Wednesday, April 30, 2025

စာပေရေးသားခြင်း အနုပညာ မောင်ရင့်မာ ( ကျောင်းကုန်း )


 

❝ စာပေရေးသားခြင်း အနုပညာ ❞
    မောင်ရင့်မာ ( ကျောင်းကုန်း )

အက်ဆေးအကြောင်း အကုန် မပြောနိုင် ၊ ပြောနိုင် သလောက် ပြောပြီး ၊ မပြောချင်တာတွေ လည်း ချန်လှပ်ပါရစေ ။

အက်ဆေး ဆိုတာ ကမ္ဘာ မှာ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်း ၄၃၇ - နှစ် ရှိခဲ့ပြီ ။ ၁၅၈ဝ - ခုနှစ် မှာ ပြင်သစ် စာရေးဆရာကြီး မွန်တိန်း က သူ့ ရှေ့က စာရေးဆရာကြီး တွေ ဖြစ်တဲ့ ပလေတို , အရစ္စတိုတယ် , ဆီဇာရို တို့ ရဲ့ အက်ဆေး အရေးအသား ဆန်တဲ့ စာတွေ စု ။ စာအုပ် ထုတ်ပြီး အက်ဆေး လို့ အမည် တပ် ။ အဲဒီ အချိန်က အက်ဆေး အရေးအသား စတင်ခဲ့တယ် ။

မြန်မာစာပေ လောက မှာ ၁၉၂၈ - ခုနှစ် ၊ ဂန္ထလောက မဂ္ဂဇင်း မှာ ပါတဲ့ ချစ်ရေးကြိုက်ရေး တွင် အကြံဉာဏ် တောင်းဆိုခြင်း အစမ်းစာ ကနေ အက်ဆေး စတင်တယ် လို့ ဆို ။ ယခုဆို နှစ်ပေါင်း ၉၀ - ရှိပါပြီ ။

အထူးအားဖြင့် အင်္ဂလန်နိုင်ငံ မှာ မွန်တိန်း တို့ ၊ ဖရန်စစ်ဘေကွန် တို့ ရဲ့ အက်ဆေး အရေးအသားတွေ ဖွံ့ဖြိုးပြီး အတော် နောက်ကျတော့ မှ မြန်မာနိုင်ငံ မှာ အက်ဆေး ဆိုတဲ့ အရေးအသား ပေါ်ပေါက်လာတာ ဖြစ်ပါတယ် ။ ဆရာ ဦးသိန်းဖေမြင့် တို့  ၊ ဆရာဇေယျ တို့  ၊ ဆရာမောင်ထင် တို့ ရေးခဲ့ပါတယ် ။

ကျွန်တော့် အသက်အရွယ် နဲ့ ဆိုရင် ကျွန်တော်တို့ အပေါ် မှာ အလွှမ်းမိုးဆုံး ၊ ကျွန်တော် အကြိုက်ဆုံး အက်ဆေးစာအုပ် တစ်အုပ် ရှိပါတယ် ။ အဲဒါ က တော့ ၁၉၆၄ - ခုနှစ် မှာ ပုဂံစာအုပ်တိုက် က ထုတ်တဲ့ ကံ့ကော်မြိုင်စာတန်း ပဲ ဖြစ်ပါတယ် ။

အဲဒီ အချိန်ကတော့ စာတမ်း လို့ ပဲ ပြောတယ် ။ စာတမ်း လို့ ပဲ ပြောတဲ့ အတွက် ဆရာဇော်ဂျီ က ကံ့ကော်မြိုင်စာတမ်း လို့ ပဲ ရေးလိုက်တာ ။ စုစုပေါင်း ၂၆ - ပုဒ် ပါတယ် ။ ကံ့ကော်မြိုင်စာတမ်း ထဲ က အလယ်တန်း အထက်တန်း မြန်မာစာလက်ရွေးစင် ဆိုပြီး ၁၅ - ပုဒ် လောက် ပါမယ် ထင်ပါတယ် ။ ဆားသည် တို့ ၊ အနီးအဝေး တို့ စသည်ဖြင့် ။ ငယ်ငယ်တုန်း ကတော့ ကျောင်းသင်္ခန်းစာ အနေနဲ့ သင်ရ ဖတ်ရတော့ မစွဲလန်းဘူး ၊ မကြိုက်ဘူး ။ တစ်ခါတစ်ရံ ဆရာ ၊ ဆရာမတွေ က အလင်္ကာ တို့  ၊ ရသ တို့  ၊ ဂုဏ် တို့ အရမ်း ကို အနုစိတ် ပြီး ဖွင့်ဆို တဲ့ အခါမှာ ကျောင်းသားလေးတွေ ရဲ့ စိတ်ခံစားမှု ကို သွားပြီး ထိခိုက်တာတွေ ရှိတယ် ။ ဆရာမောင်စွမ်းရည် ရဲ့ စကား ကို ပဲ ကိုးကားပြီး ပြောရမယ် ဆိုရင် “ မိန်းကလေး တစ်ယောက်  ဘာလို လှသလဲ ဆိုတာကို ဘယ်လို လှသလဲ လို့ ကြည့် လိုတာပဲ သူ့ ရဲ့ အလှ ကို ပေါ်လွင်ပါတယ်တဲ့ ။ ခွဲကာ ခုတ်ကာ ဖြဲကာ ဆုတ် ကာ ကြည့်ရင် မိန်းမ တစ်ယောက် ရဲ့ အလှဂုဏ် ပျက်ပါတယ် ” တဲ့ ။

