❝ ရွှေဖြစ်သူ ❞
( ပီမိုးနင်း )
နွေဥတု မွန်းလွဲအချိန် နွားကျောင်းသားကလေး နှစ်ယောက်သည် နွားကျောင်းရင်း လျှိုတစ်ခု အနီးသို့ ရောက်လာကြလေ၏ ။
၎င်းလျှိုမှာ ဆိတ်ငြိမ်သောနေရာ ဖြစ်လေရာ လေသံ လိုလို ၊ ကြီးမားသော သတ္တဝါကြီး တစ်မျိုးမျိုး၏ အသက်ရှူသံ လိုလို အသံတစ်ခုကို ကြားကြရလေရာ အဘယ်သို့သော အသံပေနည်းဟု စဉ်းစား နားထောင်လျက် နေကြလေ၏ ။
နှစ်ယောက်သား အသံကြားရာ နေရာဘက်သို့ တဖြည်းဖြည်း သွားကြရာ နှုတ်ခမ်းမွေးကောင်းကောင်း ၊ အသားညိုညို ၊ စွပ်ကျယ်အင်္ကျီ အဖြူလက်ရှည်နှင့် ပိတ်ပုဆိုး ၊ ပိတ်ခေါင်းပေါင်းတို့ကို ဝတ်ဆင်သော အသက် ငါးဆယ်ခန့် ရှိသော လူကြီး တစ်ယောက် ၊ နောက်ပါ တပည့်ကလေးတစ်ယောက်နှင့် ဖိုထိုး၍ နေသည်ကို မြင်ကြရသဖြင့် အပါးသို့ သွား၍ ကြည့်ကြလေ၏ ။
ထိုအခါ ဖိုဆရာကြီးက ၎င်းတို့အား “ မင်းတို့ ဘာကိစ္စလာကြသလဲ ” ဟု မေးလေ၏ ။
“ ကျွန်တော်တို့ ကြည့်ချင်လို့ လာပါတယ် ” ဟု နှုတ် လျှာသွက်သော သူငယ်က ပြန်၍ ပြောလေ၏ ။
“ မင်းတို့ ကြည့်လို့ ဘာသိသလဲ ”
“ ဘာမှ မသိပါဘူး ။ မမြင်ဖူးလို့ပါ ”
“ မင်းတို့ ငါ့ကို ဘာထင်သလဲ ” ဟု စူးရှသော မျက်လုံးများနှင့် ၎င်းတို့ကို ဖောက်ထွင်းသလို ကြည့်၍ ပြောလေ၏ ။
“ ကျွန်တော်တို့ မထင်တတ်ပါဘူး ”
“ မင်းတို့ အခု ဘာကို မြင်သလဲ ”
“ ဖိုထိုးတာ မြင်ပါတယ် ”
“ အေး .. မင်းတို့သာ မြင်ပစေ ၊ တခြား ဘယ်သူမှ မသိစေနဲ့ ၊ နားလည်လား ။ တောင်တောင်မြောက်မြောက် မပြောကြနဲ့ ။ ရော့ ... မင်းတို့ သရေစာဖိုး ” ဟု ပြောကာ ဖိုဆရာကြီးက လုံထဲမှ ကျသော တစ်မူးသားခန့် ရှိသော ရွှေဥကလေး တစ်လုံးကို ပေးပြီး “ ကိုင်း ... သွားကြ ၊ ဘယ်သူမှ မသိစေနဲ့နော် ”
“ ကျွန်တော်တို့ ဘယ်သူ့မှ မပြောပါဘူးခင်ဗျား ။ စိတ်သာချပါ ” ဟု ပြောပြီး သူငယ်နှစ်ယောက်သည် အားရဝမ်းသာ ရွာကို ပြန်၍ ပြေးကြလေ၏ ။
ရွာသို့ ရောက်သောအခါ မိမိတို့ ရခဲ့သော ရွှေကို လူကြီးများအား ပြကြလေ၏ ။
