့နေ့ ပတ်ဝန်းကျင်ကို ပတ်ဆဲနေမှာလည်း အသေအချာပါပဲ ။ ဒေါ်မြလေး ပြောသလို ပြောကို မပြောချင်ဘူး ဆိုပြီး ထပ် ပြောရဦးမယ် ။ တစ်နေ့ ကျုပ် စုဆောင်းရငွေနဲ့ ဝက်ငါး ကောင် ဝယ်မွေးတယ် ။ ဝက်ပေါက်တစ်ကောင် ခြောက် သောင်း ၊ ငါးသောင်း ဆိုတော့ သုံးသိန်း ။ ကျုပ် ဒီငွေ သုံး သိန်းကို ရင်းရဲတယ် ။ နောက် ၉ လဆို ကျုပ် ဝယ်ထားတဲ့ ဝက်တွေက ကျုပ်ကို သုံးသိန်းထက် မက ပြန်ပေးမှာ လေ ။
ကျုပ် အနေနဲ့ ဝက်စာ နိုင်နိုင်ကျွေးနိုင်ဖို့ပဲ ။ ပြီးတော့ ကျုပ်မိန်းမကို ရွှေဆွဲကြိုးတစ်ကုံး ၊ လက်ကောက်တစ်ကွင်း ၊ လက်စွပ်တစ်ကွင်း ဆင်မြန်း ထားသေးတယ် ။
ကျုပ်တို့ မိသားစု အခုလို အဆင်ပြေလာလေ ဒေါ်ပုမ ရဲ့ မုန်းတီးမှုတွေက ပိုများလာ လေပဲ ။ ကျုပ်ကလည်း အခု နောက်ပိုင်း ဘာဆို ဘာမှကို ဂရုမစိုက်တော့တာ ။ ကျုပ် မိန်းမကတော့ ဒေါ်ပုမ အမျက်ထွက်လို့ ဒီခြံဝန်းထဲ က မောင်းထုတ်မှာ ကိုတော့ ကြောက်နေဟန် တူတယ် ။ ကျုပ် မသိအောင် ခြံထွက် အသီးအနှံ အိမ်အထိ သွား ပေးတဲ့အပြင် ဒေါ်ပုမ ကြိုက် တဲ့ ကော်ဖီမစ် ၊ နို့ဆီ စတာတွေကိုလည်း ဝယ်ဝယ်ပို့နေ တာ ။ ကျုပ်လည်း မသိချင် ယောင် ဆောင်ရတာပေါ့ ။
တကယ်လို့ ဒေါ်ပုမက မြေကွက်ပိုင်ရှင်တွေ သွားပြီး ချွန်တွန်း လုပ်လို့ကတော့ အဟက် ... ကျုပ် ရည်ရွယ်ချက်တွေက ပျက်ကုန်တော့မှာပဲ ။ မိန်းမကတော့ ကျုပ်ကို နားလည် သဘောပေါက် အောင် ပြောတယ် ။
“ ကျွန်မတို့ ခြံထွက် အသီးအနှံပေးတာ ၊ ကော်ဖီမစ် ၊ နို့ဆီပေးတာ ဘာမှ မပျက်စီးပါဘူး ။ အသက်ကြီးတဲ့ သူကို ကျွေးရပေးရလို့ ကုသိုလ်တောင် ရသေးတယ် ” တဲ့ ။
ကျုပ်မိန်းမ ပြောတာကို ကျုပ်လက်ခံပါတယ် ။ ကျုပ် ကိုယ်တိုင်ကလည်း လက်မတွန့်တတ်ပါဘူး ။ ကျွေးချင် ၊ ပေးချင်လိုက်တာမှ ပြောမနေနဲ့ ။ ကျုပ်တို့ဆီ လာဝယ်တဲ့ သူတွေ ကိုတောင် ကျုပ်က ပိုတောင် ပေးနေရသေးတယ် ။
ဒါပေမဲ့ ဒေါ်ပုမ လုပ်ရပ်က ဗိုလ်ကျ အနိုင်ကျင့်ရာ မကျဘူးလား ။ ကျုပ်တို့က ဒီနေရာကို ဒေါ်ပုမတို့ ထက် ကြိုရောက်နေတာပါ ။ သူတို့က နောက်မှ ရောက်လာပြီး မြေကွက်ပိုင်ရှင် သိတယ် ။ မြေကွက်ပိုင်ရှင်က ဒေါ်ပုမ ကို အပ်ထားတာ ။ အစကတော့ ကျုပ်တို့လည်း ဒေါ်ပုမ ကို ကြောက်ရတာပေါ့ ။ အခု တော့ ပိုင်ရှင်ကိုယ်တိုင် လာ ရင်တောင် မကြောက်တော့ဘူး ။ အခုလို သတ္တိရှိရှိ ပြော နိုင်တာကလည်း လူပျိုကြီး ကိုအောင်မြတ်ရဲ့ အားပေးစကားတွေကြောင့်ပေါ့ဗျာ ။
