❝ ဆရာတစ်ယောက် ၏ နောက်ဆုံးနေ့ ❞
( အဏ္ဏဝါစိုးမိုး )
ကိုအဏ္ဏဝါ၏ အိမ်က တယ်လီဖုန်း မြည်လာသည် ။ မမျှော်လင့်သူ ထံမှ မမျှော်လင့်သော သတင်းစကားကို ကြားရသည် ။ ကိုအဏ္ဏဝါ နှင့်အတူ အစိုးရဌာနကြီး တစ်ခုတွင် အတူတကွ အမှုထမ်းခဲ့ဖူးသော သူငယ်ချင်းထံမှ ကြား ရသော သတင်း ဖြစ်သည် ။ အစိုးရဌာနကြီးမှ အငြိမ်းစား ယူကြပြီး ကတည်းက ကွဲကွာ နေကြတာ နှစ်ပေါင်း နှစ်ဆယ်မျှ ကြာအောင် လူချင်း မတွေ့ ခဲ့ရသူ ဖြစ်၍ မမျှော်လင့်သူ ဖြစ်သည် ။ တယ်လီဖုန်း ခေါ်ပြီး သူ ပေးသည့် သတင်းကို ပိုပြီး မမျှော်လင့်ခဲ့၍ အံ့သြ သွားပါသည် ။
“ စိုးကြီး ၊ ငါ လှရှိန် ပါကွ ၊ မင်း တယ်လီဖုန်းနံပါတ်ကို ဆရာကြီးမြင့်ဆွေ ဆီက ရလို့ ဆက်တာ ။ ဆရာဦးညို ဆုံးသွားပြီ ၊ မနက်ဖြန် နေ့လယ် ရေဝေးသုဿန်မှာ သင်္ဂြိုဟ်မယ် ”
တယ်လီဖုန်း သတင်းက အမင်္ဂလာသတင်း ဖြစ်သည် ။ တယ်လီဖုန်း ဆက်သည့် ကိုလှရှိန် သည် အစိုးရအမှုထမ်း ဘဝ ကတည်းက လုပ်ဖော်ကိုင်ဖက် ဆရာ သမားတွေနှင့် အပေါင်းအသင်းတို့၏ သာရေး ၊ နာရေး စသည့် လူမှုရေးလုပ်ငန်းတွေကို ကိုယ့်စရိတ် နှင့် ကိုယ် ဆောင်ရွက်နေသူ ဖြစ်သည် ။ ဝန်ထမ်းဘဝမှ အငြိမ်းစား ယူပြီးတော့လည်း ဘဝတူ အငြိမ်းစား ဆရာသမားတွေနှင့် လုပ်ဖော်ကိုင်ဖက်တွေ၏ သာရေး ၊ နာရေးတွေကို လိုက်လံ ကူညီဆောင်ရွက်နေသူဖြစ်သည် ။
ဆုံးသွားပြီ ဆိုသည့် ဆရာဦးညို သည် ကိုအဏ္ဏဝါ ၏ ဆရာသမား များစွာ အနက်က ကိုအဏ္ဏဝါ ကို အလွန် ချစ်ခင်သော ဆရာ ဖြစ်သည် ။ ဆရာဦးညို ၏ လက်အောက်မှာ ကိုအဏ္ဏဝါ အမှုထမ်းခဲ့ရသည် ။ ဆရာသမား ပီသသော ၊ နာယက ဂုဏ် နှင့် ပြည့်စုံသော ဆရာဦးညို ၏ အရည်အချင်းတွေကို ကိုအဏ္ဏဝါ မြင်တွေ့ သိရှိခဲ့ရသည် ။ အထက်က ပေးအပ်ထားသည့် အမိန့် နှင့် တာဝန်ကို ဆံချည်တစ်မျှင် မျှတောင် အလွဲအချော် အတိမ်းအစောင်း မဖြစ်ရအောင် ဂရုစိုက်သူ ဖြစ်သည် ။ မခိုမကပ် အလုပ် လုပ်သည် ။ လက်အောက် ငယ်သားတွေကို ညှာတာသည် ။ မေတ္တာ ကရုဏာ ထားသည် ။ မိမိ အလုပ် လုပ်သည့် ဌာနကြီး နှင့် တိုင်းပြည် အပေါ် မှာ သစ္စာ စောင့်သည် ။ ဌာနကြီးမှ ချမှတ်ထားသည့် စည်းကမ်းတွေကို အသက်နှင့် ထပ်တူ ကာကွယ် စောင့်ရှောက်သည် ။
