❝ နှာခေါင်းရှည် နတ်ပုလေး ❞
( ကြပ်ကလေး )
ကြွက်နီလေး အဖို့ ဖခင်အိုကြီးကို လုပ်ကျွေးနေရသည်မှာ ပျော်စရာပင် ဖြစ်တော့သည် ။
ကြက်များကို ကြက်ဥ ရောင်းရန်အတွက်သော် လည်းကောင်း ၊ ကြက်အကောင်လိုက် ရောင်းရန်အတွက် သော်လည်းကောင်း ၊ ပြုစုစောင့်ရှောက်မွေးမြူရသည်မှာ ပင်ပန်းသည်ဟု သူ မထင်ပါ ။ ဖခင်အိုကြီးကို လုပ်ကျွေးရခြင်းသည် ကောင်းမြတ်လှ၏ဟု သူ့စိတ်က ထင်နေသဖြင့် ပျော်ရွှင်လှသည် ။
ကြက်ခြံကို ပြုပြင်ကာရံခြင်း ၊ ကြက်စာကျွေးခြင်း ၊ ကြက်များ၏ ကျန်းမာရေးလုပ်ငန်းများကို လုပ်ဆောင်ခြင်း စသော အလုပ်အကိုင်များကို သူသည် သီချင်း တကျော်ကျော်နှင့် လုပ်ကိုင်တတ်လေသည် ။
ကြွက်နီလေးတို့ သားအဖ နေထိုင်သော အိမ်ငယ်လေးနှင့် မနီးမဝေးတွင် တောအုပ်တစ်ခုရှိ၏ ။ ထိုတောအုပ် တစ်နေရာတွင် တောင်ပို့လေး တစ်ခု ရှိသည် ။ ယင်း တောင်ပို့လေးသည်ကား နတ်ပုလေးတစ်ယောက်၏ နေအိမ်ပင် ဖြစ်ပေ၏ ။
ထိုနတ်ပုလေးမှာ ပွင့်ချပ်ကို မှောက်၍ စွပ်ထားသည်ဟု ထင်ရသော ဦးထုပ်စိမ်းကလေး တစ်ခုကို ဆောင်းထားပြီးလျှင် ဦးထုပ်၏ အလယ်ကောင် တည့်တည့်မှ ရိုးတံသဖွယ် အချောင်းလေးတစ်ချောင်းသည် ငါးလက်မခန့် ထောင်ထွက်နေ၏ ။ နတ်ပုလေး၏ အရပ်မှာ လေးပေပင် ကောင်းကောင်း မပြည့်သော်လည်း မျက်နှာမှာ အသက်ကြီးသူ၏ အသွင်သဏ္ဌာန်ကို ဆောင်သည် ။ နှုတ်ခမ်းမွေး ၊ မုတ်ဆိတ်မွေးများနှင့် ဖြစ်၏ ။ ယင်း နတ်ပုလေး၏ မျက်နှာတွင် အထူးခြားဆုံး အင်္ဂါသည်ကား နှာခေါင်းပင် ဖြစ်လေသည် ။ သူ၏ နှာခေါင်းသည် မျက်နှာ၏ ရှေ့သို့ တစ်ပေခန့် ထွက်ပြီး ချွန်နေသော နှာခေါင်း ဖြစ်၏ ။ နှာခေါင်း အလွန်ရှည်သော နတ်ပုလေး ပင် ဖြစ်လေသည် ။
တစ်ညတွင် နတ်ပုလေးသည် လျှောက်လည်ရာမှ ကြွက်နီလေး၏ ကြက်ခြံနားသို့ ရောက်လာ၏ ။ ခြံ၏ ဝင်ပေါက်တံခါးများကို လုံခြုံစွာ ပိတ်ဆို့ ထားသဖြင့် ခြံတွင်းသို့ သူ ဝင်မရပါ ။
ခြံထဲသို့ ဝါးတန်းဝါးကွက်များ အကြားမှ ချောင်းကြည့်သောအခါ များပြားသော ကြက်ဥများကို ဟိုနေရာ သည်နေရာ၌ တွေ့ရ၏ ။ နတ်ပုလေးသည် ကြက်ဥများကို အလွန် စားလိုလှပေသည် ။
ခြံတွင်းသို့လည်း ဝင်၍ မရသဖြင့် အမျိုးမျိုး အကြံ ထုတ်လေရာ နောက်ဆုံးတွင် အကြံတစ်ခု ရသွား၏ ။ ဝါးတန်း ဝါးကွက်များ ကြားမှ သူ၏ နှာခေါင်းရှည်ကြီးကို ထိုးသွင်းလိုက်ပြီးလျှင် အနီးဆုံး ကြက်ဥ တစ်လုံးကို နှာခေါင်းဖြင့် ဖိလှိမ့်၍ ယက်ထုတ်လိုက်သောအခါ ကြက်ဥကလေးမှာ ခြံပြင်သို့ လိမ့်ထွက်လာလေတော့၏ ။
ဤနည်းဖြင့် သူသည် ကြက်ဥလေးငါးလုံးခန့်ကို ဖောက်သောက်၍ ပြန်သွားလေ၏ ။
ပထမနေ့တွင် ကြွက်နီသည် ကြက်ဥများ ပျောက်ခြင်းကို သတိမပြုမိသော်လည်း ရက်ပေါင်းများစွာ ကြာသောအခါ ကြက်ဥများ အထွက် လျော့နည်းလာသည်ကို သတိပြုမိ၏ ။ ခြံပြင်မှ ပတ်၍ ခြံပတ်ဝန်းကျင်သို့ ထွက် ကြည့်သောအခါ နှာခေါင်းရှည်နတ်ပုလေး ပစ်ထားခဲ့သော ကြက်ဥခွံများကို တွေ့ ရလေ၏ ။
