❝ စိန်တင့်လွင် ❞
[ လူကြိုက် အများဆုံး မြန်မာ့ဆိုင်း ရွာစားကျော် တစ်ယောက်ကို ရွေးချယ်ပေးခိုင်းရင် စိန်တင့်လွင် ကို ကျွန်တော်က မဆိုင်းမတွ ရွေးလိုက်မှာပါ ။ ကျွန်တော်နဲ့ သဘောတူမယ့်သူ များတယ်ဆိုတာ ဆိုင်းပွဲငှားတွေ များနေတာက သက်သေပြတယ် ။
စိန်တင့်လွင်ရဲ့ တိုက်သစ်ကြီး ထဲကို ဝင်သွားရင် ဧည့်ခန်းမမှာ ထင်ထင်ရှားရှား တွေ့ရတာ သူ့ကျေးဇူးရှင် ဆိုင်းပညာရှင်ကြီးတွေရဲ့ ဓာတ်ပုံပါ ။ စိန်ဗေဒါ ၊ စိန်ဘမောင် ၊ ဦးစိန်မောင်လွင် ၊ ဦးဟန်ပ ၊ ဦးစိန်လှမောင် တို့ရဲ့ ဓာတ်ပုံကြီးတွေကို ဂုဏ်ပြု ချိတ်ဆွဲထားတယ် ။ မြန်မာ့ဆိုင်းဝိုင်း ပုံစံငယ်လေးတွေလည်း ဧည့်ခန်းမှာ ခင်းကျင်းထားတယ် ။
စိန်တင့်လွင်က မြန်မာ့ဆိုင်းကို သမားရိုးကျ လမ်းဟောင်းက ခွဲထွက်ပြီး ဆန်းသစ်တီထွင်မှုတွေ လုပ်တယ် ။ စိန်တင့်လွင် က အဆန်းအသစ် အကွန့်အညွန့်တွေ လုပ်လို့ လူကြိုက်များတာလို့ အချို့က ထင်ကြတယ် ။
သူ့က ဘာကြောင့် လူကြိုက်များတာလဲ ဆိုတာရဲ့ အဖြေကို စိန်တင့်လွင်နဲ့ စကားပြော ကြည့်တဲ့ အချိန်မှာ တွေ့ရတယ် ။ သူက ဂီတပညာကို အခြေခံ ပိုင်ပိုင် ကျေညက်အောင် သင်ယူဆည်းပူးပြီးမှ တီထွင်ဆန်းသစ်တာ ဖြစ်တယ် ။ အခြေခိုင်လို့ ရေရှည်ခိုင်တာပါ ။
ရွာစားစိန်တင့်လွင် ထိပ်ဆုံးနေရာ ရောက်အောင် ကြိုးပမ်းခဲ့ရတဲ့ သူ့ဘဝ ၊ သူ ပြောပြတာတွေက ခုလိုပါ ။ ]
••••• ••••• •••••
အမေရဲ့ အဖေ ၊ အဘက နှဲဆရာကြီး ဝိဇယဆရာလွှား ။ ကိုယ့်အဘက ကိုယ့်ကို ဆိုင်းဆရာ ဖြစ်စေချင်တော့ ပန်တျာကျောင်းကို ပို့လိုက်တာ ။ ကျွန်တော်က မူလတန်းအောင်လို့ ငါးတန်းကို စတက်နေပြီ ။
ပန်တျာကျောင်းကို ကျွန်တော်တို့ ရောက်တော့ ဆိုင်းနည်းပြ ဆရာက မရှိသေးဘူး ။ ခန့်တော့ ခန့်ထားပြီးပေမဲ့ ဆရာက ရောက်မလာသေးတော့ ဘာမှ ဟုတ်တိပတ်တိ မသင်ရဘူး ။
ကျွန်တော်တို့ ရှေ့မှာ တက်နှင့်တဲ့ ဆိုင်းကျောင်းသားက လေး ၊ ငါးယောက် ရှိတယ် ။ သူတို့ကတော့ တော်တော် တီးနိုင်မှုတ်နိုင် နေပြီ ။ သူတို့ တီးတာမှုတ်တာပဲ ကျွန်တော်တို့က ထိုင်ကြည့် နေကြတာ ။ ကျွန်တော့် အသက်က ၁၃ နှစ်ကျော် ၊ ၁၄ နှစ်ထဲ ရောက်ခါစ ။
တစ်လလောက် ကြာတော့ ဆိုင်းနည်းပြဆရာ ဦးစိန်မောင်လွင် ရောက်လာတယ် ။ ကျွန်တော်တို့ နှစ်မှာ ဆိုင်းသင်တန်းသားက ၁၅ ယောက်ရှိတယ် ။ စိန်မွတ္တား တို့ ၊ ဆုံးသွားတဲ့ စိန်ကျော်အောင် ၊ စန္ဒရားနည်းပြ ကိုတင်ဝမ်း ၊ အောက်အရပ် သုံးဆယ် က စိန်သောင်းညွန့် ၊ တွံတေး က စိန်မြလင်း တို့ ပါတယ် ။ တချို့လည်း ဆိုင်းဆရာ ဖြစ်မလာဘူး ။ ရန်ကုန်ဘက်က သင်တန်းသား တော်တော်ပါတယ် ။ မွန်ပြည်နယ် ၊ ကချင်ပြည်နယ် ကလည်း ပါတယ် ။
သင်တန်းသား ၁၅ ယောက်ကို နှစ်ချိန် ခွဲရတယ် ။ ခုနစ်ယောက် တစ်ဖွဲ့ ၊ ရှစ်ယောက်တစ်ဖွဲ့ ။ ကျွန်တော်က ဆိုင်းပညာနဲ့ သိပ်မနီးစပ်ခဲ့ဘူး ။ ဉာဏ်လေးတယ်လို့ ဆရာက ပြောတာပဲ ။ မင်းကွာ မှတ်သားဉာဏ် ဆိုတာ ရှိတယ် ။ လူတူ မှတ်သား ။ ဦးကျော်မြင့် ဆိုရင် ဦးကျော်မြင့် နဲ့ တူတဲ့ လူတစ်ယောက်ကို စဉ်းစား ၊ တွဲပြီး မှတ် ၊ အဲဒီလို သင်ပေးတယ် ။ ကျွန်တော်က တော်တဲ့ အဖွဲ့ထဲ မပါဘူး ။ သိပ်မတီးတတ်တဲ့ ရှစ်ယောက် ထဲမှာ ကျွန်တော် ပါတယ် ။
ဆရာ ဦးစိန်မောင်လွင် က တော်တဲ့ တပည့် ၊ ညံ့တဲ့ တပည့် ဆိုပြီး မခွဲခြားဘူး ။ ပတ္တလား နဲ့ ထံတျာကို သီချင်းနှစ်ပုဒ် တက်ပေး ပြီးရင် ဆိုင်းဝိုင်းထဲ ဝင် တီးခိုင်းတယ် ။ ငါးပိုဒ် ရရင် အဲဒီ ငါးပိုဒ်ကို လေး - ငါးဆယ်ခေါက် ပြန်ပြန် တီးခိုင်းတယ် ။ တစ်ယောက်ပြီး တစ်ယောက် တီးခိုင်းတာ ။ ဆိုင်းဝိုင်းတီး ၊ လင်းကွင်းတီး တစ်လှည့်စီ တီးရတယ် ။ ဆရာက စိတ်ရှည်လက်ရှည် ဆွဲခေါ်တာ ။ ညံ့တဲ့လူ ညံ့တယ် ဆိုပြီး ပစ်မထားဘူး ။ တော်တဲ့ တပည့်ကို တော်လို့ ခွဲမထားဘူး ။ အားလုံးကို မျှသင်ပြီး ဆွဲတင်တာ ။
ကျွန်တော်တို့မှာ သုံးဘာသာ ရှိတယ် ။ ဆိုင်းပညာက ဦးစိန်မောင်လွင် ၊ အဆိုက ဘဘထူး ၊ သင်္ကေတတန်း ပတ်ကားနုတ်စ် ၊ သင်္ကေတတန်းက ဆရာဦးကျော်ဒင် ။
မနက်ပိုင်းမှာ ဆိုင်းသင်တန်း ၊ နုတ်စ်သင်တန်း ၊ အဆိုသင်တန်း တစ်လှည့်စီ ၊ မနက်ပိုင်း သုံးနာရီ တစ်ချိန်စီ သွားတယ် ။ နေ့လယ် ထမင်းစား နားပြီး ညနေပိုင်းမှာလည်း သုံးဘာသာ တစ်လှည့်စီပဲ ။
သီတင်းကျွတ် ကျောင်းမပိတ်ခင် ပထမ အစမ်းစာမေးပွဲ ဖြေရတယ် ။ နုတ်စ်ကို ဆိုင်းသမားတိုင်းက မကျွမ်းဘူး ။ မသင်ချင်ဘူး ။ ပထမ အစမ်းဖြေကြတော့ နုတ်စ် မအောင်ကြဘူး ။ ဆရာဦးစိန်မောင်လွင် က မင်းတို့ သုံးဘာသာ မအောင်ရင် ဒုတိယနှစ်ကို လုံးဝ တက်မပေးနိုင်ဘူး ။ စတိုင်ပင်လည်း မပေးဘူး ။ ကြိုးစားကြလို့ ပြောတယ် ။
ကျွန်တော့် ကိုလည်း ဘယ်နှတန်း အောင်လာခဲ့သလဲတဲ့ ။ ငါးတန်းအထိ ရောက်ခဲ့တယ် ။ ပန်တျာကျောင်း တက်ဖို့ ငါးတန်း တက်လက်စနဲ့ ထွက်လာတာဆိုတော့ ဆရာက ဒါဆိုရင် မင်း ABCD တွေ မသိဘူးလားတဲ့ ။ သိပါတယ် ။ CAT ကက် ကြောင် မှန်း သိပါတယ် ပြောတော့ ဒါဆိုရင် နုတ်စ်က ဘာခက်တာ မှတ်လို့ကွာ ၊ နုတ်စ် ကလည်း ABCD တွေပါပဲ ။ ဘာခက်တာ မှတ်လို့ ၊ ရပ်နားခြင်းက ဘာ ၊ ဘယ်ဟာက ဘာဆိုတာ ရှင်းပြတယ် ။ ဆရာကြီးဦးကျော်ဒင် ကလည်း မသိတာကို မေးကွ ၊ သိသယောင်ယောင် ဟန်မဆောင်နဲ့တဲ့ ။ ကျွန်တော်လည်း မသိရင် ထထ မေးတာ ။
ဒုတိယ အစမ်းကျတော့ နုတ်စ်ကို ကျွန်တော် အောင်ရော ။ ဆရာတွေ သင်ပြတာ ကောင်းတော့ အသံတွေရဲ့ ဖွဲ့စည်းပုံ ၊ သီးခြား စကေးတွေ နားလည်လာတယ် ။ မြန်မာဆိုင်းဆရာတွေက နုတ်စ်နဲ့ တော်တော် အလှမ်းဝေးတာ ။ ဆရာက ကျွန်တော့်ကို ဉာဏ်လေးတယ် ထင်တော့ ပထမနှစ် အပြီး ကျောင်းပိတ်ရက်မှာ ငါ့အိမ်ကို နေ့စဉ် လာရမယ်တဲ့ ။ တစ်လခွဲလောက် ဆရာ့အိမ်ကို နေ့စဉ် သွားပြီး ဒုတိယနှစ်မှာ သင်မယ့် သီချင်းတွေကို လေ့ကျင့်ရတယ် ။ ဆရာ့အိမ်မှာ ပတ္တလား နဲ့ လေ့ကျင့်ရတယ် ။ အိမ်မှာ အဘရဲ့ ဆိုင်းဝိုင်း ရှိတော့ အိမ်ပြန် ရောက်ရင် ဆိုင်းဝိုင်းနဲ့ ဆက်ပြီး လေ့ကျင့်ရတာ ။ အဘက စည်းလေး တီးပေးတယ် ။