ဆရာဦးညို သည် ခေတ်ပညာ ဘယ်နှတန်း အောင်သည်ကို မသိရသော်လည်း ရှေးခေတ်က စိန်ပေါလ်ကျောင်းထွက် ဟု သိရသည် ။ သူ့ အထက်က အရာရှိတွေ နိုင်ငံခြားနှင့် ဆက်သွယ်ရမည့် ကိစ္စတွေ အတွက် စာတွေကို ဆရာဦးညို က ရေးပေးသည် ။ နိုင်ငံခြား က ပြန်လာသည့် စာတွေကို ဘာသာပြန်ပေးရသည် ။ ဌာနကြီးအတွက် ဝယ်သည့် အင်္ဂလိပ်စာအုပ်တွေကို စိတ်ပါလက်ပါ ဖတ်နေတာ မြင်ဖူးသည် ။ ရန်ကုန်မြို့ ထဲက ရုပ်ရှင်ရုံတွေမှာ အင်္ဂလိပ်ကား အသစ် လဲတိုင်း ကိုအဏ္ဏဝါ နှင့် အတူကြည့်ခဲ့သည် ။ ကိုအဏ္ဏဝါ သည် ရုပ်ရှင်ထဲက ပြောသည့် စကားတွေကို တစ်လုံးမှ နားမလည်လို့ ဆရာဦးညို က ဘာသာပြန် ပြောပြခဲ့ရသည် ။ လကုန်ရက်တွေမှာ ကိုအဏ္ဏဝါ ပိုက်ဆံ ပြတ်ပြီ ဆိုလျှင် ဆရာဦးညို က ထုတ်ပေးရသည် ။ ကိုအဏ္ဏဝါ ကလည်း လစဉ် ပိုက်ဆံ ပြတ်သည် ။ အဲဒီတော့ ဆရာဦးညို က လစဉ် ထုတ်ပေးရသည် ။
၁၉၇၅ ခုနှစ် မှာ ကိုအဏ္ဏဝါ အလုပ်က ထွက်တော့မယ် ဆိုတော့ ဆရာဦးညို က ( မင်း စဉ်းစားဦးနော် ) ဟု သတိပေး စကား ပြောသည် ။ ကိုအဏ္ဏဝါ က တစ်ရွာ မပြောင်း သူကောင်း မဖြစ်ဘူး ဆရာရယ်လို့ ပြောတော့ ဆရာဦးညို က ( သေချင်တဲ့ ကျား တောပြောင်း ဆိုသလို ဖြစ်မှာစိုးလို့ပါကွာ ) ဟု ပြောခဲ့သည် ။ ကိုအဏ္ဏဝါ အလုပ်က ထွက်လာတော့ ဆရာဦးညို အလုပ်ထဲမှာ ကျန်နေခဲ့သည် ။ ကိုအဏ္ဏဝါ သင်္ဘော လိုက်သွားပြီး နှစ် အတန်ကြာမှ ဆရာဦးညို အသက် ခြောက်ဆယ် ပြည့်လို့ အငြိမ်းစား ယူသည် ။
