Tuesday, January 27, 2026

နံပြား နှင့် ကု,လား

 

❝ နံပြား နှင့် ကု,လား ❞ 
        ( ပီမိုးနင်း )

“ မယ်ကြွေ နံပြားဝယ်ချေ သမီးရယ် ။ မြန်မာလက်ဖက်ရည်ဆိုင်ကို မသွားနဲ့ ။ ဟိုဘက်က ကု,လားလက်ဖက်ရည်ဆိုင်ကိုသွား ” ဟု ဒေါ်ပုက ပြောရာ ကပ်၍ နေသော အခန်းရှိ ဒေါ်နု က “ ဘာပြုလို့ မြန်မာဆိုင်က မဝယ်ရတာလဲ မပုရဲ့ ။ ကိုယ့်အမျိုးသားချင်း ရိုင်းပင်းရင် မကောင်းဘူးလား ”

“ အနု မသိပါဘူး ။ ဝံသာနု ၊ ဝံသာနုနဲ့ ဝမ်းစာလုတွေပါ ။ ကိုယ့်အမျိုးသားချင်းရယ်လို့ ကူညီပေမဲ့ အကျိုးရှိတာ မဟုတ်ဘူးတော့ ”

“ ဘာပြုလို့လဲ မပုရဲ့ ”

“ အို ... အင်မတန် တိုတောင်းစေးနှဲတာပဲ ။ ကျုပ်တို့ ဒီ ဝံသာနု လက်ဖက်ရည်ဆိုင်မှာ နံပြားဝယ်တာ အဆစ် အဆွတ် အပိုအမို မရခဲ့ပါဘူး ။ ဟော .. တစ်နေ့က စတည်တဲ့ ကု,လားလက်ဖက်ရည်ဆိုင်က ကု,လားကလေးတွေဟာ သဘောလည်း ကောင်းရဲ့ ။ သာသာထိုးထိုးလည်း ပေးရဲ့ ။ ကိုယ့်အမျိုးသားချင်း ဆိုင်များမှာ မဝယ်တော့ မဝယ်ဘူး ၊ မဝယ်ဘူးနဲ့ ပြောကြတယ် ။ သူတို့က ဝယ်ချင်အောင် မလုပ်တာတော့ မသိဘူး ”

“ ဘယ်လို လုပ်လို့လဲ မပုရဲ့ ။ ဟို ကု,လားဆိုင်က ဘယ်လို သာတာတုံး ”

“ အို .. မပြောချင်ပါဘူးတော် ။ ခြားနားတာကို ကျုပ်တို့ သိလို့ ကု,လားဆီမှာ ဝယ်ရတာပါ ”

မယ်ကြွေ သွား၍ ဝယ်သည့်အခါတိုင်း ကု,လားဆိုင်က နံပြားအငယ်လေး တစ်ခု ပို၍ ပေးလေ့ရှိ၏ ။ ၎င်း အပို နံပြားသားကလေး ရသည့်အတွက် ကု,လားဆိုင်ကို အဝယ်လွှတ်ကြောင်း မပုသည် ဖွင့်၍ ပြောရမှာ ရှက်လေသည် ။ သို့ဖြစ်သောကြောင့် အကြောင်းမပြဘဲ စကားကို အတိုချုံးလိုက်ခြင်း ဖြစ်လေသည် ။

မယ်ကြွေသည်ကား ကု,လားဆိုင်ကို မသွားချင်ပေ ။ အဘယ်ကြောင့် မသွားချင်သည်ကို မယ်ကြွေ ကိုယ်တိုင်သာ သိလေ၏ ။ သို့ဖြစ်သောကြောင့် ကု,လားဆိုင်ကိုတော့ မသွားဘူး ။ မြန်မာဆိုင်ကိုပဲ သွားမယ်ဟု မိမိကိုယ် မိမိ ပြောသော အမူအရာမျိုးနှင့် တိုးတိုးသက်သာ ပြောလေ၏ ။

