❝ ပန်းတိုင်းပွင့်ပါစေ ❞
( မောင်စွမ်းရည် နှင့် တွေ့ဆုံခြင်း )
ဝတ္ထုရှည် ၊ ဝတ္ထုတို ရေးတဲ့ စာရေးဆရာ ၊ ဆရာမတွေ နဲ့ တွေ့ဆုံပေးနေရာက ဒီလ တွေ့ဆုံမေးချင်တဲ့ သူက ကဗျာဆရာ ၊ စာပေဝေဖန်ရေးဆရာ ဖြစ်တဲ့ ဆရာ မောင်စွမ်းရည် ပါပဲ ။ ဆရာမောင်စွမ်းရည် နဲ့ တွေ့ဆုံရာမှာ ကျွန်တော် အဓိကထား ဖတ်ခဲ့တာတွေ ကတော့ လစဉ်ထုတ် သောင်းပြောင်းထွေလာ မဂ္ဂဇင်း ထဲက ဝေဖန်ရေး ဆောင်းပါးတွေနဲ့ ဆရာနဲ့ စာပေတိုက်ပွဲဝင်ခဲ့ကြတဲ့ တခြား စာရေးဆရာများရဲ့ ဆောင်းပါးတွေပါပဲ ။
ဆရာ မောင်စွမ်းရည်က မန္တလေး ဇာတိပါ ။ ဝါသနာတူ သူငယ်ချင်းတွေ ၊ ရဲဘော်တွေနဲ့ အတူ စာပေ မွေ့လျော် ရေးသားရင်း စာပေလောကထဲ ရောက်လာခဲ့ပါတယ် ။ မန္တလေးမြို့ အစိုးရ အထက်တန်းကျောင်း အမှတ် ( ၁ ) နဲ့ မန္တလေးတက္ကသိုလ် မှာ ကလောင် စ သွေးခဲ့ပြီး မန္တလေးမြို့က စာပေပညာရှင်ကြီးများ ဖြစ်ကြတဲ့ လူထုဦးလှ ၊ ဒေါ်အမာ ၊ ဦးမောင်မောင်တင် ( မဟာဝိဇ္ဇာ ) ၊ ဦးဆန်းထွန်း ၊ ဒေါ်အုန်း စသူတို့က အားပေးခဲ့ကြပါတယ် ။ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တို့က ဖေးမခဲ့ကြပါတယ် ။
စာပေဝေဖန်ရေး ကိုတော့ ၁၉၆၄ ခုနှစ် လောက် ကတည်းက သူငယ်ချင်း မောင်မိုးသူ က တိုက်တွန်း လှုံ့ဆော်မှုနဲ့ ရေးစမ်းခဲ့တယ် ။ အင်္ဂလိပ်စာပေ ၊ ဝေဖန်ရေးစာပေ ၊ စာပေသမိုင်း ၊ နိုင်ငံရေးဗေဒ ၊ ဒဿနိက ဗေဒ ၊ သိပ္ပံပညာတို့ ကို မျက်ခြည်မပြတ်ရုံ မဆိုစလောက် လိုက် ဖတ်ရင်း စာပေသမုဒ္ဒရာ ထဲက ရေတစ်စက် နဲ့ မျက်နှာသစ်လိုက်ပြီးတဲ့ နောက် ဝေဖန်ရေးစာပေ အတွက် ဆရာဇော်ဂျီ နဲ့ ဒဂုန်တာရာ တို့ကို ဆရာတင်ပြီး ရေးခဲ့ပါတယ်တဲ့ ။ လူထုသတင်းစာ ( မန္တလေး ) နဲ့ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းရဲ့ တာဝန်ပေးချက်ကြောင့် အဆက်မပြတ် ရေးဖြစ်လာခဲ့တယ်လို့ သိရပါတယ် ။
ဆရာ နဲ့ ကျွန်တော် အဓိကထားပြီး ဆွေးနွေးခဲ့တဲ့ ဝေဖန်ရေး ၊ ကဗျာ နဲ့ ပတ်သက်တာတွေကို တင်ပြ ပေးလိုက်ပါတယ် ။
••••• ••••• •••••
“ ဆရာ စာအုပ် တစ်အုပ် ကို ဝေဖန်တော့မယ် ဆိုရင် တစ်အုပ်ကိုပဲ ဖတ်သလား ။ ဒီ စာရေးဆရာ ရေးတဲ့ တခြား စာအုပ်တွေကိုပါ ဖတ်ပြီးမှ ဝေဖန်ပါသလား ။ စာရေးဆရာ တစ်ယောက် စာရေးတဲ့ နေရာမှာ တစ်အုပ်က ( ၁၉၈၂ ခုနှစ် ၊ ဇန်နဝါရီလထုတ် ၊ သောင်းပြောင်း ) မှာ ရေးထားတာက ခြုံပြီးမှ ဝေဖန်တယ်လို့ ဆိုထားပါတယ် ။ သူ နဲ့ အမျိုးအစား တူတဲ့ ဝတ္ထုတွေကို ဖတ်ပြီးမှ ဝေဖန်တယ်လို့ ဆိုထားပါတယ် ။ ဒီတော့ ဆရာ့ “ စာပေရှုခင်း ” မှာ ဝေဖန်ထားတာတွေ အားလုံးဟာ ခြုံငုံထားတဲ့ သဘော ရှိပါသလား ”
“ ဟုတ်ကဲ့ ၊ ကိုဝင်းငြိမ်း ပြောတဲ့ အတိုင်းပါပဲ ။ အဲဒီ သဘော ရှိပါတယ် ။ ကိုဝင်းငြိမ်း သိထားတဲ့ အတိုင်းပါပဲ ”
“ ဒီနေ့ စာပေလောကမှာ သိုင်းဘာသာပြန်တွေ လွှမ်းမိုးနေပါတယ် ။ ကျွန်တော်တို့ ခေတ်စနစ် နဲ့ ကိုက်ညီမယ့် စာပေမျိုး ထွန်းကားအောင် ဘယ်လို ကြိုးပမ်းသင့်တယ်လို့ ဆရာထင်ပါသလဲ ”
“ ကိုဝင်းငြိမ်း က သိုင်းဘာသာပြန်တွေကို ခေတ်စနစ်နဲ့ မကိုက်ညီဘူးလို့ ဆိုချင်ပုံရပါတယ် ။
ကျွန်တော့် အမြင်ကတော့ ဘယ်စာပဲ ဖြစ်ဖြစ် ၊ ဘယ်ခေတ် ဘယ်စနစ်မှာပဲ ဖြစ်ဖြစ် သူ့ ခေတ်နဲ့ သူ ပေါ် ထွက်လာတာ ဖြစ်တယ်လို့ ယူဆချင်ပါတယ် ။ ခေတ်အလျောက် ပေါ်ထွက်လာတာကို တားဆီးတာထက် ဝေဖန်တာ ကောင်းမယ် ထင်ပါတယ် ။ ထွက်ကြပါစေ ။ သိုင်းဝတ္ထုတွေ များများ ထွက်ပေါ်ကြသလို တခြား စာကောင်း ပေကောင်းတွေ လည်း များများ ထွက်ရင် ကောင်းမယ် ။ ပန်းတိုင်းပွင့်ကြပါစေ ဆိုတာကို ကျွန်တော် သဘောကျတယ် ။ အရေအတွက် က အရည်အချင်း ကို လွှမ်းမိုးအောင် လုပ်တတ်တဲ့ သဘာဝကို သိထားရမယ်ပေါ့ဗျာ ။
အဆိပ်ပန်း ပါလာရင် ကျွန်တော်တို့ ဘာလုပ်ရမလဲ ။ ဆိုင်းဘုတ် ဆွဲပေးထားပေါ့ဗျာ ။ “သတိ အဆိပ်ပန်း ” လို့ -