“ အင်း .. ငါ့ကြက်ဥတွေကို သူခိုးဟာ ဒီနေရာက လာလာ ခိုးစားနေတာကိုး ။ သူခိုးဟာ ဘာကောင်ဖြစ်ဖြစ် ဒီညတော့ မိအောင် ဖမ်းတော့မယ် ”
ကြွက်နီသည် အထက်ပါ အတိုင်း စိတ်ကူးပြီးလျှင် ကြက်ခြံ၏ အတွင်းဘက်က ထောင်ချောက်ကို ထောင် ထားလေ၏ ။
ထိုနေ့ ညဘက်သို့ ရောက်သောအခါ နတ်ပုလေးသည် ထုံးစံအတိုင်းပင် ရောက်လာပြီးလျှင် ချောင်းကြည့်၏ ။ ထောင်ချောက်ကို မမြင် ၊ ကြက်ဥများသာ မြင်၏ ။
“ အာပါး ဒီနေ့တော့ ငါ့ကံဟာ ပိုပြီး ကောင်းတယ်ပါလား ။ ကြက်ဥတွေလည်း များတယ် ၊ ခြံစည်းရိုး နားလည်း နီးတယ် ။ ပတ်ဗေတိုး ဗုံ ”
ကျေနပ်အားရစွာနှင့်ပင် သူ၏ နှာခေါင်းရှည်ကြီးကို ဝါးခြံကြားမှ ထိုး၍ သွင်းလိုက်ပြီးသော် ကြက်ဥကို ခါတိုင်းကဲ့သို့ လှိမ့်ယူရန် ကြံစည်လိုက်၏ ။
“ ဗတပ် … ချောက် ”
ထောင်ချောက်တွင် သူ၏ နှာခေါင်းကြီးမှာ အရှိန်ပြင်းစွာနှင့် ညပ်နေလေတော့၏ ။
“ အမယ်လေး သေပါပြီဗျာ ၊ နာလှချည်ကလား ”
နှာခေါင်းကို အတင်းပြန်၍ ဆွဲထုတ်၏ ။ မရချေ ။ နှာခေါင်းရှည်ကြီးသာ ပြတ်လုမတတ် နာကျင်၏ ။ ပြန် ဆွဲထုတ်၍ မရ ။ ထို့ကြောင့် နတ်ပုလေးသည် ခြံစည်း ရိုး၏ အပြင်ဘက်က မြေကြီးပေါ်တွင် လေးဖက်ကြီး ထောက်၍ အော်ဟစ်ညည်းညူနေရလေတော့သည် ။
“ ကယ်ကြပါဦးဗျာ .. ကျုပ်ကံက ဒီည ပိုပြီးဆိုးတာကိုး ၊ ဒီနှာခေါင်းလေးတစ်ခု ရှိတာ ပြတ်ကျန်ရစ်ခဲ့တော့မယ် ။ ကယ်ကြပါဦးဗျာတို့ ကယ်မှပဲ ဖြစ်တော့မှာပါလေ ”
နတ်ပုလေး၏ အော်ဟစ်ညည်းညူသံကို သတိနှင့် အိပ်သော ကြွက်နီ က ကြားလျှင် ချက်ချင်းပင် အိပ်ရာမှ ထ,လာလေ၏ ။ နတ်ပုလေး၏ အနားသို့ ရောက်သော အခါ အံ့အားသင့်သွားမိသည် ။
နတ်ပုလေးမှာ ကိုယ်ရောင် ပျောက်နေသဖြင့် သူ မမြင်ရဘဲ ဖြစ်နေသည် ။
အော်သံကိုသာ ကြားနေရသည် ။ လူကို မမြင်ရသဖြင့် ကြွက်နီသည် ငေးကြောင် ကြည့်နေမိ၏ ။
“ ဟေ့ကောင် နှာခေါင်း ညပ်နေတာ ကြည့်လို့ ကောင်းတယ်မှတ်လို့ အလှ လာကြည့်နေတာလား ကယ်စမ်းပါဦးလကွာ ”
နတ်ပုလေးက ထပ်၍ ပြောမှကြွက်နီသည် လက် နှင့် မှန်း၍ စမ်းလိုက်ရာ နတ်ပုလေး၏ ဦးထုပ်ကို စမ်းမိ၏ ။ ရိုးတံကဲ့သို့ ငေါက်တက်တက်ကလေးထွက်နေသော အတံမှ နေ၍ ဆွဲလိုက်ရာ နတ်ပုလေး၏ ဦးထုပ်မှာ စွေ့ခနဲ လက်ထဲပါလာလေ၏ ။
ဦးထုပ် ကျွတ်သွားသည်နှင့် တစ်ပြိုင်နက် နတ်ပုလေးမှာ မြေကြီးပေါ်တွင် လေးဖက်ထောက်ကလေး ပေါ်လာတော့သည် ။
ကြွက်နီက အံ့အားသင့်စွာ မေးလိုက်၏ ။
“ ခင်ဗျားက ဘာဖြစ်လို့ ကြက်ခြံကို ကုန်းနမ်းနေရတာလဲ ”
“ ဟယ် .. ဘယ်ကလာ ကုန်းနမ်းနေတာ ဟုတ်ရမလဲ ၊ ကျုပ်နှာခေါင်းက အထဲမှာ ညပ်နေတယ်ကွ ”
“ ဟာ မဖြစ်နိုင်တာ ထောင်ချောက်က တော်တော် ဝေးတာပဲ ၊ ခင်ဗျား နှာခေါင်းက မညပ်နိုင်ပါဘူး ”
