Sunday, April 27, 2025

ဆွမ်းခံရင်း


 

❝ ဆွမ်းခံရင်း ❞
  ( မဟာဆွေ )

“ ဟေ့ကောင် - စိန်လင်း - မ င်း စီးသွားမယ့် ရထား က ပေါင်းတည် မရောက်ခင် မိုင်းဗုံး ထိပြီး မှောက် သွားလိမ့်မယ် ”

တကယ်လို့ ၊ အလွန်ချစ်တဲ့ သူငယ်ချင်း သာ မဟုတ်ပါ က ၊ ကျွန်တော် အမှန် ဆွဲထိုးမိမည် ဖြစ်၏ ။ ယခုမူကား လည်ပင်း ဖက်ကာ ၊ ကြီးပြင်း လာကြသော သူငယ်ချင်း ဖြစ်သဖြင့် စိတ်ဆိုးရ ခက် ၊ ဆွဲထိုးရ လည်း အခက် ဖြစ်နေပါသည် ။

“ ကျော်ခိုင် ... မင်း ... အတော် ဆိုးတဲ့ ... အကောင်ကွာ ၊ မင်း နဲ့ ခွဲ မသွားစေချင်တာနဲ့ ၊ မင်း ဒီလို နိမိတ်ဖတ် နေတာလား ဟင် ”

“ မသွားစေချင်တာတော့ အမှန်ပဲ ၊ ငါ ပြောတာ ကလည်း မင်း ကို နိမိတ်ဖတ် နေတာ မဟုတ်ဘူး ၊ ငါ အိပ်မက် မက်တယ် ၊ မင်း - ပြည် ကို ထွက်သွားပြီးတဲ့ နောက်တစ်နေ့ ရန်ကုန် က ပြည်အဆန်ရထား မိုင်းဗုံး ထိပြီး မှောက်သွားတယ် လို့ သတင်းစာ ထဲမှာ ဖတ်ရတယ် ”

“ အိပ်မက် ထဲ က သတင်းစာ ထဲမယ်လေ ”

“ အေးလေ - မင်း အခု မသွားသေးဘူး မဟုတ်လား ၊ ငါ့ အိပ်မက် ကို ယုံရင် မသွားဘဲ နေရုံပေါ့ ”

ကျော်ခိုင် ကတော့ ကျွန်တော့် အား ဤကဲ့သို့ပင် အခိုင်အမာ ပြောနေပါသည် ။ ကျွန်တော် သည် မိဘ ရပ် ထံ မပြန်ရသည် မှာ အတော် ကြာပြီ ဖြစ်သဖြင့် ရန်ကုန် နှင့် ပြည် တောက်လျှောက် မီးရထား သွားနိုင်ပြီ ဆိုတည်းက သွားချင် နေပါသည် ။ ယခုမူ သွားဖို့ရာ အားလုံး စီစဉ်ပြီး ဖြစ်ပါသည် ။ ဒီလို အချိန်မျိုး မိုင်းဗုံး နှင့် မီးရထား မှောက်လိမ့်မယ် ဆိုသည့် စကားမျိုး ကြားရတော့ နားဝ မသက်သာတော့ပါ ။

မိတ်ဆွေ ရန်ကုန် က - မန္တလေး ကို လေယာဉ်ပျံ နှင့် သွားမည့် ဆဲဆဲ ၊ အဲဒီ လေယာဉ်ပျံ ပျက်ကျလိမ့်မယ် လို့ တစ်စုံတစ်ဦး က ပြောက ၊ ထိုသူ အား မိတ်ဆွေ ဘယ်လို အောက်မေ့မည်နည်း ။ မထိုးမိတောင် ကလော်ဆဲ မိမည် ဟု ထင်ပါသည် ။ ကျွန်တော့် မှာတော့ အလွန် ချစ်သည့် သူငယ်ချင်း မို့ ဆဲလည်း မဆဲရက်ပါ ။ သူ က ပင် ။

“ ငါ့ အိပ်မက် ဟာ တည့်တည့်တန်းတန်း မက်တတ်တယ်ကွ ၊ ဒါကို မင်း အသိဆုံး မဟုတ်လား ”

ကျော်ခိုင် ဟာ ကျွန်တော့် အား နောက်ပြောင်နေခြင်း မဟုတ် ။ တကယ် စိုးရိမ်စိတ် နှင့် အိပ်မက် အရ တားမြစ်ခြင်း ဖြစ်ပါသည် ။ ကျွန်တော် က လည်း အတိတ်တွေ ၊ နိမိတ်တွေ ၊ အယုံအကြည် ရှိသူ မဟုတ်ပါ ၊ သို့ရာတွင် တစ်ခါက သူငယ်ချင်း ကျော်ခိုင် ၊ ကျွန်တော် တို့ နှစ်ယောက်စလုံး ငွေ ပြတ်နေတုန်း ၊ သူ က“ ဟေ့ စိန်လင်း ၊ မင့် ဖားသားကြီး က လူကြုံနဲ့ ငွေ ( ၂၀၀ ) ကျပ် ပို့လိုက်တယ်လို့ ၊ ငါ အိပ်မက်မက်တယ် ” ဟု ပြောဖူး၏ ။ မကြာမီပင် ကျွန်တော် ၏ ဖခင်ကြီး ဆီမှ လူကြုံ နှင့် ငွေ ( ၂ဝဝ ) ပါးလိုက်သည် ကို ရရှိဖူးပါသည် ။ သည်တော့ သူ့ အိပ်မက် က တိုက်ဆိုင်ဖူး သဖြင့် စဉ်းစားရ မလို ဖြစ်နေသည် ။

“ ဟေ့ကောင် စိန်လင်း သွားသာ သွား ၊ မင်း မသေဘူး ”

နောက်တစ်နေ့ နံနက် ၊ မီးရထား နှင့် သွားသင့် - မသွားသင့် ချိန်ဆ နေခိုက် ၊ ကျော်ခိုင် က အစောကြီး ပြောလာခြင်း ဖြစ်ပါသည် ။ သူ က ပင် ....

“ မင်း မသေတဲ့ အပြင် ၊ ဦးထုပ် ဆောင်းထားတဲ့ မိန်းမချော တစ်ယောက် နဲ့ တွေ့မယ် ”

“ ဟေ့ကောင်ရ သေချာလှချည်လား ... ”

“ မီးရထား တော့ မိုင်းဗုံး ထိ လို့ မှောက်တယ် ၊ မင်းတို့ ခြေဦးတည့်ရာ ပြေးကြလို့ အသက် မသေဘူး ၊ ဦးထုပ် ဆောင်း ထားတဲ့ မိန်းမချော တစ်ယောက် နဲ့ မင်း တွေ့တယ် ”

“ အဲဒီ မိန်းမ နဲ့ တွေ့တော့ ဘာဖြစ်သလဲ ”

“ ငါ အိပ်မက် မက်တာ ဒါပဲ ၊ ရှေ့လျှောက် ဘာဖြစ်တယ် လို့ ဆက် မမက်ဘူး ”

ကျွန်တော့် မှာ ၊ သူ့ အိပ်မက် ကိုပင် ၊ ဘုရားဟော လောက် ယုံကြည်ရ မလို ဖြစ်နေပါသည် ။ နဂို က လည်း အတိတ်နိမိတ် မယုံကြည် သဖြင့် ထိုနေ့ မှာ ပင် ရန်ကုန်ဘူတာကြီး မှ ဒုတိယတန်း လက်မှတ် တင်ကူး ယူထားပြီး ဖြစ်သည့် အတိုင်း ၊ အခန့်စား လိုက်ပါ သွားပါသည် ။

ပြည်မြို့ ကို မောင်သောင်းကျန်းများ သိမ်းပိုက် ထားပြီး မီးရထား မသွားနိုင်သည် မှာ အတော် ကြာခဲ့ပါပြီ ။ အစိုးရက ပြည်မြို့ ကို သိမ်းပြီး နောက် အတော်ကြီး ကြာမှ မီးရထား လက်ပံတန်း အထိ ။ ထို့နောက် တစ်စ တစ်စ ပြည်မြို့ အထိ ၊ တောက်လျှောက် ခုတ်မောင်းနိုင်ခြင်း ဖြစ်ပါသည် ။ ကျွန်တော့် မှာ စစ်ပြီး ဤဘက် ပထမ အကြိမ် မီးရထား စီးရခြင်း ဖြစ်သဖြင့် မီးရထား အထွက် ကတည်း က လမ်းဘေး ဝဲယာများ ကို ကြည့်ရင်း လိုက်ပါလာခဲ့ရာ စစ်မဖြစ်မီ က နှင့် မတူ တစ်မူ ပြောင်းလဲ နေသည် ကို တွေ့ရပါသည် ။