ခေတ်စနစ် နဲ့ ကိုက်ညီမယ့် စာပေမျိုး ထွန်းကားအောင် ဘယ်လို ကြိုးပမ်းသင့်သလဲတဲ့ ၊ ကိုဝင်းငြိမ်း ကြိုးပမ်းဖို့လား ၊ ကိုဝင်းငြိမ်းတို့ မဂ္ဂဇင်းက ကြိုးပမ်းဖို့လား ၊ စာပေဝေဖန်ရေးသမားများ ကြိုးပမ်းဖို့လား ၊ စာပေလုပ်သားအဖွဲ့က ကြိုးပမ်းဖို့လား စသည်ဖြင့်ပေါ့ဗျာ ။ ခွဲခွဲခြားခြားတော့ မေးမထားဘူးကိုးဗျ ။ ဘယ်သူ့ အတွက်လဲ ၊ အားလုံးအတွက် ဖြေရမှာလား “
“ အားလုံးအတွက် ဆိုလိုတာပါ ”
“ နောက်ပြီး ကိုဝင်းငြိမ်း ရဲ့ စာပေမှတ်ကျောက် က “ ခေတ်စနစ်နဲ့ ကိုက်ညီရမယ် ” ဆိုတာ ဖြစ်ပုံရတယ် ။ ကျွန်တော့် စာပေမှတ်ကျောက် က “ အများပြည်သူအကျိုးနဲ့ ကိုက်ညီရမယ် ” ဖြစ်တယ် ”
“ နေဦး ဆရာ ၊ ကျွန်တော့် ကို စာပေမှတ်ကျောက်တွေ ဘာတွေနဲ့ အကြီးအကျယ် ပြောလိုက်တော့ တော်တော် ကြက်သီးထ သွားတယ် ။ ကျွန်တော် ဒီ မေးခွန်းကို မေးတာက ၈၂ ဇန်နဝါရီလ ထုတ် ၊ သောင်းပြောင်း မှာ ဆရာ က ခေတ်သစ် တစ်ခုကို တည်ထောင်တဲ့ ဘက်မှာ အထူးသဖြင့် ဆိုရှယ်လစ်ခေတ် ကို တည်ထောင်တဲ့ အခါမှာ လုပ်အားတန်ဖိုး ချစ်မြတ်နိုးရမယ့် အစား ကိုယ့် လုပ်အား ၊ ကိုယ့် အရည်အချင်းကို ယုံကြည်အားကိုးဖို့ မတိုက်တွန်းဘဲ ဗေဒင်တန်ဖိုး ချစ်မြတ်နိုးပါလို့ ပြောလို့ ကောင်းမတဲ့လား ။
ကျွန်တော့် အနေနဲ့ တခြား ဆိုရှယ်လစ် စာပေဝါဒ လက်ကိုင်ထားသူများ နည်းတူပဲ ဗေဒင် ၊ ယတြာ ၊ ကျိန်စာ ၊ လက်စားချေဝတ္ထုများကို ပြည်သူလူထု တိုးတက်ရေးလမ်း မှ ဆီးနှင်းမြူတိမ် သူရိန်မီးခိုး မှိုင်းတစ်မျိုး အဖြစ် ဖွင့်ချ ရှုတ်ချသွားရမှာပဲ ဖြစ်ပါတယ် ။ ကျွန်တော် ရှုတ်ချတဲ့ ဝတ္ထုတွေထဲမှာ သိုင်းဝတ္ထုတွေလည်း ပါတယ် ” ဆိုလို့ မေးလိုက်တာပါ ။ ထားပါတော့ ဆရာ ၊ စကား ဆက်လိုက်ကြရအောင် ”
“ ကျွန်တော် ကြိုးပမ်းမှာ ကို ပြောရရင် ကျွန်တော့် အနေနဲ့ ပြည်သူ ကို အကျိုးပြုတဲ့ စာတွေကို ဖော်ထုတ် ချီးကျူးပြီး ပြည်သူကို အကျိုး မပြုတဲ့ စာတွေကို ဖွင့်ချတိုက်သွားရမယ်လို့ ခံယူထားပါတယ် ။
ကိုဝင်းငြိမ်း တို့ မဂ္ဂဇင်း ဘယ်လို ကြိုးပမ်းရမလဲ ဆိုတာ အကြံပေးရရင် ရှည်မယ် ကိုဝင်းငြိမ်း ရဲ့ ။ အတိုဆုံး အကြံပေးရရင် ခင်ဗျားတို့ မဂ္ဂဇင်း အလုပ် ကို ကျွန်တော့် လက် လွှဲပေးလိုက်ဗျာ ။ ပြည်သူ ကို အကျိုးပြု မပြုတော့ မသိဘူး ။ မကြာခင် ပြုတ်မှာ သေချာတယ် ”
“ ဒါတော့ သည်းခံပါ ဆရာရယ် ”
“ ကဲ ... ဒါက ရယ်စရာလို့ပဲ သဘောထားပါဗျာ ။ အတည် ပြောရရင် ခင်ဗျားတို့ မဂ္ဂဇင်းမှာ အသုံးပြုနေတဲ့ စာမူတွေ ဟာ ခေတ်စနစ် နဲ့ ညီတယ်လို့ ယူဆလို့ ထည့်တာပဲလားလို့ ဆိုတဲ့ ပထမမေးခွန်းကို ခင်ဗျားတို့ ဘာသာ ခင်ဗျားတို့ အရင် ဖြေကြည့်ပါလို့ အကြံပေး ပါရစေ ။
ဒုတိယမေးခွန်း တစ်ခု မေးချင်တာက ခု ... ခင်ဗျား တွေ့တဲ့ မောင်စွမ်းရည် အပါအဝင်ပေါ့လေ ။ မင်းသိင်္ခ ၊ နွမ်ဂျာသိုင်း ၊ ငြိမ်းကျော် ၊ နတ်နွယ် အစရှိတဲ့ ခင်ဗျားတို့ မဂ္ဂဇင်း က တွေ့ဆုံဖော်ပြပေးခဲ့တဲ့ စာရေးဆရာတွေကို စာဖတ်ပရိသတ်နဲ့ မိတ်ဆက်ပေးတာဟာ ခေတ်စနစ် နဲ့ ကိုက်ညီတယ်လို့ ခင်ဗျား ယူဆလို့ လား ဆိုတဲ့ အချက်ပဲ ။ အဲဒါလေး အရင် “ ကြိုးပမ်း ” ဖြေကြည့်ပါဦးဗျာ ”
“ ဆရာက တွေ့ဆုံခန်း လုပ်တဲ့ လူကို ပြန်ပြီး မေးခွန်းထုတ်နေတော့ ဝင်းငြိမ်း က မောင်စွမ်းရည် ကို တွေ့ဆုံ ပေးနေရာက မောင်စွမ်းရည် က ဝင်းငြိမ်း ကို တွေ့ဆုံပေးသလို ဖြစ်နေပြီ ။ ဆရာ မေးခွန်း နှစ်ခု မေးသွားတဲ့ အထဲက ပထမ မေးခွန်းကတော့ ကျွန်တော် နဲ့ မသက်ဆိုင်တဲ့ အတွက် မဖြေတော့ပါဘူး ။ ကျွန်တော် က ပေဖူးလွှာ ရဲ့ ဆောင်းပါးရှင်သာ ဖြစ်ပါတယ် ။ စာတည်းအဖွဲ့ဝင် မဟုတ်ပါဘူး ။ ဒီတော့ သူတို့ ကိုယ်စား ကျွန်တော် ဖြေရရင် တရားမဝင်ဘူးပေါ့ ။ တစ်ခုတော့ ရှိပါတယ် ဆရာ ၊ တကယ်လို့ ဆရာ သာ စာတည်းချုပ် ၊ ဒါမှမဟုတ် စာတည်းအဖွဲ့ဝင် ဖြစ်ရင်တော့ ဘယ်လို ရွေးမလဲ ဆရာ ၊ ဆရာ စောစောက ပြောသလို ဆရာ့လက် အပ်လိုက်ပါပြီတဲ့ ။ ဒီ မဂ္ဂဇင်း နောက်ထပ် နှစ်ပတ်လည် ထွက်စရာ ရှိမှာ မဟုတ်တော့ဘူး လို့ ထင် ပါတယ် ။ ထားပါတော့ ဆရာ ၊ ကျွန်တော့် ကဏ္ဍ နဲ့ ပတ်သက်တာပဲ ပြောကြရအောင် ။
