❝ နှလုံးသား ခြေအစုံ ❞
( ငွေကြယ်စင် )
စမ်းချောင်းလေး နံဘေးက ကျောက်တုံးလေး ပေါ်မှာ ထိုင်လိုက်ရင်း သူ့ခြေထောက်နှစ်ချောင်းကို ရေထဲသို့ တွဲလောင်းချထားလိုက်သည် ။ အေးမြတဲ့ အထိအတွေ့ ကြောင့်ပဲ သူ့ခြေထောက်များ အလိုအလျောက် လှုပ်ယမ်းဆော့ကစားနေမိသည် ။ ဟိုအဝေး မှာတော့ နေရောင်ခြည် အောက်မှာ ဖွေးလက်နေသည့် ဆီးနှင်းဖုံးလွှမ်းနေသော တောင်တန်းကြီးကို လှမ်းမြင်နေရသည် ။ ရေခဲတောင်ကြီး ရှိနေသရွေ့တော့ သူတို့ မိသားစု အပါအဝင် သူတို့ရွာသားတွေရဲ့ စားဝတ်နေရေး ပြေလည်စေနိုင်ပါသည် ။
ဟုတ်သည် ။ သူက ဒီရွာမှာ အငယ်ဆုံး လမ်းပြတစ်ဦးမ ဟုတ်လား ။ သူ့အဖေသည် ဒီရွာမှာတော့ အတွေ့အကြုံ အများဆုံး ။ ဂုဏ်သိက္ခာ အရှိဆုံးနှင့် အကျွမ်းကျင်ဆုံး လမ်းပြတစ်ယောက်ဖြစ်သည် ။ သူ့ အဖေနောက် လိုက်ရင်း သူ့အသက် ၁၄ နှစ်လောက် မှာတော့ သူတစ်ဦးတည်း၏ ဦးဆောင်မှုဖြင့် ဧည့်သည်တွေကို လမ်းပြပေးနိုင်ခဲ့သည် ။ ၁၄ နှစ်သား ထက်မက ထွားကြိုင်းသန်မာသော သူ့ကိုယ်ခန္ဓာ ဖွဲ့စည်းပုံကို ယုံကြည်တာလား ။ သူ့အဖေရဲ့ စိတ်ချရသော ရိုးသားတည်ကြည်မှုကို ယုံကြည်ခဲ့တာလား တော့ မသိ ။ ဧည့်သည်တွေက သူ့ကို လက်ခံသွားရာက စပြီး သူ လမ်းပြအလုပ်ကိုပဲ ဆက်လုပ်နေဖြစ်ခဲ့ပါသည် ။ ခုဆိုရင် သူ့အသက် ၁၆ နှစ်ကျော်ပြီ ။ ဒီတောင်ကြီးပေါ်သို့လည်း အခေါက်ပေါင်းများစွာ ရောက်ခဲ့ဖူးပြီ ။ သူတို့ ရွာသားတချို့ကျပြန်တော့ အထမ်းသမားအဖြစ် အသက်မွေးကြသည် ။ ဒါကြောင့် ရေခဲတောင်ကြီးကတော့ ဒီရွာလေး၏ ထမင်းအိုး ဆိုလျှင် မှားမည် မထင်ပေ ။
ခပ်ဝေးဝေးက မြင်နေရသော ရေခဲတောင်ကြီးကို ကြည့်လိုက် ရေထဲကို တွဲလောင်းချထားသည့် သူ့ခြေထောက်နှစ်ချောင်းကို ကြည့်လိုက်နှင့် သူ့အတွေးများက ကြုံခဲ့ရသည့် အဖြစ်အပျက်ဆီသို့ ရောက်နေသည် ။ ဒီအဖြစ်ကို တွေးမိတိုင်း သူသည် အလို မကျခြင်းလား ၊ ဝမ်းနည်းခြင်းလား ၊ မခံချင်တာလား ၊ ဝေခွဲမရစွာနဲ့ ရင်လှိုင်းခတ်စမြဲ ။
အရင်တုန်းကတော့ ဒီလို အဖြစ်မျိုး တစ်ခါမှ မကြုံခဲ့ဖူးပါ ။ သူ့ရဲ့ လမ်းပြတာဝန် ပြီးဆုံးချိန်မှာ ရသင့်တဲ့ အခကြေးငွေယူ ။ တောင်တက်အဖွဲ့ကလည်း သူ့နေရာ သူပြန် ။ အားလုံး ပုံမှန်ပဲဖြစ်သည် ။ ဘာမှ ထွေထွေထူးထူး တွေးစရာမလိုဘဲ နောက်ထပ် ဧည့်သည်လာငှားလျှင် လိုက်သွားရုံသာ ။
••••• ••••• •••••
