Saturday, January 3, 2026

တံလျှပ်ပါတကား


 ❝ တံလျှပ်ပါတကား ❞ 

      ( မြသန်းတင့် )


မနှစ် အောက်တိုဘာလက ကျွန်တော်သည် ခြေဆန့်လက်ဆန့် သဘောဖြင့် ကချင်ပြည်နယ် တစ်ခွင် ပြဲပြဲစင်အောင် လျှောက်လည်ခဲ့သည် ။ မန္တလေး မှ မြစ်ကြီးနား အထိ မီးရထားလမ်း တစ်လျှောက်ရှိ မြို့ကြီး မြို့ငယ်များတွင် ဝင်၍ နားလိုက်သေးသည် ။ နောက်ဆုံးကျမှ မြစ်ကြီးနား က ဗန်းမော်သို့ မော်တော်ကားဖြင့် ခရီးကြမ်း နှင်ခဲ့သည် ။ ဗန်းမော်မှာ လမ်းပန်း အဆက်အသွယ် ပြတ်သောမြို့ဟု ကျွန်တော် ဆိုချင်၏ ။ နေ့စဉ် ဆက်သွယ်မှု ဆို၍ မြစ်ကြီးနား နှင့် နမ်းခမ်း သာ ရှိ၏။ ဧရာဝတီ သင်္ဘောများကား ဗန်းမော်တွင် တစ်ရက်ခြားသာ ဝင်လေသည် ။ သတင်းစာကိုလည်း သင်္ဘော ဆိုက်မှ ဖတ်ရပေသည် ။


ကျွန်တော့် စိတ်ကူးမှာ ဗန်းမော်မှ သင်္ဘောဖြင့် ရွှေကူ ၊ ကသာ ၊ သပိ တ်ကျင်း ၊ ကျောက်မြောင်း စသည့် အတိုင်း နားနားနေနေဖြင့် စုန်ဆင်းရန် ဖြစ်၏ ။ ဗန်းမော်တွင် သင်္ဘောစောင့်ရန်မှ လွဲ၍ ဘာအလုပ်မျှ မရှိ ။ အသိမိတ်ဆွေကို စဉ်းစားတော့လည်း ခေါင်းထဲတွင် မပေါ်လာပေ ။


ကျွန်တော်သည် ဗန်းမော် ရောက်လျှင် တည်းခိုစရာ ဟိုတယ်များကို လိုက်ရှာရ၏ ။ တရုတ်တန်းတွင် လျှမ်းစိန်ဟိုတယ်ကို တွေ့ရှိရလေသည် ။ ဟိုတယ် ဆိုသော်လည်း ၂ ထပ်အိမ် ဖြစ်သည် ။ အောက်ထပ်တွင် ရှပ်ဆိုင် ရှိ၍ အပေါ်ထပ်ကို တည်းခိုခန်း လုပ်ထားသည် ။ အိမ်ရှေ့ ဧည့်ခန်း ကို ပန်းပွင့်အစိမ်းများ ရိုက်ထားသော ဖယောင်းပုဆိုး အဖြူများ ခန်းလုံးပြည့် ခင်းထားသည် ။ ခုတင် ၂ လုံးတွဲဖြင့် အခန်းပေါင်း ၄ ခန်း ရှိသည် ။ ကျွန်တော် ရောက်သွားသည်တွင် ဟိုတယ်၌ အခြား တည်းခိုသူ တစ် ယောက်မျှ မရှိ ။ ဟိုတယ်စောင့် အသက် ၅၀ ကျော် တရုတ် အဘိုးကြီး တစ်ယောက်သာ ရှိ၍ တည်းခိုသူ ဆိုလျှင် ကျွန်တော် တစ်ယောက်သာ ရှိ၏ ။ အခန်းခကလည်း တစ်နေ့မှ ၃ ကျပ် သာ ပေးရသည် ။ ထမင်းစားလျှင် အပြင် တရုတ်ဆိုင်တွေမှာ ထွက်၍ စားသည် ။ သူ့ဈေးနှင့် သူ နေပျော်သော နေရာ တစ်ခုပေတည်း ။


ဟိုတယ်တွင် တစ်ညအိပ် ပြီး၍ နံနက်လင်းသော် ကျွန်တော်သည် အညောင်းပြေ တာပင်မြစ် တာရိုးတွင် လမ်းလျှောက်သည် ။ ဗန်းမော်လမ်းများကား သန့်ရှင်းသည် ။ အားလုံးလိုပင် ချိုင့်ကျင်း မရှိဘဲ ပြောင်ချောနေသော ကတ္တရာစေးလမ်းများ ဖြစ်သည် ။ ကတ္တရာစေးလမ်းများသည် တောင်ကုန်း ၊ ကမူ ၊ ဆင်ခြေလျှောကလေးများ အတိုင်း အဆင်းအတက် ၊ အပြေအလျှောတို့ဖြင့် ရှိပေရာ ဖဲကြိုးကို ပစ်ကြဲထားသလို လှပပေသည် ။ တာရိုးတစ်လျှောက်ကား ပို၍ လှပသည်ဟု ကျွန်တော် ထင်သည် ။ တာရိုးဘေး မြစ်ကမ်းတစ်လျှောက်တွင် ဆေးဖြူသုတ်ထားသော ဝင်းထရံများ ကာထားကာ မြက်ခင်းများ ပေါ်တွင် ဆေးဖြူသုတ် ခုံရှည်များ မြစ်ဘက်ကို မျက်နှာမူ၍ ချထားသည် ။ ညဉ့်ဦးယံ နှင့် နံနက်ဆည်းဆာတွင် သည်ခုံတန်းလျားပေါ်၌ ထိုင်၍ တသွင်သွင် စီးနေသော တာပင်မြစ်ရေ အလျဉ်ကို လည်းကောင်း ၊ တစ်ဖက်ကမ်း ကျွန်းထဲမှ ကိုင်းပင်များကို လည်းကောင်း ၊ တာပင်မြစ်ညာဆီတွင် မှိုင်းညို့နေသော တောင်တန်းများ ကို လည်းကောင်း ကြည့်ရသည်မှာ ကြည်နူးစရာကောင်းသည် ဟု ကျွန်တော် ထင်သည် ။


တာပင်မြစ်ကမ်းဘေးတွင် လမ်းလျှောက်ပြီးသော် ကျွန်တော် သည် ဗန်းမော်ဈေး ထဲသို့ ဝင်ခဲ့သည် ။ ဈေးထဲတွင် ဆီတို့ဟူး ၊ ကျောက်စိမ်းကြယ်သီး ၊ စွန်ထန် စသော ပစ္စည်းများကို လက်ဆောင်ပေးရန် ဝယ်ခဲ့သည် ။ လွန်ခဲ့သည့် ၄ - ၅ ရက်က သတင်းစာများကိုလည်း စု၍ ဝယ်ခဲ့သည် ။


ပြီးမှ တည်းခိုခန်းသို့ လာကာ ရေမိုးချိုး ၊ အောက်ထပ် ရှပ်ဆိုင်က ကော်ဖီနှင့် မော်ကောင်းတစ်ကရားကို မှာပြီး သတင်းစာများကို စိမ်ပြေနပြေ ဖတ်သည် ။ တည်းခိုခန်းစောင့်သည့် တရုတ်အဘိုးကြီးလည်း ဘယ်ဆင်း သွားသည် မသိပေ။


သတင်းစာများတွင်ကား တရုတ် မြန်မာမိတ်ဆွေ ဖြစ် စာချုပ်သတင်းများ ဖြင့် ပြည့်နှက်နေ၏။ ကျွန်တော် သတင်းစာ ဖတ်၍ ကောင်းနေတုန်း တရုတ်အဘိုးကြီး သော့တွဲတွေ တချွင်ချွင်ဖြင့် တက်လာကာ တရုတ်သံဖြင့် ကျွန်တော့်ကို နှုတ်ဆက်သည် ။


“ အောက်ထပ်က ကာဖီဆိုင်ထဲမှ ဆရာကြီးကို တွေ့ချင်လို့ လူတစ်ယောက် စောင့်နေတယ် ” 


တရုတ်အဘိုးကြီးက နှုတ်ဆက် အပြီး တစ်ခါတည်း ဆက်ပြော၏ ။ ကျွန်တော့်တွင် ဗန်းမော် ၌ အသိမိတ်ဆွေ တစ်ယောက်မျှ မရှိပေ ။ ထို့ကြောင့် ကျွန်တော့်ကို တွေ့လိုသူ၏ အမည်နာမကို မေးရသည် ။ တရုတ်အဘိုးကြီးက နာမည် မသိဟု ဆိုသည် ။ ကျွန်တော့် အနေဖြင့် ကိုယ့်ကို လာတွေ့သူ တစ်ယောက်အား ဧည့်ခံရမည် ဖြစ်ရကား တရုတ် အဘိုးကြီးအား ဧည့်သည်ကို အခေါ်ခိုင်းလိုက်သည် ။


ခဏကြာသော် တရုတ်အဘိုးကြီးသည် ဧည့်သည်ကို ခေါ်လာပြီး ကျွန်တော့်ကို လက်ညှိုးထိုးပြ၏ ။ ဧည့်သည်သည် ကျွန်တော့်ကို ပြုံး၍ တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီး ကျွန်တော့်ဆီကို လျှောက်လာသည် ။ အရပ်ခပ်မြင့်မြင့် ၊ ပိန်ပိန်ပါးပါး ၊ မျက်နှာသွယ်သွယ် ၊ မျက်လုံးများကလည်း အရောင်ခပ်မှိန်မှိန် ဖြစ်၏ ။ သူသည် ဖျော့တော့ နေသော အစိမ်းပုပ်ရောင် စစ်ရှပ်အင်္ကျီကို ဝတ်ထားပြီး ပလေကပ် လုံချည်ကို ဝတ်ထား၏ ။ ကာကီဖော့ဦးထုပ်ကို လက်တွင် ပိုက်ထားပြီး လွယ်အိတ် တစ်လုံးကိုလ ည်း လွယ်ထားသည် ။ ကျွန်တော်သည် သူ့ကို ဝေခွဲမရဘဲ ကြည့်နေမိသည် ။ စစ်စုံထောက်လား ၊ အထူးစုံစမ်းထောက်လှမ်းရေးဌာန အရာရှိတစ်ဦးပေလားဟု တွေးထင်မိကာ သူတို့ မေးရိုးမေးစဉ် မေးခွန်းများကို ဖြေရန် စိတ်ကူးထားလိုက်သည် ။


