Friday, January 23, 2026

ပန်းဆန္ဒ


 

❝ ပန်းဆန္ဒ ❞
▢ ခိုင်နွယ်သန့် ၊ မန္တလေး ၊

လွတ်လပ်မှုထက် ကိုကို့အား သူမ ပို၍ မက်မောသောကြောင့် လက်ထပ်ခြင်းကို လိုက်လျောမိသည် ။

••••• ••••• ••••• 

ညတွင်သာ သင်းပျံ့တတ်သော ထားဝယ်မှိုင်းပန်းရနံ့တို့ သူမကို ကျီစယ်လျက် ရှိသည် ။ ဝင်းပသော လရောင်အောက်ဝယ် ပန်းနု ၊ ပန်းရင့် ၊ အဖြူရောင် ပန်းပွင့်ငယ်ကလေးများကို သစ်ရိပ်လွတ်ရာဝယ် သူမ မြင်နေရ၏ ။

သူမ ရပ်နေသော အခန်း၏ ပြတင်းမှ မျှော်ကြည့်လျှင် နက်ပြာရောင် ကောင်းကင်၏ အဆုံးအစမဲ့ခြင်း ၊ ကြယ်တို့၏ လင်းလက်ခြင်း ၊ ယိမ်းနွဲ့နေသော သစ်ပင်တို့၏ လှပခြင်းတို့ကို မြင်ရလေသည် ။ မီးလည်းလာ ၊ လလည်းသာသော တင့်တယ်သည့် ညအား ချစ်သူနှင့်အတူ ဖြတ်ကျော်ရလျှင်ဖြင့် ချစ်သူ၏ လက်မောင်းဝယ် ခိုတွယ်လမ်းလျှောက်ရင်း ချစ်သူ၏ ပခုံးဝယ် ခေါင်းတင်မှီဖွဲ့ ရင်း စကားမဆိုဘဲ တိတ်ဆိတ်စွာ ညကို ခံစားရလျှင်ဖြင့် ...

သူမရင်ထဲ နာကျဉ်မှုက ဖြတ်စီးသည် ။ မြစ်တစ်စင်း၏ ရေအလျင်လို အဆက်မပြတ် စီးဆင်းနေသော နာကျင်မှုသည် နာကြည်းခြင်းသို့သည် ဘဝတွင် ပြောင်းလဲသွားနိုင်စရာ မရှိကြောင်း သူမ ကောင်းစွာ သိနေပါသည် ။ တရားခံကို သူမ မေ့ထားသည် ။ တစ်ခါတစ်ရံတွင်တော့ သူမသည်သာ တရားခံဟု အပြစ် မြင်တတ်သည် ။

ခုချိန်မှာ ...

နာရီတွေကို သူမ မမြင်ချင် ။ မကြည့်ရဲ ။

တစ်စုံတစ်ခုသော အတွေး ဝင်လာလျှင်ဖြင့် သူမ သေဆုံးသွားချင်သည် ။ ပြီးတော့ ကိုကို့ကို သနားသည် ။ ပြီးတော့ သူမကိုယ် သူမ အပြစ်တင်ချင်သည် ။ ( ကိုကို့ကို သူမ နှောင်ဖွဲ့ခဲ့မိတာ ) ဟု နောင်တရ၍ မဆုံးပေ ။

ကိုကို့ထက် သူမကိုယ် သူမ ရှေ့တန်းတင်မိတာ ။ သူမ တစ်ဖက်တည်း ကိုသာ တွေးတော စဉ်းစားခဲ့တာ ။ ကိုကို့ဘက်ကို သူမ စိုးစဉ်းမျှ ငဲ့မကြည့်ခဲ့ဖူးပေ ။

သက်ပြင်းကို ချမိစဉ် တိုက်ကပ်နာရီမှ နာရီသံကိုကြားရ၏ ။ မရေတွက် မိဖို့ အသိတရားတို့အား ထိန်းချုပ်ထားမိသော်လည်း မသိစိတ်က ရေတွက်နေသည် ။ ဆယ့်တစ်ချက် ။ ဒါဟာ ဆယ့်တစ်နာရီ ။

ဟိုအရင်ကဖြင့် ကိုးနာရီကျော်လျှင် စင်းကျလာတတ်သော ၊ ငိုက်မျဉ်း လာတတ်သော သူမမျက်လုံးများ၏ အိပ်စက်ခြင်းကို ဘယ်သူက ခိုးယူသွားသလဲ ။ အိပ်စက်ခြင်းကို ဘယ်လို ကုန်ဆုံးစေရမည်လဲ ။ သူမအတွက် ခက်ခဲလို့နေသည် ။

စာဖတ် ဝါသနာ မပါသော ၊ သီချင်း မနှစ်ခြိုက်သော ၊ စာရေးဝါသနာ မပါသော သူမအတွက် အချိန်တို့အား မည်သို့ ကျော်ဖြတ်ရမည်လဲ ။ စောစောလေးကပင် ကိုကို ငှားလာပေးသော မြန်မာဗီဒီယိုနှစ်ခွေလည်း ပြီးသွားပြီ ။ ငြီးငွေ့မှု ၊ ခြောက်သွေ့မှုတို့ဖြင့် ပြတင်းကို ကျောခိုင်းလိုက်သည် ။ အပြာရောင် အပွင့်အခက်တို့ ယှက်နွယ်ထားသော အိပ်ရာခင်း ၊ ခေါင်းအုံးဖုံး တစ်စုံဖြင့် သပ်ရပ်နေသော အိပ်ရာကို သူမ ကြည့်နေသည် ။

သူမသည် ကိုကိုနှင့် သူမ၏ အခန်းအား မမြင်ဖူးသလိုလို ငေးနေမိသည် ။

နိမ့်သော ခုတင်သည် အခန်း၏ တစ်ဖက် နံရံအနီးတွင် ရှိသည် ။ ဗီရိုနှစ်ခုသည် အခန်း၏ ခြေရင်းမှာ ယှဉ်တွဲလျက် ။ ဗီရို၏ နံဘေးတွင် အဝတ် စင်တစ်ခု ။ အဝတ်စင်ပေါ်တွင် မျက်နှာသုတ်ပဝါနှစ်ခုနှင့် ခေါက်ထားသော ပုဆိုးတစ်ထည် ၊ လုံချည်တစ်ထည် ရှိလေသည် ။ ပြတင်း၏ ရှေ့တွင် ကိုကို့ စာကြည့်စားပွဲသည် သူမ စီရီပေးထားသော စာအုပ်ထူကြီးများဖြင့် ငြိမ်သက်နေလေ၏ ။

သူမတို့ မြို့နှင့် ဝေးကွာသော မိဘတွေဆီ စာရေးရမည်လား ။

ခုချိန်မှာ ရေးမိသော သူမ စာသည် မည်သည့်နည်းနှင့်မျှ စိတ်ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်နေမည် မထင် ။ မိဘတွေကို သူမကြောင့် စိတ်မဆင်းရဲစေလို ။ ထိုအသိဖြင့်ပင် သူမသာ မပျော်မရွှင်မှုတို့ကို ကြိတ်မှိတ်ခံစားနေတာ ။ သို့မဟုတ် မပျော်ရွှင်မှုကို သူမက မြင်နေရတာ ။