၁၉၈၅ ခုနှစ် လောက်မှာ ကိုအဏ္ဏဝါ နှင့် ဆရာဦးညို တို့ ပင်စင်ရုံးမှာ တွေ့ကြသည် ။ သင်္ဘောသား ဖြစ်နေသည့် ကိုအဏ္ဏဝါ က သူ့ဆရာကို ကျွေးမွေး ပြုစုလိုက်သည့် အပြင် ဆီဖိုး ၊ ဆန်ဖိုးလေး ကန်တော့ လိုက်သေးသည် ။ ဆရာဦးညို က ကိုအဏ္ဏဝါ ကို ပခုံးပုတ်ပြီး ( မင်း လုပ်သွားတာ မှန်တယ်ကွ ) လို့ ချီးကျူးသည် ။ အသက် ခြောက်ဆယ်ပြည့်မှ အလုပ်က ထွက်လျှင် ငါ့လိုပဲ ဒုက္ခ ရောက်မယ်လို့ ပြောသည် ။
၁၉၉၅ ခုနှစ် လောက်မှာ ဆရာကြီးမြင့်ဆွေ ဆီက သတင်းရသည် ။ ဆရာဦးညို သည် အလွန် ဆင်းရဲဒုက္ခ ရောက်နေပြီး သူများ ခြံထဲက အိမ်နောက်ဖေးမှာ တဲကလေး ထိုး နေရသည် ဆိုသည့် သတင်း ဖြစ်သည် ။ ကိုအဏ္ဏဝါ စိတ်မကောင်း ဖြစ်သွားပါသည် ။
“ ဆရာ နဲ့ တွေ့ဦးမလား ဆရာ ”
“ လကုန်ရက်တိုင်း ပင်စင်ရုံးမှာ သူ နဲ့ ငါ တွေ့ နေရတာပေါ့ကွ ”
“ ကျွန်တော့် လိပ်စာနဲ့ တယ်လီဖုန်းနံပါတ် ပေးလိုက်ပါ ဆရာ ၊ ကျွန်တော့်ကို ဆက်သွယ်ဖို့ ပြောပေးပါ ၊ ကျွန်တော် တွေ့ချင်ပါတယ် ”
ဆရာကြီးမြင့်ဆွေ နဲ့ စကား ပြောပြီး တစ်ပတ်လောက် အကြာမှာ ကိုအဏ္ဏဝါ ၏ အိမ်ရှေ့ ကို အဘိုးကြီး တစ်ယောက် ရောက်လာသည် ။ ရခိုင်လုံချည် နှင့် တိုက်ပုံအင်္ကျီ ကို သပ်ရပ်စွာ ဝတ်ထားသည် ။ ဆံပင်တွေက တစ်ခေါင်းလုံး ဖွေးဖွေးဖြူနေသည် ။ သူ့ လက်ထဲက စာရွက်ပိုင်းလေးကို ကြည့်လိုက် ၊ ကိုအဏ္ဏဝါ ၏ အိမ်နံပါတ်ကို ကြည့်လိုက် လုပ်နေသည် ။ ဒီ အဘိုးကြီးကို သေသေချာချာ ကြည့်လိုက်တော့မှ ဆရာဦးညို ပါလားဆိုတာကို ကိုအဏ္ဏဝါ မှတ်မိ သွားတော့သည် ။ အိမ်ထဲက ပြေးထွက်ပြီး ကြိုဆိုလိုက်ရသည် ။
ကိုအဏ္ဏဝါ ရဲ့ ဧည့်ခန်း ထဲမှာ ထိုင်နေသည့် ဆရာဦးညို သည် သူ့ တပည့် ကိုအဏ္ဏဝါ ၏ တိုးတက်ပြောင်းလဲ နေသော ဘဝ နှင့် အခြေအနေတွေကို ကြည့်ပြီး ဝမ်းသာပီတိ ဖြစ်နေပုံ ရသော်လည်း ဆုတ်ယုတ် ကျဆင်း သွားခဲ့ပြီ ဖြစ်သည့် သူ့ဘဝ နှင့် သူ့ အခြေအနေကို သတိရပြီး စိတ်ဓာတ် ကျသွားဟန် တူသည် ။ ကိုအဏ္ဏဝါ ၏ အိမ်မှာ ကြာကြာ နေချင်ပုံ မရတော့ဘဲ ဖင်တကြွကြွ ဖြစ်လာသည် ။ ကိုအဏ္ဏဝါ တိုက်ကျွေးသည့် ကော်ဖီ နှင့် မုန့် ကို အရသာ ခံပြီး မစားဘဲ မြန်မြန်ကုန်လျှင် မြန်မြန်ပြန်ရမည် ဆိုသည့် ပုံစံဖြင့် မြန်မြန် ကုန်အောင် စားပစ်လိုက်သည် ။ အလိုက်သိသည့် ကိုအဏ္ဏဝါ က ရှေးဟောင်းနှောင်းဖြစ်တွေ ကြာကြာ ပြောမနေတော့ဘဲ ပိုက်ဆံ ငါးထောင်ကို စာအိတ်ထဲ ထည့်ပြီး သူ့ဇနီး မဖြူတုတ် နှင့်အတူ ဆရာဦးညို ကို ရိုရိုသေသေ ပေးသည် ။ လင်မယား နှစ်ယောက် လက်အုပ်ချီ ကန်တော့ကြသည် ။ ဆရာဦးညို ဝမ်းသာမျက်ရည် စို့စို့ဖြင့် ဆုပေးပါသည် ။ ကန်တော့ကြေး ရသည့် ပိုက်ဆံလေးကို တိုက်ပုံအင်္ကျီ အတွင်း အိတ်မှာ ထည့်ပြီး ဆရာဦးညို ပြန် သွားခဲ့ပါသည် ။
အဲဒီ အချိန်က စပြီး ဆရာဦးညို နှင့် ကိုအဏ္ဏဝါ တို့ မတွေ့ကြတာ ယခု ကွယ်လွန်ပြီ လို့ တယ်လီဖုန်း သတင်း ရသည့် အချိန် အထိ ဖြစ်တော့သည် ။ မနက်ဖြန် နေ့လယ်မှာ ရေဝေးသုဿန်မှာ သင်္ဂြိုဟ်မည် ဆို၍ ဆရာဦးညို နှင့်အတူ အမှုထမ်း ခဲ့ကြဖူးသည့် အပေါင်းအသင်းတွေဆီ ကို ဖုန်းဆက်ပြီး အကြောင်းကြား လိုက်သည် ။ ဆရာဦးညို ၏ ကျန်ရစ်သူ မိသားစုတွေနှင့် မရင်းနှီးသည့် အပြင် ဘယ်မှာ နေကြမှန်းပင် မသိ၍ နက်ဖြန်ကျမှ သုဿန်ကိုပဲ သွားတော့မည်ဟု ဆုံးဖြတ်လိုက်သည် ။
အသုဘ ချမည့် နေ့တွင် ကိုအဏ္ဏဝါနှင့် အတူ အငြိမ်းစား အရာရှိ တစ်ယောက်ပါ လိုက်ပါပြီး သုဿန်ကို အတူ သွားကြသည် ။ ထို အရာရှိ ကိုလည်း ကိုအဏ္ဏဝါ တယ်လီဖုန်း ဆက်ပြီး ပြောလိုက်၍ အသုဘပို့ လိုက်လာခြင်း ဖြစ်သည် ။ ကိုအဏ္ဏဝါ နှင့် အငြိမ်းစား အရာရှိတို့ ရေဝေးသုသာန်ကို ရောက်သွားသောအခါ နေ့လယ် ၂ နာရီသာ ရှိသေးသည် ။ ၃ နာရီ မှ သင်္ဂြိုဟ်မည် ဖြစ်၍ အသုဘရှုချိန် တစ်နာရီ လောက် အချိန်ရသည် ။ ဆရာဦးညို ၏ အလောင်းကို လိုက်ရှာရာ ရေဝေးသုသာန်၏ လက်ဝဲဘက် အစွန်ဆုံးက တန်ဖိုးနည်းအခန်းမှာ အလောင်း ပြင်ထားတာ တွေ့ရသည် ။ ဆရာဦးညို ၏ မိသားစုဝင် ဆယ်ယောက်ခန့် နှင့် ကိုအဏ္ဏဝါ တို့လို လုပ်ဖော်ကိုင်ဖက် ဆယ်ယောက်ခန့် ရောက်လာ၍ စုစုပေါင်း အသုဘ ပို့သူ လူနှစ်ဆယ် လောက် ရှိသည် ။