“ ငါ့နှာခေါင်းကလည်း တော်တော်ရှည်တာ ၊ ဒီတော့ ညပ်နိုင်ပါတယ်လေ ။ သွားပါ ထောင်ချောက်ကို ဖြုတ်ပေးပါ ”
ကြွက်နီလေးသည် နတ်ပုလေးကို ကြည့်၍ ထောင်ချောက်ကို ဖြုတ်မပေးသေးဘဲ စကားဆို၏ ။
“ ခင်ဗျားဟာ ကျွန်တော့် ကြက်ဥတွေကို လာခိုးတာပဲ ၊ ဒီတော့ အပြစ်ရှိတယ် ၊ အဲဒီအပြစ် ကျေလည်အောင် ဘာလုပ်ပေးမလဲ ”
“ မင်းမှာ အရေးကြုံရင် ငါ့ကို ခေါ်ခိုင်းပါ ၊ ဒါပေမဲ့ တစ်ခါပဲ ခေါ်ခိုင်းရမယ် ၊ အဲဒီတစ်ခါ ခေါ်ခိုင်းရင်လည်း သုံးလထက်ပိုပြီး ခေါ်မထားရဘူး ။ ခိုင်းတဲ့ တာဝန်ကိုတော့ ကျေကျေပွန်ပွန် ကျုပ် လုပ်ပေးပါ့မယ် ”
“ ကောင်းပါပြီလေ .. ခင်ဗျားကို ဘယ်လို ခေါ်ရမလဲ ”
“ နှာခေါင်းရှည် လို့သာ အော်လိုက် ၊ ဟိုတောအုပ်ကလေး ထဲက ကျုပ် ပြေးထွက်လာခဲ့မယ် ”
နှာခေါင်းရှည်နှင့် ကြွက်နီတို့လည်း ကျေနပ်မှု ရသွားကြပြီးလျှင် ကြွက်နီလေးက ထောင်ချောက်ကို ဖြုတ်ပေးလိုက်သောအခါတွင် နတ်ပုလေးသည် သူ၏ နှာခေါင်းရှည်ကြီးကို လက်နှစ်ဖက်နှင့် အုပ်ကိုင်ပြီး တောအုပ်ကလေး ဆီသို့ ဖနောင့်နှင့်တင်ပါး တစ်သားတည်း ကျအောင် ပြေးသွားလေတော့၏ ။
များမကြာမီပင် ကြွက်နီ၏ ဖခင်ကြီးသည် ကွယ်လွန်သွားလေရာ ကြွက်နီ မှာ စိတ်ညစ်သဖြင့် ကြက်ခြံကိုပါ ရောင်းချပစ်လိုက်ပြီးလျှင် တစ်မြို့တစ်ရွာသို့ သွား ရောက်ရန် ဆုံးဖြတ်လိုက်လေသည် ။
ခရီးထွက်ရတော့မည်ဆိုသောအခါ ခရီးသွားဖော်ပါ လျှင် ပို၍ ကောင်းမွန်သည် ဖြစ်သောကြောင့် အဖော်ကို စဉ်းစားသောအခါ နတ်ပုလေးကို သတိရလေ၏ ။ နတ်ပု လေး၏ စကားအရ သုံးလအထိတော့ ခေါ်ထား၍ ရမည် ဖြစ်လေသည် ။ ထို့ကြောင့်ပင် ကြွက်နီသည် တောအုပ် ကလေးဆီသို့ မျှော်ကြည့်၍ အော်ခေါ်လိုက်သည် ။
“ နှာခေါင်းရှည်ရေ .... အေ .. နှာခေါင်းရှည် ”
အော်ခေါ်ပြီး၍ ခဏ စောင့်သော်လည်း ဘာကိုမျှ မမြင်ရချေ ။ ထို့ကြောင့် နတ်ပုလေး မကြားသေး၍ ဖြစ်မည်ဟု တွေး၍ ထပ်ခေါ် ပြန်လေ၏ ။
“ နှာခေါင်းရှည် ဗျို့ နှာခေါင်းရှည် .. ”
ဘာကောင်ကိုမျှ မမြင်ရသေး ။ ကြွက်နီ စိတ်တိုလာ ချေပြီ ။
“ နှာခေါင်းရှည်ရေ .. ဟိတ် နှာခေါင်းရှည် ၊ ခင်ဗျား နှာခေါင်းက ရှည်ပေမယ့် ကျုပ်စိတ်က တိုလာပြီနော် ”
“ ဘာလဲကွ ကျုပ် မင့်အနားမှာ ရပ်နေတာ ကြာပါကောလား ။ အရမ်းပဲ နင်းကန် ခွအော်နေတာပဲ ၊ နားကွဲ … တော့မယ် ”
အမှန်မှာ နှာခေါင်းရှည်သည် ကြွက်နီ နားသို့ ရောက်နေ၏ ။ သူ ဆောင်းထားသော ပွင့်ချပ်မှောက် ဦးထုပ် ကြောင့် မမြင်ရခြင်း ဖြစ်လေသည် ။
“ အို .. ရောက်နေပြီလား ”
ပြောပြောဆိုဆိုနှင့် ကြွက်နီက လက်နှင့် ဝှေ့ယမ်း စမ်းသပ်လိုက်ရာ လက်ဖမိုးနှင့် နှာခေါင်းကြီးကို အရှိန်နှင့် တိုက်မိသောကြောင့် နတ်ပုလေးမှာ “ အလယ်လယ် .. ဖူးဖူး ” ဟု မြည်တမ်းရင်း ချာလပတ် လည်သွားရလေ၏ ။