ဒုတိယနှစ် ကျောင်းဖွင့်တော့ ကျွန်တော်က သီချင်းတွေ ရပြီး ဖြစ်နေပြီ ။ ကျန်တဲ့ ညီအစ်ကို ကျောင်းသားတွေကို ကျွန်တော်က ပြန်တက်ပေးပါလို့ ခိုင်းတယ် ။ အဲဒီမှာ အမြင် တစ်မျိုး မြင်တဲ့သူတွေလည်း ရှိတာပဲ ။ ဒုတိယနှစ် ရောက်တော့လည်း အုပ်စုက နှစ်စု ခွဲတာပဲ ။ ကျွန်တော်က A တန်း မဟုတ်ဘူး ။ B တန်းမှာပဲ ။ ကျွန်တော် ကံကောင်းချင်တော့ ၁၉၆၆ ခု ကျောင်းသားပွဲတော်က မန္တလေး မှာ လုပ်တယ် ။ ကျောင်းသားပွဲတော်မှာ အမေသောင်း ( အက နည်းပြဆရာမကြီး ဒေါ်သြဘာသောင်း ) က တစ်ပင်တိုင်အက ၊ အကနည်းပြ ဆရာလေး ဦးသန်းအောင် က ရေခပ်ယိမ်း လုပ်တယ် ။ အဲဒီ ယိမ်းတွေကို တီးပေးဖို့ ရွာစားဦးစိန်ကျော်တင့် ၊ ဦးစိန်မောင်ကိုကြီး ၊ စံတော်ချိန် ဦးစိန်ဘမောင် ၊ တကယ့် ဆိုင်းဆရာကြီးတွေကို ရွေးထားတယ် ။
ယိမ်းကမယ့် ရက်မှာ ဘယ်ဆရာ လဲတော့ မမှတ်မိတော့ဘူး ။ ရွာစားကြီးက နယ်ဆိုင်း ပွဲထွက်ရမယ် ။ လာပြီး ဦးစီးတာက အဆိုတော် ပြည်လှဖေ ။ ဗိုလ်မှူးကြီး လှဖေ ။ သူကလည်း ဘယ်လောက် တော်သလဲ ဆိုရင် ဖြစ်ရမှာပေါ့ ၊ ရပါတယ် ။ သွားပါလို့ ခွင့်ပြုတယ် ။ အမိန့်နဲ့ တားတာပြုတာ မလုပ်ဘူး ။ ပြီးတော့ ဆရာ ဦးစိန်မောင်လွင် ကို ဆရာတို့ ပန်တျာ ကျောင်းသားတွေထဲက တီးနိုင်တဲ့ ဆိုင်းဆရာတွေကို ခေါ်ပြီး လေ့ကျင့်မယ်တဲ့ ။
ကျွန်တော့်ကို ခေါ်ပြီး တီးလုံးတိုက်တယ် ။ ခု အိုရီယန့်တယ်ဟောက်စ်ပိုင်ရှင် ဒေါ်ခင်စောဦး က ကျွန်တော်တို့ တစ်ပင်တိုင်အက မင်းသမီး ။
ကျွန်တော်က အသားက မည်းမည်း ၊ လူက ပိန်ပိန် ။ အမေသောင်း က ဆိုင်းဆရာက မင်း တီးမှာကိုး ၊ ဆိုင်းဆရာ ကလည်း အသားက မည်းပြာနေတာ ။ သင်တဲ့ အမေ ကလည်း မည်းပြာနေတာ ဆိုတော့ ဝမ်းဆက်ပေါ့တဲ့ ။ ရယ်စရာ သဘော ပြောတယ် ။ ကျွန်တော်က လူငယ် ဆိုတော့ ရှက်တာပေါ့ ။
ကျောင်းသားပွဲတော်မှာ ကျောင်းသားတွေ တီးကြတာ အဆင်ပြေတယ် ဆိုပြီး ပြည်လှဖေ က ကျောင်းကို ဆိုင်းပစ္စည်းတွေ ဝယ်ပေးတယ် ။ မြန်မာ့အသံ အဘ ဦးသန်းမြင့် ကလည်း ပန်တျာကျောင်းသားများ ဆိုင်းလက်သံ ဆိုပြီး အသံသွင်းပြီး အသံလွှင့်တယ် ။ ကျွန်တော်ရယ် ၊ စိန်မွတ္တား ရယ် ကွယ်လွန်သွားရှာတဲ့ စိန်ကျော်အောင်ရယ် ၊ သိန်းဆွေမြင့်ခေါ် စိန်ပီတာ ရယ် တီးကြရတယ် ။ ကျွန်တော်က ပွဲဦးထွက် ခေါင်းဆောင် တီးရတာပေါ့ ။
ဒုတိယနှစ် တက်အပြီး သင်္ကြန် ရောက်တော့ ၁၉ လမ်းက မာလာဖူး ဆိုတဲ့ ရေသဘင်မဏ္ဍပ်က ဆိုင်းတီး ပေးဖို့ ခေါ်တယ် ။ ကျွန်တော် ကလည်း တီးချင်နေတာနဲ့ အတော်ပဲ ။ ကိုယ့် ကျောင်းသားတွေကို တီးဖို့ လူစုတယ် ။ ကျောင်းတုန်းက ကျွန်တော့် ကျောင်းသားနာမည်က မောင်ကျော်ဌေး ။ ဆိုင်းဆရာနာမည် ရွေးကြရတော့မယ် ။ ဆရာဦးစိန်မောင်လွင် က ဗေဒင် တွက်တတ်တယ် ။ ကျွန်တော့် ဇာတာနဲ့ တွက်ချက်ပေးပြီး စိန်တင့်လွင် လို့ နာမည် ပေးတယ် ။ ဒုတိယနှစ် ကျောင်းပိတ်ရက်မှာ တီးကြရတာ ။ ကျွန်တော့် အသက်က ၁၅ နှစ်သားပဲ ။
