❝ သစ္စာအရောင် မရှိသူ ❞
( မင်းတင်ထွဏ်း )
[ ၁ ]
ညလယ် ရောက်မှ လျှပ်စီးတွေ လက် ၊ မိုးကြိုးတွေ ထစ်ပြီး ရုတ်တရက် မိုး က သဲသဲမဲမဲ ရွာချလိုက်သည် ။ ဘကြီးမိုး သည် ကင်းတဲကဲလား နှစ်ခုကို ချ လိုက်သည် ။ သန်းမောင် ကတော့ ကင်းတဲ ပေါ်မှာ မူးမူး နဲ့ စန့်စန့်ကြီး အိပ်ပျော် နေသည် ။ လျှပ်စစ်မီး ကလည်း ပျက်သွားသည် ။ သည်တော့ ရပ်ကွက်လေး မှာ မှောင် နှင့် မည်းမည်း ဖြစ်သွားသည် ။
ရှေ့ ကဲလား ကို ချမည် အလုပ် မသီတာ ကို သွား သတိရမိသည် ။ ကင်းတဲ ဘေးက ကွပ်ပျစ် ပေါ်မှာ တော့ မရှိ ။ ခပ်လှမ်းလှမ်း က ဗာဒံပင် အောက်ကြည့် လိုက်တော့ မှောင်နေ၍ ဘာမှ မမြင်ရ ။
မသီတာ ဆိုတာက စိတ်ဝေဒနာရှင်မလေးပါ ။ ဒီ မင်္ဂလာရပ်ကွက်လေး ကို ရောက်လာသည် မှာ တစ်လ ကျော်ကျော် လောက်ပဲ ရှိမည် ။ အသက် က ၂ဝ နဲ့ ၃ဝ အတွင်း ရှိမည် ။ ပိန်ပိန်ပါးပါး ၊ ဖြူဖြူသန့်သန့် ၊ အရပ်မြင့်မြင့်လေး ဖြစ်သည် ။ ရောက်ခါစ က တောင်ကြည့် မြောက်ကြည့် နဲ့ ထိတ်လန့်နေပုံ ရသည် ။ မျက်လုံးတွေ က လည် နေသည် ။ ကားသံ ၊ ဆိုင်ကယ်သံ ကြားလျှင် တုန်လှုပ် သွားသည် ။ ဗာဒံပင် ပင်စည် နောက် ဖြစ်စေ ၊ ကွပ်ပျစ် အောက် ဖြစ်စေ ၊ တွေ့ ရာ အကွယ် တစ်ခုခု မှာ ဝင် ပုန်းတတ်သည် ။
ဘယ်က လာသည် မသိ ။ ကြောက်တတ်သည် မှလွဲ၍ အေးသည် ။ အခြား စိတ်ဝေဒနာရှင်တွေ လို နှုတ် ကလည်း မကြမ်း ၊ လက် က လည်း မသရမ်းပေ ။ ဘယ်သူ့ ကို မှ ဒုက္ခ မပေးပေ ။ ဒါကြောင့် သူမ ကို ‘ သီတာ ' လို့ ခေါ်ကြသည် ။ သနားကြသည် ။ စားစရာလေးတွေ ပေးကြသည် ။ အထူးသဖြင့် ဒေါ်တင်တင်ကြီး က သီတာ ကို ပို စောင့်ရှောက်သည် ။ ထမင်းချိန် ထမင်း ၊ မုန့်ချိန် တန်မုန့် ကျွေးသည် ။ ဒီတော့ မသီတာ က ဒေါ်တင်တင်ကြီး တိုက်ရှေ့ က ဗာဒံပင် အောက် မှာ အနေ များသည် ။ တစ်ခါတစ်ရံ ကင်းတဲနား က ကွပ်ပျစ် မှာ နေသည် ။ ဒေါ်တင်တင်ကြီး က ဖျာနဲ့ ခေါင်းအုံး စောင်ဟောင်းလေးတွေ ကို မသီတာ ကို ထုတ်ပေး ထားသည် ။ ဗာဒံပင် နဲ့ ကင်းတဲ က ဝါး ဆယ်ပြန် လောက်ပဲ ပေးမည် ။
ဘကြီးမိုး ကလည်း မသီတာ ကို မုန့်ပဲသရေစာများ ကျွေးမွေး တတ်ပါသည် ။
“ ဆရာကတော် ရယ် မသီတာလေး က သနားပါတယ် ။ တိုက် ထဲ ခေါ်ထားပါလား ”
ဘကြီးမိုး က ဆရာကတော် ဒေါ်တင်တင်ကြီး ကို တိုက်တွန်းဖူးသည် ။
“ မဖြစ်ပါဘူး ကိုမိုး ရယ် ။ ဗေဒင် က ဒီနှစ် အတွင်း အိမ် ထဲ လူအဝင် မခံနဲ့တဲ့ ။ အပူမီး တွေ့တတ် တယ်လို့ ဟောထားတယ် ။ ဒါကြောင့် မြနှင်းလေး တောင် တောပြန် လွှတ် ထားရတယ် ”
ဆရာကတော် စကား ကြောင့် ဆရာ့ အကြောင်း ကို အတွင်းသိ ဖြစ်ခဲ့သော ဘကြီးမိုး တစ်ယောက် ရင် ထဲ မှာ ကျိတ်ပြုံး မိသည် ။
ဒေါ်တင်တင်ကြီး ၏ ခင်ပွန်း ဦးတိုင်းကျော် သည် ဘကြီးမိုး ၏ ဆရာရင်း ဖြစ်ခဲ့သည် ။ ကျေးဇူး တွေ ဆပ် မကုန်အောင် ရှိခဲ့သည် ။ ဆရာဦးတိုင်းကျော် သည် ဌာနဆိုင်ရာ အရာရှိကြီး ဖြစ်သည် ။ အငြိမ်းစား ယူထားသည် ။
မသီတာ သည် ဗာဒံပင် အောက် တွင် အနေ များသည် ။ တစ်ခါတစ်ရံ မှ သာ ကင်းတဲ နား က ကွပ် ပျစ် ပေါ်တွင် လာ ထိုင် တတ်သည် ။