“ ကဲ မဖြစ်တော့ဘူးကွာ ၊ ရော့ …. ဒီဆေးမြစ်ကလေး စားလိုက်စမ်း ၊ ဒါမှ ကျုပ်ကို မြင်ရမှာ ”
ကြွက်နီသည် နတ်ပုလေး ကျွေးသော ဆေးမြစ်ကို စားလိုက်တော့မှ နတ်ပုလေးက ဦးထုပ် ဆောင်းထားသည့်တိုင်အောင် မြင်ရလေတော့သည် ။
ထို့နောက် နတ်ပုလေးနှင့် ကြွက်နီတို့သည် စကားတပြောပြောနှင့် ခရီးထွက်သွားကြလေသည် ။
“ မေးဖန်များ စကားရ ၊ သွားဖန်များ ခရီးရောက် ” ဟူသောစကားကဲ့သို့ ကြွက်နီတို့သည် တစ်နေ့သော အခါတွင် ရွာကြီးတစ်ရွာသို့ ရောက်လာကြလေ၏ ။ ထိုရွာကြီးတွင် ရှိသော ထမင်းဆိုင်ကလေး တစ်ဆိုင်တွင် ထမင်း ဝင်ရောက်စားသောက်ကြ၏ ။
ထမင်းဆိုင်အလုပ်သမားလေးက ကြွက်နီကို “ ထမင်းပြင်ရမလား ခင်ဗျာ .. ဘာဟင်းနဲ့ စားမှာလဲ ” ဟု မေး၏ ။
“ ကြက်သားဟင်းနဲ့ ထမင်းနှစ်ပွဲ ”
ကြွက်နီလေး၏ စကားကို ကြားရသောအခါ အလုပ် သမားလေးသည် ကြွက်နီကို ကြည့်၍ “ တော်တော် အစား ကြီးတဲ့လူပဲ ၊ တစ်ယောက်ထဲ နှစ်ပွဲ မှာစားတယ် ” ဟု စိတ်ထဲမှ တွေးကာ ပြင်ဆင်ပေး၏ ။ ကြွက်နီတို့ ထမင်းစားကြသော အခါတွင်ကား ထိုသူငယ်လေးမှာ မျက်လုံး မျက်ဆန်တွေ ပြူးကုန်ရတော့၏ ။
ကြွက်နီ၏ ဘေးမှ ထမင်းပန်းကန်ထဲရှိ ထမင်းများ သည် တစ်လုပ်ပြီး တစ်လုပ် လေထဲသို့ ကြွတက်၍ ပျောက်ကွယ်ကုန်၏ ။ တို့စရာတို့သည် သူတို့ဘာသာ သူတို့ ခုန်ပျံတက်လာကာ ထမင်းထဲသို့ ဝင်မြုပ်၏ ။ ငါးပိရည်ဇွန်းသည် လှုပ်ရှားသွားပြီး လေထဲသို့ ပျံဝဲကာ တို့စရာ ပေါ် လာဆမ်း၏ ။ ထို့နောက် ထမင်းများ လှုပ် လှုပ် လှုပ်လှုပ်နှင့် ဖြစ်ကုန်ကာ ထမင်းလုပ် ဖြစ်သွားပြီး လေထဲတွင် စွေ့ခနဲ ပျံတက်ကာ ပျောက်ကွယ်သွားလေ တော့သည် ။
“ အောင်မယ်လေး … ဘုရား ကယ်တော်မူပါ ”
အလုပ်သမားလေးက လွှတ်ခနဲ အော်လိုက်မိ၏ ။ ဤတွင်မှ ကြွက်နီသည် ထမင်းငုံ့စားနေရာမှ အလုပ်သမားကို မော့ကြည့်လိုက်မိသည် ။
“ ဘာဖြစ်တာလဲဗျာ ..”
အလုပ်သမားလေးသည် သူ မေးသည်ကို ဘာမှ ပြန်မဖြေနိုင်ဘဲ နတ်ပုလေး ထိုင်နေရာဘက် ဆီသို့သာ လက်ညှိုးကြီး ထိုးပြနေလေ၏ ။ ကြွက်နီကလည်း သူ လက်ညှိုးထိုးသည်ကို ကြွက်နီက လိုက်ကြည့်ပြီး ဘာမှ မသိသလို ဖြစ်နေ၏ ။ သူကတော့ နတ်ပုလေးကို မြင်နေရသောကြောင့်ဖြစ်သည် ။
“ ဘာလဲဗျ .. သူလည်း ထမင်းစားနေတာပဲ ”
အလုပ်သမားလေးသည် ပို၍ အံ့သြသွား၏ ။
“ ဗျာ .. ဘယ်သူက ထမင်းစားတာလဲ .. ထမင်းတွေ ဟင်းတွေ သူ့ဘာသာသူ တက်တက်ပြီး ပျောက်ကုန်တာဗျ ”
ယခုမှ ကြွက်နီလည်း သဘောပေါက်သွားကာ ဇတ် ခနဲ နတ်ပုလေး၏ ဦးထုပ်ကို ဆွဲချွတ်လိုက်လေရာ နတ်ပု လေးမှာ ငုတ်တုတ်ကလေး ပေါ်လာလေသည် ။ နတ်ပု လေးကို မြင်သည်နှင့်တစ်ပြိုင်နက် အလုပ်သမားလေး မှာ ဖင်ဆောင့်ရယ်လေတော့သည် ။
“ ဟား ဟား ဟား ဟား အမယ်လေး ဟား ဟား လူပုပုလေး ဟားဟား နှာခေါင်းကြီးက သေတော့မှာပဲ ဟား ဟား ရှည်လိုက်တာဗျာ ... ဟား ဟား ”
