Showing posts with label လေးနွယ် ( ဒဂုံ ). Show all posts
Showing posts with label လေးနွယ် ( ဒဂုံ ). Show all posts

Sunday, June 14, 2026

အိမ်အပြန်


❝ အိမ်အပြန် ❞
( လေးနွယ် - ဒဂုံ )

ကျွန်မ စက်ဘီးစီးပြီး အိမ်ကို ပြန်လာခဲ့တယ် ။ အချိန်က ည ၇ နာရီ ။ မြို့ပြလို့ ခေါ်တဲ့ ကျွန်မတို့ ပတ်ဝန်းကျင် တစ်ခုလုံး သက်ဝင်လှုပ်ရှားနေဆဲပါပဲ ။ ဆိုင်မှ စထွက်လာ ကတည်းက ကျွန်မ စိတ်ထဲမှာ စိုးရိမ်စိတ်နဲ့ အတူ ကြောက်ရွံ့မှု အနည်းငယ် ရှိနေခဲ့တယ် ။

မောင်လေး ခရီးသွားလို့ ကျွန်မ မနက်ကတည်းက စက်ဘီးလေးနဲ့ ဆိုင်ကို လာခဲ့တယ် ။ စက်ဘီး မစီးတာ အတော်ကြာပြီမို့ အိမ်ကနေ ဆိုင်ကို ရောက်အောင် အတော် နင်းခဲ့ရတယ် ။ အတော် နင်းဆို အိမ်နဲ့ ဆိုင်က ရပ်ကွက်လေး , ငါးခုလောက် ခြားနေတယ် မဟုတ်လား ။ ဟိုအရင်က ကျွန်မ ဒီလမ်းတွေကို ဖြတ်ပြီး စက်ဘီးနဲ့ ညစဉ် အိမ်ကို ပြန်ခဲ့ဖူးတယ် ။ အဲဒီတုန်းက ခုလို စိုးရိမ်မှုမျိုး မရှိခဲ့ပါဘူး ။ ညဘက် ဆိုင်ပိတ်ပြီးရင် ပိုက်ဆံအိတ်လေး စက်ဘီးခြင်းထဲ ထည့် ၊ စက်ဘီးကို ခပ်ဖြည်းဖြည်း နင်းရင်း ညရဲ့ သဘာဝအရသာကို ခံစားပြီး အိမ်ကို ပြန်ခဲ့ဖူးတယ် ။ ကျွန်မ အခု အိမ်ကို ပြန်နေတယ် ။ ဆိုင်ကယ် တစ်စီးက ကျွန်မ မျက်နှာချင်းဆိုင် လမ်းဘေးဘက်ကနေ မောင်းလာနေတယ် ။ ကျွန်မ ဘာလုပ်ရမလဲ ။ ကျွန်မ စက်ဘီးကို ကားလမ်းရဲ့ အလယ်ကြောဘက်ကို တက်လိုက်ရမလား ။ ဒါမှမဟုတ် ကျွန်မ စက်ဘီးကို လမ်းဘေး ညာဘက်အစွန်းထိ ကပ်လိုက်ရမလား ။ စဉ်း စားနေရင်း ရှေ့ခြင်းထဲမှာ ထည့်လာတဲ့ ပိုက်ဆံအိတ်ကို စိတ်ပူမိပြန်တယ် ။ ဆိုင်ကယ် ပေါ်ကနေ ကျွန်မ စက်ဘီးခြင်းထဲက ပိုက်ဆံအိတ်ကို လှမ်းဆွဲသွားနိုင်တယ် မဟုတ်လား ။

ခုတလော ဆိုင်ကယ် ပေါ်ကနေ ပိုက်ဆံအိတ်တွေ ၊ ဖုန်းတွေကို လှမ်းဆွဲပြီး လုပြေးတာတွေကို ကြားနေရတော့ ဆိုင်ကယ် မြင်ရင်ကို ငါ့ဆီက လုယူကြလေမလား ဆိုတဲ့ စိတ်ခံစားမှုက ဖယ်မရ အောင် ဖြစ်နေမိတယ် ။ ကျွန်မ ပိုက်ဆံအိတ်ကို စက်ဘီးရှေ့ ခြင်းထဲမှာ ထည့်လာခဲ့တယ် ။ ပိုက်ဆံအိတ်ရဲ့ လွယ်ရတဲ့ ကြိုးကို စက်ဘီး လက်တန်းမှာ လျှိုသွင်းရစ်သိုင်းပြီး စက်ဘီး လက်တန်းမှာ နှစ်ပတ်သုံးပတ် ပတ်လျှို ချည်နှောင်ထားခဲ့ပါတယ် ။ တကယ်လို့ ကျွန်မ ပိုက်ဆံအိတ်ကို လှမ်းဆွဲရင်တောင် ဆွဲယူလို့ မရနိုင်ပါဘူး ။ ကျွန်မ အတွေးတွေ များနေစဉ်မှာပဲ မျက်နှာချင်းဆိုင်က လာနေတဲ့ ဆိုင်ကယ်ဟာ ကျွန်မ ဘေးကနေ ကျော်ဖြတ်သွားပါတယ် ။ တင်းကျပ်နေတဲ့ စိတ်တွေ အနည်းငယ် ပြေလျော့သွားတယ် ။

