❝ အာနန္ဒာ ခြေတော်ရင်းဆီက ❞
( မျက်သွယ် - ငါ့သရောက် )
၁ ။
“ ဟန့် ”
ချိတ်ခုံကို ကြိမ်နှင့် ပုတ်လိုက်တော့ နွားက စားကျင်း တစ်ဖက်ကို ဟုန်းခနဲ ထွက်သွားသည် ။
အမြီးသွယ်သလောက် နားငယ်သည့်နွား ။ အမွေးကလည်း ဇိမ်း ။
တိုးနီက ဘထွေးတင်ကို လှမ်းကြည့်သည် ။ ချည်နီ တဘက်လေး ခေါင်းပေါင်းထားသည့် ဘထွေးတင် က နွားကဲသာမက တိုးနီကဲပါ ခတ်ပြီးလေပြီ ။
“ တစ်ယောက်တည်း မွေးတဲ့သား ၊ တစ်ကောင်တည်း ကျွေးတဲ့ နွားတဲ့နော် ”
ဘထွေးတင်က သတိပေးစကား ဆိုသည် ။ တိုးနီက နွားကို နဖားကြိုးကိုင်ပြီး နောက်ဖိ တွန်းလိုက်သည် ။ ကြည့်စမ်း ... ကောင်းလိုက်တဲ့ တံကောက် ။ လုံးဝပျော့ ညွတ်သွားခြင်း မရှိ ။ ခွာလေးလုံးကလည်း ဖလား မှောက်ထားသည့် အလား ။ နဖားကြိုးကို လွှတ်လိုက်သည် ။
“ ရှူး ... ”
ဘထွေးတင် စကားသာ သတိမထားပါက ချိုဖျားမှာ ကားခနဲ ပါသွားလောက်သည် ။ နွားက နဖားကြိုး လွှတ်သည်နှင့် တန်းဝှေ့သည် ။ သို့သော် တိုးနီက ခြေတစ်လှမ်း ဆုတ်ပြီးသား ။ နှာရောင်ကိုလည်း ကြိမ်နှင့် ဖြတ်ရိုက်လိုက်ပြီးသား ။
“ ဖြောင်း ”
ခေါင်းတစ်ခြမ်း စောင်းသွားသော နွားက နှာတရှူးရှူးမှုတ်နေသော်လည်း ရှေ့ဆက်မတိုးဝံ့ ။
“ ပြန်ကြရအောင် ”
ဘထွေးတင်က မီးနီပြပြီ ။ တိုးနီ ရွာခံပွဲစား စိန်လှကြည့် ပခုံးကို ပုတ်သည် ။
“ ဝှေ့တယ် ၊ ဒါပေမဲ့ ဈေးကိုက်ရင် ယူတယ် ”
ဘယ့်နှယ် ၊ နားလည်း မမှောက် ၊ မျက်ထောင့်လည်း မနီ ။ နကျစ်အမွေး စာဥ အသွေးလည်း မဟုတ် ။ ဘထွေးတင် ပြောသလို တစ်ကောင်တည်း ကျွေးပြီး မခိုင်းဘဲ ထားလို့ နေမှာ ။ ဒီ ဉာဉ်က အိမ်ခံ ခြောက်ကွင်း နှင့် တွဲလိုက်ရင် ... ။
တိုးနီ က ဘထွေးတင် ကို ကြည့်သည် ။ ဘထွေးတင် က -
“ ကိုင်း ... စိန်လှကြည် ၊ ညှိ ... ညှိ ”
••••• ••••• •••••
၂ ။
“ ဒီနွား ရတဲ့နေ့က စပြီး စီးပွားတိုးတက်ပါစေဗျာ ”
“ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ”
စိန်လှကြည်က နွားကို နဂါးခေါင်း လွတ်အောင်ထားပြီး ကြိုးအပ်သည် ။ တိုးနီ က ခါးတွင် လိပ်ထားသော ကွမ်းဘူးထဲက ဆေးရွက်ကြီးတွေကို ထုတ်ငုံရင်း ကိုင်ကြိုးနှင့် နဖားကြိုးကို တွဲကိုင်သည် ။ နွားက မျက်လုံး တဝင့်ဝင့် ၊ နားတစွင့်စွင့် ။
“ ဖြီး .... ”