လူကြီးများသည် ၎င်းရွှေကို ပန်းထိမ်ဖိုသို့ သွားပြီး စုံစမ်းစစ်ဆေးကြရာ အထူးကောင်းသော ရွှေ ဖြစ်၍နေသည်ကို တွေ့ကြရသဖြင့် သူငယ်များအား မေးမြန်းကြလေရာ ပြော၍ ပြကြလေ၏ ။
မကြာမီ လူကြီးများသည် ဖိုဆရာကြီးထံ ရောက်လာကြပြီးလျှင် တောထဲ၌ မနေဖို့ အကြောင်း ၊ ရွာထဲသို့ လိုက်ခဲ့ပါမည့် အကြောင်း တောင်းပန်ကြလေ၏ ။
ဖိုဆရာကြီးကား အတန်တန် ငြင်းဆန်ရင်း မတတ်သာ၍ ရွာထဲသို့ လိုက်ပါခဲ့ရလေသတည်း ။
ဆရာကြီးသည်ကား ဒီအရပ်မှာ ဆေးပင်တစ်ခု သိုက်စာမှာ တွေ့သည့်အတွက် လိုက်၍ လာရကြောင်း ၊ မိမိ၏ ဓာတ်လုံးမှာလည်း အောင်မြင်တော့မည့်ဆဲဆဲ ရှိသဖြင့် နောက်ဆေးတစ်မျိုးတည်းသာ ကျန်ရှိတော့သည် ဖြစ်ကြောင်း ၊ ထိုဆေးပင် အဘယ်မှာ ရှိသည်ဟု သတင်း ရရှိကြောင်း ၊ သို့အတွက် အရေးတကြီး သွားဖို့ ရှိကြောင်း စသည်ဖြင့် ပြောလေရာ ရွာသားများက မသွားရအောင် အတန်တန် တောင်းပန်ကြလေ၏ ။
ထိုအခါ ဆရာကြီးက “ မောင်တို့ ဘာကို အလိုရှိလို့ တားတယ် ဆိုတာ ဆရာ သိပါတယ် ။ ကိုင်း ... ဒီ လောက်တောင် ပူကြမင့် ၊ နည်းနည်းပါးပါးတော့ မစရတာပလကွယ် ” ဟု ပြောကာ မိမိ တည်းသော အိမ်ရှင်အား ဘော်တစ်မတ်သားကို အဝယ် ခိုင်းလေရာ အိမ်ရှင်က ဘော်တစ်မတ်သားကို ဝယ်၍ ပေးလေ၏ ။
ဆရာကြီးသည် အိမ်ရှင်အား ကိုယ်တိုင် ဖိုကို အထိုး ခိုင်းပြီး ဘော်တစ်မတ်သားကို ကြို၍ လောင်းစေရာ ဘော်လုံးကလေးကို ရလေ၏ ။
ထိုဘော်လုံးကို ဆရာကြီးသည် ၎င်းတို့ ရှေ့တွင် သေသေချာချာ ကိုင်၍ လက်ဝါးထက်မှာ အလေးအပေါ့ ကို ဆသလို ဆ၍ ကြည့်ပြီးနောက် ဖိုထိုးသော အိမ်ရှင်အား ၎င်းဘော်လုံးဖြူဖြူကလေးကို ပြန်ပေးပြီး လုံသစ် တစ်ခုနှင့် အိမ်ရှင်ကိုယ်တိုင် အကြိုခိုင်းလေ၏ ။
ကြို၍ အရည်ပျော်သောအခါ အနီး၌ ရှိသော သူငယ်တစ်ယောက်အား “ ဟေ့ ... သူငယ် ၊ ဟောဟို အပင်ကလေး သွားနုတ်လိုက်စမ်းဟေ့ ” ဟု ပြောသဖြင့် သူငယ်သည် ပြည်လုံးချမ်းသာ ခေါ် အပင်ကို သွား၍ နုတ်ယူလာခဲ့ရာ ဆရာကြီးက “ ပျော်ပြီလား ၊ ပျော်ရင် ဒီအပင်နဲ့ မွှေလိုက်စမ်း ” ဟု ပြောရာ ဖိုထိုးသော အိမ်ရှင်သည် ၎င်း အပင်ကလေးကို ညှပ်နှင့် ညှပ်ကာ လုံထဲ၌ မွှေလေ၏ ။
