Wednesday, January 7, 2026

ထူးဆန်းသော လူသူတော်ကြီး


 

❝ ထူးဆန်းသော လူသူတော်ကြီး ❞
( အောက်တိုဘာအောင်ကြီး )

တစ်နေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၊ ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ အလည်အပတ် သွားခဲ့လေ၏ ။ ထိုနေ့က စနေနေ့ ဖြစ်၏ ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရှိ ရုပ်ရှင်သမိုင်းပြတိုက်တွင် ကျွန်ုပ်နှင့် လွန်စွာမှ ရင်းနှီးကြသော ဘဘဦးတင်ယု ၊ ဇာတ်ညွှန်းဆရာကြီး ဦးချစ်သန်းမြင့် ၊ ကင်မရာမင်း အကယ်ဒမီ ဦးသန်းမောင် ( ဦးဖိုးထောင် ) ၊ ရုပ်ရှင် မင်းသားကြီး ဦးဌေးအောင် ၊ ဆရာ ဦးအေးကြူလေး ၊ ဆရာမ တက္ကသိုလ် ယဉ်ယဉ်လဲ့ ၊ အေဝမ်း သိန်းထွဋ် ( စပ်စု) ၊ ဦးအုန်းရွှေ ( လေ့ကျင့်ရေး ) တို့ ရှိကြ၏ ။

၄င်းတို့သည် လခ တစ်ပြားတစ်ချပ်မှ မရဘဲ အပျော်တမ်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဖွင့်လှစ်ထားသော မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက် မှ ရုပ်ရှင်မြတ်နိုးသူများ ပင် ဖြစ်ကြကုန်၏ ။

“ အောက်တိုဘာ ...ခင်ဗျားကို တွေ့ရတာနဲ့ အတော်ပဲ ”

ဟု ဆွေဗမာရုပ်ရှင်ပိုင်ရှင် မင်းသားကြီး ဦးဌေးအောင် က ကျွန်ုပ် အား တွေ့လျှင် တွေ့တွေ့ချင်း ထိုသို့ပြော လိုက်လေ၏ ။

“ ဘာလဲ ... လက်ဖက်ရည် ဒါနပြုချင်လို့လား ”

ဟု ကျွန်ုပ်က ရယ်ရယ်မောမော အဘဦးဌေးအောင် အား ပြန်ပြော လိုက်ရာ ...

“ သောက်ချင်ရင်လည်း တိုက်ပါ့မယ် ။ ပြီးတော့ မောင်ရင့်ကိုလည်း ကုန်ကြမ်း တစ်ခု ပေးစရာရှိတယ် ”

ဟု ဦးဌေးအောင်က ပြော လိုက်လေ၏ ။

“ မဟုတ်က ဟုတ်တွေတော့ မပေးနဲ့ နော် ”

ဟု ကျွန်ုပ်က ၄င်းအား ခပ်တည်တည်နှင့် ပြန်နောက်လိုက်လေ၏ ။

“ တကယ်ပါ ... မောင်ရင် ဓနသိဒ္ဓိဂျာနယ်မှာ ရုပ်ရှင်နယ်က ဖြစ်ရပ်ဆန်းတွေ ရေးနေတာ ဖတ်ရတယ် ။ ကိုယ်တို့ ကလော မှာ ရုပ်ရှင်သွားရိုက်စဉ်တုန်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီး အမှတ်ရလို့ မောင်ရင့်ကို ပြောပြချင်တာ အဲဒီ အကြောင်းလေးတွေ ရေးစမ်းပါကွ ”

ဟု ရုပ်ရှင်မင်းသားကြီး အဘဦးဌေးအောင်က ပြောလိုက်လေ၏ ။

ထို့နောက် ကျွန်ုပ် ၊ မင်းသားကြီး ဦးဌေးအောင် ၊ ဆရာကြီး ဦးအေးကြူလေးတို့သည် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဝင်းထဲ၌ ဖွင့်လှစ်ထားသော ဒေါ်စိန်တုတ် လက်ဖက်ရည်ဆိုင်တွင် ထိုင်ကာ မင်းသားကြီး ဦးဌေးအောင် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသည့် ထူးဆန်းသော အကြောင်းများကို အောက်ပါအတိုင်း ပြောလိုက်လေတော့၏ ။

