❝ မယ်မင်းကြီးမ ❞
( ပီမိုးနင်း )
( ၁ )
မျက်စိအာရုံတွင် ကောင်းမွန်လှပသော ပသာဒကို မြင်ရလျှင် သဘောကျခြင်း ၊ လိုချင်ခြင်းစသော စိတ်များသည် အလိုအလျောက် ပေါက်ရောက် ဝင်စားချင်ခြင်းအာသာ ကြီးမား၍ လာတတ်သည့် ဓမ္မတာအရ တောရွာကလေး တစ်ရွာသို့ လယ်ထောက်ခ သီးစားချထားရန် အတွက် မိဘများ စေလွှတ်၍ ခေတ္တ ရောက်လာသော မောင်ဘဟန် သည် မြို့မဆန် တောမကျ နှင့် နဂိုရုပ် ပသာဒ အားဖြင့် ယဉ်ကျေးလှပသော မရင်မေကလေး၏ မျက်နှာ အမူအရာကို မြင်ရသည်မှ စ၍ သဘောကျ ခုံမင် ချစ်ခင်တွယ်တာ လိုချင်တပ်မက်သည့် အာသာသည် တဖြည်းဖြည်း တစစ ဖောင်းကြွ ကြီးမား၍ လာလေသတည်း ။
ချစ်ခြင်းသည် တစ်ဖက်သတ် မဖြစ်နိုင် တေ့တေ့ဆိုင်ဆိုင် အချစ်ခြင်း ပြိုင်၍နေရာမှ ကိုယ်စိတ်အေးချမ်းနိုင်ကြမည်ဖြစ်ရာ မောင်ဘဟန် သည် မရင်မေ ကို ဝမ်းထဲ က ချစ်ရုံနှင့် မပြီးနိုင်ဘဲ မိမိ ချစ်သကဲ့သို့ ချစ်စေလိုခြင်း မိမိအချစ်ကို လက်ခံစေလိုခြင်း မိမိ၏ အကူအညီကို ယူစေလိုခြင်းစသည်တို့ ပေါ်ပေါက်၍ လာရာ မကြာမီ အတွင်း မရင်မေ အိမ်သို့ ဝင်ထွက်သွားလာ နိုင်ရန် ကြံစည်ရုံတွင်မက “ အလိုလိုက် အကြိုက်ကိုဆောင် ချိုသာအောင် ပြော လိုရာကို ပေး ” ဟူသော ကမ္ဘာ့ပီယဆေးကြီးကို နိုင်နင်းစွာ အသုံးပြုလိုက်ရာ မရင်မေ မှာ မိခင်အို မုဆိုးမကြီးနှင့် ဆင်းရဲစွာနေထိုင်ရသူ ဖြစ်သည့်အလျောက် အားကိုးအားထား ပြုလိုသော ဆန္ဒကြောင့် အချစ်ကို ဖွင့်၍ လက်သင့်ခံလိုက်သည်နှင့် တစ်ပြိုင်နက် “ ကောက်ရိုးမီး ဗြုန်းခနဲ တောက်သလို ” ၎င်းတို့ နှစ်ယောက်မှာ မြင့်မောက် သော ချစ်ခြင်းနှင့်တကွ သမီးရည်းစား ဟူသော ဘဝသို့ အဆီးအတား မရှိ တစ်ခါတည်း ရောက်ရှိလာလေသတည်း ။
မိန်းမပျို တစ်ယောက်သည် ယောက်ျားပျို တစ်ယောက်အား ချစ်ကြိုက်လက်ခံ ဆက်ဆံမိ၏ ။ ထိုကဲ့သို့ ချစ်ခင်တွယ်တာ သမီးရည်းစား ဟူသော ဘဝမှာ နေထိုင်ကြရုံနှင့် ကိစ္စတုံးရတော့ မဟုတ် ။ တည်ကြည်သော သမီးရည်းစားတို့၏ ရည်ရွယ်ချက်သည်ကား လင်မယား ဟူသော ဘဝကြီးသို့ တစ်ဆင့် တက်လှမ်းရန်ပင် ဖြစ်ရာ ဤအခါမျိုး၌ ယောက်ျားပျိုသည် မိမိ၏ ချစ်ရည်းစား မိန်းမပျိုမှာ ငါ့ကို စွန့်ခွာကာ အသစ် တစ်ဦးနှင့် နဖူးစာ ဆုံ၍များ သွားလေမည်လား ဟူ၍ လည်းကောင်း ၊ မိန်းမပျိုကလည်း မိမိ၏ ချစ်ရည်းစား ယောက်ျားပျိုမှာ ငါ့ကို စွန့်ခွာကာ အသစ်တစ်ပါးနှင့် စကားဆုံ၍ သွားလေမည်လား ဟူ၍ လည်းကောင်း ၊ တစ်ယောက်ကို တစ်ယောက် အင်မတန်မှ စိုးရိမ်ကြောင့်ကြ ပူပန်၍ နေကြရမည် မလွဲဖြစ်ရာ မရင်မေ မှာ မောင်ဘဟန် မြို့သို့ ပြန်ရတော့မည် ဟူသော သတင်းကို ကြားသိရလျှင်ပင် ပူပန်ကြောင့်ကြစိုးရိမ်ခြင်း အားကြီးလာရ ရှာလေသတည်း ။
( ၂ )
“ ကျုပ်ပြန်ဦးမယ်နော် ” ဟု မောင်ဘဟန် ပြောလိုက်လျှင် မရင်မေ၏ မျက်နှာကလေးမှာ တဖြည်းဖြည်း ငြိုးနွမ်းမြူခိုးတွေ သန်းသည့် ( လ ) မင်းပမာ သာယာခြင်း ကင်း၍ လာကာ
“ နောက် ဘယ်တော့ လာဦးမလို့လဲဟင် ”
“ မကြာခင် ရောက်အောင် ကြိုးစားပြီးလာခဲ့ပါမယ် .. ကျုပ်အတွက် ဘာမှ အားငယ် ဝမ်းနည်းစရာ မရှိပါဘူး ”
“ အခုတော့ ကျွန်မတို့မှာ သားအမိ နှစ်ယောက်ပဲ ။ ဆင်းရဲပင်ပန်းတဲ့ အခါမို့ လူများကဲ့ရဲ့ ရှုတ်ချစရာကြီး ဖြစ်ကျန်ရစ်ခဲ့မယ် ဆိုရင် ကျွန်မ အပေါ်မှာ ချစ်ရာကို မရောက်ဘဲ နှစ်ရာ ရောက်တော့မှာပဲ ”
“ ကျုပ် ရိုင်းစိုင်းတဲ့ အစားထဲက မဟုတ်ပါဘူး ။ ကျုပ် မိန်းမပျို တစ်ယောက်ကို ကိုယ်ပယောဂနဲ့ အရှက်တကွဲ အကျိုးနဲ ဖြစ်စေချင်တဲ့ သဘောဆိုးမျိုး လုံးလုံး ထားတဲ့ လူမဟုတ်ပါဘူး ။ စိတ်ချပါ ။ ကျုပ် မူလက တည်းက မရင်မေ ကို မြင်မြင်ခြင်းပဲ သနားကရုဏာသက်ပြီး ကယ်ဆယ်စောင့်ရှောက်လိုတဲ့ စိတ်ရင်းစေတနာ ပေါ်ပေါက်လာတဲ့ အတွက် ကြံစည်ခဲ့တာပါ ”
“ ခုလို ရိုးရိုးသားသား ထားမယ် ဆိုရင် ကျွန်မလည်း စိတ်နှလုံး အေးအေးချမ်းချမ်းနဲ့ ဝမ်းပန်းတသာ စောင့်စားလို့ နေနိုင်စရာပါပဲ ။ အခုလိုမှ မဟုတ်ဘဲ တစ်ချုံ ကွယ် တစ်မယ် မေ့ ဆိုတာလို ဒီကောင်မတောသူ အထူအပိန်းမကလေးဘဲ ။ ဆင်းရဲအားငယ် ဂုဏ်ရယ်လို့ မရှိ ၊ ငါနဲ့ အဖက်မတန်ဘူးလို့ သဘောထားပြီး စိမ်းကား မေ့လျော့ အချစ်တွေ ပေါ့မယ် ဆိုရင် ကျွန်မ အသက်တော့ ကြာရှည်တော့မယ် မဟုတ်ဘူး ဆိုတာ စွဲစွဲမြဲမြဲမှတ်သွားပါ ကျေးဇူးရှင်ကြီးရယ် ”