မိတ်ဆွေများ ၊ ညီငယ်ညီမငယ်များ အနေ နဲ့ အက်ဆေး အကြောင်း ကို ပိုပြီး တော့ ပြည့်ပြည့်စုံစုံ သိချင်တယ် ဆိုရင် စာပေဗိမာန် က ထုတ်တဲ့ “ စာတန်းငယ် စာပေစာတမ်းများ ” ကိုဖတ်ပါ ။

ဘာကြောင့် အက်ဆေး ရေးဖြစ်သလဲ ဆိုတော့ တစ်စုံတစ်ခု သော
အသက်အရွယ် ရောက် လာတဲ့ အခါ ကျွန်တော်တို့ ရဲ့ ဘဝ အတွေ့အကြုံ ၊ လောက အတွေ့အကြုံ ၊ နိုင်ငံရေး အတွေ့အကြုံ တွေ အရ ဖတ် နေရတဲ့ စာတွေ အပေါ် မှာ အား မရတာတို့ ၊ တစ်ခုခု လိုနေသလို ခံစားရတာ တို့ ဖြစ်လာတယ် ။ အဲဒီ အချိန် ကျွန်တော် တို့ ဖတ်ချင်တဲ့ စာပေ အမျိုးအစား က ဘယ်လို အမျိုးအစား လဲ လို့ ပြန်ပြီး တွေးတော စဉ်းစားတဲ့ အခါ ‘ ငယ်ချစ် ’ ဖြစ်တဲ့ ငယ်ငယ် က ရင်းရင်းနှီးနှီး သင်ကြားခဲ့ ရတဲ့ အက်ဆေးတွေ ကို ပြန် တွေ့တာ ဖြစ်ပါတယ် ။ ကျွန်တော် ဖတ်ချင်တဲ့ စာပေ အမျိုးအစား ကို ရှာဖွေရင်း အက်ဆေး ကို တွေ့တယ် ။ ဖတ်ချင်တဲ့ စာပေ အမျိုးအစား ကို ရေးနေမိတာ ဖြစ်ပါတယ် ။

အက်ဆေး ဘယ်လို ရေးသလဲဆိုတော့ အကောင်းဆုံး သင်ကြားချက် ကတော့ ‘ လမင်းကို ထရံပေါက်မှ ကြည့်ခြင်း ’ ဆို တဲ့ စာအုပ် တစ်အုပ် ထွက်တယ် ။ အဲဒီထဲ မှာ ‘ တံခါး တစ်ပေါက် ၏ ခန္ဓာဗေဒ ကို ခွဲစိတ်ကြည့်ခြင်း ’ ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ပါတယ် ။ အက်ဆေး ဘက် ကို တော်တော် လုနေတဲ့ ဆောင်းပါး လို့ ပြောရ လိမ့်မယ် ။ အဲဒီ ဆောင်းပါး ရဲ့ မူရင်း က ရောဘတ်လင်း ရဲ့ Cracking door = မြည်နေတဲ့ တံခါး ၊ ကွဲအက်နေတဲ့ တံခါး ဖြစ်တယ် ။ အဲဒီ စာတမ်းလေး ကို ဆရာမြသန်းတင့် က ဖွင့်ဆိုရှင်းပြရင်း နဲ့ အက်ဆေး အကြောင်း ကို သူ ပြောပြ သွားတာပါ ။ သင်ကြားပို့ချ သွားတာပါ ။ အက်ဆေး ဘယ်လို ရေးလဲ သိချင်ရင် ‘ တံခါးအို တစ်ချပ် ၏ ခန္ဓာဗေဒ ကို ခွဲစိပ်ကြည့်ခြင်း ’ ကို သေချာ ဖတ်ကြည့်ပါ ။ အက်ဆေး တစ်ပုဒ် ကို ဘယ်လို ရေးရမယ် ၊ ဘယ်လို တွေးရမယ် ဆိုတာ
သင်ပြ သွားတာပါ ။ ကံ့ကော်မြိုင်စာတမ်း မှာ ပါတဲ့ အနီးအဝေး ဆိုတဲ့ အက်ဆေး တစ်ပုဒ် ကို ‘ လွတ်လပ်စွာ လွမ်းဆွတ်ခွင့် ’ စာအုပ် မှာ ကျွန်တော် ခွဲခြမ်း စိပ်ဖြာပြီး ရေးခဲ့ဖူးပါတယ် ။