သူက ကျွန်တော့်ကို လက်ကမ်း၍ နှုတ်ဆက်သဖြင့် ကျွန်တော်က လက်ဆွဲ၍ နှုတ်ဆက်လိုက်ရသည် ။ ပါးစပ်ကမူ ဘာမျှ မပြောမိပေ ။


“ ကျွန်တော့်ကို မမှတ်မိဘူး ထင်တယ် ၊ ကျွန်တော် ပီတာလေးမောင် လေ ။ ၄၇ ခုနှစ်တုန်းက နော့သ်ဟော်လ် မှာ နေလာခဲ့တာ။ တက္ကစီအသင်း အမှုဆောင်တွေက ခင်ဗျား လာမယ်လို့ ပြောတာနဲ့ ကျွန်တော် လာတွေ့တာ ” 

 

သူက သူ့ဘာသာသူ မိတ်ဆက်၏ ။ ကျွန်တော်ကား သူ့ကို လုံးဝ မမှတ်မိပါ ။ သို့ရာတွင် သူ့ကို ကုလားထိုင်၌ ထိုင်စေကာ ဧည့်ဝတ်ပြုရပါသ ည် ။


“ ဪ ဪ ခု ကျောင်းက ထွက်ပြီး အလုပ်လုပ်နေပြီပေါ့ ” 


“ ကျွန်တော်က အင်တာပလပ်နဲ့ ထွက်ခဲ့တာ ” 


သူသည် ကာကီဖော့ဦးထုပ်ကို ချွတ်လိုက်၏ ။ သူ့ဆံပင်များသည် ဖြူဖွေး နေကြ၏ ။ သူ့ အသွင်အပြင်မှာ မကျန်းမာသူ တစ်ဦး၏ အသွင်အပြင်မျိုး ဖြစ်၏ ။ သွားများသည် မည်းနက်၍ နေကြသည် ။


“ ခင်ဗျားတော့ ကျွန်တော် ကောင်းကောင်း မှတ်မိတယ် ။ ၄၈ ခုနှစ် တက္ကသိုလ် မဂ္ဂဇင်းမှာ ခင်ဗျား အယ်ဒီတာ လုပ်သေးတယ် မဟုတ်လား ။ ကျောင်းတုန်းက ကိုကျော်အောင် တို့ ကိုကြည်လင် တို့နဲ့ တစ်တွဲတည်းလေ ။ ပြီးတော့ ဟိုဝဝမျက်မှန်နဲ့ လူတစ်ယောက်လည်း ပါတယ် ။ သူ့နာမည်တော့ မေ့နေပြီ ။ ခင်ဗျားက သိပ်ရုပ်မပြောင်းဘူး ၊ အရင်တုန်းက လိုပဲ ။ ကျွန်တော့် ရုပ်ကတော့ တော်တော် ပြောင်းသွားတယ် ။ အင်း ကျွန်တော် ဒီဘက်ကို မရောက်တာလည်း ၁၀ နှစ်လောက် ရှိသွားပြီကိုး ” 


သူသည် သူ့ဘဝကို သူ ပြန်တွေးဟန်ဖြင့် သက်ပြင်းတစ်ချက် ရှိုက်၍ ခပ်ညည်းညည်း ပြောလိုက်သည် ။ ကျွန်တော်ကား သူ့ကို လုံးဝ မမှတ်မိတော့ပါ ။ ထို့ကြောင့် ဖွင့်မေးရလေသည် ။


“ ကျွန်တော်နဲ့ တစ်နှစ်တည်း ရောက်တာပေါ့နော် ”   


“ ဟုတ်တယ် ၊ ၄၆ ခုနှစ်မှ လေ ” 


“ အင်း ၁၃ နှစ်တောင် ရှိသွားပြီ ”  


သည်တုန်းက တစ်နှစ် တစ်နှစ် ရန်ကုန်တက္ကသိုလ်သို့ ရောက်ကြသော ကျောင်းသားများမှာ ယခုလောက် မများသေးပေ ။ တက္ကသိုလ် တစ်ကျောင်းလုံးမှာပင် ကျောင်းသားပေါင်း တစ်ထောင်ကျော်လောက်သာ ရှိမည် ထင်၏ ။ ကျွန်တော်တို့ ခေတ်က ကျောင်းသားများသည် စစ်ကြီးအပြီးတွင် ပထမဆုံး ရောက်လာကြသော ကျောင်းသားများ ဖြစ်၍ ပုံပျက်ပန်းပျက်နှင့် ဖြစ်ချင်သလို ဖြစ်ခဲ့ကြ၏ ။ ကျွန်တော်တို့ ပညာသင်တုန်း အရွယ်တွင် စစ်ကြီး ဖြစ်ခဲ့ပေရာ ပညာကို ဖြစ်သလို သင်ခဲ့ကြရ၏ ။ ဆရာတို့၏ သင်ပြညွှန်ကြားခြင်းကို ကောင်းကောင်း မရခဲ့ကြဘဲ ကိုယ့်ဘာသာကိုယ် သင်အံလေ့ကျက်ကြရခြင်း ဖြစ်၏ ။ ရန်ကုန်တက္ကသိုလ် ရောက်တော့ ကျွန်တော်တို့ သည် ကျောင်းတော်ကြီးသားတို့၏ စည်းကမ်းတွေကို အလေးလည်း မပြု ၊ ဂရုလည်း မမူ ၊ ကိုယ် နေချင်သလို ပေါက်လွှတ် ပဲစား နေခဲ့ကြသည် ။ ဒုတိယကမ္ဘာစစ်က ပေးခဲ့သော စစ်စွပ်ကျယ်အင်္ကျီ လက်ပြတ်ကို ဝတ်၍ ကျောင်းတက်သူက ကျောင်းတက် ၏။ ဆံပင် စုတ်ဖွား ၊ လုံချည်တိုတိုဖြင့် ခုံဖိနပ် စီးကာ အယ်-စီ-အာရ် ရှေ့ လျှောက်သူ လျှောက်၏။


“ ကျွန်တော် ၂ နှစ်ပဲ ကျောင်းမှာ နေခဲ့တယ် ။ ၄၉ ခုနှစ်ဦး သူပုန်တွေ အင်းစိန်မှာ တိုက်နေကြတော့ ခင်ဗျားတို့ လူသိုက်ဟာ ကျောင်းသား တွေ စိတ်ဓာတ်ကျကုန်ပြီ ၊ စာမေးပွဲတွေ လုပ်ဖို့ မလိုတော့ဘူး ၊ အိမ်ပြန်ချင်တဲ့ လူ ပြန် ၊ သေနတ်ကိုင်ပြီး ထွက်တိုက်ချင်သူ ထွက်တိုက်ဖို့ ဆိုပြီး ”


သူက ဇာတ်စုံခင်းတော့မှ ကျွန်တော့် ခေါင်းထဲ၌ လွန်ခဲ့သော ၁၂ နှစ်ကျော် ၁၃ နှစ်ခန့်က အဖြစ်အပျက်တို့သည် တရေးရေး ပေါ်လာကြ၏ ။ သူ့မျက်နှာကို သေသေချာချာ ကြည့်တော့မှ ကျွန်တော် သူ့ကို အမှတ်ရသလိုလို ရှိလာ၏ ။ သည်တော့မှ ကျွန်တော်၏ မှတ်ဉာဏ်ထဲတွင် လှိုင်းလုံးကလေးများ တစ်လုံးပြီး တစ်လုံး လာ၍ ရိုက်ခတ်စ ပြုလာ၏။ လွန်ခဲ့သော ၁၃ နှစ် ။


••••• ••••• •••••


 ( ၂ )  


သည်တုန်းက သူသည် အသက် ၂၀ ကျော်ကျော်မျှသာ ရှိသေး၏ ။ အသားဖြူဖြူ ခါးကိုင်းကိုင်း ၊ ကိုယ်လုံးကိုယ်ထည်ပါးပါးနှင့် ဖြစ်၍မို့ မိန်းကလေးနှင့် တူသလိုလို ရှိ၏ ။ အမြဲတမ်း ဖြူဖွေးနေသော ဘောင်းဘီရှည် ၊ ရှပ်အင်္ကျီအဖြူ လက်ရှည် ၊ လည်စည်းဖြင့် အနောက်တိုင်း ဝတ်စုံကို အကျဝတ်ကာ အဆောင် အောက်ဆုံးထပ်က ကရင်များ ၊ ကပြား ကျောင်းသားများ နှင့် အမြဲတွဲကာ အင်္ဂလိပ်လို သွက်လက်ချက်ချာစွာ ပြောတတ်၏ ။ အဆောင်တွင် နေသည် ဆိုသော်လည်း သူ့အခန်းမှာ အိမ်ထောင်ပရိဘောဂ အပြည့်အစုံ ရှိသည် ။ ဓာတ်မီးပူ ၊ ရေနွေးကျိုသည့် လျှပ်စစ်ကိရိယာ ၊ ဖိလစ်ရေဒီယို အသေးတစ်လုံး ၊ ရက်ကောချိန်းဂျားတို့ ဖြင့် သူ့အခန်းကျဉ်းကလေးသည် ပြည့်နှက်၍ နေ၏ ။ ဘက်တီကရေဘဲ(လ် ) ၊ ဂျုံ ဘရော့ဖို့  ၊ အေဒါ-ဂဒ်နား ၊ ဂျိန်း-ပါဝဲ အစရှိသော အမေရိကန်ဇာတ်လိုက် မင်းသမီးများ၏ ပုံများကို နံရံတွင် ချိတ်ဆွဲထား၏ ။ သည်မျှမက ကိုယ်လုံးတီး မိန်းမပုံများကိုလည်း မှန်ပေါင်ဖြင့် သွင်း၍ စားပွဲပေါ်တွင် ထောင်ထားလေသည် ။ သူသည် သည်ပုံများကို ဘယ်က ရှာရသည် မသိပေ ။