“ အမယ်လေး ဒါလောက်တောင် အစိုးရိမ် အကြောင့်ကြ အားမကြီးစမ်းပါနဲ့ မယ်မင်းကြီးရဲ့ ” ဟု ပြောကာ အချစ်တဏှာ လျှမ်းသည် မျက်လုံးမျက်နှာတို့ဖြင့် ကလက်ကာ ညုကာ ချစ်သူမျက်နှာကို ကြည့်ရင်း အားပါးတရ ပြောရုံတွင် ရင်မေ၏ ပြည့်ဖြိုးနုနယ်လှသော လက်ဖဝါးကလေးကို ဆွဲပြီး မိမိ လက်နှင့် ထပ်ကာ
“ ကိုင်း မင်း ကျုပ်မယား ဖြစ်ပြီနော် ဟို ဖိုးလမင်းကြီးကို တိုင်တယ်ပြီး လက်ထပ်ပစ်ခဲ့မယ် ” ဟု ပြောကာ မရင်မေ၏ ကျစ်လျစ်သော ကိုယ်လုံးကလေးကို သိမ်းကျုံးပွေ့ဖက်ထားလိုက်လေ၏ ။
“ မိန်းမဆိုတာ ယောက်ျား ပြောတိုင်း ယုံရတာမျိုးပါ ကိုဘဟန်ရဲ့”
“ မကြာခင် ကျုပ် လာပြီး ခေါ်ပါ့မယ် ။ ဒါမှ လာရင် ကျုပ် အိမ်ကို လိုက်လာပါ ။ အခု ညတောင် ခေါ်သွားချင်သေးတယ် ။ သို့ပေမဲ့ မြန်လွန်းတော့ မရင်မေ ဂုဏ်မရှိမှာ စိုးလို့ပါ ။ မိဘလူကြီးနဲ့ သဘောတူတောင်းရမ်းယူတယ် ဆိုတော့ မရင်မေ ရော ကျုပ် ရော ဂုဏ်ရှိတာပေါ့ ”
“ ကျေးဇူးတင်ပါတယ် ကိုဘဟန်ရယ် ကြောက်သူကို ကြောင်နဲ့ တို့သလို အားငယ်တဲ့ သူကို အားကိုးရာမဲ့အောင်သာ ပြုတော်မမူပါနဲ့နော် ” ဟု ပြောကာ အချစ်ကို ယုံစားအားကိုးသည့်အတိုင်း စိုးရိမ်ခြင်းဖြင့် တတွတ်တွတ် မှာထားခြင်းကို ပြုရှာလေ၏ ။ မောင်ဘဟန် သည်လည်း မိမိအား အလွန်တရာ ချစ်ရှာလှသူကလေးဟု ယုယပိုက်ထွေးယုယကာ သည်ဘဝဖြင့် ဘယ်သူ ဘယ်လို တားတား ပေါင်းသင်းတော့မည် ဟူသော စိတ်ထားနှင့် ယုံကြည်အောင် ပြောဆိုကာ နောက်ဆုံးနှုတ်ဆက်ခြင်းဖြင့် ခွဲခွာ၍ သွားလေသတည်း ။
( ၃ )
မောင်ဘဟန်သည် မိမိ နေရပ်သို့ ပြန်၍ ရောက်ခါစ၌ မရင်မေ ကို သတိရကာ လွမ်းဆွတ်အောက်မေ့ တငွေ့ငွေ့ ပူပန်ဝမ်းနည်း၍ နေမိသော်လည်း အခြား ပျော်ပါးမှုတို့ ဖြင့် တွေ့ကြုံရသည့် အခါတွင်လည်းကောင်း ၊ အခြား ခေတ်ကာလအားလျော်စွာ အဆင်အပြင် ကျကျနနနှင့် လှလှပပ အပျိုယမင်းတို့ကို မြင်ရသည့်အခါ အချောချင်း လှစေကာမူ အယဉ်ခြင်း အဆင်ခြင်းမှာ မရင်မေ ထက် သာသည်ဟု ပိုမို စွဲလမ်း ရူပါရုံ ဖမ်းစားသဖြင့် တစ်နေ့တခြား မေ့ပျောက်စ ပြု၍ လာလေ၏ ။
ထိုအတွင်းတွင် မိမိ၏ မိဘများက အခြား အလုပ် တစ်ခုကို လုပ်ကိုင်ရန် ငွေမြောက်မြားစွာ ထုတ်ပေးသဖြင့် မိမိ ကိုယ်ပိုင် တိုက်ဆိုင်ကြီး တစ်ဆိုင်ကို ဖွင့်ပြီး စာရေးကြီး စာချီကြီး ကိုယ်စားလှယ်ကြီးတို့ဖြင့် ခြံရံလျက် မိမိလည်း သူဌေးကြီးဟူသော ဂုဏ်ပုဒ်ကို ယူ၍ ခန့်ထည်စွာ နေထိုင်ရပြန်လေရာ ဂုဏ်မြင့်တိုင်း စိတ်မြင့်ပြီး တည်တည်ကြီး နေစ ပြု၍ လာလေ၏ ။
