Friday, January 30, 2026

လန်ချား နှင့် အဝတ်

 

❝ လန်ချား နှင့် အဝတ် ❞
          ( ပီမိုးနင်း )

‘ လူအဝတ် ၊ တောင်းအကွပ် ’ ဆိုသော စကားသည် အလကား စကား ဖြစ်သည် ။ ဤစကားသည် ငါလို ပုဂ္ဂိုလ်မျိုးအတွက် မဟုတ် ။ များလှစွာသော လူသာမန်တို့ အတွက်သာ ဖြစ်သည် ။ ဟန်နဲ့ အသက်မွေးသူတွေ လောကမှာ များကြ၏ ။ ငါကား ဟန်နှင့် အသက်မွေးသူ မဟုတ် ။ အမှန်တကယ့် အစွမ်းသတ္တိ အရည်အချင်းနှင့် လူလုပ်သူ ဖြစ်၏ ။ အဘယ်အတွက် သင်းတို့ လူသာမန် နည်းစနစ်တွေကို ငါ အသုံးပြုရမှာလဲ ဟူ၍ မိမိဘာသာ ပြတင်းပေါက်မှာ ငေးနေရင်း မိမိကိုယ်ကို ပြောပြီး ဝတ်၍ ထားသော မိမိ၏ ကိုယ်ဝတ်ကို ကြည့်လေ၏ ။

အဝတ်မှာ ပလေကပ်လုံချည် အနက်အဖြူကွက် တစ်ပတ်နွမ်း ၊ ပိန်းတန်းဖိနပ် အနီ တစ်ပတ်ရစ် ၊ လည်ပင်း မှာ ဇာတပ်သလို နေ၍ ချွေးစနှင့် ညိုသော ရှပ်အင်္ကျီ ၊ အပေါ်အင်္ကျီရင်ဖုံး ၊ စိမ်းရာမှ ညိုပုပ်လျက် ကြယ်သီး များမှာ နဂိုရောင် ပျောက် ၊ ညစ်ဖြူခြောက်လျက် ၊ ပတ္တာ ပြုတ်သည့် တံခါးမင်းတုပ်လို ဖြစ်၍ နေသော ဖျင် သက္ကလတ် လေး ၊ ငါး ၊ ခြောက်ပတ်ရစ် နဂိုပန်းရောင် ဘဝမှ မြန်မာပင်းမင်း၏ လက်စွမ်းကြောင့် သစ်ရွက်ခြောက် ရောင် ဖြစ်ကာ အရောင် ကင်းမဲ့ အဆင်း မလဲ့သော ခေါင်းပေါင်း ၊ နှစ်ချောင်း သုံးချောင်း ဖြူသော ရိုးပြတ် နှုတ်ခမ်းမွေး ၊ အသားအရောင်ကလေး ညစ်ထပ်ထပ် ၊ ပညာတတ် အားကြီးသဖြင့် ခြောက်ကပ်လျက် ၊ ပြတ်ပြတ်ပြားပြား ဟောလီးဒေး အားလပ်ခွင့် ယူ၍ လာသော ဆီသည် အလား မသားနားသော မိမိ၏ အသွင်ကို သတိထားမိလေ၏ ။

