Monday, April 14, 2025

သားသုံးယောက်

 ❝ သားသုံးယောက် ❞

        ( ပုံပြင် )

    

လွန်လေပြီးသော ရှေးရှေးတုန်းက မြို့ကြီး တစ်မြို့တွယ် လယ်သမားကြီး တစ်ယောက် ၌ သားသုံးယောက် ရှိလေရာ ထို သားများ မှာ လိမ္မာရေးခြား ရှိပြီး ဖခင်လယ်သမားကြီး ၏ အလုပ် များကို ကြိုးစား၍ ဝိုင်းဝန်း လုပ်ကိုင်ကြလေရာတွင် မကြာမြင့်မီ ကာလ၌ လယ်သမားကြီး သည် မြေပိုင်ရှင် ဘဝသို့ ရောက်ရှိလာပေသည် ။


ထိုကဲ့သို့ လယ်သမားကြီး မှာ မြေပိုင်ရှင်ကြီး အဖြစ်သို့ ရောက်ပြီး နောက်တွင်လည်း သားလိမ္မာ သုံးဦး တို့ ၏ ကြိုးပမ်းချက်များကြောင့် သားများ အိမ်ထောင် ပြုကြသော အချိန်တွင် သူဌေး ဟု အခေါ် ခံရသည် အထိ ကြီးပွား လာခဲ့လေတော့သည် ။


နှစ်ပေါင်း အတန်ကြာမျှ သားသုံးယောက် တို့နှင့် မခွဲမခွာဘဲ အတူတကွ နေထိုင်လာ ပြီးနောက် သူဌေးကြီး နှင့် သူ ၏ ဇနီး သူဌေးကတော် တို့မှာ အိုမင်းမစွမ်း အရွယ် သို့ ရောက်ခဲ့ကြ လေသည် ။


တစ်နေ့သော အခါ၌ သူဌေးကြီးသည် မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူကြီးလူကောင်းများ အား ဖိတ်ကြားကာ သူ၏ ဥယျာဉ်ကြီး အတွင်း၌ ညစာစားပွဲကြီး တစ်ခု တည်ခင်း ကျွေးမွေးပြီး လျှင် ဤသို့သော စကား ကိုပြောဆိုလေသည် ။


“ အို ... ငါ၏ သားများ လာကြကုန်လော ။ ယခု ကြွရောက် လာကြတဲ့ လူကြီးများ အား သက်သေပြုပြီး ငါ့ သားများ ကို ပြောဆို ဆုံးမစရာရှိတယ် ။ ကျွန်ုပ် ၏ စကားများ ကို လည်း လူကြီးမင်း တို့က အသိအမှတ် ပြုလိမ့်မယ်လို့ ယုံကြည်ပါတယ် ”


ထိုအခါတွင် သားများ ကလည်း ...


“ အို ... ကျေးဇူးရှင် ဖခင်ကြီး ... သားမောင်တို့ သည် ကျေးဇူးရှင် ဖခင်ကြီး ၏ မိန့်ဟ သော စကား ကို သေတပန် သက်ဆုံးတိုင် နာခံရန် အသင့် ဖြစ်ကြပါသည် ” ဟု ဝန်ခံ ကတိပြု ပြောဆို ကြလေသည် ။ ညစာ စားပွဲသို့ ကြွရောက် လာကြသော လူကြီးလူကောင်း တို့ ကလည်း “ သူဌေးကြီး ပြောမည့် စကားကို ကျွန်ုပ်တို့ က အသိအမှတ် ပြု၍ သက်သေ ဖြစ်စေပါမည် ” ဟု ဆိုကြကုန်ပေသည် ။ သူဌေးကြီး လည်း ဤသို့ ဆိုပြန်လေသည် ။