လာထား ။ တိုးနီ က ငုံထားသော ဆေးရွက်ကြီးတွေကို မျက်လုံးထဲ ထွေးထည့်လိုက်သည် ။
“ ရှူး .... ”
နွားခမျာ စပ်လွန်း၍ ထင်၏ ။ သေးရော ချေးပါ ထွက်ကျလာသည် ။ မျက်လုံး မဖွင့်နိုင်ဘဲ ခေါင်းတွင်တွင် ယမ်းနေတုန်း တိုနီ က ဘို့ပေါ် ကြိုးပစ်တင်ပြီး လမ်းဘက် ဦးတည်ပေးသည် ။
“ ဖြန်း .. ဖြန်း ”
“ ဟိတ် ”
တိုးနီ ကြမ်းပြီ ။ နကန် နှင့်လည်း တွယ် ၊ အသံနှင့်လည်း မဲတော့ နွားက ကဆုန်ပေါက် ပြေးသည် ။ တိုးနီ က အပြေးလိုက်ရင်း ကြိုးကို ထိန်းသည် ။ ဘထွေးတင် လည်း စိန်လှကြည် ကိုပင် နှုတ်မဆက်နိုင်တော့ ။
တစ်ကြိုးလောက် ရောက်တော့ နွားက ကြိုးကို တောင့်ရင် တောင့်သလို ခေါင်းက မော့မော့လာပြီး မြီးလုံးက ကြွကြွလာသလို ကြိုးကို လျှော့တော့လည်း လျှော့သလို ခွာကလေး ရှပ်ရှပ်ပြီး အမြီးက ကျောပေါ်ဝဲဝဲလာသည် ။
တိုးနီ နောက်လှည့် ကြည့်လိုက်တော့ အပြေး လိုက်လာသည့် ဘထွေးတင် မျက်နှာကြီးက ပြုံးလို့ ။
“ ဒီမြေ ၊ ဒီအသွားနဲ့ ဒီနွားကို ပြာသိုပွဲ အမီ ရောင်း လိုက်ရရင် ” ဟု တွေးမိနေပြီ ထင့် ။
••••• ••••• •••••
၃ ။
အရှေ့ဆီက နေလုံးနီနီ တက်လာတော့ ထွန်ရေး အတော်ဝင်မိပြီ ။ နွားလည်း နား ၊ လူ လည်း နားရအောင် ကြိုးကို ထွန်ကိုင်းမှာ ချိတ်ပြီး လှည်းဆီပြန်လာခဲ့သည် ။ ကျွဲတိုင် ချိတ်ထားသည့် ရေဘူးလေး ကို ဖြုတ်ခါရှိသေး ... ။
“ ဝပ်ထရိန်း ”
ခြောက်ကွင်း တွန်သံ ကြားလိုက်ရသည် ။ ကြည့်လိုက်တော့ ထွန်တခြား နွားတခြား ။ ဖုန်တလုံးလုံး ကြားမှာ နွားနှစ်ကောင်က ဝှေ့နေပြီ ။ တိုးနီ ရေဘူးကိုမော့လိုက်သည် ။ ယာထိုး ခက်ရင်း ဆ,ရင်း ခပ်သုတ်သုတ်ပြေးခဲ့ရပြီ ။
သည် နှစ်ကောင်ကို ဝှေ့မည် မထင်တော့ ။ ဇိမ်း က ရောက် ကတည်းက အကြောက် ။ ခုတော့ လှန်ပြီ ။
အလုံးအထည် ရော ၊ ဒေါက် ရော သာသည့် ဇိမ်း က ဖိတွန်းနေသည် ။ ခြောက်ကွင်း က တောင့်ခံလိုက် ၊ ဆုတ်ပေးလိုက်နှင့် အားစမ်းနေသည် ။ ဇိမ်း က ခြောက်ကွင်း အကြောင်း မသိသေး ။ သည်ကောင်က အကောင် ဘယ်လောက်ကြီးကြီး အချိန်တန်လျှင် အမြီးထောင်ပြေးအောင် ဝှေ့သည့် နွား ။ တိုးနီ ထန်းတန်း ဘေးကနေ ပန်းလိုက်သည် ။ ဟော ... ခြောက်ကွင်းက သူ့ချိုတိုလေးကို လွတ်အောင် ဖြုတ်ပြီး ရင်အုံကို တိုက်ပြီ ။
“ ဘော... ”