ကျွန်တော်သည် သူ့အခန်းရှေ့ ရောက်တိုင်း သူ့အနေအထိုင်ကို အကဲခတ်ကြည့်မိသည် ။ သူ့အခန်းတွင် ဘောင်းဘီဝတ်များ တရုန်းရုန်း နှင့် ရှိတတ်၏ ။ အင်္ဂလိပ် ဂီတာသံနှင့် အင်္ဂလိပ်တေးသံသည် သူ့အခန်းမှ ပျံ့ လွင့်နေတတ်၏ ။


“ သူ့အဖေက စက်ရှင်မင်းကြီးဗျ ၊ သူက စိန်ပေါက ထွက်လာတာ ” 

 

တစ်နေ့ သူ့အခန်းရှေ့ ဖြတ်လျှောက်သွားရင်း ကျွန်တော့် မိတ်ဆွေ တစ်ဦးက သူ့အကြောင်းကို ပြောပြပါသည် ။ ကျွန်တော်ကား သူ့ဘဝကို အားကျနေမိသည် ။ အရာရှိကြီးတစ်ဦး၏ သားဖြစ်သော သူသည် မပူမပင် မကြောင့်မကြ နေရ၏ ။ သူ့တွင် မော်တော်ကား ရှိ၏ ။ သူ့မော်တော်ကားမှာ စတေရှင်ဝက်ဂွန်း ဖြစ်၍ ကျောင်းမှာ ပင် ထားသည် ။ ခရစ္စမတ်ပွဲတော် ၊ နှစ်သစ်ကူးပွဲတော်တို့တွင် သူနှင့် သူ့ အပေါင်းအသင်းများ သည် စတေရှင်ဝက်ဂွန်းတွင် မိန်းကလေးတွေ အပြည့်တင်ကာ ပျော်ကြ ပါးကြ၏ ။ ကျွန်တော်ကား သူတို့ ပျော်သလို မပျော်နိုင် ၊ ကျွန်တော့်တွင် မော်တော်ကား မရှိ ၊ ငွေ မရှိ ၊ ကြေး မရှိ ၊ သူတို့ ပျော်သည်ကိုသာ ဘေးက ကြည့်၍ နေရသည် ။


ကျွန်တော့် မိဘများမှာ အစိုးရအရာရှိ မဟုတ်ကြ ။ ဆင်းရဲ နွမ်းပါးကြ၏ ။ တစ်လတစ်လ ကျွန်တော့်ထံ ငွေပို့ရာမှာပင် ကျွန်တော့် မိဘများသည် တစ်ရာ ပြည့်အောင် မနည်း ခြစ်ခြုတ်၍ ပို့ကြရရှာ၏ ။


တစ်ခါ တလေ တစ်ရာတောင် မပြည့်ချင်ပေ ။ သည်အခါများ၌ ကျွန်တော် သည် ကျွန်တော့်ပတ်ဝန်းကျင်၌ ပီတာလေးမောင် လို ကြေးရေတတ် သားများကို ကြည့်၍ ငေးနေရ၏ ။ ကြာသော် ကျွန်တော့်မိဘများ သည် ဘိုးဘွားများ လက်ထက်က အမွေရခဲ့သော ထန်းတောကို လည်းကောင်း ၊ ယာကိုလည်းကောင်း ပေါင်နှံရောင်းချကာ ကျွန်တော့်ကို ကျောင်းစရိတ် ထောက်ခဲ့ကြရသည် ။ သည် အဖြစ်ကို သိရသော် “ ဪ ငါ့ဘဝနဲ့ ပီတာတို့ ဘဝများ ကွာလေခြင်း ”  ဟု အောက်မေ့ကာ ဝမ်းနည်းရပါသည် ။


ပီတာသည် ကျောင်းတွင် ဘိုင်ဩလိုဂျီ ကို ယူသည် ဟု ကျွန်တော့် မိတ်ဆွေက ပြောပြ၏ ။ သို့ရာတွင် သူ အတန်းတက်သည် ကို ကျွန်တော် တစ်ခါမျှ မတွေ့ဘူးပေ ။ သူသည် အကောင်းစားအရက်ကို အခန်းတွင် ပုလင်းထောင်၍ သောက်သူ ဖြစ်၏ ။ မိန်းမလိုက်စားသည် ဟု အင်မတန် ကျော်ကြားသူ ဖြစ်၏ ။ ညနေတိုင်းလျှင် သူ့ကို ဘင်တန်ကျောင်းဆောင်ရှေ့ လမ်းမတွင် လမ်းလျှောက်၍ လည်းကောင်း ၊ အင်းလျားကန်ပေါင်ရိုး တွင် လည်းကောင်း မကြာခဏ တွေ့ရတတ်၏ ။ သူနှင့် တွေ့တိုင်း သူ့ ဘေးတွင် ကျောင်းသူတစ်ယောက်တော့ ပါလာစမြဲ ဖြစ်၏ ။ တက္ကသိုလ် ကျောင်း ပတ်ဝန်းကျင်မှ သာမက အပြင်တွင်လည်း ပီတာ ကို မိန်းကလေးများ နှင့် တွေ့ရတတ်သည် ။ အပြင်တွင် သူတွဲသော မိန်းကလေးများမှာ သူနာပြု ဆရာမများ ၊ အရောင်းစာရေးမများ  ၊ အကသင်ပေးသော ကပြားမ ကချေသည်များ ဖြစ်သည်ဟု ကျွန်တော် ထင်၏ ။ သို့ရာတွင် ပီတာ နှင့် ကျွန်တော် တွေ့တိုင်း ထူးခြားချက်ကား သူ့ဘေးတွင် ပါလာသော မိန်းကလေးများမှာ အရင်နေ့က တွဲလာသည့် မိန်းကလေး မဟုတ်ဘဲ နောက်ထပ် အသစ်တစ်ယောက် ဖြစ်နေခြင်းပေတည်း ။


ပီတာသည် အရက်သောက်ခြင်း ၊ မိန်းမလိုက်ခြင်းနှင့်သာ ပျော်ပိုက်သည် မဟုတ် ၊ မြင်းပွဲသို့လည်း အပတ်တိုင်း သွားလိုက်သေး၏ ။ ထိုမျှမက တာမွေဇောင်းဘက်တွင် ပြိုင်မြင်း ၂ ကောင်ကိုပင် မွေးထားလိုက်သေးသည် ဟု သိရသည် ။ တနင်္ဂနွေနေ့ ဆိုလျှင် ပီတာသည် သူ့ စတေရှင်ဝက်ဂွန်းကားကို မောင်းကာ တာမွေဇောင်းသို့ ထွက်သွားတတ်ပြီး သန်းကောင်သန်းလွဲကျမှ ပြန်လာတတ်၏ ။


သည်တုန်းက တက္ကသိုလ်သည် ယခုလို သံဝင်းထရံတွေ ၊ သံတံခါး တွေ မရှိသေးပေ ။ ပရမ်းပတာ သွားလာနိုင်သော ဘေးမဲ့နယ်မြေ ကဲ့သို့ လွတ်လပ်လွန်းလှချေ၏ ။


စာကြိုးစားသူများက သည်လို နေပုံ ထိုင်ပုံမျိုးနှင့် ဆိုလျှင် ပီတာ သည် ဘယ်တော့မှ ဘိုင်ဩလိုဂျီကို အောင်မည် မဟုတ်ဟု မေးငေါ့ကြ၏ ။ သို့ရာတွင် ပီတာသည် သူတို့ မေးငေါ့ကြတာတွေကို နည်းနည်းလေးမျှ ဂရုစိုက်ပုံ မပေါ်ပေ ။ သူ့ဘေး ပတ်ဝန်းကျင်တွင် သူ့ကို အထင်ကြီးကြသော အသိုင်းအဝိုင်း ရှိသည်ကို ကျွန်တော် သတိထားမိသည် ။ သူတို့ သည် ပီတာ့ ဘေးတွင် စုရုံးကာ ပီတာ၏ မဆုံးနိုင်သော မိန်းမပုံပြင် များကို နားထောင်ကြ၏ ။ ပီတာ၏ စွန့်စားခန်းများကို သွားရည်ကျကြ၏ ။ သည် အခါတွင် ပီတာကလည်း မြိန်ရေရှက်ရေ ပြောပြတတ်ပေသည် ။ ပီတာ သည် ကျောင်းရောက်စက မိန်းမလျာကလေးလို အေးဆေးရှက်ကြောက်ဟန် ရှိသော်လည်း အတန်ကြာလျှင် သူ့တွင် ရှက်ကြောက်ဟန်များ လုံးဝ မရှိတော့ဘဲ တခြားသူများကို အထင်သေးသည့် ဟန် ၊ လောကကြီးကို မထီမဲ့မြင် ပြုသည့် ဟန်များကို တွေ့လာရ၏ ။ သူသည် သူများ စာကျက်ချိန်တွင် အခန်းထဲမှာပင် ပုလင်းထောင်ကာ အင်္ဂလိပ်သီချင်းကို တကြော်ကြော် အော်တတ်၏ ။ တခြား ကျောင်းသား များက သည်းမခံနိုင်သောအခါ ချဲလင့် လုပ်တတ်၏ ။ သည်လိုနှင့် သူသည် သူ့အသိုက်အဝန်း သူ့ပတ်ဝန်းကျင်တွင် သူရဲကောင်းကြီး ဖြစ်၍ လာပေသည် ။