ကိုအဏ္ဏဝါ သည် သူ့ဆရာ၏ အလောင်းကို ဦးချ ကန်တော့သည် ။ လက်အုပ် ချီပြီး ဆရာ့ အလောင်းကို ဦးခေါင်း မှ ခြေဖျား အထိ သေသေချာချာ ကြည့်သည် ။ သေနေသူသည် ဆရာဦးညို ပါလို့ ပြောလို့သာ ယုံရတော့သည် ။ ဘယ်လိုမှ မမှတ်မိနိုင် လောက်အောင် ပိန်ချုံးနေသည် ။ ဆံပင်တွေ ဖွေးဖွေးဖြူပြီး မျက်တွင်း ဟောက်ပက် ဖြစ်နေသည် ။ တစ်ကိုယ်လုံး ပိန်ချုံးနေသော်လည်း ခြေသလုံး က စပြီး အောက်ပိုင်းတွေ ဖောရောင်နေသည် ။ မကွယ်လွန်မီက အာဟာရချို့တဲ့ခဲ့သည့် သဘောလက္ခဏာ ဖြစ်သည် ။ လုံလောက်သည့် အစားအစာကို ဝဝလင်လင် မစားခဲ့ရသည့် သဘောဖြစ်သည် ။ ကွယ်လွန်ချိန်မှာ အသက် ၇၅ နှစ် မျှသာ ရှိသေး၍ လိုအပ်သည့် ဆေးဝါး ကုသမှု မခံယူခဲ့ရသည့် အခြေအနေ ဖြစ်မည် ။
ဆရာဦးညို နောက်ဆုံး ရရှိခံစား သွားရသည့် အဆောင်အယောင် အခမ်း အနား ကလည်း နွမ်းပါး နိမ့်ကျလွန်းသည် ။ ဘီးလေးလုံးတပ် လက်တွန်းစင် ပေါ် မှာ ရိုးရိုးပဲ ပြင်ဆင်ထားသည့် အလောင်းကောင်က တောက်ပြောင် ပေါ်လွင်မှု မရှိ ဖြစ်နေသည် ။ ဆရာဦးညို ၏ ရုပ်အလောင်းကို ထည့်သွင်းရန် ကြမ်းခင်းမှာ ချထားသည့် ခေါင်း ကလည်း ရွှေဝါဆပ်ပြာ ထည့်သည့် ထင်းရှူးပုံး အဆင့်သာ ရှိသည် ။ ထင်းရှူးသေတ္တာကို ပလတ်စတစ် အဖြူရောင် ဖြင့် ပတ်ပြီး ကြည့်ကောင်း အောင် လုပ်ထားသည် ။ မီးရှို့ပစ်မည့် သေတ္တာ ဆိုသော်လည်း ဆရာဦးညို ၏ အရည်အချင်း နဲ့ ထိုက်တန်သည့် အဆင့်တော့ ဖြစ်စေချင်သည် ။ ဆရာဦးညို သေတာကို လွမ်းမည့်သူ မရှိ၍ လွမ်းသူ့ပန်းခွေလည်း မရှိ ဖြစ်နေသည် ။