မောင်သာညှင်း မှာ အိုင်အေ အောင်ပြီးနောက် ဘီအေ မှာ သုံးနှစ် ရှုံးခဲ့၏ ။ အိုင်အေ မှာလည်း လေးနှစ် ကြာခဲ့ပြီ ။ သို့ဖြစ်သောကြောင့်တစ်ကြောင်း ၊ ကျောင်းနေစဉ်က အပျော်အပါးကလေးများ မတော်တဆ ၊ အဖော် အလှော်များ လမ်းပြ၍ တစ်ခါနှစ်ခါ အလိုက်မှားမိ၍ အခန့်မသင့် ဖြစ်ကာ တစ်ခါခိုး တစ်ခါမိ ဆိုတဲ့ စကားကဲ့သို့ ရောဂါသည် ဖြစ်၍ သွားသည့်အတွက် နာတာရှည် ဖြစ်ကာ သုံးလေးငါးနှစ် အိမ်၌ မခုတ်တတ်သည့် ကြောင်ကလေးပမာ ကုပ်ချောင်းချောင်း ဖြစ်၍ နေရာမှ တွေ့သမျှ အင်္ဂလိပ်စာ ၊ မြန်မာစာတွေကို အကုန်နင်း၍ ဖတ်ခြင်းဖြင့် ငြီးငွေ့ဖွယ်သော ဂီလာန ဟောလီးဒေးမှာ စိတ်၏ မွေ့လျော်ဖျော်ဖြေခြင်းကို ရအောင်ရှာခဲ့ရသည့် အတွက် တစ်ကြောင်း ၊ ပစ်တမင်း လက်ရေးတိုစာအုပ် အမျိုးမျိုးကိုလည်း ဒိုးလိုမွှေလျက် များလှစွာသော သူငယ်ချင်းတို့အား လည်းကောင်း ၊ သတင်းစာများသို့ လည်းကောင်း ၊ တိုက်ပရိုက်တာ တစ်လုံးနှင့် စာတွေကိုသာ ကုန်း၍ နှိပ်ခဲ့ရသည့် အတွက် တစ်ကြောင်း ၊ အသိ မိတ်ဆွေ ကောလိပ်ကျောင်းသားဟောင်း များစွာတို့ ကပင် ၎င်းအား စာရေးသားခြင်း၌ တော်ပါပေတယ်ဟု အသိအမှတ် ပြု၍ ချီးမွမ်းကြရလေ၏ ။ အချို့ကလည်း “ ကိုသာညှင်း ခင်ဗျား ပညာတတ်ကျိုး မနပ်ဘဲ နေမယ်နော် ၊ ပညာဆိုတာ လူလုပ်ဖို့ သင်ရတာ ၊ ပညာသင်ဖို့ လူလုပ်ရတာ မဟုတ်ဘူး ။ ခင်ဗျား အခု အသက် သုံးဆယ်ကျော်ကလေးမှာ အဘိုးကြီး ဖြစ်နေပြီ ” ဟု ပြောကြရလေ၏ ။

အမှန်မှာလည်း ကိုသာညှင်း မှာ ရရှိသော ဝေဒနာ အဘယ်အခါကမှ လုံးလုံးကြီး မစင်၍ ရုပ်အိုခြင်းကြောင့် တစ်ကြောင်း ၊ ဗဟုသုတ အကြားအမြင် ပညာတွေ ပြည့်နှက်သဖြင့် လေးနက်၍ လူကြီးစိတ် ပေါက်နေသောကြောင့် တစ်ကြောင်း အဘိုးကြီးအို ပညာရှိကလေး တစ်ယောက် ဖြစ်၍ နေလေ၏ ။

သူငယ်ချင်းများနှင့် တွေ့လျှင် အဘိုးကြီးလို ရယ်၍ အဘိုးကြီးလို ပြောလေ၏ ။ အကြောင်းကိစ္စ ရှိလျှင် မိမိထက် ကြီးသော သူငယ်ချင်းများကိုပင် မိမိက အရာရာ၌ အကြံပေး ဉာဏ်ပေးပြုလေ့ရှိရာ ၎င်း၏ အမူအရာမှာ တက်ကြွခြင်း ၊ ဘဝင်မြင့်ခြင်း မဟုတ် ။ ပြောပိုင်သူ တစ်ယောက်၏ အနေမျိုးနှင့် ပြောခြင်းသာ ဖြစ်လေရာ မည်သူကမျှ ၎င်းအား ကဲ့ရဲ့ခြင်း မပြုနိုင် ။ ပြုလည်း မပြု ၊ အများ ခင်မင်သူ တစ်ယောက်လည်း ဖြစ်လေ၏ ။

အရာရာ၌ အတွေးအခေါ် အထင်အမြင်မှာ အခြား လူများနှင့် မတူပေ ။ သို့မတူကြောင်းကိုလည်း မိမိကိုယ်တိုင် သိလေ၏ ။ တစ်စိတ်တစ်ဒေသ ပုဂ္ဂိုလ်တို့မှာ ရေးရာ၌ ဖြစ်စေ ၊ ပြောရာ၌ ဖြစ်စေ အာဘော်ရဲရင့်ခြင်းသည် ထိုအသိကြောင့် ဖြစ်၏ ။ ကိုသာညှင်း မှာ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်လေ၏ ။

