❝ ပဝါပါး ❞
( ကိုခ )
ပဝါပါးကို ကြက်သားထုပ်ရင် စွန်းတတ်တယ်တဲ့ လေ ။
ကျွန်မဟာ ပဝါပါးလေးတစ်ထည် ဖြစ်ခဲ့ပါတယ် ။
••••• ••••• •••••
၁ ။
အဲဒီနေ့က ဥပုသ်နေ့ဆိုတော့ ကျွန်မက အလုပ်အားလို့ အမေ့ကို မီးဖို ချောင်ကိစ္စတွေ ကူလုပ်ပေးပြီးတာနဲ့ ရေချိုး ၊ သနပ်ခါးလိမ်းပြီး စာအုပ် ဖတ်နေလိုက်တယ် ။
“ လိုက်ခဲ့ပါ နွယ်နီရယ် ၊ ငါတစ်ယောက်တည်းမို့ပါဟဲ့ ”
“ မလိုက်တော့ပါဘူးဟာ ၊ ငါ့မှာ ရှားရှားပါးပါး ဒီတစ်ရက်ပဲ နားရတာ ၊ နေ့ခင်းဘက် အိပ်ဦးမလို့ ”
အတင်းငြင်းပေမယ့် မရတဲ့ အဆုံး ရီမွန့်ကို အားနာပြီး လိုက်ခဲ့ရတယ် ။ ဧည့်သည်ကို မြို့ပေါ်က ဘုရားတွေ လိုက်ပို့မလို့တဲ့ လေ ။
လိုက်ခဲ့ပြီးခါမှ ကျွန်မ နေခဲ့ဖို့ ကြိုးစားပေမယ့် မရတော့ဘူး ။ ဘုရားတွေကို လိုက်ပို့ရမယ့် ဧည့်သည်ဟာ ယောက်ျားတစ်ယောက် ဖြစ်နေပါတယ် ။ ရီမွန်တို့ မောင်တစ်ဝမ်းကွဲတဲ့ လေ ။ စက်ဘီး တစ်ယောက် တစ်စီး စီနဲ့ သွားကြရင်း ရီမွန်တို့က တစ်လမ်းလုံး စကားတွေ ဖောင်ဖွဲ့လို့ ။ ကျွန်မ ကတော့ တိတ်ဆိတ်စွာပဲ လိုက်ပါလာခဲ့လိုက်တယ် ။ ခက်တော့လည်း ခက်သားလား ။ ရီမွန်တို့ အိမ်မှာက ညီအစ်မတွေပဲ ရှိကြတာ ။ ယောက်ျားသား အစ်ကိုတွေ ၊ မောင်တွေက မရှိတော့ အခုလို ဘုရား လိုက်ပို့ရတာတို့ ဘာတို့က ရီမွန်တို့ တာဝန်လေ ။
ပထမဆုံး သီဟိုဠ်ရှင်ဘုရားကြီးကို သွားကြတယ် ။ စက်ဘီးတွေ အပ်ပြီး ဘုရားပေါ်တက် ဘုရားဖူးကြတယ် ။ ရီမွန်ကတော့ ဘုရားသမိုင်းနဲ့ သူ ကြားဖူးတာတွေကို သူ့အစ်ကိုကို ရှင်းပြနေလေရဲ့ ။ ကျွန်မကတော့ သူတို့ နောက်ကနေ တဖြည်းဖြည်း လိုက်ရင်း လျှောက်ကြည့်နေမိတယ် ။
“ ရီမွန် ၊ တစ်ခုခု စားရအောင် ။ နင့် သူငယ်ချင်းကို ခေါ်လေ ”
ရီမွန့်အစ်ကိုက ပြောပြောဆိုဆိုနဲ့ ‘ အီကို ’ လက်ဖက်ရည်ဆိုင်ရှေ့မှာ ရပ်လိုက်တယ် ။ လက်ဖက်ရည်နဲ့ မုန့်တွေ မှာပြီး စားကြသောက် ကြရင်း ရီမွန် က -