“ တိရစ္ဆာန်မ နင်က ဝံသာနုနေတယ်ပေါ့လေ ။ ဝံသာနုလို့လား ။ လက်ဖက်ရည်ဆိုင်က ကြမ်းပိုးတွေနဲ့ တွေ့ချင်လို့လား ။ ကု,လားဆိုင် သွားတော့ ပိုပိုမိုမိုရပြီး ဝဝလင်လင် စားရလို့ မသွားချင်တာလား ။ နင့်လင် မြန်မာဆိုင်က ဘယ်တုန်းကများ ပိုပိုမိုမို ရဖူးလို့လဲ ”

“ အမေတို့ နံပြား အမေတို့ ဝအောင်စားပါ ။ ကျွန်မ အပိုလည်း မလိုချင်ဘူး ။ စားလည်း မစားချင်ဘူး ”

“ တော်ပါတယ် ။ ငါ့သမီး အစားသေးလို့ အမေ ချီးကျူးပါတယ် ။ ဟိုက အလုပ်သွားရမယ့် လူက ရှိသေးတယ် ။ စားရမှ အလုပ်လုပ်နိုင်တာ ။ ငါ့အဖေလေး စောစောစီးစီး သွားပြီး ပင်ပင်ပန်းပန်း လုပ်ရပါကလား ၊ ဝဝလင်လင်များ စားသောက်သွားပါစေတော့ ဆိုတာများ သတိရမလား မှတ်တယ် ၊ ကြမ်းပိုးတေလေတွေ စုတဲ့ဆိုင် သွားဖို့သာ မိုးလင်းရင် ဂရုစိုက်နေတာပဲ ။ နင်လေ ... နင် ။ မြန်မြန် အတန်းရောက်မယ့် ကောင်မ ၊ သွား ... အခု ၊ ဘယ်မြန်မာဆိုင်ကိုမှ မသွားရဘူး ။ ကု,လားကလေးတွေက သွားဝယ်တိုင်း အပိုပေးတာတော့ မသွားချင်ဘူး ။ အခု သွား ”

မယ်ကြွေသည် ဆောင့်ကြီးအောင့်ကြီးနှင့် ဆင်း၍ သွားလေရာ ကု,လားလက်ဖက်ရည်ဆိုင်သို့ ရောက်၍ သွားလေ၏ ။

တန်ဘီ ။  ။ “ ဟေး ...ကမ်းမဂလေး လာပီဟေး ၊ နန်းပြားကြီးကြီး ရှားနော် ။ နာ လုပ်ပေးမယ် ။ နေးတိုင်း နေးတိုင်း နန်းပြားရှားဒယ်နော် ၊ ကမ်းဒယ် ။ ဟိုက မြန်မာ နန်းပြား နည်းနည်းရှိဒယ် ၊ မကမ်းဘူး ။ နာ နန်းပြားကြီးကြီး နင်းကို ပွေးဒယ် ။ နန်းပြားတားကလေး အကောင် နည်းနည်းကလေး ဝဝပေးဒယ် ၊ အချစ် ... အချစ် ... ဟဲ ... ဟဲ ”

“ ဘာလဲ ခွေးကု,လားက လူကို အချစ် ... အချစ်နဲ့ ”

“ ဟေး ကမ်းမဂလေး ၊ နင် ရှိရှိုးဒလား ၊ နာ ပြောဒယ် ။ အချစ်နန်းပြား နည်းနည်းကလေး အချစ်လေ ... တားကလေး ၊ တားကလေး ၊ နန်းပြားတားကလေး ။ နင့်ကို ငါပေးဒယ် ။ တားကလေး နည်းနည်းကလေးလေ ”

“ ဘာ သားကလေးလဲ ၊ ခွေးကု,လား လူဝါးဝလို့ ”

“ အို .. နင် နန်းပြားရှားတယ် ။ တားကလေး ငါ နေ့တိုင်း ပေးဒယ် ၊ တစ်ခုတစ်ခု မဟုတ်ဘူးလား ။ မလိုချင်ဘူးလား ”

“ မလိုချင်ဘူး ”

“ မလိုချင်ရင် မပေးဘူး ။ လိုချင်တယ်နော် ၊ တားကလေးတစ်ခု နာ ပေးဒယ် .... ဟင်း ... ”