ချစ်သူ၏ မပျော်ရွှင်မှုသည် သူမအတွက် စိတ်ဆင်းရဲရမှုသာ ။

ဒါကို .. သူမက ကောင်းစွာသိပါသည် ။

အထီးကျန် ... တဲ့ ။ သိပ်လှသော စကား ။ ခံစားဖူးသော အခါမှာတော့ ဆိုးရွားလှသည် ။ အလွန်ကျွမ်းမြည့်စေသော ခံစားမှုပါပဲ ။

သူမ၏ ထွက်ပေါက်သည် အတွေးသာ ဖြစ်သည် ။

သူမသည် ခုတင်ပေါ် ခပ်ဖြည်းဖြည်း လှဲချအပြီး ကိုကိုနှင့် သူမ အကြောင်းများကို အစမှ ပြန်လည်တွေးမိသည် ။

မစည်ကားလှသော လူဦးရေ မများလှသော မြို့ကလေးတွင် သူမသည် မိဘတွေ၏ သားသမီး လေးယောက် အနက် အငယ်ဆုံးသမီး အဖြစ် အေးချမ်းစွာ မွေးဖွားလာခဲ့ပါသည် ။ စာမထူးချွန်သော်လည်း စာမညံ့လှသော သူမသည် ဒုတိယ အကြိမ်မြောက် ဖြေဆိုရာတွင် အောင်မြင်သွားသော ဆယ်တန်း၏ နောက်ဝယ် စာပေးစာယူ ဖြင့်သာ ဘွဲ့တစ်ခု ယူခဲ့သည် ။

မိဘတွေကို သူမ မခွဲနိုင် ။ သူစိမ်းတွေ ကြားတွင်လည်း သူမ မပျော်တတ်ပေ ။

ဖခင်၏ အထည်စက်ရုံလုပ်ငန်းကို သူမ စိတ်မဝင်စားပါ ။ ငွေတိုးချေးသော ၊ မိခင်၏ ရွှေထည်ပစ္စည်းရောင်းဝယ်သော မိခင်၏ လုပ်ငန်းကို သူမ မကျွမ်းကျင်ပါ ။ သူမ ပျော်မွေ့သည်က အိမ်တွင်းမှုသာ ။ ဟင်းချက်မည် ၊ အိမ် အလှပြင်သည် ။ ဆွယ်တာထိုးမည် ။

မိဘတွေ၏ ဧည့်သည်တွေ အမြဲမပြတ်သော သူမ၏ ဧည့်ခန်းသည် အစဉ် လှပနေဖို့ ၊ မိဘတွေ ရောဂါနှင့် အဆင်ပြေမည့် ဟင်းလျာများ ရွေးချယ် ချက်ပြုတ်ဖို့ တူ ၊ တူမတွေ အတွက် ဆွယ်တာများ ထိုးပေးဖို့သည်သာ သူမ၏ ဘဝ မွေ့လျော်ရာဖြစ်၏ ။ အိမ်ခွဲနေကြသော အစ်မ ၊ အစ်ကိုမိသားစုများထံ တစ်ခါတစ်ရံ လည်ပတ်မည် ။

သူတို့ လာလျှင် သူမ ချစ်သော တူ ၊ တူမကလေးများနှင့် နေမည် ။

အေးချမ်းသော သူမ ဘဝအတွင်း သူစိမ်း ယောက်ျားတစ်ယောက်အား အားကိုးပြုဖို့ အစ်မတွေ တိုက်တွန်းလျှင် သူမ လက်မခံလိုပေ ။ သူမ ဘဝအတွက် ယောက်ျားတစ်ယောက်ယောက်ကို လိုအပ်သည်ဟု မထင်ပါ ။ သူမ ဘဝတွင် မိဘတွေ ရှိသည် ။ ပစ္စည်းဥစ္စာ ရှိသည် ။ အသိုင်းအဝိုင်း ရှိသည် ။ မာနကြီးသည်ဟု သူမ ငြင်းလိုက်သူများက ဆိုကြသည် ။

သူမ ကတော့ ထိုမာန အတွက် ဂုဏ်ယူသည် ။

မာနမှ မရှိလျှင် မိန်းကလေး တစ်ယောက်၏ ဘဝကို မည်သို့ဖြင့် ရပ်တည် ရမည်လဲ ။ သိက္ခာ ရှိလျှင်ဖြင့် သူမ ဘဝ ရပ်တည်နိုင်သည်ဟုလည်း ယုံကြည် ပြန်သည် ။

အစ်မတွေ လက်လျှော့သွားချိန် ...

အသက် ၂၆ နှစ်အရွယ် ကျွန်မအား ( အပျိုကြီး ) ဟု ကျီစယ်စပြုချိန် ..

“ သမီးရေ ၊ အမေ့မိတ်ဆွေတွေ အတွက် အအေးလုပ်ပါဦး ။ နှစ်ယောက် သမီး ။ မုန့်လေးရော ”

“ ဟုတ်ကဲ့ ”

အရောင်းအဝယ် ကိစ္စဖြင့် မပြတ် ရောက်လာတတ်သော ဧည့်သည်များအား ဧည့်ဝတ်ပြုရခြင်းသည် သူမအတွက် အဆန်း မဟုတ်တော့ပါ ။ သို့ပေမယ့် ( သမီး ထွက်လာခဲ့နော် ။ မိတ်ဆက်ပေးချင်လို့ ) ဟူသော အမေ့စကားနှင့် ခပ်ပြုံးပြုံး မျက်နှာသည်တော့ ထူးဆန်းနေပါသည် ။ အမေ့ဧည့်သည်များ အတွက် ခါတိုင်းဆိုလျှင် ကျွန်မ လုပ်ပေးကိုင်ပေးပြီး အဖော်ကောင်မလေးကိုသာ ပို့ခိုင်းလိုက်၏ ။

သူမ အအေးဗန်းကို ကိုင်ပြီး ထွက်ခဲ့သည် ။

“ ချိုရေ ၊ ဒါ ကျွန်မ သမီး အငယ်ဆုံးလေးလေ ။ မြိုင် တဲ့ ”

“ မေ့သမီးက ချောလိုက်တာပါလား ။ ကြည့်ပါဦး ဆံပင်တွေကလည်း ကောင်းလိုက်တာ ။ တင်ပါးကျော်ထိ အများကြီးပဲ ။ မည်းနက်နေတာပဲနော် ။ မေတို့များ ကျွန်မဆီ လာရင် သမီးချောကို ခေါ်မလာဘူး ။ ဒါပေါ့လေ ။ သူ့သမီးကို ဖွက်ထားမှာပေါ့ ”

“ မဟုတ်ပါဘူး ချိုရယ် ။ သမီးက အိမ်မှာပဲ နေချင်တာ ။ ကျွန်မကလည်း အလုပ်ကိစ္စနဲ့ပဲ နှစ်ရက်လောက် နေနိုင်တာ ဆိုတော့ သူ ခရီးပန်းတာပဲ အဖတ်တင်မှာ ။ ဘယ်မှလည်း လိုက်ပို့နိုင်မှာ မဟုတ်ဘူး ။ ဒါနဲ့ သူ မလိုက်တာ ။ ရန်ကုန်ကို သူ ငယ်ငယ်ကပဲ ရောက်ဖူးတာ ”