မိုးတွေ ရွာတော့ မသီတာလေး ခမျာ ဘယ်လို အိပ်မလဲ ဟု တွေးလိုက်မိသည် ။ ဆရာကတော် ရှိလျှင် အိမ် ထဲ ခေါ်သိပ်မှာ သေချာသည် ။ ဆရာကတော် က ဆရာကန်တော့ပွဲ အတွက် တောင်ကြီးမြို့ ကို သွားနေသည် ။
ဘကြီးမိုး သည် ထီး နဲ့ ဓာတ်မီး ကို ယူကာ ကင်းတဲ ပေါ်က ဆင်းလိုက်သည် ။
“ ဘကြီးမိုး ဘယ်လဲ ”
သန်းမောင် က ခေါင်းထောင် ပြီး အိပ်ချင်မူးတူး နဲ့ မေးသည် ။
“ သီတာလေး ဆီ ကိုပါကွာ ”
ဘကြီးမိုး က တိုတိုပဲ ပြောပြီး ဗာဒံပင် ဘက် ကို ထွက်ခဲ့သည် ။ ဗာဒံပင် အောက် ကို လက်နှိပ်ဓာတ်မီး နှင့် ထိုး ကြည့်တော့ ဖျာလေး သာ မိုးရေတွေ ရွှဲနစ် နေသည် ။ မသီတာ ကို မတွေ့ ။ အနီးအနားများ သွားပြီး မိုးခိုလေသလား ဟု တွေးပြီး လိုက်ရှာသည် ။ မတွေ့ ။ အိမ်တွေ ဆီကို မျှော်ကြည့်ပြန်သည် ။ မှောင်နှင့်မည်း မည်း ဘာမျှ မမြင်ရပေ ။ စိတ်ပူ သွားသည် ။ ဗာဒံပင် အောက် ပြန် ရောက် လာသည် ။ ဦးတိုင်းကျော် တိုက်ဆီ မျက်စိ ရောက် သွားသည် ။ တိုက်အောက် တွင် မီးရောင်လေး တွေ့ရသည် ။
ဘကြီးမိုး တွေခနဲ ဖြစ်သွားသည် ။ တိုက်ကြီး ဆီ ငေးကြည့်နေမိသည် ။ ဆရာကတော် မရှိ ။ ဆရာ က ရော မူးနေပြီလား ။ လျှပ်စီးတွေ ဝင်းခနဲ လက် နေသည် ။ မိုးကြိုးတွေ က ထစ်ပြီး ပစ်နေသည် ။ မိုး က သဲသဲမဲမဲ ရွာချနေသည် ။
ဘကြီးမိုး မျက်စိ မှိတ်လိုက်သည် ။ သက်ပြင်းရှည် ချလိုက် မိသည် ။ လေးလံသော ခြေလှမ်းများ နဲ့ ကင်းတဲလေး ဆီ ပြန်သွားခဲ့သည် ။
“ ဘကြီးမိုး ကလည်း မိုးကြိုးတွေ ပစ်လိုက်
ကြောက်ရတဲ့ အထဲ ကြာလိုက်တာဗျာ ။ သီတာ ကို တွေ့ခဲ့လား ” လို့ ကိုသန်းမောင် က ဆီးပြီး အပြစ်တင်သံ နဲ့ မေးသည် ။
••••• ••••• •••••
[ ၂ ]
ဘကြီးမိုး နာမည်ရင်း က ဦးတင်မိုး ပါ ။ ယခင်က ဌာနဆိုင်ရာ တစ်ခု တွင် ယာဉ်မောင်း ဖြစ်သည် ။ အသောက်အစား ၊ အပျော်အပါး ကင်းပြီး အလုပ် ကြိုးစားသူ ၊ ရိုးသားမှု နဲ့ တိုင်းဦးစီးမှူး အဆက်ဆက် လက်သုံး ဖြစ်ခဲ့သည် ။ ဆရာဦးတိုင်းကျော် ကျတော့ ပို၍ တပည့်ရင်း ဖြစ်ခဲ့သည် ။
ဆရာဦးတိုင်းကျော် က ၀၀ဖိုင့်ဖိုင့် ၊ ထောင်ထောင်မောင်းမောင်း ဖြစ်သည် ။ ပျော်ပျော်ပါးပါး နေ တတ်သည် ။ ရုံးအားရက် တွင် ဂေါက်သီးကစားတတ် သည် ။ မန္တလေးတောင် ဂေါက်ကွင်း ၊ ရေတံခွန်တောင် ဂေါက်ကွင်း သာ မက ပြင်ဦးလွင် ထိ တက်ပြီး လည်း ဂေါက် ကစား တတ်သည် ။ အပေါင်းအသင်းတွေ နဲ့ အဖျော်ယမကာလေး ဟဲပြီး ပျော်တတ်သည် ။ ဆရာကတော် ဒေါ်တင်တင်ကြီး က တောင်ကြီးတက္ကသိုလ် တွင် ပါမောက္ခ အဖြစ် တာဝန် ထမ်းနေသည် ။ ဆရာ့ သား က ဂျပန် မှာ ၊ ဆရာ့ သမီး ဆရာဝန် က ရန်ကုန် မှာ ၊ ဒီတော့ ဆရာ က လွတ်လပ်နေသည် ။ ဆရာ့ ရဲ့ သွားရေးသောက်ရေး ကို ဦးတင်မိုး က တာဝန် ယူရသည် ။ ဆရာ့ ရဲ့ စားရေး နှင့် အိမ်သန့်ရှင်းရေး ကို တော့ ဦးတင်မိုး ဇနီး ဒေါ်နု က တာဝန်ယူပေးရသည် ။
တစ်ခါတစ်ရံ သီချင်း ကြိုက်သော ဆရာ့ ကို ကာရာအိုကေဆိုင်တွေ ပို့ရ သလို ၊ အကြော တက်သည့် အခါလည်း အနှိပ်ခန်းတွေ ပို့ရ တတ်သည် ။ ထိုအခါ များတွင် ဆရာ က ...