အလုပ်သမားလေးမှာ လက်ညှိုးကြီးထိုး ပြောရင်း နင်းကန် ရယ်နေလေရာ အနီးအနားမှ ကလေးများ ဝိုင်းအုံ လာကြလေ၏ ။ ကလေးများသည်လည်း နတ်ပုလေး၏ ရှည်လံလှသော နှာခေါင်းကြီးကို မြင်သောအခါ မအောင့်နိုင်ဘဲ ဝိုင်းရယ်ကြလေ၏ ။
နတ်ပုလေးမှာ မျက်နှာကြီး နီလာအောင် ရှက်မိသည် ။ သူ၏ နှာခေါင်းရှည် ထိပ်ဖျားမှာ ပို၍ နီသည် ။ ထိုအခါ နတ်ပုလေးသည် ကြွက်နီ၏ လက်ထဲမှ သူ၏ ဦးထုပ်ကို ဇတ်ခနဲ ပြန်ယူ၍ ပြန်ဆောင်းထားလိုက်ရာ ဖျတ်ခနဲ ပျောက်ကွယ်သွားလေတော့သည် ။
ဝိုင်းအုံ ရယ်မော နေကြသော ကလေးများမှာ ကြည့်နေရင်းက နတ်ပုလေးပျောက်ကွယ်သွားသဖြင့် ရယ်မောခြင်းကို ရပ်လိုက်ကြပြီး မျက်လုံးများ ပြူးကာ ထွက်ပြေးကြလေ၏ ။
ကြွက်နီတို့လည်း ထမင်းစားသောက်ပြီးကြသောအခါ ကျသင့်သော တန်ဖိုးကို ပေးရှင်းရင်း အလွန်မှိုင်နေသော ဆိုင်ရှင်ကို တွေ့ ရလေသည် ။ ကြွက်နီက ဆိုင်ရှင် လူကြီးကို ကူညီချင်သဖြင့် စိတ်ညစ်နေရသည့်အကြောင်းရင်းကို မေးမြန်း၏ ။
ပထမသော် ဆိုင်ရှင်လူကြီးက ကြွက်နီ ကူညီနိုင်မည် မဟုတ်ဟုဆိုပြီး အကျိုးအကြောင်း ပြောပြရန် ငြင်းဆန် သော်လည်း ကြွက်နီက အတန်တန် တောင်းပန်သဖြင့် စိတ်ညစ်ရသည့် အကြောင်းရင်းကို ပြောပြလေသည် ။
ဆိုင်ရှင်လူကြီး၏ သမီးဖြစ်သူ မသန္တာဖြူ ကို လူဆိုးဓားပြကြီး ဗိုလ်တေ က လက်ထပ်ရန် ရွေးချယ်ကြောင်း နှင့် ပြောပြ၏ ။ နောက်နှစ်ရက် ကြာလျှင် လက်ထပ်ပွဲကို ဤဆိုင်တွင်ပင် ကျင်းပရတော့မည်ဖြစ်ကြောင်း ၊ သမီးဖြစ်သူ ကလည်း ဗိုလ်တေ ကို မချစ်ခင်သဖြင့် ငို၍ချည်းနေကြောင်း ၊ မိမိတို့လည်း စိတ်ညစ်ကြကြောင်းများကိုပါ ပြောပြလေသည် ။
“ ဒါဖြင့်ရင်လည်း မပေးစားဘူးလို့ ပြောပေါ့ဗျာ ”
“ ဟာ .. ဒီလို ငြင်းရင် သ,တ်ပစ်မှာပေါ့ ”
“ ဒီလိုဆိုရင်လည်း ဗိုလ်တေကို ဒီရွာက သူကြီးက အရေးမယူဘူးလား ”
“ ခက်တယ်ဗျ .. ဗိုလ်တေကို ဘယ်သူမှ မနိုင်ဘူး ၊ သူက ဟောဟိုက တောင်ခြေ တောအုပ်ထဲမှာ နေတယ် ။ သူက တစ်နေ့မှာ ဇော်ဂျီ တစ်ယောက် ဖိုဝင်တာကို ကူညီ ပေးလိုက်လို့ ဇော်ဂျီက သူ့ကို လိုရာဆုတောင်းဖို့ ပြောတယ် ၊ သူက ရန်သူသ,တ်လို့ မသေရပါလို၏ ဆိုတဲ့ ဆုတောင်းလိုက်တယ် ။ အဲဒီဆုကို ဇော်ဂျီက ပေးသွားတော့ ဘယ်သူမှ သူ့ကို သ,တ်လို့ မရဘူး ”
ကြွက်နီလည်း အတန်ကြာအောင်ပင် စဉ်းစားတွေးတောပြီးလျှင် ဤသို့ပြောလေ၏ ။
“ ကောင်းပြီလေ .. လက်ထပ်ပွဲ ကျင်းပတဲ့ နေ့မှာ ကျွန်တော်နဲ့ ဗိုလ်တေတို့ တွေ့ ကြရမှာပေါ့ ၊ ကျွန်တော် ဒီမှာ တည်းနေပါရစေ ”
“ နေပါဗျာ .. ကြိုက်သလောက် နေပါ ။ ဗိုလ်တေ ကိုသာ နှိမ်နင်းပေးမယ် ဆိုရင် ကျုပ်တို့ကတော့ သိပ်ကျေနပ်ပါတယ် ။ တစ်ရွာလုံးက ကျေနပ်ကြမှာပါ ။ အားလုံးပဲ သူနှိပ်စက်တာကို ခံနေကြတာကိုး ”