“ ငါ ဧရာမ လူကြီး တစ်ယောက် ဖြစ်နေပါပကော ” ဟု သဘောပိုက်ကာ “ မရင်မေ ကဲ့သို့ တောသူ အနုံအချာ ဆင်းရဲနွမ်းပါးသည့် ကချလာမကလေးမျိုးကို သူဌေးကတော် အဖြစ်သို့ တင်မြှောက်ရန် လုံးဝမသင့်လျော်ပါ ကလား ” ဟု နောက်နောက်က မိမိ အချစ်နှင့် ရူးပြီး လူးမိခဲ့သမျှ ပြောမိခဲ့သမှုတို့ကို ပင်တွေး၍ ရှက်ကာ မိမိနှင့် တန်းတူ ထင်ရသော ဝန်ထောက်ကြီး ၊ မြို့အုပ်ကြီး ၊ သူဌေးကြီး ၊ ပွဲစားကြီးကုန်သည်ကြီး ၊ မြေပိုင်ရှင်ကြီး စသည့် “ ကြီး ” စာရင်းဝင်တို့၏ သမီးရုပ်ချော ဥစ္စာပေါများကို သာ မျက်စောင်းထိုးလိုသော ဆန္ဒများ ပေါ်ပေါက်၍ လာခဲ့လေ၏ ။
ယင်းသို့ စိတ်ကြီးဝင်၍ နေလေလေ မရင်မေ ကို သတိမရလေ ဖြစ်ကာ မိမိ နောက်သို့ လိုက်လာမည်ကိုပင် တွေး၍ စိုးရိမ်ကာ မိမိ၏ ကိုယ်စားလှယ်လုပ်သူအား မိမိ အခန်းတွင်းသို့ မိမိ ပထမဦးစွာ လူနာမည်ကို မသိရခင် ဝင်ခွင့် မပေးရန် ပြောဆို အမိန့်ထုတ်၍ထားရုံတွင်မက တစ်ခါတစ်ရံ မရင်မေ ထံမှ စာများ ရရှိလျှင် စာကို မြင်က သနားကရုဏာသက်ကာ ယူမှားမိမည်ကို စိုးလှသဖြင့် စာကို မဖောက်ခင် မီးရှို့ ဖျောက်ဖျက်ပစ်လေ့ ရှိလေ၏ ။ ထိုတွင်မကသေး မိမိ မှာ မရင်မေအပေါ်တွင် ကိုယ်ရော နှုတ်ပါ ကျုးလွန်၍ လာခဲ့သဖြင့် မတော်တဆ လိုက်လာက အခက်ရမည် စိုး၍ တန်းတူ မိန်းမတစ်ယောက်နှင့် စောစောက လက်ထပ်ထားလိုက်ရလျှင် ကောင်းလေမည်လား ဟုလည်း စိတ်ကူးနှင့် ရူး၍ နေမိပြန်လေသတည်း ။
( ၄ )
ချစ်ချင်း ယုံခြင်းဖြင့် ပုံနှင်းအပ်ပေး ပိုက်ထွေးခြင်းကို ခံခဲ့ရသည့် အခါမှစ၍ မိမိ တကယ်တမ်း အားကိုး အားထား ပြုရတော့မည်ဟု နှလုံးမှတ်စွဲကာ ဝမ်းသာအားရှိ၍ ကျန်ရစ်ခဲ့ရရှာသော မရင်မေ မှာ တစ်နေ့သော် လာနိုးနှင့် မျှော်ကိုးတမ်းတမိသော်လည်း အချည်းနှီး အလဟဿ ဖြစ်ကာ ရက်များ ကြာညောင်း လပေါင်း တာရှည် ဖြစ်၍လာရသည် တိုင်အောင် မိမိအား စိမ်းကားသည်ဟု မထင်မြင် မစွပ်စွဲဝံ့ရှာဘဲ ကိုဘဟန် မမာ၍ပဲလား ၊ အလုပ်များ၍ပဲလား စသည်ဖြင့် တွေးကာ အပြစ်တွေ မယူဘဲ ၊ တစ်နေ့၌ မိမိနှင့် ပေါင်းသင်းလက်ထပ်ရတော့မည်ဟု စိတ်ချ၍ နေရှာလေ၏ ။