“ ကိုမိုး နှုတ်လုံနော် ” ဟု သတိ ပေးတတ်သည် ။ ဦးတင်မိုး က လည်း ...
“ စိတ်ချပါဆရာ ၊ တင်မိုး က ဆရာ့ အပေါ် အမြဲ သစ္စာရှိပါတယ် ” ဟု ဖြေတတ်သည် ။
ဦးတင်မိုး သက်ပြည့်ပင်စင် ယူတော့ ဦးတိုင်းကျော် က ...
“ ကိုတင်မိုး ၊ ခင်ဗျား ပင်စင် ယူ ပြီးရင် ဘယ်မှာ နေမှာလဲ ။ ကိုယ့်ရပ် ကိုယ့်မြို့ ပြန်မှာလား ” ဟု မေးသည် ။
ဦးတင်မိုး တွင် ကိုယ်ပိုင်အိမ် မရှိ ။ လုပ်သက် တစ်လျှောက် တိုင်းရုံး ထဲ က ဝန်ထမ်းအိမ်ရာ မှာပဲ နေခဲ့သည် ။ သားသမီး သုံးယောက် ရှိသည် ။ အားလုံး အိမ်ထောင်သည်တွေ ။ သားကြီးမိသားစု က မြို့သစ် မှာ အိမ်ငှား နေသည် ။ သမီး ကတော့ ယောက္ခမ အိမ် လိုက် နေသည် ။ သားငယ် တို့ ကတော့ ဦးတင်မိုး တို့နဲ့ ပဲ နေသည် ။
“ ကျွန်တော် က ရွှေဘို ကပါ ။ မြို့က ထွက်လာ တာ အနှစ် လေးဆယ် ကျော်ပြီ ဆိုတော့ ဇာတိ နဲ့ လည်း စိမ်းနေပါပြီ ။ သားသမီးတွေ ကလည်း မန္တလေး မှာ အ ခြေကျ နေပြီ ဆိုတော့ ပင်စင် ယူပြီးရင် မြို့သစ် ဘက် အိမ်ငှား နေမလို့ စိတ်ကူးထားတယ် ဆရာ ”
“ ကျွန်တော် မြို့ အရှေ့ဘက် က မင်္ဂလာရပ်ကွက် မှာ ဝင်းကျယ်ကျယ် ဝယ်ပြီး တိုက်ဆောက် ထားတယ် ။ ကိုမိုး အသိပဲလေ ။ ကျွန်တော် က ပင်စင် ရဖို့ ငါးနှစ်လောက် ကျန်သေးတယ် ။ ဒီ ကြားထဲ ရာထူးတိုး ပြောင်း စရာလည်း ရှိတယ် ။ ဒါကြောင့် ကိုတင်မိုး တို့ မိသားစု ကျွန်တော့် တိုက် ကို စောင့်ပေးရင်း နေကြလေ ”
ဆရာ့ စကားကြောင့် ရေငတ်တုန်း ရေတွင်းထဲ ကျသလို ဖြစ်သွားရသည် ။ “ ကျေးဇူးပါ ဆရာ ” လို့ အခါခါ ပြောမိသည် ။ ပင်စင် ယူပြီးသော အခါ မင်္ဂလာရပ်ကွက် က ဆရာ့တိုက် ကို ပြောင်းလာကြသည် ။ မင်္ဂလာရပ်ကွက် က မန္တလေး အရှေ့ဘက် မြို့ ဆင်ခြေဖုံး ဖြစ်သည် ။ ဆရာ့ လို အရာရှိကြီးတွေ က ပင်စင် ယူပြီးရင် အေးအေးဆေးဆေး နေရန် အတွက် လမ်းမကျယ် ပေါ်တွင် ဝင်းကျယ်ကြီးတွေ ဝယ်ကာ တိုက် ဆောက်ထားကြသည် ။ အလယ်အလတ် ဝန်ထမ်း ၊ ကုန်သည်ပွဲစား နှင့် လက်လုပ်လက်စားများ လည်း အသင့်အတင့် မြေ ဝယ်ကာ အိမ်ဆောက် နေကြသည် ။
ဆရာ့ ဝင်း က ကျယ်သည် ။ သရက်ပင် က ပင် အပင် ၃ဝ ကျော်သည် ။ ဦးတင်မိုး က မြေကို ပြုပြင်ပြီး စားစရာအပင်လေး တွေ စိုက်သည် ။ ဟင်းစား အတွက် မပူရ ။ ဆရာ့ ဆီ ပို့တော့ “ ကျွန်တော် က ရောင်းစားရမှာလား ” ဆိုပြီး ရယ်သည် ။ သည်တော့ အိမ်နီးချင်းတွေ ကို ပေးသင့် သူ ပေး ၊ ရောင်းသင့်သူ ရောင်း နှင့် အဆင် ပြေနေသည် ။
တိုက် က ကျယ်တော့ သားကြီးမိသားစု နှင့် သမီးတွေ ၊ သမက်တွေ ၊ ချွေးမတွေ ၊ မြေးတွေ နှင့် ပျော် စရာကောင်းလှသည် ။
အနေ ကြာလာတော့ ရပ်ကွက်လေး နှင့် အသားကျလာသည် ။ ရပ်ကွက်သာရေး ၊ နာရေးလုပ်ငန်း များ တွင် ဦးတင်မိုး ရှေ့တန်း က ပါလာသည် ။ ရုပ် ကွက် ဓမ္မာရုံလေး ဆောက်တော့လည်း ဦးတင်မိုး က အားကြိုးမာန်တက် ဆောင်ရွက်သည် ။ အသောက်အစား ၊ အပျော်အပါး ကင်းသော ဦးတင်မိုး ကို ရပ်ကွက် က ခင်တွယ်ကြသည် ။ အားကိုးကြသည် ။ ကြည်ညိုကြသည် ။ “ ဘကြီးမိုး ” ဟု လေးလေးစားစား ခေါ်ဝေါ်ကြသည် ။