“ အို ... သားမောင်တို့ ၊ ဖခင်နှင့် မိခင်တို့သည် သက်ရွယ် ကြီးရင့် ကုန်ကြပြီ ဖြစ်ရာ မကြာမြင့်မီ ကာလ တွင် သေကုန်ခြင်း ဖြစ်ကြရမည်မှာ ဓမ္မတာ ပင် ဖြစ်ပေသည် ။ ဖခင် တို့မှာ ဤကဲ့သို့ ကြီးပွား ချမ်းသာကြရခြင်း မှာ ငါ့သားများ နှင့် အတူတကွ လက်ရေ တစ်ပြင်စီး လုပ်ကိုင် လာခြင်းကြောင့် ဖြစ်ပေသည် ။ ဖခင်တို့ သက်ရှိ ထင်ရှားချိန် အတွင်း၌ သားမောင်တို့ နှင့် အတူ နေကြမည် ။ ဖခင်တို့ ကွယ်လွန်ခဲ့ကြသော ကာလတွင် သားမောင်တို့ သည် ကိုယ့်အိုးကိုယ့်အိမ် နှင့် နေကြလေ ။ ဖခင်တို့ ကွယ်လွန်ခဲ့လျှင် ငါ့ သားကြီး သည် ကျန်ရစ်သော ပစ္စည်းဥစ္စာ ရှိသမျှ အမွေအနှစ်တို့ ကို တစ်ဆယ့်ငါးပုံ ပုံထားကာ သုံးစု စု စေရမည် ။ ထို သုံးစုသော ပစ္စည်းများ ကို ရှေးဦးစွာ သားငယ် က ကြိုက်ရာ အစု ကို ယူရမည် ။ ဒုတိယ တစ်ဖန် သားလတ် က ကြိုက်ရာ တစ်စု ကို ယူစေရမည် ။ ကျန်သော အစု ကို သားကြီး က ယူရမည် ။ ဖခင်ပြောသောစကား ကို လူကြီးမင်းတို့ အသိ ဖြစ်စေပါသည် ”


သူဌေးကြီး က ဤသို့ ပြောပြီးသော စည်ကားလှသော ညစားစားပွဲကြီး ကို ရုပ်သိမ်း လိုက်လေသည် ။


ထို့နောက် နှစ်ပေါင်းများစွာ မကြာမီ ကာလတွင် ပင် သူဌေးကြီး လင်မယားတို့ ကွယ်လွန် သေဆုံး ကုန်ကြလေရာ သားကြီး ဖြစ်သူသည် မြို့ပေါ်ရှိ ဂုဏ်သရေရှိ လူကြီးများ အရာရှိကြီးများ အား ဖိတ်ကြားပြီးသော သူဌေးကြီးများ ၏ ကျန်ရစ်ခဲ့သော ပစ္စည်းဥစ္စာများ ကို လူကြီးမင်းများ ၏ ရှေ့တွင် တစ်ဆယ့်ငါးပုံ ပုံလေသည် ။


သားကြီး သည် ဤကဲ့သို့ တစ်ဆယ့်ငါးပုံ ပုံပြီး လျှင် ပထမ တစ်စု တွင် ၆ - ပုံထားသည် ။ ဒုတိယ တစ်စု တွင် ၅ - ပုံထားပြီး တတိယ တစ်စုတွင် မူ ၄ - ပုံထားလေသည် ။ ပြီးလျှင် ဖခင်ကြီး မသေခင် က မှာကြားခဲ့သည့် အတိုင်း ညီငယ် ဖြစ်သူ သားအငယ်ဆုံး အား ရှေးဦးစွာ ကြိုက်နှစ်သက်ရာ အစု ကိုယူစေလေရာ ညီငယ် သည် ဤသို့ ဆိုလေ၏ ။


“ အစ်ကိုကြီး ခင်ဗျာ ။ ဖခင်တို့ မရှိသည့် နောက် အစ်ကိုကြီး ပင် ဖခင် အရာ၌ တည်ခဲ့ပါ သည် ။ ညီညီတို့ လူလား မမြောက်မီ ကာလတွင်ပင် အစ်ကိုကြီး သည် လည်းကောင်း ၊ အစ်ကို လတ် သည် လည်းကောင်း ၊ ဖခင်မိခင် နှင့် အတူ အလုပ် လုပ်ခဲ့ရပါသည် ။ ညီငယ် သည် အစဉ် သဖြင့် အစ်ကိုတို့ အား မှီခို ခဲ့ရပါသဖြင့် ဖခင်ကြီး ၏ မှာကြားချက် အတိုင်း ရှေးဦးစွာ ညီငယ် နှစ်သက်ရာ ဝေစုကို ယူခြင်း ကို ခွင့်လွှတ်ပါ ခင်ဗျာ ... ”


ညီငယ် သည် ဤသို့ ဆိုပြီးသော် ၄ - ပုံ ပုံထားသည့် အစုတစ်စု ကို သာ ရွေးယူသွားလေ ရာ လူကြီးမင်း တို့ က ကောင်းချီး ပေးကြလေသည် ။


နောက်တစ်ဖန် ဆက်လက် ညီအလတ် အား ကြိုက်ရာအစုံကို ရွေးစေပြန်ရာ ညီ လတ်သည် လည်း ညီငယ် ကဲ့သို့ပင် ပြောဆိုလျက် ၅ - ပုံ ပုံထားသည့် အစု တစ်စုကို ရွေးချယ် ယူသွားလေရာ လူကြီးမင်းတို့ က ကောင်းချီး ပေးကြပြန် လေသည် ။ သို့ဖြစ်ရာ အစ်ကိုကြီး အတွက် ရရှိသော ကျန်အစု တစ်စု သည် ကား ၆ - ပုံ ပုံထားသော အစု သာလျှင် ဖြစ်လေတော့သည် ။ ဤတွင် အစ်ကိုကြီး ဖြစ်သူ က ...