“ မပေးနဲ့ ”

မယ်ကြွေသည် နံပြားအငယ်လေးတစ်ခု အဆစ်မရဘဲ အိမ်ကို ပြန်ရလျှင် မြန်မာဆိုင်က ဝယ်လာသည်ဟု အမေလုပ်သူက ကျိန်ဆဲမှာ စိုးသဖြင့်

“ အေး .. အေး ... ပေး ၊ ကောင်းကောင်းလုပ်ပေးနော် ”

“ အေး ... အေး ၊ ရှိတ်ချ ၊ နာ ကောင်းကောင်း လုပ်ပေးမယ် ၊ ခဏ ဒီမှာထိုင် ” ဟုပြောပြီး ကု,လားသည် မယ်ကြွေအား ခွေးခြေကလေးကို ဆွဲပြီး မယ်ကြွေ၏ ပခုံးနှစ်ဖက်ကို ကိုင်ကာ ခွေးခြေပေါ်သို့ မြှောက်တင်၍ ပေးလိုက်လေ၏ ။

နံပြားကု,လားသည် မယ်ကြွေ အဝယ်လာတိုင်း ချက်ချင်း လုပ်၍ မပေး ။ စကားကြာကြာ ပြောရအောင် အချိန်ကို ဆွဲခြင်း ၊ လက်ကို ကိုင်ခြင်း ၊ တင်ပါးကို ပုတ်ခြင်း စသည့် အလုပ်များဖြင့် အလုပ်၌ ဖျော်ဖြေလေ့ရှိရာ တစ်နေ့သ၌ မြန်မာလူမျိုး လက်ဖက်ရည်သောက်သူ နှစ်ယောက် ၊ သုံးယောက်က ရယ်မောကြသဖြင့် ရှက်သောကြောင့် ၎င်းဆိုင်သို့ မလာချင်ဘဲရှိခြင်း ဖြစ်လေ၏ ။ သို့သော်လည်း နံပြားကလေး ကြိုက်သော မိခင်က အတင်း ခိုင်းသဖြင့် ထိုနေ့မှာ ဆက်လက်၍ လာရလေ၏ ။ 

“ ဟဲ့ ... တန်ဘီ ၊ မြန်မြန် လုပ်ပါဟဲ့ ။ အမေ ဆိုလိမ့်မယ် ”

“ နင့် အမွေးကြီးက နန်းပြား အပြားကြီးကြီး ရပီ ။ နင်က အပြားနည်းနည်းကလေး ယူမယ် ၊ နေဦး .. ငါ ပွေးမယ် ”

ထိုနည်းမျိုးဖြင့် မယ်ကြွေမှာ ကု,လားဆိုင်၌ နံပြား ဝယ်လာတိုင်း ကြာ၍နေရာ မယ်ကြွေမှာ တွေ့ဖန်များ ၊ ထိဖန်များ၍ လာသဖြင့် တစ်နေ့တခြား ကျင့်သားရလျက် ကု,လားဆိုင်ကို သွား၍ ဝယ်ဖို့ရန်မှာ ဝန်မလေးတော့ချေ ။