ယင်းသို့ မျှော်လင့်ရင်းပင် အိုမင်းသော မိမိ၏ မိခင်ကြီး မှာ လူကြီးရောဂါဖြင့် မမာမကျန်း ဖြစ်ရာမှ ဘဝတစ်ပါးပြောင်းသွားကွယ်လွန်ရှာရကာ မရင်မေကလေးမှာ အားကိုးအားထား ဟူ၍ အလျဉ်း မရှိဘဲ မျက်နှာငယ်ငယ် မျက်ရည်လည်လည်နှင့်ပင် ခိုကိုးရာမဲ့ နေထိုင်ပြန်ရာ မောင်ဘဟန် အပေါ်တွင် အားထားသည့် အလျောက် တကယ့် အားထားရန် အချိန်ရောက်ပြီဟု အောက်မေ့ကာ မောင်ဘဟန် နောက်သို့ လိုက်ရန် ကြံစည်ရတော့၏ ။
“ ကြီးတော် ကျွန်မတော့ ကိုဘဟန် နောက်ကို လိုက်တော့မယ် ”
“ ဘာလုပ်လဲ သူအရင် မှာသွားတာပဲ ။ ကျွန်မဖြင့် ကိုဘဟန် က လွဲရင် အားကိုးရမယ့်လူ ကျွန်မကို ချစ်မယ့်လူ ကြည့်လို့ကို မမြင်တော့ဘူး ။ အခုလိုအခါမှာမှ မလိုက်ရင်လည်း သူက အပြစ်တင်စရာ ဖြစ်နေမှာပဲ ကြီးတော်ရဲ့ ”
“ သို့ပေမဲ့ ဒီရန်ကုန်တို့ ဘာတို့ ဆိုတဲ့ မြို့ကြီးက ယောက်ျားတွေကို ယူဖို့ ခက်လွန်းလို့ တားချင်တယ် တူမရယ် ၊ တကယ့်မေတ္တာနဲ့ ဆိုရင်ဖြင့် အတိုင်းထက်အလွန် ကျေးဇူးတင်စရာကြီးပေါ့ ”
“ ကျွန်မကို သူ မြင်ရရင် သိပ်ဝမ်းသာသွားမှာပဲ ကြီးတော်ရဲ့ ကျွန်မတို့ တင့်တင့်တယ်တယ် နေတဲ့အခါ အလည် လာခဲ့ကြနော် ။ ရန်ကုန်မှာ ရုပ်ရှင်ပွဲတွေ ဆိုတာ အပြိုင်အဆိုင် လုပ်ပြီး ပြနေကြတာပဲတဲ့ ကြီးတော်ရဲ့ အဆန်းအပြား ကြည့်စရာ ဆိုတာတော့ မျက်လုံးသာ ညောင်းရမယ် ကုန်ပဲ ကုန်နိုင်မယ် မဟုတ်ဘူးတဲ့ ။ ဘုရားလည်း ဖူးရင်း လိုက်လာခဲ့ကြပါလား ။ ဒါထက် အရင် ကိုဘဟန် လာတုန်းက ထန်းလျက်ဖြူဖြူ ကြိုက်ပါတယ် ။ ထန်းလျက် တစ်ပိဿာလောက် ကြီးတော် ဝယ်ပေးစမ်းပါ ” စသည်ဖြင့် ပြောဆိုကာ မိမိ၏ ချစ်ရည်းစား ကြိုက်တတ်သည့် အစာကလေးကို မရှိမဲ့ရှိမဲ့ အဝယ် စေလွှတ်ပြီး နောက် မိမိ အသိများအား အကျိုးအကြောင်း ပြောဆို နှုတ်ဆက်ပြီး ထွက်လာခဲ့လေသတည်း ။
( ၅ )
ရန်ကုန်မြို့သို့ ရောက်လျှင် ။
မောင်ဘဟန်၏ သတင်းကို မေးမြန်းရာ မောင်ဘဟန်မှာ တိုက်ဆိုင်ကြီးများ ဖွင့်လှစ်လျက် မိမိ ကိုယ်ကို သူဌေး အခေါ်ခံကာ ချမ်းသာကြွယ်ဝ၍နေကြောင်းနှင့် သတင်းကြားရရုံတွင်မက သားမယား အိမ်ထောင်ရှိသည်ကို မကြားရသောအခါ မိမိ အပေါ်တွင် သစ္စာတည်တည် နှင့် ချစ်ရှာသည်ဟု များစွာမှ အားတက်ရွှင်လန်းလျက် မောင်ဘဟန် ၏ အလုပ်တိုက်ကြီးသို့ ရောက်၍ လာလေ၏ ။