အဖြစ်အပျက်၏ အစမှာတော့ ဘာမှ ထူးထူးခြားခြားမဟုတ်ဘဲ လမ်းပြအလုပ်ကို လက်ခံခဲ့ခြင်းသာ ဖြစ်သည် ။ ဒီတစ်ခေါက် လိုက်ပို့ရမည့်သူက တစ်ဦးတည်းတက်မည့်သူဖြစ်ပြီး သူ့အဖေနဲ့ သိကျွမ်းခဲ့ဖူးသူများ၏ မိတ်ဆက်စာဖြင့် ရောက်လာခဲ့ခြင်း ဖြစ်သည် ။ တောင်တက်မည့်သူမှာ အငြိမ်းစား ပါမောက္ခ တစ်ဦး ဖြစ်သည် ။ ကျန်းမာရေးလိုက်စားသူတစ်ဦး၏ တက်ကြွနုပျိုမှုနှင့် ပညာတတ်တစ်ဦး၏ သိသာထင် ရှားသော အရှိန်အဝါက တစ်မျိုး အထင်းသား ပေါ်လွင်နေပါသည် ။
အဖေက သူ့ကို လမ်းပြအဖြစ် လိုက်သွားဖို့ ပြောတော့ ပါမောက္ခကြီးက သူ့ကို တစ်ချက်မျှသာ လှမ်းကြည့်ပြီး သဘောတူလိုက်သည် ( သူသည် လူငယ်တစ်ယောက်ဖြစ်နေသောကြောင့် ပို၍သဘောကျသည့်အကြောင်းကို ပါမောက္ခကြီးက လမ်းရောက် သောအခါ သူ့ကို ပြောပြခဲ့သည် ) ။
ပါမောက္ခကြီး၏ တောင်တက်ခရီးစဉ်တွင် လမ်းပြအဖြစ် သူ့ကို ငှားရမ်းပြီး နောက်ထပ် အထမ်းသမားနှစ်ယောက်ပါ ခေါ်ယူခဲ့ရသေးသည် ။ အားလုံး အဆင်သင့်ဖြစ်သောအခါ သူတို့ လေးဦး အဝေးက လှမ်းမြင်နေရသော ရေခဲတောင်ပေါ်သို့ စတင် တက်ခဲ့ကြပါတော့သည် ။
လမ်းတစ်လျှောက် မြင်ကွင်းတွေက သူ့အတွက် ဘာမှ မထူးခြားပေမဲ့ ပါမောက္ခကြီးအဖို့တော့ အံ့ဩစရာ မှတ်တမ်းတင်စရာတွေချည်းသာ ဖြစ်သည် ။ တစ်ခါတလေကျတော့ ပါမောက္ခကြီးက သူ့ကို ဗွီဒီယိုကင်မရာလေး ပေးပြီး ရိုက်ခိုင်းသည် ။ ဗွီဒီယိုကင်မရာကတော့ သူ့အတွက် အဆန်း မဟုတ်ပါ ။ ဘာကြောင့်လဲ ဆိုတော့ သူ လမ်းပြပေးရသည့် တောင်တက်ခရီးစဉ်အားလုံးတွင် ဗွီဒီယိုကင်မရာ ပါကြသည်ချည်းသာ ဖြစ်သည် ။ ဘယ်ခလုတ် ကို ဘယ်လိုနှိပ်လို့ တစ်ကြိမ်ပြရုံနှင့် သူ လုပ်တတ်ခြင်းသည် သူ့ရဲ့ဉာဏ်ရည် မြင့်မားမှုကြောင့် မဟုတ် ။ နည်းပညာ၏ တိုးတက်မှုကြောင့်သာ ဖြစ်သည် ။ ဝန်ခံရလျှင်တော့ ဒီပစ္စည်းကို ခုမှ ပထမဆုံး သူ လက်နဲ့ ကိုင်ဖူးခြင်း ဖြစ်သည် ။
လမ်းခရီးသည် ညအိပ်ခရီးဖြစ်သဖြင့် ပါမောက္ခကြီးနှင့် သူသည် တဖြည်းဖြည်းရင်းနှီးလာသည် ။ စခန်းချသည် ။ ညဖက်ရောက်လို့ စားသောက်ပြီးသွားလျှင် ပါမောက္ခကြီးနှင့် သူ စကားတွေ ပြောဖြစ်သည် ။ သူက ပင်ကိုစကားနည်းသူ ဖြစ်သည့်အပြင် မြန်မာစကားကိုလည်း မနည်းပြောယူရသောကြောင့် နားထောင်တာက ပိုများပါတယ် ။ သူ့ဘက်က ပြောရရင်လည်း စတင်ပြောဆိုသော စကားများ မဟုတ်ဘဲ မေးခွန်းများ ဖြေနေခြင်းသာ ဖြစ်သည် ။