မန္တလေးသင်္ကြန်က ဆုပေးတယ် ။ အဲဒီတုန်းက မန္တလေး တစ်မြို့လုံးမှာ ကျွန်တော်တို့ အဖွဲ့က ဆိုတီးကဆုမှာ တတိယဆု ရတယ် ။ ကျွန်တော့် ဘဝမှာ ပထမဆုံး ဆိုင်းကြေးရတဲ့ ပွဲပဲ ။ အဘက ဆိုင်းကြေး ၄၅ဝ နဲ့ လက်ခံတာ ။ အဲဒီခေတ်က ၄၅ဝ ၊ သူငယ်ချင်း ကျောင်းသားတွေကို နှဲဆရာက ဘယ်လောက် ၊ ပတ်မတီးက ဘယ်လောက် အချိုးကျ ခွဲပေးတယ် ။
တတိယနှစ် ရောက်တော့ ဆရာဦးစိန်မောင်လွင်က ဆိုင်းတီးလုံးတွေ ကျေညက်အောင် လေ့ကျင့်ခိုင်းတယ် ။ အဘ ဦးစိန်ဗေဒါ ရဲ့ တီးလုံး ။ အလင်္ကာကျော်စွာ ဘဘ ဦးဟန်ပ တီးလုံးတွေ တက်ပေးတယ် ။ ကျွန်တော့် အတွက် ဆိုပြီး သီချင်းတွေလည်း သီးခြား ရေးပေးတယ် ။
ဆရာဦးကျော်ဒင် ကလည်း ပတ်ကားနုတ်စ် နဲ့ ပတ်သက်ပြီး သေသေချာချာ သင်ပေးတယ် ။ ကျွန်တော် ကလည်း စိတ်ပါလက်ပါ သင်ယူတယ် ။ နုတ်စ်နဲ့ ပတ်သက်ရင် ကျွန်တော်က အတန်းခေါင်းဆောင် သဘောမျိုး ဖြစ်သွားတယ် ။ သင်တန်းမှာ အခြားသူတွေ မသိတာကို ရှင်းပြခိုင်းတယ် ။
ကျောင်းမှာ ဘဘစိန်ဗေဒါ ရဲ့ တေးထပ်ကို တီးရတယ် ။ စန္ဒရားဆရာ ဦးသိန်းမောင် က ကျောင်းကို လာ နားထောင်ပြီး သူလည်း တီးချင်တယ် ။ နုတ်စ် ရေးပေးပါတဲ့ ။ ဆရာက ကျွန်တော့်ကို ရေးခိုင်းတယ် ။ ပြီးတော့ ပြန်စစ်ပြီး ကျော်ဒင်လို့ လက်မှတ်ထိုးပေးတယ် ။ ဆရာ ဦးသိန်းမောင်က တော်တော် သဘောကျတယ် ။
ကျွန်တော်တို့ ဆိုင်းတွေမှာ ပတ်ကားနုတ်စ်တွေ ထောင်ပြီး ကြည့်တီးဖို့ ဆိုတာ အဆင်မပြေဘူး ။ ဒါပေမဲ့ အခြားနိုင်ငံက သီချင်းတွေ နိုင်ငံတော်သီချင်းနုတ်စ် ပေးရင် မြန်မာ့ဆိုင်းဝိုင်းနဲ့ တီးလို့ရတယ် ။ ကျွန်တော်တို့ ကျောင်းက ထွက်လာပြီး လေး - ငါးနှစ်လောက် နေတော့ ဝမ်းတူးသရီး ဆိုပြီး ဒိုရေမီဖာ တစ်ကြောင်း နုတ်စ်တွေ ခေတ်စား လာတယ် ။ ကျွန်တော်တို့ သင်ရတာက မျဉ်းငါးကြောင်းနုတ်စ် ။
ဒိုရေမီဖာတွေ ပေါ်လာတော့ ကျွန်တော် ဆရာဦးကျော်ဒင် ဆီ ပြန်ပြေးပြီး မေးတယ် ။ မင်းကလည်းကွာ သီချင်း ဆိုတဲ့ အသံကို ဂဏန်းလို ရေးထားတာ ဘာမျက်စိလည်စရာ ရှိသလဲ ပြောတယ် ။ ပြီးတော့ ဒိုရေမီဖာဆိုလာတီဒို နဲ့ ဝမ်းတူး သရီးတွေ လုပ် ၊ ပတ္တလားမှာ ဂဏန်းတွေ ရေးပြီး ပြန်လေ့ကျင့်တယ် ။ ဒါက ပိုလွယ်တယ် ။ အသံကြောင်းပဲ ပေးတာ ။
ကျွန်တော် တတိယနှစ် အောင်တော့ ဆိုင်း စထောင်တယ် ။ အဘိုးရဲ့ ဆိုင်းဝိုင်းကို အခြေခံပြီး ထောင်တာပါ ။
••••• ••••• •••••
❝ ပွဲလယ်တင့်တဲ့ စိန်တင့်လွင် ❞
[ တစ်ခေတ်တစ်ခါက “ ရွာစားကြီး စိန်ဗေဒါ မပါရင် အလှူ မဖြစ်သလောက်ပဲ ” လို့ အဆိုရှိခဲ့တယ် ။ ခုအခါမှာတော့ ရှယ်အလှူ ဆိုရင် စိန်တင့်လွင်ရဲ့ ဆိုင်းကို မရအရ ငှားကြတယ် ။
စိန်တင့်လွင်ဟာ အောင်မြင်ထင်ရှား လူကြိုက်များတဲ့ ဆိုင်း ဖြစ်တယ် ။ စိန်တင့်လွင်ကို လူငယ်တွေ လက်ခံတယ် ။ လူလတ်တွေ သဘောကျတယ် ။ လူကြီးပိုင်းက ကြိုက်တယ် ။ အရွယ်မရွေး ကြိုက်နှစ်သက် လက်ခံအောင် စိန်တင့်လွင်က အရွယ်စုံရဲ့ အကြိုက်ကို သိပြီး အဆင်ပြေအောင် ပေါင်းစပ်ထားတယ် ။