ဒေါ်ပုမ အကြောင်း ခဏထားပါဦး ။ ကျုပ် အခု စိုက်ခင်းတွေ ရှိတယ် ၊ ဝက်တွေ မွေးထားတယ် ။ နောက်ထပ် ကျုပ်လုပ်ချင်တဲ့ ကိစ္စက တစ်ခုရှိသေးတယ် ။ ဘက်ထရီအိုး အငှားဆိုင် ။ ကျုပ်တို့ ရပ်ကွက်မှာက မီးမရှိတဲ့ အိမ်က ခပ်များများ ။ ဒီတော့ လူပျိုကြီး ကိုအောင်မြတ်နဲ့ ပူးပေါင်းတိုင်ပင်ပြီး ဘက်ထရီ အငှားဆိုင် ဖွင့်တယ် ။ မီးကတော့ ထုံးစံအတိုင်း လူပျိုကြီး ကိုအောင်မြတ် ဆီကပဲ အကူအညီ တောင်းရတာပေါ့ ။
ကျုပ် အခုအချိန်မှာ ဘာလုပ်လုပ် အဆင်ပြေနေတယ် ။ ငွေတွေလည်း ပိုမို စုဆောင်းလာနိုင်တာပေါ့ ။ ဒီတစ်မိုး ပြီးရင်တော့ သားတွေကို ရှင်ပြုနိုင်ပြီး အလှူကြီး ပေးနိုင်ပြီလို့ ကျုပ် အားခဲထားတယ် ။ ကျုပ်တို့ မိသားစုက စိတ်ကူး ကိုယ်စီနဲ့ပေါ့ ။ စိတ်ကူးရှိရင် ဖျက်ဆီးမယ့်သူ ကလည်း ရှိလာစမြဲပါ ။
ကျုပ် ဒေါ်ပုမ အကြောင်း ဆက်ပြောမယ် ။ တစ်နေ့ ဒေါ်ပုမ အိမ်ရှေ့ကို ကား အကောင်းစား အဖြူရောင် ကားတစ်စီး ရောက်လာတာပဲ ။ ကျုပ်တို့ လင်မယားတွေ ဒေါ်ပုမအိမ်ရှေ့ ကားရပ်တာ ကို ကြည့်ပြီး ထိတ်လန့်သွား မိပြန်တယ် ။ ဒေါ်ပုမက ခြံကွက်ပိုင်ရှင်တွေ ခေါ်ပြီး ဖယ်ခိုင်းတော့ မလို့လား စတဲ့ အတွေးပေါင်းစုံနဲ့ ပြည့်နှက်နေတယ် ။
ကားအဖြူရောင် လာတဲ့ နေ့ကစပြီး ဒေါ်ပုမ ကလည်း နဂိုထက် မာန်တွေ တင်းလာတယ် ၊ ခက်ထန်လာတယ် ။ ဘာပဲဖြစ်ဖြစ် ဖြစ်လာသမျှ ပြဿနာကို ဖြေရှင်းဖို့သာ ကျုပ် သတ္တိမွေးလိုက်ရတော့ တာပဲ ။
“ မောင်မြင့်ဦး ၊ မနေ့က ခြံပိုင်ရှင်တွေ လာတာ မြင်တယ်နော် ။ သူတို့က မကြာခင် ဒီမြေကွက်မှာ လိုင်းတွဲခန်းတွေ ဆောက်တော့မယ် ။ မင်းတို့ ဖယ်ပေးဖို့သာ ပြင်ပေတော့ ။ မင်းတို့လည်း ဒီ မြေကွက်က လုပ်ကျွေးထားတာ မနည်းပါဘူး ။ ဒီလကုန်လောက် အကောင်အထည် ဖော်မယ်လို့ ဒေါ်ဒေါ့်ကို ပြောသွားတယ် ။ မင်းတို့လည်း ပြင်ဆင်စရာ ရှိတာ ပြင်ဆင်တော့ ”