ဆရာတိုင်းကျော် ပင်စင် ယူပြီးတော့ ပြောင်း လာကြသည် ။ ပြောင်းလာသည် ဆိုသော်လည်း ဆရာ နှင့် ဆရာကတော် တို့ သာ ဖြစ်သည် ။ အိမ်ဖော်မလေး တစ်ယောက် ပါသည် ။
ဦးတိုင်းကျော် က ဘကြီးမိုး တို့ အတွက် ဝင်း အနောက်ဘက်ထောင့် က ပေ ၄၀ × ၃ဝ မြေ ကို ပေးသည် ။ ၃ ပင် ၂ ခန်း ထရံကာ ၊ သွပ်မိုး ၊ ဒူးတုပ် အိမ်လေး လည်း ဆောက်ပေးသည် ။ အဖီလေးတွေ ချ လိုက်တော့ မိသားစု အားလုံး အတွက် နေလောက် ထိုင်လောက် ရှိပါသည် ။
ဘကြီးမိုး က ဆရာ့ ဝင်း ထဲက သစ်ပင်များ ကို နေ့စဉ် ရေလောင်း ပေါင်းသင်ပေးသည် ။ သားတွေ သမီးတွေ ကလည်း အားသည့် အချိန် ကူ လုပ်ပေး သည် ။ ဒေါ်နု က လည်း ဆရာကတော် လက်တိုလက်တောင်း ခိုင်းသမျှ လုပ်ပေးသည် ။
မနှစ်က ဒေါ်နု ဆုံးသည် ။ ဘကြီးမိုး တရား နှင့် ဖြေသော်လည်း မပြေ ။ စိတ်လေ နေ သလို ၊ ဟိုသွားဒီသွား ဖြစ်နေသည် ။ ထို့ကြောင့် ဆရာ က အလုပ် ထဲ စိတ်နစ် နေဖို့ အတွက် အလုပ် တစ်ခုခု လုပ်ဖို့ပြောသည် ။ အဆင်ပြေချင်တော့ ကင်းတဲ က ဆရာ့ တိုက် နှင့် မျက်စောင်းထိုး က လမ်းဆုံ မှာ ရှိသည် ။
••••• ••••• •••••
[ ၃ ]
နောက် နှစ်လခန့် ကြာတော့ မင်္ဂလာရပ်ကွက်လေး တွင် ရတနာပုံ FC ဘောလုံးအသင်း ဗိုလ်စွဲသည့် သတင်း နှင့် အပြိုင် လူအများ စိတ်ဝင်စားသည့် သတင်း တစ်ခု ပေါ်လာသည် ။
မသီတာကလေး ကိုယ်ဝန် ရှိနေပြီ ဆိုသော သတင်းပင် ဖြစ်သည် ။
ဒေါ်တင်တင်ကြီး သည် နေ့တိုင်း မြင်နေရသော မသီတာ ကို သနားပြီး ဆေးကုရန် အတွက် ဆရာဝန် ဆီ ခေါ်သွားရာ မှ မသီတာ တွင် ကိုယ်ဝန် ရှိနေကြောင်း သိရသည် ။ သတင်း က ချက်ချင်း ပျံ့နှံ့ သွားသည် ။ ကြားရသူ အပေါင်း မယုံချင် ။ ကိုယ်တိုင် ပြေး ကြည့်ကြ မှ ဗိုက်လေး ပေါ်တွင် ဘူးသီးလတ်လတ်လေး တစ်ခြမ်း ကပ်ထား သလို မြင်ရလို့ အံ့သြ ကုန်ကြသည် ။
မသီတာ ကို သနားကြ သလို ၊ ယုတ်မာသွားသူ ကို လည်း ရွံမုန်းကြသည် ။ အာကြမ်းသူများ က ကိုင်တုတ်ကြသည် ။
ရပ်ကွက်လူကြီး လည်း မနေသာ ။ ကင်းတဲစောင့်များ ဖြစ်သည့် ဘကြီးမိုး နှင့် သန်းမောင် ကို ခေါ် မေးသည် ။
နှစ်ယောက် စလုံး က “ မသိပါဘူး ” ဟုပဲ ဖြေသည် ။
သို့ပေမယ့် ရပ်ကွက် က လက်မခံပေ ။
“ သင်းတို့ ကင်းတဲနား မှာ နေတာ သင်းတို့ သိရမယ် ။ မသိရင် သင်းတို့ပေါ့ ” ဟု တွေးကြသည် ။ ပြောကြသည် ။
ကင်းတဲနား ဖြတ်သွား လျှင်လည်း ...
“ သေချင်းဆိုးတွေ ၊ နှမချင်း သမီးချင်း မစာနာတဲ့ လူတိရစ္ဆာန်တွေ ။ အမှန်တရား ပေါ်လို့ ရှိရင် အမှုန့် ဖြစ်အောင် တစ်ရပ်ကွက်လုံး က ဝိုင်းကြိတ်ပစ်မယ် ... ဟွန်း .. ” ဆိုပြီး စောင်း ပြောသွား တတ်ကြသည် ။
ကင်းတဲ ဘက် လှည့်ပြီး “ ထွီ .. ထွမ် ” လုပ်သွားတာ က လူတိုင်း နီးပါးပါ ။
“ ဟေ့ကောင်မတွေ စကား ကြည့် ပြောကြနော် ။ သန်းမောင် က မဟုတ်ရင် မခံဘူး ။ အသက်ချင်း လဲပစ်မယ် ။ ဘာမှတ်သလဲ ”
သန်းမောင် က လှမ်း ကြိမ်းသည် ။ ဘကြီးမိုး က ...
“ မင်းကလဲကွာ မသိလို့ ပြောကြတာပါ ” ဟု လေသံနဲ့ ပြောသည် ။
“ ဘာဗျ ၊ ခင်ဗျား က ဟုတ်လို့ ငြိမ်နေပေမယ့် ကျုပ် က မဟုတ်လို့ ငြိမ်မခံနိုင်ဘူး ”
သန်းမောင် က ပြောပြောဆိုဆို ကင်းတဲ ပေါ် က ဆင်း ကာ အရက်ဆိုင် ဘက် ထွက် သွားသည် ။ အရက်မူး တော့ မိုးတစ်ည က ဘကြီးမိုး မသီတာ ရှိရာ ဗာဒံပင် အောက် သွားသည့် အကြောင်း ပိုပိုသာသာ ရှင်းပြနေသည် ။
အားလုံး ပါးစပ် အဟောင်းသား ဖြစ်ကုန် ကြသည် ။ မယုံချင်ကြပါ ။ နောက်မှ ..
“ အေးလေ ... ။ ဇနီး ဆုံးတာ တစ်နှစ် ကျော်တော့ သူ လည်းလေ လောကီသားပေမို့ .... ဟင်း ... ဟင်း ... ဘကြီးမိုး ခမျာ ကြီးမှ တစ်ခါတော့ မိုက်ရှာ ပေမပေါ့ ” ဟု အမူးသမားများ က မှတ်ချက်ချကြသည် ။
••••• ••••• •••••
[ ၄ ]
အမူသမား စကား က ပို၍ ကား ကာ တစ်ရပ်ကွက်လုံး ဟိုးလေးကျော် သွားသည် ။ ဘကြီးမိုး ကို မျက်နှာချင်းဆိုင် တွေ့လျှင် ဘီလူးသဘက် တွေ့ သလို ရှောင်ကြသည် ။ အမနာပ စကားတွေ နှင့် စောင်းမြောင်း ကြသည် ။ သားတွေ ၊ သမီးတွေ ကလည်း မျက်နှာ မကြည် ၊ စကား မပြော ရှောင် နေကြသည် ။ ရပ်ကွက်လူကြီး ကလည်း ခေါ်ပြီး မေးပြန်သည် ။
“ သန်းမောင် ပြောတာ ဟုတ်လား ”
“ မဟုတ်ပါဘူး ”
“ ဒါဆို ဘယ်သူလဲ ”
“ မသိပါဘူး ”
“ မညာနဲ့နော် ။ တိုးတက် နေတဲ့ ခေတ်ကြီးမှာ သွေးစစ် ကြည့်ရင် အဖြေ က ပေါ်မှာ ”
ရပ်ကွက်လူကြီး က ခေတ်ပညာ တတ် ပီပီ သွေးတိုးစမ်း မေးသည် ။ ဘကြီးမိုး ခေါင်းငိုက်စိုက် ဖြစ်သွားသည် ။ စဉ်းစားသည် ။
“ ကျွန်တော် မဟုတ်ရင်ရော ”
“ သန်းမောင် စစ်မယ် ”
“ သန်းမောင် မဟုတ်ရင် ရော ”
“ ဒါဆို အနီးအနား က ယောက်ျား မှန်သမျှ စစ်မယ် ။ မဟုတ်သေး ရင် တစ်ရပ်ကွက်လုံး ကျုပ် အပါအဝင် ယောက်ျား မှန်သမျှ စစ်မယ် ။ ဒါမှ အမှန်တရား ပေါ်မှာ ။ ရပ်ကွက် သိက္ခာ မကျမှာ ”
ရပ်ကွက်လူကြီး က စိတ် ဆုံးဖြတ်ထားသည့် အလား ။ ရဲရဲတင်းတင်း ၊ မာမာထန်ထန် ပြောသည် ။
ဘကြီးမိုး က ခေါင်းကြီး ငုံ့ပြီး စဉ်းစားသည် ။
“ စဉ်းစားပါ ၊ သုံးရက် အချိန် ပေးမယ် ။ ကျုပ် ကတော့ ဥပဒေ အရ လုပ်ရမှာပဲ ”
ဘကြီးမိုး ခေါင်းငိုက်စိုက် ချပြီး လူကြီး အိမ် က ထွက်ခဲ့သည် ။ ခြေဦး က ဆရာ့ အိမ်ဘက် ရောက် သွားသည် ။ ဆရာကတော် ကို ပဲ တွေ့ရသည် ။ မျက်နှာ က မကြည် ။ ဆရာ က ဆရာ့သမီး ရှိရာ ရန်ကုန် ကို သွားနေသည် ။ ဆရာကတော် က သူ့ ကို အရင်က လို ဟက်ဟက်ပက်ပက် စကား မပြော ။
ဘကြီးမိုး ခေါင်းငိုက်စိုက် ချပြီး အိမ် ပြန်ခဲ့သည် ။ အိမ် တွင် သား နှင့် သမီး မိသားစုများ ကို မတွေ့ရပေ ။ သူတို့ ပစ္စည်း လည်း မရှိတော့ ။ ဘကြီးမိုး ရင်ထဲ လှိုက်ဖိုကာ ငိုချင်သလို ဖြစ်သွားသည် ။
“ အဖေ မဟုတ်ပါဘူးကွယ် ” ဟု ကုန်းပြီး အော်ဟစ် လိုက်ချင်သည် ။
၃ ရက် အတွင်း အဖြေ ပေးရတော့မည် ။ ဘယ်လို အဖြေ ပေးရမလဲ ။ အိမ်ပေါက်ဝ တွင် ငူငူကြီး ထိုင် နေမိသည် ။ ဘယ်လောက် ကြာသည် မသိ ။ နောက်ဆုံး တော့ သူ့ အပေါ် ကောင်းခဲ့သည့် ဆရာ့ အပေါ် သစ္စာ ရှိမည် ။ ဆရာ့ အတွက် ပေးဆပ် သွားတော့မည် ဟု စိတ် ဆုံးဖြတ် လိုက်သည် ။ သည်တော့ စိတ် က ပေါ့သွားသည် ။
ဘကြီးမိုး သည် အရက်ဆိုင် ဘက် ထွက်ခဲ့ သည် ။ လူတွေ က မျက်နှာ အမျိုးမျိုးနှင့် ကြည့်နေကြသည် ။
ဘကြီးမိုး အရက်ဆိုင် ထဲ ဝင်သွားတော့ အရက် သောက် နေသူတွေ က အံ့သြစွာ နှင့် ဝိုင်း ကြည့်နေကြသည် ။ တီးတိုးစကား ပြောကြသည် ။ မျက်နှာ လည်း ပူ ၊ ရင် လည်း ဆူသွားသည် ။ စိတ် ကို တင်းပြီး နီးရာ စားပွဲ မှာ ဝင် ထိုင်လိုက်သည် ။
“ ဟေ့ အရက်ပေး ”
အသံ က တုန်ရီ နေသည် ။ အရက်သောက်သူ တွေက ကွက်ကြည့်ကွက်ကြည့် ကြည့်နေကြသည် ။ ဘယ်သူမှ မခေါ်မပြောကြ ။ သည် အရက်သမား အား လုံး သည် ရပ်ကွက် ထဲကပါ ။ ဘကြီးမိုး နှင့် သာရေး နာရေး မှာ တွေ့ နေသူတွေ ၊ ဘကြီးမိုး ကို လေးစားကြ သူတွေ ၊ ဘကြီးမိုး က အမြဲ ဆုံးမစကား ပြောရသည့် သူတွေပါ ။
အခုတော့ ...