အပင်ကလေး ကုန်၍ သွားသောအခါ “ ကိုင်း ... လောင်းတော့ ၊ လောင်းတော့ ” ဟု ပြောသဖြင့် ဖိုသမားသည် ရေနံခွက်ထဲသို့ ဘော်ကို လောင်းလိုက်ရာ ဆယ်၍ ကြည့်လျှင် ဝင်းထိန်သောအခဲ ဖြစ်၍ နေသည်ကို တွေ့ရသဖြင့် အတိုင်းမသိ အံ့သြခြင်း ဖြစ်လေ၏ ။
ထိုနောက် မြင်ကြသူများနှင့်တကွ အိမ်ရှင်သည် ထိုအခဲကို ပန်းထိမ်ဖိုသို့ ယူသွားပြီး အမျိုးမျိုး စမ်းသပ်၍ ကြည့်ကြရာ တိုက်တံဆိပ်အရည် ဖြစ်၍နေသည်ကို တွေ့ရှိကြရလေ၏ ။
ထိုအခါ ဆရာကြီးအား တစ်ရွာလုံးက “ အိမ်မှာ စားပါ ၊ ငါ့အိမ်မှာ အိပ်ပါ ” ဟု ခေါ်ကြလေ၏ ။ ဆရာကြီးသည်ကား မိမိတည်းသော အိမ်မှာသာ နေလျက် “ နက်ဖြန်ခါ ထွက်မှ ဖြစ်မယ်ထင်တယ် ။ ရက် လွန်ရင် ဓာတ်လုံး မအောင်မမြင် ဖြစ်မှာ စိုးရတယ် ။ ဒီအလုပ်မျိုးဆိုတာ အဖျက်အဆီး အင်မတန် များတာမျိုး ။ အခု မောင်တို့ ရွာသားများလည်း အဖျက်အဆီးတွေ ဖြစ်ကြသလား မသိဘူး ။ ဆရာကလည်း တွေ့ရင် ဆင်းရဲတဲ့ တပည့်များကို မချင် ၊ စချင်တဲ့ စိတ်က အင်မတန် အားကြီးတာပဲ ။ သည့်အတွက် ဒီအလုပ်မှာတော့ အဖျက်အဆီးနဲ့ တွေ့ရတော့မယ် ထင်တယ် ” စသဖြင့် ညည်းညူလေ၏ ။
ရွာသားများက “ ဆရာ အလိုရှိတဲ့ ဆေးမြစ်ကိုသာ ပြောပါ ၊ မြင်းမိုရ်တောင်ကို သွားပြီး ရှာရမယ်ဆိုရင် ရှာပါ့မယ် ။ အဝီစိကို ဆင်းပြီး ရှာဆိုရှာပါ့မယ် ” စသည် ဖြင့် ပြောကြလေ၏ ။
“ မင်းတို့ အားလုံးကို ငါ ရွှေလုပ်ပေးနေရမယ် ဆိုရင် ခရီးဖင့်တော့မှာပဲ ။ သို့သော်လည်း ကိုင်း .. ဆရာ မြန်မြန် တစ်ပေါင်းတည်း လုပ်ပေးခဲ့မယ် ။ တစ်ယောက်စီတော့ လုပ်မပေးနိုင်ဘူး ။ နောင် အဝေမသင့်ဘဲ သ,တ်လား ၊ ပုတ်လား ၊ ရိုက်လား ၊ နှက်လားသာ ဖြစ်မနေကြနဲ့ ။ ညီတူမျှတူ ဝေယူကြရလိမ့်မယ် ။ သဘောကျရဲ့လား ” ဟု ဆရာကြီးက ပြောလေ၏ ။
“ ကျပါတယ် ဆရာရယ် ”
