❝ ပရောဟိတ် ❞
( ကိုရိုးကွန့် )
ထိုစဉ် အခါက အဖေ့ တွင် လယ်ဧက အတော် များများ ရှိသည် ။ ဘယ်နှစ်ဧက ဟု ကျွန်တော် မသိ ။ အမွေ ရထားသော လယ်များ ဟူ၍ သာ သိပါသည် ။ အဖေ သည် အစိုးရဝန်ထမ်း မို့ သွားရောက် လုပ်ကိုင်ခြင်း မရှိ ။ ရောင်းချခြင်း လည်း မပြုပေ ။ လယ်လုပ်သူများ ကို အငှား ချထားပါသည် ။
အဖေ့ လယ် တွင် တစ်နှစ် လျှင် တစ်ဦး ပြောင်းလဲသည် ။ ကိုခွေးပု နှင့် မှ လူ မပြောင်းဘဲ မြဲတော့သည် ။ အဖေ သည် ကိုခွေးပု ကြိုးစားကြောင်း ၊ ရိုးသားကြောင်း ကို အမြဲပြောသည် ။
ရှေ့မှာ သာ မဟုတ် ၊ ကိုခွေးပု ကွယ်ရာမှာ လည်း ချီးကျူးသည် ။ လက်ရင်းတပည့် အဖြစ် သတ်မှတ်ကာ ကိုခွေးပု တစ်ဦးတည်း ကို သာ နှစ်စဉ် လုပ်ကိုင်ခွင့် ပေးလိုက်၏ ။ ကိုခွေးပု သည် ပိုမို ကြိုးစား၏ ။ တစ်နှစ် ထက် တစ်နှစ် စပါးတင်းရေ တိုးကာ အပ်နှံနိုင်၏ ။
ထို့ကြောင့် ကိုခွေးပု သည် ကျွန်တော်တို့ အိမ်သို့ နှစ်လ လျှင် တစ်ခေါက် ၊ သုံးလ လျှင် တစ်ခေါက် ဆိုသလို ရောက်လာ တတ်သည် ။ အိမ် ထဲ ဝင် လျှင် ကိုယ်ကို ကျုံ့၍ ခါး ကို ကုန်း၍ ဝင်သည် ။ ကျွန်တော့် မိဘများ ရှေ့ တွင် ကိုခွေးပု သည် မင်းနှစ်ပါး ရှေ့၌ ခစားနေသည့် မင်းမှုထမ်း သဖွယ် ခေါင်းငုံ့ထားသည် ။ စကား ပြောလျှင်လည်း ကျွန်တော့် မိဘများ မျက်နှာ ကို ကြည့်၍ မပြောဝံ့ပေ ။
လူကြီးများ ရှေ့တွင် ကျဉ်းကျပ်နေသည့် ကိုခွေးပု ၏ စိတ် ကို ကျွန် တော်တို့ မောင်နှမ ထံ လာ၍ လျော့လေသလား ၊ သို့မဟုတ် လူကြီးများ ကို ကြောက်သဖြင့် ကလေးများ နှင့် လာရောက် ရောလေသလား မသိ ။ ကျွန်တော့် မိဘများ ကို ပေးစရာ ၊ ပြောစရာများ ပေးပြီး ပြောပြီး လျှင် ကျွန်တော်တို့ မောင်နှမ ထံ လာ၍ ရယ်ရယ်မောမော စကား ဆိုတတ်သည် ။
အလုပ်ကြမ်း နှင့် ရာသီကြမ်း ကြောင့် အရွယ်နှင့် မလိုက်အောင် ရင့်ထော် နေသော်လည်း ကိုခွေးပု မျက်နှာ က ပြုံးရယ်လိုက် လျှင် အရွယ် နု လာသလို ထင်ရ၏ ။ မည်းမည်းတုတ်တုတ် ကိုယ်ခန္ဓာကြီး နှင့် မလိုက်ဖက်အောင် ကို ရယ်သံလွင်လွင်လေး ထွက်လာသည် ။
ရယ်လိုက်တိုင်း သွားဖုံးမည်းမည်းကြီးတွေ ပေါ်လာသည် ကတော့ ဆိုးပါသည် ။ သို့သော် ကြောက်စရာ မဟုတ်ပါ ။ သူ ရယ်ပုံမှာ အလွန် ရယ်စရာ ကောင်းသဖြင့် ကျွန်တော်တို့ မောင်နှမ လိုက် ရယ်မိကြသည် ။
ချစ်စရာ ကောင်းပုံမှာ ကိုခွေးပု လာလျှင် စားစရာ တစ်ခုခု ပါတတ်သည် ။ အမေ့ မီးဖိုချောင် အတွက် ခရမ်းသီး ၊ ဘူးသီး ၊ ကြက်ဟင်းခါးသီး နှင့် ကျွန်တော်တို့ မောင်နှမ အတွက် နွေရာသီ လာလျှင် စိမ်းစားဥ ၊ ဆောင်း ရာသီ လာလျှင် ထန်းပင်မြစ် အစရှိသည့် ရာသီ အလိုက် သီးနှံတွေ ပါလာတတ်သည် ။ အသီးအနှံ မပါလျှင် ထန်းသီးမုန့် တို့ ၊ မုန့်လေပွေ တို့ ၊ မုန့်ဖက်ထုပ် တို့ ၊ မုန့်ကျွဲသည်း တို့ တစ်ခု မဟုတ် တစ်ခု ယူလာ တတ်သည် ။