ကျွန်မရဲ့ အိမ်အပြန် လမ်းဟာ တစ်ဝက်နီးပါး ရောက်လာပါပြီ ။ မြို့ပြလို့ ခေါ် ဆိုတဲ့ ကျွန်မ နေထိုင်ရာမြို့ နယ်အတွင်းက ရပ်ကွက်တွေမှာ လမ်းမီးတွေ ထွန်းထားပုံဟာ တကယ့်ကို သဘာဝ ဆန်လွန်းပါတယ် ။ မြို့ပြနေ လူတန်းစားတွေကို ညရဲ့ သဘာဝကို ပျောက်ပျက် မသွားအောင် ခံစားခွင့် ပေးထားတယ် ။

ကျွန်မ စင်ကာပူနိုင်ငံကို သွားခဲ့တုန်းက ဆာဖာရီ ဥယျာဉ်ကို ရောက်ခဲ့ဖူးပါတယ် ။ ညဘက်မှာ တောထဲက တိရစ္ဆာန်တွေကို သွားကြည့်ကြတာပါ ။ အဲဒီလို တောထဲမှာ လျှောက်သွားကြတဲ့အခါ မှောင်မည်း မနေအောင် သစ်ပင်ရဲ့ ဟိုးထိပ် ဖျားကနေ အလင်းရောင်ကို ခပ်ဖျော့ဖျော့လေး ပေးထားပါတယ် ။ အခု ကျွန်မတို့ ရပ်ကွက်က မီးလေးတွေလိုပေါ့ ။ ဒီက လူတွေဟာ နိုင်ငံခြားကို အတုယူတယ် ဆိုတာ ဒါမျိုးတွေများလား တွေးရင်း ကျွန်မ စက်ဘီးကို ခပ်သွက်သွက် နင်းလာခဲ့တယ် ။

တောင်တွေး မြောက်တွေး တွေးရင်း အလင်းရောင် နည်းတဲ့ လမ်းပေါ်မှာ ချိုင့်ခွက်တွေကို ရှောင်ကွင်းပြီး စက်ဘီးကို နင်းလာခဲ့တယ် ။ အမှောင်ဆိုတာ ဒုစရိုက်မှု ကျူးလွန်ဖို့ အကောင်းဆုံး အနေအထားမို့ အမှောင်ကို ရှောင်ဖို့အတွက် ကား အသွားအလာများတဲ့ လမ်းကို ရွေးလိုက်တယ် ။ ကားမီးရောင်ကို အားပြုပြီး စိတ်ထဲမှ ကြောက်ရွံ့မှု တချို့ကို မောင်းထုတ်လိုက်တယ် ။

ကျွန်မ အိမ်ကို ပြန်နေတယ် ။ အို မိုးစက်တွေပါလား ။ မိုးရွာတော့မယ် ထင်တယ် ။ ခဏလေးနေပါဦး မိုးမင်းကြီးရယ် ။ ကျွန်မ အိမ်ပြန်ရောက်အောင် ခဏလောက် စောင့်ပေးပါဦး ။ အလင်းရောင် နည်းပြီး မချောမွေ့တဲ့ လမ်းမပေါ်မှာ ထီးတစ်ဖက်နဲ့ စက်ဘီးစီးလို့ အဆင်မပြေလို့ပါ ။ ခဏ လောက် စောင့်ပေးပါဦး မိုး မင်းကြီးရယ် ။ ကျွန် မ တောင်းဆိုသံကို မိုးမင်းကြီး မကြားဘူး ထင်ပါရဲ့ ။ မိုးစက်တွေဟာ တဖွဲဖွဲ ကျလာနေတယ် ။ စက်ဘီးကို ရပ်ပြီး စက်ဘီးနောက်မှာ ထိုးချိတ်လာခဲ့တဲ့ ထီးကို ယူပြီး ဆောင်းရမလား စဉ်းစားမိတယ် ။ အို မိုးက သိပ်မသည်းပါဘူး ။ စက်ဘီးကို ခပ်မြန်မြန်လေး နင်းလိုက်ရင် အိမ်ရောက်တော့ မှာပဲလို့ ပြန်တွေးလိုက်တယ် ။ အိမ်ကို အမြန်ဆုံး ရောက်အောင် စက်ဘီးကို ခပ်သွက်သွက် ဖိနင်းလိုက်တယ် ။

ကျွန်မရဲ့ မျက်မှန်ဟာ မိုးစက်တွေကြောင့် မှုန်ဝါးလာတယ် ။ အလင်းရောင် နည်းပါးမှုနဲ့ မျက်မှန်မှာ ကပ်ငြိလာတဲ့ ရေငွေ့တို့ကြောင့် အရှေ့ကို သေချာ မမြင်ရအောင် ဖြစ်လာတယ် ။ ခေါင်းပေါ်ကို ကျလာတဲ့ မိုးရေတွေဟာ နဖူးမှ တစ်ဆင့် မျက်နှာပေါ်ကို စီးကျလာနေတယ် ။ စက်ဘီးကို လက်တစ်ဖက်တည်းနဲ့ ထိန်းလိုက်ပြီး မှုန်ဝါးလာတဲ့ မျက်မှန်ကို ကျန်လက် တစ်ဖက်နဲ့ ဖြုတ်ယူလိုက်တယ် ။ မျက်မှန်ကို အင်္ကျီစနဲ့  ပွတ်လိုက်ပြီးမှ ပြန်တပ်လိုက်တယ် ။

“ အမယ်လေး ... အမယ်လေး ...”