“ ကိုင်း .. ဘယ်သူက ဥက္ကဋ္ဌလုပ်ပြီး ဝေမလဲ ။ ဆရာက မင်းတို့ အလုပ်ပြီးအောင် စောင့်မနေနိုင်ဘူး ။ အမြောက်အမြား ဆိုတော့ နည်းနည်း ရက်ပိုကြာမယ် ။ ၇ ရက်လောက် ကြာလိမ့်မယ် ။ ၇ ရက်တောင် ဆရာက မစောင့်နိုင်ဘူး ”
“ ဆရာ လုပ်သာပေးခဲ့ပါ ဆရာရယ် ။ ဒီအတွက်တော့ အရေးမကြီးပါဘူး ။ ကျွန်တော်တို့ သူကြီးမင်းလည်း ရှိပါတယ် ။ ဆယ်အိမ်ခေါင်းမင်းလည်း ရှိပါတယ် ” စသဖြင့် ပြောကြလေ၏ ။
ထိုအခါ ဆရာကြီးက “ ငွေခွက်တစ်ဆယ် ဝယ်ကြရမယ် ။ ငွေခွက်တစ်ဆယ်က လေးရာ ။ ရွှေခွက်တစ်ဆယ် ဆိုရင် ဘယ်လောက်ရှိမလဲ ။ မင်းတို့ရွာသား ရှိသမျှ အားလုံး ရွှေမိုးရွာရော မဟုတ်လား ။ အဇ္ဇဂေါနက ရှေးစကား ၊ မမြင်ရဘူး ၊ ကြားရုံသာ ကြားရတာ ။ အခု မင်းတို့ တွေ့ရမှာက လက်တွေ့ ။ ယနေ့က စပြီး နောက် ၇ ရက် ၊ အလွန်ဆုံး ၈ ရက်ပေါ့ကွယ် ၊ ၉ ရက်နေ့မှာ ထမင်းရည် ချောင်းစီးအောင် လှူကြဟေ့ ။ ရွာနီးချောက်စပ် ပတ်ဝန်းကျင်ကို အကုန်အစင် ကျွေးကြပေတော့ ။ ဆရာ့အတွက်တော့ ဘာမှ အရေးမကြီးဘူး ။ ဆရာက မင်းတို့ လောကီ စည်းစိမ်မျိုးကို ခြေဖဝါးအောက်က မြေမှုန့်လို အောက်မေ့တာ ။ ဆရာ့အလုပ်က တက်ဖို့ အဆင့်တွေ အင်မတန် များသေးတယ် ။ ဒီအဆင့်တွေ ချောချောမောမော ပေါက်ရောက် အောင်မြင်ဖို့သာ မင်းတို့ ဆုတောင်းကြပါ ” စသည်ဖြင့် ပြောလေရာ မကြာမီ ငွေတွေ ကောက်ခံကြလေ၏ ။
သူကြီးမင်းနှင့် ဆယ်အိမ်ခေါင်းမင်းတို့က ခေါင်းဆောင်ကြသဖြင့် ငွေလေးရာကျော် စရိတ်စကနှင့် ငါးရာခန့်ကို တစ်နေ့အတွင်း ရကြလေ၏ ။ ရှိသမျှကို ရှယ်ယာ မပါမှာ စိုးသဖြင့် အငတ်ခံ၍ ပေးကြ၏ ။ မတန့်တတန် ပစ္စည်းများကို ရောင်းချကြ၏ ။ အချို့သော ဆင်းရဲသူများမှာ အိမ်ကို ရရာ အဖိုးနှင့် ရောင်းကြလေသတည်း ။
ဆရာကြီးသည် သူကြီးနှင့်အတူ ဆယ်အိမ်ခေါင်း ၊ ၎င်းနောက်ပါ တစ်စုတို့နှင့် ရန်ကုန်မြို့သို့ ဘော်ဝယ်ရန် ထွက်လာကြလေ၏ ။
၎င်းတို့သည် ဆရာကြီးကို အကုန်ပုံလွှဲကြလေ၏ ။ ဆရာကြီး ကိုယ်တိုင် လက်မှတ်ယူ၍ ဆရာကြီးတွဲမှာ စီးကြရလေ၏ ။