ကျွန်တော် သည် ကိုခွေးပု ပေးသမျှ မုန့် အားလုံး ကို စား သော်လည်း မမ သည် တစ်ခါတစ်ရံ မစားပါ ။ မမ က ကိုခွေး ပု၏ လက်သည်းရှည်ရှည် ထဲ မှ ချေးမည်းမည်းများ ကို ကြည့်၍ နှာခေါင်းရှုံ့ ပြတတ်သည် ။
ကိုခွေးပု သည် သူ့ သားလေး ကို တစ်ခါတလေ ခေါ်လာသည် ။ သူ့ အဖေ နှယ်ပင် ယို့ယို့လေး ပါလာသည် ။ ကောင်လေး က ကျွန်တော် နှင့် သက်တူရွယ်တူ လောက် ဖြစ်သည် ။ စိန်အေး ဟု ခေါ်ပါသည် ။ စိန်အေး က သူ့ အဖေ လိုပင် အရပ် ပုသည် ။ စိန်အေး အရပ်က ကျွန်တော့် နားရွက် ထိပ်ဖျား အထိ သာ ရှိသည် ။ သို့သော် လက်ဖဝါး ခြေဖဝါး နှင့် ခြေသလုံးများ သည် ကျွန်တော့် ထက် ကြီးသည် ။ ထူထဲတုတ်ခိုင်သည် ။
စိန်အေး မျက်နှာ က ဝိုင်းသည် ။ ဆံပင်များမှာ အလွန် သန်စွမ်းမည်းနက် သဖြင့် ထောင်နေသည် ။ ဘယ်လိုမှ ဖြီးလို့ မရ ။ ဖိလို့ မရသော ဆံပင် ဖြစ်သည် ။ ခေါင်းတုံး မှ ဆံပင် ပေါက်လာ သလို ရှေ့ရော နောက်ပါ အရှည်ညီသည် ။ ပါးဖောင်းဖောင်း ၊ နားရွက်ကုပ်ကုပ် ၊ နှာခေါင်းပြားပြား ၊ နှုတ်ခမ်း ပါးပါး မို့ စိန်အေး မျက်နှာ က ဘောလုံး ပေါ် သင်္ဘောဆေး ဖြင့် ရေး ထားသည့်နှယ် ရှိ၏ ။ ကျွန်တော်တို့ ငယ်စဉ်က ကြည့်ခဲ့သော ကာတွန်းများ မှ မောင်ကမ္ဘာ နှင့် အလွန် တူပါသည် ။
ကျွန်တော် က စိန်အေး ကို ကစားရအောင် ခေါ်လျှင် ခေါင်းယမ်းသည် ။ မုန့်ပေး လျှင် လည်း သူ့ အဖေ မျက်နှာ ကို လှမ်း ကြည့်ပြီး တွင်တွင် ယမ်း သည် ။
သူ့ အဖေ ခွင့်ပြုမှ သာ စိန်အေး သည် ကစားရဲ၏ ။ စားရဲ၏ ။
ငါးတန်း စာမေးပွဲ ဖြေ အပြီး နွေကျောင်းပိတ်ရက် တွင် ကျွန်တော် သည် ကိုခွေးပု နှင့် အတူ ရွာသို့ လိုက်သွားဖူးသည် ။ သစ်သား ဖြင့် ပြုလုပ် ယိုင်ရွဲ့နေသော ကား ကိုယ်ထည် သည် လမ်းကြောင်း ကြမ်းကြမ်း ပေါ်၌ အလွန်ဆူညံသည် ။ ကားစက်သံ သည် လူမမာ ညည်းသံ နှင့် တူသည် ။
တုံ့နှေးတုံ့နှေး သွားနေသော သက်ကြီးရွယ်လွန် ကားအိုကြီး ကို သည်းခံ၍ စီးခဲ့ရသည် ။ အချိန် နာရီ မသိသော်လည်း အတော်ကြာကြာ စီးရသည် ။ တစ်ခေါက်တည်း နှင့် ပင် နောက်ထပ် စီးရမှာ ကြောက်သည် ။ ရောက်ပြီ ပြောလို့ ဆင်းတော့လည်း လမ်းနံဘေး ဇရပ်အို တစ်ခုသာ တွေ့ရသည် ။ ရွာ ကို အစအန ပင် မမြင်ရ ။ ကိုခွေးပု က လက်ညှိုးထိုး ပြမှ ကျယ်ပြန့်သော ရိုးပြတ်ကွင်းပြင်ကြီး ၏ အဆုံးတွင် မည်းမည်းအုပ်အုပ် ရွာစုလေး ကို မြင်ရသည် ။
“ ရွာ က ဝေးသေးတယ် ။ မင်း လျှောက်နိုင်မှာ မဟုတ်ဘူး ။ နွားလှည်းကြုံ စောင့်ရအောင် ” ဟု ကိုခွေးပု က ပြောသည် ။ လှည်း စောင့်ရင်း နှင့် ရေငတ် လာပါသည် ။ သောက်စရာ လည်း မရှိသဖြင့် လိုက်လာ မိတာ မှားပြီ ဟု နောင်တရခဲ့သည် ။
ကံအားလျော်စွာပင် နွားလှည်း တစ်စီး သည် ခဏ နှင့် ရောက်လာသည် ။ ရွာ ကို ရောက်မည် ဆိုသဖြင့် ဝမ်းသာအားရ တက်လိုက်လာသည် ။ ခုန်ပေါက် နေသော လှည်း ပေါ် တွင် ကျွန်တော် သည် ဖင်ချ မထိုင်နိုင်ပါ ။ ဆောင့်ကြောင့်ထိုင် ၍ လိုက်ရသည် ။
ကျွန်တော် မပါလျှင် ဤ ခရီး ကို ခြေကျင် လျှောက်သည် ဟု ကိုခွေးပု က ပြောသည် ။ စိန်အေး ကော လျှောက်နိုင်သလား ဟု ကျွန်တော် က ပြန် မေးသောအခါ လျှောက်နိုင်တာပေါ့ကွာ ဟု ဖြေပါသည် ။ ကျွန်တော် မယုံ ချင်သော်လည်း ထပ်ကွန့် မမေးခဲ့ပေ ။
ရွာသို့ ရောက်သော် နွားစာ ကျွေးနေသော စိန်အေး ကို လှမ်းခေါ်သည် ။ ပထမ တော့ စိန်အေး အံ့ဩ နေသည် ။ ထို့နောက် ဝမ်းသာအားရ ပြေး လာသည် ။ စိန်အေး နောက်တွင် ဘုစုခရုကလေးတွေ တစ်သီကြီး ပါလာသည် ။ စိန်အေး ၏ ညီ ၊ ညီမများ ဟု နောင်မှ သိရသည် ။
စိန်အေး သည် ကျွန်တော်တို့ အိမ် လာစဉ် က ထက် သူ့ ရပ်ရွာတွင် ပို၍ သွက်လက်သည် ။ အသံ လည်း ပို ကျယ်သည် ။ အလွန် လည်း ဆော့နိုင်သည် ။ ရွာထိပ် က ညောင်ပင်ကြီး အောက်တွင် ဆော့ကစားခဲ့ပုံများ ကို ကျွန်တော် ခဏခဏ သတိရသည် ။
ညောင်ပင်ကြီး သည် ထီးဖွင့်၍ ချထားသည့် နှယ် ကျွန်တော်တို့ ကို မိုး ပေးသည် ။ ပင်စည်ကြီး က ကျွန်တော်တို့ ကလေး ဆယ်ယောက် လက်ချင်း ဆက်၍ ဖက်သည် ပင် မမီပေ ။ ညောင်ကိုင်း မှ ညောင်မုတ်ဆိတ်များ သည် အမျှင်တန်း ၍ မြေပေါ်သို့ တိုင် ကျနေ၏ ။
စိန်အေးတို့ က ညောင်မုတ်ဆိတ်မျှင်များ ထုံး ဆက်၍ ဒန်းလုပ် စီးပြ သော် ကျွန်တော်က တွဲခို၍ တာဇံ လုပ်ပြသည် ။ တာဇံ ကို စိန်အေး မသိပါ ။ သို့သော် ကျွန်တော် လုပ် သလို ခိုစီး လိုက် ၊ စူးစူးဝါးဝါး အော်လိုက် လုပ်ရခြင်း ကို စိန်အေး နှစ်သက်သည် ။
ထို ညောင်ပင် အောက်မှာ ကျွန်တော်တို့ စိန်ပြေးတမ်း ကစားခဲ့သည် ။ စစ်တိုက်တမ်း ကစားခဲ့သည် ။ သူခိုး ၊ ပုလိပ် လုပ်တမ်း ကစားခဲ့သည် ။ တူတူပုန်းတမ်း ကစားခဲ့သည် ။ တစ်ခါတစ်ရံ တွင် ကျွန်တော်တို့ သည် မြစ်ကမ်းနံဘေး က ရွှံ့များ ခွာ၍ ညောင်ပင် အောက် မှာ အိုးပုတ်ချိုးရုပ် နှင့် နွားရုပ်များ ကို ငြိမ်ငြိမ်ဆိမ်ဆိမ် လုပ်နေတတ်သည် ။
စိန်အေး တို့ နှင့်အတူ ယှဉ်၍ မကစားနိုင်သည် မှာ မြစ် ထဲတွင် စိန်ပြေးတမ်း ဖြစ်ပါသည် ။ ကျွန်တော် သည် ရေမကူးတတ်သေး သဖြင့် မြစ် ထဲ မဆင်းဝံ့ပါ ။ သူတို့ ကစားသည် ကို ကမ်းပေါ် မှ ထိုင်ကြည့်ရင်း ရယ်ရသည် ။ စိန်အေး က ရေကူး ရေငုပ် ရာ မှာ လည်း ဖျံလေး လို ကျွမ်းကျင်သည် ။ လိုက်ဖမ်းသူ မမီအောင် ကွေ့ပတ် ကူးနိုင်သည် ။ မီလုမီခင် ဖြစ် လျှင် စွတ်ခနဲ ရေငုပ်၍ ပျောက် သွားသည် ။ မထင်မှတ်သော နေရာမှ ဘွားခနဲ ပေါ်လာကာ ပြောင်ပြလျှင် အလွန် ရယ်ရသည် ။