“ ဒုန်း ”
“ ဟေ့ ငါ မှာတဲ့ အရက် မရသေးဘူးလားကွ ”
စားပွဲ ကို လက်သီး နှင့် ထုပြီး အော်ပြောလိုက် သည် ။ သောက်နေသူတွေ ခေါင်းပြိုင်တူ လှည့် ကြသည် ။ တစ်စားပွဲ ထဲမှာ သောက်နေသူ နှစ်ယောက် က စားပွဲ ပြောင်း သွားကြသည် ။ စိတ် ထဲမှာ စပ်ဖျဉ်းဖျဉ်း ဖြစ် သွားသည် ။
ဆိုင်ရှင် က အရက်တစ်လုံး နှင့် ပလပ်စတစ်ခွက် တစ်လုံး ချပေးသည် ။ ရေဘူး ချပေးသည် ။ အမြည်း အတွက် မြေပဲဆားလှော် နှင့် နှမ်းဖတ်ချဉ်ပန်းကန် လာ ချပေးသည် ။
“ ဟေ့ ဒါ ငါ မမှာဘူးကွ ”
အမြည်းပန်းကန်တွေ တွန်း လိုက်သည် ။ ပုလင်း ထဲ က အရက် ကို ပလပ်စတစ်ခွက် ထဲ အပြည့် အလျှံ ထည့် လိုက်သည် ။ အရက်ခွက် ကို တစ်ရှိန်ထိုး ကောက် မော့လိုက်သည် ။
“ အား .. ဖွီး ... ထွီ ... ”
ရင် ထဲမှာ မီးစ နှင့် အထိုး ခံရသလို ပူသွားသည် ။ အရက်များကို အမြန် ပြန် ထွေးထုတ်လိုက်ရသည် ။
“ ဟား ဟား ဟား ဟား ”
ဘကြီးမိုး အဖြစ် ကို ကြည့်ပြီး အရက်သမားများ က ရယ်ကြသည် ။
“ ဒုန်း ”
“ ဘာရယ်တာလဲကွ ”
စားပွဲ ကို လက်သီး နဲ့ ထုပြီး ဟောက်လိုက်သည် ။ ဆိုင်ထဲ ဝင်လာသော သန်းမောင် က မြင် သွားသည် ။ ဆိုင် ထဲတွင် ဘကြီးမိုး ကို တွေ့ရ၍ အံ့သြသွား သည် ။ စားပွဲ မှာ ဝင် ထိုင်လိုက်သည် ။ ဘကြီးမိုး ကို မျက်လုံး ကျွတ်မတတ် ကြည့်မိသည် ။
“ ဘာကြည့်တာလဲ ”
“ အံ့သြလို့ ”
“ ဒါ အံ့သြစရာလား ။ အံ့ဩစရာတွေ ကို မင်း တို့ ကြားပြီးပြီလေ ။ နောက် သုံးရက် ဆိုရင် ဒါထက်ပို အံ့သြစရာတွေ မင်းတို့ ကြားရဦးမယ် ။ ကဲ ထားပါ ။ မင်း အရက် သောက်မှာ မဟုတ်လား ။ ငါ နဲ့ အတူတူ သောက် ”
ဘကြီးမိုး က ပလပ်စတစ်ခွက် ထဲ အရက် ထပ် ငှဲ့ ထည့်ပြီး မော့သောက်ဖို့ လုပ်သည် ။ သန်းမောင် က လက် နှင့် ဆွဲယူ တားလိုက်သည် ။
“ ဟာ ... ဘကြီးမိုး ကလည်း ဒီလောက် မကြမ်းနဲ့လေ ။ မြန်မြန် ရှောဘရားသား ဖြစ်သွားမှာပေါ့ ”
သန်းမောင် က အရက်ခွက် ကို ယူပြီး ရေ နဲ့ စပ် ပေးသည် ။ ဘကြီးမိုး ယူ သောက်သည် ။
“ ဖြည်းဖြည်းသောက် ... ”
“ ထွီ ...”
