Showing posts with label ဇဝန. Show all posts
Showing posts with label ဇဝန. Show all posts

Sunday, October 19, 2025

တစ်ညချမ်းဝယ်


 

❝ တစ်ညချမ်းဝယ် ❞
          ( ဇဝန )

ညနေစောင်းကတည်းကပင် မိုးတစိမ့်စိမ့် ရွာသွန်းလျက်ရှိကာ ပိန်းမှောင်နေသော အာကာသကို ဖောက်ထွင်း ဝင်းလက်လိုက်သည့် လျှပ်စစ်နှင့်အတူ မြည်ဟိန်းသွားသော မိုးချုန်းသံမှာ ကောင်းကင် အပေါ်ထပ်က သံတလိမ့်လုံးကြီးကို လှိမ့်ဆွဲလိုက်သလို ရှိပေ၏ ။

ဒေါက်တာ သင်းကြည် သည် အိမ်ရှေ့ခန်းတွင် ထိုင်၍ စာဖတ်နေရာက အဆက်မပြတ် မိုးရေပက်နေသည့် မှန်ပြတင်းများကို တစ်ချက်တစ်ချက် လှမ်း၍ ကြည့်မိရင်း ဒီညအဖို့တော့ဖြင့် ဘယ်ကမျှ အရေးတကြီးကိစ္စဖြင့် လာရောက်ခေါ်ငင်ခြင်း မရှိပါစေနှင့်ဟု စိတ်ထဲက ကျိတ်၍ ဆုတောင်းမိလေသည် ။

၉ နာရီအချိန်လောက်သို့ ရောက်လာခဲ့ပေပြီ ။ ထိုအချိန် အထိ ဘယ်ကမျှ အခေါ်ရောက် မလာသဖြင့် ထိုညအဖို့ အပြင်ထွက်ရန် အကြောင်း မပေါ်တော့ဘဲ နွေးနွေးထွေးထွေး အိပ်ရပေတော့မည်ဟု စိတ်ချမ်းသာ သွားလေသည် ။

ထိုအခိုက်မှာပင် တယ်လီဖုန်းခေါ်သည့် ခေါင်းလောင်းသံ ကြားရသဖြင့် စာအုပ်ချပြီး ထိုင်ရာမှ ထကာ တယ်လီဖုန်း ရှိရာသို့ သွား၍ စကားပြောခွက်ကလေးကို ကောက်ယူ နားထောင်ရလေသည် ။

တယ်လီဖုန်းထဲမှ ပြောနေသည့် အသံမှာ မိမိ အသိထဲက မဟုတ်သော ယောက်ျား တစ်ယောက်၏ အသံ ဖြစ်ပြီးလျှင် တုန်တုန်ယင်ယင်နှင့် မပြတ်မသား ရှိသောကြောင့် ဂရုစိုက်၍ နားထောင်နေရလေ၏ ။

“ ဒေါက်တာ ဒေါက်တာ ... ကျွန်တော် ပြောနေတာ ကြားရဲ့ မဟုတ်လား ၊ ကျေးဇူးပြုပြီးတော့ အမြန်ဆုံး ဆက်ဆက်လာပါ ဒေါက်တာရယ် အသက်တစ်ချောင်းကို ကယ်ပါ ဒေါက်တာ ”

စကားပြောနေသူ၏ အသံမှာ တည်ငြိမ်ခြင်း မရှိဘဲ စိတ်ထဲ၌ အလွန် လှုပ်ရှားနေခြင်းကို ဖော်ပြနေလေသည် ။ ထိုသို့ ပြောရင်းက တစ်ချက်တစ်ချက် အမောဖြေ သကဲ့သို့ ရပ်ဆိုင်း ရပ်ဆိုင်းသွားသည် ။ ထိုသူ၏ အသနားခံနေသည့် စကားအရ အလောသုံးဆယ် အရေးတကြီး ဖြစ်နေပုံရလေသည် ။

ဤအချိန် ဤအခါမျိုးတွင် ရိုးရိုး ကိစ္စနှင့်ပင် အပြင်သို့ ထွက်ရန် မကောင်းလှပေ ။ ယခု သွားရမည့် နေရာမှာ လူသူ အသွားအလာ ပြတ်သော ကန်တော်ကြီးစောင်းရှိ ပတ်လမ်းမှ ဝင်ရသော ဖိုးစိန်လမ်း ခေါ်သည့် တာမွေလမ်းရှိ အိမ်တစ်အိမ် ဖြစ်နေပြန်လေရာ သာ၍ပင် သွားရန် မတော် ၊ စိတ်ကူးထဲ၌ပင် မထည့်စကောင်းပေ ။

ထိုလမ်းထဲရှိ ကွယ်လွန်သူ စစ်ကဲကြီး ဦးဖေသော် နေထိုင်သွားသည့် အိမ်ကြီးမှာ အလွန် တစ္ဆေခြောက်သည်ဟု သတင်းကြီးလေရာ ဒေါက်တာသင်းကြည်သည် တစ္ဆေသူရဲကို ယုံကြည်သူတစ်ယောက် မဟုတ်သော်လည်း ထိုအိမ်ကြီး အနီးသို့ ရောက်သည့် အခါတိုင်း စိတ်ထဲတွင် မသိုးမသန့် ဖြစ်ခဲ့ရဖူးလေသည် ။

ထိုအိမ်ကြီးမှာ နှစ်ဆောင်ပြိုင် တိုက်ခံပျဉ်ထောင် အိမ်ဖြစ်၍ ရှည်ရှည်လျားလျား နေသောကြောင့် အိမ်ကြီးကိုကပင် ကြောက်စရာ ကောင်းနေသည် ။ အိမ်မျက်နှာစာ အထက်ပိုင်းရှိ ဘဲဥပုံမှန် ပြတင်းပေါက် နှစ်ဖက်မှာ လူ့ မျက်လုံးများနှင့် တူလျက် နှစ် ဆောင်ပြိုင် အလယ်တည့်တည့်မှ ဆင်ဝင်နှင့် အိမ်ရှေ့ခန်းမှာ လူ့နှာခေါင်းကြီး ကဲ့သို့ ရှိသည် ။ ယခု ဒေါက်တာ သင်းကြည်သည် တနင်္ဂနွေ တစ်ပတ် ၊ နှစ်ပတ် ထက် ပို၍ နေထိုင်သူ မမြဲသော ထိုအိမ်ကြီး ရှိသည့် လမ်းထဲသို့ သွားရမည်ဖြစ်၍ စိတ်လေးမိသည် ။

“ ခေါ်တဲ့ လူကလည်း ငါ့ပဲ ခေါ်စရာရှိသလား ”

ဒေါက်တာ သင်းကြည်သည် ထိုသို့ စိတ်ထဲက မေးခွန်းထုတ်လိုက်ရာမှ အမှန်ပင် အနီးအပါး တစ်ဝိုက်တွင် ဆရာဝန်ဆို၍ မိမိ တစ်ယောက်သာ ရှိသည်ကို အဖြေထွက်၍ လာလေသည် ။

ဆရာဝန် ဆိုသည်မှာ အချိန် တော်သည် ၊ မတော်သည်ကို ရွေး၍ နေခွင့် မရ ၊ အရေးတကြီး အကြောင်းရှိ၍ ခေါ်လျှင် သွားရစမြဲပင် ဖြစ်၏ ။ ဒေါက်တာ သင်းကြည်သည် သူ၏ မွန်မြတ်သော အလုပ်ကို အလွန် နှစ်သက်မြတ်နိုးသည်  ။ ကျောင်းမှ ထွက်စဉ်က သူပန်ဆင်ခဲ့ရသော သစ္စာအဓိဋ္ဌာန်ကို သူအမြဲ စောင့်ထိန်းခဲ့သည် ။ ကျောင်းမှ ထွက်၍ ဆေးရုံကြီး၌ ဝင်ရောက် လုပ်ကိုင်ခဲ့ရပြီး နောက် နှစ်စေ့၍ ဆေးရုံကြီးမှ ထွက်ကာ ကိုယ့်လုပ်ငန်းကိုယ် လုပ်ကိုင်ရသည့် အခါတွင် လွတ်လပ်မှု၏ အရသာကို ခံယူခဲ့ရသည် ။ သို့သော် ယခုကဲ့သို့ အချိန်မတော် သွားရလာရမည့် အလုပ်ပေါ်သည့် အခါ ဆေးရုံကြီးသို့ ပြန်၍ အလုပ်လုပ် နေချင်မိတော့သည် ။

ယခုမူကား မိမိ အား ခေါ်ငင်သည့် နေရာကို မသွားလျှင် မဖြစ် သကဲ့သို့ ရှိနေသည် ။ ထိုကိစ္စမှာ အသက်နှင့် နီးစပ်သည့် ကိစ္စဖြစ်နေရာ အသက်တစ်ချောင်းကို တတ်စွမ်းသမျှ ကယ်ဆယ်ရန်မှာ မိမိ၏ ဝတ္တရား တစ်ခု ဖြစ်နေပေသည် ။

သို့ဖြစ်၍ ဒေါက်တာ သင်းကြည်သည် လက်ဆွဲသားရေအိတ်ထဲတွင် ဆေးပစ္စည်းများကို ထည့်ကာ မိုးကာ အင်္ကျီအပျော့ကလေးကို ကမန်းကတန်းဆွဲငင်ဝတ်လျက် ညနေကပင် ကားဒရိုင်ဘာကို ပြန်၍ လွှတ်လိုက်ပြီ ဖြစ်သောကြောင့် ကိုယ်တိုင် ကားမောင်းပြီး ထွက်ခဲ့ရလေသည်  ။

လမ်းတွင်ကား လူသွားလူလာ ကင်းလျက် လူခြေတိတ်နေပြီ ဖြစ်သည့်အပြင် အိမ်များမှာ တံခါးပိတ်ထားကြပြီ ဖြစ်သောကြောင့် အင်းအားချည့်နဲ့သော လမ်းဓာတ်မီးအလင်းရောင်ရှိသည့် နေရာမှ တစ်ပါး မှောင်မည်း၍ နေတော့၏ ။ ဖိုးစိန်လမ်းထဲသို့ ကားကလေး ချိုး၍ဝင်လိုက်သည့် အခါ၌ကား သစ်ပင်များ အုပ်နေသည့် အတွက် သာ၍ပင် မှောင်မိုက်နေလေသည် ။

တယ်လီဖုန်းထဲမှ ပေးလိုက်သည့် အိမ်နံပါတ်မှာ ဖိုးစိန်လမ်းနှင့် တာမွေလမ်း ဆက်နေသည့် နေရာလောက်တွင် ရှိမည်ဟု ဒေါက်တာသင်းကြည် ခန့်မှန်းမိသည့် အလျောက် စစ်ကဲကြီး ဦးဖေသော်၏ အိမ်ရှေ့က ဖြတ်၍ သွားရမည်ကို တွေးမိလေသည် ။ သို့သော် မိမိမှာ ကားမောင်း၍ လာခြင်းကြောင့် ဘာမှ ကြောက်စရာ မလို ။ အကယ်၍ ကားရှေ့က ကိုးရိုးကားရား ရပ်၍ ပြကာ ခြောက်လှန့်ပါမူ ကားကို တစ်ရှိန်ထိုး မောင်း၍ တိုက်ခိုက် ထိုးဖောက်သွားမည်ဟု နှလုံးပြုကာ သီချင်းဆို၍ စိတ်တင်းလာခဲ့ရသည် ။

ဒေါက်တာ သင်းကြည်သည် ကားပေါ်မှ နေ၍ အိမ်နံပါတ်များကို လက်နှိပ်ဓာတ်မီးဖြင့် ထိုးကြည့်ရလေရာ ကားကို မြန်မြန် မမောင်းနိုင်ဘဲ ဖြည်းဖြည်းမောင်း နေရလေ၏ ။

၂၃ ... ၂၅ ... ၂၇ ။

ပေးထားသည့် အိမ်နံပါတ်နှင့် တဖြည်းဖြည်း နီး၍ လာပြီဖြစ်ရာ မိမိ သွားရမည့် အိမ်မှာ စစ်ကဲကြီးအိမ်နှင့် ကပ်နေလိမ့်မည်ဟု တွက်ကြည့် လိုက်မိသေးသည် သို့သော် အိမ်နံပါတ်ကိုတွေ့၍ ကားရပ်ပြီး ကြည့်လိုက်ရာတွင် တစ္ဆေ ခြောက်သည်ဟု နာမည်ကြီးနေသော စစ်ကဲကြီး ဦးဖေသော်၏ အိမ်ပင် ဖြစ်နေသည်ကို တွေ့ရလေတော့သည် ။ ဒေါက်တာ သင်းကြည်သည် ကားပေါ်တွင် မလှုပ်မရှားဘဲ မျက်လုံးများ ပြူး၍ အိမ်ကြီးကို ကြည့်နေမိသည် ။ ရင်ထဲကလည်း ခုန်၍ နေတော့သည် ။ အိမ်ခေါင်မိုး တံစက်မြိတ်အောက်၌ ကပ်နေသော မျက်လုံးကြီးများနှင့် တူသ ည့် ဘဲဥပုံ ပြတင်းပေါက် နှစ်ခုထဲမှ မှေးမှိန်သော အလင်းရောင်ကို မြင်နေရသည်မှာ မျက်လုံးမှိတ်တုတ် မှိတ်တုတ် လုပ်ပြနေသလားဟု ထင်ရသည် ။ ထိုအိမ်တွင် ကြာကြာ လူနေလေ့ မရှိ ။ တစ်ခါတစ်ရံ နေထိုင်သူ ရောက်လာသော်လည်း မည်သူမည်ဝါ ဖြစ်သည်ဟု မသိရ ။ နေ့ခင်းတွင် တံခါးများ အမြဲပိတ်ထားလေ့ရှိပြီး ညဘက်မှာမှ မီးရောင် တွေ့ရ၍ လူရှိမှန်း သိကြရ လေသည် ။

မသင်းကြည် သည် မိမိအား တစ်စုံတစ်ယောက်သော သူက နောက်ပြောင်ပြီး ထိုအိမ်ကြီးသို့ ရက်ရက်စက်စက် ပို့လိုက်ခြင်းပေလောဟု တွေးကာ မဝင်ဘဲ ပြန်ရလျှင် ကောင်းမည်လားဟူ၍ စိတ်၌ ဖြစ်လိုက်မိသည် ။ သို့သော် အိမ်ထဲသို့ လှမ်း၍ လက်နှိပ်ဓာတ်မီးနှင့် ထိုးကြည့်လိုက်ရာ ဆင်ဝင်အောက်တွင် မော်တော်ကားတစ်စင်း ဆိုက်ထားသည်ကို တွေ့ရသောကြောင့် အနည်းဆုံး အပြင်က လာသူ တစ်ဦးတစ်ယောက်တော့ ရှိနေရမည် ဖြစ်၍ မဝင်ရဲစရာ မရှိဟု ယူဆရလေ၏ ။ ဆရာဝန် တစ်ယောက် ဖြစ်ခြင်းကြောင့်လည်း သတ္တိ ရှိရပေမည် ။

မသင်းကြည်၌ ဆရာဝန်၏ သတ္တိ ရှိသော်လည်း မိန်းမသား၏ နူးညံ့ထိတ်လန့်တတ်သော စိတ်နှင့် ယှဉ်၍ နေလေသည် ။ သို့ဖြစ်၍ အိမ်ထဲသို့ ဝင်ဝံ့သော သတ္တိကို ရုတ်တရက် ဖော်ထုတ်၍ မရသေးပေ ။ သဘာဝ လောကဓာတ်ကြီး ကလည်း ကြောက်ရွံ့စိတ် ပိုလာအောင် မိုးချုန်းသံပေး၍ လျှပ်ပန်း လျှပ်နွယ်များ ပြိုးပြက်နေလေသည် ။ သစ်ပင်သစ်ရွက်များ အကြားမှ တိုးဝှေ့၍ တဟဲဟဲမြည်သည့် လေသံကလည်း ကြက်သီး ထချင်လာအောင် လုပ်နေသေးသည် ။

ထိုအခိုက်မှာပင် အိမ်ထဲက စူးရှသော မိန်းမသံ တစ်သံ ထွက်လာလေရာ မသင်းကြည်မှာ ခေါင်းနားပန်းကြီး သွားသည် ။ ပြီးမှ မနည်းစိတ်ကို တင်းလိုက်ရသည် ။ ထိုသို့ စိတ်ကို တင်းလိုက်သည် နှင့် အမျှ ဆရာဝန်စိတ် ပေါ်၍ လာလေ၏ ။ အိမ်ကြီးထဲ တွင် ပြင်းပြစွာ ဝေဒနာ ခံစားနေရသူ တစ်ဦး ရှိနေရာ ဒေါက်တာသင်းကြည်မှာ ထိုဝေဒနာကို သက်သာအောင် လုပ်ပေးရမည့် တာဝန်ဝတ္တရားရှိသူ ဖြစ်သည့် အလျောက် သူရဲဘောကြောင်စွာဖြင့် နောက်ဆုတ်သွားခြင်းကို မပြုအပ်ပေ ။

ထိုစိတ်ဓာတ်ပေါ်ပေါက် တက်ကြွလာသည်နှင့် တစ်ပြိုင်နက် မသင်းကြည်သည် ကားကို ဆက်၍ မောင်းပြီး အိမ်ဝင်းထဲသို့ ချိုးဝင် လိုက်လေ၏ ။ အိမ်ရှေ့တံခါးမှာ ဖွင့်၍ ထားရာ လေတိုက်သဖြင့် တံခါးရွက်များ စေ့လိုက် ပွင့်လိုက်နှင့် လူမျက်နှာနှင့် တူသော အိမ်ကြီးက ပါးစပ်ပိတ်လိုက် ၊ ဟလိုက် လုပ်နေသည်ဟု ထင်ရပေ၏ ။

အိမ်ထဲသို့ ကြည့်လိုက်ရာ အောက်ထပ်တွင် မှောင်၍ နေသဖြင့် လက်နှိပ်ဓာတ်မီး ပါလာစေကာမူ အရမ်းစွတ်၍ ဝင်မသွားဘဲ တံခါးကို တဒုံးဒုံး ပုတ်၍ လူခေါ် လိုက်ရလေ၏ ။

သို့သော် အပြင်က မိုးသံလေသံများကြောင့် တံခါးပုတ်သံကို မည်သူမျှ ကြားရဟန်မတူ ။ တစ်ဦးတစ်ယောက်မျှ ထွက်ပေါ်၍ မလာချေ ။

လူနာကား အိမ်ပေါ်ထပ်တွင် ရှိနေမည် မှန်ပေသည် ။ သို့သော် စွတ်၍ တက်သွားလျှင် ဘာကို တွေ့ ရမည် မသိနိုင်သဖြင့် တက်သွား၍ မဖြစ် ။ တစ်ကြောင်းမှာလည်း မိမိ မှာ မိန်းမသားတစ်ဦး ဖြစ်နေပြန်သည့်အတွက် အတင့် မရဲသင့် ဟူ၍လည်း တွေးမိသည် ။

ဆေးရုံကြီးတွင် လုပ်ရစဉ်က မသင်းကြည်အား ဆရာဝန်ကြီးဒေါက်တာ ဘင်းနက်က ‘ မင်းဟာ လူကတော့ ဖယောင်း ၊ စိတ်ကတော့ သံချောင်း ' ဟု ချီးကျူးခဲ့ဖူးလေသည် ။ ယခုမူ မသင်းကြည်၏ စိတ်မှာ သံချောင်းကဲ့သို့ ခိုင်မာခြင်း မရှိတော့ဘဲ သိုးမွှေးချည် အပြတ်ကဲ့သို့ ပျော့ဖပ်ဖပ် ဖြစ်၍ နေတော့သည် ။

တံခါးကို ပုတ်၍ ခေါ် သော်လည်း မရသဖြင့် မသင်းကြည်မှာ အော်၍ ခေါ်လိုက်ရလေ၏ ။

“ ဘယ်သူမှ မရှိကြဘူးလား ”

ဤအသံမှာပင် ငိုသံနှင့် ငယ်သံပါ၍ နေလေသည် ။

သို့သော် ထိုအသံကြောင့် အိမ်ပေါ်ထပ်မှ ခြေနင်းသံ ပေါ်လာကာ လူတစ်ယောက် ဖယောင်းတိုင်ကို ကိုင်လျက် အိမ်ပေါ်မှ ဆင်း၍ လာလေ၏ ။ ထိုသူ၏ လက်ထဲက ဖယောင်းတိုင် မီးရောင်အားဖြင့် အသက်အရွယ် မတိမ်းမယိမ်းလောက်ပင် ရှိမည့် ပျိုပျိုရွယ်ရွယ် လူတစ်ယောက် ဖြစ်သည်ကို တွေ့ရသည့်ပြင် စိုးရိမ် ထိတ်လန့် ရလောက်သော ရောဂါဝေဒနာ တစ်ခုခု ခံစားနေရသူ တစ်ယောက် ဖြစ်သည်ကို ဆရာဝန်၏ အမြင်ဖြင့် အကဲခတ်လိုက်မိလေသည် ။

“ ဒေါက်တာ သင်းကြည်လား ”

သူမေးလိုက်သည့် စကားသည် ဒေါက်တာသင်းကြည်မှာ ယောက်ျားဆရာဝန် မဟုတ်ဘဲ မိန်းမတစ်ဦး ဖြစ်နေသည်ကို တွေ့၍ အံ့အားသင့်သည့် လေသံ ပါ၍နေပေသည် ။ သူ၏ စကားများမှာ ကြီးလှစွာသော ဝေဒနာထဲ မှ ထွက်လာရသည့် စကားများ ကဲ့သို့ ရှိသည် ။ သူ၏ မျက်လုံးများတွင် သူ၌ ကာယိက ဒုက္ခ ခံစားနေရသည် တစ်ခုတည်းသာ မဟုတ်ဘဲ စိတ္တဒုက္ခပါ ခံစား နေရခြင်းကို ဖော်ပြနေလေသည် ။

“ လူမမာဟာ ရှင်ပဲလား ”

“ မဟုတ်ပါဘူး ၊ မိန်းကလေး တစ်ယောက်ပါ ၊ အပေါ်မှာ ပါ ”

“ ရှင့် ကြည့်ရတာလည်း အတော့် ကို မမာနေပုံရတယ် ”

“ ကျွန်တော်က ကိစ္စ မရှိပါဘူး ။ အပေါ်က မိန်းကလေးကိုသာ မြန်မြန် လာပြီး ကြည့်စေချင်ပါ တယ် ... လိုက်ခဲ့ပါ ”

သူသည် လက်တစ်ဖက်ဖြင့် လှေကားလက်ရန်းကို မှီတွယ် အားပြုကာ ရှေ့က တက်သွား၍ ဒေါက်တာသင်းကြည် က နောက်က လိုက်သွားရလေ၏ ။ သူကား အပေါ် ရောက်အောင် မနည်း ကြိုးစား၍ တက်နေရလေသည် ။

အပေါ်ထပ်သို့ ရောက်သည် နှင့် တံခါးပွင့်နေသော အခန်းတစ်ခုကို လက်ညှိုးညွှန်ကာ‘ ဟိုထဲမှာ ’ ဟု လေသံဖြင့် ပြောလေသည် ။

အခန်းထဲမှ ဝေဒနာ ခံစားနေ ရသဖြင့် ညည်းညူနေသော မိန်းမ တစ်ယောက်၏ အသံကို မသင်းကြည် ကြားရ လေ၏ ။ သို့ ကြားလိုက်ရသည်တွင် ကြောက်စိတ်များ အားလုံး မေ့ပျောက်သွားကာ အခန်းထဲသို့ တောက်လျှောက် ဝင်သွားလေ၏ ။ အထဲသို့ ရောက်သည့် အခါ ခုတင် တစ်လုံးပေါ်တွင် ခွေ၍ လဲနေသော မိန်းမငယ်တစ်ဦးကို တွေ့ရသဖြင့် ရပ်ပြီး ငုံ့ကြည့်နေမိသည် ။

အခန်းထဲတွင် ဖယောင်းတိုင် နှစ်တိုင်၏ အလင်းရောင်သာ ရှိပေ၏ ။ မိန်းမပျိုမှာ အတော်ပင် ငယ်လေသေးသည် ။ သူ၏ မျက်နှာမှာ ဝေဒနာကြောင့် ရှုံ့မဲ့နေ သော်လည်း မိန်းမချောကလေး တစ်ယောက် ဖြစ်သည်ကိုကား သိသာလေသည် ။

အခန်းတွင်း၌ ကမန်းကတန်း ရှင်းလင်းထားသည့် လက်စ ခြေစများ နှင့် ကြမ်းပေါ်တွင် သွေးများ စွန်းပေနေသော အဝတ်တစ်ခု ပုံထားသည်ကို တွေ့ရ၏ ။

မိန်းမပျိုကလေးသည် မျက်လုံးများကို ဖွင့်၍ ဒေါက်တာသင်းကြည် အား ကြည့်လေသည် ။ သူ့ မျက်လုံးများမှာ ဝေဒနာ၏ ဒဏ်ကြောင့် ပြူးနေလေသည် ။ သူ၏ လက်ဝါးနှစ်ဖက်ကို ရင်ဘတ် အထက်တွင် ဖိထားသည် ။

ဒေါက်တာ သင်းကြည်က ထိုလက်နှစ်ဖက်ကို အသာအယာ ဆွဲ၍ ရင်ဘတ်မှ ခွာလိုက်ရာ ဒဏ်ရာတစ်ခု ရ၍ အဝတ်ဖြင့် မတတ်တတတ် ပတ်တီး စည်းပေးထားသည်ကို တွေ့ရလေ၏ ။

“ ဒါ ... သေနတ်မှန်တာနဲ့ တူတယ် ” ဟု မသင်းကြည်၏ ပါးစပ်မှ အသံကျယ်ကျယ် ထွက်သွားသည် ။

ယောက်ျားပျိုသည် ခေါင်းညိတ်၍ ဝန်ခံကာ စကားကို မပြောဘဲ ကုလားထိုင် တစ်လုံးရှိ ရာသို့ ဒယီးဒယိုင် လျှောက်၍ သွားလေ၏ ။

ကုလားထိုင်ပေါ်တွင် ထိုင်မိပြီးမှ ယောက်ျားပျိုက ‘ ကျေးဇူးပြုပြီး ကုပေးပါ ဒေါက်တာ ’ ဟု ခြောက်ကပ်ကပ် အသံဖြင့် တောင်းပန်လေ၏ ။

“ မဖြစ်ဘူး..မဖြစ်ဘူး ၊ သူ့ကို ကျွန်မ မကုနိုင်ဘူး ။ ဆေးရုံကို ချက်ချင်းပို့မှ ဖြစ်မယ် ”

“ ဆေးရုံ မသွားပါရစေနဲ့ ရှင် ... ဆေးရုံ သွားမယ့် အစား ကျွန်မ သေလိုက်ပါရစေတော့ ” ဟု မိန်းမပျိုက အသံ သဲ့သဲ့ဖြင့် ပြောလေ၏ ။

“ ဟုတ်တယ် ဒေါက်တာ ၊ သူ့ကို ဆေးရုံပို့လို့ တော့ မဖြစ်ဘူး ။ ဒီအကြောင်း ဘယ်သူမှ မသိစေချင်ပါဘူး ။ ဒေါက်တာ တတ်နိုင်သမျှ ကြိုးစားပြီးတော့သာ ပြုစုပေးပါ ”

“ ဒီလို ဖြစ်တဲ့ ဒဏ်ရာမျိုးကို တိတ်တိတ်ကျိတ်ပြီး ကုလို့ မဖြစ်ဘူး ။ ဒီအမှု ပေါ်သွားရင် ဘယ့်နှယ် လုပ်မလဲ ။ ဆရာဝန်မှာ အပြစ်ကြီးတယ် ။ နောက်ပြီး လူနာ သေသွား ရင် မခက်ဘူးလား ။ သေနတ် ကျည်ဆန် ဝင်နေရင် ခွဲထုတ်ရလိမ့်မယ် ။ ဆေးရုံသွားမှ ကုနိုင်မယ် ” ဟု မသင်းကြည်က ခပ်တင်းတင်း ပြောရလေ၏ ။

