Friday, January 16, 2026

ရနေပြီရှင့်


 

❝ ရနေပြီရှင့် ❞
( မောင်ကိုယု )

အလုပ်သမား မှတ်ပုံတင် စာရေးကလေး မောင်လှဖေသည် ယနေ့ အလုပ်များ နေလျက်က တစ်စုံတစ်ခုသော ကိစ္စကြောင့် သောက ရောက်လျှက် ရှိနေသည် ။ မိမိ၏ ကိုယ်ရေးကိုယ်တာ ကိစ္စနှင့် တိုက်ရိုက်အားဖြင့် မပတ်သက်သော်လည်း လုံးဝမသက်ဆိုင်ဟု မဆိုနိုင်သော အကြောင်းကိစ္စ တစ်ခုအတွက် ချီတုံချတုံ ဖြစ်လျက်ရှိနေသည် ။

ယနေ့ အလုပ်သမား မှတ်ပုံတင်ရုံးရှေ့ ကျောက်သင်ပုန်း ပေါ်တွင် စက်ရုံ တစ်ခုမှ အမျိုးသမီး အလုပ်သမားများ အလိုရှိကြောင်းနှင့် ဤရုံးတွင် မှတ်ပုံတင် ထားသူများ မှတ်ပုံတင် လက်မှတ်နှင့်တကွ သတင်းပို့ရန် မိမိ ကိုယ်တိုင် ရေးသားခဲ့သည် ။

မောင်လှဖေသည် စိုးရိမ်သောက ရောက်လျက်ရှိသော အကြောင်းရင်းမှာ ဤသို့ဖြစ်ပါသည် ။

မစိုးစိုး အမည်ရှိ အမျိုးသမီး တစ်ယောက်သည် ဤရုံးသို့ လာရောက် မှတ်ပုံတင်ထားသည်မှာ နှစ်နှစ်ကျော်ခန့်ရှိသည် ။ ပညာအရည်အချင်းအားဖြင့် အဋ္ဌမတန်း အထိ သင်ကြားဖူးသူ ဖြစ်သည် ။ အလုပ်ရရှိရန် မှတ်ပုံတင်ထားသူ၏ ဝတ္တရားအတိုင်း ဤရုံး မိမိ ထံသို့ သုံးလတစ်ကြိမ် အလုပ်မရမီ စပ်ကြား၌ လာ ရောက်၍ မှတ်ပုံတင် လဲရပါသည် ။ ထို့ပြင် နေ့စဉ် သို့မဟုတ် တစ်ရက်ခြား နှစ်ရက်ခြား မှတ်ပုံတင်ရုံးရှိ ကြော်ငြာသင်ပုန်းတွင် လိုအပ်သည့် အလုပ်ဌာနမှ ခေါ်ယူသော ကြော်ငြာကို လာကြည့်ရသည် ။ ထို့နောက် မိမိ အရည်အချင်းနှင့် ကိုက်ညီသော အလုပ် ဖြစ်ပါက ထိုဌာနသို့ သွားရောက်၍ လျှောက်ထားရပါသည် ။ အလုပ်ရရှိလျှင် မှတ်ပုံတင်ကို ပြန်လည် အပ်နှံရပြီး အလုပ် မရရှိသေးပါက ဆက်လက်၍ မှတ်ပုံတင်ကို သုံးလတစ်ကြိမ် လဲလှယ်နေရပါသည် ။

မစိုးစိုးသည် အသက် အားဖြင့် ၁၉ - နှစ်ခန့်ရှိပြီ ဖြစ်သည် ။ ရုပ်ရည် သနားကမား လှပချောမောသည်ဟု မဆိုနိုင်သော်လည်း ကြည့်ပျော်ရှုပျော် ဖြစ်သော အမျိုးသမီးဖြစ်သည် ။

လွန်ခဲ့သော ခြောက်လ အထိ မစိုးစိုးသည် မိမိ၏ မှတ်ပုံတင်လက်မှတ်ကို စည်းကမ်းအတိုင်း သုံးလတစ်ကြိမ် လာရောက် လဲလှယ်လျက် ရှိပြီး နေ့စဉ် ဆိုသလိုပင် အလုပ်သမားရုံးသို့ လာရောက်တတ်ပါသည် ။ ဤတွင် မှတ်ပုံတင် စာရေးကလေး မောင်လှဖေ နှင့် ရင်းနှီးခင်မင်မှု ရှိလာပါသည် ။

