❝ ဥယျာဉ်မှူး ညီနောင် ❞
( ပုံပြင် )
တစ်ရံရောအခါ ရွာ တစ်ရွာ တွင် ကိုကြီး နှင့် ကိုလေး ဟူသော ညီအစ်ကို နှစ်ဦး ရှိလေ သည် ။ သူတို့ သည် ဝမ်းစာရေး အတွက် ဘိုးဘွားမိဘများ အမွေ ပေးခဲ့သော ဥယျာဉ် ကို အတူတကွ ဆက်လက် လုပ်ကိုင်ကြသည် ။ ဥယျာဉ် ထဲ တွင် စိုက်ပျိုး ထားသော အပင်များ ရှင်သန် ထွားကျိုင်းစေရန် ပေါင်းပင်မြက်ပင် တို့ကို သုတ်သင်ရှင်းလင်းခြင်း ၊ မြေသြဇာကျွေးခြင်း ၊ ရေလောင်းပေးခြင်း စသည့် အလုပ် တာဝန်များကို မိုးလင်းမှ မိုးချုပ်အထိ နေ့စဉ်နေ့တိုင်း လုပ်ကြ ရသည် ။ သူတို့ သည် ကာယ အလုပ်သမားများ ဖြစ်ကြသဖြင့် ထွားကျိုင်းသော ကိုယ်ခန္ဓာတွင် သန်မာသော ကြွက်သားများ ရှိသည် ။ ကျန်းမာရေး နှင့် ပြည့်စုံကြ၍ ရွှင်လန်းသော စိတ်ရှိကြပြီး ဥယျာဉ် အလုပ် ကို မပျင်းမရိ ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ကြလေသည် ။ ညီအစ်ကို နှစ်ဦး ၏ လုံ့လ ဝီရိယ ကြောင့် ဥယျာဉ် တွင်းရှိ စိမ်းလန်း စိုပြေသော သစ်ပင် ပန်းမာန် တို့ မှာလည်း ရှင်သန် ကျိုင်းပြီး အသီးအပွင့် တို့ဖြင့် ဝေဆာနေ၏ ။
တစ်ညနေတွင် စိုက်ပျိုးပင်များ ကို လောင်းရန် ရေထမ်း နေသော ကိုလေး သည် နဖူး မှ စီးကျနေသော ချွေးများ ကို သုတ်ပြီး ... “ ရေထမ်းရတာ ပင်ပန်းလိုက်တာ အစ်ကိုရာ ။ မြို့ က သူဌေးကြီးတွေ လို ဘာမှ မလုပ်ဘဲ နေရရင် သိပ်ကောင်းမှာပဲနော် ” ဟု ကိုကြီး ကို လှမ်းပြော လိုက်လေသည် ။ အပင်ငယ်များ ကို ရေလောင်း နေသော ကိုကြီးက လည်း ...
“ သူဌေး ဆိုတိုင်း အလုပ် မလုပ်ရဘူးလို့ မထင်နဲ့ ညီလေး ။ သူဌေး လည်း သူဌေး အလျောက် အလုပ် လုပ်ကြရတာပဲ ။ မလုပ်ဘဲ နေလို့ မဖြစ်ဘူး ။ လူ က အလုပ် မလုပ်ဘဲ နေနိုင်ပေမယ့် ဟောဒီ ဗိုက်က မနေနိုင်ဘူးကွ ” ဟု ပြောရင်း သူ့ ဝမ်းဗိုက် ကို လက် နှင့် ပုတ်ပြ လိုက်လေ၏ ။
“ ဟုတ်လိုက်လေ အစ်ကို ရာ ... လူတွေဟာ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် အလုပ် လုပ် နေကြရတာ အမြဲတမ်း ဝမ်းဝ နေမယ် ဆိုရင် အလုပ် လုပ်ကြရတော့မှာ မဟုတ်ဘူး ။ ကျွန် တော်ဖြင့် အလုပ် မလုပ်ရအောင် အမြဲတမ်း ဝမ်းဝနေချင်တော့တာပဲ ” ဟု ကိုလေး သည် ပြောဆို ညည်းညူရင်း တောင့်တမိ လေသည် ။
“ မင်း ပြောတာ ကောင်းတယ်ဟေ့ ညီလေး ။ ဒီလို ပင်ပင်ပန်းပန်း အလုပ်တွေ မလုပ်ရ တော့ဘဲ အေးအေး နေရအောင် ငါ လည်း ငါ့ဗိုက် အမြဲတမ်း ဝနေချင်လိုက်တာကွာ ” ဟု ကိုကြီး ကလည်း ညည်းညူတောင့်တလိုက်မိပြန်လေသည် ။
ထိုနေ့ ညနေ မှ စပြီး ကိုကြီးနှင့် ကိုလေး တို့သည် အလုပ် ပင်ပန်းတိုင်း အလုပ် မလုပ်ရ စေရန် အမြဲ ဝမ်းဝ နေချင်ကြောင်း ကို ညည်းတွားတောင့်တကြရလေတော့သည် ။
ဥယျာဉ်မှူး ညီနောင် ၏ ညည်းတွားတောင့်တချက်ကို ကြားသိလေသော နတ်ကောင်းနတ်မြတ် တစ်ပါးသည် သင်ခန်းစာ ကောင်း တစ်ခု ပေးရန် ကိုယ်ထင် ပြလျက် ...