သောက်ရသည် မှာ အဝင် မဆိုး ၊ နောက် တစ်ခွက် သောက်တော့ စိတ်တွေ လျော့နည်းသွားသည် ။ နောက် ခွက်တွေကျတော့ စကားတွေ ပြောချင်လာ သည် ။
“ လာ ... ဘကြီးမိုး လေးဘက် မထောက်ခင် အိမ် ပြန်ကြရအောင် ”
သန်းမောင် က ဘကြီးမိုး ကို အတင်း တွဲပြီး အိမ်ပြန်ပို့သည် ။ ဘကြီးမိုး က မပြန်ချင်သေး ။ မူးလဲ သည့် အထိ သောက်ချင် သေးသည် ။ အရက်တွေ ဝယ် လာသည် ။ အိမ် ရောက်တော့ ဆက် သောက်ကြသည် ။
“ ဟေ့ကောင် .... ငါ့ ကို ကတိ တစ်ခု ပေးမလား ”
“ ဘာ ကတိလဲ ။ အရက်သမား ဆိုတာ အလကား နေရင်း ကတိ မပေးနိုင်ဘူး ဟဲ ... ဟဲ ”
“ မင်းကိုငါ ဒီနေ့ အရက် အဝ တိုက်ထားတာလေ ”
“ ဟား ဟုတ်တယ် ၊ ကျေးဇူးရှင်ကြီး ၊ ကတိ ပေးတယ် ။ ပြော ဘာကိစ္စလဲ ”
“ ငါ့ ဘဝ နဲ့ ဆိုင်တဲ့ ကိစ္စပါကွ ။ ငါ့ ကို ငါ့သား သမီးတွေ က ပစ်သွားကြပြီ ။ နောက်ပြီး ရပ်ကွက် က လည်း ရွံရှာ မုန်းတီးကြ တော့မယ် ။ ဒီတော့ လောက ကြီး ထဲမှာ တစ်ယောက်ယောက် က တော့ ငါ့ အကြောင်း ကို သိပြီး ရှိနေစေချင်တယ် ။ ဒါမှ ငါ ခံရလည်း ငါ့ စိတ် ဖြေသာမယ် ။ မင်းကို ပြောပြချင်တယ် ။ ဒါပေမယ့် ဘယ်သူ့ မှ မင်း မပြောရဘူး ။ ငါ ထောင်ကျ သွားလည်း မပြောရဘူး ထောင် က လွတ်လာလည်း မပြောရဘူး ”
“ အိုကေ ”
“ မင်း ပေါ့ပေါ့တန်တန် မပြောနဲ့ ၊ လာ အရက်ခွက် ကိုင် ၊ သစ္စာဆို ”
ဘကြီးမိုး က အရက်ခွက် တစ်ခွက် ကို သန်းမောင် အား ပေးလိုက်သည် ။ သန်းမောင် အရက်ခွက် ကို ကိုင်မြှောက်လိုက်သည် ။
“ ကျုပ် သည် ဘကြီးမိုး နဲ့ ပြောတဲ့ အကြောင်းအရာ ကို ဘယ်သူ့မှ မပြောပါဘူးလို့ သစ္စာ ဆိုပါတယ် ။ ပြောမိပါ က အရက်သစ္စာ စူးပါစေသား ”
သန်းမောင် က သစ္စာ ဆိုသည် ။ ဘကြီးမိုး က ကျေနပ် သွားပြီး မိုးတစ်ည က အဖြစ်အပျက်ကို ပြောပြသည် ။
“ ဒါဆို ... ”
“ ဟေ့ကောင် မင်း သစ္စာ ဆိုထားတယ်လေ ”
နောက်တော့ သန်းမောင် က တရှုံ့ရှုံ့နှင့် ငိုသည် ။ ဘကြီးမိုး ကတော့ တခေါခေါ နဲ့ အိပ်ပျော် သွားသည် ။
••••• ••••• •••••
[ ၅ ]
နောက်ရက် လည်း ဘကြီးမိုး အိမ် တွင် ဘကြီးမိုး နှင့် သန်းမောင် နေ့ရောညပါ အရက် အတူ သောက်ကြသည် ။
ဘကြီးမိုး က သူ ပြောသည့် ကိစ္စအား ဘယ်သူ့မှ မပြောဖို့ အကြိမ်ကြိမ် သတိပေးသည် ။
“ စိတ်ချပါ ” ဟု သန်းမောင် က အကြိမ်ကြိမ် ပြောသည် ။
၃ ရက်မြောက် နေ့တွင် သန်းမောင် နိုးတော့ ဘကြီးမိုး မှာ ကြမ်းပြင် ပေါ်တွင် ခွေခွေလေး အသက်ပျောက် နေပြီ ။
“ ဟင် ”
သန်းမောင် အိမ် ပေါ်က ဆင်းပြေးသည် ။
“ ဘကြီးမိုး သေပြီ ။ ဘကြီးမိုး သေပြီ ”
ကြောက်အားလန့်အား နဲ့ ပြေးရင်း အော်သွားသည် ။
ဘကြီးမိုး အိမ် လူတွေ ဝိုင်းအုံ လာကြသည် ။ မျက်နှာ မှာတော့ ကြေကွဲမှုတွေ မတွေ့ရ ။ ကြည့်ပြီး ပြန်သွားကြသည် ။ ရပ်ကွက်လူကြီး ကပဲ နာရေး ကို စီစဉ်ပေးရသည် ။ သားသမီးတွေ ကို လိုက် ရှာပြီး ခေါ် ပေးရသည် ။
ဘကြီးမိုး ဈာပနာသည် သွေ့ခြောက်ခြောက် နဲ့ ပြီးဆုံး သွားလေသည် ။
••••• ••••• •••••
[ ၆ ]
လူအကြောင်း သေသွားမှ ပြောကောင်းကြလေ သလား မသိပေ ။ ဘကြီးမိုး ၏ အကြောင်း ကို မြောင်းပုပ်ပေါ် လေတိုက် သလို တလှိုင်လှိုင် ပြော နေကြသည် ။
ဦးတိုင်းကျော် ရန်ကုန် က ရောက်လာတော့ တပည့် အကြောင်း ကို ကြားရသည် ။ မယုံ ။