“ ဪ ... မေ့နေလိုက်တာ ၊ ကိုလေး ဒါ ရီမွန့်သူငယ်ချင်း နွယ်နီစန်း တဲ့ ။ ရီမွန်တို့ နှစ်အိမ်ကျော်ကလေ ”
“ နွယ်နီ ၊ သူက ငါတို့ အစ်ကိုတစ်ဝမ်းကွဲ ကိုမြတ်တိုး တဲ့ ၊ ရန်ကုန်ကပေါ့ ”
ကျွန်မက ပြုံးပြတော့ သူကလည်း ပြုံးပြရင်း -
“ ညီမလေး သူငယ်ချင်းဆိုတော့ ကျွန်တော့်ညီမလေးပဲပေါ့ ။ အားမနာနဲ့ စားနော် ။ အခုလို ဆုံရတာ ဝမ်းသာပါတယ် ”
••••• ••••• •••••
၂ ။
ဘာဆို ဘာမှကို မကြာလိုက်ပါဘူး ။ အပြုံးတွေကို ဖလှယ်ကြရင်း ခင်မင်မှုတွေ ခြေရာထပ်လာခဲ့တဲ့အခါ မျက်ဝန်းတွေက ရယ်သံလွင်လွင် တွေကို ကြားရသလိုလို ။ ဥပုသ်နေ့ဈေးပိတ်ရက်က လွဲရင် ကျွန်မက ဈေးထဲမှာပဲ တစ်နေကုန် ဈေးရောင်းရတာလေ ။ ရီမွန်တို့ ဆိုင်က ကုန်ခြောက်ရောင်းတာ ဆိုတော့ အထည်ရောင်းတဲ့ ကျွန်မတို့ ဆိုင်ရဲ့ တောင်ဘက်တန်းမှာ ။ နေ့ခင်းဘက်ဆိုရင် ရီမွန်တို့ အစ်ကို ကိုလေးက အိမ်မှာ နေရတာ ပျင်းလို့ ဆိုပြီး ဈေးထဲကို လိုက်လာတယ် ။ ကိုလေး ဈေးထဲကို လာရင် ကျွန်မတို့ ဆိုင်ရှေ့က ဖြတ်သွားနေကျ ။
အဲဒီလို ဖြတ်သွားတဲ့ အခါ “ စားပြီးပြီလား ” ဖြစ်ဖြစ် ၊ “ ဈေးရောင်းကောင်းလား ” ဆိုတာမျိုးပဲ ဖြစ်ဖြစ် မေးသွားတတ်တယ် ။ တစ်စတစ်စ လောင်ကျွမ်းသွားတဲ့ ဆေးလိပ်တစ်လိပ်လို ကိုလေးနဲ့ ကျွန်မရဲ့ ခင်မင်မှုကလည်း မြန်ဆန်လာတယ် ။ ဈေးဝယ်ပါးတဲ့ အချိန်မျိုးတွေမှာ ကိုလေးက ကျွန်မတို့ ဆိုင်ကို လာလည်တတ်တယ် ။ အမေက နေ့လယ်ခင်း အိပ်နေတဲ့ အခါ ကိုလေးက ကျွန်မရဲ့ စကားပြောဖော်ဖြစ်လို့ ။ တစ်ခါတလေ ကျွန်မကို စိုက်ကြည့်နေတဲ့ ကိုလေးရဲ့ မျက်လုံးတွေကို လွှဲဖယ်ရင်း ကျွန်မမှာ အနေအထိုင်တွေ ကျပ်လို့လေ ။ ဒါပေမဲ့ ကျွန်မ ရင်ခုန်သံတွေက တဒိတ်ဒိတ် ။ အိပ်ရာထဲ လှဲလိုက်လို့ တုံးခနဲ အိပ်ပျော်သွားတတ်တဲ့ ကျွန်မက ခုတော့ ညတွေကို ရေတွက်နေရပြီ ။ အရပ်မြင့်မြင့် ၊ မျက်ခုံးကောင်းကောင်း နဲ့ စကားပြောရင် ရယ်ပြီး ပြောတတ်တဲ့ လူတစ်ယောက်က ကျွန်မကို အိပ်ရေးပျက်စေခဲ့ပြီ ။