ဇိမ်း အော်သံက အနောက်ဘက် မန်ကျည်း တောကနေ ပဲ့တင်ပြန်လာသည် ။
“ ဟိတ် ”
ထန်းပင် အကွယ်က တိုးနီ သာ ခက်ရင်းနှင့် ထွက် မထိုးလျှင် ထန်းသုံးပင်ကြား ညပ်သွားသည့် ဇိမ်း အဖြစ်က မတွေးဝံ့စရာ ။ အခုတော့ ခြောက်ကွင်း ချာခနဲ လှည့်ပြီး အမြီးထောင် ပြေးပြီ ။
ဇိမ်း ကတော့ နေရာမှာပင် မလှုပ်မယှက် ။ နတ်ကျသလို တုန်နေသည် ။
“ ကျွတ် .. ကျွတ် ”
တိုးနီ က စုတ်သပ်ပြီး ချော့သည် ။
ထိုနေ့ကစပြီး ဇိမ်း၏ ပြောင်းလဲသွားပုံမှာ အံ့ဩလောက်သည် ။ ဇိမ်း သည် တိုးနီ ကို မြင်လျှင် အသံပြု တတ်သလို တိုးနီ ကများ “ ဟိတ် ” လို့ အော်လိုက်ရင် ဝပ်နေရာကပင် ဝုန်းခနဲ ထ , တတ်သည် ။ ထမ်းပိုးထဲတွင်လည်း ခြောက်ကွင်းကို “ ကိုင် ” ခြင်း မရှိတော့ ။
ဇိမ်း ကား အတိုင်နွား ခြောက်ကွင်း ဦးဆောင်သွား သမျှ အလှည့်နွား ပီပီ ခေါင်း တခါခါ လည်တမော့မော့ ကြော့ကြော့ ကြော့ကြော့နှင့် လိုက်တော့သည် ။ နွားနှစ်ကောင်ကား အတိုင်အလှည့် ညီလေပြီ ။ ဇိမ်း ၏ သတင်းသည်လည်း ပျံ့သင်းချေပြီ ။
••••• ••••• •••••
၄ ။
“ ဘူး ... ”
ပြောင်းရိုးထုံး ရွက်ဝင်လာသော တိုးနီ ကို မြင်တော့ ဇိမ်း က အသံပေးသည် ။ ဇိမ်း အနားတွင်ကား ဘထွေးတင် နှင့် ပွန်ချောက်ကန် နယ်တစ်လွှား နွားသမားတွေ ။
“ ဇိမ်းလေး ဈေးပြောကွာ ”
တိုးနီက ပြောင်းရိုးထုံးကို နင်းခုံပေါ် ချသည် ။
“ မရောင်းသေးပါဘူးဗျာ ”
“ ဟ , ပွဲစားရ ၊ အထာ ကိုင်နေမယ့်လူတွေ မဟုတ်ပါဘူးကွ ”
“ အထာကိုင်တာ မဟုတ်ပါဘူးဗျာ ၊ ဒီနွားကို တစ်နှစ်တစ်ဝါ ကိုင်ချင်သေးလို့ပါ ”
ဘထွေးတင် က နှုတ်ဆိတ်နေသည် ။
တိုးနီ အသံက ချွေးစိုနေသော စွပ်ကျယ်အောက်က လာသည့်အသံ ။
“ ဒါပေမဲ့ဗျာ ဘထွေးတင် သဘောပါ ။ သူ့နွားပဲ ၊ သူ ရောင်းရင် ဝယ်သွားပေါ့ ”
ဟော .. သူ့ဘက် လှည့်လာပြီ ။
“ ဟကောင်ရ ၊ ဒီစကားမျိုးတော့ မပြောနဲ့လေ ။ မင်း နဲ့ ငါ အတူတူပါပဲကွ ။ ကြည် ကြည်ဖြူဖြူမှ ကောင်းတယ် ။ ဒီလူတွေကလည်း ဘယ်သူတွေလဲ ကြည့်ဦး ”
တိုးနီ က နင်းခုံကို တဂျိုင်းဂျိုင်း နင်းနေသည် ။
“ မင်းတို့ဟာ မဟုတ်သေးပါဘူး ၊ တို့မလည်း ရှာချိန် မရှိတော့ဘူး ”
“ ပြာသိုပွဲရက်က နီးနေပြီ ”
ပွန်ချောက်ကန်နယ်သားတွေ၏ ညည်းသံက တိုးနီ လိပ်ပြာကို လှုပ်နှိုးချေပြီ ။ ပြာသိုပွဲတဲ့ ။