စိန်တင့်လွင်က မန္တလေး ပန်တျာကျောင်းမှာ သုံးနှစ်တာ ပညာ သင်ယူခဲ့တယ် ။ သူတို့ ပန်တျာကျောင်း တက်စဉ်က နိုင်ငံတကာဂီတ သင်္ကေတ သင်ရပြီး စိန်တင့်လွင်က ဒါကို တတ်ကျွမ်းအောင် ကြိုးပမ်းခဲ့တယ် ။ သူတတ်တဲ့ နိုင်ငံတကာ ဂီတအသံတွေကို အခြေခံပြီး မြန်မာ့ဆိုင်းကို အသံတွေပိုစုံအောင် ပိုမြိုင်အောင် သူလုပ်တယ် ။
စိန်တင့်လွင်က အနှစ်သာရပိုင်းသာမက အသွင်အပြင်ပိုင်းမှာ အမြင်လှအောင် မြန်မာ့ဆိုင်းကို မွမ်းမံတယ် ။
ပန်တျာကျောင်းက စာမေးပွဲတွေ အောင်မြင်ပြီး ကိုယ်ပိုင်ဆိုင်း တည်ထောင်ကာ ပြင်ပလောကကို တိုးဝင်ခဲ့ပုံ စိန်တင့်လွင်က ပြောပြပါတယ် ။ ]
••••• ••••• •••••
ပန်တျာကျောင်းက ဆင်းတော့ ကျွန်တော့် အသက်က ၁၆ နှစ် ၊ ၁၇ နှစ် ။ အဘိုးက ဆိုင်းထောင်ပေးတယ် ။
ကျွန်တော့် ရှေ့မှာ ဆိုင်းဆရာကြီးတွေ ဦးစိန်ကျော်တင့် ၊ ဦးစိန်မောင်ကိုကြီး ၊ ဦးစိန်နက်ကြီး ၊ ဦးမြို့ချစ်မောင် ၊ တကယ့် ဆရာကြီးတွေ ကြားမှာ ကိုယ်က ငုတ်စိလေး ။ ကလေးဆိုင်းလို ဝင်တိုးရတာ ။ ပြင်ပ အတွေ့အကြုံ အနေနဲ့ ဘထွေး ဦးစိန်တင်ဟန် ဆိုင်းနောက် လိုက် တီးဖူးတာပဲ ရှိတယ် ။
တစ်ရက်တော့ တံတားဦးနယ်က လာ ငှားတယ် ။ လာငှားတဲ့ သူက ဦးလှဖေ တဲ့ ။ အလှူဒကာက ဦးအောင်ပြေ ။
အလှူမဏ္ဍပ်မှာ ဆိုင်းတီးရမယ် ဆိုတော့ အသံချဲ့စက် မပါ ၊ မိုက် မပါဘူး ။ မရှိလို့ မပါတာ မဟုတ်ဘူး ။ လာငှားတဲ့ ဦးလှဖေ က တကယ့် ဆိုင်းကောင်းရင် မိုက်မပါဘဲ တီးနိုင်ရမှာပေါ့ ၊ ပန်တျာကျောင်းက ဆင်းတဲ့ မင်းတို့ ဆိုင်းဆရာ မိုက်မပါဘဲ တီးဆိုပြီး မိုက်ကို လုံးဝ ဆင်မပေးဘူး ။
ပရိသတ် ဒါလောက် ဆူနေတဲ့ အထဲ မိုက်မပါဘဲ ၊ စက်မပါဘဲ စတီးရတာ စဉ်းစားသာ ကြည့်ပါတော့ ။ ဘယ်လောက် တီးချလိုက်သလဲဆို ည ၁ဝးဝဝ နာရီလောက် အထိ ။ ကျွန်တော်တို့က လူငယ်တွေလည်း ဖြစ်တော့ အားကုန်တီးတာ ။ ပရိသတ်က တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားတယ် ။
ည ၁ဝးဝဝ နာရီလောက် ရောက်တော့မှ ကြိုက်သွားပြီ ၊ သွား မိုက်ချိတ် ပေးလိုက်တော့တဲ့ ။ အလွန်တီးရမှ ည ၁၁းဝဝ နာရီ ။ ကျွန်တော်တို့ ကလည်း လူငယ်တွေ ဆိုတော့ ခပ်ကြမ်းကြမ်းပဲ တုံ့ပြန်တယ် ။ ပရိသတ် ငြိမ်သွားပြီ ၊ မိုက်မလိုတော့ဘူးလို့ ။
အသံချဲ့စက်ဆရာက မိုက်ချိတ် ပေးလိုက်တော့ ဆိုတော့ မိုက်ကြီး ယူလာပြီး ဆိုင်းလာ ဆင်တယ် ။ ကျွန်တော်က တီးတာ ရပ်ထားလိုက်ပြီး ဘာလုပ်တာလဲ မေးလိုက်တယ် ။ မိုက် မိုက်လေ ၊ အဝေးရွာက ကြားသွားအောင် ဟွန်းရှည်ကြီး နှစ်လုံး မန်းကျည်းပင်ပေါ် တင်ထားတယ်တဲ့ ။ ကျွန်တော်က မလိုဘူး ၊ ဖြုတ်လိုက်လို့ ။ ညနေ ၆းဝဝ နာရီလောက် ကတည်းက သည်အတိုင်း တီးလာခဲ့တာ ။ အမူးသမား ၊ အရူးသမား ဆူတာ မှန်သမျှကို ခုခံပြီး တွယ်လာခဲ့ရတာ ။ အခု ပရိသတ် ငြိမ်သွားပြီ ။ ခင်ဗျား မိုက်ကြောင့် စိန်တင့်လွင် ကောင်းတယ် အဖြစ် မခံနိုင်ဘူး ။ ဖြုတ်လို့ ။ ကျွန်တော်က ငယ်သေးတော့ ပြောမိတယ် ။