ရန်ကုန်ဘူတာရုံကြီးသို့ ရောက်သောအခါ “ မင်းတို့ မီးရထားတွဲပေါ်က မဆင်းကြနဲ့ဦး ။ ဆရာ မော်တော်ကား သွားခေါ်လိုက်ဦးမယ် ။ ရန်ကုန်မြို့ဆိုတာ အလွန်ရှုပ်တာ ။ မော်တော်ကားနဲ့ သွားမှ စိတ်ချရတယ် ” ဟု ပြောပြီး ထွက်သွားလေ၏ ။
နောက် အတန်ငယ်ကြာသောအခါ မီးရထားဘက် ဆိုင်ရာ အရာရှိများက “ ခင်ဗျားတို့ ဘာလို့ မဆင်းကြသေးသလဲ ။ ဒီရထား ရှေ့ကို မသွားဘူး ။ ဒါ ရန်ကုန် ” ဟု ပြောပြီး မီးရထားတွဲမှ မောင်း၍ချရာ ၎င်းတို့မှာ လက်မှတ် မရှိသဖြင့် “ လက်မှတ် ဘယ်မလဲ ” ဟု မေးသောအခါ ဆယ်အိမ်ခေါင်းက ...
“ ကျုပ်တို့ ရန်ကုန်မြို့မှာ ငွေဝယ်ဖို့ လာတဲ့ လူတွေ ၊ ခင်ဗျားတို့ လက်မှတ်ကလေးလောက်ကို လိမ်မယ့် လူစားတွေ မှတ်သလား ။ မျက်နှာကို ကြည့်ပါ ။ ကျုပ်တို့ ဆရာ မကြာမီ မော်တော်ကားနဲ့ လာပါလိမ့်မယ် ” ဟု ပြောလေ၏ ။
“ မော်တော်ကား ဒီမီးရထားပလက်ဖောင်းထဲကို မဝင်ရဘူး ။ ခင်ဗျားတို့ ဘယ်နှယောက်လဲ ။ အိုင်ဆေး ... ဟောဒီမှာ ရေးလ်ဝေးဂတ်ကို ပို့လိုက်ပါ ” ဟု မီးရထား အရာရှိက ပြောလေ၏ ။
“ ဒီအကောင်တွေကို စကျူးဝပ်ဂတ်ကို ပို့လိုက် ။ မြန်မြန် ” ဟု ပုလိပ်အရာရှိတစ်ယောက်က ငယ်သား ပုလိပ်နှစ်ယောက်အား ပြောလေ၏ ။
နောက် နာရီဝက်အတွင်း မြို့မ အချုပ်ထောင်ကြီးသို့ မီးရထားခိုးစီးမှုနှင့် ရောက်သွားကြလေတော့သတည်း ။
နောက် တစ်ယောက်လျှင် ငါးကျပ်စီ ဒဏ်ရိုက်ခံရပြီးမှ ရွာကျောင်းဆရာတော်ဘုန်းကြီးက ထိုအကြောင်းကို ကြားရသဖြင့် ၎င်းဆရာကြီး၏ နည်းများကို လုပ်၍ ပြလေ၏ ။ ထိုနည်းမှာ ရွှေတစ်မတ်သားကို သင်္ဘောစေးနှင့် စီရင်၍ ထားရာ ဘော်အစစ်ကဲ့သို့ ဖြူ၍နေသည်ကို တွေ့ရှိကြရလေ၍ ဘော်ကြိုရာ၌ သင်္ဘောစေးနှင့် ဘော် ဟန်ဆောင်၍ထားသော မိမိ၏ ရွှေလုံးကို လက်လှည့်နည်းဖြင့် လှည့်စားကာ လုံထဲသို့ ထည့်ပြီး ဘော် အစစ်ကိုမူ ဆရာကြီး ယူထားကြောင်း သိကြရလေ၏ ။
▢ ပီမိုးနင်း
📖 ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )
No comments:
Post a Comment