ဒေါ်ပုမ ပြောသွားတဲ့ အချိန်ကစပြီး ကျုပ်တို့ လင်မယား မစားနိုင် မသောက်နိုင် ၊ ခြံအလုပ် ၊ အခြားအလုပ် ဘာမှကို လုပ်ချင်စိတ်က မရှိ ။ ရည်ရွယ်ချက် ပျက်တော့မယ် ဆိုတဲ့ စိတ်ကူးက ကျုပ် ရင်ဝ ကို လာလာဆောင့်နေတယ် ။ ကျုပ် ဘယ်လို လုပ်ရမလဲ ။ မတတ်နိုင်ဘူး ။ ဒီတစ်ခါ ခြံ ပိုင်ရှင်တွေ လာရင် ပြောရမှာပဲ ။
နောက်နေ့တွေမှာ ခြံပိုင်ရှင်တွေ ထပ်ရောက်လာတယ် ။ သူတို့ ကားရပ်တဲ့ နေရာနဲ့ ကျုပ် အပင်စိုက်နေတဲ့ နေရာက သိပ်မဝေး ။ သူဌေးတွေက ကားပေါ်က ဆင်းလာကြတယ် ။ ခြံပိုင်ရှင်က အိမ်ရှေ့လမ်းမပေါ် ထွက်လာတဲ့ ဒေါ်ပုမ ကို ပြောတယ် ။
“ ဒေါ်ပုမ ဘယ်လိုလဲ ၊ ဘယ်နေ့ ဖယ်ပေးမှာလဲ ။ ဒီလကုန်မှ မဖယ်ပေးရင် ကျုပ်တို့ သက်ဆိုင်ရာ ကနေ စကားပြောရလိမ့်မယ် ”
ကျုပ် နားစွန်နားဖျား ကြားပြီး ကျောချမ်း သွားတယ် ။ ခြံပိုင်ရှင်တွေက မဖယ်ပေးရင် တရားစွဲတာ ခံရဦးမယ် ။ ဒေါ်ပုမ ကတော့ ကျုပ်တို့ကို ကြည့်ပြီး မျက်စောင်းတခဲခဲနဲ့ ။ အခုချိန်မှာ ဒေါ်ပုမ ကို အသီးအနှံ ၊ ကော်ဖီမစ် ၊ နို့ဆီတွေနဲ့ ကျေနပ်အောင် လုပ်လို့ မရနိုင်တော့ဘူး ။ အခုမှ တော်တော်ကို ခက်ပြီ ။
ပိုဆိုးတာက ကားအဖြူကြီး ရောက်လာတဲ့ နေ့တိုင်း ဒေါ်ပုမက ကျုပ်တို့ကို အမြဲတမ်း နှင်ထုတ်တယ် ။ ဒီခြံက ဖယ်ပေးဖို့ ကိုလည်း အမျိုးမျိုး လာပြောတယ် ။ ကျုပ်ဖြင့် ဒေါ်ပုမကို တောင်းပန်ပြောဆို လိုက်ရတာ ။ ခြံပိုင်ရှင်တွေကို တွေ့ပြီး တောင်းပန်မယ် ဆိုတော့လည်း ဒေါ်ပုမ က ခွင့်မပြုဘူး ။
ကျုပ် ဒီခြံက ဘယ်ထွက်သွားလို့ ဖြစ်မလဲ ။ စဉ်းစားကြည့် ။ ကျုပ် စိုက်ထားတဲ့ ခြံထွက်သီးနှံတွေက အများကြီး ။ ကျုပ်ဖြင့် မဖျက်ဆီး ရက်ပါဘူးဗျာ ။ အခုချိန် တိုင်ပင်ဖို့ ကလည်း လူပျိုကြီး ကိုအောင်မြတ် ကလည်း မရှိ ။ ရှေ့ဆက် ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့တာ ။ စိတ်ညစ်လို့ ကြံရာမရ ဖြစ်နေတဲ့ ကြားက ဒေါ်ပုမ က ကောင်းပေ့ဆိုတဲ့ အသီးအနှံ အရွက်တွေကို အားရပါးရ ခူးတော့တာပဲ ။ နောက်ပြီး သူက ပြောသွားသေးတယ် ။
“ နင်တို့ အပင်တွေက ဒီလကုန်ရင် ဘာမှ အသုံးဝင်မှာ မဟုတ်တော့ဘူး ။ နင်တို့လည်း မြန်မြန် ခူးရောင်း ။ ငါ ကတော့ မပျက်စီးခင် ဝ, အောင် ချက်စားမယ်ဟေ့ ...”