ပို၍ မြင့်သော တောင်တန်းများ စာအုပ် မှာ ဆရာဦးအောင်သင်း အမှာစာ ရေးပေးတယ် ။ အဲဒီ အမှာစာ ထဲမှာ ဆရာ က ‘ အက်ဆေး ဆိုတာ အလွန် တင်းကြပ် ပြီးတော့ အလွန် လွတ်လပ် ပေါ့ပါးတဲ့ အရေးအသားမျိုး ဖြစ်ပါတယ် ။ လောက်စာလုံး အကြောင်း ကို လည်း ရေးနိုင်တယ် ။ ကမ္ဘာလုံး အကြောင်း ကို လည်း ရေးနိုင်တယ် ’ လို့ ဆိုခဲ့ပါတယ် ။ ကျွန်တော် တို့ ဆရာဇေယျ ရဲ့ ‘ ကောက်ရိုးနွယ် ’ ကို စွဲလမ်းခဲ့ဖူးတယ် ။ ဘာမှ မဟုတ်တဲ့ အကြောင်းလေး က နေ ကြီးကျယ်သည့် အတွေးအမြင်တွေ ဖြစ်ပေါ်စေတယ် ။ ဒါဟာ အက်ဆေး က ပေးတဲ့ စွမ်းအား ၊ သတင်းပေးချက်ပါ ။

ဘယ် အက်ဆေးသမား မှ မပြောတဲ့ အချက် ကို ဆရာအောင်သင်း က ပြောခဲ့ ဖူးတယ် ။ အက်ဆေး ဟာ ‘ သိပ္ပံသဘော နဲ့ ဆင်တူတယ် ၊ ကိုယ် သိရင် လည်း သိတဲ့ အကြောင်းကို သေသေချာချာ သိတယ် ၊ မသိဘူး ဆိုရင်လည်း မသိတဲ့ အကြောင်း ကို သေသေချာချာ သိတယ် ၊ ဇဝေဇဝါ နဲ့ သံသယ ဖြစ်နေသေးတယ် ဆိုရင် လည်း ဇဝေဇဝါ နဲ့ သံသယ ဖြစ်နေသေးတဲ့ အဆင့် ပဲ ဆိုတာ သေချာသိတယ် ’ တဲ့  ။ အဲဒါမှ အက်ဆေး ရေးလို့ အက်ဆေးကောင်း တစ်ပုဒ် ဖန်တီးလို့ ရတာ ။ ဒါဟာ ဆရာ့ ရဲ့ သင်ကြားချက် ပါ ။

မိုးမိုး ( အင်းလျား ) အမှတ်တရပွဲလေး မှာ ဆရာမြသန်းတင့် က ‘ ကျွန်တော်တို့ စာရေးဆရာတွေ မှာ ဝတ္ထု တစ်ပုဒ် ရေး တဲ့ အခါ နှလုံးသား နဲ့ ဦးနှောက် ရဲ့ အားပြိုင်မှုတွေ ကို ခံစားရပါတယ် ။ မိုးမိုး ဟာ ဦးနှောက် နဲ့ နှလုံးသား အားပြိုင်မှု ကြုံတဲ့ အခါတိုင်း သူ က နှလုံးသား ကို အနိုင်ပေးလေ့ ရှိပါတယ် ။ ဒါကြောင့် သူ့ ဝတ္ထုလေးတွေ က ရသ မြောက် နေတာ ဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ် ’ တဲ့  ။ ပြောချင်တာ က ‘ ကျွန်တော် ထင်ပါတယ် ’ ဆိုတဲ့ စကားလုံး ပါ ။ ကျွန်တော် ထင်ပါတယ် ဆိုတာလည်း အက်ဆေးလေး တွေ တည်ဆောက်တဲ့ အခါ မှာ ကျွန်တော့် ရဲ့ သင်ကြား ရရှိတဲ့ သင်ကြားချက် တစ်ခုပါ ။