“ သင်တို့ ညီနောင်နှစ်ဦး သည် အလုပ် ပင်ပန်းတိုင်း အလုပ် မလုပ်ရစေရန် အမြဲတမ်း ဝမ်းဝ နေချင်ကြောင်း တောင့်တကြသည် ။ သင်တို့ ၏ အလိုဆန္ဒ အတိုင်း ပြည့်ဝစေရန် ဤ ငှက်ပျောသီး နှစ်လုံးကို စားပါလေ ” ဟု ဆိုကာ ငှက်ပျောသီး နှစ်လုံး ပေးပြီး ပျောက်ကွယ်သွား လေ၏ ။
ကိုကြီး နှင့် ကိုလေး တို့လည်း အတိုင်းမသိ ဝမ်းမြောက်စွာဖြင့် တစ်ယောက် တစ်လုံးစီ ခွဲဝေ စားသောက်လိုက်ကြသည် ။ ထို ငှက်ပျောသီး ကို စားပြီးသည့် နေ့မှ စ၍ သူတို့ဝမ်းဗိုက်သည် ဆာလောင်ခြင်း မရှိကြတော့ ။ ဝမ်းစာ အတွက် အလုပ် မလုပ်ကြရတော့၍ ထိုင်ချည် တစ်ခါ အိပ်ချည် တစ်လှည့် ဖြင့် ပျော်ရွှင် နေကြ၏ ။ တစ်လကျော်မျှ ကြာလာသော အခါသူတို့ မပျော်ရွှင် ကြတော့ဘဲ ငြီးငွေ့ လာကြသည် ။ အရင်ကလို ဖျတ်ဖျတ်လတ်လတ် မရှိကြတော့ဘဲ ထိုင်းမှိုင်းပျင်းရိ နေကြသည် ။ နောက် သုံးလ လောက် ကြာပြန်သော် သူတို့ ၏ ခန္ဓာကိုယ် သည် ကြုံလှီ ချည့်နဲ့ လာကြသည် ။ ခြေတွေ လက်တွေ မလှုပ်ရှား နိုင်လောက်အောင် အားနည်း လာသည် ။သို့ သော် သူတို့ ဝမ်းဗိုက်သည် ဆာလောင်ခြင်း မရှိဘဲ အမြဲ လေးလံ နေတော့သည် ။ ဥယျာဉ် တွင်းရှိ သစ်ပင် ပန်းမာန် တို့ မှာလည်း ပြုစုယုယမည့် သခင် နှင့် ကင်းဝေး နေသဖြင့် ညှိုးခြောက်၍ သေသည့် အပင် သေကုန်ကာ အချို့ မှာလည်း ပေါင်းပင် မြက်ပင်တို့ ကြား၌ မသန်စွမ်းကြတော့ချေ ။ ယခင်က လှပ တင့်တယ်သော ဥယျာဉ်ကြီး မှာ တောချုံရိုင်း လို ဖြစ်နေ၍ မတင့်တယ်တော့ပေ ။
ထိုအခါတွင်မှ ညီအစ်ကို နှစ်ဦး သည် အလုပ် လုပ်ရခြင်း ၏ အကျိုးတရား ကို ပိုမို သိမြင် လာကြသည် ။ ဥယျာဉ် တွင်း သို့ သွား၍ အလုပ် လုပ်ကြရန် ပေါက်တူးတို့ ကို ဆွဲကိုင် အိပ်ရာ မှ ထကြ သည် ။ သို့သော် သူတို့ သည် အလုပ်လုပ်ရန် မဆိုထား နှင့် မတ်တတ်ပင် ကြာရှည်စွာ မရပ်နိုင်တော့ ။ ကိုယ်ခန္ဓာ ရှိ ခြေလက် တို့မှာ အားနည်း ချိနဲ့ပြီး ဝမ်းဗိုက် မှာ လေးလံ နေသဖြင့် အိပ်ရာ ထဲတွင် ပြန်လှဲ နေကြရသည် ။
“ အမြဲတမ်း ဝမ်းဝ နေတာ မကောင်းပါဘူး အစ်ကို ။ အလုပ် မရှိတော့ ကိုယ်တွေ လက်တွေ အားနည်းချိနဲ့ ပြီး ထိုင်းထိုင်းမှိုင်းမှိုင်း စိတ်ညစ်လှပါတယ်ဗျာ ” ဟု ညီလေး သည် အိပ်ရာ တွင်း မှ ပြောဆို ညည်းညူလေသည် ။