နောက် အတန်ကြာသောအခါ မိခင်ဖြစ်သူ တိုက်တွန်းရန်မှ မလို ၊ မိမိဘာသာ တစ်နေ့လျှင် နံနက်တစ်ခေါက်သာ မဟုတ် ၊ တစ်နေ့တွင် သုံးကြိမ် ၊ လေးကြိမ် လာ၍ ဝယ်လေရာ တစ်ခါတစ်ရံ ပို၍ ကြာလျှင် ပိုသော အချိန်အတွက် နံပြားအဆစ်မှာ ပို၍ ရသောကြောင့် မိခင်ဖြစ်သူမှာ ကျေနပ်လျက် တစ်စုံတစ်ရာမှ တွေးတော ကြောင့်ကြ စိတ်မချခြင်း မရှိ ။ အခါများစွာ နံနက်စောစော ပိုက်ဆံ မရှိသည့် အခါများ၌ပင် မယ်ကြွေကို လွှတ်သည့်အခါ အကြွေး မဟုတ် ၊ အလကားရ၍ လာလေ၏ ။ အိမ်မှာလည်း လက်ဖက်ရည်ဆိုင်နှင့် နီးသဖြင့် နံပြားကု,လားကလေး လာရောက်လည်ပတ်သည့်အခါ နံပြားကျေးဇူးတွေက လည်ချောင်းဝမှာ ရှိနေသဖြင့် ကု,လားကလေး တန်ဘီကို အရောတဝင် ပြုကာ အိမ်ခေါင်းရင်း၌ ဧည့်ခံရလေ၏ ။ ထိုနောက် ပိုမို၍ အကျွမ်းဝင်လာရာ တန်ဘီ သည် နံနက် ၊ နေ့လယ် ၊ ညဉ့် ၊ တစ်နေ့လျှင် သုံးကြိမ်မျှ ဒေါ်ပုတို့ သားအမိ ၊ သားအဖ တစ်စုတို့ စားသောက်ရန် လက်ဖက်ရည် ၊ နံပြား ထောပတ်သုတ်များကို မှန်မှန်ကြီး ကိုယ်တိုင် အခမဲ့ ပို့စပြုလေရာ တန်ဘီ နှင့် တိုး၍ ခင်မင်ကြလေ၏ ။ မယ်ကြွေ မှာလည်း ဝန်မလေးတော့ပေ ။ တန်ဘီ မှာလည်း တစ်ခါတစ်ခါ ပါရှင်းလုံချည် ၊ ရှပ်အင်္ကျီနှင့် ဘိုဆံတောက်ကို ကော့လိန်အောင် ဖြီးလိမ်းလျက် ဒေါ်ပုတို့ အိမ်သို့ လာရောက် လည်ပတ်လေ၏ ။ ထိုကဲ့သို့ မြန်မာလိုလို ၊ ကု,လားလိုလို ဝတ်သည်ကို မယ်ကြွေ တွေ့ရဖန် များသောအခါ မျက်လုံးများမှာ မက်လုံး ပေါ်၍ လာလေ၏ ။

ညတစ်ည၌ တန်ဘီသည် သောက အပူရောက်သော မျက်နှာနှင့် အိမ်သို့ ရောက်၍ လာသောအခါ သားအမိနှစ်ယောက်သည် တန်ဘီ အနားသို့ကပ်ကာ ၊ “ တန်ဘီ ဘာဖြစ်သလဲ ၊ နင့်ကို ဆိုင်က လူကြီးများ ရိုက်သလား ” ဟု မေးကြလေ၏ ။

တန်ဘီ မှာ ဖွင့်၍ ပြောရန် ခက်၍ နေလေ၏ ။ မယ်ကြွေ အတွက် လက်ဖက်ရည် ၊ နံပြားထောပတ်သုတ် ၊ တစ်ခါတစ်ရံ ကိတ်မုန့်များနှင့်ပင် ရက်ပေါင်းများစွာ ထောက်ပံ့ခဲ့ရလေရာ ဆိုင်ရှင်က ကုန်ကျသမျှ အတွက် တန်ဘီ၏ လခထဲမှ ဖြတ်သောကြောင့် တန်ဘီ မှာ လခ ရဖို့ မရှိ ။ သုံးလခစာလောက် တန်ဘီ အပေါ်၌ ဆိုင်က ငွေကျူး၍ နေလေ၏ ။ သို့ဖြစ်လေရာ ဆိုင်ရှင်က နှင်၍ ပစ်သည့်အတွက် နေစရာ မရှိ ၊ စားစရာ မရှိဖြစ်သော ကြောင့် မိမိ ပြုခဲ့ဖူးသော ကျေးဇူးများနှင့် ပတ်သက်၍ မကင်းရာ မကင်းကြောင်း ဖြစ်၍နေသော မယ်ကြွေတို့ အိမ်သို့ ဆည်းကပ်မှီခိုရန် ရောက်၍လာခြင်း ဖြစ်လေ၏ ။

