Wednesday, January 14, 2026

မူးတဲ့လင်

 ❝ မူးတဲ့လင် ❞

  ( ပီမိုးနင်း )


စာရေးကြီး မောင်လှမောင်သည် အလုပ်မှ ပြန်လာရာ အိမ်ပေါ်သို့ တက်၍ လှေကားထိပ်သို့ ရောက်သည်နှင့် တစ်ပြိုက်နက် နောက်ဖေးစားဖိုဆောင်မှ တရှဲရှဲ ကြော်၍ နေသော အသံနှင့် မွှေးကြိုင်သင်းပျံ့သော ဂရမ် မဆလာနံ့ သည် နှာခေါင်းစကို တိုး၍ ဝင်သဖြင့် ရုံးမှ ဆာလောင် မွတ်သိတ်စွာ ပြန်လာခဲ့ရသဖြင့် အညှော်နံ့သည် ဆာလောင်ခြင်းကို မခံမရပ်နိုင်အောင်ရှိလေ၍ အင်္ကျီချွတ်ရမှန်း မသိဘဲ မိမိ မယားချောကလေး ခင်ခင် ရှိရာ စားဖို ဆောင်သို့ ပြေးဝင်၍ သွားလေသတည်း ။


“ ဟေ့ ကောင်မ ဘာချက်သလဲဟေ့ ခပ်မြန်မြန်ကလေး လုပ်စမ်းပါ ။ အလုပ်များလွန်းလို့ တစ်နေ့လုံး ဘာမှ မစားရဘူး ။ ဆာလိုက်တာ မိန်းမရာ ”


ခင်ခင်သည် ဆိတ်သားကြော်၍ ဒယ်အိုးကို သံယောင်းမနှင့် မွှေနှောက်၍နေရာမှ အနီး၌ ရပ်လာသော ထွားကျိုင်းသန်မာ ချစ်စရာကောင်းလှသော လင်ယောက်ျား၏ မျက်နှာကို မော်၍ ကြည့်ပြီးလျှင် ပုလဲလုံး ကလေးများ စီထားသလို ဖြူစင်ညီညွတ်သော သွားကလေးများ ပေါ်အောင်ပြုံးလျက် ။ 


“ ဪ ... ဘာပြုလို့ အဆာခံရတာလည်း ကိုလှမောင်ရဲ့ ။ ဝယ်စားရောပေါ့ အလုပ်ချည်းပဲ တကုတ်ကုတ်နဲ့ လုပ်နေလို့ ဒူလာစွဲပြီး ဒုက္ခရောက်နေလိမ့်မယ် ။ ရှင်တို့ ရုံးမှာလည်း မုန့်ဟင်းခါးတို့ ခေါက်ဆွဲတို့ ကြာဇံကြီးတို့ ရှိသား မဟုတ်လား ၊ လက်ဖက်ရည်ဆိုင်တွေလည်း ပေါလှပါတယ် ။ နောက်ကို အဆာမခံပါနဲ့ စိတ္တဗလက်ထက် ကာယဗလက အရေးကြီးတယ် ကိုလှမောင်ရဲ့”


ပွင့်သစ်စ နှင်းဆီပန်းကလေးကဲ့သို့ လန်းဆန်းဆတ်ဆတ် သီတင်းကျွတ်တာနှင့် ယူခဲ့သော ဇနီးသည် အချောကလေး၏ သဘောကျစရာ ပီယ ဝါစာ ချစ်ဖွယ်သော စကားကလေးများကို ကြားရသောအခါ လှမောင် မှာ ရေခဲနှင့် ဖာလူဒါ စားသကဲ့သို့ ဘဝင်မှာအေးချိုလျက် အလုပ်ခွင်၌ တစ်နေ့လုံးပင်ပန်းသမျှတွေမှာ ပျောက်ပျက် သွားပြီးနောက် 