သည်လိုနှင့် ပထမနှစ် ကုန်ဆုံးသွားသည် ။ သည်နှစ်က ပီတာ သည် စာမေးပွဲ မဖြေပေ ။


••••• ••••• ••••• 

 

( ၃ )


ဒုတိယနှစ်ရောက်သော် ကျွန်တော်နှင့် ပီတာတို့ ပြန်၍ ဆုံကြ ရပြန်၏ ။ ကျွန်တော်ကလည်း နော့သ်ဟောလ် သို့ ပြန်လာ၏ ။ ပီတာလည်း နော့သ်ဟော့လ် သို့ ပြန်ရောက် လာလေသည် ။ သည်နှစ် ပီတာကို ကျွန်တော် တွေ့သောအခါတွင် မူ ပီတာသည် မနှစ်ကနှင့် မတူတော့ပေ ။


သူ့ခန်းတွင် ထားသော လျှပ်စစ်မီးပူ ၊ ရေဒီယို ၊ ရက်ကော့ချိန်းဂျား စသော ပရိဘောဂတို့ ကိုလည်း မမြင်တော့ပေ ။ ကျောင်းဆောင်ပေါ်တီကို ရှေ့တွင် ရပ်ထားမြဲ ဖြစ်သော စတေရှင်ဝက်ဂွန်းကားကိုလည်း မတွေ့ရတော့ပေ ။


အရင်နှစ်တုန်းက ပီတာသည် ပေပေတေတေ နေသော်လည်း ကျောင်းသားဟန် ပါသေး၏ ။ ယခု ကျောင်းသားဟန် လုံးဝ မရှိတော့ပေ။ အပြင်က လူသရမ်းတစ်ယောက် နေပုံမျိုးနှင့် တူနေသည် ။ အရင်က နိုင်ငံခြားအရက် အကောင်းစားကိုမှ သောက်သော ပီတာသည် ယခု ဘာ အရက် ဖြစ်ဖြစ် သောက်တတ်နေပြီ ဖြစ်၏ ။ ညနေဆိုလျှင် ကမာရွတ်အဝိုင်း က အရက်ဖြူဆိုင်တွင် တွေ့ရတတ်သည် ။ ပီတာ့အဖေ မှာ နွေရာသီတုန်းက ဆုံးသွားသည် ဟု ကျွန်တော့်မိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ပြောပြ၏ ။ ပီတာမှာ အမေ မရှိတော့ပေ ။ အဖေနှင့် အတူ နေရ၏ ။ သူ့အဖေသည် နောက်မိန်းမ ခပ်ငယ်ငယ် လည်လည်တစ်ယောက် ကို ယူပြီး အငြိမ်း စားယူ၍မှ မကြာမီ သွေးတိုးရောဂါဖြင့် ဆုံးသွား၏ ။ အဖေဆုံးသော် ပီတာသည် ဘာမျှ မရလိုက်ပေ ။ ခိုလှုံရာမဲ့ကာ ဖြစ်ချင်တိုင်း ဖြစ်နေသည် ဟု ကျွန်တော် ထင်၏ ။ စတေရှင်ဝက်ဂွန်ကား ကိုလည်း ရောင်းပစ်လိုက်ရ၏ ။ တာမွေဇောင်းတွင် ရှိသော ပြိုင်မြင်း ၂ ကောင်ကိုလည်း မြင်းရှုံး၍ ရောင်းပစ်လိုက်ရသည် ။


အဖေဆုံး၍ လူလုံးမလှ ဖြစ်သော ပီတာသည် ပို၍ သောင်းကျန်းလာ၏ ။ ပို၍ ပေပေတေတေ နိုင်လာ၏ ။ အရင်တုန်းကထက် အရက်ပိုသောက်၏ ။ အရင်တုန်းကထက် ပို၍ မိန်းမလိုက်စားလာ၏ ။ သို့ရာတွင် အရက် နှင့် မိန်းမမှာ အပေါစားတွေ ဖြစ်လာ၏ ။ အရက်ဖြူကို သောက်ကာ လမ်းမပေါ်က ပြည့်တန်ဆာများ နှင့် တွေ့ရတတ်၏ ။ ပီတာကို သူ့အဒေါ် တစ်ဝမ်းကွဲ တစ်ယောက်က ကျောင်းစရိတ် ဆက်ထောက်သည် ဟု ကြားရ၏ ။ သို့ရာတွင် သူ့အဒေါ်မှာ သည်လောက် ချမ်းသာသူဟုတ်ဟန် မတူပါ ။ အကယ်၍ သူ့အဒေါ်သည် ကျောင်းစရိတ်ကို ဖူလုံအောင် ထောက်ပံ့နိုင်သည် ထားဦး ပီတာ၏ အရက်ဖိုးနှင့် ပြည့်တန်ဆာဖိုးများကို ကာမိအောင် ထောက်ပံ့ရန်ကိုမူ ခက်လိမ့်မည်ဟု ကျွန်တော်ထင်ပါသည် ။


အရက် ရှိမှ နေတတ်သော ပီတာသည် ယခုလို ကံခေတုန်းကျတော့ တွေ့ရာ အပေါစား အရက်ကို သောက်ရပြီး မိန်းမတွေနှင့် တွဲနေရမှ နေတတ်သော ပီတာသည် ယခုလို ကံခေတုန်းမှာ အပေါစား မိန်းမတွေ ထ ည်လဲနှင့် နေသည်ကိုသာ မြင်ရ၏ ။ ကျွန်တော်တို့ ကမူ သူ့ကွယ်ရာတွင် ပီတာမှာ ကြွေးတွေ ပင်လယ်ဝေနေမည် ဟု ထင်ကြေးပေးကြ၏ ။ သူ့တွင် ပေါင်စရာဆို၍ များများ စားစား မရှိတော့ပါ ။ ရိုးမားလက်ပတ် နာရီတစ်လုံးသည် အပေါင်ဆိုင်တွင် ၅ဝိ ထက် ပိုမရသည်ကို လည်းကောင်း ၊ အကောင်းစား ကုတ်အင်္ကျီ တစ်ထည်သည် ၄ဝိ ထက် ပိုမရသည်ကို လည်းကောင်း ၊ ပတ်ကားဒူးဖိုး တစ်ချောင်းသည် ၁၅ိ ထက် ပိုမရသည်ကို လည်းကောင်း ကျွန်တော်တို့လည်း အတွေ့အကြုံအရ သိပြီး ဖြစ်၏ ။ ပီတာသည် အဝတ်အစားတွေ ကုန်သော် ဘိုင်ဩလိုဂျီစာအုပ်များ  ၊ ဖီးဆစ်စာအုပ်များ ၊ ခဲမစ်စတြီစာအုပ်များကို ချရောင်းပြန်၏ ။ သူ သည်လို ချရောင်းကြောင်းကို ကျွန်တော်သိသည် မှာ ကျွန်တော် စပ်စု၍ မဟုတ်ဘဲ အကြောင်း တိုက်ဆိုင်၍သာ ဖြစ်၏။


တစ်နေ့ ကျွန်တော့် အခန်းဘေးမှ ဘိုင်ဩလိုဂျီကျောင်းသား တစ်ယောက် ဖရေဇာလမ်း စာအုပ်အဟောင်းဆိုင်မှ ဘိုင်ဩလိုဂျီ စာအုပ်များကို ဝယ်လာသည်တွင် ပီတာ၏ လက်မှတ်ပါသော စာအုပ်တစ်အုပ် ကို တွေ့ရသဖြင့် ပီတာ စာအုပ်တွေ ရောင်းသည် ဟူသော ထင်မြင်ချက် ခိုင်မာလာခြင်း ဖြစ်ပါ၏ ။ နောက်သော် အခန်းနားနီးချင်း ကျောင်းသားများ၏ ပစ္စည်းများ မကြာခဏ ပျောက်သွားကြ၏ ။ အစပထမတွင် ပီတာ လက်ချက်မှန်း မသိကြပေ ။ တစ်နေ့ တောင်ငူမှ ကျောင်းသားတစ်ယောက် အခန်းတံခါး ဖွင့်၍ ရေချိုး အထွက်တွင် ရှပ်အင်္ကျီကြယ်သီး သူ ဝင်ဆွဲသည် ကို လက်ပူးလက်ကြပ် မိတော့မှ ပီတာ၏ ဘဝကို ကျွန်တော်တို့ သေသေချာချာ သိလာကြပေသည် ။ သည် အမှုဖြင့် ပီတာသည် ကမာရွတ် ဂါတ်မှ အဖမ်းခံရကာ ရုံးတင်စစ်ဆေးခဲ့ရ၏ ။ သူ့အဖေလည်း မရှိတော့ သဖြင့် သူ့တွင် အာမခံမည့် သူပင် မရှိတော့ပေ ။ အဒေါ်က ကျောင်းစရိတ် ထောက်သည် ဆိုသည်ခြင်းမှာလည်း ပီတာက လုပ်ကြံထားခြင်း ဖြစ် ကြောင်း ကျွန်တော်တို့ သိလာကြ၏ ။ သည် အမှုဖြင့် ပီတာသည် ကျောင်းထုတ်ခံလိုက်ရခြင်း ဖြစ်ပေသည် ။


နောက်တော့ ပီတာကို လွှတ်လိုက်သလား ၊ ထောင်ချသလား ဆိုသည်ကို ကျွန်တော် မသိတော့ပေ ။ ကျွန်တော် သိသည်ကား ပီတာ တစ်ယောက် တက္ကသိုလ်လောကမှ ပျောက်ကွယ်သွားကာ စုံးစုံးမြုပ်သွားခြင်းပင် ဖြစ်သည် ။


ယခု ပီတာက တက္ကသိုလ်က ဇာတ်လမ်းကို ပြန်ဖော်တော့မှ ကျွန်တော်သည် ကျောင်းတုန်းက အဖြစ်အပျက်များကို တရေးရေး မြင်ယောင်ပေသည် ။ ပီတာလေးမောင်၏ ဇာတ်ကြောင်းကို ပြန်ပြောင်းတွေးသည်နှင့် အတိတ်မှ ရုပ်ပုံကားချပ်များသည် ဓာတ်ပုံ စာအုပ်ကို လှန်လှော ကြည့်သလို တစ်ခုပြီး တစ်ခု ပေါ်လာကြခြင်း ဖြစ်ပေသည် ။