မယ်ကြွေ မှာလည်း မူလကပင် အတွေ့ ရများခြင်းကြောင့် တန်ဘီ အပေါ်၌ မေတ္တာငွေ့ကလေး အဆီဝေ့ သလို ဝေ့၍ နေရာ မြန်မာလို ဝတ်လိုက်သောအခါ ကု,လားလူမျိုးတို့ ဘာဝ သန်မာတောင့်တင်း ဖြောင့်စင်း လုံးကျစ်သော ကိုယ်ဟန်သည် ပိုမို၍ ပေါ်ပေါက်လျက် မေတ္တာ ပိုမို၍ သက်ရောက်ခဲ့လေ၏ ။ သို့ဖြစ်၍နေသည့် အတွင်း တန်ဘီမှာ သောကအပူ တွေ့၍ လာသည်ကို မြင်ရသောအခါ ထိုသောကအပူမှာလည်း မိမိတို့ ကြမ္မာ ငင်၍ တွေ့ကြုံရခြင်းဖြစ်ကြောင်း သိကြရလေရာ တန်ဘီ ကို သနားပြီး အိမ်၌ တစ်ညဉ့် အိပ်ရန် လက်ခံကြလေ၏ ။

“ ကိတ်ချမရှိဘူး မကြွေ ၊ ကျနော်လေ တူတို့ဆီမှာ မလုပ်ရဘူး ၊ ကိတ်ချမရှိဘူး ၊ တခြားမှာ အလုပ်ကန်းကန်းရမယ် ။ ကျနော် ဦးကြီး ဘန်းဂလားက လာမယ် ၊ တစ်လလောက် ကြာမယ် ၊ ဆိုင်ကြီးကြီး ဖွင့်မယ် ၊ ကျနော် မန်နေဂျာ လုပ်ရမယ် ၊ လခတစ်ရာ ၊ နှစ်ရာရမယ် ” ဟူသော စကားကို ပြောကာ တန်ဘီသည် မယ်ကြွေတို့ အိမ်၌ အလုပ်မရဘဲ တစ်လလောက် ကြာ၍ သွားလေ၏ ။ မယ်ကြွေမှာ သနားရာက အသေအချာ မေတ္တာစူးစ ပြုလေ၏ ။ ဒေါ်ပု မှာလည်း နံပြားကျေးဇူးတွေကို ပြန်၍ တွေးကာ ရက်စက်စွာ နှင်၍ မချနိုင်ရုံမက မိမိကိုယ်တိုင်ပါ ကြင်နာသနားလျက် အရပ်ကပင် သမုတ် ပြောဆိုကြသော်လည်း မနှင်ရက်ဘဲနေလေ၏ ။ သို့ဖြစ်လေရာ အိမ်နီးပါးချင်းများက တိုး၍ ပြောဆိုကြသည်ကို အတိအလင်း ကြားရသောအခါ ဒေါ်ပုက “ ဒါလောက် သမုတ်ချင်ကြရင် ဟုတ်လိုက်တာပဲ ကောင်းတယ်ဟု ” ပြောကာ မျက်စိကို မှိတ်လိုက်ရာ ...

နောက်ရက်များ မကြာမီ ၊ တန်ဘီမှာ အခြား လက်ဖက်ရည်ဆိုင် တစ်ဆိုင်၌ အလုပ်ရသဖြင့် မယ်ကြွေ ကို တန်ဘီ နောက်သို့ ထည့်လိုက်ရာ ၊ သမီး ကု,လားနောက် ပါခါမှ ရိပ်မိသော ဖအေကြီးမှာ ခုနစ်ရက်လောက် အလုပ်မှ မပြန်ဘဲ နေရပြီးနောက် ကောက်ကောက်ပါအောင် လိုက်၍ သွားကြလေ၏ ။ ဂုဏ်သရေရှိ မြန်မာလူမျိုး ကောင်းကောင်းမွန်မွန်ကလေးများနှင့် သင့်မြတ်နိုင်လောက်အောင် ရုပ်ဆင်းကြန်အင် ပြည့်စုံပါလျက် နံပြားကို မက်ခြင်းကြောင့် လက်ဖက်ရည်ဖျော်သော ကု,လားနှင့် ညား၍ သွားရရှာလေတော့သတည်း ။

▢ ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment