Saturday, November 1, 2025

ကာလကြီး သပွတ်အူ


 

❝ ကာလကြီး သပွတ်အူ ❞
      ( ရန်အောင်ဗလ )

တောရွာသူကြီးအိမ်၌

ဦးသက် ။  ။ မောင်က ဘယ်မြို့က ဘယ်ကို သွားမလို့ပါလဲ ။

မောင်လှ ။  ။ ကျွန်တော်က ရန်ကုန်မြို့ကပါ ၊ အခု အလုပ်အားလပ်ခွင့် ၆ လ ယူထားတာနဲ့ ၊ ဘုရားများ လည်ပြီး ဖူးပါတယ် ။

ဦးသက် ။  ။ အလုပ်က ဘာအလုပ်ပါလိမ့် ၊ အမိန့်ရှိပါဦး ။

မောင်လှ ။  ။ အလုပ်က ဆပ်အင်စပက်ပါ ခင်ဗျာ ၊ အခု သာယာဝတီ အရေးကလည်း မအေးသေးတော့ ပရိယာယ်နဲ့ပဲ မကျန်းမာဘူး ဆိုပြီး ဆေးလက်မှတ် ဆရာဝန်ထံကပဲ ယူ၍ ၆ လလောက် ခွင့်ခံထားရတယ် ။ နောက် ၆ လလောက် ဆိုရင် သာယာဝတီအရေးလည်း အေးလောက်ပါပြီ ။ ဒီကျမှပဲ ပြန်ဝင်ရတော့မှာပဲ ။

ဦးသက် ။  ။ နို့နေပါဦး ၊ သာယာဝတီအရေးက အခုထက်ထိ မအေးသေးတာ ၊ ဆေးကောင်းလို့လား ပြောစမ်းပါဦး ၊ ဆပ်အင်စပက်တော် ကလေးရဲ့ ၊ ဟဲ့ သမီးကြင်ကြင် ကွမ်းအစ်များ ၊ ဆေးလိပ်များ ယူခဲ့ပါဟဲ့ ၊ ကာဖီလည်း ဖျော်ခဲ့ဟဲ့ ။

ကြင်ကြင် ။  ။ ကောင်းပါပြီဖေဖေ ၊ သုံးဆောင်တော်မူပါရှင့် ၊ ခွေးမရေ ထွေးခံ ယူခဲ့ဟေ့ ။

သာမောင် ။  ။ ငနဲကြီးတော့ ဟိုလူကို သဘောကျနေပြီ ထင်တယ်ကွဲ့ ၊ ကြည့်ပါလား ၊ သမီးကလေးကို လက်ဖက်ရည်ဖျော်ခိုင်းပြီး လောကွတ်ပြုနေတာ ဒီလူက ဘာလဲကွဲ့  ။

သာဝ ။  ။ ကျဆိုလည်း ကျစရာပေါ့ကွာ ၊ ဆပ်အင်စပက်တော် ဆိုတော့ ၊ နောက်ဆုံး ဌာနာအုပ် ရာဇဝတ်ဝန် ပုလိပ်မင်းကြီး အထိ ရာထူးတက်နိုင်တာကိုး ၊ နို့ပြီး သမက်က ရာဇဝတ်ဘက်က ဆိုတော့ သူကြီး လုပ်သူမှာ သာပြီး အားကိုးရတာပေါ့ ။

ဘညွန့် ။  ။ သူ့ကို ဒါကြောင့် ငါက ဗေဒင် ဟောထားတာ ၊ ကတော် ဆယ်ပါး ၊ တစ်ပါးအပါအဝင် ဖြစ်လိမ့်မယ်ဆိုတာ ၊ အခုဖြင့် ငါဟောတဲ့ဗေဒင် မှန်တော့မယ်ကွဲ့ ၊ သူ့ဇာတာကိုက သိပ် ကောင်းတာပဲ ၊ ကံမှာ ကြာပေါက် တူမှာ မီးတောက် ၊ သိန်မှာခြင်္သေ့ဟောက်တယ်ကွဲ့ ။

