Saturday, April 19, 2025

ကျွန်တော် ကတော့ သတင်းထောက်


 ❝ ကျွန်တော် ကတော့ သတင်းထောက် ❞

㋡ မောင်ကိုကိုလေး ( မန္တလေး )


ကျွန်တော် သာ ထိုစဉ် အခါက ယခု အသက်ရွယ် မျှလောက် အခြေအမြင် တရား ရှိခဲ့ပါမူ ကျွန်တော်  ၏ ချစ်မငြီးသော ‘ ဟာမကြီး ’ ခေါ် ဇနီးသည် မေမေသက် ၏ ငြူစူမှု ကို လည်း ခံခဲ့ရမည် မဟုတ် ။ သတင်းစာ လောက တွင် မလောက်လေး မလောက်စား သတင်းထောက်ကလေးများ သာ ဖြစ်ကြသော ပုဏ္ဏားခင်မောင်ကြီး နှင့် ကစော်သမား စန်းမောင် တို့ ၏ ပြောင်လှောင်သရော် ခြင်းများ ကို လည်း တွေ့ရမည် မဟုတ် ။ ထို့ပြင် ကျွန်တော် ၏ ခြေထောက် အောက် မှ ထွက်သွားသော ကျွန်တော့် အစ်ကို အရင်း ၏ ဆဲရေးတိုင်းထွာခြင်း ကို လည်း ခံခဲ့ရမည် မဟုတ်ပေ ။


အမှန်ဆိုတော့ လွန်ခဲ့သော ၇ နှစ် ခန့်က ကျွန်တော် သည် အလွန်မတန် မှ အချိုးအဆစ် မပြေပြစ်ခဲ့ ၊ လူအများ ၏ ရှေ့မှောက် တွင် မြင်ပြင်းကတ် လောက်အောင် နေထိုင်ခဲ့ပုံများသည် အတော်ပင် အဆင်မပြေ ခဲ့ကြောင်း ယခုမှ တဖြည်းဖြည်း သဘောပေါက်ကာ အော့နှလုံး နာခဲ့မိသည် နှင့် အမျှ ယခု အချိုးမကျ နေပုံများ မှာလည်း နောင် ၃ နှစ် ကြာ သောအခါတွင် လည်း ကောင်း ၊ ၄ - ၅ နှစ် ကြာမြင့်သော အခါတွင် မှ လည်းကောင်း သိမြင် အော့ နှလုံး နာမိဦးမည် ဟုပင် ထင်မိပါသေးသည် ။


ထိုစဉ်သော အခါက ကျွန်တော် သည် မန္တလေးမြို့ တွင် ထုတ်ဝေသော နာမည် အကြီးဆုံး စောင်ရေ အများဆုံး ( ထုတ်ဝေသူ ၏ အဆို ) ဗမာ့လမ်းညွှန် သတင်းစာတိုက် ၏ အထူး သတင်းထောက် ( ဝါ ) သတင်းထောက်ချုပ် တစ်ဦး ဖြစ်ခဲ့လေသည် ။


အထူးသတင်းထောက် ဟူသော ဂုဏ်ပုဒ် နှင့် အညီ ကျွန်တော့် တွင် မီးလောင်ပြင် မှ ကောက်ရသောကြောင့် ပြုပြင်ကာ လိုင်စင် ယူ၍ ထားသော ဂျပန်ပစ္စတို တစ်လက် နှင့် ကောက်ရိုးစက် တွင် အသုံးပြုရန် တော သို့ ဆင်း ၍ ရောင်းချခါနီး တွင် အတင်းအကျပ် ဝယ်ယူ ထားလိုက်သဖြင့် ပြုပြင်ခြယ်လှယ်ကာ စီးနင်း သွားလာ နေရသော မက်ချလက် မော်တော်စက်ဘီး တစ်စီး ကို ပေါင်ဦး, ပေါင်နှောင်း အမွေစား အမွေခံ မရှိ လွတ်လပ်ရှင်းလင်းစွာ ပိုင်ဆိုင်သူ တစ်ယောက် ဖြစ်ပါသည် ။