ညနေ လေးနာရီလောက် ဆိုရင် အမေက ထမင်းဟင်း ချက်ဖို့ ပြန်နှင့်ပြီ ။ ငါးနာရီ ဈေးပိတ်မှ ပြန်ရတဲ့ ကျွန်မက နောက်ကျ ကျန်ခဲ့ရတာလေ ။ ဈေးသိမ်းလို့ သူများတွေ အိမ်ပြန်ကြပေမယ့် အထည်ရောင်းတဲ့ ကျွန်မက ပစ္စည်းပြတ်မှာ စိုးလို့ ရက်ကန်းထောင်တွေဆီ အထည်လိုက်ကောက်ရသေးတာ ။
“ နွယ်နီ ၊ ငါတို့ ပြန်နှင့်မယ် ။ နင် အထည်လိုက်ကောက်ရဦးမှာမို့လား ”
“ အေး ဟုတ်တယ် ရီမွန် ။ ပြန်နှင့်လေ ”
“ နွယ်နီ ၊ ဟိုအထည်ကောက်တာက ရက်ကန်းစင်တွေဆီ သွားကောက်တာလား ။ ရက်ကန်းခတ်တာ မမြင်ဖူးလို့ ကျွန်တော် လိုက်ခဲ့ချင်တယ် ”
ကိုလေးက လိုက်ချင်တယ် ဆိုတော့ မသင့်တော်ဘူးလေ ။ သူနဲ့ ကျွန်မ နှစ်ယောက်တည်းမို့လား ။
“ ဝေးတယ် ကိုလေးရဲ့ ၊ စက်ဘီးနင်းရတာ ပင်ပန်းပါတယ် ”
လှလှပပ သုံးလိုက်ရတဲ့ ကျွန်မရဲ့ စကားလုံးတွေကို သူက မနာခံဘူးလေ ။
“ ဟာ ... ရပါတယ် ၊ ကျွန်တော် နင်းနိုင်ပါတယ် ၊ လိုက်မယ် ”
ထင်းတန်းလမ်း အတိုင်း နင်းလာကြတော့ ကိုလေးက ရက်ကန်းခတ်တဲ့ အကြောင်းတွေ လျှောက်မေးနေတော့တာ ။ စက်ဘီးယှဉ် စီးရင်းနဲ့ ကျွန်မကို ခိုးခိုးကြည့်တဲ့ ကိုလေးရဲ့ မျက်လုံးတွေကို ကျွန်မက မမြင်ချင်ယောင်ဆောင်နေရတယ် ။ အထည်ကောက်ပြီး ပြန်လာတော့ လမ်းမီးတွေတောင် ကွက်ကျားလင်းနေကြပြီ ။
“ နွယ်နီက တော်တယ်နော် ။ စီးပွားရေးလည်း လုပ်တတ်တယ် ။ အလုပ်တစ်ခုကို ဦးဆောင်ပြီး လုပ်ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး ။ တအား ပင်ပန်းတာ ”
“ ကိုလေးက မြှောက်နေပြန်ပါပြီ ။ ဘာဝယ်ကျွေးရမလဲပြော ”
“ မဟုတ်ရပါဘူး နွယ်နီရယ် ၊ ကျွန်တော် တကယ်ပြောတာပါ ”
တဖြည်းဖြည်းနဲ့ ကျွန်မတို့ လမ်းနား ရောက်လာတယ် ။
“ နွယ်နီ ”
“ ရှင် ”
“ နွယ်နီက တအားလည်း လှတယ် ”
ကျွန်မ အိမ်ကို ဘယ်လို ရောက်လာတယ်ဆိုတာ မသိလိုက်ဘူး ။ လူကလည်း မောဟိုက်လို့ ။
••••• ••••• •••••
၃ ။
“ ဟဲ့ ... ယောက်မရဲ့ ၊ ဘာတွေများ တွေးနေတာတုန်း ”