မြစ်ထဲ မှ ရေကို ခွက်ဖြင့် ခပ်ချိုးနေသည့် ကျွန်တော့် အား စိန်အေး သည် ဆွဲခေါ်၍ ရေကူး သင် ပေးသည် ။ သို့သော် ရွာ တွင် တစ်ပတ် မပြည့်မီ ကျွန်တော့် အဖေ ရောက် လာပြီး ပြန် ခေါ်သဖြင့် ရေမကူး တတ်မီ ပြန်ခဲ့ရသည် ။
အဖေ က ကျွန်တော် ငါးတန်း အောင်ကြောင်း ၊ ပထမ ရကြောင်း ပြောသဖြင့် ဝမ်းသာအားရ ပြန်လိုက်သွားသည် ။
မိုးဦး အကျ ကျောင်းတွေ ပြန် ဖွင့်ချိန်တွင် ကိုခွေးပု သည် စိန်အေး ကို လက် ဆွဲ၍ ကျွန်တော်တို့ အိမ်သို့ ရောက်လာသည် ။ အဖေ က ကုလားထိုင် ပေါ် ထိုင်ပါ ဟု ပြောသော်လည်း ကိုခွေးပု သည် မထိုင် ။ ကြမ်းပေါ် မှာ သာ ကျုံ့ကျုံ့လေး ထိုင်သည် ။
စိန်အေး က လွယ်အိတ် ဖောင်းဖောင်းလေး ကို ပိုက်လျက် သူ့ အဖေ နှင့် အသားချင်း ထိအောင် ကပ် ထိုင်သည် ။ ခါတိုင်း လာပုံမျိုး နှင့် မတူ ။ အဖေ့ ကို အလွန် ရိုကျိုး၍ အလွန် အားကိုးနေပုံသည် သူတို့ သားအဖ မျက်နှာ ပေါ်တွင် ထင်နေ၏ ။ ထူးခြား သဖြင့် ကျွန်တော် လည်း မနီးမဝေး မှ ရပ်ကြည့်မိသည် ။ အမေ က ဇာပန်းထိုးသော ခွေ ကို ကိုင်၍ အခန်း ထဲမှ ထွက် လာပြီး ကုလားထိုင် တစ်လုံး တွင် ဝင်ထိုင်သည် ။
ကိုခွေးပု သည် ခါတိုင်းလို လယ် အကြောင်း ၊ စပါး အကြောင်း မပြောပါ ။
“ ဆရာကြီး ၊ ကျွန်တော့် သားလေး သုံးတန်း အောင်ပါတယ် ။ လေးတန်း ကို ဆရာကြီးတို့ အိမ် မှာ ထားချင်လို့ ”
ကိုခွေးပု အသံသည် ထစ်ထစ်အအ ပေါ်ထွက် လာသည် ။ စိန်အေး ရောက်လာတော့မည် မို့ ကျွန်တော် ပျော်သွားသည် ။
သို့သော် အဖေ က ဘာမျှမ ပြောရသေးမီ အမေ က ဆိုးဆိုးဆတ်ဆတ် ဝင် ပြောသည် ။
“ မင်းနှယ် ရွာ မှာ ကျောင်း ရှိသားနဲ့ ”
“ ဟုတ်ပါတယ် ဆရာကတော် ရယ် ။ ဒါပေမဲ့ ရွာ မှာ ဆရာ တစ်ယောက်တည်းပါ ၊ ကလေးတွေ က များ တော့ အောင်တာ နည်းတယ် ၊ လေးတန်း ဆိုတော့ ဘုတ်စစ် တဲ့ ”
“ ဘုတ်စစ်စစ် ၊ ဘာစစ်စစ် နင့် သား တော်ရင် အောင်မှာပဲ ”
အမေ့ စကား ကို ကျွန်တော် မကြိုက်ပါ ။ စိန်အေး ကို လက်ခံစေချင်သည် ။ ရွာ မှာ လို ဆော့ကစား ချင်သည် ။
တင်းထားသော အမေ့ မျက်နှာ ကို မကြည့်တော့ဘဲ ငြိမ်နေသည့် အဖေ့ မျက်နှာ ကို ကြည့်မိသည် ။ အဖေ က လက်ခံပါစေ ဟု ဆုတောင်း နေမိသည် ။
“ ဘခွေး ၊ မင်း သားကို မြို့ မှာ ထားချင်တယ် မဟုတ်လား ။ အေး ... ထား ။ သူ ပညာ သင်ဖို့ ငါ ထောက်ပံ့မယ် ”
အိမ်တွင် အဖေ့ ဩဇာ ကို မည်သူမျှ မလှန်ရဲပါ ။ အမေ သည် ဧည့်သည် ရှေ့မို့ ဘာမျှ မပြောသော်လည်း မီး တဝင်းဝင်း တောက် နေသော မျက်လုံး အစုံ ဖြင့် အဖေ့ ကို စိုက်ကြည့်သည် ။ အဖေ က ပြန် ကြည့်သော် အကြည့် လွှဲကာ ထိုင်ရာ မှ ထသွားသည် ။
အမေ ဒေါကန် နေသော်လည်း ကျွန်တော် ပျော်သည် ။ စိန်အေး လက် ဆွဲ၍ မမ ထံသို့ ခေါ်သွားသည် ။ အိမ် မှာ နေမည့် အကြောင်း ပြောပြသော် မမ က မောင်လေး နဲ့ အဖော် ရတာပေါ့ ဟု ပြောသည် ။ သဘောကောင်း သော မမ သည် စိန်အေး ပါး ကို လိမ်ဆွဲသည် ။ စိန်အေး လည်း ကျွန်တော် တို့ မောင်နှမ နှင့် ထပ်တူ ပြုံးပျော်နေသည် ။