“ ညီမောင်များ သည် ယနေ့မှ စ၍ ကိုယ့်အိုးကိုယ့်အိမ်ထောင်ဖြင့် အသီးသီး ခွဲခြား နေကြရမည် ဖြစ်သဖြင့် အစ်ကိုကြီး ရသော အစု မှ ညီလတ် အား ၂ - ပုံ ကို လည်းကောင်း ၊ ညီငယ် အား ၁ - ပုံ ကို လည်းကောင်း မင်္ဂလာဦး အဖြစ် လက်ဖွဲ့ပါသည် ” ဟု ပြောဆိုပေးအပ်ပြန်လေရာ လူကြီးများ က ချီးကျူးကြလေသည် ။


ညီအလတ် က လည်း သူ ရရှိသော အစုမှ ၁ - ပုံ ကို ခွဲထုတ်ကာ သူ ကလည်း ... 


“ ညီငယ် အား သူတို့ ညီနောင် သုံးယောက် တွင် နောက်ဆုံးမှ အိမ်ထောင်ပြုသူ ဖြစ်ပါ သဖြင့် လက်ဖွဲ့ပါကြောင်း ” ပြောကြားပြီး ပေးအပ် ပြန်လေရာ လူကြီးများ က ချီးကျူးခြင်း ပြုကြ ပြန်လေသည် ။


ဤကဲ့သို့ အမွေ ခွဲဝေယူကြခြင်း အခမ်းအနားသည် ခေတ္တမျှ ငြိမ်သက်တိတ်ဆိတ်နေ ပြီးသော် ညီငယ် နှင့် ညီလတ် တို့သည် ကြွရောက်လာသော လူကြီးမင်းများ ရှေ့တွင် ဤသို့ ဆိုပြန်လေသည် ။


“ အစ်ကိုကြီး ခင်ဗျား ... ညီမောင်များ သည် မိဘနှစ်ပါး တို့ ရှိစဉ် ကလည်း အစ်ကိုကြီး အား မှီခိုနေခဲ့ရပါသည် ။ မိဘတို့ ကွယ်လွန်သော အခါတွင် လည်း အစ်ကိုကြီး ၏ အရိပ်အာဝါသ အောက်တွင် မှီခို နေထိုင်ခဲ့ကြရပါသည် ။ သို့ဖြစ်၍ ကျွန်တော်တို့ ရရှိသော အစု မှ ( ၁ ) ပုံ စီကို အစ်ကိုကြီးအား ကန်တော့ကြပါ၏ ... ”


ဟု ညီညွတ်စွာ ပြောဆိုကြကာ သူတို့ ရသော အစု မှ တစ်ပုံစီ ကန်တော့ကြလေတော့သည် ။


နောက်ဆုံးတွင် သူဌေးကြီး ၏ သားသုံးယောက် တို့သည် သူဌေးကြီး မှာကြားချက် အရ အစ်ကိုကြီး စုထားသော လေးပုံ တစ်စု ၊ ငါးပုံ တစ်စု ၊ ခြောက်ပုံ တစ်စု စသဖြင့် မရဘဲ ပုံထား သော တစ်ဆယ့်ငါးပုံ တွင် အချိုးကျ အားဖြင့် တစ်ယောက် လျှင် ငါးပုံကျ ရရှိကြလေသည် ။ 


ဤ လိမ္မာသော သား သုံးယောက် တို့ ၏ ဂုဏ်သတင်း သည် လည်း နှစ်ပေါင်း အတော် ကြာသည့် တိုင် ပြောမပြီး နိုင်အောင် သင်းပျံ့လျက် ရှိလေတော့ သတည်း ။


 ☐  ဖျာပုံစိုး 

📖 ရှုမဝ မဂ္ဂဇင်း

      ၁၉၆၄ ၊ ဩဂုတ်

No comments:

Post a Comment