“ အံမယ် ၊ ကောင်မနော် ။ ငါ့များ ယောက်မလေးဘာလေးနဲ့ နင့်စကားက ဘာအဓိပ္ပာယ်တုန်း ။ မပြောလိုက်ချင်ဘူး ”
“ နင်မပြောချင်ပေမယ့် ငါပြောရဦးမယ် ယောက်မရဲ့ ။ ကိုလေးကလေ နင့်အကြောင်းတွေ ငါ့ကို မေးနေတာဟဲ့ ။ ရည်းစားရှိလား ၊ ဘာညာ စုံနေတာပါပဲဟယ် ။ ငါကတော့ နင့်ကို အမျိုးတော်ချင်နေပြီနော် နွယ်နီ ”
“ အံမယ် အဟုတ်မှတ်လို့ နားထောင်နေတာ ။ လက်စသတ်တော့ နင်က ငါ့ကို အောင်သွယ် လာလုပ်နေတာကိုး ။ နင့်အစ်ကိုလို ဘွဲ့ရပညာတတ်တစ်ယောက်က ရှစ်တန်းတောင် မအောင်တဲ့ ငါ့ကို စဉ်းစားမှာတောင် မဟုတ်ပါဘူးအေရဲ့ ”
ရင်ထဲရှိတဲ့ အတိုင်းပဲ ရီမွန့် ကို ပြောချလိုက်တယ် ။ တစ်ခါတလေကျ တော့လည်း ပြန်စဉ်းစားမိပါရဲ့ ။ ကျွန်မဟာ မခူးဆွတ်ခင် ကတည်းက ညွတ်ချင်နေပြီလား ဆိုတာ ။ သေချာတာကတော့ ညတွေကို လူးလွန့်တွေးတောရင်း ကိုလေးကို သတိရနေမိခြင်းပါပဲ ။ အဲဒီလို သတိရမိတဲ့ အခါ အမေ့ရဲ့ ဆုံးမစကားတွေက နားထဲကို ရောက်ရောက်လာတတ်တယ် ။
“ မိန်းမတစ်ယောက်ရဲ့ ဘဝဟာ ဖက်တစ်ရွက်ပဲ ။ ဆူးပေါ်ဖက်ကျလည်း ဖက်ပေါက်ရတာပဲ ။ ဖက်ပေါ် ဆူးကျလည်း ဖက်ပေါက်ရတဲ့ ဘဝပဲ သမီး ”
အစ်ကိုနှစ်ယောက် ကြားထဲမှာ အထွေးဆုံးသမီးမို့ အမေက ကြုံရင် ကြုံသလို ဆုံးမစကား ပြောတတ်တယ် ။ ဒါကြောင့်လည်း ဒီအသက်အရွယ်အထိ ရည်းစား မရှိခဲ့ဖူးသလို ကျွန်မ အတွက်နဲ့ မိဘတွေ စိုးရိမ်သောက မဖြစ်ခဲ့ရဘူး ။
••••• ••••• •••••
၄ ။
“ ဒီတံကဲကြီးက သိပ်အံ့ဩဖို့ ကောင်းတယ်နော် နွယ်နီ ”
“ ဟုတ်တယ် ... ကိုလေးရဲ့ ပခုက္ကူမြို့ ဒီရွှေကူဘုရားက တံကဲတော်ကြီးဟာ မြန်မာပြည်မှာသာ မကဘဲ ကမ္ဘာမှာတောင် စံတင်ရမယ့် ပြိုင်ဘက်မရှိ တံကဲကြီးပေါ့ ။ ကျွန်မ သိသလောက်တော့ ဒီတံကဲကြီးကို သစ်သားတုံး ငါးတုံးကို ပန်းရှစ်ထပ်နဲ့ ထွင်းထုထားတယ် ။ ဇာတ်ထုပ်လေးထုပ်ကို ဇာတ်ခန်း ၁၂ ခန်းနဲ့ ထုလုပ်ထားတယ်လေ ။ ပန်းရှစ်ထပ်အတွင်းမှာ တစ်ဆက်စပ်တည်း ထွင်းထုထားတာ အံ့ဩဖို့ မကောင်းဘူးလား ကိုလေးရဲ့ ”