မည်သို့ပင် ဖြစ်စေ ကျွန်တော် ၏ ပစ္စတို နှင့် ကျွန်တော် ၏ ဖွားဖက်တော် မက်ချလက်မော်တော်စက်ဘီး တို့သည် အမှန်ပင် ကျွန်တော့် အား အချိန် ရှိသရွေ့ အထောက်အကူ ရရှိနေသောကြောင့် တန်ဖိုး ထက်ပင် ခရီး ရောက်လျက် ရှိပါသည် ။


မန္တလေးမြို့ တွင် အချိန်အခါ မရွေး မည်သည့် ကိစ္စပင် ဖြစ်ဖြစ် ဗြောက် တစ်လက် နှင့် ဖွားဖက်တော် မက်ချလက်ရှင် ကျွန်တော် သည် ရှေ့ဆုံး မှ ရောက်လျက် အမေးအမြန်း ထူနေပြီသာ ဖြစ်ခဲ့လေ၏ ။


ည ၈ နာရီခန့် အချိန် ။


မိုးကလေးဖွဲဖွဲ ကျနေဆဲ ဖြစ်သောကြောင့် အမြဲလိုလို ပင် အပူရှိန်ဒဏ် ခံ နေရသော မန်းမြို့သူမြို့သားများ သည် မိုးအေးအေး နှင့် ကွေးလျက်ထွေး လျက်နေကြ၏ ။


သို့ရာတွင် ဘိုင်စကုပ်ရုံ အသီးသီးတို့ တွင်ကား စည်ကားတန်သလောက်တော့ စည်ကား နေသည့် အလျောက် ဝင်းလိုက်ရုပ်ရှင်ရုံ ခေတ္တ အနားပေးချိန် ၌ ပြင်ပရှိ လက်ဖက်ရည်ဆိုင် နှင့် မုန့်ဆိုင်တို့တွင် စား သောက်သူများ ရှုပ်နေဆဲ ဖြစ်ရာ ကျွန်တော် နှင့် ရုံပိုင်ရှင် ကိုကျော်ဝင်း သည် လည်း ရုံရှေ့ရှိ ပွဲထိုင် လက်ဖက်ရည်ဆိုင် တွင် ထိုင်လျက် ကော်ဖီပူပူ ကို သောက်နေရင်း ကျွန်တော့် တွင် ရုပ်ရှင် ကို စိတ်ချလက်ချ မကြည့်နိုင်သော အကြောင်း တစ်ခုသည် ခေါင်း ထဲတွင် တာဝန်ကြီး တစ်ခု အဖြစ် နှင့် ပေါ်လာပြန်၏ ။


“ ဒီနေ့ ခေါင်းတပ်စရာ ဘာသတင်း မှ မရှိဘူး ၊ နိုင်ငံခြားသတင်း လည်း မကောင်း ၊ မြို့သတင်း လည်း မရှိ ၊ နယ်သတင်းတွေ လည်း မလာဘူး ၊ မျက်နှာဖုံးခေါင်း တပ် ဖို့တောင် သတင်း မရှိဘူး ။ အဲဒါ သတင်း တစ်ပုဒ် မြန်မြန် ရှာပို့ပေးစမ်းပါ .. ”


ကျွန်တော့် ကို ဝင်းလိုက် တွင် ရုပ်ရှင် ကြည့် နေကြောင်း သိနေပြီး ဖြစ်သော အယ်ဒီတာ မွတ်တားဦးဘထွန်း က အယ်ဒီတာ့ လေသံ နှင့် တယ်လီဖုန်း မှ အတင်း ဟောက်နေတော့ရာ သည် အတွက် ကျွန်တော့် တွင် တစ်ခက် ဖြစ်နေပါတော့သည် ။