ဦးဘ ။  ။ ဟေ တိုးတိုး ပြောကြပါကွဲ့ ၊ ဟိုက ကြားရင် အားနာစရာကြီး ။

ဦးသက် ။  ။ နို့နေပါဦး မောင်ရဲ့ ၊ အခု သာယာဝတီဂဠုန်တွေက အဟုတ်ကို စွမ်းရဲ့လား ၊ မောင်တို့ကတော့ ရာဇဝတ်ဘက်ကမို့ အမှန်သိမှာပဲ ။

မောင်လှ ။  ။ သိပ်စွမ်းတာပဲ ဦးရဲ့ ၊ ဓားနဲ့ထိုး ၊ ဓားကျိုးလို့ လှံခွေ ၊ ပြောင်နာဂိန် ဆင်များမင်းတောင် ၊ နင်းလို့မသေ ၊ မီးမှာတဲ့ တထွေ ရေမှာတဲ့ တခြား ၊ ပဒုမ္မာရွှေကြာပန်းလို လန်းမယ့်ယောက်ျား ဆိုတဲ့ အတိုင်းပါပဲဗျာ ၊ ဓားပြီး ၊ လှံပြီး ၊ သေနတ်ပြီး ၊ လူစွမ်းကောင်းတွေပါပဲ ၊ ကျွန်တော့် အထင်ဖြင့် သာသနာတစ်ဝက် မင်းကောင်းတစ်ဆက် ဆိုတာလို တကယ့် မင်းကောင်း မင်းလောင်းတွေ ဆိုချင်တာပဲ ။

ဦးသက် ။  ။ နို့နေပါဦး ဒါဖြင့် သတင်းစာတွေမှာ ဖတ်ရတာကတော့ အစိုးရဘက်က နိုင်တာချည့်ပါပဲလား မောင်ရဲ့ ၊ သူပုန်ဘက်က ကျဆုံး ထွက်ပြေးရတာချည့် ပါကလား ။

မောင်လှ ။  ။ ဒါက ဒီလိုကလား ဦးရဲ့ ၊ ဂဠုန်ဂငယ်တပ်က ထမင်းအိုးထမ်း ၊ ဟင်းအိုးထမ်း ၊ အလကားလူတွေ အစားဆန်ရေ ရှာဖွေကျွေးရတဲ့ လူတွေနဲ့သာ တိုက်နေရသေးတာကိုးဗျ ၊ နို့ပြီး အစိုးရဘက်မှာ သေနတ် ကျည်ဆန် ၊ ယမ်းတောင့်တွေ မကုန်ကုန်အောင် ၊ ကိုယ့်ဘက်က နည်းနည်း အနာခံပြီး တိုက်ခိုက်နေရတာပါ ၊ အစိုးရဘက်ကလည်း အလကား လူတွေကို အဟုတ် ထင်ပြီး အနိုင်ရတယ် ပြောရအောင် နင်းကန်ပြီး ကျည်ဆန်တွေ ယမ်းတောင့်တွေ သုံး ၊ နောက်ဆုံး တကယ် တိုက်ပွဲကျတော့ လက်နက်လည်း မရှိ ၊ ခဲယမ်း မီးကျောက်လည်း မရှိ ၊ လူတွေလည်း ပန်းတော့မှ အေးအေးချမ်းချမ်းကလေး တေ့ဖြုတ်လိုက်မှာပေါ့ဗျာ ၊ ကျွန်တော်တို့ ရာဇဝင်တွေထဲမှာ ကြည့်ပါလား ၊ ရာဇပရိယာယ် ဆိုတာ ဒါမျိုးပေါ့ဗျာ ။

ဦးဘ ။  ။ ဟုတ်လိုက်လေ မောင်ရယ် ၊ ဦးတို့လည်း ကိုယ်တိုင် ကြုံဖူးတာပေါ့ ၊ ၄၇ အရေးတော်တုန်းက ဦးတို့ ဘက်က အသုံးမကျတဲ့ လူတွေကို အတိုက်ခိုင်း ဒီတော့ တစ်တပ်နဲ့ တစ်တပ် ပစ်ခတ်ကြလို့ အင်္ဂလိပ်ဘက်မှာ ခဲယမ်းမီးကျောက်ကုန် ၊ လူလည်း ပန်းတော့မှ ဦးတို့က သူတို့ အမောကို ကြည့်ပြီး တိုက်လိုက်တာ ၊ အင်္ဂလိပ်ဘက်က အများကြီး ကျဆုံးသဗျား ၊ အို မပြောပါနဲ့တော့ ၊ လက်နက်တွေဆို အကုန်ရလိုက်တာပဲ ။