ကျွန်တော် တွေ့ဆုံ မိတ်ဆက်ပေးတာဟာ ခေတ်စနစ် နဲ့ ကိုက်ညီလို့လားလို့ ဆရာ က မေးထားတယ် ။ ဆရာ့ စကားနဲ့ပဲ ပြန်ပြောရရင် သူတို့ ခေတ် မို့ သူတို့နဲ့ မိတ်ဆက်ပေးတာပဲဆရာ ။ ခေတ်နဲ့ ညီတယ်လို့ ပြောရမှာ ပေါ့ ။ စာဖတ်ပရိသတ် အများစု စိတ်ဝင်စားတဲ့ သူကို ကျွန်တော်က တွေ့ဆုံပေးထားတယ် ။ အခု ဆရာ့ ကို တွေ့တာကလည်း စာဖတ်သူတွေ စိတ်ဝင်စားမှု ရှိလို့ တွေ့တာပဲ ။ တကယ်လို့ ဆရာ သာ စာဖတ်သူ အများစု စိတ်မဝင်စားတဲ့သူ ဆိုရင် ခုလို ကျွန်တော် တကူးတက လာတွေ့စရာ မလိုဘူး ထင်ပါတယ် ”
“ ကျေးဇူးတင်ပါတယ်ဗျာ ”
“ ဒါက ဆရာ က ကျွန်တော့် ကို ကြိုးပမ်းဖြေကြည့်စမ်းပါ ဆိုလို့ ဖြေကြည့်တာပါ ။ တကယ်တမ်း ကျွန်တော့် သဘော ပြောရရင် ဒီ တွေ့ဆုံပေးခြင်းကဏ္ဍမှာ ကျွန်တော် ဖော်ပြပေးချင်တာက တွေ့ဆုံပေးခြင်း ခံရသူရဲ့ အာဘော် သက်သက်ပါ ။ ကျွန်တော့် အာဘော် မပါချင်ဘူး ။ ခု ဆရာက မေးနေပြန်တော့ မဖြေပြန်ရင် ကျွန်တော့် ဘက်က လိုသွားမယ်လေ ။ ကဲ ... ဆက်လိုက်ကြရအောင် ဆရာ ။
နောက်ထပ် ကျွန်တော် မေးချင်တဲ့ မေးခွန်းကတော့ “ ဝတ္ထု ” အနိမ့်ဆုံး တာဝန် က ဘာဖြစ်ပြီး အမြင့်ဆုံး တာဝန် က ဘာဖြစ်သင့်ပါသလဲ ဆရာ ”
“ ဝတ္ထု ရဲ့အနိမ့်ဆုံး တာဝန် က ဖျော်ဖြေဖို့ပါပဲ ။ အမြင့်ဆုံး တာဝန် က တော့ ပြည်သူလူထု အများစုကို အများဆုံး အကျိုးပြုဖို့ပါပဲ ။ ဝတ္ထု ထုတ်ဝေသူ ကတော့ ပြည်သူလူထု အများစု ထဲ မှာ သူလည်း ပါချင်မှာပေါ့ လေ ”
“ ဝတ္ထုတို လောကမှာ အမျိုးသမီး စာရေးဆရာတွေက ဦးဆောင် နေတာ တွေ့ရပါတယ် ။ ဘာကြောင့်လို့ ဆရာ ယူဆပါသလဲ ”
“ ဝတ္ထု လောကမှာ အမျိုးသမီးတွေ ရေးတဲ့ ဝတ္ထုတွေ အထွက် များနေတယ်လို့သာ ပြောလို့ရပါမယ် ။ ခု လောလောဆယ်မှာ ဘယ် အမျိုးသမီး မှ ဝတ္ထုလောကကို ရှေ့ဆောင်မှု မပေးနိုင်သေးပါဘူး ။ မလွှမ်းမိုး နိုင်ပါဘူး ။ အရင် အမျိုးသမီး ဝတ္ထုရေးဆရာတွေ ထက် အရေအတွက် ရော ၊ ဝတ္ထုရေးသားမှု အရည်အချင်း ပါ သာလွန်လာပေမယ့် အမျိုးသားစာရေးဆရာ တွေကို ကျော်လွှား လွှမ်းမိုးသွားဖို့ အလားအလာ ရှိတဲ့ အမျိုးသမီးတော့ မမြင်သေးပါဘူး ။ တချို့ အမျိုးသားတွေ ထက် သာတာတော့ ရှိတာပေါ့ဗျာ ။ ဥပမာ - ကျွန်တော် နဲ့ ကိုဝင်းငြိမ်း ထက် သာကြတယ်ဗျ ။ ဒါထက် ခင်ဗျား ဝတ္ထု ရေးဖူးရဲ့လား ”
“ ဒီက ပြန်ရင်တော့ စာတည်းချုပ် ကို ဝင် တွေ့ပြီး ပြောပြလိုက်ပါ့မယ် ။ ဆရာ မောင်စွမ်းရည် ကို ဝင်းငြိမ်း နဲ့ တွေ့ဆုံပေးခြင်း တစ်ပုဒ်လောက် ရေးခိုင်းပေးပါလို့ ။ ဆရာ က ကျွန်တော့်ကို ချည်း တန်ပြန်မေးခွန်း ထုတ်နေ တာကိုး ”
“ ပဋိပုစ္ဆာ ဗျာကရဏ လို့ ဆိုပါစို့ဗျာ ။ မေးသူ ကို ပြန် မေးခြင်းဖြင့် ဖြေပြီးရာကျမလားလို့ပါ ”
“ ဆရာ စိတ်ကျေနပ်အောင် ဖြေရရင် ကျွန်တော် ဝတ္ထု မရေးဖူးပါဘူး ။ ဒါပေမဲ့ ဝတ္ထု ဖတ်တာကတော့ ကျွန်တော့် အသက် ဆယ်နှစ်သား မရှိတရှိလောက်ကတည်းက စဖတ်ခဲ့ပါတယ် ။ ဒါကြောင့် ကျွန်တော့် ဘက်က ဆရာ့လို စာပေဝေဖန်ရေး လုပ်နိုင်တဲ့ အဆင့် မရှိသည့် တိုင်အောင် စာပေ အပေါ် သုံးသပ် နိုင်လောက်တဲ့ အထိတော့ ရှိတယ်လို့ ထင်ပါတယ် ။ တစ်ယောက်ချင်း အပေါ် ဂရုတစိုက် ဖတ်ရတော့ ကျွန်တော် တွေ့ရမယ့် စာရေးဆရာရဲ့ ရေးဟန် ၊ ဦးတည်ချက် တို့ကို မိအောင် ဖမ်းရတဲ့ အလေ့အကျင့် ပို ရလာပါတယ် ။ ဒါဆို ဆရာ ကျေနပ်လောက်ပြီ ထင်ပါတယ် ။ ကျွန်တော် က ဆရာ့ကို ဆက်မေးပါရစေ ။
“ ညီမလေး က အချစ် ကို ကိုးကွယ်သတဲ့လား ” ကို ဝေဖန်တုန်းက အချစ်ဝတ္ထုတွေနဲ့ ပတ်သက်ပြီး တော်တော် ရေးသွားပါတယ် ။ ကျွန်တော့် အမြင်မှာ ဒီနေ့ အချစ်ဝတ္ထု တချို့ဟာ အချစ် ကို ဖော်ကျူးတာထက် “ ရာဂ ” နိုးကြွအောင် ဖော်ဆောင် နေတာတွေက များတယ်လို့ ထင်ပါတယ် ။ ဆရာ ဘယ်လို မြင်ပါသလဲ ”
“ အချစ်ဝတ္ထုရေးဆရာ ထဲ မှာ ရာဂ နိုးကြွအောင် ရေးသူ တစ်ဦးစ ၊ နှစ်ဦးစ ပဲ ရှိပါတယ် ။ ဝါ နုတဲ့ စာဖတ် ပရိသတ်ကို ဆွဲဆောင်ရာမှာ ဒီနည်းဟာ အလွယ်ဆုံး နဲ့ အောက်တန်းအကျဆုံး နည်းပေကိုးဗျ ။