၎င်း၏ အလုပ်မှာ သတင်းစာတိုက်များကို မှီ၍ အသက်မွေးရသော အလုပ်ဖြစ်ရာ အဘယ်တိုက်မှာမျှ အယ်ဒီတာ ရာဇပလ္လင်ထက်၌ ထိုင်သော်လည်း သတင်းစာအလုပ်နှင့် ကိုသာညှင်း မှာ မကင်းရာ မကင်းကြောင်း ဖြစ်သည်မှာ ၎င်းအတွက် ဓမ္မတာ ဖြစ်၍ နေလေ၏ ။ အစိုးရ အလုပ်၌ လခကြီးသော နေရာများကို ကျန်းမာလျှင် ရနိုင်သော်လည်း မကျန်းမာခြင်း ၊ အရွယ်လွန်ခြင်းကြောင့် ရသမျှနှင့် ရောင့်ရဲကာ ရှေးရှေးက မျှော်လင့်ခြင်းနှင့် သမီးကို နှင်းခဲ့သော ယောက္ခမကြီး၏ ထောက်ပံ့ခြင်းနှင့် သတင်းစာတိုက်များမှ အကူအညီကို မှီ၍ နေရလေ၏ ။

ထိုနေ့၌ကား ဘာသာပြန် အလုပ်ကြီး တစ်ခုကို ရဖို့ရန် အချက်ကောင်း ရှိ၍ မိတ်ဆွေ တစ်ယောက်က အကြောင်းပြုသဖြင့် တစ်လလျှင် သုံးရာလောက် သက်သက်သာသာနှင့် ရဖို့ အခါအခွင့် ကြုံကြိုက်၍ လာသော နေ့ဖြစ်လေရာ ထိုနေရာ၌ စာတတ်ရုံမက “ ရှော့တ်ဟင်း ” အတတ်ပါ လိုသဖြင့် မိမိထက် တော်သူကို ရဖို့ရန် အတော် ခက်ဖို့ ရှိလေရာ ၊ မိမိ ထိုအလုပ်အတွက် ကျိန်းသေ၍ နေလေ၏ ။ ထိုနေရာမှ နောင် အကြောင်းဆက်ကာ သက်သက်သာသာနှင့် ကြီးမြင့်ဖို့ လမ်းတွေကို မြင်ရလေ၏ ။ သွားတွေ့မည့် သူမှာ အငြိမ်းစား မြန်မာအရာရှိကြီး တစ်ယောက် ဖြစ်ရာ ထိုအရာရှိကြီး ကလည်း စိတ်သဘော ကောင်းသော လူရိုးလူအေးများ လိုလားတတ်ကြောင်း ၊ လူမော်လူကြွားများကို မုန်းကြောင်း သိရသဖြင့် ကိုသာညှင်းသည် မှန်ရှေ့၌ ရပ်ကာ ကိုင်း .. ဒီ ဆီသည် ကိုမှ သဘောမကျလျှင် သုဘရာဇာကို ငှားမှ ရမှာပဲ ။ ပညာလည်း တတ် ၊ ဆီသည်ရုပ်လည်း ရှိရမည် ။ ဤကဲ့သို့သော အရည်အချင်း စွယ်စုံပြည့်ဝခြင်းသည် ယခုခေတ်အခါ၌ အလွန်တရာ ရခဲလေရာ ၊ ငါကား လူထူးလူမြတ် ဖြစ်ပေသည်တကား ဟု ဆင်ခြင်ကာ ပီတိ သောမနဿ ဖြစ်လျက် မျက်နှာကို သမင်ချို ပေါ်၌ တင်၍ထားသော အစွန်းကလေးနှင့် ပွတ်တိုက်ပြီးနောက် သွားခါနီး လာခါနီး မိမိ ရပ်ကြည့်နေကျဖြစ်သော ၊ အောင်မြင်ကြီးပွားရေးဂါထာဟု မိမိ စွဲမှတ်၍ ထားသော မေတ္တသုတ် ပါဠိအစကလေးကို ပုတီးစိပ်သလို ရွတ်ရင်း အမည်းရောင်ပျောက် အဖြူရောက်သော ဖဲထီးကို နံရံမှ ယူ၍ သေသေချာချာ လိပ်ကာ ကြယ်သီးကို တပ်၍ လက်မောင်းအောက်၌ ညှပ်လျက် ရန်ကုန်ဂေဇက် သတင်းစာ အဟောင်း တစ်ခုကို လိပ်ခေါက် ဖျစ်ညှစ်ကာ ကိုင်လျက် လှေကား ဘယ်နှထစ် ရှိသည်ကို ရေတွက်သလို နင်းဆင်း၍ သွားပြီး အိမ်ဝင်းမှ ထွက်ခါနီးသောအခါ အိမ်ပြတင်းပေါက်ကို ပြန်ကြည့်ပြီး ဟေ့ ... မိကြီးရေ ဟိုစားပွဲပေါ်က စာအုပ်နီနီဟာ ဗီရိုထဲ ထည့်ထားလိုက်ပါကွယ် ။ တိုက်က တစ်ယောက်ယောက် လာရင် ခေါင်းကြီးပိုင်းကို သူကိုယ်တိုင်ပဲ ယူသွားပြီလို့ ပြောလိုက်ပါကွယ် ၊ အဟမ်း .. ဟု ပြောပြီး တောင်မြောက်လေးပါးကို ကြည့်ရင်း နေမပူ သဖြင့် ထီးကို မဖွင့်ဘဲ လက်မောင်းအောက်မှာ ညှပ်လျက်ပင် သွားလေ၏ ။ သားရေကြိုးနှင့် နာရီကို ထုတ်၍ ကြည့်သောအခါ ဟင် ... သုံးနာရီ ထိုးခါနီးနေပါကလား ၊ သုံးနာရီခွဲ ချိန်းထားတယ် ၊ လန်ချားနဲ့ သွားမှပဲဟု အောက်မေ့ပြီး လန်ချားကို စောင့်လေရာ လန်ချားတစ်စီး ရောက်၍ လာသဖြင့် ခေါ်လေ၏ ။ မိမိနှင့် မျက်စောင်းထိုး လမ်းတစ်ဖက်၌လည်း သားနားသော လူတစ်ယောက် လန်ချား စောင့်၍ နေသည်ကို မြင်ရလေ၏ ။