မောင်လှ ။  ။ ဟုတ်ကဲ့ ၊ ဒီမှာလည်း ဒီလိုပါပဲဗျာ ၊ ဂျပန်စကားပုံမှာ လယ်ထွန်သမားဟာ အနီးအနားတွင် တောကြက် နှစ်ကောင် ခွပ်နေရာ ချက်ချင်း ဖမ်းလိုက်ရင် ဘယ်နည်းနဲ့မှ ရမှာ မဟုတ်ဘူး ၊ ဒါကြောင့် နှစ်ကောင်လုံး အမောကို စောင့်ပြီး တစ်ကောင်နဲ့ တစ်ကောင် မပြေးနိုင်မှ အသာကလေး ဖမ်းယူသလို ဒါလိုပဲ ၊ အခုလည်း ကိုယ့်ဘက်က တည်ကြက် နဲ့ မျှားပြီး အနာခံတိုက်နေရတာပဲ ။

ဦးဘ ။  ။ ဟုတ်လိုက်လေ မောင်ရယ် ၊ ရန်ကုန်မြို့ ၊ ဂျူဗလီဟောမှာ အရင်တစ်နှစ်က လက်ဝှေ့သမား ဒိုးကလေး ဒိုးကလေး နဲ့ သိပ်ကျော်တာပေါ့ ၊ တစ်ပွဲ ၊ နှစ်ပွဲဟာ သူကချည့်နိုင်တာပဲ ၊ နောက်ဆုံးတစ်ပွဲ ကျတော့ သူ့မှာ မောလို့ ဘာမှ မဟုတ်တဲ့ ကုသ ဆိုတဲ့ အသုံးမကျတဲ့ လက်ဝှေ့သမားကလေးနဲ့ ကျတော့မှ လုံးလုံးကြီး ရှုံးသွားတာပဲဗျား ။ အပွဲပွဲ နွှဲခဲ့သမျှ အသုံးမကျတဲ့ ကုသ ကျမှ အရှုံးခံရတာ သိပ်နာကြည်းစရာကောင်းတာပဲဗျာ ။

မောင်လှ ။  ။ ဟုတ်တယ်ဗျ ၊ ဒီမှာလည်း နောက်ဆုံးမောလို့ ပန်းလို့ ခဲယမ်း မီးကျောက် ကုန်မှ ဆိုရင် ဆရာစံ တောင် ထွက်တိုက်ဖို့ မလိုတော့ဘူး ၊ လဲရာမှာ ဖိထောင်းရုံ ရှိတော့တာပဲ ။

ဦးသက် ။  ။ ကဲ ကဲ စကားလည်းပြော ကောင်းရဲ့ ၊ ညဉ့်လည်း နက်သွားပါပြီ ၊ ဒီမှာပဲ အိပ်ပါတော့လေ ၊ မနက်ကျမှ တည်းအိမ်ပြန်တာပေါ့ ၊ ဟဲ့ ကြင်ကြင် အင်စပက်တော်မင်းဖို့ အိပ်ရာ ပြင်ဟဲ့ ။

ကြင်ကြင် ။  ။ ဟုတ်ကဲ့ရှင် ၊ ကဲ ပြင်ပြီးပါပြီ ၊ ကြွပါရှင် ကြွပါ ၊ စကား ပြောရတာ မောသွားပြီ ထင်တယ် ၊ ကိုယ့်အိမ်လို သဘောထားပြီး အိပ်ပါရှင် ။

မောင်လှ ။  ။ အို .. အိပ်ရာထဲမှာ ရွှဲလို့ပါလား ၊ ဘာတွေလဲဗျ ၊ မွှေးလိုက်တာလည်း လွန်လို့ပါလား ။

ကြင်ကြင် ။  ။ အော်ဒီကလုံး ရေမွှေး ဖျန်းထားတာရှင် ၊ ကျွန်မက ဒီလို မွှေးမွှေးကြိုင်ကြိုင်မှ ဧည့်ဝတ်ပြုရတာ ကျေနပ်တယ် ၊ ပျော်ပျော်ကြီး အိပ်ပါရှင် ၊ အားမနာရပါဘူး ။

မောင်လှ ။  ။ ကောင်းပါပြီဗျာ ၊ ခါးလည်းညောင်းပြီ ၊ ခါးဆန့်ရင်း အိပ်ရမှာပဲ ။

တစ်ခဏမျှ ကြာသောအခါ ...