ရှေးအခါက ဆိုလျှင် ဝဲယာ နှစ်ဖက် သစ်တော ရှိ နေရာများက သစ်ပင်များ အစီရရီ ဝေဝေဆာဆာ နှင့် လယ်ယာစိုက်ပျိုးသော နေရာများမှာ လည်း စပါးပင်များ မြရည် လိမ်းသလို စိမ်းလဲ့လဲ့ ဖြင့် ယိမ်းနွဲ့နေကြသည် ။ ဗျိုင်းအောက် က စန္နရီ လို လမ်းလျှောက်ပြီး ငါးကောက် နေကြသည် ။ ရွာကြီးရွာငယ် ၊ မြို့ကြီးမြို့ငယ် စသည်တို့ မှာ သားနားသော သစ်သားအိမ် ၊ အုတ်တိုက် စသည် တို့ကို မြင်ရ၏ ။ ယခုမူ ကား မီးလောင် ပြာကျ၍ ဘာကမျှ မြင်မကောင်း ဖြစ် နေပါသည် ။

“ ဝုန်း - အုန်း - အုန်း ...ဒိုင်း - ဟိုင်း - အိုင်း ... ”

နားပွင့် မတတ် ပြင်းထန်လှသည့် ပေါက်ကွဲသံကြီး ၊ ပေါင်းတည်ဘူတာ သို့ မရောက်ခင် ( ၃ ) မိုင်ခန့် အလိုတွင် ဖြစ်ပါသည် ။ တွဲများလည်း ဂျိမ့်ခနဲ ရပ်သွားပြီးလျှင် ဝုန်း - ဒိုင်း - ဂျောင်း - ဂျလောင်း အစရှိသော အသံ များဖြင့် ဆူညံသွားရာက ဒက် - ဒက် - ဒက် - ဖန်း - ဖန်း စသော စက်သေနတ်သံ ၊ ရိုင်ဖယ်သံများ လည်း ဆူညံသွားပါသည် ။ တွဲများ ပေါ်မှ လူအများ အောက်သို့ ဆင်းကြ ပါသည် ။ အချို့ တွဲအောက် တွင် ဝပ်ပုန်းလျက် ၊ အချို့ တွဲများ နှင့် လွတ်ရာ တောစပ်သို့ ပြေးကြလျက် ဆူညံ - အော်သံများ လည်း အဝီစိပွက် သလို ဖြစ်နေပါသည် ။

ကျွန်တော့် မှာ သားရေသေတ္တာ အလတ်စား တစ်လုံးသာ ပါသဖြင့် တွဲပေါ် မှ ဆင်းကာ တွဲဘေးတွင် ဝပ်ပြီး လျှင် ရှေ့သို့ လှမ်း ကြည့်လိုက်ရာ မီးရထား စက်ခေါင်းကြီး မှာ လမ်းဘေးတွင် တိမ်းမှောက် နေပြီ ဖြစ်၏ ။ စက်ခေါင်း ၏ ခါးကို ဖက် လိုက်လာကြသော မီးရထား ( ၄ ) တွဲ လည်း စက်ခေါင်းကြီး နှင့်အတူ ၊ ဒလိမ့်ခေါက်ကွေး လဲကျ နေကြပါသည် ။

မီးရထားတွဲ တွင် ပါလာသော အစောင့် စစ်သားများနှင့် သောင်းကျန်းသူများ အပြန်အလှန် ပစ်ခတ် နေကြခြင်း ဖြစ်ရာ ကျည်ဆန် အချို့မှာ ကျွန်တော် ၏ ဦးခေါင်း ပေါ်ပင် ရွီခနဲ ရွီခနဲ ဖြတ်ပြေးနေကြသဖြင့် ၊ ထိုနေရာတွင် မနေရဲဘဲ တောစပ်သို့ တစ်မိုင် လောက် ရောက်အောင် ၊ ကုန်းလိုက် ၊ ဝပ်လိုက် ၊ ပြေးလိုက် လုပ်နေရပါသည် ။ ပစ်ခတ်သံများ ကား နားထဲ မှ မထွက်သေးပါ ။ တစ်နာရီ ကျော်ကျော် ကြာမှ အသံများ ရပ်စဲ သွားပါတော့သည် ။

ကျွန်တော် ကား ချုံပုတ် တစ်ခု ထဲသို့ ရောက်ရှိ နေပါသည် ။ ပြောက်ကျားစနစ် အတိုင်း မိမိ ကိုယ် မိမိ သစ်ပင် နှင့် ရော၍ နေအောင် ကျွန်တော် ၏ ခေါင်းပေါ် တွင် သစ်ခက်များ အုပ်၍ ထားပါသည် ။ လေးဖက် လေးတန် မှ လည်း လူသူများ ကင်းရှင်း ဆိတ်ငြိမ် နေပါသည် ။

“ ဟိုက် ”

ကျွန်တော် ၏ နှုတ်မှ အသံတိုးတိုး ထွက်သွားခြင်း ဖြစ်ပါ၏ ။ အကြောင်းမူကား ကျွန်တော် နှင့် တစ်ခေါ် လောက် အကွာ တွင် ချုံပုတ် တစ်ခုထဲ၌ လှုပ်နေသည် ကို မြင်ရသောကြောင့် ဖြစ်ပါသည် ။ ကာကီရောင် ဖော့ဦးထုပ် နှင့် သဏ္ဌာန် တူသော အစ ကို မြင်နေရ၏ ။

“ ဖော့ဦးထုပ် နှင့် မိန်းမ တွေ့လိမ့်မယ် ”

သူငယ်ချင်း ကျော်ခိုင် ပြော သော်လည်း ကျွန်တော် မြင်သော သဏ္ဌာန် ကို မိန်းမ ဟု မထင်ဝံ့ပါ ။ ကျွန်တော့် လို အလားတူ ပုန်းနေတာလား ။ သောင်းကျန်းသူတို့ အထဲ ကင်းပုန်းချထားတာလား ။ ပုန်း၍ နေသည့် လူချင်းကား ကြောက်စရာ မရှိ ။ ကင်းချထားသူ ဖြစ်က ၊ စတင်းဂန်း - ရိုင်ဖယ် တစ်ခုခု နှင့် ဆော်လိုက်က အခက် ။ ကျွန်တော် သည် အသက်အသံ မပြု ၊ ထို မြင် နေရသော အရာကို အာရုံစူးစိုက်ကာ ကြည့်ရှု နေမိပါသည် ။

ကျွန်တော့်တွင် ကား သားရေသေတ္တာမှ လွဲ၍ ဘာ လက်နက်မျှ မပါပါ ။ ထီး နှင့် ဦးထုပ် ပင် မီးရထားတွဲ ပေါ် ကျန်ရစ်ခဲ့ပါသည် ။

“ ဟယ် ”

ကျွန်တော် အံ့အားသင့်ကာ တိုးတိုး အသံထွက် သွားခြင်း ဖြစ်ပါသည် ။ အကြောင်းမူကား ကျွန်တော် မြင်ရသော ဖော့ဦးထုပ် သည် ချုံပေါ်သို့ မြင့်တက် လာကာ ဆံပင်နောက်တွဲ ထုံး ထားသည့် သဏ္ဌာန် ကို မြင်ရသောကြောင့်တည်း ။ ဧကန္တ ကျော်ခိုင် ၏ အိပ်မက် နှင့် ကား ကိုက်၍ နေချေပြီ ဟု ဝမ်းမြောက် သွားပါသည် ။

ကျွန်တော် ၏ ချုံထဲတွင် နုန်းခဲများ ရှိသဖြင့် ၊ ဂုံးညှင်းခန့် နုန်းခဲ တစ်ခု ကောက်ယူကာ ဦးထုပ် ရှိရာသို့ လှမ်း၍ ပစ်မိသည် ။ ဦးထုပ် သည် ချုံထဲ သို့ ပုဝင် သွားပြန်ပါသည် ။ ကျွန်တော် လည်း အကြောက်ပြေ နေပြီ ဖြစ်သဖြင့် ကျွန်တော်၏  ချုံပုတ် ထဲမှ ထွက်ခဲ့ပါသည် ။

ကျွန်တော်သည် ဦးထုပ်မယ် ရှိရာသို့ ဦးတန်းလာခဲ့၏ ။ မိန်းမ ဆိုသည် နှင့် တစ်ပြိုင်နက် ကြောက်စရာ သတ္တဝါ မဟုတ်တော့ ဟု တစ်ထစ်ချ ယူမိသည် ။ သို့ရာတွင် ရဲမေ ၊ အလံနီမယ် စသည်တို့မှာ ခြောက်လုံးပြူး ၊ စတင်းဂန်း ၊ ရိုင်ဖယ် ကိုင်တွယ်ပြီး ပစ်ခတ်တတ်သူများ ဖြစ်သဖြင့် ၊ ယင်း ဦးထုပ်မယ် သည် ရဲမေများလား ဟု အနီး ရောက်မှ တွေးတောမိ ပြန်သည် ။