အမှန်ကတော့ ပီတာလေးမောင် လို စက်ရှင်မင်းကြီး သားတစ်ယောက် သည်လို အခြေမျိုးရောက်သွားရသည် ဆိုလျှင် ယုံနိုင်ဖွယ်ပင် မရှိပေ ၊ ပြီးတော့ ခုလို ဆံပင်တွေ ကွက်တိကွက်ကြား ဖြူ၍ ပါးရိုးများ သွယ်ကျနေသော ဧည့်သည် သည်လည်း ငယ်ငယ်က မိန်းကလေး လို လှ၍ သပ်သပ်ရပ်ရပ် ဝတ်ထားသော ပီတာလေးမောင် ဖြစ်သည်ဟု ဆိုလျှင် ယုံနိုင်ဖွယ် မရှိပေ ။ ပီတာလေးမောင် ကို ကြည့်ရသည်မှာ အသက် ၄၀ ကျော် ၍ ၅၀ နားသို့ ကပ်နေပြီဟု ထင်ရ၏ ။ တကယ်တော့ သူ့ အသက်သည် ၃၀ ကျော်ရုံမျှသာ ရှိပေသေးသည် ။


ကျွန်တော်သည် ကျွန်တော့်ရှေ့တွင် ထိုင်၍ စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ် ဆက်တိုက် ဖွာနေသော ပီတာလေးမောင် ကို ကြည့်ကာ သည်ကြားထဲ သူ ဘယ်လိုများ လုပ်ကိုင်စားသောက်နေပါလိမ့်မလဲ ဟု တွေးနေမိသည် ။


“ ဗန်းမော် ရောက်တာ တော်တော်ကြာပလား ”


“ အဲဒီကတည်းက ဆိုပါတော့ ”


ပီတာလေးမောင်က ခပ်အေးအေးပင် ဖြေသည် ။


“ ခု ဘယ်မှာ အလုပ် လုပ်နေတုံး ”


ပီတာလေးမောင်က သူအလုပ် လုပ်နေသော ဌာနအမည်ကို ပြောပါသည် ။ သူသည် ပင်ရင်းလစာ ၇၆ ကျပ်သာ ရသော အမှုထမ်း တစ်ဦး ဖြစ်၏ ။


“ ကျွန်တော်သည် ဒီကိစ္စ ဖြစ်ပြီးတော့ ဘယ်အပေါင်းအသင်းနဲ့ မှလည်း မတွေ့တော့ဘူး။ အပေါင်းအသင်းတွေက ကျွန်တော့်ကို ကြဉ်ကြတယ် မဟုတ်လား ။ ဒါနဲ့ ရန်ကုန်မှာ မနေချင်တော့ဘဲ ဒီလွင့်လာတာပဲ ၊ အရင်တုန်းကလို ဖောဖောသီသီ မသုံးနိုင်သေးသမျှ ရန်ကုန်ကို မသွားတော့ဘူးလို့ သန္နိဋ္ဌာန်ချထားပြီး နေလိုက်တာပဲ ။ ခုထိ ရန်ကုန်ကို တစ်ခေါက်မှ မရောက်တော့ဘူး ။ အေးလေ ဘယ်ရောက်မလဲ ပိုက်ဆံက လည်း မရှိသေးဘဲကိုး ”

 

“ စုပေါ့ဗျာ ၊ ဒီလောက် အလုပ်လုပ်လို့ မှ ပိုက်ဆံ မစုဖြစ်ဘူး ဆိုရင် သိပ်အချိန် မရှိတော့ဘူး ”


ကျွန်တော်က သူ့ကို အားပေးရ၏ ။ အမှန်ကတော့ သူ အလုပ်လုပ် သောဌာနသည် ငွေရပေါက်များစွာ ချောင်ချိသောဌာန ဖြစ်သည်ဟု ကျွန်တော် ကြားဖူး၏ ။ သူ့တွင် ပိုက်ဆံ မရှိ ဆိုသည်ကိုမူ သိပ်မယုံလှပေ ။


“ စုတော့ စုတာ ပဲ။ ဒါပေမဲ့ ဒီလောက် ရှိရုံနဲ့ ရန်ကုန် မှာ မပျော်နိုင်သေးပါဘူးဗျာ ”

 

သူက သူ့အလုပ်ကိစ္စကို ပြောပြနေ၏ ။ နေအတော်မြင့်ပြီ ဖြစ်၍ ကျွန်တော်က သူ့ကို ထမင်းလိုက်စားရန် ခေါ်ပါသည် ။


“ ဟင့်အင်း မစားတော့ပါဘူး ။ သိပ်လည်း ထမင်းစားလို့ မရဘူး ။ ကျွန်တော် ပြန်ဦးမယ် ”


သူသည် စီးကရက် အသစ်တစ်လိပ်ကို မီးညှိကာ ထိုင်ရာမှ ထ၍ ကျွန်တော့်ကို နှုတ်ဆက်သည် ။ ကျွန်တော်က သူ့ကို လှေကားဝ အထိ လိုက်ပို့သည် ။ လှေကားဝတွင် သူက ....


“ ဪ ဒါထက် ဒီနေ့ ညနေ ကျွန်တော့်အိမ်ဘက် လျှောက်ခဲ့ပါလားဗျ ။ ကျွန်တော့်အိမ်က (  ) မှာ ။ ကျောင်းတုန်းက မိတ်ဆွေတွေ သူငယ်ချင်းတွေနဲ့ မတွေ့ရတာ ကြာပြီဗျာ ။ ကျွန်တော်ကလည်း တချို့ကျတော့ သိပ်မတွေ့ချင်ပါဘူး ၊ သူတို့ က အရာရှိကြီးတွေ ဘာတွေ ဖြစ်နေတယ် မဟုတ်လား ။ ခင်ဗျားသာ စာရေးဆရာ ဆိုလို့ တွေ့တာ ။ စာရေးဆရာ ကတော့ လူတစ်မျိုး မဟုတ်လား ၊ ဟဲဟဲ ”


ပီတာလေးမောင်က ရယ်၍ ပြော၏ ။


“ မိန်းမရပလား ”

 

“ ဟဲ ဟဲ ရပြီ ။ ခု ကလေး ၂ ယောက်နဲ့ ။ ကျွန်တော့်မိန်းမက ဒီနယ်က ပဲ ၊ တောဘက်က ရှမ်းတရုတ်မ ။ ကဲဗျာ - ညနေသာ လာခဲ့ပါ။ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောရတာပေါ့။ ရန်ကုန်အကြောင်းလည်း မပြောရတာ ကြာပြီ ”


“ ကောင်းပြီလေ ၊ ကျွန်တော် လာခဲ့မယ် ”


“ လာဖြစ်အောင် လာခဲ့နော် ”


သူက အိမ်နံပါတ် မေ့သွားမည်ဟု ဆိုကာ စက္ကူတစ်ရွက်ပေါ်တွင် သူ့အိမ်လိပ်စာကို ပေးသွားပါသည် ။ ကျွန်တော်သည် သူ့ကို ငေးမျှော်ကြည့်ရင်း ကျန်ရစ်ခဲ့သည် ။


••••• ••••• •••••


( ၄ )


ညနေ ထမင်းစားပြီးသော် ကျွန်တော်သည် သူ ပေးထားသည့် လိပ်စာအတိုင်း လမ်းလျှောက်၍ လာခဲ့သည် ။ သူပေးသွားသည့် လိပ်စာပါ အိမ်မှာ ဓနိမိုး ထရံကာ တဲငယ်သာ ဖြစ်၏ ။ အိမ်ထဲတွင် ရေနံဆီ လက်ဆွဲမှန်အိမ် တစ်လုံးမှ မီးရောင်သည် ခပ်မှိန်မှိန် လင်းနေ၏ ။ ကျွန်တော်သည် ပီတာလေးမောင် နေသည့် အိမ်မှ ဟုတ်ပါလေစ ဟု သံသယ ဖြစ်ကာ လိပ်စာကို ထုတ်ကြည့်မိသည် ။ သူ ပေးသည့် လိပ်စာအတိုင်း ပေတည်း ။


သည်တော့မှ ကျွန်တော်သည် တဲထဲသို့ ဝင်လိုက်သည် ။ တဲထဲတွင် လူတစ်ယောက်မျှ မရှိပေ ။ ထို့ကြောင့် ကျွန်တော်က ချောင်းဟန့် လိုက်ရသည် ။ ခဏကြာလျှင် ရှမ်းတရုတ်မ တစ်ယောက် ထွက်လာသည် ။ သူ့မိန်းမပင် ဖြစ်မည်ဟု ကျွန်တော် ထင်၏ ။ အင်္ကျီအနက်ကို ဝတ်ထားပြီး ၂ လ သာသာခန့် ကလေးငယ် တစ်ယောက်ကို ကျောမှာ ပိုးထားသည် ။ သူ့ သွားများနှင့် နှုတ်ခမ်းများမှာ မည်းနက်လျက်ရှိသည် ။ သွားဖုံးများကလည်း မည်းနက်နေသည်ကို ကျွန်တော် သတိထားလိုက်မိသည် ။ ရှမ်းတရုတ်မက အသံခပ်ဝဲဝဲဖြင့် ပြော၏ ။ ကျွန်တော်က ဘာပြောမှန်း မသိဘဲ ပီတာလေးမောင် နာမည်ကိုသာ မေးရသည် ။


သည်အခိုက် ပီတာလေးမောင်၏ အသံကို အခန်းထဲမှ ကြားရသည် ။


“ လာဗျို့ ၊ လာ လာ ။ ကျွန်တော်က ခင်ဗျား မလာတော့ဘူးလို့တောင် ထင်နေတာ ” 