••••• ••••• •••••

ဆွေဗမာ ရုပ်ရှင်အဖွဲ့သားတို့သည် ကလောမြို့တွင် ‘ သံသရာခရီးသည် ’ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေစဉ် ၅ ရက်မြောက်သော တစ်နေ့သ၌တွင် ဆွေဗမာရုပ်ရှင်ပိုင်ရှင် ဦးလွန်းမောင်၏ သားသမက် မင်းသားဌေးအောင်သည် စက်အဖွဲ့သားတွေအတွက် ယောက္ခမကြီး မသိအောင် တောင်ကြီး ကနေ ရွှေလိမ္မော်အရက်နှင့် မြည်းစရာများကို တိတ်တဆိတ် ဝယ်ယူကာ ၄င်းတို့အား တိုက်၍ မင်းသားဌေးအောင် ပါ ပျော်ပျော်ပါးပါး ညဘက်တွင် သောက်ကြလေတော့၏ ။ မင်းသားဌေးအောင် မှာလည်း စက်အဖွဲ့သားများကို လိုလေသေး မရှိအောင် ပြုစုလေ၏ ။

ထိုသို့ လိုလေသေး မရှိအောင် စီမံထားသည့် အထဲက အသံဖမ်းဆရာ ကိုမောင်မြင့် မှာ အရက်များ အလွန်အကျွံ မူးနေရင်းက အကြောင်းမရှိ အကြောင်းရှာ ပြဿနာ ရှာလေတော့၏ ။

“ အရက်က သောက်ရတာ မဝသေးဘူး အရက် ကုန်သွားပြီ ။ အမြည်းက မရှိတော့ဘူး ။ ထပ်ဝယ်ပေး ၊ ထပ်သောက်ဦးမယ် ”

ဟု ဆိုကာ ပြောဆိုလေတော့၏ ။

“ ကိုမောင်မြင့် တိုးတိုးတိတ်တိတ် ပြောပါဗျာ ။ အဘိုးကြီး ကြားသွားလို့ ကျွန်တော့်ကိုပါ ဆူနေပါဦးမယ် ”

ဟု မင်းသားဌေးအောင် က တောင်းပန်တိုးလျှိုး ပြောသော်လည်း ၄င်းက ပို၍ ပို၍ ဆိုးလာလေတော့၏ ။

မင်းသားဌေးအောင် ကိုယ်တိုင်ကလည်း အရက်တွေ အတော်မူးနေသူ ဖြစ်သောကြောင့် ၄င်းအား ကြာရှည်သည်းခံနိုင်မှု မရှိတော့သဖြင့် တည်းခိုသော အိမ်၏ နံရံကို လက်သီးနှင့် လွန်စွာမှ ဒေါသထွက်ကာ ထိုးလိုက်လေတော့၏ ။

မင်းသားဌေးအောင်လည်း လွန်စွာမှပင် ပေါက်ကွဲကာ အရက်ပုလင်းတွေကိုလည်း ရိုက်ခွဲ ပစ်ပေါက်လေတော့၏ ။

ထိုသို့ မင်းသားဌေးအောင် ဝုန်းဒိုင်းကြဲလိုက်သည့်အခါ အသံဖမ်းဆရာ ကိုမောင်မြင့် မှာ ငြိမ်သွားလေတော့၏ ။

ထိုသို့ ဖြစ်ပွားပြီး နောက်တစ်နေ့မှာ သရုပ်ဆောင်ဇာတ်ပို့ ဒေါ်လှရှင် ဆိုသည့် အမျိုးသမီးကြီးမှာ တဟီးဟီးမြည်ကာ နတ်ပူးသလိုလို ခုန်၍ ...