“ လက်မြှောက်လိုက် ”

ဦးထုပ်မယ် ချုံပုတ် နှင့် ( ၁ဝ ) ပေခန့် မျှ အလိုတွင် ကြားရသော မိန်းမသံ ဖြစ်ပါသည် ။ ကျွန်တော် ရှေ့ သို့ တိုးမြဲ တိုးသွားရာ -

“ လက်မြှောက်လိုက် - မောင်းဖြုတ်လိုက်ရမလား ”

တကယ်ပင် ခြောက်လုံးပြူးပြောင်း နှင့် တူသော သဏ္ဌာန်တစ်ခု နှင့် ဖြူဝင်းသော လက် တစ်ဖက် ၊ ကျွန်တော့် ဘက် သို့ ထိုးချိန် ထားသဖြင့် သားရေအိတ် ကို မြေပြင် တွင် ချထားကာ ၊ လက်မြှောက် လိုက်ရပါသည် ။

“ လက်ချတော့ ၊ ရှင်ဟာ ကျွန်မ လို ခရီးသည်ပဲ ”

အသံနှင့် အတူ လူ ကိုယ်တိုင် ချုံပုတ် ထဲ က ထွက်၍ လာပါသည် ။ ကျွန်တော် ထင်သော သူ့ လက် က ခြောက်လုံးပြူး မှာ သစ်ချောင်းငယ် တစ်ခု ဖြစ်နေတော့၏ ။ အသက် ( ၂ဝ ) အလွန် ( ၂၂ ) နှစ် ခန့် သာ ရှိဦးမည် ။ ခါး မတုတ်တတုတ် က လွဲလျှင် ၊ မျက်လုံးမျက်ဖန် ကောင်း ၊ နှာတံ မပေါ် တပေါ် ၊ လုံးကြီးပေါက်လှ ၊ ဖြူဖြူဝင်းဝင်း ပွေ့ပိုက် ချစ်ချင်စရာ ဖြစ်နေပါသည် ။

နေမင်း ကား အနောက်ဘက် သို့ အတော်ကလေး စောင်း နေပါသည် ။ အစိမ်းရင့်ရောင် ပေါ်ပလင်လုံချည် ၊ ဟန်ဇာအပြာနု ရင်ဖုံးအင်္ကျီ နှင့် နေမင်း က သူ့ မျက်နှာ ကို ပို၍ ထင်းအောင် ပြနေပါသည် ။

“ ရှင် ဘယ်သွားမယ့် ခရီးသည်လဲ ”

“ ပြည် ကို .... ခင်ဗျားကော ”

“ ဟင်္သာတ ”

“ အနို့ ဘာလို့ လက်ပံတန်း လွန် လိုက်လာလဲ ”

“ အိပ်ပျော်သွားလို့ ”

ကြည့်စမ်းပါဦး ။ ကိုယ် သွားမည့် ခရီး လွန်အောင် အိပ်ပျော်လာသည့် မိန်းမ ။

“ ရှင် နဲ့ ကျွန်မ တော့ ကံတူ အကျိုးပေးပဲ ၊ ဘယ် သွားကြမလဲ ၊ ဘယ် ဘူတာ နဲ့ အနီးဆုံးလဲ ”

“ ပေါင်းတည်ဘူတာ နဲ့ အနီးဆုံးပေါ့ ”

“ ဘယ်နှမိုင် လောက် ဝေးသလဲ ”

“ ( ၃ ) မိုင် လောက် ဝေးမယ် ထင်တယ် ”

“ နေမဝင်ခင် အရောက် သွားလို့ ဖြစ်ပါ့မလား ၊ ဟော ဟိုမယ် မီးခိုး နဲ့ ရွာ ”

ကျွန်တော် သည် သူ လည်ပြန် ကြည့်ရာ အရှေ့တောင်ဘက် ဆီသို့ လှမ်းမျှော် ကြည့်လိုက်သော အခါ တစ်မိုင် မရှိ တရှိ လောက်တွင် ရွာအုပ်စု တစ်ခု ကို မြင်ရပါသည် ။

“ ပေါင်းတည် သွားလည်း မီရထား က ဘယ်တော့ သွားနိုင်မယ် မသိ ၊ အဲဒီ ရွာ ခဏ သွား ခိုပြီး ၊ မီးရထား သွားမှ ခရီးဆက်ရမယ် ”

“ အနို့ ခင်ဗျား ပစ္စည်းတွေ ကော ”

“ မီးရထား ပေါ် ပါသွားပြီ ၊ ဝုန်းဝုန်းဒိုင်းဒိုင်း အသံ ကြားတာနဲ့ ဆင်းပြေး လာခဲ့ရတဲ့ဟာပဲ ”

“ ဒီ ဦးထုပ် က ခင်ဗျား အမြဲ ဆောင်းထားတာလား ”

“ ဟင့်အင်း ၊ မီးရထားဘေး ဝပ်နေတုန်း အနား က တွေ့တာနဲ့ ဆွဲလာတာ ၊ ရှင့် ခေါင်း နဲ့ တော်မလားပဲ - ရော့ ဆောင်းကြည့်စမ်း ”

သူ့ ခေါင်း က ဦးထုပ် ကို ဖြုတ် ပြီးလျှင် ကျွန်တော့် ခေါင်း ကို သူ ကိုယ်တိုင် ဆောင်းပေးပါသည် ။ ကျွန်တော် အရပ် က ( ၅ ) ပေ ( ၁ဝ) လက်မ လောက် မြင့်ပါသည် ။ သူ့ အရပ် က အလွန်ဆုံး ( ၅ ) ပေ ( ၁ ) လက်မ လောက် ရှိပါမည် ။ လက် ကို အစွမ်းကုန် အမြှောက်လိုက် ခါးဝတ် ကျွတ်မည် ကဲ့သို့ ဖြစ်သဖြင့် ဦးထုပ် လက် က လွတ်ကျသွားကာ သူ့ အဝတ် သူ မိအောင် လျင်မြန်စွာ ဖမ်းယူ လိုက်ပါသည် ။ ကျွန်တော် လည်း ဦးထုပ် ကို ကောက်ယူ ၊ ကျပ် သော်လည်း ဆောင်း ၍ ရပါသည် ။

“ ကဲ သွားကြစို့ - ရှင့် အိမ် ကတော့ ရှင့် ကို ပူနေမှာပဲနော် ”

ကျွန်တော် သည်လောက် မအပါ ။ ကျွန်တော့် အား အိမ်ထောင်သည် လား ။ လူပျိုလား ဟု ပရိယာယ် နှင့် မေးလိုက်ခြင်း ဖြစ်ကြောင်း နားလည်ပါသည် ။

“ ပူမယ့် လူ ဆိုရင် မိဘနှစ်ပါး ပဲ ရှိပါတယ် ၊ မယား ယူဖို့ နေနေသာသာ အသက်မွေးဝမ်းကျောင်း ဖို့ ဘီအယ်လ် တက်နေဆဲ လူတစ်ယောက် ပါ ”

အလဲ့ - ကျွန်တော် က လည်း ကိုယ့် အရည်အချင်း ကို ပြောပြ လိုက်ပါသည် ။ ဘီအယ်လ် တက်သည် ဆို ကတည်းက ဘီအေ အောင်ပြီး ဆိုတာ သူ နားလည်ရောပေါ့ ။

“ ရွာ ထဲ မရောက်ခင် ခင်ဗျား နဲ့ ကျွန်တော် နဲ့ စည်းဝါး ကိုက်ကြဦးစို့ ၊ မီးရထား မှောက်လို့ ထွက်ပြေးရာက တွေ့ဆုံရတဲ့ မိတ်ဆွေ အဖြစ် ပြောမလား ၊ မောင်နှမ လို့ ပြောမလား ”

“ ရှင့် ရုပ်ကြီး နဲ့ မောင်နှမ ပြောလို့ ဘယ်သူ ယုံမှာလဲ ”

မှန်ပါသည် ။ ကျွန်တော် က ထွားထွားကျိုင်းကျိုင်း ၊ မျက်ပေါက် မကျဉ်းမကျယ် ၊ ကျွဲကော်ကိုင်း မျက်မှန်ကြီး နှင့် ၊ အသား မလတ်တလတ် ၊ ရုပ်ချင်း ဆက်စပ်၍ မရပါ ။ သို့ရာတွင် မောင်နှမ အရင်း မဟုတ် ၊ တစ်ဝမ်းကွဲ ဆို က ဖြစ်နိုင် သဖြင့် ...