ကိုခွေးပု သည် ဘဘကြီး မေမေကြီး တို့ စကား ကို နားထောင်ရန် ၊ ကျွ န်တော် နှင့် တည့်အောင် နေရန် မှာ ကြား၍ စိန်အေး ကို ထားခဲ့ကာ ပြန် သွားသည် ။
အမေ သည် ညစာစားချိန် ရောက်သည့်တိုင် အခန်း ထဲမှ ထွက်မလာ သဖြင့် အဖေ က သွားချော့သည် ။
“ မလွင် ရယ် လူ တစ်ယောက် တိုးလာလို့ ငွေ ပိုကုန်တာ ကိုသိန်း သိပါ တယ် ။ ကောင်လေး က လုပ်နိုင်ကိုင်နိုင် အရွယ် ဆိုတော့ မင်း ခိုင်းချင်တာ ခိုင်းလို့ ရတာပေါ့ကွ ။ သမီးကြီး က သည်နှစ် ရှစ်တန်း မဟုတ်လား ။ စိုးရစစ် ဆိုတော့ စာတွေ များ လာပြီ ။ မင့် ကို ကူနိုင်တော့မှာ မဟုတ်ဘူး ။ ထမင်းချက် လိုက် အဝတ်ဖွပ် လိုက် ဈေးသွား လိုက် နဲ့ မလွင် တစ်ယောက်တည်း မနိုင်ရင် လူ ငှားရမယ့် အတူတူ သည် ကောင်လေး က စိတ်ချရတယ်လေ ။ သား နဲ့ ရွယ်တူ ပေမယ့် တော မှာ နေတဲ့ ကလေး ဆိုတော့ သန်တယ် ။ ထင်းခွဲရေခပ် ကောင်းကောင်း လုပ်နိုင်တယ် ။ ဘခွေး လည်း ဆန္ဒပြည့် ၊ တို့ လည်း အကျိုး ရှိပေါ့ကွာ ”
ဤသို့ဖြင့် စိန်အေး တစ်ယောက် ကျွန်တော်တို့ အိမ် သို့ ရောက်လာသည် ။ ရပ်ကွက် ထဲ က မူလတန်းကျောင်း မှာ ပင် စိန်အေး ကို အပ်နှံသည် ။ ကျွန်တော်တို့ မောင်နှမ က မြို့လယ် ရှိ နာမည်ကြီး အထက်တန်းကျောင်း တွင် နေသည် ။ ကျွန်တော်တို့ ကျော င်းက ဝေးသဖြင့် စက်ဘီး ဖြင့် သွားရသည် ။ စိန်အေး က ခြေကျင် သွားသည် ။
မူလ က မျှော်မှန်းထား သလို စိန်အေး နှင့် ကျွန်တော် သည် ရွာမှာ ကဲ့သို့ တစ်ပူးတွဲတွဲ မနေရပါ ။ မဆော့ရပါ ။ အတန်း ကြီးလာသည် နှင့် အမျှ ကျွန်တော့် တွင် စာများ လာသည် ။ ပထမ ရသွားသည့် အဆင့် ကို ဆက်လက် ထိန်းနိုင်အောင် ကြိုးစားရသည် ။
ကစားရန် ထက် စာကျက်ရန် အချိန် ကို လုနေရသည် ။ အိမ်ရယ် ၊ ကျောင်းရယ် ၊ ကျူရှင်ရယ် ပြေးလွှားနေရသည် ။ ကျောင်းပိတ်ရက်များ မှာ ကျွန်တော် က စာကြည့်ခန်း ထဲ ရောက်နေ သလို စိန်အေး သည် မီးဖိုချောင် ထဲ ရောက်နေသည် ။
ကစားဖို့ ဝေးစွ ၊ မျက်နှာချင်းဆိုင် မိသည့် ရက်ပင် ရှားပါးလှ၏ ။ နှစ်ယောက် တွေ့လျှင် လည်း အမေ က စိန်အေး ကို အလုပ် တစ်ခုခု ခေါ်ခိုင်း တတ်သည် ။ ကျွန်တော့် ကို စာမကျက်ဘူးလား ဟု မေးတတ်သည် ။ တစ်အိမ်တည်း အတူ နေရသော်လည်း စိန်အေး နှင့် ကျွန်တော် အဝေးကြီး ဝေးလျက် ရှိသည် ။
စိန်အေး ရောက်လာ မှ ရေစည် မဝယ်ရတော့ပါ ။ ချိုးရေ နှင့် သုံးရေများ ကို စိန်အေး ထမ်းသည် ။ အဖေ နှင့် ကျွန်တော့် အဝတ်များ ကို စိန်အေး ဖွပ်သည် ။