ဤသို့ဖြင့် လက်ထပ်ပွဲ ကျင်းပသည့် နေ့သို့ ရောက်လာလေတော့သည် ။
ဗိုလ်တေကို ကြောက်ကြရသဖြင့် ဧည့်ပရိသတ်များသည် မင်္ဂလာပွဲသို့ မတက်ရောက်ချင်ကြဘဲနှင့် စည်စည်ကားကား တက်ရောက်ကြရလေ၏ ။ ပရိသတ် များသည် တဖြည်းဖြည်းနှင့် များ၍ များ၍ လာလေ၏ ။
ကြွက်နီ နှင့် နတ်ပုလေးတို့သည်လည်း ဧည့်သည် ကဲ့သို့ပင် ဝတ်ကောင်းစားလှဝတ်ဆင်ကာ စားပွဲတွင် ဝင်ထိုင်နေကြ၏ ။ ထမင်းစားပွဲများကို ဆက်၍ ခုံရှည်ကြီး များအဖြစ်နှင့် အတန်းသုံးတန်း ပြုလုပ်ထားလေသည် ။
ပရိသတ် နည်းစဉ်က ဘာမှ မဖြစ်သေး ၊ ကြွက်နီ နှင့် နတ်ပုလေးတို့လည်း ကိုယ့်နေရာတွင် ကိုယ်ထိုင်၍ ဣန္ဒြေရရ နေနေကြသည် ။ တစ်စတစ်စနှင့် ပရိသတ်များ များပြားလာကြ၏ ။ မိန်းမဝဝကြီး တစ်ယောက်သည် ဘာမပြော ညာမပြောနှင့် ကြွက်နီ၏ နံဘေးရှိ နတ်ပုလေး ထိုင်လျက်ရှိသော ကုလားထိုင်ကို အလွတ်ဟု ထင်မှတ် သွားသဖြင့် ဟိုလူ့ နှုတ်ဆက် ၊ ဒီလူ့ ရယ်ပြနှင့် လုပ်ရင်းက ဇတ်ခနဲ ဝင်ထိုင်ချလိုက်လေသည် ။
နတ်ပုလေးမှာ သူ၏ ပေါင်ပေါ်သို့ မိန်းမဝဝကြီးက ဆောင့်ထိုင်လိုက်သဖြင့် နာကျင်သဖြင့် “ အား ” ဟု ကုန်း အော်လိုက်စဉ် ၊ သူ၏ နှာခေါင်းရှည် ချွန်ချွန်ကြီးမှာ မိန်းမကြီး၏ ကျောပြင်ကို ထိုးမိလေ၏ ။
မိန်းမကြီးမှာ “ အို .. ဘုရားကြီးနဲ့ ဗုဒ္ဓေါ ” ဟု လန့်အော်၍ ကျောကော့ သွားကာ မတ်တတ်ရပ်ပြီး ထိုင်ခုံကို ပြန်ကြည့်၏ ။ ထို့နောက် သူ့ကျောကို သူ့လက်နှင့် မမီတမီ ပြန်စမ်း၏ ။
“ ဘယ့်နှယ်ကြီးက ကျောကို ထိုးမိတယ် မသိပါဘူး ”
နတ်ပုလေးသည် ကပျာကယာ နံဘေးကို ရွှေ့ထိုင်လိုက်၏ ။ မိန်းမကြီးကလည်း ဤခုံတွင် ထိုင်၍ မဖြစ်ဟု ကြံကာ နံဘေးခုံတွင် ဝင်၍ ထိုင်လိုက်ရာ ၊ နတ်ပုလေး၏ ပေါင်ပေါ်၌ ဆောင့် ထိုင်မိလျက်သား ဖြစ်ရပြန်လေ၏ ။
“ အား ”
“ ဟဲ့ .. ပလုတ်တုတ် .. ဖြစ်ပြန်ပြီ ”
မိန်းမကြီး ကျောကော့၍ ထရပြန်လေ၏ ။
ထိုအခါတွင် နတ်ပုလေးသည် မဖြစ်ချေတော့ဟု ကြံကာ စားပွဲရှည်ပေါ် တက်၍ တင်ပလ္လင်ချိတ် ထိုင်နေလိုက်တော့သည် ။ မိန်းမကြီးလည်း နောက်တစ်ခုံတွင် တင်ပါးကြီးနှင့် စမ်းစမ်းစမ်းစမ်းနှင့် လုပ်ပြီးမှ စိတ်ချလက်ချ ထိုင်ရတော့သည် ။
ဧည့်ခံပွဲကား စ,လေပြီ ။ ဗိုလ်တေ နှင့် တပည့်သုံး လေးယောက် ရောက်လာကြလေ၏ ။
ရေခဲမုန့်များကို ဗန်းများဖြင့် သယ်ယူပြီး ပရိသတ်များကို ဧည့်ခံလေတော့သည် ။ စားပွဲခုံရှည်များ တစ်တန်းပြီး တစ်တန်း ရေခဲမုန့်များ ချပေး၍ ပရိသတ်များ သုံးဆောင်ကြလေသည် ။
ကြွက်နီတို့၏ ခုံတန်းဆီ သို့လည်း ရေခဲမုန့်ဗန်းများ ယူလာကြ၏ ။ စားပွဲပေါ်တွင် တင်ရန် ပြင်ရာ ၊ ရေခဲမုန့် ဗန်းနှင့် နတ်ပုလေး၏ နှာခေါင်းရှည်ကြီးတို့ တိုက်မိကြလေရာ ရေခဲမုန့်ပန်းကန်များမှာ ကျွမ်းပြန်၍ မှောက်ကျ ကုန်လေ၏ ။ ရေခဲမုန့် အချို့မှာ နတ်ပုလေး၏ အင်္ကျီ အကြားမှ ကိုယ်ခန္ဓာ တစ်လျှောက် လျှောဆင်းသွားလေတော့ရာ နတ်ပုလေးမှာ အေးလည်း အေး ယားလည်း ယား နှင့် ဖြစ်ကာ စားပွဲပေါ်တွင် “ အလယ်လယ် .. ယားတယ် ပတ်ဗေတိုးဗုံ ” ဟုအော်၍ ထခုန်မိလေ၏ ။