“ ဟုတ်တယ်နော် ၊ သိပ်ကို အံ့ဩဖို့ ကောင်းတယ် ”
“ ဒီတံကဲကြီးကို ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ လေးတန် ( သစ်ကြီးတော ) ရွာသား ဖြစ်တဲ့ ပန်းပု ဆရာကြီး ဦးကံကြီး နဲ့ သားမောင်တေ တို့က ထုလု ပ်ခဲ့တာဖြစ်တယ် ။ တံကဲ ကို ပြုလုပ်ရာမှာ သုံးတဲ့ စူး ၊ ဆောက် ၊ လက်နက် ၊ တန်ဆာပလာတွေကို ကိုယ်တိုင် ပန်းပဲဖိုနဲ့ ပြုလုပ်ခဲ့ရတယ်လေ ။ အဲဒီ စူးတွေ ၊ ဆောက်တွေဟာ အမျိုးပေါင်း ရာကျော်ပြီး နှစ်ဆစ်ချိုး ၊ သုံးဆစ်ချိုး ပြုလုပ်ခဲ့ရသတဲ့လေ ။
ဒီတံကဲကြီးရဲ့ အလှူရှင်တွေကတော့ ပခုက္ကူဈေးဟောင်းရပ် ၊ တိုက်နံပါတ် ( ၅၅ ) မှာ နေထိုင်သူ ဦးဟင်းငါး ၊ ဇနီး ဒေါ်ဇီးဇံ ၊ သမီး မယ်သစ် ၊ မယ်မြစ်တို့ ဖြစ်ကြတယ် ။ အဲဒီခေတ်က ပန်းပုလက်ခ ငွေ ၄၀၀၀ ကျပ် ပေးရတယ်တဲ့ ။ အဲဒီခေတ်က ရွှေတစ်ကျပ်သားကို ၂၀ ကျပ် ပေးရတယ် ဆိုတော့ ရွှေနှစ်ပိဿာဖိုးပေါ့ ၊ ပန်းပုလက်ခ ပေးရသတဲ့ ကိုလေးရဲ့ ။
ပန်းပုဆရာကြီး ဦးကံကြီး နဲ့ သားမောင်တေ တို့ရဲ့ လက်ရာတွေကို ပ ခုက္ကူမြို့ သီဟိုဠ်ရှင် ဘုရားတံကဲ ၊ ပခုက္ကူမြို့နယ် ကျွန်းရွာအုပ်စု ရွှေတန့် တစ်ဘုရားတံကဲ ၊ ကွန်းရွာအုပ်စု ဆင်မင်းကျေးရွာ မင်းကျောင်းဘုန်း တော်ကြီးကျောင်းက သလွန်တော်တို့ အပြင် ပုသိမ်ကျောင်းကုန်းမြို့မှာလည်း တံကဲတွေ ပြုလုပ်ခဲ့သေးတယ်လေ ။
ကျွန်မတို့ ပခုက္ကူမြို့အတွက်သာ မကဘဲ ကျွန်မတို့ နိုင်ငံ အတွက် ဂုဏ်ယူစရာပေါ့ ကိုလေး ရယ် ”
ကျွန်မ စကားပြော အပြီးမှာ ကိုလေးက ပြုံးပြုံးကြီး ကြည့်လို့ ။
“ ကျွန်တော်တော့ နွယ်နို့ကို မချီးကျူးဘဲ မနေနိုင်တော့ဘူးဗျာ ။ နွယ်နီ့ ကို အလွန်လေးစားပါတယ် ။ နွယ်နီက စီးပွားရေးလုပ်တတ်တာတင် မကဘူး ။ ဗဟုသုတလည်း သိပ်စုံတာပဲဗျာ ”
“ အဲဒီလောက်လည်း မဟုတ်သေးပါဘူး ကိုလေးရယ် ။ ကျွန်မ မိုးပေါ် တက်သွားပါဦးမယ် ”