ရှမ်းတရုတ်မက ကျွန်တော့်ကို ရှေ့ဆောင် ခေါ်သွားသဖြင့် ကျွန်တော်က နောက်က လိုက်ခဲ့သည် ။ မည်းမှောင်နေသော လမ်းကြားကလေး အတိုင်း ဝင်ပြီး နောက်ဖေးခန်းသို့ ဝင်လာခဲ့ကြသည် ။ နောက်ဖေးခန်းမှာ တာပင်မြစ်ကို ကျောပေးထားလေသည် ။


ကျွန်တော် ဝင်သွားလျှင် ပီတာလေးမောင်သည် ပက်လက် ကုလားထိုင်ပေါ်တွင် ထိုင်နေရာက လူးလဲထကာ နေရာပေးသည် ။ 


“ ထိုင်ပါ ၊ ထိုင်ပါ ” 


“ ထိုင်ပါ ၊ ခင်ဗျားက ဧည့်သည် ပဲ။ ကျွန်တော် ဒီမှာ ထိုင်မယ် ”  


သူက သူ ခြေတင်ထားသည့် ခွေးခြေပုကလေးပေါ်တွင် ထိုင်၍ ကျွန်တော့်ကို ပက်လက်ကုလားထိုင်ပေါ်သို့ အတင်း အထိုင်ခိုင်း၏ ။


“ ဒါက ကျွန်တော့် မိန်းမလေ ။ နောက်က ပိုးထားတာက အငယ်ကလေး ၊ အကြီးကတော့ အိပ်ပြီ ”


ပီတာလေးမောင် က သူ့မိန်းမကို မေးငေါ့၍ ပြ၏ ။ ကျွန်တော်ကား သူ ပြောသည့် စကားတွေကို ကောင်းကောင်း မကြားဘဲ အခြားနားကြီး ခြားနားနေသော သူ့အဖြစ်ကိုသာ တွေးနေမိသည် ။ စက်ရှင်မင်းကြီး သား ၊ စတေရှင်ဝက်ဂွန်း ၊ ဘင်တန်ကျောင်းဆောင်သူများ ၊ ယခု တဲပုတ် ၊ လခကလေးက တစ်ရာကျော် ၊ ရှမ်းတရုတ်မ ။


သူ့မိန်းမကား ခပ်သေးသေး ခပ်လှီလှီ ဖြစ်၏ ။ မျက်နှာပြားပြား ၊ နှာတံပြားပြား ၊ ကိုယ်လုံးပြားပြား ၊ အသားအရေမှာ ဝါဖျော့နေသည် ။ သူ့ မျက်နှာမှာ သူစိမ်းတရံဆံ ကျွန်တော့်ကို ရှက်နေပုံရ၏ ။


အခန်းထဲတွင် ဖျာကြမ်း ၂ ချပ် ကို ခင်းထားပြီး သစ်သားခုတင် တစ်လုံး ၊ ခုံကြမ်းတစ်လုံးသာ ရှိ၏ ။ ခုတင်ပေါ်က ခြင်ထောင်ထဲတွင် အိပ်နေသော ကလေးငယ် တစ်ယောက်ကို မြင်ရသည် ။


“ ဧည့်ခံရတာတော့ အားနာနာပဲဗျာ ။ ဒါပေမဲ့ စာရေးဆရာ ဆိုတော့ ကျုပ်ဘဝကို သိစေချင်လွန်းလို့သာ ဖိတ်ရတာ ”


“ ကိစ္စ မရှိပါဘူးဗျာ ၊ ဒီလိုပေါ့ ”


ပီတာလေးမောင်သည် ခဏကြာမျှ ငြိမ်နေ၏ ။ ကျွန်တော်ကလည်း ဘာမျှထွေထွေထူးထူး ပြောစရာ မရှိသဖြင့် ငြိမ်နေသည် ။ သည်လို ငြိမ်ချက်သား ကောင်းတုန်း သူ့မိန်းမက သူ့ယောက်ျားကို တစ်စုံတစ်ရာ လှမ်းပြောလိုက်သည် ။ သူကလည်း ပြန်ပြောလိုက်သည် ။ သူတို့ စကား ကို ကျွန်တော် နားမလည်ပါ ။ ရှမ်းတရုတ် စကားပင် ဖြစ်မည် ထင်သည် ။


လင်မယား အမေးအဖြေ လုပ်ကြပြီး ပီတာလေးမောင်သည် ဘာမျှ မပြောဘဲ ၁ မိနစ် ၂ မိနစ်ခန့် ငြိမ်နေလိုက်ပြန်၏ ။ သို့ရာတွင် သူသည် ကျွန်တော့်ကို စူးစိုက်၍ ကြည့်နေသည် ။ ကျွန်တော့်ကို တစ်စုံတစ် ရာ ပြောချင်ပုံရသည်ဟု ထင်၏ ။ ဘာကြောင့် ပါးစပ်က မထွက်လာသည်ကို ကျွန်တော် စဉ်းစား၍ မရပေ ။


“ စာရေးဆရာ ဆိုတော့ ဘဝကို တော်တော် စုံအောင် လေ့လာဖူး မှာပေါ့နော် ”


သူက စ၍ မေးလိုက်သည် ။ ကျွန်တော်သည် သူ ဘာရည်ရွယ်၍ မေးသည်ကို နားမလည်ဘဲ မပွင့်တပွင့် ပြုံးကာ ...


“ လေ့လာတုန်း ရှိပါသေးတယ် ၊ မစုံသေးပါဘူး ” 


“ ဟုတ်တယ် စာရေးဆရာ ဆိုတာ စုံစုံတော့ သိထားဖို့ လိုမယ် ထင်ပါတယ် ။ ဒါမှ လူအမျိုးမျိုး အကြောင်းကို ရေးနိုင်မှာပေါ့ ဟုတ်လား ။ နေပါဦး ၊ ခင်ဗျား ၊ အရက်သောက်ဖူးတယ်နော် ”


“ ဟုတ်ကဲ့ ၊ နည်းနည်းပါးပါး သောက်ဖူးပါတယ် ”


ကျွန်တော်သည် သူ ဘာကို ရည်ရွယ်ကြောင်း ခုထိ မသိသေးဘဲ သူ့မေးခွန်းကို အလိုက်သင့် ဖြေနေရသည် ။ ကျွန်တော်သည် ရာထူးဝန်အဖွဲ့ အစစ်အဆေး ခံနေရသူ လျှောက်လွှာရှင် ကဲ့သို့ ဖြစ်နေသည် ။


“ ဆေးကော ရှူဖူးသေးလား ”


“ ဗျာ ”


ကျွန်တော်က သူ့စကားကို နားမလည်၍ ထပ်မေးလိုက်သည် ။ သည်တော့မှ ပီတာလေးမောင် က ပြုံးကာ ..


“ ဪ ဘိန်းရှူဖူးသလားလို့ မေးတာပါ ”


“ ဟုတ် ဟုတ်ကဲ့ ၊ လွန်ခဲ့တဲ့ ၅ နှစ်လောက်က တစ်ခါတော့ ရှူဖူးပါတယ် ။ ဘယ်လိုနေသလဲလို့ စမ်းကြည့်တဲ့ သဘောပေါ့ ၊ ဟဲ ဟဲ ”


“ ဘယ်လိုနေသလဲ ”


“ အင်း အမှန် ပြောရရင်တော့ သိပ်မထူးခြားလှပါဘူး ။ အစတုန်းကတော့ ဘိန်းရှူရင် တော်တော် စိတ်ကူးယဉ်မယ်လို့ ထင်တာ ။ နတ်ပြည်သို့ ရောက်နေသလို ထင်ရတယ် ၊ ဘာညာနဲ့ ပြောသံကြားဖူးတာကိုးဗျ ။ တစ်ခုတော့ ရှိတယ် ၊ နည်းနည်း ရှူပြီးတော့ နည်းနည်း နေလို့ ထိုင်လို့ ကောင်းပြီး အညောင်းအညာ ပြေသွားသလိုပဲ ၊ စိတ်ထဲမှာ ရေ စည်ပိုင်းထဲ ဆင်းစိမ်နေရ သလိုလို ၊ အအေးခန်းထဲ ဝင်ပြီး နေရ သလိုလိုပဲ ။ ပြီး တော့ စိတ်ထဲမှာလည်း တစ်မျိုးပဲ။ တွေးလိုက်တဲ့ အတွေးတွေဟာ ပိုပြီး ကြည်လင်လာသလို ထင်ရတယ် ။ ဒါပါပဲ ၊ ဒီ့ပြင်တော့ ဘာမှ မထူးပါဘူး ”


“ ဟုတ်တယ် ဟုတ်တယ် ၊ ကျွန်တော် သိတယ် ”


“ တချို့က ပြောတော့ ဘိန်းရှူတာဟာ စိတ်ကူးကောင်းတယ်လို့ ပြောတယ် ။ အမှန်ကတော့ ပိုကောင်းလာတာ မဟုတ်ပါဘူးဗျာ ။ နည်းနည်း နေထိုင်ကောင်းသလိုလို အညောင်းအညာပြေရုံကလေးလောက်ပါပဲ ။ ဒါပေမဲ့ဗျို့ နောက်တစ်နေ့ မနက်ရောက်တော့ ခေါင်းမူးလိုက်တာ ချာချာလည်နေတာပဲ ၊ အရက်မူးတာနဲ့လည်း မတူဘူး ။ ဘယ်လိုကြီး ဖြစ်နေမှန်း မသိဘူး ၊ အစာလည်း မစားချင်ဘူး ။ ပျို့ပျို့ပြီး အန်နေတာ ပဲ။ ဒါကို အရသာ ခံကြသလားတော့ မသိဘူး ”


ပီတာလေးမောင်သည် ကျွန်တော့်ကို ကြည့်၍ ရယ်နေသည် ။ ပြီးမှ ...