ဆရာဦးညို သေတာကို မလွဲသာ မရှောင်သာလို့ ဝတ်ကျေတမ်းကျေ ပူဆွေး ငိုကြွေးသူ ရှိ မရှိ လိုက်ကြည့်မိသည် ။ ဆရာကတော် ဟု ယူဆရသည့် အမျိုးသမီး ကြီး တစ်ဦးသာ စို့လာသည့် မျက်ရည်ကို တို့ယူ သုတ်ပစ်နေတာ တွေ့ ရသည် ။ ကျန်သူတွေ ကတော့ ဝန်ထုပ်ဝန်ပိုး တစ်ခု လျော့သွားလို့ ဝန်ပေါ့သွားပြီ ဆိုသည့် မျက်နှာမျိုးတွေ တွေ့ ရသည် ။ အဆိုးဆုံး ကတော့ ဆရာဦးညို ၏ သားတွေလို့ သိရသည့် လူလတ်ပိုင်း အရွယ် သုံးလေးယောက်၏ အခြေအနေနှင့် အမူအရာတွေ ဖြစ်သည် ။ ဆရာဦးညို အသက်ထွက် သွားသည့် အချိန်က စပြီး အရက်ကို အဆက်မပြတ် သောက်နေကြသည့် လက္ခဏာ တွေ့ရသည် ။ မျက်နှာတွေ ရဲတွတ်ပြီး ချွေးပြန်နေကြသည် ။ ရင်ပူလို့ အင်္ကျီပင် မဝတ်နိုင်သူလည်း ပါသည် ။ ရွှံ့ပေနေသည့် ခြေထောက်မှာ ဖိနပ် မပါသူတွေလည်း တွေ့ရသည် ။ တမင် မစီးဘဲ နေတာလား ၊ မူး နေလို့ ဖိနပ်စီးဖို့ သတိ မရတာလား ၊ စီးစရာ ဖိနပ် မရှိတာလား အတိအကျ မသိရ ဖြစ်နေသည် ။ သေချာတာကတော့ အဖေ သေလို့ စိတ်မကောင်းတာ အကြောင်းပြပြီး ရက် မလည်မချင်း နေ့မလင်း ညမလင်း သောက်နေကြ တော့မှာ သေချာသည် ။
အသုဘ ပို့ရန် လာကြသည့် လုပ်ဖော်ကိုင်ဖက် အုပ်စု ထဲက ဆရာကြီးမြင့်ဆွေ က အမိန့် ပေး၍ ကိုအဏ္ဏဝါ က အလှူ လိုက်ခံသည် ။ အရာရှိက ငါးထောင် ၊ ဆရာကြီးမြင့်ဆွေ က သုံးထောင် ၊ သင်္ဘောသား ကိုအဏ္ဏဝါ ကလည်း သုံးထောင် နှင့် ဆရာဦးညို ၏ လုပ်ဖော်ကိုင်ဖက် အငြိမ်းစားတွေ က တစ်ထောင် စီ ၊ ငါးရာ စီ ထည့်ကြရာ အသုဘ ကူငွေ တစ်သောင်းခွဲလောက် ရသည် ။ အလှူငွေကို စာရင်းနှင့် တကွ ဆရာကြီးဦးမြင့်ဆွေ ကို အပ်လိုက်သည် ။ ဆွမ်းသွတ် စရိတ်တော့ ရလောက်ရဲ့လို့ တွက်ကြသည် ။
ဒီ အလှူငွေကို ဘယ်အချိန် မှာ ဘယ်သူ့ လက်ထဲကို အပ်မလဲ ဆိုသည့် ကိစ္စကို တိုင်ပင်ကြသည် ။ ရက်လည် ဆွမ်းသွတ် သည့်နေ့ကျမှ အလှူကို သွားရင်းနဲ့ ဆရာဦးညို၏ ဇနီး လက်ကို ပေးမလား စဉ်းစားကြသည် ။ ဆရာဦးညို သည် သူများ ခြံထဲက အိမ်နောက်ဖေးမှာ တဲကလေး ထိုးပြီး နေရသူ ဖြစ်သည့် အပြင် ကား ဝင်လို့ မရသည့် နေရာ ဖြစ်၍ ဆွမ်းသွတ် အလှူကို မသွားနိုင်ဟု ဆိုသည် ။ ဒါဆိုရင် ဒီမှာပဲ ဆရာဦးညို ရဲ့ မိသားစု လက်ကို အပ်လိုက်မလား စဉ်းစားကြပြန်သည် ။ ဒီ အဆိုကို ဆရာကြီးဦးမြင့်ဆွေ က မတ်တတ်ရပ်ပြီး ခြေခါခါ လက်ခါခါဖြင့် ကန့်ကွက် သည် ။