သူ့ရဲ့ ပညာအရည်အချင်း ၊ သူတို့ရွာကလေး ၏ စီးပွားရေးအခြေအနေတို့ကို မေးတဲ့အခါ သူက မူလတန်းအထိသာ ကျောင်းတက်ဖူးပြီး ဆက်မတက်တော့ဘဲ လမ်းပြအလုပ်ကို လုပ်နေခြင်းဖြစ်ကြောင်း ပြောတော့ ပါမောက္ခကြီး မျက်နှာအမူအရာတချို့ ပြောင်းလဲသွားသည် ။ သူ့ကို အထင်သေးခြင်း မဟုတ်သော ကရုဏာမျက်ဝန်းများကို သူ နားလည်ခံစားလို့ ရပါသည် ။ ဒါကြောင့်လည်း သူ့အတွက်တော့ ဒါဟာ အဆန်းမဟုတ်ကြောင်း သူတို့ တစ်ရွာလုံး ဒီလိုပဲလို့ ပြောမိတော့ ပါမောက္ခကြီးက ဘာမှမပြောဘဲ အဝေးတစ်နေရာသို့ လှမ်းပြီး ငေးနေတာ တွေ့ရသည် ။ ဘာကြောင့် ဒီလိုဖြစ်သွားမှန်းတော့ သူလည်း နားမလည်ခဲ့ပါ ။
••••• ••••• •••••
တောင်ပေါ်သို့ ရောက်ခါနီးလေ အန္တရာယ်က ပိုပြီး ရှိလာလေ ။ ပတ်ဝန်းကျင်ရှုခင်းများကလည်း ပိုပြီး စိတ်ဝင်စားစရာကောင်းလာပြီဖြစ်သည် ။ အန္တရာယ် ရှိနိုင်သော နေရာမျိုး ရောက်လျှင် ပါမောက္ခကြီးကို သူ့ ခြေရာအတိုင်း နင်းတက်ဖို့ ပြောရသည် ။ ဒီနေရာမှာတော့ မူလတန်းကျောင်းသားလေးသည် ပါမောက္ခကြီး၏ ဆရာဖြစ်သွားသည် ။ အဲဒီလောက် ဂရုစိုက်သည့် ကြားထဲကပဲ သစ်ပင်ထိပ်ဖျားက သစ်ခွပန်းကို ဓာတ်ပုံလှမ်းရိုက်ရင်း ဟန်ချက်ပျက်သွားသည့် ပါမောက္ခကြီးကို သူ အမြန်ဖမ်းဆွဲထားခဲ့ရသည် ။ သူ သာ သတိချွတ်ယွင်းခဲ့ပါက ဝမ်းနည်းစရာ အဖြစ်ဆိုး နှင့် ကြုံကောင်းကြုံရနိုင်ပါသည် ။ ဒီတစ်ကြိမ်က လွဲလို့ ပြဿနာကြီးကြီးမားမား မရှိဘဲ တောင်ထိပ်ပေါ်သို့ သူတို့အဖွဲ့ ရောက်ရှိခဲ့ပါသည် ။
••••• ••••• •••••
တောင်ထိပ်ပေါ် ရောက်ကြပြီ ။
မြန်မာနိုင်ငံ၏ ထင်ရှားသော ရေခဲတောင် ဖုန်ကန်ရာဇီ ။ ခြေထောက်အောက်မှာ နှင်းဖွေးဖွေးတွေ က နှလုံးသားကို ကြည်နူးစိတ်နှင့် နွေးထွေးစေပါသည် ။ အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးသော်လည်း ရောက်တိုင်းမှာတော့ ပျော်ရွှင်ရစမြဲပါပဲ ။ ဒါပေမဲ့ သူ့ရဲ့ ပျော်ရွှင်မှုက အဆန်းတကြယ် မဟုတ်ဘဲ သူ့အလုပ် တာဝန် တစ်ဝက် ကျေသွားလို့ စိတ်ပေါ့ပါးရုံမျှသာ ဖြစ်သည် ။
ပါမောက္ခကြီး၏ ပျော်ရွှင်ကြည်နူးမှုတွေ သူ့ထံ ကူးစက်လာသလိုပင် ။ ပါလာသည့် မြန်မာနိုင်ငံ အလံကို တောင်ထိပ်ပေါ်မှာ စိုက်လိုက်ပြီး သူတို့ ဓာတ်ပုံရိုက်ကြသည် ။ ခုတစ်ခါတော့ သူသည် လမ်းပြ မဟုတ်တော့ဘဲ ပါမောက္ခကြီး၏ ဓာတ်ပုံဆရာ ဖြစ်သွားပြန်သည် ။
တောင်ထိပ်ပေါ်မှာ ပါမောက္ခကြီး၏ ပျော်ရွှင်ကြည်နူးမှုက သူ့ကို အံ့ဩစေပါသည် ။ ပါမောက္ခကြီးတင် မဟုတ်ပါ ။ သူ လိုက်ပို့သော အခြားတောင်တက်သူများသည်လည်း ဒီနေရာ ရောက်လျှင် အစွမ်းကုန် ပျော်ရွှင်ခဲ့ကြတာချည်း ဖြစ်သည် ။ ပြီးတော့ သူတို့တွေ ဒီနေရာကို ဘာကြောင့် လာနေကြမှန်းလည်း သူ နားမလည်နိုင်ပါ ။