“ မကျေနပ်ဘူး ... မကျေနပ်ဘူး ”

ဟု အော်ကာ ပြောလေတော့၏ ။

ထိုအချိန်၌ နားလည်သဘောပေါက်သော အမျိုးသမီး တစ်ယောက် က ဒေါ်လှရှင်၏ ခါးကို ပိတ်စနှင့် ထဘီ မကျွတ်အောင် စည်းပေးလိုက်ရင်းက ..

“ အခု ဝင်တာ ဘယ်သူ ဘယ်ဝါ ဆိုတာ အမိန့်ရှိပါဦး ”

ဟု ပြောလိုက်ရာ ရုပ်ရှင်တစ်ဖွဲ့သားလုံး လွန်စွာမှ ထူးဆန်းသော အဖြစ်ကို တွေ့မြင်ရပြီး ဒေါ်လှရှင်အား ဝိုင်းအုံ၍ ကြည့်ရှုကြလေတော့၏ ။

“ မကျေနပ်ဘူး .... မကျေနပ်ဘူး ”

ဟု ပြောပြန်၏ ။

“ ဘယ်အတွက် မကျေနပ်ဖြစ်ရတာလဲ ” ဟု တစ်ယောက် မေးရာ ..

“ လုံးဝမကျေနပ်ဘူး ... လုံးဝမကျေနပ်ဘူး ”

ဟု သာ တတွတ်တွတ် ပြောနေသောအခါ မင်းသားဌေးအောင် က

“ ဟုတ်ပါပြီ ... ဘယ်သူ့ကို မကျေနပ်ဖြစ်နေတာလဲ ”

ဟု ပြောလိုက်ရာ ၄င်းက မင်းသားဌေးအောင် အား မျက်ထောင့်နီကြီးနှင့် စူးစိုက် ကြည့်ပြီးနောက် လက်ညှိုးငေါက်ငေါက် ထိုး၍ ...

“ မင်းကို မကျေနပ်တာ ... မင်းကို မကျေနပ်တာ ”

ဟု ပြော လိုက်လေတော့၏ ။

ထိုသို့ အပြော ခံလိုက်ရသဖြင့် မင်းသားဌေးအောင် မှာ လွန်စွာမှ အံ့ဩရလေတော့၏ ။ မိမိ ဘာများ အမှားလုပ်မိလို့ လဲဟု စဉ်းစားရလေတော့၏ ။

“ ကျွန်တော် ဘာများ အမှားလုပ်မိလို့လဲ ”

ဟု မင်းသားဌေးအောင်က မေးလိုက်ရာ ...

“ ဘာအမှားလုပ်မိလို့လဲ ဟုတ်လား ။ ကိုယ် ဘာလုပ်သလဲ ဆိုတာ မသိတော့ဘူးလား ”

ဟု ပြောလိုက်သဖြင့် ရုပ်ရှင်အဖွဲ့သား အားလုံးက မင်းသားဌေးအောင် အား ဝိုင်းကြည့်ကြကုန်၏ ။ ၄င်း၏ ယောက္ခမကြီး ကမူ ...

“ ဟေ့ကောင် ဌေးအောင် မင်းဘာတွေ မဟုတ်ကဟုတ်ကတွေ လုပ်ထားလဲကွ ”

ဟု ဒေါသတွေနှင့် လှမ်းအော်လိုက်ရာ မင်းသားဌေးအောင် မှ ...

“ ကျွန်တော် ဘာမှလဲ မလုပ်ရပါလား အဖေရာ ”

ဟု ပြန်ပြောလိုက်လေ၏ ။

“ ကိုယ်လုပ်တာတောင် ကိုယ်မသိဘူး ဆိုတော့ သိရအောင် ငါပြောမယ် ... ငါပြောမယ်  ”

ဟု ပြောလိုက်ရာ ...