ကျုပ်လည်း မပြောသာတော့ လုပ်ချင်တာ လုပ်ပါစေလို့ပဲ သဘောထားလိုက်တော့တယ် ။ အခု ကျုပ်ခေါင်းထဲ ရောက်လာတာက ဒီနေရာက ဖယ်ပြီး ဘယ်မှာ သွားနေရမလဲ ။ ဘယ်မှာ သွားရောက် လုပ်ကိုင်စားရမလဲ ။ ရည်ရွယ်ချက်တွေလည်း ပျက် ။
ကျုပ်မှာ နေ့ရှိသရွေ့ စဉ်းစားနေရတယ် ။ လကုန်ဖို့ ကလည်း တစ်ရက်ပဲ ကျန်တော့တယ် ။ ကျုပ်တို့ မိသားစု ထိုင်မှိုင် တွေးငေးနေချိန် အိမ်ရှေ့က လူပျိုကြီး ကိုအောင်မြတ် ပြန်လာတာကို တွေ့ရတော့ ဝမ်းသာအားရ ကျုပ်တို့ မိသားစုတွေ သူ့အိမ်ကို အပြေး သွားခဲ့တယ် ။
“ ဟ ... မြင့်ဦး ၊ မင်းတို့ မိသားစု ရေးကြီးသုတ်ပျာနဲ့ ဘာဖြစ်လာကြတာလဲ ။ မျက်နှာတွေလည်း မကောင်း ”
“ ငါတို့ကို ကယ်ပါဦးကွာ ။ မင်းမရှိတော့ ခြံပိုင်ရှင်တွေ လာသွားတယ် ။ ဒီလကုန် ခြံထဲက ဖယ်ပေးရမယ်တဲ့ ။ မနက်ဖြန် လကုန်ပြီ ။ ငါတို့ ဖယ်ပေးရတော့မယ် ။ ကယ်ပါဦးကွာ ၊ ငါတို့တော့ ဒုက္ခ ရောက်ပါပြီ ”
“ နေစမ်းပါဦး ၊ ခြံပိုင်ရှင်တွေကရော ဟုတ်ရဲ့လား ။ ခြံပိုင်ရှင်ကိုယ်တိုင်က ပြောတာလား ဖယ်ပေးဖို့ ”
လူပျိုကြီး ကိုအောင်မြတ် ပြောတော့ ကျုပ် တွေဝေသွားတယ် ။ ကျုပ်ကိုတော့ ခြံရှင်တွေ ကိုယ်တိုင် လာမှ မပြောတာ ။ လာရင်လည်း အကျိုးအကြောင်းပြော တောင်းပန်ရမှာပဲလေ ။
“ ဒေါ်ပုမ အိမ်ရှေ့မှာ ခြံပိုင်ရှင်ကားက ရပ်ပြီး ပြောတာ ။ ဒေါ်ပုမ အပ်ထားတော့ ဒေါ်ပုမ ပဲ ပြောတာနေမှာပေါ့ ”
“ ကဲ .. ဒါဆိုလည်း စိတ်အေးအေးထား ။ မနက်ဖြန် စောင့်ကြည့် ။ ဘာမှ မဖြစ်ဘူး ။ မင်းတို့ မဖယ်ပေးရဘူး ဆိုတာ ကျုပ် အာမခံတယ် ”
ကျုပ်တို့ကို စိတ်မပူဖို့ ပြောပေမဲ့ စိတ်က ပူမိတယ် ။ လက်ရှိ နေရတာက သူများခြံလေ ။ ကျုပ်တို့က ဘာတတ်နိုင်လို့လဲ ။ ဘာပဲဖြစ်ဖြစ် ကိုအောင်မြတ် ပြောသလို မနက်ဖြန်တော့ စောင့်ကြည့်နေရမှာပဲ ။