စိန်အေး ရောက်လာ မှ အမေ အတော် သက်သာသည် ။ သို့သော် အမေ သည် စိန်အေး ကို နည်းနည်းမှ မျက်နှာသာ မပေးပေ ။ အိုးတိုက်တာ မပြောင် လျှင် ဒေါင်ခနဲ ခေါက်သည် ။ ထမင်း ပျော့လျှင် ဗိုက်ကြော ဆွဲလိမ်သည် ။ တံမြက်စည်း မလှည်းလျှင် ဖြန်းခနဲ ရိုက်သည် ။ စိန်အေး ဘာလုပ်လုပ် အမေ က မြည်တွန် တောက်တီးသည် ။ ထိုအခါမျိုး တွင် အဖေ သည် မမြင်လို သဖြင့် မမြင်ရာ မကြားရာ နေရာသို့ ရှောင်ထွက် သွားသည် ။
စိန်အေး အပေါ် အမေ ၏ အပြုအမူများ သည် သားသမီးချင်း မစာနာ ဟု မြင်မိသည် ။ သို့သော် အမေ့ ကို မိန်းမဆိုး ၊ မိန်းမကြမ်း ဟု မမြင်ပါ ။ အမေ က ကျွန်တော်တို့ မောင်နှမ ကို အလွန် ချစ်သည် ။ ကျွန်တော် တို့ လည်း အမေ့ ကို တအား ချစ်သည် ။ ထို အချစ်များ ကြားမှာ အမေ ၏ စိန်အေး အပေါ် ညှာတာ ကင်းမဲ့မှုများ လည်း ပါးလျသွား၏ ။
နောက်ပိုင်းတွင် စိန်အေး ကို ဆူသံ ငေါက်သံများ အား ဥပေက္ခာ ပြုနိုင် လာသည် ။ ကြားရိုး ကြားစဉ် မြင်ရိုး မြင်စဉ် မို့ မထူးဆန်း သလို ဖြစ်လာသည် ။ မမြင်လို မတွေ့လို လျှင် အဖေ့ ၏ နည်းပင် တော်ရာ သို့ ရှောင်နေ တတ်လာသည် ။
စိန်အေး ခမျာ နံနက် ကျောင်း မသွားမချင်း အိမ် အလုပ် လုပ်ရသည် ။ ညနေ ကျောင်း ဆင်းလို့ အိမ် ရောက်သည် နှင့် လက် မှာ အလုပ် က ကပ် နေသည် ။ ထို့ကြောင့် ညပိုင်း စာကျက်ချိန် ဆိုလျှင် စိန်အေး ငိုက်ပြီ ၊ ရှစ်နာရီ ကျော်လျှင် စားပွဲ ပေါ် ခေါင်းတင်၍ အိပ်ပြီ ။ ထိုအခါ အမေ ရောက် လာ၍ ဖြန်းခနဲ ရိုက်သည် ။ စိန်အေး သည် အလန့်တကြား ထ၍ မပီမသ ဗလုံးဗထွေး နှင့် စာဖတ်သည် ။ အသံ ကျယ်လျှင် အမေ မကြိုက်ပြန် ။ အမေ က တိုးတိုးကျက် ဟု ငေါက်လိုက် မှ စိန်အေး အသံ ပြန်ကျ သွားသည် ။ စိန်အေး က စာ ကို အော်ကျက် မှ ရကြောင်း ကျွန်တော့် ကို ပြောဖူးသည် ။
နောင်တွင် စိန်အေး သည် အမေ ဘယ်လောက် ရိုက်ရိုက် ၊ ဘယ်လိုပင် ဆူဆူ မတုန်လှုပ်တော့ပေ ။ သစ်တုံး လို ငုံ့ခံသည် ။ လုပ်စရာ ရှိလျှင် စက်ရုပ် လို လုပ်သွားသည် ။ စိန်အေး မျက်နှာ ပေါ်တွင် ရယ်ခြင်း ငိုခြင်းများ ကွယ်ပျောက်၍ အမြဲလိုပင် မျက်နှာသေကြီး နှင့် ဖြစ်နေသည် ။
ကိုခွေးပု လာလျှင် အမေ က ဆီး၍ “ မင့် သား က ဉာဏ်ထိုင်းတယ် ၊ စာ ထဲ စိတ် မပါဘူး ၊ စာကျက် ခိုင်းရင် အိပ်တော့တာပဲ ” စသည် ဖြင့် ဦးအောင် ပြောတတ်သည် ။ ကိုခွေးပု မှာ သူ့ သား ခေါင်း ကို ပွတ်၍ “ လိမ်မာပါ သားရယ် ၊ ကြိုးစားပါ သားရယ် ” ဟု သာ တတွတ်တွတ် ပြောတတ်ရှာသည် ။ စိန်အေး ကမူ မည်သူ့ စကား ကို မှ မကြားသလို ငေးငေးငူငူ နေတတ်သည် ။
ကျွန်တော် သည် ခြောက်တန်း ၊ ခုနှစ်တန်း ၊ ရှစ်တန်း ၊ ကိုးတန်း ၊ ဆယ်တန်း မှန်မှန် အောင်သည် ။ စိန်အေး ကား ကျ , လိုက် အောင်လိုက် နှင့် ခြောက်တန်း အထိပဲ ရောက်သည် ။