တိုက်အတွင်းသို့ ဝင်မိလျှင် တစ်ဆင့်ထက် တစ်ဆင့် မေးမြန်းရာမှ နောက်ဆုံး၌ မောင်ဘဟန်၏ ကိုယ်စားလှယ် အသက် ၄ဝ ရွယ်ရှိ ဦးထွန်း ထံသို့ ရောက်လာခဲ့လေ၏ ။ ဦးထွန်း သည်ကား ယောက်ျား နှင့် မိန်းမအိုကြီး အပေါ်တွင် သာယာချေငံစွာ ပြန်လှန် ဂရုစိုက်၍ ပြောလေ့ပြောထ မရှိသော်လည်း မရင်မေ ကဲ့သို့ နုနယ်လှပ ဣန္ဒြေရရ မိန်းမပျိုကလေးများ အပေါ်တွင်ကား စိတ်ရွှင်လူရွှင် ခင်မင်စွာနှင့် ဂရုစိုက်ကာ ဆောင်ရွက် ပြောဆိုလေ့ ရှိသည့်အတိုင်း “ ထိုင်ပါ ထိုင်ပါ ။ ဘာကိစ္စများတုန်း တစ်ဆိတ် အမိန့်ရှိပါလား ” ဟု ပျာပျာသလဲ ကုလားထိုင်တစ်လုံး ဆွဲပေးလေ၏ ။
“ အို နေပါစေရှင် ။ ကျွန်မ ကိုဘဟန် ကို တွေ့ချင်လို့ပါပဲ ။ ကျွန်မကတော့ တိုက်ကြီး က ပါပဲ ။ ကျွန်မနဲ့ သူနဲ့ ကလေးချင်း ဘာဝ ချစ်ခင်စုံမက်လာကြလို့ သူ့ကို စောင့်နေခဲ့တာပဲ ။ အခုတော့ ကျွန်မအမေ သေသွားတာနဲ့ ခိုကိုးရာမဲ့လို့ သူ့ဆီ လိုက်လာတာပါပဲရှင် ။ ကျွန် မသူ့ဆီကို သွားချင်ပါတယ် ။ ဒီအထုပ်ကလေးလည်း သူဖို့ပဲ ”
“ ဒုက္ခရောက်နေရရှာတာပေါ့ ” ဟု ညုတုတု မျက်နှာထား သရေတွေ တမြားမြား နှင့် ပြောပြီးနောက် မရင်မေ ကို ထားခဲ့ပြီး မောင်ဘဟန် အခန်းရှိရာသို့ ထွက်သွားလေ၏ ။
“ ဘာလဲ ဦးထွန်း ”
“ တိုက်ကြီးက မရင်မေ ဆိုတာ လိုက်လာတယ် ။ လွှတ်လိုက်ရမလား ။ ဟောဒီ အထုပ်လည်း ပေးလိုက်တယ် ” ဟု ပြောလိုက်လျှင်ပင် မျက်လုံး မျက်ဆံပြူးကာ တွေဝေငေးမော၍ နေပြီးနောက် စိတ်ပျက်ရှုပ်ထွေးသော လက္ခဏာဖြင့် “ လက်ဆောင်လည်း မလိုချင်ပါဘူး ပြန်ပေးလိုက်ပါ ။ ပြီးတော့ ကျွန်တော် အလုပ်များနေလို့ မတွေ့နိုင်တဲ့အကြောင်း နဲ့ စိတ်ပျက်သွားအောင် ကြည့်ပြောလိုက်စမ်းပါ ” ဟုပြောကာ တစ်ဖက်မှ တိတ်တစ်ဆိတ် ထွက်၍ သွားလျှင် ကိုယ်စားလှယ် လုပ်သူလည်း ဝမ်းနည်းသလိုလို ဝမ်းသာသလိုလိုနှင့် ထွက်လာခဲ့ပြီးနောက် မောင်ဘဟန် ပြောသည့်အတိုင်း စိတ်ပျက်စကား တို့ကို ပြောကြားလိုက်လျှင် မရင်မေ မှာ မိမိ မျှော်လင့်သော်လည်း အချည်းနှီးဖြစ်ရသည်ဟု ဝမ်းနည်းခြင်းကြီးစွာနှင့် မျက်ရည်စများ လှိမ့်ဆင်း၍ လာကာ