“ ပြောပါ ... ပြောပါဗျာ ။ ကျွန်တော် ဆုံးမပါ့မယ် ”

ဟု ဆွေဗမာ ရုပ်ရှင်ထုတ်လုပ်သူ မင်းသားဌေးအောင် ယောက္ခမ ဦးလွန်းဖေ က ပြော လိုက်လေ၏ ။

“ ဒီကောင်တွေ ညက အရက်တွေ သောက်ပြီး ဆူညံတယ် ။ မူးပြီး သောင်းကျန်ကြတာ ။ ငါနေတဲ့ နေရာမှာ ကောင်းကောင်းမွန်မွန် နေကြပြီး ၊ အလုပ်လုပ်တာကို ငါသဘောကျတယ် ။ အရက်မူးပြီး အော်ဟစ်ဆူညံပြီး သောင်းကျန်းတာတော့ မကြိုက်ဘူးဟေ့ ”

ဟု ပြောလိုက်ပြီးနောက် ဇာတ်ပို့သရုပ်ဆောင် ဒေါ်လှရှင်မှာ “ မူးတယ် ... မူးတယ် ” ဟု ဆိုကာ ပစ်လဲကျသွားလေတော့၏ ။ ရုပ်ရှင်တစ်ဖွဲ့လုံး ၄င်းအား ဝိုင်းဝန်းပြုစုကြရင်း တစ်ခဏ ကြာလာသောအခါ ဒေါ်လှရှင် သတိပြန်ဝင်လာပြီးလျှင် ...

“ ငါ ဘာဖြစ်သွားတာလဲ ... ဟင် ”

ဟု မေးရာ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်လေတော့၏ ။

“ တို့ အခု ဒီမှာ တည်းတဲ့ အိမ်က စောင့်ပုဂ္ဂိုလ်က သူနေတဲ့ အိမ်မှာ အရက်သောက်တာ မကြိုက်ဘူး ။ ဒါကြောင့် သတိပေးတာ ။ မောင်ဌေးအောင် ပွဲထိုးပြီး တောင်းပန်လိုက်ပါ ”

ဟု ဒေါ်လှရှင်မှ ပြောလိုက်လေ၏ ။

ထို့နောက် မင်းသားဌေးအောင် မှာ ကန်တော့ပွဲနှင့် တောင်းပန်လိုက်ပြီးသောအခါ ထိုညတွင် မင်းသားဌေးအောင် အိပ်ပျော်နေစဉ် ...

“ သားတော်လေး .. အရက်မသောက်ဘဲ နေပါ ။ သားတော်လေးကို ကောင်းကောင်းမွန်မွန် ကြည့်ရှုမယ် ”

ဟု သူတော်စင် ပိတ်ဖြူစင်ကြယ်ဝတ် ပုဂ္ဂိုလ်က ပြော၍ အိပ်မက် မက်လေတော့ ။

••••• ••••• •••••

“ အောက်တိုဘာအောင်ကြီးရေ ၊ ကိုယ်တွေ့ခဲ့တဲ့ အကြောင်းလေးကတော့ အဲဒါပါပဲကွာ ”

ဟု ရုပ်ရှင်မင်းသားကြီး ဦးဌေးအောင် က ကျွန်ုပ်အား ပြောလိုက်လေတော့၏ ။

“ အဲဒီနောက်ပိုင်းတွင် ဘာတွေထူးခြားမှုတွေ ဖြစ်ခဲ့သေးလဲ ”  

ဟု ကျွန်ုပ်က မေးရာ မင်းသားကြီးဦးဌေးအောင် က ..

“ ဘာမှတော့ မဖြစ်ပါဘူး ။ အေးရာအေးကြောင်းပါပဲ ။ အဲဒီမှာ ဘယ်သူမှ အရက် မသောက်ကြတော့တဲ့ အပြင် အသံဖမ်းဆရာ မောင်မြင့် လဲ အရက်ပြတ်သွားတယ် ။ ကိုယ်လည်း အဲဒီ ကတည်းက တစ်ခါပဲ သောက်ပြီး အခုအချိန်အထိ အရက်မသောက်တော့တာ ။ အဲဒီ အကြောင်းရေးစမ်းပါ ”

ဟု ပြောလိုက်လေတော့သတည်း ။

▢  အောက်တိုဘာအောင်ကြီး
📖ရုပ်ရှင်နယ်က ဖြစ်ရပ်မှန်များ

No comments:

Post a Comment