“ ကဲ ... ကဲ မိုးပေါ်ပဲ တက်တက် ၊ အဝီစိပဲ ဆင်းဆင်းနော် ဆရာမကြီး ။ ရော့ - အအေးလေး သောက်လိုက်ဦး ။ ရော့ - ကိုလေး အတွက် ”
ဘယ်အချိန်က ပျောက်သွားမှန်းမသိတဲ့ ရီမွန် က အအေးထုပ်တွေ ဆွဲပြီး ရောက်လာတယ် ။ နောက် စက်ဘီးတွေ ယူပြီး ပြန်ခဲ့ကြတော့တယ် ။
••••• ••••• •••••
၅ ။
“ ကျွန်တော် နွယ်နီ့ကို သိပ်ချစ်တယ်ဗျာ ”
ကိုလေးရဲ့ စကားကြောင့် ဟို ... တောင်ဘက်ကမ်းက ရွာလေးတွေ ဆီ ကြည့်နေတဲ့ ကျွန်မ အကြည့်တွေက လန့်ဖျပ်သွားတယ် ။ ကျွန်မ ရင်တွေ တဖျပ်ဖျပ် ခုန်ရင်းနဲ့ ထူပူလာပြီး မျက်နှာကို အောက်ငုံ့ထားလိုက်တယ် ။
“ ပြောပါဦး နွယ်နီရယ် ၊ စိတ်များ ဆိုးသွားပြီလား ။ ကျွန်တော်ဗျာ ၊ ကျွန်တော် နွယ်နီ့ ကို သိပ်မြတ်နိုးတယ်ဗျာ ”
ကိုလေးရဲ့ စကားသံတွေကို နားနဲ့ ဆတ်ဆတ် ကြားနေရပေမယ့် ရီမွန် တစ်ယောက်ကိုတော့ ကျွန်မ ကျိန်ဆဲနေမိပါတယ် ။ ရွှေမုဌောဘုရား ထဲမှာ သူ့သူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျလို့လေ ။ ဒီခုံတန်းလေးတွေကို သဘောကျပြီး ထိုင်မိတဲ့ ကျွန်မကတော့ တကယ်ကို ဆွံ့အနေရပြီ ။
ရင်ထဲမှာ ရှိတဲ့အတိုင်း ပြောလိုက်ချင်ပေမယ့် မိန်းမတစ်ယောက်ရဲ့ ဣန္ဒြေသိက္ခာအတွက် လှလှပပပဲ ရှောင်ထွက်လိုက်မိတယ် ။
“ ကိုလေးရယ် ၊ ကျွန်မတို့ တွေ့ကြတာ မကြာသေးဘူးလေ ။ နောက်ပြီး ကိုလေးက အချိန်တန်ရင် ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်သွားမယ့်သူလေ ။ ကျွန်မ မယုံရဲဘူး ကိုလေးရယ် ”
ကျွန်မရဲ့ လက်အစုံကို အုပ်မိုးလိုက်တဲ့ နွေးထွေးတဲ့ အထိအတွေ့က ရင်ခုန်သံတွေကို မြန်စေပါတယ် ။ ကျွန်မ အတင်းပဲ ရုန်းထွက်လိုက်မိတယ် ။
“ ကျွန်တော့်ကို ယုံကြည်ပါလို့ ထပ်ပြောပါရစေ နွယ်နီ ။ အချိန်တန်ရင် အိမ်ပြန်ရမှာ မှန်ပေမယ့် ကျွန်တော်လျှောက်ရမယ့်လမ်း ၊ ကျွန်တော် ပြန်ရမယ့် အိမ်ပြန်ခရီးမှာ နွယ်နီကို ကျွန်တော့်ဘဝ အတွက် ထာဝရလက်တွဲဖို့ နွယ်နို့ကို ချစ်နေမိတာပါ ”