“ အေးကွယ် ဒီတစ်နေ့ ဘာပဲ ။ မင်းက စိုးရိမ်တတ်လို့ ပြောမှဖြင့် နောက်ကို အဆာမခံပါတော့ဘူး ။ တခြား ဘာဟင်းများ ချက်ထားသေးသလဲ ကြက်ဥ ကြော်ထားသလား ”


“ ဟင့်အင်း မကြော်ရသေးဘူးရှင့် ၊ ဝက်သားဟင်းလေးလည်း ရှိသေးတယ် ။ ငါးခူလည်း ကြော်ထားတယ် ကြာဇံဟင်းချိုလည်း ရှိတယ် ၊ ငါးပိကြော်လည်းရှိတယ် ။ ဟောဒါက ဆိတ်သားကို စင်းပြီး ထောပတ်မဆလာမွှေးနဲ့ ကြော်တာရှင့် ။ တို့စရာတော့ သခွားသီးနဲ့ မုန်လာဥချဉ် ရှိတယ် ။ သွားပါ အင်္ကျီ သွားချွတ်ပါဦး ရေချိုးပါ ။ ပြီးပါတော့မယ် ။ ဩော် ဒါထက် ကိုလှ ရေ မော်လမြိုင်က မခင်အေးတို့ မသန်းစိန်တို့ ရန်ကုန်ကို ဘုရားဖူးလာကြ မယ်တဲ့ ။ ကနေ့ စာရတယ် ”


“ အေးဟေ့ ဒါဖြင့် ကောင်းတာပေါ့ ။ တို့နှစ်ယောက်နဲ့ ပျင်းလှတယ် ။ ဧည့်သည်များများ လာပါစေ ငါတော့ ဆုတောင်းတာပဲ ။ ဂရမ်ဖာဖုန်း ဓာတ်ပြားတွေတောင် ဝယ်ရဦးမယ် ။ ဘယ်နေ့ လာကြမတဲ့တုန်း ” 


“ လဆန်း ၁၂ရက်နေ့ ရန်ကုန်ရောက်ကြလိမ့်မယ် ” 


“ ကနေ့လဆန်း ၈ ရက် ရှိသွားပြီးနော် ”


လှမောင်သည် ရေချိုးလျက်ရှိစဉ် ခင်ခင် မှာ လင်တော်မောင် စားရန် ချက်ပြုတ်ခူးခပ်ချင်း ပန်းကန်ဆေးချင်း ထမင်းစားပွဲကို မလှလှအောင် ပြင်ဆင်ခြင်းတို့ဖြင့် ပျာယီးပျာယာ ဖြစ်၍နေလေသတည်း ။


လှမောင်သည် ရေချိုးခန်းထဲ၌ မိမိကိုယ်ကို ဆပ်ပြာ တွန်းရင်း ခင်ခင်အကြောင်းကို စဉ်းစား၍ နေလေ၏ ။ စားဖိုဆောင်မှာ လင်ယောက်ျား ထံမှ မျက်နှာရအောင် အားစိုက်ကြိုးပမ်း ချက်ပြုတ်လုပ်ကိုင်နေပုံကို တွေးတောကာ များစွာ သနားမိလေ၏ ။ ငါသည်ကား အလုပ် ပင်ပန်းသည် ဆိုသော်လည်း ရုံးသို့ သွားကာ သားသားနားနား တဝီဝီလည်၍နေသော ပန်ကာအောက်မှာ ကလောင်တံဖြင့် သက်သက်သာသာ လုပ်ရ၏ ။ အလုပ် က ပြန်လျှင် အေးအေးဆေးဆေး ထမင်းပွဲ အသာကလေး လက်ထိုး၍ စား၏ ။ ခင်ခင်မှာ နံနက်မိုးလင်းလျှင်ပင် ချက်ရန်ပြုတ်ရန်ဈေးသွားပြီး ဈေးမသက်သာလျှင် သက်သာအောင် ဆိုင်တကာလည်ပြီး ဝယ်ရခြမ်းရ၏ ။ ဈေးမှ ပြန်လာလျှင် ဘယ်အခါမှ ကူလီ မငှား လေးလံသော ဈေးခြင်းတောင်းကို တစ်ယောက်တည်း ဆွဲ၍ ပြန်လာ၏ ။ ဈေးဝယ်ပြီးရုံနှင့်မပြီးသေး ဝယ်လာသော စားစရာ တို့ကို ကျကျနန ခုတ်ဖြတ်ဆေးကြောချက်ပြုတ်ရသေး ၏ ။ လင်ယောက်ျား ထမင်းအစားနည်းမည်ကို အလွန် စိုးရိမ်ရှာ၏ ။ နံနက် ၇ နာရီ ဆိုလျှင် လင်အတွက် ကာဖီ ဖျော်ရ၏ ။