“ ခင်ဗျားတွေ့လာတာက အညံ့စားတွေမို့လို့ ဖြစ်ပါလိမ့်မယ် ။ လက်သုတ်ဖတ်က ဟာတွေ ဆိုရင် ဘယ်ကောင်းတော့မလဲဗျ ။ ကျွန်တော်လည်း ဒီလိုပဲ။ ပိုက်ဆံ မရှိရင် လက်သုတ်ဖတ်ကို ရေနွေးနဲ့ ပြုတ်ပြီး သောက်ရတယ် ။ တစ်ခါလောက် စမ်းကြည့်ပါဦးလား ။ ကျွန်တော့်မှာ ခပ်ကောင်းကောင်း ရှိတယ် ”


“ ဟင့်အင်း တော်ပါပြီ ၊ တစ်ခါလောက် ရှူဖူးရင် တော်ရောပေါ့ ”


“ ကျွန်တော် ခု အဲဒါလေး လုပ်ရမှ နေထိုင်ကောင်းတယ် ။ ခင်ဗျား ခွင့်လွှတ်မယ်ဆိုရင် ကျွန်တော် တစ်လုံးလောက် လုပ်မယ်နော် ။ ဒီအချိန် ကျွန်တော် လုပ်တဲ့ အချိန်ပဲ ။ ဒီမှာတော့ ဒါပဲ ဖြေဖျော်စရာ ရှိတယ်ဗျ ။ ပြီးတော့ ဝမ်းကိုက်တာကလေး ဘာလေးလည်း ပျောက်တယ် ၊ သိပ်မကြာပါဘူး ၊ ခဏကလေးပါ ဟဲဟဲ ” 


“ လုပ်ပါ ၊ လုပ်ပါ ၊ အားမနာပါနဲ့ ”


ပီတာလေးမောင်သည် သူ့မိန်းမ ကို လှမ်းခေါ်ကာ ရှမ်းတရုတ်လို ပြောပြီး သစ်သားခုတင်ပေါ်၌ လှဲလိုက်သည် ။ သူ့မိန်းမက လင်ပန်း ကလေး တစ်ချပ်တွင် ရေနံဆီမီးခွက်တစ်လုံး ၊ ပြောင်းတံတစ်ချောင်း ၊ အပ်ရှည်ရှည်တစ်ချောင်းနှင့် ဘိန်းလုံးကလေး တစ်လုံးကို ထည့်၍ ယူလာ၏ ။ နောက် ဘိန်းလုံးသေးသေးကလေး တစ်လုံးကို ဝဲအပ်ဖျားတွင် တပ်ကာ မီးကင်ပြီး တဖျစ်ဖျစ်မြည်စပြုလာတော့မှ ပြောင်းတံထဲသို့ ထိုးသွင်းပြီး ပီတာလေးမောင် သည် အားရပါးရ ရှူလိုက်ပြီးနောက် အငွေ့များကို အတန်ကြာမျှ ငုံထားလိုက်ပြီးမှ ဖြည်းဖြည်းချင်း မှုတ်ထုတ်နေသည် ။ သို့ဖြင့် ဘိန်း ၃ လုံးလောက် ရှူပြီးမှ ပီတာလေးမောင် သည် ကျွန်တော့် အနား၌ လာထိုင်ပေသည် ။


“ ခုမှ နေကောင်း သွားတယ်ဗျ ၊ လုပ်ပါ တစ်လုံးလောက် ” 


“ ဟင့်အင်း ၊ တော်ပါပြီ ”


ကျွန်တော်က လက်ကာပြလိုက်သဖြင့် ကျွန်တော့်ကို လက်ဖက်ရည် အတင်းတိုက်ပြန်၏ ။ လက်ဖက်ရည် ကိုတော့ သောက်လိုက်ရပေသည် ။


“ ဒီမှာ ရှမ်းတရုတ်တွေ ၊ ကချင်တွေ တော်တော် ခပ်များများ လုပ်ကြတယ် ၊ သိပ်အလွန်အကျွံ မလုပ်ရင် ဥပါဒ် မဖြစ်ပါဘူး ။ ကျွန်တော် ဆိုရင် တစ်နေ့ ၁၀လုံး လောက်ပဲ ရှူတယ်။ တချို့ တရုတ်တွေကျတော့ သိပ်လုပ်တယ်။ တစ်ခါတလေ အလုံး ၄ - ၅ ဆယ်လောက်တောင် လုပ်တယ် ။ ဒါကျတော့လည်း များလွန်းတယ် ”


ပီတာလေးမောင်၏ မျက်ခွံများမှာ လေးလံနေသည်ဟု ထင်ရ ၏ ။ သူ့မျက်လုံးများ သည် မှုန်မှိုင်းရီဝေ လာကြပေသည် ။ သူ့အသံသည် ပျော့ပျောင်း၍သာ လာသည်ဟု ထင်ရ၏ ။ ပီတာလေးမောင်သည် သူ့ အကြောင်းကို လေအေးကလေးဖြင့် ပြောပြ၏ ။ သူ့အကြောင်းကို ပြောရာတွင် သူ့စကားလုံးများ အတိုင်း ကျွန်တော် ရေးခြင်း မဟုတ်ပေ ။ သူ့စကားများတွင် ထပ်တလဲလဲ ပြောတာတွေ ရှိ၏ ။ အရင် ပြောရမည့် ဟာကို နောက်မှ ပြော၍ နောက်ပြောရမည့် ဟာကို အရင် ပြောတာ ပါ၏ ။ ထို့ ကြောင့် ကျွန်တော်က သူ့အဖြစ်အပျက်များကို ရှေ့နောက် ညီညွတ်အောင် ပြန်၍ စီစဉ်ရ၏ ။ တစ်ခါတစ်ရံတွင် သူ လိမ်ပြောတာတွေ ပါ၏ ။ ဖုံးကွယ်ထားတာတွေ ပါ၏ ။ သို့ရာတွင် ကျွန်တော်က သူ့မျက်လုံးများနှင့် သူပြုံးပုံကို ကြည့်၍ အမှန်လား ၊ အမှားလားဟု ဝေဖန်ယူရ၏ ။ တစ်ခါတစ်ရံ သင့်တော်သော စကားလုံးများကို ရှာမတွေ့သဖြင့် သူ ပြောလိုသည့် အဓိပ္ပာယ်ကို ကျွန်တော့် ဘာသာ ကျွန်တော် တွေးယူရ၏ ။


••••• ••••• •••••


( ၅ )


သူ့ အိမ်မှ အပြန်တွင် လမ်းလျှောက်ရင်း ကျွန်တော်သည် သူ့ အဖြစ်အပျက်များကို တွေး၍ လာခဲ့သည် ။


ပီတာလေးမောင်သည် ကျောင်းမှ လွင့်သွားပြီး အသိမိတ်ဆွေတွေ ကို စွန့်ခွာကာ ကချင်ပြည်နယ်ဘက်သို့ ထွက်လာခဲ့သည် ။ သည်မှာပင် သူ့ဘဝကို သူ မြှုပ်ထားခဲ့သည် ။ ကချင်ပြည်နယ်ဘက်မှာ ပိုက်ဆံရှာလို့ ကောင်းသည် ဟု သူက ဆို၏ ။ သူ ပြောပုံအရ ဆိုလျှင် သည် ၁၀ နှစ် အတွ င်း သူသည် ငွေတစ်သောင်း ၊ နှစ်သောင်းလောက် စုခဲ့သည် ။ သို့ရာတွင် ဒီလောက် များသော ငွေများကို ရိုးရိုးသားသားဖြင့် ရှာ၍ လွယ်မည် မဟုတ်ပါ ။ ကျွန်တော့် အထင်တော့ သူသည် ဘိန်းခိုးသွင်းသည် ဟု ထင်၏ ။ ဘိန်းနည်းနည်းပါးပါး ဆိုလျှင် ကချင်ပြည်နယ် ထဲမှာပင် ခိုး ရောင်းပြီး များလာလျှင် နားလုံ ဘက်မှ တစ်ဆင့် တရုတ်ပြည်ဘက်သို့ ခိုးထုတ်၏ ။ နားလုံ နှင့် တရုတ်နယ်စပ်မှာ ၄ မိုင်ကျော်မျှသာ ဝေးသော ခြေလျင်လမ်းကလေးများ ရှိပေသည် ။ သည်လိုဖြင့် သူသည် အမြတ် ကောင်းကောင်း ရလာပေသည် ။ သည်တုန်းက သူ သည် ငွေကို သာ ကျိတ်၍ စုနေလေသည် ။ သူ့စိတ်ကူးမှာ ငွေတော်တော်များများ စုမိလျှင် ရန်ကုန်တွင် အလုပ်အကိုင်ဖြင့် အခြေတကျနေကာ သူ့ဘဝကို သူ ပြန်၍ ရင်းစားတည်ရန် ဖြစ်၏ ။ သူ့ဆန္ဒမှာ ရန်ကုန် တွင် လူတစ်လုံး သူတစ်လုံး နေနိုင်ရေးသာ ဖြစ်၏ ။ ထို့ကြောင့် သူ့ဘဝသည် ကချင်ပြည်နယ်တွင် အိပ်မက်ဘဝသာ ဖြစ်၏ ။ သူ့ဘေးပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက် ။ ကချင်ပြည်နယ်က ပျော်စရာတွေ ကိုလည်း အာရုံမထားမိ ။ လှပသော ကချင်ပြည်နယ်၏ ရှုခင်းများကိုလည်း မမက်မော ။ သူ့မျက်စိထဲတွင် ပြိုးပြိုးပြက်ပြက်နှင့် အာရုံတွေ ထွေပြားစရာတွေ ၊ ယစ်မူးစရာတွေ များသော မြို့တော်ရန်ကုန် သာ မြင်ယောင်နေ၏ ။