လမ်းမပေါ်က ချိုင့်ခွက်ကို ရှောင်ရင်း စက်ဘီးဟာ လမ်းအလယ်ကို ရောက်သွားတယ် ။ အရှေ့က လာနေတဲ့ ကားဟာ အရှိန်ကို လျှော့မပေးဘဲ အတင်း မောင်းဝင်လာတယ် ။ ဘုရား ဘုရား အိမ်အပြန် လမ်းဟာ ဒီလောက် ခက်ခဲနေရော့လား ။ ရောက်လုပြီ ။ ရောက်လုပြီ ။ ဟိုအရှေ့ သုံးလမ်း ကျော်ရင် အိမ်ကို ရောက်ပြီ ။

ကျွန်မ အိမ်ကို ပြန်နေတယ် ။ အရှေ့က လမ်းလေးဆုံမှာ ကားတွေ အရမ်းရှုပ်နေတယ် ။ စက်ဘီးကို စီးရင်း လမ်းဖြတ်ကူးဖို့ မဖြစ်နိုင်တာမို့ နောက်ဘရိတ်ကို ဆွဲပြီး ရပ်လိုက်တယ် ။ ဆိုင်ကယ် တစ်စီးဟာ အနောက်ဘက်ကနေ မောင်းဝင်လာပြီး ကျွန်မရှေ့ဘက် ဘေးမှာ လာရပ်တယ် ။ ဆိုင်ကယ်ပေါ်မှာ အသက် နှစ်ဆယ်ဝန်းကျင် ကောင်လေး သုံးယောက် ။ ဆံပင်တွေက အနီရောင် ဆိုးထားကြတယ် ။ လက်တွေ ခြေထောက်တွေမှာလည်း ဆေးမင်ကြောင်တွေ ထိုးထားလိုက်တာ ။ ကျွန်မ သူတို့ကို မသိမသာ အကဲခတ် ကြည့်မိတယ် ။ ဆိုင်ကယ်ပေါ်က ကောင်လေး တစ်ယောက် ကျွန်မကို လှည့်ကြည့်တာ မြင်တော့ ကျွန်မ မျက်နှာကို ခပ်မြန်မြန် လွှဲလိုက်တယ် ။ ကျွန်မ ကြောက်လိုက်တာ ၊ လုတယ်ဆိုတာ ဒီလို အရွယ်လေးတွေ များတယ် ။ ငါက စက်ဘီးနဲ့ တစ်ယောက်တည်း ဆိုတော့ ။

“ ဘုရား ... ဘုရား ... သမ္ဗုဒ္ဓေ ... အဋ္ဌဝီ သဉ္စ ”

ကျွန်မ ကြောက်စိတ်နဲ့ ဘုရားတ , ရင်း သမ္ဗုဒ္ဓေဂါထာကို ရွတ်ဆိုမိတယ် ။ ဒီအချိန်မှာ ကျွန်မကို ကာကွယ်ပေးနိုင်တာ ဘုရားမှ တစ်ပါး အခြား မရှိနိုင်ဘူး မဟုတ်လား ။

ဟော သွားလို့ ရပြီ ။ မြန်မြန် မောင်းပါတော့ ။ ကျွန်မ ဆိုင်ကယ်သမားတွေကို မြန်မြန် မောင်းထွက် သွားစေချင် တယ် ။ ကျွန်မ သူတို့ကို ကြောက်တယ် ။

ကျွန်မ အိမ်ကို ပြန်နေတယ် ။ ရှေ့က လမ်းမကြီးကို ကျော်လိုက်ရင် ကျွန်မအိမ်ကို ရောက်တော့မယ် ။ ကျွန်မ နောက်ကနေ ကားတစ်စီး ပါလာတယ် ။ ကျွန်မရဲ့ ညာဘက်မှာ အထက်တန်းကျောင်းကြီးဟာ လူသူကင်းမဲ့စွာ မိုး ရေချိုးပြီး မတုန်မလှုပ် ရှိနေ တယ် ။ လမ်းရဲ့ ဟိုတစ်ဖက် ခြမ်းမှာက အကွက်ရိုက်ထား တဲ့ လူမနေတဲ့ ခြံဝန်းတွေ ။ ရှေ့က လမ်းမကြီးကို ကျော်လိုက်ရင် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ရှိတယ် ။ လူပြတ်ပြီး အလင်းရောင် နည်းပါးတဲ့ ဒီနေရာမှာ ကျွန်မ စက်ဘီးကို လမ်းဘေးကို ကပ်ပြီး ခပ်သွက်သွက် နင်းလိုက်တယ် ။ ကားဟာ ကျွန်မ ဘေးမှာ ခပ်ဖြည်းဖြည်း ကပ် မောင်းလာတယ် ။