သူ အံ့သြသည်က ဒီတောင်ပေါ်မှာ ရွှေလည်း မရှိပါ ။ ငွေလည်း မရှိပါ ။ ရတနာသိုက်လည်း မရှိပါ ။ ပြီးတော့ အကြာကြီး နေတာလည်း မဟုတ်ပါ ။ ဒီနေရာကနေ သူတို့ ဘာမှ ရယူသွားကြတာလည်း မရှိတာ သူ အသိဆုံးပင် ။ ဘာကြောင့်များ ဒီလောက် ပျော်နေကြပါသလဲ ။ ပင်ပန်းဆင်းရဲမှုနဲ့ ထိုက်တန်တဲ့ ဘာ အဖိုးတန်ပစ္စည်းများ ရကြလို့လဲ ။ ယုတ်စွအဆုံး နှင်းခဲတွေ ဆုပ်လာဦး ၊ တအောင့်ကြာလျှင် လက်ထဲ ဘာမှ ကျန်ခဲ့မှာလည်း မဟုတ် ။ ယူချင်လျှင် သစ်ခွပန်းတွေ ခူးသွားလို့ရသည် ။ ဒါပေမဲ့ သူ့ဧည့်သည်များသည် ဓာတ်ပုံရိုက်ရ ၊ ခေါင်းမှာ ပန်ဖို့ တစ်ပွင့်နှစ်ပွင့် ခူးရုံက လွဲပြီး ခူးသွားတာမျိုးလည်း တစ်ခါမှ မရှိခဲ့ပါ ။
ဒီနေရာကို လာဖို့ သူတို့ ပင်ပန်းမည် ၊ ပိုက်ဆံ ကုန်မည် ။ ဘာမှ မတွေးတာပဲ ကောင်းမည်ထင်ပါသည် ။ ဘာကြောင့်လဲဆို ဒီလို ဘာမှ မရလို့ လူတွေ မလာလျှင် သူတို့ ထမင်းအိုး ကွဲသွားနိုင်သည်လေ ။
••••• ••••• •••••
တောင်ပေါ် အဆင်းမှာတော့ အားအင်တွေ ပြည့်ပြီး ခြေလှမ်းတွေကလည်း ပိုသွက်လာသည် ။ အပြန်လမ်း စခန်းချသည့် နေရာ ရောက်တော့ ပါမောက္ခကြီးနှင့် သူ စကားတွေ ပြောဖြစ်ပြန်ပါသည် ။ ပါမောက္ခ ကြီးက သူ့ကို “ မင်း ကျောင်းဆက်မတက်ချင်ဘူးလား ” လို့ မေးတော့ သူလည်း ရိုးရိုးသားသားပဲ “ ဟင့်အင်း ” လို့ ဖြေလိုက်သည် ။ “ မင်း မြို့ကို ရောက်ဖူးလား ” လို့ မေးတော့ ။ နောက်တစ်ခါ ထပ်ပြီး “ ဟင့်အင်း ” လို့ ဖြေရပြန်သည် ။ သူ့ရဲ့ သုံးခါ မြောက် ဟင့်အင်း အပြီး မှာတော့ ပါမောက္ခကြီးက ဘာမှ ထပ်မမေးတော့ဘဲ ပြောပဲ ပြောပြပါတော့တယ် ။
သူတို့ရွာ မဟုတ်သော တခြားနေရာတွေမှာ လူတွေ ဘယ်လို သွားလာနေထိုင်ကြကြောင်း စီကာ စဉ်ကာ ပြောပြသည် ။ ပြီးတော့ သုံးစွဲနေသည့် ခေတ်ပေါ်ပစ္စည်း အသုံးအဆောင်များ အကြောင်းလည်း ပြောပြသည် ။ လက်တွေ့ အနေနှင့် လမ်းမှာ ရိုက်ထားသော ကင်မရာထဲက ပုံတွေကို ကင်မရာထဲမှာပဲ သူ့ကို ပြန်ဖွင့်ပြခဲ့တော့ သူ့ပုံပါလာတဲ့အခါ ရင်ထဲမှာ ရှက်သလိုလို ဖြစ်မိသေးသည် ။ ပါမောက္ခကြီးရဲ့ ပြော စကားများကြောင့် သူတို့ရွာ မဟုတ်သည့် တခြားနေရာတွေအကြောင်း သူ စိတ်ဝင်စားလာခဲ့ပါသည် ။