အက်ဆေးလေး တွေ ရေးတဲ့ အခါ အလွန်အကျူး ချီးကျူး ပစ်လိုက် တာမျိုး ၊ စကားကုန် ပြော ပစ်လိုက်တာမျိုး မဖြစ်အောင် ဆင်ခြင်ပါတယ် ။ တော်တော် ပိုင်မှ သာ ၊ ကိုယ့် ကို ကိုယ် ၁၀၀% ပိုင်တဲ့ ကိစ္စမျိုး သာ ကျွန်တော် အပိုင် ရေးပါတယ် ။ ကျန်တာ ကို တော့ ကျွန်တော် ထင်ပါတယ် ဆိုတာလေး နဲ့ နိဂုံးချုပ် လေ့ ရှိပါတယ် ။ ဒါဟာ အက်ဆေးဆရာ တစ်ယောက် က အက်ဆေး ဖတ်သူ ကို အသိအမှတ် ပြု ရိုသေလေးစားမှု တစ်ခု လည်း ဖြစ်ပါတယ် ။ အက်ဆေး ဖတ်သူ ကို လေးစားရာ ရောက် သလို ၊ ငြင်းခုံခွင့် ၊ ဆန့်ကျင်ဘက် တွေးတောခွင့် ပြုဖို့ နေရာ ချန်ထားခဲ့တာလည်း ဖြစ်ပါတယ် ။

နိဂုံးချုပ်

အက်ဆေး ဆိုတာ ဟန် မလုပ်ရဘူး ။

ရှိတာလေး နဲ့ လှအောင် ဝတ်တတ်ရတယ် ။

Original ဖြစ်ရပါမယ် ။

အက်ဆေးဆရာ ကိုယ်တိုင် အဲဒီ အက်ဆေး ထဲမှာ ပျော်ဝင် နေရပါမယ် ။

ဝတ္ထု ရေးတဲ့ အခါ ဝတ္ထု နဲ့ ဝတ္ထုရေး ဆရာ ခွာထား လို့ ရပါတယ် ။

အက်ဆေး နဲ့ အက်ဆေးဆရာ နဲ့ ခွာ ထားလို့ မရဘူး ။

အက်ဆေး ထဲမှာ ပါ တဲ့ ‘ ကျွန်တော် ’ က အက်ဆေးဆရာ ကိုယ်တိုင် ။ ဝတ္ထု ထဲ မှာ ပါတဲ့ ကျွန်တော် က ဝတ္ထုရေးဆရာ မဟုတ်ဘူး ၊ ဇာတ်ကောင် ပါ ။

ကိုယ်တိုင် ပါဝင်ရတာ ဖြစ်တဲ့ အတွက် မရှိတာ ကို အရှိ ၊ မဟုတ် တာ ကို အဟုတ် ၊ မယုံကြည်တာ ကို ယုံကြည်တာ လုပ်ပြီးတော့ ဟန် မလုပ်ရပါဘူး ။

( ၁ ) ရှိတာလေး နဲ့ လှအောင်ဆင် ။
( ၂ ) စာဖတ်သူ နဲ့ ကြမ်း တပြေးတည်း ထိုင် ပြောရပါမယ် ။
( ၃ ) မွန်တိန်း က ပြောတယ် ၊ ကျွန်တော့် အက်ဆေးများ ကိုယ်တိုင် က ကျွန်တော် ပါ ပဲ ။
( ၄ ) သာဓက ဆောင်တဲ့ အကြောင်းအရာများ မှာ အက်ဆေးဆရာ က အနာ ခံရပါတယ် ။
( ၅ ) အက်ဆေး ဆိုတာ အကောင်းစား အတွေး ကို အကောင်းစား စကားလုံးများ နှင့် ဖန်တီး တည်ဆောက် ထားတဲ့ စကားပြေ ဖြစ်ရ
ပါမယ် ။

▢ မောင်ရင့်မာ ( ကျောင်းကုန်း )
📖 စာပေရေးသားခြင်း အနုပညာ

No comments:

Post a Comment