ပြာသိုပွဲ ဆိုတာ ပြာသိုလမှာ ကျင်းပတဲ့ အာနန္ဒာ ဘုရားပွဲတော်ရဲ့ ဒေသအခေါ် ပါ ။ ပုဂံညောင်ဦးနယ်ရဲ့ အထင်ကရ ပွဲတော်ပွဲကြီးပေါ့ ။ ပြာသိုလ ဆန်းပြီ ဆိုတာနဲ့ ပုဂံနယ်တစ်လွှားက ရွာလုံးကျွတ် လှည်းတွေနဲ့ ဘုရားကို သူ့ထက်ငါ ရောက်အောင် အပြိုင် မောင်းပြီး အာနန္ဒာ ခြေတော်ရင်းက မန်ကျည်းပင်ရိပ် ၊ ထနောင်းပင်ရိပ်တွေမှာ လှည်းတွေ ဝိုင်းဖွဲ့စခန်းချ ။ ဆိုင်ရာဆိုင်ရာ ဘုရားတွေကို ဆွမ်းချ ။ လပြည့်နေ့ ရောက်တော့ အာနန္ဒာဘုရားကြီးကို တစ်နယ်လုံးက ဆွမ်းလုံးကပ်လှူသည့် ပွဲတော်ကြီးတဲ့ ။
တကယ်ပါဗျာ ၊ တိုးနီ လေ ပုဂံနယ်တစ်လွှားက နွားသမားတွေ ပြောစကားနဲ့ကို အားကျလွန်းလို့ နွှဲလိုက်မယ်ဟဲ့လို့ အားခဲနေတဲ့ ပြာသိုပွဲ ။
တိုးနီ မျက်စိထဲ နွားတွေ ၊ ဘုရားတွေနှင့် လှည်းဝိုင်းကြီးတွေကိုတောင် မြင်ယောင်လာသည် ။
တိုးနီ နင်းခုံကို ရပ်လိုက်သည် ။
ဘထွေးတင် ကို ကြည့်လိုက်တော့ ဘထွေးတင် က သူ့ကို လှမ်းအကြည့်နှင့် အကြည့်ချင်းတောင် ဆုံနေပါပြီကော ။
••••• ••••• •••••
၅ ။
“ ကိုင်း ... သွားပြီဟေ့ ”
ပွန်ချောက်ကန်နယ်သားတွေကတော့ စိတ်တိုင်းကျ နွားကြော့ တစ်ကောင်ရ၍ ဝမ်းသာအားရ မောင်းထွက်သွားကြပြီ ။
နွားတစ်ကောင် အပေါ် သံယောဇဉ် တွယ်မိသွားသော နွားသမားတစ်ယောက်ကတော့ ငုတ်တုတ် မေ့ကျန်ခဲ့ ပြီ ။ နွားသမားတွေဟာ နွား နှင့် ပတ်သက်လာလျှင် တောင် မညှာဘူးဟု ပြောချင် ဆိုချင်သူတွေ မြင်လျှင် လှောင်စရာပင် ဖြစ်ကုန်တော့မည် ။ တိုးနီ မျက်တောင်ကို မြန်မြန်ခတ်ပြီး နွားမောင်း ထွက်သွားရာလမ်းကို လှမ်းကြည့်လိုက်တော့ ကြည်လင်သော ကောင်းကင်ထက်ကို လွင့်တက်လာသည့် ဖုန်စလေးတွေကိုသာ မြင်ရတော့သည် ။
သွားပေဦးတော့ ဇိမ်းလေးရေ ၊ မင်း သံယောဇဉ်ကို ငါ သိသလို ငါ့ စေတနာကိုလည်း မင်း နားလည်ပါ ။ မကြာခင် မင်း သခင်သစ်က မင်းကို သူများ လှည်းတွေနဲ့ အပြိုင် အာနန္ဒာခြေတော်ရင်း ကို ရောက်အောင် မောင်းလိမ့်မယ် ။ အဲဒီအခါ မင်းက သူ များထက် အရင် ရောက်အောင် ပြေးတဲ့ပြီး အာနန္ဒာ ခြေတော်ရင်း ကနေ ... အာနန္ဒာ ခြေတော်ရင်း ကနေ ... ။
▢ မျက်သွယ် ( ငါ့သရောက် )
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
ဇွန် ၊ ၂၀၂၀

No comments:
Post a Comment