“ ညီမလေး …”

ကျွန်မ ကားပေါ်က လူကို လှမ်းကြည့်လိုက်တယ် ။ သက်လတ်ပိုင်း ယောက်ျား သုံး လေးယောက်လောက် ရှိ မယ် ။ ဘာလဲ ။ ဒီလူတွေက ဘာတွေလဲ ။ ကျွန်မ စိတ်ထဲ ထိတ်လန့်မှုနဲ့အတူ ဒီလူတွေ ငါ့ကို အန္တရာယ် ပြုလာရင် ဘာလုပ်ရမလဲ ဆိုတာ ဦးနှောက်ကို ခပ်မြန်မြန် စဉ်းစားခိုင်းနေမိတယ် ။

“ ညီမလေး …… ဘေလီ တံတားကို ရောက်အောင် ဘယ်လမ်းက ပြန်ထွက်ရ မလဲ လမ်းညွှန်ပါဦး ... အစ်ကိုတို့ ပတ်ချာလည်နေလို့ ”

ကားပေါ်က လှမ်းပြောလိုက်တဲ့ စကားသံ ကြားရတဲ့အခါ ကျွန်မ စိုးရိမ်စိတ်တို့ လျော့ကျသွားတယ် ။

“ ဒီရှေ့ လမ်းဆုံရောက်ရင် ဘယ်ချိုးပြီး တည့်တည့် မောင်းသွားပါ ၊ လမ်းမကြီး ရောက်ရင် ညာဘက်ပြန်ချိုး မောင်း ၊ အဲဒါဆို ဘေလီ တံတားကို ရောက်ပြီ ”

ကျွန်မ စက်ဘီး နင်းနေရင်းမှ ပြန်အော်ပြောလိုက်ပါတယ် ။ ကျွန်မ စကားအဆုံးမှာ ကားပေါ်မှ ကျေးဇူးတင် စကားပြောပြီး ကျွန်မကို ချန်ထားရစ်ခဲ့တယ် ။ ကျွန်မ မိုးရေစက်တို့ကြောင့် ဝေဝါးလာတဲ့ မျက်မှန်ကို ချွတ်ပြီး ရေသုတ် လိုက်ပါတယ် ။ စက်ဘီးကို မြန်နိုင်သမျှ မြန်အောင် ခပ်သွက်သွက် နင်းနေမိတယ် ။ မိုးစက် မိုးပေါက်တွေဟာ တဖြည်းဖြည်း များလာတယ် ။

ကျွန်မ စက်ဘီးစီးပြီး အိမ်ကို ပြန်လာခဲ့တယ် ။ နောင်များတော့ ဘယ်သောအခါမှ ညအချိန် တစ်ယောက်တည်း စက်ဘီးစီးပြီး မပြန်ဖို့ တစ်ကိုယ်တည်း ရေရွတ်နေမိတယ် ။ ကျွန်မတို့ လမ်းထိပ်ကို ရောက်ပါပြီ ။ မိုးနှင့်အတူ လေပြင်းတို့ တိုက်ခတ်လာ ပြီ ။ ကျွန်မ စက်ဘီး လမ်းထဲကို ချိုးအကွေ့ ... ။

“ ဟာ ... ”

ပတ်ဝန်းကျင် တစ်ခုလုံး မှောင်မည်းသွားတယ် ။ ခဏအကြာမှာ အိမ်အချို့ဟာ မီးတွေ ပြန်လင်းလာခဲ့တယ် ။ လမ်းမီးတွေဟာ အလင်း ကင်းမဲ့နေတယ် ။

ကျွန်မ အိမ်ကို စက်ဘီး စီးပြီး ပြန်လာခဲ့တယ် ။

⎕ လေးနွယ် ၊ ဒဂုံ ၊
📖ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
     ဧပြီ ၊ ၂၀၂၀

Monday, October 13, 2025

ဝန်ထမ်းအလိုရှိသည်


 

❝ ဝန်ထမ်းအလိုရှိသည် ❞
    ▢ လေးနွယ် ( ဒဂုံ )

“ ဝန်ထမ်းအလိုရှိသည် ”

ကျွန်မဖွင့်ထားသော ကွန်ပျူတာဆိုင်လေးအတွက် “ တစ်ယောက်အားနှင့် မပြီးသော် အများအားဖြင့် ပြီးမြောက်စေ ” ဆိုစကား ရှိသည့်အတိုင်း လုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် များများစားစား လုပ်ချင်သူမို့ ဝန်ထမ်း ခေါ်မိသည် ။

“ အစ်မ ဝန်ထမ်းခေါ်တာ ဘာလုပ်ရမှာလဲ ”

“ အစ်မဆိုင်က ကွန်ပျူတာ မိတ္တူဆိုင်ဆိုတော့ ကွန်ပျူတာ ရိုက်တတ်တဲ့သူ မိတ္တူ ကူးတတ်တဲ့သူ လိုတာ ညီမလေးက ဘာတွေ လုပ်တတ်လဲ ”

“ ညီမ အရင်ကတော့ သင်ဖူးတယ် .. မလုပ်တာတော့ ကြာပြီ .. အဲဒါ လျှောက်လို့ရလား ”