အဲဒါကြောင့် “ မြို့ကို အလည်လိုက်ချင်လား ” လို့ ပါမောက္ခကြီးက မေးတော့ ခါတိုင်းလို “ ဟင့်အင်း ” လို့ မဖြေဘဲ ခေါင်းညိတ်ပြမိသည် ။ တောင်ပေါ်မှာတုန်းက ကြုံခဲ့ရသော အန္တရာယ်တွင် သူ၏ ကယ်တင်မှုကို ကျေးဇူးတင်သောကြောင့်လည်း မိသားစုနှင့် တွေ့ဆုံစေချင်သည်ဟု ပြောသေးသည် ။ သူ့အတွက်တော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုသာ ဖြစ်သည် ။ သူ ယူထားသော အခကြေးငွေနှင့် ထိုက်တန်သော ဝန် ဆောင်မှုပေးခြင်းသာ ဖြစ်သည် ။ ဒါပေမဲ့ သူသည် ပါမောက္ခကြီးလို စကားကို လိပ်ပတ်လည်အောင် ပြောတတ်သူ မဟုတ်သောကြောင့် ဘာမှ ပြောမနေတော့ပါ ။
••••• ••••• •••••
“ ဖုန်ကန်ရာဇီရေခဲတောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သော ပါမောက္ခဒေါက်တာမျိုးသန့် အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါ၏ ”
အနီရောင်အောက်ခံမှာ ရွှေရောင်စာလုံးများဖြင့် ရေးသားထားသည့် ထိုစာတန်းကို မူလတန်း အဆင့်အထိ စာသင်ဖူးသောကြောင့် သူ ဖတ်လို့ရပါသည် ။ ဝတ်စုံဆင်တူ ဝတ်ထားကြသူများ ၊ သစ်လွင် တောက်ပစွာ ဝတ်စားထားသော ရာပေါင်းများစွာသော သူများသည် ပါမောက္ခကြီး ပြန်လာရာ လမ်းတစ်လျှောက်တွင် သောင်းသောင်းဖျဖျ ကြိုဆိုနေကြသည် ။ သူ့အတွက် ပထမဆုံး မြို့ပြ၏ မြင်ကွင်းက ဆန်းကြယ်ပေစွ ။ ခက်ခဲကြမ်းတမ်းသော ရေခဲတောင်ပေါ် သို့ ကျွမ်းကျင်စွာ တက်နိုင်ခဲ့သည့် သူ့ခြေထောက်များသည် ချောမွေ့နေသည့် ကတ္တရာလမ်းပေါ် လျှောက်လှမ်းရာတွင် ခက်ခဲပင်ပန်းလွန်းလှပါသည် ။
ထိုအချိန်မှာပင် ပုခုံးတွင် ကြိုးသေးသေးနှစ် ချောင်းသာပါပြီး အရှည်က ဒူးအထက်နားလောက်သာ ရှိသည့် ဝတ်စုံကို ဝတ်ဆင်ထားသော ဖြူဖြူသေးသေး မိန်းကလေးတစ်ယောက်သည် ပါမောက္ခကြီးဆီသို့ အပြေးလှမ်းလာပြီး လည်ပင်းကို သိုင်းဖက်လိုက်သည် ။ ပါမောက္ခကြီးကလည်း အလိုက်သင့် ပြန်လည်ပွေ့ဖက်ကာ ကြည်နူးနေကြသည် ။ သူ လိုက်လာ မိတာ မှားပြီထင်သည် ။ သူ မမြင်ဖူးသော နောက်ထပ် မြင်ကွင်းများ နောက်ထပ် ဘယ်လောက် ကြုံတွေ့ရဦးမလဲ ဆိုတာ တွေးရင်း ခေါင်းများပင် နောက်ကျိလာရသည် ။
ထိုမိန်းကလေးမှာ ပါမောက္ခကြီး၏ သမီး ဖြစ်မည်ထင်သည် ။ ရေခဲတောင်ပေါ်မှာ စကားပြောကြတုန်းက သူနဲ့ရွယ်တူ သမီးတစ်ယောက် ရှိကြောင်း ပါမောက္ခကြီးက ပြောဖူးတာ သူ မှတ်မိသွားသည် ။ သူနှင့် အသက်တူလို့သာ ဆိုရမည် ။ အရပ်က သူ့ပခုံး လောက်တောင် မရှိသေး ။ ကိုယ်လုံးကလည်း သေးသေးလေးနှင့် လေကြမ်းကြမ်းတိုက်လျှင်တောင် လွင့်ပါသွားနိုင်သည် ။ ဒီလိုဝတ်စားဆင်ယင်မှုမျိုးနှင့် သူတို့ ရွာမှာဆို သွေးခဲပြီး သေသွားနိုင်သည်ဟု မဆီမဆိုင် တွေးမိသေးသည် ။ ဒါလည်း ဖြစ်နိုင်ခြေ အလွန်နည်း ပါသည် ။ ဘာကြောင့်လည်းဆို ထိုမိန်းကလေးသည် သူတို့ရွာကို လာမှာ မဟုတ်တာ သေချာသောကြောင့်ပင် ။ သူသာ မှားယွင်းပြီ ။