“ ကျည်ဆန်ကို ကျွန်တော် တွေ့ပြီးပါပြီ ။ မရှိတော့ပါဘူး ။ အမှုလည်း မဖြစ်ပါဘူး ၊ ဘယ်သူမှလည်း မသိစေ ရပါဘူး ။ ဒဏ်ရာကလည်း မကြီးလှဘူးလို့ ထင်ပါတယ် ဒေါက်တာရယ် ကျကျနန ဆေးထည့်ပေးပြီး အနာသက်သာအောင် အိပ်ဆေးကလေးသာ ပေးပါ ”

“ အတော်ခက်တယ် ၊ ဒါဟာ ကုပေးလို့ မဖြစ်ဘူး ။ ဆေးရုံကိုသွားပါ ”

“ တောင်းပန်ပါရစေ ဒေါက်တာရယ် ဆေးရုံ သွားရရင် ပုလိပ်မှု ဖြစ်နေပါလိမ့်မယ် ။ ကျွန်တော်တို့ အဖြစ်ကို ဘယ်သူမှ မသိစေချင်လို့ပါ ၊ သူကလည်း ဆေးရုံတော့ မသွားဘူး သေလိုက်မှာပဲ ”

ယောက်ျားပျိုမှာ စကားပြောရင်း မောလာသကဲ့သို့ ရှိကာ မနည်းအားယူ၍ ပြောနေရ၏ ။

ဒေါက်တာ သင်းကြည်ကား တွေပြီး နေလေသည် ။

“ ကျွန်တော်တို့ ကို သနားတဲ့ စိတ်နဲ့ ကျေးဇူးပြုပြီး ကူညီမစပါ ဒေါက်တာရယ် ”

“ နေပါဦး အခုဟာ ဘာဖြစ်ကြ တာတုံး ၊ ဒီမိန်းကလေးကို ဘာပြုလို့ ဒီအိမ်ကြီးပေါ် ခေါ်လာတာလဲ”

“ ဒီအကြောင်းကို မပြောပါရစေနဲ့ ဒေါက်တာရယ် ၊ တစ်ခုမှ ပြောလို့ မဖြစ်ပါဘူး ၊ ဆေးသာ ထည့်ပေးပါ ။ မနက်ကျရင် ကျွန်တော်တို့ ဒီအိမ်ကြီးမှာ ရှိနေကြမှာလည်း မဟုတ်တော့ပါဘူး ။ အခု တွေ့ရတဲ့ အဖြစ်အပျက်ကိုလည်း ဒေါက်တာ ဆေးကု ပေးလိုက်ပြီးတဲ့ နောက် တစ်ခါတည်း မေ့လိုက်မယ် ဆိုရင် ကျွန်တော့် တစ်သက်လုံး ကျေးဇူးတင်လို့ မဆုံးပါဘူး ”

ဒေါက်တာ သင်းကြည်မှာ ဘာမျှ မစဉ်းစားတတ်အောင် ဖြစ်၍ သွားလေတော့၏ ။ သူ မြင်တွေ့ရသည့် အခင်းမှာ ဆန်းပြားသလောက် ကြားရသည့် စကားများကလည်း ထူးခြားလှလေသည် ။

“ ရောက်လာလို့ ရှိမှ တော့ဖြင့် ကုပေးပါ ဒေါက်တာရယ် ”

မသင်းကြည်၏ စိတ်ထဲတွင် သနားကရုဏာ ဝင်၍ လာလေသည် ။ သို့ဖြစ်၍ သူ၏ ဆေးအိတ်ကို ဖွင့်ရင်း “ အင်း ... တတ်နိုင် သလောက်တော့ ကျွန်မ လုပ်ပေး သွားမယ် ” ဟု ပြောလိုက်လေ၏ ။

သို့နှင့် ဒေါက်တာ သင်းကြည်သည် သတ္တုခွက်ကလေး တစ်ခုတွင် ရေထည့်၍ အရက်ပြန်မီးခွက်ကလေး တစ်ခုဖြင့် ဆူအောင်လုပ်ပြီး ပတ်တီးများကို ထုတ်လေ၏ ။ ထိုသို့ လုပ်နေစဉ် မိန်းမပျိုကလေးသည် အသံ တိုးတိုးဖြင့် ကြောင်ညည်းသလို ညည်း၍ နေရှာလေသည် ။ ယောက်ျားပျိုကား ထိုင်ရာမှ ထ,ကာ ဝေဒနာ ခံစားနေရသော မိန်းကလေးကို မကြည့်ရက် သကဲ့သို့ အနိုင်နိုင် သယ်ရသော ခြေလှမ်းများ ဖြင့် အခန်းထဲမှ ထွက်၍ သွားလေ၏ ။

ထို့နောက် ဒေါက်တာ သင်းကြည်သည် မိန်းမပျို၏ ဒဏ်ရာစည်းထားသည့် အဝတ်များကို ဖြေလိုက်ရာ ဒဏ်ရာမှာ မနက်လှသည်ကို တွေ့ရသောကြောင့် စိုးရိမ်မှု အနည်းငယ် ပြေ၍ သွားလေသည် ။ ထိုဒဏ်ရာကို ဆေးဝါး ထည့်၍ ပတ်တီးစည်းပေးပြီးသည့် နောက်တွင် အနာ သက်သာစေရန် အိပ်ချင်လာစေသော ဆေးခဲ အဖြူကလေးများကို မိန်းကလေးအား စားစေပြီးလျှင် သူ၏ နံဘေးတွင် ချထားသည့် မိန်းမဝတ် ကုတ်အင်္ကျီကလေးကို ယူ၍ ခြုံပေးလိုက်သည် ။

ထိုသို့ လုပ်ကိုင်ပေး ပြီးသည့်နောက် ယောက်ျားပျိုကိုလည်း ကြည့်ရှုရန် လိုသေးသည်ကို သိ၍ ထိုအခန်းထဲမှ ထွက်ခဲ့ရ၏ ။ သူ့ထံသို့ ရောက်သည့်အခါ ထိုသူမှာ အိပ်ရာခင်း မရှိသော ခုတင်နှင့် မွေ့ရာပေါ်တွင် ကန့်လန့်ဖြတ် လှဲချကာ ပက်လက် ဖြစ်နေသည် ကို တွေ့ရလေ၏ ။ ထိုအခန်းမှာ ပင့်ကူမျှင်များ ယှက်သန်းလျက် ဖုန်များ မလှည်းမကျင်းဘဲ ထားသောကြောင့် မှိုတက်သည့် အနံ့ ထွက်နေလေသည် ။ သို့ဖြစ်၍ ပြတင်းပေါက် တစ်ခုကို ဖွင့်ကာ မိုးရေဆွတ်ဖျန်းသည့် ညချမ်းလေအေးကို ဝင်စေလျက် လေကောင်းလေသန့် ရအောင် လုပ်လိုက်ရလေသည် ။ ထို့နောက်တွင် ယောက်ျားပျိုထံသို့ သွားပြီး ငုံ့ကြည့်လိုက်ရာတွင် သူ၏ ရှပ်အင်္ကျီ၌ သွေးများ စွန်းထင်းနေသည်ကို တွေ့ရ၍ အသည်းထဲတွင် ထိတ်ခနဲ ဖြစ်သွားလေ၏ ။

“ ဟင် ... ရှင့်မှာ လည်း ဒဏ်ရာနဲ့ပါကလား ”

သူသည် သူ၏ နံဘေးကို လက်နှင့် တင်းကျပ်စွာ ဖိထား လျက် “ ကျွန်တော့် ဒဏ်ရာက ဘာမှ မဖြစ်လောက်ပါဘူး ။ သူ့ကိုသာ ကြည့်ပါ ၊ သူ ဘယ့်နှယ်နေသလဲ ၊ မသေနိုင်ဘူး မဟုတ်လား ” ဟု ပြောဆို မေးမြန်းလေ၏ ။

“ သူ ခဏကြာရင် အိပ်ပျော်သွားမှာ ပါပဲ ၊ ဒဏ်ရာလည်း မကြီးလှပါဘူး ။ ရှင်က အရေးကြီးပုံရတယ် ၊ ရှင့်ဒဏ်ရာကို ကြည့်စမ်းပါရစေဦး ”

“ အို ... မလိုပါဘူး ... မလိုပါဘူး ။ သူ့ကိုသာ ဂရုစိုက်ပါ ၊ သူ စိတ်ချရပြီ ဆိုတော့မှ ကျွန်တော့်ကို ကြည့်တာပေါ့ ။ သူ့ အသက်ဘေးအတွက် မစိုးရိမ်ရတော့ဘူး ဆိုတာ အမှန်ပဲလား ။ ဒီအတိုင်းဆိုရင် မနက်ကျရင် ထနိုင်မလား ”

“ သူ့ကိုတော့ စိတ်ချရပါပြီ ၊ ဒါထက် အခု ဖြစ်ရပုံကလေးကို ပြောနိုင်ဘူးလား ၊ ပြောစမ်းပါ ”

“ ကျွန်တော် ဘာမှ မပြောပါရစေနဲ့ ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှလည်း ပြောမပြဖို့ ကျွန်တော် တောင်းပန်ပါရစေ ၊ သူ ဒါကို လူမသိစေချင်ဘူး ။ သိရင်လည်း သ,တ်သေလိမ့်မယ် ၊ ကျွန်တော့်လည်း ဒီအတိုင်းပဲ ”

မသင်းကြည်သည် ဖြူဖပ်ဖြူရော် ဖြစ်လျက် နွမ်းနယ်နေသော ယောက်ျားပျို၏ မျက်နှာကို ကြည့်ကာ သူ၏ ကရုဏာနှလုံးသားကို ကရုဏာ စိတ်များက ဆောင့်၍ ဆောင့်၍ ဆွဲနေ သကဲ့သို့ ရှိလေသည် ။

“ ကဲ .. ဒါဖြင့် ရှင့်ဒဏ်ရာကို ဆေးထည့်မယ် ၊ အဲဒါ လုပ်မှ ဒါတွေကို မေ့ပစ်ပါ့မယ်လို့ ကတိပေးနိုင်မယ် ”

ထိုအခါမှ ယောက်ျားပျိုသည် သူ၏ ဒဏ်ရာကို ပြလေတော့၏ ။ သူ့မှာလည်း သေနတ်မှန်၍ ဒဏ်ရာရနေခြင်း ဖြစ်လေသည် ။ သူ့ဒဏ်ရာမှာ အကြည့်ရဆိုးသည့်ပြင် အနည်းငယ် ပို၍ နက်သဖြင့် အတော်ပင် မချိမဆံ့ ခံရပေလိမ့်မည် ။

သို့ဖြစ်၍ ဒေါက်တာသင်းကြည်သည် ရေနွေးနှင့် အနာစည်းသည့် ပတ်တီးကို ယူရန် တစ်ဖက်ခန်းသို ခပ်သွက်သွက်ကလေး ပြေးသွားလေ၏ ။ မိန်းကလေးမှာ အိပ်ပျော်နေ ပုံရ၍ စိတ်အေးရသည် ။ ရေနွေးနှင့် ပတ်တီးများ ယူ၍ လာသည့်အခါ ယောက်ျားပျိုမှာ ညည်းညူသံ မထွက်ရအောင် လက်သီးများ ဆုပ်လျက်  နှုတ်ခမ်းများ စေ့ပြီး ကိုက်ထားသည် ကို တွေ့ရလေ၏ ။ သင်းကြည်သည် မိမိ၌ ပါလာသည့် ဆေးဝါးပစ္စည်းဖြင့် အစွမ်းကုန် ပြုစုပေးပြီးနောက် နဖူးကို လက်ဝါးဖြင့် စမ်းကြည့်လေသည် ။

“ အိပ်ဆေး သောက်လိုက်ရင် ကောင်းမယ် ”

“ ဟာ ... ဒါတော့ မသောက်ပါရစေနဲ့ ကျွန်တော် အိပ်လို့ မဖြစ်သေးဘူး ၊ သွားစရာ ရှိသေးတယ် ”

“ မိုးထဲလေထဲမှာ ဒီအနာကြီးနဲ့ သွားလို့ မတော်ဘူး ၊ သေသွားလိမ့်မယ် ”

“ သေရင်လည်း ကောင်းတာပါပဲလေ ” ဟု သူက သူ့ဘဝကို နာကြည်းစွာဖြင့် ပြောလိုက်ပြီးမှ “ ဟိုဘက်ကို သွားကြည့်လိုက်ပါဦး ၊ ကျွန်တော့် အတွက်ကတော့ ကောင်းသွားမှာပါပဲ ” ဟု ပြောလေသည်  ။

ထိုသို့ ပြောရင်း ဝေဒနာ ပြည့်လျှမ်းနေသည့် သူ၏ မျက်လုံးများက ဒေါက်တာ သင်းကြည်အား စူးစိုက်လျက် ရှိကြသည် ။ ထိုအခါမှပင် ဒေါက်တာ သင်းကြည်ကို သူ သေသေချာချာ ကြည့်မိပုံရလေ၏ ။

“ အို ”

“ ဘာဖြစ်တာလဲ ”

“ ကျွန်တော် ဒေါက်တာ့ကို ဒီ အရွယ်လောက်ပဲ ရှိသေးမှန်း မသိ လို့ ခေါ်လိုက်မိတာပါ ။ ဒီလို အချိန်မဲ့ကြီးမှာ ဆရာဝန်မိန်းမသား ပျိုပျိုရွယ်ရွယ် တစ်ယောက်ကို ဒီနေရာမျိုး ခေါ်မိတာ အပြစ်လွှတ်ပါ ၊ တယ်လီဖုန်းစာအုပ်ထဲ ကြည့်လိုက်တော့ အနီးဆုံး ဆရာဝန်ဟာ ဒေါက်တာပဲ ရှိနေပါတယ် ”

ယောက်ျားပျို၏ မျက်နှာတွင် အားနာခြင်းကို ပြလျက်ရှိရာ ဒေါက်တာ သင်းကြည်သည် မချိဘဲ ပြုံးနေရှာသော မျက်နှာကို ကြည့်၍ ရင်ထဲ၌ ဆွေးမိလေသည် ။

“ ကိစ္စ မရှိပါဘူး ၊ ကျွန်မ ဒီကိုလာမိလို့ ဒီလို အကူအညီ ပေးနိုင်တာကိုပဲ ဝမ်းသာနေပါတယ် ။ ရှင်တို့ နှစ်ဦးစလုံးရဲ့ ဒုက္ခဟာ အတော်ပဲ ဆိုးနေပုံရတယ် ”

“ ဆိုးပါတယ် ၊ သိပ်ဆိုးတာပါပဲ ” ဟု ဆို၍ သူသည် အစွပ် မရှိဘဲ မှိုတက်နေသော ခေါင်းအုံးပေါ်တွင် သူ၏ မျက်နှာကို မြှုပ်နှံလိုက်ပြီး “ သူ့ဆီ သွားပါဦး ၊ တစ်ယောက်တည်းမို့ ကြောက်နေပါဦးမယ် ” ဟု ပြောပြန်လေသည် ။

မသင်းကြည် အဖို့မှာ နှစ်ယောက်စလုံးကို ဆေးထည့် စည်းကျပ်ပေးပြီးပြီ ဖြစ်၍ ပြန်ရန်သာ ရှိလေသည် ။ သို့သော် အမည် မခေါ်တတ် ၊ အကောင်အထည် မဖော်ပြတတ်သော အရာတစ်ခုက ဆွဲငင် ညှို့ဖမ်းထားသကဲ့သို့ ရှိနေသဖြင့် ပြန်ဖို့ရန် သတိမေ့သည့်ပြင် ယောက်ျားပျို အတွက် စိုးရိမ်သဖြင့် အနားမှ မခွာချင်သလို ရှိလေ၏ ။

သို့နှင့် စိတ်မပါ့တပါဖြင့် သူ၏ အခန်းထဲမှ ထွက်ခဲ့ပြီးလျှင် မိန်းကလေး၏ အခန်းကို ကူးခဲ့ရပြန်လေသည် ။ မိန်းကလေးမှာ ငြိမ်သက်၍ နေသဖြင့် မနိုးစေလိုသောကြောင့် ကုလားထိုင် တစ်လုံးကို ပြတင်းပေါက် အနီးသို့ သယ်ယူကာ အပြင်ဘက်ရှိ မိုးရေဖြင့် ဖျန်းပက်စိုရွှဲနေသော လမ်းကို ထိုင်၍ ကြည့်နေလိုက်လေသည် ။ စောစောက ကြောက်စိတ်များ လုံးဝ ပျောက်သွားခဲ့လေပြီ ။

ယောက်ျားပျိုသည် အဘယ် အချိန်က အောက်သို့ တိတ်တဆိတ် ဆင်းသွားသည် မသိ ။ အောက်ထပ်က မော်တော်ကားစက်နှိုးသံ ကြားလိုက်ရပြီး ကားထွက်နေသည်ကို တွေ့ရ၍ သူ သွားလိုသည်ကို မတားစေလိုသောကြောင့် မိမိအား သည်ဘက် အခန်းကို ခဏခဏ ပြန်လွှတ်နေခြင်းကို စဉ်းစား မိလေတော့သည် ။

ကားမှာ ထွက်သွားပြီ ဖြစ်၍ ဘယ်လိုမျှ တားဆီး မရနိုင်တော့ပေ ။ သူ့၌ ဒဏ်ရာကြီး ရှိနေသည့် အပြင် အနာရှိန်ဖြင့် အဖျားတက်လျက် ရှိသည်ကို တွေးမိ၍ ဒေါက်တာသင်းကြည်၏ နှလုံးသားထဲ၌ မိန်းမသား တစ်ယောက်အနေဖြင့် ငိုချင် ပက်ကျိ ဖြစ်မိခြင်းနှင့် ဆရာဝန် အနေဖြင့် စိတ်ခိုင်ခြင်းတို့သည် အပြန်အလှန် လုံးသတ်နေကြလေတော့သည် ။ ဤမျှ ပြင်းပြသော ဒဏ်ရာကို ရနေပါလျက် အရေးတကြီး ကိစ္စရှိ၍ ထွက်သွားခြင်းသည် သူတို့ နှစ်ဦး၏ ကြီးလှစွာသော အဖြစ်ဆိုးကို သိသာစေနိုင်သလောက် သူ၏ ကိုယ်ပေါ်က အနာမှာ အသည်းထဲက ဒဏ်ရာ၏ အစိတ်အပိုင်းကလေး မျှလောက်သာ ရှိမည်ဟု တွေးမိပေ၏ ။

ထိုခဏမှာပင် မသင်းကြည်သည် စိတ်ထဲ၌ မသိုးမသန့် ဖြစ်လာကာ မိန်းကလေး ထံသို့ ထသွားပြီး ကြည့်လိုက် ပြန်လေ၏ ။ ယင်းသို့ ကြည့်မိသည်နှင့် တစ်ပြိုင်နက် မသင်းကြည်၏ ပါးစပ်မှ လန့်ထိတ်၍ အော်လိုက်သော အာမေဍိတ်သံ ထွက်သွားလေသည် ။

မိန်းကလေးသည် မသင်းကြည်၏ အလစ်တွင် ဆေးအိတ်ထဲမှ လွန်လျှင် ဘေးဖြစ်တတ်သော ဆေးခဲများကို ယူ၍ စားကာ ကိုယ့်ကိုယ်ကို သ,တ်ပြီး သေနေသည် ကို မိန်းကလေး၏ လက်ထဲရှိ ဆေးပုလင်းက သက်သေခံနေလေ၏ ။

မသင်းကြည်သည် ချက်ချင်း အနီးဆုံး ရဲဌာနသို့ တိုင်ကြားရန် ဝတ္တရားရှိသည်ကို သိသည် ။ သို့သော် ယောက်ျားပျို၏ ဒုက္ခဝေဒနာနှင့် အသနားခံထားချက်တို့က မတိုင်ရက်အောင် ဖြစ်ရလေသည် ။ သို့ဖြစ်၍ သူ ပြန်လာအောင် စောင့်ဦးမည်ဟု ဆုံးဖြတ် လိုက်ရလေ၏ ။

မသင်းကြည်သည် ပြတင်းပေါက်သို့ ပြန်၍ သွားကာ ယောက်ျားပျိုကို မျှော်လေ၏ ။ ဤသို့ ရပ်မျှော်နေစဉ် ရုတ်တရက် ကြီးလှစွာသော ကြောက်ရွံ့ တုန်လှုပ်ခြင်း ဖြစ်ပေါ် လာလေ၏ ။ မိမိ ရောက်နေသည့်နေရာမှာ တစ္ဆေ ခြောက်သည်ဟု နာမည်ကြီးသော စစ်ကဲကြီး ဦးဖေသော်၏ အိမ်ဖြစ်သည် ။ သေနေသော မိန်းကလေး တစ်ယောက်၏ အလောင်းမှာ မိမိ အနီး၌ပင် ရှိနေပါကလားဟု တွေးလိုက်မိခြင်းဖြင့် ထိုအိမ်ကြီးနှင့် စပ်လျဉ်း၌ လူအများ ပြောဆိုဖူးသည့် ကြောက်လန့်စရာ အဖြစ်အပျက်မျိုးစုံ သူ၏ အသိဉာဏ်ထဲတွင် ပြန်၍ ပေါ်လာ ကာ မျက်လုံး ပြူးနေတော့၏ ။

ယခု မိမိ တွေ့ကြုံရသည့် အဖြစ်မှာ တစ္ဆေသူရဲ ခြောက်ခံနေရခြင်းလော ၊ သို့မဟုတ် ကြောက်စရာကောင်းလှသော ရာဇဝတ်မှုကြီး တစ်ခု၏ အလယ်တွင် ကျရောက် နေခြင်းလော ၊ သို့မဟုတ် အချစ်မီးတောက် လောင်နေသူနှစ်ဦး၏ အဖြစ် ဆိုးလှသော ဇာတ်လမ်းကို ကိုယ်တွေ့မျက်မြင် တွေ့ကြုံရခြင်းလောဟု မဝေခွဲနိုင်အောင် ဖြစ်ရ လေသည် ။

တိတ်ဆိတ်နေခဲ့သော အိမ်ကြီး မှာ စောစောက ကဲ့သို့ မဟုတ် တော့ဘဲ သူရဲတစ္ဆေ ခြောက်လှန့် သကဲ့သို့ ညည်းတွားသော အသံများသည် လည်းကောင်း ၊ ရှပ်တိုက်သော ခြေသံများ သည် လည်းကောင်း ဟိုက - ဒီက ပေါ်လာသည် ကို မသင်းကြည်၏ နားထဲတွင် ကြားလာရလေသည် ။ တစ်ချက် တစ်ချက် တဗြုန်းဗြုန်း ပြေးသည့် ခြေသံများ လည်း ကြားလိုက်ရသည် ။ လူလျှောက်ပြေးသည့် ခြေသံများလော ၊ တိတ်ဆိတ်နေသဖြင့် ကြွက်များ ပြေးလွှားသည့် ခြေသံကိုပင် လူ ပြေးသည် ထင်ရလောက်အောင် ဖြစ်ခြင်းလော ။

မသင်းကြည်မှာ ကြောက်မက် ထိတ်လန့်ကာ မဟစ်အော်လိုက်မိအောင် မိမိ၏ ပါးစပ်ကို မနည်း ပိတ်ထား ရလေသည် ။ သူ့ခမျာ ထိုအိမ်ထဲတွင် နောက်ထပ် အနည်းငယ်မျှ ကြာမြင့်စွာ မနေရဲတော့ပေ ။ သို့နှင့် အခန်းထဲမှ ပြေးထွက်၍ လှေကားပေါ်မှ သုတ်သီးသုတ်ပျာ ဆင်းခဲ့ရာ ထိုသို့ ပြေးဆင်းသည့် ခြေသံများမှာ အိမ်ကြီးကို ပဲ့တင်ထပ်ကာ နောက်မှ ပြေးလိုက်လာကြ သလားဟု ထင်ရပေတော့သည် ။ မသင်းကြည်သည် ကားမောင်း၍ ထွက်လာပြီးခါမှ အိမ်ပေါ်တွင် မိမိ၏ ဆေးအိတ် မေ့ကျန်ရစ်ခဲ့သည်ကို သတိရလေ၏ ။ သို့သော် သူ၏ နားထဲတွင် လိုက်ဟ ပြေးဟ ဟူသော အသံများ နောက်မှ ကပ်၍ လိုက်ပါလာ သကဲသို့ ကြားနေရသောကြောင့် အိမ်ကြီးဘက်သို့ ပြန်၍ မလှည့်ရဲဘဲ လမ်းထဲက ထွက်ခဲ့မိသည့် တိုင်အောင် ကားကို အမြန်ဆုံး မောင်းခဲ့ရလေသည် ။

အိမ်သို့ ပြန်၍ ရောက်သည့် တိုင်အောင် မသင်းကြည် မှာ အကြောက် မပြေသေးချေ ။ ထို့ထက် မိမိ ထွက်သွား ပြန်လာသည်ကို ဂရုပြုနေသူများ ရှိလေမည်လားဟု စိုးရိမ် လိုက်ရပြန်သေးသည် ။ အိမ်ရှိ အဒေါ်ကြီး တစ်ယောက်နှင့် အခြား အစေအပါးများမှာကား ထိုသို့အချိန်မတော်မှာပင် အလုပ်ကိစ္စဖြင့် သွားတတ်လာတတ်ခြင်းကို တွေ့နေကျဖြစ်၍ သူတို့ အတွက် ကိုယ်ကား စိုးရိမ်ရန် မရှိပေ ။

အနီးအပါးတွင် နေထိုင်သော အခြားသူများ တွေ့မြင်မိကြမည်ကိုသာ စိုးရိမ် လေသည် ။ အကယ်၍ ထိုအိမ်ကြီးတွင် ဆေးအိတ် မကျန်ရစ်ခဲ့ပါမူ ဘာကိုမျှ စိုးရိမ်စရာ မရှိချေ ။ သေနေသော မိန်းကလေး၏ အလောင်းနှင့် ဆေးအိတ်ကို ညကင်း လှည့်သည့် စက်ဘီး ပတ်တရောင် သို့မဟုတ် ဝိုင်ယာလက် ရဲအဖွဲ့က ထိုအိမ်ကြီးကို မသင်္ကာ၍ တက်ရောက်ရှာဖွေ တွေ့ရှိသွားခဲ့သော် မိမိမှာ ထိုအမှုကြီးတွင် ပါဝင်ပတ်သက်နေတော့မည်ကို တွေးမိသဖြင့် ထိတ်လန့်နေရခြင်းပင် ဖြစ်ပေသည် ။

မသင်းကြည်မှာ အိပ်ဖို့ ကို သတိ မရနိုင် ၊ အငြိမ် နေ၍လည်း မရ ၊ အိမ်ကြီးပေါ်က ဆင်းပြေးမလာမီ ကြားနေရသည့် အသံများကို နားထဲတွင် ကြားလျက်ပင် ရှိလေသည် ။ ထိုအခါမှ မိမိ၏ ဦးနှောက် ချောက်ချား၍  ထင်ယောင်ထင်မှား ဖြစ်ခဲ့ခြင်းကို သိလေသည် ။ သို့ဖြစ်၍ မိမိ၏ သူရဲဘော နည်းခဲ့ခြင်းကို တွေးပြီး တစ်ယောက်တည်း ဒေါသ ဖြစ်နေမိသည် ။ ယခုအချိန် ရောက်မှ ပြန်ပြီးသွားဖို့ရန် လုံးဝ မသင့်တော် တော့ချေ ။ စောစောက ယောက်ျားပျို ပြန်၍ ရောက်လာသည့် တိုင်အောင် စောင့်၍ မနေခြင်းကို အပြစ်တင်ချင်လေတော့သည် ။ သူ၏ မျက်စိထဲတွင် တစ်ကိုယ်လုံး မိုးရေရွှဲလျက် အဖျားတက် ပြီး တုန်တုန်ယင်ယင်နှင့် ပြန်လာသော ယောက်ျားပျို၏ သဏ္ဌာန်ကို မြင်ယောင်မိလေသည် ။

လောလောဆယ်အားဖြင့် ဒေါက်တာ သင်းကြည်အဖို့ အရေးအကြီးဆုံး အရာမှာ မိမိ၏ ဆေးအိတ်ကို ပြန်၍ ရဖို့ ရန်ဖြစ်လေသည် ။ သို့သော် ယခုညတော့ဖြင့် ပြန်၍ မသွားတော့ဘဲ မနက် စောစော လူများ အိပ်ရာ မနိုးမီ ထ၍ သွားရန် စိတ်ပိုင်း ဖြတ် လိုက်ရလေတော့၏ ။