သန်းမောင် ကလည်း “ မဟုတ်သည့် အကြောင်း ” ပြောချင်သည် မှာ ပါးစပ် က ယားနေသည် ။ သစ္စာ ဆိုထားလို့ သာ ။
လူတွေ ကတော့ ဘကြီးမိုး ၏ မကောင်း သတင်းတွေ ကို မြိန်ရေရှက်ရေ ပြော နေကြသည် ။ သီတာ ကိုတော့ ပိုပြီး ကရုဏာ ပြုကြသည် ။
တစ်ရက် တွင် မင်္ဂလာရပ်ကွက် တွင် အံ့ဩစရာ ကိစ္စ တစ်ခု ဖြစ်ပေါ်သည် ။ ဘယ်သူမှ တွေးမထားသည့်ကိစ္စ ။
ရေဦးမြို့ က ကိုခင်မောင်ဦး ဆိုသူ ဖြစ်သည် ။ ရပ်ကွက်လူကြီး အိမ် ရောက်လာပြီး မသီတာ ကို လိုက် ကြည့်သည် ။ “ ဖြစ်မှ ဖြစ်ရလေ စန်းစန်းမြ ရယ် ” ဆိုပြီး ဖက် ငိုသည် ။ မသီတာ ကတော့ ရုန်းနေသည် ။
သူ့ မိန်းမ စန်းစန်းမြ ဆေးခန်း ကို ကိုယ်ဝန်ဆောင် သွား အပ်ရင်း စီးသွားသည့် ဆိုက်ကား ကို ကား တစ်စီး က ဝင်တိုက်ပြီး ထွက်ပြေး သွားသည် ။ ဆိုက်ကားသမား မှာ သွေးအလိမ်းလိမ်း ဖြင့် ဆေးရုံ သို့ ပို့ လိုက်ကြသည် ။ ဆိုက်ကား ပေါ်က လွင့်စင်သွားသော စန်းစန်းမြ သည် ဒဏ်ရာ မရ သော်လည်း သွေးရူးသွေးတန်း နှင့် ထွက်ပြေး သွားသည် ။ ဘယ်မှ ရှာလို့ မရ ၊ လူပျောက် တိုင်ထားပြီး လိုက်ရှာနေသည် ။ မန္တလေး မှာ ဆို၍ လိုက် ရှာသည် ။ အခုလို သူ့ မိန်းမ ကို စောင့်ရှောက် ထားသည့် တွက် ကျေးဇူးတင် ပါကြောင်း ပြောပြီး မသီတာ ခေါ် စန်းစန်းမြ ကို ပြန်ခေါ် သွားသည် ။
အားလုံး ပါးစပ် အဟောင်းသား ဖြစ် ကျန်ရစ်ခဲ့ကြသည် ။
“ ဘကြီးမိုး က တကယ့် သူတော်ကောင်းကြီး ပါ အေ ။ ဘာကြောင့်များ သူမဟုတ်တဲ့ ကိစ္စ ဖြေရှင်း မပြ ဘဲ ဖုံးကွယ် ချင်ရတာလဲ ” ဟု ပြောစရာ ၊ တွေးစရာတွေ ဖြစ်ကုန်ကြသည် ။
သန်းမောင် က အရက် မူးတိုင်း “ ဘကြီးမိုး မဟုတ်ဘူး ဆိုတာ ငါ တစ်ယောက် ပဲ သိတာကွ ။ ဘယ်သူ့မှ မပြောပါဘူးလို့ သစ္စာ ဆိုထားလို့ မပြောတာကွ ” နှင့် ငိုသံကြီး နှင့် ပြောရှာသည် ။
ဒေါ်တင်တင်ကြီး လည်း စိတ်မကောင်း ဖြစ်ရသည် ။ မိမိ ပယောဂ မကင်း ။ ပညာတတ် ဖြစ်ပါလျက် “ ကိုယ်ဝန် ဘယ်နှလ ရှိပြီလဲ ” ဆိုသည့် မေးခွန်း ကို ဆက် မမေးဘဲ ဆရာဝန် က “ ဟင် ဒီကောင်မလေး မှာ ကိုယ်ဝန် နဲ့ ပါလား ” ဆိုတာ နှင့် အံ့သြထိတ်လန့် သွားသည် ။ ရပ်ကွက် ထဲ ကို ချပြခဲ့သည် ။ ရပ်ကွက် က ယိုးစွပ်တာ တွေ ကို ယုံခဲ့သည် ။ မိမိ မစေ့စပ် မသေချာမှု အတွက် လူ တစ်ယောက် ဘဝ နိဂုံး စောခဲ့ရသည် ဟု တွေးမိတိုင်း စိတ်မကောင်း ဖြစ်ရတော့မည် ။
စိတ်မကောင်း အဖြစ်ရဆုံး က ဦးတိုင်းကျော် ဖြစ်သည် ။ သန်းမောင် ပြောပြလို့ မိုးတစ်ည က မသီတာ ကို ဦးတိုင်းကျော် တိုက်ထဲ ခေါ်သွားသည် ဟု ဘကြီးမိုး ထင် နေသည် ။ ထို့ကြောင့် သူ့ ဆရာ ၏ ကြီးမြတ်သည့် ဂုဏ်သိက္ခာ ကို သူ့ သေးမွှားသည့် ဂုဏ် သိက္ခာ နှင့် လဲဖို့ ဆုံးဖြတ် ထားသည် ။
တကယ်တော့ ထိုနေ့ ညနေစောင်း ကတည်း က ဒေါ်တင်တင်ကြီး က ပြန် ရောက်နေသည် ။ မိုးမိ နေ သော သီတာ ကို ဒေါ်တင်တင်ကြီး က ပဲ တိုက် ထဲ ခေါ် သိပ်သည် ။
“ ဖြစ်ရလေ ကိုမိုး ရယ် ”
ရိုးသား ၍ သစ္စာ ရှိရန်သာ သိပြီး သစ္စာ အရောင် မခွဲခြားတတ်သော တပည့် ဖြစ်သူ ဘကြီးမိုး ကို ဦးတိုင်ကျော် အဖို့ မိုးတွေ ရွာတိုင်း အမြဲ သတိရ နေမည် မှာ သေချာ ပေသည် ။
▢ မင်းတင်ထွဏ်း
📖ရွှေအမြုတေ မဂ္ဂဇင်း
ဇွန်လ ၊ ၂၀၁၀
No comments:
Post a Comment