❝ မန္တလေးက ဦးကြည်မြ ❞
“ စာဖတ်သူများနှင့် တွေ့ဆုံပေးခြင်း ” ကဏ္ဍအတွက် ဒီလ ရွေးချယ်ထားတဲ့သူကတော့ မန္တလေးမှ သတင်းစာဆရာ ၊ စာရေးဆရာ ဆရာဦးကြည်မြ ပဲ ဖြစ်ပါတယ် ။ ဆရာ ဦးကြည်မြ က ဝတ္ထုတိုနဲ့ ကဗျာတွေပဲ ရေးပါတယ် ။ ဝတ္ထုရှည် ကိုတော့ ( ၁၉၄၅ - ၄၆ ) လောက်ကပဲ ရေးခဲ့ဖူးတာ ဆိုတော့ ဒီနေ့ လူငယ် စာဖတ်ပရိသတ်များ အနေနဲ့ ဆရာ့ ဝတ္ထုရှည်တွေ ကိုတော့ ဖတ်နိုင်ခွင့် မကြုံခဲ့ကြပါဘူး ။ ဝတ္ထုတိုတွေ ကတော့ သောင်းပြောင်းထွေလာ ၊ ရှုမဝ စတဲ့ မဂ္ဂဇင်းတွေမှာ မကြာခဏ ပါခဲ့ပါတယ် ။ ဒီလ ကျွန်တော်တို့ ပေဖူးလွှာမှာလည်း စာဆိုတော်လ အထူးအစီအစဉ် အဖြစ်နဲ့ ရေးပေးထား တဲ့ “ ငယ်ပေါင်းယဉ်ဟန်ကြွယ်တဲ့ ” ကို ဖော်ပြပေးထားပါတယ် ။
ဆရာ ဦးကြည်မြ က ကျောင်းသားလှုပ်ရှားမှုတွေမှာ ခေါင်းဆောင်ပိုင်းက ပါဝင် လှုပ်ရှားခဲ့ဖူးသလို ကျောင်းဆရာ ၊ နိုင်ငံရေးသမား ၊ သတင်းစာသမား ၊ တော်လှန်ရေးအစိုးရ အကြံပေးအဖွဲ့ ဥက္ကဋ္ဌ ၊ ပြည်သူ့တရားသူကြီးအဖွဲ့ အဖွဲ့ဝင် စတဲ့ နိုင်ငံတော် တာဝန်တွေကိုလည်း ဦးလည်မသုန် ထမ်းဆောင်ခဲ့ပါတယ် ။ အခုတော့ နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ချီးမြှင့်ခံရပြီး အငြိမ်းစားဘဝနဲ့ မွေ့လျော်နေပါတယ် ။
••••• ••••• •••••
“ စာ စရေးဖြစ်တာကတော့ ကဗျာတစ်ပုဒ်က စတာပဲ ။ အဲဒီ ကဗျာက စစ်ပြီးခေတ်မှာ မန္တလေးသားတွေ အနေနဲ့ အမြတ်တနိုးထားတဲ့ နန်းတော်ကြီး မီးလောင်ခံရတော့ ဒီနန်းတော်နဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ ကဗျာ ပါပဲ ။ “ ပြာဖုံးတဲ့နန်း ” လို့ ခေါင်းစဉ် တပ်ထားတယ် ။ ဒီကဗျာရေးတာက ၁၉၄၅ ခုနှစ်ပေါ့ ။
ပြီးတော့ “ သဲကြွေလုဖန် ” ဆိုတဲ့ ဝတ္ထုရှည်တစ်ပုဒ် ရေးတယ် ။ သုတ ဖြန့်ချိရေး ( မန္တလေး ) က ထုတ်တာ ။ ဝတ္ထု နဲ့ ပတ်သက်လို့တော့ ဒါ ပထမဆုံးပေါ့ ”
“ ဆရာ ဘယ်အရွယ် လောက်က ရေးပါသလဲ ”
“ အသက် ၂၅ နှစ်လောက် ရှိပါပြီ ။ အဲဒီနောက် ရဲဘော်က ထုတ်တဲ့ မဂ္ဂဇင်း ၊ ပြည်ညွန့်မဂ္ဂဇင်း ၊ ဘဝသစ် ဂျာနယ်တွေမှာ မဂ္ဂဇင်းဝတ္ထုတွေ ၊ ကဗျာတွေ ရေးခဲ့တယ် ။ အယ်ဒီတာ ဝင်လုပ်သေးတယ် ။ ဆရာကြီး မြမျိုးလွင်တို့ တစ်မတ်တန်ဝတ္ထု ရေးနေတဲ့ အချိန်တုန်းက မန္တလေးက ထုတ်တဲ့ ပြည်ညွန့် မဂ္ဂဇင်းပေါ့ ။ မန္တလေးက ကိုဘညွန့် ဆိုတဲ့ ပုဂ္ဂိုလ်က ထုတ်ခဲ့တာ ။ အဲဒီမှာ ကိုဘသောင်း ( အရင် လုပ်သားသတင်းစာ အယ်ဒီတာ ) က အယ်ဒီတာ ၊ ကိုယ်က သူ့တွဲဖက်ပေါ့ ။ ပြည်ညွန့်မှာ အယ်ဒီတာ လုပ်နေတဲ့ အချိန်မှာ ကိုယ်က နိုင်ငံရေး လုပ်နေပြီ ။ လူငယ်အစည်းအရုံး လုပ်နေပြီ ။ အဲဒီတုန်းက ရှုမဝ က ဆိုက်သေးသေးလေးပဲ ရှိသေးတယ် ။ ရှုမဝ တို့ ၊ ပဒေသာမဂ္ဂဇင်း တို့ကိုလည်း ဝတ္ထုတွေ ၊ ကဗျာတွေ လှမ်းပို့တယ် ။ သွေးသောက် လည်း ပို့တယ် ။ အဲဒီတုန်းက ထွက်သမျှ မဂ္ဂဇင်းတွေမှာ ကိုယ့်စာတွေ ပါဖူးတာချည်းပါပဲ ။ ဒါပေမဲ့ တကယ် ဝါသနာပါတာက နိုင်ငံရေးပဲ ဆိုတော့ ဝတ္ထုကို သိပ်မရေးဖြစ်ဘူး ။ ကိုယ် ပြောချင်တာ ၊ ဖြစ်စေချင်တာတွေကို ကဗျာတွေ ၊ ဝတ္ထုတွေက တင်ပြချင်လို့သာ စာရေးဖြစ်တာကိုး ။ ဒါကြောင့် ကိုယ်ရေးတဲ့ စာတွေဟာ အကြောင်းမဲ့ ရေးတာ မပါဘူး ။ ကိုယ့်ခံစားချက် ၊ သို့မဟုတ် တစ်ယောက်ယောက်ရဲ့ ဖြစ်ပျက် ခံစားချက်ကို ကိုယ်စား ရေးပေးတာပဲ ရှိတယ် ”
“ ဆရာနဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ စာရေးဆရာတွေက ... ”
“ ကိုယ်နဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ သူတွေက ကိုသာဓု ၊ သော်တာဆွေ ၊ မင်းရှင် ၊ မင်းရှင်နောင် ၊ သန်းဆွေ ကတော့ နည်းနည်း နောက်ကျတယ် ။ နောက် မိုးဝေ ၊ သူတို့က ကိုယ်နဲ့ ခေတ်ပြိုင် စာရေးဆရာတွေပဲ ။ သို့သော် သူတို့က ရန်ကုန်မှာ နေပြီး ရေးကြတဲ့သူတွေ ။ ကိုယ်က မန္တလေး မှာ ။ မန္တလေး က နှင်းဦး ၊ မာလာ တို့လည်း ကိုယ်နဲ့ ခေတ်ပြိုင်ပဲ ။ ကိုယ့်ရည်ရွယ်ချက်ကိုက စာပေ နဲ့ အသက်မွေးမယ်လို့ ရည်ရွယ်ချက် မရှိဘူး ။ ကြုံတဲ့ အခါမှာ ကိုယ် ရေးမယ်ဆိုတဲ့ သဘောမျိုးပဲ ရှိတယ် ”
“ ကြုံကြိုက်တုန်းမှာ တစ်ခု မေးပါရစေ ဆရာ ။ ဆရာတို့ ခေတ်ကရော ဒီနေ့ ခေတ်မှာပါ မန္တလေးက စာပေအသိုင်းအဝိုင်း နဲ့ ရန်ကုန်က စာပေအသိုင်းအဝိုင်းဟာ တော်တော်လေး အလှမ်း ကွာနေပါတယ် ။ အဲဒီတော့ မန္တလေး က စာပေဝါသနာရှင်တွေ အတွက် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားလို့ ရအောင် ဘယ်လို စီစဉ်ရင် ရနိုင်မယ် ထင်ပါသလဲ ”
“ မလွယ်ဘူးကွ ။ စာပေလုပ်ငန်းနဲ့ ပတ်သက်ပြီး ဂျာနယ် ၊ မဂ္ဂဇင်း ၊ လုံးချင်းကိစ္စ အားလုံးက ရန်ကုန် မှာပဲ ရှိ နေတာကိုး ။ ပြီးတော့ မန္တလေး မှာက စာပေဝါသနာရှင်တွေအတွက် ကလောင်သွေးနိုင်မယ့် အခြေခံ Platform မရှိဘူး ။ ကိုယ်ကိုယ်တိုင်ပဲ ဒီနေ့ထိ ဝတ္ထုရေးတာ အပုဒ်ကိုးဆယ် ၊ တစ်ရာလောက်ပဲ ရှိမယ် ။ ဘာ ကြောင့် နည်းရသလဲ ဆိုတော့ မပို့ဖြစ်တာ ကြောင့်ဘဲ ။ ပို့လိုက်ရင်လည်း ပျောက်တာနဲ့ ဘာနဲ့ ကြာတော့ စိတ်ပျက်ပြီး မပို့ဖြစ်တော့ဘူး ။ မန္တလေးမှာ ကိုယ်ပိုင် ပုံနှိပ်စက်တို့ ဘာတို့ ရှိရင်တော့ လုပ်ဖြစ်ချင် လုပ်နိုင်လိမ့်မယ် ။ ဥပမာ - ကိုချစ်ညို တို့ လိုပေါ့ ။
စာပေနဲ့ အသက်မွေးမယ် ဆိုရင်တော့ မန္တလေး မှာ နေတာထက် ရန်ကုန် က ပိုကောင်းတယ် ။ ဘာကြောင့်လဲ ဆိုတော့ ဒီနေ့ စာပေရဲ့ နယ်ပယ်ဟာ ရန်ကုန် မှာပဲ ရှိတယ် ။ ဟိုတုန်းက ဆိုရင် လူထုဂျာနယ်တို့ ဘာတို့ ရှိနေတယ် ။ ပြီးတော့ သတင်းစာတွေလည်း ရှိတယ် ။ ခုတော့ ဒါမျိုး မန္တလေးမှာ လုံးဝ မရှိတော့ မန္တလေး က စာပေသမားတွေ အတွက် စာပေနယ်ဟာ ကျဉ်းသွားသလိုပဲပေါ့ ”
“ ဆရာ သတင်းစာအယ်ဒီတာ လုပ်ရာကနေ ... ”
“ အဲဒီကနေပြီး ကိုယ်က ဝတ္ထုရေးရင်း ၊ ကဗျာရေးရင်းနဲ့ပဲ သတင်းစာ အယ်ဒီတာ ဝင်လုပ်တယ် ။ နောက်ပိုင်း ကိုသန်းမောင် နဲ့ ကိုယ် ဝါဒချင်း မတူတော့ တခြားစီ ဖြစ်သွားကြတယ် ။ ၁၉၄၉ ကနေ ၁၉၅၇ လောက်ထိ မြန်မာ့လမ်းစဉ်မှာ ကိုယ် လုပ်ခဲ့တယ် ။
နောက် အာရှ - အာဖရိက စာရေးဆရာ ညီလာခံ တက်ခွင့်ရခဲ့တယ် ။ မန္တလေးက ကိုယ် ရယ် ၊ ကိုချစ်ညို ရယ် တက်ခွင့်ရတာ ။ ကိုချစ်ညို က ရန်ကုန် ရောက်မှ စိတ်ပျက်ပြီး ပြန်သွားတယ် ။ ကိုယ် နဲ့ အတူတူ စိန်ခင်မောင်ရီ ၊ ဒေါင်းနွယ်ဆွေ ၊ ကိုဘဝင်း ၊ တက္ကသိုလ်မြတ်သူ ၊ ဆရာကြီး ဇေယျ ၊ ကိုသာညွန့် တို့ သွားကြတယ် ။
ပြန်လာတော့ ဝတ္ထု ရေးလိုက် ၊ ကဗျာ ရေးလိုက်နဲ့ နေလာလိုက်တာ ၁၉၆ဝ ပြည့်နှစ်မှာ အကြောင်းလေး တစ်ခုကြောင့် တရားရိပ်သာကို ရောက်သွားတယ် ။ ရိပ်သာမှာ ဒုလ္လဘရဟန်းခံပြီး လူထွက်လာတော့ ဗဟိုစည် သတင်းစာမှာ ရိပ်သာက အတွေ့အကြုံကို အပတ်စဉ် ရေးလာလိုက်တာ စာဖတ်ပရိသတ်က ဒါကို လုံးချင်း ထုတ်ပါလို့ တိုက်တွန်းကြတာနဲ့ “ မဟာဗောဓိမြေမှ သံသရာတိုက်ပွဲ ” ဆိုတဲ့ နာမည်နဲ့ ဘာသာရေး စာအုပ် ထုတ်ခဲ့ဖူးတယ် ”
“ ဆရာ ရေးခဲ့တဲ့ စာတွေထဲမှာ ဝတ္ထုတို ရေးတာ များတယ်နော် ”
“ ဟုတ်ပါတယ် ။ အတို ရေးတာပဲများတယ် ။ ဒါပေမဲ့ အခု ရှာမတွေ့တော့ဘူး ။ မန္တလေးက ၁၉၄၇ ခုနှစ်လောက်မှာ ထုတ်ခဲ့တဲ့ “ ဂွဂျာနယ် ” ထဲက “ ဪ စီးကရက် ” ဆိုတဲ့ဟာမျိုးလေးတွေ ဆိုရင် ပြန်လိုချင်တယ် ။ ဒီ ဝတ္ထုက အင်္ဂလိပ် ၊ အမေရိကန် ပြန်ဝင်လာတဲ့ အချိန်မှာ စီးကရက်တွေ သိပ်ပေါတော့ ဗမာဆေး လိပ်ခုံတွေ ပျက်စီးသွားတယ် ။ ဆေးလိပ် လိပ်ပြီး အမေနဲ့ မောင် ညီမလေးကို လုပ်ကိုင် ကျွေးမွေးနေရတဲ့ ဆေးလိပ်သမလေး ဘဝပျက်ပြီး “ ကြက်တန်း ” ရောက်သွားတာ ရေးထားတာပဲ ။
မန္တလေး “ ဘဝသစ် ” ဂျာနယ်မှာ ပါဖူးတဲ့ “ ဪ ဒီမိုကရေစီ ” ဆိုတာမျိုးလည်း ပြန်လိုချင်တယ် ။ ရှာမတွေ့တော့ဘူး ။ သူက အများစု လုပ်တိုင်း မှန်သလား ဆိုတာ ရေးထားတာပါ ။ တကယ့် အဖြစ်အပျက်ကလေးပဲ ။ ဘယ်ကင်း ဆိုတဲ့ ရွာကလေးမှာ စစ်ပြေးလာတဲ့ အရာရှိ အရာခံတွေရဲ့ သမီးလေးတွေ ၊ ချောပေ့ ဆိုတဲ့ ခြောက်ယောက် လောက်ကို ဂျပန်ကင်ပေက စပိုင် ဆိုပြီး ဆွဲလာတယ် ။ နောက် ဆေးလိပ်လိပ်တဲ့ ကောင်မလေး တစ်ယောက်လည်း ဆွဲလာတယ် ။ အားလုံး ကောင်မလေး ခုနစ်ယောက်ပေါ့ ။
ဂျပန်ဗိုလ်က တစ်ည တစ်ယောက် ထုတ်ထုတ်ပြီး ပျော်ပါးတယ် ။ ခြောက်ယောက်လုံး ပျော်ပါးပြီးပြီ ။ ဆေးလိပ်သမလေး တစ်ယောက်ပဲ ကျန်တော့တယ် ။ သူ့မှာလည်း ရည်းစား ရှိတယ် ။ သူ့အလှည့်ကျတဲ့ ညမှာပဲ မမျှော်လင့်ဘဲ တံတားဦး ( မန္တလေး ) ဘက်က စစ်က ပြိုလာတော့ ကင်ပေတိုင်တွေ ထွက်ပြေးရတယ် ။ ကောင်မလေးတွေ လွတ်လာကြတယ် ။ အင်္ဂလိပ်ခေတ် ရောက်တော့ ကျောက်ဆည် တစ်မြို့လုံးက ဆေးလိပ်သမလေးကို ဂျပန်နဲ့ ခုနစ်ရက်လုံးလုံး ဖြစ်ခဲ့တယ် ဆိုပြီး ဝိုင်းသမုတ်ကြတယ် ။ ဟို ခြောက်ယောက်က ဘာမှ အပြော မခံလိုက်ရဘူး ။ တကယ်ဖြစ်တာက သူတို့ ခြောက်ယောက်ပါ ။ ဒါပေမဲ့ သူတို့က ညှိပြီး သတင်းလွှင့်လိုက်ကြတော့ ဟိုကလေးမလေး ခမျာ မဟုတ်ဘဲနဲ့ ခံလိုက်ရတယ် ။ ရည်းစား ကလည်း မသတီလို့ မယူတော့ဘူး ။ အဲဒီတော့ ခြောက်ယောက်နဲ့ တစ်ယောက် အများက ပြောတိုင်း မှန်ပါ့မလား ဆိုတာကို ရေးခဲ့တာပဲ ။
ပြည်ညွန့် မှာလည်း “ ကယ်ဖူးတယ် ” ဆိုတဲ့ ဝတ္ထုတို တစ်ပုဒ် ရေးဖူးတယ် ။ ကိုယ်နိုင်ငံရေး လုပ်နေတုန်း ဆိုင်းတန်းဘက်မှာ ကောင်မလေး တစ်ယောက် မတရား ချုပ်နှောင်ခံရပြီး ခိုင်းစား ခံနေရတယ်လို့ စာပစ်ကြတာနဲ့ ကိုယ်တို့ ဝိုင်းဖမ်းကြတယ် ။ အရာရှိအရာခံ သားသမီးပဲ ။ ရွှေဘို က ။ ဒါနဲ့ ကိုယ်တို့ထဲက ရဲဘော်တစ်ယောက် ကို တာဝန်ပေးပြီး ရွှေဘို လိုက်ပို့ခိုင်းလိုက်တယ် ။ လိုက်ပို့ခိုင်းတဲ့ ရဲဘော်က ပြန်မရောက်လာသေးဘူး ။ ကောင်မလေး က တခြားအိမ် တစ်အိမ် ပြန်ရောက်နေတာ တွေ့ရတယ် ။ အဲဒါလေး ရေးထားတာပါ ”
“ ဆရာက အဲဒီလို တွေ့ဖူး ကြုံဖူးတာလေးတွေချည်း ရေးတယ်ဆိုတော့ မှတ်စုနဲ့များ သီးခြား မှတ်ထားတတ်သလား ”
“ မရှိပါဘူး ။ ခေါင်းထဲမှာ မှတ်ထားပြီး ကြုံလာမှ ဒါလေး ကောက်ရေးတာပဲ ”
“ စာရေးပြီးရင် တချို့ ပြန်ချော ပြန်ကူးလေ့ရှိတယ် ။ တချို့ကတော့ လက်တန်းပဲတစ်ခါတည်း ရေးကြတယ် ။ ဆရာကော ဘယ်လို ရေးပါသလဲ ”
“ နှစ်မျိုးစလုံးပါပဲ ။ တစ်ခါတလေကျတော့ ပြန်ချောတယ် ။ တစ်ခါတလေတော့လည်း လက်တန်း ရေးလိုက် တာပဲ ။ တစ်နေ့ ကပဲ ကိုယ်တွေ့ဝတ္ထုတစ်ပုဒ် ရေးလိုက်သေးတယ် ။ ကားဝယ်တာ တပည့် တစ်ယောက်က ညာသွားလို့ “ ကားဝယ်ရင် ကျွန်တော့်ကို တိုင်ပင်ပါ ” ဆိုပြီး သောင်းပြောင်းမှာ ပို့ထားတယ် ။ အဲဒါလေးက တစ်ထိုင်တည်း ရေးတာပဲ ။ တစ်ခါတလေလည်း နှစ်ကြိမ် ၊ သုံးကြိမ် ပြန်ရေးရတာတွေ ရှိပါတယ် ”
“ ဝတ္ထု ဖြစ်ဖြစ် ၊ ကဗျာ ဖြစ်ဖြစ် ရေးရင် တချို့ကတော့ အကြောင်းအရာက အဓိကကျတယ်လို့ ဆိုပြီး တချို့ကတော့လည်း တင်ဆက်ပုံက အဓိကကျတယ်လို့ပြောတယ် ။ ဆရာ ကကော ဘယ်ဟာကို ဦးစားပေး ပါသလဲ ”
“ လူတွေ ဖတ်ချင်အောင် ရေးတဲ့ နေရာမှာ အကြောင်းအရာက သိပ်ပြီး အဓိကမကျပါဘူး ။ အကြောင်းအရာ သေးသေးငယ်ငယ် မဖြစ်စလောက်ကလေးကိုပဲ ဖတ်ချင်စဖွယ် ဖြစ်အောင် ရေးတတ်ရင်လည်း ဖြစ်သွားတာပဲ ။ ကိုယ့်အမြင် ပြောတာပါ ။
ဘယ်လောက်ပဲ ခိုင်လုံတိကျတဲ့ အကြောင်းအရာ ဖြစ်ပါစေ ၊ သူ့ တင်ဆက်ပုံ မကောင်းရင် ဖတ်ချင်စဖွယ် ဖြစ်မလာနိုင်တော့ဘူး ။ ရုပ်ရှင်ကား တစ်ကားမှာ မင်းသား ၊ မင်းသမီး ကောင်းပါလျက်နဲ့ ဒါရိုက်တာက တင်ဆက်ပုံ မကောင်းရင် ကားကောင်းတစ်ကား ဖြစ်မလာနိုင်သလိုပါဘဲ ။
နှစ်ခုစလုံး ကောင်းရင်တော့ အကောင်းဆုံးပါပဲ ။ အကြောင်းအရာ ကလည်း ကောင်းမယ် ။ တင်ဆက်ပုံ ကလည်း ကောင်းမယ် ဆိုရင်တော့ စာဖတ်သူ အတွက် အကျိုးရှိတာမျိုး ကိုယ်တို့ကတော့ အဲဒီလိုပဲ ရေးတယ် ။ ခိုင်လုံတဲ့ အကြောင်းအရာ တစ်ခု ရှာတယ် ။ ပြီးတော့ တင်ဆက်ပုံ ကွင်းဆက်ညီအောင် ရေးတယ် ။ အဲဒီလို လုပ်မှလည်း ကောင်းမယ်လို့ ယူဆတယ် ။
ဖတ်ချင်စဖွယ်ကောင်းအောင် ရေးကြမယ် ဆိုရင်တော့ တင်ဆက်ပုံ ကောင်းရမယ်ပေါ့ ။ လက်ထဲက မချနိုင်ဘူး ဆိုတာမျိုးပေါ့ ။ ကိုမိုးသူ တို့ ဘာသာပြန်တဲ့ စာအုပ်တွေဆိုရင် ( သူလည်း ဝန်ခံထားပါတယ် ) လက်ထဲ မချနိုင်လောက်အောင် တစ်ထိုင်တည်း ဖတ်ချင်ကြတာပဲ ။ ပြီးသွားရင်တော့ ခေါင်းထဲမှာ မရှိတော့ဘူးပေါ့ ။
ရုပ်ရှင်များလိုပေါ့ ။ ဥပမာ ... တစ်နေ့က ပြသွားတဲ့ “ မြင်းမိုရ်ထက်မြင့်သော ” ဆိုရင် ဒီနေ့ထက်ထိ ရင်ထဲမှာ စွဲနေတယ် ။ အကြောင်းအရာရော တင်ဆက်ပုံပါ ကောင်းတာကိုး ။ တချို့ ရုပ်ရှင်တွေကျတော့ ရုံထဲမှာတော့ လက်ခုပ်သံ တဖြောင်းဖြောင်းနဲ့ စိတ်ကို ကြွစေတာကိုး ။ ဒါပေမဲ့ ရုံပြင် ရောက်တာနဲ့ တစ်ပြိုင်နက် ဇာတ်လမ်းကို မသိတော့ဘူး ။ ဘာမှ မကျန်တော့ဘူး ။ အကြောင်းအရာနဲ့ တင်ဆက်ပုံ ကွာခြားမှုကို ကိုယ်တော့ အဲဒီလိုပဲ မြင်တယ် ”
“ ဆရာ ရုပ်ရှင်ဇာတ်ညွှန်းလည်း ရေးဖူးတယ်နော် ”
“ ရေးဖူးပါတယ် ။ “ သက်ထားဆိုသော မိန်းမချော ” ရုပ်ရှင်ကားက ကိုယ့်ဝတ္ထု “ သက်ထား ” ကို ရိုက်တာပဲ ။ ဒီကားအတွက် ဇာတ်ညွှန်း ရေးပေးခဲ့တယ် ။ ရုပ်ရှင်ဇာတ်ညွှန်း ခြောက်ခုလောက် ကိုယ်တိုင် ခွဲပေးခဲ့ဖူးတယ် ။ လေးပုဒ် လောက်ကတော့ ဝတ္ထုပဲ ပေးခဲ့တာပဲ ”
“ ဇာတ်ညွှန်း ရေးတဲ့ ပုံစံနဲ့ ဝတ္ထုရေးတဲ့ ပုံစံက မတူတော့ တချို့က ပြောကြတယ် ။ ဇာတ်ညွှန်း ရေးပါ များလာရင် ဝတ္ထုရေးတဲ့ ပုံစံမှာ ထိခိုက်လာတယ်တဲ့ ။ ဟုတ်ပါသလား ဆရာ ”
“ ဖြစ်နိုင်တယ် ။ ကိုယ်ကတော့ မဖြစ်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဆက်တိုက်ရေးတာ မဟုတ်တော့ ဇာတ်ညွှန်း ရေးတဲ့နည်းက ဝတ္ထုရေးရာမှာ လာပြီး မလွှမ်းမိုးနိုင်ခဲ့ဘူး ။ အများကြီး ရေးတဲ့သူ အဖို့ကတော့ ပျက်သွားနိုင်ကြတယ် ။
ကိုယ်ကတော့ စုံတယ် ။ ဆောင်းပါးတွေလည်း အများကြီး ရေးခဲ့တယ် မဟုတ်လား ။ ဆောင်းပါး ရေးသားပုံက အကြောင်းအရာ တစ်ခုကို တင်ပြပုံနဲ့ ဝတ္ထုက တင်ပြပုံ မတူဘူး ။ ဆောင်းပါးတွေ အများကြီး ရေးပြီး ဝတ္ထုရေးရင် တစ်မျက်နှာတောင် တော်တော်နဲ့ မပြီးတော့ဘူး ။ အရေးအသားတွေ ခွကျကုန်တယ် ။
ကိုဝင်းငြိမ်း မေးတဲ့ ရုပ်ရှင်ဇာတ်ညွှန်း နဲ့ ဝတ္ထု လည်း အဲဒီလိုပဲ ဖြစ်လိမ့်မယ် ။ ကိုယ်ကတော့ အများကြီး ရေးတာ မဟုတ်လို့ မဖြစ်ဘူး ။ ဥပမာ - တက္ကသိုလ်မောင်လှသူ လို ၊ ကိုကို လို များများစားစား ရေးလာရင်တော့ ဖြစ်မယ် ထင်တယ် ။ ဆောင်းပါး များများ ရေးလာရင်တောင် ဝတ္ထု မှာ ခက်လာတယ် ။ ဆောင်းပါး က နွဲ့နွဲ့ရေးတာမှ မဟုတ်ဘဲ ၊ ခပ်ပြတ်ပြတ် ရေးတာကိုး ။ ဗဟိုစည် မှာတုန်းက တစ်လကို ဆောင်းပါး ဆယ့်ခြောက်ပုဒ်လောက် ရေးနေရာ ကနေ ဝတ္ထု တစ်ပုဒ်လောက် လုပ်စမ်းပါဗျာ ဆိုရင် ခက်ရော ။ တော်တော် လက်သွေးယူရတယ် ”
“ ဆရာ ဝတ္ထုတို ရေးတာ များတယ် ဆိုတော့ ဝတ္ထုရှည် နဲ့ ဝတ္ထုတို ဘယ်လို ကွာခြားသလဲ ဆရာ ”
“ ဝတ္ထုတို က ခက်တယ် ၊ အရှည်က ဒါလောက် မခက်ဘူး ။ ဝတ္ထုတိုက ဖူးစကတ်စက္ကူ ဆယ်မျက်နှာလောက် အတွင်းမှာ အကြောင်းအရာကို မိအောင် ရေးရတာကိုး ။ ဒီနေရာမှာ ကန့်သတ်ချက် ဘောင်အတွင်း ရေးတတ်ဖို့ သိပ်လိုတယ် ။ ကိုယ် ရေးလိုက်တာကို ဖတ်တဲ့သူက ကွက်ခနဲ ကွင်းခနဲ မြင်အောင် ရေးနိုင်ရမယ် ။
ဝတ္ထုရှည် ဆိုတာက စာမျက်နှာ အများကြီး ရတဲ့ ရေးနည်းပဲ ။ ကိုယ့် အတွေ့အကြုံအရတော့ ဝတ္ထုတို က ခက်တယ် ။ ဝတ္ထုရှည် ဆိုတာ အချိန်သာရရင် ရေးလို့ ရတယ် ”
“ ဆရာ ဘာဖြစ်လို့ ဝတ္ထုရှည် မရေးတာလဲ ”
“ ရှင်းရှင်း ပြောရရင်တော့ ပျင်းလို့ပါ ။ အကြာကြီး ရေးပြီး စောင့်နေရတာကို မလုပ်ချင်ဘူး ။ ကိုယ့်ဝသီက တစ်မျိုးပဲ ။ ကိုယ်ရေးတာကို ပါလာပြီးမှ နောက်တစ်ပုဒ် ရေးချင်တဲ့စိတ် ရှိတယ် ။ ဒါကြောင့်လည်း မန္တလေး မှာ နေတုန်းက ဝတ္ထု မရေးဖြစ်တာဘဲ ။ “ သက်ထား ” ရေးတုန်းကဆို ဆရာကြီး မြမျိုးလွင် က ထုတ်တာ ။ “ ဟေ့ကောင် ရေးကွာ ” တဲ့ ။ အဲဒီတုန်းက အိမ်မှာ ကလေးပုခက် လွှဲရင်းကို ရေးခဲ့တာပဲ ။ သူက ထုတ်မှာ သေချာတာ ကိုး ။ ကျောင်းက ပြန်လာ ၊ ကလေးထိန်းလိုက် ၊ ထမင်းချက်လိုက်နဲ့ပဲ ရေးခဲ့တာပဲ ၊ ဒါ ကိုယ့် အကျင့်ပဲ ။ မကောင်းဘူးပေါ့ကွာ ”
“ ကျောင်းက ပြန်လာတယ်လို့ ဆရာ ပြောလိုက်တာ ကျောင်းဆရာ လုပ်တာပြောတာလား ”
“ ဟုတ်တယ် ၊ ဇော်ဝမ်း တို့ အမေ ဒေါ်မြမြ ထောင်တဲ့ တိုင်းချစ် ကျောင်းမှာ ကျောင်းဆရာ လုပ်တယ်လေ ။ ဒီလိုကွ ၊ ပထမ နိုင်ငံရေး လုပ်တယ် ။ နောက် စစ်ပြီးခေတ် လွတ်လပ်ရေးရတော့ ကွဲကြပြဲကြနဲ့မို့ စိတ်ပျက်သွားပြီး နိုင်ငံရေး မလုပ်တေ့ဘဲ သတင်းစာဆရာ ဝင်လုပ် ၊ ရတဲ့ ပိုက်ဆံက မလောက်တော့ ကျောင်းဆရာ ဝင်လုပ် တာပဲ ။ ၁၉၄၉ လောက်မှာ တိုင်းချစ် ကျောင်းဆရာ လုပ်ခဲ့တာ ၁၉၆၅ ခုနှစ် အထိပဲ ။ ဟိုတုန်းက ပရိုက်ဗိတ်ကျောင်းတွေ ဆိုတော့ နေ့မှာ နှစ်ကျောင်း ပြပြီး ညမှာလည်း နှစ်ကျောင်း ပြေးပြလိုက်သေးတာပဲ ။ အိမ်မှာလည်း ကျူရှင် ပေးသေးတယ် ။ အဲဒါ ၁၅ နှစ်လောက် ကြာခဲ့တယ် ”
“ ဒီနေ့ လူငယ်တွေ စာပေဘက်ကို တော်တော် စိတ်ဝင်စားလာကြပါတယ် ဆရာ ။ ဒီလူငယ်တွေ အတုယူနိုင် အောင် ဝတ္ထုတစ်ပုဒ် ရေးတော့မယ် ဆိုရင် အထူးသဖြင့် ဝတ္ထုတိုပေါ့ ဆရာ ၊ ဘာအရေးကြီးဆုံးပါလဲ ဆရာ ”
“ ကိုယ့်အမြင် ပြောရရင်တော့ ဘာတင်ပြချင်သလဲ ဆိုတာ အရေးကြီးဆုံးပဲ ။ တင်ချင်တာကို ပုံပေါ်အောင် တင်ပြတတ်ဖို့ပဲ လိုတယ် ။ အကြောင်းအရာ မရှိဘဲ ရေးထားတဲ့ တချို့ ဝတ္ထုတွေကို ဖတ်လိုက်ရင် သူ ဘာဆိုလိုမှန်းကို ကိုယ် မသိနိုင်ဘူး ။ ဒါကြောင့် ဝတ္ထုမှာ အရေးကြီးတာက အကြောင်းအရာ ၊ နောက် တင်ပြပုံပေါ့ ။
ကိုယ် ဘာကြောင့် စာရေးဖြစ်ခဲ့တယ် ဆိုတာ ပြောရရင် စာဖတ် များခဲ့လို့ပဲ ။ ဘာကြောင့် ဖတ်ဖြစ်ခဲ့သလဲဆို ရင် ၁၉၃၆ ကနေ ၁၉၄ဝ ပြည့်နှစ်ထိအောင် တရုတ်တန်းက တို့ဗမာအစည်းအရုံး စာကြည့်တိုက်မှာ စာကြည့်တိုက်မှူး လုပ်လာတာကိုး ။ အဲဒီတော့ မဖတ်ချင်လို့ မရတော့ဘူး ၊ နောက်ပြီး ကိုယ် ဆယ်တန်း တုန်း ကလည်း Optional Burmese အပို မြန်မာစာ ယူခဲ့တယ် ။ မြန်မာစာ မှန်သမျှ မဖတ်ဖူးတာ မရှိတော့ဘူး ။ အဲဒီလို အခြေခံ ရှိနေတဲ့ အထဲမှာ နိုင်ငံရေး ကလည်း ဝါသနာပါတော့ “ နဂါးနီ ” က ထုတ်တဲ့ ဘာသာပြန် မှန်သမျှ ဖတ်တယ် ။ ဝတ္ထုရော ၊ နိုင်ငံရေးရော ဖတ်တာပဲ ။
တို့ ခေတ်တုန်းက ပေါ်လာတဲ့ ဆရာကြီး သခင်ဘသောင်းရဲ့ “ ပန်းသာမစာဥ ” တို့ ၊ မဟာဆွေ ရဲ့ ဝတ္ထုတွေ ၊ ဆရာသိန်းဖေမြင့် ရဲ့ ဝတ္ထုတွေကို မလွတ်တမ်း ဖတ်တာပဲ ။ တို့ ကျောင်းသားတုန်းက ဇာတ်ကြီးဆယ်ဘွဲ့ ဆိုတာ ကျောင်းသင်ခန်းစာ အဖြစ် ထည့်သင်ရတာပဲ ။ ပျို့ ၊ ကဗျာ ၊ အဲ ၊ အန် တွေလည်း သင်ရတာပဲ ။ အဲဒီလို စာဖတ် များလာတော့ ဝတ္ထု တစ်ပုဒ်တော့ ရေးဦးမှပဲလို့ စဉ်းစားမိပြီး စစ်အပြီးမှာ “ ပြာဖုံးတဲ့နန်း ” ကဗျာက စ ရေးဖြစ်တာပဲ ”
“ ဒါဆို စာရေးဆရာ တစ်ယောက် ဖြစ်လာဖို့အတွက် ပတ်ဝန်းကျင် အခြေအနေ အများကြီး လိုမှာပေါ့ ”
“ ဟာ ... လိုတာပေါ့ ။ ပတ်ဝန်းကျင် အခြေအနေ လိုသလို ကိုယ် ကိုယ်တိုင်လည်း ရေးနိုင်သားနိုင်တဲ့ အခြေအနေ ရှိရမယ် ။ အတွေးအခေါ်ပိုင်းကတော့ တစ်မျိုးပေါ့ ”
“ ဆရာ စောစောက ပြောတဲ့ အထဲမှာ ဆရာကြီး သခင်ဘသောင်း ၊ ဆရာကြီး မဟာဆွေ ဆရာကြီး သိန်းဖေမြင့် တို့ရဲ့ ဝတ္ထုတွေ ဖတ်တယ်လို့ ပြောသွားတယ် ”
“ ဆရာကြီး ရွှေဥဒေါင်း ၊ ဆရာကြီးမြမျိုးလွင် ၊ ဆရာကြီး ပီမိုးနင်း တို့ စာတွေလည်း ဖတ်ခဲ့တာပဲ ။ သူတို့ စာတွေ အတုခိုးခဲ့ရတာပဲ ”
“ ဒါဆို ဒီဆရာကြီးတွေရဲ့ စာပေဩဇာ သက်ရောက်မှု ဆရာ့ စာတွေမှာ ရှိမှာပေါ့ ”
“ ရှိတာပေါ့ ။ နောက် ရှိသေးတယ် ။ ဂန္ထလောက မဂ္ဂဇင်းက ဆရာဇော်ဂျီ ၊ ဆရာမင်းသုဝဏ် တို့ရဲ့ စာတွေလည်း ဖတ်ခဲ့တာပဲ ။ ဆရာ မင်းသုဝဏ်ရဲ့ “ ဘကြီးအောင် ညာတယ် ” ဆိုရင် သိပ်သဘောကျတာပေါ့ ။ ဒီ အတွေးအခေါ်တွေ အများကြီး ဝင်တာပေါ့ ”
“ ဆရာက ကဗျာ လည်း ရေးတယ် ၊ ဝတ္ထု လည်း ရေးတဲ့သူ ဆိုတော့ အနောက်တိုင်းက ဆရာကြီး “ ဝီလျံဖော့ ( က် )နာ ” ရဲ့ အဆိုတစ်ခုကို ဆွေးနွေးချင်ပါတယ် ။ ဒီဆရာကြီးက ဘာပြောခဲ့သလဲ ဆိုတော့ စာရေးဆရာတိုင်း လိုလိုရဲ့ ပထမ ဆန္ဒက ကဗျာ ရေးတတ်ချင်ကြတာပဲတဲ့ ။ ကဗျာ နဲ့ မတင်ပြနိုင်တော့မှ ဝတ္ထုတို ရေးဖို့ ကြိုးစားတယ် ။ ဝတ္ထုတို မဖြစ်တော့မှ ဝတ္ထုရှည် ရေးကြတယ်လို့ ဆိုပါတယ် ။ ဒီအဆိုနဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို မြင်ပါသလဲ ”
“ လက်ခံပါတယ် ။ ကိုယ်က ကဗျာစ ရေးတယ် ။ ဝတ္ထုတို မရေးဖြစ်သေးခင်မှာ ဝတ္ထုရှည် ရေးဖြစ် သွားတာကတော့ ထုတ်မယ့်သူက အဆင်သင့် ရှိနေလို့ပဲ ။ ကိုယ် စာရေးတာနဲ့ ပတ်သက်ပြီး ပြောစရာ ရှိတာကတော့ တကယ့် အဖြစ်အပျက် ခံစားချက် ရှိတော့မှပဲ ရေးလို့ ဖြစ်တယ် ဆိုတာပါပဲ ”
“ ဒါဆို ဆရာ့ ကဗျာတစ်ပုဒ်နဲ့ ပတ်သက်ပြီး ကျွန်တော် မေးပါရစေ ၊ ကဗျာနာမည်က “ အတက်နဲ့အဆင်း ” ပါ ။
❝ အတက်နဲ့အဆင်း ❞
တစ်နေ့ဆီက
ဗုဒ္ဓရွှေတိဂုံ
လေးဆူဂုဏ်ကို
အာရုံစိုက်စိုက်
ဖူးလိုက်ချင်လို့သွားခဲ့၏ ။
ကုန်းတော်ထက်သို့
တက်ဖို့အစ
ခြေလှမ်းအကြွ
ပေးပါ့ကမ်းပါ့
ဒုက္ခိတအို
လှစ်ဟငိုကြွေး
မျက်ရည်နွေးဖြင့်
ငါ့ကို လင့်ရှာပါလေ၏ ။
အတက်ခရီးမှာ
ဆီးကြိုပြုံးပြ
ဝယ်ပါ့ ခြမ်းပါ့
ပန်းလှခိုင်ခိုင်
ဖယောင်းတိုင်ဖွေးဖွေး
ရောင်းဈေးချိုချိုတဲ့ ။
ပြုံးသူတွေက လက်လက်
ခေါ်သူတွေက သွက်သွက်
အားနာဖက်၍
ပန်းခက်ပန်းနွယ်
ဝယ်၍အပြီး
ထီးနဲ့ဖိနပ်
ထိုဆိုင်အပ်သည်
ကြည်ပြုံးရွှင်ရွှင် လက်ခံ၏ ။
အဆင်းကျတော့
ပြုံးပြမျက်နှာ
ပျူငှာဖော်ရွှေ
ရှိကြပေ၏ ။
ပန်းက လှတယ်
ထွန်းပါ ညှိပါ
ဖယောင်းတိုင်ရတယ် ။
မွှေးပါ့ကြိုင်ပါ့
ပူဇော်ရတယ်
ခေါ်ကြ ငင်ကြ
ကြိုဆိုကြ၏ ။
ဒါပေမဲ့ ငါ့တော့ မဟုတ်ပါဘူး
ထိပ်သို့ တက်သူ
ထိုထိုသူသာ
သူ ငါ ကြိုဆိုရခြင်းတကား ။
ထီးနဲ့ ဖိနပ်
အပ်ခဲ့ဆိုင်နောက်
ငါ ဝင်ရောက်လဲ
အင်းအဲမလှုပ်
ကျောက်ရုပ်ဆိုင်ရှင်မကလေး ။
သူ တွေးမျှော်မှန်း
တက်သည့်လမ်းက
လူများကို ။
ငါ့ထီး ငါ့ဆွဲ
ဖိနပ်လဲယူ
တူရှုအောက်ဆီ
ဆင်းခဲ့၏ ။
ငါ တက်စက
ထမင်းမဝ
ဟင်းမရ၍
ပေးပါ့ ဆယ်ပြား
တောင်းခံစားသည့်
ထိုလူအို ။
ငါ ဆင်းခဲ့သည်
ဆင်းသည် တက်သည်
သူ မရည်ဘူး
သူ ရည်သည်က
လူမှန်သမျှ
ဒါကြောင့် ငါ့အား
ရည်မျှော်ထားပြီး
ငါးပြား ဆယ်ပြား
သနားပါတဲ့ ။
ဆယ်ပြားတစ်စေ့
နှိုက်၍ယူပြီး
ခွက်အိုကြီးထဲ
စွန့်ကြဲလိုက်သည်
သဲထဲရေသွန်သည် မဟုတ် ။
ဒီကဗျာ ရေးတဲ့ ခံစားချက်ကို ကျွန်တော် သိပါရစေ ”
“ ဒီအတွေးအခေါ် ကတော့ စာရေးဆရာညာဉ် ရှိတဲ့ သူတိုင်းမှာ ရှိပါတယ် ။ ဒီလို အတက်နဲ့အဆင်း ဖြစ်ပျက်တာမျိုးကို ဟိုကျောင်းသားဘဝတုန်းက အင်္ဂလိပ်ကဗျာတစ်ပုဒ် ဖတ်ဖူးတယ် ။ ဘယ်သူ ရေးတာလဲတော့ မမှတ်မိတော့ဘူး ။ သူက ဒီသဘောတော့ မဟုတ်ဘူး ။ မင်း လှေကားကို တက်ရင်တဲ့ တစ်ဆင့် တက်တိုင်း တက်တိုင်း အပေါ်က ဆင်းလာတဲ့ သူတွေကို ပြုံးပြီး နှုတ်ဆက်ပါတဲ့ ။ အဲဒီလို မင်း ပြုံးပြီး နှုတ်မဆက်ခဲ့ရင် မင်း ပြန်ဆင်းတဲ့ အခါမှာလည်း နှုတ်ဆက်မယ့်သူ ရှိမှာ မဟုတ်ဘူးတဲ့ ။ ဒါ ကိုယ် ဆယ့်လေးငါးနှစ်သားလောက်က ဖတ်ဖူးထားတာပါ ။
နောက် ကိုယ် ရွှေတိဂုံဘုရား ဖူးရင်း ပြုရင်းနဲ့ ဒီသဘောကို စဉ်းစားမိတယ် ။ ဒီသဘောလေး ဝတ္ထု ရေးရရင် ၊ ကဗျာ ရေးရင် ကောင်းမှာပဲလို့ ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ဘူး ။ နောက် ရန်ကုန်မှာ လာပြီး ရှစ်နှစ် ဗွီအိုင်ပီ လာလုပ်ရတယ် ။ အဲဒီတုန်းက ကိုယ်ကတော့ အားလုံးကို လက်ခံ တွေ့ခဲ့တာပဲ ။ ကူညီနိုင်တဲ့ ကိစ္စဆိုရင် ကူညီခဲ့တာပဲ ။ ဒါပေမဲ့ ကိုယ် ရာထူးလက်ကိုင် မရှိတော့တဲ့ အချိန်မှာ ကိုယ် ကူညီခဲ့ဖူးသူ တချို့တွေက လမ်းမှာ တွေ့ရင်တောင် မတွေ့သလို မမြင်သလို လုပ်လာကြတယ် ။ မခေါ်ချင်သလို မပြောချင်သလို လုပ်လာကြတယ် ။
ကိုယ်က တုန်လှုပ်တာတော့ မဟုတ်ပါဘူး ။ ဒါပေမဲ့ ခံစားချက်တွေ ရှိလာတယ် ။ ဒါကို ဝတ္ထု နဲ့ ရေးမလား၊ ကဗျာ နဲ့ ရေးမလား စဉ်းစားပြီး ဒီကဗျာကို ရေးခဲ့တာပဲ ။ ဒါက ဘယ်သူ့ကိုမှ မထိခိုက်ပါဘူး ။ တွေးယူရတဲ့ ကဗျာပဲ ။ ဒီကဗျာကို မန္တလေးအသင်း ( ရန်ကုန် ) က ၁၉၇၈ ခုနှစ်က ထုတ်ခဲ့တဲ့ မဂ္ဂဇင်းမှာ ပါခဲ့တယ် ။
ကိုယ် ပြန်ရတော့မယ် ဆိုတာ သိတော့ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ် ရှိသေးတယ် ။ ဒီမှာ ဖတ်ပြမယ် ။
❝ ဒီတစ်ချီတော့ ❞
လက်နှီးဘဝ
ရောက်ရမှတော့
ဘာကြောင့် အိုးမဲ
ကြောက်နေသလဲ ။
အရင်အချိန်
ဂုဏ်မသိန်မီ
အရည်ဝင်းလဲ့
စားပွဲထက်တွင်
လက်သုတ်ပဝါ
ဖြစ်ခဲ့တာကို
သင့်မှာ အနေကျပ်နေသလား ။
ဟို့ဟိုဘဝ
သင်ရောက်စက
မွမွနုနု
ဥဥကလေး
ကြက်သွေးပန်းခက်
ရွှေဝါစွက်သည့်
မျက်နှာသုတ်ပဝါ
ဖြစ်ခဲ့ပါ၍
အဲဒါ စားမြုံ့ပြန်နေသလား ။
အိုဘယ့်လက်နှီး
ဘဝဆည်းဆာ
သင် ရောက်လာပြီ
ဒီတစ်ချီတော့ အမှိုက်ပုံး ။
ပြန်ရတော့မယ် ဆိုတာ သိနေတော့ ရေးခဲ့တာပဲ ။ ဒီကဗျာက ၁၉၇၇ နိုဝင်ဘာထုတ် ရှုမဝ မဂ္ဂဇင်းမှာ ပါခဲ့တယ် ။ အဲဒီလိုပေါ့ ။ ခံစားချက် ရှိတဲ့အခါမှာ ကဗျာလေးတွေ ရေးဖြစ်သွားတယ် ”
“ ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော့် အသက်လောက် စာရေးသက် ရှိနေတဲ့ ဆရာ့ ကို နောက်ဆုံး မေးချင်တာ တစ်ခု မေးခွင့်ပြုပါ ဆရာ ။ အသက်အရွယ် ရလာတဲ့အမျှ တချို့ စာရေးဆရာတွေက စာရေးသားတဲ့ အကြောင်းအရာ ရွေးချယ်မှုကအစ ပုံစံ ပြောင်းလာကြတယ်။ ဆရာ ဆိုရင် စောစောက ပြောသလို “ သဲကြွေလုဖန် ” တို့ ၊ “ သက်ထား ” တို့လို အနုအရွကလေးတွေ ကနေ တရားဓမ္မဘက် နွယ်တဲ့ ဝတ္ထုတွေ ရေးလာတာ တွေ့ရပါတယ် ။ ဒီလို ပြောင်းလာတာဟာ အသက်အရွယ် ရလာလို့လား ၊ ဒါမှမဟုတ် ပင်ကိုဗီဇ အရလား သိပါရစေ ”
“ ကိုယ့် အယူအဆအရ ပြောရရင်တော့ အသက်အရွယ်အပေါ် မူတည်တယ်လို့ ထင်တယ် ။ ဥပမာ တစ်ခု ကိုယ် ပြောပြမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်က အင်္ဂလန်မှာ ကွန်ဆာဗေးတစ် အမတ် တစ်ယောက်က သတင်းစာ ရှင်းလင်းပွဲလုပ်တယ် ။ မေးတဲ့ မေးခွန်းတွေ ပြန်ဖြေတော့ သူက ဘာပြောသလဲ ဆိုရင် ကျုပ် ကျောင်းသား ဘဝတုန်းကတော့ ကွန်မြူနစ်ပဲတဲ့ ။ ကျုပ် မိန်းမရတဲ့ အခါကျတော့ ဆိုရှယ်လစ် ဖြစ်လာတယ် ။ နောက် သားတွေ ၊ သမီးတွေ ရလာတဲ့ အခါကျတော့ လေဘာ ဖြစ်လာတယ် ။ အခု မြေးတွေ ရလာတဲ့ အခါကျတော့ ကွန်ဆာဗေးတစ် ဖြစ်လာတယ်တဲ့။ အဲဒီလို ဖြေတယ် ။
ဆိုတော့ ကိုယ် မြင်တာကတော့ အသက်အရွယ် အရ မြင်တတ်တဲ့ အာရုံချင်း မတူတော့ဘူး ။ အခု ကိုဝင်းငြိမ်းတို့ အရွယ် မြင်တဲ့ အာရုံနဲ့ ကိုယ်တို့ အရွယ်နဲ့ မတူတော့ဘူး ။ ကိုယ့် အသက်ဆိုရင် အခု ၆၅ နှစ် ရှိနေပြီ ။ ဒီအသက်အရွယ်မှာ အာရုံများတဲ့ ရန်ကုန်မှာ ကိုယ် မနေချင်တော့ဘူး ။ လူငယ်တွေ အတွက် ရန်ကုန် ဟာ ပျော်စရာ ကောင်းပေမဲ့ ကိုယ်တို့ အသက်အရွယ်မှာ မပျော်တော့ဘူး ။ မန္တလေး ကို ပြောင်းတော့မယ် ။ စီစဉ်လို့တောင် ပြီးနေပြီ ။
ကိုယ်နဲ့ ခေတ်ပြိုင် ရေးခဲ့ကြတဲ့ သူတွေဆိုလည်း တဖြုတ်ဖြုတ် သေကုန်ကြပြီ ။ စာရေးတဲ့ နေရာမှာ ပတ်ဝန်းကျင်က ဒီနေရာမှာလည်း စကားပြောလာပြန်တယ်ကွ ။ ကိုယ် ဆိုရင် လူငယ်တွေနဲ့ပဲ ပေါင်းတယ် ။ ဒါကြောင့်လည်း ဒီနေ့ အချစ်ဝတ္ထု ရေးနိုင်သေးတာပဲ ၊ ဟုတ်တယ် မဟုတ်လား ။ တစ်ခုတော့ ရှိတာပေါ့လေ ။ အချစ်ဝတ္ထု ရေးတယ် ဆိုပေမဲ့ သမီးရည်းစား အချစ်မျိုးတော့ မရေးတော့ဘူး ။ လင်မယား ဖြစ်ပြီးမှ ချစ်တဲ့ အတွေ့အကြုံမျိုးလေးပဲ ရေးချင်တော့တယ် ။ ဒါ အသက်အရွယ် အရလို့ ပြောရမှာပဲ ”
“ ကျေးဇူးတင်ပါတယ် ဆရာ၊ ဆရာ့ အတွေ့အကြုံ အယူအဆ တစ်စိတ်တစ်ဒေသကို မှတ်တမ်းတင်ခွင့် ရတဲ့ အတွက် ပေဖူးလွှာ စာတည်းအဖွဲ့ ကိုယ်စား ကျေးဇူးတင်ပါတယ် ။ ဆက်လက်ပြီးတော့လည်း ဆရာ ကျန်းကျန်းမာမာနဲ့ စာပေနဲ့ တစ်ဖက်တစ်လမ်းက တိုင်းပြည်အကျိုး သယ်ပိုးနိုင်စေဖို့ ဆန္ဒပြုခဲ့ပါတယ် ”
▢ ဝင်းငြိမ်း
📖ပေဖူးလွှာမဂ္ဂဇင်း
အမှတ် - ၄၂
နိုဝင်ဘာလ ၊ ၁၉၈၄ ခုနှစ်
No comments:
Post a Comment