❝ သင်္ကြန်အလွမ်း ❞
( ဗေလုဝ )
အထက်ပါ ခေါင်းစဉ် ကို ကျွန်တော် အလွန် သဘောကျသောကြောင့် ပေးဖြစ်ခဲ့သည် ။ ကိုယ်တွေ့ ဖြစ်ရပ်များ ထဲ မှ ကျွန်တော့် ဘဝ တစ်စိတ်တစ်ဒေသ သည် သင်္ကြန်ကာလများ နှင့် သာ ‘ လုံးထွေး ’ ဖြစ်ခဲ့သည် ။ ဂန္ထဝင်မောင်ဝိုင်း ၏ ‘ မောင်မောင်ဆိုလေ ထီးရိုးရှည် ’ သင်္ကြန်ကား တွင် ကျွန်တော် ကား သရုပ်ဆောင် ။ ထိုအချိန် ကာလ က မင်းသား ကျော်ဟိန်း ၏ “ စိမ် ( သို့မဟုတ် ) စိန် ” သည် ရေပန်းစားခဲ့သည် ။ ထို ဇာတ်ကား ထဲ မှ ဇာတ်ဝင်ခန်း အချို့ကို ကျွန်တော် သရုပ်ဆောင် ရသည် ။ မိုးလင်းပေါက် မဏ္ဍပ် တစ်ခု ပြီး တစ်ခု ။ ‘ ငြိမ်းငြိမ်းအိ ’ ခေါ် ‘ အင်္ဂလန်စိန် ’ သည် ငယ်ရွယ်နုပျိုလွန်းသော ကာလ ။ ရုပ်ရှင်လောက သို့ ပင် မရောက်သေး ။ ကျွန်တော်တို့ သင်္ကြန် လှေကား ပေါ် မှာ ချီပိုး ခဲ့ရသော အချိန် ။ နောင် ရုပ်ရှင်လောက ၌ ‘ အကယ်ဒမီ ’ ဆုရှင် ဖြစ်သွားခဲ့သည် ။ ကျွန်တော့် အစ်ကို မောင်မောင်နေဝင်း ( ဂန္ထဝင် မောင်ဝိုင်း ) သင်္ကြန်လောက နှင့် အဆက်ပြတ် သွားပြီး ( အင်းစိန်တောရ ) ၌ ရောက်ရှိ သွားချိန် တွင် ကျွန်တော် ၏ သင်္ကြန် ‘ ပိုး ’ ကား သ,တ်မရ၊ ပြုမရသော အခါ ဂရန် ကို မျက်စောင်းထိုး လေတော့သည် ။ ‘ သင်္ကြန် ထွက်ရရင် ပြီးရော ’ ဆိုသည့် စိတ် သာ ရှိခဲ့သည် ။ ‘ ဟစ်တလာ ’ ၏ လမ်းစဉ် အတိုင်း
နေရာတကာ ( တောင်ဥက္ကလာပ ရှိ လက်ဖက်ရည်ဆိုင် ) မှာ ဟောင်ဖွာ ... ဟောင်ဖွာ လူ ဆွယ်ရတော့သည် ။
( ၆ ) ရပ်ကွက် က ကိုအေးမင်း တို့ ညီအစ်ကို နှစ်ယောက် နှင့် စိတ်တူ၍ ( ပြောမဆုံးပေါင် တောသုံးထောင် ) သင်္ကြန်ကား အငယ်စားလေး ကို ဟိုဆွဲ ဒီဆွဲစိပြီး ထွက်ဖြစ်ခဲ့သည် ။ သံချပ် ကို ကိုယ့် ဘာသာ ကိုယ် ရေး ၊ ကိုယ် ကိုယ်တိုင် အတိုင် ခေါင်းဆောင် လုပ်ပြီး မောင်မောင်မြင့်အောင် တို့ မိုးမမြင် လေမမြင် ပေါ့ ။ ကျွန်တော် နှင့် ခေတ်ပြိုင် က မောင်မောင်မြင့်သိန်း ( မပြောတော့ဘူး ၊ ပြီးပါပြီ ) ‘ ရန်ကင်း ’ နှင့် ‘ ဥက္ကလာ ’ ပေါင်း ထွက်သော နှစ် ။ သင်္ကြန်ကား နာမည် ကို မိတ်ဆက်ရသော နှစ် မို့ သင်္ကြန်ရှုံး သွားသည် ။ သင်္ကြန်ရှုံး တော့ ထုံးစံ အတိုင်း ‘ အကြွေး ’ ပတ်လည်ပေါ့ ။