ခက်နေသည် မှာ အယ်ဒီတာ က မည်မျှပင် ကြိမ်းမောင်း နေစေကာမူ ကျွန်တော့် တွင် ညတွင်းချင်း မျက်နှာဖုံး သတင်းကြီး တစ်ပုဒ် ဖြစ်နိုင်ရန် အတွက် သတင်း လုပ်သော စက် မရှိသည့် အတွက်ကြောင့်ပင် ဖြစ်၏ ။ မတတ်နိုင်သည့် အဆုံးတွင် ဘိုင်စကုပ် ဆက် ကြည့်ရန် ကိုကျော်ဝင်း အား လက်တို့၍ ထခါမှ နား ထဲ သို့ သေနတ်သံ ၃ ချက် ကြားလိုက်ရသောကြောင့် ခြေလှမ်းများ တွန့် သွားတော့၏  ။


ဒိုင်း ... ဒိုင်း ... ဒိုင်း ။


အသံကား မဝေးလှ ၊ ရုံတော်ကြီး ဘက်ဆီမှ ဖြစ်၏ ။ ကျွန်တော့် အနေ နှင့်မူ တာဝန် ရှိနေပြီ ဖြစ်သောကြောင့် ဘိုင်စကုပ်ရုံ ရှေ့ တွင် ရှိသော မော်တော်ဆိုင်ကယ် ကို စက်နှိုးကာ ဖြစ်ပွားရာ ဘက်သို့ ထွက်ခဲ့ရတော့၏ ။ ကတ္တရာ လမ်းသည် မိုးရေများ နှင့် ပြောင်ဝင်းလျက် ရှိပြီ ။ ဆိုင်ကယ် ကို ဘီးမချော်စေရန် ထိန်း၍ စီး နေရင်းက လမ်းတွင် တွေ့ရသော ခရီးသွား လူကြုံများ ထံမှ ခတ္တိယ ဝင်း ထဲတွင် ဓားပြတိုက် နေသည်ဟုလည်း သိရသောကြောင့် ထို ဝင်းပေါက် အရောက်တွင် ဆိုင်ကယ် ကို ရပ် ၊ ခါးမှ သေနတ် ကို ဆုတ်ကိုင်ပြီး လမ်း မှ အလင်းရောင် များကြောင့် မှောင် သော်လည်း ခပ်ဝါးဝါး မျှတော့ မြင်ရသေး သည့် လမ်းကြား အတွင်းသို့ ခပ်သုတ်သုတ်ကလေး ဝင်ခဲ့မိပြီ ဖြစ်၏ ။ 


“ ဟေ့ ... ချ ... ချလိုက်ကွာ ၊ လက်မြှောက်ထား ”


အသံကြောင့် ကျွန်တော့် တွင် လမ်းနေသော ခြေလှမ်းများ တုံ့သွား ပြီး အသံ လာရာ ရှေ့ဘက် သို့ မျက်စိ ကို အားစိုက်၍ ကြည့်တော့ မှ ခပ်မည်းမည်း လူ နှစ်ယောက် သဏ္ဌာန် ကို မြင်နိုင်တော့၏ ။ လူ တစ်ယောက် က အခြား တစ်ယောက် အား ဝင်းလက်လက် အရောင် ထွက် နေသော အရာ တစ်ခု နှင့် ချိန်ရွယ်ကာ အချိန် ခံရသူကား လက်မြှောက် လျက် ရှိသည်ကို ကျွန်တော် ရောက်နေသော ထောင့်ချိုး တစ်ခု မှ ဝိုးဝါး မြင်နေသော အခါ တိုက်၍ ထွက်လာသော လူဆိုး သည် လမ်းတွင် တွေ့သူ တစ်ဦး အား လုနေ ပြန်ပြီ ဟုတော့ ချက်ချင်း သိလာ၏ ။


သို့ဖြစ်သောကြောင့်သာ သတ္တိ အရာတွင် မညံ့လှသော ကျွန်တော် သည် အချိန် မဆွဲတော့ဘဲ စက္ကန့်ပိုင်း အတွင်းမှာပင် လူဆိုး အား အမိဖမ်း လိုက်တော့၏ ။ 


“ ခွပ် ... ခွပ်.. ”