လန်ချားကို ကိုသာညှင်းက ခေါ်သောအခါ ကု,လားက ကိုသာညှင်းကို နဖူးမှ ခြေဖျားတိုင် အကဲခတ်သလို ကြည့်ပြီး ဦးခေါင်းကို ခါ၍ သွားလေရာ သားနားသော လူက လက်ကို ဆောင့်လိုက်ရုံမျှနှင့် တန်ခိုးကြီးသော လက်၏ အရှိန်ဖြင့် တစ်ဟုန်ထိုး အဆွဲခံရသလို ထိုလူ ရှိရာသို့ ရောက်၍ သွားလေ၏ ။ ကိုသာညှင်းက “ ဒီ ခွေ းကု,လား ၊ ငါ့ကို သူ ဘာမှတ်လို့ပါလိမ့် ။ လူကောင်းမှန်းလည်း မသိ ။ ဒါကြောင့် ဒီအကောင်တွေ ဘေးအကန်ခံရ ၊ အထိုးခံရ ၊ အဘား အဘားနဲ့ အော်ပြေးရတာ ” ဟု ဒေါသနှင့် ပြောလေ၏ ။ ထို့နောက် သတိရပြီး ဆင်ခြင်ကာ “ အေး လေ ... မသိရှာဘဲကိုး ” ဟု ပြောကာ ရုတ်တရက် ပေါ်ထွက်သော ပုထုဇဉ်စိတ်မျိုးကို ဖျောက်ဖျက်ကာ မခံချင်သောစိတ်ကို ဖြေလိုက်လေ၏ ။

သို့ဖြစ်၍ ကိုသာညှင်း မှာ ခြေကျင်ဆက်၍ သွားရာ အခြား လန်ချားတစ်စီးကို တွေ့ရပြန်လေ၏ ။ ထိုလန်ချား ကု,လားကလည်း ပထမ လန်ချားနည်းတူ ကိုသာညှင်း အား နှစ်ခါသုံးခါ ဝီစိကိစ္စာ ဖြစ်သော အမူအရာနှင့် ခြေဖျားမှ ဦးခေါင်းသို့ တိုင် နှစ်ကြိမ် ကြည့်ပြီး ဦးခေါင်းကို ခါ၍ ထွက်သွားလေ၏ ။