လာရောက် ကြိုဆိုကြသူများသည် နောက်ဆုံးတွင် ကြီးကျယ်ခမ်းနားသော အခန်းတစ်ခုထဲသို့ ဦး ဆောင်၍ ခေါ်သွားပါသည် ။ ပါမောက္ခကြီးနှင့်အတူ ပါလာသူတို့တော့ လိုက်လာရပြန်သေးသည် ။ ခန်းမ တစ်ခုလုံးကို သူ မမြင်ဖူးသော လှပဆန်းကြယ်သည့် အရာများဖြင့် မွမ်းမံပြင်ဆင်ထားပြီး ပန်းများဖြင့်လည်း အလှဆင်ထားသေးသည် ။ ဒီအခန်းထဲက ပစ္စည်းတွေ အားလုံးကို သူ ကြည့်လိုက်တော့ သူနှင့် အကျွမ်းဝင်သည့် ပစ္စည်းမှာ ပန်းများသာ ဖြစ်သည် ။ ဒီလောက် လှပသော ပန်းတွေကို သူ့တစ်သက်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါ ။ ဒါကြောင့်လည်း ပါမောက္ခကြီး ရေခဲတောင် တက်တုန်းက သစ်ပင်ထိပ်က သစ်ခွပန်းတွေ ဘာကြောင့်များ ခဲရာခဲဆစ် ဓာတ်ပုံလိုက်ရိုက်နေသလဲလို့ သူ အံ့ဩမိပြန်ပါသည် ။ မြို့မှာ ရှိသော ပန်းတွေသည် သူ၏ တောထဲကရှိသော ပန်းတွေထက် အဆပေါင်း များစွာ ပိုမိုလှပသည်ဟု သူ မြင်ပါသည် ။
စားပွဲဝိုင်းတွေကို ခန်းမအပြည့် ခင်းကျင်းထားပြီး ပါမောက္ခကြီး ကိုတော့ ပိုးစင်မြင့်ရှေ့က ထိပ်ဆုံး စားပွဲဝိုင်းဆီသို့ ခေါ်ဆောင်သွားကြသည် ။ သူလည်း ဘယ်နေရာထိုင်ရင် ကောင်းမလဲလို့ ဝေခွဲမရ ဖြစ်နေချိန်တွင် ပါမောက္ခကြီးက တစ်ခုခု ပြောလိုက်ပုံရသဖြင့် သူ့အတွက် ထိုင်စရာနေရာ တစ်ခု စီစဉ်ပေးကြသည် ။ နေရာမှာ ထိုင်ချမိတော့မှပဲ သူ့စိတ်တွေ အနည်းငယ် ပေါ့ပါးသွားတော့သည် ။ သက်ပြင်းရှည်ကြီးချလိုက် ပြီး တင်းထားသောစိတ်များ ဖြေလျော့လိုက်ပါသည် ။ သူ ထိုင်သည့်စားပွဲပေါ်တွင်တော့ ပန်းအိုးတစ်လုံးရှိသည် ။ ပန်းအိုးထဲတွင် အလှဆင်ထားသော ပန်းများသည် သူ့ မျက်စိထဲတွင် လှပနေပါသည် ။ သူ့စိတ်တွေ ပေါ့ပါးသွားသောကြောင့် ပန်းအိုးထဲက ပန်းတစ်ပွင့် ယူပြီး နမ်းရှိုက်မိလိုက်သည် ။
ဘာရနံ့မှ မရှိပါလား ။ သူ သေချာအောင် နောက်တစ်ကြိမ် ထပ်ပြီးနမ်းလိုက်သည် ။ အမှန်ပါပဲ ။ ဘာရနံ့မှ မရှိတာ အမှန်ပါပဲ ။ သူ အံ့အားသင့်စွာ ပွင့်ဖတ်တွေကို ကိုင်ကြည့်လိုက်တော့ ပွင့်ဖတ်များသည် မာကျောတောင့်တင်းကာ ပုံမပျက် တည်ရှိနေသည် ။ တစ်ခုခုတော့ မှားနေပြီထင်သည် ။ မြို့ပြဆိုတာ ဒါပဲလားလို့ သူ အထိတ်တလန့်ဖြစ်ရသည် ။ မြို့မှာ ရှိသော ပန်းပွင့်များသည် အစွမ်းကုန် လှပနေကြပြီး ရနံ့ကျ ဘာကြောင့် မမွှေးရသလဲလို့ သူ အဖြေရှာနေမိသည် ။ သူ ရူးချင်သလိုလိုတောင် ဖြစ်လာသည် ။