“ မောင်နှမ ဝမ်းကွဲပေါ့ဗျာ ”

“ ဒါလည်း မဟန်ပါဘူး ၊ ကျွန်မ လည်း ဘေးရန်ကင်း အောင် - ”

သူ ရှေ့သို့ စကား မဆက်ပါ ။ ဇနီးမောင်နှံ ယောင် ဆောင်သွား က သူ့ အတွက် ပိုမို စိတ်ချရသည် ဟု ပြောလိုဟန် ဖြစ်ပါသည် ။

“ ကျွန်တော် က ကျောင်းသား ပဲ ဟာ ၊ ခင်ဗျား လည်း ကျောင်းသူ လုပ် ၊ ကျောင်းပိတ်တုန်း အိမ်ပြန် လာတဲ့ သူငယ်ချင်း သဘောပေါ့ ”

“ ကျွန်မ လည်း အင်္ဂလိပ်စာ ဆယ်တန်း အထိ သင်ဖူးလို့ အကိုက်သားပဲ ၊ ဒါပေမဲ့ အပျို ဆိုရင် မတော်တဆ ”

သူ့ စကား လမ်းခုလတ် က ဘရိတ်အုပ် ထား ပြန်ပါသည် ။

“ အပျို ဟာ အပျို ပေါ့ဗျာ ၊ ဘာဖြစ်သေးလဲ ”

“ ရှင် အတော် ဒုန်းဝေးတဲ့ လူပဲ ၊ အပျို ဆိုရင် ဆွဲ သွားမှာပေါ့ ”

“ ဩော် နားလည်ပြီဗျို့ ”

သူ သည် ကျွန်တော့် ထက် အကင်းပါးသူ ဖြစ်ပြီး သူပုန်ရန် ကို နားလည် နေပြီး ၊ ယခုမှ တည့်တည့် ပြော၍ ရိပ်မိဟန် နှင့် ...

“ ခင်ဗျား နဲ့ ကျွန်တော် “ လားမယင် ” ဟန် ဆောင်ရမယ် ဆိုပါတော့ ”

သူ ကျွန်တော့် မျက်နှာ ကို မော့ပြုံး ကြည့်ပြီး ကျေနပ်နေဟန် တူပါသည် ။

“ ခင်ဗျား တကယ် အပျိုပဲနော် ”

“ ဟင့်အင်း - လင် နဲ့ ”

“ ဒါကတော့ ကျွန်တော် က ဗုဒ္ဓဘာသာ ဒု - သ - န - သော - ကြောက်တတ်သူမို့ ၊ ခြောက်ထားတာပါ ”

“ အဟုတ်ပါ လင် နဲ့ - ရှင် နောက်တော့ သိမယ် ”

“ ကဲလေ လင် နဲ့ ပဲ ဖြစ်ဖြစ် ၊ အပျို ပဲ ဖြစ်ဖြစ် ၊ ခင်ဗျား ကို အလို မတူဘဲ ဘာမှ မဖြစ်စေရပါဘူလို့ ကတိ ထားပါတယ် ”

“ ဒီ တောလယ်ခေါင် ဒီအချိန် အထိ ရှင် မဖောက်တာ သိလို့ ယုံပါတယ် ”

သူ့ စကား မှန်ပါသည် ။ တောလယ်ခေါင် မိန်းမ ယောက်ျား နှစ်ယောက် ထဲ သာ ရှိ၏ ။ ချုံ ထဲ အတင်းဆွဲ ၊ ဗလက္ကာယ ပြုတော့ ၊ သူ ဘာတတ်နိုင်ဦးမှာလဲ ။ သို့ရာတွင် ကျွန်တော် ၏ တစ်သက် နှင့် တစ်ကိုယ် သည်လို အကျင့်ယုတ် မရှိပါ ။ မိန်းကလေးများ မြင် လျှင် နောက်လား ပြောင်လား မလုပ်တတ်ပါ ။ ကူညီစရာ ရှိလျှင် ကူညီတတ်ပါသည် ။ ထို့ကြောင့်လည်း ကျောင်းသား သူငယ်ချင်း အချို့က နွား ဟု ခေါ်၍ - ကျောင်းသား အချို့က ကြည်ညိုလေးစားကြပါသည် ။

“ ကဲ မဟဝါ ”

“ မခင်ညွန့် ပါ တဲ့ ကိုဟဝါ ”

“ စိန်လင်း တဲ့ မခင်ညွန့် ရေ ”

သည်လို အချီအချ ပြောခြင်းဖြင့် တစ်ယောက် နာမည် တစ်ယောက် သိရှိ သွားကြပါသည် ။

“ ဒီလို မခင်ညွန့် ကျုပ်တို့ ရပ် ပြောနေတာနဲ့ တင် နေမင်း က ဂေါယာကျွန်း ကို ယွန်းတော့မယ် ၊ လမ်း လည်း သွား ၊ စကား လည်း ပြော ဒါမှ ခရီးတွင်မယ် ”

“ ရှင့် မှာ ဒီ့ပြင် အဝတ်အဆင် လဲစရာ မပါဘူးလား ”

ကျွန်တော် ၏ အဝတ်အဆင် ကို ကြည့်ပြီး ပြောလိုက်ခြင်း ဖြစ်ပါသည် ။ ကျွန်တော့် မှာ သူငယ်ချင်း စစ်ဗိုလ်တစ်ယောက် က စွန့်ကြဲသဖြင့် ကာကီဘောင်းဘီရှည် အသစ်စက်စက် တစ်ထည် ၊ ခါးတွင် ဝတ်ဆင်လာ၏ ။ ရန်ကုန် တွင် နက်ခ်တိုင် ခေတ်စားသည့် အတိုင်း ၊ ရှပ်ဖြူကော်လာ နှင့် နက်ခ်တိုင်အနက် ၊ မီးခိုးရောင်ဘလေဇာ ဝတ်ဆင်ထားမိပါသည် ။ မောင်သောင်းကျန်းတို့တွေ က အစိုးရလူ ဆိုပြီး ကိစ္စများ နိုင်ပါသည် ။

“ အေးဗျာ .. ညွန့် ပြောမှ သတိရတယ် ”

ညွန့် ဟု ကျွန်တော် က ရင်းနှီးစွာ ပြောလိုက်သဖြင့် ၊ သူ ၏ မျက်လုံးအိမ် ထောင့် ကပ်ကာ အာဂငနဲ ဟု တွေးမိသွားဟန် တူပါသည် ။ ကျွန်တော် လည်း သားရေသေတ္တာ ဖွင့်ပြီးလျှင် အဖြူ နှင့် အနက်ကွက် မာစရိုက်ချည်ချောလုံချည် ၊ ပင်နီအင်္ကျီများ နှင့် လဲလှယ် နေရာ မခင်ညွန့် က အဝတ်များ ကူခေါက် ပေး နေရင်း ...

“ ဒါလေးတော့ ကျွန်မ လက်ဆောင် ပေးပါလားရှင် ”

ကျွန်တော့် နှမလေး အတွက် ရန်ကုန် က ဝယ်ယူခဲ့သော ဆိတ်သားရေနု ညှပ်ဖိနပ်ကလေး ကို ညွှန်ပြ တောင်းဆို နေပါသည် ။

“ ကျွန်တော့် နှမလေး ဖို့ လက်ဆောင် ပေးဖို့ပါဗျာ ”

“ ကျွန်မ မှာ ဖိနပ်မပါဘူး ဆိုတာ ရှင် သတိ မပြုမိဘူး ထင်တယ် ”

မျက်စိ လျှမ်းလိုက်သည့် ကျွန်တော် ။ နာရီဝက်ခန့် ယှဉ်ရပ် စကား ပြောနေကြလျက် သူ့ တွင် ဖိနပ် မရှိကြောင်း သတိ မထားမိချေ ။ သည်တော့မှ ဖိနပ်အသစ်ကလေး ကို မခင်ညွန့် အား ဝေဿန္တရာ လုပ်လိုက်ရ ပါသည် ။

“ ညွန့်ရေ ”

“ ကိုလင်း ”

“ အဲ ဟုတ်ပြီ - ဒါမှ တကယ့် လင်မယား အသုံးအနှုန်းမျိုး ပဲ ၊ နို့ပေမယ့် ဘယ် အရပ်သူ ၊ ဘယ် အချိန် က ညားကြတာလဲ ၊ ဒါတွေပါ ပြောတတ်ဖို့ လိုတယ်ညွန့် ရဲ့ ”

ကျွန်တော် တို့ သည် မီးခိုးထွက် ရွာသို့ ရှေးရှု ထွက်ခွာ လာကြရင်း အပြန်အလှန် ပြောဆို နေကြခြင်း ဖြစ်ပါသည် ။ ဤ၌ မီးခိုးထွက်ရွာ ဟု ဆိုထားရာ ရွာ ၏ နာမည်ရင်း မဟုတ်ပါ ။ မီးခိုး ထွက်နေသည် ကို မြင်ရ၍ ကျွန်တော် က ကင်ပွန်း တပ်လိုက်ခြင်း ဖြစ်ပါသည် ။