ထို့ပြင် မောင်လှဖေသည် လူပျိုလူလွတ် ဖြစ်သည့်အလျောက် မစိုးစိုး နှင့် ခင်မင်ရင်းနှီးရာမှ သနားဂရုဏာပိုကာ တစ်ကိုယ်တည်း ရင်ထဲတွင် ကျိတ်၍ မေတ္တာစိတ်များ ကိန်းအောင်းလျက် ရှိလာသည် ။ သို့သော် ဖွင့်၍ ပြောဆိုသည် အခြေအနေမျိုးသို့ မရောက်ရှိသေးပါ ။

••••• ••••• •••••

မောင်လှဖေသည် ကြင်နာစိတ်ဖြင့် သံယောဇဉ် တွယ်မိသော မစိုးစိုး အပေါ် စေတနာ များစွာထားကာ သူနှင့် သင့်လျော်သော အလုပ်အကိုင် ရရှိရေးအတွက် ကိုယ်တိုင် ကိုယ်ကြပ် ကြိုးစားခဲ့ဖူးပါသည် ။ သို့သော် ကံဆိုးရှာသော မစိုးစိုးမှာ မောင်လှဖေ မည်မျှပင် ကြိုးစားသော်လည်း လူတွေ့ စစ်ဆေးခံရသည် အခြေအနေသို့ ရောက်ခဲ့သည့် တိုင်အောင် အလုပ်အကိုင် မည်မည်ရရ မရရှိခဲ့သေးပေ ။

လွန်ခဲ့သော ၆ - လမှ စ၍ မစိုးစိုးသည် မှတ်ပုံတင် လာမလဲသည်မှာ နှစ်ကြိမ်ရှိပြီ ဖြစ်သည် ။ နေ့စဉ်မပြတ် အလုပ်သမားရုံး ရှေ့သို့ ရစ်သီရစ်သီဖြင့် ရောက်ရှိလာတတ်သော မစိုးစိုးကို အရိပ်အယောင်ပင် မတွေ့ရသည်မှာ ၆ လပင် ရှိပြီဖြစ်ပါသည် ။

“ နေမကောင်း၍များလား ၊ ဒါမှမဟုတ် ခရီးလွန်၍များလား ” ဟူသော အတွေးစိတ်များဖြင့် မောင်လှဖေ အဖို့ မူလ စေတနာတရား ထားရှိထားသည့် အတိုင်း အချိန်စေ့ရောက်၍ မှတ်ပုံတင် လာမလဲသည့် အခါ မိမိကိုယ်တိုင် သိထားသော မှတ်ပုံတင်နံပါတ်ကို မိမိဘာသာ ဖြည့်တင်းပေးခဲ့သည်မှာ နှစ်ကြိမ် ရှိပြီဖြစ်သည် ။

ယနေ့လည်း မစိုးစိုး၏ အရည်အချင်းနှင့် ကိုက်ညီသော အလုပ် ပေါ်ပေါက်နေသဖြင့် မောင်လှဖေက မစိုးစိုးကို တမ်းတနေမိခြင်းဖြစ်သည် ။

“ အစ်ကိုရယ် .. အစ်ကိုတို့ ရုံးကိုလာရတာ ခြေတိုတော့မယ် ၊ အလုပ်ကလည်း အခုထိ မရသေးဘူး ။ အလုပ်ရရင် အစ်ကို့ကျေးဇူးကို မမေ့ပါဘူး ၊ ဖြစ်နိုင်ရင် အစ်ကို ကူညီပါနော် ”

မစိုးစိုး၏ အထက်ပါ ပြောဆိုသံများကို မောင်လှဖေသည် ကြားယောင် နေမိသည် ။

“ အလုပ် မရရင် လင်ယူလိုက်ပေါ့ဟ ” ဟု မိမိက ထိကပါး ရိကပါး စ လိုက်လျှင် မစိုးစိုးသည် ချစ်စရာမျက်စောင်းကလေး ထိုးရင်း နှုတ်ခမ်းကလေး စူထားတတ်သည် ။