ကြင်ကြင် ။  ။ ဆပ်အင်စပက်တော်မင်းရဲ့ တစ်ရေးနိုး သောက်ရအောင် ဟောဒီက ရေတကောင်းနဲ့ ရေရှင့် ။

မောင်လှ ။  ။ ကောင်းပါပြီဗျာ ၊ ကျွန်တော်ကတော့ တစ်ရေးနိုးရင် ၊ ရေအေးအေး သောက်တတ်သဗျ ။

တစ်အောင့်လောက် ကြာသောအခါ ..

ကြင်ကြင် ။  ။ ဆပ်အင်စပက်တော်မင်းရဲ့ ၊ ခံတွင်းချဉ်ပြေ သောက်ရအောင် တို့ဗမာ ဆေးပေါ့လိပ်ရှင့် ။

မောင်လှ ။  ။ ကောင်းပါပြီဗျာ ၊ အခုလိုအခါ တို့ဗမာဆေးပေါ့လိပ် ကောင်းတာပဲ ။

၅ မိနစ် ကြာသောအခါ ....

ကြင်ကြင် ။  ။ ဆပ်အင်စပက်တော် မင်းကလေးရဲ့ ၊ စောစောက ဆေးလိပ်ကို ပေးပြီး မီးခြစ် မေ့နေလို့ ။

မောင်လှ ။  ။ ကောင်းလှပါပြီဗျာ ( ဪ ... သူဟာ တစ်ခါတည်း မီးခြစ်ရော ဆေးလိပ်ရော ယူလာရင် ဖြစ်လျက်သားနဲ့  ၊ ငါ့ဆီ လာရအောင် ခဏခဏ လုပ်နေတာ ၊ ငါ အ,လို့ မတော်ဘူး ၊ တစ်ခါတည်း အရဲစွန့်မှပဲ ) နေပါအုံး ကြင်ကြင် ရဲ့ ၊ ကိုကိုနဲ့ ရန်ကုန်ကို လိုက်မလား ပြောစမ်းပါဦး ။

ကြင်ကြင်  ။  ။ မလိုက်ဝံ့ပေါင်ရှင် ၊ ဟိုကျရင် သားကြီး မယားကြီး ရှိနေမှာ ကြောက်ပါတယ် ။

မောင်လှ ။  ။ မရှိပါဘူး ကြင်ကြင် ရယ် ၊ ဘုရားကိုစူး မိုးကြိုးကို ပစ်ချရပါစေရဲ့ ၊ ဟိုကျတော့ ရှိခဲ့လို့ ရှိရင် ကြင်ကြင် စီးတဲ့ဖိနပ်နဲ့ ဆယ့်ငါးချက်လောက် ရိုက်ပါ ၊ လာပါ ကြင်ကြင်ရဲ့ ၊ ကြင်ကြင့် ကို မြင်ကတည်းက ...

ကြင်ကြင် ။  ။ ဒီလိုတော့ မလုပ်နဲ့ရှင် ၊ ကျွန်မ ကြောက်တယ် ( ဆတ်ဆတ် ဆတ်ဆတ် )

မောင်လှ ။  ။ အို မတုန်နေပါနဲ့  ၊ ကြင်ကြင့် ကို ကိုက်စားမှာ မဟုတ်ပါဘူး ။

ကြင်ကြင် ။  ။ ကိုက်စားမှာ ထက်တောင် ကြောက်သေးတယ် ၊ ဟင်းနော် ဟင်းနော် ၊ ဖေဖေ မအိပ်သေးဘူး ။