ကျွန်တော့် ဘက်သို့ ကျောပေးလျက် ရှိသော ခြောက်လုံးပြူးကိုင် လူဆိုး အား နောက်မှ အတင်း ဝင်ကာ သေနတ်ဒင် နှင့် ရိုက်ရာ နှစ်ချက်တွင် လူဆိုး မှောက်လျက် ကျသွားတော့သည် ။ သတ္တိ ကောင်းသည် ဆိုသော ကျွန်တော် သည် ထိုစဉ် အခါက ဒူးတွေ တုန်နေသည် ကိုမူ ရှက်ရှက် နှင့် ဝန်ခံရမည် ဖြစ်သော်လည်း လုပ်ရဲခြင်း ကိုတော့ ချီးကျူးသင့်ပါသည် ။


လူ ဆိုသည်မှာ အတော်ပင် ခက်သည် ။ ဘေး မှ ရောက်လာသော ကျွန်တော် က လူဆိုး အား ဝင်ရောက် ရိုက်နှက် ဖမ်းဆီးခြင်း ကို ပင် အနည်းအပါး ကူဖော်လောင်ဖက် မပေးလိုသော သေနတ် နှင့် အချိန် ခံခဲ့ရသူသည် လူဆိုး လဲလျှင်ပင် ၎င်းအား မမြင်ရတော့ ။


မည်သည့် အချိန်က သူ့ အထုပ်သူ ဆွဲကာ လစ်သွားခဲ့သည် ကိုပင် ကျွန်တော် က မသိလိုက် ။ တစ်ယောက်တည်း ဖြစ်နေသော ကျွန်တော် သည် စိတ်ချလောက် အောင် လူဆိုး ၏ မျက်ခွက် ကို သေနတ် နှင့် တစ်ချက် ရိုက် ပြီးမှ လူရုပ် မပီတော့သော လူဆိုး အား ၎င်း ၏ ၃၂ ဘို့ ဆုံလည်သေနတ် နှင့် အတူ ပုလိပ်များ လက် အပ်လိုက်ရတော့သည် ။


“ ဦးကိုလေး ... ခင်ဗျား တော့ နက်ဖြန်ခါ ဆုငွေ တော့ ရဦးမှာပဲ ... ”  


ဖြစ်ပွားရာသို့ အတော် နောက်ကျ၍ ရောက်ရှိ လာသော ရဲအုပ် ဆာဒူး မောင်မောင်လေး က ကျွန်တော့် အား ပြောပြနေသည် ကိုပင် ကျွန်တော် က တော့ စစ်အောင်နိုင်သော စစ်သူကြီး ကဲ့သို့ ခပ်ပြုံးပြုံး လုပ်ကာ ... 


“ ဟဲ .. ဟဲ .. ၊ ကဲ .. ကဲ .. ခင်ဗျားတို့ လူ ကို ခင်ဗျားတို့ ပင့်သွားကြပေတော့ ... ”


သတိမေ့ လဲနေသော လူဆိုးအား ရဲသား နှစ်ယောက် က ထမ်းပိုးမ,ယူ နေစဉ်မှာပင် ကျွန်တော် က ခေါင်းစဉ် သတင်း တစ်ပုဒ် ရေးရန် တိုက်သို့ ပြန်ခဲ့ ရတော့၏ ။ 


 ••••• ••••• •••••


“ ကဲ .. ဦးကိုလေး .. အရက်တိုက်ဗျာ ၊ ခင်ဗျား ကို လည်း နက်ဖြန်ခါ ဆိုရင် ဟီးရိုး ဖြစ်အောင် ရေးရဦးမှာ ... ”


ကျွန်တော် လည်း ဖြစ်ကြောင်းကုန်စင် ကို နာရီဝက် အတွင်း တိုက်သို့ ပြန်လည် သတင်းရေးပြီး ပွဲထိုင် လက်ဖက်ရည်ဆိုင် မှာ ပင် ပြန်၍ ထိုင်နေရာ တွင် ကျွန်တော့် အား အရပ်သားရော သတင်းထောက်များ ပါ ဝိုင်း၍ သတင်း မေးနေကြ ရာမှ သတင်းထောက် ကစော်စန်းမောင် က ဒါယကာ အခံ ခိုင်း နေခြင်းဖြစ်၏ ။