ဖျာလိပ် ထဲ ဝင် အိပ် ၊ ကြွေးရှင် က ကိုယ့် ဘေးနား တွင် စကားပြောသံတွေ ကို ကြား နေရသည် ။ ဆိုင်းကြွေး၊ ကားကြွေး ၊ သစ်ကြွေး ၊ အင်္ကျီချုပ်ခ ကြွေး နှင့် ‘ ချာလပတ်ရမ်း ’ ။ သင်္ကြန် ပြီးပြီးချင်း ဟိုအိမ် ပုန်း အိပ် ၊ ဒီအိမ် ပုန်း အိပ် နှင့် သင်္ကြန် ပြီး ကာလများ ကို စိတ်ပင်ပန်းစွာ ဖြတ်သန်း ခဲ့ရသည် ။ ပြန် မရွေးနိုင်သော ‘ ဂရန် ’ ကို မိဘများ က ပြန် ရွေး ။ ဒီလိုနဲ့ ပင် ကျွန်တော် ခေါင်းဆောင် ခဲ့သော ‘ ဒိုးဒိုးဒေါက်ဒေါက် ’ သည် ၁၅ နှစ် တိုင်တိုင် ရှိသွားခဲ့သည် ။ ကျွန်တော် နှင့် ခေတ်ပြိုင် မောင်မောင်မြင့်သိန်း ( ပြီးပါပြီ ) သည် လည်း ၁၅ နှစ်တိုင်တိုင် သူ လည်း ဖြတ်သန်းခဲ့သည် ။ ခုတော့ ကျွန်တော် က ‘ ဗေလုဝ ’ ၊ သူ ကား ‘ ကုသိုလ် ’ နာမည်များ ဖြင့် ပြည်သူတို့ ၏ အချစ်တော်၊ လူရွှင်တော်များ အဖြစ် ရပ်တည်ခဲ့ကြသည် ။
ကျွန်တော် လွမ်းသော သင်္ကြန် ကား ‘ တူးပို့ တူးပို့ ’ သံ ကြားလျှင် ဟိုတုန်းက ကျွန်တော် တို့ ထွက်ခဲ့ ကြသော သင်္ကြန် အလှကားများ ဆီ အပြေးအလွှား ရောက်သွား သည် ။ ‘ ထိုအလွမ်းကား မည်သည့် အလွမ်း နှင့် မှ နှိုင်းယှဉ် မရ ’ ။
ဪ ... ဒါတွေက မမေ့နိုင်သော နေ့ရက်များ ပင် ။ ထိုခေတ် ထိုအခါ က မြို့နယ် အလိုက် အပြိုင်အဆိုင် ထွက် လာကြသော အချိန် ။ ကြည့်မြင်တိုင် မှ ယဉ်ကျေးမောင် ( ကိုခင်မောင်ဆွေ ) ၊ မဟာရန်ကုန် ၃၆၅ ( ပန်းချီဆရာကြီး စတားမြသန်း ) ၊ မောင်မောင်တို့ အဖွဲ့ ( မောင်မောင်လှမြင့် ) ၊ ပြည်တော်ချစ် မင်းသားကြီး [ တင်မြင့်ကြောင် ခင်မောင်မြင့် ( ခေါ် ) မောင်မေတ္တာ ] ၊ ပုဇွန်တောင် ရေကျော် မှ ၁၉၈၆ - ၈၇ တွင် သံချပ် အကောင်းဆုံး ဖြစ်ခဲ့သော အပြာ ရဲ့ အနီ မှ ကဗျာဆရာ ကိုစိမ်းနီ ။ ကိုစိမ်းနီ က သင်္ကြန် ကို ဘယ်လောက် ချစ်သလဲ ဆိုရင် သင်္ကြန် မထွက်ရတော့ပေမယ့် သူ ဦးစီး ထုတ်ဝေသော