“ ဟာ ... မေဟာ အတော်နေနိုင်တဲ့ မိခင်ပဲ ။ မတရားဘူးနော် ။ သည်မှာ မေ ၊ ကျွန်မ ပြောမယ် ။ သည်တစ်ခါ မေ့အလုပ်ကိစ္စ ရှိလို့ လာရင် သမီးကို ခေါ်ခဲ့ရမယ် ။ ချိုတို့ အိမ်လည်း ရောက်ဖူးတာပေါ့ ။ သမီးကို ဟိုနေရာ သည်နေရာ ပို့ဖို့ သားရှိသားပဲ ။ သမီးရေ .. ဒါ အန်တီ့သား မင်းခေါင် တဲ့ ။ မှတ်ထားနော် ”

အမေနှင့် ဧည့်သည် အန်တီ၏ စကားတွေ အောက်ဝယ် ပျင်းရိနေသော သူမသည် မျက်လွှာကို ပင့်ကြည့်လိုက်၏ ။

ထိုခဏ ....

ကိုကိုသည် သူမ၏ အမြင်လွှာမှ တစ်ဆင့် အနက်ရှိုင်းဆုံး ခန္ဓာကိုယ် အတွင်းဝင်ရောက် နေရာယူ သွားလေတော့သည် ။

မျက်လွှာကို ပြန်ချလိုက် သော်လည်း ကိုကိုသည် သူမ၏ အာရုံထဲ နှလုံးသားထဲဝယ် အမြဲ ရှိနေတော့လေ၏ ။

••••• ••••• ••••• 

အမေ ရန်ကုန်သို့ ပစ္စည်းအပ်ရန် သွားစဉ် သူမ လိုက်သွားခဲ့သည် ။ သူမတို့ မြို့သို့ ကိုကို ပါလာစဉ်က နှစ်ရက်လောက် အတွင်း နှစ်ခါသာ မြင်ဖူးသော်လည်း သူမတို့ မခင်မင်မိကြပါ ။ စကားနည်းသော ကိုကိုကို သူမ ကလည်း စတင် စကား မဆိုတတ်ပါ ။ သူမထက် ဆယ်နှစ်ကျော် ကြီးသည်မို့လည်း ရိုသေသည့် အရှိန်ဖြင့် မကျွမ်းဝင်ရဲပါ ။

“ ကဲ ... မေမေတို့ လုပ်ငန်းကိစ္စ ပြောရင် သမီး ပျင်းနေလိမ့်မယ် ။ သားက ခြံထဲကို ပြပါဦး ”

အလွန် ရိုးစင်းနေသော ကိုကို မိခင်စကားတွင် သူမ ရင်ခုန်သွားသည် ။

“ လာလေ မြိုင် ၊ ခြံထဲမှာ မေမေ စိုက်ထားတဲ့ အပင်တွေ အများကြီးပဲ ”

“ ဟုတ်ကဲ့ ”

နူးညံ့သော မျက်ဝန်း ၊ ပြုံးလဲ့သော နှုတ်ခမ်းတို့တွင် သူမ ရဲဝံ့လာသည် ။

သူ၏ အိမ်တွင်တော့ ကိုကိုသည် စကား ပြောသားပဲ ။ သူမကိုလည်း ကလေးလေးလို ယူဆဟန် တူလေသည် ။ ခြံထဲတွင် သူမ စိတ်မဝင်စားသော သစ်ခွပန်းပင်များ ။ ကိုကို ရွတ်ပြသော ပန်းအမည်များကို သူ စိတ်မဝင်စားပါ ။ သူမ စိတ်ဝင်စားသည်က သူမ၏ နဘေးတွင် ရှိနေသူသာ ဖြစ်လေသည် ။ အသားညိုသော ၊ အရပ်မမြင့်သော ၊ မျက်ဝန်းနူးညံ့သော ၊ နှုတ်ခမ်းတို့ဖြင့် ပြုံးနေတတ်သော ၊ စကားနည်းသော ကိုကို့ကို သူမ လွန်စွာ မြတ်နိုးမိလေသည် ။

သူတို့ အိမ်ထဲ ရောက်သည်ထိ မေမေနှင့် ကိုကို့ မိခင်တို့ အတွင်းခန်းထဲမှ ထွက်မလာခဲ့ကြသေးပေ ။

“ ထိုင်ဦးနော် ”

ဧည့်မခံတတ်ဘဲ ဧည့်ဝတ်ကျေချင်ပုံရသော ကိုကို့ပုံစံကို သူမ နှစ်ခြိုက်နေမိသည် ။

“ ကျောင်းတုန်းက ရိုက်ထားတဲ့ ပုံတွေ ။ မြိုင် ပျင်းနေမှာစိုးလို့ ”

“ ဟုတ်ကဲ့ ”

ဓာတ်ပုံစာအုပ် သုံးခု ။

သူမ ကြည့်သောအခါ ဂျူတီကုတ် ဝတ်ထားသော ကိုကို့ ပုံစံကို မျက်စိ လွှဲမရအောင် မက်မောမိလေသည် ။ ကြင်နာတတ်သော မျက်ဝန်းများသည် ဖြူစင် သော ဂျူတီကုတ်နှင့် အရောင်ဟပ်ကာ ပို၍ တောက်ပနေသလို ။ ညိုဝင်းသော အသားသည် ပို၍ဝင်းပလာသလို ။

တစ်ခုတော့ သူမစိတ်တို့ ညစ်နွမ်းရလေသည် ။

ကိုကိုတို့ အုပ်စုထဲမှ ကောင်မလေး သုံးယောက်သည် အလွန်ချောမော လှပလေသည် ။

••••• ••••• •••••

( မောင်မင်းခေါင် ကလေ ရယ်ရတယ် ။ သူ့အမေက သမီးအကြောင်း ပြောတော့ မြို့ငယ်လေးက “ မြိုင် ” ဆိုတော့ ပုံတုံးတုံးလေး မှတ်နေတာတဲ့ ။ ငါ့ သမီးအကြောင်း ၊ ဘွဲ့ကို စာပေးစာယူနဲ့ ယူပြီး အိမ်မှာပဲ ဟင်းချက် ၊ အိမ်ပြင်နဲ့ ဘယ်မှ မသွားတာကြာတော့ အရုပ်ဆိုးဆိုးကလေး မှတ်နေတာတဲ့ ။ မြင်လိုက်ရတော့ တော်တော်ချောတာပဲ ။ နောက်ပြီး ဝတ်တာစားတာလည်း မရိုင်းဘူး ။ မရိုးဘူးတဲ့ ။ သဘောကျနေတာတဲ့ )

ရှည်လျားသော အမေ့စကား တစ်လျှောက်လုံး ပြုံးလျက်ကြည်နူးနေမိသော သူမသည် ( ကဲ ငါ့သမီးလေးကရော ) ဟူသော မေးခွန်းတွင်တော့ မျက်နှာ မဖော်ရဲအောင် ရှက်ရွံ့သွားလေသည် ။ သူမတွင် ချစ်သူ မရှိကြောင်း အမေ သိနေ ပြီပဲ ။ သူမ ရှက်ရွံ့ရအောင် မေးမနေပါနဲ့ အမေရယ်ဟု အသံမဲ့တိုက်တွန်းမိလေ၏ ။