“ နက်ဖြန် ရဲဝန်ကြီး ဦးခင်မောင် က ၁ဝဝိ ၊ အရေးပိုင် ဦးစွန်းမောင် က ၁ဝဝိ ... ၊ အင်း ... နက်ဖြန်တော့ အတင်း သွား တောင်း မှ , အတင်း သွားတောင်းမှ ... ”

 

စိတ် ထဲတွင် တွက်ရေး ကြွယ် နေသော ကျွန်တော် က ကစော်ခန်းမောင် နှင့် ပုဏ္ဏားခင်မောင်ကြီး , ကု,လားမောင်ကို (     ) ခေါ် ရှိုးကိုး တို့အား အလှူခံ တစ်ကျိပ်လေး ခွေးမ,ရှောင် ဆိုသည့် အထဲတွင် စာရင်း သွင်းလျက် အရက် တိုက်ရန် သဘောတူမိ၏ ။ အိတ်ထဲ တွင် ကား ကိုယ်ပိုင်ငွေ ၄ ကျပ် မှ လွဲပြီး ကျန် ငွေများမှာ တိုက်သို့ ပေးသွင်းရမည့် ကြော်ငြာငွေများ ဖြစ်သော် လည်း နက်ဖြန် ငွေ ရဖို့က သေချာ နေရာဝယ် ရတော့မှ ဖြည့်၍ အပ်မည် ဟု လည်း စဉ်းစားလိုက်၏ ။


“ ဘွိုင် .. ” 


“ ရက်ဆား ... ” 


“ ဝှိုက်လေတယ် .. ဝမ်းကွပ် .. ” 


“ အမဲသား ရှိလား .. အေး ... အမဲသားချိုချဉ်ကြော်ကွာ ၊ ပြီးတော့ ဝက်အူချောင်း ၊ ဆော်ဒါပေါ့ကွာ ... ” 


ကျွန်တော့် နောက်သို့ လိုက်ရင်း အိက္ကဆယ်စီယာ စားပွဲရုံ သို့ ရောက် နေကြသော ကု,လားမောင်ကို ၊ ပုဏ္ဏားခင်မောင်ကြီး နှင့် စန်းမောင် သည် ရောက်လာသော အရက် ကို ဆော်ဒါ နှင့် ရောကာ သောက်ပြီး အမြည်းများ ကို ပါ မြိန်ရေရှက်ရေ စားကြရင်း ကျွန်တော် ၏ စွန့်စားမှုကို လည်း ဟိမဝန္တာ ချီးမွမ်းခန်း ဖွဲ့နေကြ၏ ။


ကျွန်တော် ကတော့ သူတို့ စားရသောက်ရတာမို့ မြှောက်ပင့် ပြောကြ သည်ကို သိ၏ ။ သိလျက်နှင့် လည်း ထိုစကားများ အတွက် ကျွန်တော့် နား က အရသာ ရှိသလိုလို ရှိနေသော အခါဝယ် သူတို့ ၃ ယောက် အား မကြာမကြာ ယခုကဲ့သို့ တိုက်ကျွေး လျက် အချီးမွမ်း ခံနိုင်ပါစေ ဟုပင် ကြိတ်၍ ဆုတောင်း နေမိသေးတော့၏ ။


ည စာဖောင် မမီ ရှိနေမည် ကြောင့်သာ ကျွန်တော် က ချက်ချင်း ပြန်၍ သတင်း ရေးရသော်လည်း လူဆိုးနာမည် ကို သိရှိရန် လူဆိုးဓာတ်ပုံ ရရန် ကား လိုလားလျက်ရှိ၏ ။ ထို့ကြောင့် ညွန့်ပေါင်းဈေး ရဲဌာန မှ ဌာနာအုပ် ထံသို့ ဖုန်း ဆက်ကာ လူဆိုး အကြောင်း မေးသောအခါ လူဆိုးမှာ ယခု အချိန်တိုင် ဆေးရုံ တွင် သတိ မရသေး ဟု သိရ၏ ။