“ ဟုတ်တယ် ညီလေး ရဲ့ ။ အခု အလုပ် လုပ်ချင်လို့ မလုပ်နိုင်တော့ဘူးကွ ။ ခြေလက် တွေ အားနည်းပြီး ဗိုက် က အမြဲတမ်း လေးနေတယ် ကွာ ဒုက္ခပါပဲ ။ အခုနေများ ငှက်ပျောသီး ပေးခဲ့တဲ့ နတ် ရောက်လာ ရင် သိပ် ကောင်းမှာပဲ ” ဟု ကိုကြီး သည် လည်း အိပ်ရာ မှပြောဆိုကာ နတ် ကို တောင့်တ လေတော့သည် ။
အလုပ် လုပ်ခြင်း ၏ တန်ခိုး ကို နားလည်ပြီ ဖြစ်သော ညီအစ်ကို နှစ်ဦး ရှေ့တွင် နတ်မင်း လည်း ကိုယ်ထင် ပြလေသည် ။ ကိုကြီး ၊ ကိုလေးတို့ ဝမ်းတွင်း မှ ယခင် ကျွေးခဲ့သော ငှက်ပျောသီး များ ကို နတ်တို့ တန်ခိုးဖြင့် ထုတ်ယူ ပြသလေရာ ညီအစ်ကို နှစ်ယောက် အလွန် အံ့ဩသွားတော့ သည် ။ သူတို့ မြင်ရသော အရာသည် ငှက်ပျောသီး မဟုတ်တော့ဘဲ ကျောက်တုံးကြီး နှစ်တုံး ဖြစ်နေလေသည် ။ ထို့နောက် နတ်မင်း က “ အလုပ် လုပ်ခြင်းသည် ဝမ်းဗိုက် ဖြည့်တင်းရန် သာ မဟုတ် ၊ ကိုယ်ခန္ဓာ ကျန်းမာမှု နှင့် စိတ်၏ ရွှင်လန်းချမ်းသာမှု ကို ဖြစ်စေရန်လည်း အလုပ် လုပ်ကြ ရကြောင်း သင်တို့ ညီအစ်ကို သိရပြီ မဟုတ်ပါလော ။ နောက်နောင်တွင် အလုပ် ကို မညည်းညူဘဲ လုံ့လ ၊ ဝီရိယ ၊ ဇွဲ တို့ဖြင့် လုပ်ကိုင်ကြပါလေ ။ သင်တို့ ၏ လုပ်အား အလျောက် အကျိုးကျေးဇူး ခံစားကြရ ပေလိမ့်မည် ” ဟု ပြောဆို ဆုံးမ ကာ ပျောက်ကွယ် သွားလေသည် ။ ဝမ်းဗိုက်တွင်း မှ ငှက်ပျောသီး သဏ္ဌာန် ဖန်ဆင်း၍ ကျွေးခဲ့သော ကျောက်တုံးကြီး ကို နတ်မင်း က ပြန် နှုတ်ယူ လိုက်သဖြင့် ပေါ့ပါး နေကြသော ကိုကြီး နှင့် ကိုလေး တို့ ဥယျာဉ် တွင်း သို့ သွားကာ ပြန်လည် လုပ်ကိုင်ကြ တော့သည် ။ သူတို့ ၏ ဇွဲ ၊ လုံ့လ ၊ ဝီရိယ တို့ကြောင့် ဥယျာဉ် တွင်းရှိ သစ်ပင် ပန်းမန် တို့မှာ ပြန်လည် စိမ်းလန်း စိုပြေပြီး အသီးအပွင့် တို့ဖြင့် ဝေဝေဆာဆာ ဖြစ်လာသည် ။ ဥယျာဉ်မှူး ညီနောင် လည်း ကျန်းမာ သန်စွမ်းသော ခန္ဓာကိုယ် နှင့် ပျော်ရွှင်စွာ အသက်ထက်ဆုံး နေထိုင်
ကြရလေတော့သတည်း ။
☐ အေးမိုး - အထောင်
📖 ရှုမဝ မဂ္ဂဇင်း
၁၉၆၄ ၊ စက်တင်ဘာ
No comments:
Post a Comment