အရင် အစ်မတွေကသာ တစ်ယောက်ပြီး တစ်ယောက် တိုက်တွန်းဖူးကြသော်လည်း သည်တစ်ကြိမ်သာ သဘောတူကြောင်း သတိပြုမိသည် ။ အရင် လူတွေသည် သင့်တော်ပါသည် ဟုသာ မှတ်ချက်ချဖူးလျက် မတိုက်တွန်း ၊ မဖျက်ဆီးခဲ့ဖူးချေ ။ သူမ သဘောသာ ။

ယခုတော့ ကိုကို တော်ကြောင်း ၊ ကိုကို မိခင် ကျွန်မကို သဘောကျကြောင်းတွေ ပြောရင်း အမေ တိုက်တွန်းလေသည် ။

“ ဖြေလေ သမီး ။ ချိုက လောလှပြီ ။ သူ့သား အလုပ် ပြောင်းရရင် တစ်ခါတည်း လက်ထပ်ပေးလိုက်ချင်လို့တဲ့ ”

“ အမေ့ သဘောပါ ”

“ အမေ ယူမှာမှ မဟုတ်တာ ”

ပျော်တတ်သော အမေက ကျီစယ် နေပြန်သည် ။ ရယ်မောနေသော အမေ့ ရှေ့မှ ပြေးထွက်လာခဲ့၏ ။ အမေ့ ဗိုက်ထဲက သမီးတစ်ယောက် ဆန္ဒကို အမေ သိမှာပါ ။

ကိုကို ... ဟု အသံဖွဖွ ထွက်ကာ ထိုနေ့က ရေရွတ်ကြည့်မိသည် ။

ထို့နောက် တစ်စုံတစ်ယောက် ကြားသွားမှာ စိုးစိတ်ဖြင့် ထူပူသွားပြန်သည် ။

အထပ်ထပ် ၊ အလွှာလွှာတို့ကြား ၊ ဝတ်ဆံရှည်ကလေး ထွက်နေသော ပန်းနုရောင် ၊ အနီရောင် ၊ အဖြူရောင် ၊ ခေါင်ရမ်းပန်းပွင့်များအား သူမ မမြင်ပါဘဲ ငေးနေသည် ။ ဝါးကျည်တောက် တစ်ခြမ်း ပက်လက်ထဲဝယ် တွဲရရွဲ ကျနေသော ဖောင်းဖောင်းပြည့်ပြည့် မမြင်ဖူးသလို ကိုင်တွယ်နေမိသည် ။

မြိုင် ...

ခေါ်သံ ကြားသော်လည်း သူမ လှည့်မကြည့်ရဲပေ ။

တိတ်ဆိတ်နေသော သူမတို့ မြို့ကလေးတွင် သူမ၏ ရင်ခုန်သံအား ကိုကို ကြားသွားမလား တွေးပူပြန်သည် ။

“ ရှင် ”

ရုတ်တရက် ထွက်သွားသော သူမ အသံကို ပြန်ကြားမိသည် ။

“ မေမေတို့ ၊ အန်တီမေလေးတို့ စီမံထားတာ မြိုင် သိတယ်နော် ”

“ ဟုတ်ကဲ့ ”

ယခုထက်ထိ ကျောခိုင်း ရပ်ထားမိတာကြောင်း သတိရလျှင် ကိုကို့ကို အားနာသွားသည် ။

သူမ ကိုကို့ ကို  မျက်နှာမူလိုက်၏ ။ မျက်နှာကိုတော့ မကြည့်ရဲစွာ အဖြူရောင် ရှပ်အင်္ကျီမှ ကြယ်သီးကလေး ကိုသာ ငေးနေမိသည် ။

“ မြိုင် သဘောထားက ဘယ်လိုလဲဟင် ”

“ အမေ့ သဘောပါပဲ ”

ကိုကို့ မျက်နှာကို သူမ မကြည့် ။ ရင်ထဲတွင်တော့ အပြင်းအထန် လှုပ်ရှားလို့ နေပေသည် ။

ကိုကိုနှင့် သူမတို့၏ မင်္ဂလာပွဲ အပြီး နှစ်ပတ် အကြာတွင် ကိုကို တာဝန်ကျရာ မြို့ကလေးသို့ သူမတို့ ပြောင်းရွှေ့ရလေသည် ။ အမေ့မျက်ဝန်း ၊ အဖေ့မျက်ရည် ၊ အစ်ကိုအစ်မတွေ ၊ တူ ၊ တူမကလေးတွေအား သူမသည် ကိုကို လက်အား ခိုတွဲရင်း ကျောခိုင်းရဲခဲ့သည် ။

ထိုခဏသည်တော့ သူမ၏ အတ္တဖြင့် ပျော်စရာအတိ ပြီးခဲ့သည် ။

ကြင်နာတတ်သော ၊ အားနာတတ်သော ၊ စကားနည်းသော ၊ အလုပ်များသော ခင်ပွန်းအပါးတွင် သူမသည် ပြည့်စုံ ချမ်းမြေ့ရသော အိမ်ရှင်မ တစ်ယောက် ဖြစ်ရသည် ။ ကိုကို့ကြောင့် သူမဘဝကို များစွာ ကျေနပ်မိနေလေသည် ။ ကိုကို့ နံဘေးတွင် သူမသည် ပြုံးလျက် အမြဲလိုက်၏ ။

အမေကပင် ထိုသတင်းများကို ကြားရစဉ် သူမထံ အလည်လာခိုက် ( အမေ့သမီး အိမ်တွင်းပုန်းမကလေးက ခုတော့လည်း ဆရာဝန်ကတော်ကြီး ဖြစ်ပြီး ပွဲတိုးလို့ ) ဟု သဘောကျ ရယ်မောလေသည် ။ အမေ ပြန်သွားသောအခါ သားအမိ နှစ်ယောက် မခွဲနိုင်ဘဲ ငိုရသေးသည် ။ အဖေက အမေ့ကို ခဏ,ခဏ မသွားရဟု တားကြောင်း အမေ စာရေးသည် ။ သူမ အတွက် ခဏခဏ ခွဲရတာ မကောင်းဘူးဟု အမေ့ကို တားသည်တဲ့ ။

သူမ ငိုရသေးသည် ။ အမေ့စာထဲ၌ အိမ်တွင် ယောင်ချာချာဖြင့် မနေတတ်၍ မြေးအကြီး နှစ်ယောက်အား ခေါ်ထားသည်ဟု ပါစဉ် ကျွန်မ နှလုံးသားတွေ နာကျင်ရတော့သည် ။ ငိုနေသော သူမ အနားသို့ ကိုကို ရောက်လာ၏ ။

“ မြိုင် ... အန်တီစာလား ”

“ ဟုတ် ၊ ကိုကို့ အတွက် သံပရာရည် ယူပေးမယ်နော် ”

“ ကိုယ့်ဘာသာ ယူပါ့မယ် မြိုင် ၊ နေပါ ၊ ကိုယ် မသောက်ချင်သေးပါဘူး ။ မြိုင်က ကလေးလေးလိုပဲ ”

သူမ ပြုံးလိုက်သည် ။ စာကို ခေါက်ကာ အံဆွဲထဲ ထည့်လိုက်၏ ။ အဝတ်လဲရင်း ကိုကိုက မြိုင့် ကို ငဲ့ကြည့်သည် ။ ပြီးတော့ ပြုံးကာ ...