ပိုက်ဆံတော်တော် စုမိသော ဗိုလ်ချုပ်ခေတ်တွင် ပီတာလေးမောင် သည် မြစ်ကြီးနား မှ တစ်ဆင့် ရန်ကုန်ကို မီးရထားအထက်တန်းတွဲတွင် စီး၍ လိုက်လာခဲ့သည် ။ သူသည် မီးရထားဟိုတယ်တွင် တည်းကာ အိမ်ရှာ၏ ။ နာမည်ကျော်ရှပ်ဆိုင်များ သို့ သွားကာ သူ မဝတ်ရတာကြာပြီ ဖြစ်သော ဝတ်စုံအကောင်းစားတွေကို ချုပ်၏ ။ အရင်တုန်းက သူသွားခဲ့သော ဟိုတယ်များ နှင့် ဟိုတယ်မယ်များ မရှိတော့ပြီ ။ တစ်ညတာ ပျော်မြူးရန်အတွက် တည်းခိုခန်းများလည်း မရှိတော့။ လမ်းမပေါ်တွင် တွေ့ရတတ် သော ညငှက်များကိုလည်း မတွေ့တော့ ။ ရန်ကုန်သည် အပြောင်းအလဲကြီး ပြောင်းလဲနေပြီ ဖြစ်၏ ။ ညတွင် လမ်းမများ သည် တိတ်ဆိတ်နေကြပေ၏ ။


သူတွေ့သော သူများသည် အရင်တုန်းကနှင့် မတူတော့ဟု ထင်သည် ။ စကားကိုလည်း မပြောချင့် ပြောချင်သာ ပြောကြသည် ။ သူသည် စိတ်ပျက်အားငယ်သလို ဖြစ်နေမိလေသည် ။ တစ်ညတွင် သူသည် ရှားရှားပါးပါး ညငှက်တစ်ဦး နှင့် တွေ့၏ ။ သို့ရာတွင် ညငှက်သည်ပင် သူအရင် တွေ့ဖူးသော ညငှက်မျိုး မဟုတ်တော့ဟု ထင်၏ ။


သည်တော့မှ သူသည် ကချင်ပြည်နယ်ကို လွမ်းလာလေသည် ။ ကချင်ပြည်နယ်မှာ ဆိုလျှင် သူသည် လူတွေနှင့် ရင်းရင်းနှီးနှီး နေလို့ ရ၏ ။ စကားကို ဟက်ဟက်ပက်ပက် ပြောလို့ ရ၏ ။ ရယ်ချင်လျှင် ဟန်ဆောင် နေဖို့ မလိုဘဲ ရယ်လို့ ရ၏ ။ ရန်ကုန်က ဘဝ နှင့် ကချင်ပြည်နယ်က ဘဝသည် ခြားနားလွန်းလှပါတကား ။


ထို့ကြောင့် သူသည် ကချင်ပြည်နယ်သို့ ပြန်လာခဲ့သည် ။ မြစ်ကြီးနား ရောက်တော့ သူသည် ဆိုက်ကားတစ်စီးဖြင့် လှည့်ကာ ညငှက် အရှာခိုင်းသည် ။ သည်တွင် ပီတာလေးမောင်သည် ယခု ကလေး ၂ ယောက် အမေ ဖြစ်နေသော ရှမ်းတရုတ်မ နှင့် တွေ့ခြင်း ဖြစ်၏ ။ ရှမ်းတရုတ်မ သည် သူ့အမေ နှင့် ဘိန်းပုန်းဆိုင် ဖွင့်ထား၏ ။ သည် မှာပင် ပီတာ သည် ဘိန်းနှင့် တွေ့ခဲ့ခြင်း ဖြစ်လေသည် ။


“ အဲဒီမှာ ကျွန်တော်ဟာ ခင်ဗျားတို့ ပြောတဲ့ ဘဝကို စတွေ့တာပဲ ၊ ဟဲ ဟဲ ” 


ပီတာလေးမောင်က ရယ်၍ ပြော၏ ။ အစတုန်းကတော့ ရန်ကုန် သည် ပျော်စရာဟု ထင်ခဲ့၏ ။ လောကတွင် ပူပန်ခြင်း ဆင်းရဲအပေါင်းတို့ မှ ကင်းလွတ်ရာဟု ထင်ခဲ့၏ ။ သို့ရာတွင် ရန်ကုန် ရောက်တော့ သူသည် သဲကန္တာရ ထဲက တံလျှပ် ထဲသို့ ရောက်နေသလို ထင်မိသည် ။ မြစ်ကြီးနားမြို့ ချောင်ကျသော ထောင့်တစ်ထောင့်ရှိ ဘိန်းပုန်းဆိုင်ကလေးမှ ဘိန်းပြောင်းနှင့် ရှမ်းတရုတ်မ ကို တွေ့တော့မှ သူသည် တကယ့်ပျော်စရာကို တွေ့ပြီဟု ထင်မိလာသည် ။


“ အမှန်ကတော့ ကျွန်တော် ခင်ဗျားကို ရှက်လည်း မရှက်ပါဘူး ။ စာရေးဆရာ ဆိုတော့ ကျွန်တော် ပြောချင်တာတွေ ပြောရအောင် ဆိုပြီး ခင်ဗျားနဲ့ လာတွေ့တာပဲ ”


“ ခင်ဗျား ခုလို နေရတာ ပျော်ရဲ့လား ”


“ ကျွန်တော့်ဘဝမှာ ဒီလောက် တစ်ခါမှ မပျော်ခဲ့ဖူးသေးဘူး ။ ကျောင်းတုန်းက ပျော်ခဲ့တယ် ဆိုတာလည်း ခုပျော်တာနဲ့ စာရင် အလကားပဲ ။ ဘာမှ မဟုတ်ဘူး ။ ကျွန်တော့်မှာ မိန်းမရယ် ၊ ကလေးရယ် ၊ ပြောင်းတံရယ် ရှိနေပြီ ၊ ဒီ့ပြင့် ဘာမှ မလိုတော့ဘူး။ ကျွန်တော့်ဘဝဟာ ပြည့်စုံနေပြီ ”


“ ရန်ကုန်ကို သွားချင်သေးသလား ”


“ ဟင့်အင်း မသွားချင်တော့ဘူး ။ ကျွန်တော့်ဘာသာ ဆေးတစ်လုံးပြီး တစ်လုံး ရှူရင်း ကိုယ့်စိတ်ကူးနဲ့ ကိုယ် ကြည်နူးပြီး ပျော်နေတာပဲ ။ ကျွန်တော်က အိပ်ရာထ ဆိုရင် ၂ လုံးလောက် လုပ်မှ နေသာ ထိုင်သာ ရှိတယ် ”  


“ နေပါဦး ၊ ဘာတွေ တွေးသလဲ ”


“ အို စုံလို့ပဲ ၊ ကျွန်တော်ငယ်ငယ်တုန်းက စိန်ပေါလ် မှာ နေခဲ့တာတွေ ၊ တက္ကသိုလ်မှာ နေခဲ့တာတွေ ၊ ကျွန်တော့်အပေါင်းအသင်း သူငယ်ချင်းတွေ အကြောင်းရော ၊ ပြီးတော့ ကချင်ပြည်နယ်မှာ ကျွန်တော် တေခဲ့ ပေခဲ့တာတွေ ၊ ခု မိန်းမနဲ့ ရတာတွေ အို ... စုံလို့ ပဲ ။ အမှန်ကတော့ ခင်ဗျားတို့ ရန်ကုန် ဆိုတာ ဘာမှ ပျော်စရာ မရှိပါဘူးဗျာ ။ တံလျှပ်တွေ နောက်ကို လိုက်နေကြတဲ့ သူတွေ ဆိုပြီး သနားတောင် သနားမိတယ် ။ ကျွန်တော့်အဖို့ ဆိုရင် ဟောဒီမှာ မိန်းမရယ် ၊ ကျွန်တော့်ကလေးရယ် ၊ ပြောင်းတံရယ် ရှိပြီ ၊ ကျွန်တော့်မိန်းမ ကလည်း ဆေးရှူတယ် ။ ပြီးတော့ ကျွန်တော့်မိန်းမက ပြောင်းထိုး သိပ်ကောင်းတယ် ။ ဆေးလုပ်ခါနီးကျရ င် မီးပေးတာက အစ အနေတော် ပေးတတ်တယ် ။ ကဲ ကျွန်တော့်အဖို့ ဘာလိုသေးသလဲ။ ဒါမှ တကယ့် ဘဝဗျ ၊ ခင်ဗျားတို့က စိတ်ကူးလောကထဲမှာ ဝဲလည်နေကြတဲ့ လူတွေ ။ ဒီတော့ ခင်ဗျားတို့ စာရေးဆရာတွေဟာ ကျွန်တော့်လို ဘဝထဲ ဆင်းနေကြစမ်းပါဗျ ၊ ဟုတ်လား ၊ ဟား ဟား ”


ပီတာလေးမောင်သည် ကျွန်တော့်ကို ကြည့်၍ ရယ်နေလေသည် ။ သူ့မျက်လုံးများမှာ မှေးမှိန်ရာမှ အရောင်တဖျတ်ဖျတ် လက်လာကြ၏ ။ ကျွန်တော်ကမူ သူ့ အား လောကကို ရှောင်ခွာထွက်ပြေးသူ ၊ အရှုံးပေးသူဟု ထင်ပါသည် ။ သူ သာလျှင် တံလျှပ်ကို ဘဝ ထင်နေသူဟု ထင်ပါသည် ၊


သူ့ဘဝ ဇာတ်လမ်းသည် ဘယ်လို အဆုံးသတ်မည်ကို ကျွန်တော် မသိသေးသော်လည်း သူသည် ပစ္စုပ္ပန်ကို လက်ထဲတွင် ဆုပ်ကိုင်ကာ သူ့ ဘဝကို သူ ကျေနပ်နှစ်သိမ့်နေပုံတော့ ရပေသည် ။


 ▢  မြသန်းတင့်

📖 ငွေတာရီ မဂ္ဂဇင်း

      ဇွန် ၁၉၆၁

No comments:

Post a Comment