“ ဒီလိုဆိုရင် အစ်ကို ရှာပေးပါလား ” ဟု မစိုးစိုးက ပြန်ပက်သည့် အခါများတွင် လူပျိုကြီး မောင်လှဖေသည် တဟဲဟဲဖြင့်ရယ်ရင်း ဘာပြန်ပြောရမှန်းမသိဖြစ်ကာ ဟိုလိုလို သည်လိုလို လုပ်နေတတ်သည် ။

ဒီတစ်ခါတော့ ဤသို့ ပြောလာလျှင် မိမိက မေတ္တာစကား ပြောလိုက်တော့မည်ဟု အကြိမ်ကြိမ် စဉ်းစားပြီး ဆုံးဖြတ်ချက် ချလိုက်မိသည့် နောက်တွင် မစိုးစိုးသည် အရိပ်အယောင် မမြင်ရလောက်အောင်ပင် ပျောက်ချက်သား ကောင်းနေပြန်တော့သည် ။

ယနေ့လို အလုပ် ပေါ်လာသော အခါကျတော့ မစိုးစိုးကို ပို၍ သတိရသည် ။ မိမိကိုယ်တိုင် အကူအညီ ပေး၍ ဤအလုပ်ကို ရရှိစေချင်သည် ။ မစိုးစိုး အတွက်လည်း ရနိုင်သော အခြေအနေများ ရှိသည် ။ ယခုခေါ်သော စက်ရုံမှ အရာရှိ တစ်ဦးနှင့် မောင်လှဖေ ခင်မင်ရင်းနှီးသည် ။ ထိုအရာရှိထံ အကူအညီတောင်း၍ မစိုးစိုး အတွက် အလုပ်ရရှိရန် မိမိ ဆောင်ရွက်ပေးနိုင်မည်ဟု ယုံကြည်မျှော်လင့်လျက်ရှိသည် ။ သို့သော် မစိုးစိုးကား ပေါ်မလာတော့ပါ ။

မောင်လှဖေသည် မှတ်ပုံတင်စာရင်း၌ ဖော်ပြထားသော မစိုးစိုး လိပ်စာကို စာရွက် တစ်ရွက်တွင် ရေးမှတ်ထားလိုက်သည် ။ ညနေ ရုံးဆင်းချိန်တွင် ထို လိပ်စာအတိုင်း မစိုးစိုးထံ လိုက်သွားမည်ဟု ဆုံးဖြတ်လိုက်၏ ။

••••• ••••• •••••

ကံဘဲ့ ရွှေသစ္စာလမ်း အတွင်းသို့ ရင်ခုန် စိတ်လှုပ်ရှားလျက် မောင်လှဖေ ဝင်ရောက်သွားသည် ။ အိမ်နံပါတ်များ မရေမရာ တပ်ထားသော အိမ်စဉ်တန်းကို ဟိုမေး သည်မေးဖြင့် ခြံဝင်းကလေး အတွင်းရှိ တဲမပီ အိမ်မမည်သော ထရံကာ ဇလီထပ် အိမ်ကပြင် ရှေ့တွင် ခြံဝကို နောက်ထား၍ ထမင်းအိုး ငှဲ့နေသော မစိုးစိုးကို မောင်လှဖေသည် တိုက်ရိုက် ပက်ပင်း သွားတွေ့တော့သည် ။

“ ဟေ့ ... မစိုးစိုး ၊ ရုံးကို ဘာကြောင့် ပေါ်မလာတာလဲ ၊ အခု စက်ရုံက အလုပ်ခေါ်လို့ ငါ လိုက်လာတာ ၊ နေမကောင်းဘူးလားလို့ စိတ်တောင် ပူမိသေးတယ် ”

မောင်လှဖေသည် ဝင်းဝမှ ဝင်ဝင်ချင်း လှမ်း၍ ပြောလိုက်သည် ။ မစိုးစိုး က အလန့်တကြား ထမင်းအိုး ငှဲ့နေရာမှ အသံရှင် ဘက်သို့ ခေါင်းကလေး လှည့်ကြည့်လိုက်ပြီး အံ့ဩသော မျက်နှာဖြင့် ပြန်ပြောလိုက်သည် ။