မိုက်မပါဘဲ ကျွန်တော် ဆက်တီးတယ် ။ ည ၁၁းဝ၀ နာရီထိုးတော့ သိမ်းတယ် ။ သိမ်းခါနီးမှာ အဘစိန်ဗေဒါကြီးရဲ့ ရွှေမန်ကျည်း ခုနစ်စင်တွေ ဘာတွေ တီးပစ်လိုက်တာ ။ ဆိုင်းပွဲသိမ်းတော့ ဦးလှဖေက ခေါင်းပေါင်းကြီးနဲ့ ဆိုင်းဝိုင်းနား ထလာပြီး ငါ့တူရာ စိတ်တော့ မဆိုးနဲ့ကွ ၊ တို့ရွာက မင်းကို ကြိုက်သွားပြီတဲ့ ။ ကျွန်တော်ကလည်း ဘကြီးဦးလှဖေ ခင်ဗျားတို့ ရွာက အကျီစား ကြမ်းလှချေလားလို့ ။ မှတ်မှတ်ရရ ၊ တီးရတာက ပြာသိုလ ။ အေးတာက တအားအေးတော့ လက်တွေ ကွဲကုန်တယ် ။ အဲဒီအချိန်က ဆိုင်းဆရာက ဖြစ်ချင်တော့ ကြိတ်မှိတ် တီးရတာပဲ ။
ခုလည်း အမှတ်တမဲ့ တီးလိုက်မိပြီး ပန်းကုံး ( ဗုံနှုတ်ခမ်းသား ) ပေါ်ကျရင် လက်ကွဲတယ် ။ လက်ကွဲပေမဲ့ တီးရတာပဲ ။ ဆရာကြီးတွေက လက်ကွဲရင် ထမင်းပူပူလေးကို လက်နဲ့ ဆုပ်ပေးရတယ်တဲ့ ။ ရေနွေးအိုးပူပူလေးကို ဆိုင်းဝိုင်းထဲ မဝင်ခင် လက်ဝါးကို ကပ်ပေးရင် အပူရှိန်ကြောင့် လက်သက်သာပြီး တီးနိုင်တယ် ။
မှတ်မှတ်ရရ ပထမနှစ်က ဆိုင်းပွဲ ၄၇ ပွဲ ရတယ် ။ အဲဒီတုန်းက ဘကြီး စိန်ကျော်တင့်တို့က ဆိုင်းပွဲ တစ်ပွဲကို ကျပ် ၃ဝဝ လောက်အထိ ယူတာ ။ ကျွန်တော်က ၁၈ဝ -၂ဝဝ ၊ ကံကောင်းတဲ့အခါ နှစ်ရာ့အစိတ်ပွဲ ပါတယ်ပေါ့ ။
အမေဦး ( နဂါးဒေါ်ဦး ) တို့နောက် ယပ်ဝင်းထဲက ၂၅၀ ပေး ငှားတယ် ။ တပို့တွဲလပြည့် အဖိတ်နေ့ ၊ ဘယ်ဆိုင်းမှ မအားတော့လို့ ငှားတာ ။
အဘ အဘ ဦးစိန်ဗေဒါတို့ လက်ထက်က ဆိုင်းဝိုင်းပဉ္စရူပရုပ်က သေးသေးလေး ။ ဦးစိန်ဗေဒါရဲ့ ပစ္စည်းတွေကို အမွေခွဲကြတော့ ဆရာကြီးဦးစိန်ကျော် က ပဉ္စရူပ ရုပ်ကို ရတယ် ။ ကျွန်တော့် အဘိုးက ကျွန်တော် ဆိုင်းထောင်ရင် သုံးဖို့ ဆိုပြီး တစ်ရာ့အစိတ်နဲ့ ဝယ်ထားတယ် ။ မြေးအတွက် ဆိုပြီး စုဆောင်းရှာတာ ။
ကျွန်တော် ပန်တျာကျောင်းက ဆင်းတဲ့ အချိန်မှာ ဦးစိန်မောင်ကိုကြီးတို့က ပဉ္စရူပတွေ အကြီးကြီး လုပ်လာကြပြီ ။ ကျွန်တော်က အဘ ဒီအရုပ်ကလေးနဲ့တော့ မဖြစ်ဘူးထင်တယ် ဆိုတော့ ငါ ထပ်လုပ် ပေးရမှာပေါ့ကွာ ဆိုပြီး လုပ်ပေးတယ် ။ ဒါတောင် ဦးစိန်မောင်ကိုကြီးရဲ့ ပဉ္စရူပထက် တစ်ဝက်လောက်တော့ ငယ်နေသေးတယ် ။ နောက်တော့ အဟောင်းဈေးနဲ့ ပြန်ရောင်းတယ် ။
ကျွန်တော်က အသစ် ထပ်လုပ်မယ် ဆိုတော့ ဆရာဦးစိန်မောင်လွင်က ဘယ်လောက် ခေတ်မီသလဲ ဆိုရင် လောကနတ်ရုပ် လုပ်ပေးတယ် ။ ဒိုးကာလုပ်တာ ။ လောကနတ်က ထိုင်လျက် ။ ခြင်္သေ့ပျံ နဲ့ ဆင်ပျံဦးခေါင်းကို နင်းထားတဲ့ပုံ အပြားကြီးတွေ ထွင်းတာ ။ ကြေးဝိုင်း ၊ ဆိုင်းဝိုင်းလည်း အဲဒီလိုပဲ လုပ်တာ ။
လောကနတ်ဝိုင်း နဲ့ ကိုးနှစ်လောက် တီးတယ် ။ ၁၉၈၁ ခု မန္တလေးမီးလောင်တော့ ပါသွားရော ။ ဆိုင်းပစ္စည်းတွေ အကုန် ပါသွားတာ ။ မီးလောင်ခံရပေမဲ့ စိတ်မပျက်ဘူး ။ မကောင်းတာတွေ ပါသွားတာပဲ ၊ အသစ် ထွင်ရတာပေါ့ ဆိုပြီး ထပ်လုပ်တယ် ။