နံနက်ဘက်တွင် မိုးမှာ ရပ်စဲသွားသော်လည်း ကောင်းကင်တစ်ပြင်လုံးမှာ ရီဝေအုံ့မှိုင်းလျက်ပင် ရှိနေသေးသည် ။ အိမ်ကြီးလမ်းထဲ၌ နေထိုင်ကြသူများမှာ မိုးအေးအေးနှင့် ကွေး၍ ကောင်းတုန်း ဖြစ်နေကြသဖြင့် လမ်းထဲတွင် အသွားအလာ မရှိသေးသောကြောင့် မသင်းကြည် မှာ အတော်ကလေး စိတ်သက်သာမှု ရရှိလေ၏ ။

အိမ်ကြီးမှာ တံခါး ပွင့်မြဲ ပွင့်နေသော်လည်း အိမ်ရှေ့တွင် မော်တော်ကားကို မမြင်ရပေ ။ပြန်ပြီး မလာဘဲရှိနေသေးသလော ၊ လာပြီး ပြန်သွားလေပြီလောဟု တွေးရင်းပင် မသင်းကြည်သည် အိမ်ရှေ့တွင် ကားဆိုက်ကာ အိမ်ပေါ်သို့ တက်သွားလေ၏ ။

အိမ်ပေါ်တွင် ဘာကိုမျှ မတွေ့ရ ၊ အခန်းများမှာ ရှင်းလင်းနေလျက် မိန်းကလေး၏ အလောင်းလည်း ပျောက် ၊ ဆေးအိတ်လည်း မရှိတော့ချေ ။ ဒေါက်တာ သင်းကြည် မှာ မစဉ်းစားတတ်အောင် ဖြစ်သွားလေ၏ ။ ယမန်နေ့ ညက တွေ့ရ ၊ ကြုံရသည်တို့ မှာ တကယ်မှ ဟုတ်ပါလေစဟု သံသယရှိ၏ ။ တစ္ဆေခြောက်ခြင်းမျှ ဖြစ်သည် ဆို လျှင်လည်း ဆေးအိတ်က အဘယ်ကြောင့် ပျောက်နေရသနည်း ။ မိန်းကလေး၏ အလောင်းနှင့် ဆေးအိတ်ကို ပုလိပ်ဘက်က တွေ့၍ ဆေးရုံများ ပို့လိုက်လေရော့လား ။

မသင်းကြည်သည် ထိုသို့ မေးမိတွေးမိလျှင်ပင် ထိုအိမ်ပေါ်တွင် ကြာကြာနေရန် မသင့်တော်ကြောင်းကို စဉ်းစားမိကာ ချက်ချင်းပင် ပြန်၍ ဆင်းခဲ့လေ၏ ။

မသင်းကြည်သည် အိမ်သို့ ပြန်ရောက်လာသည့် အခါတွင် စိတ်သက်သာရာ တစ်ချက်ကိုတွေးလိုက်မိသည်  ။ စစ်ကဲကြီးအိမ်တွင် ယောက်ျားပျိုနှင့် သေသူ မိန်းကလေးတို့၏ ခြေရာလက်ရာ ပျောက်သွားခြင်းသည် မိမိအား ကြီးလေးသော အမှုအခင်းကြီး တစ်ခုမှ ရှင်းလင်း ကင်းလွတ် သွားစေလေပြီဟု စိတ်အေးရလေသည် ။

သို့သော် မနက် သတင်းစာများရောက်၍ လာသည့်အခါ သတင်းစာ တစ်စောင်တည်းတွင် စက်ရပ်သတင်း အဖြစ် စာလုံးမည်းကလေးများ ဖြင့် ပါလာသော သတင်း အတိုကလေး တစ်ပုဒ်ကို တွေ့ရသည့် အခါ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားတော့၏ ။ ထိုသတင်းမှာ ဘောင်ဒရီလမ်းပေါ်တွင် မိန်းကလေး တစ်ယောက်ကို သ,တ်၍ ကားထဲတွင် ပစ်ထားခဲ့ခြင်းနှင့် မိန်းကလေး၏ ကိုယ်တွင် သေနတ်ဒဏ်ရာ တွေ့ရ၍ ပတ်တီးစည်းထားပြီး ကားမှာ နံပါတ် ဖြုတ်ထားကြောင်း ဖော်ပြပါရှိလေရာ မသင်းကြည် သည် ထို အမည်မသိ မိန်းကလေးမှာ မည်သူဖြစ်သည်ကို စဉ်းစားမိလေ၏ ။

ဒေါက်တာသင်းကြည် မှာ ဝတ္တရားရှိသည့် အတိုင်း ဆိုင်ရာသို့ တိုင်ကြားရမည်လော ၊ ယောက်ျားပျို၏ စကားကို လိုက်နာရမည်လော ဟု စိတ်ထဲ တွင် အချေအတင်ဖြစ်လျက် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိလေ၏ ။

ထိုအခိုက်တွင် အိမ်၌ စေပါးသည့် မိန်းကလေး တစ်ယောက် ဆေးအိတ်ကြီးကို ပိုက်၍ ယူလာကာ “ မမ ... စောစောက အပြင် ထွက်သွားတုန်း ဆိုက်ကားသမား တစ်ယောက် လာပေးသွားတယ် ” ဟု ပြောပြရာ မသင်းကြည် မှာ များစွာ အံ့အားသင့်သွားတော့သည် ။ ဆေးအိတ်မှာ အိမ်ကြီးပေါ်တွင် ကျန်ရစ်ခဲ့သော မိမိ၏ ဆေးအိတ် ဖြစ်နေလေသည် ။

“ ဆိုက်ကားသမား မှတ်မိလိုက်သလား ”

“ ကျွန်မလည်း သူ့ကို ဂရုစိုက် မကြည့်လိုက်မိဘူး ၊ ပေးလိုက်ပါလို့ ပြောပြီး ထွက်သွားတာနဲ့ ကျွန်မလည်း ယူထားလိုက်တာပဲ ၊ ဟောဒီ စာပါ ပေးသွားတယ် ”

မသင်းကြည်သည် ဆေးအိတ်နှင့် စာကို ယူထားပြီး ကလေးမ ထွက်သွားမှ စာကို ဖွင့်ဖတ်ကြည့်လေသည် ။

စာထဲတွင်

“ ဒေါက်တာ လက်လွန်သွားသည်ဟု ယူဆပါသည် ။ ကျွန်တော့် လျှို့ဝှက်ချက်ကို နှုတ်လုံပါ ၊ ဒေါက်တာ့ အတွက်လည်း ကျွန်တော် ဖုံးဖိထားပါမည် ” ဟူ၍ ပါလာလေ၏ ။

သူကား မိန်းကလေး သေရခြင်းမှာ ကိုယ့်ကိုယ်ကို သ,တ်သွားခြင်းကို မသိရှာ၍ ရေးလိုက်ခြင်း ဖြစ်ပေမည်ဟု မသင်းကြည် တွေးလိုက်မိသည် ။ သူ့စိတ်ထဲကတော့ ငါ့ကို အတုံ့အလှည့် ကာကွယ်ပေးလိုက်ရတယ်လို့ ထင်နေမှာပဲ ၊ မိန်းကလေး အလောင်းကိုပဲ သူ ဖျောက်ဖို့ ကြိုးစားသေးဟန် တူတယ် ။ ဒါပေမဲ့ သူ့ဝေဒနာက ဖိစီးလာလို့ သူ့ကိုယ် သူတောင် အနိုင်နိုင် သယ်ရတဲ့ အဖြစ် ရောက်ပြီး ကားရော မိန်းကလေး အလောင်းပါ ပစ်ပြေးရတာ ဖြစ်လိမ့်မည်ဟု စဉ်းစား လိုက်ပြန်သည့် အခါ တိုင်ကြားရန် သင့်တော်သည့် အချိန်မှာ လွန်နေပြီ ဖြစ်ပြီး မိမိ ပင်လျှင် ထိုမိန်းကလေးကို အဆိပ် ကျွေး၍ သ,တ်မှုဖြင့် အမှု ပတ်လာဦးမည်ကို စိုးရိမ်စရာဖြစ်လာရလေသည် ။ ယခုအတိုင်းမူကား ထိုအိမ်ကြီးသို့ သွားခြင်း လာခြင်းနှင့် ထိုအကြောင်းအရာများ မိမိသိရှိခြင်းကို ထိုယောက်ျားပျို က လွဲပြီး မည်သူမျှ မသိ ၊ သူ ကလည်း မိမိနှင့် ပတ်သက်သမျှ လျှို့ဝှက်ဖုံးဖိထားမည် ဖြစ်လေရာ မိမိ ကလည်း နှုတ်ပိတ် နေလိုက်ခြင်းသာလျှင် အကောင်းဆုံး ဖြစ်မည်ဟု ဆုံးဖြတ် လိုက်ရလေ၏ ။ ဒေါက်တာသင်းကြည်သည် ဤအမှုမှာ ဤသို့နှင့် သဲလွန်စ မပေါ်ဘဲ ပြီးပျောက်သွားလိမ့်မည်ဟု ယူဆလိုက်သည် ။ သို့သော် သူ ထင်သည့်အတိုင်း မဟုတ်ဘဲ နောက်နေ့ သတင်းစာ အားလုံးတွင် ထိုမိန်းကလေးအား သ,တ်မှုကို အကျယ်တဝင့် ပါရှိရုံမျှမက ဒဏ်ရာနှင့် လူတစ်ယောက် ဆေးရုံသို့ ရောက်လာပြီး သတိမရတစ်ချက် ရတစ်ချက်ဖြင့် ကယောင်ကတမ်း ပြောဆိုနေသည့် စကားများအရ ထိုသူမှာ မိန်းကလေးသ,တ်မှုနှင့် ပတ်သက် လိမ့်မည်ဟု ယူဆကြခြင်းကို ဖော်ပြ ပါရှိလာတော့၏ ။

ထိုသတင်းကို တွေ့ရသဖြင့် ဒေါက်တာသင်းကြည်မှာ ခေါင်းရှုပ်သွားလေသည် ။ သူ၏ စိတ်ထဲတွင် ပထမဆုံး ဖြစ်ပေါ်လာသည့် ဆန္ဒမှာ ဆေးရုံရောက်နေသည် ဆိုသော သူသည် ထိုအိမ်ကြီးတွင် မိမိ တွေ့ခဲ့သူ ဟုတ်မဟုတ် သိရအောင် စုံစမ်းပြီးမှ ဟုတ်ခဲ့လျှင် သူနှင့် ပြောဆိုတိုင်ပင်ရန် အကြံတစ်ခုလည်း ပေါ်လာလေသည် ။

မသင်းကြည် မှာ အခြား ဘာကိုမျှ မစဉ်းစားနိုင် ၊ အခုအခါမှာ သူ ဟာ ငါ့ဆီက အကူအညီကို ပိုပြီး လိုနေရှာတော့မယ် ။ သူ့မှာ ဘာမျှ အပြစ်မရှိခြင်းကို ငါသာလျှင် သက်သေခံနိုင်မယ် ။ သူ့ကိုတော့ ငါ ကယ်ရမှာပဲ ဟု ကရုဏာစိတ်များ သာလျှင် ဖြစ်ပေါ်၍ နေတော့၏ ။ သို့သော် သူ့အဖို့ ဆေးရုံသို့ သွား၍ ကြည့်ရန် မလွယ်လှပေ ။

အသိအကျွမ်း တစ်ယောက် သို့မဟုတ် မိမိ ကုသခဲ့ရသော လူနာတစ်ယောက် မဟုတ်ဘဲ ဆေးရုံသို့ လာ၍ ကြည့်သည် ဆိုခြင်းမှာ ဘာမှ အဓိပ္ပာယ် မရှိသည်ထက် မိမိအား မသင်္ကာစရာပင် ဖြစ်နိုင်လေသည် ။ သို့ဖြစ်၍ ဆရာဝန်ကြီးထံ အလည်လာသည့် အနေမျိုးဖြင့် လူနာများကို ဆရာဝန်ကြီး လှည့်၍ ကြည့်ရှုတတ်သည့် အချိန်တွင် ဆေးရုံသို့ သွားရောက် ရလေသည် ။ ဆရာဝန်ကြီးသည် တပည့်ဟောင်းနှင့် မတွေ့ ရသည်မှာ ကြာပြီဖြစ်၍ ဝမ်းသာအားရ စကားတပြောပြော နှင့်ပင် လူနာများကို လိုက်ကြည့်လေရာ မသင်းကြည် လည်း စကား မဆုံးနိုင်ဘဲ ဆရာဝန်ကြီးနှင့် ကပ်၍ လိုက်ခဲ့လေသည် ။

“ ဟောဒီ လူနာဟာ မနက်က သတင်းစာထဲ ပါလာတဲ့ လူပဲ ”

မသင်းကြည်သည် မိမိ တွေ့လိုသူ ဖြစ်နေသည်ကို သိရလေ၏ ။ သို့ဖြစ်၍ ဆရာဝန်ကြီးက အခြား လူနာများကို လှည့်ကြည့်နေခိုက် မသင်းကြည်က မိမိ၏ လူနာကို ကြည့်လိုက်ရာ သူက ပြန်၍ မျက်စိ ဖွင့်ကြည့်နေသည်ကို တွေ့ရတော့၏ ။

‘ ဒေါက်တာ ’ ဟု သူက တိုးတိုး ခေါ်လိုက်ပြီး ‘ ဆေးပေးတာ လွန်သွားသလား ဒေါက်တာရယ် ’ ဟု မေးလေသည် ။

“ မဟုတ်ဘူး ၊ အလစ်မှာ သူ့ဟာ သူ ယူပြီး သောက်လိုက်တာ ”

“ အင်း .. သိပ်မိုက်ပါကလား ” ဆရာဝန်ကြီးမှာ ခပ်လှမ်းလှမ်းတွင် ရှိနေ၍ သူတို့၏ စကားများကို မကြားရချေ ။ ထို့ပြင် မသင်းကြည် မှာ ဆေးရုံကြီးတွင် လုပ်ဖူး သဖြင့် ယခင်က အလေ့အကျင့် ရှိနေ၍ လူနာအား မေးမြန်းနေသည်ဟု ယူဆနေလိုက်၏ ။

“ ဘယ်လို ဖြစ်ကြတာလဲ ပြောစမ်းပါ ။ မပြောရင် ရှင့်ကို ကျွန်မ မကူညီနိုင်ဘူး ”

“ မပြောပါရစေနဲ့  ၊ ကျွန်တော် သူ့ကို သ,တ်တယ်လို့ စွပ်စွဲခံနေရပါဦးမယ် ”

“ မပြောချင်လို့ မဖြစ်ဘူး ၊ ရှင် မပြောရင် ကျွန်မ သိတာတွေ ဖွင့်ပြောလိုက်ရလိမ့်မယ် ”

လူနာသည် သက်ပြင်း ချလိုက်လေ၏ ။

“ ကဲ ပြောပါတော့မယ်လေ ၊ သူဟာ ကျွန်တော့် ဇနီးကလေးပါ ၊ သို့ပေမဲ့ သစ္စာ မရှိဘူး ။ လူတစ်ယောက်နဲ့ ပြေးမယ်လုပ်လို့ ကျွန်တော်က လိုက်ပြီး တားတာမှာ သူက ကျွန်တော့်ကို သ,တ်ဖို့ ကြံတာပဲ ။ သူ့အကြံ မအောင်တော့ သူ့ကိုယ်သူ ပြန်သ,တ်ဖို့ ကြိုးစား ပြန်တယ် ။ ကျွန်တော်ကလည်း သူ့အသက်ကို လုရအောင် ဒေါက်တာကို ခေါ်ရတာပဲ ”

“ ဪ ... သူ့အပေါ်မှာ ရှင် ဒါလောက်ပဲ ချစ်သကိုး ”

“ အခုတော့ ကျွန်တော့်မှာ တွယ်တာစရာ မရှိလို့ သေသွားလည်း မထူးတော့ပါဘူး ။ ဒါပေမဲ့ ဒီအကြောင်းတွေကိုတော့ ဘယ်သူမှ မသိပါစေနဲ့ ၊ ကတိပေးပါ ဒေါက်တာရယ် ”

ဒေါက်တာ သင်းကြည်သည် ခေါင်းကလေးကို ညိတ်လိုက်ပြီးနောက် “ သူ့ကို ဘာပြုလို့ ဟိုအိမ်ကြီးကို ခေါ်သွားရတာတုံး ”

“ ဒါ ကျွန်တော် ပိုင်တဲ့ အိမ်ကြီးပဲ ၊ ဒီမှာ ဘယ်သူမှ မရှိမှန်း သိလို့ သူ့ကို ခေါ်ခဲ့ရတာ ၊ ကျွန်တော်က ဦးဖေသော်ရဲ့ တစ်ဦးတည်းသောသား မောင်အောင်သော်ပါ ”

ထိုအချိန်တွင် ဆရာဝန်ကြီးက လှမ်းကြည့်နေသဖြင့် သွားရန် ခေါ်သည့် သဘောဖြင့် ရပ်စောင့်နေခြင်းကို ရိပ်မိကာ ဒေါက်တာသင်းကြည် လည်း အောင်သော် ၏ အနားမှ ခွာခဲ့ရလေတော့သည် ။

စစ်ကဲကြီး ဦးဖေသော်၌ တစ်ဦးတည်းသောသား မောင်အောင်သော် ရှိသည်ကို ထိုလမ်းထဲ၌ နေသူများ သိကြသော်လည်း ခပ်ငယ်ငယ် ကသာ မြင်ဖူးကြ၍ ဦးဖေသော် သေပြီးနောက်မှ တစ်ခါမျှ မတွေ့ကြတော့ပေ ။ အောင်သော်လည်း ထိုအိမ်ကြီးသို့ ဖခင် ဆုံးပြီးမှ ယခု ပထမအကြိမ် ပြန်၍ ရောက်လာခြင်း ဖြစ်သည် ။

အောင်သော်သည် မိမိ၏ အကြောင်း လူအများ သိသွားမည်ကို မပူ ၊ သူ၏ ဇနီးသည် ကလေး အကြောင်း ဘယ်သူမျှ မသိလျှင် စိတ်ချမ်းသာနိုင်ပေပြီ ။ သို့နှင့် အောင်သော်သည် အခြေအနေကို ထုတ်ဖော်ပြောကာ အထူးခန်းသို့ ပြောင်း၍ ကုသရာက ရောဂါလည်း သက်သာလာလေသည် ။

မိန်းကလေး၏ အမှုမှာ ကိုယ့်ကိုယ်ကို သေနတ်နှင့် ပစ် ၊ အဆိပ်ပါသော ဆေးသောက်၍ သ,တ်သေခြင်း ဖြစ်သည်ဟု ဆရာဝန်များ ၏ အစီရင်ခံစာအရ အမှုပိတ်လိုက်လေတော့သည် ။ အောင်သော်၏ အမှုမှာလည်း အချိန်မတော် သွားလာခိုက် မတော်တဆ သေနတ်ပစ်ခံရခြင်း ဖြစ်၍ စုံထောက်၍ မရသော အမှု အဖြစ် ပိတ်လိုက်ရလေသည် ။

အောင်သော်သည် ဆေးရုံမှ ဆင်းခဲ့ပြီး တစ်ပတ်ခန့် အကြာတွင် မသင်းကြည် ထံသို့ ရောက်၍ လာလေ၏ ။

“ ဒေါက်တာ ကျွန်တော့်ကို မှတ်မိသေးလား ”

“ ကျွန်မ အမြဲ သတိရနေပါတယ် ရှင် ၊ အခု ကျန်းမာလာလို့ ဝတောင် လာတယ် ”

“ ဒါပေမဲ့ ကိုယ်ခန္ဓာက ဝေဒနာသာ ပျောက်တယ် ။ အသည်းထဲက ဝေဒနာက ပိုဆိုးနေတယ် ။ ဒီ ဝေဒနာကို ဒေါက်တာ ကုနိုင်မလား ”

ဒေါက်တာ သင်းကြည်မှာ အနည်းငယ် ရှက်အမ်းအမ်း ဖြစ်သွားရာက ပြုံးရွှင်လာလေသည် ။

“ ရောဂါဝေဒနာသည် တစ်ဦးကို ကုသဖို့ ဆိုတာ ဆရာဝန်ရဲ့ ဝတ္တရားပါပဲလေ ”

ဒေါက်တာသင်းကြည်သည် သွေးတစိမ့်စိမ့် ယိုစီး ပေါက်ကွဲနေသော အောင်သော်၏ အသည်းနှလုံးကို မေတ္တာ ဂါထာဖြင့် မန်းမှုတ်ပေး လိုက်လေတော့သည် ။

သို့သော် အောင်သော်၏ အတိတ်နှင့် တစ်ညချမ်း က အဖြစ် ကို မေ့ပျောက်ပစ်နိုင်ကြရန် ဖိုးစိန်လမ်းထဲမှ အိမ်ကြီးကို ပြင်ဆင် မွမ်းမံ၍ သံရုံးတစ်ခုသို့ ရောင်းချပစ် လိုက်ရလေတော့သည် ။

▢  ဇဝန

📖 မြဝတီ မဂ္ဂဇင်း
      သြဂုတ်လ ၊ ၁၉၅၃

📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     အောက်တိုဘာလ ၊ ၂ဝဝ၃

Thursday, September 8, 2022

ပီယဆေး


 

❝ ပီယဆေး ❞

တက်လူ တစ်စု တို့ ၏ စုဝေးရာ ဖြစ်သော လူငယ်များ စာဖတ်အသင်း သည် ကား မူလရည်ရွယ် တည်ထောင်စဉ် က သာ ဗဟုသုတ တိုးပွားရန် ငြိမ်ငြိမ်သက်သက် စာပေဖတ်ရှု မှတ်သား ကြိုးစား လေ့လာကြစေဖို့ ရာ ပင် ဖြစ်သော်လည်း ထိုသို့ ရည်ရွယ်ချက်အတိုင်း မဖြစ်မြောက်ဘဲ အချိန် အား ရရှိသူ တစ်စုတို့ တွေ့ဆုံ စုဝေးကာ ဟေးလားဝါးလား အော်ဟစ်ပြောဆိုကြရန် လည်းကောင်း ၊ ကျားတောက် ၊ ဖဲရိုက်ရန်  လည်းကောင်း ၊ အတင်းအဖျင်း ပြောဆိုငြင်းခုံရန် လည်းကောင်း ထို အကြောင်းများ ကို အခြေခံ ပြု၍ တည်ထောင်ထား သကဲ့သို့ လူမျိုးစုံ ရောက်ရှိ ကာ စာကြည့်ခန်း နှင့် မတူဘဲ သာလာယံ ဇရပ် တမျှ ရှိနေပေတော့၏ ။

စာအုပ် အညွန့်အကောင်း ဟူသမျှ တို့ ကို လည်း ငှားပြီး ပြန် မအပ်ဘဲထား၍ လည်းကောင်း ၊ ခိုးယူ၍ လည်းကောင်း အပိုင်သိမ်းပိုက် ကြလေကုန်ပြီ ဖြစ်သဖြင့် ကျန်သေးသော စာအုပ်များ မှာ ဖုန်တင် ၊ ပင့်ကူအိမ် ဖွဲ့လျက် ရှိကြလေကုန်၏ ။

ထို စာဖတ်ခန်း သို့ လာရောက်ကြသူများ အနက် စာပေ အတွက် သိသိသာသာ ဆည်းပူးရန် လာရောက်သူ မှာ ဘတင် တစ်ယောက် သာလျှင် ဖြစ်ပေ၏ ။ ဘတင် မှာ ဝတ္ထုရေးဆရာ ပေါက်စ ကလေး တစ်ယောက် ဖြစ်သည် ကို အားလုံးပင် သိကြလေ၏ ။ ဘတင် ၏ လက်ရာများ မှာ တစ်မူးတန် ဂျာနယ်များ တွင် ဝတ္ထုတို တစ်ဒါဇင်ဝက် ခန့် မျှ ရေးသားခဲ့ဖူး၍ အချောင်လိုက်သော ဝတ္ထုထုတ်ဝေသူ တစ်ဦး နှင့် ပေါင်းမိကြ၍ တစ်မူးတန် ဝတ္ထု နှစ်ပုဒ် ရေးသားခဲ့ ပြီးပြီ ဖြစ်ပေ၏ ။ ဂျာနယ်များ တွင် ရေးပေးသော ဝတ္ထုများ မှာ အလကား နှင့် အခမဲ့ တို့ ဖြစ်ကြ၍ တစ်ပုဒ် ကိုမူ မေတ္တာရိ ပေး လိုက်ရလေ၏ ။ တစ်မူးတန် ဝတ္ထုစာအုပ် နှစ်အုပ်ကိုမူ တိုက်ပိုင်ရှင် ဟု အမည် ခံသော ဝတ္ထု ထုတ်သူ ထံ လက်ဝါးဖြန့် ကာ တမတ် တောင်း ငါးမူး တောင်း နှင့် လူနာ အမဲခြောက် တောင်းသလို တောင်း ခဲ့ရသဖြင့် ငွေတစ်ဆယ် ကျော်ကျော် သုံး ခဲ့ရလေ၏ ။

သို့ရာတွင် ဘတင် ၏ စိတ် ထဲ၌ ငွေ ရသည် မရသည် ကို အရေးမကြီးလှပေ ၊ ဝတ္ထု ထုတ်ဝေ သူ က စာအုပ်များ တွင်ကျယ်အောင် မိမိ ၏ ကလောင်နာမည်ရှေ့တွင် နိုင်ငံကျော်စာရေးဆရာကြီး ဟု တပ်ပေးထားခြင်း ကို ပင် အထူး ကျေနပ်ကာ ပထမတန်း ထိပ်သီး စာရေးဆရာကြီး တမျှ မနက်ဖြန် ' ဆာ ' ဘွဲ့ ရတော့မလောက် သွေးကြီးကာ မိမိ ၏ လက်ရာများ ကို ကြည့်ရင်း တစိမ့်စိမ့် ဘဝင် မြင့်နေ ပေ၏ ။

ထို စာကြည့်ခန်း ထဲ သို့ ဘတင်  ဝင်လာပြီ ဟု ဆိုလျှင် မြင်သူတိုင်း က အချင်းချင်း လက်တို့ ကာ “ ဟော ဟိုမှာ ဦးပုည လာပြီ ၊ ဪ ဝတ္ထုရေးဆရာကြီးပါကလား ။ ကြွပါ ခင်ဗျာ ၊ အပြင်ဘက် ကို ” စသဖြင့် နောက်ပြောင်လေ့ ရှိပေ၏ ။

ဘတင် သည် စာကြည့်ခန်း ထဲသို့ ရောက်ရှိလာကာ ဟိုဟိုဒီဒီ လှမ်း ကြည့်ပြီးနောက် မိမိ အား လာ၍ ထိုင်စေရန် ခေါ် သကဲ့သို့ ပြုံးရယ်နေကြသော တက်လူ ၃ - ၄ ယောက် ဝန်းဝိုင်း၍ ထိုင်နေသည့် စားပွဲ သို့ ရောက်သွားလေ၏ ။

“ ဘယ့်နှယ် ဦးရွှေဂဠုန် ရဲ့ ၊ နောက်ထပ်ပြီး ဝတ္ထု မရေးတော့ဘူးလား ၊ ခင်ဗျား ဝတ္ထုတွေ လည်း မဖတ်ရတာ အတော် ကြာပြီ ။ အတော်ကြာ ဆို မွေးကတည်း က ဆိုပါတော့ ” ဟု တစ်ယောက်  က စ လိုက်သဖြင့် ...  ။

အခြား တစ်ယောက် က ဝင်၍ “ ကိုယ့်လူတွေ မဖတ်ရချင်လို့သာ ရှိရမယ် ၊ ဟို အယ်ဒီတာ စက္ကူခြင်း ထဲ မှာ တစ်ပုံကြီး ”

“ အယ်ဒီတာ တစ်ယောက် တော့ ဖြင့် သူ့ ဝတ္ထု ကို ဖတ်ရင်း စိတ်ညစ်လို့ သေရှာပြီ ” ဟုနောက် တစ်ယောက် က ပြောပြန်လေ၏ ။