မဂ္ဂဇင်း အမည် ကို ပင် ‘ ပိတောက် ပွင့်သစ် ’ ဟု နာမည် ပေးခဲ့သည် ။ ပြည်သူ့ ကဗျာဆရာ ဒေါင်းနွယ်ဆွေ သည် လည်း သင်္ကြန် ကို ချစ်ခဲ့ဖူးသည် ။ ‘ မဟာနေ ကမ္ဘာသား ’ သင်္ကြန် အလှကား အမည် ဖြင့် စင်ပေါ် တက် ၍ သံချပ် တိုင်ခဲ့ဖူးသည် ကို ကျွန်တော့် မျက်ဝန်း ထဲ မှ ပြန်လည် မြင်ယောင် နေသေးသည် ။ သံချပ် လောက မှ နေ၍ ရုပ်ရှင် ၊ ဗီဒီယို ၊ စာပေ ၊ ဇာတ်သဘင် လောက သို့ ရောက်ရှိ သွားသော အနုပညာရှင် များစွာ ရှိခဲ့သည် ။ တချို့က တော့ ပိတောက်ပွင့် နှင့် ကြွေလွင့် သွားသူများ လည်း ရှိသည် ။
ထို ကြွေလွင့်သွားသော သင်္ကြန်ချစ်သူများ ကား ပဋိစ္စသမုပ္ပာဒ် မှ ‘ ဂီတစာဆို ကိုကြေးမုံ ’ ၊ ယဉ်ကျေးမောင် မှ ‘ ကိုခင်မောင်ဆွေ ’ ( ဗီဒီယိုဒါရိုက်တာ ၊ ဇာတ်ညွှန်းရေးဆရာ) ၊ မောင်မောင် ဆိုလေ ထီးရိုး ရှည် မှ မောင်မောင်နေဝင်း ( ‘ ဂန္ထဝင်မောင်ဝိုင်း ’ စာရေးဆရာ ၊ ရုပ်ရှင် ဗီဒီယိုဒါရိုက်တာ ) ၊ အနန္တစွမ်းအားရှင် မှ ‘ မောင်မောင်တုတ်ပေါ ’ ။
သူတို့ ကား ကြွေလွင့် သွားခဲ့ကြသည် ။ သူတို့ ထိုးခဲ့သော သံချပ် ၊ စပ်ဆိုခဲ့သော သင်္ကြန် သံချပ်များ က လေထု ထဲမှာ ထာဝရ လွင့်ပျံ့ နေသည် ။
ဂနိုင်နှင်းဆီ မှ ‘ ခင်စိုးပိုင် ’ ( အကယ်ဒမီ ) ၊ ဒိုးဒိုးဒေါက်ဒေါက် မှ ‘ ဗေလုဝ ’ ၊ ပြီးပါပြီ မှ ‘ ကုသိုလ်’ ၊ ပြည်တော်ချစ် မင်းသားကြီး မှ ‘ မောင်မေတ္တာ ’ ၊ ၆၃ / ၆၄ ဝန်းကျင် ထွက်ခဲ့သော ‘ ချိုကြီး ’ သင်္ကြန်ကား မှ လူရွှင်တော် ‘ ချစ်စရာ ’ ၊ ဧည့်သည် လူရွှင်တော် ‘ စုတ်ချွန်း ’ ၊ မောင်လွင် ( မြင်းမူ ) ( ဇာတ်ညွှန်းရေးဆရာ ) ၊ နိုင်ငံကျော် ပြဇာတ် ဒါရိုက်တာ ၊ မင်းသား လူငယ်ကြည်ခိုင် သည် ပင် ‘ ဆူးကြား မှ ဘူးခါး ’ သင်္ကြန်အလှကား မှ ဝင်ကြေး မပေးနိုင်၍ အသင်း မှ ထုတ်ပယ်ခံရဖူးကြောင်း ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် အဖြစ် ‘ ကိုချစ်စရာ ’ မှ ပြန် ပြောပြ၍ သင်္ကြန် ၏ ချစ်မက်ဖွယ် ကောင်းသော အတိတ်ကာလများ ဆီ သို့ .. ။
▢ ဗေလုဝ
📖 ဟဒယ မဂ္ဂဇင်း
ဧပြီ၊ ၂၀၀၇
No comments:
Post a Comment