သူ ထခုန်လိုက်မှ ပိုဆိုးသည် ။ သူ့ပေါင်ပေါ် ကျကုန် သော ရေခဲမုန့်များမှာ လွင့်စဉ်ပြီး ဧည့်ပရိသတ်များ၏ မျက်နှာကို မှန်သည့် ရေခဲမုန့်က မှန် ၊ အင်္ကျီလည်ကုပ် ကြားနှင့် ပေါင်ပေါ်သို့ ကျကုန်သည့် ရေခဲမုန့်များက ကျကုန်ဖြစ်လေရာ ၊ ဧည့်ပရိသတ် တစ်တန်းလုံး ပတ်ဗေတိုးဗုံ နှင့် ကခုန်နေကြသလို ဖြစ်ကုန်လေ၏ ။
ထခုန်ရုံနှင့် အေးစက်ခြင်းဒဏ်မှာ မပျောက်သည့် အပြင် ၊ လည်ကုပ်ဆီမှ ခြေသလုံး အထိပင် စီးဆင်းလာ လေရာ ၊ နတ်ပုလေးမှာ “ အေးတယ် … ယားတယ် .. ပတ်ဗေတိုးဗုံ ” နှင့် အော်ကာ စားပွဲရှည်ပေါ် ခုန်ပေါက် ပြေးလေ၏ ။
သူက ဤသို့ ပြေးသောကြောင့် စားပွဲရှည်ကြီးမှာ ဆောင့်၍ ဆောင့်၍ လှုပ်လေတော့ရာ ၊ လက်တစ်ဖက်ကို ခုံပေါ်ထောက်၍ ရေခဲမုန့် စားနေသော လူကြီးတစ်ယောက်၏ ဇွန်းမှာ ပါးစပ်ထဲသို့ မရောက်ဘဲ နှာခေါင်း ဆီသို့ ထိုးမိလေ၏ ။
“ အာ .. ဖရူး .. ဖရူး ပူလိုက်တာဗျာ အဲလေ .. အေးလိုက်တာဗျာ ”
လူကြီးမှာ ခေါင်းခါခါ လည်ခါခါ ဖြစ်သွားလေ၏ ။
အဒေါ်ကြီး တစ်ယောက်ကလည်း သူ့ကလေးအား ရေခဲမုန့်ကို ဇွန်းနှင့် ခွံပေးရာ စားပွဲခုံ လှုပ်သဖြင့် ခွံ့ပေးရာ မရောက်ဘဲ ကလေးကို ရေခဲမုန့်ဖြင့် မျက်နှာကို လိမ်းကျံပေးသလို ဖြစ်သွားလေ၏ ။
ဤသို့ ဧည့်ခံပွဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားလေရာ မသန္တာဖြူ မှာ ကြောက်ရွံ့သဖြင့် တင်းတိမ် ကာရံထား သော အခန်းတွင်းသို့ ထ၍ ဝင်ပြေးလေသည် ။ ဓားပြ ဗိုလ်ကြီး ဗိုလ်တေ မှာလည်း သတို့သမီး နောက်သို့ လိုက် ဝင်သွားလေ၏ ။ အထဲသို့ ရောက်သောအခါ မသန္တာဖြူ သည် ဗိုလ်တေ ကို မချစ်နိုင်သဖြင့် ငိုယိုလေတော့သည် ။ ဗိုလ်တေ က မူကား မသန္တာဖြူ ကြောက်၍ ငိုကြွေးသည်ဟု ထင်မှတ်ကာ ချော့မော့လေ၏ ။
ဗိုလ်တေ၏ ကိုယ်လက် လှုပ်ရှားမှုကြောင့် တင်းတိမ်ကြီး လှုပ်လှုပ်လှုပ်လှုပ်နှင့် ဖြစ်နေသည်ကို မြင်သော အခါ ကြွက်နီ သည် အကြံတစ်ခုကို ရလေသည် ။ ထို့ကြောင့်ပင် စားပွဲပေါ် လျှောက်၍ ခုန်ဆွ ခုန်ဆွနှင့် ပြေးနေသော နတ်ပုလေး၏ ပွင့်ချပ်မှောက် ဦးထုပ်ကို လှမ်းဆွဲကာ သူ့ခေါင်းပေါ်၌ ဆောင်းလိုက်၏ ။
ကြွက်နီ ကိုယ်ရောင် ပျောက်သွားလေသည် ။ နတ်ပုလေးကား ပုညက်ပုညှက်နှင့် ပေါ်လာလေ၏ ။
ဧည့်ပရိသတ်သည် နတ်ပုလေး၏ ရှည်လျားချွန် ထက်သော နှာခေါင်းကို မြင်ရသောအခါ ဟားတိုက်၍ ရယ်မောမိကြလေ၏ ။
မျက်နှာကြီး နီလျက်ရှိသော နတ်ပုလေးသည် သုန်မှုန်စွာနှင့် စားပွဲပေါ်မှ ဆောင့်အောင့်ဆင်းသွားပြီး ပြတင်းပေါက်တွင်ရပ်ကာ အပြင်ဘက်သို့ငေးကြည့်နေ၏ ။ ပရိသတ်ဘက်သို့ ကျောပေးကာ လှည့်၍ပင် မကြည့်တော့ချေ ။