“ ဟေ့ ... လန်ချား ၊ အောက်နားဟေး ... အောက်နား ” ဟုခေါ်ကာ ခပ်သုတ်သုတ် လိုက်လေ၏ ။ ကိုသာညှင်း မှာ လွန်စွာ ရိုးသူ ဖြစ်လေရာ စာပေ လွန်စွာတတ်သော်လည်း အင်္ဂလိပ်စကားကို လေးလုံးကွဲအောင် မပြော တတ်ပေ ။ ပီသခြင်းလည်း မရှိ ။ ကု,လားစကားကိုမူ လုံးလုံးကြီး ဂရုမစိုက်သဖြင့် ဘိလပ်က ရောက်ခါစ အင်္ဂလိပ်ကဲ့သို့ အင်္ဂလိပ်စာသာ တတ်သူ ဖြစ်လေ၏ ။

လန်ချားကု,လားသည်ကား ကိုသာညှင်းအား လှည့်၍မျှ မကြည့်ပေ ။ နေကလည်းပူ လူကလည်း ချူချာသဖြင့် မကြာမီ မော၍ လာပြီး သရက်ပင်ရိပ် တစ်ခု၌ ထီးကို ထောက်မှီ လျက်ထိုင်ကာ အမောဖြေလျက် ကု,လားကို စိတ်ဆိုးသော စိတ်ညှောင့်ကလေးကိုသာ ဖြေဖျော်၍ နေလေ၏ ။

အတန်ငယ်ကြာ၍ အမောပြေသဖြင့် ထီးကို ဖွင့်မှ တော်ချေမည်ဟု ဆုံးဖြတ်ချက်ချပြီး ခရီးကို ဆက်၍ သွားပြန်ရာ ငှက်ပျောခြောက် ခေါင်းပေါင်းထုမှာ ဘီအေပေါင်းမှ ခွေစောင်း၍ ပွပြီး ချွေးတွေသံတွေနှင့် ဖြစ်၍ လာလေလျှင် လက်ကိုင်ပဝါနှင့် သုတ်ရန် ထုတ်လိုက်ရာ လက်ကိုင်ပဝါမှာ ညစ်၍ နေသဖြင့် မသုတ်ရဲဘဲ လက်၌ ကိုင်ကာ ဪ ... မမိကြီး ၊ မမိကြီး ၊ တယ်ပေါ့တဲ့ မိန်းမကိုးဟု တွေးတော စိတ်ဆိုးပြီး ၊ အဲလေ ... ငါကလည်း ယနေ့ သွားစရာရှိတာကို ပြောမှ မပြောမိဘဲကိုး ။ သူ့ခမျာလည်း အလုပ်ကများ ၊ ရှေးက အရာရှိသမီး ဖြစ်ပြီး ငါနဲ့ ညားလို့ ကလေး သုံးယောက်အမေ ဖြစ်ခါမှ ကသီလင်တ ဖြစ်ရလေတော့ အလေ့အထက မရှိသည့် အတွက် အိမ်ထောင်ကို မသယ်နိုင် ။ သူ့ခမျာလည်း ခွေးမတို့ ၊ အပါတို့ အလုပ်နဲ့ ပြီးနေတော့တာပဲလေဟု အောက်မေ့ကာ စိတ်ကို ဖြေရှာလေ၏ ။

ထိုသို့ သွားရင်း အခြား လန်ချားတစ်စီးကို တွေ့ပြန်ရာ မိမိကိုယ်မှာ သာ၍ပင် ရုပ်မလှ ဖြစ်၍ နေတော့သည်ကို သိရသဖြင့် မရဲတရဲ ခေါ်ပြန်လေ၏ ။ ကု,လားက အရင်ကု,လားများ နည်းတူ ကြည့်ပြန်လေရာ ကိုသာညှင်းသည် မျက်နှာကို တည်တည်ထား ၊ စတိုင်ကို တင်း၍ပေးလျက် “ ဟေ့ ... လန်ချားဝါလား ၊ တွန်မလို ကား ကျားဟေး ၊ ဟမ်မကိုး ကျားအပ်မီဒတွန်မလို့ကား ။ အင်း ... အင်း ... ကျားထင်သလား ... ဟေး ... ” ဟု ဒေါပါပါ ပြောလိုက်လေရာ ကု,လားက စဉ်းစားနေလေ၏ ။ ကိုသာညှင်းက ...