“ အခုလို ရက်စက်မှန်း မသိပါဘူး ဦးရယ် ။ ကျွန်မတို့ဆီ လာတုန်းကတော့ သူ အခုလိုလည်း မချမ်းသာသေးပါဘူး ။ အမျိုးမျိုး ကျိန်တွယ်ပြီး ပြောသွားပါတယ် ။ အခုမှ မသိချင်ဟန်နဲ့ စိတ်ကားတာ ကောင်းရော့လား ရှင် ၊ ကျွန်မမှာ တည်းခိုစရာ အားကိုးစရာ ဆိုလို့ မရှိတဲ့ ကံဆိုးမကလေးပါရှင် ။ အခုနေ ကျွန်မတို့ မြို့ကို ပြန်သွားရင် အများ တံထွေးခွက် ပက်လက်မျောရတော့မယ် ” ဟု ပြောကာ ရှိုက်ကြီးတငင် ငိုကြွေးလျှင် ဦးထွန်း လည်း အနီးမှ နေ၍
“ မငိုပါနဲ့ကွယ် - ကျုပ်လည်း လူတစ်ဖက်သားကို သနားစောင်မတတ်တဲ့ စိတ်ရင်းရှိသူ ဖြစ်ပါတယ် ။ ဘာ အားငယ်စရာရှိရမှာလဲ ” ဟု ပြောကာ မရင်မေ၏ ရူပါရုံကို မြင်ရသည့် အခါကပင် သဘောကျကျ မနောကြွကြွ ရှိနေရကား ယုံလောက်အောင် ပြောဆို၍ အလုပ်ဆင်းလျှင် မိမိ အိမ်သို့ ခေါ်သွားလေ၏ ။
( ၆ )
“ ဦးထွန်း နှင့် မရင်မေ ”
မရင်မေ သည် ဦးထွန်း၏ အရွယ်ကို ထောက်၍ ဦး ခေါ်လောက်သည်အတွက် မိမိ အပေါ်တွင် အကလက် အခရာ မညှာမတာ ကြံစည်လိမ့်မည်ဟု မထင်ဘဲ ယုံကြည်မိ၍ လိုက်သွားခြင်းပင်ဖြစ်လေ၏ ။ သို့သော် ဤ ခေတ်ကြီး၌ ယောကျ်ားရမ်းကားတို့ တဏှာ ဖမ်းစား၍ နေကြသဖြင့် အစ်ကို အရွယ် ဦးလေး အရွယ် ၊ ဦးကြီး အရွယ် မှ စ၍ နောက်ပိတ်ဆုံး သင်္ချိုင်းကို ရှေးရှု၍ သေဘက်သို့ လုနေသော အဘိုး အရွယ်များ ကိုပင် ယုံကြည်ရန် မရှိသလောက် ဖြစ်ရကား ဦးထွန်း ထံသို့ လိုက်လာသော မရင်မေ သည် ဦးထွန်း အား ယုံကြည်ကိုးစားကာ လိုက်လာခြင်းသည်လည်း မှားခြင်းကြီး တစ်ရပ်ပင် ဖြစ်လေ၏ ။
အဘယ်ကြောင့် ဆိုသော်
“ လေးတောင်ပြည့် ခန်းသာလယ် ငါးထောင်ပြည့် ခန်းသာလယ် မောင်ကြံရွယ်ပါတဲ့ စံပယ်ကုံး အိုဗျာ ... ဘယ်တော့မှမမုန်း ” ဆိုသော သီချင်း အတိုအထွာကလေးကို ကြားယောင်ပြု၍နေသော ဦးထွန်း သည် အိမ်သို့ ရောက်လျှင် မို့မောက်ပြည့်ဖြိုး အဆီအသားတွေ တိုးလျက် ၊ အမျိုးမျိုးအဘက်ဘက်ကပင် မက်စရာ ကောင်းလှသော မရင်မေ ကို ကြည့်ရင်း ပီတိကြော တင်း၍ လာလေ၏ ။