အဲဒီ ဝတ္ထုမျိုး တွေကို “ ညစ်ညမ်း အချစ်ဝတ္ထု ” ၊ “ ရာဂနှိုးဝတ္ထု ” စသည်ဖြင့် ခေါ်ချင်သလို ခေါ်ပေတော့ဗျာ ။ “ အပြာဝတ္ထု ” လို့ တော့ဖြင့် မခေါ်နိုင်လောက်သေးဘူး ထင်တယ် ။ “ အပြာနုဝတ္ထု ” လို့ ခေါ်ရင်လည်း ရမှာပဲဗျ ။ ကိုဝင်းငြိမ်း အနေနဲ့ ဒါမျိုးတွေကို မကြိုက်ဘူး ဆိုရင် သူတို့ ကို အင်တာဗျူး လုပ်ပြီး ဆွေးနွေး ဝေဖန်ပါ လားလို့ အကြံပေးချင်ပါတယ် ”
“ ကျွန်တော့်ဘက်က ရှင်းပါတယ် ။ ဒါမျိုး ရေးတဲ့သူမျိုး ကျွန်တော့် ကဏ္ဍမှာ အရင် ကလည်း မပါခဲ့ဘူး ။ အခုလည်း မပါဘူး ။ နောင်လည်း မပါစေရပါဘူး ။ နောက် တစ်ခု ဆက်ရအောင် ဆရာ ။ ဝတ္ထုသစ် ဆိုတာ ဘာလဲ ဆရာ ။ ဆရာ့ ဝေဖန်ချက် ဆောင်းပါး တစ်ခုမှာ “ ငါ ” ဝတ္ထု 1st person အနေအထားနဲ့ ရေးတာကို ဝတ္ထုသစ်လို့ ဆိုလိုဟန် ရှိကြောင်း ရေးထားတာ တွေ့ရပါတယ် ။ သိပ္ပံမောင်ဝ တို့ ခေတ် ကလည်း 1st person နဲ့ ရေးခဲ့ တာတွေ ရှိဖူးတာပဲ မဟုတ်လား ။ အခုမှ ဒီ ပုံစံကို ဝတ္ထုသစ် ဆိုရင် ဟုတ်နိုင်ပါ့မလား ”
“ ဝတ္ထုသစ် ဆိုတာ အတွေးသစ် ၊ အရေးသစ်တဲ့ ဝတ္ထု ကို ယေဘုယျအားဖြင့် ဆိုလိုပါတယ် ။ 1st person ( ပြောသူနာမ်စား ) နဲ့ ရေးတိုင်းလည်း “ အိုင် - နော်ဗယ် ” ဝတ္ထုသစ် မခေါ်ပါဘူး ။ သိပ္ပံမောင်ဝ ထက် စောတဲ့ ခေတ်တွေ ကတည်းက ပြောသူ နာမ်စားနဲ့ ရေးခဲ့တာတွေ အများကြီး ရှိပါတယ် ။ ဥပမာ - ရွှေဥဒေါင်း က “ ကျွန်ုပ်သည် တစ်နေ့သ၌ ... ” လို့ အစချီပြီး ရေးခဲ့တာတွေ ရှိတာပေါ့ ။
ဒါပေမဲ့ ရှေးက ဝတ္ထုတွေ မှာ အဖြစ်အပျက် ( ဖြစ်စဉ်ဇာတ်လမ်း ) ကို “ ငါ ” က ပြောတာ ဖြစ်တယ် ။ ခုခေတ်မှာ ကျတော့ ဇာတ်လမ်း အဖြစ်အပျက် ပဓာန မဟုတ်ဘူး ။ ခေတ်လူမှုရေးဘဝ နဲ့ ခေတ်ခံစားမှု ၊ စိတ်အမူအရာကို ကိုယ်စားပြု ဖော်ကျူးနိုင်တဲ့ အရေးအဖွဲ့က ပဓာန ဖြစ်လာတယ် ။ အဲသလို အဟောင်း နဲ့ မတူလို့ အသစ်လို့ ခေါ်တာပါပဲ ”
“ ကဗျာဘက် ဆက်လိုက်ကြရအောင် ၊ “ ကဗျာ ” ဆိုတဲ့ ဝေါဟာရ ကို ဆရာ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုမလဲ ”
“ ကဗျာ ဆိုတာ ဘာသာစကား ရဲ့ အညွန့်အဖူး ဖြစ်တယ် ။ ကဗျာဆရာ တစ်ယောက် ရဲ့ အတွေ့အကြုံထဲက ရရှိလာတဲ့ ခံစားမှုတစ်ခု ကို အကောင်းဆုံး စိတ်ကူး ၊ အကောင်းဆုံး စကားလုံးတွေနဲ့ အကောင်းဆုံး အသံ ပေါ်ထွက်လာအောင် စီစဉ်ဖော်ကျူး ရေးဖွဲ့ထားတဲ့ စာပေပုံသဏ္ဍာန် တစ်မျိုး ကို ကဗျာ လို့ ခေါ်ပါတယ် ။ ရှေးကတော့ “ ကဗျံဗန္ဓတီတိကဝိ ” တဲ့ ။ “ ကဝိနံအယံကဗျာ ” တဲ့ ”
“ ဆရာ ကဗျာ တစ်ပုဒ် စာတစ်ပုဒ်ကို ဝေဖန်ရာမှာ အကြောင်းအရာ အချက်အလက်ကို အဓိက ထားသလား ၊ အရေးအသား ကို အဓိကထားပါသလား ”
“ အကြောင်းအရာ အရရော ၊ အရေးအသား ပါ နှစ်ခုလုံး အရေးထားပါတယ် ။ “ ဖန်ပြာခွက် နဲ့ ကျောက်စက်ရေ ” လို့ ဆရာဇော်ဂျီ အမိန့်ရှိတာ ကို သဘောကျပါတယ် ”
“ ၁၉၇ဝ ပြည့်နှစ် ၊ နိုဝင်ဘာလ က မန္တလေး က ထုတ်တဲ့ “ စာပေလုပ်သား အင်အားသစ် ” မှာ ဆရာ က စာတမ်းတစ်စောင် ရေးထားတယ် ။ ကဗျာကို လေ့လာရင် အလင်္ကာတွေ ကို ခွဲခွဲဖြုတ်ထုတ် လေ့လာတဲ့ အလုပ်ကို စွန့်လွှတ်စ ပြုလာပြီ ။ ဒါဟာ ကဗျာ လေ့လာရေး နည်းမှန် ဖြစ်ဖို့ လှုပ်ရှားလာတာပဲ ဖြစ်တယ်လို့ ဆို ထားပါတယ် ။ ဒါပေမဲ့ တကယ် ဝေဖန်တဲ့ နေရာမှာ ကျတော့ လုံးချင်းကောက်ပြီး ဝေဖန်တာ တွေ့ ရပါတယ် ။ ဆရာ့ စာတမ်း နဲ့ လက်တွေ့ လေ့လာချက် မညီသလို ဖြစ်မနေဘူးလား ”
“ ကျွန်တော့ စာတမ်း နဲ့ ကျွန်တော့် လေ့လာချက် မညီ သလို ဖြစ်နေတယ်လို့ ပြောနိုင်တဲ့ အခါ ရှိကောင်း ရှိပါလိမ့်မယ် ။ ဒါပေမဲ့ ခု ခင်ဗျား ပြောတာဟာ ကျွန်တော့် စာကို ကောင်းကောင်း မဖတ်ဘဲ ပြောတဲ့ လူတွေ ၊ ဒါမှ မဟုတ် ကျွန်တော့် စာကို လက်တစ်လုံးခြား လမ်းလွှဲပြီး ကျွန်တော့် အလုပ်ကို မရှုဆိတ်တဲ့ စိတ်ဓာတ်နဲ့ အိုးမဲ သုတ် လိုသူတွေ ပြောတဲ့ စကားကို ခင်ဗျား ကြားဖူးလို့ ဖြစ်မယ် ။ နောက်ကြောင်း ရာဇဝင်လေး ရှိခဲ့လို့ပါ ။ ခုကိစ္စ ကျွန်တော် ပြောရင် ပြောတဲ့ အတိုင်း လုပ်ဖို့ ခဲယဉ်းတဲ့ ကိစ္စလည်း မဟုတ် ၊ မယုံကြည်ဘဲ ပြောတာလည်း မဟုတ်ဘူးဗျ ။ ဒါကို သူတို့ သိပါတယ် ။