သို့ကြောင့် ကျွန်တော် သည် ဆေးရုံကြီး သို့ လိုက်ပြန်၏ ။ အပြင် လူနာခန်း ရောက်လျှင်ပင် ညတာဝန်ကျ ဆရာဝန်ဦးကြူး နှင့် တွေ့ရ၏ ။ 


“ ဪ ကြွပါ ၊ ဟိုကောင်တော့ သတိ မရသေးဘူး ” 


“ ဟုတ်ကဲ့ ... ခဏကလေး ကျွန်တော် .. ” 


“ ဪ ...ကြည့်နိုင်ပါတယ် ... ”


ကျွန်တော် နှင့် ဆရာဝန်ဦးကြူး သည် ယောက်ျားလူနာများ ထားရာ အခန်းထောင့် တစ်ခု တွင် ရှိသော လူဆိုး ၏ ခုတင် ဘက်သို့ ခပ်သုတ်သုတ် သွားနေစဉ် မှာပင် ညတာဝန်ကျ ဆရာဝန်မ နှင့် ဆရာမများ သည် ကျွန်တော့် ဘက်သို့ မေးငေါ့လျက် တိုးတိုးတိတ်တိတ် ပြောနေကြသည် ကိုတော့ ကျွန်တော် က ကြိုတင်၍ ရိပ်စားမိ၏ ။


“ လူဆိုး ဖမ်းတယ် ဆိုတာ အဲဒီ သတင်းထောက်ပေါ့ ” ဟူသော စကားများပင် ဖြစ်တန်ရာ၏ ။


ထိုသောအခါတွင် အမေရိကန်စစ်ယူနီဖောင်း အင်္ကျီ ကို ဝတ်ထားသော ကျွန်တော် သည် ကော်လာစ ကို ဆွဲမကာ ကျော ထဲသို့ ပိုးကောင် ဝင် သွားသောအသွင် ကို ရုတ်ခြည်း ဆောင် သွားတော့၏ ။


ပုလိပ် တစ်ယောက် ဘေးတွင် စောင့်လျက် ရှိသော လူနာ ၏ ဘေးသို့ ရောက်သောအခါ ကျွန်တော်  ဖမ်းခဲ့သော လူဆိုး ၏မျက်နှာ ကို ပတ်တီး များ စည်းနှောင်လျက် ခပ်ကွက်ကွက် မြင်ရသော အခါ ကျွန်တော် ၏ မျက် လုံး အစုံ သည် ကျွန်တော်  မယုံနိုင်လောက်သော မြင်ကွင်းများ ကို ပြလျက်ရှိ တော့၏ ။


ဆက်လက်၍ ကြည့်ရဲနိုင်စွမ်း မရှိတော့သော ကျွန်တော် ၏ မျက်လုံး အစုံသည် မှိတ်သွားရာ၌ လက်ဝါး နှစ်ဖက် က မျက်နှာ ကို ကူ၍ ပိတ်လိုက်ရသေး၏ ။ မကျေနပ်သောကြောင့် ပွတ်သပ်ကာ ပြန် ကြည့်ပြန်တော့၏ ။ ဤအမြင် မှ လွဲ၍ မတွေ့ရပါ ။


“ ဆရာ ... ဒေါက်တာ ၊ ဒါ ကျွန်တော့် အစ်ကိုပါ ၊ ဒါ ကျွန်တော့် အစ်ကို အရင်း ၊ သူ မဟုတ်နိုင်ဘူး မဟုတ်နိုင်ဘူး ”


ဆရာဝန် သည် သူ နားမလည်သော စကားကို နားထောင် နေရသော ကြောင့် ယောင်တောင်တောင် ဖြစ်နေတော့၏ ။


“ မဖြစ်နိုင်ဘူး .. မဖြစ်နိုင်ဘူး ... ”  


လူနာ ကား မလှုပ်ပါသေး ။


••••• ••••• •••••


ကျွန်တော် တည်း ဟူသော နိုင်ငံတော် သတင်းထောက်ချုပ် တစ်ယောက် ဇာတ်လိုက် လုပ်လိုက်သော ဤ အရှုပ် သည် အတော်ပင် ရှင်းရ၏ ။ အမှန်ကား အဖြစ်အပျက် အစစ် မှာ နံနက်လင်း ကျွန်တော့် အစ်ကို သတိရ ခါ မှ အလုံးစုံ သိရလေ၏ ။