ကျွန်တော် ဆယ်တန်း အောင်စဉ် က ဂုဏ်ထူး သုံးဘာသာ ပဲ ရရပါ့မလား လို့ အမေ ဆူ စဉ် နားပူလွန်း သဖြင့် -
“ စိန်အေး နဲ့ ကျွန်တော် အသက်ချင်း အတူတူပဲ ၊ စိန်အေး ဆိုရင် ခုမှ ခြောက်တန်း ပဲ ရောက်သေးတယ် ၊ အဲ့ဒါကို ပြောပါလား ”
“ အောင်မလေးတော် ... စိန်အေး ကို စကားထဲ ထည့် မပြောနဲ့ ၊ လယ် ထဲ က လာတဲ့ ကောင် လယ်ထဲ သွားမှာ ပဲ ၊ ကိုယ့် ထက် မြင့်တဲ့ လူနဲ့ ယှဉ်ရတယ် ဟဲ့ ၊ အထူးကုဆရာဝန်ကြီး ဦးထွန်းလှ သား ကျော်ထွန်းလွင် ဆိုရင် ဘာသာစုံဂုဏ်ထူး နဲ့ ဆေးကျောင်း ရသွားပြီ ၊ သူ လည်း တစ်နေ့မှာ အထူးကု ဆရာဝန်ကြီး ဖြစ်မှာ ပဲ ၊ အင်ဂျင်နီယာ သား က အင်ဂျင်နီယာ ဖြစ် ၊ အရာရှိ သား က အရာရှိ ဖြစ် ၊ ကဲ ... ”
အမေ့ ‘ ကဲ ’ ကြီး ကို လက်မခံသော်လည်း အတိုက်အခံ မပြောတော့ဘဲ ရေငုံနှုတ်ပိတ် နေလိုက်သည် ။
သည် နောက်တွင် ကျွန်တော် သည် စက်မှုတက္ကသိုလ် တက်ခွင့် ရသဖြင့် ရန်ကုန် သို့ ရောက်ရှိ လာသည် ။ မမ က စီးပွားရေးတက္ကသိုလ် တတိယနှစ် မို့ မောင်နှမ နှစ်ယောက်လုံး ရန်ကုန် မှာ ဆုံသည် ။ ကျွန်တော်တို့ မောင်နှမ ထံ အမေ သည် မကြာခဏ လာသည် ။ ကျောင်းပိတ် လျှင် ပင် ကျွန်တော်တို့ သားအမိ သုံးယောက် သည် မြို့သို့ မပြန်ဖြစ်ပေ ။
စကားကြုံ မှ စိန်အေး ရွာပြန် သွားကြောင်း ၊ အိမ်ထောင်ကျကြောင်း ၊ ကိုခွေးပု မမာကြောင်း ၊ လယ်များ လည်း အားလုံး ရောင်းလိုက်ကြောင်း တို့ ကို သာမန်လောက် ကြားသိရသည် ။ စိန်အေး အကြောင်း ရေးကြီးခွင်ကျယ် လုပ် မပြောကြသလို အရေးတယူ မေးမြန်း စုံစမ်းခြင်း လည်း မပြုမိကြ ။ ကျွန်တော်တို့ ဘဝ တက်လမ်း တွင် ဘာမှ အထောက်အကူ မဖြစ်တော့သော ကိုခွေးပု တို့ ၊ စိန်အေး တို့ သည် ကျွန်တော်တို့ ပတ်ဝန်းကျင် မှ အလိုလို လွင့်စဉ် သေးသိမ်မှုန်ဝါးလေ၏ ။
ဘွဲ့ရ ပြီးမှ မြို့ သို့ ကျွန်တော် ပြန်သည် ။ မြို့လယ် တွင် ဆိုင်ခန်း ဖွင့်သည် ။ လျှပ်စစ်ပစ္စည်းများ ၊ ဗီဒီယို ၊ ရုပ်မြင်သံကြားစက်များ ပြုပြင်သည် ။
မမ သည် မိဘများ ပေးစားသော ကိုသိန်းဆောင် နှင့် အိမ်ထောင် ကျပြီး နောက် သျှောင်နောက် ဆံထုံးပါ ဆိုသလို မန္တလေးမြို့ သို့ ပြောင်းရွှေ့သွားသည် ။ အဖေ သည် လည်း အငြိမ်းစား ယူလိုက်ပြီ ။
အိမ် ၏ စားဝတ်နေရေး ကို ကျွန်တော် ဝင်ငွေဖြင့် ဖြည့်တင်းသည် ။ လုပ်ငန်း ကောင်းမွန်သဖြင့် ဝင်ငွေ ကောင်းသည် ။ ယခင်လို ပင် ပြည့်ပြည့်စုံစုံ တင့်တင့်တယ်တယ် နေနိုင်သည် ။ အဖေ က သူ စုဆောင်းငွေ ဖြင့် ရွာသို့ သွားကာ ကျောင်း ဆောက်သည် ။ အဖေ နှင့် အမေ သည် ရွာတွင် နှစ်လကျော် မျှ နေခဲ့ကြသည် ။ ကျောင်းရေစက်ချ ပြီးမှ ပြန်လာကြသည် ။
တစ်နေ့တွင် အိမ်သို့ မမျှော်လင့်ဘဲ စိန်အေး ရောက်လာသည် ။ မမြင် မတွေ့သည် မှာ နှစ်ချီ ကြာပြီ ဖြစ်သော်လည်း စိန်အေး ဟု ချက်ချင်း သိသည် ။ ရင့်ရော်မှု အကာအရံ အောက်တွင် စိန်အေး သည် မမှတ်မိလောက် အောင် မြုပ်မနေပေ ။