ကျွန်မ အလုပ် လာလျှောက်သော မိန်းကလေးအား အကဲခတ် ကြည့်လိုက်ပါသည် ။ အဝတ်အစားက ခပ်နွမ်းနွမ်းလေး ဝတ်ထားပေမယ့် စကားပြော ရည်ရည်မွန်မွန်လေးတော့ ရှိသည် ။ ရုပ်ရည်က သိပ်မလှ ။ ကျွန်မဆိုင် အလုပ်တွေက ရုပ်ပြစားရမည့် အလုပ်တွေ မဟုတ်သည့် အတွက် သိပ်အရေးမကြီးပါ ။ အရည်အချင်းသာ လိုတာမို့ ပညာအရည်အချင်းကို မေးလိုက်သည် ။

“ ညီမလေး ပညာအရည်အချင်း ကရော ... ”

“ ပထဝီနဲ့ ဘွဲ့ရ ပြီးပါပြီ ”

သူ့စကားကြောင့် ကျွန်မ အနည်းငယ် ကျေနပ်မိသည် ။ ကျွန်မတို့လို ဆိုင်လေးတွေမှာ ဘွဲ့ရတွေက အလုပ် မလုပ်ချင်ကြပါ ။ ကုမ္ပဏီနဲ့ လစာ တူတူ ပေးရင်တောင် ကုမ္ပဏီဝန်ထမ်းက ဂုဏ်ရှိသည် ဆိုသော အတွေးဖြင့် ဆိုင်ကို စွန့်ခွာ ထားခဲ့ကြသည် ။ ခု ဘွဲ့ ရမိန်းကလေး တစ်ယောက် ကျွန်မ ဆိုင်မှာ အလုပ် လာလျှောက်သည့်အတွက် ကျွန်မ ကျေနပ်မိခြင်း ဖြစ်သည် ။

ဘွဲ့ရဆိုတော့ သင်ရ ပြုရ လွယ်ကူသည် ။ သဘောပေါက်လွယ်သည် ။ ကွန်ပျူတာ ရိုက်သည့်အခါ အင်္ဂလိပ်စာတွေအတွက် အဆင်ပြေနိုင်သည် ။ ဗဟုသုတသည် ဘွဲ့မရသူများထက် သာလွန်နိုင်သည်မို့ ကျွန်မ သူ့ရဲ့ အလုပ်လျှောက်လွှာကို လက်ခံလိုက်သည် ။

“ ညီမလေး CV Form ပါလား ”

“ ဟို အဲဒါ ... မပါလာဘူးအစ်မ ။ ဒီမှာ ဝယ်လို့ရလား ”

အလုပ် လာလျှောက်တာ CV Form မပါလာဘူး ။ ကျွန်မ အနည်းငယ် စိတ်ပျက်မိသည် ။

“ ကိစ္စမရှိပါဘူးလေ ၊ ငါ့ဆိုင်မှာလည်း အဆင်သင့် ရှိနေတာပဲ ” ဟု စိတ်ကို လျှော့ပြီး CV Form တစ်ရွက်ပေးကာ ဖြည့်ခိုင်းလိုက်မိသည် ။ ဘွဲ့ရဆိုတော့ အင်္ဂလိပ် CV Form ကို ပေးလိုက်ပါသည် ။ သူ့ အရည်အချင်းလည်း သိချင်သောကြောင့်ဖြစ်သည် ။

“ အစ်မ ... ဒီ Race က ဘာဖြည့်ရမှာလဲ ”

“ လူမျိုးလေ ညီမလေး ၊ ညီမလေးက ဘာလူမျိုးလဲ ”

“ အစ်မ Religion ကကော ”

“ ဟင် .. ကိုးကွယ်တဲ့ ဘာသာ ဖြည့်ရမှာလေ ”

ကျွန်မ စိတ်ထဲမှ ဘွဲ့ရ ဆိုသော မိန်းကလေးအား သေချာစူးစမ်းသည် ။ “  ဘယ်လိုများ ဘွဲ့ရလာပါလိမ့် ” ဟု စိတ်မှာ တွေးမိသည် ။

သူ့ကိုယ်ရေး အချက်အလက်တွေကို ကျွန်မ ဖတ်ကြည့်လိုက်သည် ။ ပထဝီဘာသာဖြင့် ဘွဲ့ရပြီးစ ဗုဒ္ဓဘာသာ မြန်မာမိန်းကလေး ။ နေရပ် လိပ်စာတွင် မကွေးမြို့ ဟု ရေးထားသည် ။

“ ညီမလေး လိပ်စာက မကွေးမြို့ လို့ ရေးထားတာ မကွေးမြို့ပေါ် ကလား ။ အခု ရန်ကုန် ကျတော့ ဘယ်မှာ နေတာလဲ ”

“ မကွေးမြို့ပေါ်က မဟုတ်ပါဘူး အစ်မ ။ မကွေးတိုင်းထဲက ရွာမှာပါ အစ်မ ။ အလွယ် ရေးလိုက်တာ ။ အခုက အဆောင်မှာ နေပါတယ် ”

ကျွန်မလည်း သန်းခေါင်စာရင်းမိတ္တူလေး ကိုင်ကာ သူမ မိသားစု အကြောင်း မေးမိသည် ။ အဖေ မရှိတော့သော မိသားစုမှ မောင်နှစ်မ ( ၃ ) ယောက် တွင် အငယ်ဆုံး သမီး ။ အစ်ကို အစ်မတွေက အိမ်ထောင်ကိုယ်စီ ကျနေပြီ ဖြစ်သည် ။ သူမက မကွေး မှ ရန်ကုန် သို့ လာကာ အဆောင်တွင် နေ၍ အထည်ချုပ်တွင် အလုပ်လာလုပ်နေခြင်း ဖြစ်သည် ။ အထည်ချုပ်တွင် လူစုံ ၊ စရိုက်စုံသောကြောင့် အလုပ်ပြောင်းဖို့ အလုပ်ရှာနေစဉ် ကျွန်မ ဆိုင်မှ အလုပ်ခေါ်တာ မြင်၍ လာလျှောက်ခြင်း ဖြစ်သည် ။ ကျွန်မ ကွန်ပျူတာ ရိုက်ခိုင်းကြည့်သည် ။ လက်ကွက်ပင် မရပေ ။ ဒီအတွက်တော့ ကျွန်မ စိတ်မပျက်ပါ ။ သူ တတ်ချင်သည့် ဆန္ဒရှိလျှင် ကွန်မ စနစ်တကျ ပုံစံကျအောင် သင်ပေးလိုက်ရင် ရသည် ။ အလွန်ဆုံး ( ၂ ) လ ယောက်တော့ သင်ရမည် ၊ ဘွဲ့ရအလုပ်သမားမို့ အတတ်မြန်နိုင်သည်လို့ ကျွန်မ တွေးနေဆဲ ဖြစ်သည် ။

“ ကွန်ပျူတာတော့ ညီမလေးရတာ သေချာပြီ ။ အဲဒါ ထားလိုက်တော့ ။ အစ်မက ညီမလေးကို ဗဟုသုတလေးတွေ မေးကြည့်မယ်နော် ”

ကွန်ပျူတာဆိုင် ဆိုတော့ အကြောင်းအရာအစုံ လာရိုက်ကြသည် ။ ဗဟုသုတများသူ ဆိုလျှင် လုပ်ငန်းအတွက် အဆင်ပြေသည် ။ တခါက ဦးလေး တစ်ယောက် ဂျာနယ်တွင် ထည့်ရန် ဆောင်းပါးတစ်ပုဒ် လာရိုက်သည် ။ ရုရှားသမ္မတအမည် “ ပူတင် ” ဟု ရေးထားသည်ကို “ ပူတင်း ” လို့ ရေးပေးလိုက်သည့် အဖြစ်တွေ ရှိဖူးတာကြောင့် ဗဟုသုတ ရှိခြင်းသည်လည်း အားသာချက် ဖြစ်သည် ။

ခုထိုတော့ ဘွဲ့ရဆိုသော မိန်းကလေးကို အင်တာဗျူးတာ ကျွန်မ ကျေနပ်လောက်သည့် အခြေအနေ မရှိသေးပေ ။ ကျွန်မ ဘက်ကသာ တစ်ထစ်ပြီး တစ်တစ် လျှော့ပြီး တွေးပေးလာခဲ့ရသည် ။

“ အစ်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့က ဘယ်နေ့လဲ ညီမလေး ”

“ လွတ်လပ်ရေးနေ့လား အစ်မ ”

“ အဲဒါ ဒီဇင်ဘာ ( ၂၅ ) ထင်တယ် အစ်မ ”

“ ဟင် .. ”

ကျွန်မ စိတ်ထဲမှာ မကျေနပ်ချင်တော့ ။ ဒီမေးခွန်း မေးမိတာ ကျွန်မ အမှားလား ။ မမှားဘူး ထင်ပါသည် ။ မြန်မာနိုင်ငံသား တစ်ယောက် အနေနဲ့ ကိုယ့်နိုင်ငံရဲ့ လွတ်လပ်ရေးနေ့ ကိုတော့ သိသင့်သည် ။ ကျွန်မက လွတ်လပ်ရေး ရသည့် ခုနှစ် မေးလို့ မရရင်ထားတော့ ။ ခုတော့ “ ဪ .... မိသားစု စားဝတ်နေရေး မပြေလည်တဲ့ မိသားစုက လာရသူမို့ ထင်ပါရဲ့ ” ဟု စိတ်မှာ ပြန်ဖြေ တွေးလိုက်သည် ။ အနားတွင် ချိတ်ထားသော ပြက္ခဒိန်အား ပေးကာ

“ ဒီဇင်ဘာ ၂၅ က ခရစ်စမတ်နေ့ မဟုတ်ဘူးလား ညီမရဲ့ ။ အစ်မတို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့လေ ”

သူမ ကျွန်မ ရှေ့တွင် ပြက္ခဒိန်ကို လှန်လှောကာ -

“ ဪ ဟုတ်တယ် ဟုတ်တယ် .. အဲဒါ ခရစ်စမတ်နေ့ကြီး ... လွတ်လပ်ရေးနေ့က ဇန်နဝါရီလ ၄ ရက်နေ့တဲ့ အစ်မ ”

ကျွန်မဟာက အင်တာဗျူးတာနှင့် မတူတော့ဘဲ စာသင်နေသလို ဖြစ်နေပြီ ။ ဆိုင်မှ ဝန်ထမ်းကလေးတွေက ကျွန်မတို့ စကားပြောနေရာ စားပွဲသို့ ကွက်ကြည့် ကွက်ကြည့်နှင့် အကဲခတ် နေကြသည် ။

“ အင်း ဟုတ်တယ် ။ ဖေဖော်ဝါရီ ( ၁၄ ) ရက်နေ့ကော ဘာနေ့လဲ သိလား  ”

သူမ မျက်နှာလေး ပြုံးလာသည် ။

“ သိတာပေါ့ အစ်မကလဲ ... ချစ်သူများနေ့လေ ”

အင်း ။ သင်းလေးက ဒါတော့ သိသားဟု စိတ်မှာတွေးလိုက်သည် ။

“ ဒါဆို ဖေဖော်ဝါရီ ( ၁၃ ) ကကော ဘာနေ့လဲ ”

သူ အဖြေမပေးနိုင်ဘဲ ပြက္ခဒိန်မှာ ဖေဖော်ဝါရီ ၁၃ ရက်ကို ကြည့်နေသည် ။

“ ဘာနေ့ မှ မဟုတ်ပါဘူး အစ်မရဲ့ ။ ဒီမှာလည်း ဘာမှ မရေးထားဘူး ”

“ ဪ ညီမရယ် ဖေဖော်ဝါရီ ( ၁၄ ) ချစ်သူများနေ့ကော ပြက္ခဒိန်ထဲ ရေးထားလို့လား ”

သူမ မျက်နှာသေလေးဖြင့်

“ အဲဒါကတော့ တစ်နိုင်ငံလုံး သိနေတာကိုး အစ်မရဲ့ ”

“ ဗုဒ္ဓေါ ... ”

မြန်မာနိုင်ငံ လွတ်လပ်ရေး ရအောင် ကြိုးစားပေးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့တော့ မသိ ။ ဘာမဟုတ်တဲ့ ချစ်သူများနေ့တော့ သိသည် ။ ခုခေတ်ကလေးတွေ ဗဟုသုတ နည်းပါးလာခြင်း အတွက် စိတ်မကောင်း ဖြစ်မိသည် ။

“ ဖေဖော်ဝါရီ ( ၁၃ ) က ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပါ မှတ်ထားလိုက်နော် ညီမလေး ငယ်ငယ်က ကဗျာလေးနဲ့ သင်ခဲ့ရတယ်လေ ”

“ ကြာတော့ မေ့သွားလို့ပါ အစ်မ ”

“ အင်း ... ဒါဆို ဇူလိုင်( ၁၉ ) ကော သိလား ညီမလေး .. ”

“ အဲဒါ သိတယ် အာဇာနည်နေ့ပါ အစ်မ ... ပြီးခဲ့တဲ့ အာဇာနည်နေ့က ညီမတို့ အာဇာနည်ကုန်းမှာ အလေးသွားပြုကြသေးတယ် ။ တစ်နေကုန်ပဲ အစ်မရယ် ”

“ ကောင်းလိုက်တာ ၊ အစ်မတော့ မသွားဖြစ်ပါဘူး ။ ဒါနဲ့ အာဇာနည် ဘယ်နှစ်ဦး ရှိလဲ ပြောပါဦး ”

“ ( ၉ ) ဦးလေ အစ်မ ... ”

“ အင်း ဟုတ်တယ်... အဲဒီ ( ၉ ) ဦး ပြောပါဦး ”

* ဗိုလ်ချုပ်အောင်ဆန်း ၊ ရဲဘော်မောင်ထွေး ၊ ဒီးဒုတ်ဦးဘချို ၊ မိုင်းပွန် စော်ဘွားကြီး စစ်စံထွန်း ၊ ဦးရာဇတ် နောက်တော့ နောက်တော့ နာမည်တွေတော့ သိပ်မမှတ်မိတော့ဘူး အစ်မရယ် ... ( ၉ ) ဦးတော့ ( ၉ ) ဦး ပဲ ”

ကျွန်မ သက်ပြင်းခိုးချမိသည် ။ အာဇာနည်ကုန်းမှာ အာဇာနည်ကြီးတွေကို အလေးသွားပြုတဲ့ ဒီမိန်းကလေး အာဇာနည်ကြီးတွေကို တကယ်ပဲ သတိတရ ဝမ်းနည်းသတိရစိတ်နဲ့မှ ဟုတ်ပါရဲ့လား ။ အပျော် သွားကြတာလား ။ ကျွန်မ အတွေးတွေ များနေမိသည် ။

“ ဒါဆို ညီမလေးက ပထဝီနဲ့ ကျောင်းပြီးတော့ ပထဝီနဲ့ ပတ်သက်တာလေး မေးမယ် ။ မကွေးတိုင်းရဲ့ မြို့တော်က ဘာလဲ ညီမလေး ”

သူမ မျက်လုံးလေး ကလယ် ကလယ်ဖြင့် ကျွန်မအား ကြည့်နေသည် ။ ပြီးမှ

“ မကွေးတိုင်းရဲ့ မြို့တော်က မကွေးမြို့ ထင်တယ် အစ်မ ”

ကျွန်မလည်း စိတ်အနည်းငယ် ညစ်စ ပြုနေပါပြီ ။ ဘွဲ့ရ တစ်ယောက် ဖြစ်ပြီး ကိုယ့်နိုင်ငံရဲ့ အကြောင်းကို သေချာ မလေ့လာသူ ဖြစ်သည် ။ လူအများသည် ဘဝရဲ့ မပြည့်စုံမှုကို အပြစ်လွဲချတတ်ကြသည် ။ တချို့အရာတွေသည် ငွေမလိုဘဲ လေ့လာ သင်ယူမှတ်သား လိုသော ဆန္ဒတစ်ခုသာ လိုပါသည် ။

“ ထင်တယ် မလုပ်ပါနဲ့ ညီမရယ် ။ ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ဖြေမှပေါ့ ”

စကားပြောရင်း အနည်းငယ် ရင်းနှီးလာသောအခါ သူမသည် သက်တောင့်သက်သာ ရယ်မောတာကို ကျွန်မ တွေ့ရသည် ။

“ ညီမလေးက ဗုဒ္ဓဘာသာနော် ”

“ ဟုတ် အစ်မ ...”

“ အဲဒါဆို အစ်မတို့ အခု ကိုးကွယ်နေတဲ့ ဘုရားရဲ့ ဘွဲ့တော်က ဘာလဲ ညီမလေး သိလား ”

“ ဗုဒ္ဓလေ အမ ”

“ မဟုတ်ဘူးလေ ညီမရဲ့ အဲဒီ ဗုဒ္ဓဘုရားရဲ့ ဘွဲ့တော်ကို ပြောတာ ”

“ မသိဘူး အစ်မ ”

“ ဒါဆို ဘုရားရဲ့ ကြင်ယာတော်ကော သိလား ”

“ ကောတမီလား အစ်မ ”

“ မိထွေးတော် ကမှ ဂေါတမီလေ ညီမလေး ။ ကြင်ယာတော်ကို မေးတာ ”

“ ဟီး .. မသိဘူး အစ်မ ”

“ ဒါဆို ဘုရားရဲ့ သားတော်ပဲ ပြောတော့ ” 

မိန်းကလေးက ရယ်လျက် -

“ အဲဒါလည်း မသိဘူး အစ်မ ”

ကျွန်မတို့ ဗုဒ္ဓဘာသာတွေဟာ ဗုဒ္ဓဘာသာ လို့သာ အမည်ခံထားကြသည် ။

ဗုဒ္ဓ အဆုံးအမကိုအား လိုက်နာဖို့ ဝေးစွ ။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်သော အသေးအဖွဲ့လေးတောင်မှ သိအောင် မကြိုးစားကြပါ ။ ဒါတွေက အလုပ်နဲ့ ဘာဆိုင်သလဲ မေးလျှင် ကျွန်မ ကတော့ ဆိုင်ပါသည် ။ လူတစ်ယောက်၏ ကိုယ်ရည်ကိုယ်သွေးသည် အလုပ်တစ်ခု အတွက် တွေးတောကြံဆမှု မှတ်သားလေ့လာမှု အားလုံးအတွက် အဓိကမို့ ကျွန်မ အတွက် ဝန်ထမ်းတို့ကို ထိုသို့ ထိုသို့ မေးမိခြင်းဖြစ်ပါသည် ။

“ ညီမ မသိတာတွေ အရမ်း များတာပဲနော် ။ ညီမ သိသင့်တာတွေ အများကြီးပဲ ”

“ ညီမကို ဘယ်တော့ အလုပ်ခန့်မှာလဲ အမ ”

ကျွန်မ မည်သို့ စကားပြန်ရမည်နည်း ။

“ အစ်မတို့ ဘက်က အလုပ်ခန့်မယ်ဆို မနက်ဖြန် ညီမလေးကို ဖုန်းပြန်ဆက်မယ်နော် ”

“ ဟုတ်ကဲ့ ညီမကို ပြန်ခွင့်ပြုပါဦး အစ်မ ”

“ ကောင်းပါပြီ ညီမလေးရယ် ”

မိန်းကလေးသည် အလုပ်ချိန်နှင့်လစာ မည်မျှ ရမည်ကိုလဲ မေးမသွားပါ ။ ကျွန်မလည်း မပြောဖြစ်လိုက်ပါ ။

••••• ••••• •••••

ကျွန်မ ဆိုင်တွင်တော့ “ ဝန်ထမ်းအလိုရှိသည် ” ဆိုသည့် ဆိုင်းဘုတ်ကလေးကို ယနေ့တိုင် ချိတ်ဆွဲထားဆဲ ဖြစ်ပါသည် ။

▢  လေးနွယ် ၊ ဒဂုံ  ၊
📖 တစ်ယောက်တစ်ဘဝ ( ၃ )