“ ဟင်္သာတ ရွှေပြောင်ပြောင်ရပ်သူ မခင်ညွန့် လွန်ခဲ့တဲ့ ( ၂ ) နှစ် လောက် က အကြောင်း ပါလာတာပေါ့ရှင် ”

“ ပြည်မြို့ လမ်းမတော်ရပ် ပွဲစားကြီး ဦးဘညွန့် ၊ ဒေါ်မင်းစိန် ရဲ့ သား မောင်စိန်လင်း နဲ့ မခင်ညွန့် ဟုတ်ပြီ ၊ ဒါပေမဲ့ တစ်နှစ် လောက် ရှိသေးတယ် လုပ် ၊ ( ၂ ) နှစ် ဆိုရင်တော့ ကျုပ် လူညံ့ ဖြစ်နေပါ့မယ် ”

“ ဘာ ”

ညွန့် က နားမလည် သဖြင့် “  ဘာ ” လိုက်ပြန်၏ ။ ကျွန်တော် က ပြုံးလျက် -

“ ( ၂ ) နှစ် ဆိုရင် ဓမ္မတာ အတိုင်း အနည်းဆုံး အုဝဲ - တစ်ကောင် ရှိရမယ် မဟုတ်လား ”

“ ကြံကြံဖန်ဖန် ရှင် ”

သူ လည်း ပြုံးရယ် နေပါတော့သည် ။ ကျွန်တော်တို့ လည်း စကား တပြောပြော နှင့် ရှေ့နောက် လမ်းလျှောက် လာကြရာ ၊ ရွာ အနီးသို့ ရောက်လျှင် ကျွန်တော် ၏ လက်ထဲက လက်ဆွဲသားရေအိတ် ကို ဆွဲယူပြီး သူ့ ခေါင်းပေါ်သို့ ရွက်လာပါသည် ။

ရွာပေါက် သို့ ကျွန်တော်တို့ ဝင်မိလျှင် ရွာရှိ ကလေးသူငယ်များ ပါ ကျီးလန့်စာစား ဖြစ်နေကြပါသည် ။ ဤ ရွာကား အေးချမ်းသာယာစွာ နေရသော အခြေအနေ သို့ ရှိဟန် မတူပါ ။ သူ့ ခမျာများ မှာ ဓားနီးရာ ကြောက်ရသူများ ဖြစ်၏ ။ အစိုးရတပ်မတော် လာလျှင် လက်ခံရသည် ။ ထိုအခါ အစိုးရ လက်ခံရမလား ဟု ရွာ ကို မီးရှို့ ၊ အကြီးအကဲတွေ ဖမ်းသ,တ် နှင့် ၊ သောင်းကျန်းသူတွေ က လုပ်တတ်ကြသည် ။ သောင်းကျန်းသူတွေ အား ကြောက်ရွံ့၍ လက်ခံရသော အခါ အစိုးရတပ် က သူပုန်အားပေးရွာ ဟု မီးရှို့ ဖျက်ဆီး တတ်ပြန်သည် ။ မြန်မာ အချင်းချင်း ခွေးဇာတ် ခင်းပြီး ကျောမွဲလူထု ဘယ်ဘက် က မျှ မသက်သာသော ကျေးရွာပေါင်း ကား ထောင်သောင်း ရှိချေမည် ။

“ ဟေ့ လူလေး - သူကြီးအိမ် ဘယ်မှာလဲကွဲ့ ”

“ သူကြီး ရှိဘူးဗျ ”

ကလေး တစ်ယောက် ကို ကျွန်တော် က အမေးလိုက် ကလေးငယ် က ပြန်ပြောလိုက်ခြင်း ဖြစ်၏ ။

“ ရွာလူကြီးကော မရှိဘူးလား ”

“ မရှိဘူးခင်ဗျ ”

“ မင့် ဟာက မရှိတာချည့်ဘဲကိုးကွ ၊ ကဲ - ကဲ - တစ် အိမ်အိမ် ပို့ပေးစမ်းပါ ”

ကလေးငယ် အား ချော့မော့ကာ တည်းခိုရန် အိမ် ရှာရပါတော့သည် ။ ကံအားလျော်စွာ အိမ် တစ်အိမ်  မှ ...

“ ဟဲ့ မွှေးလုံး ဘယ်သွား မလို့လဲ ”

ယောက်ျားသံ နှင့် ကျွန်တော်တို့ ၏ ရှေ့ဆောင်ကလေး မွှေးလုံး အား လှမ်း မေးလိုက်ပါသည် ။ ကျွန်တော် ကြည့် လိုက်သောအခါ အသက် ( ၄၀ ) ခန့် လူကြီး တစ်ယောက် အိမ် အောက်ထပ် ခွေးခြေခုံတန်း တစ်ခု တွင် ထိုင်နေသည်ကို မြင်ရ၏ ။

“ မီးရထား မှောက်လို့ ဒုက္ခ ရောက်လာတဲ့ ခရီးသည်ပါ ဦးလေး ခင်ဗျား ၊ ကျွန်တော်တို့ လင်မယား ကို တစ်ညတာ လောက် တည်းခိုခွင့် ပြုတော်မူပါ ခင်ဗျား ”

အနည်းဆုံး ဘိန်းစား လေသံ ( ၉ဝ ) ရာခိုင်နှုန်း လောက် နှင့် ဧရာမ အကောင်ကြီး က နှိမ့်ချ ပြောဆိုလိုက်ခြင်း ဖြစ်ရာ ...

“ ဒီကို လာကြ - ဒီကို လာကြ ”

ကျွန်တော်တို့ လည်း ဝမ်းသာအားရ ဖြစ်၍ သွားပါသည် ။ ထို အိမ်ရှင် ကား တောရွာ တွင် အတော် ချမ်းသာသော ဓနရှင် ဖြစ်ဟန် တူပါသည် ။ ( ၂ ) ခန်း ၊ ( ၃ ) ပင် ၊ ကျွန်းလုံးတိုင်ငယ် ၊ ကျွန်းပျဉ်ခင်း ၊ သက်ကယ်မိုးအိမ်ကြီးနှင့် နေနိုင်သောကြောင့် ဖြစ်ပါသည် ။

“ ဪ .... စောစောက မီးရထား မှောက်တုန်းက ထင်တယ် ”

“ မှန်ပါတယ် ခင်ဗျာ ၊ မိုင်းဗုံး ထိပြီး မှောက်သွားတာနဲ့ ကျွန်တော်တို့ လင်မယား တောထဲ ထွက်ပြေး ခဲ့ကြရပါတယ် ”

“ သဲမှုန်ရေ - လာဦးဟ ၊ ဒီ မောင်ရင်များ ထမင်း စားကြရဦးမယ် မထင်ပါဘူး ”

မိန်းမချော ညွန့် နှင့် လင်မယား ပမာ တစ်လမ်းလုံး စကား ပြောလာကြသဖြင့် ထမင်း စားရမှန်း မသိ ။ လူကြီး က စ လိုက်တော့မှ အူတကြုတ်ကြုတ် ဖြစ်နေပါတော့သည် ။ အသက် ( ၄ဝ ) နီးပါး ၊ အသား မလတ် တလတ် ၊ မေးငေါ့ ရန်တွေ့မလို မျက်နှာပေါက် နှင့် မိန်းမကြီး တစ်ယောက် ၊ အိမ်ပေါ်ထပ် က ဆင်း၍ လာပါသည် ။ ထိုအချိန်အထိ ကျွန်တော်တို့ လင်မယား မှာ မတ်တတ်ရပ်လျက် ရှိလေရာ ...

“ ကိုသော်က နှယ်နော် ... ထိုင်စရာ မှ မပေးဘဲကိုးတော့ ”

ရန်တွေ့မလို ရုပ် ဖြစ်ပေမယ့် ၊ စေတနာ ကတော့ အကောင်းသား ။ ဦးသော်က လည်း ထိုအခါ ကျမှ လူလေးယောက် လောက် ထိုင်နိုင်သော  ခွေးခြေခုံတန်း ကို သူ တစ်ယောက်တည်း ပေါင်ကား ထိုင် နေရာမှ ကျွန်တော်တို့ အား နေရာ ပေးပါသည် ။

ကျွန်တော်တို့ အား ထမင်း ကျွေးသောအခါ ငါးသေတ္တာ ၊ အမဲသားခြောက်ချက် ၊ ခရမ်းချဉ်သီး စသည်တို့ဖြင့် ဆန် မကောင်း လှသော်လည်း အတော် မြိန်ရှက်လှပါသည် ။ မခင်ညွန့် လည်း ကျွန်တော့် နီးနီး စားနိုင်သူ ဖြစ်ပါသည် ။ ကျွန်တော်တို့ ရောက်သည့် အချိန်မှ ၊ ထမင်း စားပြီးသည့် အချိန်ထိ ၊ ဟိုက လာကြည့် သည်က လာကြည့် နှင့် တောရွာဓလေ့ အတိုင်း အထူးအဆန်း သဖွယ် ဖြစ်၍ နေကြသည် ကို သတိပြုမိပါသည် ။