ဘတင် သည် ၎င်းတို့ ပြောသမျှကို ပါးစပ် အဖြီးသား နှင့် နားထောင် ၍ နေပြီးမှ “ ကဲ ...  ထပ်ပြီး နောက်ဖို့ ကျန်ကြသေးသလား ” ဟု မေး၍ အားလုံးက ဘာမျှ မပြောဘဲ ရယ်မောနေကြသော အခါမှ မျက်နှာထား တည်ကြည်စွာ ဖြင့် “ အခုကျွန်တော် ဝတ္ထုရှည်ကြီး တစ်ပုဒ် ရေးနေတယ်ဗျ ” ဟု ပြောပြ လေ၏ ။

“ ဘယ်ကို ပို့မလို့လဲ ၊ မလွှကုန်း က ထုတ်တဲ့ အမှိုက်ပုံ မဂ္ဂဇင်း ဖို့လား ”

“ မနောက်ကြပါနဲ့ဦးလေ ၊ သူ ပြောတာ နားထောင်ပါဦး ” ဟု တစ်ယောက် က ပြောပြီး ဘတင် ဘက်သို့ လှည့်၍ “ ကိုယ့်လူ ဝတ္ထု က ဘယ်လိုတုံး ၊ စုံထောက်လား ၊ အလွမ်းလား ၊ ရာဇဝင်လား ” ဟု မေးလိုက်လေ၏ ။

“ မဟုတ်ဘူး ၊ ကျွန်တော်ရေးနေတာ အချစ်ဝတ္ထု ” ဟု ဘတင် က ပြော လိုက်သဖြင့် အလွန်ရယ် စရာကောင်းသော ပြက်လုံး တစ်ခု ကို ကြားလိုက်ကြရဘိသည့် အလား အားလုံးပင် အူလန်အသည်း လန် ဟက်ဟက်ပက်ပက် ရယ်မောကြသည် ။

ဘတင် မှာ သရော် ၍ ရယ်မောခံ ရသည့် အတွက် မျက်နှာထား ပျက် သွားပြီး “ ဘာများပြုလို့ ဒါလောက်တောင် ရယ်ကြတာလဲ ” ဟု မေးလေ၏ ။

တက်လူ နံပါတ် တစ် မှာ တော်တော် နှင့် အရယ် မရပ်နိုင်ဘဲ မိမိ ၏ ရယ်ခြင်းကိုပင် ထပ်မံ၍ - ရယ်မောနေပြီး မှ “ ခင်ဗျား လို လူ ကလားဗျာ အချစ် နဲ့ ပတ်သက်တဲ့ ဝတ္ထု ရေးတာ ၊ အချစ်အကြောင်း ခင်ဗျား ဘာ နားလည်လို့တုံး ၊ ရည်းစား မှ မထားဖူးတဲ့လူ က ” ဟု ဆိုလေ၏ ။

တက်လူ နံပါတ် နှစ် က ကြား ဝင်၍ “ ရည်းစား ထားဖို့နေနေသာသာ မိန်းမ အနား မှ ကပ်ရဲ ရဲ့လားလို့ မေးစမ်းပါဦး ၊ ရေးလိုက်တော့ဖြင့် ကောင်ကလေး က ကောင်မကလေး ကို ဘယ်လို ဖက် လိုက်တာပဲ ဘယ်လို ဆွဲ လိုက်တာပဲ ။ ဒီတော့ ကောင်မကလေး က ဟင်းနော် လက်ကြီး က သရမ်း လိုက်တာ ၊ အို ... ဒါ ဘာလဲလို့ ကြည့် ပါလား ငို လိုက်လိမ့်မယ်နော် ” ဟု ဟန်အမူအရာ လုပ်၍ ပြောကာ တဟားဟား ရယ် ပြီးမှ “ အောင်မယ်လေး ဟ ကိုရွှေဂဠုန် ရ ထင်တိုင်း လျှောက်ရေးမှဖြင့် ခက်ကုန်ရောပေါ့ ” ဟု သရော် လိုက်လေ၏ ။

“ ဒါပါပဲဗျာ ။ ခု ကာလ စာရေးဆရာတွေ ကိုယ်တိုင် နားမလည်ဘဲ နဲ့ နင်းပြီး ကြဲတာပဲ ။ သဘာဝ နဲ့ တူမယ် ၊ မတူဘူး ၊ ယုတ္တိ ရှိမယ် ၊ မရှိဘူး ဆိုတာ နည်းနည်းကလေး မှ မစဉ်းစားဘဲ ဝတ္ထု ဖြစ် ပြီးရော ဆိုတဲ့ သဘောမျိုး နဲ့ ထင်မိထင်ရာကောက်ပြီး စွပ် တာပဲ ။ ဒီလိုပြောတော့ ချိုးချိုးဖဲ့ဖဲ့ ပြောတယ် ဆိုကြမယ် ။ နို့ပေတဲ့ ဟုတ်တာတော့ ပြောရမှာပဲ ၊ ကျွန်တော့် ကို မင်း က ကော ဝတ္ထု ရေး တတ်လို့လား ဆိုရင် ရေးတော့ မရေးတတ်ဘူးပေါ့ ။ ဒါပေမဲ့ မကောင်းဘူး ၊ ကောင်းတယ် ဆိုတာလောက်တော့ အပြစ် ပြနိုင်ပါရဲ့” ဟု တက်လူ နံပါတ်သုံး က လေလုံး ထုတ်ပြန်လေ၏ ။

ဘတင် မှာ ဘေး မလှုပ်သာ ခေါင်း မလှုပ်သာ ဖြစ်ကာ အနေရ ကျပ်ပြီး ထွက်သွားတော့မည် လုပ်သဖြင့် နံပါတ်တစ် တက်လူ က ဆွဲ၍ ထားကာ “ အလကား နောက်တာပါ ဗျာ မသွားပါနဲ့ဦး ၊ ပျော်တယ်လို့ ပြက် ကလက်တယ်ပဲ အောက်မေ့ပါ ” ဟု ဆိုပြီး အခြား တက်လူ နှစ်ယောက်အား “ မနောက်ကြပါနဲ့ဗျာ ၊ သူ့ခမျာ ရှက် သွားပါဦးမယ် ၊ ဒီလိုပေါ့ ဗျာ ၊ ပညာ ဆိုတာ တစ်စ တစ်စ သင်ယူရတာပေါ့ ၊ ဒါနဲ့ တဖြည်းဖြည်း တတ်ရတာပဲ ၊ ဒါမှ တက်လူ ခေါ်တာ ” ဟု ပြောလေ၏ ။

“ သူ့ ကို တော့ ဝတ္ထု ရေးဖို့ ပညာ သင်စရာ မလိုပါဘူး ။ ရည်းစား ထားနည်း ၊ လူပျိုစကား ပြောနည်း တတ် အောင်သာ သင်ပေးဖို့ လိုတာ ၊ ဒါမှ ကိုယ်တွေ့ နဲ့ ယှဉ်ပြီး ရေးမှ သူ့ ဝတ္ထု နာမည်ကျော်မှာ ” ဟု ဆိုပြီး “ ကိုယ့်လူ ရည်းစား ဘယ်နှယောက် ထားဖူးသလဲ ၊ မှန်မှန် ပြောစမ်း ” မေးရာ ...

“ ခင်ဗျားတို့ ကလည်းဗျာ သိရက်သား နဲ့ မေး ပြန်ပါပြီ ” ဟု ဘတင် က ပြောသဖြင့် ရယ်မော ကြပြန်လေ၏ ။

ထိုနောက်မှ နံပါတ်နှစ် တက်လူ က “ ကိုယ့်လူ လောက မှာ လူပျိုကလေး ဖြစ်လာပြီး ရည်းစား မထားဖူးဘူး ၊ မိန်းမ နဲ့ မတွေ့ဖူးဘူး ဆိုတာ ယောက်ျား ဖြစ် အရှုံး ဆုံးပဲ ။ လောက မှာ လည်း  ၊မကောင်း သံသရာ မှာ လည်း မကောင်း တဲ့ ဟာ တစ်မျိုးပဲ ” ဟု ပြောရာ ... 

နံပါတ်တစ် က “ ခင်ဗျား အခုထက် ထိ ရည်းစားကလေး တစ်ကောင် တစ်မြီး မှ မထားဖူးတာ အံ့သြပါရဲ့ဗျာ ” ဟု ဆိုလေ၏ ။

“ မအံ့သြကြ နဲ့ ကိုယ့်လူ တို့ သူ့ ကိုယ်နှိုက် က အဖြစ် မရှိတာ ၊ ထားချင်လိုက်သမှ သူ့ ခမျာ သေလုမြောပါး ဖြစ်နေတာ ၊ နို့ပေတဲ့ မိန်းကလေး မြင်ရင်ပဲ သူ့ ကို ကိုက်စားတော့ မလိုလို ၊ သွားပြီး စကား ပြောရင်ပဲ ပါး ချ ခံရတော့မလိုလို နဲ့ အလကား နေရင်း ကြောက်ချေး ပါ နေတာ ၊ ဒါနဲ့ပဲ ကြက်ဖကြီး လို ရစ်သီရစ်သီ နဲ့ ပုဆိုး နွမ်း တာပဲ အဖတ်တင်တယ် ” ဟု နံပါတ်သုံး က ပြောပြလေ၏ ။

ထိုအခါ ဘတင် က “ ဒီလိုလည်း မထင်ကြပါနဲ့ဗျာ ၊ ကျွန်တော် က စိတ်အနှောင့်အယှက် ပေးတတ်တာမျိုးကို မနှစ်သက်လို့ပါ ။ ရည်းစား ထားတယ် ဆိုတာ အနှောင့်အယှက် တစ်မျိုးပဲ ။ ကျွန်တော်တို့ လို ဝတ္ထုရေးတဲ့ လူတွေနဲ့ ဆိုတော့ မကိုက်ဘူး ” ဟု ပြောလိုက်ရာ နံပါတ်နှစ် က “ မဆိုင်လိုက်တာ ကိုရွှေဂဠုန် ရာ ၊ ဒီလိုသာဖြင့် ဝတ္ထုရေးဆရာတွေ ဟာ မယား မယူရ ၊ ရည်းစား မထားရတော့ဘူးပေါ့လေ ၊ အင်း ...  ဒါတွေကြောင့် ဝတ္ထုရေးဆရာကြီး ရွှေဂဠုန် ...  ရွှေဂဠုန် နဲ့ နာမည် ကြီးနေတာပဲထင်ပါရဲ့” ဟု သရော် ၍ ပြောဆို ရယ်မောလေ၏ ။

“ သူ့ ခမျာ ရှက်လို့ ဖွင့် မပြောတာပါဗျာ ၊ ရည်းစား လည်း မရှိဘူး ၊ ပိုးလဲ မပိုးရဲဘူး ဆိုတာ အမှန် ပဲဗျ ၊ ပီယဆေးကလေး ဘာကလေးများ ရှိရင် ပေးလိုက်ကြပါဦး ” ဟု နံပါတ်တစ် က ပြောလိုက် သဖြင့် ...

“ လိုချင်ရင် ရနိုင်ပါတယ်ဗျာ ၊ ကျွန်တော့်မှာ ဆေးနည်းကောင်း ရှိတယ် ” ဟု နံပါတ်သုံး က ပြောကာ ဘတင် ဘက်သို့ လှည့်၍ “ ကိုယ့် လူ ပီယဆေး ဆောင်မလား ” ဟု မေးလေ၏ ။

ဘတင် မှာ ပြုံး၍သွားပြီး “ ခင်ဗျား ဆေးနည်းက ပြောစမ်းပါဦး ” ဟု မေးမှ ...

“ ဆေးနည်း ကတော့ အုန်းမှုတ်ခွက် ထဲ ရေ ထည့် ဆေးတာပဲ ၊ ဒီနည်း ထက် တော့ ကောင်းတာ မရှိဘူး ” ဟု ဆိုလိုက်သဖြင့် အခြား တက်လူ နှစ်ယောက် မှာ တခွီးခွီး ဖြစ်၍ နေကြပြီး နံပါတ် တစ် က “ မယ်တော်ကြီးပေးတဲ့ ဆေးနည်း ထင်ပါရဲ့” ဟု ဆိုကာ ကိုယ့် စကား နှင့် ကိုယ် ကျ ပြီး အူနှိပ် ၍ ရယ် ပြန်လေ၏ ။

ထိုအခါ မှ နံပါတ်နှစ် က ဣန္ဒြေ ဆည်ထားသော မျက်နှာ နှင့် “ ကိုယ် မှာ ပီယဆေး တကယ် ကောင်းတာ ရှိတယ် ” ဟူ၍မှ စကား မစရမီ တက်လူတွေ ရယ်၍ နေကြသဖြင့် “ ရယ်စရာ လုပ်တာ မဟုတ်ဘူး ၊ အတည် ပြောနေတာ ၊ အင်းအိုင်လက်ဖွဲ့ မဆောင်ရဘူး ၊ ကိုယ့် ဆေး က အဂ္ဂိရတ် ထိုးတဲ့ ရွှေပြား နဲ့ ဆေး နဲ့ ရောထားတဲ့ ပြာ ၊ တကယ် စွမ်းတယ် ” ဟု ပြောလိုက်မှ အားလုံး အရယ် တိတ်ကာ အံ့ဩသော မျက်နှာနှင့် ၎င်းအား ကြည့် နေကြလေ၏ ။

ထိုနောက်မှ နံပါတ်တစ် က “ ဒီလိုဆိုရင်လည်းဗျာ သူ့ ကို နည်းနည်း တောင်း ပေးလိုက်ပါ ။ ဘယ်လောက် ကန်တော့ရမှာလဲ ” ဟု မေးလေ၏ ။

“ ဘုန်းကြီးပဲ ငွေ မလိုပါဘူး ၊ ဖယောင်းတိုင်ကလေး ဘာကလေး သဒ္ဓါသလောက် လှူရင် ပြီးတာပါပဲ ” ဟု ဆိုပြီး ဘတင် ဘက်သို့ လှည့်၍ “ ကိုယ့်လူ ယူမယ် မဟုတ်လား ” ဟု မေးလေ၏ ။

ထိုအခါ ဘတင် ပြောရမည့်အစား နံပါတ်သုံး က ဝင်၍ ရှေ့နေ လိုက်ကာ “ ယူမှာ ပေါ့ ဗျာ ပီယဆေး ဆိုတာ ဘယ် လူပျို မဆောင်ချင်ဘဲ နေပါ့မလဲ ” ဟု ပြောလေ၏ ။ ဘတင် မှာမူ ပြုံးပြီး ကြီး လုပ်၍သာ နေလေ၏ ။

“ နို့ပေတဲ့ ဆောင်တဲ့ လူ ကလည်း ယုံမှ ဆေးလည်း ပိုပြီး ထက်တယ် ။ ကိုယ့်လူ ယုံယုံ ကြည်ကြည် သုံးမယ် မဟုတ်လား”

ဘတင် သည် ပြုံး၍ ခေါင်း ညိတ်လေ၏ ။

ထိုသို့ ပြောဆို နေကြပြီးနောက် ဘတင် ထွက်သွားသောအခါ တက်လူတစ် က နှစ် အား “ ခင်ဗျား ဗျာ ဒီလို ဆေးကောင်း ရှိရက်သား နဲ့ အစတုန်းက ကျွန်တော်တို့ ကို ပြောရောပေါ့ ” ဟု စကားနာ စကား ပြောလေရာ နံပါတ် နှစ် က ဟက်ဟက်ပက်ပက် ရယ်ပြီး “ ကိုယ့်လူ ကလည်း နော် တက်လူ တစ်ယောက် လုပ်နေပြီး အ လိုက်တာ ၊ ကိုယ် က အတည် နဲ့ နောက် နေတာ ” ဟု ဆိုလိုက် သဖြင့် နံပါတ်သုံး က ရယ်မောလေတော့၏ ။  ။

ထိုသို့ ပြောလိုက်သည် နှင့် နံပါတ်တစ် က ထပ်မံ၍ “ နို့ သူ တကယ် တောင်းနေတာ ခင်ဗျား ဘာ နဲ့ ပေးမလဲ ” ဟု မေးပြန်သဖြင့်

“ ပြာ ဆိုရင် ပြီး ရောပေါ့ဗျာ ၊ ဆေးပေါ့လိပ်ပြာ ပေးပေး ၊ စီးကရက်ပြာ ပေးပေး မသိတဲ့ လူ ယုံ မှာပေါ့ ။ ဆေးပြင်းလိပ်ကတော့ နည်းနည်းခါးတယ် ”

ထိုအခါ နံပါတ်သုံး က “ တော်တော်ကြာ ဆေး မစွမ်းဘဲ လိမ်မှန်း သိတော့ ကိုယ်တို့ တစ်တွေ ကလော်ပြီး ဆဲနေဦးမယ် ” ဟု စောဒကတက်လေ၏ ။

“ ဆေး ဆိုတာ ဘာမှ မဟုတ်ဘူး ကိုယ် လူ တို့ ရ ။ တချို့မှာ ဆေးက မစွမ်းဘဲ လူ က ယုံကြည် တာ နဲ့ ကို တကယ် စွမ်းသလို ဖြစ်သွားတာ ၊ နောက်ဆုံးတော့ စိတ် ပဲ ။ ပျောက်စေဆရာတို့ ဘာတို့ ဆိုတာ ရောဂါသည် ကို စိတ် နဲ့ ကုတာ ။ ဘုရားကု ကုတယ် ဆိုတာ ကြားဖူးမှာပေါ့ ၊ ဘယ်မှာ ဆေး ပါသလဲ ။ စိတ် က ယုံကြည်အားကိုးတာ နဲ့ ပျောက်တာ ။ ဆိုင်ကိုလိုဂျီ တို့ ဘာတို့ ဆိုတဲ့ ပညာတွေ ဟာ စိတ် ပညာတွေပေါ့ ”

“ ရောဂါ ကို သာ စိတ် နဲ့ ကုသလို့ရမယ် ၊ အချစ် ကို စိတ် နဲ့ လုပ်လို့ ရပါ့မလား ”

“ ကျပ်ပါ ကိုယ့်လူ တို့ ရာ စိတ်ညှို့အချစ်ကျမ်းတွေ ဘာတွေ မဖတ်ဖူးဘူးလား ။ ကိုယ့် စိတ် က ပြင်းထန်နေရင် စိတ်တန်ခိုးဟာ ပြန့်လွင့်သွားပြီး ကိုယ်အာရုံ စူးစိုက်တဲ့ သူ ရဲ့ စိတ် နဲ့ ပူးပေါင်းမိတယ် ။ တယ်လီပသီ ဆိုတာ အဲဒီ နည်းပဲ ။ ဘတင် အဖို့တော့ သိပ် လွယ်တာပေါ့ ၊ ဝတ္ထု ရေးနေတဲ့ လူ ဆိုတော့ စိတ်ကူး က အင်မတန် ထက်မြက်တာ ၊ နို့ပြီး သူ့ အဖို့ မှာ လူ ကလည်း လူချော ဝတ်ပုံစားပုံကလည်း စတိုင်ကျကျ မြာ ကျတဲ့ ရုပ် မျိုးပဲ ။ နို့ပေတဲ့ သူ့ ကိုယ် က မစရဲတော့ ဘယ် မိန်းမ က ကျွန်မ က ကြိုက်ပါတယ်ရှင့် လို့ လာပြီး ပြောပါမလဲ ၊ အခုလို ပီယဆေး ဆိုပြီး ပေး လိုက်ရင် ဆေးအစွမ်း ရှိတယ်လို့ ယုံကြည်ပြီး ကြံစည်ရင် တစ်ယောက် ယောက် နဲ့တော့ မုချ နေရာကျမှာ ” ဟု ပြောပြလိုက်သဖြင့် တက်လူ တစ်စု တို့ မှာ ပညာတစ်မျိုး ဆည်းပူးမိကာ ကျေနပ်၍ သွားကြလေ၏ ။

ထိုသို့ တက်လူ တို့ ၏ တက်ခေတ်ဉာဏ် ကြီးကျယ်တော် မူလှသည့် အတိုင်း စီးကရက်ပြာ မန်ကျည်းစေ့ တစ်စေ့စာ လောက် ကို အင်းချသော မှိုင်းခံစက္ကူ နှင့် ထုပ်၍ ထားကြပြီးလျှင် ဘတင်
ယုံကြည်လောက်အောင် ဂျူဘလီဟော အနီးရှိ ရဟန္တာသိမ်တစ်ခု ရှိရာသို့ ခေါ်သွားကာ ဘတင် အား ငါးပါးသီလ ဦးစွာ ခံစေပြီးမှ ဤ ဆေး ကို စားသည့်နေ့မှ စ၍ ကာမေသုမိစ္ဆာစာရကံ မကျူးလွန်ပါ ဟု သစ္စာရေ ကို သောက်စေပြီး စီးကရက်ပြာ ကို ကျွေးလေ၏ ။

တက်လူတို့ ၏ ပိပိရိရိ အလိမ် ကောင်းလှသဖြင့် ဘတင် မှာ အထူးသဖြင့် ယုံကြည်မိကာ ထို “ ပီယဆေး ” ဝမ်းထဲ ကို ဝင် မိသည့်နေ့မှ စ၍ ငါ တော့ဖြင့် အို ရချေသေးရဲ့ ၊ မိန်းမ ရချေသေးရဲ့ ဟု ကြိတ်ပြီး ကျေနပ်မိလေ၏ ။

ထိုသို့ ပြာ ကျွေးပြီးသည် နှင့် တစ်ပြိုင်နက် နှစ်နံပါတ် တက်လူ က “ ဘယ့်နှယ်လဲ ကိုယ့် လူ ဘယ်လို အရသာ တွေ့ရသလဲ ” ဟု မေးရာ ဘတင် သည် မျက်လုံးကလေး အပေါ်လှန်ပြီး အာခေါင် ကို လျှာ နှင့် လူးကာ အရသာ စူးစမ်းကြည့်ပြီးမှ “ ချဉ်တင်တင် ဖန်ဖန် တန်တန် နေတယ်ဗျ ” ဟု ပြောသဖြင့် ... 

“ ဟဲ ...  ဟဲ ။ အဲ့ဒါ ဆေး စွမ်းကြောင်း ပြတာပဲ ။ ခါး ရင် ဆေး မစွမ်းဘူး ” ဟု ပြော လိုက်သည့် အတွက် ဘတင် မှာ ပြုံးပြုံးကြီး ဖြစ်သွားလေ၏ ။

“ ကိုယ့် လူ သူဌေးသမီးများ ရရင် ကိုယ်တို့ ကို မမေ့နဲ့နော် ” ဟု တက်လူနံပါတ်သရီး က သဖြီး နှင့် ပြောလေ၏ ။

ထိုနောက် သိမ် ထဲ မှ ထွက်ခဲ့ကြကာ ပြန်လာကြရာ တွင် ဓာတ်ရထားပေါ်တွင် မြင်မြင်သမျှ မိန်းမ တို့ ကို ဘတင် သည် စေ့စေ့စပ်စပ် ရဲရဲတင်းတင်း ကြည့်၍ လိုက်ပါလာရာ သုံးယောက် သော တက်လူတို့ မှာ ရယ်ချင် လှသဖြင့် ဒုက္ခကြီးစွာ မျိုသိပ်၍ ထားကြရလေ၏ ။

ဘတင် ၏ ထူးခြားစွာ အကြည့်ရဲခြင်း ကြောင့် အချို့မိန်းမများ မှာ ခါးပိုက်နှိုက် လား ၊ မိန်းမထိန်း လား ဟု မသင်္ကာဘဲ အရိပ်အကဲ ကြည့် နေကြသည် ကို ပင် ဘတင် မှာ ငါ ၏ အညှို့ဓာတ် ကို ဘယ် မိန်းမ မှ မခံရပ်နိုင်ပါကလား ဟု ပီတိတရွှမ်းရွှမ်း ဖြစ်နေလေတော့၏ ။

ထိုနောက် စာကြည့်ခန်း သို့ ရောက်ကြပြီး လူစု ခွဲလိုက်ကြသောအခါ ဘတင် မှာ ယနေ့ အဖို့ ဆေးတန်ခိုး သိရအောင် မိရာမိန်းမပျို ကို အတွေ့ စမ်းမည်ဟု စိတ်နှလုံး ပြုလိုက်လေ၏ ။

သို့နှင့်ပင် ဘတင် မှာ ဝတ္ထုရေးရန် စားပွဲ တွင် မထိုင်နိုင် ၊ စိတ်ကူးဉာဏ် မထုတ်နိုင်ဘဲ ချစ်ဖို့ ပိုးဖို့ လောက် ကိုသာ အာရုံ စော၍ နေခြင်းဖြင့် လျှောက်၍ လည်လေရာ စတားရုံ နှင့် မနီး မဝေး ရှိ လက်ဖက်ရည်ဆိုင် သို့ ရောက် လာလေ၏ ။

ထို ဆိုင်သို့ ရောက်သည်တွင် ဘတင် မှာ မိမိ ဆေးတန်ခိုး ပြလေပြီ ဟု ယုံကြည်မိလေ၏ ။ အကြောင်းမူကား မိမိ နှင့် မနီးမဝေး ၌ ရှိသော စားပွဲ တွင် အသက် ၂၂ နှစ် အရွယ် ရှိ ဖြူဖြူတုတ်တုတ် တရုတ်ကြိုက်ရုပ်ဖော အပျိုချော တစ်ယောက် ကို တွေ့ ရခြင်းဖြစ်ပေ၏ ။ ထို မိန်းကလေးမှာ တစ်ယောက် တည်း မဟုတ်ဘဲ အသက် ၃၀ ကျော် ခန့် ရှိ မိန်းမတစ်ယောက်လည်း အတူတူပါ လာလေ၏ ။ သို့ရာတွင် ထို မိန်းမ မှာ ဘတင် ကို ကျောပေးလျက် ထိုင် နေသဖြင့် ဘတင် မှာ ထို အပျိုချော ကို ရဲရဲတင်းတင်း ကြည့်ရှု ဝံ့လေ၏ ။

ထိုသို့ ကြည့်ရင်း မိန်းမပျို ၏ မျက်လုံးများ နှင့် မကြာခဏ ဆုံလေရာ ထိပြီ ဟ ၊ ငြိပြီ ဟ ၊ ပွတာပဲ ဟု အောက်မေ့လျက် ထိုင်ရာ မှ ထပြီး စားပွဲခုံ ကို လက်သီး နှင့် ထုကာ ကြုံးဝါးလိုက်ချင်မိ တော့၏ ။

ထို အပျိုချော သည်လည်း ဘတင် ကို ကြည့် နေရာမှ အဖော်မိန်းမ အား တစ်စုံတစ်ရာ ပြောလိုက်သည် ကို တွေ့ရပြီး ထိုမိန်းမ လည်း လှည့်၍ ကြည့် သည် ကို မြင်ရပြန်သောအခါ ဘတင် မှာ “ အောင်မယ် နှစ်ကောင်တွဲများ စွဲ နေဦးမှာလား ” ဟု ကျိတ်ပြီး ဝမ်းသာမိပြန်လေ၏ ။

ထိုနောက်မှ ငါ ဒီလို ကြည့်နေရုံနဲ့ မပြီးသေး ၊ မျက်နှာချို သွေးပြီး ညု လိုက်ဦးမှပဲ ဟု ကြံမိ သည့် ခဏ၌ ငါ မျက်စ ပစ် လိုက်လျှင် ထပြီး ဆဲဦးမှာလားဟု ရွံ့ ၍ သွားပြီးမှ ဆေးပြား ကို သတိ ရကာ ရဲတင်း၍ လာပြီးလျှင် မချိုမချဉ် မျက်နှာထား နှင့် လျှာ ထုတ်၍ ပြလိုက်လေ၏ ။

ယင်းသို့ လျှာ ထုတ် ၍ ပြ လိုက်လျှင်ပင် ယဉ်စစ အပျိုချော မှာ မနောတွင် အကြည် ဆိုက်သွား သကဲ့သို့ မပြုံး တပြုံး မျက်လုံးကလေး ကလယ်ကလယ် နှင့် ဖြစ်သွားသည် ကို တွေ့ရသောကြောင့် ဘတင် မှာ စိန်လက်စွပ် ဝတ်ချင် သလိုလို ဟိုဒင်းကို ပြုရတော့ မလိုလို ဖြစ် သွားလေတော့၏ ။