အဝေးက ပြေးလာသူတစ်ယောက်ရဲ့ ပုံစံမျိုးနဲ့ ကိုလေး က ဧရာ၀တီမြစ်ကို ကြည့်ရင်း မောဟိုက်လို့ ။
“ ကျွန်မ စဉ်းစားပါဦးမယ် ကိုလေးရယ် ”
ဆည်းဆာအလှနဲ့ အတူ ရွှေမုဌော ဘုရားမှာ ဘုရားဖူးတွေနဲ့ စည်ကားလှပါတယ် ။ နေလုံးတောင် အနောက်ဘက် ထနောင်းပင်အိုတို့ ကြားမှာ ကွယ်ပျောက်လုနီးနေပြီ ။ ကျွန်မတို့ရဲ့ အပြန်လမ်းမှာ အတွေး ကိုယ်စီ သယ်ဆောင်ရင်း စက်ဘီးဘဲလ်သံလေးတွေက ညံနေပါတယ် ။
••••• ••••• •••••
၆ ။
ကျွန်မ ဒီနေ့လေ သိပ်ကိုပျော်ရွှင်တက်ကြွနေမိရဲ့ ။ ဈေးပိတ်ရက်လည်း ဖြစ်ပြန် ညနေဘက် ကိုလေး နဲ့ ရွှေမုဌောဘုရားကို သွားဖို့လည်း ပြောထားပြီးသားလေ ။ သီချင်းတကြော်ကြော်နဲ့ ငရုတ်သီးထောင်းနေတဲ့ ကျွန်မကို အမေကတောင် ‘ သတိထားနေ ’ ဆိုတဲ့ အကြည့်တွေနဲ့ ကြည့်လို့ ။ ကျွန်မကတော့ ဆည်းဆာအလှကို တွေးပြီး ရင်ထဲမှာ စကားလုံးတွေ ပြည့်နှက်လို့ ။
“ ကိုလေး ဒီနေ့ ပြန်လိမ့်မယ် ”
“ ဘာရယ် ရီမွန် ။ ကိုလေး ရန်ကုန်ပြန်တော့မယ် ဟုတ်လား ။ တက ယ်ပြောတာလား ရီမွန် ရယ် ”
အိပ်မက်ဆိုးက နိုးလာသူတစ်ယောက်လို ကျွန်မစိတ်တွေ ချောက်ချားကြောက်လန့်သွားတယ် ။ မျက်စိတွေ ပြာလာပြီး ကျွန်မ ငိုချင်စိတ်ကို မနည်းထိန်းထားရတယ် ။
“ ဟုတ်တယ် နွယ်နီရဲ့ ၊ ညတုန်းက ဘေးအိမ်ကို ရန်ကုန်က ကိုလေး အမေ ဖုန်းလှမ်းဆက်တာ ။ အရေးကြီးတယ် ပြောတယ် ။ ကိုလေးက နင့်ကို မပြောခိုင်းဘူး ၊ အသိ မပေးခိုင်းဘူး ။ ဒါပေမဲ့ နင် သိသင့်တယ် ထင်လို့ ငါ လာပြောတာ ”
“ ဘာကားနဲ့ ပြန်မှာလဲ ၊ ဘယ်အချိန်လဲ ရီမွန် ”
“ ညောင်ဦးဘက်ကနေ ပြန်လိမ့်မယ် ၊ ရဲသူအောင် နဲ့ ။ ၁၂:၃၀ ဧရာ အောင်ဆိပ်ကို ငါ လိုက်ပို့ ရမှာ ။ နင်ကော ”
“ ကျေးဇူးပဲ ရီမွန် ၊ နင်တို့ သွားနှင့် ၊ နောက်ကနေ ငါ အမီလိုက်လာခဲ့မယ် ”