“ လာမယ့် ဆန်းဒေးကျရင် ကိုယ့်သူငယ်ချင်းတွေ လာကြလိမ့်မယ် ။ ကိုယ်တို့အုပ်စုထဲက စန္ဒီ သည်ကို ပိုစတင်ကျတာကို အားလုံး လိုက်ပို့ရင်း ကိုယ့်ဆီ လာကြမှာ ။ အဲဒါ မြိုင် လူခြောက်ယောက်စာ အစားအသောက် စီစဉ်ပေးနော် ”

“ ဟုတ်ကဲ့ ကိုကို ”

သူငယ်ချင်းတွေ ပြန်လည် တွေ့ဆုံဖို့ ကိုကို ပျော်ရွှင်နေသည် ။ သူငယ်ချင်း မရှိသော သူမ အတွက် ချစ်သူထံမှ အပျော် ကူးစက်ကာ အမေ့ကို မေ့လျက် အစွမ်းကုန်ချက်ပြုတ်ဖို့ကို စဉ်းစားလေသည် ။

အဖော် မရှိလှသော သူမ အတွက် မစန္ဒီသည် အကောင်းဆုံး အဖော်ပါပဲဟု သူမ နှစ်လိုမိသည် ။ အစစ အရာရာ တိုင်ပင်မိသည် ။

“ သမီး .... မေမေ စာရေးလိုက်ပါတယ် ” .... အစချီသော ကိုကို မိခင်၏ စာကို ဖတ်ရစဉ်တွင်တော့ လောကကြီးတွင် သူမသည် အသေးငယ်ဆုံး ဖြစ်သွားလေတော့သည် ။ မေမေ့ ပူပန်မှုများထက် များစွာပိုက်သော ပူလောင်ခြင်းများသည် သူမ ရင်ခွင်တွင်း အုံဖွဲ့သည် ။

မစန္ဒီသည် ကိုကို့ချစ်သူ ။

ထိုအဖြစ်သည် သူမအား အချိန်ပြည့် ခြောက်လှန်တော့သည် ။ မစန္ဒီ ကို သူမ အရင်လို ခင်မင်မရတော့ကြောင်း ဝန်ခံရပေသည် ။ ဝန်တိုခြင်းလား ၊ မနာလိုခြင်းလား သူမ မသိပါ ။ သူမ သိသည်က ကိုကို့ကို သနားသည် ။ ကိုကို့အား နှောင်ဖွဲ့မိသည့် အတွက် သူမကိုယ် သူမ စတင် မုန်းတီးမိတော့သည် ။

ထို့နောက် ...

ကိုကို တာဝန်ကျချိန်များတွင် အရင်ကနှယ် အိမ်၌ ချက်ရင်း ၊ လျှော်ရင်း ၊ ရှင်းရင်း အေးအေး မနေနိုင်တော့ ။ တုန်လှုပ်ရတော့သည် ။ သူမ၏ အေးချမ်းမှုများအား ဖျက်ဆီးသူသည် သူမ ပဲလား ။ မစန္ဒီ ကို မေမေက အနေအထိုင် ကြည့်မရပြီး သဘောမတူဘဲ သူမနှင့် စီစဉ်ခဲ့သည် ။

ကိုကို သူမကို ငြင်းခဲ့သလား ။ အမေ့ကို မလွန်ဆန်နိုင်ဘူးလား ။

သူမ ခုချိန်ကျမှ အပြင်းအထန် သိချင်နေသည် ။ ကိုကိုသည် ယောက်ျား ပီသစွာ သူမ သဘောထားအား အရင် မေးခဲ့သည်ကို သတိရသည် ။ သူမကတော့ ကိုကို့ သဘောထားအား မေးမကြည့်ခဲ့ဖူးပေ ။

သူမက အတ္တ ကြီးလိုက်တာ ။ တစ်ကိုယ်ကောင်း ဆန်လိုက်တာ ။ ( အမေ့ သဘောပါပဲ ) ဟူသော စကားတစ်ခွန်းဖြင့် ကိုကို့ မျှော်လင့်ချက်တွေကို သူမ ပိတ်ပင်လိုက်မိပြီ ။

ကောင်းစွာ သဘောပေါက်ချိန်သည် အလွန် နောက်ကျသွားပြီ ။

( သားဟာ ယောက်ျားကောင်းတစ်ယောက် မှန်ပါတယ် သမီးရယ် ။ ဒါပေမယ့် မေမေကတော့ သမီး သူ့အိမ်ထောင်ရေး ဘာအဖုအထစ်မှ မရှိစေချင်ဘူး ။ ငါ့သမီးက ရိုးလွန်းတယ် ။ သည်တော့ သမီးက သားကို ထိန်းပါ ။ မမှား ပါစေနဲ့ ) ဟူသော မေမေ့စာ ။

ကိုကို့ကို ထိန်းပါ ။

ဟင့်အင်း ... သူမသည် ကိုကို့အတွက် လှောင်အိမ် တစ်ခု မဖြစ်ချင် ။ ဖြစ်ခဲ့ပြီးပြီ ဆိုရင်လည်း အဆင်သင့် တံခါး ဖွင့်ပေးထားသော လှောင်အိမ်တစ်ခု ဖြစ်စေရမည် ။ သူမ ချစ်မြတ်နိုးသော ကိုကို ထွက်သွားမည်လား ။ သူမ၏ ရင်ကွဲခြင်းကို သိုဝှက်လျက် ကိုကို့ကိုယ်စား သူမ ပျော်ပေးနိုင်မည် ။ ထိုမျှအထိ ကိုကို့ကို သူမ ..

“ ကိုကို ထမင်း စားတော့မလား ။ ဟင်း နွှေးလိုက်မယ် ”

“ စားခဲ့ပြီးပြီ မြိုင် ။ ဆေးရုံမှာ သည်ခွဲတဲ့ လူနာက ခေါက်ဆွဲတွေ တစ်ဝပ်ဒ်လုံး ကျွေးတယ် ”

“  ဪ ”

“ မြိုင် ပျင်းရင် ကိုယ်ထိုင်ပြီး ဟင်းစားမယ်လေ ”

သိတတ်သော ကိုကို့ကို သူမ ငေးရင်း ငိုချင်လာသည် ။

သူမ ရင်ခွင်ထဲမှာ ကိုကို ထွက်သွားမည်ကို သူမ ရင်မဆိုင်ရဲပါ ။ သူမတွင် အင်အား မရှိပါ ။ သို့ပေမယ့် သူမ၏ အတ္တကို ချေဖျက်သင့်သည် ။ သူမကြောင့် ချစ်သူ စိတ်ညှိုးနွမ်းသည်ကို မကြည့်ရက်ပါ ။

သွားပါတော့ ကိုကိုရယ် ။

နီးပါလျက် ဝေးနေရခြင်း ဆင်းရဲကို ကိုကို ခံစားရလိမ့်မည် ။ သူမ၏ အပျော်တွေကို ချေဖျက်လိုက်ချင်သည် ။