ကျွန်းပြားကြီးတွေ ၊ အပြားပေါ်မှာ ပဉ္စရူပရုပ်ကြီး ထွင်းတယ် ။ အဲဒီခေတ်က ရွှေစစ်ချရတာ ဆိုတော့ တော်တော် တန်ဖိုးကြီးတယ် ။ ပေ ၃၀ ပြည့် ဆိုင်းဝိုင်းကြီး ၊ တစ်ညီတည်း ။ မန္တလေး စိန်တင့်လွင် မင်္ဂလာဆိုင်း ဆိုတဲ့ ဆိုင်းဘုတ်ကြီးလည်း နောက်ခံလုပ်တယ် ။
ဘထွေး စိန်တင်ဟန်က ကျွန်တော် လုပ်ထားတာ ကြည့်ပြီး ကောင်းပါတယ်ကွာ ။ ကိုယ် လျှောက်တဲ့လမ်းကို ဖြောင့်အောင်သာသွား ။ တစ်နေ့ အောင်ပါလိမ့်မယ်တဲ့ ။
ခေတ်က လမ်းစဉ်ပါတီခေတ် ။ ကျွန်တော်က ဆိုင်းထဲမှာ ဒရမ်ဆက်တွေ ထည့် တီးကြည့်တယ် ။ ဆုတွေချတာ ၊ တစ်ည မရဘူးဆို လေးငါးခြောက်ဆယ် ။ ဆန်တစ်ပြည်မှ နှစ်ကျပ်ခွဲ ၊ သုံးကျပ် ။ ဒါပေမဲ့ ပါတီလူကြီးတွေက မလုပ်နဲ့လို့ တားတယ် ။ ကျွန်တော်က မန္တလေးသင်္ကြန် ဗဟိုမဏ္ဍပ်မှာ တီးရတာ ။ လူကြီးတွေ မကြိုက်ဘူး ဆိုလို့ နှစ်နှစ်လောက် တီးပြီးတော့ ဖြုတ်လိုက်တယ် ။ လေး ၊ ငါး ၊ ခြောက်နှစ်လောက် မတီးဘဲ နေလိုက်တော့ ကျွန်တော်နဲ့ ယှဉ်နေတဲ့ ဆိုင်းတွေ တော်တော် ရှေ့ရောက်သွားတယ် ။ အချို့ကလည်း စိန်တင့်လွင်ဆိုင်း ပျင်းစရာဗျာတဲ့ ။
ဆရာဦးစိန်မောင်လွင်က ဂီတလမ်းကြောင်းဟာ ဆယ်နှစ်တစ်ခါ ပြောင်းနေတယ် ။ ဒါကဖြင့် ငါ့အဖေ ၊ ငါ့အဘ ၊ ငါ့အဘိုးဟာမို့ ဆိုပြီး ဒါပဲ တရားသေ ဆုပ်မထားနဲ့တဲ့ ။
ကိုဝင်းဦး ရဲ့ မှုံရွှေရည်ရုပ်ရှင်ကား ကြည့်ပြီးတော့ ကျွန်တော် ပြောင်းဖြစ်တယ် ။ ဆရာဦးစိန်မောင်လွင် က မှုံရွှေရည်ကို ဘယ်လို မြင်သလဲတဲ့ ။
လေးကို ( ဂီတလုလင် မောင်ကိုကို ) က ယူတီစီဒေါ်နှင်းဆီရဲ့ မှုံရွှေရည် ကို အသံတွေ ပြောင်းပစ်တာ မကြိုက်ဘူးလို့ ဖြေမိတယ် ။
ဆရာက ဦးကိုကို ကို မဝေမဖန်ခင် ငါ့အရင် ပြောတဲ့ ။ ငါက သီချင်းကြီးတွေကို သံဆန်းလုပ်ပြီး မင်းတို့ကို သင်ပေးထားတယ် ။ သီချင်းကြီးတွေ ပရိသတ်ထဲ ချတီးလို့ ရအောင် လုပ်ထားတာ ။ သူ့အတိုင်း ချတီးရင် ပရိသတ် ပျင်းသွားမှာပေါ့တဲ့ ။ ဦးကိုကို လုပ်တာ ဆရာ လက်ခံတယ်တဲ့ ။ သီချင်းတွေ ကိုယ်တိုင်ရေး ၊ ကိုယ့်ပရိသတ်နဲ့ ကိုက်မယ့် သီချင်းတွေ ရေးကြတဲ့ ။
ဆရာ ပြောတာ ကျွန်တော် သဘောပေါက် သွားတယ် ။
ဆရာ ဦးစိန်ဗိုလ်တင့် ဆီက ခရိုမက်တစ် ကြေးမောင်းလေး တွေ့တယ် ။ စန္ဒရားသမားတွေက ဆိုင်းသမားတွေကို အသံစုံအောင် မသိဘူးလို့ ထင်ကြတယ် ။ စန္ဒရားက အက်ဖ်ရှပ်နဲ့ တီးရင် ဆိုင်းဝိုင်းက လိုက် မတီးနိုင်ဘူး ။ အက်ဖက်ရှပ် ဆိုတာ ငါးပေါက်တစ်ဝက်သံ ။ ပတ်ဝိုင်းက ပတ်စာပြောင်းနဲ့ လုပ်နိုင်ပေမဲ့ ကြေး နဲ့ မောင်း က လုပ်လို့ မရဘူး ။
ဆရာဦးစိန်ဗိုလ်တင့် ဆီက ကြေးမောင်းလေး တွေ့ပြီးနောက် ကြေးမောင်းတွေ ချက်ချင်း လုပ်တယ် ။ အသံတွေ ၊ ကြားသံတွေ ထုတာ မောင်းသုံးစုံလောက် ကွဲတယ် ။
အဘစိန်ဗေဒါ အလွမ်းပြေ ဆိုပြီး ကျွန်တော် လုပ်တယ် ။ အဲဒီမှာ ကျွန်တော် ခရိုမက်တစ် ပြောင်းတယ် ။ ပရိသတ်က အသိအမှတ် ပြုတယ် ။