ထိုအခိုက်တွင် အဖော် မိန်းမ က “ လာအေ သွား ရအောင် ၊ အချိန် နီးပြီ ထင်ပါရဲ့” ဟု ဆိုလိုက် သဖြင့် မိန်းမပျိုကလေးလည်း ထိုင်ရာမှ ထရာတွင် ဘတင် မှာ ၎င်းတို့ နောက်က လိုက်သွားရ ကောင်း မည်လား ၊ ဒီနေရာတွင် ဇာတ် သိမ်းရ ကောင်းမည်လား ဟု စဉ်းစား၍ ရှိနေဆဲ ၊ အပြင်သို့ အထွက် တွင် ထို မိန်းမပျို က လှည့် ကြည့်ကာ ပြုံး ပြလိုက်သဖြင့် ဘတင် ၏ စိတ် တွင် ဤသို့ ပြုံးချက် ထူးသော အလိုမှာ အစ်ကို လာပါ ခေါ်တာပဲ ဟု အဓိပ္ပာယ် ပြန်မိကာ ထ၍ လိုက်လေ၏ ။

စတားရုံ ရှေ့သို့ ရောက်သောအခါ ထို နှစ်ယောက် တို့ ရပ် နေကြသည် ကို တွေ့ရသဖြင့် ရုပ်ရှင် ကြည့်မည် ကို အတပ်စွဲ သိပြီး မိမိ လည်း ကြည့်ရှုရန် ဆုံးဖြတ်လိုက်မိလေ၏ ။ 

သို့ဖြစ်၍ ရုံ ဖွင့်သည့်အခါ ထို နှစ်ယောက် တို့ ဝင်သွားရာအတန်း သို့ စွပ်၍ ဝင်သွားရာ လက်မှတ်စစ် က တား ထားမှ လက်မှတ် မဝယ်ရသေးသည်ကို သိပြီး လက်မှတ် ပြန်၍ ဝယ်ပြီး မှ ဝင် ရသဖြင့် အတော်ကလေး အလှမ်းကွာကွာ တွင် နေရာ ရလေသောကြောင့် အောင့်သက်သက်ကြီး ဖြစ်သွားလေ၏ ။

ထိုအခါတွင် မိမိ ဝင်လာသည် ကို မသိကြသဖြင့် မိမိ အား မကြည့်ကြသောကြောင့် ဆေး အစွမ်းဖြင့် မဆွဲညှိ နိုင်တော့ဘဲ ချောင်းအစွမ်း ဖြင့် တဟွတ်ဟွတ် ပြုလုပ်ကာ မိမိ အား ကြည့်အောင် လုပ် ရလေ၏ ။

သို့သော် ရုပ်ရှင်ရုံ ထဲ တွင် ဖြစ်သဖြင့် လူ အများ ရှေ့တွင် ထင်သလို မညုဝံ့ ၊ ထိုသို့ ပြုရန်လည်း အချိန်များစွာ မရသဖြင့် အားရပါးရ ကြည့်ဖို့ ကိုပင် အထူး အားခဲ နေရကာ ရုပ်ရှင် ပြရင်း မကြာခဏ ကား ပြတ်၍ မီး လင်းပါစေ ၊ အနား ပေးချိန်ကြာကြာ ဆွဲပါစေ ဟု ဆုတောင်း မိလေ၏ ။ သို့ရာတွင် ထို ဆုတောင်း နှင့် တစ်ချက် မှ မကိုက်သောကြောင့် ရုပ်ရှင် မြန်မြန် ပြီးပါစေဟု တစ်မျိုး ဆုတောင်းရ ပြန်လေ၏ ။  ။

သို့နှင့် ကား ပြီးသောအခါ အပြင်သို့ ပြွတ်သိပ် တိုးကြိတ်၍ ထွက် ကြရာ ဘတင်မှာ ထို သူငယ်မ ကို မျက်ခြည်မပြတ် ရအောင် အတော်ဂရုစိုက်၍ ကြည့် နေရင်းက ၎င်းတို့ သည် လန်ချား တစ်စီးပေါ် တက်၍ ထွက် သွားကြသည် ကို မြင် ရသောကြောင့် မိမိ လည်း လန်ချားတစ်စီး ကို ခေါ်ကာ နောက် က လိုက်လေ၏ ။

ထိုသို့ လိုက်ရင်း ရှေ့က လန်ချား ပေါ် မှ နောက်သို့ လှည့်ကြည့် လှည့်ကြည့် နှင့် လုပ်နေသည် ကို တွေ့ ရလေရာ ဘတင် မှာ ဤ ဇမ္ဗူ တွင် ငါ့ လို လူမရှိ ဟူသလောက် လန်ချား ပေါ်တွင် ထ ၍ ခြေက က လိုက်ချင်မိလေတော့၏ ။

သို့နှင့် ဗိုလ်တထောင် ဘက် ဆီသို့ ရောက်ရှိသွားကာ လမ်းတစ်လမ်း ထဲ သို့ ချိုးဝင်၍ အသွား တွင် မိမိ လန်ချား ကို အရှိန် သတ်ကာ ‘ အပ်စတေးစပိ ' နှင့် အလိုက် ခိုင်းလေ၏ ။

ထို နှစ်ယောက် သည် အိမ် တစ်အိမ်ရှေ့တွင် လန်ချား ဆိုက် ၍ ပိုက်ဆံ ပေးပြီး အခန်း နှစ်ခု ကို ခြား ထားသော လှေကား ပေါ် သို့ အတက် တွင် ဘတင် သည် အိမ်ရှေ့ သို့ ရောက် လာလေ၏ ။ မိန်းမကြီး က ရှေ့ ကတက်၍ အပျိုချော က နောက်က တက်ကာ လှည့် အကြည့် ဘတင် ကို အမြင် လက်ယပ် ပြ ၍ သွား သဖြင့် ဘတင် စကြဝဠာကြီး ချာလည် လည်၍ သွားသကဲ့သို့ ဝမ်းသာ ၍ သွားလေ၏ ။ စီး လာသော လန်ချားကုလား လည်း ထို နေရာတွင် ဆိုက်မည် ပြုသဖြင့် တချောင်းချောင်း အမိန့် ပေးကာ ရှေ့သို့ ဆက်၍ သွား စေရလေ၏ ။

ထိုနောက် ဆိုင် ထဲ ကို ဝင်၍ လက်ဖက်ရည် တစ်ခွက် မှာ ပြီး လက်ဖက်ရည် ကို မသောက်နိုင်ဘဲ ဆိုင်ပေါက် က ထွက်ပြီး အပျိုချော တက် သွားသည့် အိမ် ဆီ ကိုသာ မျှော် နေလေ၏ ။

အတန် ကြာသောအခါ မိန်းမပျိုသည် အိမ်ရှေ့ ဝရန်တာ သို့ ထွက် လာကာ ဟိုဟိုဒီဒီ ကြည့်လေရာ ဘတင် နှင့် အကြည့်ချင်း ဆုံသည်တွင် ဘတင် သည် ပြီး၍ ပြလိုက် သဖြင့် ၎င်းလည်း ပြန်၍ ပြုံး ကာ အိမ် ထဲသို့ ဝင် သွားပြန်လေ၏ ။ ဘတင် သည် ဆက်လက် မျှော်နေပြန်ရာ ကာကာကုလား က လက်ဖက်ရည် အေး ကုန်တော့မည် ဟု ပြောသဖြင့် ဟန် မပျက်ရအောင် လက်ဖက်ရည်စားပွဲ တွင် သွား ရောက် ထိုင်လိုက်ရလေ၏ ။

ထိုသို့ လက်ဖက်ရည် သောက်နေစဉ် တစ်စုံတစ်ရာ ကို တွေ့မြင်ရသဖြင့် ဘတင် မှာ မိမိ မျက်လုံး ကို ပင် မယုံချင် ဖြစ်မိပေ၏ ။ အကြောင်း မူ ကား အဆိုပါအပျိုချော သည် ချိုင့်တစ်လုံး ကို ဆွဲကာ ဆိုင် ထဲသို့ဝင် လာသည် ကို တွေ့ ရသောကြောင့် ဖြစ်၏ ။

ထိုခဏ တွင် ငါ နှုတ်ဆက်လိုက်ရ ကောင်းမည်လား ဟု တွေးတော ကာ အရဲစွန့်ရန် ချီတုံ ချတုံ ဖြစ်နေလေ၏ ။ အပျိုချော လည်း လက်ဖက်ရည် ဖျော်သော ကုလား၏ ခုံ ပေါ်တွင် ချိုင့် ကို ချကာ လက်ဖက်ရည် မှာ ပြီး ဘတင် ဘက်သို့ လှည့် ကြည့်၍ မျက်လုံးချင်း တွေ့ သည်တွင် “ ရှင် ဘာလုပ်နေ သလဲ ” ဟု နှုတ်ဆက် မေးမြန်းရာ ဘတင်မှာ မိမိ နား ကို မယုံဘဲ ရှိပြန်လေ၏ ။

ဘတင် မှာ ပါးစပ်ကြီး အဖြဲသား နှင့် ရှိနေပြီးမှ ထိုင် ရာက ထ ကာ အနားသို့ ကပ် သွားပြီး ခင့် မျက်နှာကလေး ကြည့်လို့ မဝနိုင်လွန်း လို့ လိုက် လာခဲ့တာ ဟု မိမိ ၏ ဝတ္ထု တစ်ပုဒ် တွင် သုံးခဲ့ဖူးသည့် အတိုင်း အရဲစွန့်၍ ကြိတ် လိုက်လေ၏ ။

“ ဒါလောက်ပဲ လှသလား ရှင် ”

“ လှ လို့ပေါ့ ခင်ရယ် ၊ အမရာ ကိန္နရီ မဒီ သမ္ဘူလ တို့ လို ၀၀တုတ်တုတ် ရုပ်ကလေး က ချောတော့ ”...  ဟု ဆိုရင်း ကျက်မှတ်ဖူးသော စာ ကို မေ့၍ နေသဖြင့် အင်းအင်း နှင့် တံတွေး နင် လေရာ ... 

“ ချောတာ နဲ့ ဘာဖြစ်လဲ ” ဟု ပြုံးပြုံးကလေး မေးလိုက်သောကြောင့် “ ချောတော့ ချစ်တာပေါ့ ” ဟု ဇွတ်နှစ် ၍ ပြောလိုက်ပြီး အခု ဖိနပ် နှင့် ကောက်ချလျှင် ဘယ် ပြေးရပါ့မလဲ ဟု ထွက်ပေါက် ကို မှန်းကာ တာစူ၍ နေလေ၏ ။

သို့သော် မိန်းမပျိုကလေး သည် အပြုံး မပျက် သည်ကို တွေ့ ရမှ စိတ် အေးသွားပြီး “ပီယဆေး ကွ ပီယဆေး ” ဟု ကျိတ်၍ ဝမ်းသာ ကာ စကား လာ ကိုစောင့် နေလေ၏ ။

“ တွေ့တာမှ မကြာသေးဘူး ရှင် ၊ မြင်မြင်ချင်း ချစ်တယ် ဆိုတာ မယုံနိုင်ပါဘူး ”

ဘတင် သည် မိမိ ဝတ္ထု ထဲ ကလို စခန်း သွား တော့မည် ဟု အားခဲကာ

“ လဖ်အက်ဖတ်ဆိုက် ဆိုတာ ဒီလို အချစ် မျိုး ပေါ့ ”

“ အို ရှင် တို့ အင်္ဂလိပ် စကားတွေ နား မလည်ပါဘူး ။ လပ်အက်အက် ကိုးအက်အက်ကုလား သုံးစီး ပဲ ဖြစ်ဖြစ် မယုံနိုင်ပေါင် ”

ဟု ဆိုသဖြင့် အချေရ ခက်နေလေ၏ ။

သို့ဖြစ်၍ ထို စကား ကိုပြောင်းပြီး “ ခင့်နာမည် ဘယ်လို ခေါ်သလဲ “ ဟု မေးလေ၏ ။

“ ညွန့်ရှင် တဲ့ ” ဟု ဆိုပြီး “ ကျွန်မ သွားတော့မယ် ” ဟု ပြော လေရာ ...

“ မောင် ကော မလိုက်ရဘူးလား ” 

“ လိုက်ခဲ့လေ လိုက် နိုင်ပါတယ် ”

“ အိမ် မှာ လူကြီးတွေ မရှိဘူးလား ” 

“ ရှိကော ဘာဖြစ်လဲ ” ဟု ဆိုပြီးနောက် “ နေဦး ကျွန်မ သွားနှင့်မယ် ၊ အပေါ် က လက်ယပ် ခေါ်တော့မှ လိုက်ခဲ့ ” ဟု မှာသွားသဖြင့် ဘတင် မှာ ပီတိသောမနဿ စိတ် တွေ နစ်မွန်းလျက် ကျန်ရစ်ခဲ့လေ၏ ။

ဘတင်မှာ ရင်တွင်း က ဖိုးကျိုင်းတုတ် ဖိုးကျိုင်းတုတ် နှင့် စောင့်မျှော်နေရာ က လက်ယပ် ၍ ခေါ်သည် ကို တွေ့ ရသည်နှင့် တစ်ပြိုင်နက် ကတိုက်ကရိုက် နှင့် တက် ၍ သွားပြီး အခန်း တွင်း သို့ ဝင်မည် ပြု တော့မှ ကြောက်ရွံ့သောစိတ် အနည်းငယ် ပေါ်၍ လာလေ၏ ။

သို့သော် မိန်းမပျိုကလေး က ဖော်ရွေစွာ ဖြင့် “ ဝင်လေ ” ဟု ခေါ်လိုက်သဖြင့် ရဲတင်း၍ သွားကာ အခန်းတွင်း သို့ ဝင်၍ ကုလားထိုင် တစ်လုံး ပေါ် တွင် ထိုင် နေပြီး အခြားသော သူ များ  ရှိ နေသောကြောင့် စတင်၍ စကား ပြောရန် မရဲဘဲ အခန်းတွင်း ၌ လှပစွာ ပြင်ဆင်ထားသော ဘုရားစင် ကို စိုက်ကြည့်နေလေ၏ ။

ထိုအခါမှ မိန်းမကြီး တစ်ယောက် က “ မညွန့်ရှင် ညည်းတို့ စကား ပြောချင်ရင် အထဲ သွားကြပါလား ” ဟု ဆိုလိုက်သောကြောင့် ဘတင် မှာ အခန်းတွင်း ၌ ထိုင်စရာ စားပွဲကုလားထိုင် မရှိ သဖြင့် ခုတင်ပေါ်တွင် ဝင်၍ ယှဉ်တွဲ ထိုင်ရလေရာ ဘတင် မှာ ငါ ၏ ကုသိုလ်ကံ ထူး  လေစွ   ၊ ဆေး တန်ခိုး စွမ်းလေစွ ဟူသော တွေးတောခြင်းဖြင့် နှစ်သိမ့် ဝမ်းမြောက်နေမိလေ၏ ။

“ ကိုကို နာမည် ဘယ်လိုခေါ်သလဲ ” ဟု ညွန့်ရှင် က မေးရာ ဘတင် မှာ မိမိ နာမည်ကြီး ကို မနှစ်သက်လှသဖြင့် လှပသောနာမည် ကို တွေးကာ “ ခင်မောင်တင် ” ဟု ဖြေ လိုက်လေ၏ ။

“ ကိုကိုတင် ညွန့် ကို တကယ်ပဲ ချစ် သလား ”

“ ချစ်လွန်း လို့ အရဲစွန့်ပြီး လာတာပေါ့ ”

“ ညွန့် တို့က ဆင်းရဲလို့ ကြောရုံ ကြောပြီး နောက်တော့ ပစ် သွားမှာလား ”

“ အို ... ဆင်းရဲတာ ပဓာန မဟုတ်ပါဘူး ။ ကိုကို ကျွေးနိုင်မွေးနိုင်ပါတယ် ” ဟု ပြောသဖြင့် ညွှန့်ရှင် သည် ဘတင် ၏ ရင်ခွင် တွင် ပွတ်သီးပွတ်သပ်လုပ်ကာ အိတ် ထဲ က ငွေတစ်ကျပ် ကို နှိုက် ယူလိုက်ရာ ဘတင် မှာ တဟဲဟဲ ရယ်နေရင်း က ဝတ္ထု ရေးရန် ဖူးစကတ်စက္ကူ ဝယ် ဖို့ စုဆောင်း ထားသော ငွေတစ်ကျပ် ပြုတ် မှန်း မသိ ပြုတ် သွားလေ၏ ။

ထိုသို့လျှင် ပွတ်ကာ သပ်ကာ ၊ ကလိကာ နှင့် အကြည်လုံး ဆိုက်ကြကာ တရုန်းရုန်း ဖြစ်နေကြသဖြင့် အိမ်ရှေ့မှ နေ၍ “  ကြွက်တွေနော် တယ် ကဲ တယ် ” ဟု မိန်းမခပ်ကြီးကြီး ၏ အသံကို ကြား ရမှ ငြိမ် သွားကြလေ၏ ။

ဘတင် မှာ ထို အိမ် မှ မပြန်ချင် ။ ညွန့်ရှင် အနား က မခွာချင် ရှိ နေလေရာ ညွန့်ရှင် က “ ပြန်ပါဦး ကိုကိုတင် ရယ် ၊ လူကြီးတွေ က ကြာတော့ စိတ်ဆိုး လို့ နောက် မလာရဘဲ ရှိနေဦးမယ် ” ဟု ဆိုမှ ဘတင် မှာ မခွာချင် ခွာချင်နှင့် ပြန်ရသည်တွင် ...

“ ကိုကို မနက်ဖြန် လာနော် ” ကရုဏာသံကလေး နှင့် မှာ လိုက်သော စကား မှာ နားထဲတွင် ချိုအေးသွားကာ “ လာမယ် ၊ လာပါ့မယ် ၊ ဆက်ဆက်ကြီးလာမယ် ” ဟု သွက်သွက်ကြီး ပြန် ပြောရင်း ငါတို့ နေထိုင်ရသော ဤ ကမ္ဘာလောကကြီးသည် ကား ပျော်ရွှင်ဖွယ် အတိဖြင့် ပြည့်စုံပေ၏ တကား ဟု တဖွားဖွား နှလုံးပြုကာ ဆင်း၍ လာခဲ့ပေ၏ ။

ဘတင် မှာ တက်လူတစ်စု တို့ အား အလွန်အမင်း ကျေးဇူး တင်ကာ ဝမ်းမြောက်ဖွယ်ရာစကား ကို ပြောလို လှသဖြင့် နောက် တစ်နေ့ တွင် စာကြည့်တိုက် ဖွင့် သည်နှင့် တစ်ပြိုင်နက် ဦးစွာ ရောက်ရှိနေပြီး နောက် တက်လူတွေ စုံသည့်အခါ အကုန် ဖွင့်၍ ပြောလေ၏ ။

တက်လူ တစ်စု တို့မှာ ဘတင်  ၏ စကား ကို ကြား ရလျှင် စဉ်းစားတွေဝေခြင်း ဖြစ်မိကြလျက် တစ်ယောက် မျက်နှာ ကို တစ်ယောက် ကြည့် ကာ အကဲ ခတ်နေကြလေ၏ ။

ထိုအခါတွင် တစ်နံပါတ်တက်လူ က ဘတင် အား “ ခင်ဗျား တွေ့တဲ့ အကောင်မ ဟာ အကောင်း မှ ... ” ဟု စကား စ လိုက်သည် တွင် နံပါတ်နှစ် က တံတောင် နှင့် တွက်လိုက်သဖြင့် မဆက်ဘဲ ငြိမ် ၍ နေကြပြီး မှ အချင်းချင်း ကြည့် ၍ ရယ် ကြလေ၏ ။

ဘတင် မှာ စိတ် မလုံဘဲ မိမိကိုယ် ကို ရှေ့ပြန် နောက်ပြန်ကြည့်ကာ “ ဘာ ရယ်ကြတာလဲဗျ ” ဟု မေး လေ၏ ။

ထို စကား ကို မည်သူမျှ မဖြေမီ နံပါတ်နှစ် က “ ဝမ်းသာလို့ ရယ်တာပေါ့ ကိုယ့်လူ ရ လူ မစွမ်း တော့ ပီယဆေး မ တာပေါ့ ။ ကိုယ့် လူ လည်း အခုမှ ပဲ စွံတော့တယ် ” ဟု ပြော နေရင်း နံပါတ်သုံး က ဝင်၍  “ ကဲ ...  ကိုယ်တို့ကို ဘာ ကန်တော့မလဲ ” ဟု မေးလေ၏ ။

“ အခုတော့ နေပါဦးဗျာ ။ နောက်တော့မှပေါ့ ။ တွေ့ ရတာက သူဌေးသမီး နဲ့ မတွေ့ ဆင်းရဲတာ နဲ့ တွေ့လို့ စက္ကူ ဝယ်ဖို့ ငွေတစ်ကျပ် တောင် ပြတ်သွားပြီ ” ဟု ဆိုလိုက်သဖြင့် တက်လူ တစ်စု တို့ သည် အချင်းချင်း မျက်စ ပစ်ကာ ရယ်မောကြလေရာ ဘတင် လည်း ရောနှောရယ်မော သဖြင့် တက်လူ တို့ မှာ သာ၍ပင် ရယ် ကြပြန်လေ၏ ။

“ ကဲ ...  ခင်ဗျားတို့ ရယ် နေကြပေတော့ ၊ ကျွန်တော် လည်း ချိန်းထားတဲ့ အတိုင်း သွား လိုက် ဦးမယ် ” ဟု ဆိုပြီး ထွက်သွားရာ ကျန်ရစ်သူ တက်လူတစ်စု တို့ မှာ တတွတ်တွတ်ကျိတ်၍ ပြောဆိုလျက် ရှိကြလေတော့၏ ။

“ ကျွန်တော် တော့ ဖြင့် တယ်ပြီး မသင်္ကာဘူး ။ သူ နဲ့ တွေ့ တာဟာ အကောင်း မှ ဟုတ်ပါလေစ ”

“ ကိုယ်တို့ စာရေးဆရာကြီး ရွှေဂဠုန် တော့ နတ်ပြည် ရောက်သွားတာပဲ ထင်ပါရဲ့  ၊ ဒါလောက် လွယ် တာတော့ မနူရင်သာ ရှိရမယ် အကောင်း တော့ မဟုတ်ဘူး ဟဲ ...  ဟဲ ... ”

“ ဒီလိုဆိုရင် အကြောင်း သိရအောင် ကျွန်တော် နောက်ယောင် ခံပြီး လိုက် ဦးမယ် ” ဟု နံပါတ်သုံး က ပြောသဖြင့် အားလုံး သဘောတူကာ အလိုက် ခိုင်း လေ၏ ။

နံပါတ်သုံး ထွက် သွားပြီး နာရီဝက် မပြည့် တပြည့် အကြာတွင် အခန်းတွင်း သို့ ပြန်၍ ရောက် လာကာ ဘာ စကားမျှ မပြောနိုင်သေးမီ အူနှိပ်၍ ရယ်နေသဖြင့် “ ပြောပါဦး ၊ နောက် မှရယ်စမ်းပါ ကိုယ်တို့ လည်း ရယ်ပါရစေဦး ” ဟု ဆိုမှ ... 

“ အစစ်ပေါ့ ဗျ ၊ ဟို ပေါက်ဖော်ကြီး ပြောတာ လို ” ဟု ဆိုလိုက်သဖြင့် ဝါးကနဲ ဖြစ်သွားကြ လေ၏ ။

“ ခင်ဗျား ဘာပြုလို့ သိနိုင်သလဲ ”

“ မသိဘဲ နေပါ့မလား ၊ ကျုပ်လည်း တက်လူ ပဲ ” ဟု ဆိုလိုက်သဖြင့် ပွဲ ကျ၍သွားကာ “ လူတတ်ကြီး လုပ်ပြီး တိုင်းပြည် ကို ညာနေတဲ့ စာရေးဆရာကြီး တော့ ထိပြီ ” ဆို၍ ရယ်ကြပြန်လေ၏ ။

ထိုသို့လျှင် ဘတင် ကို အကြောင်းပြု၍ ရယ်ပွဲကြီး တွေ့ကြရကာ အဘယ်မျှ ရယ်ရဦးမည် ကို စောင့်စား၍ နေကြသည်တွင် ဘတင် ညွန့်ရှင် ကို အစွဲကြီး စွဲ၍ နေပြီး နေ့စဉ်ရက်ဆက် သွား၍ နေလေသောကြောင့် “ ကျုပ်တို့ လူ ဒီလိုဆိုရင် မဖြစ်ချည်ဘူး ၊ ရောဂါတွေ ဘာတွေ ရ နေမှဖြင့် တက်လူ တစ်ယောက် အညွန့် တုံး နေပါဦးမယ် ၊ လုပ် ကြဦးမှပဲ ” ဟု တစ်ယောက် က အကြံ ပေးလိုက် , သောကြောင့် တက်လူ တစ်စု တို့ မှာ ဘတင်အား အဝိဇ္ဇာ ညွှတ်ကွင်း မှ လွတ်ကင်းအောင် ကယ်တင် ဖို့ကို ကြံစည် ကြရလေ၏ ။

သို့ဖြစ်သည့် အတိုင်း တက်လူတို့ သည် လူချင်း ခွဲကာ ဘတင် နှင့် တစ်ယောက်ချင်း တွေ့ ကြပြီး “ ခင်ဗျား ကို ပေးတဲ့ ပီယဆေး ဟာ အကောင်း မထင် နဲ့ လိမ်ပြီး ပေးတာ ” ဟု တစ်ယောက်က ပြောလေ၏ ။

“ လိမ်ပေးကော ဘာဖြစ်လဲ ညွန့် နဲ့ ကျွန်တော် နဲ့ ကြိုက် ကြတာသာ လိုရင်းပဲ ” ဟု ဆိုသဖြင့် နောက်ထပ်၍ မဟ နိုင် ရှိလေ၏ ။

သို့ဖြစ်၍ အခြား တစ်ယောက် နှင့် တွေ့ ရာတွင် “ ကိုယ့်လူ တော့ အကဲခတ် မှား နေပြီ ။ ကိုယ့်လူ နဲ့ ကြိုက် နေတဲ့ ငနဲမ ဟာ အကောင်း မဟုတ်ဘူး လို့ ကြားတယ် ” ဟု ပြော ရာ ဘတင် မှာ မျက်နှာ ပျက်ကာ စိတ်ဆိုးသည့် အမူအရာ ဖြင့် ... 