“ စန္ဒီက မှာလိုက်သေးတယ် ။ သူ့ဆီ မြိုင် မလာတာ ကြာပြီတဲ့ ။ ရန်ကုန်က သိုးမွှေးကတ်တလောက် ရထားတယ်တဲ့ ”

“ ဟုတ် ၊ မအားတာနဲ့ မသွားဖြစ်တာ ။ ပြီးတော့ မစန္ဒီက ဆေးရုံက မောမောပန်းပန်း ပြန်လာပြီး နားနေတုန်း သွားရတာ အားနာလို့ ”

“ ဟုတ်တော့ ဟုတ်ပါတယ် ။ ဆရာဝန် မလုံလောက်တော့ သိပ်ပင်ပန်း တာပဲ ။ ကဲ ... မြိုင့် ဟင်းတွေလည်း ကိုယ် စားလို့ ကုန်တော့မယ် ။ ရေချိုးပြီး အိပ်ဦးမယ် ”

ကိုကို သွားသည်နှင့် သူမ ဆက်မစားဖြစ်တော့ ။

ဆေးရုံတွင် ထမင်းလက်ဆုံ စားနေကြမည်ကို မြင်ကာ ဝမ်းနည်းနေသည် ။ ကိုကို့ မျက်ဝန်းတွေထဲ သံသယဖြင့် မစူးစမ်းချင် ။ ကိုကို့ သိက္ခာကို စော်ကားရာ ရောက်လိမ့်မည် ။ ကိုကို့ကို လှောင်ပိတ်ထားရာ ရောက်လိမ့်မည် ။

ကိုယ်တိုင်ကတော့ မွန်းကျပ်လျက် အချိန်ပြည့် ဝမ်းနည်းနေသည် ။

သူမသည် နောက်လူ ... ထိုအသိဖြင့် မနေပျော် ။ သူမသည် အလွန်တရာ ဝန်တိုတတ်သော မိန်းမတစ်ယောက် မဟုတ်သော်ငြား ချစ်သူ၏ စိတ်မချမ်းမြေ့မှု ကိုဖြင့် မရှုစိမ့်ပါ ။ ပြီးတော့ သူမက တရားခံ ဖြစ်နေသေးသည် ။ သူမ စိတ်မကောင်းပါ ။

သူမအား အခွင့်အရေး ပေး၍ သဘောထား မေးခဲ့သော ကိုကို့အား သူမ ကတော့ အခွင့်အရေး ရိုက်ချိုးပစ်ခဲ့မိသည် ။ တကယ်ဆို ( ကိုကို့ သဘောက ရောဟင် ) ဟု လမ်းဖွင့်ပေးခဲ့သင့်သည် ။ ထိုကဲ့သို့ မေးခဲ့လျှင် ကိုကို မည်သို့ ပြန်ဖြေမည်ကို ခုချိန်ကျမှ အပြင်းအထန် သိချင်နေမိသော သူမသည် အရူး တစ်ယောက်သာ ဖြစ်လိမ့်မည် ။

စိတ်မကောင်းပါဘူး ကိုကိုရယ် ။

သူမ၏ အတ္တ တစ်ခုတည်းဖြင့် ချစ်သူကို မပိုင်ဆိုင်ရက်ပါ ။ စွန့်လွှတ်နိုင်သည် မဟုတ်သော်လည်း နှောင်ဖွဲ့ထားရာရောက်မှာ ကြောက်သည် ။ သူမ မြတ်နိုးခဲ့သော အရှက် ၊ မာန ၊ သိက္ခာ အားလုံးထက် ကိုကို့ကို ပို၍ တန်ဖိုး ထားမိလေသည် ။ ကိုကို ပျော်ရွှင်မှုထက် လောကတွင် မည်သည့် အရာမှ အရေးမကြီးဘူးဟု သူမ ခံယူသည် ။

“ မြိုင်ရေ ”

“ လာပြီ မစန္ဒီ ”

ကိုကို့ အဝတ်များ မီးပူတိုက်နေရာမှ ခလုတ်ပိတ်ကာ သူမ ထွက်လာစဉ် အိမ်ဝ၌ ခပ်ပြုံးပြုံး ရပ်နေသော မစန္ဒီကို တွေ့ရသည် ။ မစန္ဒီ လက်ထဲတွင် အထုပ်အပိုးတွေနှင့် ။

“ မြိုင် မလာတော့ တို့ကပဲ လာရတာပေါ့ ”

မစန္ဒီကို တွေ့တော့ သူမ အားနာပြန်သည် ။ သူမ အပေါ် ညီမငယ် တစ်ယောက်လို ခင်မင်နိုင်သော မစန္ဒီကို သူမ စိတ်ထဲမှာ တောင်းပန်မိပြန်သည် ။ သူမသည် တရားခံစင်စစ်ပဲ ။ ချစ်သူတို့အား ကွေကွင်းစေသူပဲ ။ ထိုအခါ သူမ ကြေကွဲသည် ။

“ မြိုင် မအားလို့ပါ မစန္ဒီရယ် ။ သတိတော့ ရပါတယ် ။ မနေ့ကတောင် ဘာလချောင်ကြော်တွေ ကိုကိုနဲ့ ထည့်ပေး လိုက်သေးတာပဲ ”

"ဟဲ .. ဟဲ .. အဲဒါကြောင့် မနက်က ထမင်းနှစ်ပန်းကန် ကုန်လာတာပေါ့ ။ ဒါပဲနော် တို့ ဝလာရင် မြိုင်ကြောင့်ပဲ ”

“ မစန္ဒီက ဝလည်း လှပါတယ် ”

“ ဒါပေါ့ ။ ဒါကြောင့် မြိုင့်အတွက် အင်္ကျီကလေးတွေ ဝယ်လာတာ ။ ဟိုနေ့က တို့ညီမ လာသွားတယ်လေ ။ အဲဒါ တို့ မှာလိုက်တဲ့ အင်္ကျီတွေ ပါလာတယ် ။ မြိုင့် အတွက်ပေါ့ ။ မြိုင် ကြိုက်တဲ့ အင်္ကျီကလေးတွေလေ ”

“ ဟင် နှစ်ထည်တောင် ။ ဟင့်အင်း ။ မြိုင် မယူပါရစေနဲ့ ။ ဟို ... ”

“ မြိုင်နော် ၊ မယူရင် ကိုယ် ဖြဲပစ်လိုက်မှာ ”

မစန္ဒီသည် စောစောက အင်္ကျီချုပ်ရင်း ချထားသော ကတ်ကြေးကို ဆွဲယူ ခြောက်လှန့်သည် ။ သူမ အားနာစွာ ယူလိုက်ရ၏ ။ ပြီးတော့ စိတ်မကောင်း ဖြစ်ရပြန်သည် ။ ကိုယ့်အပေါ် ကောင်းကြသူ နှစ်ဦးကိုမှ သူမက ကွဲကွာစေသည် ။

“ မြိုင် မင်းခေါင် ပြောမှာ စိုးလို့လား ။ သူ့ကို ဆေးရုံမှာ ပြောတော့ သူကတောင် ငါ့မိန်းမ ပိုလှလာဦးမှာပဲ ဆိုပြီး ကျေနပ်နေတာ ”