ဒီ ကိစ္စကို ခင်ဗျားက နမူနာထုတ်ပြ မထားတော့ ကျွန်တော် ကပဲ နမူနာ ထုတ်ပြရဦးမယ် ။ ကျွန်တော် တစ်ခါက “ ခွဲခွဲဖြုတ်ထုတ် ” ဝေဖန်တာ တစ်ခု လုပ်ဖူးတယ် ဆိုပါတော့ ။ ဒါပေမဲ့ အဲဒါ ကဗျာရသ ဝေဖန်ပြတဲ့ နေရာမှာ မဟုတ်ဘူးဗျ ။
ကဗျာ ဆိုတာ ဘာသာစကားရဲ့ အညွန့်အဖူး ဖြစ်တယ်ရယ် လို့ စောစောက ပြောခဲ့ပါကောလား ။ ဘာသာစကား သုံးနှုန်းတာ မမှန်တဲ့ ကဗျာ တစ်ပုဒ်ကို ကျုပ် ကတော့ ကဗျာကောင်း တစ်ပုဒ် အဖြစ် မခေါ်ချင်ဘူးလို့ “ ချဲ ” ခဲ့တဲ့ ကိစ္စပါဗျာ ။
ခင်ဗျား စဉ်းစားကြည့်ဗျာ ။ အမျိုးသမီး တစ်ယောက် ရဲ့ အလှကို ဖွဲ့ရာမှာ ရှေးစာဆိုများက “ တင့်တယ်စေမှု ၊ သိကြားထုသို့ ” ၊ “တင့်တယ်စေမှု ၊ ပန်းပုထုသို့ ” ဆိုတာမျိုး ဖွဲ့ခဲ့တယ် မဟုတ်လား ။
အဲဒါကို ခုခေတ် ကဗျာဆရာ အကျော် တစ်ဦး က “ ပန်းပွတ်ထုသို့ ” လို့ ရေးစပ်ထားသဗျ ။ “ပန်းဆယ်မျိုး ” ဆိုတာ ခင်ဗျားလည်း သိပါတယ် ။ “ ပန်းပွတ် ” က “ မထု ” ရဘူး မဟုတ်လား ။ နောက် တစ်ယောက် ကလည်း ပုရွက်ဆိတ် က ဆန်စေ့ ကို “ ထမ်းယူပွေ့လျက် ” လို့ ရေးစပ်ထားသဗျာ ။ “ ထမ်း ” တယ် ဆိုတာက ပခုံး ပေါ် မှာ ၊ “ ပွေ့ ” တယ် ဆိုတာက ကိုယ့် ရှေ့ဘက်မှာ ။ “ ထမ်း ” တာနဲ့ “ ပွေ့ ” တာ တစ်ပြိုင်တည်း လုပ်လို့ မရဘူး မဟုတ်လားဗျာ ။ အဲဒါ ဘာ အလင်္ကာ မှလဲ မဟုတ်ဘူး ။ ဘယ်လိုမှလဲ အဓိပ္ပာယ် ထူးခြားပြောင်မြောက် မသွားဘူးဗျ ။ ဒါဟာ “ မှား ” ရေးတာ သက်သက်ပဲ ဆိုတဲ့ အကြောင်း “ ခွဲခွဲဖြုတ်ထုတ် ” ပြခဲ့တဲ့ ကိစ္စပါ ။ အလင်္ကာ ဝေဖန်ရေးတောင် မရောက်သေးဘူး ။ ကဗျာ တောင်မှ ပီပီသသ မဖြစ်သေးဘူး လို့ ပြောတာပဲ ရှိပါသေးတယ် ။ “ အရွယ်ပျို ” က ဆို တော့ “ မဆိုစလောက် ၊ မာန်စောင်မြောက် ” ခဲ့တာကိုး ။ အားမနာတတ်တဲ့ အရွယ် ကပေါ့ ။ ဒါပေမဲ့ ခုထိ ကျွန်တော် ပြောနိုင် တာကတော့ အဲ့ဒီ ကိစ္စတုန်း ကလည်း ကျွန်တော်ဟာ “ စာတမ်း ” နဲ့ “ လေ့လာချက် ” ၊ “ အပြော ” နဲ့ “ အလုပ် ” တခြားစီ မဖြစ်ခဲ့ဘူးဆိုတဲ့ အချက်ပဲ ။
နောက်တစ်ချက်က သူတို့ ဘာပြောပြော ကိုယ် မှန်တယ် ထင်လို့ ၊ ယုံကြည်လို့ ဒီနေ့ ထိ လည်း “ နောက်မတွန့်ဘူး ” ဆိုတာကိုလည်း သိစေချင်ပါသဗျာ ”
“ ကာရန်မဲ့ကဗျာကို ဆရာ လက်ခံပါသလား ”
“ ဘာကဗျာ ဖြစ်ဖြစ် ကောင်းရင် လက်ခံပါတယ် ”
“ ခုတစ်လော ရှုမဝမဂ္ဂဇင်း မှာ ဆရာမင်းသုဝဏ် ရေးနေတဲ့ ပုံပြင်ကလေးတွေကို ဆရာ ဖတ်မိမယ် ထင် ပါတယ် ။ ဆရာကြီး ရေးနေတဲ့ ပုံစံဟာ ကာရန်မဲ့ကဗျာပုံစံမှာ အကျုံးဝင်သလား ၊ ကာရန်မဲ့ မှာ သတ်မှတ် ထားတဲ့ ပုံစံမျိုး ရှိပါသလား ”
“ ဆရာမင်းသုဝဏ် ရဲ့ စာ အကြောင်း ဆရာမင်းသုဝဏ် ကို ပဲ မေးဖို့ ကောင်းတယ်ဗျ ။ ကျွန်တော် ခုနေခါမှာ ခင်ဗျား တို့ကို အကြံပေးခွင့် ရှိနေတယ်လို့ အောက်မေ့လို့ အခွင့်အရေး ယူပြီး အကြံပေးပါရစေ ။ ဒီကိစ္စမျိုး မှာ ဆရာကြီးတွေ ကိုပဲ တိုက်ရိုက် ချဉ်းကပ် မေးဖို့ မကောင်းပါလား ၊ ကျွန်တော်တို့လည်း ဆရာကြီး မင်းသုဝဏ် ရဲ့ အဖြေ စကားကို ကြားချင်ပါတယ် ။ ကျွန်တော်တို့ ကတော့ ဆရာကြီး ရဲ့ ကဗျာတပည့် ၊ စာတပည့်တွေပါဗျာ ။
ခင်ဗျား မေးလာလို့မှတော့ ကျုပ်က ဖြေလိုက်ရဦးမယ် ။ ကဗျာ ဟုတ် ၊ မဟုတ် ဆိုတာ ကာရန်မဲ့ ၊ ကာရန်ရှိ ဆိုတဲ့ အချက်နဲ့သာ ဆုံးဖြတ်လို့ မရဘူး မဟုတ်လား ။ ကဗျာ စိတ်ကူးကောင်း ၊ မကောင်း နဲ့ ကဗျာ စိတ်ကူး ကို ပေါ်လွင်အောင် ဖွဲ့ဆိုဖော်ကျူးနိုင်မှု ရှိ ၊ မရှိ ဆိုတာကို အဓိက ထား ကြည့်ရမှာပေါ့ ။
အမှန်ကတော့ ဆရာ ဒီလို လုပ်ထားတာတော့ ဒီ ဇာတက ပုံပြင်လေးတွေ ကို ကလေးတွေ အဖြတ် ၊ အရပ် မှန်အောင် လွယ်လွယ်နဲ့ ဖတ်နိုင်ဖို့ စီစဉ်ပေးတဲ့ သဘောပဲ ဖြစ်မယ် ထင်ပါတယ် ။
“ ပုံစံ ” အနေနဲ့ ခင်ဗျား မေးတာကို ကွက်ပြီး ဖြေရမယ် ဆိုရင် ဆရာ လုပ်ထားတာ “ ကဗျာပုံစံ ” လို့ ကျွန်တော် ဖြေချင်ပါတယ် ။ ဆရာ့ စာ လည်း ကာရန် မပါပေမယ့် စကားပြော သံစဉ် အင်မတန် ကောင်းပါတယ် ။ ခင်ဗျား အသံထုတ် ဖတ်ကြည့်ပါ ။
ကဗျာစည်းကမ်း အတိအကျ ဆိုတာကတော့ ခု ခေတ် မှာ မရှိတော့ပါဘူး ။ ကာရန်မဲ့ ကဗျာ နဲ့ ကာရန်ရှိ ကဗျာ မှာ သာမက ဘယ်ကဗျာ မှ တိကျတဲ့ သတ်မှတ်ချက်တွေ မရှိတော့ပါဘူး ။ ကျွန်တော် လက်လှမ်းမီ သလောက် တွေ့ဖူးတဲ့ တခြား နိုင်ငံ ၊ တခြား ဘာသာစကားတွေ ၊ ကဗျာတွေ မှာလည်း ဒီလိုပါပဲ ။ ကျွန်တော် တို့ မြန်မာကဗျာ ပုံစံမှာ ကျွန်တော်တို့ ဘာသာစကား ရဲ့ သဘာဝကြောင့် ကာရန် အနေအထားကို အခြေပြုပြီး ကဗျာပုံစံများ သတ်မှတ်ထားခဲ့ကြတယ် ။ အင်္ဂလိပ်ဘာသာစကား ၊ ပါဠိဘာသာစကား တို့ မှာတော့ မတြာ ( မီတာ ) အနေအထား ကို အခြေပြုပြီး ကဗျာပုံစံများကို သတ်မှတ်ခဲ့ကြတယ် ။ ဘာနဲ့ပဲ သတ်မှတ်ခဲ့ ၊ သတ်မှတ်ခဲ့ ခေတ်ကဗျာ တွေမှာ ဆိုရင် စည်းကမ်း တိကျ တင်းကျပ်မှု မရှိတော့ပါဘူး ။ လေးချိုး ၊ တေးထပ် ၊ ဘောလယ် ၊ တျာချင်း ၊ ကာချင်း ဆိုတာတွေ မရှိတော့ပါဘူး ။ ရှိသလောက်ကလည်း မလွှမ်းမိုး နိုင်တော့ပါဘူး ။
ခုခေတ် ကဗျာဆရာတွေ ဒါတွေ မရေးတတ်ကြတော့လို့လားလို့ မေးစရာ ရှိပါတယ် ။ သင်ယူ လေ့ကျင့် လိုက်ရင် အလွယ်နဲ့ ရေးစပ်နိုင်ပါတယ် ။ စပ်နည်း လေ့ကျင့်ရတာ ရသ ခံစားဖို့ နဲ့ စိတ်ကူးကောင်း ရဖို့ လေ့ကျင့် အားထုတ်ရသလောက် အချိန် မယူရပါဘူး ။ ဒါပေမဲ့ လေးချိုး ဆိုရင် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ရဲ့ အသံ ကို မလွှမ်းမိုးနိုင်တော့ဘူး ။ တေးထပ် ဆိုရင် ဦးပုည တို့ ၊ လယ်တီပဏ္ဍိတ ဦးမောင်ကြီး တို့က လက်ကုန်နှိုက် အသုံး ချခဲ့ကြပြီ ။ နောက်ပြီး ခေတ်ရဲ့ ရင်ခုန်သံ ကလည်း အေးလေးငြိမ့်ညောင်းတဲ့ အသံ မဟုတ်တော့ဘူး ။ ဒီတော့ ရှေးက ပုံစံတွေနဲ့ မဖြစ်တော့ဘူး ။
ပုံစံ စည်းကမ်း တိကျတင်းကျပ်မှု မရှိတော့ရင် ပုံသဏ္ဍာန် မှာ ဘာကို အခြေခံသလဲ ။ ရှေးရိုးကဗျာ အစွဲသန်သန် နဲ့ ကြီးပြင်းလာတဲ့ ကဗျာဆရာ တချို့ က “ အလင်္ကာသွား ” ၊ “ အချိုးသွား ” နဲ့ “ မေတ္တာစာသွား ” တို့ကို အခြေခံ ထားကြတယ် ။ ကာရန် အစီအစဉ် မှာ အခုန်အကျော် ၊ အထပ်အကွန့်တွေ သင့်သလို အသုံးချ သွားတယ် ။ စာကြောင်း အတိုအရှည် ၊ စာပုဒ် အတိုအရှည် လိုအပ်သလို အသုံးချ သွားတယ် ။ လက်တွေ့မှာ ဖြစ်လည်း ဖြစ်နေတယ် ။ ရှေးရိုးကဗျာ အခြေ ခံနည်းသူများ ကတော့ ကာရန်မဲ့ကဗျာ ကို အသုံးချလေ့ ရှိကြတယ် ။ သူတို့ အနေနဲ့ ဘာသာစကား ကျွမ်းကျင်နိုင်နင်းမှု နည်းနေသေးလို့ စကားပြောသံစဉ် ရဲ့ ခွန်အား ကို အသုံးမချတတ်တဲ့ အတွက် ကြိုးစားကြသလောက် အောင်မြင်မှု မရှိသေးတာကို တွေ့ရ ပါတယ် ။
ဒါ ကျွန်တော့် အမြင် ပြောတာပြပါ ။ ဒီ ကိစ္စမျိုးတွေမှာ ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် ၊ ဆရာတာရာ တို့ ရဲ့ အမြင် ၊ မင်းယုဝေ ၊ ဒေါင်းနွယ်ဆွေ တို့ရဲ့ အမြင်တွေ ကိုလည်း လူငယ် ကဗျာသမားတွေ သိချင်ကြမှာပဲ ။ ကျွန်တော် လည်း သိချင်တာပဲ ။ ကိုဝင်းငြိမ်း က လူငယ်ထုကို ကိုယ်စားပြုပြီး မေးမြန်းဆွေးနွေး ပေးရင် သိပ် ကောင်းမှာပေါ့ဗျာ ။ ကျွန်တော် ခင်ဗျားကို ပြန်မေးတာတွေ ၊ တောင်းဆိုတာတွေ များသွားပြန်ပြီ ။ ဆောရီး ပါဗျာ ”
“ ဝေဖန်ရေးသမားတွေ ဟာ မကောင်းမြင်ဝါဒ နဲ့ ကြည့်ကြတဲ့သူတွေလို့ အဝေဖန်ခံရတဲ့ အနုပညာရှင်တွေက ဆိုကြတယ် ။ ဆရာ ဘယ်လို မြင်ပါသလဲ ”
“ တကယ်တော့ ဝေဖန်ရေးသမားရဲ့ တာဝန် ဟာ ကောင်းတာကိုလည်း ကောင်းတယ် ၊ မကောင်းတာကိုလည်း မကောင်းဘူးလို့ အကျိုးအကြောင်း နဲ့ ပြောပြရတာပဲ မဟုတ်လား ။ တချို့ ဝေဖန်သူများက ကိုယ့် အားနည်းချက်ကို ဖုံးကွယ်ချင်လို့ ဝေဖန်သူ ကို နာမည် နဲ့ တပ်ပေးဖို့ ကြိုးစားတတ်ကြတယ် ။ အကျိုး အကြောင်း နဲ့ ပြန် ရှင်းနိုင်ရင် ရှင်းပေါ့ ၊ မရှင်းနိုင်ရင်တော့ စာဖတ်ပရိသတ် ကလည်း စာတတ်တဲ့ စာဖတ်ပရိသတ် ပဲဗျာ ။ ဘယ်သူက ဘယ်လို ဆိုတာ သဘောပေါက်မှာပါ ။ စာဖတ်ပရိသတ်ကို ယုံကြည်ပါတယ် ”