“ ဟမ်ပိုက်ဆပ်ဒေးယကာ ၊ ဝါးလားဟေး ၊ ယေးမိုင်းနား ၊ ယေးမိုင်းနား ၊ အိုး ... ဆတို့ပိုက်ဆပ်မီလတား ။ ကရာနီအားမီး ... မင် ၊ အောင်းဂျားယေးကား ” ဟု ပြောကာ အင်္ကျီအိတ်ကို လှုပ်၍ ပြရာ ပိုက်ဆံသံ မထွက်သဖြင့် ရှပ်အင်္ကျီအိတ်ထဲမှ ငွေတစ်ကျပ်ကို ထုတ်၍ ပြရလေ၏ ။ ထိုအခါကျမှ ကု,လားက “ အခြားဆပ် ” ဟု ပြောကာ ပြေး၍ လာလေရာ ..ကိုသာညှင်းက “ အေး .. အေး .. တွန် အခြား အပ်ဒမီး ” ဟု ပြောပြီး စတိုင်ပါပါ လန်ချားပေါ်ကို တက်၍ တင်ပလ္လင်ချိတ်လျက် ပါသွားရင်း နာရီကို ကြည့်ရာ သုံးနာရီခွဲ ကျော်၍ သွားသည်ကို သိရလေ၏ ။

ကိစ္စမရှိပါဘူးလေ ။ နောက်ကျပေမဲ့ ဒီနေရာ အတွက် ငါလိုလူ ပေါ်လာဖို့ အခက်သားပဲ ။ စိတ်ချ ငါ ရမှာပဲ ။ ရရင် တစ်နှစ်လောက် လုပ် ၊ ငွေကလေး စု ၊ နောက် အလုပ် မထွက်ဘဲ ဂျာနယ်တစ်ခု ထောင် ၊ ငါ မသေမီ ရေးချင်တာတွေကို ရေးရတော့မှာပဲ ဟု စဉ်းစား၍ သွားလေ၏ ။

ချိန်းသော အလုပ်တိုက်သို့ ရောက်၍ သွားသောအခါ ချိန်းသော အချိန်ထက် နာရီဝက်ကျော်ကျော် တစ်နာရီနီးနီး နောက်ကျ၍ သွားလေ၏ ။

အငြိမ်းစားအရာရှိကြီး၏ အခန်းထဲသို့ ရောက်ဖို့ရန် မနည်းကြီး ကြိုးစားရလေ၏ ။ အကြောင်းမူကား အစေခံများက ဘယ်က ဆီသည် ၊ ဘာကိစ္စနှင့် လာသလဲဟု မှတ်ထင်ကြလေ၏ ။ ထိုနေရာ၌ တစ်ဖန် နာရီဝက်လောက် အကျိုးအကြောင်းကို ပြော၍ နေရလေ၏ ။ ထိုအခိုက် မိမိ ပထမ ခေါ်သော လန်ချားကို ရ၍ သွားသော သားနားသူ တစ်ယောက် အခန်းထဲမှ ထွက်လာပြီး အံ့အားသင့်လျက် ကြည့်၍ နေသော ကိုသာညှင်း ကို သတိမထားဘဲ အနားမှ ပွတ်၍ ထွက်သွားသည်ကို မြင်ရလျှင် ကိုသာညှင်းသည် စက္ကန့် အနည်းငယ် စဉ်းစား၍ နေမိလေ၏ ။

ထိုအခိုက် အငြိမ်းစားအရာရှိကြီး ထွက်၍ လာသဖြင့် ဆီး၍ နှုတ်ဆက်စကား အနည်းငယ် ပြောသောအခါ အရာရှိကြီးက “ ဪ .... ဪ ... သတိရပြီ ။ ကိုသာဆိုင် ကျုပ်ကို ပြောတယ် ။ မေ့နေတယ်ခင်ဗျာ ၊ ဝင်ပါဦး ” ဟု ပြောသဖြင့် တစ်ဖန် အလုပ်ခန်းထဲကို ဝင်ပြီး စကားပြောကြရာ ကိုသာညှင်း မှာ မိမိ နိုင်သော ပွဲကို ကရသူ ကဲ့သို့ဖြစ်ကာ သမုဒ္ဒရာ၌ ဝေလငါး မြူးသလို စာပေကျမ်းဂန် အကြောင်းအရာများ ၊ အင်္ဂလိပ်သတင်းစာ ၊ မြန်မာ သတင်းစာများ၌ မိမိ ရေးသားသော စာများ အကြောင်း ပြော၍ ပြလေ၏ ။