ကျွန်တော်တို့ အား အိမ် အပေါ်ထပ် တွင် အိပ်ကြရန် နေရာ ပေးကြပါသည် ။ လွတ်လွတ်လပ်လပ် လင်မယား ဧည့်သည် နှစ်ဦး ပျော်မြူး နိုင်ကြပါစေသော သဘော နှင့် ၊ ဦးသော်က နှင့် ဒေါ်သဲမှုန် မှာ အောက်ထပ် တွင် အိပ်ကြပါသည် ။ မအိပ်ခင် အတွင်း အခြား ရွာသားများ နှင့် တီးတိုး ပြောနေကြသည် ကို လည်း ကျွန်တော် သတိပြုမိပါသည် ။

အိမ် အပေါ်ထပ်တွင် ဆန်အိတ် ၊ ဆီပုံး ၊ ငါးသေတ္တာ ၊ နို့ဆီဘူးများ ၊ ယိုဘူးများ ကို မြင်ရသဖြင့် ၊ မီးရထား တစ်ခါ မှောက်လျှင် ကော်ပေါက် တိုးနေသူများ ဖြစ်ကြောင်း အကဲခတ်မိ၏ ။ စောစောက ပင် နို့မုန့် လည်း မဟုတ် ၊ ဘာမှန်းလည်း မသိ ဟု သံစည်ဘူးဝိုင်းရှည် တစ်ခု ကျွန်တော်တို့ အား ပြ၍ ၊ မိုင်လိုဘူးမှန်း သိရှိကာ နို့ဆီ နှင့် ဖျော်သောက်ကြရပါသေးသည် ။

ကျွန်တော် ၏ လက်ပတ်နာရီ ကို ကြည့်လိုက်သောအခါ ည ( ၉ ) နာရီ မျှ ရှိသေး၏ ။ ထုပ်တွင် ဆွဲထားသော ကြည်မီးအိမ် မှ မီးအလင်းရောင် မှာ အမှောင်ထု များသော ဒေသ ဖြစ်သဖြင့် ၊ ဓာတ်မီး လောက် လင်းထိန် နေကြပါသည် ။ ကျွန်တော့် မှာ ခရီးပန်းလာ သဖြင့် ...

“ ကဲ ညွန့် ရေ ၊ ကိုယ်တော့ ထမင်းတွေ အဝအကား စားထားမိပြီ ”

မခင်ညွန့် သည် ကျွန်တော့် အား မျက်စောင်း တစ်ချက် ထိုးလိုက်ပါသည် ။ ကျွန်တော် အစ က ရိုးရိုး ပြောမိခြင်း အမှန်ပါ ။ သူ မျက်စောင်း ထိုးမှ အဓိပ္ပာယ် တွေးမိကာ ..

“ တလွဲ မထင်ပါနဲ့ ညွန့် ရာ ၊ အိပ်ချင်ပြီ လို့ ပြောတာပါ ၊ ဒီတော့ ညွန့် က အခန်း ထဲ ဝင်အိပ် ၊ ကိုလင်း ကတော့ ဒီ ဧည့်ခန်း ထဲမှာ အိပ်ရမှာပဲ ”

အိမ်ကြီး မှာ ဦးသော်က တို့ အိပ်သော အတွင်းခန်း တစ်ခန်း နှင့် အိမ်ဦး ဧည့်ခန်း ထို နှစ်ခန်းသာ ရှိ၏ ။ ဒေါ်သဲမှုန် က သင်ဖြူး နှစ်ချပ် ယှဉ်ခင်းလျက် ခေါင်းအုံး တစ်လုံးစီ ၊ စောင် မှာတော့ ဘာဘူစောင်ကြီး တစ်ထည် ၊ လင်မယား နှစ်ယောက် အတူ ခြံမှာမို့ ဟု သင်ဖြူး နှစ်ချပ် အလယ် တွင် ခေါက်ချ ထားခဲ့သည် ။

“ ဟင့်အင်း တစ်ယောက်တည်း မအိပ်ဝံ့ပါဘူး ”

“ ဒါဖြင့် အပြင်မှာ မီးရောင် နဲ့ အိပ် ၊ ကျုပ် အထဲဝင် အိပ်မယ် ”

“ ဒီလိုကို တစ်ယောက် နဲ့ တစ်ယောက် မမြင်ရဘဲ မအိပ်ရဲဘူး ”

ဟုတ်လှ၏ ။ အချို့ မိန်းကလေးများ မှာ ကြောက်တတ်လှ၏ ။ တစ္ဆေ ၊ သရဲ ၊ လူဆိုးဓားပြ နှင့် ကြုံသော် မခက်ပါလော ။ ကျွန်တော် လည်း သူ့ အလို လိုက်ကာ ၊ သင်ဖြူး တစ်ချပ် ကို သူ နှင့် ( ၅ ) ပေ လောက် ခြားအောင် ၊ ဆွဲရွေ့ ပြီးလျှင် ၊ ထိုနေရာ တွင် လဲလျောင်း လိုက်ပါသည် ။

ဆောင်းငွေ့ကလေး ကား အနည်းငယ် ညဉ့်နက် လာလျှင်ပင် ချမ်းအေးစ ပြု၍ လာပါသည် ။ ကျွန်တော် က တော့ လုံချည် နှင့် ကွေးမည်ဟု ပိုင်းဖြတ် ထား သဖြင့် တစ်ထည်တည်း သော ဘာဘူစောင် ကို သူ့ သင်ဖြူး တွင် ထားခဲ့ပါသည် ။

“ မီးလင်း အား မကြီးဘူးလား ကိုလင်း ရယ် ၊ အလင်းရောင် နဲ့ ညွန့် မအိပ်တတ်ပါဘူး ”

ကျွန်တော် လှဲနေရာမှ ထကာ ၊ ထုပ် ရှိ မှန်အိမ်မီးစာ ကို အတော်ကြီး မှိန် သွားအောင် လှည့်လိုက်ပါသည် ။ တစ်ယောက် နှင့် တစ်ယောက် ရေးရေးမျှ မြင်ရ၏ ။

“ ဒီလောက် တော်ပြီလား ညွန့် ”

“ တော်ပါပြီ ကိုလင်း - သိုင်းခရုဘဲရီးမတ်ချ် ”

အင်္ဂလိပ် လိုပင် ကျေးဇူး တင်ကြောင်း ပြောလိုက်သေးသည် ။ ကျွန်တော် လည်း ကျွန်တော့် အိပ်ရာတွင် လုံချည် နှင့် ကွေးရတော့၏ ။ အမှန်ကတော့ ညွန့် အပေါ် ကျွန်တော် စိတ် မဖောက်ပြားဘူး ဆိုက ကြွားရာ နွားပမာ ဖြစ်မည် ။ သို့ရာတွင် စောစောက လင် နှင့် ပြောထားသည် တစ်ကြောင်း ၊ အမျိုးသမီး တစ်ယောက် မိမိ အား ယုံကြည်အားကိုး လိုက်လာသည့် တစ်ကြောင်းများ ကြောင့် ဆင်ကြံ မကြံတော့ဘဲ တကယ်ပင် စိတ်ချလက်ချ အိပ်လိုက်မိပါတော့သည် ။

ကျွန်တော် ၏ လက်ပတ်နာရီ မှာ ညကြည့် ဖြစ်၍ ၊ ခေါင်းအုံးဘေး တွင် ချွတ်ချထား၏ ။ ကျွန်တော် တစ်ပတ်ကျော့ နိုး၍ လက်ပတ်နာရီ ကို ကောက်ကြည့် လိုက်သော အခါ သန်းခေါင်ကျော် တစ်နာရီ ထိုး နေပြီ ဖြစ်၏ ။

ကျွန်တော် ၏ ကိုယ် ပေါ်တွင် ဘာဘူစောင် ရောက်နေ၏ ။ ကျွန်တော် ၏ ကျောဘက် မှ နွေးနွေးသတ္တဝါ တစ်ဦး သည် ကျွန်တော့် အား နောက်က ဖက်ထားကာ တဟီးဟီး တခိုက်ခိုက် ချမ်းတုန်နေသည် ။

“ ကိုလင်း နိုးပြီလား ၊ ဒီဘက် လှည့်ပါဦး ၊ ညွန့် ချမ်းလွန်းလို့ ကိုလင်း လည်း ချမ်းရှာမှာပဲလို့ စောင် လာခြုံပေးတာ ”

သူ နှင့် ကျွန်တော် လင်မယား မှ မဟုတ်ဘဲ ။ လှည့်ပါ ဆိုသဖြင့် လှည့်ရုံသာ လှည့် လိုက်သည် ။ သူ့ ကို ကျွန်တော် ဘာမျှ မပြုမိပါ ။

“ ဖက်ထားစမ်းပါ ၊ တကတဲ မှပဲ ”

သည်အချိန် ထိ လည်း ကျွန်တော် သူ အချမ်း ပြေရန် ရိုးရိုးပဲ ဖက်ထား ပေးပါသည် ။ အပေါ်အင်္ကျီ ချွတ်ထား၍ ဇာဘော်လီ တစ်ထပ်တည်း သာ ရှိ၏ ။

“ ချမ်းတယ်လည်း ဆိုသေးရဲ့ ၊ ဘောက်မဲ့ အင်္ကျီ ချွတ်ထားရတာလဲ ”

“ ကျေမယ်စိုးလို့ မောင်ရဲ့  ၊ တင်းတင်း ဖက်စမ်းပါ ”

ကျွန်တော် လည်း တင်းတင်း ဖက်ပေးသည် ။ သူ နှင့် ကျွန်တော် သည် ထိအပ်နေသည် ။ သည်လောက်ကြီး ဖြစ်နေတာတော့ ကျွန်တော် ရဟန္တာ မဟုတ်သဖြင့် ...