“ အကောင်း မဟုတ်ကော ဘာဖြစ်သလဲဗျာ ။ အနူအဝဲ ပဲ ဖြစ်ဖြစ် ကျွန်တော် ကြိုက်ရင် ယူ မှာပဲ ။ ကြား ထဲက မနာလိုစရာ မဟုတ်ပါဘူး ” ဟု ပြောလိုက်လေ၏ ။

“ ကျပ်ပါ့ ကိုယ့် လူရာ စေတနာနဲ့ ပြော နေတာ ဝေဒနာ ဖြစ် နေပါပြီ ။ ကိုယ့် လူ လည်း ရွှေဂဠုန် ရွှေဂဠုန် နဲ့ ဟိုးလေးတကျော် စာရေးဆရာကြီး လုပ် နေပြီး မစဉ်းစားတတ်ဘဲ ကိုး ”

“ အို ... စဉ်းစားတတ်လို့ ဝတ္ထုတွေ ရေး နေတာပေါ့ဗျ ။ ကျုပ်အချစ် အကြောင်း ကောင်းကောင်း နားလည်ပါတယ် ” ဟု ဆိုသဖြင့် ထပ်၍ မပြောရဲတော့ဘဲ ရှောင်လွှဲ ၍ ထွက်သွားရကာ တက်လူ တစ်စု တို့မှာ ဘတင် အတွက် အကြံ အိုက် ၍ နေကြလေ၏ ။

သို့အားဖြင့် အမျိုးမျိုး တွေးလုံးထုတ်ကြရာ ဘတင် အား ထို ညွတ်ကွင်း မှ လွတ်ကင်းအောင်  ၊ တွေးမိ ကြ၍ ပိုက်ဆံ စု မိကြသော နေ့ တစ်နေ့ တွင် ကမာရွတ်ခြံ တစ်ခြံ သို့ အပျော်အပါး စားသောက် သွားလာကြရန် စီမံကြလေ၏ ။

သို့အားဖြင့် တက်လူ သုံးယောက် နှင့် ဘတင် တို့ သည် ကမာရွတ်ခြံ သို့ ရောက် ကြကာ ချက်ပြုတ်စားသောက် ပျော်ရွှင်ကြပြီးနောက် တက်လူနှစ် က သုံး အား “ ကိုယ့်လူ မြာ တစ်ယောက် လောက် ရှာ ချေဗျာ ” ဟု စကား စ လေ၏ ။

“ အောင်မာ ခင်ဗျား က အပြော နောက် ကျနေတယ် ၊ ကျွန်တော် က ခေါ် ထားပြီးသား ။ အရှေ့ က တဲ ကလေး ထဲ မှာ ”

“ ကိုယ့် လူ ဒါမျိုးကျတော့ တယ်ပြီး တစ်ကိုယ်ကောင်း ကြံတာကိုး ” 

“ မဟုတ်ပါဘူးဗျာ ၊ အာလုံးဖို့ပါ ”

“ ကိုယ့်လူ တွေ့ပြီးပလား ”

“ ဒါမျိုး ဘယ်တော့ မှ နောက်မကျဘူး ။ ကျွန်တော်လည်း တက်လူ ပဲ ဗျ ” ဆိုကာ ရယ်မောသဖြင့် တက်လူနှစ် မှာ မနေနိုင်တော့ဘဲ ထ ၍ သွား လေ၏ ။

သို့နှင့် တက်လူတွေ လူစုံတက်စုံ ပျော်ပါးကြပြီး နောက် ဘတင် အား တိုက်တွန်းကြလေရာ ဘတင် သည် “ ဟင့်အင်း ဒါမျိုး ကျွန်တော် ဝါသနာ မပါဘူး ” ဟု အတန်တန် ငြင်း သော်လည်း မရဘဲ အတင်း တွန်းထိုး၍ လွှတ်သဖြင့် ထို တဲကလေး သို့ ရောက် သွားလေ၏ ။

ဘတင် သည် တဲ ထဲ သို့ ရောက်သွားသည် တွင် ဒူးပေါ် ပေါင်ပေါ် နှင့် ဖြစ်ချင်တိုင်း ဖြစ်နေ သော ညွန့်ရှင် ကို မြင် ရသည်နှင့် တစ်ပြိုင်နက် ရူးချင်သလို ၊ နှမ်းချင်သလို ဖြစ်သွားလေ၏ ။ ညွန့်ရှင် သည် ဘတင် ကို မြင်သည်နှင့် တစ်ပြိုင်နက် နောက်ဖေးထရံ ကို ဖြဲ၍ ထွက် ပြေးလေရာ ဘတင် မှာ ဒေါသ ဖြစ် ပေါ်လာပြီး အတင်း လိုက်လေ၏ ။

တဲ ထဲ တွင် ဝရုန်းဝရင်း ဖြစ်နေသည် ကို တွေ့ ရသဖြင့် တက်လူတစ်စု တို့ သည် ပြေး၍ လာကြလေရာ တဲ နောက်ဖေးတွင် ထမင်းရေ သွန်သည့် နေရာ ၌ ညွန့်ရှင် က ကြောက်ရွံ့ထိတ်လန့်ကာ ပု ၍ နေလျက် ၊ ဘတင် က ရေအိုးအကွဲကြီး ကို ကိုင်မြှောက်ကာ ပေါက်တော့ မည် လုပ် နေသည်ကို တွေ့ ရသဖြင့် ဘတင် ကို ဝိုင်း ၍ ဆွဲ ထားကြရပြီး ညွန့်ရှင် အား တစ်ယောက် က ခေါ်သွားရလေ၏ ။

ထိုအခါမှ ဘတင် က “ ခင်ဗျားတို့ ဘာ ကောင်းသလဲဗျ ၊ ကျွန်တော့် ရည်းစား ကို ဒီလို ဖျက်ဆီးတာ ” ဟု ဆိုရာ ... 

နံပါတ်နှစ် က ဟက်ဟက်ပက်ပက် ရယ်ရင်း “ ကိုယ့်လူ က တယ်လည်း ကျွဲမီး တို တာကိုး ၊ ကိုယ့်လူ ရည်းစား ကို ကိုယ် လည်း ဖျက်တာ မဟုတ်ဘူး ။ သူတို့ တစ်တွေလည်း ဖျက်တာ မဟုတ်ဘူး ။  ကိုယ့်လူ နဲ့ မတွေ့ရခင် ကတည်းက လူ တကာ ဖျက်ထားလို့ အပျက် ထဲ ရောက် နေတာ ၊ အောင်မလေး , အ လိုက်တာ ဆရာရွှေဂဠုန် ရာ ” ဟု ဆိုမှ ...

ဘတင် သည် လက်ထဲ က အိုးခြမ်းပဲ့ကြီး ကို ပစ်ချရင်း ခေါင်းငိုက်စိုက် ကျကာ လေးလန်သော ခြေလှမ်း နှင့် ခြံဝ ဆီ သို့ ထွက်သွားသောကြောင့်

“ ဟေ့လူ ဘယ်လဲ ဘာလုပ်တာတုံး ”

“ ပြန်မယ်ဗျာ ၊ ဘတ်စကား နဲ့ ပြန်မယ် ၊ ခင်ဗျားတို့ ချည်း နေရစ်ကြတော့ ”

“ မဟုတ်သေးပါဘူး လာစမ်းပါဦး ညနေ မှ အတူတူ ပြန်တာပေါ့ ” ဟု ဆိုသော်လည်း တား၍ မရဘဲ ဇွတ် ထွက်သွားသောကြောင့် တက်လူတစ်စု မှာ ရယ်မော၍ ကျန်ရစ်ခဲ့ကြလ၏ ။

သို့အားဖြင့် ညွန့်ရှင် နှင့် တက်လူ တစ်စု တို့ မှာ တစ်နေ့လုံး ဖြစ်ချင်သလို ဖြစ်၍ နေကြ လေတော့သတည်း ။

◾ဇဝန
     ( ၁၉၃၆ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

#ကိုအောင်နိုင်ဦး မှ မျှဝေသည် ။

.

Wednesday, August 25, 2021

သမ က်လောင်း


        ❝   သ မ က် လောင်း  ❞


    “ ရတနတ္တယံ အဟံ ဝန္ဒာမိ သဗ္ဗဒါ ” 


ကျေးဇူးရှင် ပွဲစားကြီးဦးမင်းမောင် အနိစ္စရောက်ရှိပြီးကတည်းက ပွဲကတော်ကြီးဒေါ်မြမေသည် နောက်ထပ် အိမ်ရာထောင်ရန် စိတ်မကူးဘဲ ဦးမင်းမောင် စုဆောင်းရှာဖွေထားရစ်ခဲ့သော အိမ်ရာခြံမြေ ၊ ရွှေငွေ ၊ ပစ္စည်းများကို မကွဲမပျက်စေရအောင် ချွေချွေတာတာ သုံးစွဲလျက် ဦးမင်းမောင်၏ လက်ငုတ်လက်ရင်းဖြစ်သော အလုပ်ကို တတ်နိုင်သမျှ ဆက်လက်လုပ်ကိုင်လာကာ သမီးဖြစ်သူ လှရီ ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည်မှာ ဆယ်နှစ် ကျော်ခဲ့ပြီ ဖြစ်ပေ၏ ။


ဦးမင်းမောင် မျက်စိနှစ်လုံး မှိတ်၍သွားစဉ်က လှရီမှာ ဆယ့်တစ်နှစ် အရွယ်တွင် ကျန်ရစ်ခဲ့ရာ ယခုအခါတွင် လှရီမှာ အပျိုကြီးလုံးလုံး ဖြစ်နေလျက် အချိန်တန် အရွယ်ရောက်၍ လာပြီဖြစ်နေသဖြင့် ဒေါ်မြမေမှာ သမီးအတွက် စိတ်အေးရလျှင် အလုပ်ဆက်လက်၍ မလုပ်တော့ဘဲ တရားအားထုတ်၍ လယ်ထောက်ခ ရသမျှကလေးနှင့်ပင် တင်းတိမ်ရောင့်ရဲ နေပါတော့မည်ဟု နှလုံးပိုက် မိသည့်အတိုင်း လှရီ အား မြန်မြန် နေရာကျနိုင်စေရန် ဆုတောင်းလျက် ထိုက်တန်မည့် သားမ က်လောင်းကို ရှာဖွေကြည့်ရှုခဲ့လေ၏ ။


လှရီ သည်လည်း အချိန်တန် အရွယ်ရောက်လာ၍ ချစ်ရ ၊ ကြိုက်ရမှန်း သိကတည်းက မိမိ၏ မိခင်ဖြစ်သူ၏ စိတ်၌ သားမ က်လောင်း အလိုရှိနေသည် ၊ မရှိသည်ကို မသိဘဲ မိမိစိတ်အလိုအလျောက် မိခင်အတွက် သားမ က်လောင်းကို ရှာခဲ့လေ၏ ။ ထိုသို့ သမီးရော ၊ မအေပါ သားမ က်လောင်း ရှာကြရာတွင် နှစ်ဦးလုံး သားမ က်လောင်း တွေ့ရှိ ကြလေ၏ ။ သို့ရာတွင် တစ်ယောက်နှင့် တစ်ယောက် အကြိုက်ချင်း မတူကြသဖြင့် သားမ က်လောင်းမှာ တစ်ယောက် တည်း မဟုတ်ဘဲ နှစ်ယောက်ဖြစ်၍ နေလေတော့၏ ။


ဒေါ်မြမေသည် အခြားတစ်မြို့တစ်ရွာရှိ မိမိ မိတ်ဟောင်းဆွေဟောင်းဖြစ်သူ စက်ပိုင်ရှင်တစ်ဦး၏ သား ၊ အောက်လွှတ်တော် အမတ်ပေါက်စ တစ်ဦးကို သဘောကျမိလေ၏ ။ ဒေါ်မြမေ သဘောကျသူ ဘသိန်းမှာ ရန်ကုန် တက္ကသိုလ်တွင် ဝိဇ္ဇာဘွဲ့ကိုခံယူပြီးနောက် ထိုဝိဇ္ဇာဘွဲ့နှင့် အလုပ်အကိုင် လွယ်လင့်တကူ ရှာဖွေ မရနိုင်သည်ကို သိ၍ ဝိဇ္ဇာဘွဲ့ရလျက် အလုပ်အကိုင် မရှိသည်ကို လူများတွေ့မြင်ကြားသိရလျှင် ရှက်စရာကောင်းတော့မည်ဟု ယူဆလျက် အိမ်တွင်အလုပ်အကိုင်မရှိဘဲ ထိုင်၍ ဝိဇ္ဇာဘွဲ့ကို မှိုတက်ခံနေခြင်းထက် တက္ကသိုလ်တွင်ဆက်လက်၍ ဥပဒေပညာကို သင်ကြားနေရလျှင် နှစ်နှစ်လောက်တော့ဖြင့် ဣန္ဒြေမပျက်ဘဲ နေရမှာပဲဟု နှလုံးပိုက်ကာ ဘီအယ်လ်ဘွဲ့ကို ရရှိခဲ့ပြီးနောက် ဦးဘသိန်း ၊ အထက်တန်းရှေ့နေ ဟူသော ဆိုင်းဘုတ်ကို တပ်ခဲ့သည့်နေ့မှစ၍ နှစ်ဆယ့်ငါးကျပ်ထက် ပို၍ရသော အမှုတစ်မှုမျှ မလိုက်ခဲ့ရသေးသော်လည်း ဘီအယ်လ်ဘွဲ့ကို မသိ နားမလည်သူတို့က ဝတ်လုံဟူ၍ ခေါ်ဝေါ်နေကြခြင်းဖြင့် ကျေနပ်နေခဲ့ရသူ တစ်ယောက်ဖြစ်ပေ၏ ။ ထိုသို့ ဝတ်လုံ အခေါ်ခံရခြင်းကို ပိုမိုကျေနပ်ရပြန် သည့်အချက်တစ်ချက် မှာ အုပ်ချုပ်ရေးအသစ်အရ ရွေးကောက်ပွဲကျင်းပရာတွင် အမတ်ဖြစ်လျှင် တစ်လနှစ်ရာ ၊ နှစ်ရာ့ငါးဆယ် ၊ မှန်မှန်ကြီးစားရမည်ဖြစ်၍ ယခု ရှေ့နေလိုက်နေရသည့် အလုပ်ထက် နေ့တွက် စီဦးမည်ဟူသော မျှော်လင့်ချက်ဖြင့် ဖခင်၏ ငွေသုံးထောင်ခန့်ကို အရင်းအနှီးပြုလုပ်ကာ အမတ်အရွေးခံရာတွင် ဝတ်လုံဟူသော အမည်ဖြင့် အထင်ကြီး ၊ အမြင်ကြီးဖြစ်၍ မဲဆန္ဒပေးကြသည့်အတွက် အမတ် ဖြစ်လာခဲ့ရခြင်းပင် ဖြစ်ပေ၏ ။


သို့ရာတွင် လှရီ ၏အကြိုက် မှာ အင်္ဂလိပ်စာဆယ်တန်းမျှသာ အောင်မြင်သဖြင့် အလုပ်အကိုင် ကြီးကြီးကျယ်ကျယ် မရနိုင်သဖြင့် အစိုးရအား ကုသိုလ်ဖြင့် အလုပ်လုပ်ကိုင်ပေးနေရရှာသည့် အကူစာရေးကလေး တစ်ယောက် မျှသာ ဖြစ်ပေ၏ ။ လှရီ သည် ခင်မောင် ကို သဘောကျခြင်း၌ အကူစာရေးကလေးဖြစ်သဖြင့် သနား၍လည်း မဟုတ် ၊ မိခင်ဖြစ်သူ သဘောကျလောက်သည့် လိမ္မာရေးခြား ၊ မိသားဖသားပီသ၍ သဘောသကာယကောင်းသူ တစ်ယောက် ဟု သိရှိရသည့်အတွက်ကြောင့်လည်း မဟုတ်ဘဲ ချစ်သူကို တောင့်တရှာဖွေနေဆဲတွင် ရည်းစားစာ ပေးရဲသည့် အစွမ်းသတ္တိကြောင့် လူပျို ၊ အပျိုတို့ ချစ်ကြိုက်မြဲ ဓမ္မတာအတိုင်း ချစ်ကြိုက် မိခြင်း ဖြစ်ပေ၏ ။


ထိုသို့ လှရီ၌ ချစ်ကြိုက်သူရှိနေပြီဖြစ်သည့်အတွက် မိခင်ဒေါ်မြမေက အမတ်ပေါက်စ ဘသိန်း ၏ ဂုဏ်ပုဒ်တို့ကို လေထုတ်၍ ပြောသော်လည်း လှရီ၏နားထဲ၌ မဝင် ၊ ဘသိန်း နှင့် ပေးစားချင်သည့် သဘောကို ပြောသော်လည်း လှရီက အင်းမလှုပ် အဲမလှုပ် ဖြစ်နေသည့်အတွက် ဒေါ်မြမေမှာ အကြံရခက်နေရာက လှရီ သဘောမကျနိုင်သည့် အကြောင်းရင်းကို ရှာရာတွင် ခင်မောင် ကြောင့်ဖြစ်သည်ကို သိရသောကြောင့် ထိုသို့ သိရသည့်နေ့မှစ၍ ခင်မောင် အား အိမ်သို့အဝင်အထွက် မရှိစေရဟု ပိတ်ပင်ရေးဥပဒေဖြင့် နှိပ်ကွပ်ထားပြီးလျှင် လှရီ အားလည်း ခင်မောင် လမ်းလျှောက်လာသည့်အခါ ထွက် မကြည့်ရ ၊ ခင်မောင်ထံ စာမပေးရ စသဖြင့် ပညတ်တော် ဆယ်ပါးဖြင့် တားမြစ် ထားလိုက်လေ၏ ။


သို့ရာတွင် လှရီ မှာ ခင်မောင် အား တစ်နေ့ မတွေ့ရလျှင် မနေနိုင်သလောက် ခင်မောင်ကလည်း မမြင်ရမနေနိုင်သည့် အတွက် နှစ်ဦးစလုံးကပင် တစ်နည်းနှင့် မတွေ့ရလျှင် တစ်နည်းနှင့် တွေ့ရအောင် အမျိုးမျိုး ကြံဖန်နေကြသည့် အတိုင်း တစ်နေ့တွင် ဒေါ်မြမေသည် မိမိ၏ ကျေးဇူးရှင်လင်ယောက်ျား ဦးမင်းမောင်အား အိပ်မ က် မ က်သည်ကို အကြောင်းပြု၍ ရွှေတိဂုံစေတီတော် အလယ်ပစ္စယံ သွေးဆေးကန်ဘက်ရှိ ဇရပ်တစ်ခုတွင် ကွယ်လွန်သူ လင်ယောက်ျားအား ရည်စူး၍ ဆွမ်းအလှူပြုကြရန် သွားရောက်လေရာ လှရီ သည် ထိုနေ့တွင်တွေ့နိုင်ရန် အချက်ကောင်း ဖြစ်သည်ကို သိရှိကာ ခင်မောင် အား အကြောင်းကြားထားသည့်အလျောက် ခင်မောင်သည် ထိုဇရပ်နှင့် ခပ်လှမ်းလှမ်းရှိ အသိတစ်ယောက် ဇရပ်မှနေ၍ လှရီ လာသည့်တိုင်အောင် တမျှော်မျှော်နှင့် စောင့်၍ နေလေ၏ ။


လှရီ သည် နက်ဖြန်နံနက်တွင် ဘုရားရှင် ကိုယ်တော်မြတ်ကြီးအား အရုဏ်ဆွမ်းကပ်လှူ၍ သံဃာတော်မြတ်များ အားလည်း ဆွမ်းလောင်းရန်အတွက် ကူညီချက်ပြုတ်လုပ်ကိုင်ပေးနေသဖြင့် တော်တော်နှင့် ခင်မောင်အား မတွေ့နိုင်သေးဘဲရှိပြီးလျှင် ချက်ပြုတ်ခြင်းကိစ္စ ပြီးငြိမ်းသွားသည့်အခါ၌လည်း မိခင်ကြီး၏ အလစ်နှင့် မကြုံကြိုက် သေးသည့်အတွက် အားမလို အားမရ ဖြစ်လျက်နှင့်ပင် အလစ်ကို စောင့်နေရလေ၏ ။


ကံအားလျော်စွာ မကြာမီပင် လှရီ ၏ အလိုကို ပြည့်ဝစေရန် ဖူးစာရေးနတ်တို့ ဖန်တီးလိုက်လေရော့သလား မသိ ၊ အနီးရှိ ဇရပ်တစ်ခုတွင် ဒေါ်မြမေ၏အသိ ဇရပ်အစ်မတစ်ဦးနှင့် ထိုဇရပ်တွင် လာရောက်ဥပုသ်စောင့်နေသည် ဆိုသော သင်္ဂြိုဟ်ဆရာတစ်ယောက်သည် အလည် ရောက်ရှိလာကြလေ၏ ။


ဇရပ်အစ်မနှင့် ဒေါ်မြမေတို့သည် ရှေးဟောင်းနှောင်းဖြစ်တို့ကို ဇာတ်လှန်နေကြရာမှ ဒေါ်မြမေသည် ကွယ်လွန်သူ ကျေးဇူးရှင်ကြီးကို သတိရစရာတွေ တစ်ခုပြီး တစ်ခုပွားများလာသဖြင့် ပဝါစကလေးနှင့် မျက်ရည်တို့ကို တို့၍ တို့၍နေရာမှ သင်္ဂြိုဟ်ဆရာကြီးက ဆရာဂုဏ်ပြလိုသည့်အတွက် တရားဟော၍ နားချလေရာ ဒေါ်မြမေမှာ သမီးကလေးအတွက် စိတ်အေးရလျှင် တရားနှင့်ပင် ပျော်တော့မည်ဟု နှလုံးပြု၍ထားသူ တစ်ယောက်ဖြစ်သဖြင့် ထိုသို့ တရားသံများကို ကြားရသည်တွင် ရွှင်ကြည်သောသဒ္ဓါထက်ပွားကာ ထိုသင်္ဂြိုဟ်ဆရာကြီးပေါ်တွင် အတော်ပင် ကြည်ညိုမိလေ၏ ။


“ ဆရာနဲ့တွေ့ရတာ ကျွန်မမှာ ရေငတ်တုန်း ရေတွင်းထဲကျသလိုပဲ ဝမ်းသာလို့ မဆုံးနိုင်ဘူးဆရာရဲ့ ၊ ကျွန်မမှာ အလုပ်တွေ ၊ အကိုင်တွေ ၊ သမီးအတွက် သံယောဇဉ်တွေ ရှုပ်ပွေနေတဲ့အတွက် တရားဘက် မှာ လုံးလုံး မေ့နေတော့တာပဲ ၊ ဒါထက် ဆရာအမည် တစ်ဆိတ်လောက် အမိန့်ရှိပါဦး ” 


“ ကျုပ်နာမည်လား ဆရာဖေတဲ့ ” 


ဒေါ်မြမေသည် သင်္ဂြိုဟ်ဆရာ၏အမည်ကို ကြားပြီးနောက် ဇရပ်အစ်မဘက်သို့လှည့်ကာ “ ဒီ ကကျောင်းအစ်မကြီးနဲ့ ဘယ်လို သိကြတာတုန်း ”  ဟု မေးလိုက်လေ၏ ။


“ အရင်တလော ကျိုက်ထီးရိုးသွားကြတုန်းက ရထားပေါ်မှာတွေ့ခဲ့ကြတာပဲ ၊ ကျိုက်ထီးရိုးမှာ ဥပုသ်လေးဆယ့် ကိုးရက် စောင့်ပြီး အပြန်တွင် ရွှေတိဂုံမှာ တရားအားထုတ်ချင်တယ်ဆိုတာနဲ့ ဒီကဇရပ်မှာပဲ နေထိုင်ဖို့ ဆရာကြီး သဘောရှိ ခွင့်ပြုထားတာပဲ ” 


“ သာဓုပါရှင် . . သာဓု . . သာဓု ”  ဟု အူထဲအသည်းထဲက လှိုက်လှဲသောစေတနာဖြင့်ပြောလိုက်သည့် မိခင်ဖြစ်သူ ဒေါ်မြမေကို ဇရပ်နောက်ဘေးချောင်ဆီမှ အကဲခတ်နေသော လှရီသည် မိမိ၏မိခင်ဖြစ်သူသည် ဆရာဖေအား အာရုံစိုက်၍နေပြီကိုသိရသဖြင့် ဤတွင် လစ်ပြီဟု နှလုံးပြုကာ ခင်မောင်ထံသို့ ပြေးလာခဲ့လေ၏ ။


“ အမယ်လေး မျှော်လိုက်ရတာ ရီရီရယ် ၊ အခုမှပဲ ပေါ်လာတော့တယ် ” 


“ မျှော်တာ ၊ ပေါ်တာတွေ ဖယ်ထားလိုက်စမ်းပါဦး ၊ အခုတွေ့ရတာပဲ တော်လှပြီ ၊ ရှေ့ဆိုရင် ဒီထက်ကြပ်တော့မယ် ၊ အခုတောင် အလစ်မနည်းစောင့်ပြီး ပြေးခဲ့ရတယ် ” 


“ ပြောစမ်းပါဦး ၊ ဘာပြုလို့ ရှေ့ကိုပိုပြီး ကြပ်တော့မှာလဲ ” 


“ ကိုကို မသိသေးဘူးလား ” 


“ ဪ . . မသိလို့ မေးနေတာပေါ့ ” 


“ မသိရင်သာ နေရမယ် ၊ မေမေက ရီရီ  ကို ကိုဘသိန်းနဲ့ ပေးစားတော့မလို့ ” 


“ အလိုလေး . . ဘုရားရေ . . ဘယ့်နှယ်ဖြစ်ရတာတုန်း ” 


“ ရီရီ က ဖြစ်ရတာ မဟုတ်ပါဘူး ၊ မေမေ က ဖြစ်နေတာ ” 


“ ယောက်ျား ပေးစားတော့မယ်တဲ့လား ” 


“ ဟုတ်တယ် ” 


“ ဘယ်သူနဲ့တဲ့လဲ ” 


“ ကိုဘသိန်းနဲ့ ” 


“ ဪ . . ကိုဘသိန်းနဲ့လား ” 


“ ဟုတ်တယ် ” 


“ ဘယ်က ကိုဘသိန်းတဲ့လဲ ” 


“ ခက် များ ခက်ရချည်တော့နော် ၊ ဪ . . ကိုဘသိန်းနဲ့လား ဆိုတော့ သူပဲ သိနေသလိုလို ”  ဟု လှရီကပြောပြီး ဆက်လက်၍ 


“ ကိုဘသိန်းဆိုတာ အခု အောက်လွှတ်တော် အမတ် ၊ ရန်ကုန်က မဟုတ်ဘူး ၊ တစ်မြို့က ၊ ကောလိပ်မှာ ဘီအေအောင်ပြီးနောက် ဘီအယ်လ်ကို ဝင်ဖြေပြီးတော့ ရှေ့နေလုပ်နေတယ် ၊ ကောလိပ်တုန်းက သမဂ္ဂအသင်းတွေ ၊ ဘာတွေထဲမှာလဲ ဥက္ကဋ္ဌလား ၊ ဘာလားမသိဘူး လုပ်ခဲ့တယ် ၊ တချို့ကလဲ ဒီလူဟာ ကောလိပ်မှာ နိုင်ငံရေး လိုက်စားကတည်းက ရူးတူးတူး ၊ ပေါတောတော ဖြစ်နေတယ်လို့ ပြောတာပဲ ၊ ရူးတာက ကိစ္စမရှိဘူး ၊ အခုဘတ်ဂျက် အစည်းအဝေးမှာ ရန်ကုန်လာရင် ရီရီတို့အိမ်မှာ တည်းမလို့တဲ့ ၊ အဲဒါ ဘယ့်နှယ် လုပ်ရမလဲ မသိဘူး ” 


“ အို . . မခက်ပါဘူး ၊ ထိုသူအိမ်လာပြီး ရိသဲ့သဲ့စကားပြောရင် မျက်နှာကို လက်ဝါးနဲ့သာပစ်ပြီး အုပ်လိုက်ရင် ပြီးတာပဲ ” 


“ ဒီလိုလုပ်တိုင်းသာ ဖြစ်ရမယ်ဆိုရင်တော့ ပူပါ့မလား ကိုကိုရာ ၊ မေမေဟာ ဒီတစ်ခုကို သူသဘောကျတယ်ဆိုရင် သူ့အလိုအတိုင်း မလုပ် မနေရဘူး ၊ သူအခု ပေးစားချင်တယ်ဆိုတာလဲ အတင်း ပေးစားတော့တာပဲ ” 


“ ဒီလိုဆိုရင် အခုတစ်ခါတည်း ကိုကို့နောက် လိုက်ခဲ့ပါတော့လား ” 


“ ဟင့်အင်း . . ဟင့်အင်း . . ရီရီ ခိုးရာတော့ ဘယ်တော့မှ မလိုက်ချင်ဘူး ၊ မေမေ သဘောတူမှ ယူချင်တယ် ” 


“ ဒီလိုဆိုရင် မေမေသဘောတူနေတာက တစ်ယောက်ဖြစ်နေတော့ ကိုကို မျှော်လင့်ချက် မရှိတော့ဘူးပေါ့ ” 


“ မပြောနိုင်သေးဘူး ၊ တစ်နေ့ကျရင် မေမေ ကိုဘသိန်းအပေါ်မှာ သဘောမကျဘဲ ဖြစ်ချင်လဲ ဖြစ်သွားမှာပဲ ၊ မေမေဟာ ဒီလိုပဲ လူတစ်ယောက်ကို သဘောကျမိရင်လဲ ချက်ချင်းပဲ ၊ မုန်းချင်ရင်လဲ ချက်ချင်းပဲ ” 


ခင်မောင်မှာ မိမိပေါ်တွင် မြင်မြင်ချင်း အမုန်းခံခဲ့ရသည်ကို စဉ်းစားမိကာ “ အင်း . . ဟုတ်တယ် ”  ဟု ပြောလေ၏ ။


“ ဟုတ်မနေနဲ့ဦး ၊ ကြံလဲ ကြံစမ်းပါဦး ” 


“ အခုပုံတော့ ဘာမှ မကြံနိုင်ဘူး ၊ နောင်ခါလာနောင်ခါဈေး ဆိုသလို ပျော်ပျော်ပဲ နေရုံပေါ့ ” 


“ ကိုကိုသာ ပျော်နေ ၊ ရီရီတော့ သိပ်စိတ်ညစ်တာပဲ ”  ဟု ဆိုကာ လှရီသည် လက်ပတ်နာရီကလေးကို လှမ်း၍ကြည့်ပြီးလျှင် 