“ ဟင် …. အစ်ကို ၊ ကိုယ်တိုင် လိုက်လာတယ်နော် ၊ အားနာလိုက်တာရှင် ”

မစိုးစိုးသည် ပြောပြောဆိုဆို ငှဲ့ပြီးထမင်းအိုးကို ထိုင်လျက်မှ မီးဖိုပေါ် ပြန်တင်လိုက်သည် ။

“ လာရတာပေါ့ဟ ၊ နင့်ကို အလုပ် ရစေချင်လိုပေါ့ ၊ ဒီနေ့ခေါ်တဲ့ အလုပ်က မနက်ဖြန် သွားရမှာ ။ ဒါကြောင့် ရုံးက ဆင်းတာနဲ့ တန်းပြီး နင့်အိမ်ကို ရှာပြီး လာရတာ ”

“ မလိုတော့ဘူး အစ်ကို ၊ ကျွန်မ ရနေပြီ ”

မစိုးစိုးသည် ထင်းမီးစ နှစ်စကို အပြင်သို့ ထုတ်ပြီး နောက်ကို မကြည့်ဘဲ မပွင့်တပွင့်ဖြင့် လှမ်းပြောလိုက်သည် ။ မောင်လှဖေသည် ကပြင်ပေါ်သို့ တင်ပါးလွှဲ ထိုင်ရင်း ဝမ်းသာအားရ လှမ်းမေးသည် ။

“ ဟယ် .. တယ်ဟုတ်ပါလား ၊ အစ်ကိုတောင် မသိလိုက်ဘူး ၊ ဘယ်မှာ အလုပ်ရနေတာလဲ ”

“ အလုပ်ရနေတာ မဟုတ်ဘူး အစ်ကို ၊ လင်ရနေပြီလို့ ပြောတာ ၊ ကျွန်မ အိမ်ထောင် ကျနေပြီ ”

မစိုးစိုးသည် ပြောပြောဆိုဆို လေးဖင့်စွာဖြင့် ကိုလှဖေဘက်သို့ လှည့်၍ ထိုင်လိုက်ရာ မပေါ့မပါးသော ကိုယ်လုံး ပုံသဏ္ဌာန်ကို ဤတော့မှ မောင်လှဖေ မြင်လိုက်ရသဖြင့် ...

“ ဟယ် .. ”

ဟု ဆိုကာ ပါးစပ် အဟောင်းသားဖြင့် အာမေဍိတ်သံ ပြုလိုက်မိသည် ။

“ အို ... ကောင်းတာပေါ့ ၊ ကောင်းတာပေါ့ ။ နို့ နေပါဦး ၊ ဘယ်သူနဲ့ ဘယ်တုန်းက ရလိုက်တာတုန်း ” ဟု သတိတရား ပြန်လည် ဆင်ခြင်ရင်း မောင်လှဖေ က လှမ်းမေးလိုက်သည် ။

“ ဟင်း ဟင်း .. အစ်ကိုတို့ ရုံးရှေ့က ရေခဲခြစ် ရောင်းတဲ့သူပဲလေ ၊ ဟီ ဟီ .. အစ်ကို့ကျေးဇူးလည်း မကင်းပါဘူး ၊ အစ်ကိုတို့ ရုံးရှေ့ကို လာရင်းနဲ့ တွေ့ တာပါ ။ လွန်ခဲ့တဲ့ ငါးလကျော်လောက်က လက်ထပ်လိုက်တယ်လေ ”

“ အို .. ဘယ်ဆိုးလိုတုန်း ၊ ဒီလိုဆိုလည်း ပြီးတာပဲ ၊ ဘာရရပေါ့ ၊ ဟုတ်ဖူးလား ၊ ဟဲ .. ဟဲ ”

မောင်လှဖေသည် မည်မည်ရရ ရှာမရသော အကြောင်းတစ်ခုကို မူတည်၍ တစ်ကိုယ်တည်း ပြုံးကာ မစိုးစိုး ခြံဝင်းကလေးမှ ထွက်လာခဲ့လေသည် ။

⎕ မောင်ကိုယု
📖သဘင် မဂ္ဂဇင်း
     ၁၉၈၄ ခု ၊ ဩဂုတ်လ

No comments:

Post a Comment