“ ဗိုလ်ကြီးရယ် ၊ ကျွန်တော်တို့ အပြစ် ကို ချမ်းသာပေးတော်မူပါ ” ( ဦးသော်က အသံ )

အိပ်ပျော်နေကြရာ က အနိုး ၊ အောက်ထ ပ်မှ ကြားရသော အသံ ဖြစ်ပါသည် ။

“ ဟာ ကိစ္စ မရှိပါဘူး ၊ ဦးသော်က လည်း ဝတ္တရား အတိုင်း ည က တိုင်ပြောလာသားပဲ”

နောက် အသံ မှာ ကျွန်တော် ကောင်းကောင်း မှတ်မိသော အသံ ဖြစ်ပါသည် ။

“ ဗိုလ်ကြီး မေးချင်သေးရင် ကျွန်တော် တက် နှိုးလိုက်ပါ့မယ် ”

“ ဟာ အိပ်ကြပါစေ ၊ ဒီ စာကလေးသာ ဒီကောင် နိုးတော့ ပေးလိုက်ပါ - သွားမယ်ဗျို့”

မြင်းခွာသံများ ကြား ပြီးလျှင် ၊ ဝေးသည် ထက် ဝေး၍ သွား၏ ။ ကျွန်တော်တို့ လည်း အိပ်ရာ မှ ထကြကာ ၊ မျက်နှာ သစ်ပြီး ၊ ချစ်ဇနီး အသစ်ကလေး အား နှမငယ် အတွက် ဝယ်ယူ လာသော ကိုတီပေါင်ဒါဘူး အသစ်ကို ထုတ်ပေး ရပါသည် ။ ကိုတီပေါင်ဒါနံ့ကလေး နှင့် ရောပြွန်းနေသော ညွန့် အား ပါးပြင်ကလေး ကို ဘယ်ပြန် ညာပြန် သနပ်ခါး သွေး၏ သို့ အထပ်ထပ် မွှေးမိသည် ။

“ ညွန့် မောင့် ကို ပစ်မသွားနဲ့နော် ”

“ ညွန့် က ပြောရမယ့် စကားပါ မောင် ရယ် ။ မောင် က ပညာတတ် ၊ ဂုဏ်ကြီးရှင် သားမို့ မောင့် မယားညွန့် စိုးရိမ်လှတယ် ”

“ မ , နဲ့ တစ်ခါမှ မတွေ့ဖူးတဲ့ လူပျိုကြီး ဆိုတာ ည က သိ .. သိ ”

ကျွန်တော် စကားခုလတ် က ရပ်ထားကာ ၊ ညွန့် နှင့် ခပ်ခွာခွာ ထိုင်လိုက်ရင်း ဦးသော်က တက်ရောက် လာသောကြောင့် ဖြစ်ပါသည် ။

“ ဒီမယ် ဗိုလ်ကြီး က စာ ပေးသွားတယ် ”

ဦးသော်က , က စာရွက်ခေါက် တစ်ခု ပေး၍ ဆန့်ဖြန့် ဖတ်ရှုသော အခါ -

“ စိန်လင်း ”
     ငါ အိမ်ပေါ် တက် ကြည့်သေးတယ် ။ မင်းတို့ လင်မယား လည်ပင်းဖက် အိပ်နေကြတာနဲ့ မနှိုးတော့ဘူး ၊ အယူဝါဒ မတူတဲ့ လူချင်း မတွေ့ချင်ပါဘူးကွာ ၊ ဒီ ရွာ မှာ မင်းတို့ ပျော်သလောက် နေ ၊ အစစ စောင့်ရှောက်ဖို့ မှာထားခဲ့တယ် ။ ငါ့ ဘဝ ကတော့ မင်း ကို တစ်ခါ ပြောဖူးတဲ့ အတိုင်း ၊ ငုတ်မိ သဲတိုင် - တက်နိုင် ဖျားရောက်ပေါ့ ။
        “ သာခင် ”

ကျွန်တော် နှင့် အလွန် ချစ်ခင်သော သူငယ်ချင်း ထဲ က ကျော်ခိုင် နှင့် သာခင် မှာ အထူးကဲဆုံး ဖြစ်ပါသည် ။ သာခင် နှင့် အောက်တန်း မှ ( ၁ဝ ) တန်း အောင်သည်အထိ တစ်တန်းတည်း ပြည် ကျောင်း တွင် နေဖူး၏ ။

သူ က ကွန်မြူနစ်ဝါဒ သဘောကျကာ တောခို သွားခြင်း ဖြစ်သည် ။ ဗိုလ်ခြင်္သေ့ မှာ သူ့ ဘွဲ့ ဖြစ်၏ ။ ကျွန်တော့် ဆီသာ ငယ်နာမည် နှင့် ရေးထားခဲ့ခြင်း ဖြစ်ပါသည် ။ ကျွန်တော် လွန်ခဲ့သော ညနေ က မသင်္ကာ ဖြစ်မိသည့် အတိုင်း ကျွန်တော်တို့ တည်းခိုသော ရွာ မှာ သူပုန်ရွာ ဖြစ်နေပါတော့သည် ။

ဗိုလ်ကြီး ၏ ခွင့်ပြုချက် အရ ၊ ဦးသော်က မှာ ကျွန်တော်တို့ လင်မယား အား လိုလေသေး မရှိ ပြုစုပါသည် ။ ကျွန်တော်တို့ မှာ ကား မီးရထား ဘယ်တော့ ထွက်မည် ကို နားစွင့် နေကြပါသည် ။

တစ်ည ၊ နှစ်ည ၊ သုံးည ၊ လေးည ၊ ငါးည ။

ညွန့် တွင် ပေါ်ပလင်လုံချည် နှင့် အောက်ခံ ပိတ်လုံချည်ကွင်း တစ်ထည် သာ ပါသဖြင့် ကျွန်တော့် အထဲ က ချည်လုံချည် ကွက်စိပ် တစ်ထည် ၊ ဗန်ကောက်လုံချည် တစ်ထည် သူ့ အား ဝတ်ဆင် စေပါသည် ။ ခပ်ဝဝ ဖြစ် သဖြင့် ကွင်းအနည်းငယ် ကျယ် သော်လည်း ခေါက်၍ ဝတ် က ဖြစ်ပါသည် ။

ချစ်လိုက်ကြသည့် လင်မယား နှစ်ယောက် ။ တပူးတွဲတွဲ နှင့် မောင်ရယ် ညွန့်ရယ် ချင်း ထွေး၍ နေတော့သည် ။ ( ၅ ) ရက်ခန့် အကြာ ၊ မီးရထား တောက်လျှောက် သွားနိုင်ပြန်ပြီ ကြားသဖြင့် ဦးသော်က တို့ က ပေါင်းတည်ဘူတာ အရောက် လှည်းမြန် နှင့် လိုက် ပို့ပေး၏ ။

ညွန့် အား အစုန်ရထား တင် ပေး ပြီးလျှင် ၊ ကျွန်တော် က ပြည်အဆန်ရထား ကို လိုက်ရမည် ဖြစ်၏ ။ နောက်ကျမှ လူကြီးများ နှင့် တိုင်ပင်ပြီး လူသိရှင်ကြား လက်ထပ်ရန် တိုင်ပင် ထားကြရာ ၊ ခွဲခွာကြရသော အခါ ၊ ညွန့် က မျက်ရည် ဝဲလို့ ၊ ကျွန်တော် က ငိုသံပါကြီး နှင့် ။