မောင်လှ ။  ။ အိပ်ပါပြီကွဲ့ ၊ ရှုပ် ရှုပ် ရှုပ် ရှုပ် ။

ကြင်ကြင် ။  ။ ဟင် နှုတ်ခမ်းမွေးတွေက စူးလိုက်တာ ၊ လွှတ်ပါ ကိုကို ရယ် ၊ ကြင်ကြင့်ကို ချစ်ရင် ဖေဖေ့ ပြောပြီးရင် သဘောရှိပါပဲ ၊ အခုတော့ မိကောင်းဖခင် သားသမီးပီပီ တောင်းရမ်းယူပါ ၊ ကြင်ကြင် မငြင်းပါဘူး ။

မောင်လှ ။  ။ တောင်းရမ်းယူရင် ကြင်ကြင်က မေတ္တာရှိတောင် ကြင်ကြင့် ဖေဖေက သဘောတူမှာ မဟုတ်ဘူး ၊ ချစ်သွေးဝင်ရင် ကြင်ကြင့် ဖေဖေက သဘော မတူတောင် ကြင်ကြင်က ခွဲနိုင်မှာ မဟုတ်ဘူး ၊ ဒါကြောင့် ကြင်ကြင့်ကို ချစ်ဆေး တစ်ခွက်လောက် တိုက်ချင်တယ် သောက်မလား ။

ကြင်ကြင် ။ ။ ချစ်ဆေး ရှင့်မှာ ပါသလား ၊ ဘယ်မလဲ ပြစမ်းပါ ၊ အစိမ်းတိုက်လား ၊ ညစ်ညစ်ပတ်ပတ်တွေဖြင့် မသောက်ချင်ဘူး ၊ ချစ်ဆေး ပါတယ် ဆိုရင် ပြလေ ဘယ်မလဲ ။

မောင်လှ ။  ။ ချစ်ဆေး ဆိုတာ တခြား ဘယ်ရှာနေမလဲ ၊ ဟောဒါဟာ ချစ်ဆေးထဲမှာ ပထမတန်းပေါ့ဟု ဆိုကာ ကြင်ကြင်၏ ဖယောင်းသားကလေး ကဲ့သို့ နူးညံ့ပျော့ပျောင်းသော ကိုယ်ကလေးကို ပွေ့၍ ၅ မိနစ်လောက် တိုက်လိုက်လေသတည်း ။

မောင်လှ ။  ။ ကဲ ဒါ ချစ်ဆေးပဲ ၊ ချစ်ဆေး ဝင်ကတည်းက ကြင်ကြင် ကိုကို့ ကို ချစ်မလာဘူးလား ။

ကြင်ကြင် ။  ။ ဟင့်အင်း ချစ်ပေါင် ၊ အဝေးကြီး ၊ မချစ်တဲ့အပြင် သောက်မြင် တောင်ကတ်သေး ။

မောင်လှ ။  ။ ဒါဖြင့် ဆေးတစ်ခွက်လောက် ထပ်တိုက်ရဦးမှာပေါ့ လာဦး ။

ကြင်ကြင် ။  ။ တော်ပါ ဘိုးစောရယ် ၊ ကြင်ကြင်က အဟုတ် ချစ်ဆေး မှတ်လို့ ၊ ကဲဒါဖြင့် ကိုကို ဘယ်လို ကြံမလဲ ။

မောင်လှ ။  ။ ဘယ်လိုမှ မကြံနဲ့ ၊ အခု မိုးမလင်းခင် ကိုကိုနဲ့ လိုက်ခဲ့ ၊ နောင်ကျတော့မှ လာပြီး အပ်မယ် ၊ နို့မို့ဖြင့် တစ်ယောက် တစ်ယောက် ကြာပြီး ကွဲနေကြလိမ့်မယ် အဲဒါ အကောင်းဆုံး ။

ကြင်ကြင် ။  ။ ဒါတော့ ကိုကို သဘောပေါ့လေ လိုက်ရတော့မှာပေါ့ ။

ရန်ကုန်မြို့ ရောက်သောအခါ ..