“ သွားမယ်ကိုကို ၊ မေမေက ကြာတယ်ဆိုပြီး ဆူနေဦးမယ် ”  ဟု ပြောပြောဆိုဆို ထွက်လာခဲ့လေ၏ ။


လှရီသည် ဇရပ်သို့ ပြန်လည်ရောက်ရှိလာသည့်အခါ မိခင်ဒေါ်မြမေနှင့် သင်္ဂြိုဟ်ဆရာ ဆရာဖေတို့မှာ အလွန်ပင် အလွမ်းသင့်နေကြသည်ကို တွေ့ရရုံမျှမက မိခင်က “ ဒီလိုဆိုရင် ဆရာ ကျွန်မတို့ အိမ်မှာ လာပြီး တစ်လလေးသီတင်း ဆိုသလို တရားအားထုတ်နေပါလား ၊ ဒီမှာဆိုတော့ တရားအားထုတ်ရပေမယ့် စားရေး ၊ သောက်ရေးအတွက် ခက်သေးတယ် ၊ ကျွန်မတို့အိမ်မှာဆိုရင် ဘာမှ ပူစရာ မရှိဘူး ၊ အားနာစရာလည်း မရှိပါဘူး ”  ဟု ပြောသံကို ကြားလိုက်ရလေ၏ ။ ထိုသို့ ပြောလိုက်သည့်အတိုင်းပင် နောက်တစ်နေ့တွင် လှရီတို့အိမ်သို့ ဆရာဖေ ရောက်ရှိလာလေ၏ ။


ဒေါ်မြမေသည် ဆရာဖေအား အိမ်ဦးခန်းတွင်ထား၍ ဝတ်ကြီးဝတ်ငယ် ပြုစုကျွေးမွေးထားလေရာ လှရီ မှာ ဆရာဖေရောက်သည့်နေ့ကစ၍ ဆရာဖေ စားရေး ၊ သောက်ရေး ၊ နေရေး ၊ ထိုင်ရေးအတွက် တစ်နေ့မျှ မအားရအောင် ပြုလုပ်ရရှာလေ၏ ။ ဆရာဖေကလည်း ယခုကဲ့သို့ ပူပင်ကြောင့်ကြမရှိ နေထိုင်ရသည့်အတွက် ထိုအိမ်ကပင် မသွားချင်တော့သလောက်ဖြစ်မိကာ ဒီကျောင်းအစ်မကြီး ငါ ယူရရင်ဖြင့် တစ်သက်ပန် အေးအေးချမ်းချမ်း နေရတော့မှာပဲဟု တစ်ခါတစ်ခါ တွေးမိလေ၏ ။


ဆရာဖေ ရောက်ရှိ၍ ရက်သတ္တနှစ်ပတ်မျှ မကြာရှိမီပင် ဘသိန်းသည် လွှတ်တော်အစည်းအဝေး တက်ရောက်ရန် ရောက်ရှိ၍လာကာ လှရီ တို့ထံ၌ တည်းခိုလေ၏ ။ ဘသိန်းသည် ဒေါ်မြမေ၏ အိမ်ရှေ့တွင် လူပိုတစ်ယောက် ရောက်ရှိနေသည်ကိုတွေ့ရသဖြင့် ထိုသူကို ဒေါ်မြမေ က ယူ၍များ ထားလေရော့သလား ၊ သို့တည်းမဟုတ် ဒေါ်မြမေ လိုလိုနှင့် လှရီ အား ချိန်နေသည့် ကြောင်သူတော်များလားဟု မသင်္ကာဖြစ်မိကာ ဆရာဖေ ၏ အနေအထိုင် ၊ အသွားအလာ ၊ အပြောအဆိုတို့ကို မကြာခဏ ချောင်းမြောင်း စူးစမ်း ကြည့်ရှုလေ့ရှိပေ၏ ။


ထိုသို့ ဘသိန်း၏ တိတ်တဆိတ် ချောင်းမြောင်းခြင်းကို ဆရာဖေလည်း အကဲခတ်မိလေရာ တစ်ရက်ထက်တစ်ရက် ကြာ၍လာရာတွင် ဆရာဖေသည်ဘသိန်းပေါ်တွင် မနှစ်သက်သောစိတ်များ ပွားများပေါ်ပေါက်လာကာ ဘသိန်းနှင့် မျက်နှာကြောမတည့်ဘဲ ရှိလာလေ၏ ။ ဘသိန်းကလည်း မိမိအပေါ်တွက် ဆရာဖေ မနှစ်မြို့ခြင်းမှာ ဆရာဖေသည် ဒေါ်မြမေ ကို ကြံစည်နေသည့်အတွက် ၎င်း၏ အကြံ ပျက်ပြားမည်စိုး၍ မိမိပေါ်တွင် မလိုခြင်း ဖြစ်ပေလိမ့်မည်ဟု တွေးမိသောကြောင့် အကယ်၍ ဒေါ်မြမေ နှင့် ဆရာဖေ တို့ ပေါင်းသင်းကြလျှင် မိမိမှာ ဆရာဖေအား ယောက္ခမ တော်ရမည် ဖြစ်သည့်အတွက် ဘသိန်းမှာ နဂိုက ဆရာဖေ အပေါ်တွင် စေတနာကောင်း မရှိရသည့်အထဲတွင် သင်္ဂြိုဟ်ဆရာတစ်ယောက်ကို အောက်လွှတ်တော်အမတ်တစ်ယောက်က ယောက္ခမတော်ရမည်မှာ ရှက်စရာကောင်း သကဲ့သို့ သဘောပိုက် မိလျက် ဆရာဖေ အပေါ်တွင် မလိုမုန်းတီးသော စိတ်များ ဖြစ်ပေါ်မိလေ၏ ။


သို့အားဖြင့် တစ်ယောက်ကိုတစ်ယောက် မနှစ်မြို့ဘဲ ရှိနေကြသည့်အလျောက် တစ်နေ့သောညတွင် ညစာ စားပြီးကြ၍ပြီးသည့်နောက် လှရီသည် ဘသိန်း နှင့် ထိုင်၍ စကားပြော မနေလိုသောကြောင့် တိတ်တဆိတ် ရှောင်လွှဲ၍ ထွက်ခဲ့ပြီး အိမ်ဘေးပတ်လည်ရှိ ခြံထဲတွင် ရှောင်၍ နေလေ၏ ။ သို့ရာတွင် ဘသိန်း မှာ လှရီ ကို အလွတ် မခံလိုသည့်အလျောက် လှရီ နောက်သို့ လိုက်လံရှာဖွေလေ၏ ။ ဒေါ်မြမေ ကား အိမ်ပေါ်တွင် ကျမ်းစာအုပ်တစ်အုပ်ကို ဖတ်ရင်း ကျန်ရစ်၍ ဆရာဖေမှာမူ အိမ်နောက်ဘေးရှိ ရေမြောင်းနံဘေး၏ အငူစွန်းကလေးတစ်ခုပေါ်တွင် ထိုင်ရင်း ပုတီးစိတ်၍နေလေ၏ ။


ဆရာဖေ သည် ပုတီးစိတ်၍ ကိုးပတ်ခန့်မျှ ရရှိသောအချိန်တွင် မိမိ၏နောက်ဘက်ရှိ စံပယ်ချုံဆီမှ တချွတ်ချွတ် မည်သောအသံများကိုကြားရသဖြင့် ရုတ်တရက် ပုတီးစိတ် ရပ်၍ သွားလေ၏ ။ ထိုနောက် မှ မိမိတရားအားထုတ် နေခြင်းကို ပျက်ပြားစေရန် မကောင်းဆိုးဝါးများ လာရောက် နှောင့်ယှက်နေပြီဟု ယူဆကာ အသံမထွက်ဘဲ တဖွဖွရွတ်ဆိုကာ မေတ္တာပို့လေ၏ ။ သို့ရာတွင် တချွတ်ချွတ် မြည်သောအသံများမှာ ပပျောက်၍ မသွားသည့်ပြင် ပို၍ပင် ကျယ်လောင်လာသကဲ့သို့ ကြားရသဖြင့် မိမိ၏ မေတ္တာပို့ ၊ ပရိတ်ရွတ်ခြင်းကိုပင် မကြောက်ရွံ့ဘဲ ပိုမို၍ ကဲနေခြင်းကိုထောက်သော် ဘုန်းကြီးတစ္ဆေ ဖြစ်တန်ရာသည်ဟု အောက် မေ့လျက် ပုတီးစိတ်ခြင်းကို ရပ်လိုက်ပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ စံပယ်ချုံဆီမှ ခပ်မည်းမည်းသဏ္ဍာန်များကို တွေ့ရသောကြောင့် ပိုမို၍ ထင်ထင်ရှားရှားသိမြင်လိုသောစိတ်ဖြင့် ခြေဖျားထောက်လျက် အနားသို့ တိုးသွားလေ၏ ။ သို့ရာတွင် မည်းမည်း သဏ္ဍာန်များကို ကွဲပြားစွာ မမြင်ရသေးသော်လည်း “ ချစ်လွန်းလို့ပါ ရီရီရယ် ၊ ရီရီ့အပေါ်မှာ တကယ့်မေတ္တာ ထားတဲ့အတွက် ”  စသဖြင့် ကြားလိုက်ရသောကြောင့် မိမိသာလျှင် မေတ္တာပို့နေသည်မဟုတ် ၊ ထိုမည်းမည်း သဏ္ဍာန်တို့လည်း မေတ္တာပို့နေကြပါကလားဟု တွေးမိလျက် တိုးသည်ထက် တိုး၍ သွားသည်တွင် လှရီအား ဘသိန်းက ချစ်ကြိုက်စကားပြောနေခြင်းဖြစ်သည်ကို တွေ့ရသည်အတွက် မိမိအား မြင်၍ မသွားစေရန် နောက်သို့ တဖြည်းဖြည်း ဆုတ်သွားရာတွင် သတိလစ်၍ လျှောက်ခဲ့မိခြင်းကြောင့် ကျောက်ခဲတစ်လုံးကို နင်းမိကာ ခြေခေါက် အားလွန်၍သွားပြီး ရေမြောင်းထဲ ဝုန်းခနဲကျသွားလေ၏ ။


ဘသိန်းမှာ ဝုန်းခနဲမြည်သောအသံကြောင့် မိမိ၏ နှစ်ပါးသွား သစ္စာထားကို ဆက်လက်၍ စခန်းသွားရန် အာရုံပြတ် သွားပြီး “ ဟေ့ . . ဟိုမှာ ဘယ်သူလဲ ၊ ဘယ်သူလဲ ”  ဟု ပျာပျာသလဲ မေးလိုက်လေ၏ ။


သို့ရာတွင် အမှောင်ထဲမှ အဖြေ ထွက်ပေါ်၍ မလာဘဲ ရေထဲတွင် ကူးခတ်နေသည့် အသံကိုသာ ကြားရသောကြောင့် ရေမြောင်းနံဘေးသို့ ပြေးသွားကာ ရပ်၍ကြည့်ရင်း “ ဟေ့ . . ဘယ်သူလဲ ၊ ဘယ်မှာလဲ ”  ဟု မေးလေ၏ ။ လှရီ လည်း ၎င်း၏ နောက် မှ လိုက်သွားကာ ရေထဲသို့ ဟိုဟိုဒီဒီ ကြည့်ပြီးနောက် “ ဟော . . ဟိုမှာ ၊ ညာဘက် မှာ ၊ ညာဘက် မှာ ”  ဟု ပြောလိုက်သည်နှင့် တစ်ပြိုင်နက် ဘသိန်းမှာ စိတ်မြန် ၊ လူမြန်တစ်ယောက်ဖြစ်သည့် အလျောက် ဒိုင်ဗင်ထိုး၍ ဆင်းသကဲ့သို့ ရေမြောင်းထဲသို့ ခုန်ဆင်းကာ ရေထဲ၌ ကူးခတ်သံပေါ်လာရာ အနားဆီသို့ ကူးသွားလေ၏ ။


ဘသိန်းမှာ ဆရာဖေ၏ အနီးသို့ ရောက်သောအခါ မှောင်မည်းနေသဖြင့် ဆွဲမိဆွဲရာ အတင်းဆွဲလိုက်ရာ ဆရာဖေ ၏ သျှောင်ကို ဆွဲမိသည့်အတွက် စောစောက ပုတီးစိပ်ခဲ့သည့် သိက္ခာတို့ကို မေ့လျော့ပြီး “ ဟဲ့ မအေ . . ၊ ဟဲ့ ၊ ခွေးမသား ”  နှင့် ရေရွတ်ရင်း မိမိအား ကယ်ဆယ်ရန်လာသူကို ပြန်၍ တွန်းထိုးလိုက်ရာ ဘသိန်းသည် ကျောင်းတွင် နေစဉ်က ဖတ်ခဲ့ဘူးသော ရေကူးနည်းစာအုပ်ထဲ၌ ရေနစ်သူကို ကယ်ဆယ်လျှင် ရေနစ်သူက ရုန်းကန် နေက တစ်ချက်တည်း မေးရိုးကို လက်သီးနှင့် ထိုးပြီး မေ့သွားသည့်အခါမှ ကယ်ဆယ်ရမည် ၊ သို့မဟုတ်လျှင် နှစ်ယောက်စလုံး ရေနစ်တတ်သည် ဟူသော အချက်ကို သတိရ၍ ဆရာဖေ၏ မေးရိုးကို ချိန်၍ထိုးလိုက်ရာ မေးရိုးကို မထိဘဲ မျက်ခွက်ကိုထိုးမိသဖြင့်  ” အောင်မယ်လေးဗျ ”  ဟု အော်ကာ နောက်သို့လန်၍ ရေထဲတွင် မြုပ်သွား ပြန်လေ၏ ။


ထိုအခိုက်တွင် လှရီသည် ရေထဲမှလူများ တက်နိုင်ဖို့ရန်အလို့ငှာ ခြံခေါင်းရင်း၌ရှိသော ဝါးလုံးရှည်တစ်ချောင်းကို ဆွဲယူကာ ထွေးလုံးနေသော သူများဘက်သို့ လှမ်းပေးလိုက်ရာတွင် “ ရေနစ်သူ ဝါးကူ၍ထိုး ”  ဆိုသည့်အလား ဘသိန်း ၏ ဗိုက်ကို ထိုးမိသည့်အတွက် ဘသိန်းမှာ အင့်ခနဲ တစ်ချက် မျှအော်နိုင်ပြီး ရေထဲ၌ ဖင်ထိုင်ကျကာ မြုပ်၍ သွားလေ၏ ။


ဘသိန်း မြုပ်၍အသွားတွင် ဆရာဖေ ပေါ်လာပြီး ဝါးလုံးကိုမြင်သဖြင့် လှမ်း၍ဆွဲကာ ကုန်းပေါ်သို့ တက်လာပြီး လှရီ ကိုပင် မကြည့်တော့ဘဲ ခေါင်းငိုက်စိုက်ကြီး ချလျက် အိမ်ဘက်ဆီသို့ ပြေးလေ၏ ။ လှရီသည် ရေထဲ၌ဘသိန်း တစ်ယောက်တည်းသာ ကျန်တော့သည်ကိုသိသောကြောင့် သူ့ထိုက်နှင့် သူ့ကံ ၊ တက်ချင်သလို တက်ပါစေဟု သဘောထားကာ ဝါးလုံးကို ဘသိန်း လှမ်း၍ ဆွဲမည်အပြု ၊ ကုန်းပေါ်သို့ ဆွဲတင်လိုက်ပြီး မှောင်ထဲတွင် ပျောက်၍ သွားလေ၏ ။


သို့ရာတွင် လှရီမှာ အိမ်သို့ ပြန်၍မသွားဘဲ မိမိ၏ ရည်းစား ညအချိန်လာ၍ တွေ့နေကျနေရာသို့ ရောက်ရှိသွားကာ အသင့်စောင့်နေသော ခင်မောင် ကို တွေ့ရလေ၏ ။


“ ရီရီတို့ အိမ်နောက်ဘေးမှာ စောစောက ဘာဖြစ်တာတုန်း ” 


လှရီသည် စကားမပြောရမီကပင် အူနှိပ်၍ရယ်ပြီးနောက် ဖြစ်ပျက်ပုံများကိုပြောပြရာ ခင်မောင်မှာလည်း ရော၍ရယ်မိလေ၏ ။


ထိုနောက် ခင်မောင်က တစ်စုံတစ်ရာတွေးမိ၍ “ ဟာ . . ဒါဖြင့် နေရာကျတာပဲ ”  ဟု အရင်းမရှိ အဖျားမရှိ ပြောလိုက်လေရာ လှရီက “ ဘာနေရာကျတာလဲ ”  ဟု မေးလေ၏ ။


“ ဒီလိုလုပ်ပါလား ”  ဟုဆိုကာ ခင်မောင်သည် လှရီအား တစ်စုံတစ်ရာ ပြုလုပ်ရန် သွန်သင်အကြံပေးလိုက်ရာ လှရီမှာ များစွာ သဘောကျသွားကာ “ ဒါဖြင့် ပြောနေကြာတယ် အချိန်မရှိဘူး ၊ မြန်မြန်သွားမှပဲ ”  ဟု ဆိုကာ ခင်မောင်ထံမှ ခွဲခွာ၍ လာခဲ့လေ၏ ။


လှရီ သည် အိမ်ထဲသို့ရောက်ရှိသည့်အခါတွင် အဝတ်အစား လဲပြီးခါစဖြစ်သော ဘသိန်း ကို သူ၏အခန်း အပြင်ဘက်တွင် တွေ့ရလေ၏ ။


ဘသိန်းသည် စကားအချီး စ၍မနေဘဲ “ ဒီလူကြီးဟာ ရူးနေတယ် ထင်တယ် ”  ဟု ပြောပြီးနောက် လှရီ ၏ ထင်မြင်ချက်ကိုလည်းကောင်း ၊ ငြင်းဆိုချက်ကိုလည်းကောင်း မစောင့်စားဘဲ “ ဟုတ်ပါတယ် ၊ ရူးနေတာ အစစ်ပါပဲ ၊ ရေထဲခုန်ချတာ ကြည့်ပါလား ၊ မရူးရင် ခုန်ချပါ့မလား ”  ဟု မိမိပြောခဲ့သော စကားကို မိမိကိုယ်တိုင် ထောက်ခံချက်ပေးလိုက်လေ၏ ။


လှရီသည် ဘသိန်း၏ စကားကို ကြားလိုက်ရလျှင် တစ်စုံတစ်ရာ ကြည်နူးဖွယ်ရာတွေးမိသကဲ့သို့ မျက်လုံးများ ကြည်လင်တောက်ပြောင်လာကာ “ ဆရာဖေ အကြောင်း ရှင်မသိသေးဘူးလား ”  ဟု မေးလိုက်လေ၏ ။


“ အင်း . . ဟင့်အင်း ” 


“ ဆရာဖေက ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့ စိတ္တဇရောဂါ ရှိနေတယ် ၊ ရူးနေတယ်ပဲ ဆိုပါတော့လေ အဲ . . ဒါ ကိုယ့်ကိုယ်ကိုမှ မသတ်ရရင် သူများကို လိုက်ပြီး သတ်တတ်တယ် ” 


ဘသိန်းမှာ ထိုစကားကိုကြားရလျှင် အသက်မရှူနိုင်ဘဲ မျက်လုံး ပြူး၍သွားလေ၏ ။


“ သူရူးသွားတာ သိပ်မကြာသေးဘူး ၊ ရူးမယ်ဆိုလဲ ရူးစရာပဲ ၊ ရှင်တွေးကြည့်စမ်း ၊ အိမ်အပြန် သားရော ၊ မယားရော ထမင်းစားပွဲမှာ အဆိပ်မိပြီး သေနေတာတွေ့ရရင် ရှင်ဘယ်လိုဖြစ်သွားမလဲ ၊ အဲ . . သူလဲ ဒီလို ဖြစ်သွားတာပဲ ၊ ဒါနဲ့ သူ့ကို စိတ်ငြိမ်ပါစေလို့ ဘုရားတရား အားထုတ်ခိုင်းပြီး စိပ်ပုတီး ပေးထားတာ ၊ ဒါပေမယ့်လဲ တစ်ခါတစ်ခါ သူ့အရူးဟာ ကြမ်းချင်ရင် သိပ်ကြမ်းတာပဲ ၊ အခု တပေါင်းလဆုတ် မဟုတ်လား ၊ အဲ . . အခုလို အချိန်ဆိုရင် ကြမ်းတတ်တယ် ၊ ဒါကြောင့် ဒီလိုဖြစ်နေတာ ” 


“ ဒါဖြင့် ခုနက သူ့ကိုယ်သူ သတ်သေရအောင် ကြံတာပေါ့ ” 


“ ဟုတ်တယ် ” 


“ သူမသေတော့ ၊ ဘယ့်နှယ် လုပ်ဦးမှာလဲ ” 


“ သူများ လိုက်သတ်မှာပေါ့ ” 


“ ဟိုက် ”  ဟု ဘသိန်း၏ ပါးစပ်မှ အသံထွက်သွားပြီး မိမိအား ရန်ငြိုးထားကာ လာ၍များ သတ်နေဦးမလား ဟု စိုးရိမ်ပြီးနောက် “ ဒီလိုဆိုရင် တစ်ခုခုလုပ်မှ ဖြစ်တော့မပေါ့ ”  ဟု ဆိုလေ၏ ။


“ ဘယ်နှယ့်လုပ်ပြီး ဖြစ်ပါ့မလဲ ၊ ရူးတယ်ဆိုတာကို လူမသိအောင် လုပ်ထားတာ ၊ မေမေ နဲ့ မောင်နှစ်မ နှစ်ဝမ်းတည်း ကွဲတယ် ၊ ဒါပေမယ့် ဘာမှ မတော်ဘူးလို့ ပြောထားတယ် ၊ သူ့မောင်ထိရင် အင်မတန် စိတ်ဆိုးတယ် ၊ အခုနေ ရှင်သူ့ကို သွားပြီးပြောလို့ ၊ သူထွက်ပြေးရင် မေမေ တစ်ခါတည်း ဒေါပွမှာပဲ ” 


“ ဒါဖြင့် သူ့ကို အရိပ်အကဲကြည့်ပြီး ရှောင်ရမှာပဲ ” 


“ ဟုတ်တယ် ၊ ဒီနည်းပဲရှိတာပဲ ”  ဟု ပြောပြောဆိုဆို လှရီသည် အိမ်ပေါ်ထပ်သို့တက်သွားရာ “ သမီးရေ ”  ဟု ခေါ်သံကြားလိုက်ရသဖြင့် “ မေမေ ”  ဟု ပြန်၍ထူးကာ ဒေါ်မြမေ ရှိရာသို့ လျှောက်သွားလေ၏ ။


“ ဘာဖြစ်နေကြတာလဲ ၊ စောစောက ဆရာကြီးတစ်ကိုယ်လုံး ရေတွေရွှဲလို့ အိမ်ထဲဝင်ပြေးတာ မြင်လိုက်ရတယ် ” 


“ နောက်ဘေးမြောင်းထဲမှာ သတ်နေကြတယ် မေမေရဲ့ ” 


“ သတ်နေကြတယ် ၊ ဟုတ်လား ” 


“ ဟုတ်တယ် မေမေရဲ့ ၊ ဆရာကြီးက ကိုဘသိန်း ရန်ကိုကြောက်လို့ ထွက်ပြေးပြီး ရေထဲကိုခုန်ချတာ ၊ ကိုဘသိန်းက ရေထဲ ဆင်းလိုက်ပြီး ဆရာကြီး လည်မျိုကို ညှစ်ပြီးတော့ ရေထဲ အတင်းနှစ်တယ် မေမေရဲ့ ၊ သူတို့ စောစောက ရန်စရှိလို့လား မသိဘူး ” 


“ ဟုတ်နိုင်ပါ့မလား သမီးရယ် ၊ ဒီအသက် ၊ ဒီအရွယ်ကြီးတွေ ရှိမှပဲ ” 


“ ဟုတ်လို့သာ ကျွန်မမြင်တာပေါ့ မေမေရဲ့ ”  ဟု ဆိုကာ လှရီသည် ၎င်း၏မိခင်ထံမှ ထွက်ခွာသွားပြီး ဆရာဖေရှိရာ အခန်းသို့ တမင် သွားရောက်ကာ တံခါးခေါက်၍ခေါ်လေ၏ ။


ဆရာဖေသည် အိပ်တော့မယ်ဟု ပိတ်ဖြူလုံချည် ၊ စွပ်ကျယ်အင်္ကျီ ၊ ဝတ်ထားကာ တံခါးဖွင့်၍ ထွက်လာလေ၏ ။


“ ဆရာကြီး ကုသိုလ် သိပ်ကောင်းတာပဲ ၊ ဘုရားသိကြားမလို့ အသက်ချမ်းသာရာ ရတာပဲ ” 


ဆရာဖေသည် လှရီ၏ ကရုဏာသံဖြင့် ပြောသည့်စကားကိုနားထောင်ကာ လှရီအား ခင်မင်ကြင်နာသော အမူအရာ များကိုပြလေ၏ ။


“ ဆရာကြီးကို ရေထဲ အတင်းဆွဲနှစ်တုန်းက ကျွန်မသာ မရှိရင် ” 


“ ဘာပြောတယ် ၊ ကျုပ်ကို သူရေ ထဲဆွဲနှစ်တာလား ၊ ဟုတ်လား ”  ဟု မျက်လုံးပြူးမျက်ဆန်ပြူးလျက် မေးလေ၏ ။


“ ဟင် . . သူ့အကြောင်း ဆရာကြီး မသိသေးဘူးလား ၊ ဘယ်သူမှ သတိ မပေးထားဘူးလား ”  ဟု မေးသည်တွင် ဆရာဖေ ခေါင်းခါ၍ပြသောကြောင့်


“ ကိုဘသိန်းတို့ တစ်မျိုးလုံးဟာ အရူးမျိုးတွေ ဆရာကြီးရဲ့ ”  ဟု ပြောပြလေ၏ ။


ဆရာဖေသည် အတန်ကြာတွေဝေနေပြီး “ ဒီအရူးဟာ ကြမ်းသလား ”  ဟု မေးလေ၏ ။ “ တစ်ခါတစ်ခါ သိပ်ကြမ်းတယ်တဲ့ ၊ လူသတ်ချင်စိတ်တွေ ပေါ်ပေါ်ပြီး လာတတ်တယ်တဲ့ ” 


“ ဒါပေမယ့် ဆရာကြီးကတော့ သူ့ကို ဘာမှ မလုပ်ဖူးလို့ ၊ သူဆရာကြီးကို သတ်ချင်ဖြတ်ချင်မယ် မထင်ပါဘူး ၊ မပြောနိုင်ဘူး ဆရာရဲ့ ၊ ဆရာကြီး သူ့ရှေ့မှာ သမ်းဖူးသလား ” 


“ အင်း ” 


“ ဒါဖြင့် ပြီးပါလေရော ပြီးပါလေရော ၊ ညအိပ်ရင် ဆရာကြီး အခန်းတံခါးကို အလုံပိတ်ပြီးအိပ်ပေတော့ ” 


“ ဒီလိုဆိုရင် ဒီအရူးကို ဘာပြုလို့လွှတ်ထားကြတာလဲ ” 


“ အခုထက်ထိတော့ ဘာမှမလုပ်သေးလို့ ကြည့်နေရတာပေါ့ ၊ တကယ်လို့ ဒီည ဆရာကြီးကို သတ်ရင် နက်ဖြန် အရူးထောင် ပို့မှာပါ ” 


“ ကျောင်းအစ်မကြီး မသိသေးဘူးလား ၊ ဒီအကြောင်းတွေ ” 


လှရီသည် မိမိပါးစပ်တွင် လက်ညှိုးဖြင့်ပိတ်လျက် “ အို ဒီစကားတွေ မေမေ့ကိုတစ်ခွန်းမှ ပြောမပြနဲ့နော် ၊ မေမေက လူသိမှာ သိပ်စိုးတာ ၊ ဆရာကြီးသာ ဂုဏ်တော်တစ်ထောင်ပုတီးစိပ်ပြီး ဘုရားတရားအောက် မေ့ပြီး အိပ်ပေတော့ ”  ဟု ပြော၍ ထွက်လာလေ၏ ။