ကျွန်တော်တို့ ဆိုင်းဝိုင်းထဲမှာ ခုနစ်သံ အပြည့် မရှိဘူး ။ ဝိုင်အမ်ဘီ ဆရာတင် ရေးတဲ့ ရဲရဲတောက် ဒို့ဗမာတွေ သတ္တိခဲတွေ့ သီချင်းကို အဘဦးစိန်ဗေဒါ တီးတော့ မရှိတဲ့ အသံတွေကို အဘက တီးရင်း ပတ်စာခိုးပြီး အသံကို ပြောင်းတီးသွားတာ ။
အလှူဆိုင်းစီးရီး အနေနဲ့ ပထမဆုံး နိဗ္ဗာန်တံခါးကြီး ဖွင့်သောနေ့မှာ ကျွန်တော်က အသံတွေ အစုံ ထည့်တယ် ။ ဒုတိယက ရှယ်အလှူ ၊ တတိယက ဇောတိက သူဌေး အလှူကြီးပေးမယ် ။
အလှူပွဲကြီး လှည့်လာပြီ စီးရီးအသံသွင်းဖို့ လုပ်တော့ ကျွန်တော့် သားတွေက ဂီတာမှာ အသံကို လေးခါ ပြန်ထပ်လို့ရတယ်လို့ ပြောတယ် ။ တို့လည်း ထပ်လို့ ရတယ်ကွ ဆိုပြီး အလှူပွဲကြီးလှည့်လာပြီကျတော့ ပတ်စာလေးခါ ပြောင်းပြီး တီးတယ် ။ ပထမရိုးရိုးအက်ဖ်နဲ့ တီးနေရာက ဘီပြောင်း တီးတယ် ။ နောက် ဘီဖလက်ကနေ အက်ဖ်ရှပ် ၊ ပတ်စာ လေးခါ ပြောင်းတီးတယ် ။
ပန်တျာကျောင်းမှာတုန်းက နုတ်စ်တွေ သင်ရတာ စိတ်ညစ်တယ် ။ နုတ်စ်တွေ သင်ခဲ့ရလို့ အခုတော့ မေဂျာတွေ မိုင်နာတွေ အသံစကေး ထားတာတွေ လုပ်တတ်ပြီး ခေတ်လူငယ်နားနဲ့ ကိုက်အောင် တီးနိုင်တယ် ။
နယ်ပွဲတွေ တီးရင် နောက်နေ့မနက် ၂းဝဝ နာရီ အစောဆုံး သိမ်းရတာပါ ။
ကျွန်တော်က ခွင်တွေကို အံကျချထားတာ ။ တစ်ပြီး နှစ် ၊ နှစ်ပြီး သုံး ။ သုံးမှာ ပတ်စာ ပြောင်းမယ် ။ လူရွှင်တော် ဝင်တယ် ။ ပြဇာတ် ကသလိုပဲ ။ လူရွှင်တော် ပြက်လုံးက ဒါပြီးရင် ဖြုတ်တော့မယ် ။ ဆိုင်းဝိုင်းက ပတ်စာ ပြောင်းပြီးပြီ ။ နံပါတ်လေး အတွက် အသံ ပြောင်းပြီးသား ။
ည ၁၁း၃ဝ နာရီလောက်ကျ ခွင်ကို ဖြုတ်ပြီး စာပေစကား စပြောတယ် ။ အချို့ လူငယ်တွေလည်း ငါတို့တော့ နှင်ပြီဟ ဆိုပြီး ထပြန်တယ် ။ ( ရယ်လျက် ) ။
မိဘကျေးဇူးတွေ ပြောတယ် ။ တဖြည်းဖြည်းနဲ့ လူလတ်ပိုင်း နားထဲ ဝင်တယ် ။ လူလတ်ပိုင်း ကြိုက်မယ့် အပိုင်း ဆက်သွားတယ် ။ အချင်းချင်း လက်ရည်တစ်ပြင်တည်း ညီညွတ်ကြဖို့ ၊ ကိုယ့်ကျေးရွာကို ထူထောင်ဖို့ ၊ အဟာတွေ မရှိအောင် အဆက်တွေနဲ့ သွားတာ ။
တဖြည်းဖြည်း ည ၁း၀၀ နာရီလောက် ရောက်ပြီ ။ ကျွန်တော်တို့ အဘိုးအကြောင်း ပြောပါရစေ ဆိုပြီး အဘိုးစိန်ဗေဒါ အကြောင်းလေး ပြောပြီး မင်္ဂလာဗြောညွန့် ၊ ၁၆ မိုင် လမ်းလျှောက်မယ် ။ ရဲရဲတောက်တွေ တီးတယ် ။
အလှူကြီးပေးမယ် ဆိုင်းစီးရီး ဗီစီဒီရိုက်တော့ ကိုဝင်းနောင် ရဲ့ အကူအညီနဲ့ ဇာကားရယ် ၊ ဆလိုက်မီးရယ် ၊ ပြည်ဖုံးကားကြီးရယ် ဆင်ပြီး ရိုက်တော့ တော်တော် ထူးခြားတာ တွေ့ရတယ် ။
ဒါနဲ့ ဆိုင်းကို ဆလိုက်မီးတွေ decoration ( အခမ်းအနား မွမ်းမံပြင်ဆင်မှု ) တွေနဲ့ လုပ်လိုက်တော့ လူငယ်တွေက ပိုပြီး စိတ်ဝင်စားကြတယ် ။ အလှူရှင်တွေလည်း သဘောကျတယ် ။ ကျေနပ်တယ် ။
ကျွန်တော်တို့ ဆိုင်းတွေ အလှူမဏ္ဍပ်ထဲက ပျောက်မသွားအောင် ကြိုးစားလုပ်နေတာပါ ။
⎕ ကျော်ရင်မြင့်
📖ဘဝဇာတ်ခုံ အဖုံဖုံ

No comments:
Post a Comment