ကျွန်တော် သည် မိဘများ ထံ ရောက်ရှိသွားသော အခါ မိဘ ၊ ညီမငယ် ဆွေမျိုးများ အားရဝမ်းသာ ဖြစ်နေကြ၏ ။ ကျွန်တော် က သာ တစ်ချက် တစ်ချက် ငိုင် နေသဖြင့် “  ရည်းစား လွမ်းလို့လား ” ဟု အချို့ က လှောင်ပြောင် ကြပါသည် ။ အမှန်မှာ ပြည် မှာ တစ်လလောက် နေဖို့ ဖြစ်၏ ။ ငါးည ပေါင်းသင်း ခဲ့ရသော မယား ကြောင့် မနေနိုင်ပါ ။ ဥပဒေ ပါရဂူများ နှင့် စာကြိုးစားရဦးမည် ဟု အကြောင်းပြကာ ၊ တစ်ပတ် အတွင်း ကျွန်တော် ပြန်ခဲ့ပါသည် ။

ရန်ကုန် လော မဟုတ်ပါ ။ လက်ပံတန်း ဘူတာ ဆင်း ၊ လက်ပံတန်း က သာရဝေါဆိပ်ကမ်း ၊ ဤမှာဘက် ကမ်းမှ ဟင်္သာတ ဆိပ်ကမ်း ဘက် သို့ ကူးခဲ့ပါသည် ။ သူငယ်ချင်း တစ်ယောက် အား တင်ကူး အကြောင်း ကြားထား သဖြင့် အသင့် ကြိုဆို နေ၏ ။

“ ငါ က တမင် ဖိတ်တုန်းကတော့ အလည် မလာဘူး ”

“ အေးကွာ အပြစ် တင်ချင် တင်တော့ ”

သူငယ်ချင်း က သူတို့ ဟင်္သာတ အလည် လာရန် မကြာခဏ ဖိတ်ဖူးပါသည် ။ ကျွန်တော် တစ်ခါမျှ မသွားဘူးပါ ။ ယခု ကျွန်တော် ၏ ဖြစ်ပျက်ပုံ ကို သူငယ်ချင်း အား ပြောပြသော အခါ ကျေနပ် သွားပါသည် ။

သူငယ်ချင်း အိမ်တွင် တည်းခိုပြီး ၊ ရွှေပြောင်ပြောင်ရပ် တွင် စုံစမ်းရာ ၊ လုံးကြီးပေါက်လှ မခင်ညွန့် ဆိုသည့် မိန်းမ တစ်ယောက်မျှ မရှိ ။ ကျွန်တော့် သူငယ်ချင်း ၏ မိတ်ဆွေ တစ်ဦး အား ပုံသဏ္ဌာန် ကို ပြောပြသော အခါ ။

“ စစ်ကဲတန်း က တင်တင်မြ ထင်တယ် ၊ တရုတ်ကပြား ကိုဟုတ်စိန် ရဲ့ မယား တင်တင်မြ ”

ကျွန်တော် ၏ ဦးခေါင်း မိုးကြိုး ပစ်ချလိုက် သလို ဖြစ်သွားပါသည် ။ မောင့်မယား ပဲ ဖြစ်နေမင့် - လင်ရှိ - မရှိ မသိဘူးလား တဲ့ ။ ဟုတ်ပါသည် ။ အပျို ပါ ။ ကျွန်တော် သိပါသည် ။ ဘာကြောင့် အပျို ဟု ပြောနိုင်သည် ကို ဖွင့်ဟရေးရန် မသင့်လွန်း၍ ခင်ဗျားတို့ ပဲ စဉ်းစားကြတော့ ။

ကျွန်တော် သူငယ်ချင်း နှင့် အတူ စစ်ကဲတန်းလမ်း တင်တင်မြ ဆိုသူ ၏ အိမ် သို့ တစေ့တစောင်း လမ်းလျှောက် ကြည့်မိသည် ။ ကျွန်တော့် မယား မခင်ညွန့် က ကျွန်တော် ဆင်ပေးသည့် ၊ ကျွန်တော် ချည်လုံချည် ကွက်စိပ် ဝတ်ဆင်ပြီး ၊ လှေကား က အိမ်ပေါ် သို့ ပြုံးရွှင်စွာ တက်ရောက် သွားသည် ။

“ သူငယ်ချင်း ငါ တက် မေးမယ်ကွာ ”

“ မင်း ဇွတ်တက် မေးရင် ၊ မယားခိုးမှု နဲ့ တရားစွဲ ခံရမှာပေါ့ ”

ဥပဒေ လေ့လာ နေသော ကျောင်းသား တစ်ယောက် ၊ သူငယ်ချင်း ၏ စကား ကို မငြင်းနိုင် ။ ဝမ်းနည်းစွာ နှင့် ထွက်ခွာမည် အလုပ် ၊ အသားဖြူစပ်စပ် အသက် ( ၃၀ ) ခန့် လူ တစ်ယောက် က လှမ်း ငုံ့ကြည့် လိုက်သေးသည် ။

“ အဲဒါ သူ့ ယောက်ျား ကိုဟုတ်စိန် ၊ လာပါကွာ ၊ ပြန်ကြပါစို့ ”

ပညာ သာ ကြိုးစားပြီး ၊ ရည်းစား မျှ မထားဖူး၍ ၊ နွား အဆို ခံရသော ကျွန်တော့် အဖို့ ၊ ဘယ်လောက် အခံရ ခက်ပါသလဲ ။ သို့ရာတွင် သူ နဲ့ တွေ့ မှ ဖြစ်မည် ဟု ၊ ကျွန်တော် စာ ရေး၍ သူငယ်ချင်း အိမ် သို့ ခေါ်လိုက်ပါသည် ။

သည်လိုတော့လည်း အူယားဖားယား နှင့် ရောက်ရှိ လာသည် ။ ကျွန်တော် နှင့် စ တွေ့စဉ် က ဝတ်ဆင်ထားသော ပေါ်ပလင်အစိမ်းရင့် ဟန်ဇာအင်္ကျီ ။

“ မောင်မောင် - ဘယ်တုန်းက ဒီ ရောက် နေသလဲ ”

“ ကောင်းပါပေ့ ညွန့် ၊ မောင့် ကို အဝီစိ ကျအောင်လုပ်တဲ့ ညွန့် ”

သူ့ နာမည် တင်တင်မြ ပေမယ့် ညွန့် လို့ပဲ ကျွန်တော် ခေါ်တတ်သည် ။

“ အလွန် အကျင့်ယုတ်တဲ့ မိန်းမလို့ မောင် ထင်ချင် ထင် ၊ မောင့် ကို တကယ် မေတ္တာ ရှိလို့ လှည့်စား မိပါတယ် ၊ အခု မောင် ရန်ကုန် ခေါ်မလား ၊ လိုက်ဖို့ အသင့်ပဲ ”

ကျွန်တော့် ကို ပင် ဖက်၍ ငိုပြန် သေးသည် ။ ကျွန်တော် လည်း သူ့ အား မရက်စက်နိုင် ။ ခေါ်ပြေး ရမှာ ကလည်း မယားခိုးမှု သေချာသည် ။

“ ဟင် မောင် ငိုနေသလား ၊ ညွန့် အသည်း ကွဲရချည်ရဲ့ မောင် ရယ် ၊ ညွန့် ဟာ မောင့် ကို လှိုက်လှိုက်လှဲလှဲ နှစ်နှစ်ကာကာ ချစ်ရိုး အမှန်ပါ ”

“ ဒီလို ချစ်တော့ကော ... ဘာတတ်နိုင်ဦးမှာလဲဟင် ၊ မောင် သာ ရင်ကွဲတော့မယ် ညွန့် ရဲ့”

ကျွန်တော် မရှက်နိုင် ။ ချုံးပွဲချ ငိုမိသည် ။ အမှန်မှာ တော့ ဒီလို နှစ်ယောက်တည်း တွေ့ကြုံသည့် အခါ သည်လို ဖြစ်ကြမှာပဲ ဟု တရား နှင့် ဖြေရသည် ။

“ မောင် စိတ်ချ ၊ ညွန့် ကြိုးစားမယ် ၊ မောင် က သာ မပစ်ပါနဲ့နော် ”

သူ ကပင် သည်းနေ ပြန် သဖြင့် ၊ ကျွန်တော် က ချော့မော့ကာ လူချင်း ခွဲလိုက်သည် ။ ကျွန်တော့် မှာတော့ ငှက်ဖျားရိုးရိုး သင့်လျှင် မထောင်းတာလှ ။ ဒီငှက် သင့်လိုက်တာ ကတော့ ၊ အတော်ကြီး အလူးအလဲ ခံလိုက်ရပါ၏ ။ ဆရာကြီး မဟာဆွေ ခင်ဗျား ။ ကျွန်တော့် ကို အကြံပေးပါဦး ။ သူ့ လင် အကွာ ခိုင်း လျှင် ကွာပါ့မယ် တဲ့ ။

▢ မဟာဆွေ
📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၅၂ ၊ မတ်လ

No comments:

Post a Comment