မကြာမီ လှရီသည် ဘသိန်း၏ အခန်းသို့ ရောက်သွားပြီး တံခါးခေါက်၍ ခေါ်ကာ “ ကိုဘသိန်း ဆရာကြီးအခန်းထဲမှာ သင်တုန်းဓား တစ်ချောင်း ရှိတယ် ၊ အဲ . . ဒါကို ရအောင်ယူပေတော့ ၊ သူဟာ ဓားကိုမြင်လျှင် သတ်ဖို့ဖြတ်ဖို့ သတိရပြီး ဒီည အခန်းပြင်ထွက်ပြီး လိုက်သတ်နေမယ် ”  ဟု ပြောပြကာ မိမိ၏ အခန်းသို့ အိပ်ဖို့ ပြန်သွားလေ၏ ။


ဘသိန်းမှာ သင်တုန်းဓားဟူသော စကားကိုကြားလျှင် မိမိ၏ လည်ပင်းကို စမ်း၍ ကြည့်မိလေ၏ ။ ထိုသို့စမ်း ကြည့်ရင်း မိမိ၏လက်ချောင်းများ လည်ပင်းကိုထိသည်နှင့် တစ်ပြိုင်နက် တစ်ကျောလုံး စိမ့်၍သွားကာ မိမိ လက်ချောင်းများကို ဓားသွားအမှတ်ဖြင့် ယောင်ယမ်း၍ အော်လိုက် မည်ကဲ့သို့ ပြုမိပြီးမှ ပြန်၍ သတိရလေ၏ ။


ဘသိန်း သည် ဓားကို သတိရနေသဖြင့် ထိုင်၍မရ ၊ ထ၍မရ ၊ အိပ်၍လည်း စိတ်မချဘဲ ရှိရာက ဆရာဖေ၏ ဓားကို ရအောင်ယူမှပဲဟု စိတ်ကို ပိုင်းဖြတ်လိုက်ပြီး ဆရာဖေ၏ အခန်းသို့ သွားရောက်ကာ တံခါး ခေါက်လိုက်လေ၏ ။


“ ဘယ်သူလဲ ”  ဟု အခန်းထဲမှ ဆရာဖေ၏ အသံ ထွက်လာလေ၏ ။


ဘသိန်းမှာ ဆရာဖေ မအိပ်သေးဟု သိရ၍ စိတ်သက်သာသွားကာ “ ကျွန်တော် ဝင်ခဲ့ရမလား ”  ဟု မေးလိုက်လေ၏ ။


“ ဘယ်သူလဲ ” 


“ ကျွန်တော်ပါ ဘသိန်းလေ ” 


“ ဘာလုပ် မလို့လဲ ” 


“ ဓား လိုချင်လို့ပါ ၊ ဓား . . သင်တုန်းဓား . . ” 


“ ဘာ ” 


“ ဓားလေ . . သင်တုန်းဓား ”  ဟု ဘသိန်းက ဖြေလိုက်သည်တွင် နောက်ထပ် ဘာသံမျှမကြားရတော့ဘဲ အခန်းထဲ၌ တိတ်၍နေလေ၏ ။ ဘသိန်းသည် ထပ်၍ ခေါက်လေ၏ ။ အခန်းထဲ၌ အနည်းငယ်မျှ လှုပ်ရှားသံ ကြားရလေ၏ ။ နောက်ထပ် ခေါက်လိုက်ပြန်လေ၏ ။ အခန်းထဲ၌ ခပ်ညံညံ ကြားလိုက်ရပြီးနောက် အခန်းတံခါးကို စားပွဲ ကုလားထိုင်များနှင့် အတွင်းဘက် မှနေ၍ ကာရံ ပိတ်ဆို့ထားသည်ကို သိရလေ၏ ။


ထိုအခါ ဘသိန်းသည် စိတ်လျှော့လိုက်ပြီးနောက် မည်သို့ လုပ်ရပါမည်နည်းဟု အကြံထုတ်ရာက ဆရာဖေ၏ အခန်းအပြင်ဘက် ဝရန်တာနှင့် ကပ်လျက်ရှိသည့် ပြတင်းပေါက်မှနေ၍ ဆရာဖေအိပ်ပျော်စဉ် ဝင်ရောက်၍ ယူရန် အကြံရပြီး မိမိလက်ပတ်နာရီကို ကြည့်လိုက်ရာ ဆယ့်တစ်နာရီ ကျော်ကျော်မျှသာ ရှိသေးသည်ကို တွေ့ရသဖြင့် ညဉ့် နှစ်ချက်ထိုးလောက် မှ ဝင်ရောက်ရန် စိတ်ကူးလျက် မိမိအခန်းသို့ ပြန်လာခဲ့လေ၏ ။


ဘသိန်း၏ခြေသံများပျောက်ကွယ်သွားပြီကိုသိမှ အခန်းတွင်းရှိ ဆရာဖေမှာ စိတ်သက်သာရာ ရသွားလေ၏ ။ သို့သော်လည်း လှရီ ပြောသည့် စကားများနှင့် ဘသိန်း ဓားလာ၍တောင်းခြင်းကို ဆက်စပ်ပြီး တွေးလိုက် မိသည့်အခါ ကြက်သီးမွေးညင်းထသွားပြီး စိပ်ပုတီးကိုကောက်ကိုင်ကာ အိပ်ရာထဲတွင်လှဲရင်း ဖုဋ္ဌဿလောကဓမ္မေဟိ ၊ စိတ္တံယဿ ၊ နကမ္ပတိ ၊ ဟု အထပ်ထပ်ရွတ်ဆိုကာ ရဲဆေးတင်လေ၏ ။ သို့ရာတွင် ဖုဋ္ဌဿ အခါတစ်ရာပြည့်သည်တိုင်အောင် ကြောက်စိတ် မကုန်သေးဘဲ နည်းနည်းမှ မအိပ်ချင်သေးဘဲ ရှိလေ၏ ။


ဖုဋ္ဌဿ တစ်ရာ့ငါးဆယ်ခန့်ရှိလာသောအခါ အနည်းငယ် မျက်လုံးများ ဖန်၍လာလေ၏ ။ ဖုဋ္ဌဿ နှစ်ရာတစ်ဆယ့် ခုနှစ်ကြိမ်မြောက်ပြီးနောက် နှစ်ရာတစ်ဆယ့်ရှစ်ကြိမ်ဘက် အကူးတွင် ဖုဋ္ဌဿ လောကဓမ္မေ ရောက်ရုံနှင့်ပင် အိပ်ပျော်လေတော့၏ ။


မကြာမီ အောက်ထပ်ဧည့်ခန်းရှိ တိုင်ကပ်နာရီကြီးမှ နှစ်ချက်တီးခေါက်သံပေါ်လာလေ၏ ။ ထိုအသံ ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘသိန်းသည် ချွတ်ခနဲနင်းကာ ထွက်ပေါ်လာကာ ဆရာဖေအိပ်သော အခန်းအပြင်ဘက်ရှိ ဝရန်တာမှနေ၍ ပြတင်းပေါက်ကို ကျော်၍ဝင်ရန် ကြိုးစားတက်လေ၏ ။


ဘသိန်းမှာ အသံမကြားရအောင် ပြတင်းပေါက်ပေါင်ပေါ်သို့ လှမ်းတက်ရောက်ရှိသွားပြီးနောက် အခန်းတွင်းသို့ အသံမကြားရအောင် ဆင်းဖို့ အကြံထုတ်ရပြန်လေ၏ ။ ထိုသို့ဆင်းရာတွင် ခုန်၍ချလိုက်က အသံ မြည်၍သွားမည် ဖြစ်သည့်အတွက် လျှော၍ ဆင်းမှပဲဟု နှလုံးပြုကာ တဖြည်းဖြည်း လျှော၍ဆင်းရင်း တစ်စုံတစ်ရာကို ခြေဖျားထောက် မိသည့်အခါမှ ကြမ်းပေါ်တွင်ခြေတင်မိပြီဟု စိတ်ချကာ တစ်ကိုယ်လုံးဖိ၍နင်းလိုက်ရာ မိမိ ခြေဖျားအောက်တွင် ရှိသည့်အရာမှာ ကြမ်းပြင်မဟုတ်ဘဲ ထွေးခံဖြစ်သည့်အတွက် ခြေချော်၍ကျသွားပြီး ထွေးခံနှင့်သူ တစ်ပတ်စီ လိမ့်၍သွားလေ၏ ။


ဆရာဖေသည် အခန်းထဲမှဆူညံသံကြားရ၍ ဓာတ်မီးခလုတ်ကို ဖွင့်လိုက်ရာ ကြမ်းပေါ်တွင် အလျားလိုက် မှောက်လဲ နေရာက ရှေ့လက်နှစ်ချောင်းထောက်၍ ထကာ ဇာတ်ထဲက ကျားလုပ်သူ၏ သဏ္ဍာန်ကဲ့သို့နေသော ဘသိန်း နှင့် မျက်နှာချင်းဆိုင်ကြည့်နေမိပြီး ဆရာဖေမှာ ကလေးကို အရုပ်ပြ၍ အခြောက်ခံရသကဲ့သို့ ခုတင်ခေါင်းရင်းတိုင် ဘက်သို့ ဖင်ရွှေ့သွားကာ ကြောက်ဆုတ်ဆုတ် လုပ်နေလေ၏ ။


ဘသိန်း သည် အလျားမှောက် လက်ထောက်နေရာက မထသေးဘဲ ဆရာဖေအား တောင်းပန်သည့်ဟန်ဖြင့် ကြည့်ကာ  ” ဆရာဟို . . အင်း ”  ဟု ပြောရင်း စကားမထွက်ဘဲ ရှိလေ၏ ။


ဆရာဖေကလည်း တစ်စုံတစ်ရာ ပြန်၍ပြောလိုက်သော်လည်း ကြောက်ရွံ့ခြင်းဖြင့် အသံကပ်၍ နေသောကြောင့် လည်ချောင်းထဲတွင် ငါးရိုးစူးနေသည့်ကြောင်အော်သံကဲ့သို့ မြည်လေ၏ ။


“ ကျွန် . . ကျွန်တော် . . ဟို . . ဟိုဒင်း လိုချင်လို့ ”  ဟု ပြောရာက ဘသိန်းသည် အဝတ်ထည့်သော မှန်တင်ခုံပေါ်ရှိ သင်တုန်းဓားကိုမြင်ကာ “ ဟော . . ဟိုမှာ ”  ဟု အသံထွက်လေ၏ ။ ဆရာဖေလည်း ဘသိန်း ကြည့်ရာဘက်သို့ လိုက်ကြည့်ရာ သင်တုန်းဓားကို တွေ့ရ၍ မျက်စိမျက်နှာ ပျက်သွားပြီး နှစ်ယောက်စလုံး တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက် ၊ သင်တုန်းဓားကို ကြည့်လိုက်နှင့် ရှိကြကာ မည်သူမျှ မျက်နှာတွင် သွေးမရှိတော့ဘဲ ဖြစ်နေကြလေ၏ ။


ထို့နောက် နှစ်ယောက်စလုံး သင်တုန်းဓားကို ဦးအောင် လုကြမည် အလုပ်တွင် အထွက်ချင်းတူနေသဖြင့် နှစ်ယောက်စလုံး ပြန်၍ဆုတ်သွားကာ အပြေးပြိုင်ရန် တာစူ၍ နေကြပြန်လေ၏ ။ ထိုသို့ တာစူနေကြရာက ဘသိန်းသည် ငယ်ရွယ်သူဖြစ်သဖြင့် ပို၍ လျင်မြန်ဖျတ်လတ်သည့်အလျောက် ဆရာဖေ သတိအလစ်တွင် အတင်းပြေး၍ ဓားကို ဆွဲလိုက်လေရာ ဘသိန်း၏ လက်ထဲသို့ ဓားရောက်သွားသည်ကိုတွေ့ရသည်နှင့် တစ်ပြိုင်နက် ဆရာဖေသည် ခုတင်အောက်သို့ အတင်းပြေး၍ ဝင်လေ၏ ။


ဘသိန်းမှာလည်း ဓားရသည်နှင့်တစ်ပြိုင်နက် ဆရာဖေ ခုတင်အောက်က ထွက်၍ တစ်စုံတစ်ရာ လုပ်မည်လောဟု တွေးတောကြောက်ရွံ့ကာ အခန်းထဲက မည်သို့မည်ပုံ မိမိထွက်လာခဲ့ရသည်ကိုပင် မမှတ်မိနိုင်အောင် ပြတင်းပေါက်ဆီသို့ အတင်းပြေး၍ ခုန်ဆင်းထွက်ခဲ့ရလေ၏ ။ ဘသိန်း ထွက်သွားသည့်အခါမှ ဆရာဖေ မှာ ခုတင်အောက်က ထွက်လာရဲပြီးလျှင် ပြတင်းပေါက်ကိုအလုံပိတ်ကာ အိပ်ရာပေါ်တွင် လှဲပြီး “ ဖုဋ္ဌဿ လောကဓမ္မေဟိ ”  ဖြင့် မိမိကိုယ်ကို မိမိပြန်၍ သိပ်ရလေ၏ ။


ထိုညက အဖြစ်အပျက်ကို လှရီ မှာ ဘာမှ မသိသေးဘဲ နောက်နေ့ နံနက်တွင် ထမင်းစားခန်း၌ လက်ဖက်ရည် သောက်ရန်ပြင်ဆင်ရင်း သတင်းစာဖတ်နေရာက ပထဦးဆုံးဝင်လာသူ ဆရာဖေ ကို တွေ့လိုက်ရ၍ ၎င်းမျက်နှာမှာ မကြည်သာသည်ကိုမြင်ရမှ ညက တစ်စုံတစ်ရာဖြစ်ပြီကို ရိပ်မိပြီး မရယ်မိအောင် စိတ်ကို မနည်းနှိမ်နင်း ထားရလေ၏ ။


“ ဆရာကြီး ညက ကောင်းကောင်း အိပ်ရရဲ့လား ” 


“ မအိပ်ရဘူး တူမရဲ့ ၊ အသည်း တထိတ်ထိတ်နဲ့ နေရတာပဲ ”  ဟု အစချီပြီး ဖြစ်ပျက်ပုံကို ပြောပြလေရာ လှရီမှာ မနည်းဣန္ဒြေဆည်ကာ ဟန်လုပ်၍ နေလိုက်ရလေ၏ ။


“ အခုပုံဆိုရင် ဆရာကြီးကို သူမလိုဘူး ထင်တယ် ” 


“ ဟုတ်တယ် တူမရဲ့ ” 


“ ဒီလိုဆိုရင် ဆရာကြီး မြန်မြန်ထွက်ပြေးမှပဲ အသက်ချမ်းသာလိမ့်မယ် ၊ ဘယ်သူမှ မပြောဘဲ ထွက်ပြေးမှ ဖြစ်မယ် ၊ သူသိသွားရင် လိုက်ပြီး ရန်ရှာမှာ စိုးရတယ် ၊ ဒါပေမယ့် မေမေ့ကို စာတစ်စောင် ရေးထားခဲ့မှဖြစ်မယ် ” 


“ အင်း . . ဟုတ်တယ် ” 


“ နို့ပေတဲ့ စာထဲမှာ သူရူးနေတဲ့အကြောင်း ထည့် မရေးနဲ့တော့ ၊ မေမေလဲ အသိသားပဲ ၊ ဆရာကြီးကို ရေထဲ နှစ် သတ်မယ်ကြံတာ ၊ အခန်းထဲ ဝင်ပြီး ပြူးတူးပြဲတဲ လုပ်ပြတာ ရေးပြရင် မေမေသိတယ် ” 


“ အေး . . ကောင်းသားပဲ ”  ဟု ဆရာဖေကပြောစဉ် လှရီက မိမိပါးစပ်ကို လက်ညှိုးနှင့်ပိတ်ကာ “ တိုး . . တိုး . . တိုး ”  ဟု ပြောသဖြင့် ဆရာကြီးသည် ငြိမ်၍သွားပြီးလှည့်ကြည့်လိုက်ရာ ဘသိန်းကိုမြင်ရသဖြင့် မျက်လုံးပြာ၍သွားလေ၏ ။


ဆရာဖေ၏ ပြူးသွားသော မျက်လုံးသည် ဘသိန်း၏ စိတ်ထဲ၌ မိမိအား ဒေါသဖြင့် မျက်လုံးပြူးပြသည်ဟု ထင်မှတ်ကာ လန့်ဖျတ်ပြီး ပြန်၍ လှည့်သွားမည့်အပြု လှရီက “ လာလေ ကိုဘသိန်း ”  ဟု ခေါ်လိုက်သည့်အတွက် လက်ဖက်ရည်စားပွဲတွင် ဝင်၍ ထိုင်လေ၏ ။


ဘသိန်းနှင့် ဆရာဖေတို့သည် တစ်ယောက်ကို တစ်ယောက် မကြည့်ဘဲ ပဲပြုတ်နှင့်နံပြားကို စားနေကြရာက လှရီသည် သတင်းစာကိုဖတ်ရာ အသံကျယ်လောင်စွာဖြင့် ... ယမန်နေ့ည ဆယ့်တစ်နာရီအချိန်တွင် ကြည့်မြင်တိုင် ထီးတန်းစက် မြေအတွင်း၌ နေထိုင်သူ အသက်လေးဆယ့်နှစ်နှစ်ရှိ ကိုထွန်းရွှေ ဆိုသူအား လည်ပင်းတွင် သင်တုန်းဓားနှင့် လှီးဖြတ်ထား၍ သွေးအိုင်ထဲတွင် လဲနေသည်ကို ၎င်း၏ မိန်းမကတွေ့ရှိရသဖြင့် “ လာကြပါဦးတော့ . . လာကြပါဦး ”  ဟု ဟစ်အော်ရာ .....


ဖတ်ပြလိုက်ရာ ဘသိန်းနှင့်ဆရာဖေတို့မှာ လက်လှမ်း၍နှိုက်နေသော ပဲပြုတ် နှင့် နံပြားများ လွတ်ကျကြကာ တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူး၍ ကြည့်နေကြလေ၏ ။ ထိုသို့ကြည့်နေရာက တစ်ယောက်ကိုတစ်ယောက် ကြောက်ရွံ့သောအမူအရာကို ပြကြကာ ထိုင်နေသော ကုလားထိုင်များကို နောက်သို့ ဆုတ်ကြလေ၏ ။


ဘသိန်းသည် ညက မိမိယူထားသော ဓားကို သတိရ၍ ရှိ မရှိ အိတ်ထဲမှ ထုတ်ကြည့်လေ၏ ။ ဘသိန်း ဓားထုတ်သည်ကိုမြင်လျှင် ဆရာဖေသည် ကြောက်လန့်ပြီး ဆွဲမိဆွဲရာ အနီးရှိ နံပြားညှပ်သော ကတ်ကြေးကို လှမ်း၍ ဆွဲလိုက်လေ၏ ။ ဆရာဖေ လက်နက်ဆွဲသည်ကို တွေ့ရလျှင် ဘသိန်းသည် ယမန်နေ့ညက လှရီ မှ မိမိအား ဆရာဖေက ဓားကိုမြင်လျှင် သတ်ချင်ဖြတ်ချင်စိတ် ပေါက်သည်ဟုဆိုခြင်းကို သတိရကာ ထိုင်ရာမှ ဆတ်ခနဲ ထလေ၏ ။


ဘသိန်း ထသည်နှင့်တစ်ပြိုင်နက် ဆရာဖေလည်း လန့်ဖျတ်၍ ထကာ ဘသိန်း ကို ရှောင်ရန် စားပွဲတစ်ဘက်သို့ ရွှေ့သွားလေ၏ ။ ဆရာဖေ ရွှေ့ခြင်းကို ဘသိန်း၏စိတ်ထဲ၌ နောက်သို့လှည့်၍ လိုက်ခြင်းဖြစ်သည်ဟု ထင်မှတ် စေသောကြောင့် ဘသိန်းကလည်း ရှေ့သို့ ခပ်မြန်မြန်တိုးလိုက်ရာ ဆရာဖေ လည်း မိမိ၏နောက်သို့ လိုက်သည်ဟု အယူရှိပြီး စားပွဲကို လှည့်ပတ်၍ ပြေးသဖြင့် ဘသိန်းလည်း လှည့်ပတ်၍ ပြေးနေရလေ၏ ။


ဘသိန်းသည် မိမိကိုင်ထားသော သင်တုန်းဓားမှာ အကယ်၍ ဆရာဖေ ရန်မူက ခုခံထိုးခုတ်ရန် လွယ်ကူသော လက်နက် မဟုတ်ဟု ယူဆကာ စားပွဲကို လှည့်ပြေးရင်း စားပွဲပေါ်ရှိ ငရုတ်ကောင်းပုလင်းကို လက်နက်အဖြစ် အသုံးပြုရန် ပြေး၍ အဆွဲတွင် ဆရာဖေ လည်း စွတ်မိစွတ်ရာ ထွက်ပြေးလေ၏ ။ ဘသိန်းမှာလည်း ဆရာဖေ လစ်ပြီဟု အောက် မေ့ကာ နောက်ထပ် ပြန်လာလျှင် မတွေ့နိုင်ရန် အခြားတစ်ဘက် မှ ထွက်၍ ပြေးလေတော့၏ ။


လှရီ မှာ ကြည့်ကောင်းကောင်းနှင့် ကြည့်နေပြီး နှစ်ယောက်သား ထွက်ပြေး၍ သွားကြမှ အားရပါးရ ရယ်နေစဉ် အိမ်ပေါ်မှ ဆင်းလာသော ဒေါ်မြမေ ၏ ခြေသံကို ကြားရသဖြင့် ဟန်လုပ် နေရလေ၏ ။


“ သမီး . . ဆရာကြီး ဆင်းလာပြီလား ” 


“ ဟုတ်ကဲ့ ” 


“ လက်ဖက်ရည်ကော သောက်ပြီးပလား ” 


“ မပြောတတ်ဘူး ” 


“ ညည်း မမြင်ဘူးလား ” 


“ လက်ဖက်ရည်သောက်တာတော့ မမြင်ဘူး ၊ ပြတင်းပေါက်က ခုန်ဆင်းပြီး ထွက်ပြေးတာတော့ မြင်လိုက်ရတယ် ” 


“ ဘာပြောတယ် ” 


“ ကိုဘသိန်းက ဓားနဲ့လိုက်လို့ လွတ်ရာအပေါက်က ပြေးရတာပဲ ” 


“ မောင်ဘသိန်းကော ” 


“ သူလဲ ပြတင်းပေါက်က ခုန်ပြီး လိုက်သွားတယ် ” 


“ ညည်း ဘာတွေပြောနေတာလဲ ” 


“ ကိုဘသိန်း စိတ်နောက်နေပြီး မေမေရဲ့ ၊ မနေ့ကလဲ ဆရာကြီးကို ရေထဲဆွဲနှစ်တယ် ၊ ညကလဲ အခန်းထဲဝင်ပြီး အရူးလို လုပ်ပြသတဲ့ ၊ နံနက်က ဆရာကြီး ပြောလို့ သိရတာပဲ ၊ အခုနံနက်ကတော့ ဆရာကြီး လက်ဖက်ရည်သောက်လို့ လည်ချောင်းထဲမှ မကျသေးဘူး ၊ တစ်ခါတည်း အရူးလိုအော်ပြီး အတင်းလိုက်တာ မြင်လိုက်ရတာပဲ ” 


ဒေါ်မြမေသည် စိတ်မောလူမောဖြစ်ဟန်ဖြင့် ကုလားထိုင်တစ်လုံးတွင် ပစ်၍ထိုင်လိုက်ပြီး


“ ရှိရှိသမျှလူတွေ အားလုံး ရူးနေကြရော့လား ” 


“ ကိုဘသိန်းတော့ ရူးတာ အမှန်ပဲနဲ့တူတယ် ၊ တက္ကသိုလ်မှာ ပညာတွေ သိပ်ကြိုးစား ၊ နိုင်ငံရေးလိုက်တဲ့သူတွေ ဦးနှောက်ပျက်တတ်တာပဲ ၊ သတင်းစာထဲတောင် တလောတုန်းက အမေရိကန်ပြည်မှာ သိပ်ထူးချွန်တဲ့ကျောင်းသား တစ်ယောက် ၊ သူ့ကို တစ်ကျောင်းလုံးက အထင်ကြီးနေတုန်း သူ့အဒေါ် ခြေသလုံးကို ကုန်းကိုက်သတဲ့ ” 


“ ဆရာကြီးကော ” 


“ တစ်ခါတည်း ပြေးပြီ မေမေရဲ့ ” 


“ ဟင် . . ဟုတ်ကဲ့လား ” 


“ သူ ကျွန်မကို ပြောသွားတယ် ၊ ကိုဘသိန်းဒဏ် မခံနိုင်ဘူးတဲ့ ”  ဟု ပြောလိုက် မှ ဒေါ်မြမေလည်း သက်ပြင်းကြီး ချကာ အကြံအိုက်သည့် အမူအရာကို ပြလေ၏ ။


“ မေမေ . . ကျွန်မ ပြောစရာတစ်ခုရှိတယ် ၊ ညတုန်းက ကျွန်မကို ကိုဘသိန်းက ချစ်ဖို့ ၊ ကြိုက်ဖို့ပြောတော မေမေရဲ့ ၊ ကျွန်မလဲ အင်းမလှုပ် ၊ အဲမလှုပ်နေတုန်း ဆရာကြီးကို သူမြင်တာနဲ့ စကားပြတ်သွားပြီး ရေထဲ ဆွဲနှစ်တယ် ၊ ဒီလိုလူမျိုးကိုတော့ ကျွန်မ မယူပါရစေနဲ့ မေမေရယ် ” 


ဒေါ်မြမေသည် ဒေါသထွက်သော အမူအရာဖြင့် “ အို . . ဒါမျိုးနဲ့တော့ တစ်သက်လုံး မပေးစားဘူး ၊ စိတ်ချ ”  ဟု ပြောလိုက်ရာတွင် လှရီမှာ ရွှင်ပြုံး၍ သွားလေ၏ ။


“ နောက်ပြီး မေမေ တရားအားထုတ်ချင်တယ်ဆို ” 


“ အေး . . အဲဒါ ဘာလုပ်မလို့လဲ ” 


“ မေမေ ကျွန်မကို နေရာချမယ်မဟုတ်လား ” 


“ နေရာချချင်လို့ ဘသိန်း နဲ့ စီမံတာပေါ့ ” 


“ အခုတော့ သူနဲ့နေရာ မကျတော့ဘဲဟာ ၊ ကျွန်မမေတ္တာရှိတာနဲ့ သဘောတူပါတော့ မေမေရယ် ” 


ခါတိုင်း၌ ဒေါ်မြမေသည် ထိုစကားကို ငြင်းပယ်ခဲ့မိလေ၏ ။ သို့ရာတွင် ယခုအခါ ဆရာဖေကို မျက်စိထဲတွင် ပြေး၍မြင်ပြီး လှရီ ၏စကားကို မဖြေသေးဘဲ “ ဆရာကြီး ဘယ်သွားမယ် ပြောသလဲ ”  ဟု မေးလိုက်လေ၏ ။


“ အရင်တုန်းကတော့ ဒီကပြန်ရင် စစ်ကိုင်းချောင်သွားမယ်လို့ ပြောတာပဲ ” 


“ ဒီလိုဆိုရင် မေမေလဲ ဆရာကြီးနောက်လိုက်ပြီး တရားအားထုတ်မယ်လို့ စိတ်ကူးတာပဲ ၊ သမီးကိုလဲ ၊ နေရာချထားခဲ့ချင်တယ် ၊ ဒီတော့ ညည်းတို့အချစ်ကိုလဲ မခွဲတော့ပါဘူး ၊ ငါစိတ်ချရရင် အေးတာပဲ ”  ဟု ပြောလိုက်သည်တွင် လှရီမှာ ဝမ်းသာလုံးဆို့သွားကာ ....


“ မေမေ . . လက်ဖက်ရည်သောက်လိုက်ဦးလေ ၊ အေးကုန်မယ် ၊ ပေါင်မုန့်ထောပတ် သုတ်လိုက်ရဦးမလား ”  ဟု ပျာပျာသလဲ အရေးစိုက်၍ နေလေတော့၏ ။  ။


◾ ဇဝန


📖 ဒဂုန်မဂ္ဂဇင်း 

      ဧပြီ ၊ ၁၉၃၈ ။


koaungnaingoo.blogspot.com


.