သူမ မျက်နှာ ညှိုးနွမ်းနေလိမ့်မည် ။

မစန္ဒီ၏ မျက်ဝန်းများကို လှမ်းကြည့်စဉ် ပကတိ ကြည်လင်တောက်ပမှုကို တွေ့ရသည် ။

အမေ ပို့လိုက်သော အဖော်ကောင်မလေး ရောက်လာသည် ။

သူမသည် မှန်ရှေ့တွင် မစန္ဒီ ပေးသော အင်္ကျီများအား ဝတ်ကြည့်ရင်း အလွန်တရာ ဝမ်းနည်းလာလေသည် ။ သဘောထား ပြည့်ဝလိုက်တာ ။ သူမကို ညီမငယ်လို ချစ်ခင်လေသည် ။ ဟန်ဆောင်နေခြင်းလည်း မဟုတ် ။ ကိုကို ကျတော့ရော ။

သူမအပေါ် ငဲ့ညှာတတ်သည် ။

အမေတို့ ချမ်းသာပေမယ့် ကိုကိုသည် လစဉ် ကန်တော့ရန် သူပဲ သူမကို ဆုံးမခဲ့သည် ။

ကိုကိုသည် သူမအတွက် ခင်ပွန်းတစ်ယောက် ၊ ချစ်သူတစ်ယောက် ၊ အစ်ကိုတစ်ယောက်ပါပဲ ။ သည်လို ကောင်းသူများ အပေါ် သူမ နာကျင်စေခဲ့သည် ။

“ မြိုင် လှတယ်ကွာ ။ ဟင် ... မြိုင် ငိုနေတယ် ”

ကိုကို အနား ရောက်လာမှန်း သူမ မသိလိုက်ပါ ။

“ အန်တီ့ဆီက စာလာလို့လား ”

သူမ ခေါင်းခါပြီး တစ်ခဏ အပြင်ဖက်မှ ကောင်မလေး အသံ ပေါ်လာ သည် ။ ( မမမြိုင် ဟင်းမွှေးလိုက်ရမလား ) ။ ကိုကိုက “ အေး ” ဟု အမြန်ဖြေသည် ။ ထို့နောက် မြိုင့်ကို ကြည့်သည့် ကိုကို့ ကို မော့ကြည့်သည့်အခါ သူမ ပို၍ ငိုချင်လာသည် ။

ရှိုက်၍ပင် ငိုလိုက်သော သူမကြောင့် ကိုကို လန့်သွားပုံရသည် ။ ထို့နောက် ( ကိုကို မြိုင့်ကို ကွာရှင်းပေးပါ ) ဟူသော စကားတွင်တော့ ကိုကို ခဏ သေဆုံးသွား သလိုပင် ။ ကိုကို့ ပျော်ရွှင်မှု အတွက် ပတ်ဝန်းကျင်တွင် သူမ သာ အပြစ်တင်ခံလိုသည် ။ ကိုကို့အပြစ် မဖြစ်စေချင် ။ ကိုကို ပြောထွက်မည် မဟုတ်သော စကားတစ်ခွန်း သူမ ကသာ ပြောပေးလိုက်သည် ။ ကိုကို့ကို လွတ်လပ်ခွင့် ပေးလိုလှသည် ။

“ မြိုင် ဘာပြောတာလဲဟင် ”

ငိုသံနှင့်မို့ ကိုကို နားကြား လွဲသလား ထင်ပုံရ , ရသည် ။ ရှိုက်သံတွေကို တိတ်စေပြီးမှ ( ကိုကို ကွာရှင်းပေးပါ ။ မြိုင် မေမေတို့ဆီ ပြန်တော့မယ် ။ ကွာပေးပါနော် ) ဟု ထပ်မံပြောလိုက်သည် ။ ထိုစကားတစ်ခွန်း အတွက် ရင်ထဲ ကြေမွသွားသည် ။ သူမ ကိုကို့ကို မကြည့်ရဲပါ ။ မစွန့်လွှတ်နိုင်ခြင်း အင်အားတို့အား ကိုကို့ မျက်ဝန်းများက ဖျက်ဆီးလိုက်မှာ စိုးသည် ။

“ ဘာလို့လဲ မြိုင် ။ အဓိပ္ပာယ် မရှိတာတွေ မပြောပါနဲ့ မြိုင်ရယ် ။ မြိုင် ဘာဖြစ်နေလဲဟင် ။ ကိုယ်ရော ဘာလုပ်မိလို့လဲ ”

“ ဟင့်အင်း ၊ ကိုကို့မှာ အပြစ် မရှိပါဘူး ”

မြိုင် ခေါင်းခါလိုက်သည် ။

“ အိမ်ထောင်ရေး ဆိုတာ ကလေးကစားတာ မဟုတ်ဘူး မြိုင် ။ ကိုယ့်ကို ပြောစမ်းပါ ။ ဘာဖြစ်နေသလဲ ”

“ မြိုင့်ကို မသနားပါနဲ့ ကိုကို ။ နောက်ပြီး အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုးတွေ ဘာတွေကြောင့်တော့ မြိုင့်ကို မပေါင်းပါနဲ့ ။ လူကြီးတွေ မျက်နှာပျက်တာ တစ်ခု ကြောင့်တော့ မြိုင့်ကို မပေါင်းပါနဲ့ ကိုကိုရယ် ။ မြိုင် မသိခဲ့လို့ပါ ။ သိခဲ့ရင် မြိုင့်ကြောင့် ကိုကိုတို့ မဝေးစေရပါဘူး ။ မြိုင် ... မြိုင်က ကိုကို့ကို ချစ်တော့ တစ်ကိုယ်ကောင်းဆန်မိတယ် ။ မြိုင် မှားတာ ။ မြိုင် အပြစ်ရှိတာ ။ ဘေးက ကိုကို့ကို အပြစ်မတင်အောင် မြိုင်က ကွာရှင်းခွင့် တောင်းတာပါ ”

သူမသည် နှုတ်မှ အဆက်မပြတ် ရေရွတ် ငိုကြွေးကာ အဝတ်တွေ သိမ်းရန် ဗီရိုဆီ အလှမ်းတွင် သူမ လက်မောင်းများအား ကိုကိုက ဖမ်းဆွဲထားလေသည် ။

“ မြိုင် ”

သူမ ရုန်းလိုက်သည် ။

“ မြိုင် ကိုယ့်ကို ကြည့်စမ်း ”

သူမ ခေါင်းခါကာ ပို၍အားစိုက်ရုန်းစဉ် ကိုကိုက လွှတ်ပေးလိုက်သည် ။

“ မြိုင် ကိုယ် စိတ်တိုလာပြီနော် ။ မြိုင် ရူးနေပြီလား ”