သူ ထိုင်နေစဉ်မှာပဲ ရှေ့ဆုံးက စင်မြင့်ထက် သို့ တစ်ဦးပြီး တစ်ဦးတက်ကာ စကားတွေပြောကြသည် ။ သူတို့ ပြောကြသည့်စကားများကတော့ ပါမောက္ခကြီး၏ စွမ်းရည်ကို ချီးကျူးကြသည့် စကားများသာ ဖြစ်သည် ။ ပါမောက္ခကြီးသည် သူတို့ မြို့မှာ ပထမဆုံး ရေခဲတောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သဖြင့် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ၊ ပါမောက္ခကြီး၏ ဇွဲ ၊ သတ္တိ ၊ လုံ့လတို့မှာ ပြိုင်ဘက်ကင်းကြောင်း ၊ ပါမောက္ခကြီးကို အတုယူ၍ နောက် ထပ် စွန့်စားမည့်သူများ ပေါ်ထွန်းလာရန် မျှော်လင့်မိကြောင်း ချီးကျူးစကား ဆိုကြပါသည် ။ သူတို့ ပြောဆို သွားကြသော အကြောင်းအရာများထဲတွင် သူ့စိတ်ကို ဖမ်းစားထားသော စကားတစ်ခွန်း ရှိသည် ။ ရေခဲတောင်ပေါ်သို့ အောင်မြင်စွာ တက်ရောက်နိုင်ခဲ့သည့် ပါမောက္ခကြီး၏ ခြေထောက်များကို ရွှေခြေထောက်များဟု ဂုဏ်ပြုထိုက်ကြောင်း ဆိုသည့်စကားပင် ဖြစ်သည် ။
အားလုံး ပြောဆိုပြီးသွားတော့ ပါမောက္ခကြီး ရဲ့ အလှည့် ဖြစ်သည် ။ သူ၏ ခရီးစဉ်အကြောင်း ၊ လမ်းတွင် တွေ့ ရသည့် အခက်အခဲများနှင့် ရှားပါးအဖိုးတန်လှသည် ပန်းများ ၊ လိပ်ပြာများအကြောင်း ပြောပြပြီး လမ်းတုန်းက ရိုက်လာခဲ့သည့် ဗွီဒီယိုမှတ်တမ်းကို အဖြူရောင်ပိတ်စကြီးပေါ်တွင် ပြသထားရာ တစ်ခါတစ်ရံ သူ့ရုပ်ပုံပါလာတော့ သူ ခေါင်းကို ယောင်ယမ်းပြီး ငုံ့ချမိသည် ။ တချို့ကလည်း သူ့ကို မှတ်မိပုံရ သဖြင့် လှမ်းလှမ်းပြီး အကဲခတ်နေတာကို ခံရတာကလည်း အသက်ရှူမဝသလို မွန်းကျပ်လှပါသည် ။
စားသောက်စရာများနှင့် တည်ခင်းဧည့်ခံချိန် ရောက်တော့ အမျိုးအမည်များပြားစုံလင်လှသော စားသောက်ဖွယ်ရာများ စားပွဲပေါ်သို့ ရောက်လာသည် ။ ဘာတွေလဲဆိုတာ သူမသိပေမဲ့ ပြင်ဆင်ထား ပုံက စားသောက်ချင်စိတ်ကို နှိုးဆွပေးနေသည် ။ ဗိုက် ကလည်း ဆာလာတာမို့ သူ အားရပါးရ စားမည်ဟုလည်း တွေးထားသည် ။ မြို့ကို ရောက်ဖူးပြီး ဒီလို အကောင်းဆုံး အစားအစာများ စားရတာတော့ သူ ဝမ်းသာရပါသည် ။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး သူ စတင် စားသောက်လိုက်သည် ။ ဒီတစ်ခါလည်း သူ မှားသွားပြန်ပါသည် ။ သူ့ရှေ့တွင် ရှိနေသော စားသောက်ဖွယ်ရာအားလုံးသည် လုံးဝကို အရသာကင်း မဲ့လှချေသည် ။ သူ့ပါးစပ်က ဘယ်လိုမှ အရသာခံလို့ မရနိုင်ခဲ့တာ ၊ တခြားသူများကို ကြည့်တော့ အားရပါး ရ စားသောက်နေကြသည်မှာ အားကျစရာ ။ မြို့ပြသည် သူနှင့် ဘယ်လိုမှ အံဝင်ခွင်ကျ မဖြစ်တော့တာ ကို သူ ထိတ်လန့်သွားမိသည် ။ သူ စားဖူးသမျှ ထဲတွင် အကောင်းဆုံး အစားအစာဖြစ်ပြီး စားဖူးသမျှထဲတွင် အရသာ မရှိဆုံး အစားအစာ ဖြစ်နေခြင်းက အံ့သြစရာ ပါပဲလား ။ သူ ရွာကို အမြန်ဆုံး ပြန်ချင်လှပါပြီ ။
••••• ••••• •••••
ရေထဲသို့ နှစ်ချထားသော ခြေထောက်ကို ကမန်းကတမ်း ငုံ့ကြည့်မိသည် ။ သူ့ခြေထောက်က ပုံမှန်ခြေထောက်ပဲ ဖြစ်သည် ။ ရွှေခြေထောက် မဟုတ်ပါလား ။ သူလည်း ပါမောက္ခကြီးလိုပဲ တောင်ပေါ် ရောက်ခဲ့တာပဲလေ ။ ပြီးတော့ ပါမောက္ခကြီးကို လမ်းပြသည့်သူလေ ။
မြို့ကပြန်လာပြီးကတည်းက သူ့စိတ်တွေ ပုံမှန်မဟုတ်တော့တာ သူ့ဘာသာ သူ သိနေပါသည် ။ သူ့ အတွေ့အကြုံကို ပြန်ပြောပြန်ရင်လည်း ဘယ်သူမှ ယုံမှာမဟုတ်သည့်အပြင် ရူးသွားပြီ ထင်ကာ ပယောဂဆရာ လက်ထဲ အပ်လိုက်မှ အချောင်အရိုက်ခံရဦးမည် ။ ရေခဲတောင်ပေါ်သို့ သူ့အကူအညီဖြင့် တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့သော ပါမောက္ခကြီးကို ဘာကြောင့်များ ကြီးကျယ်ခမ်းနားစွာ ဂုဏ်ပြုနေကြသလဲ ဆိုတာ သူ အဖြေ မရသေးပါ ။ ဒါဆိုရင် ရေခဲတောင် ပေါ်သို့ နည်းမျိုးစုံဖြင့် ရောက်ခဲ့သော သူတို့ ရွာသားတွေက ဘာကြောင့်များ အခေါက်ပေါင်းများစွာ တက်ရောက်ခဲ့သော သူတို့ ရွာသားတွေက ဘာကြောင့်များ အသိအမှတ်ပြု မခံရတာလဲ ။
တကယ်ဆို ဒီရေခဲတောင်ပေါ်ကို တက်နိုင်ဖို့ လမ်းကို ရှာဖွေခဲ့သူများက သူတို့ရွာသားတွေပဲ မဟုတ်လား ။
ပါမောက္ခကြီး၏ ခြေထောက်များကို ရွှေခြေထောက်များ တင်စားလျှင် သူတို့ရွာသားတွေ၏ ခြေထောက်များက ရွှေထက် တန်ဖိုးကြီးသော ခြေထောက်များ ဖြစ်ရလိမ့်မည် ။ ဒါပေမဲ့ သူတို့ ရွာသားများကတော့ ဒီအကြောင်း ဘယ်တော့မှ သိမည် မဟုတ်ပါ ။ သူ ပြောလည်း မပြောပြချင်တော့ ။ ကြုံခဲ့ရသော အဖြစ်အပျက်ကို သူ မယုံချင်ပါ ။ ရွာသားတွေ ကိုယ်စား သူ ဝမ်းနည်းရပါသည် ။ ကြေကွဲရပါသည် ။ မည်သူတစ်ဦး၏ အသိအမှတ်ပြု ၊ ချီးကျူးဂုဏ်ပြုမှု ကို ခံရသည်ဖြ စ်စေ ၊ မခံရသည် ဖြစ်စေ ၊ သူတို့ ရွာသား များကတော့ ဒီရေခဲတောင်ကို အကြောင်းအမျိုးမျိုးနဲ့ တက်နေကြရဦးမည်သာ ဖြစ်ပါသည် ။
▢ ငွေကြယ်စင်
📖 ပိတောက်ပွင့်သစ် မဂ္ဂဇင်း
စက်တင်ဘာလ ၊ ၂ဝ၁ဝ

No comments:
Post a Comment