ရှေ့က စက်ဘီးတွေ ၊ ဆိုက်ကားတွေကို ကျော်ဖြတ်ပြီး မြားတစ်စင်းရဲ့ အဟုန်နဲ့ ကျွန်မက စက်ဘီးကို နင်းနေပေမယ့် ကျွန်မ စိတ်တွေက ရာအောင်စက်လှေဆိပ်ကို ရောက်နှင့်နေတယ် ။ ကမ်းနားကို ကျွန်မ ရောက်သွားတဲ့ အချိန်မှာ စက်လှေ ထွက်ဖို့ မိနစ် ၂၀ လောက် လိုသေးတယ် ။ ကမ်းနားမှာ ကိုလေး ကို မတွေ့ရတာနဲ့ စက်လှေပေါ် တက်လာခဲ့တယ် ။ ရီမွန် ကတော့ ပြန်သွားပြီ ထင်ပါရဲ့ ။
ကျွန်မကို တွေ့တော့ ကိုလေး က ထိုင်ရာကနေ ကျွန်မ ဆီ လျှောက်လာတယ် ။ ကျွန်မ စက်ဘီး ရပ်ထားတဲ့ ကမ်းပါးပေါ်ဆီ တက်လာတော့ ကိုလေးက နောက်က ပါလာတယ် ။
“ နွယ်နီ ၊ ကျွန်တော် ပြန်မှာကို သိလို့ လိုက်လာတာလား ”
“ ဟုတ်တယ် ၊ အရေးတကြီး ပြန်ရမှာ ဆိုတော့ ဘာကိစ္စများလဲရှင့် ။ ဒီနေ့ ကျွန်မတို့ ဘာတွေ ပြောထားတယ် ဆိုတာကော မှတ်မိသေးရဲ့လား ”
ကျွန်မစကားသံတွေက ပြတ်သားမာကျောနေသလောက် ကိုလေး ရဲ့ စကားသံတွေက တိုးလျ ထစ်ငေါ့လို့ ။
“ ဟုတ် .. ဟုတ်ပါတယ် နွယ်နီ ရယ် ။ ကျွန်တော် တောင်းပန်ပါတယ်ဗျာ ၊ ခွင့်လွှတ်ပါ ။ ကျွန်တော် ပြန်ရမှာက ရန်ကုန်မှာ ကျွန်တော့် ညီမတစ် ယောက် ကားတိုက်ခံရလို့ ဆေးရုံတင်ထားရတယ် ။ အဲဒီအတွက် ပြန်ရမှာပါ ”
“ ရှင့်ညီမ ဟုတ်လို့လား ။ ရှင်နဲ့ စေ့စပ်ထားတဲ့ ရှင့်ရဲ့ ဇနီးလောင်း မဟုတ်ဘူးလား ”
“ ဗျာ ... နွယ်နီ သိနေတယ် ”
“ ဖြန်း ”
“ အဲဒါ မိန်းမတစ်ယောက်ကို ပြောချင်တာတွေ ပြောပြီး တောင်းပန်လို့ မရဘူး မှတ်ထား ။ မိန်းမတစ်ယောက်ဟာ အရုပ်တစ်ရုပ် မဟုတ်ဘူးဆိုတာ ရှင့်အတွက် တစ်သက်စာလက်ဆောင်လို့ မှတ်လိုက်ပါ ”
အံကိုကြိတ်ထားမိပေမယ့် မျက်ရည်တွေက ပါးပြင်ပေါ် လိမ့်ဆင်းလာကြတယ် ။ ထွေးပြီးသား တံတွေးကို ပြန်မမျိုဘူး ဆိုပေမယ့် ဘယ်သူမှ မသိတဲ့ ကျွန်မရဲ့ အချစ်တွေကိုရော ။ လမ်းမဟာ မျက်ရည်တွေနဲ့ ဝေဝါးလို့ပေါ့ ။
••••• ••••• •••••
ကျွန်မဟာ ပဝါပါးလေးတစ်ထည် ဖြစ်ခဲ့ပါတယ် ။
▢ ကိုခ
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
နိုဝင်ဘာလ ၊ ၂၀၀၁

No comments:
Post a Comment