မရင်မေ သည်ကား မူလက ယုံကြည်ခဲ့ငြားလည်း တဏှာလျှမ်းသည့် ဦးထွန်း မျက်နှာပန်းကို မြင်ရလျှင် ရင်ဝတွင် တဖိုဖို မျက်နှာညိုညို နှင့် ကြောက်အားတွေ ပိုပြီး မိမိ လိုက်လာမိသည်မှာ မှားလေစွတကား ။ ကိုဘဟန် ကို ယုံစား၍ ငါ အခုလို ဒုက္ခ ရောက်ရတော့မည် ။ ဒီလူကြီး ငါ့ကို ကြည့်ပုံဟာ မရိုးတော့ဘူး ။ သူ ငါ့ကို ကျားဟာ အမဲကို တွေ့ ချောင်းသလို ချောင်းမြောင်း ချိန်ရွယ်၍ နေလေပြီ စသဖြင့် စဉ်းစားရင်း မျက်ရည်ကလေးများ လည်၍ လာလေ၏ ။ ဦးထွန်း သည်ကား တဖြည်းဖြည်းတိုးသည်ထက် တိုးပြီး အရူး ထန်းလျက်အိုး တွေ့သလို မျိုဟပ်ပိုက်ပွေ့ အကြိုက်ကို တွေ့တော့မည် ဟု တအားတင်းကာ အသားချင်း ထိအောင် တိုး၍ သွားလေလျှင် မရင်မေ သည် နောက်သို့ တွန့်ဆုတ်ကာ “ ကျွန်မ ရှင့် တူမ အရွယ် သမီးအရွယ်ကလေးပါရှင့် ညှာတာသနားတော်မူပါ ” ဟု မျက်ရည်ကလေးလည်လျက် ဆယ်လက်စုံမိုး ရှိခိုး၍ တောင်းပန်ရှာသော်လည်း ကာမဂုဏ်မူးယုတ် နှင့် ဦးထွန်း သည်ကား သနားအားနာဖို့ကို ဝေးစွ ။
“ မင့် မောင်ဘဟန် လို မဟုတ်ပါဘူး ။ မင့်ကို အိမ်မှာ အခန့်ထားပြီး ပျော်ပျော်ပါးပါးကြီး နေဖို့ ကြံတာပါကွဲ့ ။ မင်း ခုမှတော့ ကျုပ်မယား ဖြစ်ပြီ ” ဟု ပြောကာ အတင်း လိုက်၍ ဖမ်းသည်နှင့် မရင်မေ လည်း ကြောက်လန့်တကြား အခန်းထဲတွင်ပင် ပြေးလွှားရှောင်တိမ်းရင်း ငိုကြွေးအော်ဟစ်၍ နေစဉ် တံခါးတစ်ချပ်သည် ရုတ်တရက် ပွင့်လာပြီးနောက် မောင်ဘဟန်၏ မျက်နှာသည် နီမြန်းစွာ ထွက်ပြု၍ လာရကား မရင်မေ သည် မောင်ဘဟန် ရှိရာသို့ ပြေး၍ဖက်ကာ ...
“ ကျွန်မကို မသနားတော့ဘူးလား ကိုဘဟန်ရဲ့ ” ဟု ပြောကာ ဦးထွန်းလည်း ရှက်ကိုးရှက်ကန်းနှင့် ခေါင်းငုံ့ကာ အခန်းတွင်းမှ ထွက်သွားလေ၏ ။
“ အိမ်ရောက်မှ တိုက်က စာရေးတစ်ယောက်က ဦးထွန်း နောက် လိုက်သွားတယ်ဆိုလို့ ဒီလူကြီး အကြောင်း သိတာနဲ့ လိုက်လာတာပါ မရင်ရယ် ”
“ ကျွန်မ ကုသိုလ်ကံက ဦးထွန်း လို ဆိုးတဲ့ လူနဲ့ချည်း တွေ့ဖို့ ဖန်တီးလာတာ ထင်ပါရဲ့နော် ”
“ အို ... ကျုပ်တော့ မဆိုးပါဘူး ။ လူဆိုတာ မှားရတဲ့ လူမျိုးပါ မရင်မေ ရဲ့ ကျုပ် မရင်မေ ကို ဖျက်လိုဖျက်ဆီးနဲ့ ပစ်မထားရက်ပါဘူး ” ဟု ပြောကာ အိမ်သို့ ခေါ်လာခဲ့လေသတည်း ။
▢ ပီမိုးနင်း
📖 ရွှေဓားဗိုလ် မဂ္ဂဇင်း
ဇွန် ၊ ၁၉၃ဝ
No comments:
Post a Comment