“ ဟုတ်တယ် ။ မြိုင် ရူးနေပြီ ။ ပြီးတော့ မြိုင် သေချင်တယ် ။ ကိုကို စိတ်ဆင်းရဲရတာကို မကြည့်ချင်ဘူး ။ လူ့အသိုင်းအဝိုင်းရဲ့ စည်းမျဉ်းတွေနဲ့ ကိုကို့ကို မချုပ်နှောင်ချင်ဘူး ။ ကိုကို့ အတွက် မြိုင်ပဲ တရားခံလေ ။ မြိုင့်မှာ အပြစ် ရှိတယ် ။ မြိုင် မသိလို့ပါ ။ မြိုင် တောင်းပန်ပါတယ် ။ မေမေတို့ကို မြိုင်ကပဲ အမေကို မခွဲနိုင်လို့ ကွာခဲ့တာ ကိုကို့ကို ချစ်တယ် ထင်ခဲ့တာ ။ အခု မချစ်တော့လို့ ကွာခဲ့တာလို့ မြိုင်ပဲ အပြစ်ဖြစ်ခံမယ် ။ ကိုကို စိတ်ညစ်နေတာ မြိုင် ... မြိုင် မကြည့်ရက်ဘူး ။ ကိုကို့ကို ချစ်လို့ မြိုင် လက်ထပ်တာ ။ အဲလိုပဲ ကိုကို့ကို ထင်ထားတာ ။ ချစ်မှပဲ လက်ထပ်ပါ ။ အားနာလို့ မိဘတွေကြောင့်တော့ လက်မထပ်ပါနဲ့ ကိုကိုရယ် ။ ကိုကို့ မေမေကြောင့် မြိုင့်ကြောင့် ကိုကို ဘဝ .... ဟို ... ”

သူမသည် တတွတ်တွတ် ရေရွတ်ရင်း ဗီရိုဖွင့်ကာ လက်ဆွဲသေတ္တာထဲ အဝတ်တွေ ထည့်နေရာမှ ကိုကိုထံ လှမ်းကြည့်သောအခါ ခုတင်ပေါ်တွင် ခြေချထိုင်ရင်း သူမအား ပြုံးကြည့်နေသော ကိုကိုကို အတွေ့တွင် သူမ ကြောင်သွားသည် ။

“ မြိုင် ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူးနော် ။ ငါ့မိန်းမက ဗီဒီယိုတွေ ကြည့်ပြီး တော်တော် စိတ်ကူးယဉ်တာကိုး ”

ကိုကို့ စကားတွင် သူမ အထွန့်တက်မည် ကြံဆဲ ကိုကိုက တားတာမို့ သူမ ငြိမ်နေရသည် ။

ကြမ်းပြင်ပေါ် ထိုင်နေလျက်မှ အဝတ်များ ဆက်မထည့်ဖြစ်ဘဲ ကိုကို့ကို ငေးကြောင် ကြည့်လိုက်မိသည် ။

“ မြိုင်နဲ့ နေရတာ မပျော်ဘူး ၊ ကိုယ် စိတ်ညစ်နေတယ်လို့ ပြောဖူးသလား ”

“ ဟို .... ဒါပေမယ့် ”

“ အရူးမ ”

ခပ်ပြုံးပြုံး ရေရွတ်သော ကိုကို့ စကားတွင် သူမ အရည်ပျော်သည် ။

“ ကိုယ့်မှာ ချစ်သူ ရှိဖူးသားပဲ ။ ချစ်ဖူးသားပဲ ။ မြိုင် သိတယ်မှတ်လို့ ပြောမပြဖြစ်တာ ။ မြိုင်က သိရင် ကိုယ့်ကို မယူဘူးပေါ့ ။ ချစ်သူ ရှိပြီးသားကြီးဆို မြိုင် မကြိုက်ဘူးပေါ့ ။ မြိုင့်လို မသန့်စင်လို့ မြိုင် မကြိုက်ဘူးပေါ့ ”

ခပ်ပြုံးပြုံး မေးငေါ့လိုက်သော ကိုကို့ ပုံစံကို ငေးရင်း ...

“ အဲလိုတော့ မဟုတ်ပါဘူး ။ မြိုင့်ကြောင့် ကိုကိုနဲ့ ဟို ... ဟို အစ်မနဲ့ ဝေးရမှာမျိုး မဖြစ်စေချင်တာပါ ။ မြိုင်က လူကြမ်းဖြစ်မှာ ကြောက်တယ် ။ ကိုကို့ကို စိတ်ချမ်းသာစေချင်တယ် ”

“ တကယ်နော် ”

“ ဟုတ် ”

“ ကောင်းပြီ ။ ဒါဆို မြိုင် ဘယ်မှ သွားစရာ မလိုဘူး ။ မြိုင် ရှိမှ မြိုင့် အနားမှာ နေရမှ စိတ်ချမ်းသာမယ် ။ အဲ ... မြိုင်က ပြောင်းလဲလာတဲ့ ယောက်ျား တစ်ယောက်ရဲ့အချစ်ကို လက်ခံနိုင်တယ် ဆိုရင်ပေါ့ ”

“ ဟင် ကိုကိုကလည်း မြိုင်က အဲလို မဟုတ်ပါဘူး ”

“ မြိုင့်ကို ကိုယ်ချစ်တယ် ။ အဲဒါ မြိုင် မသိဘူးလား ။ ဟာကွာ .. ။ ကိုယ့်မိန်းမကို ကိုယ် ရည်းစားစကား ပြောရတာ မနိပ်ပါဘူး ။ ရှက်စရာကြီး ။ ကဲ ... အဝတ်တွေ ပြန်ထည့်တော့ ။ ထမင်းစားမယ် ။ ကိုယ် ဆာပြီ ။ မြိုင်လည်း ဆာရောပေါ့ ။ ငိုရတာ မောပြီ ”

သူမသည် ခုမှ ရှက်ရွံ့စွာ မျက်ရည်များကို သုတ်သည် ။

အင်္ကျီများ ပြန်ထည့်သော သူမကို ကိုကိုသည် ကြည့်ကာ အော်ရယ်လေသည် ။ သူမသည် မနေတတ်အောင် ရှက်ရွံ့သွားလျှက် အင်္ကျီတစ်ထည်အား လုံးခြေကာ ပစ်ပေါက်လိုက်၏ ။ ကိုကိုသည် အင်္ကျီကို ပြန်ပစ်ကာ ..

“ ပြန်ချင်ပြန်နော် ၊ မတားဘူး ” ဟု ကျီစယ်သည် ။

( တကယ်ပြန်မှာ ) ဟု သူမ ရေရွတ်စဉ် ကိုကိုသည် တမင်တကာ ပြုလုပ်ထားသော ပျာပျာသလဲပုံစံနှင့် တားလေသည် ။ ရွှင်မြူးနေသော ကိုကို့ပုံစံကို မမြင်ဖူးသော သူမသည် အထူးအဆန်းဖြစ်ကာ ကြည့်ကောင်းနေလေ၏ ။

ထိုနေ့ကမှ ...

ကိုကို နှင့် သူမ ရင်းနှီးကျွမ်းဝင်သွားလေသည် ။

သူမ၏ ရင်ထဲတွင် ယုံကြည်ခြင်း ၊ ရဲဝံ့ခြင်း ၊ နေပျော်ခြင်း ၊ ပြည့်စုံခြင်းတို့ မင်းမူတော့သည် ။

▢  ခိုင်နွယ်သန့် ၊ မန္တလေး ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၁၉၉၅

No comments:

Post a Comment