၎င်းနောက် အိမ်ဦးမှ နောက်ဖေး အထိ တံမြက်စည်း လှည်းရ၏ ။ ဘုရားစင်မှာ ဆွမ်းတော်နှင့်အကွ သောက်တော်ရေများကို ကပ်၏ ။ ဗီရို စားပွဲကုလားထိုင် စသော အိမ်ထောင်ပရိဘောဂများ အညစ်အကြေးဖုန်များ ကင်းရှင်းအောင် မနက်တစ်ခါ ညတစ်ခါ အဝတ်နှင့် ပွတ်တိုက်ရ၏ ။ နံနက် ၉ နာရီခွဲ ဆိုလျှင် ယောက်ျားကို ထမင်းခူး ကျွေးရ၏ ။ အလုပ်သွားခါနီး အင်္ကျီ လုံချည် ခေါင်းပေါင်းတို့ကို ယူ၍ ပေးရ၏ ။ ဖိနပ်ကိုလည်း တိုက်ပေးရ၏ ။ နေ့လယ်နေခင်း အလကား မနေရှာချေ ။ စားပွဲခင်းတွေ မျက်နှာသုတ်ပဝါတွေ တံခါးပိတ်တွေ လှမောင် ၏ စွပ်ကျယ်အင်္ကျီတွေကို တဗြုန်းဗြုန်းနှင့် ဖွတ်လျှော်ရ၏ ။


ညနေချက်ပြုတ်ပြီးလျှင် လင်တော်မောင် အချစ်တို့ ရအောင် မိမိကိုယ်ကို လှအောင်ချောအောင် သရသေး၏ ။ ညအခါဆိုလည်း လင်ယောက်ျားကို နင်းနှိပ်ပြီးမှ အလိုဖြည့်ပြီးမှ အိပ်ရ၏ ။ ၎င်းနောက် မိုးမလင်းခင် ထရ၏ ။ ၎င်းနောက် အိမ်မှုကိစ္စကို ပြုလုပ်ရပြန်၏ ။ ခင်ခင် သည် ချာချာလည်၍ နေ၏ ။ ဟိုနေရာ သွားလျှင် ခင်ခင် ၊ ဒီနေရာ သွားလျှင် ခင်ခင် ၊ ဟိုဟာလုပ်လဲ ခင်ခင် ၊ ဒီဟာလုပ်လည်း ခင်ခင် နေရာတကာ ခင်ခင်ချည်းပါကလားဟု တွေးတော သနားကရုဏာများစွာ သက်မိလေ၏ ။


ခင်ခင်၏ မယားကောင်း ပီသပုံတွေ ခင်ခင်၏ သဘောကောင်းပုံ ခင်ခင်၏ အနွံအတာခံပုံတွေကို တွေးပြီး ခင်ခင် အပေါ်၌ ထားရှိအပ်သော ချစ်ခြင်းသည် ထုထည်ကြီး ခိုင်ခံ့၍ လာလေသတည်း ။


ဪ ခင်ခင် အတော်ကို လိမ္မာတဲ့ ကလေးမပဲ ။ ဘယ်နေရာမှ အပြစ်တစ်ကွက် ပြောစရာမရှိဘူး ။ စိတ်ချပါတယ် ၊ ယုံကြည်ရပါတယ် ၊ လင့်အလိုလည်း အင်မတန်တတ်တယ် ။ တစ်နေ့ညကလည်း နေမကောင်းဘူးဆိုပြီး နေရာမှာ ငါ သွားပြီးတော့ ခါးကို တစ်ချက် နှစ်ချက်နှင့် စမ်းပါဆိုတုန်းက သူနည်းနည်းမှ မလှုပ်ချင် ရှာဘူး ။ ခေါင်းအိပ်နေရာမှ ထပြီး နင်းပေးရှာတယ် ။ သူ ငါ့ကို ချစ်လိုက်တာလည်း လွန်လို့ ကြောက်လိုက် တာလည်း တွန့်နေတာ ၊ ရိုသေလိုက်တာကလည်း ပြားပြားဝပ် နေတာပဲ ။ ကလေး ဘာမှ မသိရှာဘူး ။ ငါ အရက်သောက်တတ်တာ သိရင်လည်း အင်မတန် စိတ်မကောင်း ဖြစ်ရှာမယ် ။ တစ်နေ့ကကို ကျီစယ်ချင်လို့ ခင်မင် မင်းတစ်ယောက်တည်း နေရစ်တော့ ငါ ဖျာပုံကို ပြန်တော့မယ် ဆိုတုန်းက အဟုတ် ထင်ပြီး ငိုရှာတယ် ဟု စဉ်းစားကာ ရေချိုးခန်းမှ ထလာခဲ့လေ၏ ။


ခင်ခင်သည် ရေမိုးချိုး၍ သနပ်ခါးပေါင်ဒါများ လိမ်းပြီးနောက် လင်မယားနှစ်ယောက် ထမင်းစားရန် ပြင်ဆင်လေ၏ ။ စားပွဲ၌ နှစ်ယောက်သား မျက်နှာချင်း ဆုံမိကြသောအခါ တစ်ယောက်နှင့် တစ်ယောက် အကြည့် ဇောဆိုက် ပူနွေးသော ညစာကို မြိန်ယှက်စွာ စားသောက်ကြရင်း


“ ကိုလှမောင် ကနေ့ည ဘယ်သွားစရာရှိသေးသလဲ ”


“ ဪ ခုမှ သတိရတယ် ။ သူငယ်ချင်းတစ်ယောက် လက်ဖက်ရည် သောက်ဖိတ်ထားတယ် ။ အဲဒါ သွားရမယ် ”


“ သွားရင်လည်း ညဉ့်နက်အောင် မနေနဲ့နော် ။ ခင် တစ်ယောက်တည်း မနေဝံ့ဘူး ကြောက်တယ်ရှင့် ၊ စောစော ပြန်လာခဲ့နော် ”


“ အေးကွယ် ပြန်လာခဲ့မယ် ။ သွားတောင် မသွားချင်ဘူး ။ နို့ပေတဲ့ ညီအစ်ကိုလို ချစ်နေတဲ့ သူငယ်ချင်းမို့ မသွားရင် မဖြစ်ဘူး ခင်ရဲ့ ညဉ့်မနက် စေရပါဘူး ။ ပျင်းရင်လည်း ဟိုဘက်ခန်းက မတင့် ကို ခေါ်ပြီး စကားပြော နေပါလား ”


“ ရှင်သာ မြန်မြန်ပြန်လာပါ ။ ကြာနေရင်တော့ ဒါပဲ ” 


ည ၈နာရီအချိန်တွင် လှမောင်သည် အိမ်မှ ထွက်သွားလေ၏ ။ လှမောင် ထွက်သွားပြီးနောက် ခင်ခင်သည် အိပ်ရာခင်းနှင့် ခေါင်းအုံးစွပ်များကိုလဲ၍ နေလေ၏ ။ ထို့နောက် မတင့် အတူ ခေတ်သီချင်း ဖွင့်ကာ စကား ပြော ၍ နေလေ၏ ။


၉ နာရီ ထိုးသော်လည်း လှမောင်သည် ပြန်၍ မလာသေးချေ ။ ၉ နာရီခွဲတွင် မတင့်သည် ၎င်း၏ အိမ်သို့ ပြန်သွားလေ၏ ။ ထိုအခါ ခင်ခင် သည် အိမ်တံခါးဝမှ ကုလားထိုင်တွင် ထိုင်ပြီးလျှင် လင်တော်မောင် လာမည့် လမ်းကို မျှော်မှန်းကာ နေလေသတည်း ။


၎င်းနောက် ၁ဝ နာရီထိုးသံကို ထင်ရှားစွာ ကြားရလေ၏ ။ ထိုအခါ ခင်ခင်၏ လည်တိုင်သည် တစ်ပေ လောက် ရှည်၍ လာလေ၏ ။ လှမောင် သည်ကား ပေါ် မလာချေ ။ ခါတိုင်းခါတိုင်း ဤအချိန် ဆိုလျှင် ပြန်၍ ရောက်လေပြီ ။ ယနေ့ညမှာ အဘယ်ကြောင့် ကြာရပါ သနည်း ။ သူငယ်ချင်းအိမ် သွားမည် ဆိုပြီး ငါ့ အား ပလီ၍ သွားလေသလား ။ ဖောက်ပြားတတ်တဲ့ ယောက်ျားများ၏ ဝါသနာအတိုင်း အိမ်ရှင်မ ကွယ်ရာမှာ တွယ်တာစရာ အငယ်အနှောင်းတွေနဲ့ မျှော်ကြောင်းကို ဖန်၍ နေလေသလား ။ ဟင် ဒီလိုလည်း ဟုတ်မယ် မထင်ပါဘူး ။ နို့ ဘာဖြစ်လို့ ဒါလောက် ကြာနေပါသလဲ ဟု တွေးတောကာ မျက်စိများလေးလံ၍ လာသောကြောင် တံခါးများကို အသာစေ့ပြီး ပက်လက်ကုလားထိုင်ပေါ်မှာ မှိန်း၍ နေလေ၏ ။


ခင်ခင်တို့ အိမ်တည်နေရာဌာနသည်ကား ရန်ကုန်မြို့အရှေ့ပိုင်း ငြိမ်သက်သောလမ်းတွင် ဖြစ်သောကြောင့် ဤအချိန်၌ အတော်တိတ်ဆိတ်လေပြီ ။ ဓာတ်ရထားနှင့် မော်တော်ကားများ၏ သွားလာသော အသံများကို များစွာ မကြားရတော့ချေ ။ တချက်ချက် မြည်၍ နေသော နာရီ ကြီး၏ ခြောက်သွေ့သော အသံနှင့် တစ်ခါတစ်ခါ ဝေးသောအရပ်မှ အပြင်းစိုင်း၍ နှင်သော မော်တော်ကား တစ်စီးတလေ အသံကို ကြားရလေသတည်း ။

 

၁ဝ နာရီခွဲ ၁၁ နာရီထိုးသော်လည်း လှမောင်သည် ပေါ်၍မလာသောကြောင့် ခင်ခင်မှာ အိပ်တော့မည်ဟု ပိုင်းဖြတ်ပြီးလျှင် ပက်လက်ကုလားထိုင်မှ ထကာ အခန်း ထဲသို့ ဝင်ပြီး ခုတင်ပေါ်၌ လှဲချလိုက်လေ၏ ။ ၎င်းနောက် လင်ယောက်ျား၏ မူမမှန်ပုံကို အတန် ကြာစဉ်းစားပြီး နောက်မျက်လုံးများသည် လေးလံ၍ လာသည်နှင့် မှေးခနဲကျ၍ အသွားမှာ ...


“ ခင်ရေ ဟေ့မိန်းမ တံခါးဖွင့်စမ်းပါဦးကွဲ့ ။ မင်းကလည်းကွာ အိပ်လိုက်တာ ငါအပြန်တောင်မှ မစောင့်တော့ဘူး ။ ခင်ခင် ခင်ခင် ထစမ်းပါ ဦးကွဲ့  ” ဟု လှမောင် ၏ အရက်တန်ခိုးပါသော အသံကို ကြားရသောအခါ ခင်ခင်သည် ရုတ်တရက် နိုးသော်လည်း မနိုးချင်ယောင် ဆောင်လျက် အိပ်၍ နေလေ၏ ။


လှမောင်သည် တံခါးကို ခေါက်လေ၏ ။ 


“ အောင်မာ အိပ်ကြီးလိုက်တဲ့မိန်းမရာ ၊ ဖွင့်စမ်းပါဦးကွ တံခါးကို တယ်နော် ... ငါဆဲလိုက်ရ ” ဟု ပြောပြောဆိုဆို တံခါးကို တွန်းလိုက်ရာ စေ့ထားသော တံခါးသည် ရုတ် တရက် ပွင့်လျက် ၎င်း၏ ကိုယ်သည် ရှေ့သို့ ယိမ်းထိုး၍ ကျသွားပြီးနောက် တံခါးဝမှာ ပုံရက်ဖြစ်၍ နေလေ၏ ။ ထိုအခါ ခင်ခင်သည် အိပ်ရာမှ ထ၍ ထွက်လာသဖြင့် ခင်ခင်သည် မြန်စွာ နှာခေါင်းကို ရှုံ့လျက် အံ့အားသင့်ကာ 

“ ကြည့်စမ်း ရှင် အရက်တွေ သောက်လာတယ်ပေါ့လေ ၊ ရှင် အကျင့်ကောင်းတွေ တတ်နေလား ။ အမယ်လေး ထပါ ကိုလှမောင်ရဲ့ စိတ်ညစ်လိုက်တာနော် ခုဘယ်အချိန် ရှိပြီ ထင်သလဲ ၊ ထပါ ၊ အိမ်ထဲသွားမယ် ” ဟု မနိုင့်တနိုင် အတင်း ဆွဲယူလေရာ လှမောင်သည် ယိုင်တိုင်ယိုင်တိုင် နှင့် ပါသွားပြီးနောက် အိပ်ရာပေါ်သို့ လှဲချပြီးလျှင် “ ခင်ရေ ဟေ့ ခင်ခင် ငါမူးတယ်ကွာ ” ဟု ခုတင်ပေါ်မှာ လူးလှိမ့်၍ နေလေရာ ခင်ခင်သည် အသာထို င်ကြည့်၍နေရာမှ “ ရှင့် သူငယ်ချင်းအိမ် လက်ဖက်ရည် သွားသောက်မယ်ဆို ခုတော့ အရက်တွေ သောက်လာတာ ကောင်းနိုင်သေးရဲ့ လား .. ကိုလှမောင် ၊ ရှင်ကျွန်မကို ညှင်းဆဲတယ် ။ ကျွန်မ ကိုတော့ ရှင်မသနားဘူးနော် ၊ ရှင် ဒီလိုပဲ လုပ်နေတာ ဘယ်လောက်ကြာပလဲ ၊ ခုတော့ လက်ပူးလက်ကြပ် မိပြီ ခင် တော့ သေချင်တာပဲ ”


“ ခင်ရေ ... ခင်ခင်ကလေးရဲ့ မင်း ငါ့ကို ဖက်ထားပါလားကွယ် မင်းဟာ ငါ့မိန်းမ မဟုတ်လား ကွဲ့ ” စသည်ဖြင့်ပြောရင်း ကိုယ်ကို လှိမ့်လိုက်ရာ ခုတင် အစွန်းသို့ ရောက်သွားပြီးလျှင် ရှပ်အင်္ကျီအိတ်ထဲမှ စက္ကူခေါက်ကလေးတစ်ခုသည် ခုတင်အောက်သို့ ကျသွားလေ၏ ။ ခင်ခင်သည် ထိုစက္ကူကလေးကို ကောက်ပြီး လျှင် ဖွင့်ကြည့်ပြီးနောက် အကြံတစ်ခုရသဖြင့် မွေ့ရာ အောက်သို့ ကပျာကယာ ထိုးထည့်ထားလိုက်လေ၏ ။ ၎င်းနောက် မူးတဲ့ လင်သည် ငြိမ်သက်၍ သွားလေ၏ ။


နံနက်သို့ ကျရောက်၍ ကာဖီ သောက်ကြရာဝယ် လှမောင်သည် ခင်ခင်၏ မသာယာသော မျက်နှာကို မြင်ရသဖြင့် “ မင်းမကြိုက်ရင် နောက်ကို မလုပ်တော့ပါဘူး ။ ငါလည်း များများ မသောက်ပါဘူး ။ သောက်တာတော့ မင်းနဲ့ မညားခင် ကတည်းက နည်းနည်း နည်းနည်း သောက်တာပဲ ”


“ အရက်ဆိုရင် နည်းနည်းကလေး သောက်တာ မပြောနဲ့ ၊ လက်ဖျားနဲ့ ထိတာတောင် ခင် မကြိုက်ဘူး ၊ နောက်ကို ဒီလို လုပ်လာရင်တော့ တွေ့ကြလိမ့်မယ် ။ ဒါပဲ ရှင် ကျွန်မကို နည်းနည်းမှ မသနားဘူး ။ ဒီနေ့လခထုတ်မယ် မဟုတ်လား ။ တစ်ပြားမှ မလျော့စေနဲ့နော် ” 


“ အေးကွယ် မင်းစကား နားထောင်ပါမယ် ” 


၎င်းနောက် လှမောင်သည် အလုပ်သို့ သွားရန် ပြင်ဆင်၍ တစ်စုံတစ်ခုကို အင်္ကျီအိတ်များတွင် စမ်းသပ်ရှာဖွေရာ မတွေ့ရှိသဖြင့် မျက်လုံးများ ပြူး၍သွားလေ၏ ။


“ ဘာတဲ့ရှင့် ”


“ လုပ်စမ်းပါ ခင်ရေ ။ ငါ့တို့ ဝန်ထောက်က မနေ့က ဘဏ်မှာ ငွေနှစ်ထောင် ထုတ်ဖို့ ချက်လက်မှတ် တစ်ခု ပေးထားတယ် ။ ဘယ်နေရာ ထားမိ မှန်းမသိဘူး ။ ပျောက်ရင်တော့ ဒုက္ခပဲဟေ့ ရှာစမ်းပါဦးကွယ် ”


ခင်ခင်သည် ချက်လက်မှတ်ကို စိုးရိမ်စွာရှာသော ဟန်ဖြင့် နေမထိ ထိုင်သော တစ်အိမ်လုံး မွှေနှောက်၍ ရှာလေတော့၏ ။


“ ကောင်းတယ် ပျောက်တောင် နည်းသေးတယ် ။ သောက်ပါဦးလား ။ အခုတော့ ထောင်နှုတ်ခမ်း နင်းနေပြီ မဟုတ်လား ။ ဒါတွေကို အရက်သောက်တဲ့ ကောင်းကျိုး တွေ နောက်ကို တစ်နေ့ ဆယ်ပုလင်းလောက်သောက် ” 


“ မင်းကလည်း အရေးထဲ မဆူစမ်းပါနဲ့ကွာ ၊ ရှာစမ်းပါဦး ”


“ ရှာလို့မှ မတွေ့ဘဲ ဒါ ရှင့်အပြစ်နဲ့ရှင် ”


“ အေး ငါ့အပြစ်နဲ့ငါ မင်းက ဒီလို ပြောတာ ။ ငါ့ကို ထောင်ကျစေချင်လို့ဆိုတာ သိပါတယ် ။ အားကိုးရတဲ့ မယားပဲ ”


ခင်ခင်သည် မည်သို့မျှ ပြန်မပြောချေ ။ ၎င်း၏ မျက်လုံးများသည် တပည့်ကို ကျီစားသော ဆရာမ၏ အမူအရာ အရိပ်အယောင်များ ပေါ်ထွက်၍ လာလေ၏ ။ လှမောင် မှာကား မျက်နှာကြီး နီလျက် ဂနာမငြိမ်ဘဲ ရှိလေ တော့သတည်း ။


“ ကျွန်မ ရှာလို့ရရင် ရှင် ကျွန်မ ပြောစကား နားထောင်မလား ”


“ အို တစ်ခါမဟုတ် ဆယ်ခါတောင် နားထောင်သေးတယ် ”


“ ယုံရမှာလား ကျွန်မ မယုံနိုင်ဘူး ။ ကျွန်မ ဆိုတာကို လိုက်ဆိုနော် ”


“ ဆိုပါ့မယ်ကွယ် ”


“ ကောင်းပြီ လိုက်ဆို တပည့်တော်သည် ယနေ့မှစ၍ သေရည်သေရက် သောက်စားခြင်းကို လုံးဝရပ်စဲ ရှောင်ကြဉ်ပါပြီ ... နောင်ကို သောက်ခဲ့သည် ရှိသော် ဘေးအန္တရာယ် အမျိုးမျိုး သင့်၍ သေသည့် အခြားမဲ့၌ မဟာအဝီစိငရဲ ကျရပါစေသား ”


လှမောင်သည် ချက်လက်မှတ် လိုချင်လွန်းသော ကြောင့် ခင်ခင် ဆိုသမျှကို လိုက်၍ ဆိုရ၏ ။ 


“ နောက်ကို အရက်သောက်ရင်တော့ ရှင်ဒုက္ခပဲ ။ ကိုင်း မျက်စိမှိတ်ပြီး ဘုရားကို အာရုံပြု မျက်စိ မဖွင့်နဲ့နော် ကျွန်မက ဖွင့်ဆိုမှ ဖွင့် ... ”


လှမောင်သည် ဘုရားစင် ရှေ့၌ မျက်စိမှိတ်လျက် အာရုံပြုနေစဉ် ခင်ခင်သည် အခန်းထဲသို့ ဝင်ကာ ညက အိပ်ရာအောက်တွင် မိမိ ဝှက်ထားခဲ့သော ချက်လက်မှတ်ကို ယူခဲ့ပြီးလျှင် လှမောင်၏ ရှေ့သို့ အသာချပြီး “ ကိုင်း မျက်စိဖွင့်တော့ ” ဟု ပြောသဖြင့် မျက်စိကို ဖွင့်သောအခါ လှမောင်မှာ မိမိ ရှေ့တွင် ပျောက်ဆုံးသော ချက်လက်မှတ်ကို တွေ့ရသဖြင့် ဝမ်းသာလုံး ဆို့ကာ ။ 


“ မင်းဘယ့်နှယ် လုပ်လိုက်သလဲခင် မင်း တယ်တော်ပါလား ”


“ နတ်များက ဝှက်ထားတာရှင့် ၊ အင်မတန် တောင်းပန်လို့ ပြန်ရတာ ကျွန်မက အတတ်တစ်မျိုးနဲ့ လုပ်လိုက်တာ ” ဟု ပြောသဖြင့် လှမောင်သည် ထိုင်ရာမှ ရုတ်တရက် ထပြီး ဇနီးအလှအသစ်ကလေးကို အချစ်ဆေးဖော်ရန် ကစ်စ်ပေးလိုက်လေသတည်း ။


 ▢  ပီမိုးနင်း

📖 ဗန္ဓုလ ဂျာနယ်

      ဒီဇင်ဘာ ၂၁ ၊ ၁၉၃၂

No comments:

Post a Comment