အစ်ကို သည် မနေ့ည က ရုံတော်ကြီး မုန့်စား သွား၏ ။ ထိုအခါ အော်သံ ကြား၍ အဆိုပါ ဝင်း ထဲသို့ အဝင်တွင် ဓားပြ နှင့် ပက်ပင်းပါ တိုး နေသောကြောင့် မရှောင်သာတော့ဘဲ လုံးထွေး သ,တ်ပုတ်ကြတော့ရာ အားကစားသမား ဖြစ်သော ကျွန်တော့် အစ်ကို သည် ဓားပြ ကို အနိုင်သ,တ်ပြီး သေနတ် ကို လု၏ ။ ဓားပြ က သေနတ် နှင့် ပစ်ရန် ကြိုးစားသော်လည်း သေနတ် ကို လုယူကာ ဓားပြ အား လက်မြှောက် ခိုင်းထား၏ ။


ထိုအခါတွင် ကျွန်တော် က လူစွမ်းကောင်း လုပ်ကာ ဓားပြ ကို မရိုက်ဘဲ အစ်ကို ကို ရိုက်ဖမ်းတော့ရာ ဓားပြ မှာ အသာပင် လစ်သွားခဲ့နိုင်သည် ဟူ၏ ။ ထို ကိစ္စ ကို အတိုက် ခံရသော အိမ်ရှင်များ ကသာ အထောက်အကူ မပေးနိုင်ခဲ့ပါမူ ဘယ်အထိ ရှင်းရမည် မသိ ။ အတိုက် ခံရသော အိမ်သား များ က ဓားပြ နှစ်ယောက်လုံး ပင် ဗမာစကား မပီသော တရုတ်များ ဖြစ်၍ မှတ်မိကြောင်း ပြောပြ အစစ် ခံရ၍ သာ ကု,လားကြီး နှင့်တူသော ကျွန်တော့် အစ်ကို မှာ ဤမျှနှင့် လွတ်လာခဲ့ခြင်း ဖြစ်၏ ။ ထိုအခါ ကျွန်တော့် မှာ ...“ ရှီး .. လုပ်လိုက်ရင် သောက်ရမ်းချည်းပဲ ။ လူတတ် လုပ် လုပ်ပြီး ... ” ဟူ၍ အဆုံးအစ မရှိအောင် အစ်ကို ၏ အကြိမ်း ကို ခံရ၍ ..


“ အဟိ .. ဓားပြ ဖမ်းတဲ့ သတင်းထောက်ကြီး .. ” ဟူ၍ တစ်ခါက အရက် တိုက်၍ အဝကျွေး ခဲ့ရသော တစ်ကျိပ်လေး တို့ ၏ လှောင်ပြောင်ခြင်း ကို လည်းကောင်း ခံရခြင်း ၊ ထို့ထက် ကြော်ငြာခများ ကို သုံးခဲ့မိသောကြောင့် အိမ် က ဟာမကြီး အား လက်ကောက် တစ်ဖက် ဖြုတ်ပေါင်ပေးရန် မျက်နှာငယ် ဖြင့် အသနားခံသော အခါတွင် -


“ ဟင်း ... လူ ကို က .. မလည်ရှုပ် ၊ မဆီမဆိုင် ပုလိပ် အလုပ် , ဝင်လုပ် ကိုယ့် ထမင်း ကိုယ် စား ကြီးဒေါ်, နွားကျောင်း ၊ ဟီး .. မ လည်ရှုပ် ” ဟူ၍ အတောမသ,တ်နိုင်အောင် ဆူပူကြိမ်းမောင်း နေပါတော့သတည်း ။


⎕ မောင်ကိုကိုလေး ( မန္တလေး )


📖 မြဝတီ မဂ္ဂဇင်း 

      ၁၉၅၈ ၊ ဇန်နဝါရီလ 

No comments:

Post a Comment