“ လက်မတင်ကလေး လွဲသွားတယ် ခင်ဗျာ ။ ခုတင်ပဲ စကား လွန်သွားတယ် ။ ကျုပ် အင်မတန်ကြီးတော့ အားမရဘူး ။ အခု လုပ်ရမယ့် အလုပ်ကလည်း ကမ္ဘာပေါ်ရှိ ဘာသာအမျိုးမျိုး ၊ ပညာရှိအမျိုးမျိုး ရေးသမျှ စာတွေကို တစ်အုပ်ပြီး တစ်အုပ် ဆက်ပြီး ပြန်ဖို့ အလုပ် ဖြစ်လေတော့ အတော်ကြီးသည့်အတွက် ခုတင်က လူကိုမှ အခန့်သင့် ခိုက်မှာ မယူလိုက်ရင် တခြား သူလောက် တော်တဲ့ လူကို ရဖို့ရန် အင်မတန် ခဲခဲယဉ်းယဉ်း ရှာနေရာမှာကို စိုးပြီး ယူလိုက်ရတယ် ။ အခု ပထမနှစ်မှာ ပြန်ဖို့ ခြောက်အုပ်ကို သေသေချာချာ သူနဲ့ အခိုင်အမာ စာချုပ်ပြီးသွားပါပြီ ။ နာရီဝက်လောက်ကလေး နောက်ကျသွားတာပဲ ။ သို့သော်လည်း ရှေ့နှစ်ခါလောက် ကျရင် နေရာကျကောင်း ကျသွားပါလိမ့်မယ် ။ ကျုပ်ကလည်း ဆရာတို့လို ရိုးရိုးသားသား နေတတ်တဲ့ ပညာတတ်မှ လိုချင်တာကိုး ။ ကိုဘဆိုင် ကတော့ ပြောတာပဲ ။ ပြောပေမဲ့ ခုတင်က လူထက်တော့ သာမယ် မထင်ပါဘူးလေလို့ အောက်မေ့ပြီး ပေါ့ပေါ့ဆဆ နေမိလို့ မေ့တာပါပဲ ။ ဟိုလူကို ကျုပ် စမ်းသပ်တာ တနင်္ဂနွေတစ်ပတ်လောက် ကြာပါပြီ ။ အများကြီး ဝမ်းနည်းပါတယ်ဆရာ ” ဟု ပြောလေရာ ကိုသာညှင်း လန်ချားကု,လားနှစ်ယောက်ကို ပြန်၍ တွေးမိလျက် စဉ်းစား၍ နေပြီး နောက်ကျပုံ အကြောင်း ပြော၍ ပြလေ၏ ။

ထိုအခါ အငြိမ်းစား အရာရှိကြီးက လက်ခုပ် လက်ဝါးတီးကာ ရယ်မောလျက် “ လူအဖိုးတန်ပါက ထိုင်ပြီး စကားပြော ကြည့်မှ သိရတာကိုး ။ အဝတ်အစား ကတော့ မျက်မြင် အဖိုးတန် ဖြစ်တာပဲ ။ ဆရာ ပညာရှိတာ မှန်ပါတယ် ။ သို့သော်လည်း ဒီအချက်တော့ နောင် သတိထားဦးမှ တော်မယ် ။ ကျုပ်လို လူမျိုးနဲ့ တွေ့တော့ အရေးမကြီးပါဘူး ။ လောကမှာ လန်ချားကု,လား မျက်စိမျိုးနဲ့ ကြည့်သူတွေက များနေလေတော့ မဝတ်လည်း မဖြစ်သေးဘူး ။ ထိုက်သင့်အားလျော်စွာ ဝတ်ဆင်ဦးမှာပဲ ။ ရောမကို ရောက်ရင် ရောမလူမျိုး လုပ်သလို လုပ်ရမယ်ဆိုတဲ့ အင်္ဂလိပ်စကားပုံ တစ်ခုကို ဆရာလည်း သိမှာပေါ့ ။ ဟိုလူက ဆရာ့ထက် တောင်ရှည်ပုဆိုး သာတာကိုး ။ ဒါကြောင့် နေရာကျသွားတာပဲ ” ဟု ပြောလေ၏ ။

ထိုနေ့မှစ၍ ကိုသာညှင်း သည် တောင်ရှည်ပုဆိုးကို မချွတ်ဘဲ နေလေတော့သတည်း ။

▢ ပီမိုးနင်း
📖ဝတ္ထုပဒေသာ ပေါင်းချုပ် ( ၁ )

No comments:

Post a Comment