ကြင်ကြင် ။  ။ ကိုကို ဆပ်အင်စပက်တော် ဆိုပြီး အိမ်ထောင်ပရိဘောဂ အသုံးအဆောင်လည်း ဘာမှ မရှိပါလား ၊ ဟင် ... ကိုကို ညာခေါ်လာပြီ ထင်တယ် ။

မောင်လှ ။  ။ ကြင်ကြင် ကိုကို့ ကို ချစ်မိမှဖြင့် မထူးဘူး ၊ ကိုကို့ အလုပ်က ဆပ်အင်စပက်တော်ထက် ကောင်းသေးတယ် ၊ တစ်နေ့ ၁၀ - ၁၅ိ ရတယ် ၊ ဘာမှ မပူနဲ့ အေးအေး စားရတာ ကိုကို သင်္ကြန်တွင်း အလုပ်ပိတ်ထားလို့ ၊ ကြင်ကြင်တို့ဆီ အလည်လာရင်း ခုလို တွေ့ရတာ ၊ အခုတော့ သင်္ကြန်တက်ပြီး လို့ ဒီနေ့က စပြီး အလုပ် လုပ်ရတော့မယ် ၊ ကြင်ကြင် ဂုဏ် မငယ်ပါဘူး ၊ ဆပ်အင်စပက်တော်ကတော်မဟုတ်ပေမဲ့ စာရေးကတော် ပါပဲ ။

ကြင်ကြင် ။  ။ ဩော် ကိုကို ရုံးစာရေးကြီးလား ၊ တစ်လ လခ ဘယ်လောက်ရသလဲ ၊ စာရေးကြီးကတော် ဖြစ်ရရင်လည်း ကြိုက်တာပါပဲ ၊ ဒါကြောင့် ဗေဒင်ဆရာက ကျွန်မကို ကတော်ဆယ်ပါး တစ်ပါးအပါအဝင် ဖြစ်လိမ့်မယ်လို့ ဟောတာပဲ ၊ ကိုကို ဟိုက်ကွတ် စာရေးကြီးလား ။

မောင်လှ ။  ။ အို ဟိုက်ကွတ်စာရေးကြီး လခဘယ်လောက်ရလို့လဲ ၊ ဘာအသုံးကျသလဲ ၊ အရေးပိုင် ကြောက်ရ ၊ ဝန်ထောက် ကြောက်ရ ၊ မြို့အုပ် ကြောက်ရနဲ့ ။

ကြင်ကြင် ။  ။ ဒါဖြင့် ဘာစာရေးလဲ ကိုကိုရဲ့ ။

မောင်လှ ။  ။ ၃၆ ကောင် စာရေးလေ ။

ကြင်ကြင် ။  ။ အမယ်လေး ကြင်ကြင် တော့ ရုံးစာရေးကတော် မဖြစ် ၃၆ ကောင် စာရေးကတော် ဖြစ်ပါပေါ့လား ၊ ဟီးဟီး

◾ဥပဒေသ တေးထပ်

တရွာသား ၊ ပြောသမျှကိုမှ ၊ သဘောကျနားဝင် ၊ ချောအလှ တစ်ပါး ခင်ရယ် ၊ အမှားပင်ကြုံရေး ၊ သင်္ကြန်တွင်း တွေ့ရတာကို စေ့ငစွာ ညွှန်ပြ လိုက်သေး ။ ညာလှိုင်းတိုင်း ယုံလွယ်လျှင် ဂုဏ်ငယ်မည် ၊ မျှော်တွေး ၊ ပုံရွယ်ရည် မလျှော်သေးတာမို့ ၊ ကတော်ကလေး ဆင်ခြင် ၊ ငယ်စဉ်ခါ မြူခါမြှောက်ပါလို့ ၊ အူချာပေါက် ဟောတဲ့ဗေဒင် ၊ လှကလေး ပျိုကြင်ကြင်မှာ ငိုချင်ချင် ဆုံးဖွဲ့ နောက်ပါလို့ ၊ ၃၆ စာရေးကတော် ဖြစ်ရပျော်ပျော် ၊ လိမ်ဉာဏ်နှင့် အတင်း ခေါ်လျှင် မင်းကတော် ဖြစ်ဘူးကွဲ့လေး ။

▢  ရန်အောင်ဗလ
📖 ဗန္ဓုလ ဂျာနယ် ဝတ္ထုများ

No comments:

Post a Comment