ဟော ... နောက်နေ့ မနက်ကျတော့ ဒေါ်ပုမတို့ အိမ်က ပစ္စည်းတွေ အကုန် ကားပေါ် တင်နေကြတယ် ။ ပြီးတော့ ပစ္စည်းတွေ အားလုံး သိမ်းပြီး ဒေါ်ပုမတို့ ကားကြီးနဲ့ ထွက်သွားတယ် ။ ကျုပ် ကြည့်ပြီး နားမလည် ။ နောက်ပြီး ကားအဖြူ တစ်စီး ရောက်လာတယ် ။ ကျုပ် ထင်တဲ့ ခြံပိုင်ရှင်တွေက ဒေါ်ပုမအိမ် တက်သွားတယ် ။ ပြီးတော့ အိမ်ကို သော့ခတ်ပြီး ပြန်ထွက်လာတယ် ။
လူပျိုကြီး ကိုအောင်မြတ်ကလည်း ခြံပိုင်ရှင်တွေနဲ့ ပြောပြီး ကျုပ်တို့ဆီ လာတယ် ။ ကျုပ်ရော ကျုပ်မိန်းမပါ ရင် တမမနဲ့ ။
“ ကိုအောင်မြတ် ၊ ဘာတဲ့လဲ ”
“ ဘာတဲ့ ရမလဲဗျာ ၊ သူတို့ လာမောင်းထုတ်တာ ခင်ဗျားတို့ကို မဟုတ်ဘူး ၊ ဒေါ်ပုမတို့ကို ”
ဟောဗျာ ၊ ကျုပ်ဖြင့် ဖယ်ရမယ် ထင်ပြီး ကြောက်လိုက်ရတာ ။ ဒေါ်ပုမကို ဖားလိုက်ရတာ ။ အခုတော့ ဒေါ်ပုမက သူများအိမ် နေတယ် ။ ကျုပ်တို့ ခြံထွက်တွေလည်း ကောင်းကောင်း စားသွားတယ် ။ တော်တော်ဗိုလ်ကျ အနိုင်ကျင့်တာပဲ ။
“ ဟူး ... ဘာပဲဖြစ်ဖြစ် ကျုပ်တော့ စိတ်အေးရပြီ ကိုအောင်မြတ် ၊ ခြံပိုင်ရှင်တွေ မဟုတ်တော့ ကျုပ်ရည်ရွယ်ချက်တွေ အကောင်အထည် ဖော်လို့ရပြီ ”
“ ဖော်စေဗျာ ၊ ဖော်စေ ။ ဒါပေမဲ့ ကျုပ်လည်း သတိ တစ်ခု ပေးမယ်နော် ။ နောက် ၃ နှစ်အတွင်း မြေကွက်ဝယ် နိုင်အောင် ကြိုးစား ၊ ဒီခြံပိုင်ရှင်က ကျုပ် ဗျာ ”
ဟောဗျာ ။ ကိုအောင်မြတ်က ပြောပြီး ထွက်သွားတယ် ။ ကျုပ်ရော ကျုပ်မိန်းမပါ ပါးစပ် အဟောင်းသားနဲ့ ကျန်ခဲ့ရတယ် ။ စိတ်ထဲမှာတော့ ကိုအောင်မြတ်ကို ကျေးဇူးတင်ပြီးရင်း တင်နေရတော့တာပေါ့ဗျာ ။
⎕ အေဘုန်းခေတ်
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၂၁၁၈

No comments:
Post a Comment