“ ဆရာက ဝတ္ထု တစ်ပုဒ်ကို ညံ့ကြောင်း ဝေဖန်လိုက်ပြီး နောက် တစ်လ မှာ ဝတ္ထု ကို ဖတ်ပြီး အနုပညာ အရသာ ခံစားရလွန်းလို့ အိပ်လို့တောင် မပျော်နိုင်ဘူးလို့ စာရေးဆရာမကြီး တစ်ယောက်က ရေးတယ် ။ ဝေဖန်သူ နဲ့ တခြား အနုပညာရှင် တစ်ယောက် အမြင်ချင်း ဒါလောက် ကွာဟမှု ရှိနိုင်ပါသလား ”
“ ဒါမျိုးလည်း ရှိနိုင်ပါတယ် ။ ဖြစ်လည်း ဖြစ်တတ်ပါတယ် ။ ဝေဖန်သူက ခံစားမှုကို အဓိက ထားပြီး ဝေဖန်နေတာ မဟုတ်ပါဘူး ။ စာပေသမိုင်း ၊ စာပေသဘောတရား ၊ နိုင်ငံရေး သဘောတရား စသည်တို့ကို အခြေပြုပြီး ဝေဖန်နေတာပါ ။ စာဖတ်သူ ဆိုတာ ကတော့ အများအားဖြင့် ခံစားမှုကို အခြေခံပြီး ပြောလေ့ ရှိတာ မဟုတ်လား ။
ဝေဖန်သူ ကလည်း ပြောဖို့ လိုရင် ခံစားမှုကို ထည့် ပြောတတ်ပါတယ် ။ ဒါပေမဲ့ ခံစားမှု ဆိုတာကတော့ ပုဂ္ဂလိက ခံစားမှု ဓာတ်ခံ ကွာဟမှု ရှိသလောက် ခံစားမှု အနိမ့်အမြင့် ကွာခြားမှုလည်း ရှိနိုင်ပါတယ် ။
ဝေဖန်သူချင်း မှာလည်း စာပေခံယူချက် ၊ စာပေခံစားချက်ချင်း မတူရင် ဝတ္ထုတစ်ပုဒ် တည်းကိုပဲ ဝေဖန်ရာမှာ အမြင်ချင်း မတူတတ်ကြပါဘူး ”
“ ဒီနေ့ မဂ္ဂဇင်း တွေမှာ ပါတဲ့ ကဗျာတွေ အပေါ်မှာ ဆရာ ဘယ်လို မြင်ပါသလဲ ”
“ ဒီနေ့ မဂ္ဂဇင်း ကဗျာတွေ ဟာ ပုံသဏ္ဍာန် စမ်းသပ်နေကြတယ်လို့ မြင်ပါတယ် ။ အင်္ဂလိပ်ကဗျာကို ဘာသာပြန်တဲ့အခါ မောင်သာနိုး က တစ်ကြောင်းချင်း ယှဉ်ပြီး ပြန်ပြထားပါတယ် ။ သူ အဆင်ပြေသလို စာလုံးများ ကို ဖြတ်တောက်ထားပါတယ် ။ လူငယ် ကဗျာဆရာ အတော်များများ ဟာ နိုင်ငံခြားဘာသာပြန် ကဗျာ က စိတ်ကူးပုံကို သတိမပြု ၊ အလင်္ကာ သုံးပုံကို သတိမပြုမိဘဲ စာကြောင်း စီစဉ်ပုံကို သွားပြီး အတုခိုး နေဟန် ရှိပါတယ် ။ ဒါကြောင့် ကဗျာတွေဟာ ဘာသာပြန်ကဗျာ နဲ့ တူနေတာက များပြီး ပြတ်တောက်ပြတ် တောက် စိမ်းဆတ်ဆတ် နဲ့ ဖတ်ရတာ အဆင်မပြေသေးဘဲ ရှိနေပါသေးတယ် ။ တချို့ကတော့ မဆိုးပါဘူး ။ စိတ်ကူး အားနည်း နေတယ် ။ ခုနက ခင်ဗျား ကာရန်မဲ့ကဗျာ ကိစ္စ မေးတုန်းကလည်း ကျွန်တော် ပြောခဲ့ပါပြီ လေ ။ အဲဒီ အတိုင်းပါပဲ ”
“ နောက်ဆုံး မေးခွန်း တစ်ခုပေါ့ ဆရာ ။ ဝေဖန်ရေးဆရာ နဲ့ ကြုံတောင့်ကြုံခဲ ဆိုတော့ ကြုံတုန်းမှာပဲ မေးပါရစေ ။ ကျွန်တော်တို့ ပေဖူးလွှာ မဂ္ဂဇင်း အပေါ် အားမနာတမ်း ဝေဖန်ပေးပါဆရာ ”
“ အားနာပါတယ်ဗျာ ။
ခင်ဗျားတို့ မဂ္ဂဇင်း ဟာ ခုအခါမှာ အပြင်အဆင် အမွမ်းအမံဘက်က ဆိုရင် ထိပ်ဆုံးကပဲလို့ ကျော်ကြားနေပါတယ် ။ အရုပ်တွေ လည်း လှပါပေရဲ့ဗျာ ။ ခင်ဗျားတို့ မဂ္ဂဇင်း ထွက်လာတယ် ဆိုရင်ပဲ တခြား မဂ္ဂဇင်း တွေလည်း ဘယ်သူပြိုင်လို့ လှပါတော့နိုင် ဆိုတာလို အလှချင်း ပြိုင်ကုန်ကြတာ တစ်ခု နဲ့ တစ်ခု ရွေးလို့တောင် မရအောင် တူကုန်ပြီ ။ အဲဒီ ကုန်ကျစရိတ်တွေ ရဲ့ ငါးပုံ တစ်ပုံများ စာရေးဆရာတွေ အတွက် စာမူခကို အကုန် ခံရဲ့လားလို့ သံသယ ရှိပါတယ် ။ စာမူ ပေါ် ပြိုင်ဖို့ ကောင်းတယ် ။ စာရေးခတွေ လည်း အများ ပြိုင်ဖို့ ကောင်းတယ် ။ ခုတော့ စာမူခ ဆိုတာ မဂ္ဂဇင်း ထဲ ကို ထည့်တဲ့ ကြော်ငြာခ နဲ့ တင် ကျေမှာပါ ။ ကြော်ငြာခ က တောင် ပို မြတ်ဦးမယ် ။ သမီးရှင် တစ်ယောက် ပြောသလို ငါ့ သမီး က ကြီးလေ လှလေပဲဟေ့ ၊ စာမေးပွဲ တွေလည်း ကြီးလေ ကျလေပဲ လို့ မှတ်ချက်ချရ မလို ဖြစ်နေပြီ ။
စာဖတ်ပရိသတ် အတွက် တီထွင်မှုတွေ ရှိတာလည်း ချီးကျူးစရာပဲ ။ ဥပမာ - ခုလို စာရေးဆရာ နဲ့ တွေ့ဆုံခန်း ဆိုတာမျိုးပေါ့ဗျာ ။ ဒါပေမဲ့ ကျွန်တော် အပါအဝင်ပေါ့လေ ၊ လေးစားလောက်တဲ့ စာရေးဆရာ နည်းနေပါသေးတယ် ။ စာမူတွေ ကလည်း စာပေသဘော အရ လေးစားလောက်တာတွေ သိပ် မပါသေးဘူး ။ ဒါကြောင့် “ အဆင်း ” ဘက်က မလျှော့ချင်တောင် “ အချင်း ” ဘက်မှာ တစ်ထစ် လောက် တိုးပါဦးလို့ အကြံပေး ချင်ပါတယ် ။ အားတော့ နာတယ်ဗျာ ။ ကြုံခဲ့လို့ တစ်ကြောင်း ၊ အကျိုး ရှိရာ ရှိကြောင်းများ ဖြစ်မလား လို့ တစ်ကြောင်း အခွင့်အရေး ယူပြီး ပြောလိုက်တာပါ ။