“ ဟာ .... စိန်အေးကြီး ပါလား ၊ လာကွာ ”
ကျွန်တော် က ဝမ်းသာအားရ ဆီးကြို ခေါ်ငင်လိုက်သည် ။ စိန်အေး သည် ကိုယ် ကို ယို့၍ ဝင်သည် ။ သူ့ နောက်တွင် သူ့ ပုဆုံးစ ကို ဆွဲလျက် ကလေး တစ်ယောက် ပါလာသည် ။
“ ကုလားထိုင် ပေါ် ထိုင်ပါကွ ၊ ဒါ မင့် သားလား ”
ဆံပင်ထောင်ထောင် ၊ ပါးဖောင်းဖောင်း နှင့် ကလေး က ကျွန်တော့် ကို ပြုံးကြည့်သည် ။ စိန်အေး နောက် မှာ ကပ်သထက် ကပ်သည် ။ အိမ်ရှေ့ မှ အသံများကြောင့် အမေ သည် စိပ်ပုတီး ကိုင် လျက် အခန်း ထဲမှ ထွက်လာ သည် ။ ကုလားထိုင် တစ်လုံး ပေါ် ထိုင်သည် ။ မှုန်ရီနေသော မျက်လုံး ကို လက်ဖြင့် ကာ၍ စိန်အေး တို့ သားအဖ ကို စူးစူးစိုက်စိုက် ကြည့်သည် ။
“ ကျွန်တော် စိန်အေး ပါ မေမေကြီး ။ မေမေကြီး နေကောင်းတယ်နော် ” ဟု စိန်အေး က ပြော၍ အမေ့ ကို ဝပ်ချသည် ။ သူ့ သားလေး ကို လည်း ဝပ်ချခိုင်းသည် ။
“ ငယ်ငယ်တုန်း က လိုတော့ မဟုတ်တော့ပါဘူးကွယ် ၊ ထနိုင် သွားနိုင် ရင် ပဲ နေကောင်းတယ် ခေါ်ရမှာ ပေါ့ ၊ ဘုန်းကြီးပါစေ ၊ သက်ရှည်ပါစေကွယ် ၊ အနာမျိုး ကိုးဆယ့်ခြောက်ပါး ကင်းဝေးပါစေ ”
အမေ ဆုပေး နေစဉ် စိန်အေး သည် ကိုယ် ကို ပြန် မတ်၍ ကျွန်တော့် ကို ကြည့်သည် ။ အမေ့ ကို ကြည့်သည် ။ ထို့နောက် သူ့ နံဘေး မှာ ကပ်နေသည့် သူ့ သား ကို ကြည့်သည် ။
စိန်အေး သည် ပါးစပ် တပြင်ပြင် ဖြစ်နေ သော်လည်း ပြောမည့် စကား မူ တော်တော် နှင့် ထွက်မလာ ။ တံတွေး မျိုချပြီး ...
“ ဒါ ငါ့ သား အကြီးကောင် ပါ ၊ သူ့ အောက်မှာ သုံးယောက် ရှိသေးတယ် ၊ ဒီကောင် က သုံးတန်း အောင်ပြီကွ ”
စိန်အေး ဆက် ပြောမည့် စကား ကို ကျွန်တော် သိသလို ၊ ကြားဖူးသလို ခံစားရသည် ။ သူ့ သား ကို ကျွန်တော့် အိမ်မှာ ထားချင်ကြောင်း ပြောတော့မည် ။ ထင်သည့် အတိုင်းပင် စိန်အေး နှုတ်မှ ပြောသည့် စကား ကို နား နှင့် ဆတ်ဆတ် ကြားရသည် ။ သူ့ အပြော ထက် ကျွန်တော့် အကြား က အလျင် ကျ၏ ။
စကား ကို သာ မဟုတ် ၊ ဖြစ်စဉ် ကို ပါ ကျွန်တော် သိပြီးသားလို့ ထင်သည် ။ စိန်အေး မျက်လုံး ၊ စိန်အေး သား ၏ မျက်လုံး ။ သည် မျက်လုံးတွေ ၊ သည် အကြည့်တွေ ၊ သည် အဖြစ်တွေ ။
ကြည့်ပြီးသား ရုပ်ရှင် ကို ထပ် ကြည့်ရ သလိုပင် ။
ကျွန်တော် တုန်လှုပ်ခြင်း ကြီးစွာ ဖြစ်ရသည် ။
သူတို့ သားအဖ ရှေ့ရေး ကို ဖတ်ကြားရန် အမေ့ ဘက် သို့ မရဲတရဲ ကြည့်သည် ။
အမေ က ကျွန်တော့် ကို ခေါင်းညိတ် ပြသည် ။
“ လက်ခံလိုက်ပါ သား ၊ တို့ တောက လူတွေ အစစ ချို့တဲ့ ရှာကြတယ် ”
▣ ကိုရိုးကွန့်
📖 စံပယ်ဖြူ မဂ္ဂဇင်း
၁၉၉၀ ၊ ဖေဖော်ဝါရီ
No comments:
Post a Comment