“ ဒီမှာ ပေးဖို့ဆိုတာကို ငါ သဘော မတူဘူးကွ ၊ ကိုညို့သားတွေရဲ့ ဖြစ်နေတဲ့ ပုံစံကို ကြည့်ဦး ။ သူတို့ လက်ထဲ ပိုက်ဆံ ထည့်လိုက်လို့ကတော့ ငါးစင်ရိုင်း အုပ်ထဲ ချေးပါ ချလိုက်သလို ဖြစ်သွားမယ် ”
ဆရာကြီးဦးမြင့်ဆွေ ပြောတာ ဖြစ်နိုင်သည် ။ သူတို့ လက်ထဲကို မထည့် ဘဲ ဆရာဦးညို၏ ဇနီး လက်ထဲ ထည့် တာတောင် စိတ်မချရသည့် အခြေအနေ ဖြစ်နေသည် ။ အမေ့ လက်ထဲက ဆွဲယူပြီး သောက်ကြ စားကြမည့် ပုံမျိုးတွေ ဖြစ်နေသည် ။ ဒါဆိုရင် ဘာလုပ်ကြမလဲဟု စဉ်းစားကြပြန်သည် ။
“ ဟေ့ကောင် တင်မောင်ဦး ၊ ရော့ ၊ ဒီ ပိုက်ဆံတွေ မင်း ယူထား ၊ ကိုညို နေတဲ့ နေရာကို မင်း ကိုယ်တိုင် သွားပြီး ရက်လည် ဆွမ်းသွတ် အတွက် ကုန်ကျမယ့် ကိစ္စတွေမှာ သုံးလိုက် ”
ဆရာကြီးမြင့်ဆွေ က ဆရာကြီးတင်မောင်ဦး ကို တာဝန်ပေးသည် ။ ဆရာ ကြီး မြင့်ဆွေ နှင့် ဆရာကြီး တင်မောင်ဦး တို့သည် ငယ်သူငယ်ချင်းတွေ ဖြစ်သည် ။ အစိုးရဌာနကြီးမှာ ရာထူး အဆင့်တူ အမှုထမ်းခဲ့ကြသူတွေ ဖြစ်သည် ။ ဆရာကြီး မြင့်ဆွေ က အငြိမ်းစား ယူခါနီးမှ အရာရှိ ဖြစ်ခဲ့သေးသည် ။ သူငယ်ချင်းတွေ ဖြစ်၍ စီးစီးပိုင်ပိုင် ခိုင်းစေခြင်း ဖြစ်သည် ။
ကိုအဏ္ဏဝါ သည် သူ့ဆရာဦးညို၏ အလောင်းကို မီးလောင်တိုက်အတွင်း သွင်းခါနီးမှာ ရပ်လျက် အနေအထား ဖြင့်ပင် လက်အုပ်ချီ လိုက်ပါသည် ။ ( မိမိ ဌာနကြီး နှင့် မိမိတိုင်းပြည် အတွက် ရိုးသား ၊ ကြိုးစား သစ္စာ ရှိခဲ့သော ဆရာ ၊ သွားပြီ ၊ ဘာမှ ပါ မသွားပါလား ၊ ဘာမှ မကျန်ခဲ့ပါလားဟု သတိရလိုက်ပါသည် ။ )
◾ အဏ္ဏဝါစိုးမိုး
📖 ရုပ်ရှင်အမြုတေ မဂ္ဂဇင်း
ဖေဖော်ဝါရီလ ၊ ၂ဝဝ၄

No comments:
Post a Comment