ကြွက်နီ လည်း တင်းတိမ်နှင့် မလှမ်းမကမ်းတွင် တင်းတိမ်ကို ကျောပေးကာ မုန့်စားနေသော ဗိုလ်တေ ၏ ညာလက်ရုံး ကျူရိုး ဆိုသည့် လူဆိုးကို ဘာမပြော ညာမပြောနှင့် ကျောကို ဖနောင့်နှင့် ဆက်ကာ ဆက်ကာ သုံးလေးချက် ဆင့်၍ ပေါက်လိုက်လေ၏ ။
ကျူရိုး မှာ အလကား နေရင်း စော်ကား ခံရသဖြင့် ဒေါပွကာ ဓားမြှောင်ရှည်ကြီးကို ထုတ်၍ ထပြီး လှည့်ကြည့်သည် ။ ဘယ်သူ့ကိုမှ မမြင်ရချေ ။
“ ဟေ့ကောင် မင်းက ထကြည့်တာ မြင်ရလို့လား ငကန်းရဲ့ ”
ကြွက်နီ က ဤသို့ ပြောပြီးသောအခါ အသာလေး လေးဖက်ထောက်၍ အနားက ခုံရှည်အောက်သို့ လျှိုဝင် သွားလေ၏ ။ ကျူရိုး သည် စိတ်ကို မထိန်းနိုင်အောင်ပင် ဒေါသထွက်ကာ အသံလာရာဆီသို့ မှန်း၍ ဓားမြှောင်ဖြင့် ပစ်ထည့်လိုက်၏ ။
ဓားမြှောင်ရှည်ကြီးသည် တင်းတိမ်အဝတ်ကို ဖောက်ကာ အနောက်ဘက်ရှိ ဗိုလ်တေ၏ ကျောသို့ စိုက်ဝင်သွားလေတော့သည် ။
“ အောင်မယ်လေးဗျ ”
ဗိုလ်တေသည် တစ်ခွန်းထဲပင် အော်နိုင်ကာ လဲကျ သေဆုံးသွားလေတော့သည် ။ သူ၏ ဆုတောင်းမှာ “ ရန်သူသတ်၍ မသေရ ” ဟုသာ ဖြစ်သည် ။ ယခုမှာမူ ရန်သူ မဟုတ်သည့်အပြင် သူ့ကို ချစ်ခင်ကြည်ညိုလျက် ရှိသော လက်ရုံးကြီး ကျူရိုး ၏ လက်ချက် ဖြစ်ရကား ဗိုလ်တေ မှာ ခန္ဓာကြွေရလေတော့သည် ။
ဤသို့ဖြင့် လူဆိုးများကို အားလုံးမိပြီး ဝမ်းသာစရာတွေချည်း ဖြစ်ရန်ရှိသည့် အထဲတွင် ဝမ်းနည်းစရာ တစ်ခု ဖြစ်ပေါ်လာလေသည် ။
အပြင်ဘက်တွင် လေပြင်းပြင်းတစ်ချက် တိုက်ခတ် လိုက်ရာ ပြတင်းတံခါးသည် ဝုန်းခနဲပိတ်၍ နတ်ပုလေး ၏ နှာခေါင်းမှာ တံခါးညှပ်၍ ပြတ်ထွက်သွားလေတော့ သည် ။ နှာခေါင်းပြတ်သည့် ဒဏ်ရာမှ သွေးထွက်လွန် သဖြင့် နတ်ပုလေးမှာ သေသွားရှာလေတော့သည် ။ ပွင့်ချပ်မှောက် ဦးထုပ်လည်း ပျောက်ကွယ်သွားလေ၏ ။
ဤကဲ့သို့ ဝမ်းသာဝမ်းနည်း ဖြစ်ရပ်များ ကြုံတွေ့ လာခဲ့ရပြီးနောက် အားလုံး တည်ငြိမ်သွားသော အခါတွင် ထမင်းဆိုင်ရှင်ကြီးက ကြွက်နီကို မသန္တာဖြူ နှင့် ပေးစားလေသည် ။
ကြွက်နီ ကလည်း မသန္တာဖြူကို ချစ်သည် ။ မသန္တာဖြူ ကလည်း ကြွက်နီ ကို ချစ်သည် ။ ထို့ကြောင့် သူတို့၏ မင်္ဂလာပွဲသို့ လာကြသော ပရိသတ်များလည်း ကြောက်၍ လာခြင်း မဟုတ် ။ ချစ်ခင်၍ လာခြင်း ဖြစ်ရကား အားလုံး ပျော်ရွှင်ကြသည် ။
နောင်ကာလတွင် ကြွက်နီ နှင့် မသန္တာဖြူ တို့တွင် သားကလေးတစ်ယောက် မွေးဖွားလာ၏ ။ သားကလေး၏ နှာခေါင်းသည် အလွန်ရှည်လျား၍ ချွန်ထက်နေလေ သည် ။ ထို့ကြောင့် ကြွက်နီက သူ့သားကို “ နှာခေါင်းရှည် ” ဟု အမည်ပေး၏ ။ သို့သော် ပွင့်ချပ်မှောက် ဦးထုပ်တော့ ပါမလာပါ ။
⎕ ကြပ်ကလေး
📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များပေါင်းချုပ် ( ပထမတွဲ )

No comments:
Post a Comment