မဂ္ဂဇင်း တော်တော်များများဟာ စာရေးဆရာကြီးတွေဆီ ကို စာမူ လိုက် တောင်းရမှာ ကျတော့ “ သန ” သွားမှာ လို ၊ သိမ်ငယ်သွားမှာ လို ဖြစ်နေကြပြီး စာမူကောင်းတွေ လိုက် မတောင်းကြဘူး ။ ဝမ်းနည်းစရာ ပဲဗျာ ။ စာမူတန်ဖိုး အရ ပြောရရင် မြို့နယ်မဂ္ဂဇင်းတွေ နဲ့ တက္ကသိုလ်မဂ္ဂဇင်းတွေ က တောင် သာလွန်နေတယ် ထင်ပါရဲ့ ။ ခင်ဗျားတို့ မဂ္ဂဇင်းက အဲသလို ဘက်ကပါ ဦးဆောင်ပေးနိုင်စွမ်း ရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် ။ ခင်ဗျားတို့ မဂ္ဂဇင်းကို ဦးဆောင်သူတွေက စာတတ် ပေတတ်ပဲဗျ ။ စာပေတန်ဖိုးလည်း သိသူ တွေပဲဗျ ။ ဖြစ်နိုင်ပါတယ် ။ ခင်ဗျားတို့ မဂ္ဂဇင်းက အောင်မြင်လာပြီမို့ စာဖတ်ပရိသတ်ကို ခင်ဗျားတို့ လိုရာ ဆွဲဆောင် မြှင့်တင်နိုင်လောက်ပါပြီ ”
“ ကျေးဇူးတင်ပါတယ် ဆရာ ။ မိတ်ဆွေကောင်း ဆိုတာ မြှောက်ပင့်ပြောတာ ထက် အားနည်းချက်ကို ထောက်ပြတာဟာ မိတ်ဆွေကောင်း ပိုပြီး ပီသပါတယ် ။ ပေဖူးလွှာ ရဲ့ ဆောင်ပုဒ် က “ မကောင်းသေးလျှင် ကောင်းအောင် ကြိုးစားမည် ၊ ကောင်းလျှင် ပိုပြီး ကောင်းအောင် ကြိုးစားမည် ” လို့ ဆိုထားပါတယ် ။ ကျွန်တော် တို့ ကြိုးစားနေကြဆဲပါ ။
ဆရာလည်း ပေဖူးလွှာ ပထမအကြိမ် ထုတ်တုန်းက ကြုံဖူးမှာပါ ။ လွန်ခဲ့တဲ့ ၂၅ နှစ်လောက် က တစ်ကြိမ် ထွက်ခဲ့ရာမှာ “ ရက်ရော ” လွန်း အားကြီးခဲ့လို့ တစ်သိန်းခွဲ လောက် အရှုံး နဲ့ ရင်ဆိုင်ပြီး ပြုတ်ခဲ့ရဖူးပါသတဲ့ ။ စာမူခ ကိစ္စ ၊ စာမူ ရွေးချယ်တဲ့ အပိုင်း ကိုတော့ စာတည်းအဖွဲ့ နဲ့ ပဲ သက်ဆိုင်လို့ ကျွန်တော် မပြောလိုပါဘူး ။ ဒါပေမဲ့ တွေ့ဆုံခန်းကဏ္ဍ ကတော့ ကျွန်တော် နဲ့ တိုက်ရိုက် ပတ်သက်တာ ဆိုတော့ ပြောပါရစေ ။
ဆရာ က “ ကျွန်တော် အပါအဝင် လေးစားလောက်တဲ့သူ နည်းပါးသေးတယ် ” လို့ ပြောသွားတယ် ။ ဒီနေရာမှာ ကျွန်တော့် ကဏ္ဍ ရဲ့ “ မူ ” ကို ပြောဖို့ လိုလာမယ် ။ တွေ့ဆုံပေးခြင်းကဏ္ဍ အတွက် ကျွန်တော်တို့ စီစဉ်ရာမှာ ဆရာ ကြီးငယ်တို့ကို ဝါစဉ် အလိုက် မဟုတ်ဘဲ စာတည်းအဖွဲ့ လုပ်ငန်း အဆင်ပြေ သလို ကျွန်တော်လည်း စာဖတ်ရတာ အဆင်ပြေသလို ပေါ် မူတည်ပြီး တွေ့သွားတာပါ ။ ခု ပေဖူးလွှာ ထွက်ခဲ့တဲ့ သက်တမ်း အတွင်းမှာ အမှတ် ( ၉ ) က မှ စပြီး စာဖတ်သူများနဲ့ တွေ့ဆုံပေးခြင်းကို စ ခဲ့တယ် ။ ဒီနေ့ခေတ် လူငယ်ကြိုက် စာရေးဆရာ ဆရာမတွေ နဲ့ တွေ့ဆုံပေးခဲ့ သလို သူတို့ ခေတ် ၊ သူတို့ အခါက စာပေ နဲ့ ပတ်သက်ပြီး ကျော်ကြားအောင်မြင်ခဲ့တဲ့ စာရေးဆရာကြီး ၊ ဆရာမကြီးများ နဲ့ လည်း တွေ့ခဲ့ပါတယ် ။
ဆရာ့ အနေနဲ့ အားမရစရာ အဖြစ် မြင်ခဲ့သလို ကျွန်တော် အပါအဝင် စာတည်းအဖွဲ့ ကလည်း ကြီးငယ်မဟူ အလျဉ်းသင့် သလို ဆောင်ရွက်သွားခြင်း ဖြစ်ပါတယ် ။ ကျွန်တော်တို့ အားနည်းချက်ကို မှတ်သားထား သလို ကျွန်တော် တို့ စေတနာကို လည်း ဆရာ သဘောပေါက် စေချင်ပါတယ် ။ ကျေးဇူးပဲ ဆရာ ။ ကျွန်တော့် ဘက်က မေးစရာ ကုန်ပါပြီ ။ ဆရာ့ ဘက် ကသာ ကျွန်တော့် ကို ဆက်ပြောစရာများ ရှိရင် ... ”
“ ဒီ တွေ့ဆုံခန်း အစီအစဉ် ဟာ အလွန် အဖိုးတန်ပါတယ် ။ အတွေ့အကြုံ ပိုများတဲ့ ဆရာကြီးတွေရဲ့ စကား တွေ ကြားရရင် ပိုများ မကောင်းဘူးလားလို့ စာဖတ်ပရိသတ် ဘက်က စဉ်းစားပြီး ပြောလိုက်ခဲ့တာပါဗျာ ။ မဂ္ဂဇင်း ဘက်က ကြည့်ရင်လည်း တစ်မျိုးပေါ့ ။
ကဲ ... ကျွန်တော် ကတော့ ပြောရတာ အားမရသေးဘူးဗျာ ။ ကိုဝင်းငြိမ်း ရဲ့ အဖေ နဲ့ ဦးလေးတွေက ကျွန်တော့် မိတ်ဆွေကြီးတွေ လို့ သိထားရလို့ ခင်မင်ပြီးသားပါ ။ ခုလို တွေ့ရတာလည်း အလွန် ဝမ်းသာပါတယ် ။ ခင်ဗျား နဲ့ ဆိုတော့ ပြောရဆိုရတာ သိပ်ပြီး အဟန့်အတား မဖြစ်တော့ဘူး ၊ မစိမ်းတော့ဘူးပေါ့ဗျာ ။ နောင်လည်း စာကိစ္စ ၊ ပေကိစ္စတွေ မှာ တွေ့ကြရဦးမှာပါ ။ ကိုဝင်းငြိမ်း အောင်မြင်ပါစေ ။ ပေဖူးလွှာ လည်း စာပေအကျိုး ဆတက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပါတယ် ။ ကျေးဇူးတင်ပါတယ် ”
▢ ဝင်းငြိမ်း
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် - ၃၁
ဒီဇင်ဘာလ ၊ ၁၉၈၃ ခုနှစ်

No comments:
Post a Comment